Friday, November 21, 2008

ကိုပြည့်ဖြိုးလှိုင်တို့အား နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့

ဖြိုးကြီး။ နိုဝင်ဘာ ၂၂၊ ၂၀၀၈

ယခုလ (၁၁) ရက်နေ့က ထောင်တွင်းတရားရုံးတွင် ထောင်ဒဏ်များ ချမှတ်ခံလိုက်ရသည့် ကျောင်းသားလူငယ်အချို့ကို နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည်။

ယမန်နေ့က ကိုပြည့်ဖြိုးလှိုင်အပါအဝင် (၇) ဦးတို့အား မိသားစုနှင့်ဝေးလံသည့် အကျဉ်းထောင် များသို့ ပို့ဆောင်လိုက်သည်။

ကိုပြည့်ဖြိုးလှိုင် ရခိုင်ပြည်နယ်(ဘူးသီးတောင်)၊ ကိုမြတ်လင်းထွဋ် ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး)၊ ကိုပြည့်ဖြိုးအောင် ကရင်ပြည်နယ်(ဘားအံ)၊ ကိုနေလင်းအောင် စစ်ကိုင်းတိုင်း (ကလေး)၊ ကိုသီဟအောင် ကယားပြည်နယ်(လွိုင်ကော်)၊ ကိုဖြိုးမောင်မောင်စိုး ရခိုင်ပြည်နယ် (ကျောက်ဖြူ) နှင့် ကိုအောင်မျိုးပိုင် တနင်္သာရီတိုင်း (ကော့သောင်း) ထောင်များသို့ အသီးသီး ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

“သီဟသက်ဇင်နဲ့ သိန်းဇော်တို့ကိုတော့ ထောင်ဒဏ်တွေ ထပ်တိုးထားတယ်၊ သူတို့ကိုတော့ လောလောဆယ် အင်းစိန်ထောင်ထဲမှာပဲ ထားသေးတယ်”ဟု ကိုပြည့်ဖြိုးလှိုင်၏ မိခင်က ပြောသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)မှ ကိုအောင်ဇော်ဦး (ပဲခူး)၊ ကိုမောင်ကံ (တောင်ကြီး)၊ ကိုကျော်စိုး (မြင်းခြံ)၊ ကိုအောင်မြင့် (မြောင်းမြ) ထောင်များသို့ အသီးသီး ပို့ဆောင်လိုက်ပြီး ကိုအောင်ဇော်ဦးအား ယမန်နေ့က အမှုများထပ်စစ်ရန်ရှိသဖြင့် အင်းစိန်သို့ ပြန်ခေါ်ထားသည်။

ထို့အပြင် တောင်ငူထောင်သို့ ပို့ဆောင်ထားသည့် ကိုဝင်းမော်အား အမှုများထပ်မံစစ်ဆေးရန် အတွက် အင်းစိန်ထောင်သို့ ပြန်ခေါ်ထားပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ်အနှစ် (၆၀) ထပ်တိုးလိုက်သဖြင့် စုစုပေါင်း (၁၂၄) နှစ်ဖြစ်သွားကြောင်း သိရသည်။


ဝေးလံခေါင်ဖျား ထောင်များသို့ ပို့ဆောင်ခြင်းကြောင့် မိသားစုအား အခက်တွေ့

မြင့်မောင်
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 22:26 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ဝေးလံခေါင်ဖျား ဒေသများရှိ ထောင်များသို့ အာဏာပိုင်များက ပြောင်းရွှေ့လိုက်သဖြင့် မိသားစုဝင်များအနေဖြင့် အခက်အခဲများ ကြုံတွေ့ရတော့မည်။

မြန်မာစစ်အစိုးရက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအား ယခုလ ဒုတိယပတ်အတွင်းမှ စတင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး၊ ယခုရက်ပိုင်းအတွင်း ဝေးလံခေါင်ဖျားဒေသရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည့်အတွက် အခက်အခဲဖြစ်ရကြောင်း မိသားစုဝင်များက ပြောဆိုခြင်းဖြစ်သည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်ထောင်ရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင်က "ဘယ်လို သွားရမယ်ဆိုတာကို မသိလို့ မြန်မာပြည်မြေပုံကို ကြည့်နေရတယ်။ ဘယ်လို သွားရမယ်ဆိုတာတောင် မသိသေးဘူး။ ဝေးလံတဲ့ ဒေသတွေကို အပြစ်မရှိတဲ့ လူတွေ ချုပ်ထားတဲ့အပြင် အပြစ်မဲ့တဲ့ မိသားစုကို ဒုက္ခ ရောက်အောင် လုပ်တာနဲ့ အတူတူပဲ" ဟု ပြောသည်။

သူက "လမ်းစရိတ်ကြီးပဲ ၁ သိန်းခွဲလောက် ကုန်မယ်။ တခေါက်ကို အနည်းဆုံး ၃ သိန်းလောက် ကုန်မယ်။ ရေရှည် ခံနိုင်မှု ရှိ၊ မရှိ၊ မိမိအနေနဲ့ ငွေကြေး ဖူလုံမှု ရှိ၊ မရှိကို အကုန်လုံး တွက်ချက်လုပ်ရမယ်" ဟု ဆက်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပို့ဆောင်လိုက်သည်ဟု သတင်းကြားသော်လည်း ယခုအချိန်ထိ ကျိုင်းတုံအကျဉ်းစခန်းသို့ မရောက်ရှိသေးကြောင်း ညီဖြစ်သူ ကိုအောင်အောင်ထွန်းက ပြောသည်။

သူက "ကျိုင်းတုံထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်၊ ကျိုင်းတုံကို လှမ်းစုံစမ်းတော့ မရောက်သေးဘူးတဲ့။ အခု ဘယ်ရောက်နေလဲတော့ မသိဘူး။ အခက်အခဲတွေ အများကြီး ရှိတယ်။ မြန်မာပြည်မြေပုံကို ကြည့်မယ်ဆိုရင် ဟိုဘက်ထိပ် ဒီဘက်ထိပ်ပေါ့။ တော်တော်ကို ဝေးတယ်။ သူ ဘယ်နေရာ ရောက်ရောက် သွားတွေ့ရမှာပဲ" ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီက ယမန်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ရာတွင် "ယခုလို ကျောင်းသားခေါင်းဆောင်များအား ပြစ်ဒဏ်ကြီးများ ချမှတ်ခြင်း၊ ၎င်းတို့၏ မိသားစုများနှင့် ဝေလံသော ဒေသများသို့ ထောင်ပြောင်းရွှေ့လိုက်ခြင်းသည် ကျောင်းသားလူငယ် ခေါင်းဆောင်များကို သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ ပြစ်ဒဏ်ပေးသလို ဖြစ်နေသည်" ဟု ရေးသား ဖော်ပြထားသည်။

ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက "ကျနော်တို့က ဆောင်ရွက်နိုင်စွမ်း မရှိပါဘူး။ အကူအညီ ပေးနိုင်တာက ရောက်သွားတဲ့ နေရာတွေမှာ မိတ်ဆွေ အပေါင်းအသင်းမရှိရင် ကျနော်တို့ ပါတီဝင်တွေက ကူညီတယ်" ဟု ပြောသည်။

ယင်းလုပ်ရပ်သည် ကာယကံရှင်များ၊ မိသားစုများနှင့် ဒီမိုကရေစီလှုပ်ရှားသူများအား စိုးရိမ်စေသည်သာမက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကို ပြေလည်အောင် ညှိုနိုင်းဖြေရှင်းပေးရမည့်အစား ပိုမိုခက်ခဲလာနိုင်စေသော သဘောကိုလည်း ဆောင်နေကြောင်းနှင့် ထိုမျှမက အနာဂတ် မြန်မာ့နိုင်ငံရေးလောက၏ မျိုးဆက်သစ် ခေါင်းဆောင်မှုအား ပိတ်ပင်တားဆီးဟန့်တားသည့် အဓိပ္ပာယ်မျိုးလည်း သက်ရောက်လျက်သည်ဟုလည်း အန်အယ်ဒီ ကြေညာချက်က ဆက်လက်ဖော်ပြထားသည်။

နှစ်ရှည် ထောင်ဒဏ်များချမှတ်ခံထားရသည့် သူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၃၀ ခန့်၊ အန်အယ်ဒီ အဖွဲ့ဝင် ၆၀ ကျော်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀ ကျော်ရှိကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

Dulac (Dumex step1) နို့မှုန့်ကို မယ်လမင်းကင်းကြောင်း ကြေညာ

သဲသဲ
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 22:23 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မယ်လမင်းဓာတ် ပါရှိသော နို့မှုန့်များစာရင်းတွင် ပါဝင်ခဲ့သော Dulac (Dumex step1) နို့မှုန့်ကို ယခုအခါ မယ်လမင်းကင်းရှင်းကြောင်း မြန်မာစစ်အစိုးရ သတင်းစာက ပြန်လည် ကြေညာသည်။

မယ်လမင်းဓာတ် ပါဝင်ကြောင်း စစ်ဆေး တွေ့ရှိသဖြင့် ပြီးခဲ့သည့် လဆန်းပိုင်းက ရောင်းချခွင့် တားမြစ်ခဲ့သည့် နို့မှုန့် ၁၆ မျိုးထဲတွင် ပါဝင်ခဲ့သော Dulac (Dumex step1) နို့မှုန့်အပါအ၀င် အခြား နို့နှင့် နို့ထွက်ပစ္စည်း ၈၂ မျိုးကို မယ်လမင်း ကင်းရှင်းကြောင်း ယနေ့ထုတ် စစ်အစိုးရက ပြန်လည် ကြေညာလိုက်ခြင်း ဖြစ်သည်။

"သတင်းစာထဲမှာ တကြိမ် စစ်ဆေးရုံနဲ့ မလုံလောက်ဘူးလို့ ရေးထားတာပဲ၊ ကျမတို့က ကိုယ့်ပစ္စည်းအပေါ်မှာ ယုံကြည်မှု ရှိပြီးသားလေ။ အခု လုံးဝ ကင်းရှင်းလို့ ကြေညာပေးတာပါ" ဟု Dulac (Dumex step1) နို့မှုန့် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

Dulac (Dumex step1) အား စင်္ကာပူနှင့် မလေးရှားနိုင်ငံမှ တင်သွင်းလာခြင်း ဖြစ်သည်။

တင်သွင်းစဉ်ကပင် ထိုနိုင်ငံများမှ ဘေးဥပါဒ် ကင်းရှင်းသည့် အထောက်အထားများကို သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြထားပြီးဖြစ်သဖြင့် ယခင် တားမြစ်ပိတ်ပင်ခံရမှုကို အလွန်ပင် အံ့သြသင့်ခဲ့ရကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။

မယ်လမင်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် Dulac (Dumex step1) နို့မှုန့်အား ရောင်းချခွင့် ပိတ်ပင်ကြောင်း ပြီးခဲ့သည့်လ ၉ ရက်နေ့ထုတ် သတင်းစာမှ ကြေညာခဲ့ပြီးနောက် ပစ္စည်းဝယ်ယူပြီးသူများအား အခြား ပစ္စည်းတခုခုနှင့် ပြန်လဲပေးရန် ကုမ္ပဏီက ပြုလုပ်ပေးခဲ့သည်။

ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသို့ တင်သွင်းသော နို့မှုန့် ၁၆ မျိုးအား မစားသုံးသင့်သည့် စာရင်းအဖြစ်ဖော်ပြခဲ့ပြီးနောက် အဆိုပါ နို့မှုန့်များ ဆက်လက်ရောင်းချခြင်း ရှိ၊ မရှိ ဈေးကွက်အတွင်း လိုက်လံစစ်ဆေး၊ သိမ်းဆည်းမှုများ လုပ်ခဲ့သည်။

ဤသို့ မယ်လမင်း ကင်းရှင်းကြောင်း ကြေငြာပေခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မြန်မာနိုင်ငံ ဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ဆက်သွယ်သော်လည်း ဖြေကြားမည့်သူ မရှိပေ။

တားမြစ် ၁၆ မျိုးအနက် Dulac (Dumex step1) နို့မှုန့်တမျိုးသာ မယ်လမင်း ကင်းရှင်းသည့် စာရင်းတွင် ယခုလို ပြန်လည် ဖော်ပြခံရခြင်းလည်း ဖြစ်သည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်ချမှတ်ခံရ

နန်းဒေ၀ီ
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 19:22 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ နာမည်ကျော် ဟာသသရုပ်ဆောင် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း တရားရုံးက ကိုဇာဂနာသည် အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်လိုက်သည်။

''ကျမအကိုအတွက် ဂုဏ်ယူပါတယ်။ နာဂစ် ကယ်ဆယ်ရေးလုပ်လို့ အဖမ်းခံရတာပါ။ အစိုးရက သူတို့လုပ်ချင်သလို လုပ်လိုက်တာပါ။ သူ့ကို အမိန့်ချတော့ အကိုက ရီစရာ ပြောသေးတယ်။ ကျနော့်ကို I (အိုင်) သုံးအိုင်နဲ့ ၄၅ နှစ် ချလိုက်တယ်တဲ့။ IT (သတင်းနည်းပညာ) ကို လေ့လာချင်လို့ Internet ကို သုံးလိုက်တာ Insein ထောင်ကို ရောက်သွားတယ်တဲ့'' ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

မိသားစုဝင်များက တရားရုံးအတွင်း ၀င်ရောက်ကြားနာခွင့် မရဘဲ၊ ထောင်ဗူးဝ၌သာ စောင့်နေရသော်လည်း ရှေ့နေဖြစ်သူ ဒေါ်ခင်ဌေးကြွယ် တဦးတည်းသာ ၀င်ရောက်ခွင့်ရခဲ့သည်။ ဒေါ်ခင်ဌေးကြွယ်သည် ယခုအမှုအတွက် ယခင်က ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့နှင့် တွဲဖက်ကာ အမှုကို လိုက်လံ အကျိုးဆောင်ခဲ့သူ ဖြစ်သည်။

ကျန်ရှိသည့် အမှု ၅ မှုအတွက် ယခုလ ၂၇ ရက်နေ့တွင် ဆက်လက်ကြားနာရန် တရားရုံးက အမိန့်ချမှတ်သည်။

အမှုအတွက် အယူခံဝင်ရေး၊ မ၀င်ရေးကိုမူ မိသားစုနှင့် ရှေ့နေမှ မဆုံးဖြတ်သေးဘဲ၊ တနင်္ဂနွေနေ့တွင် ကိုဇာဂနာထံ မိသားစုက ထောင်ဝင်စာ တွေ့ဖြစ်သည့်အခါ ဆွေးနွေးမည်ဟု သိရသည်။

အလားတူ အင်းစိန်ထောင် တရားရုံးကပင် ယနေ့တွင် နာဂစ် လေဘေး ဒုက္ခသည်များအား အကူအညီပေးခဲ့သူနှင့် ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေးနှင့် အမှုတွဲတူ ကိုသန့်ဇင်အောင်အား ထောင်ဒဏ် ၁၅ နှစ်စီနှင့် ကိုတင်မောင်အေး (ခ) ကိုဂတုံး အား ၂၉ နှစ် ထောင်ဒဏ်ချမှတ်ခဲ့သည်။

"ကိုဂတုံးက အပြီးသတ်ချလိုက်တာ ဒီနေ့။ အင်းစိန်ထောင် တရားရုံးကပေါ့။ ကျန်တဲ့သူတွေဖြစ်တဲ့ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင်တို့ကိုတော့ ဆက်ပြီး စစ်ဆေးသွားမယ်လို့ ပြောတယ်။ နောက်ထပ် နှစ်တွေ တိုးလာမယ့်သဘော ရှိတယ်" ဟု ကိုဇာဂနာ မိတ်ဆွေတဦးဖြစ်သည့် ကိုမင်းဆွေက ပြောသည်။

သူက "ကိုဂတုံးက ကိုဇာဂနာနဲ့ တအိမ်ထဲနေကြတာ။ ရိုက်ကွင်းတွေ ဘာတွေရှိရင် ခေါ်သွားလေ့ရှိတယ်။ ကိုသန့်ဇင်အောင်ကလည်း လုပ်ဖော်ဆောင်ဘက်တွေလို့ ပြောလို့ရတယ်" ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ဧရာဝတီတိုင်း နာဂစ်လေဘေးသင့်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်စဉ် ကိုဇာဂနာအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဟာသအနုပညာရှင် ကိုဇာဂနာက အာဏာပိုင်များအပေါ် ဟာသပြက်လုံးများထုတ်ကာ ပြောဆိုခဲ့သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို သူ၏ အနုပညာလုပ်ပိုင်ခွင့်များပါ ပိတ်ပင် တားမြစ်ခံခဲ့ရသည်။

လွတ်လပ်စွာ ထုတ်ဖော် ရေးသားသဖြင့် ခြိမ်းခြောက်ခံရ၊ အကျဉ်းကျခံရသည့် စာရေးဆရာများထဲတွင် ကိုဇာဂနာသည် ရဲစွမ်းသတ္တိနှင့် မှန်ကန်ဖြောင့်မတ်မှု ရှိသူတဦးဖြစ်သည်ဟုဆိုကာ ကနေဒါအခြေစိုက် PEN (Canada) အဖွဲ့မှ ၂၀၀၈ ခုနှစ်အတွက် 'One Humanity award' ဆုကို ချီးမြှင့်ခဲ့သည်။

ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ကျခံရမည်

သန်းထိုက်ဦး
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 17:26 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတခုက ယနေ့တွင် ထပ်တိုးထောင်ဒဏ် ၅၆ နှစ် ချမှတ်လိုက်သဖြင့် စုစုပေါင်း ကျခံရမည့် ထောင်ဒဏ်မှာ ၆၈ နှစ် ကျခံရတော့မည် ဖြစ်သည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှ စွဲဆိုထားသည့် အမှု ပုဒ်မ ၉ ခု၊ အလုံမြို့နယ်မှ စွဲဆိုထားသော ပုဒ်မ ၄ ခု စုစုပေါင်း ပုဒ်မ ၁၃ ခုဖြင့် ယခုလို ထောင်ချခံရခြင်း ဖြစ်ကြောင်း ဆရာတော်၏ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုလ ၁၉ ရက်နေ့ကလည်း အရှင် ဦးဂမ္ဘီရအား အင်းစိန်ထောင်းတွင်းရှိ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက သာသနာညှိုးနွမ်းစေသည့် ပြစ်မှု - ပုဒ်မ ၂၉၅ (က) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။

သူသည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

အလားတူ အင်းစိန်ထောင်တွင်း၌ပင် မန္တလေးတိုင်း သံဃတပ်ပေါင်းစုမှ အဖမ်းဆီးခံ အရှင် ဦးကေလာသကိုလည်း မတရားအသင်းပြစ်မှု ပုဒ်မများဖြင့် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရပြီးနောက် ယနေ့တွင် ပုဒ်မ ၂ ခုဖြင့် ထပ်တိုးထောင်ဒဏ် ၄ နှစ် ထပ်မံ အမိန့်ချလိုက်သည့်အတွက် စုစုပေါင်းထောင်ဒဏ် ၃၉ နှစ် ဖြစ်သွားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ပေးရန် စီတန်း လမ်းလျှောက်ကာ မေတ္တာသုတ် ရွတ်ဆိုကာ ဆန္ဒဖေါ်ထုတ်ပြသကြသော ရဟန်းတော်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓာတ်တိုင်တွင် ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ခဲ့ပြီးနောက် သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲများသည် တနိုင်ငံလုံးသို့ ပြန့်ပွားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများအား နေ့စဉ်ရက်ဆက် နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရအား တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည် ညိုနိုင်းဆောင်ရွက်ပေးပါရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယမန်နေ့က ကြေညာချက်ထုတ်၍ တိုက်တွန်းတောင်းဆိုခဲ့သည်။

ILO တိုင်ကြားသူ ၄ ဦးအပေါ် စစ်တပ်က စွဲဆိုချက်ပြောင်း

မြင့်မောင်
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 12:11 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ စစ်တပ်က လယ်ယာမြေသိမ်းသည်ကို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ဖူးသူ နတ်မောက်မြို့နယ်မှ တောင်သူ ၃ ဦးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် စစ်တပ်က ပြန်လည် တရားစွဲဆိုလိုက်သည်။

မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာငါးခုမှ ရွာသားများက သူတို့၏ လယ်ယာမြေများကို ဒေသရှိ ပင်မ စစ်လက်နက်တပ်က သိမ်းယူခဲ့သည်ဆိုပြီး အိုင်အယ်လ်အိုခေါ် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ တိုင်ကြားမှုဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ နတ်မောက်မြို့နယ် ငရဲကန် ကျေးရွာသားသုံးဦးကို ပင်မလက်နက်တပ်မှ ဗိုလ်ကြီး ဖြိုးဝေလင်းက တရားလိုလုပ်ကာ အီလက်ထရောနစ် အက်ဥပဒေကို ချိုးဖောက်သည်ဟု မြို့နယ်တရားရုံးတွင် စွဲချက်တင်လိုက်သည်။

"အခုတော့ ဒုက္ခတွေ ရောက်တော့တာပေါ့ဗျာ။ အခုတော့ ခြေဦးတည့်ရာ ပြေးနေရတယ်" ဟု အိုင်အယ်လ်အိုသို့ တိုင်ကြားမှုတွင် ပါဝင်ခဲ့သော တောင်သူ ဦးတင့်က မဇ္ဈိမကို ပြောသည်။

နတ်မောက်-မကွေး ရထားလမ်းအနီးရှိ ပင်မ စစ်လက်နက်တပ်က လယ်ဧက ၅ ထောင်ခန့်အား သိမ်းယူခဲ့သည်ဆိုကာ ငရဲကန်၊ ရွာသစ်၊ ညောင်ပေါက်အပါအ၀င် ကျေးရွာ ၅ ရွာမှ ရွာသား ၄၉ ဦးက အိုင်အယ်လ်အို ခေါ် အလုပ်သမား အဖွဲ့ချုပ်ထံသို့ သြဂုတ်လ ၃ ရက်နေ့က တိုင်ကြားခဲ့သည်။

"အီလက်ထရောနစ် အက်ဥပဒေကိုလည်း ကျနော်တို့ နားမလည်ဘူး။ သူတို့ပြောတဲ့ ဗီဒီယိုအက်ဆိုတာက ကျနော်တို့ ကျေးလက်ဒေသမှာ ရုပ်ရှင်မင်းသမီး၊ မင်းသားတွေရဲ့ ဇာတ်လမ်းကို နပ်မှန်အောင် ကြည့်ရတာမှ မဟုတ်တာ။" ဟု ဦးတင့်က ပြောသည်။

အီလက်ထရောနစ်အက်ဥပဒေသည် စစ်အစိုးရက သဘောကွဲလွဲသူ အချို့ကို စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်းအချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

တရားဆိုင်များသည် သတင်းအချက်အလက်များကို ပြည်ပသတင်းဌာနများသို့ အင်တာနက် အသုံးပြု ပေးပို့ခဲ့သည်ဟုလည်း တရားလိုဖြစ်သူ ဗိုလ်ကြီးဖြိုးဝေလင်းက စွပ်စွဲထားသည်။

ထင်ရှားသော ပြစ်ဒဏ်ချမှုတခုတွင် နိုဝင်ဘာ ၁၀ ရက်နေ့က ဘလော့ဂါတဦးဖြစ်သူ ကိုနေဘုန်းလတ်ကို ထောင်ဒဏ်အနှစ် ၂၀ ပြစ်ဒဏ် ချမှတ်ရာတွင် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်သည်ဟုလည်း ပါဝင်ခဲ့သည်။

အောက်တိုဘာ ၂၀ ရက်နေ့တွင် ငရဲကန် ကျေးရွာသားများဖြစ်သည့် ကိုလှစိုး၊ ကိုနေလင်းနှင့် ကိုစိန်စတင်းတို့ကို နတ်မောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နောက်ကိုးရက်အကြာတွင် ကိုဇော်ဌေးဆိုသူအား ထပ်မံ ဖမ်းဆီးလိုက်သည်။

ပင်မလက်နက်တပ်မှ ဗိုလ်ကြီး ဖြိုးဝေလင်းက နိုင်ငံတော် လျှို့ဝှက်ချက်ကို ဖော်ထုတ်မှု - ပုဒ်မ ၃၁ (က)၊ စစ်တပ် အဆောက်အဦအား မှတ်တမ်းတင်သည့်အမှု - ပုဒ်မ ၅၁ (က) နှင့် တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်မှုဖြင့် ပြောင်းလဲ စွဲဆိုခဲ့သည်။

၂၀၀၅ ခုနှစ်မှစ၍ ပင်မစစ်လက်နက်တပ်မှ ကြက်ဆူပင်စိုက်ပျိုးရန် လယ်မြေဧက ၅ ထောင်နီးပါးကို သိမ်းယူသွားခဲ့သည်ဟု တောင်သူများ၏ တိုင်တန်းမှုတွင် ပါရှိသည်။


Thursday, November 20, 2008

နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာသွားတွေ့ရာတွင် အခက်အခဲမျိုးစုံကြုံနေရ


ဖြိုးကြီး။ နိုဝင်ဘာ ၂၀၊ ၂၀၀၈

ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင်များအပေါ် ထောင်အာဏာပိုင်များက ရိုင်းပြစွာ ဆက်ဆံ သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည်။

ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံလိုက်ရပြီး နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သူ ကိုသူရိန်အောင်အား မိသားစုဝင်များက ထောင်ဝင်စာသွားတွေ့ရာတွင် စစ်တွေထောင်အာဏာ ပိုင်များက ရိုင်းပြစွာ ဆက်ဆံပြောဆိုလိုက်ပြီး စစ်တွေထောင်တွင်မရှိကြောင်း ပြောလိုက်သည် ဟု မိသားစုဝင်တဦးက ပြောသည်။

“အင်းစိန်ထောင်က ပြောလိုက်တဲ့အတိုင်း စစ်တွေထောင်ကို သွားစုံစမ်းတော့ ထောင်ဝန်ထမ်း တွေက ဒီစစ်တွေထောင်မှာ မရှိဘူးဆိုပြီး ငေါက်ငမ်းတယ်၊ ကြမ်းကြမ်းတမ်းတမ်းကို ပြောတာ၊ ကျမတို့က အင်းစိန်ထောင်က ပေးလိုက်တဲ့ စာကိုပြမှ ဘူးသီးတောင်ထောင်မှာ ရှိတယ်ဆိုပြီး ပြောတာ” ဟု မိသားစုဝင်တဦးက ပြောသည်။

မိသားစုဝင်များက ဘူးသီးတောင်ထောင်သို့ လိုက်သွားရာတွင် ကိုသူရိန်အောင်အား တွေ့ရှိခြင်း မရှိဘဲ ကိုကျော်မင်းကိုသာ တွေ့ခဲ့ရပြီး ထောင်အာဏာပိုင်များက ကျောက်ဖြူထောင်မှာရှိ ကြောင်း ပြောဆိုလိုက်သဖြင့် စစ်တွေသို့ပြန်လာပြီးမှ ကျောက်ဖြူသို့ ဆက်သွားရသည့်အတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည်ဟု ဆက်ပြောသည်။

“သူရိန်အောင်ဆိုတာ ဒီမှာ မရှိဘူး၊ ကျော်မင်းဆိုတာတော့ ရှိတယ်၊ ကျမတို့ကလဲ စစ်တွေ ထောင်က ပြောလိုက်တာက ဒီဘူးသီးတောင်ထောင်မှာလို့ ပြောတယ်ဆိုပြီး ဆက်မေးတော့မှ စာရင်းကိုပြန်ရှာကြည့်ပြီး ကျောက်ဖြူထောင်မှာလို့ ပြောတယ်၊ ကျမတို့လဲ တခါမှမရောက်ဖူး တော့ ခရီးသွားလာရေးက တော်တော်ခက်တာပေါ့၊ ဒါနဲ့ စစ်တွေကိုပြန်လာပြီးမှ ကျောက်ဖြူကို ဆက်သွားနဲ့ အရမ်း ဒုက္ခရောက်တာပေါ့၊ ခရီးစရိတ်လဲ ပြတ်၊ အဲလိုတွေဖြစ်တယ်”ဟု မိသားစုဝင် က ပြောသည်။

အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ယခုကဲ့သို့ နယ်အကျဉ်းထောင်များသို့ပို့ပြီး တနေရာမှ တနေရာသို့ ထပ်မံပြောင်းရွှေ့သည်ကို အတိအကျပြောဆိုခြင်း မရှိသည့်အပြင် ထောင်ဝန်ထမ်းများက ရိုင်းပြစွာ ဆက်ဆံမှုများကြောင့် ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင် များမှာ အခက်ခဲမျိုးစုံဖြင့် ရင်ဆိုင်နေရသည်။

“ဒီလို မိသားစုနဲ့ ဝေးလံတဲ့နေရာတွေကို ပြောင်းတာဟာ (၇) ရက်သားသမီးတွေကို တမင် ဒုက္ခ ရောက်အောင် လုပ်ကြတာ၊ ပြစ်မှုကလဲ ကြီးကြီးမားမားလဲမဟုတ်ဘူး၊ ဒီလိုလုပ်တဲ့သူတွေ တနေ့ တော့ ဝဋ်လည်ကြမှာပဲ၊ ကျမတို့သွားတွေ့ဖို့ဆိုတာ ငွေကြေးကအစ အခက်အခဲမျိုးစုံပဲ” ဟု ကိုသူရိန်အောင်၏ မိသားစုဝင်တဦးက ဆက်လက်ပြောဆိုခဲ့သည်။

ကိုသူရိန်အောင် အပါအဝင် (၆) ဦးတို့သည် ပြီးခဲ့နှစ်က မေဒေးနေ့အကြောင်း ဟောပြောခြင်း၊ အလုပ်သမားအခွင့်အရေးများ ဟောပြောခဲ့ခြင်းတို့ကြောင့် အာဏာပိုင်များက မတရားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းကို ခံခဲ့ရသူများဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပြုရန် လူငယ်များက စစ်အစိုးရထံ တင်ပြ

သန်းထိုက်ဦး
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 16:52 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ပါတီဝင် လူငယ်များက သွားရောက် ဂါရဝပြုလိုပါသဖြင့် ခွင့်ပြုပေးပါရန် စစ်အစိုးရကို စာဖြင့် တင်ပြ တောင်းဆိုလိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယမန်နေ့က စာတိုက်မှတဆင့် ပေးပို့သောစာတွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါရန် မေတ္တာရပ်ခံထားသည်။

စာကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ဗဟန်းမြို့နယ် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ တို့အားလည်း မိတ္တူပေးပို့ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ် မြို့နယ်စည်းအဖွဲ့ဝင် ဦးအေးသွင်က "ဥပဒေ ဘောင်အတွင်းက နေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံစံအတိုင်း ပြုမှု ဆောင်ရွက်ချက်ကို တဖက် နအဖ က နေပြီးတော့ ခွင့်ပြုလိမ့်မယ်လို့ သူတို့က ယုံကြည်ပြီးတော့ အခုလို ပြုလုပ်လိုက်တာပါ'' ဟု မဇ္ဈိမကို ပြောသည်။

"အခုလို ပို့လိုက်တဲ့ အကြောင်းကြားစာတွေကို တဖက် အာဏာပိုင်တွေကနေပြီးတော့ ပြန်လည်တုံ့ပြန်မှု မရှိဘူးဆိုရင် သူတို့ကိုယ်တိုင်က ဒါကို ခွင့်ပြုတယ်လို့ သတ်မှတ်ပြီးတော့ ခြံရှေ့ကို သွားပြီးတော့ ဂါရ၀ပြုမှာပါ။ တကယ်လို့ အဲဒါကို ခွင့်ပြုတယ်ဆိုရင်လည်း မိခင် ဒေါ်အောင်ဆန်းစုကြည်ကြီးကို ပြန်လွှတ်ပေးပြီးတော့ အန်အယ်လ်ဒီ ပါတီရုံးချုပ်ကို လာပြီး ဂါရ၀ ပြုမှုကို ခံယူခွင့် ပေးဖို့ အဲဒီလိုတောင်းဆိုလိုက်တာပါ" ဟု ပြောသည်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူကို တွေ့ဆုံမည့်အစီအစဉ်ကို ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် သဘောကွဲထွက်လာသည့် လူငယ်အချို့က ဦးစီးဆောင်ရွက်ခဲ့ကြသည်ဟု အတိုက်အခံလှုပ်ရှားသူများက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက မြန်မာ့ဓလေ့ဖြစ်နေသော်လည်း စစ်အစိုးရက ခွင့်ပြုမည့်လမ်းမမြင်ဟု ပြောသည်။

"အဲဒီလို အနေအထားမျိုးမှာ ခုနက လူငယ်တွေ လှုပ်ရှားမှုမျိုးကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားမှုမျိုးအနေနဲ့ ယူဆပြီးတော့ မြင်ပြီးတော့ ခွင့်ပြုမှာ မဟုတ်သလို တကယ်လို့ ခွင့်မပြုတဲ့အတွက် လူငယ်တွေက တုံ့ပြန်လာတယ်ဆိုရင်လည်း စစ်အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ သဘောရှိတယ် ကျနော် အဲဒီလိုပဲ မြင်တယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မေတ္တာရပ်ခံသည့်စာထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့မှ အရံအတားတွေကို ဖယ်ရှားပေးကာ ခြံဝန်းအတွင်းမှ အမှိုက်သရိုက်များကို စည်ပင်သာယာက ရှင်းထားပေးခြင်းအပေါ် ၀မ်းသာလျက်ရှိကြောင်း ပါရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ သံဆူးကြိုး အတားအဆီးများကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ဖယ်ရှားခဲ့သည်။


နောက်ထပ် GW အဖွဲ့ဝင် ၅ ဦး ထောင်ဒဏ် ၅ နှစ်စီချမှတ်

နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 19:49 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ Hip-Hop အဆိုတော်နှင့် Generation Wave – GW အဖွဲ့ဝင် ကိုဇေယျာသော် (ခ) ကျော်ကျော်နည်းတူ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ အခြား အဖွဲ့ဝင် ၅ ဦးလည်း ယနေ့တွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရသည်။

ယနေ့တွင် ကိုဇေယျာသော်အား တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့သလို၊ အခြား GW အဖွဲ့ဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဘို၊ ကိုသီဟ၀င်းတင်၊ ကိုဝေလင်းဖြိုးနှင့် ကိုရန်နိုင်သူတို့လည်း ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှပင် တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု စွဲချက်ဖြင့် ယနေ့နံနက်ပိုင်းက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

"ခံစားရတယ်။ အမည်မဖော်နိုင်အောင်ကို ခံစားရတယ်။ ငါးနှစ်ဆိုတာ ကျမတို့အတိုင်းတာအရ များပါတယ်။ သားက ME မပြီးသေးဘူးလေ။ ပညာရေးအတွက် အခွင့်အရေး ဆုံးရှုံးသွားတာပေါ့" ဟု တရားရုံးသို့ ကိုယ်တိုင် သွားရောက်ကြားနာခဲ့သူ ကိုအောင်ဇေဖြိုး၏ မိခင် ဒေါ်ကျင်စန်းက မဇ္ဈိမကို ပြောသည်။

ဖခင်ဖြစ်သူ ဦးဘိုခိုင်ကလည်း "အန်ကန်တို့တော့ အယူခံဝင်မယ်။ ဖြစ်နိုင်ရင် ဗဟိုအထိတက်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်သွားမယ်" ဟု ပြောသည်။

တရားရုံးက အမိန့်ချမှတ်ပြီးနောက် အင်းစိန်ထောင်ကားဖြင့် ကိုအောင်ဇေဖြိုးအား ခေါ်ထုတ်သွားစဉ် တရားခွင်တွင် လာရောက်၍ အမှုနားထောင်သည့် သွေးကြောကျဉ်းဝေဒနာ ခံစားနေရသူ မိခင်မှာ ရုတ်တရက် သတိလစ်သွားခဲ့ရာ ဗဟိုစည် ပုဂ္ဂလိကဆေးရုံတွင် ခေတ္တဆေးကုသမှု ခံယူခဲ့ရသည်။ ယခုအခါ ပြန်လည် သက်သာလာပြီ ဖြစ်သည်။

အာဏာပိုင်များမှ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု ပုဒ်မ ၆ ̸ ၈၈ ဖြင့် ကိုအောင်ဇေဖြိုးအား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း မိဘများအနေဖြင့် ၄င်းအဖွဲ့အစည်းနှင့် ပတ်သက်မှုရှိသည်ဟု မသိရှိခဲ့ရကြောင်း မိခင်ဖြစ်သူက ယခုလို ပြောဆိုသည်။

"သားက ကျောင်းတဖက်၊ ကားအရောင်းအ၀ယ်ကတဖက်၊ ME တက်ဖို့ဆိုပြီးတော့ အင်္ဂလိပ်စာကျူရှင် တက်နေတာ။ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ပတ်သက်နေခဲ့တာ မသိခဲ့ဘူး။ ဖမ်းပြီးတော့ ဗဟန်းရဲစခန်းကနေ လမ်းမတော်ကို ပြောင်းပြီး ဘာအမှုဆိုတာ ပြောပြမှပဲ ဒေါ်ဒေါ် သိခဲ့ရတယ်" ဟု မိခင် ဒေါ်ကျင်စန်းက ပြောသည်။

ကိုအောင်ဇေဖြိုးသည် အင်ဂျင်နီယာ မဟာဘွဲ့ပညာ ဆက်လက်ဆည်းပူးနေသည့် ကျောင်းသားဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် GW ခေါ် မျိုးဆက်သစ် လူငယ်များအစည်းအရုံးသည် ရွှေဝါရောင် တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် လူငယ်အဖွဲ့စည်းတခုဖြစ်ကာ စစ်အစိုးရအား ဆန့်ကျင်သည့် တေးသီချင်းများ ရေးစပ်ခြင်းဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းများဖြင့် လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။


ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ဒဏ် ၆ နှစ်ချမှတ်

နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 16:51 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ACID တေးဂီတအဖွဲ့မှ ဟစ်ဟော့အဆိုတော် ဇေယျာသော် အား ယနေ့တွင် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်သည်။

မြန်မာလူငယ်ထုအကြား ရေပန်းစားခဲ့သော ကိုဇေယျာသော် ခေါ် ကိုကျော်ကျော်အား နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် တရားမ၀င်အသင်း ဖွဲ့စည်းမှုတို့ဖြင့် စစ်အစိုးရက တရားလိုပြုလုပ်ကာ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"စရဖ (စက်ဘက်ရေးရာ လုံခြုံရေး) က ထွက်ဆိုတဲ့အတိုင်းပဲ။ ဒီနေ့ တရားရုံးက တရားသူကြီးတွေက အမိန့်ချလိုက်တာပါ။ နိုင်ငံခြားငွေ ကိုင်ဆောင်မှုက ၁ နှစ်နဲ့ တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှုက ၅ နှစ် ချလိုက်တာပါ။ ကျမတို့ဘက်က ဘာမှ ခုခံပိုင်ခွင့်တောင် မရှိပါဘူး" ဟု ကိုဇေယျာသော်၏ အဒေါ်ဖြစ်သူ ရှေ့နေ ဒေါ်ခင်သန်းဌေးက မဇ္ဈိမကို ပြောသည်။

"အနုပညာရှင် တယောက်ဖြစ်တော့ နိုင်ငံခြားမှာ ဖျော်ဖြေရေး အစီစဉ်တွေ သွားနေရတယ်။ နိုင်ငံခြားငွေတွေကို နဲနဲစုထားတာတွေ ပါတယ်လေ။ ထိုင်းဘတ် ၁၀၀ တန်တရွက်၊ မလေးရှား ရင်းဂစ် အကြွေတချို့နဲ့ စင်္ကာပူ ဒေါ်လာငွေ တွေ့တာ။ မြန်မာငွေ တသောင်းတောင် မကျော်ပါဘူး" ဟု သူမက ဆက်ပြောသည်။

ယခုနှစ် မတ်လ ၁၂ ရက်နေ့က ကိုဇေယျာသော်အား ရန်ကုန်တိုင်း ဆရာစံလမ်းနှင့် ၆၆ လမ်းကြားရှိ စားသောက်ဆိုင်တဆိုင်တွင် စရဖ က ဖမ်းဆီးခဲ့သည်။

အနုပညာရှင်တဦးအနေဖြင့် ယခုလို ထောင်ချခံရခြင်းအပေါ် ဂုဏ်ယူမိကြောင်း ဒေါ်ခင်သန်းဌေးက ယခုလို ဆက်ပြောသည်။

"ကျမအနေနဲ့ ဂုဏ်ယူတယ်။ သူက ခိုးဆိုးလုယက်လို့ ထောင်ဒဏ်ချမှတ်ခံရတာ မဟုတ်ဘူး။ အနုပညာတယောက်အနေနဲ့ အခုလို လုပ်တာ ကျမတို့ ဂုဏ်ယူပါတယ်" ဟု သူက ပြောသည်။

ကိုဇေယျာသော်သည် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave - GW) မှ အဖွဲ့ဝင်တဦးဟုဖြစ်သည်ဟု အဖွဲ့က ကြေညာထားသည်။

GW သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့ပြီး လူငယ်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် အတိုက်အခံလှုပ်ရှားမှုကို အရေးယူနိုင်သော ဥပဒေများ ပြဌာန်းထားရာ အဖွဲ့အစည်းဖွဲ့လျှင် အစိုးရထံ မှတ်ပုံတင်ခွင့်ပြုချက်တောင်းယူရသည်။ သို့သော် အာဏာပိုင်များကိုယ်တိုင်ဦးစီးလုပ်ဆောင်သော အဖွဲ့အစည်းများကလွဲလျှင် ပုဂ္ဂလိကနှင့် လူထုအခြေခံအဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။

စစ်အစိုးရဆန်ဆန့်ကျင်သည့် တေးသီချင်းများ GW က သီဆိုဖြန့်ဝေခဲ့ရာတွင် လျှို့ဝှက်အဖွဲ့အမည် Freedomfighter နှင့် တွဲဖက်လုပ်ဆောင်ခဲ့သည့် ''နိုးထကြလော့ အိုမြန်မာ"၊ မေလက ဆန္ဒခံယူပွဲအား ကန့်ကွက်ဆန္ဒမဲ ပေးရန် မြန်မာလူထုအား လှုံ့ဆော်သည့် ''NO NO NO'' သီချင်းတို့ ပါဝင်သည်။

GW အဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။


Wednesday, November 19, 2008

လက်နက်ကိုင်တိုက်ပွဲကြောင့် ကလေးအခွင့်အရေး ချိုးဖောက်ခံရ

ခွန်အောင်မြတ်

၁၉၊ နိုဝင်ဘာ၊ ၂၀၀၈

မြန်မာနိုင်ငံတွင် လက်နက်ကိုင် တိုက်ပွဲများအတွင်းကလေးအခွင့်အရေးများ ချိုးဖောက်ခံ နေရကြောင်းကို "အမေ့လျော့ခံ အနာဂါတ်များ" အမည်ဖြင့် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) (HREIB)က ယနေ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

ယင်းအစီရင်ခံစာတွင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ တွင် ပါရှိသည့် ကလေးများကို သတ်ဖြတ် မှု၊ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကလေးများ ကို စစ်သားအဖြစ် အသုံးချမှု စသည့် ကလေး အခွင့်အရေး ချိုးဖောက်မှု အချက် ၆ ချက်အား အဓိကထားပြီး စုံစမ်းဖော်ထုတ်ထားခြင်း ဖြစ်သည်။

ကလေးအခွင့်အရေး ချိုးဖောက်မှု အချက် ၆ ချက်သည် မြန်မာနိုင်ငံအတွင်းဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခ အတွင်းတွင် ကလေးသူငယ်များ ခံစားနေရပြီး ကလေးစစ်သား အသုံးပြုမှုမှာ ပိုမိုများပြားသည်ဟု HREIB ဒါရိုက် တာ ဦးအောင်မျိုးမင်းက ပြောသည်။

"ဘာဖြစ်လို့လဲဆိုတော့ အရင်ကတည်းက ကျနော်တို့ ကလေးစစ်သားအကြောင်းတွေကို စုံစမ်းထား တာရှိတယ်။ နောက် ကလေးစစ်သားတွေရဲ့ တင်ပြမှုကို ကျနော်တို့ စုဆောင်း ထားတော့ ဒီအ ကြောင်းအရာက ပိုပြီးတော့ များတယ်။ ဒါပေမယ့် တခြားအချက်မှာ ကြည့်မယ်ဆိုလို့ရှိရင်တော့ တခြားအချက်လည်း ချိုးဖောက်ခံထိတယ်။ အထူးသဖြင့် ကလေးတွေရဲ့ သတ်ဖြတ်မှုကို ကြည့်တဲ့ အခါမှာ အဲဒီမှာ ကလေးပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့တယ်ဆိုတာ တွေ့ရတယ်။ တချို့ကတော့ တိုက် ရိုက်သေဆုံးတယ်။ တချို့ကတော့ ဘယ်သူ ထောင်ထားမှန်းမသိတဲ့ မြေမြုပ်မိုင်းတွေရဲ့ ဒဏ်ကြောင့် သေဆုံးတာတွေ၊ ဒုက္ခိတတွေ ဖြစ်တဲ့ဟာတွေ တွေ့ရတဲ့အတွက် ဒီအချက်မှာ ဆိုလို့ရှိရင်လည်း များ တာပဲ။ "

ပြည်တွင်းစစ်တွင် ကလေးတွက် အကာအကွယ်မဲ့သဖြင့် မြန်မာစစ်အစိုးရက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လက်နက်သဖွယ် စနစ်တကျ ကျင့်သုံးမှုကြောင့် အသက်မပြည့် သေးသည့် အမျိုးသမီးအများစုမှာ လိင်ပိုင်းဆိုင်ာ စော်ကားမှုလည်း တွေ့ရှိရသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ကလေးငယ်များကို စစ်သားအဖြစ် ခေါ်ယူသိမ်းသွင်းနိုင်လျှင် ငွေကြေးရရှိသဖြင့် စီးပွားရေး လုပ်ငန်းတရပ်အဖြစ် အသုံးချမှုလည်း ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ဦးအောင်မျိုးမင်းက "တချို့ထွက်ပြေးလာတဲ့ ကလေးတွေကိုယ်တိုင်က သူတို့ကို လာရောင်း တဲ့သူက စစ်တပ်ကနေ သူတို့ကို ပြန်ပြီးတော့ ငွေကြေးပေးတယ်ဆိုတာကို တွေ့ရတယ်။ တကယ့်ကို စီးပွားရေး တရပ်အနေနဲ့ လုပ်လာတယ်။ နောက်တခါ တခု ကျနော်တို့ တွေ့ရတာက ဒါက သက်သေ အထောက်အထား ခိုင်လုံမ ရှိပါတယ်။ ဘာလဲဆိုတော့ တချို့က စစ်တပ်ထဲက ထွက်ချင်တယ်။ စစ်တပ်ထဲက ထွက်ချင်လို့ရှိရင် နှစ်ယောက်အစား ရှာပေးရတယ်။ ဒါမှ ထွက်လို့ရမယ်ဆိုတဲ့ စည်း ကမ်းချက်တွေက ရှိလာတော့ အဲဒါတွေ ကိုယ်တိုင်က စစ်တပ်ထဲက ထွက်ချင်တဲ့သူတွေက သား ကောင်ရှာတယ်။ သာမာန်အရွယ်ရောက်တဲ့ သူတွေကို သူတို့ထိန်းလို့မရတော့ ကလေးတွေကို ပစ်မှတ်ရှာရင်းနဲ့ နှစ်ယောက်ကို စတေးပြီး သူတယောက်ထွက်ဖို့ အတွက် လုပ်ောင်တဲ့ ပုံစံ။" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာစစ်အစိုးရအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့လည်း ကလေးအခွင့်အရေး ချိုးဖောက်မှု ကလေးစစ်သားအသုံးပြုမှု ရပ်တန့်ရန် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာက အရေးယူဆောင်ရွက် ရန် တာဝန်ရှိသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

"ဘာဖြစ်လို့လဲဆိုတော့ နအဖက နိုင်ငံတကာ စာချုပ်တွေကို လက်မှတ်ထိုးထားတယ်။ အစိုးရ ပေါ်လစီပြောင်းဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက အများကြီး တာဝန်ရှိတယ်။ ဒါကတော့ နအဖရဲ့ လုပ်ဆောင်မှုကို နိုင်ငံတကာသိအောင် ဖော်ထုတ်ပြီးတော့ အရေးယူ လုပ်ဆောင်မှု ဖြစ်ပါ တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ သူတို့ကတော့ အစိုးရလို နိုင်ငံတကာ စာချုပ်ထိုး ထားတာ မဟုတ်ဘူး။ ဒါပေမယ့် ကလေးအခွင့်ရေး ချိုးဖောက်မှုက ကလေးအခွင့်အရေး ချိုးဖောက်မှု ဖြစ်တဲ့အတွက် သူတို့မှာလည်း တစိပ်တပိုင်းအရ တာဝန်ရှိတယ်။"

ပြီးခဲ့မေလတွင် တိုက်ခတ်သွားသည့် နာဂစ်လေမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် မိဘမဲ့ ကလေးများပြားလာမှု ကြောင့် ကလေးအခွင့်အရေးချိုးဖောက်မှု၊ ကလေးရောင်းစားခံမှု၊ ကလေးစစ်သား ခေါ်ယူမှု ပိုမိုများပြားလာသည် ဟု သတင်းများထွက်ပေါ်လာပြီး ယင်းကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဟု က ပြောသည်။

အိုင်အယ်လ်အိုအဖွဲ့ ၏ ကူညီမှုဖြင့် ကလေးစစ်သားတဦး မိဘများထံပြန်ရောက် မြင့်မိုးဇော်/ ၁၉ နိုဝင်ဘာ ၂၀၀၈ line


မြင့်မိုးဇော်/ ၁၉ နိုဝင်ဘာ ၂၀၀၈


pakis

မြန်မာစစ်အစိုးရ၏ ဘားအံမြို့ အမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေးတပ်မှ ကလေးစစ်သား တဦးကို ရန်ကုန်နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ရုံး (အိုင်အယ်လ်အို) ၏ အကူအညီဖြင့် မကြာခင်က မိဘများထံသို့ ပြန်လည်အပ်နှံနိုင်ခဲ့ပြီး တပ်မှနုတ်ထွက်ခွင့်ရခဲ့သည်။

တပ်မှနုတ်ထွက်ခွင့် ရခဲ့သည့် ကလေးစစ်သားမှာ မောင်ရဲလင်းထက်ဖြစ်သည်။ ၎င်းသည် (၂၉-၇-၀၈) ရက်တွင် ကျောင်းတက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဖခင်ဖြစ်သူနှင့် စိတ်ဆိုးကာ နေအိမ်မှဆင်း၍ သူငယ်ချင်း (၃) ယောက်နှင့်အတူ ထွက်ခွာသွားခဲ့ ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မြင့်ကြွေမှ ခေတ်ပြိုင်သို့ ပြောပြသည်။

ထိုသို့ နေအိမ်မှထွက်သွားပြီး ရက်ပေါင်း (၂၀) ခန့် ကြာမှ မောင်ရဲလင်းထက် နှင့်အတူ လိုက်ပါသွားသော သူငယ်ချင်းနှစ်ယောက် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိလာပြီး မောင်ရဲလင်းထက်နှင့် သူငယ်ချင်းဖြစ်သူ သီဟဦးတို့ကို ရန်ကုန်ဘူတာကြီးမှာ စစ်သားတဦး က ခေါ်ဆောင်သွားကြောင်း လာရောက်ပြောကြားခဲ့သဖြင့် မောင်ရဲလင်းထက်အား စစ်တပ်သို့ အဓမ္မ ခေါ်ဆောင်သွားသည်ကို သိရှိခဲ့ရသည်ဟုလည်း ဒေါ်မြင့်ကြွေမှ ရှင်းပြခဲ့သည်။

မိခင် ဒေါ်မြင့်ကြွေသည် ယင်းသတင်းကို သိသိချင်း နောက်နေ့၌ပင် ရန်ကုန်ဘူတာကြီးသို့ လိုက်သွားပြီး မောင်ရဲလင်းထက်အား ခေါ်ဆောင်သွားသော စစ်သားကိုမေးမြန်းခဲ့ရာ ပထမတွင် သူမသိကြောင်း ငြင်းဆိုခဲ့သည်။ နောက်ပိုင်း ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသူ ကလေးငယ်တဦးက သက်သေ အထောက်အထားများဖြင့် ပြောဆိုမှ မောင်ရဲလင်းထက်တို့ (၂) ယောက်လုံး ကို ည (၂) နာရီ ရထားဖြင့် ဘားအံသို့ တပ်ကြပ်ကြီး ခင်မောင်ဆင့် ဆိုသူနှင့် ထည့်ပေးလိုက်ကြောင်းကို ပြောပြခဲ့သည်ဟု ဆိုသည်။

မောင်ရဲလင်းထက်မှာ လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းကျေးရွာ၊ အမှတ် (၆) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ သတ္တမတန်းကို တက်ရောက် သင်ကြားနေသူဖြစ်ပြီး ယခုကဲ့သို့ စစ်တပ်ထဲ ခေါ်ဆောင်သွားချိန်တွင် အသက် (၁၅) နှစ်သာရှိသေးသည်။

မိခင်ဖြစ်သူဒေါ်မြင့်ကြွေသည် သားရှိသည်ဆိုသော ဘားအံအမှတ် (၉) အခြေခံစစ်လေ့ကျင့် ရေးကျောင်းသို့လိုက်သွားပြီး သားဖြစ်သူကို ပြန်ခေါ်ရန်ကြိုးစားသော်လည်း အဆင်မပြေခဲ့ပေ။

၎င်းနောက် ရန်ကုန်မြို့ ကုန်သည်ကြီးများ Traders ဟိုတယ်တွင် ဖွင့်လှစ်ထားသည့် အိုင်အယ်လ်အိုရုံးသို့ အဖွဲ့ချုပ်ဝင် ကိုသန်းဇင်ဦး၏အကူအညီဖြင့် သွားရောက်တိုင်ကြားရာမှ အိုင်အယ်လ်အိုအဖွဲ့က လိုက်လံဆောင်ရွက်ပေးခဲ့သဖြင့် မောင်ရဲလင်းထက်အား အာဏာပိုင်များက တပ်မှနုတ်ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ယခုအခါ မောင်ရဲလင်းထက်မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သော်လည်း ၎င်းနှင့်အတူပါသွားသူ မောင်သီဟဦးမှာ ဘားအံရှိအမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေး ကျောင်းတွင် ကျန်ရစ်ခဲ့သည်ဟု စစ်တပ်မှပြန်လည်ရောက်ရှိလာသူ မောင်ရဲလင်းထက်က ပြောကြားခဲ့သည်။

နအဖစစ်အစိုးရသည့် အိုင်အယ်လ်အိုအဖွဲ့နှင့်ပူးပေါင်းကာ ကလေးစစ်သားများ
ပပျောက်ရေးကို ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ယနေ့တိုင်အောင်ပင် အဆိုပါမောင်ရဲ လင်းထက်ကဲ့သို့ ကလေးငယ်များ စစ်တပ်ထဲတွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

ဆေးကျောင်းသားများ စစ်အစိုးရပညာရေးစနစ်ကို မယုံကြည် ဘွဲ့မရမီ ဆေးကျောင်းမှ ထွက်သည့်နှုန်းများလာ

ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် တက်ရောက်နေသည့် ဆေးကျောင်းသားများ ကျောင်းမပြီး ခင် ကျောင်းမှထွက်သည့်နှုန်း များလာနေကြောင်း အဆိုပါကျောင်းမှ ကျောင်းသူ ကျောင်းသားများက ပြောသည်။

ကျောင်းသူတဦးက “ကျောင်းပြီးသွားရင်တောင် ဆရာဝန်လုပ်ခွင့်ရဖို့ အခက်အခဲတွေ အများကြီးရှိနေတာ သိလာရတယ်။ နောက် ကျောင်းက သင်ကြားရေးစနစ်ကလည်း မကောင်းဘူး၊ ဒီတော့ အပြင်ထွက်ပြီး နိုင်ငံခြား တက္ကသိုလ်တခုခုမှာ ကျောင်းသွားတက် နိုင်ရေးပဲ ကြိုးစားလာတဲ့ လူတွေ များလာတယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းသူက “ကျောင်းတကျောင်းလုံးအနေနဲ့ ကျောင်းမပြီး၊ ဘွဲ့မရဘဲ ကျောင်းမှ ထွက်ခွာသူ ဦးရေ ဘယ်လောက်များတယ်ဆိုတာ အတိအကျ မသိပေမယ့် ၎င်းနဲ့ နီးစပ်သူ တနှစ်တည်း သူငယ်ချင်းကတော့ (၆) ယောက် ရှိတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်ဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီးတဦးကို မေးမြန်းကြည့်ရာ ဘွဲ့မရခင် ကျောင်းထွက်မှုနှုန်းများလာခြင်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ပုံမှန်စနစ်အရ ဆေးတက္ကသိုလ်များမှ ကျောင်းပြီး၍ ဘွဲ့ရသွားသည့် ဆရာဝန်လောင်းများအနေဖြင့် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ် လုပ်ကိုင်ရကြောင်း၊ ပြီးမှ အလုပ်လျှောက်ထားရပြီး ဆေးကုသခွင့်လိုင်စင် ရကြကြောင်း အဆိုပါ အထူးကုဆရာဝန်ကြီးက ပြောပြသည်။

၎င်းကဆက်ပြောရာတွင် “လက်ရှိ အခြေအနေကြည့်ရင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ကုသရေး၊ သင်ကြားရေးနဲ့ ရုံးလုပ်ငန်းတွေမှာတောင် ဆရာဝန်တွေကို အလုပ်ခန့်နိုင်ခြင်း မရှိဘူး။ ဆရာဝန်လောင်းပေါင်းများစွာ အလုပ်ရဖို့ စောင့်ဆိုင်းနေရတယ်။ ဒီ ဆရာဝန်တွေဟာ အလုပ်သင်လည်း ဆက်လုပ်ခွင့် မရှိ၊ ဆရာဝန်အဖြစ်လည်း အလုပ်ခန့်မှု မရှိ၊ ဆေးကုသခွင့် လိုင်စင်လည်း မရှိတဲ့အတွက် ဒီအတိုင်း ထိုင်စောင့်နေရတဲ့ သဘောဖြစ်တယ်။ လောလောဆယ် ၂ဝဝ၆ ခုနှစ်မှာ ကျောင်းပြီးတဲ့ ဆရာဝန်တောင် ခုမှ အလုပ်လျှောက်နေရတယ်။ ဒီအခြေအနေကို သိနေ၊ မြင်နေတဲ့ ဆေးကျောင်းသား၊ ကျောင်းသူတွေဟာ အတန်းမပြီးခင် ကျောင်းက ထွက်တာ များလာတဲ့သဘောပါပဲ” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ နိုင်ငံခြားပညာရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးကလည်း ယခုနောက်ပိုင်း နိုင်ငံခြားတက္ကသိုလ်တက်ခွင့်ရရန် ကြိုးစားလာကြသူများထဲတွင် ဆေးကျောင်း တပိုင်းတစ တက်ခဲ့သူများ၊ အင်ဂျင်နီယာကျောင်း တပိုင်းတစ တက်ခဲ့သူ များကြောင်း ပြောပြသည်။

ယခုလက်ရှိ ဆေးတက္ကသိုလ် သင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါ အထူးကုဆရာဝန်ကြီးက ဆက်လက်ရှင်းပြရာတွင် သင်ကြားမှုများ ညံ့ဖျင်းလာကြောင်း၊ တက္ကသိုလ်တက်နေသည့် ဆေးကျောင်းသားများမှာ ကျောင်းတက်ရုံမက စာမေးပွဲအောင်ရန်အတွက် ကိုယ့်ကိုသင်သည့် ပါမောက္ခများထံတွင် မဖြစ်မနေ ကျူရှင်ယူရကြောင်း၊ ထို့အပြင် စာတတ်မြောက်လိုသူများ အတွက်ကတော့ အခြား နီးစပ်ရာ အထူးကုဆရာဝန်ကြီးများထံ သင်ကြားရသည်ဟု ဆိုသည်။

အဆိုပါအခြေအနေများသည် ရန်ကုန်ဆေးတက္ကသိုလ်များတွင် ကြုံတွေ့နေရသည့် အခြေအနေများဖြစ်သည်။ မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်သင်ယူနေကြသည့် ကျောင်းသူကျောင်းသားများအတွက် သင်ကြားရေးနှင့် လက်တွေ့ကွင်းဆင်းရေး အခြေအနေမှာ ပို၍ဆိုးနေသည်ဟု စုံစမ်းသိရသည်။

ထို့ကြောင့် နောက်ပိုင်း ဆေးတက္ကသိုလ်များမှ အောင်သည့် ဆရာဝန်ငယ်များမှာ အစောပိုင်း ဆရာဝန်များနှင့် နှိုင်းယှဉ်လျှင် အရည်အချင်း လျော့ကျလာကြောင်း အရိုးအထူးကု ဆရာဝန်ကြီးက ဝေဖန်ပြောဆိုသည်။

ကလေးစစ်သားအရေး နိုင်ငံတကာက ပိုမိုအာရုံစိုက်ရန် HREIB တောင်းဆို

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:23 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးစစ်သားများ အသုံးပြုနေမှုများ ရှိနေဆဲဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးများ ဖောက်ဖျက်နေခြင်းအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အာရုံစိုက် အရေးယူမှု အထူးလိုအပ်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုလိုက်သည်။

"မေ့လျော့ခံ အနာဂတ်များ" (Forgotten Future) အမည်ရှိ အစီရင်ခံစာအား ၂၀၀၇ ခုနှစ် အောက်တိုဘာလမှ ၂၀၀၈ခုနှစ် မတ်လအတွင်း မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်နယ်စပ်များနှင့် မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်း ဒုက္ခသည်စခန်းများတွင် သွားရောက်ကာ ကလေးစစ်သားပေါင်း ၁၁၉ ဦးနှင့် တွေ့ဆုံမေးမြန်းပြီး ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) HREIB က ပြုစုရေးသားကာ ယခုလို ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခကြားမှာ ရှိနေတဲ့ ကလေးတွေဟာ ပျော်ရွှင်မှု၊ ကျေနပ်အားရမှုတွေ မရှိပါဘူး။ ကလေးတွေရဲ့ ဘ၀ဟာ ကြည်နူးပျော်ရွှင် တက်ကြွလန်းဆန်းတဲ့ အခြေအနေမျိုး မရှိဘဲ ကြေကွဲဝမ်းနည်း နေကြပြီးတော့ အနာဂတ်မေ့ခံ ထိနေတဲ့ ကလေးအနေအထားနဲ့ ရပ်တည်နေတာ တကယ် စိတ်မကောင်းစရာပါ။ ဒါကြောင့် လူ့အခွင့်အရေး ဒီမိုကရေစီအရေး လုပ်နေသူတွေလည်း ကလေးတွေရဲ့ အခွင့်အရေး တိုးတက်ရေးတွေကိုလည်း ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်" ဟု HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

တွေ့ဆုံမေးမြန်းမှုများကို ကလေးစစ်သား မိဘများ၊ ကျောင်းဆရာ ဆရာမများ၊ အဖွဲ့အစည်းခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ အလုပ်သမားများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပါရှိသော ကလေးအခွင့်အရေး ချိုးဖောက်မှု ၆ ချက်ကို အဓိကထား၍ စုံစမ်းဖော်ထုတ် တင်ပြထားကြောင်း သိရသည်။

အဆိုပါအချက်များမှာ ကလေးများကို သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ဖမ်းဆီးမှု၊ စစ်သားအဖြစ် အသုံးချမှု၊ လူသားချင်း စာနာမှု အကူအညီများပေးခြင်းကို ငြင်းပယ်မှု၊ ကလေးများရှိနေသည့် ကျောင်းများ ဆေးရုံများတွင် တိုက်ခိုက်မှု စသည်တို့ဖြစ်သည်ဟု ဆိုသည်။

နအဖ စစ်တပ်အတွင်းတွင် ကလေးစစ်သားအသုံးပြုမှု ဦးရေ ၇ သောင်းကျော်ရှိပြီး တစထက်တစ တိုးလာသည် ဟု ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော အာရှလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

မြန်မာစစ်အစိုးရက ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ နအဖ စစ်တပ်အတွင်း ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ကြောင်း သတိပေးမှုများကို တစိုက်မတ်မတ် ငြင်းဆိုပယ်ချခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီတပ်မတော်၊ ကချင်ဒီမိုကရေစီသစ် တပ်မတော်၊ ချင်းအမျိုးသား တပ်မတော်နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့များကိုလည်း ကလေးစစ်သား အသုံးပြုမှုများ ရပ်တန့်ရန် လူ့အခွင့်အရေး ပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) မှ စည်းရုံး လှုံ့ဆော်နေကြောင်း သိရသည်။


ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို ၆ နှစ်ခွဲ ထောင်ဒဏ်ချ

သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:20 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်လူငယ် ကိုဒီငြိမ်းလင်းကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုဖြင့် စစ်အစိုးရက ယနေ့ထောင်ဒဏ် ၆ နှစ်ခွဲ ချမှတ်လိုက်သည်။

သာသနာကို အကြည်ညို ပျက်ပြားစေရန် လုပ်ဆောင်မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု စသည့် ပြစ်မှုများ အပါအ၀င် ပြစ်မှု ၄ ခုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသအဖွဲ့ဝင်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"အန်တီအနေနဲ့ မြင်ရတာပေါ့နော်။ အမျိုးသားရော၊ သားကိုရောပေါ့နော်၊ သားအဖ နှစ်ယောက်စလုံးအတွက် မတရားဘူးလို့ပဲ ထင်တယ်။ သူတို့စွဲထားတဲ့ ပုဒ်မတွေကပေါ့နော်။ အန်တီတို့အနေနဲ့ 'မတရားဘူး၊ မတရားဘူး' ခဏခဏပြောနေတာ။ အန်တီတို့လည်း ရှက်လှပါပြီ၊ လုပ်တာတွေက" ဟု မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ယခင်ခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ထွက်ပြေး တိမ်းရှောင်ရခြင်းတို့ကြောင့် မြေအောက် လှုပ်ရှားမှုဟန်ဖြင့် ရပ်တည်နေခဲ့သော ဗကသ ကို ပြန်လည်ဖွဲ့စည်းရာတွင် အသက် ၂၁ နှစ်အရွယ် ကိုဒီငြိမ်းလင်းလည်း ပါဝင်ခဲ့သည်။

ကိုဒီငြိမ်းလင်းအား အနောက်ပိုင်းခရိုင် တရားရုံးက စွဲဆိုထားသည့် ပုဒ်မနှစ်ခု ရှိသေးသလို၊ မနက်ဖြန်တွင် ဒဂုံမြို့နယ် တရားရုံးကလည်း အသင်းအဖွဲ့ ပုဒ်မတခုဖြင့် ထပ်မံ၍ စီရင်ချက်ချရန် ရှိသေးကြောင်း မိခင်ဖြစ်သူက ပြောသည်။

သူ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုဒီငြိမ်းလင်းမှာ ဗကသ အဖွဲ့ကို ပြန်ထူထောင်ပြီးနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုတွင် ပါဝင်ခဲ့သဖြင့် ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပါရမီတိုက်ခန်းတခု၌ အဖမ်းခံခဲ့ရသည်။


လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်း အသည်း ခွဲစိတ်ကုသ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 19:11 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်းသည် အကျဉ်းထောင်မှ လွတ်မြောက်ပြီး တလခွဲခန့်အကြာ၊ ယခုလ ၁၃ ရက်နေ့က စင်္ကာပူနိုင်ငံတွင် အသည်းခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အသက် ၇၁ နှစ်အရွယ် ဒေါက်တာသန်းငြိမ်းသည် အကျဉ်းထောင်မှ ပြန်လွတ်လာပြီးနောက် ယခုလ ၉ ရက်နေ့က စင်္ကာပူသို့ သွားရောက်ပြီး Singapore General ဆေးရုံ၌ အသည်းခွဲစိတ် ကုသခဲ့ရခြင်း ဖြစ်သည်။

"အသည်းကို အောက်ပိုင်း ဖြတ်ထုတ်လိုက်ရတာပါ။ လောလောဆယ်တော့ ကောင်းပါတယ်။ ဆရာဝန်ကလည်း အားရတယ်လို့ ပြောပါတယ်။ အခု အိမ်မှာပါ။ ဆေးရုံကတော့ ဆင်းပါပြီ" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်ဟုဆိုကာ မြန်မာစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အကျဉ်းသား ၉၀၀၂ ဦးအား အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ရာ ဒေါက်တာသန်းငြိမ်းလည်း လွတ်မြောက်လာခဲ့သည်။

သူနှင့်အတူ နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီ လွှတ်တော်အမတ်များ ဖြစ်သည့် ဒေါက်တာမေ၀င်းမြင့် (မရမ်းကုန်း)၊ ဦးအောင်စိုးမြင့် (တောင်ငူ)၊ ဦးခင်မောင်ဆွေ (စမ်းချောင်း)၊ ဦးအေးသိန်း (ပါတီအဖွဲ့ဝင်၊ သပိတ်ကျင်း)နှင့် ရခိုင်ပြည်နယ် အန်အယ်ဒီ အတွင်းရေးမှူး ဦးသိန်းနိုင်လည်း လွတ်မြောက်လာခဲ့သည်။

ဒေါက်တာသန်းငြိမ်းအား ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးကာ ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ အစည်းအဝေး လုပ်ဖြစ်ရန် စီစဉ်ပေးမှုကြောင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ အမြင်ကပ်ပုဒ်မဟု လူသိများသည့် ၁၀ (က) ဖြင့် သက်တမ်းတိုးကာ ဆက်လက် ထိန်းသိမ်းခဲ့သည်။

ပြန်လွတ်လာသည့် အန်အယ်ဒီ အဖွဲ့ဝင်များအား ပါတီတည်ထောင်မှု နှစ် ၂၀ ပြည့်နေ့ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မူလပေးအပ်ထားသည့် တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပါတီက အပ်နှင်းခံရသူများထဲတွင် ဒေါက်တာသန်းငြိမ်းလည်း ပါဝင်သည်။

အိုင်ဗင်ဟိုးလုပ်ငန်းများ နောက်လတွင် ပြန်စဖွယ်ရှိ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 18:24 - မြန်မာစံတော်ချိန်


မုံရွာ (မဇ္ဈိမ) ။ ။ မုံရွာမြို့တွင် ကြေးနီတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ အိုင်ဗင်ဟိုးအနေဖြင့် လအနည်းငယ် အလုပ်ရပ်ဆိုင်းထားရာမှ လာမည့်လတွင် ပြန်လည် စတင်နိုင်ဖွယ်ရှိသည်ဟု ကုမ္ပဏီ သတင်းရပ်ကွက်က ပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့အနီးရှိ ကြေးစင်တောင်နှင့် စံပယ်တောင်တို့တွင် အမှတ် ၁ သတ္ထုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာအိုင်ဗင်ဟိုးသည် ဖောက်ခွဲရေးလုပ်ငန်းသုံး ယမ်းနှင့် ဓာတ်တုပစ္စည်းအချို့ မလုံလောက်သဖြင့် သြဂုတ်လကတည်းက လုပ်ငန်းများ ရပ်ဆိုင်းထားရာမှ လာမည့်လတွင် ပြန်လည်၍ လုပ်ငန်းများ စတင်ရန် ပြောဆိုခြင်း ဖြစ်သည်။

"ယမ်းတွေက အလုံလောက် မရှိတော့လို့၊ နောက် သန့်စင်ဖို့သုံးတဲ့ ဓာတုပစ္စည်းတွေက မလုံလောက်တော့လို့ ခဏ ရပ်ထားတာပါ။ ၅ လ နားထားပါတယ်။ အခု မှာထားတာတွေ ရလာပြီဆိုတော့ ပြန်စတော့မှာပါ။ ဒီဇင်ဘာလအတွင်း ပြန်စဖို့ မှန်းထားပါတယ်" ဟု မြန်မာအိုင်ဗင်ဟိုးမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

လုပ်ငန်းများ ရပ်နားထားချိန်တွင် ကြေးနီတူးဖော်ရေး လုပ်ကွက်မှ ၀န်ထမ်းများကို လစာငွေအဖြစ် ၅ လစာပေးကာ အလုပ်နားစေခဲ့သည်။

ကြေးနီ အများအပြား ထွက်ရှိရာ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီတူးဖော်ရေး လုပ်ငန်းများကို ၁၉၉၂ ခုနှစ်ကတည်းက လုပ်ကိုင်နေခြင်း ဖြစ်သည်။

(ပြည်တွင်းမှ မဇ္ဈိမ သတင်းထောက်မှ ပေးပို့၍ ဇာနည် ဖြည့်စွက်ရေးသားသည်။)

Tuesday, November 18, 2008

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိ

ဘုန်းခိုင်။ နိုဝင်ဘာ ၁၈၊ ၂၀၀၇

စာပေလွတ်လပ်ခွင့်များဆုံးရှုံးနေပြီး မိသားစုဘဝ လုံခြုံရေးကို ထိပါးနှောင့်ယှက်နေမှုများ ရှိနေသဖြင့် စာရေးဆရာမ နှင်းပန်းအိမ် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်။

နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာတွေ့ရန် အကူအညီများပေးနေသည့် ဆရာမ နှင်းပန်းအိမ်ကို စစ်အစိုးရအာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် ဖိအားပေး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် မိသားစုဘဝလုံခြုံမရှိတော့သဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ကျမခင်ပွန်းက နိုင်ငံရေးကိစ္စတခုနဲ့ ရှောင်တိမ်းနေရတယ်၊ အဲဒီဟာက ကျမတို့အပေါ် ဂယက် ရိုက်တယ်၊ ကျမက ယောင်္ကျားထောင်က လွတ်တဲ့အထိ အခြားထောင်ဝင်စာသမားတွေကို လိုက်တွေ့ပေးတုန်း၊ ဘူးသီးတောင်၊ မိုင်းဆတ်၊ ကလေး၊ မြစ်ကြီးနားထောင်တွေ သွားကူညီပေး တာ၊ အဲဒါ (SB)တွေက ကျမကို မေးမြန်းစစ်ဆေးတာတွေ လုပ်တယ်၊ အခုယောင်္ကျားက ကိစ္စ တခု ထပ်ဖြစ်နေတော့ ကျမတို့ နေဖို့အခက်အခဲဖြစ်လာတယ်”ဟု ဆရာမ နှင်းပန်းအိမ်က ပြော သည်။

ဆရာမနှင်းပန်းအိမ်၏ အမျိုးသားဖြစ်သူမှာ ဒဂုံမြို့သစ် အန်အယ်ဒီလူငယ် အဖွဲ့ချုပ်ဝင်တဦး ဖြစ်၍ ၁၉၉၈ ခုနှစ်တွင် ထောင် (၁၄) နှစ်ချမှတ်ခံရကာ ကလေးထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အာဏာပိုင်များနှောင့်ယှက်မှုများနှင့် ပတ်သက်၍ “ကျမမွေးတဲ့မြေ၊
တသက်လုံးနေလာတဲ့ မြေ ကနေ ဘယ်ခွဲချင်ပါ့မလဲ၊ သူတို့က ကျမတို့ကို ဖိအားတွေပေးတယ်၊ ဒီလိုကူညီတာတွေကို စိတ်အနှောင့်အယှက်မျိုးစုံ ပေးတယ်၊ ကားနဲ့သွားရင် ကားနံပါတ်ကအစ စစ်ဆေးတယ်၊ ယောင်္ကျားလွတ်နေပြီ ခင်ဗျားက ဘာကိစ္စနဲ့ လုပ်နေတာလဲ အဲလိုတွေ နည်းမျိုးစုံနဲ့ နှောင့်ယှက် တာ၊ မတွေ့ပြန်ရင်လဲ အိမ်ကိုလာမေးတယ်၊ ဘယ်ကိုသွားတာလဲ၊ ဘာကိစ္စနဲ့လဲ အဲလိုတွေ နေ့စဉ် နဲ့အမျှ ရင်ဆိုင်ရတယ်”ဟု ဆရာမ နှင်းပန်းအိမ်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စာပေလွတ်လပ်မှုနှင့်ပတ်သက်၍ စာပေသမားတိုင်းသည် အနုပညာ မြောက်အောင် ရေးသားနိုင်ဖို့ထက် စာပေစီစစ်ရေးကိုလွတ်အောင် ရေးသားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျမတို့ စာပေသမားတွေက ဆင်းရဲတာကို ခံနိုင်တယ်၊ ပြည်သူတွေဖြစ်ပျက်နေတာကို အမှန် တိုင်း ရေးချင်တယ်၊ ကျမရေးခဲ့တဲ့အထဲမှာ စာပေစီစစ်ရေးက ဖျက်တာ (၁၅) ပုဒ်လောက် ခံခဲ့ရ တယ်၊ နောက်တခုက ကျမတို့စာကြောင်းတွေ ဖြုတ်ခံရတာရှိတယ်၊ ကိုယ်ပေးချင်တဲ့အတွေးကို သူတို့ဖြုတ်လိုက်ပြီဆို တပုဒ်လုံးက အဓိပ္ပါယ်မရှိတော့ဘူးလို့ လူထုအမေမာက ပြောခဲ့ဖူးတယ်” ဟု ဆရာမ နှင်းပန်းအိမ်က ပြောသည်။

ဆရာမ နှင်းပန်းအိမ်သည် အမေလူထုဒေါ်အမာ၏ အားပေးမှုကြောင့် ခရီးသွားဆောင်းပါးများ ဖြင့် ၂၀၀၀ ခုနှစ်မှစတင်ကာ စာပေနယ်ထဲသို့ရောက်ရှိခဲ့ပြီး “တမာပန်းနှင့် ဘဝလမ်း” ဆောင်းပါး ဖြင့် လူသိများလာသူ ဖြစ်သည်။

ယခုအချိန်ထိ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို ၂၀၀ ခန့် ရေးသားခဲ့ပြီး တော်ဘုရားလေးစာပေ ဆု၊ ဂျပန်မှ စာဖတ်သူတဦးပေးသည့် ကျနော်အကြိုက်ဆုံးဆုနှင့် ပြီးခဲ့သည့်လ (၂၆) ရက်နေ့က “ရိုးချောင်းဘေးက ကြာ” ခေါင်းစဉ်ဖြင့် နေမင်းအားမာန်အဖွဲ့မှပေးသည့် ဝတ္ထုတိုဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်သည်။

သံဃာ့လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် စွဲချက်ဖြင့် သံဃာ (၂) ပါးအား ထောင်ဒဏ်ချမှတ်

ရိုးမ ၃။ နိုဝင်ဘာ ၁၈၊ ၂၀၀၈

ပြီးခဲ့သည့်နှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် စွဲချက်များဖြင့် သံဃာ (၂) ပါးအား ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ယမန်နေ့ ညနေပိုင်းတွင် ဗဟန်းမြို့နယ်တရားရုံးက ဦးစန္ဒာသီရိအား ပုဒ်မ (၅) ခုဖြင့် ထောင် ဒဏ် (၁၁) နှစ်၊ ဦးပဏ္ဍိတအား ပုဒ်မ (၄) ခုဖြင့် ထောင် (၉) နှစ် ချမှတ်လိုက်သည်။

ဦးစန္ဒာသီရိအား ပုဒ်မ(၁၄၅)၊ (၁၄၇)၊ (၁၅၂)၊ (၂၉၅-က)၊ (၅၀၅-ခ) တို့ဖြင့် စွဲဆိုခြင်းဖြစ်ပြီး ဦးပဏ္ဍိတအား ပုဒ်မ (၁၄၅)၊ (၁၄၇)၊ (၁၅၂)၊ (၂၉၅-က) တို့ဖြင့် အမိန့်ချလိုက်ခြင်းဖြစ်သည်။

အဆိုပါသံဃာ (၂) ပါးကို တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ပုံများမှာ အမှုတွဲများဖြင့် စီရင်ခြင်း မဟုတ်ဘဲ ရဲစစ်ချက်ဖြင့်သာ ကြားနာစီရင်အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်ရှေ့နေ ဦးသန်းဇော်က ပြောသည်။

“သူတို့ကိုချလိုက်တာက အမှုတွဲပါရင် ကျနော်ပြောလို့ရတယ်၊ အမှုတွဲမပါတော့ ရဲထွက်ချက်တွေ ကို ရုံးမှာ ထွက်တယ်၊ တချို့ (ရယက)တွေကျတော့ ဒီလှုပ်ရှားမှုကို မမြင်ဘူး၊ ဗဟန်းမြို့နယ် တဝိုက်က ထောက်လှမ်းရေး ရဲအရာရှိတွေကျတော့ သူတို့ထွက်လာတော့ ဒီဟာကို မြင်တယ် ဆိုတဲ့အကြောင်းကို ထွက်ဆိုပြီး အမိန့်ချလိုက်တာ”ဟု ဦးသန်းဇော်က ပြောသည်။

ဦးပဏ္ဍိတသည် ကုန်းတလဘောင်ရွာမှဖြစ်ပြီး ဦးစန္ဒာသီရိမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ရွှေသိမ် ဓမ္မသိင်္ဂီကျောင်းတိုက်မှ ဖြစ်သည်။

အာဏာပိုင်များဘက်မှ အဆိုပါသံဃာ (၂) ပါးကို ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအပြီးတွင် ဖမ်းဆီး ခဲ့ပြီး လပေါင်းများစွာ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထား၍ ယခုကဲ့သို့ အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

အမေရိကန်ကျောက်မျက်ဥပဒေကြောင့် ကျောက်ကုန်သည်ကြီးများပါ ထိခိုက်နိုင်

ကိုဝိုင်း/ ၁၈ နိုဝင်ဘာ ၂၀၀၈

မြန်မာကျောက်မျက်ရတနာများကို ပိတ်ဆို့အရေးယူသော အမေရိကန်အစိုးရ၏ နည်းလမ်းသည် ရည်ရွယ်ထားသည့်အတိုင်း ထိရောက်မှုမရှိကြောင်း ဘန်ကောက်ကျောက်မျက်ရတနာပြပွဲများဆိုင်ရာ အုပ်ချုပ်ရေးမှူး Somchai Phorchindarak က Financial Times သတင်းစာသို့ ပြောသည်။

အဆိုပါ ပိတ်ဆို့မှုကြောင့် ကျောက်တူးဖော်သူ၊ ကျောက်ကောက်သူနှင့် ကျောက်သွေးသမားများကိုသာ ထိခိုက်စေပြီး လက်ကြီး သမား ကျောက်ကုန်သည်များကို ထိခိုက်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

အောက်ခြေအလုပ်သမားများသာ ထိခိုက်သည်ဟု မစ္စတာ Somchai ပြောကြားချက် မည်မျှမှန်ကန်မှုရှိသည်ကို သိရှိနိုင်ရန် ကျောက်ကုန်သည်ပွဲစားများနှင့်နီးစပ်သူ တရုတ်-မြန်မာနယ်စပ်အခြေစိုက် ကချင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်တာဝန်ခံ ဦးအောင်ဝါကို ခေတ်ပြိုင်ကမေးခဲ့ရာ ပထမအဆင့်အနေဖြင့် အောက်ခြေအလုပ်သမားများကို ထိခိုက်သည်မှာ မှန်ကန်သော်လည်း ရေရှည်တွင် ကုန်သည်ကြီးများလည်း ထိခိုက်လာမည်ဟု ကျောက်စိမ်းဈေးကွက်ကို ဥပမာပေး၍ ၎င်းကပြောသည်။

ဦးအောင်ဝါက “ပထမအဆင့်မှာတော့ grassroots မှာလုပ်စားနေတဲ့ ပွဲစားတို့၊ ကျောက်သွေးတာတို့၊ ကျောက်ကောက်တဲ့ လက်လုပ်လက်စားတွေ ထိပါတယ်။ ဒါပေမယ့် ရေရှည်မှာကျတော့ ကုန်သည်တွေရော ထိလာမှာပါ။ အခုတောင်မှ လက်ကြီးသမားလောက်ပဲကျန်တော့တယ်။ ကျောက်စိမ်းဆိုတာလည်း တချို့တလေကျမှ ကျောက်အကောင်းတွေ ထွက်တယ်လေ။ ရေရှည်ကျရင် ကုန်ကျစရိတ်က များလာမယ်။ ကျောက်အရောင်းအ၀ယ်တွေပါးလာမယ်။ တရုတ်ပြည်မှာလည်း ကျောက်ကောင်းတဲ့ဟာတွေ လောက်ပဲဝယ်နေတယ်” ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ကျောက်ကုမ္ပဏီများသည် မြန်မာမူးယစ်ရာဇာများနှင့် ဆက်စပ်မှုများရှိနေသဖြင့် အမေရိကန်က အဆိုပါ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မှုများ မကြာသေးမီက ပြုလုပ်ခဲ့ခြင်းသည်လည်း ကျောက်လုပ်ငန်းကို တစုံတရာ ရိုက်ခတ်မည်ဖြစ်ကြောင်း ဦးအောင်ဝါက ထောက်ပြသည်။

၎င်းက “အခု ကျောက်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေကလည်း မူးယစ်ရာဇာတွေ၊ စစ်အုပ်စုတွေနဲ့ ဆက်နွှယ်နေတာတွေရှိတယ်။ ဆို တော့ ထိမှာပါ။ ကျောက်မျက်တွေဟာ ရန်ကုန် အရောင်းပြခန်းကနေတဆင့် သွားတာရှိတယ်။ တိုက်ရိုက်သွားတာရှိတယ်။ ဒီဟာ တွေက မူးယစ်ဆေးကရတဲ့ ငွေအရင်းအနှီးတွေကို သုံးတာတွေလည်းရှိတယ်။ မူးယစ်ရာဇာတွေကိုလည်း ငွေပိတ်တယ်ဆိုတော့ တဖြည်းဖြည်းထိလာမှာပါ” ဟု ပြောသည်။

ထို့အပြင် “အခုက ချက်ချင်းတော့ ထိဖို့ခက်တာပေါ့။ ဖားကန့်ဘက်မှာလည်း ကျောက်လုပ်ငန်း နည်းလာပြီ။ တရုတ်ဘက်လည်း နည်းလာပြီ။ ရွှေလုပ်ငန်းပိုင်ရှင်တွေ၊ သစ်လုပ်ငန်းပိုင်ရှင်တွေ၊ ကျောက်မျက်တင်မကဘူး တခြား သတ္တုမိုင်းလုပ်ငန်းကုမ္ပဏီတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းပိုင်ရှင်တွေ ဒါတွေက ဆက်စပ်ပြီးမှ ဖြစ်နေတာကိုး။ အနောက်နိုင်ငံက ပိတ်တဲ့အတွက် ငွေတွေက တဖြည်းဖြည်းနဲ့ ခက်လာမယ် ထင်တယ်လေ။ အခု သစ်တွေလည်း လုပ်ငန်းတွေ လျော့လာတယ်။ ဘာလို့လည်းဆိုတော့ သစ်လုပ်ငန်းသူဌေးတွေက ကျောက်တွေဝယ်ပြီးမှ သိမ်းထားတာတွေ ရှိတယ်လေ။ ကျောက်စိမ်းတွေ၊ ပတ္တမြားတွေ ဆက်စပ်နေတယ် အကုန်လုံးက” ဟု ဦးအောင်ဝါက ဆက်ပြောသည်။

အမေရိကန်သို့ မြန်မာ့ကျောက်မျက်တင်သွင်းမှုကို ပိတ်ပင်ရေးဥပဒေ အသက်ဝင်လာစေရန် ယခုနှစ် ဇူလိုင် (၃၀) တွင် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင် များနှင့် လက်အောက်အရာရှိများပိုင်ဆိုင် (သို့) ထိန်းချုပ်ထားသော ကျောက်မျက်ကုမ္ပဏီများအပါအ၀င် ကုမ္ပဏီ (၁၀) ခုကို ဘဏ္ဍာရေးအရ ပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ကို မူးယစ်ဆေးအဖွဲ့အဖြစ် အမေရိကန် သတ်မှတ်ပြီး ၎င်းအဖွဲ့မှ ထိပ်တန်းတပ်မှူးဖြစ်သည့် ဝေရှောက်ခန်၊ ၎င်း၏ညီများဖြစ်သော ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် စစ်ဦးစီးချုပ်ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန်တို့အပါအ၀င် ၎င်းတို့နှင့် စီးပွားရေးအရ၊ ငွေကြေးအရ အဆက်အစပ်ရှိ သော လူပုဂ္ဂိုလ် (၂၀) ကျော်နှင့် ကုမ္ပဏီ (၁၇) ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဖြစ်ကြောင်း ယခုလ (၁၃) ရက်က ထုတ်ပြန် ခဲ့သည်။

စားအုန်းဆီမှ ဦးပိုင် အမြတ်အစွန်းများစွာ ရနေ

NEJ/ ၁၈ နိုဝင်ဘာ ၂၀၀၈


နိုင်ငံတကာ၌ စားအုန်းဆီဈေးများ ထိုးကျနေသော်လည်း ပြည်တွင်းကို စားအုန်းဆီများ လက်ဝါးကြီးအုပ်ပြီး တင်သွင်းနေသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ဈေးနှုန်းမြှင့်တင်ထားသည့်အတွက် အမြတ်အစွန်းများစွာ ရနေကြောင်း ပြည်တွင်း ဆီကုန်သည်များက ပြောပြကြသည်။

ဘုရင့်နောင် ပွဲရုံတန်းမှ ဆီကုန်သည်တဦးက “အခုဆိုရင် မလေးရှား စားအုန်းဆီဟာ ရန်ကုန်ဆိပ်ကမ်းအရောက် တပိဿာကို မြန်မာကျပ်ငွေ (၁,၁၉၅) ကျပ်နှုန်းပဲ ရှိတော့တယ်။ အဲဒါကို ဦးပိုင်လီမိတက်က လက်ဝါးကြီးအုပ်ပြီး တပိဿာကို (၂,၂၅၂) ကျပ်ဈေးနဲ့ ဖြန့်တယ်။ တပိဿာကို ကျပ် (၁,ဝဝဝ) ကျော် အမြတ်ယူထားတယ်။ ဦးပိုင်ဟာ ပြည်တွင်းဆီ ကုန်သည်တွေဆီကို တပတ် တပတ်ကို ဆီပိဿာချိန်ပေါင်း (၁ဝ) သိန်းလောက် ဖြန့်ဖြူးတယ်။ လက်ရှိ ပေါက်ဈေးနှုန်းနဲ့ တွက်ကြည့်ရင် စားအုန်းဆီ ဖြန့်ဖြူးရာကနေ တပတ်ကို ကျပ်ငွေ သန်းတစ်ထောင် (တစ်ဘီလီယံ) လောက် အမြတ်ရနေတာ တွေ့နိုင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံမှာ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးမှုကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီး တခါတရံ ဦးပိုင်လီမိတက်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီများက တင်သွင်းခွင့်ရသည်။ ထိုသို့ တင်သွင်းခွင့်ရသူများသည် များသောအားဖြင့် ထိပ်တန်းအာဏာပိုင် အသိုင်းအဝန်း မိသားစုဝင် ကုမ္ပဏီများသာ ဖြစ်ကြောင်း သိရသည်။

ဦးပိုင်လီမိတက်သည် နိုင်ငံခြားက ဝယ်ယူတင်သွင်းလာသည့် စားအုန်းဆီများကို ဈေးနှုန်းတခု သတ်မှတ်ပြီး ပြည်တွင်းက ၎င်းတို့ အသိအမှတ်ပြု ဆီကုန်သည် ကိုယ်စားလှယ်များကို ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးပေးသည်။ လောလောဆယ် ရန်ကုန်မှာ ဆီကုန်သည် ကိုယ်စားလှယ် (၃,ဝဝဝ) လောက်ရှိပြီး တဦးကို (၁၁၆) ပိဿာဝင် စားအုန်းဆီ ပီပါ (၃) လုံးစီ ဖြန့်ဖြူးရောင်းချပေးသည်။

မြန်မာနိုင်ငံက တင်သွင်းနေသည့် မလေးရှားနိုင်ငံ ဈေးကွက်မှာ ပြီးခဲ့သည့် ၂ဝဝ၈ ဇူလိုင်လတွင် စားအုန်းဆီ တတန် (၉၈၂) ဒေါ်လာခန့် ပေါက်ဈေးရှိရာမှ လက်ရှိ နိုဝင်ဘာတွင် တတန် (၄၂၆) ဒေါ်လာအထိ ကျဆင်းသွားသည်။ ဈေးနှုန်း ထက်ဝက် (၅ဝ ရာခိုင်နှုန်း) မက ကျဆင်းသွားခြင်းဖြစ်သည်။

သို့သော် မြန်မာဈေးကွက်ကို လက်ဝါးကြီး အုပ်ထားသည့် ဦးပိုင်လီမိတက်မှာမူ စားအုန်းဆီ ခွဲတမ်းဈေးကို နိုင်ငံတကာ ပေါက်ဈေးနှင့်အညီ ချမပေးခဲ့ကြောင်း၊ ဦးပိုင်က ဖြန့်ဖြူးသည့်ဈေးသည် ပြီးခဲ့သည့် ၂ဝဝ၈ သြဂုတ်လက စားအုန်းဆီ တပိဿာ ကျပ် (၂,၅ဝဝ) ခန့် ရှိခဲ့သော်လည်း လက်ရှိ (၂,၂၅၂) ကျပ်နှုန်းဖြင့်သာ အနည်းငယ်လျော့ချပြီး ဖြန့်ဖြူးနေခြင်း ဖြစ်သည်။

စားအုန်းဆီ လက်ဝါကြီးအုပ်တင်သွင်းသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဗိုလ်ချုပ်သားသမီးများပိုင် ကုမ္ပဏီများသည် တလ တလကို ကျပ်ငွေ (၄) ဘီလီယံခန့် အမြတ်အစွန်းရနေကြောင်း ကုန်သည်များက သုံးသပ်နေကြသည်။

ပြည်တွင်း၌ ယခုကဲ့သို့ စားအုန်းဆီ ဈေးနှုန်းများ ကျသင့်သလောက် မကျသည့်အတွက် ထိုင်းနိုင်ငံကနေ ပုဇွန်နှစ်ကောင် တံဆိပ်အပါအဝင် စားအုန်းဆီများ ဈေးသက်သက်သာသာ ဖြင့် နယ်စပ်လမ်းမှတဆင့် ဝင်လာနေသည်။ ထိုကြောင့် အာဏာပိုင်များသည် နယ်စပ်မှတဆင့် စားအုန်းဆီ တင်သွင်းခွင့် လုံးဝ မပေးသည့်အပြင် ဘားအံ-ရန်ကုန်၊ မော်လမြိုင်- ရန်ကုန် ကားလမ်းတလျှောက်၌ အကြီးအကျယ် စစ်ဆေးပြီး စားအုန်းဆီများကို ဖမ်းဆီးနေကြောင်း တွေ့မြင်ရသည်။

ယခုနောက်ပိုင်း အမြန်အစွန်းများသည့် ပြည်တွင်းစားအုန်းဆီ တင်သွင်းခွင့်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ပိုင် ကုမ္ပဏီက စီမံခန့်ခွဲနေသည်ဟု ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အထည်ချုပ်စက်ရုံများ လုပ်သား လျှော့ချ

နန်းဒေ၀ီ
အင်္ဂါနေ့၊ နိုဝင်ဘာလ 18 2008 21:54 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နိုင်ငံခြားမှ အထည်ဝယ်ယူမှု ကျဆင်းသွားသဖြင့် ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ အချို့တွင် ယခုလပိုင်းအတွင်း အလုပ်သမား လျှော့ချမှုများ ပြုလုပ်လာသည်။

ယခင်က ဟောင်ကောင်၊ သြစတြေးလျားနှင့် ဂျာမဏီနိုင်ငံမှ အမျိုးသားဝတ် ရှပ်အင်္ကျီများ မှာယူလေ့ ရှိသည့် လှိုင်သာယာ စက်မှုဇုံ (၂) ရှိ Myanmar People Garment အထည်ချုပ် စက်ရုံတွင် အော်ဒါမှာယူမှု ကျဆင်းလာသဖြင့် အချိန်ပိုလုပ်ခ ရပ်ဆိုင်း လိုက်ရသဖြင့် အလုပ်သမားများ အလုပ်မှ ထွက်သွားသည်ဟု စက်ရုံ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

သူက "စီးပွားရေးအရ ပါးသွားတယ်။ ပြင်ပဆက်သွယ်ရေး လမ်းကြောင်းတွေက အရင်ကထက်စာရင် မသွက်လက်တော့ဘူး။ နိုင်ငံခြားက အမှာက မလာတော့ အလုပ်သမားတွေ အိုတီ (အချိန်ပို) ဆင်းတာ ရပ်သွားတယ်။ အလုပ်သမားတွေက လျှော့ချတာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ အရင်က ပြည်ပပို့တာ ရှိတော့ အိုတီတွေ ဆင်းရတယ်။ အခုလို လုပ်ငန်းတွေ ပါးသွားတော့ အိုတီ မရှိတော့ဘူး။ ဒီတော့ အလုပ်သမားတွေက အိုတီရှိတဲ့ နေရာတွေ ပြောင်းကျတာပေါ့" ဟု ပြောသည်။

လုပ်သားဦးရေ မည်၍မည်မျှ လျှော့ရသည်ကိုမူ သူက ပြောဆိုခြင်း မပြုခဲ့ပါ။

စက်ရုံလုပ်သား ၂၀၀ ကျော်နှင့် လည်ပတ်နေသော လှိုင်သာယာ စက်မှုဇုန် (၃) ရှိ အထည်ချုပ်စက်ရုံ ၂ ရုံတွင်လည်း နိုင်ငံရပ်ခြားမှ အော်ဒါမှာယူမှု သိသာစွာ နည်းပါးသွားသဖြင့် အလုပ်သမားများ လျှော့ချနေရသည်။

"လူ ၂၀၀ ကျော်ရှိတယ်။ အလုပ်ရှင်ပြောတာက အမှာနည်းသွားတဲ့အတွက် အခုလို အလုပ်သမားတွေ လျှော့တာလို့ ပြောတယ်။ လိုအပ်ရင် ပြန်ထပ်ခေါ်မယ်ဆိုပြီး ဖုန်းနံပါတ်တွေ အိမ်လိပ်စာတွေတော့ ယူထားတယ်" ဟု စက်ရုံများနှင့် နီးစပ်သူတဦးက ပြောသည်။

စက်ရုံ ၂ ရုံမှ အလုပ်သမား ၁၀၀ ထက်မနည်း ၂ လစာ ကြိုတင်ပေးကာ အလုပ်မှ ရပ်ဆိုင်းစေခြင်း ဖြစ်သည်။

အလားတူ ပဲခူးမြို့အတွင်းရှိ အထည်ချုပ်စက်ရုံ ရန်စီကျန်တွင်လည်း နိုင်ငံခြားမှ အော်ဒါမှာယူမှု လျော့ကျသွားသဖြင့် ယခုတလော အလုပ်သမားများ လျှော့ချလာခဲ့ရာ နောက်ဆုံးတွင် စက်ရုံပါ ပိတ်ရမည့် အနေအထားရှိကြောင်း ကောလာဟလများ ပေါ်ထွက်နေသော်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းခွင့် မရသေးပါ။

ယခုလို အထည်စက်ရုံများ၌ အလုပ်သမားများ လျှော့ချနေရသည့် အခြေအနေမှာ ကမ္ဘာ့ငွေကြေး အကျပ်အတည်း ပေါ်ပေါက်လာပြီး တလခန့်အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်အတွင်းကလည်း အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာပြည်ရှိ အထည်ချုပ်စက်ရုံ ၁၀၀ ကျော် ရပ်ဆိုင်းခဲ့ရသည့်အပြင်၊ အလုပ်သမားဦးရေ ၅ သောင်းမှ ၆ သောင်းခန့်အထိ အလုပ် ထွက်ခဲ့ရသေးသည်။

ထို့နောက်တွင် ဥရောပနိုင်ငံများက အော်ဒါမှာယူမှု ဆက်ရှိသဖြင့် ကျန်ရှိသည့် စက်ရုံများမှာ ဆက်လက် လုပ်ကိုင်နိုင်ခဲ့သည်။

ပြီးခဲ့သည့်လက ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့်အဖွဲ့ Burma Campaign (UK) မှ မြန်မာစစ်အစိုးရနှင့် စီးပွားစပ်တူ လုပ်ကိုင်ခြင်းမပြုရန်နှင့် လုပ်ငန်းများ ရပ်ဆိုင်းရန်အတွက် ဗြိတိန်ရှိ Cotton Traders လုပ်ငန်းရှင်များအား လှုံ့ဆော်ခဲ့ရာတွင် လုပ်ငန်းရှင်အများစုက သဘောတူလက်ခံခဲ့သည်။

စင်္ကာပူ စီးပွါးရေးကျ၍ မြန်မာနိုင်ငံသို့ ပြန်လွှဲပို့ငွေများ ထိခိုက်

ဂျွန်မိုး
အင်္ဂါနေ့၊ နိုဝင်ဘာလ 18 2008 13:39 - မြန်မာစံတော်ချိန်


စင်္ကာပူ (မဇ္ဈိမ)။ ။ မကြာသေးခင် နှစ်များက သန်းပေါင်းများစွာသော ဒေါ်လာငွေများ ငွေလွှဲလုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိ သွားခဲ့ကြသည်။ ဤလုပ်ငန်းကို ခြင်္သေ့မြို့တော်ရှိ ဈေးဆိုင်များ၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများတဆင့် လုပ်ကိုင်ကြခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စက်တင်ဘာလအတွင်းက စတင်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကြပ်အတည်းကြောင့် စင်္ကာပူ မြန်မာ ငွေလွှဲလုပ်ငန်းလည်း ထိခိုက်ခဲ့ရသည်။ စင်္ကာပူနိုင်ငံသည် စီးပွါးရေး ကျဆင်းမှုနှင့် ကြုံနေရပြီ ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက တရားဝင် ထုတ်ပြန် ကြေငြာခဲ့ပြီးနောက် စင်္ကာပူတွင် အလုပ် လုပ်ကိုင်နေသော မြန်မာများ၊ အလုပ်အကိုင် ရှာဖွေရန် လာရောက်သူ မြန်မာများအနေဖြင့် ယခင်ထက် ပို၍ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

"စီးပွါးရေးကတော့ ထိခိုက်နေပြီ၊ ရှေ့မှာ ပိုဆိုးဦးမယ်၊ ဒီအကျိုးကြောင့် မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းလုပ်သူတွေလဲ အများကြီး ထိခိုက်တာဘဲ၊ အထူးသဖြင့် စင်္ကာပူကို ရာဘာ၊ ကျောက်မျက်၊ သစ် နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ပို့နေတဲ့ လုပ်ငန်းတွေ ထိခိုက်ကုန်ကြတယ်" ဟု ပီနန်ဆူလာပလာဇာ (Peninsula Plaza) မှ အမည်မဖေါ်လိုသူ စီးပွါးရေး သမားတဦးက မဇ္ဈိမကို ပြောပါသည်။

မြန်မာအလုပ်သမားများကို အကြီးအကျယ် မထိခိုက်သေးသော်လည်း သုံးစွဲရာတွင်မူ အတော်သတိထား၍ စစ်စစ်စီစီ သုံးစွဲနေကြရသည်ဟု ဆိုသည်။ ရနံ့သစ် စားသောက်ဆိုင်ပိုင်ရှင် ကိုဘိုဘိုဝင်းက "ကျနော်တို့ ဆိုင်ကို လာနေကျ ဖောက်သည်တွေ သီတင်းပတ်ကုန် စနေ တနင်္ဂနွေတွေမှာ မလာကြတော့ဘူး။ အရောင်းက အတော်ကျသွားတာ။ ကျနော်တို့မှာ အရင်းကြေရုံလေးဘဲ ရှိတယ်" ဟု ပြောပါသည်။

စင်္ကာပူရောက် မြန်မာများမှာ ယခုအခါ မသုံးမဖြစ် ကိစ္စများအတွက်သာ ဝယ်ယူ သုံးစွဲနေကြရပြီး အပို ကုန်ကျစရာများကို ရှောင်ရှားနေကြရသည်။ "ဘဏ္ဍာရေးဈေးကွက် ကမောက်ကမ ဖြစ်သွားကတဲက ရောင်းကြေးလည်း ၁ဝ %ကျော် ကျသွားတယ်" ဟု အဆိုပါ စားသောက်ဆိုင် ပိုင်ရှင်က ဆက်လက် ပြောဆိုပါသည်။

ယခုအခါ မြန်မာစီးပွါးရေး လုပ်ငန်းရှင်များ အနေဖြင့် အရောင်းမြှင့်တင်ရေး လုပ်ငန်းများကို ပိုမို လုပ်ကိုင်နေကြရပြီး၊ လျော့နည်းသွားသော ဖောက်သည်များ ပြန်ရအောင် ကြိုးစားနေကြရသည်။

ထို့ပြင် ဤကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် စင်္ကာပူသို့ ခုမှ ရောက်ရှိလာကြသူများ အနေဖြင့် ဤ စီးပွါးရေး ကျဆင်းချိန်အတွင်း အလုပ်အကိုင် ရှာမရသောကြောင့် မြန်မာနိုင်ငံသို့ လက်ချည်းသက်သက်ဖြင့် ပြန်သွားနေကြရသည်။

အလုပ်လုပ်ခွင့်ပါမစ် (EP) ကိုင်ထားသူ မြန်မာပညာရှင်များ အနေဖြင့်လည်း ကုမ္ပဏီများက ဝန်ထမ်းများ လျှော့နေမှုကြောင့် အလားတူ ပြဿနာများကို ကြုံနေကြရသည်။

ပညာရှင်တဦးလည်းဖြစ်၊ EP ကိုင်ထားသူလည်း ဖြစ်သည့် မနွေးနွေးနိုင်သည် အခြား မြန်မာဗိသုကာနှင့် ဒီဇိုင်နာ ၈ ဦးနှင့်အတူ Smallwood, Reynolds, Stewart & Stewart (SRSS) ကုမ္ပဏီများမှ လူလျှော့ရာတွင် ပါသွားခဲ့ကြသည်။ သို့သော် ကုမ္ပဏီများက သူတို့၏ EP များကို ပယ်ဖျက်ခြင်း မလုပ်သေးဘဲ အလုပ်သစ်ရှာရန် နောက်တလ ခွင့်ပြုထားသည်။ ၆ ပတ်အတွင်း အလုပ်မရပါက သူတို့လည်း မြန်မာနိုင်ငံသို့ ပြန်ကြရတော့မည် ဖြစ်သည်။

"ကုမ္ပဏီမှာ အမြင့်ဆုံး စီမံခန့်ခွဲရေး ဝန်ထမ်းက အောက်ဆုံး အငယ်တန်း ဝန်ထမ်းအထိ စုစုပေါင်း ဝန်ထမ်းဦးရေ ၁၃၅ ယောက် ရှိတယ်။ ကုမ္ပဏီကို ပြန်လည်ပြုပြင် ဖွဲ့စည်းတဲ့အခါ ပြင်သစ်၊ ဖိလိပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား ဝန်ထမ်းတွေအပါ အဝင် ဝန်ထမ်း ၅ဝ အလုပ် ဖြုတ်ခံရတယ်" ဟု မနွေးနွေးနိုင်က မဇ္ဈိမကို ပြောပါသည်။

ဤအတောအတွင်း အမြဲတမ်းနေထိုင်ခွင့် (PR) ရထားသူ မြန်မာနိုင်ငံသား အလုပ်လက်မဲ့များ အနေဖြင့် အလုပ်ရှာနေစဉ် နေလို့ထိုင်လို့ ဖြစ်အောင် ကြိုးစားနေကြရသည်။

"ကျမ စင်္ကာပူမှာ အလုပ်ရှာနေတာ ၃ လကျော်နေပြီ၊ အခုထိ မရသေးဘူး" ဟု ၀ါဏ္ဏိဇဘွဲ့ရထားသူ မြန်မာနိုင်ငံမှ အသက် ၂၅ နှစ်ရှိ မသီရိစန္ဒာထွန်းက ပြောပါသည်။

"ကျမအဖေက ဒီမှာ ကျမရဲ့ နေထိုင်စရိတ်အတွက် တလကို ဒေါ်လာ ၈ဝဝ ပို့ပေးပါတယ်။ ဒါပေမဲ့ ကျောင်းလခ အပါအဝင် ၆ လအတွင်း ကျမ ဒေါ်လာ ၁ သောင်းကျော် ကုန်သွားပြီးပြီ" ဟုလည်း သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

စီးပွါးရေး စီမံအုပ်ချုပ်မှုဘွဲ့ ရထားပြီး ရန်ကုန်မြို့ရှိ Ginzarpan Pizza Hut တွင် စီမံအုပ်ချုပ်မှု မန်နေဂျာ လုပ်ခဲ့သူ မခိုင်ဇာလွင် (၂၄ နှစ်) သည်လည်း စင်္ကာပူရှိ စားသောက်ဆိုင် တဆိုင်တွင် စားပွဲထိုး လုပ်နေရပြီး၊ အလုပ် ပိုလုပ်ရသော်လည်း လုပ်ခမှာ ပုံမှန်ထက်ပင် လျှော့ပေးခြင်း ခံရသည်။

"ကျမှမှာ တခြားရွေးစရာလဲ မရှိဘူး၊ ပွဲစားကို ပေးခဲ့ရတာတွေလဲ ထည့်စဉ်းစားရတော့ မြန်မာပြည်ကို ဘာမှမပါဘဲ ပြန်မသွားချင်ဘူးလေ" ဟု မခိုင်ဇာလွင်က စိတ်ပျက်လက်ပျက် ပြောပါသည်။ သူမ၏ လစဉ်ဝင်ငွေ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆၅ဝ ခန့်) မှ ၆ဝ % ကို နေထိုင် စားသောက်စရိတ်နှင့် လမ်းစရိတ်အတွက် သုံးရပြီး ကျန် ၄ဝ% ကို အိမ်ပြန်ပို့နိုင်သည်ဟု ဆိုသည်။ ဤငွေပမာဏမှာ မြန်မာနိုင်ငံတွင် စားပွဲထိုးလုပ်လျှင် မည်သို့မျှ မရနိုင်သော အလွန် ကြီးမားသည့် ဝင်ငွေ ဖြစ်သည်။

လက်ရှိ စင်္ကာပူနိုင်ငံ၏ စီးပွါးရေး အခြေအနေမှာ ကျွန်းနိုင်ငံပေါ်တွင် နေထိုင်သော မြန်မာနိုင်ငံသားများအတွက် အလွန်ခက်ခဲသည့် အခြေအနေ ဖြစ်သည်။ ခမ်းနားကြီးကျယ်လှသော အနုပညာ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ကုန်တိုက်ကြီးတွေ၊ အားကစားနဲ့ အပန်းဖြေနေရာ ဌာနတွေသည် အနောက်နိုင်ငံများ၏ အဆင့်အတိုင်း ဖြစ်ပြီး ငွေလဲ ကောင်းကောင်းပေးရသည်။

ဤကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး အကြပ်အတည်း မတိုင်ခင်က မြန်မာအလုပ်သမားများ ရရှိခဲ့သော ခံစားခွင့်များက စင်္ကာပူသည် သူတို့အဖို့ နေချင့်စဖွယ် ပျော်စရာအတိ ပြီးစေခဲ့သည်။ ဘဝသစ်သို့ လွယ်လွယ်ူကူဘဲ ရောက်သွားခဲ့ကြသည်။ ကိုယ်တတ်နိုင်တဲ့ဈေးနဲ့ နေစရာ အိမ်တွေ ရခဲ့ကြသည်။ ယခုတော့ အခြေအနေများမှာ ပို၍ ခက်ခဲလာနေပြီး စင်္ကာပူရောက် မြန်မာများအဖို့ စားဝတ်နေရေး ဖူလုံရုံပင်မနဲ ရုန်းကန်နေကြရသည်။

အလုပ်လက်မဲ့ ဖြစ်နေခြင်းကြောင့် မနွေးနွေးနိုင်လဲအိမ်ကို ငွေပြန်မပို့နိုင်တော့။ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံရှိ မိသားစုအများ မှီခိုနေကြရသည့် မြန်မာ စင်္ကာပူ ငွေလွှဲလုပ်ငန်း စနစ်ကြီး တခုလုံးမှာ အခြေအနေမဟန် ဖြစ်နေရသည်။ စင်္ကာပူရောက် မြန်မာများမှာ ဘဏ္ဍာရေး အကြပ်အတည်းတွင် ရှင်သန်ကျန်ရစ်ခဲ့အောင် လုံးပန်းနေကြရသလို ခြင်္သေ့မြို့တော် စီးပွါးရေး ကျားကြီးကလည်း အရင်လို စီးပွါးရေးအရ ကျားလိုဟိန်းနိုင်အောင် အပြင်းအထန် တိုက်ပွဲဆင်နေရသည်။


ပဲ ကုန်သည်ကြီး ၃ ဦးကို စသုံးလုံးက ဖမ်းဆီး

ဇာနည်
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 19:42 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ပဲဈေးနှုန်းများ အဆမတန် ကျဆင်းလာမှု ဂယက်နှင့်အတူ ပဲဖိုး ပေးချေရမည့် ငွေများကို မပေးဘဲ တိမ်းရှောင်နေသော ၀ယ်လက်ကြီးသမား သုံးဦးကို ရဲက အရေးယူမှုများ ပြုလုပ်နေသည်ဟု ပဲကုန်သည် သတင်းရပ်ကွက်မှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှ အသင်းဝင်များဖြစ်သော ကိုဖြိုးကြိုင်၊ ကိုသက်နိုင်ဦးနှင့် ကိုဌေးအောင်တို့မှာ ငွေလိမ်လည်မှုဖြင့် စွပ်စွဲခံထားရသည်။ ကြိုပွိုင့်ဟုခေါ်သော ကြိုရောင်းကြိုဝယ် လုပ်ကြရာတွင် မတ်ပဲ၊ ပဲတီစိမ်း စသည့် နိုင်ငံခြားသို့ တင်ပို့သော ပဲဈေးနှုန်းများ ထိုးကျလာခြင်းကြောင့် ငွေကွာဟမှု ပမာဏ ကြီးမားသွားရာမှ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး)က အရေးယူခံနေရခြင်း ဖြစ်သည်။

"ဖြိုးကြိုင်ကတော့ အဖမ်းခံလိုက်တယ်။ သက်နိုင်ဦးနဲ့ ဌေးအောင်ကတော့ ရှောင်နေတုန်းပဲ။ ဌေးအောင်ကျတော့ သူ့မိန်းမကို စသုံးလုံး က ခေါ်ထားတယ်။ သက်နိုင်ဦးကတော့ သူ့ဦးလေး ပွဲစားကြီးက ဖြေရှင်းပေးမယ်ဆိုပြီး ပြောတယ်" ဟု ရန်ကုန်မြို့မှ ပဲကုန်သည်ကြီး တဦးက မဇ္ဈိမကို ပြောပြသည်။

ယမန်နှစ်က ပဲတတန်လျှင် ၇ သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခုနှစ်တွင် ၄ သိန်းကျော်သာ ရှိတော့ရာ ပဲတန်ချိန် ၁၀၀ အတွက် ကျပ်သိန်း ၃၀၀ နီးပါး ဆုံးရှုံး ထိခိုက်နေခြင်း ဖြစ်သည်။

ဝယ်လက်သမားများသည် ကြိုတင်ဝယ်မည်ဟု စာချုပ်ချုပ်ဆိုစဉ်က ဈေးနှုန်းမြင့်မြင့်ဖြင့် ပေးထားကြပြီး အမှန်တကယ် ငွေပေးချေရမည့် အချိန်တွင် ၀ယ်ယူစဉ် ဈေးနှုန်းထက် အဆမတန် ကျဆင်းမှုကြောင့် ဆုံးရှုံးမှု များပြားလာခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသူများ ပေးလျော်ရန်ရှိသော ငွေမှာ သိန်း ထောင်နှင့်ချီ၍ ရှိနေပြီး သူတို့နှင့် ဆက်နွယ်နေသော နယ်မှ ပဲအ၀ယ်တော်များ ကုန်သည်များအနေဖြင့် တဦးလျှင် အနည်းဆုံး သိန်း ၅၀ မှ သိန်း ၂၀၀ ကျော်အထိ ထိခိုက်မှုများ ရှိသောကြောင့် သက်ဆိုင်ရာ ကုန်စည်ဒိုင်များကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

"လက်ကြီးသမားတွေက ပဲတွေ တန် ၅၀၀ မျိုး၊ တန် ၁၀၀၀ မျိုး လုပ်တာလေ။ ကျနော်တို့လည်း ရောင်းထားတာ ပါသွားတော့ ကုန်စည်ဒိုင်ကို တိုင်ထားတာပေါ့နော်။ ကျနော်တို့ကတော့ တန်ချိန် နည်းပါတယ်။ တချို့က တန် ရာနဲ့ချီ ထိတာ" ဟု ကုန်သည်က ပြောပြသည်။

မုံရွာမှ ပဲမျိုးစုံ အ၀ယ်တော်တဦးကလည်း "ကျနော်တို့လည်း ထိတာပဲ။ ပိုက်ဆံရော လုပ်ငန်းရောပေါ့။ ခုတဖက်ကလည်း ဈေးတွေက တော်တော်ကျသွားတော့ အရောင်းအ၀ယ်တွေ အေးတယ်။ ၀ယ်လက်ကြီးတွေ အလုပ်မဖြစ်တော့ အောက်ကလည်း ထိတာပေါ့။ အရင်ထက်စာရင် သုံးပုံတပုံလောက် အရှုံးပေါ်တယ်" ဟု မဇ္ဈိမကို ပြောပြသည်။

စုံစမ်းစစ်ဆေးခံနေရသူများသည် ပဲမျိုးစုံ ကုန်သည်လောကတွင် နာမည်ကြီး ကြေးရတတ် ပဲကုန်သည်များ ဖြစ်ကြသည်ဟု သိရသည်။

"သူတို့က ၄၀ ကျော် ၀န်းကျင်လောက် ရှိတဲ့သူတွေပဲ။ အရာရှိ လူကြီးပိုင်းတွေနဲ့လည်း ရင်းနှီး ၀င်ထွက်တာတွေ ရှိတယ်" ဟု ဘုရင့်နောင်မှ အ၀ယ်တော်တဦးက ပြောပြသည်။

လောလောဆယ်တွင် ကိုဖြိုးကြိုင်နှင့် ပတ်သက်သော ရရန်ရှိ အမှုကိစ္စရပ်များကို စသုံးလုံးမှ ကိုင်တွယ်နေပြီး တိမ်းရှောင်နေသူ နှစ်ဦးကိုမူ သတ်မှတ်ချိန် ၁၀ ရက်အတွင်း လာရောက် ဖြေရှင်းမှုပြုရန်နှင့် လာရောက်ဖြေရှင်းခြင်း မပြုပါက တရားစွဲဆိုမည်ဟု စသုံးလုံးမှ အမိန့် ထုတ်ပြန်ထားသည်။

ရန်ကုန်မှ ၀ယ်လက်ကြီး သမားများသည် ပဲခူး၊ ပခုက္ကူ၊ မုံရွာ စသောဒေသများမှ ပဲမျိုးစုံတို့ကို ငွေတရာတွင် တစ်ရာခိုင်နှုန်း ပွဲခပေး၍ နယ်မှ ပွဲစားများကို အ၀ယ်တော် ခန့်အပ်ထားလေ့ ရှိသည်။

ဝယ်လက်ကြီးသမားများမှ ငွေပေးချေမှု မပြုလျှင် နယ်မှ အ၀ယ်တော်များမှာလည်း ကြပ်တည်းကြရသည်။ ငွေရင်းစိုက်ထားနိုင်သူ နယ်မှ အ၀ယ်တော်များအနေဖြင့် စိုက်ထားနိုင်သော်လည်း ငွေရင်း မစိုက်နိုင်သူများအဖို့ ခက်ခဲမှုများရှိသဖြင့် နယ်များတွင်လည်း ပဲအရောင်းအ၀ယ်များ အေးလျက်ရှိကြောင်း နယ်အ၀ယ်တော်များက ပြောပြသည်။

"အခုအချိန်က ပဲရာသီရောက်လို့ ဈေးကျတာ ဆိုပေမယ့် အခုက အိန္ဒိယကဈေးမပေးတော့ဘူး။ ဈေးနှိမ်ဝယ်တယ်။ ဒီနှစ်တော်တော်ဆိုးတယ်။ ပြည်တွင်းပဲဈေးတွေလဲ လိုက်ကျကုန်တယ်။ အဲဒီတော့ ဒီလိုတွေ ဖြစ်လာတာပဲ" ဟု ရန်ကုန်မြို့မှ ပဲမျိုးစုံတင်ပို့သူ ကုန်သည်ကြီးတဦးက မဇ္ဈိမကို ပြောပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တခုတွင် အိန္ဒိယ ပဲဈေးကွက်တွင် မြန်မာ့မတ်ပဲ အပါအ၀င် ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲနီလေး၊ မြေထောက်ပဲနှင့် ပဲစိမ်းငုံတို့၏ ၀ယ်လိုအားများနည်း၍ ပဲဈေးနှုန်းကျနေသည်။ ထို့အပြင် ကမ္ဘာ့ဈေးကွက်များတွင် အခြား အဓိက ကောက်ပဲသီးနှံများနှင့် ကုန်ပစ္စည်းအချို့ ဈေးနှုန်းများ ကျဆင်းလာခြင်းကလည်း ပြည်တွင်း ဈေးကွက်အတွင်း ပဲဈေးနှုန်းအားနည်းမှုကို ဖြစ်ပေါ်စေသည်ဟု ဖော်ပြပါရှိသည်။

အတိုက်အခံများကို ထောင်ချနေမှုအပေါ် ကုလနှင့် အိမ်ဖြူတော်က ရှုတ်ချ

ဇာနည်
အင်္ဂါနေ့၊ နိုဝင်ဘာလ 18 2008 18:55 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မြန်မာစစ်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားသူများကို အဆက်မပြတ် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများက ယနေ့တွင် ပြစ်တင် ရှုတ်ချလိုက်သည်။

ယမန်နှစ် သြဂုတ်လမှ စတင်ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများ အပြီးတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သော ၈၈ မျိုးဆက် ကျောင်းသားများ၊ သံဃာတော်များနှင့် တက်ကြွနိုးကြားသူ လူငယ်များကို တံခါးပိတ် တရားရုံးများက ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် သူတို့က ဝေဖန် ရှုတ်ချခြင်း ဖြစ်သည်။

"ထောင်တွင်းရှိ တရားရုံးမှ အများကြားနာခွင့်မရှိဘဲ စီရင်ချက်များ ချမှတ်မှုသည် လွတ်လပ်မှုနှင့် သမာသမတ်ကျမှု မရှိသလို၊ အမှုများကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ၃ ဦးကိုလည်း ထောင်ဒဏ်များ ချမှတ်ခြင်းသည် တရားမျှတမှု မရှိသော စီရင်မှု ဖြစ်သည်" ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

တရားရုံးတွင် တရားစီရင်ထုံး "စံ" များကို လိုက်နာကာ အများပြည်သူမှ လွတ်လပ်စွာ နာကြားခွင့်ပေးရန်၊ ပြစ်ဒဏ် စီရင်ခံရသူများ အနေဖြင့် ပြန်လည် ချေပနိုင်ခွင့်များအတွက် ထိန်းသိမ်းထားသော ရှေ့နေများကို ပြန်လွှတ်ပေးရန်တို့ကိုလည်း ကုလသမဂ္ဂဆိုင်ရာ အထူး ကျွမ်းကျင်သူများ ဖြစ်သည့် Mr. Tomas Ojea Quintana (မြန်မာ့ လူ့အခွင့်အရေး အခြေအနေ)၊ Mr. Leandro Despouy (တရားရေးဆိုင်ရာ လွတ်လပ်ခွင့်)၊ Mr. Frand La Rue (လွတ်လပ်စွာ အမြင်များ ထုတ်ဖော်ခွင့်)၊ Ms. Margaret Sekaggya (လူ့အခွင့်အရေး ကာကွယ်သူများ အခြေအနေ) နှင့် Ms. Asma Jahangir (ဘာသာရေးနှင့် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်) တို့က တောင်းဆိုကြသည်။

စစ်အစိုးရသည် စက်တင်ဘာ ၁၁ ရက်နေ့မှသည် ယနေ့အထိ လူ ၁၀၀ ကျော်ကို ရက်ဆက် ပြုလုပ်နေသော လျို့ဝှက်ခုံရုံးများက ထောင်ဒဏ်များ ချမှတ်ခဲ့ရာတွင် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၂၃ ယောက်ကို ထောင် ၆၅ နှစ်အထိ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက သတင်းစာ ရှင်းလင်းပွဲတခုတွင် ၈၈ မျိုးဆက်ကျောင်းသားများသည် နိုင်ငံခြား အထောက်အပံ့ရယူပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

ထို့အပြင် တရားဆိုင်များ၏ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့ကို ထောင်ဒဏ် ၄ လချမှတ်ပြီး ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကိုလည်း ထောင်ဒဏ် ၆ လ ကျခံစေပြန်သည်။ အခြားသော နိုင်ငံရေးအမှုလိုက် ရှေ့နေများမှာ တရားရုံးများသို့ ၀င်ရောက်ခွင့် တားမြစ်ခံခဲ့ရသည်။

ကုလသမဂ္ဂအရာရှိများက မြန်မာအာဏာပိုင်များ အနေဖြင့် ငြိမ်းချမ်းစွာ ကြိုးပမ်းသော ပြည်သူလူထုများကို ဖမ်းဆီးခြင်းများကို ရပ်တန်းကရပ်ရန် ပြင်းထန်စွာ တိုက်တွန်းသည်ဟု သူတို့၏ ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

အလားတူပင် အမေရိကန်အစိုးရကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံအချက်များကို အသုံးချရန် ကြိုးပမ်းသော ပြည်သူများအား ဖိနှိပ်သည့် စစ်အစိုးရကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း အိမ်ဖြူတော်၏ ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

"မျိုးချစ်စိတ်ရှိပြီး ရဲရင့်သော မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ဌေးကြွယ်တို့သည် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသူများတွင် ပါဝင်ကြပြီး ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်းသာ ဖြစ်သည်" ဟု အိမ်ဖြူတော် ကြေညာချက်က ဆိုသည်။

ထို့အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေမှုများကို ပမာမထားသော စစ်အစိုးရ၏ လုပ်ရပ်များအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် ဆိတ်ဆိတ်မနေသင့်ဟုလည်း တိုက်တွန်းထားသေးသည်။

ပူးကျင့်ရှင်းထန်၏ သားဖြစ်သူ ၃၃ နှစ် ပြစ်ဒဏ်ကျ

သန်းထိုက်ဦး
အင်္ဂါနေ့၊ နိုဝင်ဘာလ 18 2008 18:31 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ချင်းအမျိုးသား ခေါင်းဆောင်တဦးဖြစ်သော ဇိုမီးအမျိုးသားကွန်ကရက် ဥက္ကဌ ပူးကျင့်ရှင်းထန်၏ သားဖြစ်သူ အပါအ၀င် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးအား အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုက ယနေ့တွင် ထောင်ဒဏ် ၃၃ နှစ် ချလိုက်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများဟု စွပ်စွဲကာ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ရန်ကုန်ရှိ လ္ဘက်ရည်ဆိုင်တဆိုင်တွင် အဖမ်းခံရပြီး အင်းစိန်ထောင်၌ တနှစ်ကျော်ကြာ ချုပ်နှောင်ထားရာမှ သူ၏ သားဖြစ်သူ ကမ်းလန်ခုတ် (ခေါ်) ကိုကျော်စိုးနှင့် ကိုထင်ထူးအောင်တို့အား ထောင်ဒဏ် ၃၃ နှစ်စီနှင့် ကမ်လန်ခွါ (ခေါ်) ခွာပီးအား ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။

"သံဃာတော်တွေ အရေးအခင်းတုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ လူတွေက ကြည့်တယ်။ ကြည့်တဲ့လူတွေကိုပါ သူတို့ (အာဏာပိုင်) တွေက ဖမ်းတယ်၊ ဆွဲတယ်။ အဲဒီအထဲမှာ ပါတဲ့ပုံစံမျိုး ဖြစ်နေတော့ ဒါက သူတို့ဆန္ဒကို သူတို့ ထုတ်ဖော်ပြတာပဲ။ အဲဒီလောက် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတယ်ဆိုတော့ လုံးဝ မသင့်မြတ်တဲ့ ဥပဒေ လုပ်ရပ်တခုပဲလို့ အဲဒီလိုပဲ မြင်တယ်" ဟု ပူးကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သုံးဦးစလုံးအား ပုံနှိပ်အက်ဥပဒေ ပုဒ်မ ၁၇/၂၀၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် ပုဒ်မ ၁၃/၁၊ မတရားအသင်းဖွဲ့စည်းမှု ပုဒ်မ ၁၇/၁၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၈ ခုဖြင့် စွဲချက်တင်ထားခဲ့သည်။

ပူးကျင့်ရှင်းထန်သည် ဇိုမီးအမျိုးသား ကွန်ကရက်အဖွဲ့တွင် ဥက္ကဌဖြစ်သလို၊ ချင်းပြည်နယ် တီးတိန်မြို့မှ လွှတ်တော်အမတ်တဦးဖြစ်ပြီး၊ လွှတ်တော်ခေါ်ယူရေးအတွက် ၁၉၉၈ ခုနှစ်အတွင်းက ရွေးကောက်ခံအမတ် အများစုဖြင့် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။

ယနေ့တွင်ပင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ဘိုကလေး၊ ပုသိမ်နှင့် မြောင်းမြမြို့သား ၉ ဦးအား ယခုလ ၁၁ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂၄ နှစ် အပါအ၀င် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည့်အနက် ထိုအထဲမှ ဘိုကလေးမြို့နယ်မှ နှစ်ဦးအား လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် ပုဒ်မ ၁၃/၁ ဖြင့် ပုဒ်မထပ်တိုးကာ ပြစ်ဒဏ် တိုးမြှင့်ချထားလိုက်သည်။

ကိုသိန်းဇော်အား ထောင်ဒဏ် ၁၀ နှစ်မှ ယခုအခါ ၁၈ နှစ်၊ ကိုသီဟသက်တင်အား ၈ နှစ်မှ ယခုအခါ ၁၃ နှစ်အထိ ထပ်တိုးပြစ်ဒဏ် ကျခံရသည်။

ကိုသီဟသက်တင်၏ အဒေါ်ဖြစ်သူ ဒေါ်မွှေးက "အခုတခါ ၁၃/၁ ပုဒ်မကို ထပ်ကပ်ပြီးတော့ ထပ်တက်တယ်ဆိုတော့ ကျမတို့အနေနဲ့ ဘယ်လိုမြင်ရမှန်းကို မသိတော့ဘူး။ ကိုယ်တွေကလည်း တရားစီရင်တဲ့ အချိန်အခါ၊ ကြားနာမှုတွေ မရတဲ့အခါကျတော့ ဘာတွေမှန်းကို မသိဘူး" ဟု ပြောသည်။

လွှတ်တော်အမတ် ဒေါက်တာလှအောင် ကွယ်လွန်

ဖနိဒါ
အင်္ဂါနေ့၊ နိုဝင်ဘာလ 18 2008 18:03 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှအောင် ယမန်နေ့ နံနက်ပိုင်းက နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရသည်။

၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃၉၈ ဦးအနက် ဒေါက်တာလှအောင်သည် ကွယ်လွန်သွားသော ၉၉ ဦးမြောက် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

ဝမ်းတွင်းမြို့နယ် ပြည်သာကျေးရွာ ပန်းပင်ကြီး တောရကျောင်းရှိ တရားစခန်း၌ တရားထိုင်နေရင်း အသက်ရှူကျပ်လာသဖြင့် နေအိမ်ကို ပြန်လာပြီး နာရီပိုင်းအတွင်း ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ၀မ်းတွင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးအောင်သူက မဇ္ဈိမကို ပြောသည်။

ဒေါက်တာလှအောင်သည် (၆၈ နှစ်) သည် ရှစ်လေးလုံး လူထုအုံကြွမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ၀မ်းတွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသည်။

သူသည် မန္တလေး တက္ကသိုလ်မှ (ဘီအေ)ဘွဲ့၊ ရန်ကုန် တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး (Diploma in international Relation) ဒီပလိုမာဘွဲ့များ ရရှိခဲ့သည့်အပြင်၊ မော်စကို တက္ကသိုလ်တွင် ၅ နှစ် ပညာသင်ကြားခဲ့ပြီး ရုရှားဘာသာ ဒီပလိုမာနှင့် စီးပွားရေးပါရဂူ (PHD) ဘွဲ့များ အသီးသီး ရရှိခဲ့သည်။

"ထူးချွန်ထက်မြတ်တဲ့ နိုင်ငံအကျိုးကို အများကြီးဆောင်ရွက်နိုင်တဲ့ ရိုးသားတဲ့ ပညာတတ် ပုဂ္ဂိုလ်တဦး ဆုံးရှုံးသွားဟာ မြန်မာပြည်သူလူထုအတွက် ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်" ဟု သူနှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ဦးအောင်သူက ပြောသည်။

ကွယ်လွန်ချိန်တွင် သားသမီး ၄ဦးနှင့် ဇနီသည် ဒေါ်အေးနု ကျန်ရစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးမှာ ယခုအခါ ပြည်ပနိုင်ငံများ တွင်ရောက်ရှိနေကြပြီး၊ ထောင်တွင်း အကျဉ်းကျခံနေရသူ လွတ်တော်ကိုယ်စားလှယ် ဦးရေမှာ ၁၇ ဦး ရှိသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရနှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) တို့၏ စာရင်းများအရ သိရသည်။

Monday, November 17, 2008

အရံရဲတပ်ဖွဲ့ဝင်များ နေ့စဉ် လုံခြုံရေးတာဝန်ယူနေရ

ဖြိုးကြီး။ နိုဝင်ဘာ ၁၇၊ ၂၀၀၈

အရံရဲတပ်ဖွဲ့များ ဖွဲ့စည်းပြီးနောက်ပိုင်း နေ့စဉ် လူစည်ကားရာ အချက်အခြာကျသည့်နေရာများ တွင် လုံခြုံရေးစောင့်ကြပ်မှုများပြုလုပ်နေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များထက် အလုပ်များနေ ကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာ နေရာများဖြစ်သည့် လှည့်တန်းမီးပွိုင့်၊ ဆူးလေဘုရား၊ မြို့တော် ခန်းမ၊ ရွှေတိဂုံဘုရားပတ်ဝန်းကျင်နှင့် တော်လှန်ရေးပန်းခြံနားတို့တွင် လုံခြုံရေးတာဝန်များ နေ့စဉ် ထမ်းဆောင်နေရခြင်းဖြစ်သည်။

“အဲဒီအရံရဲတွေက လစာကလည်း (၃၀,၀၀၀) လောက်ပေးထားတာဆိုတော့ ရပ်ကွက်ထဲမှာ တော်တော်ကို ဆွဲဆောင်မှုရှိနေတယ်၊ သူတို့တွေက နယ်ထိန်းရဲတွေထက်တောင် အလုပ်များ နေတာ တွေ့နေရတယ်”ဟု ကမာရွတ်မြို့ခံတဦးက ပြောသည်။

ထိုအရံရဲများသည် မြို့နယ်အတွင်း အနှိပ်ခန်းများ၊ နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းသူများထံမှ လိုင်းကြေးအနေဖြင့် တနေ့လျှင် (၂,၀၀၀)နှင့်အထက် တောင်းယူမှုများလည်း ပြုလုပ်နေပြီး အာဏာပိုင်များခိုင်းစေမှုကို တက်တက်ကြွကြွလုပ်ဆောင်ပေးနေသည်ကို တွေ့ရကြောင်း မြို့ခံက ဆက်ပြောသည်။

“သူတို့တွေက အထက်ကခိုင်းတယ်ဆိုတာတွေကို အကုန်လုပ်ပေးတယ်၊ လူဆိုးဖမ်းတာလည်း လုပ်တယ်၊ အာဏာပိုင်တွေဘက်ကလည်း သူတို့ကို လုပ်ပိုင်ခွင့်တွေက တော်တော်လေး ပေး ထားတဲ့ သဘောတော့ရှိတယ်”ဟု မြို့ခံက ပြောသည်။


Sunday, November 16, 2008

နိုင်ငံရေးအကျဉ်းသားများကို နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့

ရိုးမ ၃။ နိုဝင်ဘာ ၁၆၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက ၈၈ ကျောင်းသားခေါင်းဆောင်များ၊ ရှေ့နေများနှင့် နိုင်ငံရေး လှုပ်ရှားသူများကို ထောင်ဒဏ်များချမှတ်ပြီးနောက် မိသားစုများနှင့်ဝေးလံသည့် နယ်အကျဉ်း ထောင်များသို့ ပို့ဆောင်လိုက်သည်။

ယနေ့နံနက်ပိုင်းမှစတင်ကာ ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် အခြား နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၃) ဦးခန့်ကို နယ်အကျဉ်းထောင်များသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို ကျိုင်းတုံ၊ ကိုမြအေး လွိုင်ကော်၊ ကိုပြုံချို ကော့သောင်း၊ ကိုဌေးကြွယ် ဗူးသီးတောင်၊ ကိုမျိုးအောင်နိုင် ကလေး၊ ကိုလှမျိုးနောင် မြစ်ကြီးနား၊ ကိုအောင်သူ နှင့် အခြားကျောင်းသား ခေါင်းဆောင် (၈) ဦးအား ပူတာအိုအကျဉ်းထောင်များသို့ အသီးသီး ပို့ဆောင်လိုက်သည်။

ရှေ့နေကြီးဦးအောင်သိန်းနှင့် ရှေ့နေဦးခင်မောင်ရှိန်တို့အားလည်း ပုသိမ်နှင့် မြောင်းမြထောင် များသို့ ယနေ့ နေ့လည်ပိုင်းက ပို့ဆောင်လိုက်သည်။ ထိုသို့ အာဏာပိုင်များက ထောင်ပြောင်း ရွှေ့ခဲ့သော်လည်း မိသားစုဝင်များအား တရားဝင် အကြောင်းကြားခြင်းမရှိကြောင်း သိရသည်။

ရှေ့နေကြီး ဦးအောင်သိန်း၏ဇနီး ဒေါ်ခင်မြင့်က “နေ့လည် (၂) နာရီခွဲက သိရတယ်၊ တရားဝင် အကြောင်းမကြားပါဘူး၊ နောက်ဆက်တွဲကတော့ ဘာမှမကြားရဘူး၊ မနက်ဖန်မှ သွားစုံစမ်းရမှာ၊ ဇနီးတယောက်အနေနဲ့ပြောရရင် သူတို့လက်ခုပ်ထဲက ရေဆိုတော့ သွန်ချင်သွန် မှောက်ချင် မှောက် လုပ်မှာပေါ့၊ ထောင်ပြောင်းတာတောင်မှ သူများမိသားစုတွေ ထောင်ဝင်စာတွေ့ပြီး ပြန် လာလို့ ပြောမှသိရတာ”ဟု ပြောသည်။

ထို့အပြင် ကိုမြစံ၊ ကိုတင်စန်းတို့အား မုံရွာ၊ မစုစုနွေးအား မန္တလေး၊ ကိုဘိုဘိုဝင်းလှိုင်အား ပူတာအို၊ ရွှေသံလွင် ကိုဝင်းမော်အား သာယာဝတီထောင်နှင့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးဝိလစက္က (ခ) ကိုလှထွေး၊ ဦးနန္ဒသီရိ (ခ) နိုင်လင်း၊ ဦးအိဣိယ (ခ) အောင်ကို ငြိမ်းနှင့် ကဗျာဆရာ ကိုစောဝေတို့အား ယနေ့ နယ်အကျဉ်းထောင်များသို့ အသီးသီး ပြောင်းရွှေ့ လိုက်ကြောင်း ထောင်ဝန်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒတွင် ချဉ်းကပ်မှုအသစ် ရှိမည်လား

ဆောင်းပါး
ဒေါက်တာစိန်မြင့်
တနင်္ဂနွေနေ့၊ နိုဝင်ဘာလ 16 2008 18:23 - မြန်မာစံတော်ချိန်


မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အကြီးအကဲနှင့် အထူး သံတမန်အဖြစ် မိုက်ကယ်ဂရင်း (Michael Green) ကို ရာထူး သက်တမ်း ကုန်ဆုံးတော့မည့် အမေရိကန် သမတကြီး ဂျော့ခ်ျဘုရှ် (George Bush) က ခန့်အပ်ရန် အမည်စာရင်း တင်သွင်းလိုက်ခြင်းအား ကွန်ဂရက်လွှတ်တော်က အတားအဆီးမရှိ ချက်ချင်း အတည်ပြုပေးဖွယ် ရှိနေပါသည်။ ဤသို့ ခန့်အပ်မှုသည် သွေးထွက်သံယို ဖြစ်ခဲ့ရသော ဒီပဲရင်း အရေးအခင်းအပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ခန့်အပ်သင့်ခဲ့သည့် ကိစ္စရပ် ဖြစ်ပါသည်။ ယမန်နှစ် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အပြီးတွင်မူ ပြောရန်ပင် မလိုတော့ပါ။

သို့သော် ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး ကင်ပိန်းလှုပ်ရှားသူများနှင့် အမျိုးသား ညွန့်ပေါင်းအစိုးရက ထောက်ခံ အားပေးထားသော စည်းရုံးလှုံ့ဆော်သူ လော်ဘီသမားများသည် ဤသို့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်တဦးကို အမေရိကန်က ခန့်အပ်နိုင်ရေးအတွက် အာရုံစိုက် လုပ်ဆောင်ရမည့်အစား ယခုနှစ် လုံခြုံရေးကောင်စီ အစည်းအဝေး အစီအစဉ်တွင် မြန်မာနိုင်ငံကိစ္စ ထည့်သွင်းထားနိုင်ရေးအတွက် အမေရိကန် နိုင်ငံခြားရေးဌာနကို တွန်းအားပေး ဆွဲဆောင်စည်းရုံးနေကြသည်။ သို့သော် ကုလသမဂ္ဂ ကျွမ်းကျင်သူအများ မျှော်လင့်ခန့်မှန်းထားသည့် အတိုင်းပင် ဤမဟာဗျူဟာသည် မအောင်မြင်ခဲ့ပါ။

ဤသို့ဆိုလျှင် ဒေါက်တာဂရင်း အနေဖြင့် သူ၏ လက်ရှိနိုင်ငံအကြီးအကဲ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ရာထူးတာဝန်များကို မစွန့်လွှတ်မီ ဘာတွေ အောင်မြင်အောင် လုပ်နိုင်ပါသလဲ၊ ဤရက်ကျော်လျှင်ကော သူ၏အခန်း ကဏ္ဍနှင့် အနေအထားသည် မည်သို့ ဖြစ်လာမည်လဲ။

သမတအဖြစ် ရွေးချယ်ခံထားရသူ မစ္စတာအိုဘားမားသည် သူ့အရင် သမတကြီး လက်ထက်တုံးက ထားရှိခဲ့သော မြန်မာနိုင်ငံ မူဝါဒများကိုပင် ဆက်လက်ကိုင်စွဲဖွယ် ရှိနေပါသည်။ မြန်မာ့ ဒီမိုကရေစီရေးကို အကြီးအကျယ်ထောက်ခံ အားပေးခဲ့သူ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားလှသူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း နှင့် နိုင်ငံခြားရေး မူဝါဒအကြီးတန်း အကြံပေးအရာရှိဖြစ်သူ မယ်ဒရင်း အောဘရိုက်္နေိနူငညန ဗူဘမငါ့အ ထံမှ အကြံ ဥာဏ်များကိုလည်း ရယူပါလိမ့်မည်။

မြန်မာ့အရေး မဟာဗျူဟာနှင့် မူဝါဒသစ်များကို ရေးဆွဲဖေါ်ထုတ်ရန် လိုသော်လည်း ဒေါက်တာဂရင်း အနေဖြင့် ကျယ်ပြန့်လှသော အတွေးအမြင်များ၊ သဘောထားများ ရရှိနိုင်ရန် သူ့အခန်း တံခါးဝတွင် အသင့်စောင့်ဆိုင်းနေသော ဆွဲဆောင် စည်းရုံးသူ လော်ဘီသမားများထံမှ သာမကဘဲ အမေရိကန်တွင် ရောက်ရှိနေထိုင်လျက် ရှိကြသော ပြည်ပရောက် မြန်မာ အသိုင်းအဝိုင်းများ၊ ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလ ပုဂ္ဂိုလ်များ၊ အထွေထွေ အထူးထူးသော ခေါင်းဆောင်များထံမှလည်း သဘောထားအမြင်များ ရယူပါမှ အမြော်အမြင်ကြီးရာ ကျပါလိမ့်မည်။

အလားတူပင် မြန်မာ့စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တိုက်ရိုက်တွေ့ဆုံပြီး၊ ပြည်တွင်းတွင် ဖြစ်ပျက်နေသော အခြေအနေများကို ကိုယ်တိုင် အကဲဖြတ်ခွင့်ရအောင် လုပ်နိုင်မှ သူ့အတွက် ဆင်ခြင်တုံတရား ပြည့်ဝရာ ရောက်ပါလိမ့်မည်။ သို့မှသာ မြန်မာပြည်တွင် အပြုသဘော ဆောင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် မူဝါဒသစ်များ ချမှတ်နိုင်ရေးတွင် ထောက်ခံတင်ပြချက် အသစ်များကို အမေရိကန် သမတသစ်နှင့် ကွန်ဂရက်လွှတ်တော်သို့ တင်ပြနိုင်ပါလိမ့်မည်။

အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးများ ပြန်လည်ထားရှိရန် ယခုကဲ့သို့ တိုင်းပြည်တွင်းတွင် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင်သူများကို ပြင်းထန်လှသည့် ထောင်ဒဏ်များ ချမှတ်နေချိန်၌ သွားရောက်ပြောဆိုမည် ဆိုပါက သူ့ကို စော်ကားရာ ရောက်ပါလိမ့်မည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်၏ အဓိက အခန်းကဏ္ဍ တခုမှာ မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသော ဖိအားများ၊ ရွေးချယ်ပြုလုပ်ထားသော စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများသည် ခေါင်းမာ တဇွတ်ထိုးနိုင်သော နအဖ စစ်ခေါင်းဆောင်များအား အတိုက်အခံ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ခြင်းအပါအဝင် မည်သည့် အပြုသဘောဆောင်သည့် ရလဒ်မျှ မရရှိခဲ့ခြင်း၏ အကြောင်းရင်းများကို ရှာဖွေဘို့ ဖြစ်သည်။

သူ့ရာထူးနှင့် အခန်းကဏ္ဍသည် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်နှင့် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ခရစ်စတိုဖာဟီးလ် (Christopher Hill) နှင့် အလားသဏ္ဍန် တူပါသည်။ သူသည် မြောက်ကိုးရီးယား ဆိုင်ရာ "ခြောက်နိုင်ငံ ဆွေးနွေးပွဲ" တွင် အမေရိကန်၏ အဓိက ညှိနှိုင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ရသည်။ သို့သော် မြန်မာနိုင်ငံ အရေးကိစ္စတွင်မူ ဆွေးနွေးပွဲများ မည်သို့သော ပုံစံဖြင့် ပေါ်လာမည် ဆိုသည်မှာ မရေမရာရှိဆဲပင် ဖြစ်သည်။ ဤဆွေးနွေးပွဲတွင် ပါဝင်နိုင်မည့် နိုင်ငံများနှင့် အဖွဲ့အစည်းပေါင်းစုံတို့ကို စဉ်းစားရွေးချယ်နေဆဲ ဖြစ်ပါသည်။ သို့သော် မည်သည့် "နိုင်ငံစုံကြိုးပန်းမှု" အဆိုပြုချက်တွင်မဆို ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံနိုင်ငံများ၊ ဂျပန်၊ သြစတြေလျနှင့် မြန်မာစစ်အစိုးရ ကိုယ်တိုင်တို့ ပါဝင်ရမည် ဆိုသည်မှာ သေချာလှပါသည်။

သို့သော် ဤသို့သော အခြေအနေမျိုးတွင် အရေးအကြီးဆုံး အချက်မှာ တိုင်းပြည်ကို ဒီမိုကရေစီစနစ်သို့ ရှေးရှုရေးအတွက် ကာယကံရှင်အားလုံး ပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပနိုင်ရေးအတွက် မြန်မာစစ်အစိုးရက လက်ခံလာရေးပင် ဖြစ်သည်။

ထို့ကြောင့် အမေရိကန် အထူးသံတမန် အနေဖြင့် စစ်အစိုးရကို ထိတ်လန့်တုန်လှုပ်သွားအောင် ကိုယ့်ဘက် ပြေးကပ်လာအောင် ဘယ်လို ဖိအားမျိုးကို သုံးမည်လဲ၊ ဒါမှမဟုတ် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကို ကပ်လာအောင် မည်သို့ ချော့မြှူမည်လဲ ဆိုသည်ကို ရှာဖွေဖေါ်ထုတ်ရမည် ဖြစ်သည်။ သို့မှသာ လက်ရှိ နိုင်ငံရေး လေလုံးမိုးလုံး လွှတ်ခြင်း၊ သံတမန်ရေးအရ ဟန်ရေးဝါရေးပြခြင်းတို့ လုပ်နေခြင်းထက် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သော ပြဿနာဟောင်းများကို ဖြေရှင်းနိုင်မည့် လေးနက်သော ကြံဆချက်များကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ဒေါက်တာစိန်မြင့်

(ဒေါက်တာစိန်မြင့်သည် အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တရားမျှတမှု မူဝါဒဖွံ့ဖြိုးရေး ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ သူသည် ဝါရှင်တန်ဒီစီရှိ နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ အပြည်ပြည်ဆိုင်ရာ ဌာနခွဲ အမှတ် ၂၂ ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင်လည်း ဖြစ်ပါသည်)