Tuesday, October 28, 2008

နိုင်ငံရေးသမားကြီးအချို့  ဟောင်ကောင်သွားမည်

NEJ/ ၂၈ အောက်တိုဘာ ၂၀၀၈

ရန်ကုန်မြို့ရှိ နိုင်ငံရေးသမားကြီး(၃)ဦးတို့ သည် ဟောင်ကောင်ရှိ တက္ကသိုလ်တခုတွင် မြန်မာ့အရေးဆွေးနွေး တင်ပြရန် လာမည့် ဒီဇင်ဘာလ၌ ဟောင်ကောင်သို့ သွားရောက်ရန်စီစဉ်နေကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ပြောပြသည်။

ထိုသို့သွားရောက်ရန် ဟောင်ကောင်မြို့တော်တက္ကသိုလ် အာရှနှင့်နိုင်ငံတကာလေ့လာရေးဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က စီစဉ်ခြင်းဖြစ်ပြီး ဖိတ်ကြားခံရသူများအနက် သခင်လှကွန်း၊ သခင် တင်မြနှင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးတို့ပါဝင်ကြောင်းနှင့် ရဲဘော်ချစ်လှိုင်မှာ မျက်စိမကောင်းသဖြင့် သွားနိုင်မည်မဟုတ်ကြောင်း သခင်လှကွန်းက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “ ဒီဇင်ဘာကျမှပါ။ ရက်လည်းမသိသေးဘူး။ ပထမအပတ်အကုန်လောက်ဖြစ်မယ်ထင်တယ်။ အခုကြိုး စားတုန်းပဲ။ ပတ်စ်ပို့တွေဘာတွေရအောင်၊ ဆွေးနွေးပွဲ ခေါင်းစဉ်တောင်မသိရသေးဘူး။ ကျော်ရင်လှိုင်လာတုန်းက ပြည့်ပြည့်စုံစုံပြောမသွားဘူး။ ဗမာပြည်အကြောင်းဆွေးနွေးကြမှာနဲ့တူပါတယ်။ ဗမာပြည်မှထွက်တဲ့ တချို့ဂျာနယ် တွေထဲမှာ ကျနော်တို့နဲ့ အင်တာဗျူးလုပ်လို့ပါသွားတာတွေ၊ တချို့ထင်မြင်ချက်လေးတွေပြောတာတွေကို တွေ့ပြီး တော့ခေါ်တာလို့ထင်ပါတယ်”ဟုပြောသည်။

မည်သည့် အကြောင်းအရာကိုဟောပြောရမည်ဆိုသည်ကို မစဉ်းစားရသေးကြောင်းနှင့် ပြောခွင့်ရမည်ဆိုပါက သခင်သိန်းဖေနှင့်ဝါရင့်နိုင်ငံရေးသမားကြီးများ၏ သူမနာကိုယ်မနာ ညီညွတ်ရေးငြိမ်းချမ်းရေးလမ်းစဉ်ကို ပြောပြလိုသည်ဟု သခင်လှကွန်း ကပြောသည်။

ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးကလည်း ဟောင်ကောင်သို့ သွားခွင့်ရပါက ၎င်းရေးသားဖြန့်ချိထားသည့် မပြိုကွဲသင့်သောပြည်ထောင်စုတည်ဆောက်ကြပါဆိုသည့် စာတမ်းကို အခြေခံ၍ ဟောပြောဆွေးနွေးမည်ဟု ခေတ်ပြိုင်သို့ပြောသည်။

သခင်တင်မြနှင့် သခင်လှကွန်းတို့သည် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့နှင့်လုံးဝသက်ဆိုင်မှုမရှိ ကြောင်း နှင့် ၎င်းတို့၏ဟောင်ကောင်ခရီးစဉ်နှင့်ပတ်သက်ပြီး ဝေဖန်ပြောကြားစရာမရှိကြောင်း သခင်သိန်းဖေခေါင်းဆောင် သည့် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ကပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင် က “ သူတို့က အဘတို့ထဲမှာမပါဘူး။ အမြင်တွေလဲမတူဘူး။ လုံးလုံးကွဲ တယ်။ ဒေါက်တာကျော်ရင်လှိုင်တို့ ရောဘတ်တေလာတို့ကလည်းသူတို့နဲ့ တပေါင်းတစည်းထဲပါ။ ဒီမိုကရေစီအင် အားစုတွေက အထူးသဖြင့် အန်အယ်လ်ဒီက တင်းမာနေလို့ ဒီမိုကရေစီမရတာလို့ အမြင်ရှိသူတွေပါ။ ဒီ အယူအဆကို ရှင်းရှင်း ပြောရရင် သခင်တင်မြတို့ သခင်လှကွန်းတို့က သဘောကျတာ။ အထူးသဖြင့် ဖွဲ့ စည်းပုံနဲ့ပတ်သက်ရင် မကြိုက်ဘူး။ ကြိုက်တယ်မပြောဘဲနဲ့ မရှိတာထက် ရှိတာကောင်းတယ်ဆိုတဲ့ အယူ အဆမျိုးရှိသူတွေပါ” ဟုပြောကြားသည်။

ရပ်ကွက်အာဏာပိုင်များက မမှန်မုန်တိုင်းသတိပေးချက်ထုတ်ပြန် ရန်ကုန်မြို့ခံများအထိတ်တလန့်ဖြစ်

NEJ/ ၂၈ အောက်တိုဘာ ၂၀၀၈

ရန်ကုန်တိုင်းအတွင်း နအဖစစ်အစိုးရ၏ မမှန် မုန်တိုင်းကြိုတင်သတိပေးချက်ကြောင့် ပြည်သူအများ ထိတ်လန့် စိုးရိမ်ခဲ့ကြသကဲ့သို့ စိတ်ဆိုးဒေါသထွက်နေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက် စနေနေ့ညနေနှင့် ညဘက်ပိုင်းတွင် ရန်ကုန်မြို့ဆင်ခြေဖုံး လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းတန်းစသည့် မြို့နယ်တို့တွင် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းတခု ၀င်စရာရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ သတိရှိရှိနေထိုင်ကြရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လှည်းတန်းတွင် နေထိုင်သူတဦးက “စနေနေ့ ညနေ (၆) နာရီခွဲလောက်က လမ်းထဲမှာ အသံချဲ့စက်နဲ့လှည့်ပြီးအော်တယ်။ နောက်ထပ် (၃၆) နာရီအတွင်း မုန်တိုင်းကြီးတခု ၀င်နိုင်တယ်၊ ဒါကြောင့် လိုအပ်သလို ပြင်ဆင်ထားဖို့ လိုက်ကြေညာတယ်လေ” ဟု ပြောသည်။

ထိုသို့ မြို့နယ်များအတွင်း မုန်တိုင်းသတိပေး နှိုးဆော်မှုများကြောင့် ရန်ကုန်ပတ်ဝန်းကျင်တွင် မုန်တိုင်းဝင်ရန် ရှိ မရှိ၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သည်။

တာဝန်ခံဖြေဆိုသူက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး မြောက်အရှေ့ယွန်းယွန်းသို့ ဆက်လက်ရွေ့ရှားနေကြောင်း၊ ထို့နောက် (၃၆) နာရီအတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည့်အကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် မုန်တိုင်းဝင်မည်ဆိုကာ အသံချဲ့စက်များနှင့် လိုက်လံကြေညာနေခြင်းသည် ၎င်းတို့မိုးလေ၀သဌာန၏ အကြောင်းကြားချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်သည့် မေးခွန်းများကို ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ဖြေကြားနေရကြောင်း၊ သက်ဆိုင်ရာမြို့နယ်အဆင့် အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ရပ်ကွက်အာဏာပိုင်များက လုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ဖြေကြားသူက ပြောသည်။

ရပ်ကွက်အာဏာပိုင်များ၏ ကြေညာချက်ကြောင့် ပြည်သူများမှာ နေအိမ်ခေါင်မိုးပြုပြင်ခြင်း၊ တန်ဖိုးကြီးပစ္စည်းများကို လုံခြုံသည့်အဆောက်အဦများဖြစ်သည့် ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနေအိမ်များသို့ ရွှေ့ပြောင်းခြင်း လုပ်ခဲ့ကြကြောင်း သိရသည်။

နောက်နေ့ တနင်္ဂနွေထုတ် အစိုးရသတင်းစာများတွင် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းသည် နောက် (၃၆) နာရီအတွင်း အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ် အနောက်ဘက်ကမ်းခြေကို ဖြတ်ပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မည်၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တချို့ပြည်နယ်နှင့်တိုင်းတို့တွင် မိုးကြီးမည်၊ ကမ်းလွန်ပင်လယ်ပြင်တွင် တနာရီမိုင် (၄၀) နှုန်းခန့် လေတိုက်ခတ်နိုင်သည်ဟုသာ ဖော်ပြထားသောကြောင့် အာဏာပိုင်များ၏ ကြေညာချက်အရ စိုးရိမ်ပူပန်ခဲ့ကြသည့် ပြည်သူများက စိတ်ဆိုးဒေါသထွက်ကြကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ နာဂစ်မုန်တိုင်း မတိုင်မီကာလနှင့် မုန်တိုင်းပြီးကာလတွင် မိုးလေ၀သဦးစီးဌာန၏ ဆောင်ရွက်ချက်များကို သုတေသနပြုလုပ်နေသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုမှ နိုင်ငံခြားသားသုတေသီတဦးကမူ နအဖအာဏာပိုင်အဖွဲ့၏ ယန္တရားကို ထောက်ပြဝေဖန်သည်။

၎င်းက “ အစိုးရအာဏာပိုင်တွေက တကယ်မုန်တိုင်းဝင်မယ့် အခြေအနေဖြစ်ပေါ်ခဲ့တုန်းကတော့ ပြည်သူတွေကို တိတိကျကျ အသိပေးဖို့၊ လိုအပ်တဲ့ အကူအညီပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ အခု မြန်မာနိုင်ငံနဲ့ မပတ်သက်တဲ့ မိုးလေ၀သသတင်းကိုတော့ မလိုအပ်ဘဲ သတင်းမှားတွေ ပေးနေတယ်။ ဒါကြောင့် ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်ပြီး တကယ့်မုန်တိုင်း ၀င်ရောက်မယ့်အခြေအနေရှိရင် ယုံကြည်မှုမရှိတော့ဘဲ အသက်အိုးအိမ်တွေ ဆုံးရှုံးမှာ စိုးရိမ်ရတယ်” ဟု ပြောကြားသည်။

ဧရာဝတီတိုင်းမှာ စပါးဈေးကျ လယ်သမားများအခက်တွေ့

NEJ/ ၂၈ အောက်တိုဘာ

ဧရာဝတီတိုင်းအတွင်း မိုးစပါးပေါ်ကာစတွင် စပါးအသစ်ဈေးများ ကျဆင်းနေသောကြောင့် လယ်သမားများ အခက်ကြုံနေကြကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်၌ စပါးတင်း (၁၀၀) ပေါက်ဈေး ကျပ် (၃) သိန်းခန့်ရှိရာမှ ယခုနှစ်တွင် ကျပ် (၂) သိန်း (၆) သောင်းခန့်သာရှိကြောင်း ဧရာဝတီတိုင်း ၀ါးခယ်မမြို့မှ လယ်သမားတဦးက ပြောသည်။

၎င်းက “ကျနော့်လယ် အထွက်စောလို့ နှံကားအမျိုးအစား စပါးကို ကုန်သည်တွေဆီ စပ်ရောင်းတာ၊ ကုန်သည်တွေကရော ဆန်စက်တွေကပါ ဈေးပေးတာ အတော်နိမ့်နေတယ်။ ဒါကြောင့် ရောင်းလို့မဖြစ်သေးဘူး၊ တခြားလူတွေလည်း ဒီလိုပဲ” ဟု ပြောသည်။

မိုးစပါးအသစ်များ လက်ငင်းတွင် ဈေးနိမ့်နေသော်လည်း ပေါ်ဆန်းမွှေး ဆန်ကောင်းများမှာမူ ဆန်ဈေးရော စပါးဈေးပါ အလွန်မြင့်နေပြီး အိမ်အရောက်ပို့ သန့်စင်ပြီးပေါ်ဆန်းမွှေး တတင်းခွဲတအိတ်လျှင် ကျပ် (၄) သောင်း (၁) ထောင်ထိဈေးပေါက်နေကာ ပေါ်ဆန်းမွှေးစပါးကလည်း ဧရာဝတီတိုင်းမှာတင် ကျပ် (၇) သိန်းကျော် ပေါက်ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

ယခုကဲ့သို့ ဆန်ကြမ်းစပါးဈေး ကျဆင်းရခြင်းသည် မိုးကာလတလျှောက်လုံး ဧရာဝတီတိုင်းမှ ရေစိုဆန်ဝါများ ဈေးကွက်ထဲ အဆက်မပြတ်ဝင်ရောက်လာခြင်း၊ နာဂစ်လေဘေးကာလအတွင်း အဓိကပျက်စီးသည့်ဆန်များမှာ ပေါ်ဆန်းကဲ့သို့ ဆန်အကောင်းစားများဖြစ်ခြင်း၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ လေဘေးကူညီမှုအဖြစ် ဆန်များအိန္ဒိယနိုင်ငံမှ ၀ယ်ယူတင်သွင်းခြင်း စသည့်အချက်များကြောင့် ဖြစ်ကြောင်း ဆန်ကုန်သည်များက ရှင်းပြသည်။

ဆန်စပါးစိုက်ပျိုးရေးပညာရှင်တဦးက “ခုလို ဆန်ကြမ်းစပါးဈေးတွေကျပြီး လယ်သမားတွေ ထိုက်သင့်သလောက်မရရင် အကြွေးပတ်လည် ၀ိုင်းနေမယ်၊ စီးပွားရေးဘ၀ မတိုးတက်ဘူး။ နောက်နှစ်တခြားဟာ ပြောင်းစိုက်မယ်ဆိုတာမျိုး ဖြစ်လာမယ်။ လယ်ယာစီးပွားရေးထိခိုက်မှာ ဖြစ်သလို နိုင်ငံစီးပွားရေးကိုလည်း ထိခိုက်တာဖြစ်တယ်ဟု” ပြောသည်။

လောလောဆယ် ဆန်ကြမ်း မိုးစပါးဈေး အလွန်အမင်းကျဆင်းနေသော်လည်း လာမည့် (၂) လအတွင်း ဧရာဝတီတိုင်းမှ စပါးထွက်အခြေအနေကို ကြည့်ပြီးမှသာ စပါးဈေးအမှန်ကို သိနိုင်မည်ဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။

ယခုလနှောင်းပိုင်း ဧရာဝတီတိုင်း (၀ါးခယ်မ) စပါးပေါက်ဈေးမှာ

စပါးတင်း (၁၀၀) ဈေးနှုန်း
၁။ မိုးနှံကား စပါး (၂၆၀,၀၀၀) ကျပ်
၂။ နွေနှံကားဟောင်း (၃၀၀,၀၀၀) ကျပ်
၃။ နှံကားအဟောင်း (၃၂၀,၀၀၀) ကျပ်
၎။ ပေါ်ဆန်းဟောင်း (၇၁၀,၀၀၀) ကျပ်
၅။ မနော ဆန်ချောအဟောင်း (၅၆၀,၀၀၀) ကျပ်
၆။ ဧရာဝတီ ပေါ်ဆန်း (၆၅၀,၀၀၀) ကျပ်
၇။ ရွှေဝါယဉ်အဟောင်း (၆၆၀,၀၀၀) ကျပ်
၈။ ကောက်ကြီး (၄၃၀,၀၀၀) ကျပ်

စစ်အစိုးရက အခွန်ငွေတိုးရရှိရေးအတွက် ထီလက်မှတ် တန်ဖိုး ၂ ဆ မြှင့်တင်

ကြည်ဝေ | အောက်တိုဘာ ၂၇၊ ၂၀၀၈

စစ်အစိုးရ က အခွန်ငွေ ၂ ဆ တိုးရရှိရေးအတွက်၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်မည့် (၂၄၀ ) ကြိမ်မြောက် အောင်ဘာလေသိန်းဆု လက်မှတ်များကို တစောင်လျှင် ကျပ် ၁၀၀ အစား ကျပ် ၂၀၀ အဖြစ် တိုးမြှင့်လိုက် ကြောင်း သိရှိရသည်။

ထီလက်မှတ်ဈေးနှုန်းများတိုးမြင့်လိုက်သကဲ့သို့ အောင်ဘာလေ ထီဆုကိုလည်း ယခင် ကျပ် သိန်း ၅၀၀ အစား ကျပ် သိန်း ၁၀၀၀ ဆု၊ အနိမ့်ဆုံး ကျပ် ၂ သောင်းဆုအစား ကျပ် ၁ သိန်းဆု အဖြစ် ပြောင်းလဲသတ်မှတ်လိုက် ကြောင်း အစိုးရပိုင် သတင်းစာများတွင် ကြော်ငြာခဲ့သည်။

“လူတွေကို ထီထိုးခိုင်းတာဟာ အခွန်ကောက်တာနဲ့အတူတူပါပဲ၊ ခုလိုလုပ်လိုက်တာက ထီဈေးတက်လိုက်ပြီး ၀င်ငွေတိုးရှာ လိုက်တာပဲ”ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦးက သုံးသပ်ပြောဆိုသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အောင်ဘာလေ ထီရောင်းရ ငွေမှာ အစိုးရအသုံး စရိတ် နှင့်ဆိုင်သော ၀င်ငွေဖြစ်သောကြောင့် ယခုကဲ့သို့ထီလက်မှတ်ဈေး ၂ဆ တက်လိုက်ခြင်းအားဖြင့် အစိုးရ အနေ နှင့် ထိုအောင်ဘာလေထီမှ ရရှိမည့်ဝင်ငွေမှာ လစဉ် ၂ ဆတိုးလာမည်ဖြစ်ကြောင်း အဆိုပါ ပါမောက္ခက ဆိုသည်။

ပြည်တွင်းငွေဖောင်းပွလာခြင်းတို့ကြောင့်လည်း ထီလက်မှတ်ဈေးတက်ခြင်းနှင့် ဆုကြေးငွေ တိုးလာခြင်းတို့ဖြစ် ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားမှာ ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး၊ လူအများ ၀င်ငွေနည်းလျက်ရှိ သည်ကို တွေ့ရကြောင်း၊ ၄င်းတို့အနေနှင့် ထီထိုးခြင်းမှာ စားစရိတ်ထဲမှ ဖဲ့ပြီးထိုးရခြင်းဖြစ်သောကြောင့် ကုန်ထုတ် လုပ်မှုပိုင်းများ ကျဆင်းလာနိုင်ပြီး၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်လာမှာဖြစ်ကြောင်း၊ ယခုကဲ့သို့အစိုးရအနေနှင့် လောင်းကစား တမျိုးဖြစ်သော ထီဘက်သို့ လူအများအာရုံစိုက်အောင် ဆောင်ရွက်ခြင်းမှာ တိုင်းပြည် အတွက် မကောင်းကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခက သုံးသပ် ပြောဆိုသည်။

လက်ရှိပြည်တွင်းတွင် လစဉ်ဖွင့်လှစ်ပေးနေသော အစိုးရအောင်ဘာလေထီအပြင် နေ့စဉ် ထွက်နေသော တရား မ၀င် ၂ လုံးထီ၊ ၂ ပတ် တကြိမ် ထွက်နေသည့် တရားမ၀င် သုံးလုံးထီများနှင့် အခြားသောတရားမ၀င် လောင်း ကစားများလည်း အလွှာအသီးသီးတွင်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထိုကဲ့သို့လောင်းကစား များလာခြင်းမှာ လည်း တိုင်းပြည်စီးပွားရေး ကျဆင်းသည့် လက္ခဏာတခုပင်ဖြစ်ကြောင်း သူကဆိုသည်။

စစ်အစိုးရလက်ထက်တွင် အောင်ဘာလေထီလက်မှတ်ဈေးနှုန်းများကို ပြောင်းလဲခဲ့သည်မှာ ယခု အကြိမ်နှင့်ဆို လျှင် နှစ်၂၀ အတွင်း ၅ ကြိမ်မြောက်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။

ယခင်၂ ကျပ် တန်ထီ ကို ၁၉၈၈ ခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှ စပြီး ၅ ကျပ် အဖြစ်တိုးမြှင့်ခဲ့ပြီး အမြင့်ဆုံးဆုကို လည်း ကျပ် ၁ သိန်းမှ ကျပ် ၅ သိန်းတိုးမြှင့်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ပြောင်းလဲခြင်းမှာ ၁၉၉၁ ဧပြီလမှ စတင်ပြီး ၅ ကျပ်တန် ထီကို ၁၀ ကျပ်တန်ထီအဖြစ် ပြောင်းလဲခဲ့ပြီး ဆုငွေကိုလည်း အမြင့်ဆုံး ကျပ် ၅သိန်းမှ ကျပ် ၁၀ သိန်းအထိ ပြောင်းလဲခဲ့ကြောင်း၊ ၁၉၉၈ ဒီဇင်ဘာလတွင် တတိယ အကြိမ်မြောက် အဖြစ် ၁၀ ကျပ် တန်ထီ လက်မှတ်ကို ၅၀ ကျပ်တန်အဖြစ် ပြောင်းလဲလိုက် ပြီး အမြင့်ဆုံးဆုငွေကိုလည်း ကျပ် သိန်း ၃၀၀ အထိ ပြောင်းလဲ ခဲ့သည်။ လေးကြေိမ်မြောက်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လမှ စတင်ကာ ကျပ် ၅၀ တန်ထီလက်မှတ်ကို ကျပ် ၁၀၀ တန်ထီလက်မှတ်အဖြစ် ပြောင်းလဲခဲ့ပြီး ဆုငွေကိုလည်း ကျပ် သိန်း ၅၀၀ အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရ အနေနှင့် လစဉ် ထီရောင်းရငွေရ၏ ၄၀ ရာခိုင်နှုန်းကို အစိုးရဘဏ္ဍာငွေအဖြစ်သိမ်းယူပြီး ၆၀ ရာခိုင်နှုန်း ကိုသာ ထီဆုကြေးများအဖြစ် ထီထိုးသူများအား ခွဲဝေပေးနေခြင်းဖြစ်ကြောင်း ၊ ယခုကဲ့သို့ ထီလက်မှတ်ဈေး ၂ဆ မြှင့်ခြင်းအားဖြင့် အောင်ဘာလေထီမှ ၀င်ငွေ ၂ ဆတိုးသွားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ အငြိမ်းစား အရာရှိတဦးက ပြောဆိုသည်။

"အောင်ဘာလေသိန်းဆုဌာနက ၀င်တဲ့ဝင်ငွေက ကုန်သွယ်ခွန်၊ ၀င်ငွေခွန်တို့ပြီးရင် ရငွေပမာဏ အရ ဒုတိယ လိုက်တယ်”ဟု သူက ဆိုသည်။

အောင်ဘာလေထီ အက္ခရာတလုံးတွင် ထီစာအုပ်ရေ ၈၁၈၁၈ အုပ်ပါသည်ဟုသိရပြီး ထီ ၁ အုပ်တွင် ထီစောင်ရေ ၁၁ စောင် ပါကာ အက္ခရာ စုစုပေါင်း အလုံး ၃၀ ထုတ်သောကြောင့် စုစုပေါင်း ထီစောင်ရေမှာ ၂၆၉၉၉၉၄၀ စောင် ရိုက်ထုတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လစဉ် ဖွင့်လှစ်သော အောင်ဘာလေထီဆုများတွင် လာရောက်ထုတ်ယူခြင်းမရှိသော ဆုငွေများလည်း ရှိကြောင်း၊ ထိုဆုငွေပမာဏများသည်လည်း လစဉ် သိန်းရာနှင့်ချီပြီး ရှိနေကြောင်း၊ အဆိုပါ လာရောက်ထုတ် ယူခြင်းမရှိသော ဆုငွေ တွေကို တနှစ်စောင့်ပြီးမှ လာမထုတ်ပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနေခြင်းဖြစ် ကြောင်း အောင်ဘာလေသိန်းဆု ဌာနမှ သိရှိရသည်။

လက်ရှိအောင်ဘာလေ သိန်းဆုဌာနခွဲက ထီဝယ်လိုသူ မည်သူ့ကိုမဆို မြန်မာ့စီးပွားရေးဘဏ်တွင် PO (Payment Order) နှင့် ငွေကြိုပေးသွင်းပြီးဝယ်ရသော စနစ်နှင့် ၀ယ်ယူရခြင်းဖြစ်ပြီး တဦးလျှင် အနည်းဆုံးထီစာအုပ် ၁၀၀ မှ အများဆုံး၂ သောင်းအထိ လျှောက်ထားခွင့်ရှိကြောင်း အောင်ဘာလေသိန်းဆုဌနမှ တာဝန်ရှိသူ တဦးကပြော သည်။

အစိုးရအနေနဲ့ထီဆိုင်များက ၀ယ်ယူလျှောက်ထားသည့် PO ၏ ၆ ရာခိုင်နှုန်းသာလျှင် အများဆုံးရောင်းချပေး လေ့ ရှိကြောင်း ထီဆို်င်များက ပြောဆိုသည်။

ထီလက်မှတ် တစောင် အစိုးရထုတ်ဈေး ၂၀၀ ကျပ် ဆိုလျှင် အပြင်ပေါက်ဈေးနှင့် ထီဆိုင်များတွင် ထီတစောင်၏ တန်ဖိုးမှာ အနည်းဆုံး ၂၅၀ ကျပ်မှ ကျပ် ၃၀၀ နှင့် ရောင်းချကြရမှာဖြစ်ပြီး ထီအရောင်းဆိုင်ကြီးများမှ တဆင့်ပြန် ယူရောင်းကြရသော လက်တွန်းလှည်းနှင့် ထီရောင်းသူများ၊ လက်ပွေ့ထီအရောင်းသမားများမှာ ထီတ စောင်လျှင် အနည်းဆုံး ကျပ် ၃၀၀ နှင့်အထက် ရောင်းမှသာ ကိုက်မည်ဖြစ်သည်ဟု ထီအရောင်းဆိုင်ကြီးတဆိုင်မှ အရောင်း တာဝန်ခံ မန်နေဂျာ တဦးက ဆိုသည်။

၎င်းတို့ ထီဆိုင်အပါအ၀င် လက်ရှိ ထီဆိုင်အတော်များများမှာ ကိုယ့်ဆိုင်တွင် လက်ရှိအမြင့်ဆုံး ဆု သိန်း ၅၀၀ ပေါက်မဲပါဝင် ခဲ့ပါက ဆုပေါက်သူအား အပိုဆုကြေးအဖြစ် ဆိုင်မှ သိန်း ၅၀၀ ဆုကြေးပေးသော စနစ်ကို ကျင့်သုံး ကာ ရောင့်းအားမြှင့်တင် နေရခြင်းဖြစ်ကြောင်း၊၂၄၀ ကြိမ်မြောက်မှ စတင်မည့် သိန်း ၁၀၀၀ ပေါက်သူအား အပိုဆု ကြေးအဖြစ် မည်မျှပေးရမည်ကို မစဉ်းစားရသေးကြောင်း၊ လက်ရှိ နှုန်းထားအတိုင်း အပိုဆုကြေးကို ပေါက်ငွေ ပမာဏအတိုင်း ပေးနိုင်ရန်အတွက် ထီဆိုင် များအနေနှင့် ရောင်းအားရှိမရှိ မသေချာနိုင်သေးကြောင်း၊ လက်ရှိ ထီရောင်းအားအခြေအနေမှာ ယခင်နှစ်ကထက် ၃ ပုံ ၁ပုံခန့်အထိ ကျဆင်းနေကြောင်း သူက ဆိုသည်။

“အခု ထီလက်မှတ်ဈေးမြှင့်လိုက်တဲ့အတွက် ထီထိုးတဲ့သူတွေလည်း ထိုးအားကျသွားနိုင်တယ်၊ ပေါက်နိုင်တဲ့ ရာနှုန်းလည်း နည်းလာကြမယ်၊ ထီးရောင်းတဲ့ သူတွေမှာလည်း ငွေအဆများများရင်းနှီးမြှုပ်နှံဖို့အတွက် ငွေလို လာကြလိမ့်မယ်”ဟု ထီဆိုင်လုပ်ငန်းရှင် တဦးက ဆိုသည်။

ထီရောင်းချသူများအနေနှင့်ထီလက်မှတ်တန်ဖိုးငွေ တိုးလာသည့်အတွက် ယခင်ကထက် ငွေရင်းပမာဏများ လာပြီး ငွေအတိုးနှုန်းအနေနှင့်လည်း တန်ဖိုးပမာဏတခု တက်လာမှာဖြစ်ကြောင်း ထိုပမာာဏကို ထီထိုးသူ များကသာလျှင် ကျခံကြရခြင်းဖြစ်ကြောင်း သူက ပြောသည်။

ထီရောင်းအားကောင်းရန်အတွက် ထီဆိုင်များ အပြိုင်အဆိုင်ကြော်ငြာခြင်းနှင့် ထိုကြော်ငြာခတို့အတွက် ကုန်ကျ စရိတ် အသီးသီးကိုလည်း ထီင်္ဝယ်ထိုးသူများကသာ ကျခံနေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အစိုးရထုတ် ထီလက်မှတ်ဈေးနှုန်းမှာ တစောင်လျှင် ၁၀၀ ကျပ်ဖြစ်ပြီး ထီဆိုင်များ ရောင်းချသော လက်ရှိဈေးနှုန်းမှာ အက္ခရာနှင့် အတွဲပေါ်တွင် မူတည်ပြီး အနည်းဆုံးကျပ် ၁၅၀ ဈေးမှ ကျပ် ၂၅၀ ဈေးအထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

အနောက်နိုင်ငံများရှိ မြန်မာစစ်သံမှူးရုံးများကို ပိတ်တော့မည်

NEJ/၂၈ အောက်တိုဘာ ၂၀၀၈

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားငွေ ပြတ်လတ်နေသည့်အတွက် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို မကြာခင် ပိတ်တော့မည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

စစ်အစိုးရသည် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို ပိတ်ပြီး အာဆီယံနိုင်များဖြစ်သည့် စင်္ကာပူနှင့် ဗီယက်နမ် ၂ နိုင်ငံမှာသာ စစ်သံမှူးရုံး ဖွင့်တော့မည်ဟု ရန်ကုန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးကလည်း ပြောသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားငွေ ပြတ်လတ်နေသည့်အတွက် အိန္ဒိယနှင့် နီပေါနိုင်ငံများရှိ မြန်မာသံရုံးများ ပိတ်ရမည့်ကိန်းဆိုက်နေသည့် သတင်းများထွက်ပြီး မကြာခင် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကိုပိတ်ဖို့ စစ်အစိုးရမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းအပြီးတွင် နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်သူ ဆားဗီယားနိုင်ငံနှင့် အခြားနိုင်ငံများသို့သွားရောက်ပြီး ငွေချေးဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု စုံစမ်းသိရသည်။

သီတဂူဆရာတော်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်


Print E-mail
သဲသဲ
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 10:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဗုဒ္ဓဘာသာ သာသနာအကျိုး ဆောင်ရွက်သည့် ထင်ရှားသော ရှင်သူမြတ်များအား ပေးအပ်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တခုကို အိန္ဒိယနိုင်ငံ နာလန်ဒါ ဗုဒ္ဓတက္ကသိုလ်က သီတဂူဆရာတော် ဦးဉာဏိသရအား ယနေ့ ပေးအပ်ချီးမြှင့်လိုက်သည်။

နာလန်ဒါ ဗုဒ္ဓတက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာပက်တို့က သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ နှစ်ရှိ ဆရာတော် ဦးဉာဏိသရသို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

''ဒီဘွဲ့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ချီးမြှင့်တာလဲဆိုရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်တဲ့၊ နိုင်ငံတကာမှာလည်း သိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာပါ။ ဒီဘွဲ့ကို ပထမဆုံး ပေးတာပါ။ သီတဂူဆရာတော်ရယ်၊ ဗီယက်နမ်က ဆရာတော်တပါးရယ်နဲ့ ၂ ပါးကို ချီးမြှင့်တာပါ။ ဆရာတော်က ထေရ၀ါဒဗုဒ္ဓဘာသာ ဆရာတော်အဖြစ် ရပြီး၊ ဗီယက်နမ် ဆရာတော်ကတော့ မဟာယနဗုဒ္ဓဘာသာအဖြစ် ရတာပါ'' ဟု နာလန်ဒါတက္ကသိုလ်မှ စာသင်သား သံဃာတော်တပါးဖြစ်သူ ဦးဉာနောဘာသ က မဇ္ဈိမကို မိန့်ကြားသည်။

''သီတဂူဆရာတော် ဘုရားကြီးက နိုင်ငံတကာမှာ ဟောတယ်၊ ပြောတယ်။ အိန္ဒိယမှာ ရောက်နေတဲ့ စာသင်သား ရဟန်းတော်တွေကိုလည်း နှစ်စဉ် ဒေါ်လာ ၁၀၀ စီ လှူတယ်။ ပြည်တွင်းမှာလည်း သာသနာပြုပြီး လူတွေအကျိုးကို ဆောင်ရွက်နေတာဆိုတော့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီဘွဲ့ကို ပေးတာပါ'' ဟု သူက ထပ်ပြောသည်။

အခမ်းအနားတွင် သီတဂူဆရာတော်ကြီးက ထေရ၀ါဒနှင့်ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဟောကြားခဲ့သေးသည်။

သီတဂူဆရာတော်ကြီးအား အနီးကပ် ကူညီပေးနေသည့် အရှင် ဦးနန္ဒ၀ံသ ''ဒီဘွဲ့တံဆိပ် ဆပ်ကပ်ခံရတာနဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီး သဘောထားကတော့ နာလန်ဒါဆိုတာက တချိန်က ပညာအရာမှာ ဧဒင်္ဂ ရခဲ့တဲ့ ရှင်ဿာရိပုတ္တရာ ကိုယ်တော်မြတ် မွေးဖွားရာ နေရာဖြစ်တဲ့ ဒီလိုနေရာမှာ ဘွဲ့ယူရတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောသွားပါတယ်'' ဟု မိန့်ကြားသည်။

ဆရာတော်သည် မြန်မာနိင်ငံက ချီးမြှင့်သည့် အဂ္ဂမဟာပဏ္ဏိတ ဘွဲ့တံဆိပ်တော်ကို ရရှိပြီးဖြစ်သလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chulalongkorn တက္ကသိုလ်မှ ဒေါက်တာဘွဲ့ Ph.D, D.Lit တခုလည်း ရရှိခဲ့သေးသည်။

သီတဂူ ကုသိုလ်ဖြစ်ဆေးရုံ၊ နိုင်ငံတကာ သီတဂူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ရေလှူဒါန်းရေး စီမံကိန်းကို ထူထောင်ခဲ့သူအဖြစ် ဆရာတော်သည် ကျော်ကြားသည်။ ထို့အပြင် နိုင်ငံပေါင်း ၄၀ ကျော်သို့ လှည့်လည်ကာ ဗုဒ္ဓသာသနာ ပြန့်ပွားရေး ဟောကြားမှုများလည်း လုပ်ဆောင်ခဲ့သည်။

ယခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခကျရောက်ရာ ဧရာဝတီတိုင်းအတွင်း လိုက်လံကာ အကူအညီများ ပေးခဲ့သလို စာသင်ကျောင်း ၅၀ ကျော် ပြန်လည်တည်ဆောက်နိင်ရေး အလှူခံ ကြီးကြပ်ပေးနိုင်ခဲ့သည်။

ဆရာတော်ကြီးအား ပဲခူးတိုင်း သဲကုန်းမြို့တွင် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် ဇာတိကို အစွဲပြုကာ သဲကုန်းဆရာတော်အဖြစ်လည်း လူသိများသည်။

Monday, October 27, 2008

အပစ်အခတ်ရပ်အဖွဲ့များအတွက် မေးခွန်းတခု


Print E-mail
အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 17:57 - မြန်မာစံတော်ချိန်

စစ်အစိုးရအတွက် မပြီးပြတ်သေးသော လုပ်ငန်းတခုလည်း ဖြစ်သည့် ခေါင်းကိုက်စရာတခုမှာ အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး အဖွဲ့များအား လက်နက်ဖြုတ်သိမ်းကာ အလုံးစုံ ထိန်းချုပ်နိုင်ရေး ဖြစ်သည်။

ဒေသတွင်း နိုင်ငံရေး ပြောင်းလဲလာမှုနှင့် ရပ်တည်ရေးတို့ ထိန်းညှိနေရသည့် ငြိမ်းချမ်းရေး အဖွဲ့များတွင်လည်း အတွင်းလွန်ဆွဲမှုများ ပိုမို များပြားလာခဲ့သည်။

ကျေးလက်ဒေသမှ လက်နက်ကိုင် ပုန်ကန်နေသူများနှင့်သာ ရင်ဆိုင်နေရသည့် အခြေအနေမှ မြို့ပြဆန့်ကျင်မှု ကြီးထွားလာသော ၁၉၈၈ ခုနှစ်နှင့် နောက်ပိုင်းကာလတွင် ရန်မီးတဖက် ငြိမ်းစေရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင် ပစ်ခတ်ခဲ့ကြသူများနှင့် ယာယီ အပစ်ရပ်စဲရေး ပြုလုပ်ခဲ့ကြသည်။ တနည်းအားဖြင့်တော့ စစ်အုပ်ချုပ်ရေး တကျော့ပြန်ဝင်လာခဲ့၍ တန်ခိုးထွား စစ်ဗိုလ်ချုပ်ကြီးများ၏ အခွန်အကောက် ဝေစုမျှပေးခြင်းဖြင့် နှစ်သိမ့်ခဲ့ရသည်။

န၀တ-နအဖအတွက် မြို့ပြနေလက်နက်မဲ့ ပုန်ကန်သူများသည် အဓိကပစ်မှတ် ဖြစ်နေခဲ့သည်။

အကျိုးဆက်အဖြစ် အပစ်အခတ်ရပ် ခေါင်းဆောင်အချို့တွင် "တော်လှန်ရေး" ဆိုသည်မှာ ကွယ်ပျောက်ကုန်သော်လည်း ဒေသခံအများစုမှာ တနေ့ကောင်းနိုးနိုးနှင့် မျှော်ကိုးရင်း ပျက်သုန်းရမည့် အခြေအနေကို တွေ့ကြုံနေရသည်။

သေနတ်သံများမှာ နည်းပါးသွားသည် မှန်သော်လည်း တိုင်းရင်းသား လူနည်းစုများအတွက် ၀မ်းမီးပူလောင်မှု ပိုလို့ပင် များလာသေးသည်။ ထွက်ပေါက်အဖြစ် နီးစပ်ရာ နိုင်ငံခြားတိုင်းပြည်များသို့ နောက်ဖေးပေါက်မှ တိုးဝင်ရောက်ကာ အိမ်ရှင်နိုင်ငံသားများ မလုပ်ချင်တော့သည့် အလုပ်များ သွားရောက်လုပ်ကိုင်ကာ အသက်ဆက်နေရခြင်း ဖြစ်သည်။

စစ်အစိုးရအတွက် ဖြစ်သည့်နည်းနှင့် အနိုင်ယူရန် သံဓိဌာန်ချထားသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် "ငြိမ်းအဖွဲ့" အချို့ကို သက်တမ်းတိုးပေးဖွယ် ရှိနေပေသည်။

သို့သော် စစ်အစိုးရအတွက် ဘုရားပြီး ငြမ်းဖျက်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ အချိန်ကာလကိုသာ ရွေးချယ် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ အချိန်ဆွဲကာ ခွဲထုတ်ခြင်းဖြင့် တစစ အင်အား ယုတ်လျော့လာရေး ဘောင်အတွင်းကသာ ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်သည်။

မေးခွန်းထုတ်စရာက ငြိမ်းအဖွဲ့များအနေဖြင့် အစဉ်အလာလိုပင် ဖြစ်နေသည့် တစုတဖွဲ့ အလိုက်သာ ထင်သလို ဖြေရှင်းမည်လား၊ အခြားသူများနှင့် ညှိနိုင်းကာ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင် အဖြေရှာနိုင်လာကြဖွယ်လား ဆိုသည်ပင် ဖြစ်ပေတော့သည်။