Tuesday, December 9, 2008

သောက်ရေသန့်စက်ကို ရောင်းစားရန် အာဏာပိုင်များ ဖြုတ်ယူသိမ်းဆည်း

Monday, 08 December 2008 20:16 ဖြိုးကြီး

နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းထားသည့် သောက်ရေသန့်စက်ကို မြို့နယ်အာဏာပိုင်များက ရောင်းစားရန် ဖြုတ်ယူသိမ်းဆည်းခဲ့သည်။

ဘိုကလေးမြို့ပေါ် ကန်တော်ကြီးသောက်ရေကန်တွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)က လှူဒါန်းထားသည့် ရေသန့်စက်ကို မြို့နယ်(မယက)အာဏာပိုင်များက ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဖြုတ်ယူကာ ရောင်းချရန်ပြုလုပ်နေသည်ကို အလှူရှင်များက မကျေနပ်သဖြင့် ယမန်နေ့က ပြန်ပေးခဲ့ခြင်းဖြစ်သည်။

“အဲဒီရေသန့်စက်ကို ကန်တော်ကြီးဘောင်ဘေးမှာ လှူထားတာ၊ အဲဒါကို (မယက)အဖွဲ့တွေက သိမ်းလိုက်ပြီး ရောင်းစားဖို့လုပ်တာကို (MSF)က လက်မခံဘဲ လိုက်တောင်းတော့ မနေ့က ပြန်ပေးလိုက်တယ်၊ ဒါပေမဲ့ ဘာ ကြောင့် ဖြုတ်သိမ်းရတာလဲဆိုတာကို တာဝန်ခံက မေးတယ်၊ အဲဒါ အခုထိတော့ ပြန်တပ်ဆင်တာ မတွေ့ရသေး ဘူး”ဟု (MSF)ဝန်ထမ်းတဦးက ပြောသည်။

ဘိုကလေးမြို့ပေါ်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် တမြို့လုံး အားထားသောက်သုံးနေရသည့် ကန်တော်ကြီးရေကန်မှာ ညစ်ညမ်းမှုများဖြစ်ခဲ့သည့်အတွက် ဒေသခံများ သောက်သုံးရေအတွက် ရေသန့်စက်ကို (MSF)မှ လှူဒါန်းတပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီကန်တော်ကြီးရေကို မှီတင်းရတဲ့ လူထုက မနည်းဘူးလေ၊ ဘိုကလေးမြို့ပေါ်မှာ တခြားနေရာကရေတွေက သုံးရုံအဆင့်လောက်ပဲ ရတာ၊ သောက်ရေကန်ဆိုတာ အင်မတန်နည်းပါတယ်၊ အားလုံမှီခိုနေရတဲ့ သဘောပါပဲ၊ အဲဒါကို အခုလို ဖြုတ်ယူသွားတော့ မြို့နေလူထုအတွက် ကျန်းမာရေး စိုးရိမ်ရတာပေါ့”ဟု မြို့ခံတဦးက ပြောသည်။

ဘိုကလေးမြို့နေလူထုမှာ အဆိုပါရေသန့်စက်မှထုတ်လုပ်သည့် သောက်ရေသန့်ကို တမြို့လုံးနီးပါး သောက်သုံးနိုင်ရန် လုံလောက်သည့် အတိုင်းအတာရှိကြောင်း မြိ့ခံက ဆက်ပြောသည်။

“အဲဒီစက်က ထုတ်လုပ်တဲ့ရေကို ရေထမ်းသမားတွေက ကယ်ရီလုပ်ပြီး မြို့ထဲမှာ ပြန်ဖြန့်ဝေတယ်၊ ရေထမ်းသမားတွေကို အိမ်ရှင်တွေက တလှည်းကို ဘယ်လောက်နှုန်းဆိုပြီး ပေးထားတာ၊ ကိုယ့်ဟာကိုယ် သွားယူမယ်ဆိုရင်လဲ အခမဲ့ယူလို့ရတဲ့ ကိစ္စပါ၊ ရေသန့်စက်က တမြို့လုံးသုံးလို့ ရတဲ့ အနေအထားလောက်ကို သူတို့က လုပ်ပေးထားတာ”ဟု ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြစ်ဝကျွန်းပေါ် ပင်လယ်ပိုင်းဒေသများတွင် သောက်သုံးရေအခက်အခဲ အကြီးမားဆုံး ကြုံတွေ့ခဲ့ရပြီး မသန့်ရှင်းသည့် ရေများကို သောက်သုံးသဖြင့် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျောရောဂါများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားခဲ့ရသည်။

အရှင်ဂမ္ဘီရ ကျန်းမာရေးအခြေအနေကို မိသားစုဝင်များစိုးရိမ်နေ

E-mail Print

ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်သည့် သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။

အရှင်ဂမ္ဘီရသည် ထောင်တွင်းဆေးရုံတွင် ရင်ကြပ်ရောဂါကို ထိရောက်စွာ ဆေးကုသခွင့်မရခဲ့ သဖြင့် ယခုကဲ့သို့ အလွန်အေးသည့် ခန္တီးထောင်သို့ ပို့ဆောင်လိုက်ခြင်းအပေါ် မိသားစုဝင်များက အလွန်စိုးရိမ်နေကြခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရနှင့် မိသားစု

“ဦးဇင်းက ထောင်ဆေးရုံမှာ အာရုံကြောရောဂါက ဆေးကောင်းကောင်းလဲ ကုခွင့်မရဘူး၊ ရင်ကြပ် ချောင်းဆိုးရောဂါအခံက နဂိုကတည်းကရှိတော့ အခုလို ခန္တီးထောင်ကိုပို့တယ်ဆိုတော့ အေးကလဲအေးနဲ့၊ ပြီးတော့ သူ့ရဲ့ အဝတ်အထည်ပစ္စည်းတွေ ဘာမှလဲ ယူသွားခွင့်မရတော့ သူ့ ကျန်းမာရေးကို အရမ်းစိုးရိမ်နေတာ” ဟု မိသားစုဝင်တဦးက ပြောသည်။

အရှင်ဂမ္ဘီရကို ယမန့်နေ့ နေ့လည် (၁) နာရီခွဲခန့်က လေယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ် သည်ဟု ယူဆရကြောင်းနှင့် ထောင်ထဲတွင် လေ့လာနေသည့် စာအုပ်စာတမ်းများနှင့် အခြား ပစ္စည်းအသုံးအဆောင်များကို ယူဆောင်သွားခွင့်မပြုကြောင်း မိသားစုဝင်က ပြောသည်။

“ဦးဇင်းရဲ့မယ်တော်လဲ လောလောဆယ် ရန်ကုန်ကို ရောက်နေတယ်၊ အဲဒီသတင်းကြားတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့၊ ခမည်းတော် ဦးမင်းလွင်ကလဲ ကျန်းမာရေးစစ်တော့ ဆီးချို ရောဂါရော ဦးဇင်အတွက် စိတ်ဆင်းရဲရတာရောဆိုတော့ တော်တော်ကို စိတ်ထိခိုက်ပြီး အခု မိထ္တီလာကို ပြန်သွားပြီ”ဟု မိသားစုဝင်က ဆက်ပြောသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အရှင်ဂမ္ဘီရ၏ အစ်ကိုတော် ကိုအောင်ကျော်ကျော် ကိုလည်း တောင်ကြီးထောင်သို့ ပြောင်းရွှေ့လိုက်ပြီး မိဘနှစ်ပါးအား အနီးကပ်စောင့်ရှောက်နေ ရသည့် ကိုအောင်ကိုကိုလွင်ကိုလည်း စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့သည်။

“အခု ဦးဇင်းရဲ့အစ်မ ခင်သူဌေးကလဲ မီးဖွားထားတာက ရက်ပိုင်းပဲရှိသေးတော့ သူတို့ ထောင်ဝင်စာသွားတွေ့ဖို့နဲ့ ဦးဇင်းရဲ့ မယ်တော်၊ ခမည်းတော်တွေကို စောင့်ရှောက်ဖို့ဆိုတာ တော်တော် ခက်ခဲတယ်၊ အရင်က သူပဲ ကိုယ်ဝန်ကြီးနဲ့ ထောင်ဝင်စာသွားတွေ့၊ ပါဆယ်ပို့လုပ်ပေးနေတာ၊ သူယောင်္ကျား ကိုမိုးထက်လျှံကလည်း အောင်ကိုကိုလွင်တို့နဲ့အတူ အဖမ်းခံထားရတော့ တမိသားစုလုံး အရမ်းဒုက္ခရောက်နေတယ်”ဟု မိသားစုအခြေအနေကို ဆက်ပြောသည်။

အရှင်ဂမ္ဘီရ၏ မယ်တော်ဖြစ်သူ ဒေါ်ရေးက မည်သည့်အခြေအနေဖြစ်ဖြစ် သားဖြစ်သူများကို ထောင်ဝင်စာသွားတွေ့မည်ဖြစ်ကြောင်းနှင့် လုံးဝ စိတ်ဓါတ်ကျသွားမည်မဟုတ်ကြောင်း ပြောဆို သည်။

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရကို ပြီးခဲ့သည့်လ (၁၉) ရက်နှင့် (၂၁) ရက်နေ့များ တွင် ကြည့်မြင်တိုင်၊ ကမာရွတ်၊ အလုံမြို့နယ်များမှ စွဲဆိုထားသည့် အမှုပေါင်း (၁၆) ခုတို့ဖြင့် အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် (၆၈) နှစ် ချမှတ်လိုက်ပြီးနောက် ယခုကဲ့သို့ မိသားစုနှင့်အလွန်ဝေးသည့် ခန္တီးထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။


လျို့ဝှက်ပေါက်ကြားခဲ့သော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မိန့်ခွန်း

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 04 2008 16:54 - မြန်မာစံတော်ချိန်

လျို့ဝှက်ပေါက်ကြားလာခဲ့သော သဘောထား တင်းမာသော နအဖအဖွဲ့ဝင်တဦးဟု ကျော်ကြားသော ပြည်ထဲရေးဝန်ကြီး၏ ဌာနတွင်း မိန့်ခွန်းကို မဇ္ဈိမက လက်ခံရရှိခဲ့ရာ ပြန်လည် ဖော်ပြလိုက်ရပါသည်။

ပြည်ထဲရေးဝန်ကြီး ပြောကြားသည့် မိန့်ခွန်း

စက်တင်ဘာ အရေးအခင်းနောက်ပိုင်း ဘာလုပ်သလဲဆိုလျှင် ဖြစ်လာသည့် Riot အားလုံးကို စစ်တပ်ဖြင့် နှိမ်နင်းခြင်းသည် International Law အရ တရားမဝင်ဟု ကမ္ဘာ့ အသိုင်းအဝိုင်းက ထောက်လာခြင်း ဖြစ်ကြောင်း၊ International တွင် ယခင်က တပ်မတော်က အုပ်ချုပ်နေသည်မှာ ပါကစ္စတန်၊ ဆူဒန်၊ မြန်မာ စသည့် (၃) နိုင်ငံသာ ကျန်တော့သည့် အနေအထားမှ ယနေ့အခြေအနေတွင် မြန်မာနိုင်ငံတစ်ခုသာ ကျန်တော့သည့် အနေအထားဖြစ်ကြောင်း၊ ထိုအနေအထား အခြေအနေတွင် Riot ကြောင့် နိုင်ငံတွင်းမှာ ဆူပူမှုအားလုံးကို တရားဥပဒေစိုးမိုးမှု လုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် တာဝန်ယူပြီး ရှင်းရမည်ဆိုသည့် အနေအထားကြောင့် ရဲတပ်ရင်းများကို ပြန်လည် ဖွဲ့စည်းရသည့် အနေအထားနှင့် လက်နက်များ ပြန်လည်တပ်ဆင်ခြင်း၊ လိုအပ်သည့် အကြမ်းဖက်ဆိုင်ရာ ပစ္စည်းများ၊ လက်နက်ခဲယမ်းများက အစ ပြင်ဆင်၍ စက်ပစ်ကွင်းသို့ မိမိကိုယ်တိုင်သွားရောက်ပြီး ပြင်ဆင်လုပ်ကိုင်ရသည့် အနေအထားဖြစ်ကြောင်း

ဆက်လက်၍ ပြောကြားရာတွင် နောက်အနာဂတ်မကြာမီ ရောက်တော့မည့် (၂) နှစ်ကာလအတွင်းတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရသည့် အပိုင်းတွင် မိမိဝန်ကြီးဌာနအနေဖြင့် မိမိတို့ ရှေ့တန်းရောက်လာပြီဟု ပြော၍ရကြောင်း၊ ထို့အတူ တာဝန်ပိုင်းနှင့် ပတ်သက်ပြီး အရာရာသည် တရားဥပဒေစိုးမိုးရေး အပိုင်းကို ရဲ၊ ထွေ/အုပ်တို့ဖြင့် ဖြေရှင်း၍ တရားဥပဒေကြောင်းအရ စီးပွားရေးအပိုင်းတွင် တစစဖြင့် ရှင်းပြီး အကျဉ်းပိုင်းတွင် ဥပဒေကြောင်း အရ ဖြစ်အောင် လုပ်မည်ဆိုသည့် ဥပဒေလမ်းကြောင်းကို ရှေ့ကတင်ပြီး လုပ်မည် ဆိုသည့် အနေအထား အခြေအနေမျိုးဖြစ်ကြောင်း

ဌာနကြီး (၄) ခုက လုပ်သည့် လုပ်ငန်းအားလုံးတို့သည် တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီရမည် ဖြစ်ကြောင်း၊ အစွန်းထွက်၍ မရသည်ကို ဌာနမှူးများက သိကြောင်း၊ ဌာနမှာရှိသည့် အမျိုးသမီးများက မသိကြောင်း

မိမိသည်ပင်လျှင် ရုံးခန်းထဲမှာနေပြီး တစ်ပတ်အတွင်း လုပ်ခဲ့သည့် လုပ်ငန်းတစ်ခုကို ပြန်ပြီး ပြောရလျှင် မနက် (၅) နာရီခွဲခန့်ထပြီး ဝင်လာသည့် စာများကို ပြတ်အောင် ရှင်းရကြောင်း၊ မြန်မာပြည်ကို တစ်ခုလုံး ဘာထူးသည်ကို ကြည့်ရကြောင်း၊ ပြီးလျှင် Briefing သွားလုပ်ရကြောင်း၊ (၁) နာရီခွဲ (၂) နာရီခန့်မှ ပြန်လာရကြောင်း၊ နေ့ခင်းပိုင်း Briefing ပြန်လုပ်ပြီး စာများ ရှင်းရကြောင်း၊ ထိုကြားထဲ အစည်းအဝေးခေါ်လျှင် သွားရကြောင်း၊ Cabinet တွင်လည်း (၁၂) နာရီခွဲ၊ (၁) နာရီ ပုံမှန်ဖြစ်နေကြောင်း။

ယနေ့ နိုင်ငံတကာ အခြေအနေ ဆက်ဆံမှု အားလုံးသည် ပြည်တွင်းသို့ ရောက်လာကြောင်း၊ ပြည်တွင်းမှာ လှုပ်ရှားဆက်ဆံမှု အားလုံးသည် နိုင်ငံရေးအရ လှုပ်ရှားမှု၊ စီးပွားရေးအရ လှုပ်ရှားမှု၊ လူမှုရေးအရ လှုပ်ရှားမှု၊ အုပ်ချုပ်ရေးအရ လှုပ်ရှားမှု၊ အားကစားရေးအရ လှုပ်ရှားမှု စသည့် လှုပ်ရှားမှုများအားလုံးသည် ပြည်တွင်းကိုလာပြီး နိုင်ငံတကာ၏ Idea, Philosophy နိုင်ငံတကာ၏ စွပ်စွဲချက်အားလုံးသည် ပြည်တွင်းသို့ ရောက်လာသည့်အခါ အရပ်သားအားလုံးသည် ထိုအတိုင်းစီ၍ လှုပ်ရှားလာကြခြင်း ဖြစ်ကြောင်း၊ အရပ်သားဟု ဆိုရာတွင် သာမာန်ယောက်ျား၊ မိန်းမ၊ ဘုန်းကြီး၊ မယ်သီလ၊ အလုပ်သမားများ ပါကြောင်း၊ မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် လူဦးရေ ၅၄ သန်းလုံးသည် ၎င်းကိုမှီပြီး လှုပ်ရှားလာသည့် အတွက်ကြောင့် နိုင်ငံတကာ အခြေအနေ မည်သို့ရှိသည်ကို အကြမ်းဖျင်းသိရန် လိုအပ်ကြောင်း

ယနေ့ကမ္ဘာကိုကြည့်လျှင် အမေရိကန် ကြီးစိုးရေးဝါဒသည် အမြဲတမ်း ရှိနေကြောင်း၊ ၎င်း၏ ပေါင်းထားသည်မှာ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် ဖြစ်လာသည့် အခြေအနေဖြစ်ကြောင်း၊ ယခင်က အမေရိကန်၊ အင်္ဂလိပ်၊ သြစတြေးလျှ ဦးစီးသည့် အနောက်အုပ်စု ဂျာမနီ စသည်ဖြင့် ဦးစီးခြင်းမျိုး ရှိနေသကဲ့သို့ EU ကလည်း သတ်သတ်ရှိကြောင်း၊ ယနေ့ EU သည် ထိုပုံစုံမျိုး မဟုတ်ဘဲ ၂၇ နိုင်ငံသည် ဥရောပတွင် Union ခေါ်သည့် ၂၇ နိုင်ငံမှ ၎င်းသွားကပ်ကြောင်းကို နားလည်ရန် လိုအပ်ကြောင်း၊ ယနေ့ နိုင်ငံများကို ပြန်ကြည့်ပါက အမေရိကန် ဦးစီးသည့် အနောက်အုပ်စု၊ ရုရှအုပ်စု၊ ကျန်သည့် ၁၅ ပြည်နယ် အုပ်စု၊ ရုရှထဲက တစ်ပိုင်းကွဲပြီး NATO Series ထဲဝင်သွားပြီးတော့မှ EU ခေါ်သည့် အုပ်စုဆိုပြီး ဥရောပ Union နှင့် ပေါင်းသွားသည့် နိုင်ငံများ၊ အာဖရိကနိုင်ငံတွင်လည်း အာဖရိကယူနီယံဆိုပြီး တစ်ဖွဲ့ရှိကြောင်း၊ ထို့အပြင် အရှေ့အလယ်ပိုင်းအာရပ်များဖြစ်သော အနောက်ကုလားအုပ်စုတစ်စုရှိကြောင်း၊ ဒီဘက်မှ ပြန်ကြည့်ပါက အန္ဒိယ၊ တရုတ်၊ ရုရှား၊ စသည့်ဖြင့် အုပ်စုတစ်စုရှိကြောင်း၊ ဂျပန်သည် အမေရိကန် အုပ်စုဖြစ်ကြောင်း ၎င်းတို့မှာ အုပ်စုအနေအထား အကြမ်းဖျင်းဖြစ်ကြောင်း၊ အမေရိကန် အုပ်စုအပြင် EU အုပ်စုက သွားပြီးပေါင်းနေသည့် အနေအထားဖြစ်ကြောင်း သူ့ဟာသူ ပေါင်းနေခြင်းသည် အကြောင်းမဟုတ်သော်လည်း မြန်မာနိုင်ငံသည် ပစ်မှတ်ဖြစ်နေကြောင်း၊ တစ်အချက်သည် စစ်အစိုးရ အုပ်ချုပ်သည့် နိုင်ငံဖြစ်ခြင်းနှင့် မြန်မာသည် တွန်းလှည်းလေးကဲ့သို့ သူတို့အနေဖြင့် မြင်နေကြကြောင်း Issue တင်လိုက်ပါက လူအားလုံးသည် စိတ်ဝင်စားနေကြကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံကို အကြောင်းပြပြီး International မှာ လူများနိုင်ငံကို လုပ်စားလာကြသည့် အနေအထားဖြစ်ကြောင်း၊ အာဆီယံ၊ တရုတ်၊ အန္ဒိယ တို့၏ အနေအထားတွင် တစ်ပိုင်းက ပြန်ကြည့်ပါက အမေရိကန်သည် အားကြီးလာသဖြင့် စီးပွားရေးအရ စစ်ရေးအရ အားကြီးလာသည့် နိုင်ငံဖြစ်သဖြင့် ယနေ့အနေအထားအရ ရုရှား ကလည်း သီးခြားမယှဉ်နိုင်၊ တရုတ်ကလည်းသီးခြားမယှဉ်နိုင်၊ ကုလားကလည်း သီးခြားမယှဉ်နိုင်ကြသည့် အနေအထားဖြစ်သဖြင့် အမေရိကန်ကို ယှဉ်ရန် ရုရှား၊ တရုတ်၊ အန္ဒိယပေါင်းပြီး အမေရိကန်၏ လွမ်းမိုးမှုကို ပြန်ပြီး ယှဉ်နိုင်အောင် လုပ်ရသည့်ကာလဖြစ်ကြောင်း၊ အမေရိကန် အပိုင်းကို ပြန်ကြည့်ပါက ၎င်းသည် အမေရိကန်အုပ်စု၊ EU အုပ်စု၊ ဂျပန်အုပ်စု၊ ကိုရီးယားအုပ်စု စသည်ဖြင့် အမေရိကန် အုပ်စုဖြစ်ကြကြောင်း၊ ပတ်ဝန်းကျင်ကြည့်သည့်အခါ အမေရိကန်ဘက်လိုက်သားများ ဖြစ်နေကြသည်ကို မြင်အောင် ကြည့်တတ်ဖို့ ဖြစ်ကြောင်း၊ နားလည်အောင် ပြန်ကြည့်လိုက်ပါက အာဆီယံ အုပ်စုထဲတွင် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဒီဘက်က ကြားထဲက လွတ်နေတာက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံလောက်သာ မြန်မာနိုင်ငံနှင့် In Line ဖြစ်သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်ကို ကပ်ရမှာဖြစ်ကြောင်း၊ တရုတ်ကို ကပ်ရသည့် အကြောင်းရင်းမှာ လက်ရှိ အစိုးရအနေဖြင့်လည်း တရုတ်က မျက်နှာသာပေးနေလို့၊ တရုတ်နှင့် ပေါင်းစည်းနေလို့ တရုတ်ကို Back ကစ လုပ်ပြီးတော့ ဝန်ကြီးကပြောသည်ဟု ခင်ဗျားတို့ စိတ်ထဲမှာ ထင်ကောင်း ထင်ကြလိမ့်မည် ဖြစ်ကြောင်း၊ အမှန်မှာ မဟုတ်ကြောင်း၊ လက်ရှိ ယနေ့ ကမ္ဘာတွင် တစ်ဦးတည်း ရပ်တည်၍ မရတော့ကြောင်း၊ တစ်ပိုင်းက လုပ်လာသည့် Plan ကို ပြန်ပြောရမည်ဆိုပါက အမေရိကန်သည် မြန်မာနိုင်ငံကို ထိမ်းချုပ်ရန်အတွက် မြန်မာနိုင်ငံသည် ကမ္ဘာမှာ တစ်နိုင်ငံတည်း ရပ်တည်၍ မရသည့်အတွက် ASEAN Group, EU Group နောက် ရုရှား Group ဟိုဘက်က အမေရိကန် Group တွင် အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ စသည့် နိုင်ငံများပါကြောင်း၊ ထိုကဲ့သို့ အုပ်စုများကွဲနေကြရာ မြန်မာနိုင်ငံသည် မည်သည့်အတွက်ကြောင့် တရုတ်ကို ကပ်ရသနည်းဆိုသည်ကို အနည်းငယ် ရှင်းပြလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် မည်မျှပင်ကြီးကြီး၊ မည်မျှပင်ငယ်ငယ်၊ မည်မျှပင်ချမ်းသာ ချမ်းသာ တိုက်ရိုက် ကျူးကျော်ချင်သလို ကျူးကျော်၍ မရကြောင်း၊ ၎င်းကို မည်သို့ ချုပ်သည်ဆိုလျှင် ယနေ့ ကုလသမဂ္ဂနှင့် ကုစားရမည်ဖြစ်ကြောင်း၊ UN တွင် ၁၉၂ နိုင်ငံရှိရာ ထိုအထဲတွင် ကော်မတီအလိုက်၊ ကဏ္ဍအလိုက် လုံခြုံရေးကို ကိုင်သည့် UN လုံခြုံရေး ကောင်စီရှိကြောင်း၊ လူမှုရေးကို ကိုင်သည့် ကောင်စီရှိကြောင်း၊ အလုပ်သမားကို ကိုင်သည့် ကောင်စီရှိကြောင်း၊ ပညာရေးကို ကိုင်သည် UNESCO ရှိကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် ယနေ့ International တွင် သုံးခုသာရှိကြောင်း၊ တစ်အချက်က နိုင်ငံရေးနှင့် လုံခြုံရေးကို ကိုင်သည့် Motion တစ်ခု၊ စီးပွားရေး ကိုင်သည့် Motion တစ်ခု၊ လူမှုရေးကိုင်သည့် Motion တစ်ခု ရှိလာကြပြီ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကဏ္ဍ (၃) ရပ်နှင့် ကိုင်သည့်အပိုင်းတွင် အမေရိကန်သည် မြန်မာနိုင်ငံကို တိုက်ရိုက် တက်လာသည်မှာ ဘာလဲဆိုလျှင် လေ့လာသည့် လူများ သိလိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့မြေပုံကို ကြည့်သည့်အခါ တရုတ်နိုင်ငံ လွတ်လပ်ရေးရချိန်မှ ချန်ကေရှိတ် အစိုးရ ခိုင်ရန်အတွက် ယနေ့ တရုတ်ဘေးတွင် တရုတ်ဖြူ စိုက်ထားသည့် ထိုင်ဝမ်ဆိုတာ ရှိကြောင်း ပြောကြား။

ထိုင်ဝမ်သည် အမေရိကန်ရေတပ် Base ထားပြီးလျှင် တရုတ်ကို ပိတ်ထားသည့် အနေအထား ဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းသည် ယနေ့ တရုတ်ပြည်မကြီး၏ ယနေ့ အနေအထားအရ နှစ်နိုင်ငံမရှိပဲ One China ဖြစ်ရမည်ဟု မြန်မာကလည်း ထောက်ခံထားကြောင်း၊ ၎င်းက ပင်မသည်လည်း ထိုအရာပင်ဖြစ်ကြောင်း၊ ထို Issue သည် အမြဲရှိနေမည့် Issue ဖြစ်ကြောင်း၊ နောက် သူ့ဘေးကို ပြန်ကြည့်လျှင် ဂျပန်သည် အမေရိကန် ရေတပ်ခံထားကြောင်း၊ Pro အမေရိကန် ဖြစ်ကြောင်း၊ အမေရိကန်က ဖြူလျှင်ဖြူပြီး အမေရိကန်က မဲလျှင် မဲသည် ဆိုသည့် အနေအထားဖြစ်ကြောင်း၊ အောက်ဖက်ကို ပြန်ဆင်းလာလျှင် တရုတ်ပြည်နှင် ဆက်နွယ်သည့် မြောက်ကိုရီးယား၊ တောင်ကိုရီးယားရှိကြောင်း၊ တောင်ကိုရီးယားတွင် မြို့လယ်တွင် Base လုပ်ပြီး အမေရိကန်စခန်း ဌာနချုပ်ကြီး ဖွင့်ထားသည့် အခြေအနေဖြစ်ကြောင်း၊ ၎င်းနောက်ပြန်လည့်လျှင် စင်္ကာပူကို တွေ့ရမည်ဖြစ်ကြောင်း၊ စင်္ကာပူကလည်း အမေရိကန်၏ တပည့်ပင်ဖြစ်ကြောင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းစသည့် နိုင်ငံများအားလုံးသည် အမေရိကန်နှင့် ပတ်သက်ပြီး Base လုပ်ထားသည့် နိုင်ငံများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်သွားပြီဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် အမေရိကန် ရေတပ်၏ ထောက်ပံ့မှု၊ အမေရိကန်၏ ပံ့ပိုးမှုဖြင့် နေလာသည့် နိုင်ငံဖြစ်ကြောင်း၊ ဒုက္ခသည်နိုင်ငံဆိုပြီး မြန်မာနိုင်ငံကို ၂ဝ၁ သန်းပြီးခဲ့သည့် နာဂစ် ကိစ္စအတွက် EU က ပေးရန် လုပ်နေသည်မှာ မနေ့က သတင်းစာတွင် ဒေါ်လာ ၈၁ သန်း၊ ၆၆ ရာခိုင်နှုန်း ရသွားပြီဖြစ်ကြောင်း၊ သူတို့နိုင်ငံတွင် ဘင်္ဂလားဒေ့ရှ် ရေဘေးဖြစ်စဉ်က သန်း ၂ဝဝ၊ သန်း ၄ဝဝ ကို အမေရိကန် နိုင်ငံအနေဖြင့် ပေးချင်လျှင် ပေး၍ရသည့် အနေအထားဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အန္ဒိယနိုင်ငံသည် လက်ဝဲလည်းမဟုတ်၊ လက်ယာလည်းမဟုတ်သည့် နိုင်ငံဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ ဖြစ်သော်လည်း မည်သည့် NGO အဖွဲ့မှ မရှိကြောင်း၊ အိန္ဒိယပြီးလျှင် ပါကစ္စတန်နိုင်ငံသည်လည်း လုံးဝ အမေရိကန်တပည့် ဖြစ်ကြောင်း၊ အနုမြူလက်နက် ပိုင်ကြသည့် အနေအထား အခြေအနေမျိုး ဖြစ်ကြောင်း၊ အာဖကန် နစ္စတန် နိုင်ငံသည် စစ်ရေးကို အကြောင်းပြုပြီး အမေရိကန် ခြေကုတ်ရရှိသွားသည့် နိုင်ငံဖြစ်ကြောင်း၊ ထိုအနားတွင် ဆက်နေသည့် တိဘက်သည်လည်း တရုတ်က ခေါင်းဆောင် ဒလိုင်းလားမား ထွက်ပြေးသွားသည့် အတွက်ကြောင့် လက်ရှိတရုတ်က အုပ်ချုပ်မှုယူထားပြီး အမေရိကန်က လက်ရှိ အမြဲတမ်းထိုးဖောက်နေသည့် အနေအထားဖြစ်ကြောင်း၊ တရုတ်ကို ပတ်ထားသည့် မွန်ဂိုလီးယားတွင် ဆန္ဒပြမှု လက်ရှိဖြစ်နေပြီ ဖြစ်ကြောင်း၊ CIA ဝင်နေသည့် အနေအထား အခြေအနေမျိုး ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ China Containment Policy စီးပွားရေးအရ၊ နိုင်ငံရေးအရ တရုတ်ကို ထိန်းချုပ်ရမည်ဆိုသည့်အခါမှာ လွတ်ပေါက်သည် မြန်မာနိုင်ငံ တခုတည်းသာ ရှိကြောင်း၊ ထို့ကြောင့် Gas ဝယ်ယူနေခြင်းများမှာလည်း အလကား ဝယ်နေခြင်း မဟုတ်ကြောင်း၊ မိမိတို့ဘက်ကို ယူနန်-မန္တလေး၊ အန္ဒိယကို ဖောက်မည်၊ ကျောက်ထုဆိပ်ကမ်းကို ဖောက်မည်ဆိုသည့် ကိစ္စများမှာ ထိုပင်လယ်ထွက်ပေါက်ကို လာနေကြသည့် အနေအထားဖြစ်ကြောင်း၊ ထိုင်းကနေ ဖောက်ပြီးလျှင် ထားဝယ် ရေတပ်ဆိပ်ကမ်းကို ဖောက်ရန်အတွက် ဆင်ဖြူတိုင်၊ မင်းသမီးကို ဖောက်ပြီး ဆိပ်ကမ်းကြီး လုပ်ရန်အတွက် သဘောတူ လိုက်ပြီဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ ပင်လယ်ထွက်ပေါက် ရှိနေခြင်း၊ သဘာဝဓာတ်ငွေ့ ထွက်နေခြင်းများသည် ၎င်းတို့အတွက် ပစ်မှတ်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် လောင်စာဆီ Crisis ဖြစ်ကြသည့် အနေအထားဖြစ်ကြောင်း၊ လောင်စာဆီ Crisis ဖြစ်နေခြင်းမှာ အမေရိကန်ကြောင့် ဖြစ်နေခြင်းဖြစ်ကြောင်း၊ အာရှ အရှေ့အလယ်ပိုင်းက အိုပက်တို့ မည်မျှပင်ထွက်ထွက် ရေနံနှင့် ပတ်သက်လာလျှင် ရေနံကို ရှာသည်မှာလည်း အမေရိကန်ပင်ဖြစ်ကြောင်း၊ ရေနံထုတ်ခြင်းနှင့် ချက်ခြင်းမှာလည်း အမေရိကန် ကုမ္ပဏီများမှပင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ရောင်းသည့် ကုမ္ပဏီများအားလုံးသည် အမေရိကန် ကုမ္ပဏီများက ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း၊ ရှင်းရှင်း ပြောရလျှင် ၎င်းတို့ ဈေးကစားနေခြင်း ဖြစ်ကြောင်း၊ ထို Crisis ကိုယူပြီး နိုင်ငံရေး စီးပွားရေး လူမှုရေးကိုပါ အဖွဲ့ဖွဲ့ပြီးမှ လုပ်နေကြသည့် အနေအထားဖြစ်ကြောင်း၊ ယနေ့ အမေရိကန် ကျင့်သုံးနေသည်မှာ ဘာလဲဆိုလျှင် Humanitarian သည် လူတစ်ဦးချင်းကို ပြောခြင်း ဖြစ်ကြောင်း၊ လူတစ်ဦးချင်းကို ၎င်းတို့၏ သဘောထားနှင့် ပြောသည့်အခါမှာ လူ့အခွင့်အရေးကို ရှေ့တန်းတင်ရန်အတွက် လုပ်လာသည့် ကာလမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည် အဓိကမှာ နိုင်ငံတကာမှာ ရှိနေသည့် ၎င်းတို့မကြိုက်သည့် အစိုးရကို ဆန့်ကျင့်သည့် အဖွဲ့အစည်း၊ တရားဝင်မြောက်ပေး၍ ရအောင် လုပ်ထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း

အမေရိကန်က သတ်မှတ်သည့် ဥပဒေက မိမိတို့ နိုင်ငံခြားမသွားရ၊ ဘဏ်များတွင် ဒေါ်လာမရှိ၊ Section မရှိ၊ ဒေါ်လာ ဖြတ်ပိုင်ခွင့်မရှိ၊ စီးပွားရေးနှင့် ပတ်သက်၍ သွင်းကုန်ထုတ်ကုန်များ ပိတ်ကြောင်း၊ မည်မျှပိတ်ပိတ်၊ ၎င်းနိုင်ငံတစ်ခု၏ ဥပဒေနှင့် လုပ်တာ ဖြစ်ကြောင်း၊ မိမိတို့ မလိုက်နာ၍ ရကြောင်း၊ ဒေါ်လာဖြတ်ပိုင်ခွင့် မရှိကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ သွင်းကုန်/ထုတ်ကုန်များ ပိတ်တာတွေရှိကြောင်း၊ မည်မျှပိတ်ပိတ် ၎င်းနိုင်ငံ၏ ဥပဒေနှင့် လုပ်တာဖြစ်ကြောင်း၊ မိမိတို့ မလိုက်နာ၍ ရကြောင်း၊ သို့သော် UN ကို ၎င်း ၂ ခု Issue တင်တဲ့ အချိန်မှာ တစ်ပိုင်းက လုံခြုံရေးကောင်စီမှာ လေ့လာသူများ သိလိမ့်မည် ဖြစ်ကြောင်း၊ Presidential Statement လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံရှိကြောင်း၊ ကျန်သည့် (၁ဝ) နိုင်ငံသည် နိုင်ငံသေးသေးကြီးကြီး ၁၉၂ အနုတ် ၅ ထဲက နိုင်ငံများသည် အလှည့်ကျ၊ အနှစ် (၅ဝ) ကို တစ်ကြိမ် ပါဝင်နိုင်အောင် သက်တမ်း (၂) နှစ်ရှိသည့် Non Permanence ၎င်းတို့က ပါမစ်နစ် (၅) နိုင်ငံ၊ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ တရုတ် ဟူ၍ရှိကြောင်း၊ Non Permanence (၁ဝ) နိုင်ငံရှိကြောင်း၊ ၎င်း (၁၅) နိုင်ငံတို့သည် ဥက္ကဌ တစ်လ တာဝန်ယူရကြောင်း၊ ၎င်း တစ်လ Timing ယူပြီးမှ အဆိုတင်ရကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ ILO/UNESCO တို့နှင့် ချိတ်ပြီး သွင်းကြောင်း၊ Presidential Statement သည် ယူခုနှစ်ကြိမ်ထုတ်ပြီးကြောင်း၊ Presidential Statent သည် Non Binding သည် ဘာမျှမလုပ်လည်းရကြောင်း ပုံစံအားဖြင့်ရှိကြောင်း၊ ၎င်းတွင် တိုက်တွန်းချက်၊ နှိုးဆော်ချက်၊ သတိပေးချက်များရှိကြောင်း၊

ယခုလုပ်နေသည်မှာ မပြင်းထန်သော်လည်း နောက်တွင် မြန်မာကို သိုးမည်းလေး တစ်ကောင်လို လုပ်ရန် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံမှာ UN ၏ အားကိုးယူ၍ လုပ်တော့မည့် အနေအထား ဖြစ်ကြောင်း၊ မိမိတို့သွားမည့် Seven Step သည် ၂ဝ၁ဝ နှစ်စမှာ ဖြစ်ကြောင်း၊ တစ်နှစ်ခွဲခန့် အချိန်သာ ကျန်တော့ကြောင်း၊ ၎င်းအချိန်အတွင်း အရပ်သားအစိုးရကို အာဏာလွဲရမည် ဖြစ်ကြောင်း၊ UN Site နှင့်လာပြီး ၎င်းကိစ္စကို လုပ်ကိုလုပ်တော့မည့် အနေအထား အခြေအနေမျိုး ကြုံနေရပြီးဖြစ်ကြောင်း၊ International ပတ်သက်၍ ယနေ့လုပ်ကြမည် ဆိုတာ မည်သို့ဖြစ်မလဲဟု ပြောကြရရင် နိုင်ငံတော်အစိုးရမှာလဲ အကြပ်အတည်း ဆိုသည်မှာရှိကြောင်း၊ မိမိတို့သည် ယနေ့လုပ်နေကြသည့် ရည်မှန်းချက်မှာ မီးစင်ကြည့် ‘က’ ကြရမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့၏ မူကိုတော့ မပြောင်းနိုင်ကြောင်း

ပထမဆုံး အခြေခံယူသည်မှာ အင်ဒိုနီးရှားနှင့် ပတ်သက်၍ နိုင်ငံတော်တွင် သံတမန်တစ်ယောက်၊ သံတမန်ဆိုသည်မှာ အဆင့်မမြင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံကို လက်ခံလိုက်ပြီး ဆိုကတည်းက နိုင်ငံ၏ ကိုယ်စား အခြေပြုထားသည့် အခွင့်အရေး International Rights အရ ရသင့်ရနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် အင်ဒိုနီးရှားမှာလည်း သံအမတ်ကြီး ရုတ်သွားကြောင်း၊ သံအမတ်ကြီးသည် သက်တမ်းကုန်၍ ခေါ်သွားခြင်းဖြစ်ကြောင်း၊ မြန်မာကလည်း သက်တမ်းကုန်၍ ခေါ်လာသည့် အပိုင်းဖြစ်ကြောင်း၊ EU မြန်မာက အင်ဒိုနီးရှားသံအမတ်ကို လက်ခံလိုက်ပြီ ဆိုသည်ကို မြန်မာ နယက က ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ပြီး လက်ခံလိုက်လျှင် ပြတ်ကြောင်း၊ ၎င်းတို့က မပြတ်ကြောင်း၊ အစိုးရက ဦးဥာဏ်လင်းကို Nominate လုပ်ပြီး အစိုးက သဘောတူသော်လည်း လွတ်တော်က သဘောမတူကြောင်းဟု ပယ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးဥာဏ်လင်းကို သံအမတ်အနေဖြင့် မခန့်အပ်ဘဲ အာဆီယံ ကိုယ်စားလှယ်ဟူ၍ ဖြစ်သွားကြောင်း၊ ယခုအခါ မြန်မာနိုင်ငံကနေပြီး မြန်မာနိုင်ငံက အင်ဒိုနီးရှားသံအမတ်ကို လက်ခံလိုက်မှ ဦးဥာဏ်လင်းကို သံအမတ်အဖြစ် လက်ခံလိုက်ကြောင်း၊ EU

နာဂစ်နှင့်ပတ်သက်၍ ပြည်တွင်းကို စကူးတော့မည်ဆိုပါက ‘နာဂစ်’ ကိစ္စပေါ်လာသည့်အခါတွင် အမေရိကန် သင်္ဘောက (၃) စင်း၊ ဗြိတိန်က (၂) စင်း၊ သင်္ဘော ငါးစင်း အုပ်စု၊ ဟယ်လီကော်ပတာ ၃၆ စီးနှင့် ရိက္ခာများနှင့် ရောက်နေကြောင်း၊ အဝတွင် စောင့်နေကြောင်း၊ ဝင်ခွင့်မပေးဘူး၊ လူတွေသေတော့မည်၊ လူတွေသေရန် အလားအလာရှိနေကြောင်း၊ မိန်းမများ၊ ကလေးများ ဘာဖြစ်နေကြောင်း၊ လူများသည် ရေမသန့်၍ အဆိပ်ဖြစ် သေတော့မည် ဖြစ်ကြောင်း၊ ကတ်ဘေးတစ်ခု ထပ်ကြုံတော့မည်၊ နောက်ထပ်တစ်ခါ မုန်တိုင်းတစ်ခုထပ်လာပြီး တိုက်တော့မည်ဆိုသည့် Weather တွေနှင့် ခြိမ်းခြောက်ပြီး လာနေကြသည့် အနေအထားဖြစ်ကြောင်း၊ ဝင်ခွင့်မပေးကြခြင်းသည် အင်ဒိုနီးရှား ဆူနာမီဖြစ်သည့်အချိန်မှာ အမေရိကန်က Pro American ၎င်းတို့၏ ဆရာ ဆူနာမီဘေးကို အမေရိကန်သင်္ဘောက ဝင်ကူပါမည်ဟု နှစ်လလည်း မထွက် သုံးလလဲ မထွက်၊ နောက်ဆုံး (၇) လကြာမှ ထွက်သွားသည့် အခြေအနေမျိုး ဖြစ်ခဲ့ကြောင်း၊ မလိုအပ်တော့ဘူး ထွက်ပါတော့ဆိုပြီး UN ကို တက်ပြီး အကြောင်းကြားမှ ထွက်သွားရသည့် အခြေအနေမျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အဝင်လာသည့် ကာလအတွင်းမှာ အဝင်ခံလိုက်လျှင် သင်္ဘောကပ်ပြီး ရှပ်ပြေးယာဉ်၊ ရဟတ်ယာဉ်နှင့် လူအင်အား (၂ဝဝဝ) ခန့်နှင့် ၎င်းတို့ Facelity နှင့် ဝင်ပြီး ချပေးသွားမှာ ဖြစ်ကြောင်း၊ မထွက်တော့ဘဲ လုပ်စရာ လုပ်ငန်းတွေလုပ်ဖို့ ကျန်သေးကြောင်း၊ Humanitarian လူသားများတွက် ခံစားခွင့်လုပ်ပေးရန် ၎င်းတွင် တာဝန်ရှိပါသည်စု ခြေကုန်ရသွားပြီး မထွက်ဘူးဆိုလျှင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဘာလုပ်မလဲ၊ ၎င်းရွေးကောက်ပွဲတွင် နေဖို့အတွက် အကွက်ချောင်းနေကြကြောင်း

ကမ္ဘောဒီးယား ဟွန်ဆွန်က ပြောသည်မှာ ၎င်းတို့နိုင်ငံမှာ NGO များဝင်လာသည်ကို ခံလိုက်ရသည့်အခါ ၎င်းတို့ယူလာသည့် ပိုက်ဆံ ၎င်းတို့ဖာသာသုံး၍ ပြန်သွားသည့်အခါ ၎င်းတို့နိုင်ငံတွင် အမှိုက်ပုံပဲ ကျန်ခဲ့ကြောင်း၊ တစ်ပိုင်းက UN ၏ ပြယုဒ်ပဲ ခံလိုက်ရကြောင်း၊ တကယ် အကျိုးအမြတ်က ဘာမှ မရှိကြောင်း၊ ရုရှားတွင် INGO နှင့် ပတ်သက်သည့် ဥပဒေကို လေ့လာနေကြောင်း၊ တကယ်တော့ ၎င်းတို့ အားလုံးသည် အမေရိကန်၏ တပည့်များဖြစ်ကြောင်း၊ CIA ၏ တပည့်များဖြစ်ကြောင်း၊ ပြည်တွင်းမှာလဲ ရှိကြောင်း၊ ဆက်စပ်နေသည့် ထိုင်းနယ်စပ်တွင်လည်း ရှိကြောင်း၊ တရုတ်နှင့် ဆက်စပ်နေသည့် ယူနန်နယ်ထဲမှာလဲ UNH ဟူ၍ အဖွဲ့တစ်ဖွဲ့ စတွေ့ကြောင်း၊ ဝင်လို့ရအောင်လည်း ဝင်လာကြကြောင်း၊ ဝင်လာသည့် အချိန်တွင် ၎င်းတို့၏ အထောက်အပံ့သည် နိုင်ငံတော်အစိုးရကို ပေးသည်မဟုတ်ကြောင်း၊ UN အဖွဲ့အစည်းကို ပေးသည်ဖြစ်ပြီး UN ၏ Command အရ ပေးချင်သည်ကို ပေးမည်၊ သုံးချင်သည်ကို သုံးမည်၊ လုပ်ချင်သည်ကို လုပ်မည်ဟု Concept ရှိနေကြောင်း

ယနေ့ မြန်မာနိုင်ငံတွင် NGO အဖွဲ့ စုစုပေါင်း အားလုံး ၄၂ ဖွဲ့ခန့်ရှိကြောင်း၊ မည်သည့် ပစ္စည်းများကို သုံးမှန်းမသိကြောင်း၊ ထိုပစ္စည်းများ သွင်းလာသည့်အခါ မည်သူမျှ မသိလိုက်ကြောင်း၊ လင်ခရုဇာကဲ့သို့ ကား (၆) စီးပါလာကြောင်း၊ မည်သည်က ရသည့် ငွေဖြင့် သွင်းမှန်းလည်း မသိကြောင်း၊ ပိုဆိုးသည်မှာ နိုင်ငံတကာမှာ ဆက်သွယ်ရန်အတွက် ဆက်သွယ်ရေး ပစ္စည်းများ သုံးလာကြောင်း၊ ဆက်သွယ်ရေး ပစ္စည်းဆိုသည်ကို အသိမခံကြောင်း၊ TC ဖြတ်ရမည် ဖြစ်ကြောင်း၊ TC ဆိုသည်မှာ နိုင်ငံတော် အစိုးရက ခွင့်ပြုမှသာ ဖြတ်ရမှာဖြစ်ကြောင်း၊ ကားများ၊ ဆက်သွယ်ရေး ပစ္စည်းများ ပါလာကြောင်း၊ အကုန်လုံးသိမ်းသည့်အခါ မပေးပဲ အကုန် ပြန်ယူသွားကြကြောင်း၊ Diplomer ဆိုသည့် လူများသည် နိုင်ငံတော်အနေဖြင့် တာပေါ်လင်လိပ်များ သွင်းရန် လုပ်သည့်အခါ TC မတင်သည်များလည်း ရှိကြောင်း၊ တင်သည်များလည်း ရှိကြောင်း၊ လာသည့် ပစ္စည်းများ အားလုံးကို ကိုယ့်သဘောနှင့်ကိုယ် ထုတ်သွားပြီး ဝေသည်များလည်းရှိကြောင်း၊ အပြင်သို့ ရောင်းစားသည်များလည်း ရှိကြောင်း ထိုကဲ့သို့ ရောင်းစားသည်များကို အစိုးရ ရောင်းစားသည်ဟု လေသံဖြင့် စပြီး ပစ်ထိုးလိုက်ကြောင်း၊ တကယ်တမ်း လက်ရှိ နောက်ဆုံးအခြေအနေမှာ မိမိတို့သည် ပြည်တွင်း ဆန်လုံလောက်ကြောင်း၊ မိမိစာရင်းအရ အောက်မှ တက်သည့် စာရင်းအရ လူဦးရေ ၆၁၆၉၉ ဦး လူဦးရေ ၆ သောင်းကျော်ကို နိုင်ငံတော်အစိုးရက နေ့စဉ် ဆန်ကျွေးနေကြောင်း၊ ထိုကိစ္စများကို ၎င်းတို့ အသိအမှတ်မပြုကြောင်း၊ Instant Food များ၊ ဘီစကွပ်များ မပေးရန်နှင့် သောက်ရေသန့်များ လုံလောက်ပြီဆိုသော်လည်း မရကြောင်း၊ လိုချင်သည့် အိမ်ဆောက်ပစ္စည်းများ ပေးပါဆိုသည့်အခါမှာ မည်သူမျှ မလာကြောင်း၊ အားလုံးသည် ၎င်းတို့ NGO နှင့်သူ့သဘောနှင့် သူ သုံးပြီး စာရင်းပြသွားသည့် သဘောဖြစ်ကြောင်း၊ တကယ် လိုအပ်နေသည်ကို နိုင်ငံတော် အစိုးရမှ အိမ်ဆောက်ပစ္စည်း လိုသည်ဆိုသည့်အခါ တာပေါ်လင်များသာ ပေးကြောင်း ပြောကြားသွားသည်

လိုအပ်ချက်အားလုံးတွင် အိမ်ခြေအားလုံး အပျက်အစီး (၈) သိန်းခန့်ရှိကြောင်း၊ ဆောက်ပေးရမည့် အိမ်ခြေအားလုံး (၆) သောင်းကျော်ရှိကြောင်း၊ တစ်ပြိုင်တည်း မဆောက်နိုင်သည့် ကာလအတွင်းမှာ ပထမအဆင့် Target အနေဖြင့် (၄) သောင်းထားကြောင်း၊ Target (၄) သောင်းက တစ်လနှစ်လအတွင်းတွင် အိမ်ခြေ (၄) ထောင်ကို ပြီးအောင်ဆောက်ဆိုပြီး ပူးတွဲဆောက်နေသည့် အနေအထားဖြစ်ကြောင်း၊ အိမ်တစ်လုံး၏ တန်ဖိုးနိုင်ငံတော် အစိုးရ သတ်မှတ်ချက်သည် (၆) သိန်းဖြစ်ကြောင်း၊ ယခုဆောက်နေသည့် အချိန်မှာ (၁ဝ) သိန်းဖြစ်ကြောင်း၊ အိမ်တစ်လုံး (၁ဝ) သိန်းတန် ဆောက်နိုင်ရန် အတွက် သစ်များအားလုံးကို ရန်ကုန်ကိုသွင်းပြီး စက်ရုံများတွင် Cutting လုပ်၊ Ready made Cutting ဖြင့် သွားဆောက်ခြင်းဖြစ်ကြောင်း၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ အုတ်ဖိနပ်ခံ ဆောက်ခြင်း ဖြစ်ကြောင်း။

ICRC ကတောင်ငူ၊ ပဲခူး (အရှေ့) ခြမ်း သို့လာပြီး တောထဲက အိမ်တစ်အိမ်ကို ထောက်ပံ့ကြေးဆိုပြီး တစ်အိမ်ကို ၂၃ဝဝဝ ကျပ်၊ လူ (၅) ဦးခန့် လာပေးသွားကြောင်း၊ မည်သည့် ပိုက်ဆံနှင့် ပေးသနည်းဟု စိစစ်ရာ ICRC မှပေးသည်ဆို၍ ကရင်က လာပေးကြောင်း၊ UNHCR က ၎င်းတို့စာရင်းအရ စခန်း (၉) ခုတွင် လူဦးရေ ၁၄ဝဝဝ ကနေပြီးလူ ၈ဝဝဝ ကို ထုတ်ပေးပြီး ယခု တတိယ နိုင်ငံသို့ ထုတ်ရန် အကြောင်းပြ၍ NGO နောက်ပိုင်းက ကူညီနေသည်မှာ အမေရိကန်ဖြစ်ကြောင်း၊ ထို့အတူ ထိုအနားတွင် အဖွဲ့ (၂ဝ) ကျော်ခန့်သည် နိုင်ငံတော်ကို ဆန့်ကျင်နေသော အဖွဲ့အစည်းအားလုံးသည် မေးတင်ပြီး စောင့်နေကြခြင်းဖြစ်ကြောင်း၊ ရှေ့နေဆိုင်ရာ အဖွဲ့၊ NLD-LA အဖွဲ့၊ DAB အဖွဲ့၊ FDB အဖွဲ့၊ စသည့် အဖွဲ့များရှိကြောင်း၊ ၎င်းတို့က မည်သည့်အတွက်ကြောင့် လုပ်သည်ဆိုလျှင် ထို NGO ဆိုသည့်လူများဆီက ပိုက်ဆံယူပြီး မြန်မာပြည်က လူများကို ထောက်ပံ့သည် ဆိုသည့် အနေအထား ဖြတ်စားလတ်စား လုပ်နေသည့် အဖွဲ့များဖြစ်ကြောင်း။

KNU ကို တပ်မတော်ဖွဲ့ပါက အချိန်မရွေး ရှိနိုင်သည့် အနေအထားဖြစ်ကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံကို ခိုးပြီးဆွဲထားပြီးဖြစ်ကြောင်း၊ တရားဝင်ကြေငြာပြီး ဖက်ဒရယ်မူကြီး ထုတ်ပြီး အင်တာနက်က တင်ထားသည့် ဖက်ဒရယ်မူကို ဆွဲထားပြီး ဖြစ်ကြောင်း၊ အဝေးရောက် အစိုးရဆိုပြီး ပြည်ပြေးစိန်ဝင်းတို့ အဖွဲ့နှင့် ဆွဲထားခြင်းရှိကြောင်း၊ သူတို့တွင် မရှိသည်မှာ နယ်မြေတစ်ခုသာဖြစ်ကြောင်း၊ ၎င်းတို့၏ စစ်ရေး အင်အားတက်အောင် လုပ်နေခြင်းဖြစ်ကြောင်း

ယနေ့ ဖြစ်လာသည့်အခါ နောက်ဆုံး ပြန်ကြည့်ပါက CIA နှင့် နဂိုကတည်းက ဆက်နေပြီးလျှင် ယနေ့ ဟိုဘက်ကို ပြောင်းသွားကြောင်း၊ နိုင်ငံတော်အကြီးအကဲကို တိုက်ရိုက်ကိုင်ပြီးလျှင် သူရယ်၊ အေးမြင့်ရယ် ပေါင်းစပ်ပြီး တပ်မတော်ပြိုကွဲရေးကို သွားနေကြကြောင်း၊ Sector တစ်ခုဖြစ်ကြောင်း၊ ယနေ့ နိုင်ငံရေး အဖွဲ့များကို ပြန်ကြည့်သည့်အခါ လူအချင်းချင်းက မကျေနပ်မှု၊ ထိုအထဲတွင် မိမိတို့ရှေ့က သွားနေကြသည့် ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ်ကြီး ကျော်ဘ၊ ဗိုလ်ချုပ်ကြီး မြင့်အောင် တို့သည် ပုဂ္ဂိလိက ဖောက်ဖျက်မှုက နည်းနည်းပါးပါးသာရှိကြောင်း၊ အားလုံးစင်းသည်ဟု မိမိ မပြောလိုကြောင်း၊ သို့သော် သက်သေကို ဆွဲတင်လိုက်သည့် အတွက်ကြောင့် တပ်မတော် အချင်းချင်းပြိုကွဲရေးကို အဓိကထားပြီး လုပ်သွားသည့် အနေအထားကို တွေ့ရကြောင်း၊ မိမိတို့လက်ထက်တွင် မိမိတို့လုပ်၍ မရကြောင်း၊ မိမိတို့ သတင်းကိုတင်လျှင်လည်း မှန်သလား မှားသလား ဘေးမှ စရဖကကြည့်နေကြောင်း၊ ကြံ့ခိုင်ရေးလည်း ရှိကြောင်း၊ ထို့ကြောင့် ဘာလုပ်လုပ် မလွတ်နိုင်ကြောင်း၊ ဘေးမှ စောင့်ကြည့်နေသည်ဟူသော စကားတစ်ခွန်းကို မှာလိုက်လိုကြောင်း၊ ထို့အပြင် ထောက်လှမ်းရေး Source (၄) ခုအပြင် ကုန်သည်ပွဲစားအားလုံးသည်လည်း မကင်းရာ မကင်းကြောင်းများ ရှိနေကြမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရာ ဆက်သွယ်ကြောင်းများ ရှိနေကြမည်ဖြစ်ကြောင်း၊ Cover ယူရာယူကြောင်းများ ရှိနေကြမည် ဖြစ်ကြောင်း၊ ထိုမှ သတင်းများလည်း ပေးနေကြမည် ဖြစ်ကြောင်း

ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် အနေအထားအခြေအနေ ထပ်ပြီး ပြောရလျှင် လက်ရှိ လုပ်ပေးနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံဘူးဟု ဆန့်ကျင်ဘက် နိုင်ငံရေးပါတီဖြစ်သည့် NLD က ကိုင်စွဲနေခြင်းဖြစ်ကြောင်း၊ NLD ကို ကြောက်စရာ မရှိသော်လည်း ၎င်းတို့ နောက်ကွယ်တွင် အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် သံရုံး သုံးရုံးရှိကြောင်း၊ သင်တန်းများပေးခြင်း၊ ငွေများ ထောက်ပံ့ခြင်း၊ လိုချင်သည့် သတင်းများပေးခြင်း၊ UN နှင့် ဆက်သွယ်၍ရအောင် လုပ်ပေးနေကြောင်း၊ ထို့ကြောင်း ၎င်းတို့သည် စင်ပြိုင်ပါတီထောင်ရန်နှင့် ၁၉၉ဝ ခုနှစ် ဥပဒေကို လက်ရှိစည်းမျဉ်းနှင့်အညီ ပါတီထောင်မည်ဆိုသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့်အညီ ပါတီထောင်မည် ဆိုသည်က တစ်အုပ်စု၊ ၁၉၉ဝ ခုနှစ် ၎င်းတို့ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားပြီး မြွေမသေ ဒုတ်မကျိုး၊ ဆန့်ကျင်ဘက်အတိုင်း ရပ်တည်မည့် အုပ်စုက တစ်အုပ်စု၊ ဘာမှ မဆက်သွယ်ဘဲ အမြဲတမ်း တစ်သက်လုံး Anti လုပ်မည့်သူက တစ်အုပ်စု၊ ဘာများဖြစ်လာမည်ဆိုသည်ကို နောက်တစ်နှစ်ခွဲပဲ ကျန်ကြောင်း၊ နိုင်ငံရေးသမားသက်သက် အစိုးရဖြစ်လာမည့် အချိန်မှာ မကြိုက်သူများကို ဖြုတ်မည်ဖြစ်ကြောင်း၊ မကြိုသည့်သူ အနားပေးမည် ဖြစ်ကြောင်း

၈၈ ကျောင်းသားခေါင်းဆောင်များ ထောင်ပြောင်းသော်လည်း ရှာမတွေ့

မြင့်မောင်
သောကြာနေ့၊ ဒီဇင်ဘာလ 05 2008 18:50 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှစ်ဦးကို ဝေးလံသည့် ထောင်များသို့ ပြောင်းရွှေ့လိုက်ပြီဟု သိရပြီးနောက် မိသားစုဝင်များက လိုက်လံစုံစမ်းရာတွင် အဆိုပါ ထောင်များ၌ မရောက်သေးဘဲ ဖြစ်နေသည်။

ထောင်ဒဏ် ၆၅ နှစ် ကျခံရသူ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ပြီးခဲ့သည့်လ ၁၆ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသော်လည်း ယနေ့ထိ အဆိုပါ ထောင်သို့ မရောက်သေးသည့်အတွက် မိသားစုက သွားရောက်တွေ့ဆုံရန် အခက်အခဲရှိနေသည်။

“အခု မိုင်းဆတ်လို့ ပြောတယ်။ သေချာလား၊ မသေချာလား သွားကြည့်ရမှပဲ။ ဘယ်ရောက်နေမှန်း မသိရသေးဘူး။ လေယာဉ်လက်မှတ်ဖိုး ဆုံးရင် ဆုံးပါစေ သွားရမယ်လို့ သူ့ညီက ပြောတယ်။ အခု လေယာဉ် လက်မှတ် စုံစမ်းနေတယ်။ လက်မှတ် မရသေးဘူး။ လေယာဉ်စရိတ်က ကျိုင်းတုံအထိကို ၁ သိန်း ၂ သောင်း ရှိတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား မည်သည့်ထောင်သို့ ပြောင်းထားသည်ကို သိရှိရန်အတွက် မိသားစုနှင့် လေ့လာသူများက အင်းစိန်ထောင် အကျဉ်းဦးစီးသို့ မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။

“ကျန်တဲ့ မိသားစုတွေကလည်း သွားပြီးတော့ မေးမြန်းတဲ့အခါမှာ တိတိကျကျ မဖြေဘူး။ ထောင်ထဲမှာ ရှိနေတာတောင်မှ 'မင်းတို့ ဘယ်သူက ပြောတာလဲ၊ ဒီထောင်မှာရှိတာ သေချာလား' ဆိုတဲ့ ကိစ္စမျိုးတွေ၊ ပြန်ပြီးတော့ ငေါက်တဲ့ အခြေအနေမျိုးတွေ ကြုံနေရပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) - AAPP မှ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်၊

ထောင်ပြောင်းသည့်အခါ မိသားစုဝင်များအား အာဏာပိုင်များက အသိမပေးခြင်းသည် မိသားစုများကို ဒုက္ခဖြစ်စေရန် ရည်ရွယ်သည်ဟု သူက ဆက်ပြောသည်။

တောင်ငူထောင်သို့ ပြောင်းရွှေ့ခံရသူ ACID ဟစ်ဟော့တေးဂီတအဖွဲ့မှ ကိုအောင်ဇေဖြိုးနှင့် ဆွေမျိုးတဦးကလည်း “သူ့မိသားစုဝင် သွားမေးမှ ထောင်က ပြောလိုက်တာပါ။ တောင်ငူထောင်မှာဆိုတော့ သူ့မိသားစုတွေက နီးတော့ မနက်ဖြန် လိုက်သွားမယ်လို့ ပြောတယ်။ တောင်ငူထောင်ကို ရောက်မရောက် ဖုန်းဆက်စုံစမ်းတော့ 'အဲဒီကိစ္စကို မမေးပါနဲ့' လို့ ထောင်အာဏာပိုင်တွေက ငြင်းဆိုတယ်။ သူ့မိသားတွေကတော့ တော်တော်ကို ခံစားနေရတယ်” ဟု ပြောသည်။

ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့် တက်ကြွလှုပ်ရှားသူ ၆ ဦးအား ယမန်နေ့က ထောင်ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင်လည်း တာဝန်ရှိသူက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့ အမြင်ကတော့ သူတို့ အပြစ်ရှိတယ်လို့ ယူဆပြီးတော့ ပြစ်ဒဏ်ချမှတ်ပြီးပြီဆိုရင် ပြစ်ဒဏ်ကျတဲ့ လူတွေ ထောင်ပြောင်းရင် မိသားစုကို အသိပေးသင့်တယ်။ ပြစ်ဒဏ်သဘောမျိုးလို လျှို့ဝှက်ထားတာ မသင့်တော်ဘူးလို့ ထင်တယ်။ ထောင်ကျပြီးတော့ အဝေးကို ပို့တာက အပြစ်ဒဏ်ကို နှစ်ခါချနေတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ဝေးလံခေါင်ဖျားဒေသများရှိ ထောင်များသို့ ရောက်ရှိနေသော ပါတီဝင်များနှင့် ဒီမိုကရေစီအင်အားစုများအား ထောင်ဝင်စာ လာတွေ့သည့် မိသားစုဝင်များကို ကူညီပေးရန်အတွက် အန်အယ်ဒီဗဟိုက ပြည်နယ်နှင့် တိုင်း စည်းရုံးရေးအဖွဲ့များသို့ ယမန်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ပြည်နယ်၊ တိုင်းနှင့် မြို့နယ် စည်းရုံးရေး အဖွဲ့များက စေတနာမေတ္တာအား၊ စိတ်ဓာတ်ရေးရာအား၊ ငွေအား၊ ပစ္စည်းအားတို့ဖြင့် ၀ိုင်းဝန်းကူညီပံပိုး ပေးကြရန် ပြောဆိုလိုက်သည်။

လွန်ခဲ့သည့် တလအတွင်း ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားမှာ ၂၀၀ ခန့်ရှိပြီဟု AAPP က ဆိုသည်။
မျိုးကြီး
သောကြာနေ့၊ ဒီဇင်ဘာလ 05 2008 19:47 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ပြစ်ဒဏ်ကျ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများအား ဝေးလံဒေသရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့မှုများ နောက်ဆက်တွဲအဖြစ် ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ၈၈ မျိုးဆက်ကျောင်းသား ၂ ဦးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦးတို့ ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ရောက်ရှိလာသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဏိတ်ထွန်းသည် ၂၃ ရက်နေ့နှင့် ကိုကျော်စွာဌေးသည် ၃၀ ရက်နေ့က ရောက်ရှိလာသလို၊ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးခင်သည်လည်း ၃၀ ရက်နေ့ကပင် ရောက်လာခဲ့သည်။

''မြစ်ကြီးနားကတဆင့် ရောက်လာတာပါ။ အခု ဗန်းမော်ထောင် တိုက်ဟောင်းအဆောင်မှာ ထားတယ်။ သူတို့နဲ့အတူ စောင်၊ ခြင်ထောင် အဲဒါတွေတော့ အလုံအလောက် ပါလာတယ်။ ဘာသာရေး စာအုပ်တချို့လည်း ပါလာတယ်" ဟု ဗန်းမော်ထောင်နှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။

ဗန်းမော်ဒေသခံ နိုင်ငံရေးသမားတဦးကလည်း ယခုလို အတည်ပြုပြောဆိုသည်။

သူက ''၃ ယောက်ရောက်တယ်။ နှစ်ယောက်ကတော့ ကိုပဏ္ဏိတ်ထွန်းနဲ့ ဦးမျိုးခင်။ ကျန်တယောက်ကတော့ နာမည် မေ့နေတယ်။ အားလုံး ၆ ယောက်ပို့မယ်လို့ ပြောတယ်" ဟု ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကိုပဏ္ဏိတ်ထွန်းအား ထောင်ဒဏ် ၆၅ နှစ်၊ ၁၃ ရက်နေ့တွင် ဦးမျိုးခင်အား ၄ နှစ်ခွဲနှင့် ၁၉ ရက်နေ့တွင် ကိုကျော်စွာဌေးအား ၁၄ နှစ်ခွဲ ပြစ်ဒဏ်ချခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို မအူပင်ခရိုင်တရားရုံးတွင် အီလက်ထရောနစ် ဥပဒေပုဒ်မများ အပါအ၀င် အခြားစွဲဆိုထားသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်လိုက်ပြီး အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားကာ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ နယ်ထောင်များသို့ ပို့ဆောင်လာခဲ့သည်။

ဗန်းမော်ထောင်တွင် ယခင်ကတည်းက ကချင်ပြည်နယ် ရွှေကူမြို့နယ်မှ အန်အယ်ဒီ အဖွဲ့ဝင် ၂ ဦးနှင့် ရွှေဝါရောင် တော်လှန်ရေးတွင် အဖမ်းခံခဲ့ရသူ ဗန်းမော်မြို့မှ အန်အယ်ဒီ ဒုဥက္ကဌတို့လည်း ရှိနေသည်။

ဦးသန့် တံဆိပ်ခေါင်း ကုလက ထုတ်ဝေမည်

သန်းထိုက်ဦး
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008 20:16 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ မြန်မာနိုင်ငံသား ဦးသန့်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုးကို လာမည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကုလက ထုတ်ဝေသွားမည်။

ဦးသန့်၏ ရုပ်ပုံများဖြင့် ထုတ်ဝေမည့် တံဆိပ်ခေါင်းများကို အမေရိကန် ဒေါ်လာ ဝ.၉၄ ၊ ဆွစ်ဇာလန် ဆွစ်ဖရန့်စ် ၁.၃ဝ ၊ ဥရောပသမဂ္ဂ ငွေကြေး ယူရို ၁.၁၅ တန်ကြေးဖြင့် ထုတ်ဝေ ရောင်းချမည်ဟု ကုလသမဂ္ဂ စာတိုက်ဌာန၏ website ၌ ထုတ်ပြန် ကြေညာထားသည်။

ဦးသန့်သည် ဒုတိယမြောက် ကုလအတွင်းရေးမှူးချုပ်ဖြစ်သူ ဒက်ဂ် ဟန်းမားဂျိုလ် လေယာဉ်ပျက် သေဆုံးပြီးနောက် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်၍ အစားထိုး အမှုထမ်းခဲ့ရသည်။ ၁၉၆၂ နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံက တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်သည်။

နောက်သက်တမ်းတွင်လည်း ညီလာခံက ဆက်လက်၍ ခန့်အပ်ခဲ့သဖြင့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အမှုထမ်းခဲ့သည်။

သူ့ကို ဧရာဝတီတိုင်း ပန်းတနော်မြို့၌ ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်းတို့က မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကုလတာဝန်မှ အနားယူနေချိန်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက်မှာ ၆၅ နှစ်သာ ရှိသေးသည်။

ထိုအချိန်က မြန်မာပြည်တွင် အုပ်ချုပ်နေသည့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်ဈာပနဖြင့် မသဂြုင်္ိဟ်ပဲ သာမန် နိုင်ငံသားအဖြစ်သာ သဂြုင်္ိဟ်မည်ဆိုသဖြင့် မကျေမနပ်ဖြစ်နေသော တက္ကသိုလ်ကျောင်းသားများက ဈာပနနေ့ဖြစ်သည့် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဦးသန့်ရုပ်ကလာပ်ကို လုယူခဲ့ရာမှ ဦးသန့်အရေးအခင်းဟူ၍ ပေါ်ပေါက်ခဲ့သည်။

ကျောင်းသားပြည်သူ ဆန္ဒပြသူများအား ဦးနေ၀င်း အစိုးရက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် ဖမ်းဆီးသဖြင့် လူဦးရေ ၅ ထောင်ကျော် ဖမ်းဆီးခံရကာ ဦးရေ ၅၂၀ မှာ ထောင်ဒဏ် ၄ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အပါအ၀င် ၈ ဦးကို သေဒဏ် အပြစ်ပေးခဲ့သည်။

ဦးသန့်သည် ၁၉၅၇ မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရက ချီးမြှင့်သော မဟာသရေစည်သူဘွဲ့ကို ရရှိခဲ့သေးသည်။

ကမ္ဘာ့နိုင်ငံများရှိ ထင်ရှားသည့် တက္ကသိုလ်၊ ကောလိပ် ၃၀ ကျော်ကလည်း ဂုဏ်ထူးထောင် ဒီဂရီဘွဲ့များ ချီးမြှင့်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသားကျောင်း ကျောင်းအုပ်ကြီးအဖြစ် ၄ နှစ်ခန့် အမှုထမ်းခဲ့သလို၊ ကျောင်းအုပ်ကြီးများ အသင်းတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ မြန်မာ ကျောင်းသုံးစာအုပ် ကော်မတီနှင့် အမျိုးသားပညာရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကာ၊ မြန်မာနိုင်ငံ ပညာရေး ပြန်လည်ပြုပြင်ရေး ကော်မတီတွင် အတွင်းရေးမှူးနှင့် အလွတ်သတင်းထောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။

ဝန်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 09 2008 16:59 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အနည်းဆုံး ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန် တဦးသည် လက်ရှိရာထူးများမှ အနားယူပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမတ်များအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရ သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သစ်တော၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မွေးမြူရေး၊ အမှတ် (၁) စက်မှု၊ ပို့ဆောင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် မဝေးလှသော အနာဂတ်တွင် အစိုးရအဖွဲ့ဝင် ရာထူးများမှ နှုတ်ထွက်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရပ်ကွက်များက ပြောသည်။

အတိုက်အခံများနှင့် ဝေဖန်သူများ အပြင်းအထန် ကန့်ကွက်ထားသော်လည်း စစ်အစိုးရက နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်လမ်းပြမြေပုံ ချမှတ်ထားကာ ၂၀၁၀ ခုနှစ်တွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးလည်း ပါရှိသည်။

ပြည်တွင်း အကဲခတ်တဦးက "၀န်ကြီးဟောင်းတွေက ကြိမ်းသေနိုင်တဲ့ နေရာတွေမှာ ၀င်ပြိုင်လာကြလိမ့်မယ်" ဟု ပြောလိုက်ရင်း လက်ရှိ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းအနေဖြင့် မန္တလေးတွင်လည်းကောင်း၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် မြစ်ကြီးနားတွင် ၀င်ပြိုင်နိုင်ဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရမှသည် အရပ်သားအနည်းငယ် ရောစွက်လာမည့် အစိုးရပုံစံသစ် ဖြစ်ပေါ်လာရေး ဖန်တီးမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါဝင်ခွင့် မရအောင် ကန့်သတ်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟု သူက ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ထားသည်။ ထို့အပြင် ပါတီခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သူမကိုပါ နေအိမ်၌ အကျယ်ချုပ်ချထားသည်။

နှုတ်ထွက်မည်ဆိုသော ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန်၏ စာရင်းကို အောက်တွင် ဖော်ပြထားသည်။

၁။ ဗိုလ်မှူးချုပ် သိန်းအောင် (၀န်ကြီး၊ သစ်တောရေးရာဝန်ကြီးဌာန)

၂။ ဗိုလ်ချုပ် စောထွန်း (၀န်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

၃။ ဗိုလ်ချုပ် စောလွင် (၀န်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

၎။ ဗိုလ်မှူးချုပ် မောင်မောင်သိမ်း (၀န်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)

၅။ ဦးအောင်သောင်း (၀န်ကြီး၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန)

၆။ ဗိုလ်ချုပ် သိန်းဆွေ (၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန)

၇။ ဗိုလ်ချုပ်ဌေးဦး (၀န်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

၈။ ဗိုလ်မှူးချုပ် သိန်းဇော် (၀န်ကြီး၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)

၉။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (မြို့တော်ဝန်၊ ရန်ကုန်)