Saturday, June 27, 2009

ဂမ္ဘာရီက ကုလ အတွင်းရေးမှူးချုပ်ထံ တိုက်ရိုက် အစီရင်ခံမည်

ကိုဝိုင်း
သောကြာနေ့၊ ဇွန်လ 26 2009 17:41 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ယခုသီတင်းပတ်ကုန်တွင် အထွေထွေအတွင်းရေးမှူးချုပ်ထံ အစီရင်ခံရမည်ဖြစ်ကြောင်း ကုလအဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်သည်။

ယနေ့နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အပေါ် နယူးယောက်ရှိ ကုလဌာနချုပ်က တိုက်ရိုက် ကိုင်တွယ်၍ သတင်းထုတ်ပြန်မှုကိုလည်း တင်းကျပ်ထားကြောင်း ရန်ကုန်ရှိ ကုလ အသိုင်းအဝိုင်းက ပြောဆိုနေသည်။

မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Michèle Montas က “မစ္စတာ ဂမ်ဘာရီ နယူးယောက်ကို ပြန်လာလာချင်း အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ တွေ့မှာပါ။ လာမယ့်တနင်္လာနေ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျပန်ကို မထွက်ခင် ဖြစ်မှာပါ။ ဒါကြောင့်မို့လို့ သူ့ (ဂမ်ဘာရီ) အနေနဲ့ ဒီသတင်းပတ်ကုန်မှာ အစီရင်ခံရမှာဖြစ်ပါတယ်” ဟု ယမန်နေ့ ပုံမှန်သတင်းစာရှင်းပွဲ၌ ဖြေဆိုခဲ့သည်။

နိုင်ဂျီရီယားနိုင်ငံသား သံတမန်သည် သောကြာနေ့နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး နအဖအကြီးအကဲများနှင့် တွေ့ဆုံရန် ရန်ကုန်မှတဆင့် နေပြည်တော်သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ၂ဝဝ၆ ခုနှစ်မှစ၍ ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

သူ၏ ခရီးစဉ်များအနက် ယခင်နှစ် သြဂုတ်လနှင့် မတ်လ ခရီးစဉ်များတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ခွင့် မရခဲ့သည့်အပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ဖူးသည့် မစ္စတာ ဂမ်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရက နေအိမ် အကျယ်ချုပ်ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်အတွင်း၌ အချုပ်ချထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်သည့်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

ကုလသမဂ္ဂက ချမှတ်ထားသော မစ္စတာ ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာစေရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အတိုက်အခံများကိုပါ ထည့်သွင်းလာစေရေးတို့က အဓိက ဖြစ်သည်။

ပြည်တွင်းပြည်ပမှ သံတမန်များ၊ အတိုက်အခံများနှင့် နိုင်ငံရေးသမားများကမူ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်များနှင့် ပတ်သက်၍ အားရခြင်းမရှိဘဲ တိုးတက်မှု တစုံတရာ မတွေ့ရသဖြင့် မစ္စတာဘန်ကီမွန်းကိုယ်တိုင် သွားရောက်သင့်ကြောင်း ဝေဖန်တိုက်တွန်းကြသည်။

ထိုစဉ်က မစ္စတာဘန်ကီမွန်းက “သင့်လျော်သည့်အချိန်” တွင်မှ မြန်မာနိုင်ငံသို့ သွားမည်ဟုဆို၍ ဆိုင်းငံ့ထားခဲ့ပြီးနောက် ယခုခရီးစဉ် ဖြစ်လာသည်။

မစ္စတာ ဘန်ကီမွန်းသည် ယမန်နှစ် မေလ နာဂစ်ဆိုင်ကလုန်းအပြီး လူသားချင်း စာနာမှုဆိုင်ရာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ပထမအဆုံးအကြိမ် ရောက်ရှိခဲ့သည်။

UN အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ရောက်ရှိ

NEJ / ၂၆ ဇွန် ၂၀၀၉


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိသည်။

၎င်း၏ ခရီးစဉ်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံလာရောက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံမှ သံတမန်အသိုင်းအ၀န်းက ယူဆကြသည်။

မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်သည့်ကိစ္စ အသေးစိတ်ကို ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံရောက်ရှိနေစဉ်အတွင်း အဓိက အတိုက်အခံပါတီတခုဖြစ်သည့် အန်အယ်လ်ဒီပါတီနှင့် တွေ့ဆုံရန် ရှိမရှိ မေးမြန်းရာ တစုံတရာအကြောင်းကြားခြင်းမျိုး မရှိသေးကြောင်း အန်အယ်လ်ဒီက ပြောသည်။

“ဒီနေ့ညနေပိုင်းအထိ အန်အယ်လ်ဒီ စီအီးစီတွေနဲ့ တွေ့ဖို့ အကြောင်းကြားတာတွေ ဘာတွေ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်ဆိုတာမျိုးလည်း မကြားရသေးဘူး။ ဦးဉာဏ်ဝင်း တရားရုံးကအပြန်မှာ ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီလာမယ်ဆိုတာကိုလည်း မသိဘူး။ မနေ့က ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲ လုပ်သွားတာကိုလည်း မသိဘူး။ ဒီနေ့ သူပြောမှ သိသွားတယ်တဲ့” ဟု အန်အယ်လ်ဒီပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် အစိုးရအာဏာပိုင်များနှင့်တွေ့ရှိရန် နေပြည်တော်သို့ ကားဖြင့်ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးကိုကိုးကားပြီး အေပီသတင်းတွင် ဖော်ပြသည်။

ဒီကေဘီအေ ၉၉၉ တပ်ရင်းမှူး ချုံခိုတိုက်ခိုက်ခံရသဖြင့် သေဆုံး

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်၌ ချုံခိုတိုက်ခိုက်ရာ ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးသွားသည်။

ယနေ့နံနက်ပိုင်းက ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

သေဆုံးသူများ၏ ဈာပနကို ရွှေကုက္ကိုရှိ ၉၉၉ အထူးတပ်ရင်းတွင် စစ်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူများအတွက် မဲဆောက်မြို့မှ ဝယ်ယူသွားသည့် အခေါင်း (၁၀) လုံးဖြင့် ပြင်ဆင်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈ ခု ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့ရာတွင် အဓိကဦးဆောင်သူဟု ကရင်အမျိုးသားထုအတွင်း သင်္ကာမကင်းခံရသူဖြစ်သည်။

ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ တိုက်ခိုက်ခံရသည့်ဒေသမှာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် နအဖတပ်များ လှုပ်ရှားသည့်နေရာဖြစ်သည့်အတွက် မည်သူမည်ဝါ၏လက်ချက်ဟု ပြောရန်ခက်ကြောင်း ဒေသခံ များက ပြောသည်။

တိုက်ခိုက်ခံရသည့် ဗိုလ်ဆန်ပြုတ်အဖွဲ့မှ ဒဏ်ရာအပြင်းအထန်ရရှိသည့် တပ်ဖွဲ့ဝင် (၈) ဦးကို ယနေ့ညနေပိုင်းတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံတွင် (၁) ဦး ထပ်မံသေဆုံးသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

Thursday, June 25, 2009

မြင်ယောင်မိပါသေး

အာဇာနည် အရှင်ဦးဥတမ(ပါဒ်ဆင့်ရိုက်မရ၊ သီးခံဖတ်ပေးပါရန်)သာ ယနေ့ထိ သက်ရှိထင်ရှားရှိအုံးမယ်ဆိုရင် သေနတ်ကိုင်ပြီး အာဏာရှင် နှစ်ယောက်တစ်ပိုင်းကို ကြောက်နေရတဲ့
ယနေ့ စစ်တပ်ကြီးကို သူ့လေသံနဲ့ ဒီလိုပြောမှာ မြင်ယောင်သေး။

"စစ်တပ်ဟာ သန်းရွှေဆိုရင် သိပ်ကြောက်၊ သူ့မိန်းမ ဒေါ်ကြိုင်ကြိုင်ဆိုလည်းကြောက်ရ သူ့မြေး ဖိုးလပြည့် ကို ဆိုလည်း သိပ်ကြောက်ကြတာပဲ။ တခုမှ မဟုတ်တာ မမှန်တာ လုပ်နေလို့ ပြန်မပြောဝံ့ကြဘူးနော်။
ခွေးလောက်မှ မလိမ်မာဘူး။
မင်းတို့အိမ်မှာ မွေးထားတဲ့ ခွေးဝဲစားပဲဖြစ်ဖြစ် သန်းရွှေခွေးနဲ့ တွေ့ရင် ခံတော့ ကိုက်ဦးမှာပဲ။ "

Sunday, June 21, 2009

လုပ်ဆောင်သင့်တဲ့ တာဝန်တစ်ရပ်ကို သွေးကြောင်ရင် ဘေးရှောင်နေလိုက်ပါ။

အာဏာရှင်က အလဲထိုးတာချည်းပဲ ခံနေရတာ နှစ် (၂၀) ကျော်ပြီ။

အခန်းအနားနဲ့ လှုပ်ရှားမှုတွေမှာ တွေ့ရတာကလည်း ခံစစ်တွေအကြောင်းပဲ။

နိုင်ငံရေးဟာ ဇာတ်နာပြနေတာနဲ့ပဲ အရှိန်တန့်နေပြီ။

ကရင်ပြည်နယ်မှာ လူမျိုးပြုတ် သတ်တာတွေ၊ ဧရာဝတီမှာ လူသိန်းနဲ့ချီ သေဆုံးခံရတာတွေတောင်မှ ဘယ်သူမှ မလာတာ။ ဘာလဲ ...ခင်ဗျားတို့ လူတစ်ယောက်မှ မကျန်တဲ့အထိ ထပ်ပြီး မျှော်ချင်သေးတယ်လား။

လူအသေအပျောက် တစ်ယောက်မှ မရှိပဲ ကုန်ကျစားရိတ်အနည်းဆုံး ကျနော်တို့ ထိုးစစ်ကို ဆင်ကိုဆင်နွဲရတော့မယ်။

သွေးကြောင်ရင် ဘေးရှောင်နေလိုက်ဗျား။

ပထမအဆင့် ။ ။ အာဏာရှင်နဲ့ မြန်မာ့တပ်မတော်ကြား ကွဲပြား၊ ခွဲခြားဖို့ ရေဒီယိုလှိုင်းနဲ့သွားမယ့် မက်ဆေ့ခ်ျကျည်ဆံ အတွဲလိုက်များ။

ဒုတိယအဆင့်။ ။ အာဏာရှင်နဲ့ ပြည်သူအကြား တပ်မတော်ဟာ ပြည်သူ့ဘက်က ရပ်ပြီး ပြည်သူ့တပ်မတော်ဖြစ်အောင် အသိဥာဏ်မြှင့် ဖြည့်စွက် ကျည်ဆံများ။

ကျနော်တို့ ဦးနေ၀င်းစတက်တာနဲ့ စစ်တပ်နဲ့ နေ၀င်းကို တစ်သားတည်း မြင်ပြီး ရန်သူလို့ သတ်မှတ်လာခဲ့တာ သန်းရွှေအထိပဲ။ သမိုင်းရဲ့ လိုအပ်ချက်ဖြစ်ခဲ့တာကို ဘယ်သူမှ ငြင်းလို့ မရဘူး။ အကျိုးဆက်အားဖြင့် လူထုတိုက်ပွဲများမှာ စစ်တပ်ဟာ ပူးပေါင်းဖို့ အဆင်သင့်ကို မဖြစ်ခဲ့တဲ့အပြင် အာဏာရှင်များရဲ့ လက်ကိုင်ဒုတ် ဖြစ်ခဲ့ရတယ်။ (စကားချပ်။ ။ လူထုတိုက်ပွဲများမှာ လယ်သမားပါဝင်မှုလည်း အင်မတန်နည်းခဲ့။ စည်းရုံးရန် လို)။

နောက်ဘုန်းကြီး ၂ ချက် ခေါက်လိမ့်မယ်ဆိုတဲ့ လူတွေအတွက် နဲနဲပြောပြမယ်။

၁။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ရန်ကုန်မြို့မှာ ပစ်မိန့်တွေနဲ့ သွေးအလိမ်းလိမ်းဖြစ်နေပေမယ့် မော်လမြိုင်မှာ ပစ်မိန့် မရှိဘူး။ ရတခတိုင်းမှူး ဥာဏ်လင်းရဲ့သားကိုယ်တိုင် သပိတ်မှာပါတယ်။ ဒါပေမယ့် နေ့လည်မှာ ကျိုက်သုတ်မှာ တပ်စွဲထားတဲ့စစ်တပ်ကို ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ စည်းရုံးတော့ ညနေမှာ ပစ်မိန့်ထုတ်ပြန်ခဲ့တယ်။

၂။ တချိန်က တနေရာမှာ တယောက်သောသူက ခြံဝန်းထိပ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားလေးကို အသက်ဘယ်လာက်ရှိပြီလဲ၊ လခ ဘယ်လောက်ရသလဲ၊ မိဘတွေဆီ ပြန်ပို့နိုင်ရဲ့လား လို့ မေးလိုက်တာနဲ့ နောက်နေ့ကျတော့ အဲဒီစစ်သားလေး အဲဒီနေရာမှာ မရှိတော့ဘူး။

၃။ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားလာတော့ လက်နက်အကုန်ဖြုတ်သိမ်းပြီး တစ်ယောက်မှ မချန် အကုန် ဖြုတ်ပစ်တယ်။ တချို့ ထောင်ချပစ်တယ်။ နောက်ဆုံး တပ်ကိုပါ ဖျက်ပစ်လိုက်တယ်။

၎။ မေမြို့ စစ်အင်ဂျင်နီယာကျောင်း ဆနပြတဲ့ ဖြစ်ရပ်ကို အရေးယူတာလည်း ထိုနည်းလည်းကောင်း။

၅။ ပူပူနွေးနွေး ရွှေဝါရောင်မှာ တပ်နဲ့ ပြည်သူ ပူးပေါင်းလုနီးနီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေရှိတယ်။ စည်းရုံးသိမ်းသွင်းသူကို မမိတဲ့အတွက် မြို့နယ်တာဝန်ရှိသူကို အကုန်လုံး ရွှေ့ပစ်တယ်။ အားပေးလက်ခုတ်တီးသူက အစ အကုန်ဖမ်းတယ်။ အဲဒီနားမှာရှိတဲ့ ရပ်ကွက်ကိုလည်း ၀ါးတစ်ရာကို ရွှေ့ပစ်တယ်။

ဒါတွေဟာ ဘာကိုပြောချင်တာလည်း ဆိုတော့ အာဏာရှင်ဟာ စစ်တပ်နဲ့ပတ်သက်ရင် သိပ်ကို ကြောက်လန့်တဲ့ အကြောင်း ပြောချင်တာပါ။ အာဏာရှင်ရဲ့ နားထင်ကို သေနတ်နဲ့ ယနေ့ ချိန်နိုင်တာဆိုလို့ စစ်တပ်ပဲ ရှိတယ်။
ပြည်သူ့တပ်မတော်ကို မြန်မာ့တပ်မတော်လို့ အမည်ပြောင်းပြီး သူကိုယ်တိုင် မြန်မာနိုင်ငံတော် အမိန့်ဆိုပြီး ထုတ်ပြန်ချက်တွေထုတ်တာဟာ သူ့ကိုသူ နိုင်ငံတော်လုပ်ပစ်ပြီး စစ်တပ်ကို မောင်ပိုင်စီးတဲ့ လုပ်ရပ်မဟုတ်လို့ ဘာပါလဲဗျ။
ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည် တို့၊ တပ်မတော်သာအမိ တပ်မတော်သာအဖ တို့ နေရာတိုင်းမှာ ဆိုင်းဘုတ်ထောင်ထားတာဟာ ခင်ဗျားတို့ကို မခံချင်အောင် သက်သက်ထောင်ထားတာလို့ ထင်နေတုန်းလား။ တပ်ကို စည်းရုံးထားလိုတဲ့ အာဏာရှင်ရဲ့ စနက်မဟုတ်လို့ ဘာလဲဗျ။
စစ်တပ်က ကြည်ညိုလေးစားတဲ့ ဦးတင်ဦးကို ယနေ့ ထက်ထိ အကျယ်ချုပ်ချထားတာကို ကြည့်ဗျာ။

အဲဒီတော့ ဦးသန်းရွှေကြောက်တာကို ကျနော်တို့ မလုပ်ပဲ ဦးသန်းရွှေမကြောက်တာကို ကျနော်တို့ လုပ်နေကြတာဟာ ........
တစ်ဆိတ်လောက်ဗျာ....... ခင်ဗျားတို့ ဦးသန်းရွှေကို ဘုရင်မြှောက်ဖို့ ရော အစီအစဉ် ရှိကြလားဗျ။

အမေရိကန်သမတ လင်ကွန်းရဲ့ ရန်သူဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက်က လင်ကွန်းကို လာပေါင်းတယ်။ အဲဒါကို လင်ကွန်းက လက်ခံတယ်။
လင်ကွန်းဘက်တော်သားတွေက လက်မခံပဲ လင်ကွန်းကိုကန့်ကွက်ခဲ့တယ်။ အဲဒီမှာ လင်ကွန်း စကားတစ်ခွန်းပဲ ပြောတယ်။
"မိတ်ဆွေသစ်တစ်ယောက် တိုးလာခြင်းဟာ ကိုယ့်အတွက် ရန်သူတစ်ယောက် လျော့သွားခြင်းပဲ မဟုတ်ဘူးလား" ..တဲ့။

မောင်ပွကြီး (ရွှေဝါရောင်)

Saturday, June 13, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးချိန်း ရွှေ့ဆိုင်း

Friday, 12 June 2009 20:24 အေးလဲ့
ဒေါ်အောင်ဆန်းစုကြည် အမှုရက်ချိန်းကို ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင်တရားရုံးက လာမည့် ဇွန်လ ၂၆ ရက် နေ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေများက ပြောသည်။

ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားခံပြသက်သေ တဦးဖြစ်သူ ဒေါ်ခင်မိုးမိုးကို စစ်ဆေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီကနေ့ တရားရုံးက ရုံးထိုင်ပြီးတာနဲ့ ကျနော်တို့ သက်သေတဦး ဒေါ်ခင်မိုးမိုးကိုပေါ့ ရက်ချိန်း ပေးလိုက်တယ်၊ ဇွန်လ ၂၆ ရက်နေ့ကို ရက်ချိန်းပေးလိုက်တယ်၊ အဲဒီနေ့မှာ ဒေါ်ခင်မိုးမိုးကို စစ်ရပါ့မယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ယနေ့ တရားရုံးတွင် စုစုပေါင်း အချိန် ၁၅မိနစ်သာ ကြာမြင့်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ၊ မစ္စတာ ဂျွန်ဝီလီလျံ ယက်ထော အပါအဝင် နှစ်ဘက် ရှေ့နေများ အစုံအလင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အင်းစိန်ထောင် ပတ်ဝန်းကျင် တဝိုက် လုံခြုံရေး အထူးတင်းကျပ် ထားပြီး လုံထိန်းကားများ ထပ်မံ တိုးချဲ့ချထားကြောင်း ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် ၉ရက်နေ့ အဂါင်္နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်၊ NLD ဒု-ဥက္ကဌ ဦးတင်ဦး နှင့် ရှမ်းပြည်နယ် NLD စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့သုံးဦးအနက် မှ ဒေါ်ခင်မိုးမိုးတဦးကိုသာ သက်သေထွက်ဆိုခွင့် ပေးလိုက်ကြောင်း ရန်ကုန်တိုင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည် စာရင်း တင်သွင်းခဲ့ရာ တရားရုံးက တဦးတည်းသာ လက်ခံခဲ့သည်။ ထို့ကြောင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦးသာ ခွင့်ပြုခဲ့သောကြောင့် ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၁ရက်နေ့တွင်လည်း ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သော သက်သေ၂ဦး ဖြစ်သူ ဦးဝင်းတင် နှင့် ဦးတင်ဦး တို့အား ဗဟို တရားရုံးချုပ်တွင် ပြင်ဆင်ခွင့် ဆက်လက် လျှောက်ထားရာ ဗဟို တရားရုံးက ဇွန်လ ၁၇ ရက်နေ့သို့ ရုံးချိန်းပေးပြီးမှ ရုံးချိန်းရက် ထပ်မံ ပြင်ဆင်ဦးမည်ဟု သိရသည်။

“မနေ့က နေ့ခင်းပိုင်း ကျနော်တို့ ရှေ့နေရုံးခန်းမှာ ၁၇ ရက်နေ့ ရက်ချိန်း လာပြောပါတယ်၊ နောက် ညနေကျတော့ တခါ အဲဒီ ၁၇ ရက်နေ့ ရက်ချိန်း မဟုတ်သေးဘူး တဲ့၊ ရက်ချိန်း ပြင်မယ် တဲ့၊ ပြင်ပြီး ဘယ်ရက်လဲ သိမှ လာအကြောင်းကြားပါမယ် လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

တချိန်တည်းတွင် ငြင်းပယ်ခံ သက်သေတဦးဖြစ်သူ ဦးဝင်းတင်ကို ပုဒ်မ ၆/၁ ပြည်သူပိုင် ပစ္စည်း အလွဲသုံးစား လုပ်မှု ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးတွင် တရား စွဲဆိုလိုက်သည် ဆိုသည့် သတင်းလည်း ရန်ကုန်တွင် ထွက်ပေါ်နေသည်။

“ကျနော်ကတော့ မသိဘူးဗျ၊ ကျနော့်ကို မီဒီယာတွေက မေးနေတယ်၊ ၁၀ ရက်နေ့ ဗုဒ္ဓဟူးနေ့ည ကတည်းက မေးနေတာပါ၊ ဒါပေမယ့် ဒီနေ့အထိ အာဏာပိုင်တွေဆီက တရားဝင် အကြောင်းစာ မရဘူး၊ ခက်တာက ကျနော် ဒေါ်စု အမှု ပြောဆိုနေတာတွေ သက်သေခံ အဖြစ်လည်း ပါနေတော့ အခုလို ခြိမ်းခြောက် ပြောဆိုနေတာလည်း ဖြစ်နိုင်တယ်” ဟု ဦးဝင်းတင် ရှင်းပြသည်။

“ကျနော်က ထောင် အဝတ်အစား ဝတ်လာတယ် ဆိုတာ စက်တင်ဘာ ၂၃ ရက် မနက် ၆ နာရီခွဲမှာ ကျနော့်ကို လွှတ်မယ်ဆိုတာ လာပြောတယ်၊ လွှတ်မယ် ဆိုရင် ဘယ်လို လွှတ်မှာလဲ၊ လက်မှတ်ထိုးတဲ့ အလုပ်ကို မလုပ်နိုင်ဘူး၊ ပစ္စည်းလည်း မသိမ်းဘူး၊ ညအိပ် အဝတ်အစားလဲ မလဲဘူး၊ ထုတ်ချင်ရင် ဆွဲထုတ်၊ သူတို့က ဒါဆို ခင်ဗျားကို ၆-၁ နဲ့ စွဲလို့ ရတယ်လို့ ပြောတယ်၊ ဒါဆိုလည်း ချွတ်ယူလိုက်၊ ဝတ်လစ်စလစ်နဲ့ ထွက်မယ်။ စကားများတယ် ညနေ ၄ နာရီ အထိ၊ နောက်ဆုံးဘာမှ မလုပ်ခိုင်းတော့ဘဲ သူတို့ ကိုယ်တိုင် အိမ်တိုင်ရာ ရောက် လိုက်ပို့တာ” ဟု ဦးဝင်းတင်က် ပြောသည်။

၎င်းက ဆက်လက်ပြီး “ထွက်တဲ့နေ့မှာ ကျုပ် မီဒီယာတွေကိုပြောတယ်၊ ကျုပ် နိုင်ငံရေးသမား၊ အကျဉ်းသား အနေနဲ့ ထွက်ရမယ် ဆိုတာကို သူတို့က သနား ကြင်နာတာ၊ ပုဒ်မ ၄၀၁ နဲ့ လွှတ်မယ် ဆိုတာကို ဆန့်ကျင်ပြီးမှ ထွက်လာတာ၊ ဟောဒီမှာ ကျုပ် အင်္ကျီ အပြာ ဝတ်ထားတယ် ဆိုတာကို ကြေညာခဲ့တယ်” ဟု ပြောသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဦးဝင်းတင်သည် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရာ အင်းစိန် ထောင်အနီးသို့ သွားရောက် စောင့်ဆိုင်း သူများ အနက် အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမား ဖြစ်သည်။

ဟံသာဝတီ သတင်းစာ အယ်ဒီတာဟောင်း ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

Thursday, June 11, 2009

ဘက်ခမ်းလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို

Thursday, 11 June 2009 19:30 အေးလဲ့

ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း အပါအဝင် ကမ္ဘာကျော် ပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ရေးသား ပြောဆိုချက်များ စုစည်းနေကြသည်။

ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း (ဓာတ်ပုံ - AP)

ရှေ့တပတ်အတွင်း ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အဖြစ် ပြုလုပ်ထားသော www.64forsuu.org အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးပါ စကားများကို အမှတ်တရ ရေးသား ပြောဆိုလျက်ရှိသည်။

“လွန်ခဲ့တဲ့ ၁၉နှစ်က မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို နောင်တက်မယ့် ခေါင်းဆောင် အဖြစ် ရွေးခဲ့တယ်၊ ဒီ ၁၉ နှစ်အတွင်း အချိန် အတော်များများမှာ ဒီ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတယ်၊ သူ့ကို အသံ တိတ်အောင် လုပ်နေတာကို လက်ပိုက်ကြည့် မနေနိုင်ပါဘူး၊ နိုင်ငံတကာ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါ ဆိုတဲ့ တခုတည်းသော အသံ ထွက်ကြဖို့ အချိန် ရောက်ပါပြီ” ဟု ဒေးဗစ် ဘက်ခမ်း၊ အပါအဝင် ဂျူလီယာ ရောဘတ်စ်နှင့် ဂျော့ကလိုနီတို့က ပြောလိုက်သည်။

တိုင်တန်းနစ် (Titanic) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ဂျိမ်းစ် ကမာရွန် ကလည်း “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ရဲ့ သူရဲကောင်း ဖြစ်ပါတယ်၊ သူဟာ မြန်မာလူထုရဲ့ လူ့အခွင့်အရေးနဲ့ မွေးရာပါ လူ့ ဂုဏ်သိက္ခာ အတွက် ရပ်တည်ပေးနေတဲ့သူ ဖြစ်တယ်၊ သူ့ကို လေးစားပါတယ်၊ ကျနော် ရိုက်ကူးတဲ့ ရုပ်ရှင်ကား အများစုမှာ ဆိုရင် သူရဲကောင်းတွေက မတရားမှုတွေကို ဆန့်ကျင်တဲ့ ဘက်က ရပ်တည်ပါတယ်၊ ရုပ်ရှင်ထဲက သူရဲကောင်းတွေဟာ စိတ်ကူးတွေ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်တွေ့ ဘဝမှာ အမှန်တကယ်ကို ရင်ဆိုင်နေရတဲ့ သူပါ၊ ဒီအတွက် သူ့မှာ အကူအညီတွေ လိုအပ်ပါတယ်” ဟု ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် လှုံ့ဆော်ထားသော ထိုအင်တာနက် စာမျက်နှာကို ကမ္ဘာကျော် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ INGO အဖွဲ့များ၏ ထောက်ခံအားပေးမှုဖြင့် ပြီးခဲ့သည့် မေလ ၂၇ရက်နေ့ က စတင်ပေါ်ပေါက်လာသည်။

ယခုအခါ ကမ္ဘာကျော်ပုဂ္ဂိုလ် ၅ဝနီးပါးနှင့် သူ့အား ထောက်ခံအားပေးသူ ၈ဝဝဝ ခန့်က ၆၄လုံးပါ စကားရပ်များဖြင့် ဂုဏ်ပြုစကားပြောဆိုထားကြသည်။

အင်တာနက် စာမျက်နှာ ထူထောင်သူများထဲမှ ဗြိတိန်နိုင်ငံမှ Burma Campaign UK ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မှ မဇိုရာဖန်း က “ဗြိတိသျှ ဝန်ကြီးချုပ် ကိုယ်တိုင်က မြန်မာပြည် အတွက် စိတ်ဝင်တစား ပါဝင် လှုပ်ရှားနေတာဟာ အခု ပထမဆုံး အကြိမ် ဖြစ်ပါတယ်” ဟုပြောသည်။

မဇိုယာဖန်းက “ဇွန်၁၉ရက်နေ့ ကျရောက်မယ့် ဒေါ်စု မွေးနေ့မှာ ကမ္ဘာတဝန်းလုံးမှာ ရှိတဲ့ သူ့ကို ထောက်ခံတဲ့ သူတွေ၊ နာမည်ကျော်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ သာမန်လူထုတွေ၊ ကျောင်းသူ ကျောင်းသား၊ အလုပ်သမား အဖွဲ့တွေကနေ စကားလက်ဆောင် ပါးနိုင်ဖို့ အထူးစီစဉ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာပြည်သား ဘလော့ဂါ တဦးဖြစ်သူကလည်း “ပဉ္စမမြောက်မျိုးဆက်” အမည်ဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

“မြန်မာနိုင်ငံမှာ ဆိုရှယ်လစ် အစဦးကတည်းက ခေါင်းဆောင်ပိုင်း ပဋိပက္ခနဲ့ ရင်ဆိုင်နေရတယ်။ အခုလည်း တိုင်းပြည်မှာ ဖြစ်နေတဲ့ မတရားမှု၊ ကောက်ကျစ်မှုတွေ ကြားထဲမှာ သင်ဟာ ကျနော်တို့အတွက်ကတော့ လမ်းပြကြယ်ပါပဲ၊ သင်ဟာ ရိုင်းစိုင်းတဲ့ စစ်အာဏာရှင်ကို တရားမျှတမှု၊ အမှန်တရားတွေနဲ့ အံတုနေရတဲ့ အမျိုးသမီးပါ၊ သူတို့က သင့်ကို ဘယ်လိုပဲ သေးသိမ်သွားအောင် ကြိုးစားပါစေ ကျနော်တို့အတွက်တော့ ကြီးမားတဲ့ မိခင် သူရဲကောင်းပါပဲ၊ ကျနော်တို့ သင့်ကို ချစ်တယ်၊ ကျနော်တို့ သင်နဲ့အတူ အမြဲ ရှိနေမယ်၊ အမေ သက်တော် ရှည်ပါစေ” ဟု ပဉ္စမမြောက်မျိုးဆက်က ရေးသားထားသည်။

လူထုလှုပ်ရှားမှုများကို ထိန်းရန် ကြေးစားများကို အသုံးပြု

NEJ / ၁၁ ဇွန် ၂၀၀၉

နအဖစစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တို့က နိုင်ငံရေးလှုပ်ရှားမှုများကို ထိန်းရန်အတွက် မြို့သစ် ဆင်းရဲသား ရပ်ကွက်များမှ ကြေးစားများကို အသုံးချနေကြောင်း တောင်ဒဂုံမြို့နယ်မှ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးက ပြောသည်။

၎င်းက “ကိစ္စရှိတဲ့ ရက်တွေဆိုရင် သူတို့က (ကြံ့ဖွံ့အဖွဲ့မှ တာဝန်ပေးထားသူ) ကျနော်တို့အိမ် လမ်းထိပ်အထိ ဒိုင်နာကားနဲ့ လာကြိုတယ်။ ကျနော်တို့တာဝန်က ဒိုင်နာကားပေါ်မှာ ခပ်တည်တည် ထိုင်ပြီး သူတို့ မောင်းတဲ့နေရာ တွေကို လိုက်ပြီးစီးဖို့ပဲ။ အဲဒီအတွက် တနေ့ကို ကျပ် (၂,ဝဝဝ) ပေးတယ်။ တကယ်လို့ လမ်းပေါ်မှာ ဆန္ဒပြသူ ဖြစ်ဖြစ်၊ သူတို့က ခိုင်းလို့ဖြစ်ဖြစ် လူတယောက်ယောက်ကို ဝိုင်းဖမ်းပေးရရင်၊ ဒါမှမဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်လို့ သူတို့ ညွှန်ကြားသလို ဝင်ပြီးဆွဲတာ ရိုက်ရတာမျိုးလုပ်ရရင် ကျပ် (၁ဝ,ဝဝဝ) ကနေ (၂ဝ,ဝဝဝ) အထိ ပေးမယ်လို့ ပြောတယ်။ ဒါကတော့ ကိုယ်ဆန္ဒရှိမှ လုပ်ပါလို့ ပြောတယ်” ဟု ရှင်းပြသည်။

“ကျနော်တို့အတွက် စည်းကမ်းကတော့ ကားပေါ်ပါလာတဲ့သူ အချင်းချင်းလည်း စကားမပြောရဘူး။ တယောက်ကို တယောက် ဘယ်မှာနေသလဲ၊ ဘာလုပ်သလဲ စသဖြင့် မစပ်စုရဘူး။ ဘာပြဿနာဖြစ်ဖြစ် သူတို့ တာဝန်ယူတယ်။ ရဲတွေလည်း မဖမ်းစေရဘူး။ အချိန်တန်ရင် လမ်းထိပ်အရောက် ပြန်ပို့ပေးမယ်။ ငွေ (၂,ဝဝဝ) ရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသူ၏ ရှင်းပြချက်အရ ၎င်းတို့ကို ဒိုင်နာကားများနှင့် ရပ်ကွက်အလိုက် လှည့်ခေါ်ပြီး တရပ်ကွက်လျှင် နှစ်ယောက်ထက် ပိုမခေါ်ကြောင်း၊ လူများကို အမြဲတမ်း ပြောင်းလဲခေါ်ယူသည့်အတွက် ကားပေါ်ပါလာသူ အချင်းချင်း မသိကြဟုလည်း ၎င်းက ပြောသည်။

အချို့နေ့များတွင် ညဘက်လာခေါ်ယူပြီး လမ်းပိတ် လေ့ကျင့်ခန်း လုပ်ရတာမျိုးလည်း ရှိကြောင်း၊ ပြီးခဲ့သည့် စနေနေ့ညက ဦးဝိစာရ အဝိုင်းနှင့် မြေနီကုန်း လမ်းဆုံအထိ လမ်းကို ပိတ်ပြီး ည (၁၂းဝဝ) နာရီကျော်တွင် လေ့ကျင့်ခန်း လုပ်ခဲ့ရကြောင်း တောင်ဒဂုံမြို့နယ်မှ အဆိုပါသူက ပြောသည်။

ကြေးစားများအား လှည့်လှည်ခေါ်ဆောင်ရသည့် ဒိုင်နာကားဒရိုင်ဘာတဦးက ၎င်းတို့ကားဒရိုင်ဘာများအနေဖြင့် ယာဉ်လိုင်းကြီးကြပ်သူများက အလှည့်ကျ စီစဉ်ပေးမှုအရနှင့် ကားရှေ့ခန်းထိုင်သည့် ကြီးကြပ်သူက မောင်းခိုင်းသည့် နေရာကိုသာ မောင်းရခြင်းဖြစ်ပြီး ဘာတခုမှ မေးမြန်းစုံစမ်းခြင်းမလုပ်ရကြောင်း ပြောသည်။

၎င်းက “ပထမဦးဆုံး သက်ဆိုင်ရာ ရဲစခန်းတခုမှာ သတင်းပို့ရတယ်။ နောက် ကားနံပါတ်ကို ဖုံးတာ၊ ဖြုတ်တာတွေ လုပ်ရတယ်။ နောက် တရပ်ကွက်ပြီး တရပ်ကွက် လူတွေ လိုက်တင်ရတယ်။ လူတွေတင်ပြီး ကြီးကြပ်သူက မောင်းခိုင်းတဲ့ နေရာတွေ မောင်း၊ ရပ်ဆို ရပ်ရတယ်၊ ဘာတခွန်းမှ မပြောရဘူး” ဟု ပြောသည်။

ကိစ္စပြီး၍ ပြန်ရသည့်အခါ နေ့တွက် ကျပ် (၃) သောင်း ပေးကြောင်း၊ ကိုယ့်ငွေနှင့်ကိုယ် စီအန်ဂျီ ဖြည့်ရကြောင်း၊ အကယ်၍ အလှည့်ကျခေါ်သည်ကို မလိုက်ပါက လိုင်းပိတ်သိမ်းခြင်းခံရကြောင်း အဆိုပါ ဒိုင်နာကားသမားက ပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်အစိုးရက ယခုကဲ့သို့နည်းဖြင့် ဖြေရှင်းခဲ့သည်မှာ စက်တင်ဘာ သံဃာ့အရေးအခင်း မတိုင်ခင်ကာလမှ ယနေ့တိုင်ဖြစ်သည်။

ဒိုင်နာကားပေါ် ထိုင်နေကြသည့် သူများကို စွမ်းအားရှင်အဖွဲ့ဟု အများက ခေါ်နေကြသော်လည်း ထိုသူများသည် နယ်မြေခံ ကြံ့ဖွံ့များက ရွေးချယ်တာဝန်ပေးသည့် မြို့သစ်ရပ်ကွက်များမှ ဆင်းရဲသည့် ကြေးစားများ ဖြစ်ပြီး၊ ရပ်ကွက် တွင်း၌ ချဲလုပ်ငန်းအပါအဝင် တရားမဝင် လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းနေသူများလည်း ပါဝင်ကြောင်း သိရသည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ရွေးကောက်ပွဲကို မထိခိုက်စေလိုကြောင်း စင်္ကာပူဝန်ကြီးချုပ်ဟောင်း ပြောကြား

NEJ / ၁၀ ဇွန် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ နှင့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မထိခိုက်စေလိုကြောင်း စင်ကာပူအစိုးရအဖွဲ့တွင် ၀ါရင့်ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ၀န်ကြီးချုပ်ဟောင်း မစ္စတာဂိုချောက်ထောင်က ပြောကြားသည်။

မစ္စတာဂိုချောက်ထောင်သည် ယမန်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အကျယ်ချုပ်တားမြစ်မိန့် ချိုးဖောက်မှုဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ မစ္စတာဂိုချောက်ထောင်က ယင်းတရားစီရင်မှုသည် ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာနှင့်ဆက်နွှယ်နေသည့် အကြောင်းချင်းရာကိုလည်း မြန်မာစစ်အစိုးရက လျစ်လျူမရှုသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဘက်ပေါင်းစုံပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အန်အယ်လ်ဒီပါတီသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟုလည်း မစ္စတာဂိုချောက်ထောင်က အလေးထားပြောကြားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေပါမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မစ္စတာဂိုချောက်ထောင်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ခေတ်ပြိုင်က မေးမြန်းခဲ့ရာ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေမှုသည် ပြည်တွင်းရေးကိစ္စဆိုသည်ထက် ပိုမိုကျယ်ပြန့်စွာ ကြည့်မြင်ရန်လိုအပ်ကြောင်း၊ ယင်းကိစ္စသည် နိုင်ငံရေးပိုင်းဆိုင်ရာ ထိုးနှက်ချက်တရပ်ဖြစ်ကြောင်း ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခံရစဉ်မှာဖြစ်ခဲ့တဲ့ ကိစ္စဖြစ်ပေမယ့် လုံခြုံရေးပိုင်းဆိုင်ရာတွေကို ဘာတခုမှ စစ်ဆေးအရေးယူတာမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ တရားစွဲနေတာဟာ နိုင်ငံရေးပိုင်းဆိုင်ရာ ထိုးနှက်ချက်တရပ်ဖြစ်တယ်ဆိုတာ မစ္စတာဂိုချောက်ထောင်ကို ပြောချင်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူကိုယ်တိုင်ကလည်း တောင်းဆိုပေးသင့်တယ်လို့ ကျနော်ယူဆတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မစ္စတာဂိုချောက်ထောင်၏ ပြောကြားချက်ကိုမူ ဦးဝင်းတင်က ကြိုဆိုသည်ဟု ပြောကြားသည်။

“ဒီလိုပြောတဲ့အတွက်တော့ ၀မ်းသာပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ ပါဝင်ခွင့်ရရေး ကျယ်ပြန့်တဲ့ နိုင်ငံရေးလမ်းစဉ်ကို အန်အယ်လ်ဒီက ကိုင်စွဲထားတာပါ၊ လူ့အခွင့်အရေး၊ လက်နက်ကိုင် တိုင်းရင်းသား တွေအရေး၊ ဒါတွေအားလုံး ဖြစ်ထွန်းဖို့အတွက်ကိုပဲ အဓိကထားပါတယ်။ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ်မှာ မူတည်နေပါတယ်” ဟု ၎င်းက ပြောသည်။

မစ္စတာ ဂိုချောက်ထောင်သည် ပြီးခဲ့သည့် မတ်လတွင် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ ဇွန်လ (၈) ရက်တွင် ရောက်ရှိခဲ့ပြီး (၄) ရက်ကြာ နေထိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ်တွင် မူတည်ပြီး စဉ်းစားသွားမည်

NEJ / ၁၁ ဇွန် ၂၀၀၉

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒကို ပြန်လည်စဉ်းစားရန် သဘောထားရှိကြောင်း အမေရိကန်အစိုးရ၏ အာရှဆိုင်ရာ ထိပ်တန်းသံတမန်တဦးက ပြောကြားသည်။

အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနေရာတွင် သမ္မတအိုဘားမား၏ အဆိုတင်သွင်းခြင်းခံရသူ Kurt Campbell က ယမန်နေ့၌ ပြုလုပ်သည့် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ စဉ်စားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရ၏ ပြင်းထန်သည့် ကိုင်တွယ်မှု များကြောင့် အမေရိကန်က မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် သဘောထားပြောင်းလဲ လုပ်ဆောင်နေမှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း Kurt Campbell က ပြောကြားခဲ့ကြောင်း ၀ါရှင်တန်မှလာသည့် အေပီသတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သည့် တရားခွင်မှ ထွက်ပေါ်သည့် အဖြေပေါ်မူတည်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို အမေရိကန်အစိုးရက အဓိကထား စဉ်းစားသွားလိမ့်မည်ဟုလည်း မစ္စတာ Campbell က ပြောကြားသည်။

မြန်မာစစ်အစိုးရက လူ့အခွင့်အရေးကို လေးစားလိုက်နာလာရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရည်ရွယ်၍ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာသည် မြန်မာနိုင်ငံအပေါ် မူဝါဒအပြောင်းအလဲလုပ်ရန် အထူးအလေးထား စဉ်းစားနေသော်လည်း မြန်မာအစိုးရနှင့် ပိုမိုထိတွေ့ဆက်ဆံရေးသည် တားမြစ်ပိတ်ဆို့မှုများကို ဖယ်ရှားသည့် သဘောမဟုတ်ကြောင်း မစ္စတာ Campbell က အလေးထားပြောကြားခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာရှသို့ ခရီးထွက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန် က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စစ်အစိုးရအပေါ် အမေရိကန်၏ ပိတ်ဆို့တားမြစ်မှုများအပါအ၀င် အိမ်နီးချင်းနိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးများ သည် ထိရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အကောင်းဘက်သို့ ရှေးရှုသည့် အပြောင်းအလဲ ဖြစ်ပေါ်စေရေးအတွက်လည်း ဒေသတွင်းနိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သွားရန် အမေရိကန် အစိုးရက အစီအစဉ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Wednesday, June 10, 2009

ပါလီမန်ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေး (အပိုင်း ၃)

ပါလီမန်၏ အချုပ်အခြာအာဏာ စိုးမိုးမှု

ပါလီမန်ဒီမိုကရေစီ၏ ဂုဏ်ရည်တွင် အချက်ကြီး ၂ ရပ်ရှိ၏။ ပထမအချက်မှာ ပါလီမန်၏ အချုပ်အခြာအာဏာ စိုးမိုးမှု (Sovereignty of Parliament) နှင့် ဒုတိယအချက်မှာမူ ဥပဒေပဓာနသဘော (Supremacy of Law) ပင်ဖြစ်၏။

ပါလီမန်၏ အချုပ်အခြာအာဏာစိုးမိုးမှု (Sovereignty of Parliament) ဟူသော အချက်တွင် သဘော ၃ ခု ပါဝင်၏။ ပထမသဘောမှာ ဥပဒေပြုနိုင်သောအာဏာနှင့် ဥပဒေဖျက်သိမ်းနိုင်သောအာဏာသည် ပါလီမန်
၌သာလျှင် ရှိရွေ့ ဥပဒေပြုအာဏာဟုဆိုရာနှိုက် အကန့်အသတ် အတားအဆီး အပိတ်အပင် မရှိခြင်းပင် ဖြစ်၏။ ဒုတိယသဘောမှာ ပါလီမန်မှတစ်ပါး အခြား မည်သူ မည်သည့်အာဏာပိုင်မျှ ပါလီမန်မှ ပြုလုပ်ထားသော ဥပဒေများကို ဖျက်သိမ်းခြင်း အနိုင်အထက်ပြုခြင်းများ မလုပ်နိုင်ခြင်းပင်ဖြစ်ရွေ့ တတိယသဘောမှာမူ ပါလီမန်၏ တန်ခိုးအာဏာစက်သည် နိုင်ငံတ၀ှန်းလုံးကို ပျံ့နှံ့စေခြင်းပင် ဖြစ်၏။

ပါလီမန်၏ အချုပ်အခြာအာဏာစိုးမိုးမှုသည် ဒီမိုကရေစီနိုင်ငံ၌သာလျှင် ရှိ၏။ လူထုမှ ပါလီမန်၊ ပါလီမန်မှ ဥပဒေ၊ ဥပဒေမှ လူထုထံသို့ အချုပ်အခြာ အာဏာစက်သည် ရဟတ်ခြားကဲ့သို့လည်ရွေ့ လူထုထံသို့ ဥပဒေအဖြစ် အကျိုးသက်ထွန်းရကား ပါလီမန်၏ အချုပ်အခြာအာဏာ စိုးမိုးမှု တိုးတက်လေလေ၊ လူထု၏ အချုပ်အခြာအာဏာသည်လည်း ခိုင်မြဲလေလေပင် ဖြစ်၏။ အာဏာရှင်နိုင်ငံများ၌မူ အချုပ်အခြာအာဏာသည် ပါလီမန်တွင် မရှိ၊ အာဏာရှင်ထံတွင် ရှိသည်ဖြစ်ရာ ပါလီမန်ရှိနေသည့်တိုင် ၄င်းပါလီမန်သည် 'ပုတ်သင်ညိုပါလီမန်' ' လက်ညှိုးထောင်ပါလီမန်' မျိုးသာ ရှိတတ်ပေသည်။ 'Edicts' 'Orders' စသည့် အမိန့်မျိုးများသည်လည်း တစ်ချက်လွှတ်အမိန့်တော်မျိုးသာဖြစ်ရွေ့ လူထု၏ အချုပ်အခြာအာဏာစက် လူထုကိုယ်စားလှယ်များပါဝင်သော ပါလီမန်၏ အချုပ်အခြာအာဏာစက်ကား မဟုတ်ပေ။ ပါလီမန်ဒီမိုကရေစီ နိုင်ငံ၌မူ ပါလီမန်သည် တန်ခိုးအကြီးဆုံး၊ အာဏာအများဆုံး ဖြစ်၏။ ပါလီမန်၏ အာဏာသည် သဘာဝ၏ ဘောင်အတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ နယ်နိမိတ်အတွင်းတွင် အကန့်အသတ်မရှိ (unlimited powers of legislation) ဥပဒေပြုနိုင်၏။ အုပ်ချုပ်ရေးယနရား၊ တရားစီရင်ရေးယနရားတို့ကို ထိန်းသိမ်းချုပ်ကိုင်နိုင်၏။ အချုပ်အခြာပါလီမန် (Sovereignty of Parliament)၏ အာဏာတန်ခိုး တည်တံ့မှသာလျှင် ဥပဒေတန်ခိုးကြီးမှုနှင့် ဥပဒေ၏အာဏာစက် (Supremacy of Law or Rule of Law) သည်လည်း တည်တံ့နိုင်ပေမည်။ အမှန်စင်စစ် ပါလီမန်၏ အချုပ်အခြာအာဏာနှင့် ဥပဒေ၏ အာဏာစက်စိုးမိုးရေးသည် ဒွန်တွဲလျက် ရှိပေသည်။

ဥပဒေ ပဓာနသဘောကို တင်ပြခြင်း မပြုမီ ပါလီမန်၏ အာဏာပျံ့နှံ့မှု (Sovereignty of Parliament) နှင့် ပတ်သက်ရွေ့ အာဏာနှင့်တာဝန် (Power and Responsibility) ဟူသော သဘောတရားကို အနည်းငယ် ဖေါ်ပြလိုပေသည်။

ပါလီမန်၏ အချုပ်အခြာအာဏာနှင့် ဥပဒေအာဏာစက်စိုးမိုးရေးသဘောတို့သည် ဒွန်တွဲလျက် ရှိနေကြသည့်နည်းတူ အာဏာနှင့်တာဝန်သည်လည်း ဒွန်တွဲလျက် ရှိနေကြ၏။ ပါလီမန်ဒီမိုကရေစီ၌ တာဝန်မဲ့သော အာဏာမျိုး မရှိသည့်ပြင် အာဏာရှင် နိုင်ငံများမှာကဲ့သို့ အာဏာတခြား တာဝန်တခြား မဟုတ်ပေ။ သို့ဖြစ်လေရာ (Responsibility of Government to its Parliament) အစိုးရသည် ပါလီမန်သို့ တာဝန်ခံရွေ့ ဆောင်ရွက်ရ၏။ (Responsibility of Parliament to its People)ပါလီမန်ကလည်း အချုပ်အခြာအာဏာပိုင်လူထုသို့ တစ်ဆင့်တာဝန်ခံရပေသည်။ အချုပ်အခြာအာဏာပိုင်လူထုကလည်း မိမိတို့ အချုပ်အခြာအာဏာရှိသည့်အလျောက် မိမိတို့အနေဖြင့် တာဝန်ရှိသည်ကို သိရှိနားလည်ရွေ့ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ရ၏။ အချုပ်အခြာ အာဏာစက်သည် လူထုမှ ပါလီမန်၊ ပါလီမန်မှ အစိုးရ၊ အစိုးရမှ လူထုသို့ လည်ပတ်သကဲ့သို့ တာဝန်ကိုလည်း တစ်ဆင့်မှ တစ်ဆင့်သို့ တာဝန်ခံဆောင်ရွက်ရပေသည်။

ဥပဒေပဓာနသဘော

ဥပဒေ၏ တန်ခိုးကြီးမှု၊ စိုးမိုးမှု (Supremacy of Law) ဆိုသည်မှာ ဥပဒေပဓာနသဘောပင် ဖြစ်၏။ တစ်ဖန် ဥပဒေအာဏာစက်တည်မှု (Rule of Law) ဆိုသည်မှာလည်း ဥပဒေသာလျှင် ပဓာနဆိုသော သဘောပင် ဖြစ်၏။ သို့ရာတွင် အနည်းငယ် ခြားနားသော သဘောရှိ၏။

ဥပဒေ၏တန်ခိုးကြီးမှုဟု ဆိုရာ၌ ဥပဒေသာ ပဓာန၊ ဥပဒေကသာ လွှမ်းမိုးရမည်။ ဥပဒေမဟုတ်သော (၀ါ) ဥပဒေ၏ အပြင်အပမှ သဘောတရားများသည် မည်သည့်ကိစအကြောင်းအရာကိုမျှ မလွှမ်းမိုးနိုင်ဆိုသော သဘောပင်ဖြစ်၏။ ဥပဒေအာဏာစက်ကို အုပ်ချုပ်ရေးယနရား၊ တရားစီရင်ရေးယနရားတို့က အဆင့်ဆင့် အထက်မှ အောက်၊ အောက်မှ အထက်သို့ ချားရဟတ်ကဲ့သို့ လည်ပတ်ပျံ့နှံ့ရာတွင် ထိုအာဏာစက်သည် ကျောသားရင်သား မကွဲခြားဘဲ (၀ါ) အဂတိ ၄ ပါး မလိုက်ဘဲ မျက်နှာကြီးငယ် မရွယ်မထောက်၊ ဆင်းရဲချမ်းသာမရွေး အစိုးရအမှုထမ်း သာမန်လူတန်းစား မခွဲခြားဘဲ ဥပဒေအရာ၌ ညီမျှခြင်း (Equality before the Law) ဖြင့် သက်ရောက်စေခြင်းသဘော၊ လူတန်းစား မခွဲခြားဘဲ အားလုံးအတွက် ဥပဒေတစ်ခုတည်း တစ်မျိုးတည်းသာ ရှိခြင်းသဘောပင် ဖြစ်ပေသည်။ ချမ်းသာသူအတွက် ဥပဒေတစ်မျိုး၊ ဆင်းရဲသားအတွက် ဥပဒေတစ်ခြား၊ ဂုဏ်ရှိသူ၊ မျက်နှာကြီးသူအတွက် ဥပဒေတစ်ခု၊ ဂုဏ်မဲ့ မျက်နှာငယ်သူအတွက် ဥပဒေတစ်မျိုး၊ အာဏာရှိသူအတွက် ဥပဒေတစ်စား၊ အာဏာမဲ့သူအတွက် ဥပဒေတစ်မျိုး မရှိစေဘဲ နိုင်ငံသားတိုင်းသည် (Equality before the Law) ဥပဒေအရာတွင် အားလုံးအညီအမျှသာ ဖြစ်စေသည့် သဘောပင် ဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို ဥပဒေ၏ စိုးမိုးမှု လက်အောက်ခံသာ ဖြစ်၏။ မည်သူမျှ ဥပဒေ၏ အပေါ်က မရှိစေရပေ။ "No one is above the Law" ဟူသော သဘောနှင့် မခြားပေ။ သို့ဖြစ်လေရာ ဥပဒေက ပြဌာန်းထားသော ပြစ်မှုကျုးလွန်ခြင်း မရှိလျှင် မည်သူ့ကိုမျှ အရေးယူခြင်း၊ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း မပြုနိုင်။ မည်သူ၏ကိုယ်ပိုင်လွတ်လပ်ခွင့် (Personal property)ကိုလည်း ဥပဒေက ပြဌာန်းသော ပြစ်မှုမရှိက မည်သည့်အာဏာပိုင်(၀ါ)အစိုးရကမျှ ချုပ်ချယ်ခြင်း၊ ရုပ်သိမ်းခြင်း၊ တားမြစ်ခြင်း၊ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်း မပြုလုပ်နိုင်သော သဘောမျိုးလည်း သက်ရောက်ပေသည်။ သို့ဖြစ်ရာ ပါလီမန်ဒီမိုကရေစီတွင် ဥပဒေ ပဓါနသဘောကို သေသေချာချာ လေ့လာနားလည်ရွေ့ ကျင့်သုံးနိုင်ရန် အထူးအရေးကြီးလှပေသည်။

ဥပဒေသဘော

သည်နေရာတွင် ဥပဒေဟူသော သဘောတရားကို အနည်းငယ် တင်ပြလိုပေသည်။

ဥပဒေ၏ အနက်အဓိပါယ် သဘောကို ဥပဒေပါရဂူ အများအပြားပင် ခေတ်အမျိုးမျိုးတွင် အမျိုးအမျိုးရေးသားထားသည်ကို ဖတ်ရှုဘူးကြပေမည်။ ဥပဒေဆိုသည်မှာ အချုပ်အခြာ အာဏာပိုင်က ပြုလုပ်သော ပြဌာန်းချက် ဖြစ်သည်ဟု ဆိုရပေမည်။ သို့ရာတွင် အချုပ်အခြာအာဏာပိုင် လုပ်သမျှ ဥပဒေဖြစ်ရမည်လောဟု တစ်ဆင့်တက် မေးနိုင်ဘွယ် ရှိ၏။ အမှန်စင်စစ် အချုပ်အခြာအာဏာပိုင် လုပ်သမျှ ဥပဒေပင် ဖြစ်၏။ သို့ရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ဘောင်အတွင်းတွင် ဖြစ်ရပေသည်။ ထိုမှတစ်ပါး လည်း အခြား ဘောင်တစ်ခု ရှိသေး၏။ ယင်းဘောင်မှာကား အခြားမဟုတ်။ သဘာဝ (Nature) ၏ ဘောင်ပင်ဖြစ်ပေသည်။ သဘာဝ(၀ါ)လောက ၃ ပါးတည်းဟူသော သတ၀ါများဖြစ်ကြသည့် သတလောက၊ သတ၀ါတို့၏ တည်ရာ မှီရာဖြစ်သော တောတောင်ရေမြေ စသည့် သြကာသလောက၊ ယင်းလော ၂ ခု၏ လှုပ်ရှားဖြစ်ပျက် ရွေ့လျောခြင်းတည်းဟူသော သင်္ခါရတို့၏ ဘောင်အတွင်းသာလျှင် ဥပဒေသည် ဖြစ်ရ၏။ သဘာဝနှင့် မဟပ်သော (၀ါ) သဘာဝ၏ ဘောင်မှ ကျော်လွန်သော ဥပဒေသည် စကူပေါ်၌သာ ကျန်ရစ်တတ်၏။ သဘာဝနှင့် ဆန့်ကျင်သော ဥပဒေသည်လည်း တန်ပြန်မှုကို ဖြစ်စေရွေ့ ပျက်ပြုန်းတတ်၏။ ဥပဒေသည် သဘာဝ၏ဘောင်ကို ကျဉ်းမြောင်းစေပြီးလျှင် လူ့အကျိုးကို ဖြစ်ထွန်းစေနိုင်မှသာလျှင် ဥပဒေကောင်းမည်ပေ၏။

သဘာဝအတွင်း လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့သည် အမြဲမပြတ် လောင်ကျွမ်းလျက်ရှိလေရာ ထိုထိုသော မီးတို့ လောင်ကျွမ်းနေသည်ကို အချုပ်အချယ်မရှိ။ ထိန်းသိမ်းခြင်းမရှိဘဲ လွှတ်ထားမည်ဆိုပါက လောကတစ်ခုလုံး ပျက်စီးနိုင်ဘွယ်ရှိ၏။ ကမာမီးသည် ဗြဟာ့ဘုံတိုင်အောင် လောင်ကျွမ်းနိုင်သည်ဖြစ်ရာ သဘာဝလောကအတွင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟမီးများကို ထိန်းသိမ်းချုပ်ကိုင်ခြင်းငှာ သဘာဝ၏ နယ်နိမိတ်ကို ကျဉ်းမြောင်းအောင် အချုပ်အခြာအာဏာပိုင်က ဥပဒေဖြင့် လွှမ်းခြုံရာ၏။ သဘာဝလွတ်လပ်ခွင့် (Natural Laberty) ကို ခြုံပြီးလျှင် ယဉ်ကျေးသော လူ့လွတ်လပ်ခွင့် (Civil Laberty)အဖြစ်သို့ ပြောင်းလဲရာ၏။
သဘာဝ၏ သဘော (Natural Laws)အရမှာ မည်သူမဆို ထင်ရာ လုပ်ချင်တိုင်း လုပ်နိုင်၏။ ယင်းသို့သော အရိုင်းအစိုင်း လွတ်လပ်ရေးကို ဥပဒေနှင့် လွှမ်းခြုံ လိုက်သောကြောင့် လူ့သဘာဝလွတ်လပ်ရေး၏ နယ်နိမိတ်သည် ကျဉ်းမြောင်းသွားရ၏။ သို့ဖြစ်လေရာ တင်းလျှင်ပြတ်၊ လျော့လျှင် ပတ်ဟူသော သဘောမျိုး မသက်ရောက်စေဘဲ မဇျိမပဋိပဒါ မလျော့မတင်းသော သဘောမျိုးနှင့် ပြုလုပ်သော ဥပဒေမျိုးသည် အကျိုးများလှ၏။ ဥပဒေသည် သဘာဝနှင့် မဆန့်ကျင်ရပေ။ သဘာဝနှင့်ဆန့်ကျင်သော ဥပဒေသည် ခိုင်မြဲတည်တံ့ခြင်း မရှိနိုင်။ ထို့ပြင် ဥပဒေသည် ကာလ၊ ဒေသနှင့်လည်း ကိုက်ညီရန်အထူးလိုအပ်လှ၏။ ကာလ၊ ဒေသ နှင့် မကိုက်ညီသော ဥပဒေမျိုးသည် တန်ပြန်မှု ရှိတတ်၏။ ဥပဒေသည် လူအများဆုံး၏ အများဆုံးကောင်းကျိုး (greatest good of the greatest number)ကို ဖြစ်ထွန်းစေနိုင်ရာ၏။ သို့မှသာ လူအများ၏ ထောက်ခံမှုကို ရနိုင်သည်ဖြစ်ရွေ့ ဥပဒေအာဏာစက်သည်လည်း ထစ်ငေါ့ခြင်းမရှိ၊ လည်ပတ် ပျံ့နှံ့စေနိုင်၏။ ထိုသို့မဟုတ်ပါက လူထု၏ ဆန့်ကျင်တော်လှန်မှုကြောင့် ပျက်စီးနိုင်၏။

ဥပဒေနှင့်ပတ်သက်ရွေ့ အထက်တွင် အရေးကြီးသော အချက် လေးငါးချက်မျှ တင်ပြခဲ့ပြီဖြစ်ရာ ဥပဒေ၏ အဓိပါယ်အချုပ်အနေဖြင့် ဖော်ပြရသော် ' ဥပဒေဆိုသည်မှာ အများဆုံး၏ အများဆုံးအကျိုးအတွက် လူအများ၏ သဘာဝလွတ်လပ်ရေးကို အချုပ်အခြာအာဏာပိုင်က ကန့်သတ်ချုပ်ချယ်ရွေ့ ကျုးလွန်သူအား အပြစ်ပေးနိုင်သော ပြဌာန်းချက်ပင် ဖြစ်ပေသည်။'

ပါလီမန်ဒီမိုကရေစီတွင် ဥပဒေသည် လူအများက ၄င်းတို့၏ ဆန (General Will)အရ ၄င်းတို့၏ ကိုယ်ပိုင်သဘာဝလွတ်လပ်ရေးကို မိမိတို့ဘာသာ မိမိတို့ အကျိုးအတွက် အလိုအလျောက်ကန့်သတ် ချုပ်ချယ်ခြင်းပြုသော ပြဌာန်းချက်သဘောဖြစ်သဖြင့် လူထုထောက်ခံမှုကို မလွဲမုချ ရနိုင်ပေသည်။ အာဏာရှင်ပြဌာန်းသော အချို့ဥပဒေများကဲ့သို့ တန်ပြန်မှု မရှိပေ။ ဒီမိုကရေစီနိုင်ငံတွင် လူထု၏အစိုးရက လူထု၏အကျိုးအတွက် လူထုက အုပ်ချုပ်သည်ဖြစ်ရာ (Government of the people, by the people, for the people) ဥပဒေအာဏာစက်စိုးမိုးရေး (Rule of Law)သည် လူထု၏စိုးမိုးရေး (Rule of the people) ဖြစ်၏။ တဖန် လူထု၏စိုးမိုးရေးမှာလည်း (Rule for the people) လူထုကစိုးမိုးခြင်း (Rule by the people) နှင့် အတူတူပင် ဖြစ်ပေသည်။

(ဆက်ရန်)