Monday, September 29, 2008

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ အာရှတော်ဝင်ဆေးရုံတက် သက်သာဟု မိသားစုပြော

NEJ/ ၃၀ စက်တင်ဘာ ၂၀၀၈။ ။

အသက် (၉၃) နှစ်ရှိပြီဖြစ်သည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ လေဖြတ်သည့်အတွက် အာရှတော်ဝင်ဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်။ သက်သာပြီဟု မိသားစုက ခေတ်ပြိုင်သို့ပြောသည်။

သခင်သိန်းဖေသည် မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက် ဝေဖန်အကြံပြုခဲ့သူတဦးလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းက ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေနေအိမ်တွင် ကျန်းမာစွာနေထိုင်လျက်ရှိပါလျက်နှင့် သူကွယ်လွန်ကြောင်းရေးသားထားသည့် နာရေးဖိတ်စာများကို အမည်မသိလူတစုက ရန်ကုန်မြို့၌ လိုက်လံဖြန့်ဝေခဲ့သည်။

စစ်တွေတွင် ကျောင်းသားများ ဆန္ဒပြ


Print E-mail
သန်းထိုက်ဦး
တနင်္လာနေ့၊ စက်တင်ဘာလ 29 2008 20:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကျောင်းကား စီစဉ်ပေးခြင်း မရှိသောကြောင့်ဆိုကာ စစ်တွေ နည်းပညာကောလိပ်မှ ကျောင်းသားများသည် တင်္နလာနေ့ မွန်းလွဲပိုင်းက စုပေါင်းလမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဒေသခံများ အပြောအရ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အပြင်ဘက် ရေချမ်းပြင်ရပ်ကွက်ရှိ အစိုးရနည်းပညာ ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၂၅ဝ ကျော်သည် မြို့ထဲသို့ လမ်းလျှောက် ပြန်လာကြခြင်း ဖြစ်သည်။

စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်ပြီး အတိုက်အခံ လှုပ်ရှားမှု အားကောင်းရာ ဒေသတခုတွင် ယခုကဲ့သို့ ကျောင်းသားများ စုရုံး လှုပ်ရှားမှုသည် အာဏာပိုင်များကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။

"၈ မိုင်လောက်ဝေးတဲ့ ဗန္ဓုလလမ်းဆုံဆိုတာ ရှိတယ်။ အဲဒီ လမ်းဆုံရောက်တဲ့အခါ ကျောင်းအကြိုအပို့ကားက နောက်ကနေ လိုက်လာတယ်။ လိုက်လာတော့လည်း ကဲ ဘာမှ မထူးတော့ဘူး ဆိုပြီးတော့ ကားမစီးပဲ ကိုယ်အိမ်ကိုယ် ပြန်ရောက်တဲ့အထိ တန်းစီပြီးတော့ လမ်းလျှောက်ခဲ့ကြတယ်" ဟု လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူတဦးက ပြောသည်။

ယခုလုပ်ရပ်သည် စာမေးပွဲတခု ဖြေဆိုနေချိန်ဖြစ်ပြီး ကျောင်းအာဏာပိုင်များက မချေမငံ ပြောဆိုမှုကြောင့် ဆန္ဒပြရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

စစ်တွေ နည်းပညာကောလိပ်သို့ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ "ဘာမှ မဟုတ်ပါဘူး အားလုံးပြီးသွားပါပြီ" ဟုသာ တုံ့ပြန်ဖြေကြားကာ ဖုံးချသွားသည်။

စနေနေ့နံနက်က သံဃာတော် ၁၅၀ ခန့်သည် ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့် အမှတ်အသားအနေဖြင့် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် စစ်တွေမြို့တွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားသော သံဃာတော်များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုမျိုး ဖြစ်ပွားလာမည် စိုးရိမ်ကာ အရေးပါသော မြို့ကြီးများတွင် လုံခြုံရေးများ တင်းကြပ်ထားသည့်ကြားမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ဥပဒေကို ပြင်ဆင် ပြဌာန်း


ကိုစိုး | စက်တင်ဘာ ၂၉၊ ၂၀၀၈

စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ကို ပညာရေး ၀န်ကြီးဌာန လက်အောက်မှ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်သို့ ပြောင်းလဲလိုက်သည့် ဥပဒေ ပြင်ဆင်ချက်ကို လွန်ခဲ့သည့် အပတ် စက်တင်ဘာ ၂၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြန်မာသမိုင်းအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ကြေညာချက်အား စက်တင်ဘာ ၂၄ ရက်စွဲဖြင့် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် လက်မှတ် ထိုး၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းမြန်မာသမိုင်းအဖွဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သိလိုသည့် ရှေးခေတ်မြန်မာမင်းများ၏ အုပ်ချုပ်ပုံနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ရှာဖွေဖော်ထုတ်ပေးရသည်ဟု သမိုင်းပညာရှင်များက ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့ကိုယ်သူ ရှင်ဘုရင် တံပါးကဲ့သို့ မှတ်ယူကျင့်သုံးနေကာ ၎င်း၏ အိမ်သို့ သွားရောက်လည် ပတ်သူများကိုလည်း အဆင့်နိမ့်ရာတွင် နေရာထိုင်ခင်းပေးသည့် ဆက်ဆံမှုများရှိကြောင်း မန္တလေး တက္ကသိုလ် သမိုင်း ပါမောက္ခ ဟောင်းတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကိုယ်သူ ဘုရင်လို့ ထင်နေတာ၊ ဒါကြောင့် ရှေးခေတ်ရှင်ဘုရင်တွေ ကျင့်ကြံ နေထိုင် ပုံတွေကို သိချင်နေတာဖြစ်မှာပေါ့”ဟု ၎င်း က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၂ ခု ဧပြီလ ၂၃ ရက် ခန့်က စတင်၍ စစ်အစိုးရ အဖွဲ့ဝင်များအတွင်း သူ့ကိုယ်သူ အဆင့် အမြင့်ဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ကျင့်ကြံနေထိုင်ခဲ့ကြောင်းလည်း သိရသည်။

၁၉၈၈ ခု နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် သမိုင်းအမှန် ပြန်လည်ပြုစုရေးအတွက် ဟု ဆိုကာ စစ်အစိုးရက သမိုင်းကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းခဲ့သေးသည်။

“ဒါဟာ စစ်အာဏာရှင်က သမိုင်းအမှန်ကို ဖုံးကွယ်ပြီး တိုင်းပြည်ကို လိမ်ဖို့ ကြိုးစားတာပဲ၊ သူတို့က စစ်တပ်ကို တိုင်းပြည်ရဲ့ စံပြပုံစံမျိုးလုပ်ချင်နေတာ”ဟု တခြားသော မြန်မာ သမိုင်းပညာရှင်တဦးကလည်း ပြောဆိုသည်။

မြန်မာသမိုင်းအဖွဲ့အား ၀န်ကြီးချုပ်ဟောင်း ဦးနု၏လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာသမိုင်းဆိုင်ရာ အချက် အလက် များကို စနစ်တကျပြုစုရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့ကို ၀န်ကြီးချုပ်ရုံးမှ တိုက်ရိုက် ကြီးကြပ် ကြောင်း သိရသည်။

၁၉၆၂ - ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်၌ မြန်မာသမိုင်းအဖွဲ့သည် ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်တွင်ရှိခဲ့သော်လည်း ၁၉၈၅ ခုနှစ်၌ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် များ သမိုင်းသုတေသန ဦးစီးဌာနနှင့်တွဲဖက်ကာ ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။

မြန်မာသမိုင်း အဖွဲ့ဝင်များဖြစ်သော စစ်အာဏာရှင် သမ္မတဟောင်း ဦးနေ၀င်း၏ ဇနီး ဒေါ်နီနီမြင့်၊ ရန်ကုန် တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်နှင့် ရန်ကုန် နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှ ဦးစိုင်းအောင်ထွန်းတို့အပါအ၀င် အဖွဲ့ဝင် ၁၄ ဦး ကို စစ်အစိုးရက ထုတ်ပယ်လိုက်ကြောင်း ရန်ကုန် တက္ကသိုလ် သမိုင်းဌာနမှ တဆင့် သိရသည်။

စာပေစိစစ်ရေးစည်းကမ်းသစ်ကြောင့် ပြည်တွင်းဂျာနယ်တွေ ပိုအခက်တွေ့

NEJ/ ၂၉ စက်တင်ဘာ ၂၀၀၈။ ။

ပြည်တွင်းသတင်း ဂျာနယ်များကို စာပေစိစစ်ရေးက ပိုတင်းကျပ်သော စည်းကမ်းများ ထုတ်ပြန်ကာ ပိုမိုတင်းကျပ်မှုများ လုပ်လာကြောင်း သိရသည်။

“သတင်းတွေ ရေးတဲ့ အခါ စာပေစိစစ်ရေးကို တင်တဲ့အတိုင်းပဲ အချော ထုတ်တဲ့အခါ ပါရမယ်၊ တင်တာတမျိုး၊ ထုတ်ဝေတာတမျိုးတော့ လုပ်လို့ မရဘူး။ ပုံနှိပ်စက်ကိုထိ ချိတ်ပိတ်မယ်၊ ထုတ်ဝေခွင့်ကိုလည်း ပိတ်မယ်။ ရာသက်ပန်ထိ အရေးယူမယ်ဆိုတာတွေ ပါလာတယ်ဗျ” ဟု သတင်းအယ်ဒီတာ တဦးက ပြောသည်။

အရေးယူမည့် အချက် (၁၀) ချက်နှင့် အရေးယူမည့်နည်းလမ်းများကိုပါ စာပေစိစစ်ရေးက ထုတ်ပြန်လာကြောင်း ၎င်းကပြောသည်။

ဓါတ်ပုံ၊ ပန်းချီ၊ သတင်း၊ ဆောင်းပါး၊ ၀တ္တု၊ ကဗျာနှင့် မည်သို့သောစာမူမျိုးကိုမဆို စာမူကြမ်းတွင် ဖော်ပြထားသည့်စာသား၊ စာကြောင်း၊ စာပိုဒ်များအပြင် အချောဖြန့်ချိရာတွင် အပိုထပ်မံဖြည့်စွက် ဖော်ပြလာပါက အရေးယူမည်ဟုလည်း စည်းကမ်းများတွင်ပါရှိသည်။

“သတင်းဆိုတာမျိုးက ဂျာနယ် အချင်းချင်း ဦးချင်တာတွေ ပါတယ်ဗျာ၊ နောက်ဆက်တွဲတင်တဲ့ အချိန်နဲ့ ဂျာနယ်ထွက်ရက်ကို တိုက်ထားလို့ မရဘူး၊ သူဦးရင် ဦးမှာပဲ၊ ကိုယ်ဦးရင် ဦးမှာပဲ၊ တခါ တခါမှာ မှားတဲ့ဂျာနယ်တွေလည်း ပါနိုင်တာပဲ။ အခုလို စည်းကမ်း အမိန့်တွေ ထုတ်လိုက်တဲ့အတွက် ဂျာနယ်သမားတွေ ဒုက္ခရောက်နိုင်တယ်”ဟု သတင်းဂျာနယ်တခုမှ တာဝန်ခံအယ်ဒီတာတဦးက ပြောသည်။

စာပေစိစစ်ရေးက မျက်စိကျနေသည့် ဂျာနယ်များမှာ 7day ၊ အက်ရှင်တိုင်းမ် ၊ voice ၊ true news နှင့် weekly eleven ဂျာနယ်တို့ ဖြစ်ကြောင်း စာပေစိစစ်ရေး အသိုင်းအ၀ိုင်းမှ သိရသည်။

“အဲဒီဂျာနယ်တွေက စာပေစိစစ်ရေးမကျခင် ကြိုထွက်တဲ့အခါ စာပေစိစစ်ရေးက မချပေးတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ ပါသွားတယ်၊ စာပေစိစစ်ရေးရဲ့မူကို မလိုက်နာဘူးလို့ လူကြီးတွေ က မျက်စိကျနေတာ။ ဥပမာပြောရရင် 7day မှာ စက်မှုဇုန်တွေက WCDMA တယ်လီဖုန်းတွေ ချပေးမယ့်သတင်းကို စာပေစိစစ်ရေးက ဖြုတ်ခိုင်းတယ်။ ဒါပေမယ့် ဂျာနယ်က ထွက်နေပြီ၊ နယ်တွေမှာ ပြန့်နေပြီ၊့ လိုက်သိမ်းလို့လည်းမရတော့ဘူး။ ဒါမျိုးတွေက 7day ဂျာနယ်တင် မကပါဘူး” ဟု 7day ဂျာနယ်နှင့်နီးစပ်သူတဦးက ပြောပြသည်။

ပြည်တွင်း သတင်းဂျာနယ်များတွင် သတင်းဖော်ပြခွင့် ရရှိစေရန် ပြည်တွင်း သတင်းထောက်များအနေဖြင့် မိမိတို့သတင်းအား ခိုင်မာမှုရှိစေရန် သတင်းဆို့စ်များထံမှ ထောက်ခံပေးနိုင်မည့် အနေအထားမျိုး ရရှိစေရန် ဆောင်ရွက်ထားသင့်ကြောင်း ၀ါရင့်သတင်းထောက်တဦးက ပြောသည်။

“မကြာခင်ကပဲ သတင်းထောက်ချုပ်တယောက် အဖမ်းခံရတယ်၊ သတင်းဆို့စ်ကို မပြောပြလို့ အဓိက ဖြစ်ရတာလို့ သိရတယ်၊ ပြဿနာစတာလည်း သတင်းထောက်က သတင်းဆို့စ်ကို ပြောလို့မရတဲ့ သတင်းထောက်ကျင့်ဝတ်ကြောင့်ပဲ၊ ဒါပေမယ့် ကျင့်ဝတ်က ကိုယ့်အတွက်တော့ မလုံခြုံဘူးပေါ့။ သတ္တိရှိဖို့တော့ ပိုလိုလာပြီ၊ သတင်းသမားတွေကို အစိုးရက မျက်လုံးဒေါက်ထောက်ကြည့်နေပြီဆိုတာ သတိထားရမယ့် အခြေအနေကိုရောက်နေပြီ” ဟု ၀ါရင့်သတင်းထောက်တဦးက ပြောသည်။

စည်းကမ်းများတွင် ဖြုတ်ခိုင်းထားသည့် သတင်း၊ ဆောင်းပါးကိုသိလျက်နှင့် နောင်မူကြမ်းများတွင် ထပ်မံထည့်သွင်းဖော်ပြလာခြင်း၊ မျက်နှာဖုံး Layout အား တင်ပြခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ မိမိသဘောဖြင့်မိမိပြောင်းလဲ ပုံနှိပ်ခြင်း၊
အထွေထွေစာမူများ၌ စာမူအချောတင်ပြရာတွင် ခွင့်မပြုသောပုံ၊ စာသားများပိတ်၍ တင်ပြခြင်း စသည်တို့ကိုလည်း အရေးယူမည်ဟု ပါရှိသည်။

စည်းကမ်းချက်များကို မလိုက်နာပါက ထုတ်ဝေခွင့်ကို ယာယီရပ်ဆိုင်းခြင်း၊ လိုအပ်ပါကပုံနှိပ်စက်ကို ချိတ်ပိတ်သိမ်းဆည်းခြင်း၊ ထုတ်ဝေခွင့်ကို အမြဲတမ်းပိတ်သိမ်းခြင်းစသဖြင့် အရေးယူဆောင်ရွက်မည်ဟုလည်း ပါရှိသည်။

စစ်အစိုးရနှင့်အတိုက်အခံ ဆွေးနွေးရေး မြန်မာမိတ်ဆွေ နိုင်ငံများ အားပေး

UN/Agencies/၂၉ စင်တင်ဘာ ၂၀၀၈။ ။

မြန်မာနိုင်ငံတွင် ထိရောက်သည့် ပြောင်းလဲမှုဖြစ်လာစေရန် တွန်းအားပေးရေးရည်ရွယ်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း ဖွဲ့စည်းထားသော မြန်မာမိတ်ဆွေနိုင်ငံများအုပ်စု အဖွဲ့ဝင်များက စစ်အစိုးရအနေဖြင့် အကျပ်အတည်းများအပေါ် အလေးအနက်ထားပြီး ကုလသမဂ္ဂနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်ရှည်ထိန်းသိမ်းခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးရန် တညီတည်းတောင်းဆိုခဲ့ကြသည်။

အမေရိကန်နိုင်ငံ ကုလအဆောက်အဦ၌ ယခုလ (၂၇) ရက်တွင် ပြုလုပ်ခဲ့သော ၀န်ကြီးအဆင့် အစည်းအဝေးအပြီး ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ယင်းသို့ ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် အကျိုးရှိပြီး အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆင့်မြင့် ၀န်ကြီးများ ပါဝင် ဆွေးနွေးခဲ့ကြသည်ကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းတွင် နိုင်ငံတကာမှ ပါဝင်ပတ်သက်မှုသည် မည်မျှအရေးကြီး သည်ကို ပေါ်လွင်စေကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးပြီး အတိုက်အခံနှင့် စစ်အစိုးရအကြား တွေ့ဆုံဆွေးနွေး ပွဲများစတင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အတွင်း ပါဝင်သည်။

ထို့ပြင် ကုလသမဂ္ဂမှ ပါဝင်ဆောင်ရွက်နေသည့် အခွင့်အရေးကို အမိအရဆုတ်ကိုင်ထားရန် မြန်မာနိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်းအားလုံးကို အားပေးထားသည့်ပြင် မြန်မာစစ်အစိုးရအနေနှင့်လည်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုသည့် ပေးထားပြီးကတိကို ခိုင်မာသည့် ရလာဒ်မျီုးထွက်ပေါ်လာသည်ထိ တာဝန်ရှိရှိ ဆောင်ရွက်ဖို့ပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သို့သော် ၁၄ နိုင်ငံပါဝင်သည့် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ သံအမတ်များ မြန်မာ့အရေး အဖြေရှာကြရာ ကုလသမဂ္ဂ၏ မြန်မာ့ နိုင်ငံရေးခရီးအတွက် မည်ကဲ့သို့သော စည်းကမ်း သတ်မှတ်ချက်မျိုး ချမှတ်နိုင်မှ အာမခံချက်ရှိမည်ကို သဘောမတူနိုင်ဖြစ်ကုန်သည်။

မြန်မာမိတ်ဆွေနိုင်ငံများအုပ်စုကို ယမန်နှစ် ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သြစထြေးလျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှ၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်နှင့် ဗီယက်နမ်တို့ပါဝင်သည်။ ယခုအစည်းအဝေးသို့မူ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အထွေထွေအတွင်းရေးမှူးနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်တို့လည်း တက်ရောက်ကြသည်။

ယခင်နှစ် စက်တင်ဘာ သံဃာများ မေတ္တာပို့ ဆန္ဒထုတ်ဖော်မှုအား အကြမ်းဖက်ဖြိုခွင်းခဲ့ချိန်မှစ၍ မြန်မာစစ်အစိုးရသည် ပြည်တွင်း ၌ ဖိနှိပ်မှုများကို တိုးမြှင့်ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတကာ၏ တောင်းဆိုချက်များကိုလည်း လိုက်နာခြင်းမရှိခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (အိတ်အာဒဗလျူ) က ပြောသည်။

ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီသည်လည်း စက်တင်ဘာ သံဃာဆန္ဒဖော်ထုတ် ပွဲနောက်ပိုင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရခေါင်းဆောင်များ အကြား ထင်ရှားအောင်မြင်သည့် တွေ့ဆုံပွဲများကို အကောင်အထည်ဖော်ပေးနိုင်ခြင်းမရှိခဲ့ပေ။

အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့် ထောက်လှမ်းရေးအဖွဲ့များ အများဆုံးပါဝင်

ဖြိုးကြီး။ စက်တင်ဘာ ၂၉၊ ၂၀၀၈

စစ်အစိုးရက အကျဉ်းသား ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် အကောက်ခွန်ဝန်ထမ်းများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ အများဆုံးပါဝင်သည်ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်း ရေးအဖွဲ့ဝင်များနှင့် မူဆယ် (၁၀၅) မိုင်ဂိတ်မှ အကောက်ခွန်ဝန်ထမ်း ၇၀၀ ကျော် ပါဝင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“ကာစတန်နဲ့ စစ်ထောက်လှမ်းရေးက အဖွဲ့တွေလေ၊ အဲဒီမှာ အနှစ် (၃၀) လောက်ကျတဲ့ ဗိုလ်ကြီးအဆင့်တွေ တော်တော်များများပါတယ်၊ ကြီးကြီးပိုင်းတွေတော့ မလွတ်သေးဘူး”ဟု အဆိုပါအရာရှိက အတည်ပြုပြောသည်။

အမှတ် (၁) ထောက်လှမ်းရေးမှ ဗိုလ်မှူး သောင်းကျော်ရှင်း၊ အမှတ် (၇) ထောက်လှမ်းရေးမှ ဗိုလ်ကြီးသိန်းဝင်း၊ အမှတ် (၁၄) မှ ဗိုလ်ကြီး သန်းနိုင်နှင့် အရာခံဗိုလ် သက်ဇော်မှူးတို့ ပြန်လည် လွတ်မြောက်လာသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့တွေက နှစ်ကြီးသမားတွေလေ၊ အနှစ် (၃၀) နဲ့ (၄၀) ကြားမှ ကျနေတဲ့သူတွေပဲ၊ အဲဒီ ထဲက အဖွဲ့တွေတော်တော်များများ ပါလာတယ်၊ အကောက်ခွန်အဖွဲ့တွေလဲ ပါတယ်”ဟု ပြောသည်။

အကောက်ခွန်ဝန်ထမ်းများကို ပြန်လွှတ်ပေးရာတွင် မူဆယ် (၁၀၅) မိုင်ဂိတ်မှ ဝန်ထမ်းများလည်း ပါဝင်ပြီး အချို့ကို ပြန်လည်စီစစ်မှုများပြုလုပ်နေသည့်ဟု အကောက်ခွန်စီမံရေးရာ တာဝန်ရှိသူ တဦးက ပြောသည်။

“မူဆယ်မှာ ဘယ်သူတွေ လွှတ်တယ်ဆိုတာတော့ မသိသေးဘူး၊ မူဆယ်က အကုန်လွှတ်ပေး တာတော့မဟုတ်ဘူး၊ အမှုဖိုင်ထဲမှာ ပြန်စီစစ်ရင်းနဲ့ အမှုနဲ့သိပ်မပက်သက်တဲ့ သူတွေကတော့ လွတ်တယ်”ဟု ပြောသည်။

စစ်အစိုးရက အကျဉ်းသား (၉၀၀၀) ကျော် ပြန်လွှတ်လိုက်သည်ဟုဆိုသော်လည်း စစ်ထောက် လှမ်းရေးအဖွဲ့များ၊ အကောက်ခွန်ဝန်ထမ်းများနှင့် အခြားရာဇဝတ်ပြစ်မှုဆိုင်ရာ အကျဉ်းသားများ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား (၈) ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က အတည်ပြုပြော ဆိုသည်။

Sunday, September 28, 2008

လျော်ကြေးမပေးလိုသဖြင့် သင်္ဘောကို အဆုံးခံလိုက်ကြောင်း သတင်းများထွက်ပေါ်

ဖြိုးကြီး။ စက်တင်ဘာ ၂၇၊ ၂၀၀၈

ယခုလ (၂၁) ရက်နေ့က နစ်မြုပ်ခဲ့သည့် ဖားရွှေကျော်သင်္ဘောအား ပြန်လည်ဖော်ပါက လျော်ကြေးငွေများ ပြန်ပေးရမည်ဖြစ်သည့်အတွက် သင်္ဘောကိုသာ အဆုံးခံလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဆုံးရှုံးသွားသည့် ကုန်ပစ္စည်းများ လျော်ကြေးငွေတန်ဖိုးပမာဏာမှာ သိန်းပေါင်း ထောင်ချီနေ သည့်အပြင် သင်္ဘောပြန်လည်ဖော်ပါက ကုန်ကျစရိတ်များမှာ အဆမတန်များပြားလှသည့် အတွက်ကြောင့် ယခုကဲ့သို့ အဆုံးရှုံးခံလိုက်ခြင်းဖြစ်သည်။

“အခုမြုပ်သွားတဲ့ သင်္ဘောကို သူတို့က အဆုံးခံလိုက်တဲ့သဘော လုပ်နေတယ်၊ မြုပ်သွားတာကို ပြန်ဖော်ရင် သူတို့ အကုန်ပြန်လျော်ရမယ်၊ ကုန်သည်တွေကလည်း ပြောနေကြတယ်၊ အဲဒီ သင်္ဘောကလည်း ဝယ်ထားတာ သိပ်မကြာသေးတော့ သင်္ဘောကိုပဲ အဆုံးရှုံးခံမဲ့သဘောမျိုး လုပ်နေတာ”ဟု ကော့သောင်းမြို့မှ လုပ်ငန်းရှင်တဦးက ပြောသည်။

ဖားရွှေကျော်သင်္ဘောကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အကိုဖြစ်သူ ဦးကျော်ဝင်း၊ ဒေါ်တင်တင်တို့က မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ မကြာသေးခင်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး (၄) ခေါက်မြောက်ပြေးဆွဲစဉ် ယခုကဲ့သို့ နစ်မြုပ်သွားခြင်းဖြစ်သည်။

“ဖားရွှေကျော်ကို ဝယ်လိုက်တာ သိပ်မကြာသေးဘူး၊ ကျော်မေခလာ၊ ကျော်ရတနာဆိုတဲ့ သင်္ဘောနှစ်စင်းလဲ ရှိတယ်၊ ကပ္ပတိန်က မိသားစုဝင်ထဲကတယောက်ကို ခန့်လိုက်တာ သိပ်မကြာ သေးဘူး၊ အစတုန်းက နှစ်ယောက်ပဲရှိတယ်၊ ဒါပေမဲ့ သင်္ဘောသားဝန်ထမ်းက အရင်နှစ်စင်းမှာ တုန်းက အယောက် ၂၀ လောက်ပဲထားတာ”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖားရွှေကျော်သင်္ဘောသည် အခြားသင်္ဘောများထက် ကုန်ပစ္စည်းများပိုတင်ရပြီး တလ အတွင်း နှစ်ခေါက်ပြေးဆွဲရသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့က ဒေါက်တင်၊ အင်ဂျင်လဲပြီး ပြန်သုံးတာ၊ အစိုးရဆီက ဝယ်လိုက်ပြီးနောက်မှာ ဒေါက်တင်တာက တနှစ်ကျော်လောက်ကြာတယ်၊ တခြားပြုပြင်တာတွေတော့ သိပ်မရှိဘဲ ဒီတိုင်းပြေးဆွဲနေတာ၊ သင်္ဘောက တော်တော်အိုနေပြီ”ဟု အဆိုပါလုပ်ငန်းရှင်က ဆက်ပြော သည်။

ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းတင် ပြောဆို


ကိုစိုး | စက်တင်ဘာ ၂၇၊ ၂၀၀၈

မကြသေးခင်က ပြန်လည်လွတ်မြောက်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က မြန်မာ့ဒီမိုကရေစီရေး အတွက် အန်အယ်လ်ဒီ တဖွဲ့တည်းနှင့် လုပ်ဆောင်၍မရကြောင်း တိုင်းရင်းသားများ အပါအ၀င် ဒီမိုကရေစီ အင်အားစုများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ ယနေ့ ကျင်းပသော နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။


အန်အယ်လ်ဒီ အခမ်းအနားသို့ တက်ရောက်လာသော ဦးဝင်းတင်
(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)

ထို့အပြင် ထောင်ဝတ်စုံ အပြာရောင်ပုံစံအင်္ကျီ ၀တ်ဆင်ထားသော ဦးဝင်းတင်က စစ်အစိုးရ၏ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိရာတွင် အားလုံး လွတ်မြောက်ခြင်း မဟုတ်ဘဲ ၎င်း လွတ်မြာက်လာရသည်ကို ရှက်ရွံ့ မိကြောင်း အခမ်းအနားမိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာ ၀င်းနိုင်က ပြောဆိုသည်။

“အဓိကသူပြောတာက အခု ဒီမိုကရေစီ တိုက်ပွဲက မပြီးဆုံးသေးဘူး၊ အန်အယ်လ်ဒီ တဖွဲ့ တည်းနဲ့လည်း မရနိုင် ဘူး၊ ဒါကြောင့် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး ညီညီညွတ်ညွတ် ဆောင်ရွက် ကြဖို့ လိုအပ်တယ်လို့ပြောပါတယ်၊ သူ အခုလို လွတ်မြောက်လာ ပေမယ့် ထောင်ထဲမှာ ရဲဘော်တွေ ၂၀၀၀ ကျော် လောက် ကျန်နေသေးတဲ့ အတွက် ရှက်ရွံ့တယ်တဲ့၊ သူ့အနေနဲ့ ၀မ်းသာရမယ့်အစား သူ့စိတ်ထဲမှာ ရဲဘော်တွေ အတွက် ခံစားရတယ်၊ သူရှက်တယ်တဲ့”ဟု ဒေါက်တာ ၀င်းနိုင်က ဧရာဝတီ သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်အရှင်မြတ် များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရန် ၀ိုင်းဝန်း ကြိုးပမ်းကြရန်လည်း ဦးဝင်းတင်က တိုက်တွန်းပြောကြားသွားသည်ဟု ၎င်းကဆိုသည်။

အခမ်းအနားသို့ ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ဦးဝင်းတင် အပါ အ၀င် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ တို့ လည်း တက်ရောက်လာ ကြပြီး အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ မိန့်ခွန်း ပြောကြားရာတွင် ၎င်းတို့၏ မူလ တာဝန်များကို ပြန်လည် အပ်နှင်းကြောင်း ပြောကြားသည် ဟုလည်း သိရသည်။

“အခမ်းအနား မစခင်မှာ ဥက္ကဌ ဦးအောင်ရွှေက နေပြီးတော့ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဦးဝင်းတင် နဲ့ ဦးခင်မောင်ဆွေတို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ တာဝန်ပြန်လည် ထမ်းဆောင်ဖို့၊ ဒေါက်တာ သန်းငြိမ်းကို လည်း ရန်ကုန်တိုင်းစည်းရုံးရေး ဒု ဥက္ကဌ တာဝန်ကို ပြန်လည် ထမ်းဆောင်ဖို့ ပန်ကြားပါတယ်၊ သူတို့အားလုံးက လည်း သဘောတူညီပါတယ်”ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“ဦးဝင်းတင်ဆိုရင် ကျနော်နဲ့ ရန်ကုန် ဆေးရုံကြီးမှာ လပေါင်းများစွာအကြာကြီး အတူတူနေလာတော့ သူရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး အမြင် တွေကို တော်တော် လေး လေ့လာခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ သန်းငြိမ်းလည်း ထို့အတူပါပဲ၊ ဒီလိုပုဂ္ဂိုလ်တွေ အန်အယ်လ်ဒီထဲမှာ ၀င်ရောက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ခေါင်း ဆောင်များ၊ ပါတီများ အနေနဲ့လည်း အန်အယ်လ်ဒီကို ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အရင်က ထက်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ တကယ့်ကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ဖို့ကတော့ လူတဦးတယောက်တည်းအပေါ်မှာ မှုမတည်ဘူး၊ တိုင်းပြည် တခုလုံးနဲ့တကွ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း၊ ခေါင်းဆောင်အားလုံးအပေါ်မှာ တည်ပါတယ်”ဟု ပြောသည်။

ယင်းအခမ်းအနားတွင် စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီး မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒကို ယနေ့ အထိ ငြင်းဆန်နေကြောင်း၊ပြီးခဲ့သည့် မေလက ပြုလုပ်သော အခြေခံဥပဒေ အတည်ပြု ဆန္ဒခံ ယူပွဲသည် ပြည်သူ့ဆန္ဒကို မရိုးမသား လိမ်လည်ရယူခြင်းဖြစ်၍ လက်မခံကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ်မပြုကြောင်း စသည့် အချက်များ ပါဝင်သည့် စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်။

အန်အယ်လ်ဒီ အနှစ် ၂၀ လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ သည် ပြည်သူများနှင့် နိုင်ငံရေး အင်အားစု များ မျှော်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် မလုပ်ဆောင်နေသေးကြောင်း ဦးအေးသာအောင်က သုံးသပ်သည်။

“အဓိကကတော့ အန်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တရှိန်ထိုး ပြည်သူတွေရဲ့ အားကိုး ယုံကြည်မှုကို ရခဲ့တယ်၊ ဒါပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ မျှော်မှန်းသလို တကယ့် ဒီမိုကရေစီလမ်း ကြောင်းပေါ် ရောက်အောင်ယနေ့အထိ မလုပ်နိုင်သေးဘူး၊ အဲဒီမှာ ဘာပဲပြောပြော တဘက်မှာ စစ်အာဏာရှင်တို့ရဲ ဖိနှိပ်မှုတွေရှိသော် ငြားလည်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ဖို့ တကယ်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘူးဆိုတာကိုတော့ ၀န်ခံရလိမ့်မယ်”ဟု ဦးအေးသာအောင်က ပြောသည်။

၎င်းက ဆက်လက်ပြီး“အဲဒီအခါမှာကျနော်တို့အပါအ၀င် နိုင်ငံရေးပါတီတွေမှာ၊ နိုင်ငံရေးခေါင်းဆောင်တွေမှာ ဘာပဲဖြစ်ဖြစ် တစုံတခု အတိုင်းအတာအထိ ကြိုးပမ်းအားထုတ်မှုနဲ့ စွမ်းဆောင်မှုပိုင်းမှာ အားနည်းချက်ရှိတယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါ တယ်”ဟုလည်း ဆိုသည်။

အန်အယ်လ်ဒီ အနှစ် ၂၀ ပြည့် အခမ်းအနား မကျင်းပမီနှင့် ကျင်းပပြီးချိန်တွင် အဖွဲ့ဝင် ၉ ဦး ခန့် ဖမ်းဆီး ခံရ ကြောင်းနှင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်းလည်း သိရသည်။

ယနေ့ အန်အယ်လ်ဒီ အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် ဒီမိုကရေစီပါတီစသည့် တခြားသော နိုင်ငံရေး အင်အားစုများက သ၀ဏ်လွှာများပေးပို့ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံခြားသံတမန်များနှင့် တခြားသောဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း အန်အယ်လ်ဒီက ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ကြေညာချက်အား ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ကြာသပတေး နေ့က အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ခေါ်ယူပြောဆိုခဲ့သည်။

အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။

ကုလသမဂ္ဂနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို တိုက်တွန်း


27 September 2008

ကိုကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ကိုကျော်ကျော်သိန်း - နားဆင်ရန် (MP3) audio clip

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကျေနပ်အားရစရာ မရှိသေးတဲ့အတွက် ကုလသမဂ္ဂနဲ့ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်း (David Miliband) က ပြောလိုက်ပါတယ်။ မနေ့က ကုလသမဂ္ဂမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အဆင့်မြင့်အစည်းအဝေးတခုအပြီး အခုလိုပြောလိုက်တာဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်းက ဆွေးနွေးပွဲအကြောင်း အပြည့်အစုံ တင်ပြထားပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ အစည်းအဝေးအပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်း သတင်းထောက်တွေ ကို ပြောပုံအရကတော့ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေ အနေနဲ့ အားမလိုအားမရ ဖြစ်ကြပုံရတာ ထင်ရှားပါတယ်။ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ တိုင်းရင်း သားလူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေအဆုံးသတ်ဖို့ တောင်းဆိုထားတဲ့အပြင် ကုလသမဂ္ဂက ကြားဝင် စေ့စပ်ပေးနေတဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံတဲ့အကြောင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီး ဖြစ်ပေမယ့် မြန်မာစစ်အစိုးရဘက်က အကောင်အထည်ဖော်တာကတော့ လုံလောက်တဲ့အဆင့်ကို မရောက်တဲ့အကြောင်း မစ္စတာမီလီဘန်း က ပြောပါတယ်။

“မြန်မာစစ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုဒီဂရီဟာ အပြည့်အ၀မရှိပါဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေရဖို့ အတွက် မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီတို့နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာဟာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးမိတ်ဆွေတွေကိုင်စွဲထားတဲ့ အခြေခံမူဝါဒအဖြစ် ဆက်ရှိနေဆဲ ပါ။” လို့ ဒေးဗစ်ဒ် မီလီဘန်းကပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့အပေါ် ထပ်ပြီး အတည်ပြုပြောခဲ့သူကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တွဲဘက် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရန် ဟတ်ခ် (Faran Haq) ပါ။ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို မကြာသေးခင်က လွှတ်ပေးခဲ့တဲ့အပေါ် မိတ်ဆွေနိုင်ငံတွေက အသိအမှတ်ပြု ပြောဆိုကြပေမယ့် ဒီ့ထက်ပိုလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်တဲ့။

“နိုင်ငံတကာအသိုင်းအ၀ိုင်းက အဓိကထားတဲ့ကိစ္စရပ်တွေနဲ့ စိုးရိမ်ပူပန်မှုရှိတဲ့ ကိစ္စရပ်တွေ၊ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အစိုးရနဲ့ အတိုက်အခံတွေအကြား သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ကိစ္စတွေမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေလုပ်ဖို့လည်း မိတ်ဆွေနိုင်ငံတွေက မြန်မာအစိုးရကို အားပေး တိုက်တွန်းပါတယ်။” လို့ မစ္စတာ ဖာရင် ဟတ်ခ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂမှာ ဆွေးနွေးပြောဆိုတိုင်း နိုင်ငံတွေကြားမှာ မတူကွဲပြားတဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေ ရှိကြတာကို တွေ့ရစမြဲပါ။ အထူးသဖြင့်တော့ တရုတ်၊ ရုရှားတို့လို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ၊ အိန္ဒိယ လို မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေတဲ့နိုင်ငံတွေ၊ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကြားမှာ ကွဲပြားကြတာပါ။

ဒါပေမယ့် မနေ့ကအစည်းအဝေးမှာတော့ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး ကုလသမဂ္ဂအနေနဲ့ ထဲထဲဝင်ဝင် တက်တက်ကြွကြွ ဆက်ပြီးလုပ်ဆောင်သွားဖို့ကို ပါဝင်သူအားလုံးက သဘောတူခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂက ဘာပဲပြောပြော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘာပဲပြောပြော မြန်မာစစ်အစိုးရက ဂရုစိုက်လေ့ မရှိတာကြောင့် အခု ဆွေးနွေးတိုက်တွန်းတဲ့အချက်တွေကို မြန်မာအာဏာပိုင်တွေ လုပ်ဆောင်လာအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေက ဘယ်လို လုပ်ဆောင်ကြမယ်ဆိုတာက မေးခွန်းထုတ်စရာပါ။ ဒီအချက်ကြောင့်လည်း ကုလသမဂ္ဂအနေနဲ့ အတွင်းရေးမှူးချုပ်အဆင့်ရော၊ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် အဆင့်မှာပါ ထိတွေ့ဆက်ဆံ လုပ်ကိုင်သွားဖို့ အရမ်း အရေးကြီးတာ ဖြစ်ပါ တယ်လို့ ဒေးဗစ်ဒ် မီလီဘန်း က ပြောပါတယ်။

“ဒီပြဿနာကို မျက်လှည့်ပြသလို ဖြေရှင်းနိုင်မယ့် အဖြေတခုခုရှိရင်တော့ တယောက်ယောက်က လုပ်ဆောင်ခဲ့ပြီးသား ဖြစ်မှာ အထင်အရှားပါ။ အမှန်ဖြစ်နေတာက စစ်အစိုးရဟာ အာဏာကို မလွှဲချင်ဘဲ မနာလိုဝန်တိုစွာ ဆုပ်ကိုင်ထားပါတယ်။ အင်မတန် အရေးကြီးတာတွေကတော့ ပထမအချက်၊ ပြီးခဲ့တဲ့နှစ်က အခြေခံဥပဒေကို ရုပ်ပြ အတည်ပြုပြဌာန်းခဲ့တဲ့ကိစ္စ ကျနော်တို့ လက်မခံပါဘူး၊ ဒုတိယအချက်၊ ကုလသမဂ္ဂက အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အခိုင်အမာဆက်ပြီး ထောက်ခံနေဆဲရှိပါတယ် ဆိုတာ ပါပဲ။” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်းက ပြောသွားတာပါ။

ပြီးခဲ့တဲ့နှစ်မေလမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူပွဲ လုပ်ခဲ့တဲ့အပေါ် မြန်မာစစ်အစိုးရကို ပြည်တွင်း ပြည်ပက အပြင်းအထန်ဝေဖန်ကြပါတယ်။ ဒါပေမယ့် မြန်မာအာဏာပိုင်တွေက တော့ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေလုပ်ဖို့တောင် ကြေညာထားပြီးသားပါ။ အဲဒီရွေးကောက်ပွဲတွေ ကျင်းပမယ့် ပုံသဏ္ဌာန် နဲ့ပတ်သက်ပြီး စိုးရိမ်မိတဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေ၀န်ကြီး ဂျော့ဂ်ျ ယို (George Yeo) ကလည်း မနေ့ကပြောပါတယ်။

“စစ်ဘက်က အသာစီးရအောင် အခြေအနေကို ဖန်တီးမှာဖြစ်ပေမယ့် ရှုထောင်တခုကနေ ကြည့်မယ်ဆိုရင် တိုးတက်မှုလုံးလုံးမရှိ တာထက် တိုးတက်မှုတချို့ ရှိတာက ပိုကောင်းတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပြဿနာက ဒီလုပ်ငန်းစဉ်ထဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ပါဝင်မှုမရှိဘူး၊ သူတို့ ရွေးကောက်ပွဲမ၀င်ဘဲ နေနိုင်တယ်၊ သူတို့မပါဘူးဆိုရင်တော့ နိုင်ငံဟာ ဆက်ပြီး ကွဲပြားနေဦးမှာဖြစ်ပြီး ပြဿနာကလည်း မဖြေရှင်းနိုင်သေးဘဲ ဆက်ရှိနေဦးမှာပါ။” လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျယိုက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ် ဂမ်ဘာရီ ပြီးခဲ့တဲ့သြဂုတ်လ မြန်မာနိုင်ငံ ကို သွားရောက်ချိန်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ပြီး နိုင်ငံရေးရာကိစ္စရပ်တွေကို မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့ ရှိတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် မနေ့ကအစည်းအဝေးအပြီး ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီးကရော၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောရေးဆိုခွင့် ရှိသူကပါ မစ္စတာ ဘန် ကီ-မွန်း မြန်မာနိုင်ငံ သွားမယ် မသွားဘူးဆိုတာ တိတိကျကျ မပြောခဲ့ကြပါဘူး။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ ဒီလိုခရီးစဉ်မျိုးဟာ ခပ်ပေါ့ပေါ့လုပ်ရမယ့် ကိစ္စမဟုတ်ဘဲ အချိန်အခါကို ဂရုတစိုက်ရွေးချယ်ရမယ့် ကိစ္စဖြစ်ပြီး ရှင်းလင်းသိသာတဲ့ တိုးတက်မှုတွေမရှိဘဲ မသွားသင့်ဘူး၊ ဒါပေမယ့် အတွင်းရေးမှူးချုပ်ရဲ့ အချိန်အခါသင့်
ဝင်ရောက် ဆောင်ရွက်မှုဟာ အင်မတန်အရေးကြီးပါတယ်လို့ဆိုပါတယ်။

ဒီအစည်းအဝေးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အုပ်စုက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး အဆင့်မြင့် အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေးကို စုစုပေါင်း ၁၅ နိုင်ငံ တက်ရောက်တဲ့ ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့အပြင် သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေး၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး အရှေ့တောင်အာရှ နိုင်ငံတွေ ဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေကတော့ လေ့လာသူတွေ အဖြစ် တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း သီးခြားအစည်းအဝေးတခု အနေနဲ့ ကျင်းပတာ ဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် နှစ်ရက်အလိုမှာ ကျင်းပတာပါ။ ဒီအစည်းအဝေးအပေါ် မြန်မာအာဏာပိုင်တွေဘက်က တခုခု တုန့်ပြန်တာကိုတော့ ခုချိန်ထိ မကြားရသေးကြောင်းပါ။

ဦးဝင်းတင် လွတ်မြောက်မှု NLD အတွက် အင်အားဖြစ်လာမယ်လို့ လူငယ်တွေမျှော်လင့်



28 September 2008

ဦးအောင်လွင်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးအောင်လွင်ဦး - နားဆင်ရန် (MP3) audio clip

ဝါရင့်သတင်းစာဆရာကြီး တဦးလည်းဖြစ် မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ အကြီးတန်း ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးဝင်းတင် အပါအ၀င် ထင်ရှားတဲ့ ပါတီဝင် တချို့ ထောင်ဒဏ် ကျခံနေရာက ပြန်လည်လွတ်မြောက် လာခဲ့တဲ့နောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြား စိတ်အားထက်သန်မှုတွေလည်း တိုးပွား လာနေပါတယ်။ အခုဆိုရင်လည်း အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ လူငယ်အဖွဲ့ဝင်တွေဟာလည်း ဆရာကြီး ဦးဝင်းတင် လို ပုဂ္ဂိုလ်တွေရဲ့ လွတ်မြောက်မှုဟာ သူတို့အတွက် ခွန်အားတွေ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ မကြာသေးခင်ကမှာ ပြန်လည်လွတ်မြောက်လာတဲ့ ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း စတဲ့ သူတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ လူငယ်အဖွဲ့ဝင်တွေ ရဲ့ မျှော်လင့်ချက်တွေ ဘယ်လိုရှိတယ်ဆိုတာ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်ပဲ ဖြစ်နေလို့ ပါတီခေါင်းဆောင်ပိုင်းနဲ့ သဘောထား ကွဲလွဲမှုတချို့ ရှိနေရာမှာ အခုလို ထင်ရှားတဲ့ ခေါင်းဆောင်တချို့ ဖမ်းဆီးခံထားရာက ပြန်လွတ်လာတဲ့အတွက် ဒီမိုကရေစီရေးအတွက် တတပ်တအား တိုးလာတယ်ဆိုပြီး ပြောဆို လာကြတာပါ။ ၀ါရင့် သတင်းစာဆရာ တဦးလည်းဖြစ် အန်အယ်လ်ဒီ ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ ဦးဝင်းတင်၊ နောက် ကျောက်တန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းငြိမ်း တို့နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ပါတီဝင် လူငယ်တွေ အနေနဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာရပါတယ်လို့ ပြောပြကြတာပါ။

“ကျွန်တော်တို့ လူငယ် ၃၀ ဦးဝင်းတင်နဲ့ ဒေါက်တာ သန်းငြိမ်းတို့ ၂ယောက်ကို သွားတွေ့တယ်။ ဦးဝင်းတင် ပြောတာက သူဟာ ဘယ်သူနဲ့မဆို လက်တွဲပြီး အလုပ်လုပ်မှာ ဖြစ်တဲ့အကြောင်း အဖွဲ့ချုပ်နဲ့လဲ လက်တွဲလုပ်မှာ ဖြစ်တဲ့အကြောင်း၊ အဖွဲ့ချုပ် လူငယ်တွေနဲ့လည်း အလုပ်လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။ ဦးဝင်းတင်အနေနဲ့ လူငယ်တွေရဲ့ ခံစားချက်ကို နားလည်တယ်ဆိုတဲ့ အကြောင်းပြောတယ်။ အမြင်မတူတာတွေ ရှိနိုင်တယ်။ အဲဒီ အမြင်မတူတာတွေအတွက် ရန်မဖြစ်ကြဘူး။ ဒါပေမယ့် ငြင်းနိုင်တယ်။ ငြင်းကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းကြမယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း ဘယ်သူနဲ့ မဆို ဗမာပြည် ဒီမိုကရေစီရေးနဲ့ ပြည်သူလူထု ဆင်းရဲ ဒုက္ခအကျပ်အတည်း လွတ်မြောက်နိုင်ရေးကိုသာ အဓိကထား ဆောင်ရွက်သင့်တယ်လို့ ဆုံးမတယ်။ အရေးတကြီး ကျွန်တော်တို့ တောင်းပန်ခဲ့တာက ဦးဝင်းတင်အနေနဲ့ အဖွဲ့ချုပ်ကို တရက်နောက်ကျပြီးမှ ရောက်လာရင် ဒီမိုကရေစီအတွက် တရက်နောက်ကျမယ်လို့ ကျွန်တော်တို့ ထင်ကြောင်း၊ စိုးရိမ်ကြောင်း ပြောခဲ့တယ်။ ဦးဝင်းတင်တို့ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန် ထမ်းဆောင်ဖို့ အမြန်ဆုံး လာခဲ့မယ်ဆိုတဲ့ အကြောင်း ပြန်ပြောပြတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ သေလုဆဲဆဲ ဖြစ်နေတဲ့ အခွင့်အရေးတခု ပြန်ပြီးတော့ ရှင်သန်လာသလိုမျိုး ခံစားရတယ်။”

အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုနေခြည်ဝင်း ဖြစ်ပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ ပါတီတွင်းက လူငယ်တချို့ အနေနဲ့က လက်တလော နိုင်ငံရေး လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တာ၊ ပါတီရဲ့ လုပ်ငန်းတွေမှာလည်း မ၀င်ဆန့်တာ စတဲ့ အခြေအနေတွေကြောင့် ခေါင်းဆောင်ပိုင်း အပေါ် အားမလို အားမရ ဖြစ်နေတာတွေကလည်း ရှိနေတာ ဖြစ်ပါတယ်။

“အဖွဲ့ချုပ်ထဲမှာ လူငယ်တွေရဲ့ ခံစားချက်က ရှင်းပါတယ်။ အဓိကအချက်ကတော့ လူငယ်တွေဟာ လူငယ်ပီပီ ဆောင်ရွက်ကြတာအခါမှာ တချို့ကိစ္စတွေမှာ လူငယ်အများစုရဲ့ သဘောထားနဲ့ သွားချင်တယ်။ ဒီမိုကရေစီတိုက်ပွဲမှာ ကျွန်တော်တို့ တထောင့် တနေရာကနေ ၀င်ပါသင့်တယ်လို့ ယုံကြည်ထားလို့ ၀င်ပါတာပါ။ ပြည်သူလူထုရဲ့ အခက်အခဲကို တစုံတရာ ဖြေရှင်းပေးနိုင်လောက်တဲ့အထိ အစွမ်းရှိတဲ့ လူငယ်တွေ ဖြစ်ချင်တာ။ အဲဒီလို ဖြစ်ဖို့ ဆိုတာဟာ ကျွန်တော်တို့ကို လူကြီးတွေက ပလတ်ဖောင်းလုပ်ပေးဖို့ လိုတယ်။ စင်မြင့် လုပ်ပေးဖို့လိုတယ်။ လက်တွဲခေါ်ပေးဖို့လိုတယ်။ တခါတလေကျတော့ မှားမှာစိုးလို့ဆိုတဲ့ ပိတ်ဆို့တားမြစ်ထားတဲ့ ဗမာ ယဉ်ကျေးမှုအရ ပေါက်ဖွားလာတဲ့ လူကြီးဆိုရင် မှန်မယ်။ လူငယ်ဆိုရင် မှားမှာစိုးတယ်ဆိုတဲ့ ကိစ္စမျိုးကို ကျွန်တော်တို့က ညီးငွေ့နေပြီ။ ကျွန်တော်တို့ လိုချင်တာက ကျွန်တော်တို့မှားရင် ကျွန်တော်တို့ ခံမယ်။ သို့သော် ကျွန်တော်တို့ကို မမှားအောင် ထိန်းပေး၊ မမှားအောင် မတားပါနဲ့။”
ဒီလို အားမလိုအားမရ ဖြစ်နေတဲ့ အခြေအနေတွေဟာ အန်အယ်လ်ဒီ အကြီးတန်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးဝင်းတင် လို ပုဂ္ဂိုလ်မျိုး နှစ်ရှည်ထောင်ဒဏ် ကျခံနေရာက မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့အတွက်တော့ အကောင်းဖက်ကို ဦးတည်သွားစေလိမ့်မယ်လို့တော့ လူငယ်တွေဖက်က မျှော်လင့်နေကြပါတယ်။ ဒီကနေ့ ဦးဝင်းတင်နဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် လူငယ်အဖွဲ့ဝင် တဦး ပြောပြတာကတော့ -

“ကျမတို့ ဦးဝင်းတင်တို့ အိမ်ကိုသွားတဲ့အခါမှာ ကျမတို့ အခုမှ ၀င်လာပြီး တခါမှ မတွေ့ဘူးတဲ့ ဦးဝင်းတင်ကို တွေ့လိုက်ရတဲ့အခါမှာ ဆရာကောင်း သမားကောင်း တယောက်တွေ့လိုက်ရသလို၊ နှစ်တွေ အကြာကြီး ပျောက်နေတဲ့ ဆရာတယောက်နဲ့ တွေ့သလို ခံစားရတယ်။ လူငယ်တွေကို တသားတည်း ကျအောင် သူအမြဲတမ်း ကြိုးစားချင်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။”

မကြာသေးခင်ကမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူ ဦးဝင်းတင် အပါအ၀င် အန်အယ်လ်ဒီ အကြီးတန်းခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ဖြစ်ကြပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် ပါတီဝင် အများအပြားကို အာဏာပိုင်တွေက ဖမ်းဆီးထားသလို၊ ပါတီရုံး အတော်များများကိုလည်း ပိတ်ခံထားရတာတွေဟာလည်း အန်အယ်လ်ဒီ ပါတီ အနေနဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုး မရှိတဲ့ အကြောင်းရင်းတွေ ဖြစ်မယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

Thursday, September 25, 2008

သတင်းဌာနများသို့

၁။ ရေဒီယိုမှ သတင်း နားထောင်ရင်း ၁၉၈၇ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင် ဒုတိယနှစ်သို့ တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားဘ၀တွင် ကြုံတွေ့ခဲ့ရသည့် မီးကြွင်းမီးကျန်မှ တဖြည်းဖြည်း အရှိန်ရလာကာ မီးထတောက်သော သဘောသဘာဝကို ပြန်လည်သတိရနေမိသည်။
ပထမဆုံး ကျွန်တော်ကြုံတွေ့ရသည်မှာ ပိုက်ဆံ အရေးအခင်း၊ ထိုမှတဖန် ဖုန်းမော်၊ နောက်အရှိန်မြင့်လာပြီး ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပေသည်။ (တတိုင်းပြည်လုံး ဆန့်ကျင်တော်လှန် ခဲ့ပါလျက် မအောင်မြင် ဖြစ်ခဲ့ရခြင်းမှာ လိုလားချက်ကို တောင်းဆိုဖို့သာသိခဲ့ပြီး နိုင်ငံတော်အာဏာကို ရယူဖို့ မသိခဲ့ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အာဏာကို ရယူရန် အသင့်ပြင်ဆင်ထားမှု မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ။ စကားချပ်)

၂။ သတင်းဌာနတွေက “ရွှေဝါရောင်တော်လှန်ရေးအပြီး.......။ ရွှေဝါရောင်တော်လှန်ရေး ပြီးဆုံးသွားသည့်နောက်.......။” လို့ ကြေညာပါတယ်။ ထိုအခါ နားထောင်နေသည့် လူများကလည်း ပြီးဆုံးသွားပြီဟူသော သဘော မှတ်ယူနေပါသည်။
အခိုက်တန့်ခေတ္တ အရှိန်ယူနေခြင်းသာ ဖြစ်သည်ဟူ၍သာ ရည်ညွှန်းပြောဆိုလျှင် လူတိုင်း၏ရင်ထဲတွင် ရွှေဝါရောင်တော်လှန် ရေးသည် အရှိန်မသေ တင်ကျန်ကိန်းအောင်းနေမည် ဖြစ်ပါသည်။
လောင်စာဆီမှ စခဲ့သော ရွှေဝါရောင်တော်လှန်ရေး၏ အရှိန်သည် မသေသေးပါ။
လူတိုင်း၏ရင်ထဲ မနေ့တနေ့ကလို တင်ရှိနေသော အရှိန်အား သတ်သလို မဖြစ်သင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

မောင်ပွကြီး

မြန်မာ့စီးပွားကမ္ဘာကိုလွမ်းစေရမည်

အရက်ချက်လုပ်ငန်းလုပ်မည်ဆိုလျှင်

အရက်ချက်လုပ်ရာတွင် ကာဘိုဟိုက်ဒရိတ်ပါဝင်မှုမြင့်သော သီးနှံများဖြစ်သည့် ဂျုံ၊ ဘာလီ၊ စပါး၊ မုယော စသည့် ကုန်ကြမ်းများကို အသုံးပြုရသည်။ ကျေးလက်ဒေသများတွင် ဆန်၊ ကောက်ညှင်း၊ ထန်းညက်၊ ကြံသကာ၊ ပြောင်း၊ နှံစားပြောင်း များကို အသုံးပြုရကြောင်း၊ ယခုနောက်ပိုင်း ဈေးနှုန်းကြီးမြင့်သည့် ကောက်ညှင်း၊ ထန်းညက်၊ ကြံသကာတို့ဖြင့် အရက်ချက်လျှင် စီးပွားရေးအရ တွက်ချေမကိုက်ပေ။ ကျေးလက်ဒေသများ၊ တောင်တန်းဒေသများမှ တပိုင်တနိုင် အရက်ချက်သူများမှာ ဆန်ဈေးနှုန်း၊ ထင်းဈေးနှုန်း၊ အခွန်အခ(ယစ်မျိုးခွန်)များကြောင်း၊ စီးပွားရေးအရ တွက်ချေကိုက်စေရန် တဖက်တလမ်းမှ ၀က်မွေးကြသည်ဟု ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လိုင်စင်ရ အရက်ချက်သူတဦးက ပြောကြားပါသည်။

ဆန်တစ်ပုံးကို အရက်ချက်လုပ်မည်ဆိုပါက အရက်ငှက်ပျောဖူးပုလင်း (၁၈) ပုလင်းမှ (၂၀) ပုလင်းအထိရကြောင်း၊ တစ်ပုလင်းကို (၆၀၀)ကျပ်နှင့်တွက်လျှင် (၁၂၀၀၀)ကျပ်ခန့် ရကြောင်း၊ ဆန်တစ်ပုံးလျှင် (၇၀၀၀)ကျပ်ခန့်ရှိ၍ ထင်းဖိုး၊ လုပ်အားခနှင့် တွက်လျှင် တွက်ခြေမကိုက်ကြောင်း၊ အရက်ချက်လိုင်စင်သည် တနှစ်စာအတွက် သိန်းဂဏန်းခန့်ရှိကြောင်း၊ ထို့ကြောင့် ခေါင်ဖတ်များကို ၀က်စာလုပ်၍ ၀က်ကိုကျွေးရာ ၀က်မွေးမြူမှု တွက်ချေကိုက်ကြောင်း ကယားတိုင်းရင်းသူ တစ်ဦးမှ ရှင်းပြပါသည်။

သြော်......ကမ္ဘာက လွမ်းသွားရမယ့် ခုတ်ရာတခြား၊ ရှရာတခြား မြန်မာ့စီးပွားရေးပါလား။

Wednesday, September 24, 2008

စစ်အစိုးရ၏ကစားကွက်

ဆရာကြီးဦးဝင်းတင် အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရ၍ အလွန်ဝမ်းသာမိပါသည်။ အားလည်းတက်မိပါသည်။

လူလောက၏အကြီးဆုံးပြစ်မှုဖြစ်သော လူသတ်မှုသည်ပင် ထောင်ဒဏ်(၁၀)နှစ် ကျလျှင် လျော့ရက်ခံစားခွင့်ရပြီး ထောင်တွင်း နေရက် (၆)နှစ်၊(၈)လ ဆိုလျှင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။
ယခုမှာ ခိုး၊ ဆိုး၊ လု၊ နှိုက် လည်းမဟုတ်၊ မူးယစ် ရမ်းကားလည်းမဟုတ်၊ မည်သည့် ရာဇ၀တ်မှုမျှ ကျူးလွန်မှု မရှိပါပဲလျက် မြန်မာနိုင်ငံ၏ တိုးတက် သာယာ ငြိမ်းချမ်းမှုကို ရှေ့ရှု၍ လခမယူ၊ ရာထူးမမက်ပဲ ကိုယ့်ထမင်း ကိုယ်စားကာ ကိုယ်ကျိုးစွန့်ဆောင်ရွက်သော သူများကို လူသတ်မှု (၄)မှု ကျုးလွန်ခဲ့သည့်အလား ထောင်ထဲတွင် နှစ်ရှည်လများ မတရား ချုပ်နှောင်ဖမ်းဆီးထားခြင်းမှာ လူ့အခွင့်အရေးအား အကြီးအကျယ်ချိုးဖောက်သည့် လက်ခံနိုင်ဖွယ်ရာမရှိသည့် စစ်အစိုးရ၏ ရာဇ၀တ်လုပ်ရပ် တစ်ခုပင်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ စာရင်းအရ သိရှိရသည်မှာ ၂၀၀၈ ခုနှစ် တစ်နှစ်တည်းတွင်ပင်လျှင် (ဇန်န၀ါရီလ မှ စက်တင်ဘာလ အတွင်း) စစ်အစိုးရမှ ဖမ်းဆီးခဲ့သည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၃၂၃)ယောက် ရှိသည်။ ယခု ပြန်လွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ မပြောပလောက်အောင် အလွန်အမင်း နည်းပါးလွန်း လှသည်။ နိုင်ငံ့အရေး ဆောင်ရွက်သူများအား ဖမ်းဆီးရာတွင် တရစပ် ကြမ်းရမ်းသလောက် ပြန်လွှတ်ပေးရာတွင် ကျောက်ခဲ ရေညှစ်သကဲ့သို့ ဖြစ်နေသောအခြေအနေကို ကြည့်လျှင် စစ်အစိုးရသည် ရှေ့သို့(၂)လှမ်းတိုး နောက်ကို (၁)လှမ်းပြန်ဆုတ်၊ ကိုယ့်အတွက် ခြေ(၁)လှမ်းကျန်သည်ဟူသော မူအစား ရှေ့ကို ၁၀၀% တိုး၊ နောက်ကို ၁% ပြန်ဆုတ် ဟူသော မူရေချိန် အရှိန်မြှင့်တက်လုပ်ဆောင်လာသည်ကို တွေ့ရှိရပေသည်။

အကျဉ်းထောင်ထဲတွင် နေထိုင်ရစဉ်ကာလအတွင်း၌လည်း နိုင်ငံရေးအကျဉ်းသားများသည် ရာဇ၀တ်မှုကျူးလွန်သူများ(ခိုး၊ ဆိုး၊ နှိုက်၊ လုယက်၊ လူသတ်၊ မုဒိန်းသမားများ) နှင့် မတူသည့်အချက်မှာ ထောင်အာဏာပိုင်များ၏ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ပြုမူခံရခြင်းပင် ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသောအခါတွင်လည်း ပြည်သူများနှင့် မပတ်သက်အောင် ၊ လူ့အသိုင်းအ၀ိုင်းမှ ဖယ်ကျဉ် ၊ ထုတ်ပယ်ထားခြင်းခံရအောင်၊ လူတောမတိုး၊ လူညွန့်တုံးအောင် ပြည်သူလူထုအား အာဏာဖြင့် ခြိမ်းခြောက်ထားခြင်း၊ စီးပွားရေးလုပ်ငန်းများ ပိတ်ပင်ထားခြင်း၊ ဘယ်သွားဘယ်လာသည်ကအစ စောင့်ကြည့်ထားခြင်း၊ အလုပ်အကိုင် မရအောင် လုပ်ငန်းရှင်များအား ဖိအားပေးခြင်း၊ ထမင်းပင် နပ်မှန်အောင် စား၍မရလောက်အောင် အကြပ်အတည်းဖြစ်အောင် ဖန်တီးထားခြင်း ......................စသည်တို့နှင့် ရင်ဆိုင်ကြုံတွေ့ရပြန်သည်။

ယခုထောင်ထဲတွင် အနှစ်နှစ်ဆယ်မျှ မတရားဖမ်းဆီးထားခြင်း ခံခဲ့ရသော ဆရာကြီးဦးဝင်းတင် ပြန်လည်လွတ်မြောက်လာ ကြောင်းသိရ၍ အလွန်ဝမ်းသာ ကိုယ်ချင်းစာမိပါသည်။ ထို့အတူ စစ်အစိုးရ၏ လုပ်ကွက်ကိုလည်း မကျေမနပ် ဖြစ်မိသည်။

စစ်အစိုးရသည် သူ၏ထက်အောက်စီးဆင်းသော ဒေါင်လိုက်အုပ်ချုပ်ရေးပုံစံအတွက် အတိုက်အခံကို အမြဲမွေးကာ လုပ်စားနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အတိုက်အခံကို တိုင်းပြည်၏ရန်သူ ၊ အဖျက်သမား ဆိုပြီး လက်ညှိုးထိုးကာ အမိန့်ကို အထက်မှ အောက်သို့ စီးဆင်းစေပြီး ၎င်း၏ အာဏာခိုင်မြဲအောင်အတွက် လုပ်ဆောင်နေခဲ့သည်။ အောက်မှ လူများမှလည်း အထက်အမိန့်လိုလို၊ တိုင်းပြည်ရဲ့ တကယ့် ကြီးလေးသည့် တာဝန်ကြီးတစ်ရပ်ကိုပဲ ထမ်းဆောင်နေရသလိုမျိုးနဲ့ မောင်သန်းရွှေ ညာခိုင်းသမျှ အဟုတ်ထင်နေပြန်သည်။ ခေါ်ရင်ထူး၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား၊ ခပ်တည်တည်နေ ဆိုပြီး ၀န်ထမ်းများ၏ နေထိုင်နည်းကိုပါ သင်ပေးလိုက်သေးသည်။

အတိုက်အခံရှိမှ အုပ်ချုပ်မှုယန္တရား ပိုမိုကောင်းသည်။ အတိုက်အခံမရှိလျှင် စစ်တပ်ခေါင်းဆောင်များအချင်းချင်း ရန်ရှာ၊ နေရာလုနိုင်သည်။ ထို့ကြောင့် စစ်အစိုးရသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အချိန်ကာလ တစ်ခု၌ လူထုပါလာခါနီးတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦး ကို ပြန်လည် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ စစ်အစိုးရသည် သူ့အတွက် အတိုက်အခံမရှိသောအခါ ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်များ ကို ပြန်လွှတ်ပေး လိုက်သည်။ သူတို့ကိုလည်း ခဏကပြအသုံးတော်ခံခိုင်းခဲ့ပြီး စစ်အစိုးရအတွက် အန္တရာယ်ရှိသည့်အချိန်ကာလ တစ်ခုသို့ ရောက်သောအခါ ထောင်ထဲသို့ ပုဒ်မမျိုးစုံ တပ်ပြီး ပြန်ထည့်လိုက်ပြန်သည်။ ယခုအခါ ဦးဝင်းတင်ကို ထုတ်ရှိုးလိုက်ပြန်ပါပြီ။ စစ်အစိုးရသည် အချိန်ကာလတစ်ခုတော့ ဦးဝင်းတင်ကို ပေးချေအုံးတော့မည်။

စစ်အစိုးရအား စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်နေသည်ဟု ပြော၍ ရနိုင်မည့် ပထမဦးဆုံးခြေလှမ်းမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးခြင်းပင် ဖြစ်ပါသည်။ ဤသို့မဟုတ်လျှင် စစ်အစိုးရသည် ၄င်း၏အာဏာခိုင်မြဲရေးအတွက် အတိုက်အခံများကို သူ့ကစားကွက်တွင် ထုတ်ကစားနေသည်ဟုသာ မှတ်ရမည်ဖြစ်ပါကြောင်း။

မောင်ပွကြီး

(စကားချပ်။ ။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေးရန် တစိုက်မတ်မတ် တောင်းဆိုသော လှုပ်ရှားမှုများကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် မြင်တွေ့ ၊ ကြားသိရပါသည်။ ၀မ်းသာထောက်ခံပါသည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရသော ကိုယ်ကျိုးစွန့်သူရဲကောင်း နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေ။)

Tuesday, September 23, 2008

အဝေးရောက် မြန်မာအမျိုးသမီးများက မနီလာသိန်းအတွက် စိုးရိမ်နေ

ဆော်လမွန်
အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 11:38 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ က စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသော ဒီမီုကရေစီရေး တက်ကြွလှုပ်ရှားသူ မနီလာသိန်း၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ် ပူပန်လျက်ရှိကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

WLB အမျိုးသမီးများ အဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် စက်တင်ဘာလ ၁၀ ရက်က စစ်အစိုးရမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်သော တနှစ်ကျော်အရွယ် သမီးငယ်ကလေး၏ မိခင်ဖြစ်သူ မနီလာသိန်းသည် ညှင်းပန်းနှိပ်စက်ခြင်း၊ ရိုင်းပျစွာ ဆက်ဆံခြင်း စသော အန္တရာယ်များကြားထဲတွင် ရောက်ရှိနေခဲ့သည်ဟု ဖော်ပြ ပါရှိခဲ့သည်။

မနီလာသိန်း၏ မိသားစုများက သူ ဘယ်နေရာတွင် ရှိနေသည်ကို ယခုအချိန်ထိ မသိရှိရသေးဘဲ သူအတွက်ရော၊ မိဘမဲ့ဖြစ်နေရသည့် သမီးကလေး အတွက်ရော စိုးရိမ်နေကြရသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွါးခဲ့သော လူထုအုံကြွမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သူ မနီလာသိန်းသည် လွန်ခဲ့သည့်စက်တင်ဘာလ အတွင်းက စစ်အစိုးရမှ ဆန့်ကျင်ဆန္ဒပြသူများကို စတင် နှိမ်နင်းခဲ့ချိန်မှစ၍ ပုန်းရှောင်နေခဲ့ရသည်။

"ကျမတို့ သူ့အတွက် အရမ်း စိတ်ပူမိတယ်။ ပုန်းအောင်းနေတုန်းက လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေကြောင့် သူ့ကို ပိုပြီး အညိုးထားပြီးမှ လုပ်ဆောင်နိုင်တယ်။ အဲဒါကြောင့် သူ့အတွက် ပိုပြီး စိုးရိမ်နေရပါတယ်။" ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး မနန်းယဉ်က ပြောသည်။

"တိမ်းရှောင်နေတုန်းက မနီလာသိန်းဟာ နိုင်ငံတကာကို အခြေအနေတွေနဲ့ ပတ်သက်ပြီး စာတွေပို့ထားတာ ရှိတယ်။ ကမ္ဘာ့ကုလသမ္မဂ္ဂ လုံခြုံရေး ကောင်စီကို မြန်မာနိုင်ငံရေး ပဋိပက္ခတွေ ဝင်ရောက် ဖြေရှင်းပေးဖို့ တိုက်တွန်းခဲ့တာတွေ ရှိတယ်"

"သူမကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ အတိအကျ မသိရသေးဘူး။ ဒါကြောင့် အရမ်း စိုးရိမ်နေရတယ်။ ဘာသတင်းမှလည်း အခုထိ မရသေးဘူးလေ။" ဟု မနန်းယဉ်က ထပ်ပြောသည်။

အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကို စစ်ဆေးနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ အဖွဲ့တဖွဲ့ စေလွှတ်ပေးပါရန် လူ့အခွင့်အရေး အဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းသို့ WLB မှ ပန်ကြားထားသည်။

"မြန်မာပြည်ထဲကိုသွားပြီး အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စစ်ဆေးပြီး သတင်းပို့ အကြောင်းကြားနိုင်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေ ဒါမှမဟုတ် ဘယ်အဖွဲ့မဆိုကို ကျမတို့ တိုက်တွန်းချင်ပါတယ်" ဟု သူကထပ်ပြော၏။

ချက်သမ္မတနိုင်ငံမှ ချီးမြှင့်သော လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် (Homo Homini Award) ဆု ရရှိထားသည့် မနီလာသိန်းသည် စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုအံဖွယ်ကျော်၏ မိခင်ထံသို့ စက်တင်ဘာလ ၁၀ ရက် နေ့က သွားရောက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက လေးလအရွယ် သမီးငယ်လေးအား မိဘများနှင့် ထားခဲ့ရပြီး ပုန်းရှောင်ခဲ့ရသော မနီလာသိန်းသည် သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် စောစောပိုင်းက နှစ်ကြိမ်တိုင်တိုင် အကျဉ်းချခြင်း ခံခဲ့ရဘူးသည်။ ၁၉၉၁-ခုနှစ်တွင် နှစ်လတိတိ ဖမ်းဆီး ချုပ်နှောင်ခြင်းခံခဲ့ရပြီး၊ ၁၉၉၆-ခုနှစ် မှ ၂၀၀၅-ခုနှစ်အထိ ကိုးနှစ်တိုင်တိုင် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

သူမ၏ အမျိုးသားလည်းဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်လည်း ဖြစ်သော ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီ သည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ လုပ်ဖေါ်ကိုင်ဖက် ၁၂ ဦးတို့နှင့်အတူ အဖမ်းခံခဲ့ရသည်။

ကိုမင်းကိုနိုင်နှင့် လုပ်ဖော်ကိုင်ဖက် ၁၂ ယောက် တို့သည် အစိုးရ၏ လောင်စာဆီဈေး ရုတ်တရက် မြှင့်တင်လိုက်မှုကြောင့် ကြီးမားစွာ ထိခိုက်ခံခဲ့ရသည့် ဆင်းရဲသားပြည်သူများနှင့် အတူ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တစည်းတလုံးတည်း ငြိမ်းချမ်းစွာ ဆန္ဒပြချီတက်ခဲ့ကြသည်။

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 12:49 - မြန်မာစံတော်ချိန်

စစ်အစိုးရက ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပါရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်သော ဦးဝင်းတင်သည် အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင်ကို ပုံမှန် ထောင်ဝင်စာ သွားရောက် တွေ့ဆုံလေ့ရှိသူ မိတ်ဆွေကြီး ဦးမောင်မောင်ခင်ကတော့ အင်းစိန်ထောင်ဗူးဝတွင် စောင့်ဆိုင်းလျှက် ရှိကြောင်း မဇ္ဈိမသို့ ပြောပြသည်။

တချိန်တည်းမှာပင် သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်းသည် ကလေးအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။
--------------------------------------

ဦးဝင်းတင်၏ မိတ်ဆွေကြီး ဦးမောင်မောင်ခင် ပြောကြားချက်

လွှတ်တော့ မလွှတ်သေးဘူးဗျ။ ထောင်ဗူးဝတော့ ရောက်နေပြီ။ မြင်ခဲ့တဲ့ လူတွေကတော့ သေချာပြောတာဘဲ။ ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့၊ နိုင်ငံရေးသမားကြီးတွေပေါ့ဗျာ။ နှစ်တွေ ထပ်ထပ် တိုးနေတဲ့ သူတွေကိုပေါ့ဗျာ။

ကျနော် ကြားတာကတော့ ၁၂း၃ဝ နာရီခွဲ ၁ ချက်တီးလောက်မှာ လူကြီးတွေက မိန့်ခွန်းချွေပြီး လွှတ်မယ်လို့ ပြောမယ်။ သတင်းတွေ လိုက်ပြီး စုစည်း လိုက်တဲ့အခါကျတော့ သေချာဘို့ တော်တော် နီးစပ်ပါတယ်။

ကျနော်တို့ကတော့ လွှတ်ပြီဆိုမှ လွတ်ပြီလို့ ကျနော်တို့ ယုံရမှာပေါ့နော်။

၂ဝ ရက်နေ့က ကျနော် သူ့ကို သွားတွေ့တယ်။ သူသိတယ်။ သူတို့ ထောင်သားတွေကို လွှတ်လိမ့်မယ်ကွ၊ အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတဲ့။ အသက်ကြီးတဲ့ သူတွေ၊ နာမကျန်းတဲ့ သူတွေ။ ငါတော့ အဲဒါကို ငြင်းထားတယ်။ ငါ့ကို နိုင်ငံရေးအရ ဖမ်းရင်တော့ နိုင်ငံရေးအရ လွှတ်ရမယ်လို့ ကျနော် ပြောထားတယ်တဲ့။

သူ့ကို နိုင်ငံရေးအရ လွှတ်ရင်တော့ သူထွက်လာမှာပါ။

၂ဝဝ၅ ခုနှစ်ကလည်း မိန့်ခွန်းတွေ ပါတွေချွေ၊ သူ့အကြောင်းတွေ ပါတွေပြော၊ ထမင်းတွေ ဘာတွေ ကျွေးပြီးတော့ အထဲ ပြန်ခေါ်သွားတာ။

ကျနော်က ဒီမှာ တယ်လီဖုန်းတွေ စောင့်နေတာ။ လွှတ်လာရင် အစိုးဘက်က လူကြီးတွေ ကျနော့်အိမ်ကိုဘဲ လာပို့ပေးမှာပါ။ ကျနော့်အိမ်က ထောင်နဲ့ မျက်နှာချင်းဆိုင်မှာဘဲလေ။ ဒီမှာလည်း စောင့်နေကြတာ။
--------------------------------------

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွှန့် ပြောကြားချက်

ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့ ကျနော်အမှုသည်၊ ကျနော် လိုက်ခဲ့တာပါ။ သူတို့ လွတ်လာပြီဆိုတော့ ကျနော် အရမ်း ဝမ်းသာပါတယ်၊ ကျနော် ရှေ့နေအဖြစ် နှစ်ခု ပြောချင်တယ်။ သူတို့ ဘယ်အကြောင်းနဲ့ပဲ လွတ်လာ၊ လွတ်လာ ကျန်တဲ့ နိုင်ငံသားတွေ ထောင်ချ၊ အချုပ်မှာ ရှိနေတဲ့ လူတွေကိုရော လွတ်လာတာကိုရော မြင်ချင်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အပါအဝင် လွတ်လာတယ်ဆိုတော့ ဘာဘဲ ပြောပြောဗျာ၊ အမျိုးသာ ပြန်လည် သင့်မြတ်ရေးအတွက် ကောင်းတဲ့ဟြာ ဖစ်ပါစေဗျာ။ ကျနော် ဒီလောက်ပဲ ပြောချင်တယ်။


နောက်ဆက်တွဲကို ဆက်လက် ထုတ်ပြန်သွားမှာ ဖြစ်သည်။

Monday, September 22, 2008

လှိုင်သာယာ မှာ ကာလ၀မ်းရောဂါ ဖြစ် ပွားခဲ့

Thursday, 18 September 2008

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်အပြီး မြန်မာပြည်မှာ ကူးစက်ရောဂါမရှိပါဘူးလို့  ပြောနေတဲ့စစ်အာဏာရှင်ကြီးတွေရဲ့ အလိမ် အညာတွေ ကို နိုင်ငံတကာနဲ့ ပြည်တွင်းက ပြည်သူများသိရှိစေရန်အခုလို ဖော်ထုတ်လိုက်ရပါတယ် ။

မုန်တိုင်းဒါဏ်ခံခဲ့ရတဲ့အခြားဒေသများအခြေနေကိုတော့ မသိရှိပါ ။ ကျနော် တို့ လှိုင်သာ ယာမြို့ နယ် မှာ ကာလ၀မ်းရောဂါဖြစ်ပွားသူ (၁၃ ) ဦး ရှိခဲ့ပါတယ် ။ သို့ သော်အဆိုပါ (၁၃ )ဦး ကိုသာ စစ်ဆေးပြီး နောက်ထပ်ဝမ်းလျှောနေသူများအား စစ်ဆေးခြင်းမပြုတော့ ပဲ သာမာန် ၀မ်းပျက်ရောဂါအနေဖြင့် သာသတ်မှတ်ခဲ့ပါတယ် ။ ကာလ၀မ်းရောဂါပိုးတွေ့ ရှိသူများ ၏ အမည်စာရင်းများ ကိုအတိအကျဖော်ပြလိုက်ပါ သည်…။

၁။ မခိုင်ခိုင်ဝေ အသက် ( ၆ ) နှစ် အဖ ဦးစိုးလင်း
၂၀၇ -ပီမိုးနှင်းလမ်း ၊ ၂ / ၆ ရပ်ကွက် ၊ လှိုင်သာယာ ။

၂။ ဒေါ်တင်ရီ အသက် ( ၈၆ ) နှစ် အဖ ဦးကုလား
အလက (၈ ) ကယ်ဆယ်ရေးစခန်း ၊ စံပြ ၂၀-ရပ်ကွက် လှိုင်သာယာ ။

၃။ ဒေါ်ခင်နွေးမူ အသက် (၄၆ ) နှစ်
၃၉၀ ( က ) ဒေါနလမ်း ၊ (၁၀ ) ရပ်ကွက် လှိုင်သာယာ ။

၎။ မသန္တာထွန်း( ခ )မစန္ဒာ အသက် ( ၄ )နှစ်
မိုးလုံလေလုံ အားကစားရုံ ကယ်ဆယ်ရေးစခန်း ရွှေလင်ပန်း ကျေးရွာ လိုင်သာယာ မြို့ နယ် ။

၅။ မစန်းအေး အသက် ( ၁၈ ) အဖ ဦးခင်မောင်ကြည်
တိုင်ရီ ဖိနပ်စက်ရုံ လိုင်းခန်း ၊ ဘုရားလမ်းစက်မှု့ ဇုံ ( ၃ ) လှိုင်သာယာ ။

၆။ ဒေါ်လှမြိုင် အသက် ( ၆၀ ) နှစ်
၄၃၀ ( ခ ) အောင်တံခွန်လမ်း ၊ ၇ -ရပ်ကွက် ၊ လှိုင်သာယာ ။

၇။ မောင်ပြည့် ဖြိုးအောင် အသက် (၁၂ )
၂၃၆ - ပိတောက် ( ၄ ) လမ်း ၁/၁၀ ရပ်ကွက် လှိုင်သာယာ ။

၈။ မောင်ဟိန်းထက်ဇော် အသက် ( ၃ နှစ် ၂ လ ) အဖ ဦးသိန်းဝင်း
၁၀၆၄ - နွယ်နီ ( ၃ ) လမ်း ၊ ၁၅ -ရပ်ကွက် လှိုင်သာယာ ။

၉။ မမေမြတ်မွန်
၃၆၁ - နတ်မောက်လမ်း ၊ ၁၀ ရပ်ကွက် ၊ လှိုင်သာယာ ။

၁၀။ ဖိုးသား အသက် ( ၂ ) နှစ်
အမက - ၉ - ကယ်ဆယ်ရေးစခန်း ၊ မင်းရဲကျော်စွာလမ်း ၊ ၅/၃/၂ - ရပ်ကွက် လှိုင်သာယာ ။

၁၁။ မတင်တင်ဝေ အသက် ( ၆ ) နှစ်
အမက-၉- ကယ်ဆယ်ရေးစခန်း ၊ မင်းရဲကျော်စွာလမ်း ၊ ၅ /၃/၂ - ရပ်ကွက် လှိုင်သာယာ ။

၁၂။ မခင်စန်းလှိုင် အသက် ( ၈ ) နှစ်
အမက (၂၅ ) ကယ်ဆယ်ရေးစခန်း ၊ မင်းရဲကျော်စွာလမ်း ၊ ၅/၃/၂- ရပ်ကွက် လှိုင်သာယာ ။

၁၃။ အမည် မသိ ၊ လိပ်စာ မသိ ( သေဆုံးပြီးဆေးရုံသို့  ရောက် ရှိသွားသူ )

၎င်း လူနာ ၁၃ ဦးသည် ကာလ၀မ်းရောဂါ ပိုးတွေ ရှိသူများ အစစ် အမှန်ဖြစ်ပါကြောင်းဖော်ထုတ်လိုက်ပါသည် ။

ပေးပို့ သူ- Flying Black Cat

SSC ဆေးရုံတွင် စစ်ဗိုလ်တဦး ဆေးရုံ ၀န်ထမ်းအား ထိုးကျိတ်ရမ်းကား မှု့ 

Tuesday, 9 September 2008

9.9.2008 အင်္ဂါ နေ့  ညနေ ၆း၃၀ ၀န်းကျင်အချိန်တွင် ဗဟန်းမြို့  နယ် ခြောက်ထပ်ကြီးဘုရားအနီး ရှိ ရွှေဂုံတိုင်အထူးကုဆေး ရုံ တွင် လာရောက်ဆေးကုသ နေသူများအနက် မှ ဗိုလ်မှူး ရန်နောင် ဆိုသူသည် ဆလွန်းကား နံပါတ် ၃က/၆၇၂၂ ဖြင့်  လာရောက် ခဲ့ပါသည် ။ ထိုသို့ ရောက်ရှိလာရာတွင် ကားပါကင် ထိုးသည့် ကိစ္စ နှင့် ပါတ်သက်၍ ဆေးရုံ ကားပါကင်တွင်တာဝန်ကျနော်သော လုံခြုံရေး ၀န်ထမ်း လူငယ်တဦးအား နိုင်ထက်စီးနင်း ပြောဆိုကာ လက်သီးဖြင့်  ထိုးနှက် ခဲ့ ပါသည် ။

ဖြစ်ပွားသည့်  အကြောင်းရင်း မှာ ထိုဗိုလ်မှူးရန်နောင်ဆို သူစီးနင်းလာသော ကား အား ရပ်နားရန်နေရာ မရှိသည့် အတွက် ဆေးရုံလုံခြုံရေးဝန်ထမ်းမှာ ပြောပြရာတွင် ဗိုလ်မှူးရန်နောင် မှ မောက်မာ ရိုင်းပြစွာ ဖြင့်  ပြောဆိုပြီးစတင်ထိုးနှက် ခြင်းဖြစ်သည် ။ ထိုသို့  မတရား သဖြင့် ဆေးရုံလုံခြုံရေးဝန်ထမ်းအားထိုး နှက် နေသဖြင့်  အနီးရှိ ဆေးရုံသိုလာရောက်သော ပြည်သူတဦးမှဝင်ရောက် ဖြန်ဖြေ ရာ ထိုဗိုလ်မှူးရန်နောင် မှ ဖြန်ဖြေလာသူအား ….” မင်းနဲ့မဆိုင်ရင်အသာနေ ငါ့ နံမည် ဗိုလ်မှူးရန်နောင် မိုက်လို့  တပ်ထဲက လာ တာ …..” ဟုပြန်လည် ပြောဆိုခဲ့ပါသည် ….။ ထိုသို့ ဖြစ်နေရာဝန်းကျင်တွင် ဖြစ်စဉ်အား ကြည့်  ရှု့ နေသူပေါင်း ( ၉၀ -၁၀၀ ) ခန့် ရှိနေပါသည် ။

ထိုကား နံပါတ် ၃က / ၆၇၂၂ ဖြင့်  လာရောက် သော ဗိုလ်မှူးရန်နောင် ဆိုသူ ၏ ဖော်ပြပါလုပ်ရပ်သည် မြန်မာ့ သတင်းစာများတွင် တပ်မတော်အစိုးရ မှ နေ့စဉ်ဖော်ပြနေသော ….

လူမှ့ ရေးဦးတည်ချက် ( ၄ ) ရပ် ဖြစ်သည့် ….တစ်မျိုးသားလုံးစိတ်ဓါတ်နှင့် အကျင့် စာရိတ္တမြင့်  မားရေး ….၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်  မားရေးနှင့်  အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်  ရှောက် ရေး ….၊ မျိုးချစ်စိတ်ဓါတ်ရှင် သန်ထက်မြက်ရေး …။ တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးနှင့်  ပညာရည် မြင့်  မားရေး……စသည့်  အချက်များနှင့်  လုံးလုံးကွဲ ပြားနေပါ သည် ။ လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ ၏ အုပ်ချုပ်ရေးပိုင်းတွင်လဲ တပ်မတော် မှ အရာရှိတော်တော်များများ မှာလဲ ထို ဗိုလ်မှူးရန်နောင် ကဲ့ သို့  ပင် ပြည်သူလူထုအားရိုင်းစိုင်းမောက်မာစွာ ဆက်ဆံ အုပ်ချုပ်နေပါသည် ။ သာမန်အဖြစ်အပျက်တခုလောက် ကို ပင် တပ်မတော် အာဏာပါဝါ တို့  အား အလွဲ သုံးစားပြု အနိုင်ကျင့်  အုပ်ချုပ် မှု့  ကို ကျွန်ုပ်တို့  ပြည် သူများအနေ ဖြင့်  ခေါင်းငုံ ခံမနေ သင့်  ပါ ကြောင်းတင်ပြလိုက်ရ ပါ သည် ။ ။

ယခု ပို့ စ် တင်လိုက်သည့်  အချိုန်ထိ ထိုဗိုလ်မှူးရန်နောင်ဆိုသူ နှင့်  ပါတ်သက်သော လူနာ မှာရွှေဂုံတိုင် ( SSC ) အထူးကု ဆေးရုံတွင် တက်ရောက်ဆေးကုသမှု့  ခံ ယူနေဆဲ ဖြစ်ပါ သည် ။

ဦးသက်ဝေအား ထောင်ဒဏ်ချမှတ်ခြင်းသည် အာစီယံနိုင်ငံများအကြား မေးမြန်းစရာဖြစ်လာသည်ဟုဆို

ဉာဏ်မောင်။ စက်တင်ဘာ ၂၃၊ ၂၀၀၈

မြန်မာစစ်အစိုးရ အာဏာပိုင်များက အလုပ်သမား အရေးလှုပ်ရှားနေသူအား ထောင်ဒဏ်ချမှတ် လိုက်ခြင်းသည် (ILO) နှင့် အာစီယံနိုင်ငံများကြား သဘောတူချက်နှင့်ပတ်သက်၍ မေးမြန်းစရာ ဖြစ်လာပါသည်ဟုဆိုသည်။

ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်တရားရုံးမှ အလုပ် သမားအရေးလှုပ်ရှားနေသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စမ်းချောင်းမြို့နယ်ဥက္ကဋ္ဌ ဦးသက်ဝေအား ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ (ILO) က ယမန်နေ့တွင် သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်အစိုးရအနေဖြင့် ဦးသက်ဝေအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ပြစ်ဒဏ်ချမှတ်မှုအား ပြန်လည်စစ်ဆေးရန် တောင်းဆိုလိုက်၍ ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO) မှ ယခုကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး မတ်လကတည်းက သူ့ကိုပြန်လွှတ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း ဂျီနီဗာအခြေစိုက် (ILO) ဌာနချုပ်မှ သတင်းထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့် ဇွန်လတွင် ပြုလုပ်ခဲ့သော (၉၇) ကြိမ်မြောက် (ILO) ညီလာခံတွင် အဆိုပါကိစ္စနှင့် ပါတ်သက်၍ မြန်မာအစိုးရ အဆင့်မြင့်အရာရှိများနှင့် တိုက်ရိုက်ဆွေးနွေးပြီးဖြစ်ကြောင်းကိုလည်း (ILO) ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဦးသက်ဝေသည် အဓမ္မအလုပ်ခိုင်းစေနေမှုများ၊ အရွယ်မရောက်သေးသော ကလေးငယ် များအား စစ်မှုထမ်းစေခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စများတွင် ဒုက္ခသည် များကိုယ်စား အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နေသူဖြစ်ပြီး ယခုကိစ္စများသည်လည်း မြန်မာ အစိုးရနှင့် ILO ကြား သဘောတူညီထားသော နားလည်မှုဖြည့်စွက်ချက် ဘောင်ထဲတွင်ပင် ရှိပါသည်ဟု ဆက်လက်ဖေါ်ပြထားသည်။

အဆိုပါ နားလည်မှုဖြည့်စွက်ချက်ထဲတွင် ကလေးစစ်သားကိစ္စနှင့် အဓမ္မအလုပ်ခိုင်းစေနေမှုကိစ္စ များနှင့် ပတ်သက်၍ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူ မည်သည့်ပုဂ္ဂိုလ်ကိုမဆို အပြည့်အဝ ကာကွယ်ပေးထားရန် ပါဝင်ပြီး ဦးသက်ဝေအား (ILO) နှင့် မပါတ်သက်သော စွဲချက်များတင်၍ တရားစွဲဆိုထားသော်လည်း (ILO) နှင့် တိုက်ရိုက်ဆက်နွယ်ပတ်သက်နေသည့်အတွက် နောက်ဆုံး ပြစ်ဒဏ်၊ ထောင်ဒဏ်မချမှတ်မီ ပလပ်ရမည် ဖြစ်သည်။

ထောင်ဒဏ်ချမှတ်မှုတွင် ဥပဒေအရ အများဆုံးချမှတ်နိုင်မှုကို ပြင်းထန်စွာ ချမှတ်ထားသည်။ ဦးသက်ဝေအား အဓမ္မအလုပ်ခိုင်းစေမှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခြင်းအား (ILO) အဖွဲ့ အနေဖြင့် လက်မခံနိုင်ကြောင်း ဆက်လက်ဖေါ်ပြထားသည်။

လှုံ့ဆော်မှုများ ပြုလုပ်ဟု အတိုက်အခံများပြော

သန်းထိုက်ဦး
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 19:52 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နေအိမ် အကျယ်ချုပ်ကျခံနေရသော သူတို့၏ ခေါင်းဆောင် လွတ်မြောက်ရေး လှုပ်ရှားမှုတခု အနေဖြင့် ငွေစက္ကူများတွင် “ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ” ဟု ရေးသားခဲ့ကြကြောင်း အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများက ပြောသည်။

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်း ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူ တစုမှ ကျပ်ငွေ ၅ဝဝ၊ ၂ဝဝ၊ ၁ဝဝ၊ ၅ဝ နှင့် ၁ဝ တန်တို့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းစာများ ခဲတံဖြင့် ရေးသားထားပြီး နီးစပ်ရာ ဈေးဆိုင်များတွင် ဈေးဝယ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သူတို့က ပြောသည်။

သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်ပါ။

"ဒေါ်အောင်ဆန်းစုကြည်ကို လွတ်စေချင်တဲ့ လူတွေကနေပြီးတော့ လုပ်လိုက်တဲ့ လှုပ်ရှားမှုတခု ဖြစ်တယ်။" ဟု အစဉ်အလာအားဖြင့် တက်ကြွစွာ လှုပ်ရှားလေ့ရှိသူ တယောက်က ပြောသည်။

ဈေးဆိုင်များက အမှတ်မထင် လက်ခံသူများရှိသလို အချို့ ဆိုင်ရှင်များက သိလျက်ပင် ၎င်းငွေစက္ကူများကို လက်ခံပေးခဲ့သည်ဟု ပြောသည်။

ငြိမ်းချမ်းစွာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျနိုင်သည့် နိုင်ငံတွင် ၁၂ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နှင့်ပတ်သက်၍ ပြောဆိုရေးသားမှုကို စစ်အစိုးရသည် အစဉ်အလာအားဖြင့် ပြစ်မှုတခုဟု မြင်လေ့ရှိသည်။

အလားတူ လှုပ်ရှားမှုကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် အတွင်း တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။ ထို့အပြင် “သံဃာတော်များကို သတ်သည့် စစ်အာဏာရှင် အစိုးရ ပြုတ်ကျပါစေ” ဟု ရေးသားထားသည့် စာရွက်များကိုလည်း လူစည်ကားသည့် ဈေးများ၊ လမ်းများတွင် ဖြန့်ဝေခဲ့သည်ဟု ဒေသခံ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။

လတ်တလောက မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) မှ ဦးဆောင်ကာ “နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အလိုရှိသည်” ဟု ရေးသားထားသည့် ဓာတ်ပုံပါ စာတမ်းအား ရန်ကုန်မြို့ နေရာအချို့တွင် လိုက်လံ ဖြန့်ဝေခဲ့သည်ဟု အဖွဲ့ဝင်တဦးဖြစ်သူ ကိုမိုးသွေးက ပြောသည်။

ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရသည့် ဧရာဝတီ ၀က်ဘ်ဆိုဒ် ပုံမှန်ပြန်ဖြစ်ပြီ

ဧရာဝတီ | စက်တင်ဘာ ၂၂ ၊ ၂၀၀၈

ဧရာဝတီ သတင်းဌာန၏ ၀က်ဆိုဒ်ကို လွန်ခဲ့သည့် အပတ် အင်္ဂါနေ့မှစတင်၍ အတိုက်အခိုက်ခံရပြီးနောက် အရံ အင်တာနက်ဆိုဒ်များ တည်ဆောက်ကာ အစားထိုးခဲ့ရာမှ ယနေ့တွင် ပုံမှန်ပြန်၍ လည်ပတ်နိုင်ပြီဖြစ်သည်။

ရပ်နားခဲ့ရသည့် ဧရာဝတီ သတင်းဌာန၏ ပုံမှန် အဓိက ဖော်ပြနေသော www.irrawaddy.org ၀က်ဘ်ဆိုဒ်ကို သောကြာနေ့ ညနေပိုင်းက စတင်၍ www.irrawaddymedia.com အရံ ဆိုဒ်ဖြင့် အစားထိုးရန် ကြိုးပမ်းခဲ့ရာ စနေနေ့ ညနေပိုင်းတွင် စတင်ကြည့်ရှု လည်ပတ်နိုင်ခဲ့သည်ဟု ဧရာဝတီ ရုံးမန်နေဂျာ ကိုဝင်းသူကပြောပြသည်။

နောက်ထပ် တိုက်ခိုက်မှုများရှိလာပါက ရှောင်ရှား ကာကွယ်နိုင်ရန် ၀က်ဘ်ဆိုဒ် လိပ်စာ အသစ်များကို စီစဉ် ထား သည်ဟုလည်း ၎င်းက ပြောသည်။

“နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်လာဘူးလို့ အသေအချာမပြောနိုင်ပါဘူး၊ မြန်မာစစ်အစိုးရ အနေနဲ့ ကုန်ကျ စရိတ် သက်သာမယ့် နည်းလမ်းနဲ့ ကျွမ်းသူတွေကို ခိုင်းပြီး တိုက်ခိုက်လာနိုင်ပါသေးတယ်”ဟု ကိုဝင်းသူ က ဆို သည်။

ပြီးခဲ့သည့် အပတ်အတွင်းက ဧရာဝတီ ဝဘ်ဆိုဒ်ကို နည်းပညာပိုင်းဆိုင်ရာ Distributed Denial of Services (DDoS) တိုက်ခိုက်ခြင်းဖြစ်သည်။ ယင်း DDoS တိုက်ခိုက်မှု အဓိက ရည်ရွယ်ချက်မှာ သတင်းဆိုဒ်များကို ဝင်ရောက်ဖတ်ရှု၍မရနိုင်ရန်ဖြစ်ပြီး မလိုလားသူတစုက နောက်ကွယ်မှ ငွေပေး ခိုင်းထားခြင်းဖြစ်နိုင်ကြောင်း ဝဘ်ဆိုဒ် နည်းပညာရှင်များ၏ အဆိုအရ သိရသည်။

DDoS တိုက်ခိုက်မှုသည် သတင်းအချက်အလက်များကို တပြိုင်နက်တည်း တစက္ကန့်အတွင်း (၁ ဂျီဂါဘိုက်) ခန့်ကို ဆာဗာတွင်းသို့ ပို့လွှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းပမာဏသည် သာမန်လက်ခံနိုင်သည့် ပမာဏထက်အဆ ပေါင်းများစွာ ကျော်လွန်နေသည့်အတွက် ဆာဗာအလုပ်မလုပ်နိုင်ဘဲ ၀က်ဘ်ဆိုဒ် ရပ်ဆိုင်းသွားရခြင်းဖြစ် သည်ဟု လည်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဧရာဝတီအင်တာနက် ဝက်ဘ်ဆိုဒ်ကို Trojans Virus ဖြင့်တိုက်ခိုက်ခံခဲ့ရပြီး ၎င်း Virus အား ၄ရက်ကြာ အချိန်ယူ ရှင်းထုတ်ခဲ့ရသည်။

တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ အင်တာနက် ဆက်သွယ်ရေး အမြန်နှုန်းများနှင့် အင်တာနက် အသုံးပြုသူ များကို စစ်အာဏာပိုင်များက ပိုမို တင်းကျပ်မှုများပြုလုပ်နေကြောင်း အသုံးပြုသူများနှင့် အင်တာနက်ကဖီးဆိုင် လုပ်ငန်း ရှင်များက ပြောသည်။

အင်တာနက် အမြန်နှုန်းများကို သက်ဆိုင်ရာက လျှော့ချထားသည့်အတွက် ၎င်းတို့ အနေနှင့် ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ အပါအ၀င် ဆိုဒ်ကြီးဖိုင်များ ပေးပို့၍ မရကြကြောင်း ရန်ကုန်မြို့တွင်းရှိ အင်တာနက် အသုံးပြုသူများ က ပြောဆိုသည်။

ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များအတွင်း အင်တာနက်အမြန်နှုန်းများမှာ ၁၀ မိနစ် တကြိမ်ခန့် သိသာစွာ လျော့ကျခဲ့ကြောင်း၊ အင်တာနက်ကဖီးဆိုင်များတွင် အင်တာနက်အသုံးပြုသူများအား အစိုးရ ဆန့်ကျင်သည့် ပြည်ပ သတင်းမီဒီယာ ၀က်ဘ်ဆိုက်များ အသုံးပြုမပြုကို အရပ်ဝတ် ရဲများက စောင့်ကြည့်မှုများပြုလုပ်နေကြောင်း လည်း သိရသည်။

အင်တာနက် အသုံးပြုသူများ၏ မှတ်ပုံတင်မှတ်တမ်းနှင့် အင်တာနက် အသုံးပြုမှုမှတ်တမ်းများကို ၂ ပတ်တကြိမ် ပေးပို့ရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ရဲ ထောက်လှမ်းရေးများက ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့လယ်ရှိ အင်တာနက် ကဖီးဆိုင် လုပ်ငန်းရှင်များကလည်း ပြောပြသည်။

ယင်းကဲ့သို့ သတင်းပေးပို့ အကြောင်းကြားခြင်း မပြုလုပ်ပါက ပြဿနာ တစုံတရာဖြစ်ပေါ်လာလျင် ကိုယ့်တာဝန် ကိုယ်ယူရမည် ဖြစ်ကြောင်း အာဏာပိုင်များက မကြာသေးခင်က အမိန့်ထုတ်ပြန်ညွှန်ကြားသည်ဟုလည်း အင်တာနက် ကဖီးဆိုင် လုပ်ငန်းရှင် တဦး ကပြောသည်။

အင်တာနက်ဆိုင်များတွင် နိုင်ငံရေး လှုပ်ရှားသူများအပါအ၀င် ပြည်ပသတင်းဌာနများသို့ သတင်းပေးပို့သူများကို စောင့်ကြည့် စုံစမ်းရန် အရပ်ဝတ်ရဲများကို ချထားကြောင်း ရန်ကုန်မြို့ခံများကလည်း ပြောသည်။

စစ်အစိုးရက မကြာမီ အကြီးဆုံး အင်တာနက်ဆက်သွယ်ရေးလုပ်ငန်း တခုဖြစ်လာနိုင်သည့် ဟံသာဝတီ အင်တာနက် ဆယ်သွယ်ရေး ဌာနတခုကို လွန်ခဲ့သည့် ဇူလိုင်လအတွင်းက တည်ဆောက်ခဲ့သော်လည်း အများပြည်သူ သိရှိရန် ထုတ်ဖော်ကြေညာခြင်းမပြုကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တာဝန်ရှိသူတဦး က ဆိုသည်။

ယင်းဟံသာဝတီ အင်တာနက်ဌာနသည် ရန်ကုန်တိုင်းအပါအ၀င် နိုင်ငံတ၀န်း အသုံးပြုလိုသူများအတွက် ၀န်ဆောင်မှုပေးရန် ရည်ရွယ်ထားကြောင်းနှင့် လတ်တလောတွင် စစ်တပ် ဦးစားပေး အသုံးပြုနေကြောင်းလည်း သိရသည်။

ဟံသာဝတီ ဌာန တည်ဆောက်ရာတွင် တရုတ်နိုင်ငံ ရှန်ဟဲ ဘဲလ် ကုမ္ပဏီနှင့် နာမည်ကြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ တို့က ထောက်ပံ့ကူညီခဲ့ကြောင်း၊ ဟံသာဝတီကို မန္တလေး ရတနာပုံ တယ်လီပို့နှင့် ချိတ် ဆက်ထားကြောင်း၊ နိုင်ငံတကာ အင်တာနက် ၀န်ဆောင်မှုဌာနများနှင့် အချိန်အဆက်ရှိသည့် ဟောင်ကောင် နိုင်ငံနှင့်ပါ ချိတ်ဆက်မှုရှိကြောင်းလည်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တာဝန်ရှိသူက ပြောဆို သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်း(MPT)၊ အစိုးရနှင့် ဖက်စပ်လုပ်သည့် ယခင် ပုဂံနက် ကို ပြောင်းလဲထားသော မြန်မာတယ်လီပို့ နှင့် ယခု ဟံသာဝတီ ဟူ၍ အင်တာနက် ဆက်သွယ်ရေးဌာနတို့ လက်ရှိ လည်ပတ်လျှက် ရှိကြောင်း သိရသည်။

လူသတ်မှု လျော့ကျသည်ဟု ရဲတပ်ဖွဲ့က ပြောဆို

အေးချမ်းမြေ့| စက်တင်ဘာ ၂၂၊ ၂၀၀၈

ယခုနှစ်၏ ၈ လခွဲတာကာလအတွင်း ရန်ကုန်တိုင်းတွင် လူသတ်မှု ၇၇ မှုသာရှိသေးသဖြင့် ၉၁ မှုထိ ဖြစ်ပွားသည့်တိုင်အောင် ယခင် ၈ နှစ်တာ ကာလကိုပြည့်မီရုံသာ ရှိသေးကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန် ရှိသူတဦးဖြစ်သည့် ရဲမှူးသိန်းဝင်းက ပြောကြားလိုက်သည်။

“ပြီးခဲ့တဲ့ ၈ နှစ်မှာ တလကို ၁၁ မှုနှုန်းနဲ့ဆိုတော့ ၈ လကို ၈၈ မှုထိဖြစ်တယ်။ အခု ဒီနှစ်မှာ ၈ လခွဲကို ၇၇ မှုပဲဖြစ်သေးတယ် ဆိုတော့ နောက်ထပ် ၁၀ ရက်စာထပ်ပေါင်းတောင်မှ လွန်ခဲ့တဲ့ ၈ နှစ်ထက် ပိုမဖြစ်နဲ့ အဲဒီအတိုင်းပဲဖြစ်ပါဆိုရင်တောင် ၉၁ မှုထိ ဖြစ်လို့ ရသေးတယ်” ဟု ၎င်းက ဘိုင်ဝိကလီးအလဲဗင်း ဂျာနယ်တွင် ပြောကြားထားသည်။

စက်တင်ဘာ ၁၉ ရက်နေ့ထုတ် ဘိုင်ဝိကလီးအလဲဗင်း ဂျာနယ်တွင် ၂၀၀၈ ခုနှစ်၏ ၈ လခွဲတာကာလအတွင်း လူသတ်မှု စုစုပေါင်း ၇၇ မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အတွင်း လူသတ်မှု စုစုပေါင်း ၁၀၅၂ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်အရ ရေးသားထားသည်။

လွန်ခဲ့သည့် ၈ နှစ်တာကာလအတွင်း လူသတ်မှု ၁၀၅၂ မှု ဖြစ်ပွားသောကြောင့် တနှစ်လျင် ပျမ်းမျှ ၁၃၁ ဒဿမ ၅ မှု၊ တလလျင် ပျမ်းမျှ ၁၀ ဒဿမ ၉၅ မှု ဖြစ်ပွားခဲ့သည်ဟု ရဲမှူးသိန်းဝင်းက တွက်ချက်ပြထား သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပျမ်းမျှနှုန်းဖြင့် တွက်ချက်၍ လွန်ခဲ့သည့် ၈ နှစ်တာကာလနှင့် နှိုင်းစာလျင် ယခုနှစ်တွင် လူသတ်မှု အရေအတွက် လျော့ကျသည်ဟု သုံးသပ်ထားသည်။

ရဲမှူးသိန်းဝင်းက လူသတ်မှုတမှုဖြစ်လာလျင် ၎င်းလူသတ်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်း ကို ခွဲခြမ်း စိတ်ဖြာလေ့လာမှု ပြုထားသဖြင့် ယခုနှစ် အတွက် ဒေါသကြောင့်ဖြစ်သော လူသတ်မှု အရေအတွက်မှာ အများဆုံးဖြစ်ပြီး ငွေကြေးရလိုမှုနှင့် ရန်ငြိုးကြောင့်ဖြစ်သည့် လူသတ်မှုက အနည်းဆုံးဟု ဆိုသည်။

ယခင်က လူသတ်မှုအပါအဝင် မှုခင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရဲဌာနက ပွင့်လင်းစွာ ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ယခုအခါ အရေအတွက် တိတိကျကျ ဖော်ထုတ်ရေးသား လာသည့်အတွက် ထူးခြားကြောင်း ရန်ကုန်မြို့ခံ အငြိမ်းစား ရဲအရာရှိ တဦးက သုံးသပ်သည်။

ရန်ကုန်မြို့နေ သတင်းသမားတဦးကလည်း “အရင်ကဆို ဒါမျိုး တခါမှ မဖော်ထုတ်ဖူးဘူး။ ဖလားဝါးနယူးစ် ဂျာနယ်သတင်းထောက်ချုပ်နဲ့ ရဲဌာနနဲ့ ပြဿနာတက်လို့ အဖမ်းခံရပြီး နောက်ပိုင်းမှာ ခုလိုခေါ်ရှင်းတာတွေ လုပ်လာတယ်။ နောက်ပြီး ဒီလိုမှုခင်းနဲ့ဆိုင်တဲ့ သတင်း မျိုးတွေကို သတ်မှတ်ထားတဲ့ တိုင်းအဆင့်ဌာနတွေမှာ ခေါ်ပေးမှပဲ ရေးရမယ်၊ မြို့နယ်စခန်း တွေမှာ သတင်းမယူရတော့ဘူး ဆိုပြီးမှာထားတယ်” ဟု ပြောသည်။

ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ်ဟောင်း ကိုစောမြင့်သန်းကို သင်္ဃန်းကျွန်း လူသတ်မှုသတင်း ရေးသားမှုဖြင့် ရဲစခန်းက ခေါ်ယူကြိမ်းမောင်းခဲ့ရာ ထိုသတင်းကို ဧရာဝတီ သတင်းဌာနက ရေးသားခဲ့ပြီးသည့် နောက်ပိုင်း ၎င်းအား ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ၂ ပတ်ကြာချုပ်နှောင်ထားခဲ့သည်။ ကိုစောမြင့် သန်းကို ယခုအခါ အင်းစိန် ထောင်သို့ ပို့လိုက်ပြီဖြစ်သည်။

ဘိုင်ဝိကလီးအလဲဗင်း ဂျာနယ်တွင် လူသတ်မှုအရေအတွက်၊ ဖြစ်ပေါ်ရသည့် အကြောင်း ရင်းများကို ဖော်ပြထားသော်လည်း ရဲဌာနမှ ဖော်ထုတ်ပြီးသည့် အမှုအရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

၂၀၀၈ ခုနှစ်ဆန်းတွင် ဖြစ်ပွားသော ၅ လောင်းပြိုင်လူသတ်မှုမှာ ယခုနှစ်အတွက် အကြီးမားဆုံး လူသတ်မှုဖြစ်ပြီး တရားခံကို ယခုထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဖလားဝါး ဂျာနယ် သတင်းထောက်ချုပ်ကို အင်းစိန်ပို့

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ စက်တင်ဘာလ 21 2008 15:16 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ အာဏာပိုင်များ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ၂ ပတ်ကြာ ထိမ်းသိမ်းထားသည့် ဖလားဝါးနယူးစ် ဂျာနယ်မှ သတင်းထောက်ချုပ် ကိုစောမြင့်သန်း အား အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အမှုဖွင့် တရားစွဲဆိုခံထားသည့် သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား ကျောက်တံတားမြို့နယ် တရားရုံးတွင် အင်္ဂါနေ့က ရုံးထုတ်စစ်ဆေးပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ် သတင်းဂျာနယ်မှ သတင်းထောက်တဦးက မဇ္ဈိမကို ယခုလိုပြောသည်။

"သူ့အမှု ပြီးသွားပြီ။ လွတ်လာပြီလို့ ကြားတယ်။ အပြင်မှာလည်း မတွေ့ရဘူး။ သူ့ရုံးက လူတွေလည်း မေးလို့မရတော့ ဟုတ်မဟုတ် သိရအောင် ရဲစခန်းသွားပြီး တွေ့ခွင့်တောင်းတော့ မရှိဘူး၊ ထုတ်ပြီး ထောင်ပို့လိုက်ပြီလို့ ပြောမှ သိရတာ" သူကပြောသည်။

သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား စက်တင်ဘာ (၁) ရက်နေ့တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်အေးက အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄(ဃ)၊ ပြည်ပ တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့ဖြင့် ပုဒ်မတပ်ကာ ကျောက်တံတား ရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

ယခုလို ကိုစောမြင့်သန်း အမှုအား ကျောက်တံတားမြို့နယ် တရားရုံးမှ အမှုကြားနာ စစ်ဆေးခြင်းနှင့် အင်းစိန်ထောင် ပို့လိုက်ခြင်းအပေါ် အသေးစိတ် သိနိုင်ရန်နှင့် အတည်ပြုချက် ရယူရန် ဖလားဝါးနယူးစ် ဂျာနယ်တိုက်အား မဇ္ဈိမမှ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ခံ အယ်ဒီတာမှ အခြေအနေအရ မဖြေဆိုနိုင်သေးကြောင်း ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် နေထိုင်သူ ကားပွဲစား တဦးနှင့် သူ၏ဇနီးတို့ အသတ်ခံခဲ့ရသည်။

သင်္ကန်းကျွန်းမြို့နယ် ၂ လောင်းပြိုင် လူသတ်မှု သတင်းကို ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သည့်အတွက် ဟုဆိုကာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ကိုစောမြင့်သန်းအား ခေါ်ယူစစ်ဆေး ကြိမ်းမောင်းခဲ့သည့်သတင်း ပြည်ပ သတင်းဌာနတခုဖြစ်သည့် ဧရာဝတီ အင်တာနက် သတင်းတွင် ဖော်ပြခဲ့သည့် နောက်ပိုင်း ယခုလို အဖမ်းခံရခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်ဂျာနယ် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

စီးတီးမတ် စူပါမားကက်များတွင် ဗုံးများတွေ့ဟုဆို

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 17:15 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်မြို့ရှိ စီးတီးမတ် စူပါမားကက် ဆိုင်နှစ်ခုတွင် မပေါက်ကွဲသေးသော ဗုံးများ တင်္နလာနေ့ နံနက်က တွေ့ရှိခဲ့ကြောင်း ရဲသတင်းရပ်ကွက်က ပြောသည်။

၄၆ လမ်းဆိုင်နှင့် ဇ၀နဆိုင်များတွင် အသေးစား ချိန်ကိုက်ဗုံးများ တွေ့ခြင်းဖြစ်ပြီး ဆိုင်လုံခြုံရေးများက သံသယဖြစ်သဖြင့် ရဲကို အကြောင်းကြားရာမှ သိမ်းဆည်းလိုက်နိုင်ခြင်း ဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

သို့သော် စီးတီးမတ် နှစ်ဆိုင်မှ သက်ဆိုင်ရာ တာဝန်ရှိသူများကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ၄၆ လမ်းဆိုင်က ဗုံးတွေ့သည် ဆိုသောသတင်းအပေါ် သိရှိရမှု မရှိကြေင်းနှင့် ဇ၀နဆိုင်ကတော့ ရဲများ လေ့ကျင့်ရေး လုပ်ခြင်းသာ ဖြစ်သည်ဟု ကွဲပြားစွာ ဖြေကြားခဲ့သည်။

၄၆ လမ်းဆိုင်မှ တာဝန်ခံ အမျိုးသမီးတဦးက "ကျမ မနက် ၈း၃၀ နာရီကတည်းက ဆိုင်ရောက်နေတာ၊ ဘာမှ မဖြစ်ပါဘူး။ တခုခု ကြားတာလဲ မရှိပါဘူး" ဟု ပြောသည်။

သို့သော် ဇ၀နဆိုင်မှ ၀န်ထမ်းတဦးက " ရဲတွေက သူတို့ဘာသာ သူတို့စမ်းသပ်တာ၊ သူတို့ပစ္စည်း၊ ဗုံးပစ္စည်းတော့ မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ထားပြီး သူတို့ လူတွေကို ရှာခိုင်းတာ" ဟု မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ရှင်းပြသည်။

မေလ ၂၀၀၅ ခုနှစ်က စီးတီးမတ် ဆိုင်တဆိုင် အပါအ၀င် ရန်ကုန်မြို့ လူစည်ကားသော နေရာ ၃ ခုတွင် တပြိုင်တည်းလိုလို ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားရာ လူ ၁၁ ဦး သေဆုံးခဲ့သည်။

တွေ့ဆုံဆွေးနွေးရေးလုပ်ရန် မြန်မာကို လုံခြုံရေးကောင်စီ ထပ်မံတောင်းဆိုဖွယ်ရှိ

NEJ/ ၂၂ စက်တင်ဘာ ၂၀၀၈။ ။

မြန်မာကို အရေးယူမည့်အချက်များမပါရှိဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ထပ်မံ တောင်းဆိုမည့် လုံခြုံရေး ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်သာ ထွက်ရှိလာနိုင်ကြောင်း စက်တင်ဘာ (၁၀) ရက် ထုတ်ပြန် သည့် လုံခြုံရေးကောင်စီ အစီရင်ခံစာ၌ ခန့်မှန်းရေးသားထားသည်။

မြန်မာအစိုးရအား ဒဏ်ခတ်ရေး ဆွေးနွေးချက်များ မှေးမှိန်သွားပုံရသည့်အတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ယခင် ကြေညာချက် (၂) ခုပါ အချက်များအပါအ၀င် သံတမန်ရေးနည်းလမ်းများသုံးရန် ဖိအားပိုပေးလာနိုင်သည်ဟု အစီရင် ခံစာက သုံးသပ်သည်။ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ ဆွေးနွေးမည့်အချက်များ၌ ထည့်သွင်းနေခြင်းကို တရုတ်က ဆက်ပြီး စိတ်မသက်မသာ ဖြစ်နေသည့်ပြင် မြန်မာစစ်အစိုးရအား လုံခြုံရေးကောင်စီက အရေးမယူရေးကို တရုတ်က လိုလားသည်။

လုံခြုံရေးကောင်စီက ဆောင်ရွက်နိုင်သည့် ရွေးချယ်စရာ နည်းလမ်းများအနက် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် မစ္စတာ ဂမ်ဘာရီ၏ ဆွေးနွေးမှုကို နားထောင်ပြီး မည်သည့်အရေးယူဆောင်ရွက်မှုမှ မလုပ်ဘဲ သဘောထားထုတ်ပြန် နိုင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရန် လိုအပ်ကြောင်းနှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန် တို့ ပါဝင်သည့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ယခင်ကြေညာချက် (၂) ခုပါ အဓိကအချက်များကို ထပ်မံကြေညာနိုင် ကြောင်းနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ပြီးခဲ့သည့် အောက်တိုဘာလ ထုတ်ပြန်ချက်ပါ အဓိကအချက်များကို ပြန်လည် အလေးထား ထုတ်ပြန်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက်၌ အားလုံးပါဝင်သည့် အမျိုးသားပြန်လည် သင့် မြတ်ရေးလုပ်ဆောင်ရန်၊ ကုလသမဂ္ဂက မြန်မာ့အရေး ဆက်လက်ပါဝင်ဆောင်ရွက်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရန်၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စများ ဆောင်ရွက်ရန်၊ ပြည်သူလူထု အတွက် စီးပွားရေးနှင့် လူသားချင်းစာနာမှု လိုအပ်ချက်များကို ကိုင်တွယ်လုပ်ဆောင်ရန်တို့ တောင်းဆိုထားသည်။

ထို့အပြင် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ထုတ်ပြန်မည့် ကြေညာချက်၌ ပြီးခဲ့သည့် မေလ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒ ခံယူပွဲ အပေါ် သဘောထားနှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်ကဲ့သို့ ကိစ္စများလည်းပါဝင်နိုင်ပြီး အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ လုံခြုံရေးကောင်စီနှင့် ကြိုတင်တွေ့ဆုံရန်တို့ ပါရှိနိုင်သည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြသည်။

ထိုအစီရင်ခံစာကို သြဂုတ် (၁၈)မှ (၂၃) ရက်အထိ မြန်မာနိုင်ငံသွားရောက်ခဲ့သည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ် အပြီး၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်၌ ကုလသမဂ္ဂ၏ တောင်းဆိုချက် (၅) ချက်ကို မြန်မာအစိုးရက ပိုမိုသဘောပေါက် လက်ခံလာသဖြင့် ထိုခရီးစဉ်ကို မစ္စတာဂမ်ဘာရီက ပိုမိုအကောင်းမြင်သည်ဟုလည်း အစီရင်ခံစာ၌ ရေးသည်။

မြန်မာအရေးနှင့် ပတ်သက်ပြီး အဓိကအရေးပါသည့် အချက်များကို စဉ်းစားရာ၌ မြန်မာနိုင်ငံသွားရန်များသည့် အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း၏ ခရီးစဉ်မှ ခိုင်မာသည့် အောင်မြင်မှုရအောင် မည်သို့လုပ်ရမည်ဆိုသည့်အချက်အပါအ၀င် ဘန် ကီမွန်း မြန်မာနိုင်ငံသွားခြင်းသည် မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံကို ထောက်ခံခြင်းဟု အသုံးချမခံရအောင် မည်သို့ လုပ်ရမည် စသည့်အချက်များပါဝင်သည်။ ထို့ပြင် ကုလသမဂ္ဂသည် မြန်မာနှင့် ဆက်ဆံရာတွင် တိုးတက်မှုမရှိဆိုသည့် မကောင်းမြင်သတင်း ပျံ့နှံ့မှုကိစ္စအတွက် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီက မည်သို့ကိုင်တွယ်ရမည်ဆိုသည့် ကိစ္စ ဖြစ်သည်ဟု ရေးထားသည်။

By NEJ

စရဖကို စစ်ဆေးမေးမြန်းမိသည့် မြစ်ကြီးနားမြို့မှ ကင်းသမားများ ရိုက်နှက်ခံရ

NEJ/ ၂၂ စက်တင်ဘာ ၂၀၀၈။ ။

စစ်ဘက်ရေးရာ (စရဖ) တပ်ဖွဲ့ဝင်တဦးအား ညဘက် စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့သည့် မြစ်ကြီးနားမြို့ ကင်းတာဝန်ကျ များအား စရဖအဖွဲ့ဝင်တို့က ခေါ်ယူရိုက်နှက် အပြစ်ပေးမှု ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်ရပ်ကွက်၌ ကင်းတာဝန်ကျ အရပ်သားလူငယ် (၂) ဦးနှင့် ရပ်ကွက်အတွင်း ရေးမှူးတို့အား မြစ်ကြီးနား စစ်ဘက်ရေးရာတပ်ဖွဲ့ဝင်တို့က စက်တင်ဘာ (၁၉) ရက်တွင် စရဖရုံးသို့ ခေါ်ယူရိုက်နှက်ပြီး ပြစ်ဒဏ်များပေး၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ညသန်းခေါင်ကျော်အချိန် လမ်းပေါ်တွင်တွေ့သည့် စစ်ဘက်ရေးရာတပ်ဖွဲ့ဝင် (စရဖ) တဦးအား မြစ်ကြီးနား၊ ဂျာမိုင် ကောင် ရပ်ကွက်၊ မီးသတ်ရုံးရှေ့တွင် ဖွင့်ထားသည့် ကင်းစခန်းက မသင်္ကာ၍ မေးမြန်းမှုပြုလုပ်ခဲ့ရာ အဆိုပါ စရဖ တပ်ဖွဲ့ဝင်က စခန်းကို ပြန်ပြီး ၎င်း၏တပ်ဖွဲ့ဝင်အချို့နှင့်အတူ ကားတစီးဖြင့် လာရောက်ကာ ကင်းတာဝန်ကျသည့် လူငယ် (၂) ဦးနှင့် ရယကအတွင်းရေးမှူး ဦးဂမ်အောင်တို့အား ခေါ်ဆောင်သွားကာ ရိုက်နှက်ပြီး ထိုင်ထပြစ်ဒဏ်ပေးကာ ပြန်လွှတ်ခဲ့သည်ဟု ရိုက်နှက်ခံရသူတဦး၏ ဆွေမျိုးသားချင်းဖြစ်သူ ဒေသခံ ကချင်လူငယ်တဦးက ပြောသည်။

၎င်းက “အဲဒီညက ကင်းစောင့်ကျတာက (၄) ယောက်ရှိတယ်။ စရဖကို စစ်မေးမိတဲ့ အရပ်ထဲက လူ (၂) ယောက်ကိုပဲ ခေါ်တာ၊ ကျန်တဲ့သူကိုတော့ ခေါ်မသွားဘူး။ လာခေါ်တဲ့အချိန်မှာ အတွင်းရေးမှူးက သူ့မှာတာဝန်ရှိတယ်ပေါ့။ အဲဒီလို စစ်ဆေးဖို့ အထက်က ညွှန်ကြားထားလို့ သူကလည်း ကင်းသမားတွေကို ခိုင်းထားတာပေါ့၊ သူလည်း လိုက်မယ်ဆိုပြီး ပါသွားတာ။ ဟိုရောက်တော့ စရဖက ဘာမပြော၊ ညာမပြောနဲ့ သူတို့ (၃) ယောက်လုံးကို ပါးတွေချည်းပဲ လှိမ့်ရိုက်တာတဲ့။ ပြီးတော့ ထိုင်ထလုပ်ခိုင်ထားတာတဲ့။ ဘာကြောင့် ဒီလို လုပ်သလဲလည်း မပြောဘူးတဲ့” ဟု ဆိုသည်။

မြစ်ကြီးနားမြို့၊ ရေစင်ကြီးအနီးရှိ စရဖရုံးတွင် ခေါ်ယူရိုက်နှက်ပြီးနောက် ၎င်း (၃) ဦးစလုံးကို ညတွင်းချင်း ပြန်လွှတ်ပေး ခဲ့ကြောင်းနှင့် အကြောင်းမဲ့ ရိုက်နှက်ခံရသည့်အတွက် ဒေသခံလူထုက စိတ်မကောင်းဖြစ်နေကြသည်ဟုသိရသည်။

“အခုက အကြောင်းမဲ့ စော်ကားခံရသလိုဖြစ်တာ။ ဘယ်သွားတိုင်လို့ တိုင်ရမှန်း မသိဘူး။ ကင်းလာစစ်လို့ အပြစ်တွေ့လို့ ရိုက်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး။ အခုက ညအချိန်မတော်ကြီးမှာ အရပ်ဝတ်နဲ့၊ ပြီးတော့ ကျောပိုးအိတ်နဲ့ ဆိုတော့ ကင်းသမားက မေးမြန်းတာ အပြစ်မှ မဟုတ်တာ” ဟု အဆိုပါလူငယ်က ပြောသည်။

စက်တင်ဘာအစောပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များရှိ ရယကရုံးများတွင် သက်ဆိုင်ရာ ရပ်ကွက်အလိုက် အရပ်သားများက ည (၇) နာရီမှ မနက် (၆) နာရီအထိ အလှည့်ကျ ကင်းစောင့်နေရပြီး တရပ်ကွက်လျှင် ကင်းတခု သတ် မှတ်ကာ အနည်းဆုံး လူ (၄) ဦး ကင်းတာဝန်ယူပေးရခြင်းဖြစ်သည်။

By NEJ

Saturday, September 20, 2008

မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း ဆန္ဒပြ

ဖနိဒါ
သောကြာနေ့၊ စက်တင်ဘာလ 19 2008 21:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုသည့် အနေဖြင့် ထောင်တွင်း အစားအစာ လက်မခံ ငြင်းပယ် ဆန္ဒပြနေခဲ့သည်မှာ စုစုပေါင်း ၉ ရက်ကြာခဲ့ပြီ ဖြစ်သည်။

တလကျော်ကြာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခဲ့သည့် မစုစုနွေးသည် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ထောင်အတွင်း ကျွေးမွေးသည့် အစားအစာများကို လက်မခံ ငြင်းပယ် ဆန္ဒပြနေကြောင်း မစုစုနွေး အမဖြစ်သူ မဌေးဌေးကြည် မှ မဇ္ဈိမကို ယခုလိုပြောသည်။

"ရှေ့နေနဲ့ စကားပါးလိုက်တယ်။ အမနဲ့ မတွေ့ရမချင်း လက်မခံဘူးလို့ ပြောတယ်။ ကျမနဲ့ မိသားစုကို ပေးမတွေ့တဲ့အပြင် ကျမမှာလဲ ဘာအပြစ်မှ မရှိဘူး။ အဲဒါတွေကို မရလို့ဆိုပြီး သူ (စုစုနွေး) က ရေနွေးတောင် လက်မခံဘူး ပြောတယ်။ ကျမနဲ့ မတွေ့တာက ကြာပြီ။ ဒီနေ့အထိဘဲ။ ဆေးနဲ့ ပစ္စည်းကို ထောင်ဘူးဝမှာ ပေးထားခဲ့ရတယ်" ဟု မစုစုနွေး၏ အမဖြစ်သူ မဌေးဌေးကြည်က ပြောသည်။

အင်းစိန်ထောင် အာဏာပိုင်များထံ မစုစုနွေး နှင့်တွေ့ဆုံခွင့်ပေးရန် အစ်မဖြစ်သူ မဌေးဌေးကြည်မှ တောင်းဆိုစာ တင်သွင်းခဲ့သော်လည်း အာဏာပိုင်များမှ တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရရှိခဲ့ပေ။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ရာ မစုစုနွေးလည်း ပါဝင်ခဲ့သည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် ထောင်တွင်း တင်းကြပ်မှုကို ဆန့်ကျင် ပြောဆိုခဲ့သည့်အတွက် ထောင်ဝန်ထမ်းများနှင့် စကား အချေအတင် ဖြစ်ခဲ့ရာ ၂ ပတ်ကြာ တိုက်ပိတ်ခံခဲ့ရသည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား အာဏာပိုင်များက ဖမ်းဆီး ထိမ်းသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ လူစုလူဝေးတွင် ပါဝင်မှု နှင့် အစိုးရကို အကြည်ညို ပျက်စေမှု စသည့် ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မစုစုနွေးအား တရားရုံးထုတ် အမှုစစ်ဆေးရန် သတ်မှတ်ရက် ဖြစ်သော်လည်း ရုံးထုတ်ခြင်းမရှိဘဲ ရမန်ရက်သာ ပေးခဲ့သည်။

လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးအား ကနေဒါ အခြေစိုက် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ” အဖွဲ့မှ ချီးမြှင့်ခဲ့သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့် ဆုကို ရရှိခဲ့သည့်အပြင်၊ ၂ဝဝ၇ ခုနှစ်တွင် ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ရရှိခဲ့သည်။
mizzima မှ

တရုတ် အစားအစာတွေ အစစ်အဆေးမရှိ နယ်စပ်ကျော်ဝင် နေဆဲ

20 September 2008

ကိုဇော်ဝင်းလှိုင် - အစီအစဉ်ကိုရယူရန် (MP3) audio clip
ကိုဇော်ဝင်းလှိုင် - နားဆင်ရန် (MP3) audio clip

တရုတ်နိုင်ငံအတွင်းမှာ ဘေးဖြစ်စေတဲ့ နို့မုန့်တွေကြောင့် ခလေးငယ်တွေ သေဆုံးတဲ့ သတင်းတွေ ထွက်နေပေမယ့် တရုတ်နိုင်ငံလုပ် နို့မုန့်နဲ့ အစားအသောက် တွေကတော့ နယ်စပ်ကို ဖြတ်ပြီး အစစ်အဆေးမရှိ ၀င်နေဆဲပဲလို့ တရုတ်နယ်စပ် သတင်းရပ်ကွက်တွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းကို ဘေးဖြစ်စေတဲ့ တရုတ် နို့မုန့်တွေကို တင်သွင်းမယ်ဆိုရင် သက်ဆိုင်ရာက အရေးယူမယ့် အကြောင်း ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဖော်ပြနေကြပါတယ်။ စစ်အစိုးရ သတင်းစာတွေမှာလည်း တရုတ်နိုင်ငံမှာ နို့မုန့် ကနေ ခလေးငယ်တွေ သေဆုံးရတာတွေ အပါအ၀င် ကျန်းမာရေး ထိခိုက်လို့ ဆေးရုံတင်ရတဲ့ သတင်းတွေကို ဖော်ပြခဲ့ပါတယ်။

တရုတ်မြန်မာနယ်စပ် အခြေစိုက် ကချင် ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဌ ဦးအောင်ဝါ ကတော့ ပြည်ပ သတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကြောင့် တရုတ်နို့မုန့်တွေနဲ့ ပတ်သက်လို့ သတိထားမိတာတွေ ရှိပေမယ့် တရုတ်နိုင်ငံလုပ် အစားအသောက်တွေ မြန်မာနိုင်ငံအတွင်းကို နယ်စပ် ဖြတ်ပြီး အရင်လို ပုံမှန် ရောင်းဝယ်နေဆဲပဲ ဖြစ်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“တရုတ်ပြည်ဘက်က သွင်းတဲ့ ဟာတွေတော့ ရှိတာပေါ့။ ဒီဘက်မှာတော့ သုံးနေတဲ့ ဟာတွေ ရှိပါတယ်။ ဒီ နယ်စပ်ကတဆင့် သွားလာနေတာ။ သိပ်ပြီး သုံးတဲ့ အဆင့်တော့ မရှိပါဘူး။ ဒီမှာ ရေဒီယို တွေကနေ ကြားသလောက်ပဲ ရှိနေတယ်။ သိပ်ကြီး အစိုးရကလည်း လက်ရှိ အခြေအနေမှာ သိပ်ပြီး သတိပေးတဲ့အချက်တွေလည်း မရှိဘူး။ ဒီက လူထုတွေကတော့ ဒီဟာကို ရေဒီယိုထဲက ကြားတဲ့အတွက် သတိထားတာတော့ ရှိတယ်။ တရုတ်ပြည်ဘက်က အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်း ဆောက်လုပ်ရေး ပစ္စည်းတွေ တရုတ်ပြည်ဘက်က ၀င်တာများပါတယ်။ အဓိက တရုတ် ပြည်က သုံးနေရတဲ့ အဆင့်ဖြစ်တယ်လေ၊ ဆပ်ပြာက အစ၊ ဒီမှာက အစစ်အဆေးတော့ ဘာတော့ မရှိဘူး။ ဟိုကနေ ပို့နေတာတော့ သုံးနေတာပဲ။ ဒီမှာ စစ်ဆေးတဲ့ ဂိတ်တွေမှ မရှိတာ၊ ဒီအတိုင်းပဲ ဥဒဟိုသွားနေတာပဲ၊ ရောဂါ ဖြစ်တယ်။ ကျန်းမာရေး စစ်ဆေးတာ ဘာမှမရှိပါဘူး။ ဖြစ်ရင်လည်း လူထုက ခံယုံပဲ ရှိတာပဲ။”

တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကချင် ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဌ ဦးအောင်ဝါ ပြောသွားတာပါ။ တရုတ်နိုင်ငံမှာ နို့မုန့်တွေကြောင့် ခလေးငယ်တွေ ဘေးအန္တရာယ် ကျရောက်တဲ့သတင်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံက နို့နဲ့ နို့ထွက်ပစ္စည်းထုတ် Yashili နဲ့ Suncare ကုမ္မဏီတွေက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရွန်ဒီ နိုင်ငံတွေကို တင်ပို့ခဲ့တဲ့ ပစ္စည်းတွေကို ပြန်လည်ရုတ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ နို့မှုန့်အများစုဟာ တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ တင်သွင်းလာတဲ့ နို့မှုန့်တွေက အများစုဖြစ်တဲ့အကြောင်း စားသုံးသူတွေက ပြောကြပါတယ်။ လူထုကြားမှာ အသုံးအများဆုံးက နွားတံဆိပ်ဖြစ်ပေမယ့် အခု ပြဿနာဖြစ်နေတဲ့ နို့မှုန့်ဗူးကတော့ အောက်ခြေက အဖြူရောင်ခံပြီးတော့ တဖြည်းဖြည်းနဲ့ အပေါ်ပိုင်းမှာ အပြာရောင် အဖျော့ကနေ ရင့်လာတဲ့ ဗူးဖြစ်ပါတယ်။ ဗူးအပြင်မှာ တရုတ်စာတန်းအပြင် ရင်ဘတ်ကို လက်အုပ်ထားတဲ့ မိခင်တယောက်ရဲ့ပုံကိုလည်း စက်ဝိုင်းအတွင်းမှာ ဖော်ပြထားပါတယ်။

အခု ပြဿနာတွေဖြစ်နေတဲ့ ဆန်းလု နို့မှုန့်ဟာ တခြား မြန်မာနိုင်ငံမှာ လူသုံးများတဲ့ နို့မှုန့်တွေထက် ဈေးနဲနဲ ပိုများတာကြောင့် သိပ်မတွင်ကျယ်လှပေမယ့် တရုတ် - မြန်မာ နယ်စပ်က ကုန်သည်တွေရဲ့ အဆိုအရကတော့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲကို ဒီနို့မှုန့်တွေ တင်သွင်းတာကြောင့် မြန်မာနိုင်ငံထဲကိုလည်း မှောင်ခိုလမ်းက တင်သွင်းပြီး အနည်းနဲ့ အများဆိုသလို သုံးစွဲမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အခု ဘေးအန္တရာယ်ဖြစ်ခဲ့တယ်ဆိုတဲ့ နို့မုန့် တံဆိပ်ဟာ မြန်မာနိုင်ငံအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးများတဲ့ တံဆိပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နယ်ခြားကျော်ပြီး မှောင်ခိုလမ်းကြောင်းနေ တရုတ်နို့မုန့် နဲ့ တရုတ်ပစ္စည်းတွေ မြန်မာနိုင်ငံထဲကို အစစ်အဆေးမရှိ ၀င်နေတဲ့အတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ အစားအသောက်တွေ ပါလာခဲ့ရင်လည်း ကြိုတင်သိဖို့ မလွယ်ကူတဲ့အကြောင်း နယ်စပ်သတင်း ရပ်ကွက်က ပြောပါတယ်။

Friday, September 19, 2008

မြန်မာနိုင်ငံရှိ အီးမေးလ်များ စိတ်မချရ

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲရာ၌ Log in ၀င်ရသည့် မည်သည့် Password မဆို လုံခြုံမှုရှိသည်ဟုပြောဆိုရန်ခက်ခဲလာနေပြီး ကိုယ်ရေး ကိုယ်တာအချက်အလက်များ လုံခြုံမှုရှိစေရန် ကိုယ်ပိုင်ကွန်ပျူတာများကိုသာ သုံးစွဲသင့်ကြောင်း ကွန်ပျူတာပညာရှင်များက သုံးသပ်ပြော ကြားသည်။

““အင်တာနက်ကြီးက မလုံခြုံ တာမဟုတ်ပါဘူး။ ကျွန်တော်တို့ အသုံးပြုနေရတဲ့ အနေအထားက မလုံခြုံတာပါ။ ကိုယ်သုံးတဲ့စက်မှာ တစ်ယောက်ယောက်က တစ်ခုခုလုပ်ထားရင် ကိုယ်သုံးပြီးထသွားတာနဲ့ အဲဒီလူက ကိုယ့်ကိုယ်ပိုင်အချက်အလက်တွေကို ချက်ချင်းဖွင့် ကြည့်လို့ရပြီ၊ အရမ်းလွယ်တယ်””ဟု မန္တလေးမြို့ရှိ Alpha ကုမ္ပဏီလီမိတက်မှ ဦးရဲမြတ်သူက သုံးသပ်ပြောဆိုသည်။

လက်ရှိအင်တာနက် အသုံးပြု သူအများစုမှာ G-mail နှင့် G-Talk အသုံးပြုသူများဖြစ်ပြီး၊ အင် တာနက်အသုံးပြုသူအများစုက ယုံ ကြည်ထားသော G-mail သည် အ သုံးပြုရန်လုံးဝစိတ်ချသည်ဟူသည့် အစွဲမှာမမှန်ကန်ကြောင်းကွန်ပျူတာ ပညာရှင်တစ်ဦးကပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အ များ ပြည်သူသုံး အင်တာနက်ဆိုင် ၂၄၀ခန့်ရှိသည်။

““ကျွန်မတို့ဆိုင်က စက်တွေ မှာ အပြင်ကလူက Software တစ် ခုခုလာ Run လို့မရအောင်လုပ် ထားပါတယ်။ ဆိုင်အနေနဲ့လည်း သုံးတဲ့သူတွေရဲ့ လုံခြုံမှုထိခိုက် အောင်မလုပ်ပါဘူး။ တချို့ဆိုင်တွေ တော့ရှိနိုင်ပါတယ်။ password ကို ဖမ်းထားတာမျိုးပေါ့””ဟု ရန်ကုန်မြို့ တွင်းရှိ အင်တာနက်ဆိုင်တစ်ဆိုင် မှ Network တာဝန်ခံတစ်ဦးက ပြောသည်။

မိမိ၏ User Name သိရုံဖြင့် Password ကို အလွယ်တကူဖွင့် ဖတ်နိုင်သည့်အတွက် password စာလုံး ၆ လုံးထက် ပိုထားရမည်ဟု ဆိုသော်လည်း password အလို အလျောက်ပွင့်နိုင်သည့် software တစ်ခုခုထည့်ထားသည့်စက်ကို အ သုံးပြုမိပါက(သို့) မိမိအသုံးပြုသည့် Network လုံခြုံမှုမရှိပါက မည်သို့ မျှလုံခြုံမှုမရှိနိုင်ဟု ပညာရှင်တို့က သုံးသပ်သည်။

အင်တာနက်စကားပြောခန်း (chatting)( များ မေးလ်များနှင့် မိမိ အသုံးပြုနေသောကွန်ပျူတာ၏လှုပ် ရှားမှုမှန်သမျှကိုမှတ်သားကြည့်ရှု နိုင်သည့်ဆော့ဖ်ဝဲများသည် မိမိအီး မေးလ်သို့ဝင်ရောက်လာနိုင်သည်။

ဤနည်းဖြင့် မိမိ Chatting ပြောဆိုသမျှနှင့် အီးမေးလ်များ၊ ကိုယ်ရေးကိုယ်တာအချက်အလက် များကို တစ်ဖက်လူက တွေ့မြင်နေ နိုင်သည်။

ယင်းကဲ့သို့သော ဆော့ဖ်ဝဲလ် များသည် အင်တာနက်တွင် အခမဲ့ Download လုပ်ယူနိုင်သည်။

““ Gmail ကိုဖောက်ဖတ်ဖို့ Google ကို ဟက်လုပ်စရာမလို ဘူး။ ကီးလော့ကာရှိရင် ဟတ်ကာ တောင် မလိုဘူး။ ကီးလော့ကာက လူမသိဘူး။ Password ကလည်း ပြောင်းမသွားဘူး။ မူရင်းအတိုင်းပဲ အကောင့်က ရှိနေတာဆိုတော့ ပိုင် ရှင်ကိုယ်တိုင်က သတိမမူတတ်ကြ ဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့ Password ကို နှစ်ရက်တစ်ခါ၊ သုံးရက် တစ်ခါပြောင်းသင့်တာပေါ့။ ဟက် လုပ်လိုက်ရင်တော့ ကိုယ့်အကောင့် ပြန်မရတော့ဘူး””ဟု ပြည်ပတွင် IT Security & Safety Management တက်ရောက်နေသော ကျောင်းသားတစ်ဦးက အကြံပြု ပြောကြားသည်။

မေးလ်အကောင့်များ မလုံခြုံ ရခြင်းမှာ မိမိတို့သုံးနေသည့် ပုံစံ မှာ အများသုံးဖြစ်နေခြင်း၊ အင်တာ နက်ဆိုင်များကိုယ်တိုင်က လုံခြုံရေး အရဆိုပြီး လုပ်ထားသည့်စနစ်များ ရှိခြင်း၊ လာသုံးသည့်လူများကိုယ် တိုင်က မိမိ၏သုံးစွဲမှုမှတ်တမ်းကို အလွယ်ထားခဲ့ကြခြင်းတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်သည်။

““ဆိုင်ပိုင်ရှင်တွေကိုယ်တိုင်က လူတစ်ယောက်ပြီးတိုင်း စက်ပိတ်၊ ပြန်ဖွင့်ပေးတဲ့စနစ် ရှိသင့်တယ်။ အဲဒီမှာ ခုနပြောတဲ့အားနည်းချက် တွေကို အလိုအလျောက်ဖျက်ပေး တဲ့စနစ်ပါရင် နောက်လူ မသိနိုင် ဘူး””ဟု အထက်ပါကျောင်းသားက ထပ်လောင်းပြောကြားသည်။

““လူတွေက အင်တာနက်ကြီး က မလုံခြုံဘူးလို့ထင်သွားမှာစိုး တယ်။ အင်တာနက်ကြီးက လုံခြုံ တယ်။ ကျွန်တော်တို့ကသာလုံခြုံတဲ့ ဟာတွေကို မသုံးနိုင်တာ။ ဒါက အားပြိုင်မှုတစ်ခုပဲ။ ၀င်ဖောက်တဲ့ လူက ဖောက်မှာပဲ။ ကာကွယ်နိုင် အောင်ပဲ ကိုယ်ကလုပ်ရမှာ။ ၀င် ဖောက်သူနဲ့ ကာကွယ်သူမျှနေရင် ကောင်းတယ်။ ဖောက်တဲ့သူအား သာသွားရင်တော့ ပြဿနာပေါ့””ဟု ဦးရဲမြတ်သူကဆိုသည်။

အင်တာနက်သုံးစွဲသူဦးရေ တိုးလာနေသော်လည်း နည်းပညာ ဆိုင်ရာဗဟုသုတနည်းပါးနေသေး သည်။ ““ကိုယ့်ရဲ့ Account ၀င်ပြီး Log out လုပ်မသွားတဲ့သူတွေ အ များကြီးတွေ့ရတယ်။ တစ်ယောက် ယောက်က ၀င်ပြီးကလိလိုက်တာ မျိုးလည်း ခံရနိုင်တယ်။ အဲဒါဆိုင် နဲ့ဘာမှ မဆိုင်ဘူးပေါ့။ တစ်ယောက် ပြီးတစ်ယောက် ၀င်သုံးတာမျိုးဆို တော့လေ။ ဒီမှာက ဆိုင်တွေလည်း ပိုဖွင့်လာပြီး၊ သုံးတဲ့လူလည်း ဒီနှစ် ပိုင်းမှာ ပိုများလာတယ်””ဟု လှည်း တန်းရှိ Commet Net အင်တာ နက်ဆိုင်မှ ဒေါ်ဝါ၀ါကပြောပြသည်။ အင်တာနက်ဆိုင်များ၌ အသုံး

ပြုရာတွင် Admin စက်မှ ဆိုင်အ တွင်းရှိ စက်အားလုံး၏ Screen အား ဖမ်းယူကြည့်ရှုမှု (Screen Shot) လုပ်နိုင်ကြောင်းကို သတိ ထားသင့်သည်။

မိမိကိုယ်ရေးကိုယ်တာအ ချက်အလက်များ လုံခြုံမှုရှိစေရန် အီးမေးလ်အတွင်းရှိ အချက်များ အား Delete Forever ဖြင့် ဖျက် ထားသင့်ကြောင်း၊ chat များကို Don't Save လုပ်ထားသင့်ကြောင်း ကျွမ်း ကျင်သူတစ်ဦးကအကြံပြုသည်။

ကိုယ်ပိုင်စက်ဖြင့် အသုံးပြုပါ ကလည်း မိမိအသုံးပြ Kaom Network လုံခြုံမှုမရှိပါက မိမိမည်သည့် ၀က်ဘ်ဆိုက်ကြည့်နေသည်။ အကြိမ် မည်မျှကြည့်နေသည် စသည်တို့ကို တစ်စုံတစ်ယောက်က ကြည့်နိုင် ကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုမှုကို(၂၀၀၃)နှစ်နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပြီး Internet Service Provider မှာ Myanmar Teleport နှင့် MPT (မြန်မာ့ဆက်သွယ်ရေး)တို့ ၂ ခုဖြစ် သည်။ယခုလပထမပတ်အတွင်းက မြန်မာနိုင်ငံ၏ အိုင်တီနှင့် အင်တာ နက်ဝန်ဆောင်မှု တိုးတက်လာစေ ရန်အတွက် ဟံသာဝတီ နေရှင် နယ် ဂိတ်ဝေးအား ဖွင့်လှစ်ခဲ့ရာ Internet Service Provider အသစ်များ ထပ်မံပေါ်ပေါက်လာ ဦးမည်ဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေးမှ သင်ခန်းစာ

(၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မောင်ပွကြီးရေးသားသည်။

ညီညွတ်ရေးဆိုသောစကားသည် ကျွန်တော်မမွေးခင်ကတည်းက လူအများပြောဆိုနေခဲ့ကြ ပါသည်။ ကျွန်တော်အရွယ်တော်တော်ရောက်လာပြီး ဓမ္မနှင့် အဓမ္မ တိုက်ပွဲတွင် ပါဝင်ပတ်သက်လာချိန်၌ မြန်မာပြည်တွင်းတွင်လည်း ညီညွတ်ရေးအကြောင်း ပြောဆိုနေသံကြားရပါသည်။ မတတ်သာ၍ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာခဲ့ရသည့် အချိန်တွင်လည်း ထိုညီညွတ်ရေးအကြောင်းပင် ပြောဆိုသံ ကြားနေရပါသည်။

မှန်ပါသည်။ ညီညွတ်မှုမရှိ၍ ကျွန်တော်မမွေးခင်ကတည်းက ယနေ့အချိန်ထိ စစ်ဖိနပ်အောက်မှ ရုန်းမထွက်နိုင်ခြင်းဖြစ်သည်ကိုတော့ အချက်တစ်ချက်အနေဖြင့် လက်ခံရပါမည်။ ၈၈၈၈အရေးတော်ပုံမျိုး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမျိုးတွင် တိုင်းပြည်၏လူထုဆန္ဒတစ်ထပ်တည်းကျပြီး ညီညွတ်ကြပါလျက် တော်လှန်ရေးမအောင်မြင်သောအခါ အယူအဆ၊ အတွေးအမြင်၊ ယုံကြည်ချက်ပေါ်မှာ မူတည်ပြီး အမျိုးမျိုး အဖုံဖုံ လုပ်ငန်းစဉ်များ ကွဲပြား၊ မတူညီတတ်သည်မှာ သဘောသဘာဝတစ်ခုပင်ဖြစ်သည်။

လောလောလတ်လတ် ပြီးခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး အတွေ့အကြုံကို တင်ပြပါရစေ။ ကျွန်တော်သည် ထိုစဉ်က ပြည်တွင်းတွင် နေထိုင်လျက် ရှိပါသည်။ ၈၈ကျောင်းသားဟောင်းတစ်ဦးအနေဖြင့် ရင်ထဲတွင် အနာမကျက်သေးနိုင်သည့် ဒဏ်ရာကို ကုသရန် အမြဲမျှော်လင့်နေခဲ့ပါသည်။ အနာကို တစ်ခါတည်းနဲ့ နလံမထူ၊ အမြစ်သေရန် ဆေးအပြင်းဆုံးနှင့် ကုစားပစ်လိုက်မည်ဟုလည်း ကြိမ်းဝါးထားသေး သည်။ ပြောရင်းဆိုရင်း၊ မျှော်လင့်ရင်းနဲ့ပဲ ရောက်ရှိလာပါပြီ။.......... ရွှေဝါရောင်တော်လှန်ရေး။ ........

ခဲလေသမျှ သဲရေကျ ရသည်လား၊ တည်ငြိမ်ရင့်ကျင့်မှု ရလာ၍လား၊ ဒီမိုကရေစီဆန်လာခြင်းလား၊ မိမိအတ္တထက် တော်လှန်ရေး အောင်မြင်ရေးကိုသာ ဦးစားပေး၍လား ကိုယ့်ကိုကိုယ် မသိတော့ပါ။ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အေးချမ်းစွာ မေတ္တာပို့ ၊ ဆုတောင်းကာ ဆန္ဒဖေါ်ထုတ်ခဲ့ပါသည်။ ရှေ့ဆုံးမှ သံဃာတော်များ ဦးဆောင်၍ သာသနာ့အလံများ တလူလူလွှင့်ကာ ဗုဒ္ဓရုပ်ဆင်းတု တော်များ၊ မြတ်စွာဘုရား ပုံတော်များ ပင့်ဆောင်လျက် ငြိမ်းချမ်းစွာ ဆန္ဒပြပါလျက် ၂၆-၉-၂၀၀၇ နေ့တွင် အာဏာရှင်စစ်အဆိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သာသနာ့အလံများ သွေးစွန်း၍ ဗုဒ္ဓရုပ်ပွားတော်များ ကြေမွသွားသည့်ပြင် ဘုရားပုံတော်များပါ မြေခသွားခဲ့ရပါသည်။ အကြမ်းဖက်လွန်းသောကြောင့် အမေရိကန် သံရုံးမှ သံတမန် ကား တစ်စီးက လူထုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား ကန့်လန့်ဖြတ်ဝင်ရောက် နေရာယူကာ သံဃာနှင့် လူထုကို မပစ်ရန် ကာကွယ်ပေး ရှာပါသည်။

သို့သော် တစ်သက်လုံး သေနတ်ကိုင်လာသော အမေရိကန်လည်း နအဖစစ်အဆိုးရ၏ နှိမ်နင်းမှု ဒဏ်ကို မခံနိုင်ပါ။ မျက်ရည်ယိုဗုံး(၅)လုံးဖြင့် ၄င်း၏ကားဆီသို့ တည့်တည့်ပစ်လာသောအခါ ပြန်လည်ရှောင် တိမ်း သွားရပါသည်။ (ကိုယ့်လူထုအားကို ကိုယ်မယုံကြည်သောသူများ သတိပြု။)

စစ်အဆိုးရက မာရှယ်လော ထုတ်ပြန်ထားသောကြောင့် ကျနော်တို့ ယုံကြည်ချက်တူသူများ အချင်းချင်း ၀ပ်ကျင်းတွင် အားနည်းချက်၊ အားသာချက်များ ညှိနှိုင်းကြပါသည်။ ကျနော်တို့သည် နအဖ၏ စွမ်းအားရှင်၊ ကြံ့ဖွတ်၊ လုံထိန်း၊ ထောက်လှမ်းရေး၊ ရယက၊ မယက၊ ရဲစခန်း ၊ တန်ပြန်ဘုန်းကြီးတု၊ အဖျက် လုပ်ငန်း ၀င်လုပ်မည့်သူများ၊ သံဆူးကြိုး၊ အတားအဆီးများ အသီးသီးတို့ကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့သော်လည်း နောက်ဆုံးစစ်တပ်သာ ကျန်ပါတော့သည်။ ထိုစစ်တပ်ကို ဘယ်လိုထိန်းသိမ်း မည်နည်း။ စစ်တပ်သာ ပါလျှင် ကျနော်တို့ပွဲပြီးပြီ။

စစ်တပ်တွင် မူရှိသည်။ စစ်ခေါင်းဆောင်များ ဘယ်လိုပြောင်းလဲ၊ ပြောင်းလဲ စစ်တပ်မပြိုကွဲပဲ တည်ရှိနေခြင်းမှာလည်း ထိုမူကြောင့်ပင်။ ထိုမူတွင် အဓိကအခရာကျဆုံးမှာ နိုင်ငံတော်အလံဖြစ်သည်။ မနက်အလံတင်အခမ်းအနား၊ ညနေ အလံချအခန်းအနား ပြုလုပ်ရသည်မှာ ယနေ့ထိ တစ်ရက်ပင် ပျက်ရက်မရှိ။ ထိုအလံကို သံဃာ တော်များ ရှေ့ဆုံးတွင် ကိုင်ဆောင်၍ ချီတက်ဆန္ဒပြလျှင် ----------------။

ညှိနှိုင်း၍ မရနိုင်ခဲ့ပါ။ လူဆိုသည်မှာ ကိုယ့်ယုံကြည်ချက်ကို ကိုယ် အလျော့မခံလိုကြပါ။ ယုံကြည်ချက်အပေါ် စွန့်လွှတ်ထိခိုက်ရန် ပြောနေခြင်း မဟုတ်ပဲ အခြေအနေ ၊ အချိန်အခါအရ ယုံကြည် ချက်အပေါ် အတ္တမကြီးသင့်ပဲ ကြီးနေခြင်းကိုသာလျှင် တင်ပြလိုရင်း ဖြစ်ပါသည်။

ပြည်တွင်းတွင် အင်န်အယ်လ်ဒီ၊ ကျောင်းသား၊ အီးစီ၊ စီအာပီပီ၊ လူကြီး၊ လူငယ်ကွဲသကဲ့သို့ လွတ်မြောက်နယ်မြေတွင်လည်း အဖွဲ့အမျိုးမျိုး၊ ယုံကြည်ချက်အသွင်အမျိုးမျိုး ကွဲနေပြန်သည်။

ညီညွတ်ရေးသည် အင်မတန်အသက်ကြီးနေပါပြီ။ ကျနော့်ဘကြီးလည်း ညီညွတ်ရေး၊ ညီညွတ် ရေး ပြောပြောပြီး သေသွားရရှာပါသည်။ သို့သော် ညီညွတ်ရေးကြီးကား ယခုထိ မညီညွတ်နိုင် သေးပါ။ ဤသည်မှာ အဓိကရည်မှန်းချက်ပန်းတိုင်ထက် မိမိတို့၏သန်ရာ သန်ရာ ဂိုဏ်းဂဏအတ္တစွဲများကို ပိုမို ဦးစားပေးနေခြင်း ဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး မှ မီးမောင်းထိုးပြခဲ့ချေပြီ ဖြစ်သည်။

စမ်းချောင်း အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေကို လွှတ်ပေးရန် အိုင်အယ်လ်အို တောင်းဆို

19 September 2008

မနန္ဒာချမ်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
မနန္ဒာချမ်း - နားဆင်ရန် (MP3) audio clip

မြန်မာပြည်တွင်း အဓမ္မအလုပ်ခိုင်းစေမှု မြင်ကွင်းတခု
မြန်မာပြည်တွင်း အဓမ္မအလုပ်ခိုင်းစေမှု မြင်ကွင်းတခု
အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးနဲ့ဆက်သွယ်တယ်ဆိုပြီး စမ်းချောင်းမြို့ နယ် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေကို စစ်အစိုးရက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကြီးက ပြောဆိုပါတယ်။ တချိန်တည်းမှာ ဦးသက်ဝေကို လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဦးသက်ဝေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပန်းပဲတန်းတရားရုံးက ၀တ္တရားနှောင့်ယှက်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဦးသက်ဝေ ဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၉ ရက်နေ့က တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းရဲ့ အမှုကို သွားပြီး နားထောင်တဲ့အချိန် သူ့ကိုယ်ပေါ်မှာ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကြီးနဲ့ ဆက်သွယ်တဲ့ ကွန်ပျူတာသုံး Memory Stick တခုကို အာဏာပိုင်တွေ သိသွားခဲ့ရာက တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ အရင် အာမခံ ငွေ ၅၀၀,၀၀၀ နဲ့ လွှတ်ထားခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ကမှ တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဂျနီဗာမှာရှိတဲ့ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ မစ္စတာ ကာရီ တပီအိုလာ (Kari Tapiola) ကတော့ ဦးသက်ဝေ ကို အခုလို စစ်အစိုးရက ထောင်ချလိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ အထူးပဲစိုးရိမ်တဲ့အကြောင်း မြန်မာစစ်အစိုးရကို အကြောင်းကြားထားသလို ကျနော်တို့ ဒေါသလည်း ဖြစ်မိပါတယ်။ ဦးသက်ဝေရဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ စောင့်ကြည့်နေခဲ့တာ ကြာပါပြီ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကျနော် မြန်မာနိုင်ငံကို သွားခဲ့တဲ့အချိန် မြန်မာစစ်အစိုးရနဲ့ ကျနော် ဆွေးနွေးခဲ့ပါတယ်။ အဲဒီအချိန်က ဦးသက်ဝေကို အိုင်အယ်လ်အိုနဲ့ ဆက်သွယ်တဲ့အတွက် ဖမ်းဆီးခဲ့တာတွေနဲ့ပတ်သက်လို့ စစ်အစိုးရဘက်က သူတို့ စွပ်စွဲထားတဲ့ ပစ်မှုတချို့ ကို ပြန်ရုတ်သိမ်းပေးခဲ့ပါတယ်။ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာဟာ မသင့်တော်ဘူးလို့ ကျနော်တို့ဘက်က ပြောခဲ့တာပါ။”

စက်တင်ဘာလ ၁၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အိုင်အယ်လ်အိုရဲ့ ကြေညာချက်မှာတော့ ဦးသက်ဝေဟာ အဓမ္မလုပ်အားပေး ခိုင်းစေခံရသူတွေရဲ့ အမှုတွေအပါအ၀င်၊ စစ်တပ်ထဲကို အတင်းအကြပ် ၀င်ခိုင်းခံခဲ့ရတဲ့ အသက်ငယ်တဲ့ ကလေးစစ်သားတွေရဲ့ ကိစ္စတွေကိုလည်း တိုင်ကြားခဲ့သူ ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ တိုင်ကြားချက်တွေကိုလည်း အရင်က အောင်အောင်မြင်မြင် ဖြေရှင်း ပေးနိုင်ခဲ့တဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။ ဒီလို အဓမ္မစေခိုင်းမှုတွေနဲ့ ခလေးစစ်သားတွေရဲ့ ကိစ္စတွေကို ဖြေရှင်းပေးရေးဟာ အိုင်အယ်လ်အိုနဲ့ စစ်အစိုးရအကြား သဘောတူညီချက် ဖြစ်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ကာရီ တပီအိုလာ ကတော့ ဦးသက်ဝေ အပေါ် စွပ်စွဲထားတဲ့ အမှုတွေကို ရုတ်သိမ်းပြီး ၀တ္တရားနှောင့်ယှက်မှုနဲ့ ထောင်ချခဲ့ပေမယ့် ဒီလို ဖမ်းဆီးတာဟာ မဖြစ်သင့်ဘူးလို့ အခုလိုပြောပါတယ်။

“စွပ်စွဲထားတဲ့ ပြစ်မှုတချို့ ကို ရုတ်သိမ်းပေးပေမယ့် အခြား ပြစ်မှုတွေ ရှိနေသေးတယ် ဆိုတာကတော့ အထင်အရှားပါပဲ၊ ဦးသက်ဝေ အနေနဲ့ အခြားပြစ်မှုတွေနဲ့လည်း တရားစွဲဆိုခံရဖို့ မသင့်ပါဘူး၊ ထောင်ဒဏ် အပြစ်ဒဏ်ချမှတ် ခံသင့်တယ်လို့လည်း ကျနော်တို့ မယုံကြည်ပါဘူး။ ကျနော်တို့အနေနဲ့ ဦးသက်ဝေကို ချက်ချင်းလွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။”

စစ်အစိုးရအနေနဲ့ ဦးသက်ဝေကို လွှတ်ပေးဖို့အပြင် အိုင်အယ်လ်အိုနဲ့ သဘောတူထားတဲ့ နားလည်မှု သဘောတူညီချက် တွေကို လိုက်နာခြင်း မရှိမရှိ မေးခွန်းထုတ်ရလိမ့်မယ် လို့လည်း အိုင်အယ်လ်အိုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိုင်အယ်လ်အိုနဲ့ သဘောတူညီချက်အရ အဓမ္မစေခိုင်းမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားသူတွေကို အာဏာပိုင်တွေဘက်က လက်တုန့်ပြန်တာမျိုး၊ အရေးယူတာမျိုးတွေမလုပ်ဘဲ အကာအကွယ်ပေးရမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ကင်းမဲ့



20 September 2008

မြန်မာ၊ တရုတ် နဲ့ မြောက်ကိုရီးယား နိုင်ငံတွေဟာ လွန်ခဲ့တဲ့နှစ်က ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့်တွေကို ချိုးဖောက်ခဲ့ကြတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန က နှစ်ပတ်လည် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာကို သောကြာနေ့က ထုတ်ပြန်ရာမှာ အရှေ့အာရှ ဒေသ သုံးနိုင်ငံတို့ရဲ့ အခြေအနေဟာ ယခင် နှစ်ပေါင်းများစွာ က အခြေအနေ အတိုင်း ဆက်လက် ရှိနေတဲ့အတွက် စိုးရိမ်ဖွယ် ရှိတယ်လို့ ပြောဆိုထားတာပါ။ အမေရိကန်ပြည်ထောင်စု ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး ဂျွန် ဟန်းဖို့ဒ် က မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့် ကို အပြင်းထန်ဆုံး ချိုးဖောက်နေတဲ့ နိုင်ငံတခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာသာရေး အကြောင်းကြောင့် အကျဉ်းကျ ခံနေရသူတွေ မြောက်ကိုရီးယားနိုင်ငံမှာ အများအပြား ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီး အပေါ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဟာ နိုင်ငံတော် ဘာသာသဖွယ် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်အစိုးရဟာလည်း ၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်းက လူ့အခွင့်အရေး ထွန်းကားရေး ဆောင်ရွက်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းတွေကိုလည်း ၀င်ရောက်စီးနင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ မြန်မာအာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းရင်းသား လူနည်းစုတွေ ကြားမှာ ထေယ၀ါရ ဗုဒ္ဓဘာသာကို အတင်းအဓမ္မ သွတ်သွင်းနေတယ်လို့ လည်း ဆိုပါတယ်။ မြန်မာနိုင်ငံဟာ အထူး စိုးရိမ်ဖွယ် ကောင်းတဲ့ နိုင်ငံတခုအဖြစ် သတ်မှတ်ထားတဲ့အတွက် အမေရိကန်အစိုးရ ကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာကို ပိတ်ပင်ထားပါတယ်။