Thursday, October 30, 2008

နိုင်ငံရေးရှေ့နေ ၂ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်


Print E-mail
ဝိုင်းပီး
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 21:29 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေနှစ်ဦးကို တရားစီရင်ရေးကို အနှောက်အယှက် ပြုသည်ဆိုကာ မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၆ လ အပြစ်ပေးလိုက်သည်။

အင်းစိန်ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသော ကြည်မြင့်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်းအပါအ၀င် ၃ ဦးအတွက် ခုခံချေပပေးနေသော ရှေ့နေ ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကို ထောင်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။ သို့သော် ကိုစောကျော်ကျော်မင်းသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

အမှုစစ်နေစဉ် တရားခံများက ကျောခိုင်းထိုင်နေသည်ကို ရှေ့နေများကတဆင့် ပြောခိုင်းရာ တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသည့်အတွက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

"ကိုညီညီထွေး တယောက်တည်း လာတာပါ။ ကိုစောကျော်ကျော်မင်း မလာဘူး။ မနက် ၁၁ နာရီလောက်မှာ မြောက်ပိုင်းခရိုင် တရားသူကြီးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်" ဟု တရားရုံးချိန်းတွင် ရှိနေသူ ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၂၂၈ နှင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်းနှင့် ၃၀ ရက်နေ့တွင် တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်ရန် မြောက်ပိုင်းခရိုင် တရားသူကြီးမှ သမ္မာန်စာကို ကိုစောကျော်ကျော်မင်းထံ အောက်တိုဘာ ၂၈ ရက်နေ့တွင် ပေးပို့ခဲ့သည်။

အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများ ရင်ဆိုင်နေရသော အစိုးရက ဆွဲဆိုထားသည့်အမှုများအတွက် လိုက်ပါဆောင်ရွက်နေသူ ကျန်ရှေ့နေအချို့လည်း ဖိအားပေး ခြိမ်းခြောက်မှုများ ရင်ဆိုင်လာကြရသည်။

စမ်းချောင်းမြို့နယ် တရားရုံး၌ နိုင်ငံရေးအမှုတခု လိုက်ပါဆောင်ရွက်နေစဉ်အတွင်း တရားသူကြီးက သတိထားနေရန်နှင့် ထောင်ဒဏ်ချခံရနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

"ကျနော့်ကိုလည်း စမ်းချောင်းမြို့နယ် တရားသူကြီးက မင်းလည်း အမှုစီစဉ်တဲ့အခါ သတိထား၊ တရားစီစဉ်ရာမှာ နှောင့်ယှက်မှုနဲ့ ထောင်ချမယ်လို့ မနေ့က ခြိမ်းခြောက်တယ်" ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်က "လိုရာကို ဆွဲသုံးပြီးတော့ အမှုတွေ ဆင်ပြီးတော့ ထောင်ချနေတဲ့ ကိစ္စတွေပဲဖြစ်တယ်။ အဲဒီလိုပဲ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့သူတွေ ဖမ်းဆီးခံရတဲ့ အမှုတွေကို လိုက်ပေးနေတဲ့ သူတွေကိုလည်း သူတို့တွေက ရန်သူသဖွယ် ဆက်ဆံနေတဲ့ အခြေအနေက ကြာပါပြီ။ ရှေ့နေတွေကိုလည်း အာဃာတထားခဲ့တာ ကြာပါပြီ။ အခုတော့ ကျန်တဲ့ ရှေ့နေတွေက မလိုက်ရဲလောက်အောင် ခြောက်လှန့်တဲ့ သဘောမျိုး ဖြစ်ပါတယ်" ဟု ပြောသည်။

မြန်မာစစ်တပ် လက်တွင်းမှ ကလေးစစ်သားကို ကယ်တင်ခြင်း


သဲသဲနှင့်မုံပီး
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 18:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မောင်မျိုးအောင် (အမည်ပြောင်းထားသည်) ကို သူလွန်ခဲ့သော ၃ လကျော်က အိမ်မှ ထွက်ပြေးသွားအပြီး စစ်တပ်ထဲ ရောက်သွားသည်ကြား၍ မိသားစုက သွားခေါ်သောအခါ သူသည် ဤလေ့ကျင့်ရေး စခန်းတွင် စစ်သင်တန်း တက်နေသည်မှာ ၃ လသာ ရှိသေးသည်။

မိသားစုက တပ်ထဲမှ ထွက်ခွင့်ရရန် ခွင့်တောင်းဘို့ သူနှင့် စကားပြောနေစဉ် သူ့မျက်လုံးများက အကြီးအကျယ် နောင်တရနေကြောင်း ဖေါ်ပြနေသည်။ သူ့ကံကြမ္မာအပေါ် စိတ်ထိခိုက်ခြင်းနှင့် သူ့ဘဝကို ပြောင်းလဲလိုသည့် ဆန္ဒများကို အတိုင်းသား တွေ့နေရသည်။

သို့သော် သိပ်နောက်ကျသွားပါပြီ။

စစ်ကိုင်းတိုင်း ဝန်းသိုမြို့ အရာတော်အခြေစိုက် ခလရ ၁၁၁ မှ အရာရှိများက "သူ (မျိုးအောင်) ဒီ ၄ လသင်တန်း ပြီးတော့မှာမို့ ဒီစခန်းက ထွက်လို့မရဘူး" ဟု ပြောသည်။

စိတ်ပျက်လက်ပျက် ဖြစ်သွားသော မိသားစုဝင်များက သူတို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးပါရန် အရာရှိများထံ အသနားခံကြသည်။ သို့သော် သူတို့၏ ကြိုးပန်းမှု မှန်သမျှသည် သဲထဲရေသွန်ပင်။ သူတို့က မောင်မျိုးအောင်၏ ကျောင်းသား မှတ်ပုံတင်ကဒ်ပြား၊ ရဲစခန်းနှင့် ရယက ထောက်ခံစာ၊ ကျောင်းအုပ်ကြီး၏ထောက်ခံစာစသည့် သူ့အ သက်မှာ ၁၅ နှစ်သာရှိသေးကြောင်း အထောက်အထားများကို ထုတ်ပြကြပါသေးသည်။ သို့သော် အချည်းနှီးပင်။

ဗိုလ်ကြီးတဦးနှင့် တပ်ကြပ်ကြီးတဦးတို့ကို ဤကိစ္စ သွားပြောခဲ့သော အမဖြစ်သူ မတင်ဌေးက ဤစစ်အရာရှိများက သူ့ကို "ကျနော်တို့ သူ့ကို ခင်ဗျားတို့ လက်ထဲ ပြန်မထည့်နိုင်ဘူး" ဟုသာ ပြန်ပြောလိုက်သည်ဟု ဆိုသည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုကျေးရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ မောင်မျိုးအောင်သည် သူ့အမေက သူ့ကိုရိုက်၍ အိမ်မှ ဇွန်လအတွင်းက ထွက်ပြေးသွားခဲ့သည် ဟု အမဖြစ်သူ မတင်ဌေးက ရှင်းလင်း ပြောပြပါသည်။

လပေါင်း အတော်ကြာပြီး အောက်တိုဘာလ ၁၈ ရက်နေ့ရောက်မှ မောင်မျိုးအောင် မိမိတို့အိမ်၏ မြောက်ဘက် မိုင် ၄ဝဝ အကွာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းရှိ စစ်သားသစ် လေ့ကျင့်ရေးစခန်းတွင် ရောက်ရှိနေကြောင်း မိသားစုက သိကြရသည်။

အိမ်မှ ထွက်ပြေးပြီး ခလရ ၁၁၁ မှ စစ်သားတဦးနှင့် တွေ့ကြောင်း၊ သူက သူ့ကို တပ်ထဲဝင်မလားဟု မေးကြောင်း၊ မောင်မျိုးအောင်ကလည်း သူ သူ့ခြေထောက် ၂ ချောင်းပေါ် ရပ်နိုင်ကြောင်း မိသားစုကို ပြသလိုသည့်အတွက် အခွင့်ရေးတရပ်ဘဲဟု ထင်ကာ ဝင်မည်ဟု ပြောလိုက်ပြီး ထိုစစ်သားနောက် လိုက်သွားမိခဲ့ကြောင်းဖြင့် သူ့မောင်က သူ့ကို ပြန်ပြောပြသည်ဟု မတင်ဌေးက ပြောပါသည်။

သူဘယ်လောက် မှားသွားပြီဆိုတာ ခုမှဘဲ သိတော့သည်။

"သူဒီလေ့ကျင့်ရေးစခန်းမှာ ဘယ်လောက် စိတ်ဆင်းရဲရတဲ့အကြောင်း ကျမမောင်က ကျမကို ပြန်ပြောပြပါတယ်။ ဒါပေမဲ့ အိမ်ပြန်လဲ တပ်က အိမ်ကို လာဖမ်းမှာ ကြောက်တယ်လို့ သူက ပြောပါတယ်" ဟု မတင်ဌေးက စိတ်ပျက်လက်ပျက် အသံဖြင့် ပြောပါသည်။

သို့သော် သူတို့မောင်ကို ဤလေ့ကျင့်ရေးစခန်းမှ ဆွဲထုတ်ရန် အကြံကို လက်မလျှော့သေးကြောင်း၊ ဤကိစ္စအတွက် ပဲခူးမြို့ရှိ အလုပ်သမားကိစ္စများ လိုက်လံ ဆောင်ရွက်ပေးနေသူ ဦးအေးမြင့်ကို ချဉ်းကပ် အကူအညီ တောင်းထားကြောင်း ပြောပါသည်။ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ဆက်ဆံရေးရုံးကို တိုင်တန်းပေးရန် အကူအညီ တောင်းထားကြောင်း ပြောပါသည်။

အလုပ်သမား အခွင့်အရေးကိစ္စများ လိုက်လံ ဆောင်ရွက်ပေးနေသူ ဦးအေးမြင့်ကလည်း ဤကိစ္စကို ရန်ကုန်ရှိ ILO ရုံး သို့တိုင်ကြားပေးရန် သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း ပြောပါသည်။

"တကယ်တော့ ကျနော်က စာရွက်စာတမ်း အထောက်အထားတွေတောင် အကုန်ပြင်ဆင်ထားပြီးပြီ၊ သောကြာနေ့ မှာ ILO ရုံးကို တိုင်ကြားစာ သွားပို့မယ်" ဟု ဦးအေးမြင့်က ပြောပါသည်။

သို့သော် ဤသို့ ILO ရုံးကို သွားရောက် တိုင်ကြားခြင်းဖြင့် မောင်မျိုးအောင်ကို တပ်ထဲမှ ပြန်ထုတ်၍ ရမရကိုမူ မသိရသေးပါ။ မောင်မျိုးအောင်၏ အဖြစ်အပျက်သည် သူကြားဖူးသမျှထဲတွင် ပထမဆုံး မဟုတ်ကြောင်းသာ ဦးအေးမြင့်က ပြောပါသည်။

မောင်မျိုးအောင်လိုပင် မရည်ရွယ်ဘဲ တပ်ထဲ ရောက်သွားသူ ကောင်လေး အများအပြားရှိကြောင်း၊ အတော်များများပင် တပ်ထဲတွင် ဆက်မနေချင်တော့သော်လည်း ထွက်ခွင့် မရကြကြောင်း၊ သူတို့ မိသားစုများ၏ ညွှန်ကြားချက်အရ ဤ ကလေးများ အသက်မပြည့်သေးကြောင်း သက်သေပြနိုင်သည့်တိုင်အောင် ပြန်ထွက်၍ မရကြကြောင်းဖြင့်သာ ဦးအေးမြင့်က ပြောပါသည်။

"အရင်တုံးကတော့ အိုင်အယ်လ်အို ဆက်ဆံရေးရုံးက အရာရှိရဲ့ အကူအညီနဲ့ ကလေး ၁၅ ယောက်လောက်ကို တပ်ထဲက ထွက်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တယ်" ဟု ဦးအေးမြင့်က ရှင်းပြပါသည်။

အိုင်အယ်လ်အို ဆက်ဆံရေးရုံး အရာရှိအနေဖြင့် ဤကလေးများ တပ်ထဲမှ ပြန်ထွက်ခွင့်ရရန် စုဆောင်းရေးနှင့် လေ့ကျင့်ရေးတပ်မှ တပ်မှူးများ၊ အရာရှိများနှင့် တိုက်ရိုက် စကားပြောခွင့်မရသဖြင့် အဆင့်မြင့် မြန်မာအရာရှိကြီးများနှင့် တွေ့မှသာ ဤကိစ္စကို တင်ပြပေးရကြောင်း၊ သူတို့ အကူအညီဖြင့်သာ ကလေးအချို့ လွတ်မြောက်လာအောင် လုပ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

အဓမ္မ လုပ်အားပေးကိစ္စများ တိုင်တန်းနိုင်ရန် ဆက်ဆံရေးအရာရှိတဦး ထားရှိခွင့်ကို ILO အား မြန်မာစစ်အစိုးရက ၂ဝဝ၇ ခုနှစ် နှစ်ဆန်းတွင် ခွင့်ပြုခဲ့ပါသည်။

ဦးအေးမြင့်၏ ကူညီမှုနှင့် ရန်ကုန်မြို့ရှိ ILO ဆက်ဆံရေးရုံးတို့ကြောင့် မတင်ဌေးတို့ မိသားစုမှာ မျှော်လင့်ချက်ကလေးများ ရှိနေပါသေးသည်။ သို့သော် စစ်သားစုဆောင်းရေးနှင့် လေ့ကျင့်ရေး တပ်များသို့ ရောက်ရှိသွားသော မြန်မာ ယောက်ျားလေး တော်တော်များများမှာမူ ကံမကောင်းလှပါ။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး (HRW) ၏ ၂ဝဝ၂ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်ထဲတွင်ရော၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင်ပါ စစ်မှုထမ်းနေသော ကလေးစစ်သားပေါင်း အနည်းဆုံး ၇ဝဝဝဝ ရှိသည်ဟု ဆိုပါသည်။

သို့သော် ဤကိန်းဂဏန်း အရေအတွက်သည် မှန်မှန် ပြုပြင်ဖြည့်စွက်ခြင်း မလုပ်သဖြင့် သိပ်စိတ်မချရတော့ကြောင်းကိုမူ (HRW) ၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီးဆန် (David Scott Mathieson) က ပြောပါသည်။ ယုံကြည်ကိုးစားနိုင်သော ကိန်းဂဏန်း အချက်အလက်များ မရရှိခြင်းသည် မြန်မာနိုင်ငံမှ သတင်းအချက်အလက်များ ရရှိရေးအတွက် အခက်အခဲတရပ် ဖြစ်ကြောင်း သူက ပြောပါသည်။ မြန်မာစစ်အစိုးရသည် သတင်းစီးဆင်းမှုကို တင်းကြပ်စွာ ပိတ်ဆို့ထားသည်ဟုလည်း သူက ပြောပါသည်။

"အတည်မပြုနိုင်သေးပေမဲ့ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ ကလေးစစ်သား အရေအတွက်ဟာ အရင်အတိုင်းဘဲ နဲနဲ ပါးပါးဘဲ အတိုးအလျော့ ရှိမယ်လို့ ထင်ပါတယ်" ဟု ဒေးဗစ်စကော့မက်သီဆင် က ပြောသည်။ ကလေးစစ်သား စုဆောင်းမှုကို မီဒီယာများက သတိမထားမိနိုင်စေရန် သူတို့ အသုံးပြုသော နည်းစနစ်များသည် အလွန်အသိရ ခက်လာကြောင်းကိုလဲ သူက ဆက်လက် ပြောဆိုပါသည်။

"အသက်မပြည့်သေးသူ ကလေးစစ်သားများ စုဆောင်းမှု တားဆီးကာကွယ်ရေး ကော်မတီ" ကို ဖွဲ့စည်းလိုက်ကြောင်း စစ်အစိုးရက ဇန်နဝါရီလ ၅ ရက် ၂ဝဝ၄ ခုနှစ်တွင် ကြေငြာခဲ့ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ကလေးစစ်သား အသုံးပြုမှုကို အကြီးအကျယ် ဝေဘန်ပြစ်တင်ခြင်း ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်တွင်းသို့ အသက်မပြည့်သေးသူ ကလေးများ စုဆောင်ခြင်း မပြုနိုင်အောင် ဤကော်မတီက ကာကွယ် တားဆီးထားကြောင်း ပြသရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

"ကျနော်ကတော့ ဒီကော်မတီက ဘာမှ မလုပ်ခဲ့ဘူးလို့ ထင်တာဘဲ" ဟုလည်း သူက မှတ်ချက်ချ ပြောကြားသွားခဲ့ပါသည်။

ဤသို့ မျှော်လင့်ချက်များ အားရစရာ သိပ်မရှိလှခြင်းကြောင့် မတင်ဌေးအနေဖြင့်လည်း သူ့မောင် တပ်သားသစ် လေ့ကျင့်ရေးစခန်းမှ ပြန်လွတ်လာကာ ပုံမှန် အရပ်သားဘဝဖြင့် ပြန်နေနိုင်ဦးမည် ဆိုသည်ကို ပူပန်ကြောင့်ကြနေရသည်။

"ဒါပေမဲ့ ကျမမောင်လေး ကျမတို့ဆီ ပြန်ရောက်လာဦးမယ်လို့တော့ မျှော်လင့်နေတုံးပါဘဲ" ဟု သူမက ပြောဆိုသွားခဲ့ပါသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်တပ်များ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ဆက်ဆံရေး တိုးမြှင့်

ကိုစိုး | အောက်တိုဘာ ၃၀၊ ၂၀၀၈

နှစ်နိုင်ငံ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇောင်းလီနှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။


တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇောင်းလီနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်နေစဉ်

အဆိုပါ ဗိုလ်ချုပ်ကြီး ဇောင်းလီသည် မြန်မာ စစ်အစိုးရ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မွန်းလွဲပိုင်း ၁ နာရီတွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံသည်။

ဗိုလ်ချုပ်ကြီး ဇောင်းလီသည် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအ၀င် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နှင့်လည်း တွေ့ဆုံ ပြီးနောက် အင်္ဂါနေ့ နံနက်က နေပြည်တော်မှ ပြင်ဦးလွင် မြို့သို့ထွက်ခွာသွားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ် သတင်းဌာန တခုဖြစ်သော ဆင်ဟွာ သတင်းဌာနက အသေးစိတ် သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ယင်း ဗိုလ်ချုပ်ကြီး ဇောင်းလီ၏ ခရီးစဉ်တွင် မြန်မာဘက်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့နှင့် ဆွေးနွေးပြောဆိုမှုများပြုလုပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ စစ်တပ်များ အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်ရေးတို့ပါဝင်မည်ဟု ထင်မြင်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်ကလည်း တရုတ် ဗိုလ်ချုပ်ကြီး ဇောင်းလီ၏ ခရီးစဉ်သည် နှစ် နိုင်ငံ စစ်တပ်များပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်သည့် အသွင်လက္ခာပင် ဖြစ်ကြောင်း ပြောသည်။

“နှစ် နိုင်ငံ လက်နက်ရောင်းတာတွေရော၊ နှစ်နိုင်ငံ တပ်မတော်ချင်း အပြန်အလှန် နီးနီးကပ်ကပ် ဆက်ဆံနေတာ တွေလည်း ရှိတော့ ပုံမှန်လာတာလည်း ဖြစ်နိုင်တာပေါ့၊ တပ်မတော် အရာရှိ တဦးလာတာကတော့ ဖိအားပေးဖို့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ ဖိအားပေးဖို့ဆိုရင် နိုင်ငံတော် ကောင်စီအဆင့်တို့၊ ပေါ်လစ်ဗျူရိုအဆင့်တို့ တခုခုပေါ့၊ ပါတီလိုင်းက ဖြစ်ဖြစ် အဲဒီ လူတွေကသာ ဖိအားပေးနိုင်မယ့် အဆင့်ရှိတယ်၊ အခုလာတာက စစ်တပ် က တောင် အကြီးဆုံးအဆင့် မဟုတ်သေးဘူး ဆိုတော့ နှစ်နိုင်ငံ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေး လာတာ မျိုးပဲ ဖြစ်နိုင်တယ်”ဟု ဦးဌေးအောင်က ပြောဆိုသည်။

တရုတ်နိုင်ငံသည် စစ်အစိုးရက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြိုခွဲပြီးချိန်မှစတင်၍ မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်းများကို အဓိက အထောက်အကူပေးနေသောနိုင်ငံ ဖြစ်သည်။ ဂျက်တိုက်လေယာဉ်များ၊ ရေတပ်သုံး စစ်သဘောင်္များ၊ တင့်ကားများ၊ စစ်သုံး မော်တော်ယာဉ်များနှင့် ခဲယမ်းမီးကျောက်များ စသည့် စစ်ဖက်ဆိုင်ရာ ပစ္စည်းများကို ၁၉၉၀ ခုနှစ် အစောပိုင်းကာလ ကတည်းက တရုတ်နိုင်ငံက မြန်မာသို့ ထောက်ပံ့ပို့ ဆောင် နေသည်မှာ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ယခု နှစ်နိုင်ငံ စစ်ဗိုလ်ချုပ်များ တွေ့ဆုံ ဆွေးနွေးမှုသည် စစ်လက်နက်ပစ္စည်း စက်ရုံကိစ္စဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“တရုတ်က မြန်မာကို အကြီးစား စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့နေတာဟာ နှစ်အတော်ကြာနေပါပြီ”ဟု ဦးအောင်ကျော်ဇောက ပြောသည်။

နယူးရောက်မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)ကလည်း အိန္ဒိယ၊ တရုတ်၊ ရုရှ နိုင်ငံများနှင့် တခြားသော နိုင်ငံများက ကူညီထောက်ပံ့သည့် စစ်လက်နက်ပစ္စည်းများကို အသုံးပြု၍ မြန်မာစစ် အစိုးရက အာဏာတည်မြဲ ရေးနှင့် အရပ်သားပြည်သူများအပေါ် ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ၂၀၀၇ ခု နှစ် အောက်တိုဘာလ အတွင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထောက်ပြ ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံက ခေတ်မီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ လက်နက်ထုတ်လုပ်သည့် နည်းပညာ၊ လက်နက်ငယ်နှင့် အပို ပစ္စည်းများ၊ မော်တာများအပါအ၀င် မြေမြုပ်မိုင်းများနှင့် ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ၊ လက်နက် ငယ်တပ်ဆင်ထုတ် လုပ်မှု များအတွက် အထောက်အပံ့များရှိကြောင်း၊ ထို့အပြင် တိုက်လေယာဉ်များ၊ ရေတပ် စစ်သဘောင်္များ၊ တင့်ကားများနှင့် တခြားသော ခြေလျင်စစ်တပ်သုံး လက်နက်များ စသည့် အကြီးစား စစ်လက်နက် ပစ္စည်းများကိုလည်း မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးပို့မှုများရှိကြောင်း HRW က ပြောဆိုသည်။

လွန်ခဲ့သော သြဂုတ်လအတွင်းကလည်း တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ် ကြီး တင်အေးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လိန်ဂေါင်းလီ နှင့် တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု ရေးရာများ တိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်း ဌာန က ထုတ်ပြန်ထားသည်။

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ကာကွယ်ရေး၊လုံခြုံရေးတို့အတွက် နှစ်နိုင်ငံ အကူအညီများအပြန်အလှန် ပေးရန် တရုတ် ကာကွယ်ရေး ၀န်ကြီဌာနအနေနှင့် အဆင်သင့်ရှိကြောင်းလည်း ဆင်ဟွာ သတင်းဌာန၏ အဆို အရ သိရသည်။

ဇူလိုင်လအတွင်းပြုလုပ်သော ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ၏ လျှို့ဝှက် အစည်းအဝေးတခုတွင် ပြည်ထဲ ရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးကမူ ၎င်းတို့အနေနှင့် တရုတ်ကို လိုလားထောက်ခံသူများမဟုတ်ကြောင်း၊ အခြေအနေအရ ချဉ်းကပ်ပေါင်းသင်းရခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များအတွက် ပင်လယ်ထွက်ပေါက်ဖြစ်နေပြီး ထိုင်ဝမ်၊ တောင် ကိုရီးယား၊ ဂျပန်နှင့် အာဆီယံနိုင်ငံများအနေနှင့် အမေရိကန် နိုင်ငံကို မဟာမိတ်ပြုသကဲ့သို့ တရုတ်နိုင်ငံကိုလည်း မိမိတို့အတွက် ၀န်းရံ ထားရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မောင်ဦး က အဆိုပါအစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင် ဧရာဝတီက ရေးသားခဲ့ဖူးသည်။

၁၉၈၉ ခုနှစ်အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဆင့်ဖြင့် တရုတ် နိုင်ငံသို့ စစ်လက်နက် ပစ္စည်းအကူအညီအတွက် ပထမဆုံး အကြိမ် သွားရောက်ခဲ့ဖူးသည်။

ဓားပြတွေ သောင်းကျန်းနေပြီ၊ ရဲတွေ ဘာလုပ်နေလဲ

အေးချမ်းမြေ့ | အောက်တိုဘာ ၃၀၊ ၂၀၀၈

ရန်ကုန်မြို့တွင် ၃ ရက်အတွင်း ဓားပြမှု ၃ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတဦး သေဆုံးခဲ့ရကြောင်း ဒေသခံ များထံမှကြားသိ ရသည်။

ယမန်နေ့နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်၊ ဇဋိလလမ်း၊ အမှတ် ၂၆၊ ၃ လွှာရှိ တိုက်ခန်း တခန်းတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေး အမည်ရှိ အမျိုးသမီးကြီး တဦးတည်း ရှိနေစဉ် အိမ်ခန်းပြင်ရန် ခေါ်ထားသော အလုပ်သမား တဦးက ပစ္စည်းများကို ခြိမ်းခြောက် တောင်းခံရာ အမျိုးသမီးကြီးက အော်ဟစ် အကူအညီတောင်းသဖြင့် ငရုပ်ကျည်ပွေ့နှင့် ခေါင်းကိုထုပြီး စကေဘာဖြင့် လည်ပင်းကို ထိုးသတ်သွားခြင်း ဖြစ်ကြောင်း ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တဦးက ပြောပြသည်။

“လူတွေတက်ကြည့်တော့ အမျိုးသမီးကြီး အသက်မရှိတော့ဘူး။ လုပ်သွားတဲ့သူက နောက်ဖေးပေါက်ကနေ တွယ်ဆင်းပြီး မေတ္တာညွန့်ဘက်ကို ထွက်ပြေးတာ” ဟု သူက ဆိုသည်။

ပတ်ဝန်းကျင်ရှိ ဆိုက်ကားသမားများ အပါအဝင် လူအများက ထွက်ပြေးသူနောက်သို့ ဝိုင်းလိုက်ရာ မေတ္တာညွန့် သံတံတား အောက်တွင် ပုန်းခိုနေသည်ကို ဖမ်းဆီးရမိကြောင်းသိရသည်။

“ပစ္စည်းတွေတော့ ပါမသွားပါဘူး။ ဒါပေမယ့် ခုတလောမှာ ဒါမျိုးတွေ ခဏ ခဏ ကြားနေရတယ်။ ညဘက်တွေတောင် ညနက်ခံ အပြင်မထွက်ရဲတော့ဘူး” ဟု ကျောက်မြောင်းသား တဦးက ပြောသည်။

တနင်္လာနေ့ည ကလည်း ရွှေဂုံတိုင်ရှိ ယုဇနတာဝါ၊ ၁၃ လွှာနှင့် မြေညီထပ်တို့တွင် ဓားပြမှု ၂ မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ထိုနေ့ည ၇ နာရီခန့်က ယုဇနတာဝါ ၁၃ လွှာရှိ ရှမ်းတရုတ်လူမျိုးပိုင် နိုင်ငံခြားသို့ သစ်တင်ပို့နေသော မြန်မာ ဝုဒ်မာ့ခ် ကုမ္ပဏီ ကိုဝင်ရောက်လုယက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဓားပြများဝင်ရောက်ချိန်တွင် အမျိုးသမီးငယ် ၂ ဦးသာ ရှိနေပြီး ထို အမျိုး သမီးငယ်များကို ဓားဖြင့်ထောက်ကာ နိုင်ငံခြားငွေများကို လုယက်သွားခြင်းဖြစ်ကြောင်း ကြားသိရသည်။

“ငွေဘယ်လောက်ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ ရဲတွေကတော့ အဲဒီနားက အခန်းတွေကို လိုက်စစ်နေတာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။

၎င်းည ၁၀ နာရီခန့်တွင်လည်း ယုဇနတာဝါအနီးရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသော ကုမ္မာရီစတိုးကို ဝင်ရောက်လုယက်ရာ ပိုင်ရှင် အမျိုးသမီး ကြီးထံမှ ရွှေလက်ကောက်တကွင်းသာ ရသွားပြီး မီးများ လင်းလာသောကြောင့် ကျူးကျော်သူများ ထွက်ပြေးသွားကြကြောင်း သူက ဆက်ပြောသည်။

“ရွှေဂုံတိုင်ရဲစခန်းကတော့ တဖွဲ့တည်း မဖြစ်နိုင်ဘူးလို့ ပြောတပဲ” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

မကြာသေးမီကလည်း မန္တလေးမြို့တွင် ရွှေဆိုင်တဆိုင်ကို ဓားပြဝင်တိုက်ရာ ရွှေသား ၂ ပိဿာခန့် ပါသွားသည်ဟု ဒေသခံ များထံမှ ကြားသိရသည်။

အလားတူပင် ယခုလအတွင်း မန္တလေးမြို့၊ ၈၄ လမ်းတွင်နေထိုင်သည် ဒေါ်ကြွယ်ကြွယ်၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက် သည့် လုယက်မှုတမှု ဖြစ်ပွားခဲ့သေးသည်။ ဒေါ်ကြွယ်ကြွယ်က ပြန်လည် ခုခံသောကြောင့် တရားခံများကို ဖမ်းမိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ရေးသားထားသည်။

“လုယက်မှုတွေ၊ ဓားပြမှုတွေကတော့ ကြားနေရတာပဲ။ မိတာကော၊ မမိတာကော ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပြီးမှ တရားခံကို လိုက်ဖမ်းတာလေ။ လူတွေကို အကာအကွယ် မပေးနိုင်တာတော့ သေချာတယ်” ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန် မြို့တွင်းရှိ တိုက်ခန်းများတွင် မြေညီထပ် သံတံခါး သော့ခပ်မထားသော တိုက်ခန်းများအတွက် ရဲများက တာဝန် မယူဟု ပြောထားကြောင်း သိရသည်။

ယခုအခါ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများ တစထက်တစ များပြားလျှက်ရှိပြီး ပြည်သူလူထုမှာ ရဲကို အားကိုး မရဘဲ မိမိ လုံခြုံရေးအတွက် မိမိဘာသာ တာဝန်ယူနေရကြောင်း ၎င်း ကုမ္ပဏီ ဝန်ထမ်းက ဆက်ပြောသည်။

“ရဲတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ဒါပေမယ့် သူတို့တာဝန်က လူဆိုးတွေကို ဖမ်းဖို့မဟုတ်ဘူး။ လူကောင်း တွေကို စောင့်ကြည့်ဖို့” ဟု သူက ဆိုသည်။

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များအား ထောင်ဒဏ်ချမှတ်

ဖြိုးကြီး။ အောက်တိုဘာ ၃၀၊ ၂၀၀၈

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင် (၉) ဦးကို စစ်အစိုးရအာဏာပိုင်များက ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်း၊ အင်းစိန်အထူးတရားရုံးမှ ၎င်းတို့ကို တရားရုံးအား မထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့ကို ထောင်ဒဏ်များချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်က အာဏာပိုင်များ အနေဖြင့် ဥပဒေကို ချိုးဖောက်ခြင်းသာဖြစ်သည်ဟု ပြောသည်။

“ကိုမင်းကိုနိုင်တို့ အဓိကတောင်းဆိုတာက လွတ်လပ်တဲ့ တရားစီရင်ရေးရရှိဖို့အတွက် တောင်း ဆိုတာဖြစ်တယ်၊ ဒါဟာ ဘယ်သူမဆို တောင်းပိုင်ခွင့်ရှိတယ်၊ အဲဒါက လွတ်လပ်စွာ တရားစီရင် ခွင့်ရရေးဆိုတဲ့ တောင်းဆိုချက်ဟာ ကိုမင်းကိုနိုင်တို့မှ မဟုတ်ပါဘူး ဒါဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ တာဝန်ဖြစ်ပါတယ်၊ တရားရုံးက အခုလို လုပ်လိုက်တာဟာ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရဆိုတဲ့ကိစ္စကို ကျော်လွန်တဲ့ကိစ္စဖြစ်တယ်”ဟု ပြောသည်

ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များက ၎င်းတို့အား ရုံးထုတ်စစ်ဆေးစဉ် ရသင့်ရထိုက်သည့် အခွင့်ရေးများကို တရားသူကြီးအား တင်ပြလျှောက်ထားသည့်ကိစ္စအပေါ် တရားရုံးဆွဲချများ၊ အစိုးရရှေ့နေများက ရုံးတော်ကို မထီမဲ့မြင်ပြုရာရောက်သည့်ဟုဆိုကာ အရေးယူရန်တင်ပြခဲ့သည့်အတွက် တရားသူကြီးက ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

“ဘယ်နိုင်ငံမှာမဆို လွတ်လပ်စွာတရားစီရင်ခွင့်ရရေးဆိုတာ အခြေခံဥပဒေမှာ တရားဝင်ပြဌာန်း ထားပါတယ်၊ တကယ်လို့ အဲဒါနဲ့မညီဘဲ တရားစီရင်မှုပြုမူတယ်ဆိုရင် ဘယ်နိုင်ငံသားမဆို ဒါကို ဖွင့်ဟပြောဆိုခွင့် ရှိပါတယ်၊ ဒါမျိုးလုပ်တယ်ဆိုတဲ့ဟာကတော့ တကယ့်ကို လပ်လွတ်စပယ် လုပ်တဲ့ ကိစ္စမျိုးပါ”ဟု (AAPP)အတွင်းရေးမှူး ဦးတိတ်နိုင်က ဆက်လက်ပြောသည်။

ယင်းကဲ့သို့ ထောင်ဒဏ်များချမှတ်ခံလိုက်ရသူများမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအောင်သူ၊ ကိုဌေးကြွယ်၊ ကိုဉာဏ်လင်း၊ ကိုမျိုးအောင်နိုင်နှင့် ကိုလှမျိုးနောင် တို့ ဖြစ်သည်။



ကေအန်ယူ တပ်မဟာ(၆) နယ်မြေမှာ ဒီကေဘီအေနှင့် တိုက်ပွဲဖြစ် ကေအန်ယူ(၂၀၁)စခန်းကိုသိမ်းဖို့ကြိုးပမ်းမှုမအောင်မြင်

NEJ/၃၀ အောက်တိုဘာ ၂၀၀၈

ယနေ့ နံနက်(၅)နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ တပ်မဟာ(၆)နယ်မြေအတွင်း ရှိ တပ်ရင်း(၂၀၁)တပ်စခန်းအား DKBAနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ ကြိုကြားပစ်ခတ်မှုများကြောင့် ဒေသတွင်းအခြေ အနေမှာတင်းမာ လျက်ရှိသည်။

(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ(၃)အခြေစိုက်ရာ (ခလုန်းလောင်ချယ်)စခန်းသည် မဲဆောက် မြို့မှ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာ ဘက်အခြမ်း (၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၁)လက်အောက်ခံ တပ်ခွဲ(၃)မှ အရာခံဗိုလ် စောထိခုက

“ဒီမနက် ငါးနာရီမှာ DKBA တပ်ရင်း (၃၃၃)၊ (၉၀၇)၊ (၉၀၆)၊ နအဖတပ်တွေ ပူးပေါင်းပြီး ကျနော်တို့ တပ်ခွဲ(၃)စခန်းနေရာကို တက်သိမ်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျနော်တို့ထောင်ထားတဲ့ မိုင်း(၅)လုံး ပေါက်ကွဲပြီး သူတို့ရှေ့ဆက်မတက်ရဲတော့ဘူး။ နအဖစစ်တပ်က အနောက်ကနေပြီး (၈၁မမ)၊ (၇၅မမ)၊ (၆၀မမ) လက်နက်ကြီးတွေနဲ့ ကျနော်တို့စခန်းထဲ ပစ်ချတာ အလုံး(၄၀)လောက် ရှိ ပြီ။ ဒါပေမယ့် သူတို့ချဉ်းကပ်လို့ မရဘူး။ ကျနော်တို့ ရရှိတဲ့ကြားဖြတ် စက်သတင်းအရ ဒီညသူတို့စစ် ကူတွေ လာမယ်။ ပြီးရင် ကျနော်တို့စခန်းကို တက်ရှင်းမယ်လို့ သိရတယ်။ ကျနော်တို့ဖက်ကလည်း သူ တို့နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ DKBAနဲ့ နအဖစစ်တပ်တွေဟာ ထိုင်းဖက်ကဝင်ပြီး ကျနော်တို့ကိုပိုင်းဖို့ လုပ်နေတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ မရအရခုခံသွားရမှာပဲ”ဟု ခေတ်ပြိုင်သို့ ပြောသည်။

နံနက်လင်းအားကြီးအချိန်က စတင်ခဲ့သည့် ပစ်ခတ်မှုများသည် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခြင်းအဆင့် မျိုးမရှိသေးသည့်အတွက် နှစ်ဖက်အကျအဆုံး အခြေအနေကို မသိရှိရသေးသော်လည်း မိမိတို့မိုင်း(၅) လုံးပေါက်ကွဲခဲ့မှုတွင် DKBA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရရှိနိုင်သည်ဟု ၎င်းက ဆက်ပြော သည်။

နောက်ထိုင် မြန်မာစစ်တပ်မှ အကူပစ်ပေးသည့် လက်နက်ကြီးကျည် အလုံး(၄၀)ခန့်မှာ ထိုင်းနိုင်ငံ အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်း မရှိသေးဟု အုန်းဖန်နှင့်မဲဆောက် လိုင်းကားမောင်းသူတဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဒေသတွင်းလုံခြုံရေး တိုးမြင့်ချထား ကြောင်း မြန်မာဘက်ခြမ်းမှ ရွာသားများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာမှုများ မရှိသေးကြောင်း သိ ရှိရသည်။

ယခုတိုက်ပွဲဖြစ်ပွားရာဒေသတွင် နယ်မြေစိုးမိုးရေးရရှိရေးအတွက် DKBAနှင့် မြန်မာစစ်တပ်တို့သည် ယခုနှစ်အတွင်း အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်မှုများ ရှိသော်လည်း စခန်းသိမ်းနိုင်သည့် အနေအ ထား မရှိသေးကြောင်း သိရှိရသည်။

နအဖနှင့် DKBA၏ ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဖလဲခို့(ခေါ်) စောအော်လီဗာက “ကျွန်တော်တို့ ဘက်ကတော့ စစ်ရေးနည်းနဲ့ဖြေရှင်းတာကို မလိုချင်ပေမဲ့ သူတို့ဘက်က ထိုးစစ်ဆင်လာရင်တော့ တော်လှန်စစ်ရဲ့ သဘောအရ ခုခံကာကွယ်စစ်ကိုဆင်နွဲဘို့ အရံသင့်ရှိတယ် လက်အောက်ခံ တပ်မဟာ တပ်ရင်း တပ်ဖွဲ့တွေကို ညွန်ကြားထားပြီးဖြစ်တယ် အဓိက ခံစစ်ရှင်ပြောက်ကြားစနစ်ကို သုံးပြီး ရန်သူ ကို ရင်ဆိုင်မှာဖြစ်တယ်”ဟုပြောသည်။

နအဖအနေနှင့် မြန်မာပြည်၏နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့်ဖြေရှင်း၍ မရကြောင်း KNUနှင့် တိုက်နေသည်မှာနှစ် (၆၀)ရှိပြီးဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို အပြောနှင့်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖေါ်မှသာ စစ်မှန်သည့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရမည်ဆိုသည့်အချက်ကို သ ဘောပေါက်သင့်သည် ဟုလည်းဖြည့်စွက်ပြောသည်။

ရောင်းစားခံရသူ အမျိုးသမီးများ တရုတ်က ပြန်လည်လွှဲအပ်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 22:53 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တရုတ်နိုင်ငံတွင် ရောင်းစားခံရသူ မြန်မာအမျိုးသမီးများအား နေရင်းသို့ ပြန်လည် ပို့ဆောင်ပေးခြင်းများ ပြုလုပ်လျှက် ရှိသည်။

တရုတ်နိုင်ငံ အမ်းဝေ ပြည်နယ်မှ အဖမ်းခံခဲ့ရသူ မိန်းကလေး ၆ ဦးအား အောက်တိုဘာ ၂၁ ရက်နေ့က တရုတ်အာဏာပိုင်များက မြန်မာဘက်သို့ ပို့ဆောင်ပေးခဲ့သည်။

"ဘေဂျင်း အိုလံပစ်ပွဲနီးတော့ သန်းခေါင်စာရင်းကို ကြပ်မတ်ကောက်ခံတဲ့ အချိန်မှာ လ၀က (လူဝင်မှုကြီးကြပ်ရေး) အမှုနဲ့ အဖမ်းခံရတာ ဖြစ်တယ်။ ရောင်းစားခံရသူတွေက ကွန်ကြိုး၊ ဖူးကျင်း၊ ယူနန်၊ အမ်းဝေ၊ ဆန်တုံ၊ စစ်ထွာ ပြည်နယ်မှာ လ၀က အမှုနဲ့ အဖမ်းခံရတယ်" ဟု ပြန်လည် ပို့ဆောင်ရာတွင် ပါဝင်ကူညီပေးနေသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ စုစုပေါင်း အမျိုးသမီး၂၀၀ ခန့်ကို အသုတ်လိုက်ခွဲ၍ ပြန်လည် ပို့ဆောင်မည် ဖြစ်သည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတို့မှ ပါဝင်သော လူကုန်ကူးခံရသူများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လွယ်ကျယ်မြို့မှ မြန်မာဘက်ခြမ်း ရှမ်းပြည်နယ် လားရှိုးမှ မူဆယ်ရှိ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ထံ ပေးပို့သွားမည် ဖြစ်သည်။

ဖူးကျင်းဒေသတွင် တရုတ် တံငါသည်များထံ မယားအဖြစ် ရောင်းစားခံရသူ ၁၈ ဦးအား နှစ်နိုင်ငံ အဖွဲ့အစည်းက မကြာမီ ပြန်ပို့ဖွယ် ရှိသည်။

အများစုမှာ မိသားစု စားဝတ်နေရေး ပြဿနာကြောင့် အလုပ်ရှာဖွေရင်း လူပွဲစားများ လက်တွင်းသို့ ကျရောက်ကာ ရောင်းစားခံရသူများ ဖြစ်သည်။

မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ ရောင်းစားခံရသော အမျိုးသမီးငယ်များသည် မယားအဖြစ်၊ အိမ်ဖော်အဖြစ် ခိုင်းစေခံကြရသည်။

ကလေးစစ်သားကို မိဘထံ ပြန်အပ်ရန် စစ်တပ်က ငြင်းဆန်

သဲသဲ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 18:50 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်မှုထမ်းနေသော အရွယ် မရောက်သေးသော စစ်သားငယ်တဦးကို အုပ်ထိန်းသူများက ပြန်လည်ခေါ်ယူရန် ကြိုးစားသော်လည်း တပ်အရာရှိများက တားဆီး ပိတ်ပင်လိုက်သည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုမြို့နေ ကလေးစစ်သားလေးသည် အသက်မပြည့်သေးကြောင်း မွေးစာရင်း၊ ကျောင်းတက်လက်မှတ်များ ပြသကာ အမဖြစ်သူနှင့် ပြန်လည် အပ်နှံပါရန် ၀န်းသိုမြို့အနီးရှိ လေ့ကျင့်ရေးတပ်တွင် အောက်တိုဘာ ၁၈ ရက်နေ့က တောင်းယူသော်လည်း စစ်တပ်က ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

"ကျမ အဲဒီကို ရောက်သွားတော့ တပ်က အရာခံဗိုလ်တယောက်ရယ်၊ တပ်ကြပ်တယောက်ရယ် တွေ့ရပါတယ်။ သူတို့ ဘာပြောလဲဆိုတော့ ကလေးကို လာခေါ်တာလား၊ ပြန်ခေါ်လို့ မရဘူး၊ သင်တန်းကာလက ၄ လခွဲ တက်ရမှာ၊ အခု ၃ လ ရှိပြီဆိုတော့ ခေါ်လို့ မရဘူးလို့ ပြောတယ်" ဟု အမဖြစ်သူ မတင်ဌေးက ပြောသည်။

"ကလေးက မနေချင်ဘူး။ ပြန်လိုက်ချင်တယ်။ ဒါပေမဲ့ သူက မထွက်ပြေးရဲဘူးတဲ့။ ထွက်ပြေးရင်လည်း လိပ်စာအတိအကျ ပေးထားလို့ အိမ်လိုက်လာပြီး ခေါ်လိမ့်မယ်တဲ့။ လမ်းမှာ မိရင်လည်း သေအောင် ရိုက်မှာပဲတဲ့။ သူ ကြောက်တယ်လို့ ပြောပါတယ်။ သူတို့ (စစ်အာဏာပိုင်များ) ကလည်း လုံးဝ ပြန်ထည့်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် ကျမတို့ သူ့ကို ထားခဲ့ရတယ်"

မတင်ဌေးသည် မောင်ဖြစ်သူကို မလှမ်းမကမ်းမှ စောင့်ကြည့်နေသည့် တပ်သားများ ရှေ့တွင် တနာရီနီးပါးကြာ စကားပြောခွင့် ရရှိခဲ့သည်။

စစ်သားငယ်သည် အသက် ၁၈ နှစ် မပြည့်သေးကြောင်း ပြသရန်အတွက် ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံချက်နှင့် ကျောင်းသား မှန်ကန်ကြောင်း ထောက်ခံစာနှင့် ကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံစာတို့လည်း တင်ပြခဲ့သည်။

ဇွန်လ ၂၀ ရက်နေ့က အသက် ၁၅ နှစ်အရွယ် ကျောင်းသားလေးသည် မိဘနှင့် စိတ်ဆိုးကာ အိမ်မှ ထွက်သွားခဲ့သည်။ လေးလခန့်ကြာ သတင်းပျောက်ဆုံးနေပြီးမှ စစ်ကိုင်းတိုင်း ၀န်းသိုမြို့နယ် အရာတော်ရွာအနီးရှိ လေ့ကျင့်ရေးတပ် ၁၁၁ တွင် လေ့ကျင့်ရေး တပ်သားအဖြစ် ရှိနေကြောင်း သိရှိခဲ့ကြသည်။ မိဘများသည် တောင်သူများဖြစ်ပြီး မိခင်ကို စိတ်ကောက်၍ နေအိမ်မှ ထွက်သွားခြင်း ဖြစ်သည်။

ယခုအခါ မိသားစုဝင်များက ပဲခူးမြို့ရှိ လမ်းပြကြယ်အဖွဲ့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအေးမြင့်ကို အကူအညီတောင်းခံကာ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) ထံ တိုင်တန်းမှု ပြုလုပ်မည် ဖြစ်သည်။

ဦးအေးမြင့်ကလည်း ''တိုင်တန်းမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ။ အားလုံး အသင့်ရေးပြီးပြီ။ မနက်ဖြန်ကို (ILO) ရုံး သွားမယ်" ဟု ယမန်နေ့က ဆက်သွယ်မေးမြန်းမှုတွင် ပြောပြခဲ့သည်။

လမ်းပြကြယ်အဖွဲ့သည် ဒေသတွင်းရှိ အာဏာပိုင်များက လယ်ယာမြေများ သိမ်းယူမှုများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများအား လိုက်လံ ဖြေရှင်းပေးသလို၊ ILO အကူအညီကို ဆက်လက် တောင်းခံခြင်းဖြင့် ကလေးစစ်သား ၁၅ ဦးကို စစ်တပ်တွင်းမှ ပြန်လည် ထုတ်ယူနိုင်ခဲ့သည်ဟု ဦးအေးမြင့်က ပြောဆိုသည်။

Wednesday, October 29, 2008

လူ ၅၄ ဦးသေဆုံးခဲ့သည့် တရားမ၀င်လူသယ်မှု တရားခံများ ထောင်ဒဏ်များ ချမှတ်

နွယ်လေး။
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ငါးသယ်သည့် ရေခဲကားတွင်း မြန်မာအလုပ်သမား ၅၄ဦး အသက်ရှူမွန်းကျပ်ပြီး သေဆုံး သည့် တရားမ၀င်လူသယ်ယူမှုနှင့် ပတ်သက်သူ တရားခံ နှစ်ဦးအား မြန်မာနိုင်ငံ ကော့သောင်း တရားရုံးမှ ပြီးခဲ့ သည့် စက်တင်ဘာ၂၇ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်နှင့် ၂ နှစ် တရားစီရင် ချက်ချလိုက်သည်ဟု ကော့သောင်းဒေသခံ တစ်ဦးက ပြောသည်။

“ ဦးဝင်းနိုင်က သုံးနှစ် သူ့အမျိုးသမီးက ခြောက်လ ထောင်ကျတယ် ။ လူတွေက အမှန်တိုင်း ခန့်မှန်းကြတာ က လူသေတဲ့ ကိစ္စဆိုတော့ အနည်းဆုံး ဆယ်နှစ်၊ ကြိုးမိန့်၊ တစ်သက်တစ်ကျွန်းလို့ အများကြီး ထင်ကြတာပေါ့ ။ လူတွေ ဒီလောက်သေတာတောင် သုံးနှစ်ပဲကျတယ်။ မတန်ဘူးပေါ့ ။”

အဆိုပါ တရားမ၀င် လူသယ်ယူမှုတွင် ပါဝင်သူ ကားမောင်းသမားအား ထိုင်းတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။ တရားခံကားမောင်းသူမှ အပြစ်ရှိကြောင်း ၀န်ခံသဖြင့် တရားရုံးမှ ထောင်ဒဏ် ၆နှစ် သို့လျှော့ ချခဲ့သည် ။

၎င်း လူကုန်ကူးမှုတွင် ပါဝင်သည့် အခြားတရားခံ ၅ ယောက် ကို ထိုင်းရှေ့နေများ ကောင်စီမှ တရားစွဲ ဆိုထားဆဲ ဖြစ်သည် ။

“ရုံးချိန်းတက်နေတယ်။ ပြသာနာက မြန်မာဘက်က အမှုလာရင်ဆိုင်တဲ့လူက နေ့ချင်းပြန်ဖြစ်နေတော့ ဒီဘက်က လုပ်ရကိုင်ရတာ အခက်ခဲဖြစ်နေတယ်။ ရနှောင်းမြို့ပိုင်ရုံး တာဝန်ရှိသူက ဒီအမှုပြီးတဲ့ ထိ ဒီဘက်ခြမ်းမှာ နေပေး ဖို့ ပြောပါတယ် ။မြန်မာဘက်ခြမ်းက ခွင့်မပြုဘူး။ မနက်လာ ညနေပြန်ဆိုတော့ အခက်ခဲရှိတယ်။ လူကုန်ကူးမှုက ဒေသခံ ရာဇ၀တ်ဂိုဏ်းနဲ့ ပတ်သက်တော့ သူတို့ အသက်အန္တရာယ်လဲ စိုးရိမ်ရတယ်။ ဒါကြောင့် ကျနော်တို့ သွားတဲ့ချိန်ဆို ထိုင်းစစ်တပ်က လုံခြုံရေး တာဝန်ယူပေးရတယ်။”

ကားအာမခံကုမ္ပဏီမှ သေဆုံးသူများအား တစ်ဦးလျှင် ဘတ်တစ်သိန်း လျော်ကြေးငွေပေးမည် ဆိုသော်လည်း ယခုချိန်ထိ ကြန့်ကြာနေခြင်းမှာ စာရွက်စာတမ်းများ ပြည့်စုံခြင်းမရှိပဲ မြန်မာအစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း ကြောင့်ဖြစ်သည်ဟု ၄င်းအမှုတွင် လိုက်ပါဆောင်ရွက်သူ အခြေခံလူထု လူ့အခွင့်အရေးပညာပေး (GHRE) အဖွဲ့မှ ကိုထူးချစ်ကပြောသည်။

ရွှေဂုံတိုင်အနီး ဓားပြမှုများ ဆက်တိုက်ဖြစ်


Print E-mail
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 29 2008 17:13 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်အနီး ရန်ကုန်မြို့တွင်း လူစည်ကားရာ ရွှေဂုံတိုင် လမ်းဆုံတ၀ိုက်တွင် သုံးရက်အတွင်း ဓားပြတိုက် လုယက်မှုနှစ်ခု ဖြစ်ပွားခဲ့သည်။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံအနီး အပေါ်ထပ်ရှိ ဆိုင်ပိုင်ရှင်မိသားစုရှိရာသို့ ယနေ့ နံနက်
၃ နာရီခန့်က လူစိမ်းတဦး ၀င်ရောက်လာပြီး ဓားပြကာ အိမ်ရှင် အမျိုးသမီးထံမှ ငွေနှင့်
လက်ဝတ်စားများ ခြိမ်းခြောက်တောင်းခဲ့သည်ဟု အိမ်နီးချင်းများ အပြောအရ သိရသည်။

နေအိမ်ရှိ အခြားသူများ နိုးလာသောအခါ ၀ရံတာမှတဆင့် ဓားပြက ထွက်ပြေး လွတ်မြောက်
သွားသည်ဟု ဆိုသည်။

သတင်းရေးသားချိန်အထိ ကုမ္မာရီစတိုးဆိုင်ကို ဆက်သွယ် မေးမြန်း၍ မရနိုင်သော်လည်း အိမ်နီး
ချင်းတဦး ပြောပြချက်အရ လက်ကောက်တခုနှင့် ငွေသားကျပ် ၃ သိန်း ဓားပြနှင့် ပါသွားသည်ဟု
ဆိုသည်။

သို့သော် အမှုတိုင်တန်းထားခြင်း မရှိသေးကြောင်း ဗဟန်းရဲစခန်းက မဇ္ဈိမကို ပြောကြားသည်။

အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရွှေဂုံတိုင်လမ်းဆုံမှ မီတာ ၂၀၀
ခန့်တွင် တည်ရှိသည်။ အဖွဲ့ချုပ်၏ လှုပ်ရှားမှုကို အာဏာပိုင်များက အမြဲမပြတ် စောင့်ကြည့်နေ
သဖြင့် ရွှေဂုံတိုင် လမ်းဆုံအနီးတွင် လုံခြုံရေးများ မပြတ်မလပ် ရှိနေသော်လည်း နောက်ထပ် လုယက်မှုတခုလည်း ပေ ၁၀၀ ခန့် ဝေးကွာသော နေရာတွင် ဖြစ်ပွားခဲ့သေးသည်။

တနင်္လာနေ့က ယုဇနတာဝါ ၁၃ ထပ်ရှိ နေအိမ်ခန်းတခုကို လူတစုက ၀င်ရောက် ဓားပြတိုက်
ခဲ့သည်။

"ဓားပြမှုနဲ့ အမှုလာဖွင့်ထားတာ ဟုတ်ပါတယ်။ ယုဇန တာဝါက အခန်းတခုမှာပါ။ … တရားခံ
မမိသေးပါဘူး" ဟု ဗဟန်းရဲခန်းမှ အရာရှိတဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

သို့သော်လည်း သတင်းဌာနများသို့ ဖြေကြားခွင့် မရှိသေး၍ အသေးစိတ်ပြောရန် ငြင်းဆန်သွား
ခဲ့သည်။

ဓားပြတိုက်သူများက အိမ်ရှင်များကို ချုပ်နှောင်၊ ပါးစပ်များကို တိတ် Tape ဖြင့် ပိတ်ကာ ငွေနှင့် လက်ဝတ်ရတနာများ လုယူသွားခဲ့သည်ဟု အိမ်နီးချင်းတဦးက ပြောသည်။

"ကျမတို့ တခါတလေ အဲဒီ အထပ်ကို ဓာတ်လှေကားနဲ့ ပါသွားမိရင်တောင် အဲဒီ အထပ်က သံဇကာနဲ့ ပိတ်ထားတာကြီး။ အကြောင်းသိပဲ ဖြစ်ဖို့ များမယ်" ဟု ယုဇနတာဝါ ၉ ထပ်တွင် နေသူတဦးက မဇ္ဈိမကို ပြောသည်။

ယုဇန တာဝါသည် အောက်ဆုံးထပ်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် လူနေအိမ်ခန်း
များနှင့် ရုံးခန်းများလည်း ဖွင့်လှစ်ထားသည်။


ကုမ္မာရီစတိုးဆိုင်


လုယက်ဖောက်ထွင်းခံလိုက်ရသော ကုမ္မာရီစတိုးဆိုင်။ ဓာတ်ပုံ-မဇ္ဈိမ

ဘန်ကီမွန်းရဲ့ နောက်ထပ် မြန်မာပြည်ခရီးစဉ် အကျိုးရှိနိုင်မလား

ကျော်စွာမိုး | အောက်တိုဘာ ၂၉၊ ၂၀၀၈

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အနေဖြင့် မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရမည့် အရေးအတွက် စိုးရိမ်ပူပန်မှု ရှိနေမည်မှာ သေချာလှသည်။

သူသွားလျှင်လည်း မြန်မာစစ်ဗိုလ်ချုပ်များထံ သွားရောက်လည်ပတ် တွေ့ဆုံရုံသာ ဖြစ်နေပေလိမ့်မည်။ သူ၏ ယခင် အထူးသံ ကိုယ်စားလှယ် လက်ထောက်များကဲ့သို့ လက်ဗလာ ပြန်လာရမည်ကိုလည်း မလိုလားလှ။ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု မည်သို့မျှ မဆောင်ကျဉ်းနိုင်ခဲ့ဘဲ အချည်းနှီး ပြန်ခဲ့ရသည့် ယခင်သံကိုယ်စားလှယ်များ၏ ဥပမာများကို သူ မြင်ထားခဲ့ဖူးပြီ။

ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ နောက်တခေါက် သွားမည်ဟု ရည်ရွယ်ထားသည့် ခရီးစဉ်အတွက် သံသယနှင့် တုံ့ဆိုင်းနေ သည်ကို ဘန်ကီမွန်းက ယခုအပတ်တွင် ကုလသမဂ္ဂအဖွဲ့ ဌာနချုပ်ရုံးစိုက်ရာ နယူးယောက်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတခု၌ ထုတ်ဖော် ပြောကြားခဲ့သည်။

အကယ်၍ မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ စတင်နိုင်၍ အဆင်ပြေမည် ဆိုမှသာသူသွားလိုသည်၊ ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်မည်ဟု မျှော်လင့်နိုင်မှသာ မြန်မာပြည်သို့ သွားလိုသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

ဤသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် နိုင်ငံရေးအရ လိုက်လျောမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ကုလအတွင်းရေး မှူးချုပ် ဘန်ကီမွန်းက သူ၏ ခရီးစဉ်မတိုင်မီ အချက်ပေးလိုက်ခြင်း ဖြစ်သည်။

“ကျနော့်စိတ်ရင်းကတော့ မြန်မာပြည်ကို တခေါက်ပြန်သွားချင်ပါသေးတယ်။ ဒါပေမယ့် သိသာ ထင်ရှားတဲ့ ရလဒ်ကောင်း တွေ မရှိဘဲနဲ့၊ ဘယ်လိုမျှော်လင့်ချက်မျိုးမှ မထားနိုင်ဘဲနဲ့တော့ နောက်တခေါက် ထပ်မသွားချင်တော့ဘူး” ဟု ဘန်ကီမွန်းက ပြောခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကုလသမဂ္ဂ၏ ပုံမှန်တောင်းဆိုမှုများကို မည်သည့် အခါကမှ အလေးပေးစဉ်းစားခြင်း မရှိခဲ့ရာ ဘန်ကီမွန်းအနေနှင့် သံသယဖြစ်မည်ဆိုလည်း ဖြစ်လောက်သည်။ နေပြည် တော်ရှိ မြန်မာစစ်ဗိုလ်ချုပ်များက အပေးအယူပြုပါမည်ဟု ရှင်းလင်းသေချာစွာ မီးစိမ်းပြမှသာ သူ မြန်မာပြည်သို့ သွားရန် ဖြစ်နိုင်ပေလိမ့်မည်။ သူ့ အပြန်ခရီးတွင် “သိသာထင်ရှားသည့် ရလဒ်ကောင်းများ” ပါလာစေရမည်ဟု အာမခံနိုင်မှသာ သူ သွားချင်ပေလိမ့်မည်။

မြန်မာနိုင်ငံအတွက်ဆိုလျှင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးသည်သာ အကောင်းဆုံး အဖြေဖြစ်သကဲ့သို့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးသည်လည်း တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်း ၂ တဖက်တချက်ရှိ အင်အားစုများ အကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးပါသည့် အချက် ဖြစ်နေပြန်သည်။

လွန်ခဲ့သည့်လက လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်အစိုးရ လွှတ်ပေးခဲ့သည့် အကျဉ်းသား ၉၀၀၂ ဦးတွင် နိုင်ငံရေးအကျဉ်း သား အနည်းငယ်ကိုသာ ထည့်၍ လွှတ်ပေးခဲ့သည်။ သို့သော်လည်း တချိန်တည်းမှာပင် နိုင်ငံရေးအကျဉ်းသားအရေ အတွက် နှစ်ဆနီးပါး တိုး၍လာနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ မြန်မာ နိုင်ငံ (အေအေပီပီဘီ) က ထောက်ပြသည်။

“နိုင်ငံရေးအကျဉ်းသား ဦးရေ နှစ်ဆတိုးလာသည်ကိုကြည့်ခြင်းအားဖြင့် စစ်အစိုးရက လုံခြုံရေးကောင်စီ အပါအ၀င်၊ ကုလ သမဂ္ဂကို တိုက်ရိုက်အာခံနေသည်မှာ ထင်ရှားသည်” ဟု အေအေပီပီဘီ နှင့်ဝါရှင်တန် ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှား သူများအဖွဲ့ (US Campaign for Burma) ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကုလ အထွေထွေအတွင်းရေးမှူးချုပ် အနေနှင့် ထင်ရှားသည့် နိုင်ငံရေးပြေလည်မှုများ ဖြစ်ပေါ်စေပါမည်ဟူသည့် အာမခံချက် မရရှိဘဲ သွားခဲ့လျှင် ဤခရီးစဉ်ကြောင့် ကုလသမဂ္ဂ ထပ်မံ သိက္ခာကျရပေတော့မည်။ လက်ရှိ ကုလအထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီ အပါအ၀င် ကုလသမဂ္ဂ သံကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ရောက်ခဲ့ကြဖူးသော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များ၏ အကျိုးစီးပွားအတွက် အသုံးချခံလိုက်ရသည့် အနေအထားနှင့်သာ အဆုံးသတ်ခဲ့ကြရသည်။

ကုလသမဂ္ဂက တောင်းဆိုထားသည့် အပြောင်းအလဲများအတွက် အာမခံချက်ရှိမှ လာရောက်မည်ဟု အချက်ပြခဲ့ခြင်းမှာ ကုလအတွင်းရေးမှူးချုပ် အနေနှင့် ပို၍တဆင့်တင်း ရပ်တည်ပြလိုက်ခြင်း ဖြစ်သည်။

အကယ်၍ သူ၏ ခရီးစဉ်မတိုင်မီ စစ်အစိုးရက လိုက်လျောမည့် အရိပ်အယောင်များ မပြသလာပါက၊ ဘန်ကီမွန်းအတွက် နောက်တကြိမ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တက်ရန် အချက်ကောင်းရသွားစေမည် ဖြစ်သည်။ ကုလသမဂ္ဂက တောင်းဆိုထားသည့် အပြောင်းအလဲများအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို လုံခြုံရေး ကောင်စီတွင် ရှာဖွေနိုင်ရန် အခွင့်အရေး ရလာစေမည် ဖြစ်သည်။

ဤသို့ ဘန်ကီမွန်းက သံတမန်ရေး နည်းပရိယာယ်ကို ကျင့်သုံးလိုက်ခြင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ပိုမို အကြပ်ရိုက် သွားနိုင်သည်။ သူ၏ ခရီးစဉ်မတိုင်မီ မြန်မာစစ်အစိုးရကို ဖိအားဆင့်လိုက်ခြင်းမှာ မှန်ကန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ထောက်ခံပြောဆိုခဲ့သေးသည်။

သို့သော် မေးစရာရှိနေသည်မှာ ဘန်ကီမွန်းနှင့် လုံခြုံရေးကောင်စီတို့ မည်မျှပိုမို စွမ်းဆောင်နိုင်မည်နည်းဟူသည့် မေးခွန်း ပင်ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ကလည်း လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ဖူးသေးသည်။

အကယ်၍ ပိုပြင်းထန်သည့် တောင်းဆိုချက်များ ပြုမည်ဆိုပါလျှင် မြန်မာစစ်အစိုးရကို နောက်ခံ ရပ်တည်ပေးနေကြသည့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့နိုင်ငံများဖြစ်ကြသော တရုတ်နှင့် ရုရှားတို့၏ အတည်ပြုချက် လိုအပ်ပေလိမ့်မည်။ ၎င်းနိုင်ငံနှစ်ခုက ဤတောင်းဆိုချက်မျိုးကို ပြန်၍ဆွဲချမည်မှာ သေချာလှ၏။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၇ ဦး အထိ လာရောက် ခဲ့သော်လည်း မြန်မာနိုင်ငံရေးအတွက် ထူးခြားသည့် အပြောင်းလဲ တစုံတရာ မဖြစ်ပေါ်ခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံကို သံတမန်များ၏ သင်္ချိုင်းဟု ခေါ်ရလိမ့်မည် ထင်သည်။

လာမည့် ရက်သတ္တပတ် အနည်းငယ်တွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ နောက်ထပ် မြန်မာပြည် ခရီးစဉ်ကို မြင်တွေ့ကောင်းမြင်တွေ့ရပေလိမ့်မည်။ ထိုအခါတွင် အရှေ့က သွားခဲ့ဖူးသော သံတမန်များကဲ့သို့ ရလဒ် ကောင်းများ မဆောင်ကျဉ်းခဲ့နိုင်ဟူ၍ ဘန်ကီမွန်းအပေါ် ကမ္ဘာက မြင်သွားသည့် အဖြစ်မျိုး အဖြစ်မခံသင့်ပါ။

ကျော်စွာမိုးရေးသားသည့် Ban Tries to Avoid a Fruitless Visit ကို ဆီလျော်အောင်ပြန်ဆိုဖော်ပြပါသည်။

မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်းသားခေါင်းဆောင် ၉ဦးကို တရားရုံးမထေမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆လစီ အပြစ်ပေး

ဒေါ်အေးအေးမာ - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်အေးအေးမာ - နားဆင်ရန် (MP3) audio clip

၈၈ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၉ဦးကို တရားရုံးကို မထီမဲ့မြင်ပြုတဲ့ ပုဒ်မနဲ့ တရားလို အရာရှိဖြစ်တဲ့ ဦးမြကြိုင်ကနေ တရားစွဲဆိုခဲ့ပြီး တရားရုံးကို တင်ပြရာမှာ တရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၆ လ အပြစ်ပေး လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်သိန်းက ကြားသိရသမျှကို အခုလို ပြောပြပါတယ်။

“မင်းကိုနိုင်ရယ်၊ ကိုကိုကြီးရယ်၊ လှမျိုးနှောင်ရယ်၊ မြအေးရယ်၊ ဥာဏ်လင်း၊ ပြုံးချို၊ အောင်သူ၊ ဌေးကြွယ်၊ မျိုးရန်နိုင်တို့ ကိုးဦးကို အမှုကနေ ဖယ်ထုတ်ပြီးတော့ လျှောက်ထားတယ်။ သူတို့ကို တရားရုံးကို မထိလေးစား ပြုလုပ်တဲ့ ပုဒ်မ အရေးယူပေးဖို့ ဆိုပြီး ဦးမြကြိုင်က တရားရုံးကို လျှောက်ထားတယ်။ ပြီးတော့ အဲဒီ အမှုကို တရားရုံးက အမိန့်မချသေးဘူး။ ခဏ ဆိုင်းထားဦးမယ်လို့ ပြောတယ်။ ပုဒ်မ ၂၂၈အရ တရားရုံးကို အနှောက်အယှက်ပေးတယ်။ တရားရုံးကို အမှုစစ်ဆေးရာမှာ ဟန့်တား နှောက်ယှက်မှုတွေ ပြုတဲ့ အရေးယူပေးဖို့ လျှောက်တယ်။ ဒီနေ့ကျတော့ သူတို့ ၉ယောက်ကို ရုံးထုတ်တယ်။ သူတို့ကို ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ပေးတယ်။”

ကျောင်းသားခေါင်းဆောင်တွေကို စွဲဆိုထားတဲ့ ထားတဲ့ ပုဒ်မတွေက အများကြီးရှိသေးပေမယ့် ဒီနေ့ စစ်တဲ့ အမှုထဲမှာတော့ အဲဒီ အမှုတွေ မပါလာပါဘူး။

ရန်ကုန်ရှိ ထောက်လှမ်းရေးပိုင် တိုက်ခန်းများ လေလံတင်ရောင်းချ

NEJ/ ၂၉ အောက်တိုဘာ ၂၀၀၈

နိုင်ငံပိုင်အဖြစ်သိမ်းဆည်းထားသည့် ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်နှင့် ၄င်း၏အဆက်အနွှယ်များ ပိုင်ဆိုင်သည့် တိုက်ခန်းများ အပါအ၀င် တိုက်ခန်း (၅၀)ကျော်ကို စစ်အစိုးရက ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်) သတင်းရပ်ကွက်မှ သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီက တိုက်ခန်းများကို ပြန်ရောင်းချနေခြင်းဖြစ်ပြီး ရောင်းချသည့် တိုက်ခန်း(၅၂)ခန်း အနက် ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွှန့်ပိုင် တိုက်ခန်း (၁)ခန်း၊ ၎င်း၏သား ရဲနိုင်ဝင်း၏တိုက်ခန်း (၁)ခန်း၊ ၎င်း၏ ကိုယ်ရေး အရာရှိ နိုင်ဌေး၏ တိုက်ခန်း (၁၃) ခန်းနှင့် ၎င်း၏သားမက်ပိုင် တိုက်ခန်း(၆)ခန်းတို့ပါဝင်သည်ဟု အိုးအိမ်ဌာနနှင့် နီးစပ် သူတဦးကပြောသည်။

တိုက်ခန်းဝယ်ယူလိုသူတို့အနေဖြင့် ရန်ကုန်ရှိ အိုးအိမ်ဦးစီးဌာနသို့ အောက်တိုဘာလ (၃၁) ရက်နေ့နောက်ဆုံး ထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူတို့အနေဖြင့် တိုက်ခန်းတန်ဖိုးအပြင် အခွန်ငွေ (၁၅) ရာခိုင်နှုန်းကိုပါ တပါတည်း ပေးသွင်းရမည်ဖြစ်ပြီး တိုက်ခန်းလွှဲပြောင်းလက်ခံခြင်းနှင့် လူနေ ထိုင် ခွင့်ကိစ္စကို သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အိုးအိမ်ဌာနက ကြေညာထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို ၂၀၀၄ အောက်တိုဘာ (၁၉)ရက်တွင် နအဖ စစ်အစိုးရက ကျန်းမာရေး အ ကြောင်း ပြချက်ဖြင့် ၀န်ကြီးချုပ် တာဝန်မှအနားပေးလိုက်ပြီး ၂၀၀၅ ဇူလိုင်တွင် အဂတိလိုက်စားမှု အပါအ၀င် စွဲချ က် (၈)ခုဖြင့် တရားစွဲဆိုကာ ဆိုင်းငံ့ ထောင်ဒဏ် (၄၄)နှစ် ချမှတ်ခဲ့သည်။ သို့သော် ၎င်း၏အဂတိလိုက် စားမှုများနှင့် ပတ်သက်၍ အများပြည်သူများသိရှိရန် ယခုအချိန်အထိ စစ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် နှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်(၃၀၀)ကျော်ကိုလည်း စီးပွားရေး မသမာမှု၊ လာဘ်စားမှုများဖြင့် ထိုစဉ်က ဖမ်းဆီးအရေးယူခဲ့ပြီး အချို့ကို ထောင်ဒဏ်နှစ် (၁၀၀) ကျော် အထိချ မှတ်ခဲ့သော်လည်း အဆိုပါ လာဘ်စားမှုများကို အများပြည်သူသိအောင် စစ်အစိုးရမှ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းဆည်းထားသောတိုက်ခန်းများအား ပြန်ရောင်းချနေသည့်နည်းတူ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကလည်း နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ကားအစီး (၁၀၀) ကျော်ကို တောင်ငူမြို့၌ လေလံတင်ရောင်းချခဲ့ပြီး ရန်ကုန်၌လည်း ထပ်မံရောင်းချရန်စီစဉ်နေကြောင်း စုံစမ်းသိရသည်။

လွယ်ဟိန်းကုမ္ပဏီ စက်မှု(၁)၀န်ကြီးဌာနကို ကျပ်သန်း ၆၀၀၀ ကျော် မပေးနိုင် မြန်မာ့စားသောက်ကုန်လုပ်ငန်းပိုင်စက်ရုံများဝယ်သူမရှိ

NEJ/ ၂၉ အောက်တိုဘာ ၂၀၀၈

စက်မှု (၁) ၀န်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ၀န်ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ စာရင်းရှင်းကြရာ စိုင်းစံထွန်းဘက်မှ ပေးရန်ရှိငွေ ကျပ်သန်းပေါင်း ၆၀၀၀ ကျော် မပေးနိုင်ဖြစ်နေသည်ဟု စက်မှု (၁) ၀န်ကြီးရုံး သတင်းရပ်ကွက်က ပြောသည်။

သို့သော် စိုင်းစံထွန်းပိုင် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ပတ်သက်နေသည့်အတွက် စိုင်းစံထွန်း ကျပ်သန်းပေါင်း ၆၀၀၀ ကျော် ပြန်မဆပ်လျင် စက်မှု (၁) ၀န်ကြီးဌာနမှ မည်သို့ အရေးယူမည်ကို ရန်ကုန်စီးပွားရေးလောကမှ စိတ်ဝင်တစား ဖြစ်နေကြသည်ဟု အရာရှိတဦးက ပြောသည်။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နေပြည်တော်ဝန်ကြီးဌာနများကို အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထားပြီး စာရင်းစစ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးပြီး နောက်ပိုင်း စက်မှု (၁) ၀န်ကြီးဌာနကို စာရင်းပိတ်ရာမှ ယခုကဲ့သို့ ပုဂ္ဂလိက အပိုင်းမှ စာရင်းမရှင်းနိုင်သည့် အမှုများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။

ထိုအတောအတွင်း ရန်ကုန်မြို့မှာ အများဆုံးရှိပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်း အောက်ရှိ အရှုံးပေါ်နေသည့် စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိပိုင်လုပ်ဖို့ အကျိုးတူလုပ်ဖို့ကြေငြာထားရာ စက်ရုံများကို ၀ယ်မည့်သူ တဦးမျှမရှိဘဲ မြေ၀ယ်ချင်သူတွေသာ များနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

၂၀၀၆ ခု ဒီဇင်ဘာလကုန်တွင် စက်မှု (၁) ၀န်ကြီးဌာနလက်အောက်ခံ စက်ရုံအားလုံးမှ ရောင်းမထွက်သည့် ကုန်ချောလက်ကျန်တန်ဘိုးမှာ ကျပ်ငွေသန်းပေါင်း ၉၀၀၀ ကျော်ရှိသည့်အတွက် ၂၀၀၅ ခုနှစ်ကုန်ချောလက်ကျန်တန်ဘိုးထက် ၁၂၅ ရာနှုန်း ပိုရှုံးခဲ့သည်။

“ စက်မှု (၁) ၀န်ကြီးဌာန မြန်မာ့စားသောက်ကုန် လုပ်ငန်းအောက်မှာ ပင်မစက်ရုံ(၂၂)ရုံနဲ့ စက်ရုံခွဲပေါင်း (၂၅)ရုံ၊ စုစုပေါင်း(၄၇)ရုံရှိတယ် ဒီရောင်းမဲ့ စက်ရုံအများစုကိုကြည့်ရင် စက်ပစ္စည်းတွေက ချို့ယွင်းနေတယ်၊ ထုတ်လုပ်တဲ့ စားကုန်ပစ္စည်းကလဲ ထိုင်းတို့ တရုတ်တို့က ကလာတဲ့ စားကုန်တွေနဲ့ မယှဉ်နိုင်အောင် အရည်အသွေးညံ့တယ် ဈေးကွက်လဲမရှိဆိုတော့ ဘယ်သူမှ မလိုချင်ဘူးပေါ့။ စက်မှု (၁) သကြားလုံးစက်ရုံဆိုလဲ ရှုံးနေတယ်၊ စက်မှု (၁) က ချောကလက်ကို ထုတ်တာ ထန်းလျက်နဲ့ ထုတ်ရမယ်လို့ ၀န်ကြီးက အမိန့်ပေးထားတော့ ဘယ်လိုလုပ်ပီး တရုတ် ထိုင်းကလာတဲ့ ချောကလက်တွေနဲ့ ယှဉ်လို့ရတော့မလဲ ဘယ်သူမှ မစားတော့ဘူး” ဟု စက်ရုံမှူးတဦးက ပြောသည်။

စက်မှု ၁ ထုတ် သကြားလုံး ဧရာမ ကြော်ငြာဆိုင်းဘုတ်ကြီးများကို ၀န်ကြီးဦးအောင်သောင်း၏ မြေးပုံတူများဖြင့် တချိန်က ကြော်ငြာခဲ့သည့်အတွက် ၀န်ထမ်းများ မကျေမနပ်ဖြစ်ခဲ့သည်။

စစ်မှုထမ်းဟောင်းများသာ ဦးပိုင်တက္ကစီကားများ မောင်းနှင်ခွင့်ရှိ

NEJ/ ၂၉ အောက်တိုဘာ

ရန်ကုန်တွင် ပါရမီအမည်ရှိ တက္ကစီကားများကို စစ်မှုထမ်းဟောင်းများသာ မောင်းနှင်ခွင့်ရရှိသည်။

မြန်မာ့စီးပွားရေး ဦးပိုင် လက်အောက်ခံ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်က ဂျပန်မှ တင်သွင်းသည့် ရန်ကုန်အတွက် ပါရမီအမည်ရှိ တက္ကစီများ မောင်းနှင်ခွင့်ကို စစ်မှုထမ်းဟောင်းများသာ ရရှိကြောင်း အဆိုပါကုမ္ပဏီမှ ၀န်ထမ်းတဦးကပြောသည်။

ဂျပန်မှ မှာယူထားသည့် Toyota Mark II ယာဉ်စီးရေ (၁၀၀) ကို ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြေးဆွဲနေခြင်းဖြစ်သည်။

အဆိုပါ ကားများ ပြေးဆွဲရန်အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ယာဉ်မောင်းများ ခေါ်ယူရန် လျှောက်လွှာပေါင်း (၃) သောင်းကျော် ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် စစ်မှုထမ်းဟောင်းများကို ဦးစားပေးရွေးကြောင်း၊ စပေါ်ငွေ (၃) သိန်းတင်ရကာ တနေ့ အုံနာကြေး (၁) သောင်းပေးဆောင်ရကြောင်း၊ နံနက် (၆) နာရီမှ ည (၆) နာရီထိဖြစ်ပြီး နေ့လည် (၁၂) နာရီ အ၀င်ပြရကြောင်း၊ ကားကို ကားမောင်းသူကိုယ်တိုင် ကွန်ပျူတာစနစ်သုံး လုံခြုံရေး လက်ဗွေနှိပ်ပြီးမှ ထုတ်ယူခွင့်ရရှိကြောင်း လျှောက်ထားသူ ယာဉ်မောင်းများက ပြောသည်။

“ဦးပိုင်ဆိုတာက စစ်အစိုးရရဲ့လူတွေနဲ့ ဖွဲ့ ထားတာပဲ၊ စစ်မှုထမ်းဟောင်းတွေပဲ ရမှာပေါ့၊ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအ၀န်းတွေ ကောင်းစားနေချိန်ပဲ၊ သူတို့ အသိုင်းအ၀ိုင်း ကောင်းစားဖို့ ဒီကားတွေကို စစ်မှုထမ်းဟောင်းတွေကို ပေးတာပေါ့။ စည်းရုံးထားတာလည်း ပါတယ်” ဟု မ ထ သ ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်တွင် ယခုအခါ ပါရမီတက္ကစီ စီးရေ (၂၃၄) စီး ရှိပြီဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး မှ တရားဝင်စားရင်းများအရ သိရသည်။

ပါရမီတက္ကစီများကို မောင်းချင်သူများကြကြောင်း၊ အကြောင်းမှာ စပေါ်နည်းပြီး ပြင်ဆင်စားရိတ် မရှိသည့်အတွက် ရသည့်ငွေမှာ အသားတင်ဖြစ်သည့်အပြင် လမ်းတွင် မီးနီဖြတ်မိခြင်း၊ လမ်းကြောမှားခြင်းတို့မှအစ ယာဉ်ထိန်းရဲနှင့် ရှင်းပါက ပါရမီမို့ အဆင်ပြေကြောင်း၊ အပြင်ကားများမှာမူ စပေါ်တင်ပါက (၁၀) သိန်း ၀န်းကျင်ပေးရပြီး ပြင်ဆင်စားရိတ်များလည်း ကိုယ်တိုင်ကြခံကြကြောင်း၊ ထို့ကြောင့် ကားမောင်းသူများက ယာဉ်အသစ်ဖြစ်သည့် ပါရမီယာဉ်များကို ကြိုက်နှစ်ကြကြောင်း တက္ကစီသမားများက ပြောသည်။

ပါရမီယာဉ်မောင်းတဦးက “ကျနော် တနေ့ကို (၂) သောင်းခွဲကတော့ ရတယ်၊ တခါတခါ (၃) သောင်းထိရဖူးတယ်၊ အုံနာကြေး (၁) သောင်းဆိုတော့ ပါရမီယာဉ်မောင်းတာ ကိုက်တယ်” ဟု ပြောသည်။

Tuesday, October 28, 2008

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် မဟာမိတ်များနှင့် အနီးကပ် လက်တွဲတိုက်ပွဲဝင်မည်ဖြစ်ကြောင်း ပြောကြား

ရိုးမ ၃။ အောက်တိုဘာ ၂၈၊ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် ယခင်ချမှတ်ထားသည့် လမ်းစဉ်များကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်ပြီးနောက် စစ်အာဏာရှင်ကျဆုံးရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာ ရေးတို့အတွက် ဒီမိုကရေစီမဟာမိတ်များနှင့် အနီးကပ်ဆက်လက် လက်တွဲသွားမည်ဟု ဆိုသည်။

(၁၄) ကြိမ်မြောက် (KNU)ကွန်ကရက်တွင် တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဗိုလ်မှူးစောလှငွေက ယမန်နေ့က ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့က အမျိုးသားရေးနဲ့ ဒီမိုကရေစီရေးမှာ ခွဲမထားဘူး၊ ဒီမိုကရေစီမရှိဘဲ တကယ့် အမျိုးသားရေးမဖြစ်နိုင်သလို အမျိုးသားရေးကို တကယ်မတည်ဆောက်ဘဲလုပ်ရင်လဲ တကယ့်ဒီမိုကရေစီဆိုတာလဲ မဖြစ်လာနိုင်ဘူး၊ ဒီနည်းနှစ်ရပ်စလုံးကို တန်းတူထားပြီး ဆောင်ရွက်သွားမယ်၊ မဟာမိတ်အဖွဲ့တွေနဲ့လဲ ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးအပေါ် စိတ်ဝင်စား ခြင်း မရှိကြောင်း မိမိတို့အနေဖြင့် သုံးသပ်မှုများပြုလုပ်ပြီးနောက် ရှေ့ဆက်လုပ်ငန်းစဉ်များကို ချမှတ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

“နအဖအနေနဲ့ ဆက်ပြီး စစ်ရေးအရ ဖိအားပေးလာရင်တော့ ကျနော်တို့အနေနဲ့ ပြန်လည်ခုခံဖို့၊ နောက်တခုက ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖမ်းဆီးတာတွေနဲ့ ပတ်သက်လို့ အဲဒီအပေါ် ကျနော်တို့က စာနာထောက်ထားပြီး သူတို့တတွေရဲ့ တိုက်ပွဲ၊ သူတို့တတွေရဲ့ လွတ်မြောက်လှုပ်ရှားမှုနဲ့အတူ ကျနော်တို့ရှိတယ်”ဟု ဆက်လက် ပြောသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် မည်သူမဆို ဘယ်လိုအခြေအနေရောက်ရောက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ် ကြောင်းနှင့် အမှန်တရားပေါ်ပေါက်ရေးအတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အမှန်တရားဆိုတာ တနေ့ပေါ်ပေါက်မယ်၊ အဲလို အမှန်တရားပေါ်ပေါက်ဖို့ ကျနော်တို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရမယ်။ အဲလိုဖန်တီးရာမှာ ညီညီညွတ်ညွတ်နဲ့ လုပ်ကြမယ်ဆိုရင် ကမ္ဘာပေါ် မှာပဲဖြစ်ဖြစ်၊ ဒေသအတွင်းမှာပဲဖြစ်ဖြစ် လုပ်ဆောင်သွားတဲ့အတိုင်း ကျနော်တို့ အောင်ပွဲခံနိုင်မှာ ဖြစ်တယ်၊ ကျနော်တို့က သန်းခေါင်တော့ကျော်နေပြီ မိုးသောက်ချိန်နီးရင် ပိုမှောင်လာတယ် ဆိုပေမဲ့ အဲဒါပြီးရင် အလင်းရောက်မယ်ဆိုတဲ့အတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လုပ်ကြပါလို့ ကျနော် တိုက်တွန်းပြောချင်ပါတယ်”ဟု ပြောသည်။

ထို့အပြင် (KNU)အထွေထွေအတွင်းရေးမှူးအဖြစ် ဆရာမနော်စီဖိုးရာစိန်အား ရွေးချယ်တင် မြှောက်ခြင်းနှင့် ပတ်သတ်၍ ခေါင်းဆောင်နိုင်သည့် အရည်အချင်းရှိသည့်အတွက် ရွေးချယ် လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောလှငွေက ဆက်ပြောသည်။

“ဆရာမစီဖိုးရာစိန်က သူတို့ ကရင်အမျိုးသမီးအဖွဲ့မှာကတည်းက အမျိုးသမီးအခွင့်အရေးတွေ အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တာတွေ လုပ်ခဲ့တယ်၊ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံတကာ မှာရော၊ အမျိုးသမီးရေးမှာရော၊ နိုင်ငံရေး၊ အမျိုးသားရေးမှာပါ ခေါင်ဆောင်နိုင်တယ်လို့ယူဆလို့ အများက အခုလိုရွေးချယ်လိုက်တာလို့ ယုံကြည်တယ်၊ ဒါဟာလည်း ဖြစ်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက ဖဒိုမန်းရှားလားဖန်း လုပ်ကြံခံလိုက်ရမှုနှင့်ပတ်သက်၍ ကွန်ကရက်အတွင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်အတွင်း (KNU)အတွက် တန်းဖိုး မဖြတ်နိုင်သည့် ခေါင်းဆောင်နှစ်ဦး ဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။

“တဦးက လုပ်ကြံခံရတယ်၊ တဦးက ကျန်းမာရေးကြောင့် ဆုံးရှုံးသွားတယ်၊ ဘယ်သူတွေက ညွှန်ကြားတယ်။ ဘယ်သူက လုပ်တယ်ဆိုတာတွေကိုလည်း ကျနော်တို့သိပြီးသားပါ၊ အချိန်အခါ ကျရောက်လာတဲ့အခါမှာ တရားမျှတတဲ့ ခုံရုံးမှာ တရားခံအစစ်အမှန်တွေကို တင်ပြီးတော့ အရေးယူနိုင်ဖို့ပဲ၊ ဂလဲ့စားချေရေး မုန်းတီးရေးတို့ ကျနော်တို့ မလုပ်ပါဘူး၊ ကိုယ်စိုက်တဲ့စပါးတော့ ကိုယ်ရိတ်သိမ်းရမှာပဲ၊ ကျနော်တို့က အဲလိုပဲ သဘောထားပါတယ်”ဟု ဆက်လက် ပြောဆိုခဲ့ သည်။

ဗုံးကြောင့် သေဆုံးသူမှာ အဖွဲ့ဝင်ဖြစ်ကြောင်း စွမ်းအားမြှင့် ၀န်ခံ


Print E-mail
မုံပီး
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 17:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဟုခေါ်သော လျှို့ဝှက် သိပ်သည်းလှသည့် အဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသ ရွှေပြည်သာတွင် သေဆုံးသွားခဲ့သူမှာ သူတို့ အဖွဲ့ဝင်ဖြစ်ကြောင်း ၀န်ခံ ကြေညာလိုက်သည်။

ပြည်ပရှိ မြန်မာအတိုက်အခံ အသိုင်းအ၀ိုင်းအကြား ပျံ့နှံ့လျက်ရှိသည့် အီးမေးလ်တွင် ကိုသက်ဦးဝင်းမှာ သူတို့၏ မြေအောက် အဖွဲ့ဝင်တဦး ဖြစ်ကြောင်းနှင့် ရွှေပြည်သာရှိ နေအိမ်တွင် ဗုံးပေါက်ကွဲ သေဆုံးသွားသည့်သူ့အား ဦးညွှတ် ဂုဏ်ပြုပါကြောင်းဖြင့် (VBSW) က ပြောကြားလိုက်ခြင်း ဖြစ်သည်။

သက်ဦးလွင် ခေါ် သန်းလွင်၊ ကိုယ်ပိုင်အမှတ် ၉၉၉၉၅၄ သည် မသေဆုံးမီက ရန်ကုန်မြို့တွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်းဖြင့် အဆိုပါအဖွဲ့က ပြောဆိုသည်။ သူသည် အဖွဲ့ဝင်များစွာထဲမှ တဦးသာဖြစ်ပြီး စစ်အာဏာရှင်များ၏ အကြမ်းဖက် အုပ်စိုးမှုကို အကြမ်းဖက်နည်းဖြင့် တုံ့ပြန်တိုက်ခိုက်သွားရန် ကတိပြုကြောင်းလည်း ဆိုထားသည်။

`ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲအသီးသီးမှာ ကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုမှတ်တမ်းတင်သလို စစ်အာဏာရှင်များက ပြည်သူအား ဖိနှိပ်နေသမျှ၊ နိုင်ငံရေး လှုပ်ရှားနေသူများအား ဖမ်းဆီး နှိပ်စက်နေသမျှ၊ ၁၉၉၀ ပြည့်နှစ် လွှတ်တော် ကိုယ်စားလှယ်များထံ အာဏာလွှဲပြောင်း မပေးသမျှ ကာလပတ်လုံး မိမိတို့ တိုက်ပွဲဝင်မှုများ မည်သို့မှ ရပ်တန့်သွားမည် မဟုတ်ကြောင်း စစ်အာဏာရှင်များအား သတိပေးလိုက်သည်´ ဟု (VBSW) ၏ ကြေညာချက်တွင် ရေးသားဖော်ပြသည်။

ကိုသက်ဦးဝင်းသည် သံဃာဟောင်းတဦးဖြစ်ကာ ၂၀၀၇ ခုနှစ် တော်လှန်ရေးတွင် ပါဝင် ဆင်နွှဲခဲ့ကြောင်း၊ အထက်တန်းကျောင်းသား ဘ၀ကတည်းက အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု အများအပြားတွင် ပါဝင် ဆင်နွှဲခဲ့ကြောင်းလည်း ပြောဆိုထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရန်ကုန် ဆင်ခြေဖုံးရှိ ရွှေပြည်သာတွင် လူတဦးသည် ဗုံးတပ်ဆင်နေစဉ် ထိုဗုံးဖြင့်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်မူ သက်ဦးဝင်းမှာ အရက်သမားတဦးဖြစ်ကာ အလုပ်အကိုင်မရှိ အခြေအနေမဲ့ ဖြစ်ကြောင်း၊ ရဟန်းဘောင်သို့ မကြာခဏ ၀င်ခဲ့ဖူးပြီး ယခုအခါ အရပ်သားအဖြစ် နေထိုင်နေကြောင်း ရေးသားထားသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများအပြီးတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွါသွားခဲ့ကြောင်း ပြောသည်။

VBSW အဖွဲ့ကို ထင်မြင်ချက်ပေးရန်နှင့် အတည်ပြုရန် ဆက်သွယ်ရာ မရရှိဘဲ ယခင်ကလည်း ရန်ကုန်တွင် ဖြစ်ပွါးခဲ့သည့် အလားတူ ပေါက်ကွဲမှုများကို သူတို့ လက်ချက်ဖြစ်ကြောင်း ကြေညာဖူးသည်။

ထိုပေါက်ကွဲမှုများမှာ ဧပြီလက ရန်ကုန်မြို့လယ်ရှိ စားသောက်ဆိုင်တခုအနီး ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဇူလိုင်လအတွင်း ရွှေပြည်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးအတွင်း ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုတို့ ပါဝင်သည်။

ထိုအတောအတွင်း ပန်းဘဲတန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကို သောကြာနေ့က ဖုံးခေါ်ပြီး ခြိမ်းခြောက် ပြောဆိုခဲ့သူ တင်မြင့် ဆိုသူကိုလည်း ရဲက ဖမ်းဆီးခဲ့ကြောင်းဖြင့် အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖေါ်ပြသည်။

အဆိုပါ ကိုတင်မြင့်က ပန်းဘဲတန်းကြံ့ဖွံ့ရုံးနှင့် ရဲစခန်းတို့ကို ဖေါက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများမှာ အရင်ထက်ပို၍ ဖြစ်ပေါ်နေပြီး၊ စက်တင်ဘာလအတွင်း ဗုံး ၄ ကြိမ် ပေါက်ကွဲခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်လတွင် ဆရာဝန်နှင့် တွေ့ခွင့်ပြုမည်


Print E-mail
မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 21:22 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စစ်ဆေးရန်အတွက် သူ၏ မိသားစုဆရာဝန်နှင့် လာမည့် လဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံဦးမည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာတင်မျိုးဝင်းနှင့် နိုဝင်ဘာလဆန်းတွင် တွေ့ဆုံခွင့် ထပ်မံခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သူ ဆရာဝန်နဲ့ နိုဝင်ဘာလဆန်းမှ တွေ့ခွင့် ရပါလိမ့်မယ်။ ရှေ့နေနဲ့ တွေ့ခွင့်မရသေးပါဘူး။ တိုးတက်မှု မရှိသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆရာဝန်နှင့် နောက်ဆုံး တွေ့ခွင့်ရသည်မှာ အောက်တိုဘာ ၂ ရက်နေ့က ဖြစ်သည်။ ယခုအခါ အကျယ်ချုပ် ကျခံနေရသည့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အနီးမှ သံဆူးကြိုးများနှင့် စစ်ဆေးရေးဂိတ်များကို ဖယ်ရှားထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရခြင်း ဖြစ်သည်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ ရောက်ရှိ

ကိုစိုး | အောက်တိုဘာ ၂၈၊ ၂၀၀၈

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းသည် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့သို့ ယမန်နေ့က ရောက်ရှိနေ ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းကို မြောက်ကိုရီးယား ဒု နိုင်ငံခြားရေး ၀န်ကြီး ကင် ရန် အီးလ် က လေဆိပ်တွင် ကြိုဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ပတ် အီ ချွန်းက မြို့တော် ပြုံယမ်းရှိ မြို့တော်ခန်းမတွင် တွေ့ဆုံ နှုတ်ဆက်သည်ဟု မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းအေဂျင်စီက ဖော်ပြသည်။ အသေးစိတ် သတင်း အချက်အလက်ကိုမူ ဖော်ပြထား ခြင်းမရှိချေ။

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း
(ဓာတ်ပုံ - အေပီ)

ယခု ခရီးစဉ်သည် လွန်ခဲ့သော ၂၅ နှစ်အတွင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး တဦးအနေနှင့် ပထမ ဆုံးအကြိမ် ဖြစ်ကြောင်းလည်း သိရသည်။

ယင်း ၀န်ကြီး ဦးဥာဏ်ဝင်းသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် အာရှ-ဥရောပ (အာဆမ်)အစည်း အဝေး တက်ရောက်ပြီးနောက် ပြုံယမ်းသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း ရန်ကုန်ရှိ အစိုးရ တာဝန်ရှိသူတဦးကို ကိုးကား ၍ အေပီသတင်းကလည်း ရေးသားသည်။

မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင် ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် ကင်မင်ချူး အပါအ၀င် မြောက် ကိုရီးယား နိုင်ငံသား သုံးဦးက ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း အနှစ် ၂၀ ကျော် သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ သည်။

ယင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား သမ္မတ သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီးအဖွဲ့ဝင် ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံး၍ ကင်မင်ချူးကိုမူ မြန်မာ အစိုးရက အင်းစိန်ထောင်တွင် ထောင်ဒဏ် တသက် တကျွန်း ချမှတ်ခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ထိုကဲ့သို့ ၂ နိုင်ငံ သံတမန် ပုံမှန်ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေးသော နှစ်များ အတွင်း တိတ်တဆိတ်ဆက်ဆံရေးများပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် နှစ် ဧပြီလ အတွင်းတွင် တရားဝင် ပုံမှန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရသည် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့ကို စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံမှ လက်နက်ဝယ်ယူမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရတို့အကြားတွင် လက်နက်ဝယ်ယူရေး ကိစ္စများအပါအ၀င် ၂ ဘက် အပြန် အလှန် ဆက်ဆံရေးတိုးချဲ့နေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က လည်း ပြောသည်။

“မြောက် ကိုရီးယားနဲ့ မြန်မာအစိုးရကြားမှာ လက်နက်ဝယ်ယူရေး ကိစ္စတွေ အပါအ၀င် ၂ ဘက် အပြန်အလှန် ဆက်ဆံရေး တိုးချဲ့နေ တာလည်းရှိတယ်၊ ရန်ကုန် ဆိပ်ကမ်းကို မြောက်ကိုရီးယား စစ်သင်္ဘောတွေ ဆိုက်ပြီး တော့ အမြောက်ကြီးတွေ အပါအ၀င် လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေပေးပို့တဲ့ သာဓကတွေလည်း တွေ့ရတာရှိတယ် ဆိုတော့ အခု နိုင်ငံခြားရေး ၀န်ကြီး သွားတဲ့ ကိစ္စဟာ နောက်ကွယ်မှာ လက်နက်အရောင်း အ၀ယ် ကိစ္စတွေဆက်စပ်ကောင်း ဆက်စပ် မယ်လို့ ပြောလို့ ရပါတယ်” ဟု ဦးဌေးအောင်က ပြောဆိုသည်။

စစ်အစိုးရက တရုတ်၊ အိန္ဒိယနှင့် ရုရှနိုင်ငံများမှ မရရှိနိုင်သော လက်နက်ပစ္စည်းများကို မြောက်ကိုရီးယားမှ ၀ယ်ယူတင်သွင်း ရန် ကြိုးပမ်းနေကြောင်း၊ နျူကလီးယားနည်းပညာကို မြောက်ကိုရီးယားက ဈေးပေါပေါဖြင့် ရောင်းချလိမ့်မည်ဟု ယူဆရ ကြောင်း၊ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံသည် စီးပွားရေး အကြပ်အတည်းနှင့် ကြုံတွေ့နေရသည့် နိုင်ငံများဖြစ်ပြီး နိုင်ငံ တကာ၏ ပြစ်တင်ဝေဖန်မှုကို ခံနေကြရသောကြောင့် အပြန်အလှန် ထောက်ခံမှု ရှိမည်ဟု ထင်မြင်ကြောင်း ၎င်းက ဆက်ပြောသည်။

မြောက်ကိုရီးယားသမ္မတ ကင်အီဆွန်း လက်ထက်တွင် ပထမဆုံး မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဟောင်း ဖြစ်ခဲ့ဖူးသူ သခင်ချန်ထွန်းကလည်း မြန်မာနှင့် မြောက်ကိုရီးယား ၂ နိုင်ငံ စလုံးမှာ စီးပွားရေး ကြပ်တည်းနေသော နိုင်ငံများဖြစ်သည့်အတွက် ယခု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ ခရီးစဉ်သည် စီးပွားရေး အတွက် မဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ကိုယ့်နိုင်ငံကိုလာရောက်ပြီး ဒီလောက်စော်ကားထားတဲ့ နိုင်ငံအစိုးရကို အသိအမှတ်ပြုပြီး သံတမန်ရေး ပြန်ဆက်ဆံတာဟာ တော်ရုံကိစ္စတော့ မဟုတ်ပါဘူး၊ လက်နက်ကိစ္စ၊ နျူကလီးယားကိစ္စအတွက် အကူအညီ ရနိုင်ဖို့ သွားတယ်လို့ ဒီလိုပဲ ယူဆတယ်” ဟု သခင်ချန်ထွန်းကပြောသည်။

မကြာသေးခင်က မြောက်ကိုရီးယားသို့ အားကစား ၀န်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့် သွားရောက်ခဲ့ကြောင်း နှင့် ယခုနှစ် အစောပိုင်းက စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တချို့သည်လည်း အလည်အပတ် သွားရောက်ခဲ့သေး ကြောင်း သိရသည်။

လွန်ခဲ့သော စက်တင်ဘာလလယ်က ၂ နိုင်ငံ သံတမန် ဆက်ဆံရေးအတွက် ရန်ကုန်မြို့တော် ၀န် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် ပြုံယမ်းသို့ သွားရောက်ခဲ့ပြီး ယင်းမတိုင်မီ ဇူလိုင်လနှင့် သြဂုတ်လအတွင်း က တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးတင်အေးနှင့် လေကြောင်း ရန် ကာကွယ်ရေး အရာရှိ ချုပ် ဒု ဗိုလ်ချုပ်ကြီး မြင့်လှိုင်တို့ပါဝင်သော အဖွဲ့တဖွဲ့သည်လည်း မြောက်ကိုရီးယား သို့ သွားရောက်ခဲ့ ကြောင်း၊ လွန်ခဲ့သော ၃ လ အတွင်း မြောက်ကိုရီးယားသို့ အစိုးရအဆင့်ရှိ မြန်မာစစ်တပ်အရာရှိ အဖွဲ့ အနည်းဆုံး ၃ ဖွဲ့ သွားရောက်ခဲ့ကြောင်းတို့ကို အေးရှားတိုင်း သတင်းဌာနက အောက်တိုဘာလဆန်းတွင် ရေးသားထားသည်။

နိုင်ငံရေးသမားကြီးအချို့  ဟောင်ကောင်သွားမည်

NEJ/ ၂၈ အောက်တိုဘာ ၂၀၀၈

ရန်ကုန်မြို့ရှိ နိုင်ငံရေးသမားကြီး(၃)ဦးတို့ သည် ဟောင်ကောင်ရှိ တက္ကသိုလ်တခုတွင် မြန်မာ့အရေးဆွေးနွေး တင်ပြရန် လာမည့် ဒီဇင်ဘာလ၌ ဟောင်ကောင်သို့ သွားရောက်ရန်စီစဉ်နေကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ပြောပြသည်။

ထိုသို့သွားရောက်ရန် ဟောင်ကောင်မြို့တော်တက္ကသိုလ် အာရှနှင့်နိုင်ငံတကာလေ့လာရေးဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က စီစဉ်ခြင်းဖြစ်ပြီး ဖိတ်ကြားခံရသူများအနက် သခင်လှကွန်း၊ သခင် တင်မြနှင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးတို့ပါဝင်ကြောင်းနှင့် ရဲဘော်ချစ်လှိုင်မှာ မျက်စိမကောင်းသဖြင့် သွားနိုင်မည်မဟုတ်ကြောင်း သခင်လှကွန်းက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “ ဒီဇင်ဘာကျမှပါ။ ရက်လည်းမသိသေးဘူး။ ပထမအပတ်အကုန်လောက်ဖြစ်မယ်ထင်တယ်။ အခုကြိုး စားတုန်းပဲ။ ပတ်စ်ပို့တွေဘာတွေရအောင်၊ ဆွေးနွေးပွဲ ခေါင်းစဉ်တောင်မသိရသေးဘူး။ ကျော်ရင်လှိုင်လာတုန်းက ပြည့်ပြည့်စုံစုံပြောမသွားဘူး။ ဗမာပြည်အကြောင်းဆွေးနွေးကြမှာနဲ့တူပါတယ်။ ဗမာပြည်မှထွက်တဲ့ တချို့ဂျာနယ် တွေထဲမှာ ကျနော်တို့နဲ့ အင်တာဗျူးလုပ်လို့ပါသွားတာတွေ၊ တချို့ထင်မြင်ချက်လေးတွေပြောတာတွေကို တွေ့ပြီး တော့ခေါ်တာလို့ထင်ပါတယ်”ဟုပြောသည်။

မည်သည့် အကြောင်းအရာကိုဟောပြောရမည်ဆိုသည်ကို မစဉ်းစားရသေးကြောင်းနှင့် ပြောခွင့်ရမည်ဆိုပါက သခင်သိန်းဖေနှင့်ဝါရင့်နိုင်ငံရေးသမားကြီးများ၏ သူမနာကိုယ်မနာ ညီညွတ်ရေးငြိမ်းချမ်းရေးလမ်းစဉ်ကို ပြောပြလိုသည်ဟု သခင်လှကွန်း ကပြောသည်။

ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးကလည်း ဟောင်ကောင်သို့ သွားခွင့်ရပါက ၎င်းရေးသားဖြန့်ချိထားသည့် မပြိုကွဲသင့်သောပြည်ထောင်စုတည်ဆောက်ကြပါဆိုသည့် စာတမ်းကို အခြေခံ၍ ဟောပြောဆွေးနွေးမည်ဟု ခေတ်ပြိုင်သို့ပြောသည်။

သခင်တင်မြနှင့် သခင်လှကွန်းတို့သည် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့နှင့်လုံးဝသက်ဆိုင်မှုမရှိ ကြောင်း နှင့် ၎င်းတို့၏ဟောင်ကောင်ခရီးစဉ်နှင့်ပတ်သက်ပြီး ဝေဖန်ပြောကြားစရာမရှိကြောင်း သခင်သိန်းဖေခေါင်းဆောင် သည့် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ကပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင် က “ သူတို့က အဘတို့ထဲမှာမပါဘူး။ အမြင်တွေလဲမတူဘူး။ လုံးလုံးကွဲ တယ်။ ဒေါက်တာကျော်ရင်လှိုင်တို့ ရောဘတ်တေလာတို့ကလည်းသူတို့နဲ့ တပေါင်းတစည်းထဲပါ။ ဒီမိုကရေစီအင် အားစုတွေက အထူးသဖြင့် အန်အယ်လ်ဒီက တင်းမာနေလို့ ဒီမိုကရေစီမရတာလို့ အမြင်ရှိသူတွေပါ။ ဒီ အယူအဆကို ရှင်းရှင်း ပြောရရင် သခင်တင်မြတို့ သခင်လှကွန်းတို့က သဘောကျတာ။ အထူးသဖြင့် ဖွဲ့ စည်းပုံနဲ့ပတ်သက်ရင် မကြိုက်ဘူး။ ကြိုက်တယ်မပြောဘဲနဲ့ မရှိတာထက် ရှိတာကောင်းတယ်ဆိုတဲ့ အယူ အဆမျိုးရှိသူတွေပါ” ဟုပြောကြားသည်။

ရပ်ကွက်အာဏာပိုင်များက မမှန်မုန်တိုင်းသတိပေးချက်ထုတ်ပြန် ရန်ကုန်မြို့ခံများအထိတ်တလန့်ဖြစ်

NEJ/ ၂၈ အောက်တိုဘာ ၂၀၀၈

ရန်ကုန်တိုင်းအတွင်း နအဖစစ်အစိုးရ၏ မမှန် မုန်တိုင်းကြိုတင်သတိပေးချက်ကြောင့် ပြည်သူအများ ထိတ်လန့် စိုးရိမ်ခဲ့ကြသကဲ့သို့ စိတ်ဆိုးဒေါသထွက်နေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက် စနေနေ့ညနေနှင့် ညဘက်ပိုင်းတွင် ရန်ကုန်မြို့ဆင်ခြေဖုံး လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းတန်းစသည့် မြို့နယ်တို့တွင် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းတခု ၀င်စရာရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ သတိရှိရှိနေထိုင်ကြရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လှည်းတန်းတွင် နေထိုင်သူတဦးက “စနေနေ့ ညနေ (၆) နာရီခွဲလောက်က လမ်းထဲမှာ အသံချဲ့စက်နဲ့လှည့်ပြီးအော်တယ်။ နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းကြီးတခု ၀င်နိုင်တယ်၊ ဒါကြောင့် လိုအပ်သလို ပြင်ဆင်ထားဖို့ လိုက်ကြေညာတယ်လေ” ဟု ပြောသည်။

ထိုသို့ မြို့နယ်များအတွင်း မုန်တိုင်းသတိပေး နှိုးဆော်မှုများကြောင့် ရန်ကုန်ပတ်ဝန်းကျင်တွင် မုန်တိုင်းဝင်ရန် ရှိ မရှိ၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သည်။

တာဝန်ခံဖြေဆိုသူက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး မြောက်အရှေ့ယွန်းယွန်းသို့ ဆက်လက်ရွေ့ရှားနေကြောင်း၊ ထို့နောက် (၃၆) နာရီအတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည့်အကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် မုန်တိုင်းဝင်မည်ဆိုကာ အသံချဲ့စက်များနှင့် လိုက်လံကြေညာနေခြင်းသည် ၎င်းတို့မိုးလေ၀သဌာန၏ အကြောင်းကြားချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်သည့် မေးခွန်းများကို ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ဖြေကြားနေရကြောင်း၊ သက်ဆိုင်ရာမြို့နယ်အဆင့် အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ရပ်ကွက်အာဏာပိုင်များက လုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ဖြေကြားသူက ပြောသည်။

ရပ်ကွက်အာဏာပိုင်များ၏ ကြေညာချက်ကြောင့် ပြည်သူများမှာ နေအိမ်ခေါင်မိုးပြုပြင်ခြင်း၊ တန်ဖိုးကြီးပစ္စည်းများကို လုံခြုံသည့်အဆောက်အဦများဖြစ်သည့် ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနေအိမ်များသို့ ရွှေ့ပြောင်းခြင်း လုပ်ခဲ့ကြကြောင်း သိရသည်။

နောက်နေ့ တနင်္ဂနွေထုတ် အစိုးရသတင်းစာများတွင် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းသည် နောက် (၃၆) နာရီအတွင်း အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ် အနောက်ဘက်ကမ်းခြေကို ဖြတ်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည်၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးမည်၊ ကမ်းလွန်ပင်လယ်ပြင်တွင် တနာရီမိုင် (၄၀) နှုန်းခန့် လေတိုက်ခတ်နိုင်သည်ဟုသာ ဖော်ပြထားသောကြောင့် အာဏာပိုင်များ၏ ကြေညာချက်အရ စိုးရိမ်ပူပန်ခဲ့ကြသည့် ပြည်သူများက စိတ်ဆိုးဒေါသထွက်ကြကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ နာဂစ်မုန်တိုင်း မတိုင်မီကာလနှင့် မုန်တိုင်းပြီးကာလတွင် မိုးလေ၀သဦးစီးဌာန၏ ဆောင်ရွက်ချက်များကို သုတေသနပြုလုပ်နေသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုမှ နိုင်ငံခြားသားသုတေသီတဦးကမူ နအဖအာဏာပိုင်အဖွဲ့၏ ယန္တရားကို ထောက်ပြဝေဖန်သည်။

၎င်းက “ အစိုးရအာဏာပိုင်တွေက တကယ်မုန်တိုင်းဝင်မယ့် အခြေအနေဖြစ်ပေါ်ခဲ့တုန်းကတော့ ပြည်သူတွေကို တိတိကျကျ အသိပေးဖို့၊ လိုအပ်တဲ့ အကူအညီပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ အခု မြန်မာနိုင်ငံနဲ့ မပတ်သက်တဲ့ မိုးလေ၀သသတင်းကိုတော့ မလိုအပ်ဘဲ သတင်းမှားတွေ ပေးနေတယ်။ ဒါကြောင့် ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်ပြီး တကယ့်မုန်တိုင်း ၀င်ရောက်မယ့်အခြေအနေရှိရင် ယုံကြည်မှုမရှိတော့ဘဲ အသက်အိုးအိမ်တွေ ဆုံးရှုံးမှာ စိုးရိမ်ရတယ်” ဟု ပြောကြားသည်။

ဧရာဝတီတိုင်းမှာ စပါးဈေးကျ လယ်သမားများအခက်တွေ့

NEJ/ ၂၈ အောက်တိုဘာ

ဧရာဝတီတိုင်းအတွင်း မိုးစပါးပေါ်ကာစတွင် စပါးအသစ်ဈေးများ ကျဆင်းနေသောကြောင့် လယ်သမားများ အခက်ကြုံနေကြကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်၌ စပါးတင်း (၁၀၀) ပေါက်ဈေး ကျပ် (၃) သိန်းခန့်ရှိရာမှ ယခုနှစ်တွင် ကျပ် (၂) သိန်း (၆) သောင်းခန့်သာရှိကြောင်း ဧရာဝတီတိုင်း ၀ါးခယ်မမြို့မှ လယ်သမားတဦးက ပြောသည်။

၎င်းက “ကျနော့်လယ် အထွက်စောလို့ နှံကားအမျိုးအစား စပါးကို ကုန်သည်တွေဆီ စပ်ရောင်းတာ၊ ကုန်သည်တွေကရော ဆန်စက်တွေကပါ ဈေးပေးတာ အတော်နိမ့်နေတယ်။ ဒါကြောင့် ရောင်းလို့မဖြစ်သေးဘူး၊ တခြားလူတွေလည်း ဒီလိုပဲ” ဟု ပြောသည်။

မိုးစပါးအသစ်များ လက်ငင်းတွင် ဈေးနိမ့်နေသော်လည်း ပေါ်ဆန်းမွှေး ဆန်ကောင်းများမှာမူ ဆန်ဈေးရော စပါးဈေးပါ အလွန်မြင့်နေပြီး အိမ်အရောက်ပို့ သန့်စင်ပြီးပေါ်ဆန်းမွှေး တတင်းခွဲတအိတ်လျှင် ကျပ် (၄) သောင်း (၁) ထောင်ထိဈေးပေါက်နေကာ ပေါ်ဆန်းမွှေးစပါးကလည်း ဧရာဝတီတိုင်းမှာတင် ကျပ် (၇) သိန်းကျော် ပေါက်ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

ယခုကဲ့သို့ ဆန်ကြမ်းစပါးဈေး ကျဆင်းရခြင်းသည် မိုးကာလတလျှောက်လုံး ဧရာဝတီတိုင်းမှ ရေစိုဆန်ဝါများ ဈေးကွက်ထဲ အဆက်မပြတ်ဝင်ရောက်လာခြင်း၊ နာဂစ်လေဘေးကာလအတွင်း အဓိကပျက်စီးသည့်ဆန်များမှာ ပေါ်ဆန်းကဲ့သို့ ဆန်အကောင်းစားများဖြစ်ခြင်း၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ လေဘေးကူညီမှုအဖြစ် ဆန်များအိန္ဒိယနိုင်ငံမှ ၀ယ်ယူတင်သွင်းခြင်း စသည့်အချက်များကြောင့် ဖြစ်ကြောင်း ဆန်ကုန်သည်များက ရှင်းပြသည်။

ဆန်စပါးစိုက်ပျိုးရေးပညာရှင်တဦးက “ခုလို ဆန်ကြမ်းစပါးဈေးတွေကျပြီး လယ်သမားတွေ ထိုက်သင့်သလောက်မရရင် အကြွေးပတ်လည် ၀ိုင်းနေမယ်၊ စီးပွားရေးဘ၀ မတိုးတက်ဘူး။ နောက်နှစ်တခြားဟာ ပြောင်းစိုက်မယ်ဆိုတာမျိုး ဖြစ်လာမယ်။ လယ်ယာစီးပွားရေးထိခိုက်မှာ ဖြစ်သလို နိုင်ငံစီးပွားရေးကိုလည်း ထိခိုက်တာဖြစ်တယ်ဟု” ပြောသည်။

လောလောဆယ် ဆန်ကြမ်း မိုးစပါးဈေး အလွန်အမင်းကျဆင်းနေသော်လည်း လာမည့် (၂) လအတွင်း ဧရာဝတီတိုင်းမှ စပါးထွက်အခြေအနေကို ကြည့်ပြီးမှသာ စပါးဈေးအမှန်ကို သိနိုင်မည်ဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။

ယခုလနှောင်းပိုင်း ဧရာဝတီတိုင်း (၀ါးခယ်မ) စပါးပေါက်ဈေးမှာ

စပါးတင်း (၁၀၀) ဈေးနှုန်း
၁။ မိုးနှံကား စပါး (၂၆၀,၀၀၀) ကျပ်
၂။ နွေနှံကားဟောင်း (၃၀၀,၀၀၀) ကျပ်
၃။ နှံကားအဟောင်း (၃၂၀,၀၀၀) ကျပ်
၎။ ပေါ်ဆန်းဟောင်း (၇၁၀,၀၀၀) ကျပ်
၅။ မနော ဆန်ချောအဟောင်း (၅၆၀,၀၀၀) ကျပ်
၆။ ဧရာဝတီ ပေါ်ဆန်း (၆၅၀,၀၀၀) ကျပ်
၇။ ရွှေဝါယဉ်အဟောင်း (၆၆၀,၀၀၀) ကျပ်
၈။ ကောက်ကြီး (၄၃၀,၀၀၀) ကျပ်

စစ်အစိုးရက အခွန်ငွေတိုးရရှိရေးအတွက် ထီလက်မှတ် တန်ဖိုး ၂ ဆ မြှင့်တင်

ကြည်ဝေ | အောက်တိုဘာ ၂၇၊ ၂၀၀၈

စစ်အစိုးရ က အခွန်ငွေ ၂ ဆ တိုးရရှိရေးအတွက်၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်မည့် (၂၄၀ ) ကြိမ်မြောက် အောင်ဘာလေသိန်းဆု လက်မှတ်များကို တစောင်လျှင် ကျပ် ၁၀၀ အစား ကျပ် ၂၀၀ အဖြစ် တိုးမြှင့်လိုက် ကြောင်း သိရှိရသည်။

ထီလက်မှတ်ဈေးနှုန်းများတိုးမြင့်လိုက်သကဲ့သို့ အောင်ဘာလေ ထီဆုကိုလည်း ယခင် ကျပ် သိန်း ၅၀၀ အစား ကျပ် သိန်း ၁၀၀၀ ဆု၊ အနိမ့်ဆုံး ကျပ် ၂ သောင်းဆုအစား ကျပ် ၁ သိန်းဆု အဖြစ် ပြောင်းလဲသတ်မှတ်လိုက် ကြောင်း အစိုးရပိုင် သတင်းစာများတွင် ကြော်ငြာခဲ့သည်။

“လူတွေကို ထီထိုးခိုင်းတာဟာ အခွန်ကောက်တာနဲ့အတူတူပါပဲ၊ ခုလိုလုပ်လိုက်တာက ထီဈေးတက်လိုက်ပြီး ၀င်ငွေတိုးရှာ လိုက်တာပဲ”ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦးက သုံးသပ်ပြောဆိုသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အောင်ဘာလေ ထီရောင်းရ ငွေမှာ အစိုးရအသုံး စရိတ် နှင့်ဆိုင်သော ၀င်ငွေဖြစ်သောကြောင့် ယခုကဲ့သို့ထီလက်မှတ်ဈေး ၂ဆ တက်လိုက်ခြင်းအားဖြင့် အစိုးရ အနေ နှင့် ထိုအောင်ဘာလေထီမှ ရရှိမည့်ဝင်ငွေမှာ လစဉ် ၂ ဆတိုးလာမည်ဖြစ်ကြောင်း အဆိုပါ ပါမောက္ခက ဆိုသည်။

ပြည်တွင်းငွေဖောင်းပွလာခြင်းတို့ကြောင့်လည်း ထီလက်မှတ်ဈေးတက်ခြင်းနှင့် ဆုကြေးငွေ တိုးလာခြင်းတို့ဖြစ် ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားမှာ ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး၊ လူအများ ၀င်ငွေနည်းလျက်ရှိ သည်ကို တွေ့ရကြောင်း၊ ၄င်းတို့အနေနှင့် ထီထိုးခြင်းမှာ စားစရိတ်ထဲမှ ဖဲ့ပြီးထိုးရခြင်းဖြစ်သောကြောင့် ကုန်ထုတ် လုပ်မှုပိုင်းများ ကျဆင်းလာနိုင်ပြီး၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်လာမှာဖြစ်ကြောင်း၊ ယခုကဲ့သို့အစိုးရအနေနှင့် လောင်းကစား တမျိုးဖြစ်သော ထီဘက်သို့ လူအများအာရုံစိုက်အောင် ဆောင်ရွက်ခြင်းမှာ တိုင်းပြည် အတွက် မကောင်းကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခက သုံးသပ် ပြောဆိုသည်။

လက်ရှိပြည်တွင်းတွင် လစဉ်ဖွင့်လှစ်ပေးနေသော အစိုးရအောင်ဘာလေထီအပြင် နေ့စဉ် ထွက်နေသော တရား မ၀င် ၂ လုံးထီ၊ ၂ ပတ် တကြိမ် ထွက်နေသည့် တရားမ၀င် သုံးလုံးထီများနှင့် အခြားသောတရားမ၀င် လောင်း ကစားများလည်း အလွှာအသီးသီးတွင်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထိုကဲ့သို့လောင်းကစား များလာခြင်းမှာ လည်း တိုင်းပြည်စီးပွားရေး ကျဆင်းသည့် လက္ခဏာတခုပင်ဖြစ်ကြောင်း သူကဆိုသည်။

စစ်အစိုးရလက်ထက်တွင် အောင်ဘာလေထီလက်မှတ်ဈေးနှုန်းများကို ပြောင်းလဲခဲ့သည်မှာ ယခု အကြိမ်နှင့်ဆို လျှင် နှစ်၂၀ အတွင်း ၅ ကြိမ်မြောက်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။

ယခင်၂ ကျပ် တန်ထီ ကို ၁၉၈၈ ခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှ စပြီး ၅ ကျပ် အဖြစ်တိုးမြှင့်ခဲ့ပြီး အမြင့်ဆုံးဆုကို လည်း ကျပ် ၁ သိန်းမှ ကျပ် ၅ သိန်းတိုးမြှင့်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ပြောင်းလဲခြင်းမှာ ၁၉၉၁ ဧပြီလမှ စတင်ပြီး ၅ ကျပ်တန် ထီကို ၁၀ ကျပ်တန်ထီအဖြစ် ပြောင်းလဲခဲ့ပြီး ဆုငွေကိုလည်း အမြင့်ဆုံး ကျပ် ၅သိန်းမှ ကျပ် ၁၀ သိန်းအထိ ပြောင်းလဲခဲ့ကြောင်း၊ ၁၉၉၈ ဒီဇင်ဘာလတွင် တတိယ အကြိမ်မြောက် အဖြစ် ၁၀ ကျပ် တန်ထီ လက်မှတ်ကို ၅၀ ကျပ်တန်အဖြစ် ပြောင်းလဲလိုက် ပြီး အမြင့်ဆုံးဆုငွေကိုလည်း ကျပ် သိန်း ၃၀၀ အထိ ပြောင်းလဲ ခဲ့သည်။ လေးကြေိမ်မြောက်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လမှ စတင်ကာ ကျပ် ၅၀ တန်ထီလက်မှတ်ကို ကျပ် ၁၀၀ တန်ထီလက်မှတ်အဖြစ် ပြောင်းလဲခဲ့ပြီး ဆုငွေကိုလည်း ကျပ် သိန်း ၅၀၀ အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရ အနေနှင့် လစဉ် ထီရောင်းရငွေရ၏ ၄၀ ရာခိုင်နှုန်းကို အစိုးရဘဏ္ဍာငွေအဖြစ်သိမ်းယူပြီး ၆၀ ရာခိုင်နှုန်း ကိုသာ ထီဆုကြေးများအဖြစ် ထီထိုးသူများအား ခွဲဝေပေးနေခြင်းဖြစ်ကြောင်း ၊ ယခုကဲ့သို့ ထီလက်မှတ်ဈေး ၂ဆ မြှင့်ခြင်းအားဖြင့် အောင်ဘာလေထီမှ ၀င်ငွေ ၂ ဆတိုးသွားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ အငြိမ်းစား အရာရှိတဦးက ပြောဆိုသည်။

"အောင်ဘာလေသိန်းဆုဌာနက ၀င်တဲ့ဝင်ငွေက ကုန်သွယ်ခွန်၊ ၀င်ငွေခွန်တို့ပြီးရင် ရငွေပမာဏ အရ ဒုတိယ လိုက်တယ်”ဟု သူက ဆိုသည်။

အောင်ဘာလေထီ အက္ခရာတလုံးတွင် ထီစာအုပ်ရေ ၈၁၈၁၈ အုပ်ပါသည်ဟုသိရပြီး ထီ ၁ အုပ်တွင် ထီစောင်ရေ ၁၁ စောင် ပါကာ အက္ခရာ စုစုပေါင်း အလုံး ၃၀ ထုတ်သောကြောင့် စုစုပေါင်း ထီစောင်ရေမှာ ၂၆၉၉၉၉၄၀ စောင် ရိုက်ထုတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လစဉ် ဖွင့်လှစ်သော အောင်ဘာလေထီဆုများတွင် လာရောက်ထုတ်ယူခြင်းမရှိသော ဆုငွေများလည်း ရှိကြောင်း၊ ထိုဆုငွေပမာဏများသည်လည်း လစဉ် သိန်းရာနှင့်ချီပြီး ရှိနေကြောင်း၊ အဆိုပါ လာရောက်ထုတ် ယူခြင်းမရှိသော ဆုငွေ တွေကို တနှစ်စောင့်ပြီးမှ လာမထုတ်ပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနေခြင်းဖြစ် ကြောင်း အောင်ဘာလေသိန်းဆု ဌာနမှ သိရှိရသည်။

လက်ရှိအောင်ဘာလေ သိန်းဆုဌာနခွဲက ထီဝယ်လိုသူ မည်သူ့ကိုမဆို မြန်မာ့စီးပွားရေးဘဏ်တွင် PO (Payment Order) နှင့် ငွေကြိုပေးသွင်းပြီးဝယ်ရသော စနစ်နှင့် ၀ယ်ယူရခြင်းဖြစ်ပြီး တဦးလျှင် အနည်းဆုံးထီစာအုပ် ၁၀၀ မှ အများဆုံး၂ သောင်းအထိ လျှောက်ထားခွင့်ရှိကြောင်း အောင်ဘာလေသိန်းဆုဌနမှ တာဝန်ရှိသူ တဦးကပြော သည်။

အစိုးရအနေနဲ့ထီဆိုင်များက ၀ယ်ယူလျှောက်ထားသည့် PO ၏ ၆ ရာခိုင်နှုန်းသာလျှင် အများဆုံးရောင်းချပေး လေ့ ရှိကြောင်း ထီဆို်င်များက ပြောဆိုသည်။

ထီလက်မှတ် တစောင် အစိုးရထုတ်ဈေး ၂၀၀ ကျပ် ဆိုလျှင် အပြင်ပေါက်ဈေးနှင့် ထီဆိုင်များတွင် ထီတစောင်၏ တန်ဖိုးမှာ အနည်းဆုံး ၂၅၀ ကျပ်မှ ကျပ် ၃၀၀ နှင့် ရောင်းချကြရမှာဖြစ်ပြီး ထီအရောင်းဆိုင်ကြီးများမှ တဆင့်ပြန် ယူရောင်းကြရသော လက်တွန်းလှည်းနှင့် ထီရောင်းသူများ၊ လက်ပွေ့ထီအရောင်းသမားများမှာ ထီတ စောင်လျှင် အနည်းဆုံး ကျပ် ၃၀၀ နှင့်အထက် ရောင်းမှသာ ကိုက်မည်ဖြစ်သည်ဟု ထီအရောင်းဆိုင်ကြီးတဆိုင်မှ အရောင်း တာဝန်ခံ မန်နေဂျာ တဦးက ဆိုသည်။

၎င်းတို့ ထီဆိုင်အပါအ၀င် လက်ရှိ ထီဆိုင်အတော်များများမှာ ကိုယ့်ဆိုင်တွင် လက်ရှိအမြင့်ဆုံး ဆု သိန်း ၅၀၀ ပေါက်မဲပါဝင် ခဲ့ပါက ဆုပေါက်သူအား အပိုဆုကြေးအဖြစ် ဆိုင်မှ သိန်း ၅၀၀ ဆုကြေးပေးသော စနစ်ကို ကျင့်သုံး ကာ ရောင့်းအားမြှင့်တင် နေရခြင်းဖြစ်ကြောင်း၊၂၄၀ ကြိမ်မြောက်မှ စတင်မည့် သိန်း ၁၀၀၀ ပေါက်သူအား အပိုဆု ကြေးအဖြစ် မည်မျှပေးရမည်ကို မစဉ်းစားရသေးကြောင်း၊ လက်ရှိ နှုန်းထားအတိုင်း အပိုဆုကြေးကို ပေါက်ငွေ ပမာဏအတိုင်း ပေးနိုင်ရန်အတွက် ထီဆိုင် များအနေနှင့် ရောင်းအားရှိမရှိ မသေချာနိုင်သေးကြောင်း၊ လက်ရှိ ထီရောင်းအားအခြေအနေမှာ ယခင်နှစ်ကထက် ၃ ပုံ ၁ပုံခန့်အထိ ကျဆင်းနေကြောင်း သူက ဆိုသည်။

“အခု ထီလက်မှတ်ဈေးမြှင့်လိုက်တဲ့အတွက် ထီထိုးတဲ့သူတွေလည်း ထိုးအားကျသွားနိုင်တယ်၊ ပေါက်နိုင်တဲ့ ရာနှုန်းလည်း နည်းလာကြမယ်၊ ထီးရောင်းတဲ့ သူတွေမှာလည်း ငွေအဆများများရင်းနှီးမြှုပ်နှံဖို့အတွက် ငွေလို လာကြလိမ့်မယ်”ဟု ထီဆိုင်လုပ်ငန်းရှင် တဦးက ဆိုသည်။

ထီရောင်းချသူများအနေနှင့်ထီလက်မှတ်တန်ဖိုးငွေ တိုးလာသည့်အတွက် ယခင်ကထက် ငွေရင်းပမာဏများ လာပြီး ငွေအတိုးနှုန်းအနေနှင့်လည်း တန်ဖိုးပမာဏတခု တက်လာမှာဖြစ်ကြောင်း ထိုပမာာဏကို ထီထိုးသူ များကသာလျှင် ကျခံကြရခြင်းဖြစ်ကြောင်း သူက ပြောသည်။

ထီရောင်းအားကောင်းရန်အတွက် ထီဆိုင်များ အပြိုင်အဆိုင်ကြော်ငြာခြင်းနှင့် ထိုကြော်ငြာခတို့အတွက် ကုန်ကျ စရိတ် အသီးသီးကိုလည်း ထီင်္ဝယ်ထိုးသူများကသာ ကျခံနေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အစိုးရထုတ် ထီလက်မှတ်ဈေးနှုန်းမှာ တစောင်လျှင် ၁၀၀ ကျပ်ဖြစ်ပြီး ထီဆိုင်များ ရောင်းချသော လက်ရှိဈေးနှုန်းမှာ အက္ခရာနှင့် အတွဲပေါ်တွင် မူတည်ပြီး အနည်းဆုံးကျပ် ၁၅၀ ဈေးမှ ကျပ် ၂၅၀ ဈေးအထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

အနောက်နိုင်ငံများရှိ မြန်မာစစ်သံမှူးရုံးများကို ပိတ်တော့မည်

NEJ/၂၈ အောက်တိုဘာ ၂၀၀၈

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားငွေ ပြတ်လတ်နေသည့်အတွက် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို မကြာခင် ပိတ်တော့မည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

စစ်အစိုးရသည် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို ပိတ်ပြီး အာဆီယံနိုင်များဖြစ်သည့် စင်္ကာပူနှင့် ဗီယက်နမ် ၂ နိုင်ငံမှာသာ စစ်သံမှူးရုံး ဖွင့်တော့မည်ဟု ရန်ကုန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးကလည်း ပြောသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားငွေ ပြတ်လတ်နေသည့်အတွက် အိန္ဒိယနှင့် နီပေါနိုင်ငံများရှိ မြန်မာသံရုံးများ ပိတ်ရမည့်ကိန်းဆိုက်နေသည့် သတင်းများထွက်ပြီး မကြာခင် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကိုပိတ်ဖို့ စစ်အစိုးရမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းအပြီးတွင် နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်သူ ဆားဗီယားနိုင်ငံနှင့် အခြားနိုင်ငံများသို့သွားရောက်ပြီး ငွေချေးဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု စုံစမ်းသိရသည်။

သီတဂူဆရာတော်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်


Print E-mail
သဲသဲ
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 10:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဗုဒ္ဓဘာသာ သာသနာအကျိုး ဆောင်ရွက်သည့် ထင်ရှားသော ရှင်သူမြတ်များအား ပေးအပ်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တခုကို အိန္ဒိယနိုင်ငံ နာလန်ဒါ ဗုဒ္ဓတက္ကသိုလ်က သီတဂူဆရာတော် ဦးဉာဏိသရအား ယနေ့ ပေးအပ်ချီးမြှင့်လိုက်သည်။

နာလန်ဒါ ဗုဒ္ဓတက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာပက်တို့က သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ နှစ်ရှိ ဆရာတော် ဦးဉာဏိသရသို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

''ဒီဘွဲ့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ချီးမြှင့်တာလဲဆိုရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်တဲ့၊ နိုင်ငံတကာမှာလည်း သိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာပါ။ ဒီဘွဲ့ကို ပထမဆုံး ပေးတာပါ။ သီတဂူဆရာတော်ရယ်၊ ဗီယက်နမ်က ဆရာတော်တပါးရယ်နဲ့ ၂ ပါးကို ချီးမြှင့်တာပါ။ ဆရာတော်က ထေရ၀ါဒဗုဒ္ဓဘာသာ ဆရာတော်အဖြစ် ရပြီး၊ ဗီယက်နမ် ဆရာတော်ကတော့ မဟာယနဗုဒ္ဓဘာသာအဖြစ် ရတာပါ'' ဟု နာလန်ဒါတက္ကသိုလ်မှ စာသင်သား သံဃာတော်တပါးဖြစ်သူ ဦးဉာနောဘာသ က မဇ္ဈိမကို မိန့်ကြားသည်။

''သီတဂူဆရာတော် ဘုရားကြီးက နိုင်ငံတကာမှာ ဟောတယ်၊ ပြောတယ်။ အိန္ဒိယမှာ ရောက်နေတဲ့ စာသင်သား ရဟန်းတော်တွေကိုလည်း နှစ်စဉ် ဒေါ်လာ ၁၀၀ စီ လှူတယ်။ ပြည်တွင်းမှာလည်း သာသနာပြုပြီး လူတွေအကျိုးကို ဆောင်ရွက်နေတာဆိုတော့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီဘွဲ့ကို ပေးတာပါ'' ဟု သူက ထပ်ပြောသည်။

အခမ်းအနားတွင် သီတဂူဆရာတော်ကြီးက ထေရ၀ါဒနှင့်ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဟောကြားခဲ့သေးသည်။

သီတဂူဆရာတော်ကြီးအား အနီးကပ် ကူညီပေးနေသည့် အရှင် ဦးနန္ဒ၀ံသ ''ဒီဘွဲ့တံဆိပ် ဆပ်ကပ်ခံရတာနဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီး သဘောထားကတော့ နာလန်ဒါဆိုတာက တချိန်က ပညာအရာမှာ ဧဒင်္ဂ ရခဲ့တဲ့ ရှင်ဿာရိပုတ္တရာ ကိုယ်တော်မြတ် မွေးဖွားရာ နေရာဖြစ်တဲ့ ဒီလိုနေရာမှာ ဘွဲ့ယူရတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောသွားပါတယ်'' ဟု မိန့်ကြားသည်။

ဆရာတော်သည် မြန်မာနိင်ငံက ချီးမြှင့်သည့် အဂ္ဂမဟာပဏ္ဏိတ ဘွဲ့တံဆိပ်တော်ကို ရရှိပြီးဖြစ်သလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chulalongkorn တက္ကသိုလ်မှ ဒေါက်တာဘွဲ့ Ph.D, D.Lit တခုလည်း ရရှိခဲ့သေးသည်။

သီတဂူ ကုသိုလ်ဖြစ်ဆေးရုံ၊ နိုင်ငံတကာ သီတဂူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ရေလှူဒါန်းရေး စီမံကိန်းကို ထူထောင်ခဲ့သူအဖြစ် ဆရာတော်သည် ကျော်ကြားသည်။ ထို့အပြင် နိုင်ငံပေါင်း ၄၀ ကျော်သို့ လှည့်လည်ကာ ဗုဒ္ဓသာသနာ ပြန့်ပွားရေး ဟောကြားမှုများလည်း လုပ်ဆောင်ခဲ့သည်။

ယခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခကျရောက်ရာ ဧရာဝတီတိုင်းအတွင်း လိုက်လံကာ အကူအညီများ ပေးခဲ့သလို စာသင်ကျောင်း ၅၀ ကျော် ပြန်လည်တည်ဆောက်နိင်ရေး အလှူခံ ကြီးကြပ်ပေးနိုင်ခဲ့သည်။

ဆရာတော်ကြီးအား ပဲခူးတိုင်း သဲကုန်းမြို့တွင် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် ဇာတိကို အစွဲပြုကာ သဲကုန်းဆရာတော်အဖြစ်လည်း လူသိများသည်။

Monday, October 27, 2008

အပစ်အခတ်ရပ်အဖွဲ့များအတွက် မေးခွန်းတခု


Print E-mail
အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 17:57 - မြန်မာစံတော်ချိန်

စစ်အစိုးရအတွက် မပြီးပြတ်သေးသော လုပ်ငန်းတခုလည်း ဖြစ်သည့် ခေါင်းကိုက်စရာတခုမှာ အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး အဖွဲ့များအား လက်နက်ဖြုတ်သိမ်းကာ အလုံးစုံ ထိန်းချုပ်နိုင်ရေး ဖြစ်သည်။

ဒေသတွင်း နိုင်ငံရေး ပြောင်းလဲလာမှုနှင့် ရပ်တည်ရေးတို့ ထိန်းညှိနေရသည့် ငြိမ်းချမ်းရေး အဖွဲ့များတွင်လည်း အတွင်းလွန်ဆွဲမှုများ ပိုမို များပြားလာခဲ့သည်။

ကျေးလက်ဒေသမှ လက်နက်ကိုင် ပုန်ကန်နေသူများနှင့်သာ ရင်ဆိုင်နေရသည့် အခြေအနေမှ မြို့ပြဆန့်ကျင်မှု ကြီးထွားလာသော ၁၉၈၈ ခုနှစ်နှင့် နောက်ပိုင်းကာလတွင် ရန်မီးတဖက် ငြိမ်းစေရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင် ပစ်ခတ်ခဲ့ကြသူများနှင့် ယာယီ အပစ်ရပ်စဲရေး ပြုလုပ်ခဲ့ကြသည်။ တနည်းအားဖြင့်တော့ စစ်အုပ်ချုပ်ရေး တကျော့ပြန်ဝင်လာခဲ့၍ တန်ခိုးထွား စစ်ဗိုလ်ချုပ်ကြီးများ၏ အခွန်အကောက် ဝေစုမျှပေးခြင်းဖြင့် နှစ်သိမ့်ခဲ့ရသည်။

န၀တ-နအဖအတွက် မြို့ပြနေလက်နက်မဲ့ ပုန်ကန်သူများသည် အဓိကပစ်မှတ် ဖြစ်နေခဲ့သည်။

အကျိုးဆက်အဖြစ် အပစ်အခတ်ရပ် ခေါင်းဆောင်အချို့တွင် "တော်လှန်ရေး" ဆိုသည်မှာ ကွယ်ပျောက်ကုန်သော်လည်း ဒေသခံအများစုမှာ တနေ့ကောင်းနိုးနိုးနှင့် မျှော်ကိုးရင်း ပျက်သုန်းရမည့် အခြေအနေကို တွေ့ကြုံနေရသည်။

သေနတ်သံများမှာ နည်းပါးသွားသည် မှန်သော်လည်း တိုင်းရင်းသား လူနည်းစုများအတွက် ၀မ်းမီးပူလောင်မှု ပိုလို့ပင် များလာသေးသည်။ ထွက်ပေါက်အဖြစ် နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်များသို့ နောက်ဖေးပေါက်မှ တိုးဝင်ရောက်ကာ အိမ်ရှင်နိုင်ငံသားများ မလုပ်ချင်တော့သည့် အလုပ်များ သွားရောက်လုပ်ကိုင်ကာ အသက်ဆက်နေရခြင်း ဖြစ်သည်။

စစ်အစိုးရအတွက် ဖြစ်သည့်နည်းနှင့် အနိုင်ယူရန် သံဓိဌာန်ချထားသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် "ငြိမ်းအဖွဲ့" အချို့ကို သက်တမ်းတိုးပေးဖွယ် ရှိနေပေသည်။

သို့သော် စစ်အစိုးရအတွက် ဘုရားပြီး ငြမ်းဖျက်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ အချိန်ကာလကိုသာ ရွေးချယ် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ အချိန်ဆွဲကာ ခွဲထုတ်ခြင်းဖြင့် တစစ အင်အား ယုတ်လျော့လာရေး ဘောင်အတွင်းကသာ ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်သည်။

မေးခွန်းထုတ်စရာက ငြိမ်းအဖွဲ့များအနေဖြင့် အစဉ်အလာလိုပင် ဖြစ်နေသည့် တစုတဖွဲ့ အလိုက်သာ ထင်သလို ဖြေရှင်းမည်လား၊ အခြားသူများနှင့် ညှိနိုင်းကာ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင် အဖြေရှာနိုင်လာကြဖွယ်လား ဆိုသည်ပင် ဖြစ်ပေတော့သည်။