Saturday, January 31, 2009

ဂမ္ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဇန်နဝါရီလ 31 2009 11:44 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် စနေနေ့နံနက်က မြန်မာနိုင်ငံသို့ နောက်တကြိမ် လာရောက်လည်ပတ်ရာ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကြားဝင်ဆောင်ရွက်နေသော ကိုယ်စားလှယ်တော်ကြီး၏ ခုနှစ်ကြိမ်မြောက် ခရီးစဉ်ဖြစ်လာသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အေအက်ဖ်ပီသတင်းတရပ်တွင်တော့ မစ္စတာဂမ်ဘာရီသည် ခရီးစဉ်တခုလုံးတွင် ရန်ကုန်တွင်သာနေမှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဟု ရေးသားထားသည်။

ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်များအနက် ယခင်နှစ် သြဂုတ်လနှင့် မတ်လ ခရီးစဉ်များတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ပင့်ဖိတ်ခြင်းမခံရသလို နေအိမ်အကျယ်ချုပ်ကျခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

စစ်အစိုးရနှင့် အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာအောင် မစွမ်းဆောင်နိုင်သေးသည့်အတွက် ဂမ်ဘာရီမှာ ဝေဖန်ခံနေရပြီး ခရီးစဉ်နှင့်ပတ်သက်ပြီး တိုးတက်မှုရနိုင်ခြေ မျှော်လင့်ထားသူ နည်းပါးလှသည်။

လွန်ခဲ့သည်နှစ့် သြဂုတ်လအတွင်းက မြန်မာနိုင်ငံလာရောက်လည်ပတ်စဉ်အတွင်း နိုင်ဂျီရီးယားလူမျိုး ကုလသံကို တွေ့ခွင့်မပြုနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်လိုက်ရာ ကုလသမဂ္ဂ၏ လုပ်ငန်းစဉ် ကျဆုံးမှုအဖြစ် ရှု့မြင်ကြသည်။

ကုလသမဂ္ဂချမှတ်ထားသော ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာစေရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အတိုက်အခံများကိုပါ ထဲ့သွင်းလာစေရေးဖြစ်သည်။

ဘင်္ဂလာဒေ့ရှ် နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည့်ရန် တိုင်းမှူးပြော

မုံပီး
စနေနေ့၊ ဇန်နဝါရီလ 31 2009 01:35 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ) – နိုဝင်ဘာလအတွင်းဖြစ်ပွါးခဲ့သောရေကြောင်းပိုင်နက် အငြင်းပွါးမှုအပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံကို သတိနှင့်စောင့်ကြည့်ကြရန် မြန်မာစစ်ဗိုလ်ချုပ်များက တပ်မှူးများနှင့်စစ်အရာရှိများကို အစည်းအဝေးတရပ် တွင်သတိပေးပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရန်လိုသောအိမ်နီးချင်းနိုင်ငံအဖြစ်ယူဆထားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်ရေး လှုပ်ရှားမှုများကို သတိထားစောင့်ကြည့်ရန် တပ်မှူးများနှင့်စစ်အရာရှိများအား မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက မကြာသေးခင်ကကျင်းပခဲ့သော အစည်းအဝေးတရပ်တွင် သတိပေးပြောကြားသွားခဲ့ခြင်းဖြစ်ပါသည်။

မဇ္ဈိမ ကရရှိထားသော အစည်းအဝေးမှတ်တမ်းအရ မြန်မာနိုင်ငံသည် မိမိရေပိုင်နက် အတွင်းနှင့်စီးပွါးရေးဇုံအတွင်း ရေနံဓါတ်ငွေ့ရှာဖွေနေခဲ့သော်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံက အပြင်းအထန်ကန့်ကွက်၍ မြန်မာနိုင်ငံကဆုတ်ခွါပေးခဲ့ရကြောင်း ဖော်ပြထားပါသည်။

"ပြောရမယ်ဆိုရင်တော့ ဒါဟာဘင်္ဂလာဒေ့ရှ်က ရန်စတာပဲ" ဟု ဗိုလ်ချုပ်စိုးဝင်းကပြောသွားပြီး ဗိုလ်ချုပ်ကြီးများကိုစီးပွါးရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသော အမေရိကန်နိုင်ငံကိုလည်း ဤသို့ရေနံဓါတ်ငွေ့ ရှာဖွေမှုများကိုဆန့်ကျင်ရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို နောက်မှထောက်ခံအားပေး၍ လှုံ့ဆော်ပေးခဲ့သည်ဟု စွပ်စွဲပြောဆို ထားပါသည်။

ထို့ပြင်ဗိုလ်ချုပ်၏စိုးရိမ်စိတ်လွန်ကဲသံသယဖြစ်မှုကိုထုတ်ဖော်ပြသသည့်အနေနှင့် အမေရိကန်ရေတပ်ဖွဲ့သဘောင်္များ သည် ထိုင်းနှင့်ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့၏ရေပြင်ပိုင်နက်ကို အခြေခံစခန်းအဖြစ်အသုံးပြုကာ လှုပ်ရှားနေကြောင်း တပ်မတော်မှသတင်းများရရှိထားသည်ဟုလည်း ဗိုလ်ချုပ်စိုးဝင်းကပြောဆိုလိုက်ပါသည်။

"ဒါကြောင့်အားလုံးနားလည်ထားရမှာက နိုင်ငံခြားကျူးကျော်မှုရှိနိုင်တယ်၊ စစ်ရေးလှုပ်ရှားမှုတွေကို ငါတို့သတိထားပြီး စောင့်ကြည့်နေရမယ်" ဟု စိုးဝင်းကဆက်လက်ပြောဆိုပါသည်။ ရှေ့တန်းစစ်အရာရှိများနှင့်တပ်မှူးများတက်ရောက်သော ထိုအစည်းအဝေးအတောအတွင်း ဗိုလ်ချုပ်စိုးဝင်းက နိုင်ငံ ခြားတိုင်းပြည်များမှဝင်ရောက်ကျူးကျော်နိုင်သည့် အန္တရာယ်ရှိသည့်အတွက် နယ်စပ်တလျှောက် သတိဝီရိယနှင့် နေထိုင်ကြရန် သတိပေးပြောကြားခဲ့ပါသည်။

ဤသို့ဗိုလ်ချုပ်စိုးဝင်း၏ စိုးရိမ်ထိတ်လန့်နေမှုကို အတည်ပြုနိုင်သည့် အခြားအချက်အလက်ရှိပုံမရသော်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့်နယ်နိမိတ်ချင်းဆက်စပ်နေသော ရခိုင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့မှုများ ကိုဗိုလ်ချုပ်ကြီးများ ကပြုလုပ်နေကြောင်း သတင်းများရရှိထားပါသည်။

မြန်မာ ဘင်္ဂလာဒေ့ရှ်နယ်စပ်အခြေစိုက် မြန်မာသတင်းသမားတဦး၏အဆိုအရ စစ်အစိုးရသည် စစ်အင်အားတိုးမြှင့် ချထားမှုများကိုလုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် အမြောက်တပ်ရင်းများချထားမှုကိုလုပ်ဆောင်လျက်ရှိကြောင်း ပြောပါသည်။

"စစ်အစိုးရက မောင်တောစစ်အခြေစိုက်စခန်းသစ်ကို တပ်ရင်းတွေအများအပြားထပ်ပို့နေတယ်၊ အထူးသဖြင့် အမြောက်တပ်ရင်းတွေပို့နေတယ်" ဟု အမည်မဖော်ပြပါရန် မေတ္တာရပ်ခံချက်ဖြင့် သတင်းသမားတဦးက မဇ္ဈိမ ကိုပြောပါသည်။

မြန်မာစစ်တပ်သည် တောင်တန်းများကိုအကာအကွယ်ယူ၍ ရှည်လျားသော တောင်ကြားချိုင့်ဝှမ်းတလျှောက် တပ်များချထားလျက်ရှိကြောင်းဖြင့် အဆိုပါသတင်းသမားက အဆိုပါဒေသရှိ ဒေသခံများကို ကိုးကားပြောဆိုသွားခဲ့ ပါသည်။

"ကျနော်ထင်တာ စစ်တပ်က မကြာခင်ဖြစ်တော့မဲ့စစ်ပွဲတပွဲ၊ ဒါမှမဟုတ် ပဋိပက္ခတခုခုအတွက် ကြိုတင်ပြင်ဆင်နေ တဲ့ပုံဘဲ" ဟု သူကဆက်လက်ပြောဆိုပါသည်။

ထို့အတူ ဒါကာအခြေစိုက် မြန်မာသတင်းဌာနတခုဖြစ်သော နေရဉ္ဓရာသတင်းဌာန၏ အယ်ဒီတာ ဦးခိုင်မြတ်ကျော် ကလည်း မကြာသေးခင်လများအတွင်း မြန်မာစစ်တပ်သည် အနည်းဆုံးတပ်ရင်း ၁၃ ရင်းကို ရခိုင်ပြည်နယ်မြောက် ပိုင်း မောင်တောမြို့နယ်သို့ပြောင်းရွှေ့ချထားခဲ့ကြောင်း မဇ္ဈိမကိုပြောကြားသွားခဲ့ပါသည်။

"မောင်တောမြို့နယ်ထဲမှာ မြန်မာစစ်တပ်ကလေတပ်အခြေစိုက်စခန်းတခုတည်ဆောက်နေတာလဲ ကျနော်တို့အတည် ပြုလို့ရပါတယ်" ဟု ဦးခိုင်မြတ်ကျော်ကဆိုပါသည်။

ထို့ပြင် စစ်အစိုးရ၏ဒုတိယအဆင့်အမြင့်ဆုံးစစ်အရာရှိ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့သည် မကြာသေးခင်ရက်သတ္တပတ်များက ရခိုင်ပြည်နယ်သို့လာရောက်၍ ဆောင်ရွက်နေသောလုပ်ငန်းများ၏တိုးတက်မှု အခြေအနေကို လာရောက်စစ်ဆေးကြည့်ရှုသွားခဲ့ကြောင်းဖြင့်လည်း သူကဆက်လက်ပြောဆိုပါသည်။

"ဒါကိုကြည့်ရင် ပြင်ဆင်မှုတခုခုလုပ်နေတာ ထင်ရှားတယ်၊ ကျနော်ထင်တာ စစ်အစိုးရက ဓါတ်ငွေ့ရှာဖွေရေးလုပ်ငန်း တွေဆက်လုပ်ဘို့ ဘင်္ဂလားပင်လယ်အော်ကို ပြန်လာချင်နေတယ်နဲ့တူတယ်" ဟု ဦးခိုင်မြတ်ကျော်ဆိုသည်။

"ပြီးခဲ့တဲ့ ဘင်္ဂလာဒေ့ရှ်နဲ့ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ သူတို့အတော်အခံရခက်သွားပုံရတယ်" ဟု ဦးခိုင်မြတ်ကျော်က မှတ်ချက်ပေးပါသည်။

တောင်ကိုရီးယားနိုင်ငံဒေဝူးကုမ္ပဏီက မြန်မာရေတပ်သင်္ဘောများလိုက်ပါလျက် ဘင်္ဂလားပင်လယ်အော်တွင် ရေနံ ဓါတ်ငွေ့ရှာဖွေမှုများပြုလုပ်သည်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံကကန့်ကွက်ခဲ့ပြီးနောက် နိုဝင်ဘာလဆန်းတွင် ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံအကြားတင်းမာမှုများ ပေါ်ပေါက်ခဲ့ပါသည်။

မြန်မာရေတပ်နှင့်ဒေဝူးသင်္ဘောများအစမ်းတွင်း တူးဖော်နေသောလုပ်ကွက်သည် မိမိတို့ရေပိုင်နက်အတွင်းကျရောက် နေသည်ဟုဆိုကာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ယင်းတို့၏ရေတပ်သင်္ဘော ၂ စီးကိုအဆိုပါနေရာသို့ချက်ချင်းစေလွှတ်ခဲ့ပါ သည်။

အဆိုပါနေရာသည် မြန်မာနိုင်ငံ၏စီးပွါးရေးဇုံအတွင်းကျရောက်နေကြောင်း တုံ့ပြန်ပြောဆိုခဲ့သော်လည်း မြန်မာဗိုလ် ချုပ်ကြီးများသည် နောက်ပိုင်းတွင် အဆိုပါဒေသမှ မိမိတို့၏သင်္ဘောများကို ထွက်ခွါစေခဲ့ပါသည်။

ဤသို့တင်းမာမှုများဖြစ်ပေါ်နေစဉ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံက ရေတပ်သင်္ဘော ၂ စီးချထားခဲ့ပြီး နယ်စပ်လုံခြုံရေးကိုလည်း အင်အားဖြည့်တင်းထားခဲ့ပါသည်။ သို့သော်မြန်မာနိုင်ငံကမူ ထိုသို့တပ်ကူ ပေးပို့မှုများကိုအချိန်မီလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဟု ဦးခိုင်မြတ်ကျော်က ပြောပါသည်။

"ကျနော်ထင်တာ ဒါကြောင့်ဘဲသူတို့အခု စစ်အခြေံခံစခန်းတွေဆောက်နေတာ၊ တပ်တွေအချိန်မရွေးလျင်လျင်မြန်မြန် ရွှေ့ပြောင်းနိုင်အောင် ရထားလမ်းတွေ၊ ကားလမ်းတွေတောင်ဖောက်နေတာ" ဟု ဦးခိုင်မြတ်ကျော်က လေ့လာသုံး သပ်ပြောကြားပါသည်။

Friday, January 30, 2009

ရောက်ရှိလာသောဖတ်ရသည့်ကဗျာတစ်ပုဒ်

မွေးရပ်မြေရဲ့အကြောင်း

ကမ္ဘာအနှံ့က “ရွှေ”...တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျနော့်ရဲ့ မွေးရပ်မြေအကြောင်း နဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ.....။

ဆရာဝန်တွေက ဆေးရောင်း

အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေ အကုန်ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ဂွင်ရှာနိုင်မှ သူဋ္ဌေးလောင်းဖြစ်မယ်....။

အစိုးရကအစ သူခိုးဓမြ တွေဆို

ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဘို့ go ကြပေဗျို့...။

ဉာဥ့်ငှက်မလေးတစ်ယောက်က ဖောက်သည်မျှော်

မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့.....။

ဈေးသည်မလေးတစ်ယောက်က ၀ယ်သူမျှော်

အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ....။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား

လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတချို့က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ်လေး တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒိုတစ်စီးက ဗွက်တွေစင်အောင် မောင်းသွား
ငါတို့ငိုသံတွေကို
အိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်..။
ဖျာခင်းချင်သူတချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်...။

မီးခဲကိုင်ထားရသလိုပဲ ဆိုတဲ့ စေတနာရှင်တို့........

ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့ လူ့ပြည်ကို ဖျက်နေတာလား..။
ခင်ဗျားတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်ပါ..။
တပြည်လုံးလည်း နားညီးနေပြီ....အော်ဂလီဆန်ချင်စရာ..။

ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့လည်း

မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့
ငါ့ခြေထောက်တွေ ကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူး တဲ့..။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်၊
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်..။

ဒီလိုနဲ့.......

စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိမ်မက်တွေလည်း ခေါက်ရိုးကြေ၊
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ...။
လူ့သက်တမ်း တ၀က် ကျိုးလာပြီဆိုတဲ့ အချက်ပေးသံ တွေလည်း မြည်လာပြီ၊
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ..။
“ဆန်တပြည်ကို ၁၅၀၀ တောင်” အဲဒါ အဖွား ညည်းတဲ့အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်..။

ဒီကြားထဲ .......

နာဂစ်က တစ်ချက်မွှေ့
ဧရာဝတီက လူတွေခမျာ အသက်စေ့
တချို့လူတွေကလည်း အကွက်ရွှေ့
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့
မြန်မာပြည်ကြီးကတော့ ၀မ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့.....။

အစိုးရကအစ သူခိုးဓမြ တွေဆို

ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ go ကြပေဗျို့.........။

ကောင်းကင်ကို

(မှတ်ချက်။ ။ အထက်ပါကဗျာလေးသည် မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသော အခြေအနေ၊ ဖြစ်ပျက်နေသောလက္ခဏာ၊ ရင်ဆိုင်နေရသောဘ၀အသီးသီးတို့၏ ပကတိဖြစ်ရပ်မှန်ကို ကဗျာတစ်ပုဒ်တည်းနှင့် ပြီးပြည့်စုံအောင် ဖော်ပြနိုင်ခဲ့၍ ကြိုက်နှစ်သက်ပြီး ဤဘလော့ဂ်တွင် တင်မိပါသည်။ အီမေးလ်ဖြင့် ကျနော့်ဆီကို ရောက်ရှိလာသော ကဗျာဖြစ်ပြီး ထပ်ဆင့်ပေးပို့လိုက်သူက ကဗျာဖန်တီးသူ၏ အမည်ကို ဖေါ်ပြမထားခဲ့ပါ။
ယခုမူ ကိုကောင်းကင်ကို ကိုယ်တိုင် ရေးဖွဲ့သီကုံးထားသော ကဗျာဖြစ်သည်ကို သိရှိရပါ၍ ယခုမှ ကဗျာရေးသူ၏ အမည်အား ပြန်လည်ဖြည့်စွက်နိုင်ခဲ့သည်ကို နားလည်ပေးနိုင်ပါရန် နှင့် ကဗျာကို ဦးနှောက်အဆီခမ်းကာ နှလုံးသွေးနှင့် ရေးစပ်ခဲ့ရသော ကိုကောင်းကင်ကိုအားလည်း ကျနော့်၏ ပျက်ကွက်ချို့ယွင်းမှုအတွက် တောင်းပန်အပ်ပါသည်။)

ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ

ဝီရ / ၃၀ ဇန်န၀ါရီ ၂၀၀၉


ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ဖြည့်စွက်ခြင်းများ မလုပ်ဆောင်ပါလျှင် ၎င်းတို့ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက်ကိုင် အပစ်ရပ်အဖွဲ့အစည်းကြီးတဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတို့က ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ယခုလ (၁၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲ မဟုတ်သောကြောင့် မိမိပါတီအနေဖြင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားမဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

၎င်းက “ကျနော်တို့ပါတီက ဒီအခြေခံဥပဒေမူကြမ်းကို ဖြည့်စွက်တာတွေ၊ ပြင်ဆင်တာတွေ အဆိုပြုတာလည်း နအဖတို့က လျစ်လျူရှုခဲ့တယ်၊ ပယ်ချခဲ့တယ်။ ပြီးတော့ ဒီဥပဒေမူကြမ်းဟာ မွန်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ သုံးသပ်ဆွေးနွေးကြပြီး ပါတီရဲ့ညီလာခံမှာ ရွေးကောက်ပွဲ မဝင်ရေး ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်တယ်။ နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမယ်ဆိုရင် ကျနော်တို့ ပါတီက ဒါကို ပြန်စဉ်းစားပေးမယ်” ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားအခွင့်အရေးအတွက် မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်နှင့် (၃၆) နှစ်ကြာ စစ်ခင်းတော်လှန်ခဲ့ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် လွန်ခဲ့သော (၁၄) နှစ်ခန့်က အပစ်အခတ်ရပ်စဲထားသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုလည်း စစ်အစိုးရလက်အောက်ခံတပ်အဖြစ် ဝင်ရောက်ခိုင်းသည်ဖြစ်စေ၊ လက်နက်ချခိုင်းသည်ဖြစ်စေ လက်ခံလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့၏ ညီလာခံမှ ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ် (၅) နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း မွန်ပြည်သစ်ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အကယ်၍ နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ဥပဒေမူကြမ်း အသစ်တစ်ရပ် ပြန်လည်ရေးဆွဲမည်ဆိုပါက ပူးပေါင်းပါဝင် မည်ဟု အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငွေသိမ်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

“မွန်ပြည်သစ်ပါတီရဲ့ ယခုလို ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်ချက်ကို ကြိုဆိုတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေမူကြမ်းကို မသုံးဘဲ ဥပဒေမူကြမ်းအသစ်တရပ်အတွက် တိုင်းရင်းသားတွေနဲ့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နအဖတို့က ဆွေးနွေးပြီး ပြန်လည်ရေးဆွဲကြရင် ကျနော်တို့အဖွဲ့ကလည်း ဝင်ရောက်ပူးပေါင်းမယ်။ ဒီ ၂၀၀၈ ဥပဒေမူကြမ်းကို မပြင်ဆင်သရွေ့တော့ ကျနော်တို့လည်း ၂၀၁၀ မှာ ဝင်ရောက်အရွေးခံမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။

ထို့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) နှင့် မွန်သံဃာတော်အရှင်သူမြတ်တို့ကလည်း မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ကို ကြိုဆိုထောက်ခံကြသော်လည်း ယင်းရပ်တည်ချက်သည် မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြနေ သည့် ပြည်သူအများစုလည်း ရှိကြကြောင်း သိရသည်။

မွန်ပြည်သူတို့၏ လေးစားကြည်ညိုခြင်း ခံရသော မွန်ပြည်နယ်မှ ဆရာတော်တပါးကမူ “မွန်ပြည်သစ်ပါတီရဲ့ ယခုလိုရပ်တည်ချက်ကို ထောက်ခံတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ပျက်သွားတဲ့အထိ ဖြစ်သွားရင်တော့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံပညာရေးဆိုင်ရာ အခွင့်အရေးတွေကိုတော့ ပြန်လည်ဆုံးရှုံးမှာ သေချာတယ်” ဟု မိန့်ကြားသည်။

သို့သော် မွန်ပြည်သစ်ပါတီကမူ အပစ်အခတ်ရပ်စဲရေးကို မိမိတို့ပါတီဘက်မှ အရင် ဖျက်ဆီးရန် အစီအစဉ်မရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ပေါ်လစီ(မူဝါဒ)က မွန်လူမျိုးတွေအတွက် အာမခံချက် တခုခု မရမချင်း လက်နက် မဖျက်သိမ်းဘူး၊ လက်နက်မချဘူး၊ ပါတီကို အဖျက်သိမ်းမခံဘူး။ စစ်အစိုးရဘက်က လက်နက်ဖျက်သိမ်းခိုင်းတာပဲဖြစ်ဖြစ်၊ လက်နက်ချခိုင်းတာပဲဖြစ်ဖြစ် ဖိအားပေးလာရင် အခြားမွန်အဖွဲ့အ စည်းတွေနဲ့ မွန်သံဃာတော်တွေ၊ မွန်ပြည်သူလူထုတွေဆီက အကြံဥာဏ်တွေကို တောင်းခံပြီး အဲ့ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ပါတီက ဆုံးဖြတ်ချက်ချမယ်” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီအား လက်နက်ချရန်၊ လက်နက်အပ်ရန် ဖိအားပေးမည်မဟုတ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်းက ယင်းပါတီနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ကတိပေးခဲ့ကြောင်း ကြားသိရသည်။

အပစ်ရပ်တိုင်းရင်းသားပါတီအသိုင်းအဝန်းများမှ လာသောသတင်းအရ ၎င်းတို့တောင်းဆိုနေသော အခွင့်အရေးတို့ကို နောက်တက်လာမည့် အစိုးရတွင်သာ တင်ပြကြရန် လက်ရှိစစ်အစိုးရက ပြန်လည် အကြောင်းပြန်ခဲ့သည်ကို ထောက်ရှုခြင်းဖြင့် စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့အစည်းများကို ဤအတိုင်း ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မဖျက်ဆီးလိုကြောင်း ဆိုကြသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ ကြီးမှူးကျင်းပသော အမျိုးသားညီလာခံသို့ ဗဟိုကော်မတီဝင်အဆင့် တက်ရောက်ခဲ့ရာမှ ၂၀၀၅ ခုနှစ်ကစ၍ လေ့လာသူအဆင့်သာ ဆက်လက်စေလွှတ်ခဲ့သည်။

အမျိုးသမီး ၇ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပုံများဖြင့် ကြော်ငြာ

မျိုးကြီး
သောကြာနေ့၊ ဇန်နဝါရီလ 30 2009 19:16 - မြန်မာစံတော်ချိန်

ရွှေလီ (မဇ္ဈိမ)။ ။ အမျိုးသမီးများကို တရုတ်နိုင်ငံဘက်သို့ ဖြားရောင်းပို့ဆောင်ကာ ရောင်းစားမှုပြုသည်ဟု စွပ်စွဲကာ အမျိုးသမီး ၇ ယောက်၏ ဓာတ်ပုံများကို လိုင်ဇာမြို့လယ်ခေါင်တွင် အများမြင်အောင် ပြသထားသည်။

''သတိ၊ အမျိုးသမီးများကို ရောင်းစားသူများ ဖြစ်သည်'' ဆိုသည့် ကချင်ဘာသာစာတမ်းနှင့်အတူ အလျား ၆ ပေ၊ အမြင့် ၅ ပေခန့်ရှိသည့် အမျိုးသမီးများရုပ်ပုံပါ ပိုစတာများကို ယမန်နေ့ နံနက်ပိုင်းကမှ တရုတ်နိုင်ငံနှင့်နယ်နမိတ်ထိစပ်နေသော ကချင်ပြည်နယ် လိုင်ဇာမြို့ အမှတ် (၂) ကုန်စိမ်းဈေးအနီးတွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။ လိုင်ဇာမှာ ငြိမ်းချမ်းရေးရယူထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ ထိန်းချုပ်ရာဒေသဖြစ်သည်။

'' ကချင်စာနဲ့ ထိပ်က တခုတော့ ရေးထားတယ်။ ကျန်တဲ့ သူတို့အမည်နာမ၊ အသက်လည်း တခုမှမပါဘူး။ သူတို့ရဲ့ မျက်စိကို ကွန်ပြူတာနဲ့ ဖျက်ထားပေးတယ်။ လိုင်ဇာရဲက ဖမ်းမိတဲ့ဟာတွေလား၊ အဲဒီလိုမျိုး ဘာမှမသိရဘူး။ 'Masha Dut Sha Ai Ni' တဲ့၊ လူရောင်းစားတဲ့ ပုဂ္ဂိုလ်တွေလို့။ အဲလိုပဲ ကြေညာထားပေးတယ်'' ဟု လိုင်ဇာဒေသခံ မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံ ကချင်အမျိုးသားတဦးကလည်း ''လူရောင်းစားတဲ့သူတွေ ဖြစ်ပါတယ်ပေါ့။ မျက်စိကိုတော့ တိတ်နဲ့၊ ကွန်ပြူတာနဲ့ ဖျက်ပြီးတော့ ကာလာနဲ့ ဆိုင်းဘုတ်အကြီးကြီးနဲ့ ကပ်ထားတယ်လေ။ အမျိုးသမီးရုံးနားမှာရော၊ အ၀ိုင်းနားမှာရော အဲဒီလူတွေက အမျိုးသမီးတွေကို ရောင်းစားတဲ့သူတွေ ဖြစ်ပါတယ်လို့ အဲလိုပဲ ရေးထားတယ်'' ဟု ပြောသည်။

လိုင်ဇာရဲစခန်း တာဝန်ကျစခန်းမှူးက အသေးစိတ် ဖြေကြားရန် ငြင်းဆန်လိုက်ပြီး" ကျနော်ကတော့ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်ဆိုတာ မသိရပါဘူးခင်ဗျ။...အဲဒါ လုပ်တာ အထက်က လူကြီးတွေလုပ်တယ်ဆိုတော့ ဘာမှ မသိရပါဘူး ခင်ဗျ'' ဟု သူက ပြောသည်။

နာဂစ်၏ ၀ိဉာဉ်များ ကျန်ရစ်သူများကို ခြောက်လှန့်နေဆဲ

Friday, 30 January 2009 19:02 ကြည်ဝေ
ည ၁၂ နာရီထိုးပြီး မိနစ် ၂၀ ရောက်ပြီဆိုတာနှင့်ပင် သူ့ အာရုံတို့သည် ဖျတ်ခနဲ နိုးလာကာ ပြင်ပမှ အသံဗလံ တို့ကို စတင် ကြားယောင် လာတော့သည်။

မည်းမည်းမှောင်နေသော အမှောင်ထဲတွင်လည်း သူ့မျက်လုံးအစုံသည် အမှောင်မှာကျင့်သားရနေသလို မြင်နေရသောကြောင့် မျက်ခွံတွေကို အတင်းဖိကပ်ပြီး ပိတ်ထားလိုက်သည်။

သူပထမဆုံးသတိထားမိသော အသံကတော့ ဆွဲဆွဲငင်ငင် အူလိုက်သည့် ခွေးအူသံပဲဖြစ်သည်။ တရွာလုံးတွင် တကောင်တည်းသာ ကျန်ခဲ့သော ခွေးသည် ညစဉ်ညတိုင်း ၁၂ နာရီ နှင့် မိနစ် ၂၀ ရောက်လျှင်ပင် ထိုကဲ့သို့ အူသည်မှာ ယခုဆိုလျှင်လပေါင်း ၈ လပင် ပြည့်ခဲ့လေပြီ။

ရှည်လျားသောခွေးအူသံကြောင့် သူသည် ပိုခြောက်ခြားလာမိကာ အမှောင်ထဲမှာပက်လက်အိပ်နေ သော အနေအထားကနေ လုံးဝ မရွေ့ရဲ ၊ နားရွက်ပင် မခတ်ရဲတော့ ချေ။ ထိုစဉ်မှာပင် တ၀ူဝူနှင့် တိုက်ခတ်နေ သော လေသံသည်လည်း ပိုပြင်းထန်လာကာ၊ ငိုသံများ အော်ဟစ်သံများသည်လည်း သူနှင့်တဖြည်းဖြည်း နီးကပ်လာ သလိုကျယ်လောင်ပြင်းထန်လာတော့သည်။

တဇတ်ဇတ်တုန်လာသော သူသည်တဲအတွင်း ကြမ်းခင်းထဲကိုယ်လုံးနစ်မြှုပ်သွားမတပ်ကပ်နေရင်း မျက်လုံးတို့မှ
မျက်ရည်ပေါက်ကြီးများကျလာသည်။

လွန်ခဲ့သော ၈ လအကျော်၊ မေလ ၂ ရက်နေ့ ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းတိုက်သည့် ညက အဖြစ် အပျက်တို့သည် သူ့အာရုံထဲမှာ ပြန်မြင်လာသလို၊ မိုးသံလေသံကြားထဲမှ သူ့ ဇနီးသည်၏ "ယောင်္ကျားရေ…" ဟူသော အော်သံနှင့်သားငယ်လေး၏ ကြောက်လန့်တကြား ငိုဟစ်သံကိုလည်း သူပီပီသသကြားလိုက်ရလေပြီ။

ထို့နောက် လှိုင်းအပုတ်ကြောင့် သူ့လက်ထဲမှ လွတ်ထွက်သွားသော သမီးလေး။ အိမ်ထဲမှာ အုန်းပင်ပိပြီး သေကျန် နေခဲ့သည့် အမေ။

တာပေါ်လင်မိုးထားသော လေးပေပတ်လည် တဲလေးထဲတွင် တဟီဟီအော်ငိုနေ သည့်မောင်မိုးကို ဘေးတ်ဲမှ ဦးကျော်ခင်က သွားရောက်နှစ်သိမ့်ရသည်မှာ ထိုညနှင့်ဆိုလျှင် မရေတွက်နိုင်တော့ ကြောင်း ဦးကျော်ခင်က ပြောပြခဲ့သည်။

"သူက တမျိုးပဲ၊ ညတော်တော်များများမှာ အဲဒီလို နိုးနိုးပြီး ငိုနေတော့တာပဲ၊ နေ့ခင်းတော့ တနေကုန် အလုပ်လုပ် နေတာပဲ ညမှ အော်သံတွေကြားတယ်လို့ပြောပြီး ငိုနေတယ် ကျနော်ကတော့ သူ့လို မကြားဘူး"ဟု ဦးကျော်ခင် က ဆိုသည်။

သူနေထိုင်သော ၀ဲဒေါင့်ဆိုသည့် ကျေးရွာလေးမှာ ကကရို ချောင်းဘေး၊ ပြင်စလူအုပ်စု၊ လပွတ္တာခရိုင်ထဲတွင် ရှိပြီး နာဂစ်မုန်တိုင်းတွင် လူပေါင်း ၄၀၀ ၀န်းကျင်ခန့်သေဆုံးခဲ့သော တံငါ ရွာလေးတရွာ ဖြစ်သည်။ယခုအခါ လူ ၁၀၀ ၀န်းကျင်ခန့်ကျန်ရစ်ကြပြီး ယခင်တုန်းကလိုပင် ရေလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြသည်။

ထိုရွာကလေးတွင် မောင်မိုးကဲ့သို့ နာဂစ်တိုက်ခတ်တုန်းက လေသံနှင့်ရောနေသော လူအော်သံများကို ညတွေမှာ ကြားရသူများ ရှိကြောင်း ဦးကျော်ခင်၏ ပြောပြချက်အရ သိရ သည်။

ထိုရွာကဲ့သို့ပင် ပိတောက်ကုန်းရွာသည်လည်း သူရဲခြောက်သော ရွာဟု ကျော်ကြားကြောင်း လပွတ္တာမြို့မှ စက်လှေနှင့် ၄နာရီခန့်သွားရသော ပိတောက်ကုန်းရွာသားတယောက်က ပြောဆိုသည်။

"ခရစ္စမတ်နေ့တုန်းက လူလည်းတယောက်မှ မရှိဘဲနဲ့ သူတို့ဘုရားကျောင်းပျက်ကြီးနေရာကနေ ခေါင်း လောင်း ထိုးသံတွေ ထွက်လာတာ တညလုံးပဲ၊ ဟိုဘက် သိပံ္ပကုန်းကြီးရွာကတောင် ကြားရတယ်" ဟု အဆိုပါ ရွာသားက ဆိုသည်။

နာဂစ်မုန်တိုင်းတိုက်စဉ်က အဆိုပါ ဘုရားကျောင်းထဲတွင် ပိတ်မိပြီး လူပေါင်း ၁၀၀ကျော်ခန့်သေဆုံးခဲ့သော ကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက ဘုရားရှိခိုးသံများ၊ ခေါင်းလောင်းထိုးသံများနှင့် စကားပြောသံများပင်
ကြားရသလို၊ ကရင်နှစ်ကူး နေ့တုန်းကလည်း လူသံများ ကြားနေရကြောင်း ပိတောက်ကုန်း ရွာသား တဦးက ပြောပြသည်။

ပိတောက်ကုန်းရွာသားတဦးကတော့ ရွာတွင် ညနေ ၆နာရီထိုးတာနှင့်ပင် လူခြေတိတ်ပြီး အသွားအလာ မရှိကြ တော့ကြောင်း၊ ရွာ၏ ဘုရားကျောင်းအနီးသာမက လူအသေအပျောက်များခဲ့သော ကွင်းဘက်မှာလည်း သူရဲ ခြောက်သည်ဟု ပြောသံကြားကြောင်း သူကတော့ တခါမှ အခြောက်မခံရဘူးကြောင်းပြောပြသည်။

ထို့ပြင် အခြားပြဿနာ တခုမှာ နာဂစ်မုန်တိုင်းဒဏ်ခံရသော ရွာအများစုတွင် အရက်ဆိုင်များပေါ်လာပြီး အဆိုပါ ဒေသများမှ အမျိုးသားများမှာ အရက်ကို ယခင်ကထက်ပင် ပိုသောက်လာကြသည်ကို တွေ့မြင်ရသည်။

"ကျနော်လေ ညဆို အရက်မူးအောင် သောက်ပြီးမှ အိပ်တယ်၊ မသောက်တဲ့နေ့ ဆိုရင် ကျနော် ဘယ်လို မှ အိပ်လို့မရဘူး၊ ကျနော့် မိန်းမနဲ့ ကလေးတွေကို သိပ်သတိရတယ်၊ မေ့လို့မရဘူး" ဟု ကလေး ၃ ယောက်နှင့် ဇန်ီးသည် ကို ဆုံးရှုံးခဲ့ရသူ ကိုခင်မောင်ဆွေက အာလေးလျှာလေးအသံနှင့်ပင် ငိုယိုကာ ပြောဆိုသည်။

ကိုခင်မောင်ဆွေကဲ့သို့ပင် မိသားစု ဆုံးရှုံးခဲ့ရသူများသည် ညနေ အလုပ်သိမ်းချိန်ဆိုလျှင် အရက်ရောင်းသည့် အိမ်ဝင်ကာ အရက်မူးအောင်သောက်ပြီးမှအိမ်ပြန်ကြကြောင်း၊ ၄င်းတို့အနေနှင့် ယခင်က အရက်ကို စွဲစွဲလမ်း လမ်း သောက်သူများမဟုတ်သော်လည်း နာဂစ်ကြောင့် မိသားစု ၀င်များဆုံးပါးပြီးကတည်းက အရက်ကို ညနေ တိုင်းမူးအောင်သောက်လာကြကြောင်း၊ ထိုအရက်သောက်သူ အများစုမှာလည်း သူရဲခြောက်ခံရတတ်ပြီး သူရဲ ခြောက်ခံရမှာကို ကြောက်သောကြောင့် အရက်သောက်သူများလည်း ရှိလာကြောင်း ကုန်းကြီးရွာသားတဦး က ပြောဆိုသည်။

ကုန်းကြီးရွာသည်လည်း ပြင်စလူအုပ်စုထဲတွင် ပါဝင်ကာ ရွာရှိလူ၏ ၇၀ ရာနှုန်း မှာ နာဂစ်ကြောင့် သေဆုံးသွားခဲ့ရ ကြောင်း သိရသည်။

ရွာလုံးကျွတ်နီးပါး သေဆုံးခဲ့ရသော ချောင်းကြီးရွာသားတဦးကလည်း ည ၁ နာရီလောက်ဆိုလျှင် လူသံများကြား ရ ကြောင်း၊ လူသံများမှာ လူအုပ်သံများဖြစ်နေကြောင်း သူလည်းကြားရသည့်အတွက် မေတ္တာပို့အမျှဝေနေ ကြောင်း ပြောဆိုသည်။

"ကျနော့် စိတ်အထင်ပြောရမယ်ဆိုရင်လေ၊ သူတို့အတွက် တခုခုလုပ်ပေးဖို့ လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သေလို့သေမှန်းမသိဖြစ်သွားကြရတဲ့သူတွေလေ၊ ခုချိန်ထိ သူတို့အတွက်သက်ဆိုင်တဲ့သူတွေက ရည်းစူးပြီး လုပ်ပေးတာမျိုးလည်း မရှိသေးဘူးဆိုတော့"ဟု သူက သူ့ ထင်မြင်ချက်ကို ပြောဆိုသည်။

လပွတ္တာမြို့တွင်လည်းကောင်း၊ ပြင်စလူမြို့ပေါ်တွင်လည်းကောင်း၊ ဘိုကလေးမြို့ပေါ်တွင်လည်းကောင်း သေဆုံး သွားရသူများအတွက်ဟု ရည်စူးပြီး မြို့ခံများနှင့် စေတနာရှင်များက ဆွမ်းကပ်ခြင်း၊ အမျှဝေခြင်းများ ပြုလုပ်ခဲ့ကြ သည်ဟု သိရသည်။

အလောင်းများတင်နေသော ရွာများမှ ဒေသခံများကသာ အလောင်းများကို ကျင်းတူးပြီး မြှုပ်ပေးခဲ့သော်လည်း သရဏဂုံ တင်ခြင်းလည်းမရှိခဲ့ကြောင်း ပြောဆိုကြသည်။

ထို့ကြောင့် သေဆုံးသူများနှင့်ပတ်သက်ပြီး သက်ဆိုင်သူများနှင့် သက်ဆိုင်ရာနေရာဒေသ အလိုက် ပြုလုပ်သင့် သလို၊ ဒေသခံများပြုလုပ်နိုင်ရေးကိုလည်းအစိုးရမှ ပံ့ပိုးကူညီသင့်ကြောင်း ချောင်းကြီးရွာသားက ပြောဆိုသည်။

ရန်ကုန်ရှိ စိတ်ပညာဌာနမှ ဆရာတဦးကလည်း ဒေသခံများ၏ အစွဲဆိုသည်မှာရှိတတ်ကြောင်း သူတို့ စိတ်သန့် စေရန်အတွက် တခုခုတော့ လုပ်ပေးသင့်ကြောင်း ၊ ထိုအစွဲကြောင့် ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုကြီးထွားလာနိုင်သလို အခြားလူများကိုလည်း ထိခိုက်မှုများရှိလာနိုင်ကြောင်း ပြောဆိုသည်။

"သူရဲ ဆိုတာကို ယုံကြည်တဲ့သူ ရှိသလို၊ မယုံကြည်တဲ့သူတွေလည်း ရှိတယ်၊ ယုံတဲ့သူတွေမှာတော့ သူရဲဆိုတာ ခြောက်နေဦးမှာပဲ…အဲဒါကို နားလည်ပြီး သေဆုံးသွားတဲ့သူတွေအတွက် ဆွမ်းသွပ်ပေးတာ၊ အမျှဝေပေးတာမျိုး ကို ဘာသာအလိုက် လုပ်ပေးသင့်တယ်" ဟု အဆိုပါ ပညာရှင်က သုံးသပ်ပြောဆိုသည်။

ပရိသတ် ရင်ဘတ်ကို ထိအောင်ရိုက်သူ

Friday, 30 January 2009 18:34 ဧရာဝတီ
ကိုခရမ်းသည် ဂီတ လောက ထဲသို့ ဝင်ခါစတွင် Section Player အဖြစ် လိုက်လံ တီးခတ်ခဲ့ သော်လည်း လိဒ်ဂစ်တာသမား တေးရေး စောဘွဲ့မှူး တည်ထောင်သည့် Iron Cross (IC) တေးဂီတဝိုင်း စတင်ချိန် ၁၉၉၁ ခုနှစ်ကတည်း က ဒရမ်မာအဖြစ် ပါဝင်တီးခတ်ခဲ့သူဖြစ်သည်။ ယခုအခါ IC တေးဂီတအဖွဲ့ တည်ထောင်သည်မှာ ၁၇ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကွယ်လွန်သူ စောဘွဲ့မှူးမှအပ ကျန်သည့် တီးဝိုင်းအဖွဲ့ဝင်များနှင့် ဝိုင်း စတင်ချိန်က အတိုင်း ပြိုကွဲခြင်း၊ ကျဆုံးခြင်းမရှိဘဲ ရပ်တည်ဆဲဖြစ်သည်။ ယင်းတေးဂီတအဖွဲ့၌ ဒရမ်မာအဖြစ်သာမက တီးဝိုင်း နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် တာဝန်ရှိသူတဦးအဖြစ် အဆုံးအဖြတ်ပေးနိုင်သော ကိုခရမ်းကို ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒရမ်မာ ကိုခရမ်း

မေး။ ။ ကိုခရမ်းက ဒရမ်နဲ့ပတ်သက်တဲ့ ပညာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

ဖြေ။ ။ လူက မွေးကတည်းကတော့ ဘာမှတတ်ခဲ့တာမဟုတ်ဘူးလေ။ ကျနော်တို့ဆီမှာက ဂီတနဲ့ ပတ်သက် တဲ့ ကျောင်းဆိုတာလည်း သတ်သတ်မှတ်မှတ်ရှိတာ မဟုတ်ဘူး။ ဒီ စတီရီယိုပိုင်းက ပိုဆိုးတာပေါ့။ ကျနော်တို့ ထက် တတ်တဲ့၊ သိတဲ့ ရှေ့လူတွေဆီမှာနည်းနာခံ၊ တပည့်ခံပြီးသင်ယူခဲ့ရတာပဲ။ ကျနော့်ဆရာက ကိုဇော်ဝင်းရှိန် ပါ။ Play Boy တို့ Aces တို့ကတော့ ကျနော့်ရဲ့ မြင်ဆရာတွေပေါ့။

ကျနော်က ဒီပညာကို တတ်ချင်လွန်းလို့ကို ရအောင်ယူခဲ့တာ။ အလယ်တန်း တက်နေတုန်း စာဆက်မသင်ချင် တော့ဘူး။ စိတ်လည်းမပါဘူး။ လူက ဂီတသံကြားရင်ကို မနေနိုင်တာ။ အဲဒီ တူရိယာတွေကြားမှာပဲ ပျော်နေချင် တာလေ။ ကျနော်လုပ်ချင်တာက ဒါပဲ .. ဒီတော့ ကျနော်က မိဘတွေကို တောင်းဆိုတယ်။ ကျနော့်ကို ကျောင်း ထုတ်ပါ .. မထုတ်ရင်လည်း ကျနော့်ဟာကျနော် ရအောင်ထွက်မယ် ဆိုပြီး လုပ်တာဗျ။

ရှေးကလမ်းဖောက်ခဲ့တဲ့ ဆရာတွေကို သိပ်ကျေးဇူးတင်ဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် ခုကလေးတွေသိအောင်ရှင်းပြ ချင်တယ်။ ကိုသန်းနိုင်ဆို ဒရမ်းအရမ်းကောင်းတယ်ဗျာ။ ကိုအော်စကာသန်းတင်ဆိုရင်လည်း အရမ်းလေးစားဖို့ ကောင်းတယ်။ ဒါတွေ မှတ်တမ်းမရှိဘူး။ ကျနော်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ သူတွေရှိရင် လုပ်စေ ချင်တယ်။

မေး။ ။ စတိတ်ရှိုးတီးတဲ့အခါမှာ အာရှက တခြားရော့ခ်ဘန်တွေနဲ့ IC နဲ့ ဘယ်လိုကွာခြား ပါသလဲ။

ဖြေ။ ။ မတူဘူးဗျ။ အထူးသဖြင့် ထိုင်းက ရော့ခ်ဘန်တွေပေါ့ဗျာ။ ထိုင်းက The Sun Band ကိုဖိတ်ပြီး ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲ ပုံစံမျိုးလုပ်ဖူးတယ်။ သူတို့တီးတာက ပုံသေနည်းဆန်တယ်။ ပုံသေနည်းအတိုင်း ဆိုတော့ တီးတာ သက်သောင့်သက်သာမရှိဘူး။ စိတ်လှုပ်ရှားဖို့မကောင်းဘူး။ ကျနော်တို့ကျတော့ စိတ်ကူးတည့် သလို တီးတာ။ စင်ပေါ်ရောက်သွားပြီဆိုတာနဲ့ IC က Team work လည်းကောင်းတော့ အားလုံးကညီညွတ်ပြီး ဘယ်သူနဲ့တူတယ်ရယ်လို့ကို မဟုတ်တော့ဘူး၊ ကိုယ့်စတိုင်နဲ့ကိုယ်ကို အားလုံး မြောက်ကုန်ကြတာ။

မေး။ ။ အသက်ကြီးလာရင်ကော ရော့ခ်တွေပဲ ဆက်တီး နေဦးမှာလား။

ဖြေ။ ။ အသက်ကြီးလာရင်တော့ လုပ်ချင်တာရှိတယ်ဗျ။ အဲဒါက Jazz Rock လေ။ ဒရမ်ရယ် ဘေ့စ်ရယ် ၂ ယောက်တည်းတီးရတာ။ တကယ့်ငြိမ့်ငြိမ့်လေး။ သူက အဆိုသမားက သိပ်အဓိကမကျဘူး။ အဲဒီ အမျိုးအစားက သံစဉ်တွေတင်မဟုတ်ဘူး တီးတဲ့သူတွေကပါ တန်ဖိုးရှိနေတာ။ တပုဒ်လုံးကို ၁၅ မိနစ်စာလောက်ရှိတယ်ဗျာ။ ပန့်ခ်တွေ မော်ဒန်ရော့ခ်တွေ၊ အော်လ်တာတွေ အမျိုးမျိုးတီးဖူးတယ်။ မတူဘူးဗျာ။ ကျတော်ကြည့်ဖူးသမျှတော့ အဲဒီအမျိုးအစားကိုတီးတာ အသက် ၆၀ အရွယ်လောက်ကြီးတွေ။ ဒါပေမယ့် လူငယ်တွေထက် တော်တော့်ကို လက်စောင်းထက်တယ်ဗျ။ အဲဒါမျိုး ကြီးလာရင်လုပ်ချင်တယ်။

မေး။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စကို လူတွေက အမျိုးမျိုးသရုပ်ခွဲကြတယ်။ ကိုခရမ်းကော ဘာပြောချင် ပါသလဲ။

ဖြေ။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စက ခဏခဏ ရှင်းဖူးတယ်။ ကော်ပီကို ဝေဖန်တဲ့သူတွေကကော ဂီတကို တကယ်သိလို့၊ လေးစားလို့ပြောတာလား .. တမင်မလိုတဲ့ဘက်က ရန်လုပ်ချင်လို့ ပြောတာလား ဆိုတာကို ခွဲခြား ဖို့ လိုမယ်ထင်တယ်။ မြူးဇစ် ဆိုကတည်းကိုက ကော်ပီပဲတီးတီး Own Tune ပဲတီးတီး တူတူပဲ မဟုတ်ဘူးလား။ ဟုတ်ပြီ .. Own Tune ပဲတီးကြမယ် ဆိုပါတော့ .. ကျနော်တို့ ဒီနေ့လုပ်နေတဲ့ မြူးဇစ် ပုံစံက ဘယ်ကလာတာလဲ။ ဒီအငွေ့အသက်တွေနဲ့ ကင်းနိုင်မလား။ ကျနော်တို့လုပ်နေတာကိုက မြန်မာ့ဂီတစစ်စစ်မဟုတ်ဘူး။ ဒါကိုလက်ညှိုး ငေါက်ငေါက်ထိုး ပြောကြတာတော့ မတရားဘူးထင်ပါတယ်။ ကိုယ့်ရာဇဝင် ကိုယ် ရေးရတာပဲ။ ဂီတကို ဂီတလိုပဲ ခံစားသင့်တယ်။ ဂီတကို ခံစားမှာလား အပြစ်ပြောမှာလား ။ ကော်ပီရေးတဲ့သူတွေကလည်း သီချင်းကို ပစ်စလက် ခတ် ရေးကြတဲ့သူတွေမဟုတ်ဘူး။ မူရင်းသီချင်းကို သေချာနားထောင်ပြီးမှ အဓိပ္ပာယ် မပျက်အောင်ရေးလာကြပြီ။

မေး။ ။ IC ရယ်လို့ ဖြစ်လာပုံလေး အကြမ်းဖျင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ အစကတော့ ကျနော်တို့အားလုံး Section လိုက်တီးနေကြတာ။ ကျနော်ကော၊ ဗညားကော၊ ခင်မောင် သန့် ကောပေါ့။ ဘွဲ့မှူးကြီးကခေါ်ရင်လည်း လာတီးလိုက်၊ တခြားမှာလည်း သွားတီးလိုက် လုပ်နေရင်း ဒီလိုလုပ် နေတာထက် Section လုံးဝမတီးဘဲ နေကြမယ်။ ဝိုင်းတခု လုပ်ကြမယ် ဆိုပြီး ဆုံးဖြတ်ကြတာ။ တကယ်တော့ အဲဒါကမလွယ်ဘူး။ Section တီးတာက ပိုက်ဆံအရမ်းရတယ်လေ။ မတီးဘဲ တောင့်ထားဖို့ကမလွယ်ဘူး။

ဆိုလိုတာက Section ကို လက်မလည်အောင် တီးနေရာကနေ လုံးဝရပ်လိုက်ရတော့ အလုပ်တွေ အားသွားကြ တယ်ဆိုတာ ပြောချင်တာပါ။ အဖွဲ့အနေနဲ့က နာမည်မရှိသေးတော့ အလုပ်သိပ်မဖြစ်သေးတာကို တော်တော် လေး တောင့်ခံကြရတယ်။ အဲဒီအချိန်မှာ တောင့်မခံနိုင်ရင် IC ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။

မေး။ ။ IC ဆိုပြီး ဒီလောက် နှစ်ကြာကြာ ရပ်တည်လာနိုင်တာ ဘာကြောင့်ပါလဲ။


ဖြေ။ ။ အဓိကက ကျနော်တို့တယောက်နဲ့တယောက် ချစ်ကြတယ်။ ပြီးတော့ အားလုံးကညီတယ်။ စည်းကမ်း ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ ကျနော်နဲ့ ဗညားနိုင်ကအကြီးဆုံးပဲ။ အဖွဲ့နဲ့ပတ်သက်သမျှ ကျနော်တို့ နှစ်ယောက် ဆုံးဖြတ်ရင် အားလုံးကသဘောတူတယ်။ ပွဲငှားတာကအစ တချို့ကိစ္စဆို မဟုတ်တာတွေ ဘာတွေ ပါလာရင် ကျနော်က အဖွဲ့ကိုတောင် ပေးမသိတော့ဘူး။ ကိုယ့်ဘာသာဆုံးဖြတ်လိုက်တယ်၊ ရှင်းလိုက်တယ်။ မဟုတ်ရင် အလကား စိတ်ညစ်ရတာပဲရှိမယ်။

တချို့ကန်ထရိုက်တွေက လူလည်ကျတာ တွေရှိတယ်။ အဲဒါမျိုးတွေဆို ကျန်တဲ့သူတွေကို ပေးကို မသိတော့တာ။ တခါတလေ တခြားကပတ်ပြီး ဝင်လာတာမျိုး၊ ဥပမာ - ချစ်စမ်းမောင် ကိုဖြစ်ဖြစ် တခြား တယောက်ယောက် ကိုပဲ ဖြစ်ဖြစ် ကန်ထရိုက်က ကပ်ဝင်ရင်လည်း သူတို့က ကိုခရမ်းကို ပြောပါ။ ကိုဗညားကိုပြောပါဆိုပြီး လွှဲလိုက်တာပဲ။ ကျနော်တို့လုပ်သမျှ ဆုံးဖြတ်သမျှလက်ခံတာရယ်၊ ကျနော်တို့ကလည်း မဟုတ်တာ မလုပ်တာ ဘယ်တော့မှ မလုပ်ဘူး ဆိုတာ သိထားတာရယ်၊ ဒါနဲ့ပဲ ဒီအဖွဲ့ကသွားနေကြတာ။ ပြီးတော့ အားလုံးက ညီအစ်ကိုတွေလိုပဲ စလိုက် နောက်လိုက်နဲ့ ဆိုတော့ ပင်ပန်းတယ် မထင်ရဘူး။

အငဲဆို အတည်ပေါက်ပြောနေရင်း ဝင်ဝင်နောက်တတ်တယ်။ တယောက်အကျင့်ကိုလည်း တယောက်က သိ ထားတယ်။ အငဲဆိုရင် ဆေးလိပ်အရမ်းကြိုက်တယ်။ ဆေးလိပ်မသောက်ရတဲ့ နေရာရောက်ရင် စိတ်တွေတိုနေ ရော။ ချစ်စမ်းမောင် ကျတော့ ကျနော်တို့က ညီအငယ်ဆုံးလေးလိုပဲ။ မျိုးကြီးလည်း ဒီတိုင်းပဲ။

အားလုံးက အလုပ်လုပ်ရင်လည်း အလုပ်နဲ့ တူအောင်လုပ်တယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်လို့ကတော့ ကြိုက်သလောက် ဝေဖန်၊ လက်ခံတယ်။ အဲဒါကြောင့်လည်း ထွက်လာတဲ့ Product က တော်တော်ကို တကယ့် ကို ကျေနပ်စရာကောင်းတယ်။ ကျနော်တို့ လေးဖြူနဲ့ ဂျပန်ကလုပ်တဲ့ ဂျေ အာဆီယံ ပွဲမှာ သွားတီး ကြတုန်းက အရမ်းအားပေးကြတာ။ သူတို့က ဘာလို့အားပေးတာလဲဆိုတော့ ဒီအသက်ဒီအရွယ်ကြီးတွေ အထိ ဒီဘန်ကော၊ အဆိုတော်ကော မကွဲဘဲ ဒီအတိုင်းရှိနေတာကို သဘောကျလေးစားတာတဲ့။

မေး။ ။ IC ကို အင်တာဗျူးအတွက်ပဲ ဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ချဉ်းကပ်ဖို့ခက်တယ်၊ ဆက်ဆံရေး မပြေပြစ်ဘူးလို့ ပြောနေတာနဲ့ ပတ်သက်ပြီး ကိုခရမ်း ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဘေးက ကြပ်ပေးကြတာဗျ။ ဘေးကတချို့က IC ကို ကိုယ့်ဘာကိုယ် ဝင်လို့မရဘူး ဟောက်ထုတ် လိမ့်မယ်၊ ဘာညာပြောကြတာနဲ့ လူရှိန်နေတာဗျ။ ကျနော်တို့အားနည်းချက်ကလည်း တခုတော့ရှိတယ်၊ အနုပညာကိစ္စ မြူးဇစ်ကိစ္စကိုဆို လာခဲ့ အချိန်မရွေးပဲ ပြောမယ်။ မဟုတ်တာတွေ ပေါက်ပန်းသေးတွေတော့ လာမမေးနဲ့ လေဗျာ။ IC ကို မေးမယ်ဆိုရင် အိုင်စီအကြောင်းတော့ သိသင့်တာပေါ့ မဟုတ်ဘူးလား။

အနုပညာသမားတွေကို လူတွေက ကြီးကျယ်တယ် ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူးဗျာ ..။ ကျနော်တို့ ပြောချင်တာ ဂီတ အကြောင်း .. ဂီတအကြောင်းမေးမယ်၊ ပြောမယ်ဆိုရင် အချိန်မရွေးပါ။ နောက်တခုက ကျနော် တို့ပစ္စည်းတွေက အီးပီစီ မီးနဲ့တီးလို့မရဘူး Watt တအားများတာ။ အဲဒီတော့ ကျနော်တို့ကိုငှားရင် စရိတ်ကများ တယ်။ စပွန်စာ မရှိလို့ မရဘူး။ တချို့ကန်ထရိုက်တွေက စရိတ်ချုံ့ချင်တယ် .. အလွယ်လုပ်ချင်တယ်။ အဲဒါမျိုး ကျနော်တို့နဲ့မရဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းပဲ သွားတယ်။ လက်ခံနိုင်ရင်လာ။ မှန်တဲ့သူ တွေနဲ့တော့ ကျနော်တို့နဲ့ ဖြစ်တယ်။ ကလိန်ကကျစ်တွေနဲ့ဆို မရဘူး။

မေး။ ။ IC က စက်ပစ္စည်းတွေနဲ့ ပတ်သက်လို့လည်း တော်တော် ဂရုစိုက်တယ်လို့ ကြားတယ်။

ဖြေ။ ။ ဟုတ်တယ်ဗျ ..။ တီးဝိုင်းတဝိုင်းလုပ်တယ် ဆိုတာကဗျာ .. တီးတဲ့သူ ကောင်းကောင်းရှိမယ် .. ဆိုတဲ့ သူ ကောင်းကောင်းရှိမယ် .. မြူးဇစ်သမားဆိုတာက အသံနဲ့ ပရိသတ်ရဲ့ ရင်ဘတ်ကို ထိအောင် လုပ်ရမှာ မဟုတ် လား။ အဲဒီမှာ စက်ပစ္စည်းကိုယ်ပိုင်မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး အလုပ်လုပ်လို့ ကောင်းတော့မလဲ။ ကိုယ့်စက် ကိုယ့်ပစ္စည်း မဟုတ်ဘူးဆိုရင် တော်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စက်ပစ္စည်းကိုတော့ ကျနော်တို့ က ခရေဇီဖြစ်တယ်။
စတူဒီယိုနဲ့ပတ်သက်လို့က ချစ်စမ်းမောင်က ဝါသနာပါတယ်။ သူ့ယောက္ခမ သင်းအုပ်ဆရာ ဆရာဒေးဗစ်ကလည်း အရမ်းအားပေးတယ်။ ပစ္စည်းတွေ ဝယ်ပေးထားတယ်။ ကျနော်တို့ ရာစုသစ် စီးရီးမှာ Auto Mixing စသုံးနေပြီ။ Pro Tool ဆိုတာတခုဆို ဒေါ်လာ ၄၀၀၀၀ ပေးရတယ်။ အဲဒါမှာတော့ ကုမ္ပဏီက တော်တော်လေး အံ့သြတာ။ မြန်မာလိုနိုင်ငံလေးက Band တခုက ဒီလို ပစ္စည်းမျိုးမှာတယ် ဆိုတာ မယုံချင်ဘူး။ “ဘင်္ဂလားပင်လယ်အော်” တုန်းကဆို ငွေဆောင်က ဟိုတယ်မှာကို အားလုံးတီးတာ။ အရသာက စတူဒီယိုထဲမှာ တီးတဲ့အတိုင်းပဲ။ ချစ်စမ်းမောင် ဖမ်းတာလေ။

မေး။ ။ IC က စင်ပေါ်ရောက်သွားရင် အားလုံး မြူးကြွပြီး အပေးအယူ သိပ်မျှတယ်ဆိုတာနဲ့ ပတ်သက်လို့ တချို့က ဘာတွေများမှီဝဲလည်း သိချင်နေကြတယ်။ ပြောပြပါဦး။

ဖြေ။ ။ ဒါလား။ ကျနော်တို့အဖွဲ့မှီဝဲတာကတော့ ရေပဲဗျ။ ရေသောက်ပြီး တီးကြတာ။ ပြောရင် ယုံချင်မှ ယုံ မယ်။ တခါက စီးကရက်စက်ရုံတရုံကလုပ်တဲ့ ပွဲမှာ .. စက်ရုံပိုင်ရှင်ကလည်း နိုင်ငံခြားသားဆိုတော့ ကျနော်တို့ကို မတီးခင် ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲ .. လုပ်ချင်တာဖြစ်စေရမယ်။ အရက်လား၊ ဘီယာလား၊ မူးယစ်ဆေး လား ကြိုက်တာပြော .. အဲလို လာမေးတာ။

ကျနော်တို့က မတီးခင် ကိုယ့်ဘာသာ ထိုင်နေကြတာလေ။ ပုံစံတွေကလည်း မထုံတက်တေးနဲ့၊ ဒီတိုင်း ထိုင်နေ တာ။ အဲဒါကျနော့်လာမေးတော့လည်း ရေပေးပါ၊ လေးဖြူသွား မေးတော့လည်း ရေပဲပေး ရေသောက်မယ် ဆို တော့ အဲဒီလူကမယုံဘူး၊ ရေကတော့ရှိတယ်လေ ၊ ကျနော်သိချင်တာ မူးယစ်ဆေး တခုခုယူမလား၊ အရက်လား ဆိုတော့ မဟုတ်ဘူး ရေပဲ ၊ အဲလိုပြောတော့ သူကသိပ်မကျေနပ်ချင်ဘူး။ စင်ပေါ်လည်းရောက်ရော ကျနော်တို့ အားလုံး မြောက်လိုက်တာ ဆိုတာ .. အဲဒီသူဌေးက ဘာပြောလဲ ဆိုတော့ သူ မလေးရှားပြန်ရောက်ရင် မလေး က ဘန်တွေကို မြန်မာပြည်မှာ ဘာမူးယစ်ဆေးမှမမှီဝဲဘဲ အသားကုန် မြောက်အောင်တီးနိုင်တဲ့ ဘန်တခုရှိတယ်လို့ ပြောမယ်တဲ့။

ဟုတ်တယ်ဗျ အရက်သောက်ထားမှ၊ မူးယစ်ဆေး မှီဝဲထားမှ၊ ကောင်းနေမှ တီးလို့လမိုင်းကပ်တယ်ဆိုတဲ့ သူတွေ ကို ကျနော်သိပ်ပြောချင်တာပဲ။ မူးနေမှတော့ ဘယ်လိုလုပ် ကောင်းနိုင်တော့မှာလဲဗျာ .. မှားကုန်တော့မှာပေါ့။ တချို့ချာတိတ်တွေ ပွဲမှ မစသေးဘူး ဒေါင်ချာစိုင်းနေပြီ .. တီးမယ် ဆိုမယ်ဆိုရင် တမျိုးမျိုးမှီဝဲမှ ဆိုတာကြီးက စွဲနေကြပြီ။ ကျနော်တို့ ထဲမှာဆို ကျနော်၊ ဗညား၊ ချစ်စမ်းမောင်၊ မျိုးကြီး .. အရက်၊ ဘီယာ လုံးဝမသောက်ဘူး။ ခင်မောင်သန့်နဲ့ အငဲက တခါတလေ ဘီယာလေး နည်းနည်းပါးပါး သောက်တယ် ဒီလောက်ပဲ။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတလောကနဲ့ပတ်သက်လို့ ဘာပြောချင်ပါသလဲ။ အမျိုးသမီးအဆိုတော်တွေ ရှားပါးနေတဲ့ကိစ္စ၊ ခိုးကူးခွေပြဿနာတွေကို ကိုခရမ်းအနေနဲ့ သုံးသပ်ပါဦး။

ဖြေ။ ။ ဂီတလောကကတော့ ပျက်စီးသလောက်ဖြစ်နေပါပြီ။ အဓိကက လူတွေက ကိုယ့်တန်ဖိုး ကိုယ် မထိန်းတာ၊ မမြှင့်တာပဲ။ နာမည်တွေနဲ့တော့ မပြောချင်တော့ဘူး။ မိုးရွာတုန်းရေခံရမယ်ဆိုပြီး လာသမျှပွဲလက်ခံ၊ ဇာတ်ပွဲနဲ့လည်းဆို .. ဟိုရွာတီးဝိုင်း ဒီရွာတီးဝိုင်းနဲ့လည်းဆို .. အဲလိုတွေ လုပ်နေကြတော့ ပျက်ကုန်ရော။ တန်ဖိုး မရှိတော့ဘူး။ ခိုးကူးပြဿနာကတော့ ရှင်းလို့မရတဲ့ ပြဿနာပဲ။ ဘယ်လိုမှ ရှင်းလို့ရမှာမဟုတ်ဘူး။ အမျိုးမျိုးကြိုး စားကြပြီးပြီ။ မရဘူး။ တခုရှိတာက ကိုယ်က တကယ် တန်ဖိုးရှိအောင် လုပ်ထားရင် မူရင်းဝယ်မယ့် ပရိသတ် ရှိနေပါတယ်။ အမျိုးသမီးအဆိုတော်ကိစ္စကလည်း ခုနကပြောသလိုပဲ။ မရှိတော့ဘူး၊ နိုင်ငံခြား ထွက်တဲ့သူက ထွက်။ ကိုယ့်တန်ဖိုးကိုယ်မမြှင့်ဘဲ တွေ့ကရာသီချင်းကို တွေ့ကရာနေရာမှာ ပိုက်ဆံရပြီးရော လိုက်ဆိုတဲ့ သူတွေက များနေပြီ။

မေး။ ။ နာဂစ်ဆိုင်ကလုန်းအတွက် လုပ်တဲ့ ပွဲအကြောင်း ပြောပြပေးပါဦး။

ဖြေ။ ။ အဲဒီပွဲကတော့ အားရစရာအကောင်းဆုံးပဲ။ ပရိသတ်တွေရဲ့စေတနာရယ်၊ IC ကို ဘယ်လောက်တောင် အားပေးတယ်ဆိုတာရယ် တွေ့ရတာပဲ။ ပြီးတော့ လေးဖြူဝင်ဆိုတာလည်း ပါတာပေါ့။ စုစု ပေါင်း ကျပ် သိန်း ၁၈၀၀ ကျော်ရတယ်။ စားရိတ်တွေနုတ်ရင် သိန်း ၁၃၀၀ ကျန်တယ်။ အဲဒီမှာ ကျနော်တို့က မပျောက်ပျက်မယ့် အလှူကိုလှူချင်တာဆိုတော့ ပျဉ်စလူကျေးရွာမှာ သိန်း ၃၆၀ တန် အထက်တန်းကျောင်း တကျောင်း၊ ဘုရားလှ ကျေးရွာမှာ သိန်း ၂၅၀ တန် မူလတန်းကျောင်း တကျောင်း လှူတယ်။ နောက်တော့ ဆေးပေးခန်းအတွက် သိန်း ၂၅၀။ ဒါတွေက သီတဂူ ဆရာတော်ကြီး ရှင်ဉာဏိဿရ ကတဆင့်လှူတာ။ သွားလှူကြတော့ အားလုံးလိုက်လာ တယ်။ ချစ်စမ်းမောင်တို့ကော၊ ခင်မောင်သန့်တို့ကော ပါတယ်။ ဆရာတော်ကြီးက မှတ်မှတ်ရရ မိန့်တယ်ဗျ “မင်းတို့က ဟီးရိုးပဲ … အေး ငါလည်း ဟီးရိုးပဲ” တဲ့။ IC မှာက ဗုဒ္ဓ ဘာသာက နှစ်ယောက် ခရစ်ယာန်က နှစ်ယောက်ဆိုတော့ MYC ဘုရားကျောင်းနဲ့ နှစ်ချင်း အဖွဲ့ချုပ်ကိုလည်း သိန်း ၂၀၀ စီလှူတယ်။ သူတို့လည်း နာဂစ်ဒုက္ခသည်တွေအတွက် ကူညီနေတာ ဆိုတော့လေ … ။ ။


၂၀၁၀ ရွေးကောက်ပွဲ (သို့ ) အ၀ီစိ ငရဲ ရဲ့ ပထမဆုံး - တခါးပေါက်

-မိုးသီးဇွန်-

လေးစားအပ်တဲ့ ရဟန်းသံဃာများ၊ မိဘပြည်သူများ၊ ကျောင်းသားကျောင်းသူများ နှင့် မိတ်ဆွေများခင်ဗျား- ကျနော် မိုးသီးဇွန် ပါ- ကျနော်အခုပြောမဲ့ အကြောင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်ရဲ့ အမြင်တွေဖြစ်ပါတယ်။

မြန်မာပြည်က သေကောင်ပေါင်းလဲ ဖြစ်နေတဲ့လူနာနဲ့ တူတယ်။ ၂၀၁၀ရွေးကောက်ပွဲ က လူနာအတွက် ဆေးကို ဖေါ်နေတာနဲ့ တူနေပါတယ်။ ဒါပေမဲ့ အနာနဲ့ဆေး တခြားစီဖြစ်နေတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ လက်မခံနိင်ပါဘူး။

ဒီရွေးကောက်ပွဲဟာ မြန်မာ ပြည် အတွက် ထွက်ရပ်လမ်း မဟုတ်လို့ ဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တွေကို ဦးမတည်လို့ ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာလဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ မဟာအ၀ီစိ ငရဲ ကိုသွားတဲ့လမ်းမှာ ပထမ တခါးပေါက် သာဖြစ်တယ်။

ဘာကြောင့် လဲ - ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်က ၂၀၀၉ ခုနှစ် အခြေခံဥပဒေ အတိုင်း လုပ်မယ်။ နိင်ငံသား အခွင့်အရေး တွေ ဒီမိုကရေစီနဲ့လူအခွင့်အရေးတွေကို ဒီအခြေခံဥပဒေက ဘယ်လောက် အာမခံ မှာလဲ ဆိုတာကို သံသယရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့-

  • စစ်အာဏာရှင်စံနစ် ကိုပဲ အခြေခံဥပဒေနဲ့ တရားဝင်အောင်လုပ်ထားပြန်လို့ ဖြစ်ပါတယ်။
  • တရားမျှတတဲ့ရွေးကောက်ပွဲ တခုအတွက်လိုအပ်တဲ့ နိင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။
  • လွတ်လပ်စွာလှုပ်ရှား၊စည်းရုံးဟောပြောခွင့်တွေကိုပေးမထားဘူး။
မြန်မာပြည်ဟာ လက်ရှိကြုံနေရတဲ့ အခက်ခဲအကြပ်အတည်းတွေက မလွတ်မြောက်နိင်ပဲ လူမှုဒုက္ခအပေါင်းတွေ ကို ဆက်လက်ရင်ဆိုင်ရမှာ ပဲဖြစ်ပါတယ်။ ရောဂါ နဲ့ ဆေးက တခြားစီဖြစ်နေတယ်။ ဗမာ ပြည်မှာ ဘာရောဂါ တွေ ဖြစ်နေလဲ ဆိုတာ ကြည့်ကြပါစို့။

အခုဗမာပြည်မှာ မဟာအကြပ်ရိုက်မှု (Total Crisis) ဖြစ်နေတယ်။

၁-လူမှုဒုက္ခကြီးကိုရင်ဆိုင်နေရတယ်။ ( Humanitarian Crisis)

ကူးစက်ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်၊ အသားဝါအသည်းရောင်၊ တီဘီ ၊ (လူတွေပြောနေတဲ့ လေးလုံး ရောဂါ၊ ဘီပိုးစီပိုး၊ တီဘီ၊ ငှက်ဖျား ရောဂါ၊ အဟာရမပြည်ဝမှု၊ ကလေးသေနှုန်း များလွန်းနေတယ်။ လူတွေ သက်တမ်းတိုနေတယ်။ )

ဒါဟာ လူတွေအကျင့်စာရိတ္တ ပြသာနာမဟုတ်ပါဘူး။ ဒါဟာ ဆင်းရဲမွဲတေမှုပြသာနာလည်းမဟုတ်ပါဘူး။ စစ် အစိုးရက အသိဥာဏ် နည်းပါးမှု ပြသာနာသာဖြစ်တယ်။ ဥာဏ်နည်းတာရယ်၊ လောဘဇော တိုက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြသာနာဟာ မြန်မာ့လူ့အဖွဲ့စည်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ဆီးသွား ရတဲ့အခြေအနေကို ဆိုက်ရောက်သွားပါတော့တယ်။

တရုပ်ပြည်မှာလည်း အေအိုင်ဒီအက်စ်ရောဂါ သည်တွေရှိတယ်။ သူတို့ အတွက် Global Fund က ၁ ဘီလီယံဒေါ်လာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြန်မာပြည်မှာ စစ်အစိုးရက နိင်ငံတကာ အလျူရှင်တွေကို ကန့်သတ်ချုပ်ချယ်လိုက်တဲ့အတွက် အလျှူရှင်တွေ ပြန်ထွက်သွားကြတယ်။ လူမှုဒုက္ခ (Humanitarian Crisis) ကို ရင်ဆိုင်နေရတယ်။

၂-တရားဝင် အသိမှတ်ပြု မှု အကြပ်တည်း ( Legitimate crisis)

နအဖ စစ်အစိုးရ က ဒီနေပြသာနာတွေကို ကြည့်တဲ့နေရာ မှာ တရားဝင်မှု အကြပ်တည်း (Legitimate Crisis )လို့ ယူဆတယ်။ နိင်ငံတကာက ၀ိုင်းပယ်ထားတာ၊ စီးပွားရေးပိတ်ဆို့ ထားတာဟာ နိင်ငံကြီးတွေက ပြည်တွင်းရေးကိုစွက်ဖက်နေတာ၊ တရားဝင်အစိုးရဖြစ်လာရင် ဒီအကြပ်အတည်းကို ကျော်နိင်မယ်။ ဒီလိုတရားဝင်မှုရဖို့ အတွက်ကတော့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အလွယ်ယူဆနေတယ်။ ၁၉၉၄ ၀န်းကျင်က တိုင်းရင်းသားအဖွဲ့တချို့ နဲ့ အပြစ်ခတ်ရပ်စဲရေး လုပ်တာ။ အာဆီယံထဲကိုဝင်ခွင့်ရဖို့ ကြိုးပန်းတာတွေဟာ တရားဝင်မှုရရင် အရာခပ်သိမ်းပြေလည်မယ်လို့ ယူဆခဲ့လို့ဖြစ်ပါတယ်။ ဒ်ါပေမဲ့ ၁၉၉၇ ခုနစ်မှာ အမေရိကန် က စီပွားရေပိတ်ဆို့ မှုကိုသာကြုံရတယ်။ တရားဝင်အစိုးရလို့ အသိအမှတ်မပြုဘူး။ ဒီတော့ ၂၀၀၀ ခုနစ်မှာတော့ နယူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အိမ်မက်မက်လာကြတယ်။ ဒီလက်နက်ရရင် နိင်ငံတကာဆက်ဆံရေးမှာ Negotiation လုပ်နိင်မယ်။ Balance of Power လုပ်လာနိင်မယ်လို့ ထင်တာကိုး။ လက်တွေ့မှာ အီရန်၊ မြောက်ကိုးရီးယားတို့ဟာ နယူးကလီးလက်နက်အတွက် ကြောင့် ဖိအားပေးမှုတွေခံရတာပဲ အဖတ်တင် နေတော့တယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ နယူးကလီးယား စီမံကိန်းက ဘာနဲ့တူနေလည်းဆိုတော့ ကျနော်တို့ ငယ်ငယ်က ဖတ်ရတဲ့ စာရေးဆရာကြီး ကစ်ပလင်းရေးတဲ့ ဂျန်းဂဲလ်ဘုတ်ခ် ( Jungle Book) ၀ထ္ထု ထဲက မျောက်ဘုရင်ကြီး ကင်းလူဝီ လိုဖြစ်နေတယ်။ မျောက်ကြီးက မီးကိုရရင် တောတခုလုံးကိုထိမ်းချုပ်နိင်မယ်ထင်တာကိုး။ လက်တွေ့မှာ မျောက်က မီးကိုရရင်တောင် လူလို့ အသိမှတ်ပြုဖို့ ကြတော့ မလွယ်ဘူးမဟုတ်လား။

၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ နအဖ ကို အသိမှတ်ပြု လာမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ စစ်အစိုးရအလို ကျ ပါတီ အနိင်ရလည်း - တရားဝင် အစိုးရ ဖြစ်ပြီ၊ ပြသာနာအားလုံး ပြီး၊ ရောဂါအားလုံးပျောက် ဆိုတာ ဖြစ်လာမှမဟုတ်ပါဘူး။ တရားဝင်မှု အကြပ်တည်းကိုဆက်လက်ရင်ဆိုင်ရမယ်။

  • စီးပွားရေပိတ်ဆို့မှု ဆက်ဖြစ်မယ်။
  • ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဥရောပရဲ့  ပိတ်ပင်မှုတွေကိုဆက်လက်ရင်ဆိုင်ရမယ်။
  • နိင်ငံတကာ ငွေလွဲ မှုတွေမှာ ပိတ်ဆို့တားဆီးမှုတွေ ရင်ဆိုင်ရဦးမှာပဲဖြစ်တယ်။

၃- အမှန်တရားနဲ့ တရားဥပဒေ ပျောက်ဆုံးနေမှု (Crisis of Truth and Justice)


ဗိုလ်ချုပ်သန်းရွှေ နဲ့ ဗိုလ်ချုပ်တစုကောင်းမှုကြောင့် မြန်မာ့သမိုင်း မှာ ဘယ်ကာလ ကနဲ့ မတူတဲ့ တရားဥပဒေကင်းမဲ့မှု၊ မင်းမဲ့ နိင်ငံတော်ကြီးဘ၀ကို ကျနော်တို့ ကျရောက်နေကြပြီ။ မြန်မာ ပြည်ဟာ အရာခပ်သိမ်းပြောင်းပြန်ဖြစ်နေတယ်။ အမှန်တရားနဲ့ အမှန်တရားနဲ့ နီးစပ်မှု အားလုံးဟာ ရာဇ၀တ်မှု တခုလို သတ်မှတ်ခံနေရတယ်။

အမှန်တရားဆိုတာ လင်္ကာတပုဒ်လို နားဝင်ချိုခဲပါတယ်။ ပျားရည်စက်တွေလည်းလည်း အမြဲတမ်း ချို မနေဘူး။ ဒါပေမဲ့ အမှန်တရားဟာ လူတယောက်အတွက်ရော လူအဖွဲ့အစည်းအတွက်ပါ တိုးတက်အောင်မြင်ကြီးပွားဖို့အတွက် ၂၄ နာရီလိုအပ်နေတဲ့ ဓါတုဇီဝ တခုလိုဖြစ်နေပါတယ်။ မြန်မာပြည်မှာက အစာ စားစရာမရှိဘူး။ မီးမရှိဘူး။ အင်တာနက်အားလုံးမှာမရှိသေးဘူး။ တယ်လီဖုန်းနေရာအနှံမှမရှိဘူး။ ပညာရေးမရှိဘူး။ အလုပ်မရှိဘူး။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေအိမ်မှာမရှိဘူး။ အဆိုးဆုံးကတော့ အမှန်တရားပါမရှိတော့တာပဲ။ အမှန်တရားထွန်းကားဖို့၊၊ အမှန်းတရားကိုပြောဖို့၊ အမှန်တရားကိုလုပ်ဖို့ ဆိုတာတွေဟာ အစိုးရအဖွဲ့ ထဲမှာရော၊ စီးပွားရေး၊ ပညာရေးနဲ့ ဘာသာရေးမှာပါ အမှန်တရားဟာ မောင်းထုတ်ခံနေရတယ်။

အမှန်ကို ပြောမိလို့ဖမ်းခံထိ၊ အလုပ်ပြုတ်၊ စီးပွားပျက်၊ ဘ၀ပျက်မှုတွေက နေရာအနှံ့ မှာ ဖြစ်နေတယ်။ အမှန်တရားကို ပြောစရာ မရှိတဲ့နောက် ခင်ဗျား ဟာ ဘာပြော စရာကျန် တော့လည်း။ လောကကြီးမှာ ဘာတခုမှာ ကောင်းတာမရှိတော့ဘူးပေါ့။

အမှန်တရား မရှိတော့ တရားဥပဒေဆိုတာလည်း မရှိတော့ဘူး။ ရှေ့ နေဆိုတာ တရားဥပဒေ သို့သွားရာ လမ်းမှ လမ်းပြ မိတ်ဆွေပါ။ ရှေ့ နေကြီးနစ်ဦးကိုထောင်ထဲဖမ်းထည့်လိုက်တဲ့အခါမှာတော့ မြန်မာ ပြည်မှ အမှန်တရား ဆိုတာ မရှိတော့ပါဘူး ဆိုတာကို အိပ်သွန်ဖါမှောက်ပြလိုက်ရသလိုဖြစ်သွားရပါပြီ။

အမှန်တရားမရှိတဲ့နိင်ငံမှာ ကောင်းမြတ်မှုဆိုတာတွေ ဟာ ဘယ်တော့မှမရှိဘူး ဆိုတာပြောပါရစေ။ တိုးတက်မှု၊ ကြီးပွား အောင်မြင်မှု၊ပျှော်ရွှင်မှု၊ သုခ၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ မျှော်လင်ချက်နဲ့ ပြည့်စုံမှုဆိုတာတွေဟာ မရှိတော့ဘူး။ အမှန်တရားမရှိတဲ့ အတွက် ခုကျနော်တို့ ရှင်သန်ရာ ခေတ်ဟာ အမှောင်ခေတ် ပဲ လို့ပြောရမှာပဲဖြစ်တယ်။

၎-စီးပွားရေးအကြပ်အတည်း (Economic Crisis)


၁၉၈၈ ခုနစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသွားတဲ့အခါမှာ စစ်အစိုးရက မဆလ ခေတ် ကလို တခါးပိတ် စီးပွားရေးကနေ တခါးဖွင့် စီးပွားရေးစံနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ပြီ။ သူတို့စကားနဲ့ပြောရရင် - ဈေးကွက်စီးပွားရေးစံနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေးပါ။ လက်တွေ့ ဖြစ်နေတာက လွတ်လပ်တဲ့ဈေးကွက် စံနစ်ဖြစ်မလာပဲ လက်ဝါးကြီးအုပ် ဈေးကွက် စီးပွားရေးနစ် ဖြစ်နေတယ်။ ဒီစီးပွားရေးစံနစ်က ဗိုလ်ချုပ်သန်းရွေ မိသားစုနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေး မျှသာဖြစ်နေတယ်။ အများတကာ အများစု လူထုကြီးမှာ တော့ စီးပွားရေး အခွင့်အလမ်းတွေကို တန်တူညီမျှ ဆောင်ရွက်ခွင့်မရှိဘူးဖြစ်နေတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် မကြုံဖူးမကြားဖူးလောက်အောင် ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက် နေတယ်။ အမေရိကန်မှာ လွင့်ပြစ်ထားတဲ့ကားတစီးက မြန်မာ ပြည်မှာ ဒေါ်လာ ၁သောင်းလောက် ဖြစ်နေ တယ်။ ဒေါ်လာသုံးသောင်း လောက်ရှိတဲ့ ကား တစီးက ဒေါ်လာ ၁ သိန်းကျော်ဖြစ်နေတယ်။ ထိုင်းနိင်ငံမှာ ဒေါ်လာ ၂၀ လောက်တယ်လီဖုန်းက မြန်မာ ပြည်မှာ ဒေါ်လာ ၂၀၀ လောက်ပေးနေရတာတွေဖြစ်လာတယ် နိင်ငံတကာမှာ ဓါတ်ဆီဈေးက တပီပါကို ဒေါ်လာ ၃၇ ဒေါ်လာလောက်ဖြစ်နေပေမဲ့ မြန်မာပြည်မှာ ဓါတ်ဆီဈေးက အဆမတန်ကြီးနေတုန်းဖြစ်လာတယ်။ ဒီလိုဖြစ်နေရတာကတော့ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားမှုအပေါ်မှာ သန်းရွေမိသားစု နှင့် အသိုင်းအသိုင်းကို အကျိုးအမြတ်တွေဖြစ်နေလို့ပါပဲ။

ဒါဟာ မတော်တဆမှုမဟုတ်ပါဘူး။ ဒါဟာ စီးပွားရေးပေါ်လစီတွေကိုနားမလည်လို့မဟုတ်ပါဘူး။ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်ဗိုလ်ချုပ် တွေရဲ့  တပ်မတော်သားတွေနဲ့ ပြည်သူတွေအပေါ်မှာ ကြင်နာတရားကင်းပြီး ရက်စက်လွန်းလှတဲ့ ဂုတ်သွေးစုတ် ခေါင်ပုံဖြတ် နေတဲ့ လုပ်ရပ်တွေကြောင့်သာ ဖြစ်ပါတယ်။

နောက်တခုက စီးပွားရေးလုပ်ငန်းတွေရှင်သန်ဖို့အတွက် အဓိက လိုအပ်နေတဲ့ -
  • လွတ်လပ်တဲ့ဈေးကွက်စီးပွားရေစံနစ် နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိဘူး
  • စွမ်းအင်မရှိဘူး။
  • ဘဏ်စံနစ်တွေပျက်စီးနေတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေပင်ငွေရင်း စိုက်ထုတ်မချေးပေးဘူး။
  • လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်နဲ့၊ တယ်လီဖုံးလုပ်ငန်းတွေ အကုန်လုံးက သေလုမျောပါးဖြစ်နေတယ်။
ဒီတော့ မြန်မာ့စီးပွားရေး ဘိုးတော်ဘုရားလက်ထက်ကထည်းက လိုပဲ ကုန်ကြမ်း ကိုထုတ်ရောင်းစားနေတဲ့ နိင်ငံတခုအဖြစ် က တက်ကို မတက်နိင်ဘူး။

ဒီအခြေအနေမှာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အကျင့်ပြက်လပ်စားမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ကျနော်တို့ ဗမာပြည်ဟာ ဘာလုပ်ငန်းမှ လုပ်ကိုင်စားသောက်လို့မရတဲ့ မဟာ စီးပွားပျက်ကပ်ကြီး ဖြစ်ပေါ်နေရခြင်း ဖြစ် ပါတယ်။

၅-တည်ငြိမ်မှု အကြပ်အတည်း ( Crisis of Stability )


စစ်အုပ်စု အုပ်ချုပ်နေတဲ့နှစ်ပေါင်း ၅၀ နီးပါးမှာ မြန်မာပြည်ဟာ တည်ငြိမ်စွာ ဖြစ်ပေါ်မတိုးတက်ခဲ့ရဘူး။ နအဖရဲ့ မတရားဖိနိပ်မှု ၊ နိင်ငံရေးတင်းမာမှုတွေ၊ စီးပွားပျက်ကပ်၊ ပြည်တွင်းစစ်နဲ့  ရောဂါကပ်ဆိုးတွေကြောင့် လူတွေ ဘ၀တွေက တည်ငြိမ်မှုတခုမှ မရှိဘူး။ ခုဆိုရင် မြန်မာ မျိုးနွယ်စုတည်ရှိမှုကို ခြိမ်းခြောက်နေတာ က အမှန်ဖြစ်လာနေတယ်။ မိသားစုဘ၀တိုင်းက တည်ငြိမ်မှု ကိုမရှိတော့ဘူး။ ဆောက်တည်ရာမရဖြစ်နေကြတယ်။ မိမိနေထိုင်နေရာဝန်းကျင်ဟာ ဘယ်နေ့ရွေ့ ရမယ်လဲ။ ဘယ်နေ့ဖျက်ရမယ်လဲ။ ဘယ်နေ့မှာ အသိမ်းခံရမယ်လဲ ဖြစ်နေတယ်။ ကိုယ်ဘ၀က ဘာဖြစ်မလဲ - ဘာလုပ်ကိုင်စာရမလဲ ဘယ်ကိုသွားရမလဲ စကော်ထဲ ဇီးဖြူသီး ထည့်လိမ့်သလို လူတွေရဲ့ နေစဉ်ဘ၀ က ဘာမှကိုမတည်ငြိမ်တော့ဘူး။ လူတွေတင်မဟုတ်ဘူး တပ်မတော် သားတွေပါ တည်ငြိမ်တဲ့ဘ၀ကိုရဖို့ ဆိုတာမသေချာတာဘူး။ ဘယ်တော့အဖြုတ်ခံရမလဲ။ ဘယ်တော့ အရပ်ဖက်ကိုအရွေ့ ခံရမလဲဖြစ်နေကြပြီ။ စစ်အစိုးရအဆက်အဆက်အောက်မှာ နိင်ငံတော်ဟာ မတည်ငြိမ်ဘူး။ ပြည်သူလူထုဟာ မတည်ငြိမ်ဘူး။

၆-မျော်လင့်ချက်များ နဲ့  ယုံကြည်ချက်များ ပျောက်ဆုံးနေမှု (Crisis of Hope, vision and Trust)

နောက်ထပ်ဖြစ်နေတဲ့ ပြသာနာတခုကတော့ လူတွေဟာ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်များ ပျောက်ဆုံး သွားရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တာပဲ။ လူတယောက်ရဲ့  ဘ၀ခရီးစဉ်တလျောက်လုံးကို မျှော်လင့်ချက်နဲ့  မောင်းနှင်းနေတာဖြစ်ပါတယ်။ မျှော်လင့်ချက်မရှိတဲ့နောက်မှာတော့ ဘာယုံကြည်ချက်မှလည်း မရှိတော့ဘူး။ လူတယောက် ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မှု တခါးဝ နားရောက်လာပြီဆိုရင်တော့ ရှေ့ ဆက်တိုးလို့မရပဲ အရာတခုက ပိတ်ပင်ထားဆီးနေတာကိုခံရတော့တာပဲ။ ဒီအရာက တော့ စစ်အာဏာရှင် စံနစ်ဖြစ်ပါတယ်။ ဒီစံနစ်က လူတဦးရဲ့  ဘ၀ မျှောင်လင့်ချက်တွေကို ပိတ်ပင်ထားတဲ့ အရာ ဖြစ်နေပါတော့တယ်။

ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြတ်စွာ ဘုရားက ဇတိသညာ - လူတွေဟာ ကိုယ်မွေးဖွားရာ ဇတိကို အလွန်သံယောဇဉ်ကြီး တယ်လို့ ဆိုတယ်။ အခုမြန်မာ ပြည်သားတွေဟာ မွေးဖွားခဲ့ရာနေရာတွေက စွန်ခွာ ထွက်ပြေးနေကြရသလို ဖြစ်နေပါတယ်။ ဗမာပြည်ဟာ သူတို့အတွက်မျှော်လင့်ချက်များရှင်သန်ရာ နေရာမဟုတ်တော့လို့ ပါပဲ။

ဆေး ကဘာဘဲ

စစ်အာဏာရှင်စံနစ် နဲ့ စစ်ဗြူရိုကရေစီ ယန္တရားတွေကို ဖြိုချပြစ် ရပါမယ်။ ပြည်တွင်းစစ်မီးကိုအဆုံးသတ်ရမယ်။ ဒီမိုကရေစီစံနစ် ထွန်းကားလာအောင် အားပေးရမယ်။ ကာကွယ်ရမယ်။ ထိမ်းသိမ်းရမယ်။ လူတိုင်းတန်းတူစွာ အခွင့်အရေးရပိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေးစံနစ်ကိုကျင့်သုံး ရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုဆန်ကျင်ပြီး လူထုတိုက်ပွဲတွေကို ဖေါ်ထုတ်ပြီးလူထုအစိုးရဖွဲ့စည်းနိင်အောင်ကြိုးစား ရမယ်။

တပ်မတော်သားများ တွေကို ကျနော်ပန်ကြားလိုပါတယ်။

ခင်ဗျားတို့ တခုပဲလုပ်စရာလိုပါတယ်။ အမေရိကန်၊တရုပ်၊ရုရှား၊အိန္ဒိယနဲ့ ထိုင်းနိင်ငံက စစ်သားတွေလို Professional Soldiers စစ်သား ပီပီသသ နေကြပါ။ လူတဦးတယောက်အပေါ်သစ္စာရှိတာဟာ ပြည်သူလူထု တရပ်လုံးကို သစ္စာကို ဖေါက်နေတာလို့ အဓိပ္ပါယ်ထွက်နေပါပြီ။ ပြည်သူလူထုကိုကာကွယ်ပါ။ ကျောင်းသား တွေနဲ့ လက်တွဲပါ။ အနာဂတ်သစ်ကို ဖန်တီးဖို့ အချိန်ကြပြီ။ သင့်ကို ပြည်သူလူထုကအလိုရှိနေပြီလို့ ပြောပါရစေ။

အပြစ်ခပ်ရပ်စဲရေးအဖွဲ့ များ


အထူးသဖြင့် ကချင်အမျိုးသားအစည်းအရုံ၊ ၀ပြည်သွေးစည်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ။ ကလလတ၊ရလလဖ၊ ဒီကေဘီအေ ရဲဘော်များ ပြန်လာကြပါ။ နအဖ စစ်အစိုးရက ခင်ဗျားတို့ ပြည်သူတွေရဲ့ ဘ၀ကို တိုးတက်အောင်လုံခြုံအောင် ငြိမ်းချမ်းအောင်မလုပ်ပေးနိင်ဘူး ဆိုတာ ခင်ဗျားတို့ မြင်နေပြီဖြစ်ပါတယ်။

မနပုလောမှာ ခင်ဗျားတို့ကိုကျနော်တို့ ကတိပေးခဲ့တယ်။ တိုင်းရင်းသားအခွင့်အရေးတွေအတွက် တူမီးတဖက် ကလောက်တဖက် ကိုင်ပြီး ကျနော် တို့ ၈၈ မျိုးဆက်တွေ အတူတိုက်ပွဲဝင်မယ်ဆိုတဲ့ ဒီကတိကို ကျနော်တို့ တသက်လုံးစောင့်ထိမ်းသွားမယ်။

ခင်ဗျားတို့လည်း တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒကို လေးစားပါ။ ပြောင်းလဲလုပ်ဖို့ အချိန်ကောင်းကိုရောက်နေပြီ။ မနောက်ကျ ကြပါစေနဲ့။

မျိုးစပါးတွေစုဆောင်းပါ။ သေနပ်ပြောင်းတွေတိုက်ထားပါ။ လှံစွပ်တွေသွေးထားပါ။ ကတုတ်ကျင်းတွေနက်နက်တူးထားပါ။ အရင်လို လက်တွဲ ပြီးအတူတိုက်ပွဲဝင်ကြပါစို့ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒီချုပ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ ဝင်တွေ ကို ကျနော်တိုက်တွန်းခြင်းတာကတော့-

မုန်းတိုင်းလာတော့မယ်။ မုန်းတိုင်းက ဘယ်ဟာ ဘုရားထီးတော်လဲ ၊ ဘယ်ဟာ အမိုက်ပုံးလဲဆိုတာ မသိပါဘူး။ အကုန်လုံးကို ဆွဲချတတ်ပါတယ်။ ရန်သူရော မိတ်ဆွေကိုရော တိုက်ခိုက်ပါတယ်။ အဖွဲ့ချူပ်ကို ခိုင်ခံ့ အောင်ကျောက်အုပ်တွေနဲ့ အစားထိုးသင့်ပြီ လို့ပြောခြင်တယ်။ စွန့်လွတ်အနစ်နာခံတိုက်နေတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစံနမူနာယူပါ။ စေ့စပ်ရေး ဟာ မဖြစ်နိင် တော့ဘူး။ လူထုတိုက်ပွဲတွေဖေါ်ထုတ်ပါ။ အစိုးရဖွဲ့ နိုင်ဖို့ပြင်ပါလို့ တိုက်တွန်းလိုပါတယ်။

ကျောင်းသားကျောင်းသူများ နဲ့ အနာဂတ်လူငယ်များ

တကယ်က လူအဖွဲ့ စည်းမှာ လူကြီးနဲ့ ကလေးပဲရှိတယ်။ အသက်၁၈ နစ်ကျော်သူတိုင်းဟာ ဆေးပညာအရ၊ တရားဥပဒေအရ လူကြီးဖြစ်လာကြပြီ။ လူငယ်ပေမဲ့လူကြီးလို့ခံယူဖို့ လိုနေပြီ။ ဒီနေ့ မြန်မာ့သမိုင်းဟာ ခင်ဗျားတို့ကိုမျှောင်လင့်နေကြတယ်။ အားကိုးနေကြပါတယ်။ ခင်ဗျားတို့ ဟာ နိင်ငံတကာ ရဗ် - ဟစ်ပေါ့ ဂီတတွေကို သိနေရင် ဒီမိုကရေစီနဲ့ လူအအခွင့်ရေး လှုပ်ရှားမှု ဟာလည်း သိဖို့ မခက်လှပါဘူး။ စစ်အစိုးရက မသိနိင်အောင်လုပ်ထားပေမဲ့ ခင်ဗျားတို့က သိနိင်အောင်ကြိုးစားရင် သူတို့တားဆီးလို့ မရဘူး။ မြန်မာ ပြည်မှာ ဖြစ်နေတာတွေကို ခင်ဗျားတို့ သိပါတယ်။ အမှားနဲ့ အမှန်တိုက်ပွဲမှာ ပွဲကြည့်ပရိသတ်မရှိဘူး။ တာဝန်သိမှု Responsibility ကို သိပါလို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောခြင်တာကတော့-

၂၀၁၀ ရွေးကောက်ပွဲဟာ ငရဲ ကိုသွားတဲ့ ပထမတခါးပေါက်သာဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ လက်ခံလို့ မရပါဘူး။ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး တွေကို အလေးနက်မထားဘူး။ တခါးဖွင့် စီးပွားရေး စံနစ်ကို အာမခံချက်တွေ မရှိဘူး။ ၁၉၇၄ ခုနစ်အခြေခံဥပဒေအတိုင်းပဲ အာဏာရှင်စနစ်သက်ဆိုးရှည်အောင် စစ်ကျွန်ပြုမှုကို အတည်ပြု ပေးထားတာ မျှသာဖြစ်တယ်။

မြန်မာ ပြည်ဟာ ပြောင်းလဲမှု ဖြစ်ကိုဖြစ်တော့မယ်။ အောင်ပွဲ ခံကိုခံမယ်။ ဒီမိုကရေစီရကိုရမယ်။ အထွေထွေ လူမှုဒုက္ခတွေဟာ နိဂုံးချုပ်ကိုချုပ်ရမယ်။ စစ်အစိုးရ ဗိုလ်ချုပ်တွေကိုယ်တိုင် သူတို့ဟာ သမိုင်းလားရာကို ဆန့်ကျင်ဖက်သွားနေသူတွေ အမှန်တရားနဲ့ တခြားဖက်ကိုရောက်နေသူတွေ အရှုံးကိုရင်ဆိုင်နေရပြီဆိုတာ သိနေပြီ။

တော်လှန်ရေးဘယ်တော့အောင်ပွဲခံမလဲ လို့ မေးရင် အောင်ပွဲခံနေရသူတွေ ဟာ ငါတို့ ပဲဆိုတာကိုသိတဲ့နေ့ ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နေ့ပဲ လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကျနော်မိုးသီးဇွန်ပါ။

ဇန်န၀ါရီ ၂၈-၂၀၀၉

Thursday, January 29, 2009

အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ

NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉

ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာပြီးဖြစ်သည့် နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောတစ်စီးပေါ်၌ ဘိန်းဖြူ (၃၈) ကီလို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းတာ၊ သင်္ဘောက ကမ်းကနေ ထွက်ပြီ။ ပြန်ကပ်ခိုင်းပြီး ဖမ်းလိုက်တာ။ နဂိုကတော့ ဒီလိုပဲ ဆိပ်ကမ်းရဲ၊ ကျနော်တို့ မူးယစ်အထူးအဖွဲ့က လူကြီးတွေနဲ့ အပေးအယူလုပ်ပြီး ထွက်နေကြလို့ ပြောကြတယ်။ ကျနော်တို့ကတော့ အထက်က ဖမ်းဆို ဝင်ဖမ်းတာပဲ၊ အသေးစိတ်တော့ မသိဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် သင်္ဘောမှာ KOTA TEGET ဟု အမည်ရသည့် သင်္ဘောဖြစ်ပြီး ACL သင်္ဘောလိုင်းမှဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် သင်္ဘောသားအချို့နှင့် သင်္ဘောတာဝန်ရှိသူများကို ဆိပ်ကမ်းရဲစခန်းတွင် ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စ မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အခြားအရာရှိတဦးကို မေးမြန်းကြည့်ရာ ၎င်းက ယခင်က မြန်မာနိုင်ငံကထွက်သည့် ဘိန်းဖြူများမှာ ထိုင်းနယ်စပ်မှတဆင့် ကမ္ဘာ့ဈေးကွက်ဆီသို့ ရောက်ကြောင်း၊ ထိုင်းနိုင်ငံတွင် တပ်ဆင်အစိုးရ တက်လာပြီးနောက်ပိုင်း မူးဆေးဝါးကိစ္စ ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်း၊ မြန်မာနိုင်ငံ နယ်စပ်များကို တင်းကြပ်ခြင်းတို့ လုပ်လာသည့်အတွက် ရေလမ်းကြောင်း အသုံးပြုကာ ရန်ကုန်မှ စင်ကာပူဘက်ထွက်ပြီး နိုင်ငံတကာ ရေပိုင်နက်အရောက်၌ နိုင်ငံခြားသင်္ဘောပေါ် ပြောင်းတင်ပေးသည့်နည်းကို ကျင့်သုံးခဲ့ကြကြောင်း၊ အဆိုပါ လမ်းကြောင်းဖြင့် နိုင်ငံတကာသို့ ဘိန်းဖြူမြောက်မြားစွာ၊ အခေါက်ပေါင်းများစွာ တင်ပို့ခဲ့သော်လည်း မည်သည့်ပြဿနာမှ မပေါ်ခဲ့ကြောင်း ပြောသည်။

သို့သော် ပြီးခဲ့သည့်ကာလက စက်လှေတစ်စီးအတွင်း လူသတ်မှုဖြစ်ရာမှ မြန်မာ့မူးယစ်ဆေးဝါး ကုန်ကူးမှု သမိုင်း၌ ပမာဏအများဆုံး ဘိန်းဖြူဖမ်းဆီးမှုကြီး ပေါ်ပေါက်ခဲ့ပြီး အဆိုပါအမှုသည်လည်း မူးယစ်အဖွဲ့များက စုံစမ်း၍့ ရခြင်းမဟုတ်ဘဲ လူသတ်မှုကြောင့် မီးခိုးကြွက်လျှောက် ပေါ်သွားသည့် အမှုဖြစ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောသည်။

၎င်းက “မိမိတို့ မူးယစ်အထူးအဖွဲ့တွေဆိုတာ အောက်ခြေ မူးယစ်ဆေးဝါး သုံးစွဲသူတွေလောက်ကိုသာ ဖမ်းဆီးနိုင်ပြီး ကျန်တာတွေကတော့ အထက်က အမိန့်မပေးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိကြောင်းလည်း” ဆက်ပြောသည်။

ယခုပြဿနာမှာ လာဘ်ပေးလာဘ်ယူ မတည့်မှုပြဿနာက စပြီး ဖမ်းဆီးရသည်အထိ ဖြစ်သွာခြင်း ဖြစ်နိုင်ကြောင်း၊ ယခင် အေးရှားဝေါလ် ဆိပ်ကမ်းကနေ ဘိမ်းဖြူပမာဏ မည်မျှ ထွက်သွားသည်ကို မည်သူမျှ မသိနိုင်ကြောင်း စသဖြင့် ရှင်းပြသည်။
၂ဝဝ၈ ခုနှစ်အတွင်း မြန်မာပြည်တွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပမာဏသည် ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဒေါ်စုကို ဝေဖန်ချက်ဖြင့် ဂျာနယ်ပွဲဦးထွက်

ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 19:52 - မြန်မာစံတော်ချိန်


ချင်းမိုင်(မဇ္ဈိမ)။ ။ နိုင်ငံရေးဂျာနယ်အဖြစ် ကြွေးကြော် ထုတ်ဝေလိုက်သော ယနေ့ထုတ် Northern Star ဥတ္တရအလင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ချက်ကို ဖော်ပြကာ ပွဲဦးထွက်လိုက်သည်။

Northern Star ဂျာနယ်

Northern Star ဂျာနယ်

အငြိမ်းစားဗိုလ်မှူး အယ်ဒီတာချုပ် ဦးသီဟအောင် ဦးစီးကာ ရန်ကုန်အခြေစိုက် အဆိုပါဂျာနယ်တွင် 'NLD တတ်သိအုပ်စုဝင် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဘလော့ဂ်ဂါ အောင်ထက်၏ ရှုမြင်ချက်' ဆောင်းပါးမှ ကောက်နှုတ်ချက်ကို ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီတွင်း တကိုယ်တော် ဆုံးဖြတ်ပြုမူသည့်ဟန် ပါရှိသည်။

"ဘလော့ဂ်ဂါတွေ ရေးကြတယ်လေ။ ဟုတ်တာရော၊ မဟုတ်ရော ရေးသားလာကြတယ်။ ဒါက ဆန္ဒတခု အနေနဲ့ ပါလာတယ်။ အန်ကယ်တို့က သူ့ကို မရည်ရွယ်ပါဘူး။ လက်ရှိ အခြေအနေနဲ့ အရင်ဖြစ်ခဲ့တာကို ဖော်ပြတာပါ။ မီဒီယာသမားတွေရဲ့ ခံစားချက်က လူထုအပေါ် ရိုက်ခတ်တယ်'' ဟု အယ်ဒီတာချုပ် ဦးသီဟအောင်က မဇ္ဈိမကို ပြောသည်။

'ဒေါ်စုကို ဝေဖန်ရင် တန်ပြန်တော်လှန်ရေး တံဆိပ်ကပ်ခံရမှာ သေချာနေတော့ ဘယ်သူမှ ပါးစပ်မဟရဲဘူး' ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

ထို့အပြင် 'တတ်သိမှာ အတက်ကြွဆုံး လှုပ်ရှားခဲ့တဲ့ မောင်ဝံသ၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်စူးစမ်း၊ မသင်္ဂီတို့ အုပ်စုတွေ ဒီချုပ်ကနေ ဘေးထွက်ထိုင်တာတွေဟာ ဒီအကြောင်းတွေကြောင့်ပါပဲ' ဟု ဆိုထားသည်။

သတင်းစာဆရာကြီးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန် ရေးသားချက်အပေါ် ပယ်ချလိုက်သည်။

"ဒေါ်စုဟာ အာဏာရှင်သဘောမျိုး ဖြစ်တယ်ဆိုရင် ဘာဖြစ်လို့ ဒီနေ့ သူ့နောက်မှာ လူတွေက အပြည့်အဝ ရှိနေလဲ။ သူက အာဏာရှိတာ မဟုတ်ဘူး။ ဒီမိုကရေစီအတွက် သူ့နောက်မှာ အလုံးအခဲတွေ ရှိနေတာပေါ့" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ချက်များအား အစိုးရအာဘော် သတင်းစာများဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းတွင် ရေးသားဖော်ပြခဲ့သလို ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ် ဂျာနယ်များတွင် မထဲ့မနေရ ဖော်ပြခိုင်းသည်များ ရှိခဲ့သည်။

ဦးသီဟအောင်က ''ရည်ရွယ်တာက တတ်သိပညာရှင်တွေရဲ့ အယူအဆတွေ ပြောင်းလဲလာတာကို မီးမောင်းထိုး ဖော်ပြချင်တာပါ၊ တတ်သိပညာရှင်ဆိုတာက အခု ဒီမှာ စာရေးသားတဲ့ ဆရာတွေပေါ့နော်" ဟု ပြောသည်။

အန်အယ်ဒီ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသော စာရေးဆရာ မောင်စူးစမ်းနှင့် ဆရာမောင်ဝံသလည်း ဂျာနယ်တွင် ပါဝင် ရေးသားကြသည်။

ယနေ့ မြန်မာနိုင်ငံအပေါ် ရှုမြင်ခံစားချက်၊ အရေးအခင်း ကာလက ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးအုပ်စု အမျိုးမျိုး၊ အမေရိကန် သမတသစ် အိုဘားမား၏ ကာကွယ်ရေးမူဝါဒ၊ ဘယ်ကိုဦးတည်မှာလဲ အမေရိကန်ဆိုသည့် ဆောင်းပါးများ ဖော်ပြပါရှိသည်။

ယနေ့ထုတ် ဥတ္တရအလင်းဂျာနယ်ကို ပြည်ပ သတင်းဝဘ်ဆိုဒ်များမှတဆင့် ကြားသိ၍ သတင်းသမားများကသာ စိတ်ဝင်စားသော်လည်း ပြည်တွင်းရှိ လူထုက လက်ရှိတွင် ဆက်စပ်မှု မရှိသဖြင့် စိတ်ဝင်စားမှု နည်းနိုင်သေးသည်ဟု ဂျာနယ် အယ်ဒီတာချုပ်က ဆိုသည်။

ဦးသီဟအောင်သည် မြန်မာစစ်တပ်တွင် ဗိုလ်မှူးအဖြစ် ၁၉၇၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆာင်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ ရာထူးတာဝန်များယူခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

စာမျက်နှာပေါင်း ၂၀ ရှိ Northern Star ခေါ် ဥတ္တရအလင်းဂျာနယ်အား စောင်ရေ ၃၀၀၀ ဖြင့် စတင်ထုတ်ဝေကာ၊ တစောင်လျှင် ၅ဝဝ ကျပ်ဖြင့် ရောင်းချခဲ့သည်။

တပ်မတော် စွမ်းရည်ကျ ခြစားမှုပိုလာဟု တိုင်းမှူးပြောကြား

ဇာနည်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 19:08 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့တပ်မတော်သည် စွမ်းရည်ကျဆင်းလာပြီး၊ စည်းကမ်းပျက်ကာ ခြစားမှုများ ပိုလာနေကြောင်း ထိပ်တန်း စစ်ခေါင်းဆောင်တဦးက ၀န်ခံ ပြောဆိုထားချက်ကို တပ်တွင်း ထိပ်တန်း လျှို့ဝှက်မှတ်တမ်း တခုအရ သိရသည်။

အရာရှိများ ဆက်ဆံရေး ညံ့ဖျင်းကာ အရက် အလွန်အကျွံသောက် မူးယစ်ရမ်းကားခြင်း၊ ရိက္ခာလောက်အောင် ထုတ်မပေးခြင်း၊ မတန်တဆ ခိုင်းစေခြင်းနှင့် ငွေအလွဲသုံးစားပြုလုပ်မှု များပြားလာနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အကြီးတန်း စစ်အရာရှိများ၏ အစည်းအဝေး တခုတွင် ပြောကြားသွားခဲ့သည်။

စစ်ဦးစီး၊ ရေး၊ ထောက် အစည်းအဝေးတွင် တပ်ပြေးများအကြောင်းနှင့် တိုက်ပွဲများတွင် အကျအဆုံး များပြားလာနေကာ စစ်သားစုဆောင်းရေး အခက်အခဲများ ရှိလာနေကြောင်း တိုင်းမှူးက မကြာသေးခင်က ပြောကြားသွားသည်ကို မဇ္ဈိမက အတည်ပြုနိုင်ခဲ့သည်။

ထိုသို့ အင်အား ကျဆင်းလာသော တပ်ကို အားဖြည့်ရန်အတွက် တပ်သားသစ်များ စုဆောင်းရေးကို မဖြစ်မနေ၊ မရမက အကောင်အထည် ဖော်ရမည်ကို ခေါင်းဆောင်တိုင်း၏ အဓိကအဖြစ် ခံယူထားရမည်ဟု ဗိုလ်ချုပ်စိုးဝင်းက ပြောဆိုခဲ့သည်။

ထို့အပြင် တပ်မတော်ကို နိုင်ငံခြား စစ်တပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော တပ်ဖြစ်ရန် တည်ဆောက်သွားလိုသော စစ်အစိုးရ၏ ရည်မှန်းချက်ကိုလည်း ထုတ်ဖော်ပြောဆိုသွားသည်။

"တပ်မတော်၏ အစဉ်အလာကောင်းများသည် တဖြည်းဖြည်း လျော့နည်းလာရာမှ အရည်အသွေးများ ကျဆင်းလာသည်။ တပ်မတော်ကို နိုင်ငံတကာနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ရန်လိုသည်" ဟု မှတ်တမ်းတွင် ပါရှိသည်။

အစဉ်အလာအားဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက တပ်မတော်သည် စည်းကမ်းသေ၀ပ်ပြီး ခေတ်မီသော တပ်ဖြစ်ကြောင်း ထိန်းချုပ်ထားသော မီဒီယာများမှတဆင့် တိုင်းပြည်သို့ ပြောကြားလေ့ ရှိသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက စစ်အစိုးရအနေဖြင့် လက်ရှိ တပ်သားအင်အား ၄ သိန်းကျော် ရှိနေသော တပ်ကို အင်အား ၅ သိန်းအထိ တိုးမြှင့်လိုဖွယ် ရှိနေကြောင်းနှင့် အရမ်းကာရော လူသစ် စုဆောင်းနေမှုများ ရှိနေကြောင်း ပြောသည်။

မြန်မာနိုင်ငံရှိ ကျေးရွာ ၆ သောင်းကျော်မှ တရွာလျှင် တဦးကျ တပ်သား စုဆောင်းရေးကို လုပ်ဆောင်ရန် စစ်အစိုးရမှ ၂၀၀၆ ခုနှစ်ကတည်းက စီမံချက်ချထားသည်ဟု သူက ပြောသည်။

"သူတို့က တရွာကို တယောက်နှုန်းဆိုရင် တနှစ်အတွင်း တခေါက်ပဲ လိုက်ကောက်အုံးတော့ တပ်သား အနည်းဆုံးတော့ ၆ သောင်းရမယ်ပေါ့။ သူတို့ ဒီလို စီမံကိန်းချထားပြီး လုပ်တာရှိတယ်။ ဒီမှာတင် အောက်ပိုင်း အဆင့်အဆင့်က လူရပြီးရော လုပ်တာတွေ ဖြစ်လာတယ်" ဟု နှစ်ပေါင်းများစွာ မြန်မာစစ်တပ်ကို အကဲခတ် စောင့်ကြည့်လေ့လာနေခဲ့သူ ဦးအောင်ကျော်ဇောက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ခွင့်ရရေး ကမ္ဘာ့ကြက်ခြေနီ ကြိုးပမ်းနေ

မြင့်မောင်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 20:28 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသားများကို လွတ်လပ်စွာ တွေ့ဆုံစစ်ဆေးခွင့် ရရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က မြန်မာ စစ်အစိုးရများနှင့် ဆွေးနွေးနေသည်။

"ကျနော်တို့ ထောင်တွင်း တွေ့ဆုံ စစ်ဆေးခွင့်ရဖို့ အစိုးရနဲ့ စကားပြောနေပါတယ်။ ဘယ်တော့ တွေ့ရမယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ သူတို့ဘက်ကနေ တွေ့ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု ရန်ကုန်ရှိ ICRC ခေါ် ကမ္ဘာ့ကြက်ခြေနီရုံး ပြောခွင့်ရ မစ္စတာ Paclisanu က မဇ္ဈိမကို ပြောသည်။

၂၀၀၅ ခုနှစ်က တားမြစ်ခံထားရသည့် တွေ့ဆုံစစ်ဆေးခွင့်ကို ပြန်လည်ရရှိရေးအတွက် ပြောဆိုနေခြင်းဖြစ်သည်။ ယခုလို ပြောဆိုဆွေးနွေးနေစဉ်မှာပင် ICRC သည် ဝေးလံခေါင်ဖျား ဒေသများရှိ နိုင်ငံရေး အကျဉ်းသားများထံ သွားရောက်တွေ့ဆုံလိုသည့် မိသားစုဝင်များအတွက် ခရီးစရိတ်များ ထောက်ပံ့ပေးနေသည်။

မစ္စတာ Paclisanu က "အခု လောလောဆယ် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သတ်လို့ သူတို့ မိသားစုတွေရဲ့ လမ်းစရိတ်တွေကို အကူအညီ ပေးနေပါတယ်" ဟု ပြောသည်။

သားဖြစ်သူ အကျဉ်းကျခံနေရသည့် မြန်မာပြည် မြောက်ပိုင်းဒေသ ကချင်ပြည်နယ်မှ ဗန်းမော်အကျဉ်းထောင်သို့ ပြီးခဲ့သည့်လ ၈ ရက်နေ့က ထောင်ဝင်စာသွားတွေ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုပဏ္ဍိတ်ထွန်း၏ မိခင်ကလည်း လမ်းစရိတ် ကုန်ကျငွေများအတွက် ICRC က ကျခံပေးသည်ဟု ဆိုသည်။

"ICRC အနေနဲ့ လမ်းစရိတ်ပေးပါတယ်။ ကျမတို့ ကုန်ကျတဲ့ ငွေ အားလုံးကို ပေးပါတယ်။ အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ဘာမှ လုပ်ပေးတာမျိုး မရှိပါဘူး။ သူတို့အနေနဲ့ ဆောင်ရွက်လို့ မရဘူး။ သူတို့က သူများနိုင်ငံမှာ ရုံးလာစိုက်တဲ့အတွက် နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ လှုပ်ရှားရတာဆိုတော့ Visit (ထောင်များသို့ ၀င်ရောက် စစ်ဆေးခြင်း) လည်း မရှိဘူး" ဟု သူက ပြောသည်။

သူက ဆက်ပြီး " အဲဒီလို စစ်ဆေးခွင့် မရတာ ကြာပြီ၊ ၂၀၀၅ ခုနှစ်ကပဲ စတယ် ထင်တယ်။ Visit မရှိတာ တော်တော်လေးကြာပြီ။ လမ်းစရိတ်တွေက အားလုံးကိုတော့ ထုတ်ပေးပါတယ်" ဟု ပြောသည်။

အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်၏ ညီဖြစ်သူကလည်း ICRC က ထောင်ဝင်စာ သွားတွေ့သူ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများသို့ ခရီးစရိတ်ပေးကြောင်း ပြောဆိုသည်။

သူက "ကျနော်တို့က ICRC က အကူအညီကို လက်မခံပါဘူး။ မရှိတဲ့သူတွေ ပေးပါဆိုပြီးတော့ လက်မခံတာပါ။ ကိုဌေးကြွယ်အနေနဲ့ ကျန်းမာရေး သိပ်မကောင်းဘူး။ အစာအိမ်ရောဂါ ပြန်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက နောက်ဆုံး တွေ့ခဲ့ရတယ်။ နောက်သွားတွေ့တော့ အတွေ့မခံဘူးပြောလို့ မသွားရသေးဘူး" ဟု ပြောသည်။

ICRC က ထောင်များသို့ ၀င်ရောက်စစ်ဆေးခွင့် မရှိသဖြင့် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသားများအား ထိရောက်စွာ ကျန်းမာရေးစောင့်ရှောက်မှု မပေးဟု သူက ဆက်ပြောသည်။

HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ်

ကိုဝိုင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 18:26 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆေးကုသမှု ခံယူနေသည့် အိတ်ခ်ျအိုင်ဗီ - အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ရန်ကုန်မြို့တွင်း နေထိုင်ခြင်းမပြုရန် ကျန်းမာရေးဌာနက ကန့်သတ်ခဲ့သည်ဟု ဝေဒနာရှင်များ အပြောအရ သိရသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံတွင် တက်ရောက်ကုသမှု ခံယူပြီးသူများကို သက်ဆိုင်ရာ နယ်မြေများသို့ ပြန်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။

"ဒီမှာ ဆင်းလို့ရပြီး မဆင်းနိုင်သေးတဲ့ သူတွေရှိတယ်။ ဆင်းပြီး နယ်ကို ပြန်ရမယ်လို့ (ဆေးရုံက) ပြောတယ်။ ထိုးဆေးတင် နေတဲ့လူလည်းရှိတယ်။ အေအာဗီ ဆေးစောင့်နေတဲ့လူလည်း ရှိတယ်။ ရန်ကုန်မှာပဲ ထိုးမှရမှာလို့ ပြောတာကို မရဘူး။ သူတို့ က ရန်ကုန်မှာကို နေခွင့်မပေးတာ။ ကျနော်တို့က အိမ်ငှားနေမယ် ဆိုတာလည်း မရဘူး။ သူတို့ကို အထက်က ညွှန်ကြားထားတဲ့ အနေအထားပေါ့" ဟု အာဏာပိုင်များ၏ လက်တုံ့ပြန်မှာကို စိုးရွံသည့်အတွက် အမည်မဖော်လိုသည့် ဝေဒနာသည်တဦးက မဇ္ဈိမသို့ ပြောသည်။

နယ်မြို့များရှိ ကျန်းမာရေးဌာနများမှာ အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းထားနိုင်သော အေအာဗီဆေးနှင့် အဆုတ်နာရောဂါအတွက် ကုသဆေးရရှိရေး အခက်အခဲ ရှိသည့်အတွက် မပြန်လိုကြကြောင်း ဝေဒနာသည်များက ပြောသည်။

အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုးရှိ၍ ဆေးကုသမှုခံနေရသူများမှာ အဓမ္မ ရွှေ့ပြောင်းမှု ပြုခံရခဲ့ပြီးနောက် ယခုတဖန် နယ်ပြန်ရန် ညွှန်ကြားခံရခြင်းလည်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကူညီစောင့်ရှောက်မှုကို ရရှိနေသောကြောင့် ဝေဒနာသည်များကို စစ်အစိုးရက ပစ်မှတ်ထားနေခြင်းဟု ယုံကြည်ရသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့က သတင်းရဲတပ်ဖွဲ့များ ပါဝင်သော ကျန်းမာရေးဌာနမှ အရာရှိများက မြောက်ဥက္ကလာရှိ အာသောကရာမ ရွှေဟင်္သာ ရေလည်ကျောင်းသို့ ရောက်လာပြီး ကျောင်းတိုက်တွင် တည်းခိုနေသူ ဝေဒနာသည်များကို မျက်နှာချင်းဆိုင်ရှိ ဝေဘာဂီ ဆေးရုံသို့ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ရေလည်ကျောင်းတွင် ဝေဒနာသည်များ တည်းခိုနေခဲ့သည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်သည်။

ဝေဘာဂီဆေးရုံသို့ရွှေ့ပြောင်းခံခဲ့ရသူ စုစုပေါင်း (၂၄) ဦးရှိပြီး အမျိုးသား (၁၁) ဦး၊ ကလေး (၆) ဦးနှင့် အမျိုးသမီး (၇) ဦးတို့ဖြစ်ပြီး အချို့ကတော့ ဆေးရုံသွားရန် ငြင်းဆန်ခဲ့ကြသည်။

အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များကို ပညာပေးခြင်း၊ နှစ်သိမ့် အကြံဥာဏ်ပေးခြင်း၊ နေရေးထိုင်ရေး စီစဉ်ပေးခြင်းနှင့် ဆေးကုသမှု ရရှိအောင် ကူညီပေးသူ မဖြူဖြူသင်းမှာ ဒီချုပ်ပါတီ၏ အိတ်အိုင်ဗွီ-အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲမှ အဖွဲ့ဝင်တဦး ဖြစ်သည်။ သူမကို မေလ ၂၀၀၇ ခုနှစ်က အာဏာပိုင်များက ဖမ်းဆီးမှုပြုရာ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များက ဆန္ဒပြခဲ့ကြသည်။

မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝန်း၏ လျစ်လျူရှုမှုကြောင့် (၂၀၀၇) ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အိတ်အိုင်ဗီ-အေအိုင်ဒီအက်စ်နှင့် သေဆုံးသူ (၂၅,၀၀၀) ရှိခဲ့ကြောင်း၊ အေအာဗီဆေး အရေးပေါ်လိုအပ်နေသူ ပျမ်းမျှ (၇၅,၀၀၀) ဦးရှိကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသို့ အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရန် အကူအညီပေးနေမှုကို Global Fund အဖွဲ့ကြီးက ၂၀၀၅ ခု သြဂုတ်တွင် ရပ်ဆိုင်းလိုက်သည်။ ထို့နောက် ဥရောပကော်မရှင်၊ ဆွီဒင်၊ နယ်သာလန်၊ ယူကေ၊ နော်ဝေး၊ သြစတြေးလျတို့ ပါဝင်သည့် 3 D Fund အစီအစဉ်က အမေရိကန်ဒေါ်လာ သန်း (၁၀၀) ဖြင့် အကူအညီများ ဆက်ပေးနေခဲ့သည်။

ဒေါ်စုနှင့် ဆွေးနွေးခွင့်ပေးရန် အန်အယ်ဒီက တောင်းဆို

သဲသဲ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 13:15 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလကိုယ်စားလှယ်နှင့် မတွေ့ဆုံခင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့တို့ ဦးစွာတွေ့ဆုံခွင့်ပြုရန် စစ်အစိုးရထံသို့ ပါတီက ယမန်နေ့က စာရေးတောင်းဆိုလိုက်သည်။

ယခုလ ၃၁ ရက်နေ့တွင် ၇ ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် တွေ့ဆုံရာတွင် အစီအစဉ်အသစ်များ ချပြနိုင်ရေးအတွက် ပါတီခေါင်းဆောင်များ စုံညီ အစည်းအဝေးကို ဦးစွာ ကျင်းပလိုကြောင်း တောင်းဆိုခြင်း ဖြစ်သည်။

"မစ္စတာ ဂမ်ဘာရီ လာလို့ ကျနော်တို့နဲ့ ဆွေးနွေးရမယ်ဆိုရင် ဒေါ်စုနဲ့ အရင်တွေ့ခွင့်ပေးပါလို့ စစ်အစိုးရကို စာတင်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ CEC (ဗဟိုအလုပ်မှုဆောင် ကော်မတီ) အဖွဲ့ ပေးတွေ့လိုက်မယ်ဆိုရင် နိုင်ငံရေး အစီအစဉ် အသစ်တွေ၊ လုပ်ငန်းအသစ်တွေ၊ အယူအဆသစ်တွေ ဆွေးနွေးဖို့ ပေါ်လာမှာ" ဟု ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရလျှင်လည်းဘဲ ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများကို လေးစားသောအားဖြင့် မစ္စတာဂမ်ဘာရီကို တွေ့ဆုံသွားမည်၊ သို့သော် ဆွေးနွေးစရာ မရှိကြောင်း သူက ထပ်ပြောသည်။

ကုလအထူးသံတမန်ကြီးသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရနှင့် အတိုက်အခံများအကြား လွန်းထိုး ညှိုနှိုင်းရေးသမားအဖြစ် အကျိုးဆောင်နေသော်လည်း ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက မြန်မာပြည် နောက်ဆုံးခရီးစဉ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက အကျယ်ချုပ် ကျခံနေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခွင့် မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရသည်။ တည်ဆဲဥပဒေအရ ရက်လွန် ချုပ်နှောင်ထားသည်ဟု သူ့ဘက်က စောဒကတက်ထားပြီး ပြန်လည်စီစစ်ရန် နေပြည်တော်သို့ လျောက်လှဲချက်ပြုထားသော်လည်း လစ်လျူရှုခံထားရဆဲ ဖြစ်သည်။

ခရီးစဉ်ရည်ရွယ်ချက် အထမြောက်စေရန် အခြေခံအားဖြင့် စတင်ရမည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး ပါဝင်သည့် တွေ့ဆုံညှိနှိုင်းမှုများ ပေါ်ပေါက်ရေးတို့အတွက် စစ်အစိုးရကို ဖျောင့်ဖြတိုက်တွန်းနိုင်ခြင်း မရှိခဲ့သဖြင့် မြန်မာအတိုက်အခံများဘက်က အားမလိုအားမရဖြစ်နေစဉ် သူ့ခရီးစဉ် ထပ်မံ၍ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုခရီးစဉ်သည် စစ်အစိုးရ၏ အရေးတကြီး ဖိတ်ခေါ်မှုဖြစ်ပါက သူတို့အပေါ် ကျရောက်နေသည့် နိုင်ငံရေး အကျပ်အတည်းများ အားပျော့သွားစေရန် ထွက်ပေါက်အဖြစ် ကုလသံတမန်ကို အသုံးချခြင်းသာဖြစ်ကြောင်း ဦးဝင်းတင်က သုံးသပ်ပြောဆိုသည်။

တိုင်းပြည်အတွက် အလွန်ပင် အန္တရာယ်ကြီးမားသည့် စစ်ကျွန်ပြုရေး အခြေခံဥပဒေဖြင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို တနည်းနည်းဖြင့် အချိန်ဆွဲဖြေရှင်းရန် နည်းလမ်းရှာသည့်အနေဖြင့် ဖိတ်ခေါ်ခြင်းဟု ယူဆကြောင်း အကျဉ်းထောင်ထဲတွင် နှစ် ၂၀ နီးပါး နေခဲ့ရသူ သတင်းစာဆရာဟောင်းက ပြောသည်။

အန်အယ်ဒီ အနေဖြင့် ၂၀၀၇ အခြေခံဥပဒေကို လွှတ်တော်တရပ်ခေါ်ကာ ပြန်ပြင်ပေးရန်အတွက် စစ်အစိုးရထံ တောင်းဆိုခဲ့သည့်အတိုင်း ဆက်လက်ရပ်တည်မည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ၆ ကြိမ်မြောက် ခရီးစဉ်အပြီး နောက်တလအကြာ စက်တင်ဘာလအတွင်း မြန်မာစစ်အစိုးရက အကျဉ်းသားပေါင်း ၉၀၀၂ ဦး လွှတ်ပေးခဲ့သော်လည်း သို့သော် နိုင်ငံရေးအကျဉ်းသားမှာ တဒါဇင်ပင်မပြည့်ချေ။

Wednesday, January 28, 2009

စစ်အစိုးရအကြီးအကဲများကို ကြိုဆိုနေရသဖြင့် ကလေးများကောင်းစွာ စာမသင်ရဖြစ်နေ

Wednesday, 28 January 2009 16:36 ရိုးမ ၃
တိုင်းမှူးခရီးစဉ်ကို ကြိုဆိုနေရ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စာကောင်းကောင်းမသင်ရသဖြင့် ကျောင်းသားမိဘများက ကလေးငယ်များပညာရေးအတွက် စိုးရိမ်နေရသည်ဟု ဆိုသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ လာရောက်မည်ဆိုသည့်အတွက် မကြာခဏ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုခိုင်းနေကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

"ဒီလ (၁၅) ရက်နေ့တုန်းကလဲ လွတ်လပ်ရေးရပ်ကွက်ထဲက ဗိသုကာလမ်းဖွင့်ပွဲကို ကြိုရမယ်ဆိုပြီး အထက (၁) က ဆရာမ ၅၀၊ အထက ၂ က ဆရာမ အယောက် ၂၀ ကို အမျိုးသမီးရေးရာ ဝတ်စုံရယ် မိခင်နှင့်ကလေးဝတ်စုံတွေ ဝတ်ပြီး ကြိုခိုင်းတာ၊ ကလေးတွေလည်း ပါတယ်၊ အဲလိုခဏခဏဆိုတော့ စာသင်ချိန်မရှိတော့ဘူး၊ စာမေးပွဲကလဲ နီးနေပြီ" ဟု ပြောသည်။

ထိုကဲ့သို့ကြိုဆိုရာတွင် စစ်တပ်အကြီးအကဲများအနေဖြင့် ချိန်းဆိုသည့်အချိန်ထက် နောက်ကျမှသာ ရောက်လာကြသည့်အတွက် စောင့်နေရသည့်ကလေးငယ်များမှာ နေပူထဲတွင်နေရပြီး ဖျားနာခြင်းများပင်ဖြစ်ရကြောင်း အဆိုပါကျောင်းသားမိဘက ပြောသည်။

"ကျောင်းစာသင်ချိန်မှာ ဆရာမတွေ အယောက် ၇၀ လောက် အဲလိုတွေ သွားကြိုနေရတော့ ကျောင်းသားတွေအတွက် စာသင်ချိန်က မရှိတော့ဘူး၊ ပြီးတော့ တခြားအခမ်းအနားတွေဆိုလဲ ဆရာမတွေက သွားနေရတော့ ကျမတို့ကလေးတွေက ဘယ်လိုလုပ် စာသင်ရတော့မှာလဲ၊ ပညာရေးထက် အဲလိုဟာတွေက ပိုအရေးကြီးတယ်ဆိုရင် ကလေးတွေပညာရေးက မတွေးရဲတော့ဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရအကြီးအကဲများ အကြောင်းတခုခုဖြင့် လာရောက်မည်ဆိုပါက သက်ဆိုင်ရာဒေသအတွင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စာသင်ချိန်များဖျက်ကာ သွားရောက်စောင့်ဆိုင်း ကြိုဆိုနေကြရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ တွေ့ခွင့်မပေးလျှင် ဂမ်ဘာရီနှင့် အန်အယ်လ်ဒီ တွေ့ဖြစ်ဖို့မလွယ် (ဦးဝင်းတင်)

မင်းနိုင်သူ/ ၂၈ ဇန်န၀ါရီ ၂၀၀၉


မစ္စတာဂမ်ဘာရီမလာမီ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိုတွေ့ဆုံညှိနှိုင်းခွင့်မရခဲ့ပါက အန်အယ်လ်ဒီအနေဖြင့် မစ္စတာဂမ်ဘာရီနှင့်ပင် တွေ့ဆုံရန်မလိုတော့သည့် သဘောဆောင်နေပြီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုတင်တွေ့ဆုံနိုင်မှာသာ နိုင်ငံရေးလုပ်ငန်းစဉ်သစ်၊ အစီအစဉ်သစ်များ ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် ယင်းတွေ့ဆုံမှုကို လိုလားနေ ခြင်းဖြစ်ကာ တွေ့ခွင့်မရပါက နိုင်ငံရေးလုပ်ငန်းစဉ်သစ်များ ချမှတ်နိုင်မှုမရှိနိုင်သဖြင့် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရန်ပင်မလိုတော့သည့် သဘောရှိနေကြောင်း ခေတ်ပြိုင်နှင့် သီးခြားမေးမြန်းခန်းတွင် ဦးဝင်းတင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မကြာမီက အန်အယ်လ်ဒီထံသို့ ပေးပို့ခဲ့သော မစ္စတာဂမ်ဘာရီ၏ စာတွင် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ၎င်းလာရောက်ခဲ့စဉ် မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည့် လုပ်ငန်းစဉ် (၅) ချက် (စစ်အစိုးရက ထိုအချက်အားလုံးကို ပယ်ချခဲ့) ကို ဆွေးနွေးလိုကြောင်း ရေးသားထားသည်။ မစ္စတာဂမ်ဘာရီအနေဖြင့် အသစ်မရှိဘဲ အဟောင်းကိုသာ ပိုက်လာပါက အလုပ်ဖြစ်လိမ့်မည်မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။

အဆိုပါတင်ပြချက် (၅) ရပ်တွင် စီးပွားရေးကိစ္စရပ်လည်းပါဝင်နေရာ စီးပွားရေးမှာ အရေးကြီးသော်လည်း နိုင်ငံရေးကိစ္စရပ်များဆွေးနွေးနေစဉ် ထည့်သွင်းဆွေးနွေးရန်မလိုဟုလည်း ဦးဝင်းတင်က ယူဆသည်။ မစ္စတာ ဂမ်ဘာရီ၏ တင်ပြချက်များသည် နအဖအပေါ် မည်သို့မျှ အသက်မ၀င်ဘဲ နိုင်ငံရေးသမားများကို ဆက်လက် ဖမ်းဆီးနေမြဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသမားများ၏ မိသားစုများ ဒုက္ခရောက်အောင်လုပ်ဆောင်နေမှုများကို လည်း ထောက်ပြသည်။

၂၀၁၀ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရဘက်က အခြေခံဥပဒေကို ပြန်လည်သုံးသပ်ခွင့်မပေးပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် အကြောင်းမရှိဟုလည်း ဦးဝင်းတင်က ပြောသည်။ စစ်အစိုးရ၏ အခြေခံဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် ကျားကန်ပေးထားသည့် ဥပဒေဖြစ်သည့် အတွက် နောင်နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ စစ်ကျွန်ဇာတ်သွင်းမည့် အခြေခံဥပဒေဖြစ်သည်ဟုလည်း ဦးဝင်းတင်က ထောက်ပြသည်။

မစ္စတာဂမ်ဘာရီသည် ရန်ကုန်မြို့သို့ စနေနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး နောက်တပတ် အင်္ဂါနေ့တွင် ပြန်မည်ဖြစ်ကြောင်း အဘူဒါဘီမြို့ထုတ် The National သတင်းစာတွင် ဖော်ပြထားသည်။

ယခုလာရောက်မည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား များ လွတ်ပေးရေးအတွက် နအဖကို ငွေကြေးအကူအညီပေးရေးကိစ္စလည်းပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဦးဝင်းတင်ကမူ အဆိုပါအစီအစဉ်မှာ အောင်မြင်မည်ဟု လုံးဝမယူဆကြောင်း ပြောသည်။

voice(မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ)

ဂမ်ဘာရီ ပြန်လာမည်

စီအန်အန် ချယ်နယ် ရောင်းချမှု ရပ်ဆိုင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉

Family Entertainment က အခပေး ရုပ်သံလိုင်းများအဖြစ် ရောင်းချပေးနေသည့် တခုတည်းသော သတင်းလိုင်းဖြစ်သည့် စီအန်အန် ရုပ်သံချယ်နယ်ကို ယခုနှစ်ကုန်ပိုင်းကစ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ အရောင်းဝန်ထမ်းများက ပြောပြကြသည်။

စီအန်အန် ရုပ်သံချယ်နယ် ရောင်းချမှုများ ရပ်ဆိုင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး Family Entertainment အား ခေတ်ပြိုင်က မေးမြန်းရာတွင် စီအန်အန်လိုင်းမှာ လွှင့်လိုသည့်အခါမှလွှင့်ပြီး မိလိုက်မမိလိုက် ဖြစ်နေသည့်အတွက် ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ရုပ်သံလိုင်းများကို ဝယ်ယူကြည့်ရှုနေသူတဦးက “သူတို့လွှင့်တဲ့ စီအန်အန် လိုင်းဆိုတာက နိုင်ငံတကာမှာ လွှင့်နေတဲ့ စီအန်အန်လိုင်း၊ ထိုင်း ယူဘီစီ (၂) ပေစလောင်းက လွှင့်နေတဲ့ စီအန်အန် လိုင်းတွေနဲ့ မတူဘူး။ အဲဒီက လွှင့်တာထက် နာရီဝက် နောက်ကျပြီးမှ လွှင့်တယ်။ နောက် မြန်မာပြည်နဲ့ ဆိုင်တာတွေရော၊ နိုင်ငံတကာသတင်းတွေကိုပါ အများကြီး ဖြတ်တောက်တယ်။ ဥပမာ- ဧရာဝတီတိုင်း ရေဘေး သတင်းတွေ အပါအဝင် ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲ လုပ်တဲ့ သတင်းလိုမျိုးပေါ့” ဟု ပြောသည်။

စီအန်အန် ချယ်နယ် ရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံအချို့က စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကြောင့် ရပ်ဆိုင်းခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသလို၊ အချို့က အဆိုပါ ကုမ္ပဏီသည် စီအန်အန် သတင်းများကို နာရီဝက်နောက်ကျပြီးမှ လွှင့်ခြင်း၊ အလွန်အမင်း ဖြတ်တောက်ခြင်းတို့ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်းကြည့်ရှုသူများက မူရင်း စီအန်အန် သတင်းဌာနကို အီးမေးလ်မှတဆင့် တိုင်ကြားမှုမျိုး ရှိခဲ့ကြောင်း၊ ထို့ကြောင့် စီအန်အန် ကုမ္ပဏီကိုယ်တိုင်က ဆက်လက် မရောင်းချတော့ခြင်း ဖြစ်နိုင်ကြောင်း ထင်မြင် ပြောဆိုနေကြသည်။

Family Entertainment သည် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက အဓိက အစုရှယ်ယာများ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီတခု ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် MRTV-4 ချယ်နယ်ကို ထုတ်လွှင့်နေသကဲ့သို့ Digital Terrestrial receiver (DVB-T) စက်များကိုလည်း ရောင်းချသည်။

အဆိုပါ စက်များမှတဆင့် ဖမ်းယူကြည့်ရှု၍ရသည့် နိုင်ငံခြား ရုပ်သံလိုင်း (၁၄) လိုင်းကို လစဉ်ကြိုတင်ငွေပေးစနစ်ဖြင့် ရောင်းချခွင့်ရထားသည့် တခုတည်းသော ကုမ္ပဏီလည်း ဖြစ်သည်။

အဆိုပါ လိုင်းများမှာ CNN, Star Movies, Star World, National Geographic, Wild, Channel V, Discovery, Travel & Living, Animal Planet, Cartoon Network, MTV, Euro Sport, ESPN, Star Sport တို့ မူလက ပါဝင်ပြီး ယခုနောက်ပိုင်း စီအန်အန် ချယ်နယ် မရှိတော့သည့်အတွက် နိုင်ငံခြား သတင်းလိုင်း လုံးဝ မရှိတော့သည့် အခြေအနေ ဖြစ်သွားသည်။

နအဖ စစ်အစိုးရက ၎င်းတို့၏ နေပြည်တော်မှာလည်း မြန်မာ့ရုပ်သံ၊ မြဝတီ ရုပ်သံနဲ့ နိုင်ငံခြား ဖျော်ဖြေရေး လိုင်း အနည်းငယ် လွှင့်ထုတ်နေပြီး သတင်းလိုင်းနှင့် ပတ်သက်၍ မည်သည့်သတင်းလိုင်းကိုမှ ထုတ်လွှင့်ခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သတင်း အဓမ္မဖော်ပြခိုင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉


စစ်အစိုးရ စာပေစိစစ်ရေးဌာနက ၎င်းတို့ကိုယ်တိုင်ရေးသားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို ယခုတပတ်ထုတ် ဂျာနယ်များတွင် မထည့်မနေရ အတင်းအကျပ်ဖော်ပြခိုင်းခဲ့ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဂျာနယ် အယ်ဒီတာများက ပြောပြကြသည်။

ဖော်ပြခိုင်းခဲ့သည့် သတင်းခေါင်းစဉ်မှာ “မြန်မာဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးသံမှူးနှင့် တွေ့ဆုံ” ဖြစ်သည်။ အဆိုပါသတင်းကို ဇန်နဝါရီ (၂၇) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ (၅) အမှတ် (၄) စာမျက်နှာ-၁၈၊ ဇန်နဝါရီလ (၂၆) ရက်နေ့ထုတ် သည်ဗွိုက်စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၄) စာမျက်နှာ-၂၈၊ ဇန်နဝါရီလ (၂၉) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် အတွဲ (၄) အမှတ် (၂၄) နှင့် အခြားဂျာနယ်များတွင် ဖော်ပြခဲ့ကြရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျာနယ်အယ်ဒီတာတဦးက “ကျနော်တို့ကို ဂျာနယ်စာမျက်နှာ တမျက်နှာလောက်ရှိတဲ့ ပေါ်လစီဆောင်းပါးတပုဒ် ဖော်ပြခိုင်းပြီးပြီပဲ။ ဒီလောက်ဆို တော်သင့်ပါပြီ၊ ဒါပေမယ့် ခု ဘင်္ဂလားဒေ့ရှ် သတင်းကိုပါ ဖော်ပြခိုင်းတယ်။ ကျနော်တို့ရဲ့ သတင်းတွေနဲ့ ရောပြီး သူတို့ရေးပေးတဲ့ သူတို့ အာဘော်ကို ဖော်ပြစေချင်တဲ့သဘော၊ ကျနော်တို့ကတော့ ကျနော်တို့ သတင်းတွေနဲ့ မရောအောင် ပေါ်လစီဆောင်းပါးစာမျက်နှာမှာပဲ ဖော်ပြပေးလိုက်တယ်” ဟု ပြောသည်။

အဆိုပါသတင်းတွင် ဖော်ပြထားသည်မှာ ပြီးခဲသည့် ဇန်နဝါရီ (၁၃) ရက်နေ့က ရန်ကုန် ကုန်သွယ်မှုဦးစီးဌာန တိုင်းရုံးမှာ မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများက စီးပွားရေးသံမှူး အချို့နှင့် တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးသံမှူးနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ၎င်းက ခုလို တွေ့ဆုံဆွေးနွေးပွဲ လုပ်တာဟာ ကောင်းမွန်ကြောင်း၊ ဒါကာမှာလည်း ၎င်းတို့ အစိုးရအဖွဲ့သစ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကိစ္စများကို လေ့လာသုံးသပ်နေကြောင်း၊ မကြာမီ နှစ်နိုင်ငံကုန်သွယ်မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင်း စသဖြင့် ဖြေကြားထားသည်ဟု ရေးသားထားသည့် သတင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဘာသာပြန်အယ်ဒီတာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့်နှစ် သဘာဝဓာတ်ငွေ့ရှာဖွေမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြဿနာဖြစ်ခဲ့ရာမှာ အလျော့ပေးခဲ့ရမှုကို ဖုံးကွယ်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပုံမှန်ပဲ ရှိနေသယောင် ရေးသားသည့်သတင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ဝါရင့်သတင်းစာဆရာကြီးတဦးကမူ နအဖ စစ်အစိုးရသည် သတင်းရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး တားမြစ်ပိတ်ပင်မှု အများအပြား လုပ်ရုံသာမက၊ ပေါ်လစီဆောင်းပါးများကိုလည်း အတင်းအကျပ် မထည့်မနေရ ဖော်ပြခိုင်းခြင်းများကို တောက်လျှောက်လုပ်ခဲ့ကြောင်း၊ ယခု ဤမျှနှင့် မရပ်သေးဘဲ သူတို့ ဖော်ပြစေချင်သည့် သတင်းများကို ပုဂ္ဂလိက ဂျာနယ်စာမျက်နှာများတွင် အဆိုပါဂျာနယ်များက ရေးသည့် သတင်းများ ဖြစ်သယောင် လိမ်လည်ဖော်ပြခိုင်းခြင်းမျိုး လုပ်လာတာဖြစ်ကြောင်း၊ နောင် စစ်အစိုးရက ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် ယခုကဲ့သို့ ဆက်လက် ပြုမူလုပ်ကိုင်လာနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သတင်းရေးသား ဖော်ပြခွင့်နှင့်ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြုမူလာသည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာက သိအောင် ဖော်ထုတ်ဖွင့်ချရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။

နာဂစ် ဒီဇယ်ဆီအတွက် ကျေးရွာဥက္ကဋ္ဌများက ငွေကောက်ခံ

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 28 2009 18:19 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံလယ်သမားများသို့ မြို့နယ်အာဏာပိုင်များက အခမဲ့ပေးခဲ့သည့် ဒီဇယ်ဆီ ထောက်ပံ့ပေးသော်လည်း ကျေးရွာအာဏာပိုင်များက ငွေကောက်ခံနေကြောင်း အတိုက်အခံ ပါတီခေါင်းဆောင်တဦး အပြောအရ သိရသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ကွမ်းခြံကုန်းမြို့နယ်ရှိ အင်းဂလိုးနှင့် ရေတိမ်ကျေးရွာအုပ်စုနေ တောင်သူလယ်သမားများအား လယ်တဧကလျှင် ဒီဇယ်ဆီ ၄ ပုလင်းနှုန်းဖြင့် မြို့နယ်အာဏာပိုင်များက အခမဲ့ ပေးဝေခဲ့သော်လည်း ရေတိမ်ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အင်းဂလိုးကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းတို့က ငွေပြန်လည်တောင်းခံနေခြင်း ဖြစ်သည်။

"တဂါလံကို ၃,၀၀၀ (ကျပ်) နှုန်းနဲ့ လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ကို နောက်ဆုံးထား ပေးရမယ်ဆိုပြီး ကျေးရွာထဲမှာ အသံချဲ့စက်တွေနဲ့အော်ပြီး တောင်းနေတယ်။ မပေးရင် သက်ဆိုင်ရာကနေ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အနေအထားမျိုး ပြောလာပါတယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို တောင်သူလယ်သမား လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ကြီးက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များက အတင်းအကျပ် တောင်းလာပါက ပဋိပက္ခများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း သူက ထပ်လောာင်းပြောဆိုသည်။

ဒေသတွင်း မိုးစပါးစိုက်ချိန်၌လည်း ကျွဲနွားမလုံလောက်ခြင်း၊ မျိုးစပါးများ ပျက်စီးခြင်း၊ စိုက်ပြီး စပါးများ ရေမြုပ်ခြင်း၊ ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် စပါးစိုက်နိုင်မှု နည်းပါးခဲ့သည်။ မိုးစပါးထွက်ချိန်၌ စပါးအထွက်နည်းခြင်း၊ စပါးဈေးကျဆင်းခြင်း၊ စပါးဝယ်သူ မရှိခြင်းတို့ကြောင့် အဆိုပါ ဒီဇယ်ဖိုးငွေကို ပေးနိုင်ရန် ကျေးရွာသားများမှာ ခက်ခဲနေခြင်း ဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲချက်ကို စီအန်အက်ဖ် ငြင်းဆို

မုံပီး
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 01:29 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ချင်းပြည်သူများအပေါ် ဖိနှိပ်ငြင်းပမ်းမှုများ ပြုနေသည်ဆိုသော လူ့အခွင့်ရေးအဖွဲ့၏ စွပ်စွဲချက်ကို ချင်းအမျိုးသားတပ်ဦး၏ လက်နက်ကိုင်တပ်ဖြစ်သော ချင်းအမျိုးသား တပ်မတော်က ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်သည်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အစီရင်ခံစာထဲတွင် မြန်မာစစ်အစိုးရ၏ ဖိစီးနှိပ်စက်မှုခံနေရသော ချင်းပြည်သူများမှာ ချင်းလက်နက်ကိုင် အဖွဲ့ကြောင့်လည်း ထပ်လောင်း ဒုက္ခရောက်ကြရသည်ဟု ပါရှိသည်။

စာမျက်နှာ ၉၃ မျက်နှာရှိ " မေ့လျော့ခံ ပြည်သူများနှင့် တူပါသည်။ မြန်မာပြည်တွင်လည်း မလုံခြုံ- အိန္ဒိယကလည်း အကာအကွယ်မပေး" ဟု အဓိပ္ပါယ်ရသည့် အစီရင်ခံစာတွင် မြန်မာစစ်တပ်နှင့် အစိုးရ၀န်ထမ်းများ၏ အာဏာ အလွဲသုံးစားပြုမှုကို ချင်းပြည်သူများကို အမြဲတစေ ခံစားရသည်ဟု ဖော်ပြထားသည်။

မတရားဖိနှိပ်ခြင်းများတွင် အဖိုးအခမပေးဘဲ လုပ်အားခိုင်းစေခြင်း၊ ဥပဒေမဲ့ ထင်တိုင်းကြဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ဘာသာရေးကိုးကွယ်ခွင့် ကန့်သတ် တားဆီးခြင်းနှင့် အခြားသော အခြေခံ လွတ်လပ်ခွင့်များ တားမြစ်ပိတ်ပင်ခံရသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်မှသည် ၂၀၀၈ ခုနှစ်အတွင်း လူပေါင်း ၁၄၀ ကို တွေ့ဆုံမေးမြန်းကာ သုတေသနပြုခဲ့ခြင်းမှ ထွက်ပေါ်လာသော အစီရင်ခံစာက စီအန်အက်ဖ် ခေါ် ချင်းလက်နက်ကိုင်တပ်၏ အပြုအမူကလည်း ချင်းတို့ကို ပိုမိုအထိနာအောင် ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့က " စီအန်အက်ဖ်/စီအန်အေ အဖွဲ့ရဲ့ တချို့ အဖွဲ့ဝင်တွေက ရွာသားတွေဆီကနေ ဆက်ကြေးကောက်တယ်၊ နှောက်ယှက်တယ်၊ ရိုက်နှက်တယ်၊ ပြီးတော့ တခြား ဖိနှိပ်မှုတွေပါ လုပ်တယ်" ဟု ရေးသားထားသည်။

သိုသော် စီအန်အက်ဖ်၏ အထွေထွေအတွင်းရေးမှုး ပေါ်လ်စမစ်က စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး စီအန်အက်ဖ်ကို မလိုမုန်းထားသည့် လူတစု သို့မဟုတ် တဦးတယောက်က ပံ့ပိုးပေးလိုက်သည့် အချက်အလက်များကို အခြေခံထားသည့် အစီရင်ခံစာဟု တုံ့ပြန်လိုက်သည်။

စီအန်အက်ဖ်၏ မကောင်းကြောင်းကို ပြောမည့်သူများကို အဓမ္မခိုင်းစေ ဖြေဆိုစေခြင်းများ ရှိနိုင်သည့်အတွက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အနေဖြင့် ဂရုစိုက် လူရွေး မေးမြန်းသင့်ကြောင်း ပေါလ်က မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြောကြားသည်။

"မြန်မာပြည်မှာ လူအများစုက ကြောက်စိတ်နဲ့ နေနေရတာ၊ အစိုးရကို ဆန့်ကျင်တယ်ဆိုတာ မကောင်းဘူးဆိုတဲ့အမြင် မြင်အောင် လုပ်ခံထားရတာ" ဟု ပေါလ်က ပြောသည်။

" ဒါကြောင့် HRW (လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့) အနေနဲ့ အခြေအနေ အရပ်ရပ်ကို ထဲထဲဝင်ဝင် နားလည်အောင်လုပ်ပြီး အင်တာဗျူးတဲ့အခါ သေသေချာချာ လူရွေးချယ်သင့်တယ်"

တအိမ်ထောင်လျှင် ကျပ် ၃ ထောင်ကျ စီအန်အက်ဖ်က နှစ်စဉ် ကောက်ခံကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ အများစုသော ကျေးရွာသားများမှာ ငွေမရှိ၍ ရှိစုမဲ့စုလေးများ ရောင်းချပေးကြရသည်ဟု ဆိုသည်။

"တခါတလေမှာ မလှူတဲ့လူတွေကို ရိုက်တာ၊ နှက်တာတွေ လုပ်တယ်။ အများစုကလည်း ကြောက်တော့ ပိုက်ဆံပေးလိုက်တာပေါ့" ဟု ရွာသားတဦး၏ ပြောကြားချက်ကို လူ့အခွင့်အရေးအဖွဲ့က ကိုးကားထားသည်။

စီအန်အက်ဖ်အနေဖြင့် ရွာသားများထံမှ အခွန်ကောက်ခံသည် ဆိုခြင်းကို ပေါလ်က ၀န်ခံသော်လည်း နိုင်ထက်စီးနင်း လုပ်ဆောင်ခြင်းမရှိပါဟု ပြောသည်။ စီအန်အက်ဖ်အနေဖြင့် ၂၀၀၇ ခုနှစ်အထိ အိမ်ထောင်စုတစုလျှင် ငွေကျပ် ၃ ထောင် ဆက်ကြေး ကောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ၁၀ ကျပ်သာ အလှူခံတော့သည်ဟု ပေါလ်က ပြောသည်။

"လူတွေကို ရိုက်နှက်တာ အနိုင်ကျင့် ငွေတောင်းတာတွေ မလုပ်ရဘူးဆိုပြီးတော့ ကျနော်တို့ အဖွဲ့ဝင်တွေကို တားမြစ်တဲ့ စည်းကမ်း ထုတ်ပြန်ထားပါတယ်။ တကယ်လို့ တယောက်ယောက်က အဲသလိုတွေ လုပ်တယ်ဆိုရင် အရေးယူပါတယ်" ဟု ပေါလ်က ပြောသည်။

သို့ပေမယ့်လည်း စစ်အစိုးရက စီအန်အက်ဖ်၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် ပစ်မှတ်ထားနေခဲ့ပြီး ကျေးရွာသားများ စီအန်အက်ဖ်နှင့် အဆက်အသွယ် မလုပ်ရန် အကြပ်ကိုင်နှိပ်စက်ကာ လူအများ စီအန်အက်ဖ်ကို မုန်းလာအောင် ကြောက်စိတ်သွင်းပေးခဲသည်ဟု ဆိုသည်။

"ပြီးတော့ တချို့ကလည်း စီအန်အက်ဖ်နာမည်သုံးပြီး ခြိမ်းခြောက် ငွေညှစ်တာတွေ လုပ်တတ်တယ်၊" ဟု သူက ထပ်ပြောသည်။

လူ့အခွင့်အရေးအဖွဲ့ အနေဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စီအန်အက်ဖ်အပေါ် မလိုတမာ စွပ်စွဲချက်များကို တိုင်းတာနှိုင်းယှဉ်ခြင်းတော့ မလုပ်ထိုက်ဟု ပေါလ်က ပြောသည်။

မြန်မာစစ်တပ်၏ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှု၊ နှိပ်စက်ငြင်းပမ်းမှုနှင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းတို့ကြောင့် ချင်းလူမျိုး အများအပြား အိမ်နီးချင်း အိန္ဒိယသို့ ထွက်ပြေးကြရာတွင်လည်း ဒေသခံ လူမှုအဖွဲ့အစည်း၏ ခွဲခြားဆက်ဆံမှုနှင့်လည်း ထပ်မံကြုံရပြန်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း တောင်တန်းများပေါ်တွင် နေထိုင်ကြသော ချင်းတို့မှာ ၂၀၀၆ နှစ်ကုန်ပိုင်းကတည်းက ကြွက်သောင်းကျန်းမှုကြောင့် ပြည်နယ်အတွင်း အစာရေစာ ရှားပါးခြင်းလည်း ထပ်မံကြုံတွေ့နေရသည်ဟု အစီရင်ခံစာက ရေးသားထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်၏ အပြောအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာသုံးစွဲမှု အနည်းဆုံး ဒေသဖြစ်သည်ဟု ပြောသည်။

ချင်းတို့၏ ကံကြမ္မာဆိုးနှင့် ပတ်သက်၍ လူအချို့ကသာ အလေးထား ဂရုစိုက်ကြောင်း လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

ရိုဟင်ဂျာတချို့ကို ရုံးတင်တရားစွဲ


ထိုင်း တောင်ပိုင်း ကမ်းစောင့် လုံခြုံရေး ရဲများက မြန်မာပြည်မှ ထွက်ခွာ လာသော ရိုဟင်ဂျာ ၆၆ ဦးကို ခုံရုံးတင်၍ နိုင်ငံတွင်း တရားမဝင် ဝင်ရောက် လာမှုနှင့် ယနေ့ တရားစွဲဆို လိုက်ကြောင်း တီအန်အေ သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းဒေသရှိ ရဲအရာရှိ Veerasilp Kwanseng ၏ အဆိုအရ ၎င်းရိုဟင်ဂျာ ၆၆ ဦးမှာ ယမန်နေ့က ထိန်းသိမ်းလိုက်သော ရိုဟင်ဂျာ ၇၈ ဦးထဲမှ ဖြစ်သည်ဟု သိရသည်။ ကျန် ၁၂ ဦးမှာ အရွယ်မရောက် သေးသည့် ကလေးငယ်များဖြစ်ပြီး ယခုအခါ ရနောင်း ရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူများ အနေနှင့် တဦးလျှင် ဘတ်ငွေ ၁၀၀၀ မှ ၂၀၀၀ အတွင်း ပေးဆောင်ကြရမည်ဖြစ်ပြီး ဒဏ်ငွေဆောင်စရာ ငွေကြေးမရှိပါက ရနောင်း ထောင်တွင်းတွင် မိခင်နိုင်ငံသို့ မပြန်နိုင်မချင်း နေကြရမည်ဖြစ်ကြောင်း ရဲအရာရှိက ဆက်ပြောသည်။

ဆက်လက်၍ ၎င်းက ဒေသခံ အာဏာပိုင်များအနေနှင့် ထိန်းသိမ်းထားသော ရိုဟင်ဂျာ ၇၈ ဦးစလုံးကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်ဟု ဆိုသည်။

ရိုဟင်ဂျာ ၇၈ ဦးပါလာသည့် လှေသည် စက်ပျက်ကာ ရနောင်းဒေသပိုင် ဆူရင်ကျွန်းအနားတွင် မျောနေစဉ် ယမန်နေ့က ထိုင်းရေတပ်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရေတပ်မှ တာဝန်ရှိသူတဦးဖြစ်သည့် Narong Theswisal ကပြောသည်။

လှေပေါ်ပါလာသည့် ရိုဟင်ဂျာများအားလုံးတွင် အရှိုးရာများ၊ မီးလောင်ရာများနှင့်ဖြစ်နေပြီး ၎င်းတို့ကို မြန်မာ့ရေပိုင်နက် မြိတ်ကျွန်းစုအနီးတွင် စခန်းချနေသည့် မြန်မာရေတပ်က ရိုက်နှက်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းရေတပ်က ထိန်းသိမ်းထားသော ဒဏ်ရာရ ရိုဟင်ဂျာ ၇၈ ဦးကို ရနောင်းဒေသရှိ ထိုင်းသူနာပြုများက ပြုစု ကုသပေးခဲ့ရာ ထိုအထဲမှ ၄ ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ထားရကြောင်း တီအန်အေက ရေးသားထားသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာများမှာ တနေ့ထက်တနေ့ အရေအတွက်များပြားလာ လျှက်ရှိရာ ယခုကဲ့သို့ ထိုင်းနိုင်ငံက ခုံရုံးတင်တရားစွဲခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ အစောပိုင်းက လှေဖြင့် ရောက်ရှိလာသော ရိုဟင်ဂျာများကို ထိုင်းရေတပ်က သေနတ်ဖြင့်ချိန်ကာ ပင်လယ်ထဲသို့ ပြန်မောင်းထုတ်ခဲ့သဖြင့် ကမ္ဘာ့ လူ့အခွင့်အရေး အဖွဲ့များက ပြစ်တင်ဝေဖန်ခဲ့သည်။

မြန်မာစစ်အစိုးရ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ရိုဟင်ဂျာပြဿနာကို ပါဝင်ဖြေရှင်းပေးမည်ဟု ထိုင်း စစ်သေနာပတိချုပ် အလည်လာစဉ် ပြောခဲ့ကြောင်း ယမန်နေ့က တီအန်အေ သတင်းတွင် ဖော်ပြပါရှိသည်။

မြန်မာအစိုးရပိုင် သတင်းစာများတွင် ထိုင်းစစ်သေနာပတိချုပ် လာရောက်လည်ပတ်ကာ ပြန်လည်ထွက်ခွာ သွားသည်ဟူသော သတင်းမှအပ မည်သည့်ကိစ္စရပ်များ ပြောဆိုဆွေးနွေးခဲ့ကြောင်း ဖော်ပြခြင်းမရှိပေ။

Tuesday, January 27, 2009

ဦးလင်းမြိုင်ခရီး အတိုက်အခံများ စိတ်ဝင်စားနေ

ဇာနည်
အင်္ဂါနေ့၊ ဇန်နဝါရီလ 27 2009 19:43 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဦးလင်းမြိုင် အမေရိကန်နိုင်ငံသို့ သွားရောက် လည်ပတ်နေခြင်းကို အတိုက်အခံ အင်အားစုများက စိတ်ဝင်တစား ရှိနေကြသည်။

သံတမန်ရေးရာ သဘောထား ပြေပြစ်သူဟု နာမည်ရခဲ့သူ ဦးလင်းမြိုင်၏ ခရီးစဉ်မှာ အမေရိကန် အစိုးရသစ် အပြောင်းအလဲတွင် မြန်မာနိုင်ငံအပေါ် ထားရှိသော စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စည်းရုံးရေးဆင်းခြင်း ဖြစ်နိုင်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသလို ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်နိုင်သည်ဆိုသော ယူဆချက်လည်း ရှိနေသည်။

တာဝန်ထမ်းဆောင်စဉ်ကာလက အမေရိကန်အစိုးရနှင့် သံတမန်ရေးရာ ပြေပြစ်စွာ ဆက်ဆံနိုင်ခဲ့သူတဦးဖြစ်၍ စစ်အစိုးရမှ ပြန်လည် အသုံးပြုခြင်း ဖြစ်နိုင်သည်ဟု အများက ထင်ကြေးပေး ပြောဆိုနေသည်။

သို့သော် အကယ်၍ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် ကြိုးပမ်းမည်ဆိုပါက ဦးလင်းမြိုင်အနေနှင့် လုပ်ကိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ကြသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက "ဒီလိုလုပ်ဖို့သာ သွားတာမှန်တယ်ဆိုရင် ဒီစီးပွားရေး ပိတ်ဆို့မှုတွေ ပြုတ်သွားရလောက်အောင်အထိတော့ သူလုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ အဲဒါက မြန်မာအစိုးရ အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက် လွှတ်ပေးမလဲ။ ဘယ်လောက်အထိ နိုင်ငံရေးအရ လျှော့ပေါ့မှုတွေ လိုက်လျောမှုတွေ လုပ်ပေးမလဲ ဆိုတာတွေပေါ်မှာ မူတည်လိမ့်မယ်" ဟု မဇ္ဈိမကို ပြောပြသည်။

ရေတပ်တွင် ၂၆ နှစ်ကြာ တာဝန်ထမ်းခဲ့သော ဗိုလ်မှူးတဦးဖြစ်သူ ဦးလင်းမြိုင်သည် အမေရိကန် အစိုးရနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး နှိမ်နင်းပပျောက်ရေးတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၂၀၀၇ ခုနှစ် လူထူအုံကြွမှုအပြီး စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူများကို ဖိနှိပ်ဖမ်းဆီးမှုများ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုများကို တိုးမြှင့်ပြုလုပ်လာသည်နှင့်အတူ အမေရိကန်အစိုးရက မြန်မာထိပ်သီး စစ်ဗိုလ်ချုပ်များနှင့် သူတို့ကို ကျောထောက်နောက်ခံပြုနေသူ စီးပွားရေး လုပ်ငန်းရှင်များကို အရေးယူ ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်လာသည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ အဆိုအရ ပစ်မှတ်ထားသည့်စာရင်းတွင် "အဓိက နိုင်ငံပိုင်လုပ်ငန်းများ၊ စစ်အစိုးရ အကြီးတန်းအရာရှိများ၊ စစ်အစိုးရ၏ အပေါင်းသင်း ရောင်းရင်းများနှင့် သူတို့၏ စီးပွားရေးကွန်ယက်များ" ပါဝင်ပြီး ယခုအချိန်တွင် လူ ၁၀၀ ခန့်သည် အရေးယူမှုအောက်တွင် အကျုံးဝင် သက်ရောက်နေသည်။

ရာထူးမှ ထုတ်ပယ်ခြင်းခံရသော ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တွင် စစ်အစိုးရက အမေရိကန်ရှိ DCI ဆိုသော အဖွဲ့ကို ဒေါ်လာ ၃ သိန်း ၄ သောင်းကျော်ပေး ငှားရမ်းကာ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန်နှင့် စစ်အစိုးရကို အသိအမှတ်ပြုစေရေး ကြိုးပမ်းခဲ့သည်။

နောက်ပိုင်းတွင် DCI နှင့် လုပ်ဆောင်နေသည်များကို ရပ်ဆိုင်းလိုက်ပြီးနောက် ဦးလင်းမြိုင်သည် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် သာမက ကွန်ကရက်ထဲမှ အမတ်များကို ဆွယ်တရားဟောသူ (Lobbyist) တဦးကဲ့သို့ပါ ဖြစ်လာခဲ့သည်ဟု သံတမန် အသိုင်းအ၀ိုင်းက ပြောသည်။

ရင်းနှီးသော မိတ်ဆွေများ ပြောပြချက်အရ ဦးလင်းမြိုင်သည် သည်းခံစိတ်ရှိ၍ ပျော့ပြောင်းသော သဘောထားရှိသောကြောင့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို သံတမန်ရေးရာ ကျွမ်းကျင်မှုဖြင့် အထိုက်အလျောက် ထိန်းထားနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

သူတာဝန် ထမ်းဆောင်စဉ်ကာလက ဗိုလ်ချုပ်ခင်ညွှန့်၏ ပေါ်လစီအရ အမေရိကန်ရောက် အတိုက်အခံများနှင့်လည်း ဆွေးနွေးတွေ့ဆုံမှုများ ပြုခဲ့သေးသည်။ ထိုသို့ဆွေးနွေးရာတွင် အတိုက်အခံများမှ မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကို ၀ိုင်းဝန်းဆန့်ကျင်ပေးရေးတို့ကို စည်းရုံးခဲ့သည်။

သူသည် ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့် အာဏာဖြုတ်သိမ်းခံရပြီးချိန်တွင် အခြားသော မြန်မာသံအမတ်များနည်းတူ မြန်မာပြည်သို့ ပြန်လည် ခေါ်ဆောင်ခြင်းခံခဲ့ပြီှး နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် ပြန်လည် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ထိုမှ ၂ နှစ်အကြာတွင် တာဝန်မှ အနားယူခဲ့ပြီး လက်ရှိတွင် စစ်အစိုး ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သော ကုမ္ပဏီ တခုတွင် အကြံပေးအရာရှိ အဖြစ် အလုပ်လုပ်နေသည်။