| မဇ္ဈိမသတင်းဌာန |
| သောကြာနေ့၊ ဇန်နဝါရီလ 02 2009 16:50 - မြန်မာစံတော်ချိန် |
| ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်လိုသူများ အနေဖြင့် ဆင်ဆာဘုတ် ခွင့်ပြုချက် ရယူပြီးသော ရုပ်ရှင်နှင့် မှတ်တမ်းကားများကိုသာ ၀င်ပြိုင်ရမည်ဖြစ်ကြောင်း စည်းကမ်းသစ်တရပ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်သည်ဟု ရုပ်ရှင် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။ "ရုပ်ရှင်ဆင်ဆာအဖွဲ့က စည်းကမ်းအသစ်တခု ထုတ်လိုက်တယ်။ အဲသလိုပြိုင်ပွဲဝင်မယ်ဆိုရင် သူတို့ဆီမှာ ဆင်ဆာဘုတ် အဖွဲ့မှ ခွင့်ပြုချက်ရယူပြီးမှ ပြိုင်ရမယ် ဆိုပြီး လုပ်ထားတယ် " ဟု ရုပ်ရှင် ဒါရိုက်တာတဦးက ပြောသည်။ ရန်ကုန်ရှိ ရုပ်ရှင် လောကသားများ အဆိုအရ ဒါရိုက်တာ ကြည်ဖြူသျှင်၏ မှတ်တမ်းတင် ရုပ်ရှင်ကားတကား အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့တခု၏ ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်းတင် ရိုက်ကူးချက် "2008 Best Short Award " ဆု ရရှိပြီးနောက် ယခု ကန့်သတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အမျိုးသမီး ဒါရိုက်တာ ကြည်ဖြူသျှင်သည် National Geo-graphic အဖွဲ့မှ ပေးအပ်သော ဆုကို "ဝသုန်ရဲ့ ကောက်ကြောင်း" ဇာတ်လမ်းတိုဖြင့် ဆုရရှိခဲ့သည်။ |
Friday, January 2, 2009
ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ခွင့် ဆင်ဆာဘုတ် ခွင့်ပြုချက်လို
ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် မေတ္တာစာ
အံ့သြစရာ ကောင်းလောက်အောင် မိသားစုကို လူထုရှေ့ မကြာခဏ ချပြရှေ့တန်း အတင်ဆုံးသော မြန်မာ့ စစ်ခေါင်းဆောင်ကြီး အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မှတ်တမ်း တင်ရမည် ဖြစ်သည်။
မကြာသေးမီက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်တွင် ပြုလုပ်သွားသော (၅၁) ကြိမ်မြောက် ဗိုလ်လောင်း သင်တန်းဆင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဇနီး ဒေါ်ကြိုင်ကြိုင်၊ သမီး ၂ ယောက်၊ ၎င်း၏ အချစ်ဆုံးမြေး နေရွှေသွေးအောင်နှင့် မြေး မိန်းကလေး တဦးတို့ကို ရှေ့တန်း၌ ဆွဲထုတ် ပြသထားကြောင်း တွေ့ရသည်။
မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ ပါ ပုံများအရ ဗိုလ်ချုပ်မှူးကြီး၏ မိသားစုက ရှေ့ဆုံးတန်းတွင် တခြားသော ဗိုလ်ချုပ်ကြီးများ၏ ထိုင်ခုံများနှင့် ကွဲပြားသော ထိုင်ခုံကြီးများပေါ် အခန့်သား ထိုင်နေသည်ကို တွေ့ရမည် ဖြစ်သည်။
၎င်းမိသားစု ထိုင်နေသောပုံမှာ ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်း တပ်ရင်းကို စစ်ဆေးနေစဉ် (သို့မဟုတ်) မိန့်ခွန်း ပြောကြားနေစဉ် ရိုက်ထားသော ပုံဖြစ်ပြီး အလယ်ခုံရှည်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာ၏ တဘက် တချက်၌ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မြေးဖြစ်သူ နေရွှေသွေးအောင်တို့ အသီးသီး ထိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။
သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်လောင်းတပ်ရင်း၏ အလေးပြုမှု ခံယူနေပုံပြီးလျှင် ၎င်း မိသားစု ဓာတ်ပုံက အပေါ်ဆုံးတွင်ဖြစ်သည်။ အောက်တွင်မှ စစ်အစိုးရ၏ တတိယခေါင်းဆောင် နေရာတွင် ရှိသော ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတွင်းရေးမှူး ၁ သီဟသူရ တင်အောင်မြင့်ဦးတို့၏ ပုံများကို တွေ့ရသည်။
ဒုတိယခေါင်းဆောင် တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီ မောင်အေးကမူ ၎င်းအခမ်းအနားသို့ တက်ရောက် ခြင်းမရှိကြောင်း သတင်းစာက ရေးသားထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် ၎င်း၏ မိသားစုကို လူထုရှေ့သို့ ထုတ်ပြခြင်းမှာ ယခုတကြိမ်က ပထမဆုံး မဟုတ်ဘဲ ယခင်နှစ်များကလည်း ဗိုလ်သင်တန်းဆင်းပွဲတိုင်းတွင် ၎င်း၏မိသားစုတို့ အုပ်စုလိုက် တက်ရောက် လေ့ရှိပြီး မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်ကို ငယ်စဉ်ကတည်းက သွားလေရာ ခေါ်သွားလေ့ရှိ ကြောင်းတွေ့ရသည်။
စစ်အစိုးရ၏ ပွဲလမ်းသဘင်များတွင် ၎င်း၏ မိသားစုဝင်များကို မြင်တွေ့ရသည်မှာ မဆန်းလှသော်လည်း စစ်တပ်၏ အရေးကြီးလှသော ယခုကဲ့သို့ အခမ်းအနား၌ ဇနီး၊ သမီးများနှင့် မြေးကို စစ်ဗိုလ်ချုပ်များ၏ ရှေ့တွင် နေရာချထားသည်မှာ ပဒေသရာဇ်ခေတ် ဘုရင်များ မင်းခမ်းမင်းနား အပြည့်အစုံနှင့် ပွဲတက်သည်ကို မြင်ရသည်နှင့် တူနေသည်။ ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော ဗိုလ်ချုပ်ကြီးများကို ယခုကဲ့သို့ မမြင်ရဘူးပေ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ပဒေသရာဇ်စနစ်ကို အားကျသူ၊ ဘုရင်းမင်းတြားကြီးကဲ့သို့ ၎င်း၏ လက်အောက် ငယ်သားများက ဆက်ဆံသည်ကို နှစ်သက်သူအဖြစ် သတင်းကြီးသည်။
မြန်မာစစ်တပ်အရေး လေ့လာသူတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဆက်ခံလိမ့်မည်ဟု ဆိုကြသော်လည်း ယခု စစ်အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်ကို ကြည့်ကာ “ဟုတ်ပါ့မလား” ဟု မေးခွန်းထုတ်ရမလို ဖြစ်နေပေသည်။
မြန်မာနိုင်ငံတွင် အုပ်စိုးဗိုလ်ကျခဲ့သော စစ်အာဏာရှင် အဆက်ဆက်ကို ကြည့်မည်ဆိုလျှင်ပင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကဲ့သို့ မိသားစုကို ရှေ့တန်းတင်၍ ထုတ်ဖော် ပြသခဲ့သူတို့ မရှိခဲ့ပေ။ သက်ဆိုးအရှည်ဆုံး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းပင်လျှင် ၎င်း၏မိသားစုကို သတင်းစာမျက်နှာထက် ယခုလောက် ဖော်ပြခြင်း မရှိခဲ့။
“ဗိုလ်ချုပ်မှူးကြီးက သန်းရွှေမင်းဆက်ကို ထူထောင်ဖို့ စဉ်းစားနေတာ” ဟု ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကလည်း ပြောသည်။ သခင်ချန်ထွန်းပြောသည့်အတိုင်းကလည်း ဖြစ်နိုင်စရာ ရှိသည်။
သတင်းဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို သူ၏ မြေးဖြစ်သူကပင် ဆက်ခံမည်လားဟု ထင်စရာရှိနေ၏။
စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမရှိတော့လျှင် စစ်တပ်အတွင်း၌ လှိုက်စား နေသော အတွင်းကြိတ်ပြဿနာများ ပေါ်ထွက်လာကာ ဗိုလ်ချုပ်ကြီးများ အချင်းချင်း အပြိုင်အဆိုင် နေရာလုကြရင်း အကွဲအပြဲများ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
ယနေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများထဲတွင်တော့ မင်းတြားကြီးက ပုဂံရွှေမြို့တော်ကြီးကိုလှည့်လည်ကာ ဘုရားများဖူးရင်း အလှူပြုနေသည်ကို ဓာတ်ပုံများ ဝေဝေဆာဆာဖြင့်မြင်တွေ့ရသည်။ ယမန်နှစ်ကလည်း ဗိုလ်လောင်းသင်တန်းဆင်းပွဲအပြီး ယခုခရီးစဉ်အတိုင်းပင် တိုင်းခန်းလှည့်လှည်ခဲ့၏။
မကြာသေးမီကလည်း သတင်းစာများတွင် ဗိုလ်ချုပ်ကြီးမောင်အေး ဂေါက်သီးရိုက်နေပုံကို မျက်နှာဖုံး၌ ပုံကြီးများဖြင့် ဖော်ပြထားသည်ကို တွေ့ရသေးသည်။ ဗိုလ်ချုပ်မှူးကြီးက တိုင်းရေးပြည်ရာ ကိစ္စများ၊ ဘာသာရေး အလှူအတန်းကိစ္စများဖြင့် အလုပ်များနေစဉ် ဒုတိယအဆင့်ရှိသူ ဗိုလ်ချုပ်ကြီးမောင်အေးက အပျော်အပါးကိစ္စများဖြင့် ရှုပ်နေသည်ကို ဖော်ပြချင်သည်လားမသိ။
ထို့ကြောင့် မင်းတြားကြီးအနေနှင့် ၎င်းနတ်ရွာမစံမီ အရိုက်အရာလွှဲပေးရမည့်သူကို မတွေ့သေးခြင်း ဖြစ်နိုင်သည်။ ရာဇဝင်ထဲမှ ဘုရင် မင်းမြတ်များလို သားတော်၊ မြေးတော်များကို လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိသည်လားတော့ မဆိုနိုင်ပေ။ ၎င်းနှင့် အနီးစပ်ဆုံးသူများပင် ၎င်း၏ စိတ်တွင်း မည်သို့ ကြံစည်နေ သည်ကို မသိရှိရဟု ကြားဖူး၏။
မည်သို့ပင် ကြံစည်နေသည်ဖြစ်စေ မြန်မာပြည်၌ ခေတ်အဆက်ဆက် ကြုံကြရဖူးသော အတွေ့အကြုံ၊ အဖြစ် အပျက်များကို ထောက်ရှုစဉ်းစားပါက တဗိုလ်ကျလျှင် ၎င်းတဗိုလ်၏ မိသားစုဝင် အသိုင်းအဝန်းအားလုံး အနိစ္စသဘောဖြင့် ကိစ္စချောမြဲ ဖြစ်သည်။
ရာဇပလ္လင်ပေါ်သို့ ပုခုံးထမ်းတင်၍ ရရိုးထုံးစံမရှိပါချေ။
Thursday, January 1, 2009
၂၀၀၉ = ၁၁
တပ်မတော်ခေါင်းဆောင် စစ်တိုင်းမှူးကြီး ဗိုလ်ချုပ်ကြီးခင်ဗျား
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အုပ်ချုပ်လုပ်ကိုင်ပုံ မှားယွင်းမှုကြောင့် တတိုင်းပြည်လုံးရှိ ပြည်သူများ၊ ၀န်ထမ်းများပါမက တပ်မတော်သားများပါ ငတ်ပြတ်၊ အကျင့်စာရိတ္တ ချစား ပျက်ပြားကုန်သည့်အပြင် ကိုးကွယ်ရာ ဗုဒ္ဓသာသနာလည်း ပျောက်ကွယ်ရမည့် ဘေးအန္တရာယ်သို့ ကျရောက်နေပါသည်ခင်ဗျား။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်အောက်သို့ ကျရောက်နေသော ယိုယွင်းပျက်စီးလျက်ရှိသည့် အမိမြန်မာပြည်အား အချိန်မီကယ်တင်၍ ပြည်သူသတ်သော သတ်မတော် အဖြစ်မှ ပြည်သူချစ်သော တပ်မတော်အဖြစ်သို့ အသွင်ပြောင်းပေးပါရန် စစ်တိုင်းမှူးကြီး ဗိုလ်ချုပ်ကြီးထံသို့ သမိုင်း၏ လိုအပ်မှုတာဝန်တစ်ရပ် ထမ်းဆောင်ရွက်ရန်အတွက် ရောက်ရှိနေပါကြောင်း သတိပြုမိပါရန် တင်ပြအပ်ပါသည်ခင်ဗျား။
အချိန်အခါ၊ အခြေအနေတို့သည်လည်း စစ်တိုင်းမှူးကြီး ဗိုလ်ချုပ်ကြီးထံသို့ ရောက်ရှိနေပါသည်။
သက္ကရာဇ် ၂၀၀၉ ခုနှစ်ကို ဂဏန်းအားလုံးပေါင်းပါက ၁၁ ရသည်။ တနင်္ဂနွေ ၂ထပ်ဖြစ်ကာ အာဏာကို အောင်မြင်မည့် နှစ်ဖြစ်သည်။ စိုးမိုးဂဏန်း ၁၁ နှင့် ပတ်သက်သော ထူးခြားဖြစ်စဉ် တို့ ပေါ်ပေါက်မည်။ နိုင်ငံ၏ တည်နေရာကို နက္ခတ္တဗေဒ နည်းဖြင့် တွက်လျှင်မူ မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ၂၀၀၉ ခုနှစ်အတွင်း ပြည်သူများ ၀မ်းမြောက်ဝမ်းသာဖြစ်မှု၊ ကောင်းချီး သြဘာထောပနာပြုမှု အကြီးအကျယ် ပေါ်ပေါက်ရမည်။ တနည်းအားဖြင့် ဆိုသော် ပြည်သူများလည်း ၁၁ မီးငြိမ်းရမည့်ကိန်း ဆိုက်ရောက်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် အမိမြန်မာပြည်၏ ပြည်သူများ (တပ်မတော်သားများအပါအ၀င်) အသီးသီးတို့၏ ရင်ထဲ ယခုချိန်ထိတိုင် တောက်လောင်ကျွမ်းလျက်ရှိသော ၁၁ မီးများ ငြိမ်းရန်အတွက် စစ်တိုင်းမှူးကြီး ဗိုလ်ချုပ်ကြီးကိုယ်တိုင် သမိုင်း၏တောင်းဆိုမှု၊ နက္ခတ်တို့၏ အချိန်အခါသင့် ပံ့ပိုးကိုက်ညီမှုနှင့် ကိုယ်တိုင်စွမ်းရည် အရည်အချင်းရှိမှုတို့နှင့်အတူ ဦးဆောင် ဆောင်ရွက်ပေးပါရန်နှင့် အပြောလွယ်သလောက် အလုပ်ခက်သော်လည်း တရားမျှတမှုကို လိုလားသော အရည်အချင်းပြည့်ဝသည့် ဗိုလ်ချုပ်ကြီးအတွက် ဤတိုက်ပွဲကို အောင်မြင်စွာ သိမ်းပိုက်၊ ဖြတ်ကျော်၊ အောင်ပွဲခံနိုင်မည်ဟု ချွင်းချက်မရှိ ယုံကြည်မိပါကြောင်း သက္ကရာဇ် ၂၀၀၉ ခုနှစ်အတွက် နှုတ်ခွန်းဆက်သ၀ဏ်လွှာ မင်္ဂလာစကား တင်ပြအပ်ပါသည်ခင်ဗျား။
(အယူတော်မင်္ဂလာတင်သွင်းသူ မောင်ပွကြီး)
အရာခံဗိုလ်လုပ်ရပ်ကြောင့် ဒေသခံရွာသားများ မကျေမနပ်ဖြစ်နေ
စစ်တပ်အရာခံဗိုလ်က ကျေးရွာများကို အဆင့်မြင့်တိုးတက်အောင် လုပ်ပေးမည်ဟုဆိုကာ လောင်းကစားဝိုင်းများ လုပ်ခိုင်းနေပြီး သူ့ကိုယ်ကျိုးစီးပွားအတွက် လုပ်အားပေးခိုင်းစေမှုများ ပြုလုပ်နေသဖြင့် ဒေသခံရွာသားများ မကျေမနပ်ဖြစ်နေကြသည်။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ညောင်သုံးပင် မြဝတီထပ်ဆင့်အသံလွှင့်ရုံမှ တာဝန်ကျအရာခံဗိုလ် နိုင်ထူးက ကျေးရွာဥက္ကဌများကို ဆင့်ခေါ်ကာ အနီးနား ကျေးရွာများစည်ကားအောင် ပွဲတော်များအတင်းအကြပ် ကျင်းပစေသည်။ အဆိုပါပွဲများတွင် လေးကောင်ဂျင်၊ လောင်းကစားဝိုင်းများထည့်သွင်းကာ သူ့ကိုယ်ကျိုးအတွက် ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။
“ကျေးရွာတွေကို အဆင့်မြင့်တိုးတက်အောင် လုပ်ပေးမယ်ဆိုပြီး လိုက်စစ်တာတွေလဲ လုပ်တယ်၊ ရွာတွေမှာ စည်ကားအောင် ရပ်ကွက်ပွဲတွေဘာတွေ လုပ်ခိုင်းတယ်၊ ပွဲမှာ ဂျင်ဝိုင်းတွေထည့်ခိုင်းတယ်၊ ရွာကလူတွေကလဲ ဒီနှစ်မှာက ပဲဈေးကလဲမကောင်းတော့ မလုပ်ချင်ကြဘူး”ဟု ဒေသခံ ရွာသားတဦးက ပြောသည်။
ထို့အပြင် အသံလွှင့်ရုံနှင့်နီးစပ်သည့် ဆည်ပေါက်ကံကျေးရွာအုပ်စုတွင်လည်း ကြက်ခြံဆောက်ရန်အတွက် တရွာလျှင် ဝါးအလုံး (၂၀) ကို အခမဲ့ တောင်းယူခဲ့သည့်အပြင် ကျောက်စရစ်လှည်း (၅) စီးနှင့် သဲများကိုလည်း ဒေသခံ ရွာသားများထံမှာ တောင်းယူခဲ့ကြောင်း ၎င်းရွာသားက ဆက်ပြောသည်။
“ဆည်ပေါက်ကံအုပ်စုထဲမှာ ရွာပေါင်း (၇) ရွာရှိတာ၊ အဲဒီမှာ (၈) လပိုင်းလောက်ကစပြီး ဝါးတွေတောင်းလိုက်၊ အဲလိုတွေ လုပ်တယ်၊ ပို့တဲ့ဝါးက ကောက်နေတယ်ဆိုရင် ဆဲဆိုပြီး ဖြောင့်တာနဲ့ ပြန်လဲခိုင်းတာတွေ လုပ်တယ်၊ နောက်ပြီး ရယကတွေ ရပ်မိရပ်ဖတွေကို အထူးအစည်းအဝေးဆိုပြီး ခဏခဏ ခေါ်တယ်၊ ရွာထဲက ဆိုင်ကယ်တွေကိုလဲ သူ့ကိုယ်ရေးကိုယ်တာသုံးဖို့ ချောဆွဲတာတွေ လုပ်တယ်၊ အဲဒါက အမြဲလိုလိုဖြစ်နေတာ၊ အခုထိဘဲ”ဟု ပြောသည်။
၎င်းအရာခံဗိုလ် နိုင်ထူးဆိုသူမှာ ပြီးခဲ့သည့် (၇) လပိုင်းအတွင်းက ချောက်မြို့နယ်၊ ညောင်သုံးပင် မြဝတီထပ်ဆင့်အသံလွှင့်ရုံသို့ ရောက်လာသူဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးနှင့် မည်ကဲ့သို့ ပတ်သက်နေသည်ကို ဒေသခံများက မသိရကြောင်း ပြောဆိုသည်။
မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး
NEJ/ ၃၁ ဒီဇင်ဘာ ၂၀၀၈ | |||
ယနေ့ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထိုင်ပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။ မြန်မာပြည်သူများအတွက် ၂၀၀၉ နှစ်ဆန်း သြ၀ါဒကထာမြွက်ကြားပါရန် ခေတ်ပြိုင်မှ လျှောက်ထားရာ ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ယခုကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။ ပရိတ်ကြီးနိဒါန်းလာ သမဂ္ဂါ ဆိုသည့်အတိုင်း ညီညီညွတ်ညွတ်ရှိကြရန် ဆရာတော်ဘုရားကြီးက တိုက်တွန်းလိုက်သည်။ ယင်းသို့ ညီညွတ်ရေး ဆုံးမခြင်းကိုပင် အချို့က နိုင်ငံရေးလုပ်သည်ဟု ဆရာတော်ကြီးအပေါ် အထင်မှားနေကြောင်းကိုလည်း ယခုကဲ့သို့ မိန့်ကြားသည်။ “ဒါကြောင့် ဘုန်းကြီးကတော့ မန္တလေးမှာ တခါတခါ ပြောပါတယ်။ တို့က ညီညွတ်ရေးပြောဟော မင်းတို့ အဲဒါ နိုင်ငံရေးထင်နေ ခက်တယ်ကွလို့။ ဘယ်သူ့ရယ်လို့မဟုတ်ဘူး အဲဒါတွေ တခါတခါ ထည့်ပြောဖူးတယ်။ ညီညွတ်ရေးလုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီးတော့ နိုင်ငံရေးလုပ်မှာပေါ့ကွလို့။ ရုံးတွေဘာတွေ ထိုင်ရအောင် လုပ်မှာပေါ့ကွလို့။ လူထွက်ပြီးတော့လည်း နိုင်ငံရေးမလုပ်ပါဘူးလို့။ သင်္ကန်းဝတ်နဲ့လည်း နိုင်ငံရေးလုပ်တာမှုတ်ဘူး။ ညီညွတ်ရေးပြောတာကွလို့။ ညီညွတ်ရေးနဲ့ နိုင်ငံရေးနဲ့ ကွဲပြားဖို့ အရေးကြီးတယ်လို့။ အမေအဖေနဲ့ သားသမီးတည့်အောင်ပြောနေတာ မင်္ဂလာတရားနဲ့ နိုင်ငံရေးတရားနဲ့ မတူဘူးကွလို့။ တို့ကတော့ ဘယ်ပါတီ ကောင်းစားပါစေ၊ ဘယ်သူကတော့ တက်ပါစေ၊ ဘယ်သူက ထိပ်တန်းကျပါစေ။ တို့ကတော့ မျှတတယ်ကွလို့” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။ သို့သော် မြန်မာ့နိုင်ငံရေးမှာ စစ်အစိုးရနှင့် အတိုက်အခံ ယခုထိ ညီညွတ်ပုံမရဟု ဆရာတော်ကြီးက ယူဆသည်။ စားပွဲထိုင်ပြီး မဆွေးနွေးနိုင်ဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြီး “အကုန်လုံး ညီညီညွတ်ညွတ်နဲ့ စားပွဲကြီးတခုပေါ်မှာ နှစ်ဘက်က တက်ရင် ဟိုဘက် (၄) ယောက် ဒီဘက်က (၄) ယောက် လက်ဖက်ရည်သောက်နေတာ၊ ပေါင်မုန့်အတူစားနေတာ တို့က ကြိုက်တာပါ။ မုန့်ပြားသလက် အတူတူစားနေတာ ကြိုက်တာပါ။ ခုတော့ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို လူ (၈) ယောက် (၉) ယောက် ၀ိုင်းမစားနိုင်တဲ့အဖြစ်ရောက်နေရတာ အဲဒါဝမ်းနည်းတာပါကွလို့။ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို စားကြည့်စမ်းပါ ညီညီညွတ်ညွတ်နဲ့။ အချင်းချင်းကွာ” ဟု ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ကြီးက တိုက်တွန်းလိုက်သည်။ မန္တလေးမြို့ ဘုန်းကြီးကျောင်းများမှ လိုင်စင်မဲ့ကားများ သိမ်းသည့်အချိန်တွင် ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယကျောင်းမှ ကားများကိုလည်း စစ်အစိုးရ သိမ်းယူထားရာ ယခုထိ ပြန်မပေးသေးကြောင်း ဆရာတော်က အမိန့်ရှိသည်။ နိုင်ငံခြားရေဒီယိုအချို့နှင့် ဆရာတော်ကြီး တချိန်က မေးမြန်းလျှောက်ထားချက်အချို့နှင့် ပတ်သက်ပြီး စစ်အစိုးရကို ပုတ်ခတ်သည်ဟု အစွပ်စွဲခံရမှုများနှင့် ပတ်သက်၍လည်း “မင်းကို တို့က ပုတ်ခတ်တာမဟုတ်ဘူး။ အစိုးရကို ပုတ်ခတ်တာမဟုတ်ပါဘူး၊ အစိုးရကို တို့က မြှင့်တင်တာပါ။ အစိုးရကို တို့က ဂုဏ်ပြုတာ။ ကံနဲ့တောင်တူတဲ့မင်း။ မင်းနဲ့တူတဲ့ကံ။ ကံမင်းပြုက ခံရရှာသည်။ အဲတော့ ကံက မင်းနဲ့တူလိုက်၊ ဆရာနဲ့တူလိုက်၊ အဖေနဲ့တူလိုက်၊ အမေနဲ့တူလိုက်၊ ဘာနဲ့တူလိုက်၊ ညာနဲ့တူလိုက်နဲ့။ ဒီလိုဆိုရင် ကံက ဘယ်ကစဖြစ်တာလဲ။ ကံဘယ်က စပေါ်တာလဲ။ ကံမင်းပြုတာ ခံရရှာသည်။ ကံဟာ ဘယ်ကဖြစ်ကုန်ကြဟု တွေးဆသောခါ ကံဖြစ်ရာသည် ကိုယ်သာပြုသည့်အမှုတည်း--တဲ့” ဟု ဆရာတော်က ရှင်းပြသည်။ | |||
နေပြည်တော် အာဆီယံကောင်စစ်ဝန်ရုံးဆောက်ဖို့ ကြံစိုက်ခင်းတွေသိမ်း
နေပြည်တော်ဒေသတွင်း ပါဝင်သော ပြန်ကပြေး၊ တောက်ထိန်နှင့် လက်ပံခါးလှ ကျေးရွာများမှ ကြံစိုက်ခင်းဧက (၁,၀၀၀) ကို အာဏာပိုင်များက သိမ်းယူလိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။
ယင်းသို့ သိမ်းယူရခြင်းမှာ အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံး တည်ဆောက်ရန် အတွက်ဟု သိရပြီး ဒီဇင်ဘာလလယ်ခန့်က အဆိုပါ ကျေးရွာများမှ ကြံတောင်သူများကို ဆင့်ခေါ်ကာ ကြံစိုက်မြေများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ကြံစိုက်ခင်းများအတွင်း သို့ ၀င်ရောက်ခြင်း၊ ကြံခုတ်ခြင်းများ မပြုလုပ်ကြရန်လည်း အမိန့်ဖြင့် တားမြစ်ခဲ့သည်ဟု ဆိုသည်။
“အစကတည်းက သတင်းသဲ့သဲ့တော့ ကြားရတယ်။ အခုလောက် မြန်မြန်ကြီး ဖြစ်လာမယ်မထင်ဘူး။ ကျနော်တို့က အခုချိန်ဟာ ကြံရာသီဖြစ်လို့ သိမ်းမယ်ဆိုရင်လည်း ကြံတွေခုတ်ပြီးမှ သိမ်းပါလို့ မေတ္တာရပ်ခံကြည့်သေးတယ်။ ဒါအထက်အမိန့် မရဘူးလို့ ပြောတယ်။ အခုဟာက ကိုယ်စိုက်ခဲ့တဲ့ ကြံတောင် ကိုယ်မပိုင်တော့ဘူး ဖြစ်သွားတယ်။ တဧကကို ကြံစိုက်နိုင်ဖို့ ထယ်ခ၊ ထွန်ခ၊ ပျိုးခတွေ နည်းတာမဟုတ်ဘူး။ ဒီနှစ်အတွက် စရိတ်တွေ ပြန်မရတော့ဘူး” ဟု လက်ပံခါးလှ ကျေးရွာမှ ကြံတောင်သူတဦးက ပြောသည်။
ယခုအခါ အာဏာပိုင်များက သိမ်းယူထားသည့် ကြံစိုက်ခင်းများကို မြေထိုးစက်ဖြင့် ရှင်းလင်းလျက်ရှိရာ ဒေသခံ ကြံတောင်သူများမှာ နှမြောသဖြင့် စိတ်မချမ်းမသာဖြစ်လျက် ရှိကြောင်း သိရသည်။
ယခုတည်ဆောက်မည့် အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံးကြီးကို တရုတ်နိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုက တာဝန်ယူဆောက်မည်ဟုလည်း သတင်း ရရှိသည်။
နေပြည်တော် စက်မှု (၁) ၀န်ထမ်းများထံမှ အဓမ္မကောက်ခံငွေ ၀န်ကြီးပြန်ပေး
နေပြည်တော် အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ခံ အရာထမ်း၊ အမှုထမ်းများထံမှ လစဉ် အဓမ္မကောက်ယူခဲ့သည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းကြေး ငွေများကို ၀န်ကြီး ဦးအောင်သောင်းက ရုတ်တရက် အားလုံး ပြန်ပေးသဖြင့် ၀န်ထမ်းများ အံ့သြနေကြသည်ဟု စုံစမ်းသိရသည်။
မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းကြေးငွေများကို လစဉ် ကျပ် (၃၀၀) ပေးရမည်ဆိုပြီး အဓမ္မကောက်ခံခဲ့သည့်အပြင် မှန်မှန်ပေးပါမည်ဆိုပြီး ၀န်ထမ်းများက လက်မှတ်ထိုးပေးခဲ့ရသဖြင့် ၀န်ထမ်းအများစု မကျေမနပ်ဖြစ်ခဲ့သည်ဟု ၀န်ထမ်းတဦးက ပြောသည်။
ဒီဇင်ဘာလဆန်းပိုင်းက အဆိုပါ ကောက်ခံငွေများကို ၀န်ကြီး ဦးအောင်သောင်းက ရုတ်တရက် အားလုံး ပြန်ပေးသဖြင့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်သည့်သဘောလားဟု ၀န်ထမ်းများအကြား ပြောဆိုနေ ကြသည်။