Monday, February 23, 2009

Ireland MPU 26-1-09 Consultation Meeting News

“ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ၊” မာလာဟိုက် ကြေညာချက် ၂၆-၁-၀၉

“တစုတစည်းသော ခေါင်းဆောင်မှုတရပ်နှင့် တူညီသောဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန် ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တရပ် ၀ိုင်းဝန်း အကောင်အထည်ဖေါ်မည်”



• ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU)၏ စတုတ္ထအကြိမ်မြောက် ညီလာခံအပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့(NCGUB) သည် ၂၄-၁-၀၉ မှ ၂၆-၁-၀၉ နေ့အထိ အောက်တွင် ဖေါ်ပြထားသည့် တိုင်းရင်းသား၊ ဒီမိုကရေစီနှင့် လူမှုရေးအဖွဲ့ အစည်းအသီးသီးတို့အပါအ၀င် လေ့လာသူများ အားလည်း ဖိတ်ကြားလျက် အိုင်ယာလန်နိုင်ငံ၊ မယ်လဟိုက်၊ ဂရင်းဟိုတယ်တွင် “ကျယ်ပြန့်သော ညှိနှိုင်း တိုင်ပင်မှုအစည်းအဝေးကြီး” တရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
• ယင်းညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ညီညွတ်ရေးနှင့် ခေါင်းဆောင်မှုအပေါ် အကြုံစဖူး အဆိုးမြင်မှုများနှင့် ဝေဖန်မှုများထွက်ပေါ်နေသည့်ကာလအတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
• အဆုံးတွင်မူ “တစုတစည်းသော ခေါင်းဆောင်မှုတရပ်နှင့် တူညီသော ဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန် ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တရပ် ဖေါ်ဆောင်ရန် ၀ိုင်းဝန်း အကောင်အထည်ဖေါ်မည်”ဆိုသည်ကို အားလုံးက သဘောတူညီကြပေသည်။

“ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ၊”
မာလာဟိုက် ကြေညာချက်
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်

၁။ အောက်တွင် ဖေါ်ပြထားကုန်သော ကျနော်တို့ အဖွဲ့အစည်းများအနေနှင့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၂၄ မှ ၂၆ ရက်နေ့အထိ အိုင်ယာလန်နိုင်ငံ (မာလာဟိုက်)တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲဖြစ်မြောက်ရန် အထောက်ကူပေးသော ဗားမား-အက်ရှင်းအိုင်ယာလန် (Burma Action Ireland) နှင့် အိုင်ယာလန် သမ္မတနိုင်ငံအစိုးရတို့၏ စေတနာနှင့် ထောက်ပံ့မှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြသည်။

၂။ မည်မျှပင် ကြီးမားဆိုးဝါးသော အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ နေရစေကာမူ မြန်မာပြည်သူ လူထု လွတ်မြောက်ရေးနှင့် အခြေခံအခွင့်အရေးများရရှိစေရန် အန္တရာယ် အသွယ်သွယ်ကို ရင်ဆိုင် အန်တုလျက် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် မဆုတ်မနစ်သော လုံ့လ၀ီရိယနှင့် ဆက်လက် တိုက်ပွဲဝင်နေကြ ကုန်သော ပြည်တွင်းမှ ဒီမိုကရေစီ သူရဲကောင်းများအား လေးစားဂုဏ်ပြုအပ်ပါသည်။

၃။ ပြည်သူ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ဘ၀ပျက်ပြီး၊ အများစုသည် ပြင်းထန် ကြမ်းတမ်းလှသော ထောင်တွင်း အခြေအနေတွင် ဆင်းရဲဒုက္ခများ ဆက်လက် ခံစားနေကြရကုန်သော သတ္တိပြောင်မြောက်လှသည့် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များလုံးကို ချီးကျူး ဂုဏ်ပြုပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

၎။ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး အပါအ၀င် အဖမ်းအဆီးခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့နှင့်တကွ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီရေး ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေး အတွက် ဆောင်ကျဉ်းပေးပါရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းအား တောင်းဆိုသည်။

၅။ မြန်မာ့အရေး ထောက်ခံအုပ်စုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် (အင်စတီကျု)များ အားလုံးတို့၏ မဆုပ်အနစ်သော ကူညီ ထောက်ပံ့ကုညီမှုများအတွက်လည်း ကျွန်ုပ်တို့ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၆။ မြန်မာစစ်ဗိုလ်ချုပ်များသည် တဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေခံလျက် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲတရပ်ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး ဖြင့် တရားဝင်အုပ်ချုပ်နိုင်ရေးကြိုးစားနေခြင်းဖြင့် မြန်မာနိုင်ငံသည် သေရေးရှင်ရေး အကြပ်အတည်းသို့ ရောက်ရှိနေပေသည်။

၇။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ၂၀၀၈ ခုနှစ် စစ်တပ်က အဆိုတင်သွင်းခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအား လုံးဝလက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ကြေညာလိုက်ပါသည်။ အခြေအနေဆိုးအား ပြုပြင်ရန် အခွင့်အလမ်းနှင့် အချိန် ကျန်ရှိနေဆဲဖြစ်ရာ၊ ကျွန်ုပ်တို့သည် တိုင်းပြည် အကျိုးအတွက် နည်းလမ်းပေါင်းစုံနှင့် တညီတညွတ်တည်း ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်နှင့် နားလည်မှု များ ရရှိခဲ့ကြပေသည်။

၈။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရန် ဟူသည့် ဘုံရည် မှန်းချက်များကို ဖေါ်ဆောင်ရန် ညီညွတ်သောခေါင်းဆောင်မှုနှင့် အားလုံးပါဝင်သည့် လုပ်ငန်းအစီအစဉ် တရပ်အတွက် လက်တွဲရွက်ဆောင်ကြရန် သဘောတူညီကြပါသည်။

၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB
၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU
၃) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ AAPP
၎) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF
၅) မြန်မာနိုင်ငံဆိုင်ရာ ကနေဒါမိတ်ဆွေများ CFOB
၆) တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC
၇) မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ချုပ် FBF
၈) မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB
၉) သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် IBMO
၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD/LA
၁၁) မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် SYCB
၁၂) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန
မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ

ရှင်းပြီးရင်း ရှင်းနေရသည့် ရှင်းနေခဲ့သည့်ကိစ္စ


- တင့်ဆွေ -


ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် “စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား” “ရှင်းပြဖို့လိုအပ်သည်”ဟု ဆိုထားသဖြင့် ရှင်းပါမည်။ ရှင်းလည်း ရှင်းပြီးသားပါ။ ခက်သည်က ရှင်းထားပြီးအချက်ကိုလည်း ရှင်းပုံမပေါ်ဖြစ်နေလို့၊ ထပ်ပြီး ရှင်းရှင်းလင်းလင်းကြီး ရှင်းပြရပါတော့မည်။

(၁) မဲဆွယ် မဲဝယ် ဇာတ်လမ်းဆိုတာ မရှိပါကြောင်း၊ တာဝန်ရှိအဖွဲ့အစည်းကြီးနှစ်ခုမှ ပူးတွဲအစည်းအဝေး ပြုလုပ်ပြီးသကာလ၊ ၂-၂-၀၉ နေ့က ကြေညာချက် ထုတ်ခဲ့ပြီးပါပြီ။ ထပ်ကွန့်လာခြင်းမှာ မဟုတ်တမ်းတရား စွပ်စွဲခံရသူများ၏ ဂုဏ်သိက္ခာကို ထပ်ခါထပ်ခါ စော်ကားရာကျနေပါသည်။ အလုပ်တွေက တလှေကြီးရှိနေသောကြောင့် သူတို့ မရှင်းအားကြပါ။

(၂) ယခင်က ကုလနေရာအရေးကို (ဒပ်ဗလင်)မရောက်မီအထိ (မဲဆောက်)အခြေစိုက်နှင့် (၀ါရှင်တန်) အခြေစိုက် ကိုယ်စားလှယ်များသာ ထဲထဲဝင်ဝင်၊ လေးလေးနက်နက် လေ့လာ၊ ဆွေးနွေး၊ ဆောင်ရွက်နေခဲ့ကြပါသည်။ ညီလာခံရောက်သောအခါ အားလုံးသောကိုယ်စားလှယ်များသည် ယင်းပုဂ္ဂိုလ်တို့၏ အပြန်အလှန် တင်ပြချက်များကိုလည်းကောင်း၊ အမျိုးမျိုးသော အခြားအဖွဲ့အစည်းများ၏ တလေးတစား၊ ရင်တမမ ပေးပို့လာကြသည့် အကြံပြုစာများကိုလည်းကောင်း၊ အလေးအနက်၊ အပြန်အလှန်၊ သုံးသပ်ဆွေးနွေးနိုင်သည့် အခွင့်အရေးရရှိကြကာ ပိုမိုသင့်မြတ်သော အဆုံးအဖြတ်ကို ရရှိစေခဲ့ခြင်းဖြစ်သွားပါသည်။ သဘာဝကျကျ ဖြစ်ရသည့် အဖြစ်ပါ။ (ပရီဂျူးဒစ်)မရှိပဲ ဆုံးဖြတ်ကြသူက အများဆုံးဖြစ်၍ အဖြေက အဲလိုသာဖြစ်လာပါသည်။ အဆုံးမှာတော့ အားလုံးကနေ လွတ်လပ်သောဆန္ဒနဲ့မဲပေးခဲ့ကြသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

(၃) “(ကမ်ပိန်း)တခုအတွက် ညီလာခံကြီးကျင်းပပြီး မဲခွဲရသည်”မှာ မဟုတ်ရေးချပါ ခင်ဗျား။ ယင်းကိစ္စမှာ (အာဂျင်ဒါ) တခုမျှသာဖြစ်ပါသည်။ ညီလာခံသည် လေးနှစ်တကြိမ် ကျင်းပမြဲဖြစ်ရာ၊ ညီလာခံတိုင်းဆိုသလို (ဟော့တ်-အစ်ရှူး) ရှိတတ်ပါသည်။ လေးနှစ်အတွင်း အထူးအစည်းအဝေးများမှာလည်း ထို့အတူရှိပါသည်။

· ၁၉၉၅ ညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ဦးစွာပဌမ လွတ်လာရသည့် အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။

· ၁၉၉၈ (ဆစ်ဒနီ)မှာ (ဆန်ရှင်)အရေးက (ဟော့)ဖြစ်ပါသည်။

· ၁၉၉၉ (ဘာလင်)တွင် (ဒိုနာ-ဒရွတ်ဗင်း)မှသည် ကိုယ်ပိုင် လေးချောင်းထောက်ဗျူဟာကို စတင်သည်၊ (အင်-အာရ်-ပီ)အား အစပျိုးစေသည်၊

· ၂၀၀၀ ဒပ်ဗလင်တွင် (စီအာပီပီ)နှင့် (ရာဇာလီ)တို့အား အာရုံစိုက်ခဲ့သည်။

· ၂၀၀၁ (ဘရပ်ဆဲလ်)တွင် (အင်ပီ)များ အရည်အသွေးမြှင့်တင်ရေး၊ (အီး-ဘီ-အို)ရုံး၊ (ဒီ-ဗွီ-ဘီ)၊

· ၂၀၀၃ (ဗွန်မားစဗစ်)မှာ တိုင်းရင်းသားလူမျိုးစုတို့၏ ပင်လုံစိတ်ဓါတ်အား အလေးအနက်ပြုခြင်း၊ နိုင်ငံတကာရောက် (စီဗယ်လ်-ဆိုဆိုင်ရ်တီ)တို့၏ (ကင့်ပိန်း)များ၊

· ၂၀၀၃ (ဆစ်ဒနီ)မှာ (ဒီပဲယင်း)အရေးက လွှမ်းမိုးခဲ့သည်။

· ၂၀၀၄ ၀ါရှင်တန်၊ (ကေ-အင်-ယူ)အပစ်ရပ်စကားပြောခြင်း၊ စစ်ထောက်လှမ်းရေးပျက်သုဉ်းခြင်း၊

· ၂၀၀၆ အီတလီ၊ (တူရိန်)တွင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရေးကျခဲ့ပါသည်။

(၄) ဒေါ်အောင်ဆန်းစုကြည်အကြောင်းမပါဟု လေ့လာသူက ဆိုပြန်ပါသည်။ မှားပြန်ပါပြီ၊ အမှားကြီးပါ။ ညီလာခံတလျှောက်လုံး (ဗီဒီယို)မှတ်တမ်းတင်ပါသည်။ အတွင်းစည်းအတွက်ပါ။ အသံဖိုင် ထုတ်ပြဘို့အထိ လိုမည်မထင်ပါ။ တခုသက်သေပြပါမည်။ ကျွန်တော်တို့၏ ကြညာချက်တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို ထိပ်ကရေးထားပါသည်။ ညီလာခံအပြီးကျင်းပသော တိုင်ပင်ညှိနှိုင်းပွဲ၏ ကြေညာချက် “Unity for Democracy and Civil Liberties” တွင်လည်း ကျွန်ုပ်တို့၏ခေါင်းဆောင်များ လွတ်မြောက်ရေးကို အလေးထားခဲ့ပါသည်။ တပတ်အတွင်းပင် ဒေါ်စုကိုယ်တိုင် (ဂန်ဘာရီ)အား အနိမ့်ဆုံးသိသာမြင်သာသည့် အပြောင်းအလဲသည် ယင်းအရေးဟု ဆိုလိုက်ပါပြီ။ ယင်းသတင်းထွက်မည့်နေ့ကပင် အိန္ဒိယမှာ ထိုအရေးအတွက် ဆန္ဒပြခဲ့ကြပါသည်။ တိုက်ဆိုင်တာမဟုတ်ပါ။ ဒေါ်စုအား လူကြားကောင်းအောင် နာမည်ထုတ်အော်နေသည်ထက် သူ့ရပ်တည်ချက်နှင့်အညီ လိုက်ပါဆောင်ရွက်ခြင်းဖြင့် ခေါင်းဆောင်မှုကို လေးစာတာပါ။ တခုပြောပါရစေ အမတ်တိုင်းက (အင်ဂျီအို)ဒေါ်လာမစားပါ။

(၅) “စစ်အစိုးရတိုက်သည့်ကိစ္စကို တိုက်မည့်သူနှင့် မတိုက်မည့်သူဟူ၍ မဲခွဲဆုံးဖြတ်ကြသည်” မဟုတ်ပါ။ “ဟုတ်သည်ဟု ထင်ခြင်း”အား အံ့သြရပါတော့သည်။ Credentials Challenge အရေးကို အပေါ်ယံကလေး ကြည့်ပါက ယင်းသို့သာမြင်နိုင်သည်က မဆန်းပါ။ ကိုယ်စားလှယ်များ လေ့လာဆန်းစစ်ကြသည်မှာ အတိမ်-အနက်၊ အလေး-အပေါ့၊ အကျဉ်း-အကျယ်၊ အလား-အလာ၊ များစွာများစွာ ပြည့်စုံသလောက်ရှိပြီးမှ ဆုံးဖြတ်ကြခဲ့ခြင်းဖြစ်ပါသည်။ မဲခွဲလိုသူများရှိသကဲ့သို့ (ကွန်ဆင်းဇပ်စ်) ရှာလိုသူများလည်း ရှိပါသည်။ “ဒီလက်နက်ဟာ ဒီနေရာနဲ့တော်မလာ၊ မတော်လား”ဟု အချင်များခြင်းထက် တပြားမှမပိုပါ။ မဲသည် အဆိုတခုကိုသာခွဲပြီး လူကိုမခွဲပါ။ လက်တွဲလုပ်ချင်စိတ်ကို ဖျက်မပြစ်ပါ။ ကျွန်တော်တို့မှာ မဲခွဲခြင်းအလုပ်တွေ များစွာရှိခဲ့ပြီး၊ များစွာလည်းရှိပါဦးမည်။ ဒီမိုကရေစီ မဟုတ်ပါလားခင်ဗျား။

မကောင်းသည့်စနစ်အား အမတ်တွေက မတိုက်ချင်ကြဟု ရိုးစွပ်မှုသည် ရိုးသားပါ၏လော။ ထို့ကြောင့် “ရန်သူလည်းအားရ၊ ကိုယ့်ကုန်လည်းရောင်းရအောင်” အမတ်တွေအပါအ၀င် စစ်အာဏာရှင်စနစ်ကို တိုက်နေသူများအား ဟိုဖက်ကလှည့် အပုတ်ချ၊ ဒီဘက်က လှည့်သရော်နေခြင်းများအား ပြန်လည် ဆန်းစစ်ကြရန် အနူးအညွှတ်မေတ္တာရပ်ခံပါသည်။


တင့်ဆွေ

၎-၂-၀၉

BoB နှင့် လေးဖြူကို အရှင်လတ်လတ် စင်ပေါ်မှာပြန်တွေ့ခဲ့ရတဲ့ Alpine Music Tour 2009

ကိုလေးဖြူစင်ပေါ်မှာ သီချင်းပြန်ဆိုမယ်ဆိုတော့ ကျွန်တော်တို့လည်း မနေနိုင်တော့ဘူး။ သွားအားပေးရတာပေါ့။ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဇန်နဝါရီ ၃၀၊ ၃၁ ရက်နေ့များက Alpine ရဲ့အစီအစဉ်နဲ့ IC အဖွဲ့ရဲ့ ရှိုးပွဲကို ပြုလုပ်သွားခဲ့ပါတယ်။ ကျွန်တော်ကတော့ နောက်ဆုံးနေ့ဖြစ်တဲ့ (၃၁) ရက်နေ့မှာ သွားကြည့်ဖြစ်ခဲ့ပါတယ်။
ညနေ (၆) နာရီကျော်တာနဲ့ မျှော်စင်ကျွန်းမှာ IC ပရိတ်သတ်ဟာ လမ်းပြည့်တဲ့အထိ ရှိနေခဲ့ပါတယ်။ စတိတ်စင်အရှေ့မှာလည်း ပရိတ်သတ်တွေက အစောကြီးကတည်းက နေရာယူထားကြပါပြီ။ ၇ နာရီထိုးခါနီးလောက်မှာပဲ ကိုလေးဖြူရဲ့ သေချင်းရဲ့တံခါးများ ဆိုတဲ့ Rock အပြင်းစားနဲ့ စပြီးဖွင့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မျိုးကြီးရဲ့ ကျောက်စာများ သီချင်းနဲ့ ပွဲကပိုပြီးမြူးလာခဲ့ပါတယ်။ နောက်တော့ ကိုအငဲ၊ ဝိုင်ဝိုင်းတို့ တစ်လှည့်စီဖျော်ဖြေခဲ့ပါတယ်။

ပရိတ်သတ်ရဲ့ အားပေးမှုကတော့ အချိန်ကြာတာနဲ့အမျှတိုးလာခဲ့ပါပြီ။ ဒီနေ့ပွဲမှာ “လေးဖြူ..လေးဖြူ” ဆိုပြီး ကိုလေးဖြူကိုပဲ တစ်ချိန်လုံး တောင်းဆိုနေခဲ့ကြပါပြီ။ ကိုလေးဖြူကလည်း BoB ထဲက နားထောင်မလား ဆိုပြီး “BoB, BoD, BoC” ဆိုတဲ့ အော်သံနဲ့အတူ “မလုပ်နဲ့ မလုပ်နဲ့ လက်နက်ငါချပြီးသား” သီချင်းကို စဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုယ့်ရဲ့လမင်း၊ သံယောဇဉ်၊ စာမျက်နှာ (၁၅) စတဲ့ သီချင်းအေးလေးများကို သီဆိုသွားခဲ့ ပါတယ်။
ဒီနေ့ပွဲမှာ ထူးခြားတာလေးတွေကတော့ ဝိုင်ဝိုင်းရဲ့ တရုတ်သံဇဉ် သီချင်းအေးတစ်ပုဒ်ကို Rock ဆန်ဆန်သီဆိုသွားတာပါ။ နောက်ပြီး ဝိုင်ဝိုင်းရဲ့ တယ်လီဖုန်း သီချင်းကို လိဒ် Intro ကိုလေးဖြူကတီးပြီး မျိုးကြီးက Bass ဂီတာတီးပြီး သီဆိုသွားပါတယ်။ ဒီသီချင်းမှာပဲ နောက်ပိုင်းမှာတော့ ကိုအငဲက Solo ဝင်တီးပေးသွား ပါတယ်။
နောက်ထပ်ထူးခြားတာကတော့ ခရီးဆုံးထိ ကို ပရီတ်သတ်ကသီဆိုပြီး ကိုလေးဖြူကိုယ်တိုင် Hollow Guitar တီးပေးသွားတာပါ။ ပွဲပြီးဖို့အချိန်နီးလာတာနဲ့အမျှ ပရိတ်သတ်ကလည်း ကိုလေးဖြူကိုပဲ တောင်းဆိုနေခဲ့ပါတယ်။ ကိုလေးဖြူကလည်း ပရီတ်သတ်ကိုလိုက်လျောတဲ့ အနေနဲ့ အလင်းရောင် ကိုဆိုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ IC တစ်ဖွဲ့လုံး ရောဂါ ကို သီဆိုခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့တော့ “’ဒီလိုငါ ယုတ္တိမရှိတဲ့အဖြစ်ကို ငါယုတ္တိရှိဖို့မွန်းမံနေရင်း” ဆိုတဲ့ သီချင်းနဲ့ပွဲကပြီးဆုံးသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ကိုလေးဖြူ သက်လုံကျနေတာတွေ့ရပါတယ်။ အရင်လောက်တော့ မဆိုနိုင်တော့ပါဘူး။ နှစ်ရက်ဆက်တိုက် ဖြစ်နေတာကြောင့် ပွဲပန်းတာလဲပါနိုင်ပါတယ်။ ဒီနေ့ပွဲမှာတော့ မျိုးကြီးနဲ့ကိုအငဲက တော်တော်ထိန်းသွားတာတွေ့ရပါတယ်။ ကိုလေးဖြူအားရပါးရ မဆိုနိုင်တာနဲ့ မျိုးကြီး တစ်ချက်အော်လိုက်တဲ့အချိန်မှာ အသံမဆိုသလောက်လေး ပျောက်သွားတာကလွဲလို့ ဒီနေ့ပွဲဟာ IC ပရိတ်သတ်အတွက်တော့ ကျေနပ်မှုရခဲ့ပါတယ်။ IC အဖွဲ့ရဲ့ Alpine Music Tour 2009 အောင်မြင်ပါစေ။ ဒီထက်လဲအောင်မြင်ပါစေ……
ရေးသူ မိုးမှောင်

တော်ဘုရားလေး အမှတ်တရ စာပေဆုပေးပွဲ နေရာပြောင်း

နန်းဒေဝီ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009 18:04 - မြန်မာစံတော်ချိန်


နယူးဒေဝီ (မဇ္စျိမ) ။ ။ စာရေးဆရာ တော်ဘုရားလေးအောင်ဇေ အမှတ်တရ တတိယအကြိမ်မြောက် စာပေဆုပေးပွဲ အခမ်းအနား ပြုလုပ်ရန် အာဏာပိုင်များက ခွင့်မပြုသဖြင့် အစီအစဉ် ဖျက်သိမ်းလိုက်ရသည်။

ရန်ကုန်တိုင်း ကျောက်တံတားမြို့ နယ်ရှိ ဟိုတယ်တခုတွင် အင်္ဂါနေ့ မနက်ဖြန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ စာပေဆုပေးပွဲကို မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) မှ ပွဲမိန့်ချမပေးသဖြင့် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။

"စနေနေ့က ဟော်တယ်က ကျမတို့ကို ပွဲမိန့်တောင်းတယ်။ စာနယ်ဇင်းအဖွဲ့ မဟုတ်ရင် စာပေစိစစ်ရေးအဖွဲ့ကို ပွဲမိန့်ယူလာပါလို့ ပြောတယ်။ အဲဒီက ပွဲမိန့်ပါမှလို့ ကျမတို့ကို ပြောတယ်။ တခြား ဘာကြောင့်ဆိုတာ မပြောဘူး" ဟု တော်ဘုရားလေး သမီး ဒေါ်ဒေဝီသန့် ဇင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "အရင်ကလဲ တခါမှ ပွဲမိန့် မတောင်းခဲ့ဖူးဘူး။ အခုတော့ မရဘူးဆိုတော့လည်း နေရာပြောင်း လုပ်ရမယ်။ ဧည့်သည်တွေလည်း ဖိတ်ပြီးသား ဖြစ်နေတယ်" ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်က ဒုတိယအကြိမ်မြောက် စာပေဆုပေးပွဲကို သမတ ဟိုတယ်တွင် ကျင်းပခဲ့ရာ မည်သည့်ပွဲမိန့်မှ တောင်းခံခြင်း မရှိသလို ယခုပြုလုပ်မည့် ဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည့် စာပေနှင့် ဆက်နွယ်သည့် အခမ်းအနားများတွင်လည်း ပွဲမိန့်တောင်းခံခဲ့ခြင်းမျိုး မရှိဖူးကြောင်း သိရသည်။

ယခု ပွဲမိန့်တောင်းခံခြင်းသည် ဇန်နဝါရီလအတွင်းက ပြုလုပ်သွားခဲ့သည့် ဘာသာပြန် စာအုပ်ဖွင့်ပွဲတခုတွင် ဖွင့်ပွဲတွင် နှစ်ရှည် အကျဉ်းကျခံခဲ့ရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် ပါဝင်တက်ရောက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု စာပေအသိုင်းအဝိုင်းက ဆိုသည်။

ယခုတကြိမ်ပြုလုပ်မည့် တော်ဘုရားလေး စာပေအမှတ်တရ ဆုပေးပွဲတွင် စာပေ၊ စာနယ်ဇင်းမှ စာရေးဆရာများ၊ ကဗျာဆရာများ စုစုပေါင်း ၁၀၀ ကျော် ဖိတ်ခေါ်ထားပြီးဖြစ်ရာ ဦးဝင်းတင်လည်း ပါဝင်သည်။

၂၀၀၇ ခုနှစ်မှ စတင်ကာ စာရေးဆရာ တော်ဘုရားလေး အမှတ်တရ စာပေဆုပေးပွဲကို နှစ်စဉ် ပြုလုပ်လာခဲ့သည်။

ယခုနှစ်တွင် ဝတ္ထုတိုပေါင်းချုပ်ဆုနှင့် မဂ္ဂဇင်းဆုတို့ကို ငွေသားအဖြစ် ကျပ်ငွေ ၁ သိန်းစီ ချီးမြှင့်ရန် စီစဉ်ထားသည်။

တော်ဘုရားလေးသည် ဘိုးတော် သီပေါမင်းနှင့် ဘွားတော် စုဖုရားလတ်တို့မှ မွေးဖွားခဲ့သော သမီးတော် ၄ ပါးအနက် စတုတ္ထမြောက် သမီးတော်၏ စတုတ္ထမြောက်သားတော် ဖြစ်သည်။

သမိုင်းနှင့် ပတ်သက်သည့် စာအုပ်များဖြစ်သော ပြည်သူချစ်တဲ့ မျိုးဆက်သစ်၊ လန်ဒန်ရောက် ပတ္တမြား ငမောက်၊ ရတနာပုံမှ ရတနာဂီရိသို့  စသည့် စာအုပ်များကို ရေးသားခဲ့သည်။

သူသည် ၂၀၀၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ခိုင်မာသောရလဒ် မရဟု ကုလသံတမန် ပြော

မုံပီး
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009 12:04 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော သူ၏ နောက်ဆုံးခရီးစဉ်သည် ယခုအထိ မည်သည့် ခိုင်မာသောရလဒ်မှ မရရှိခဲ့သေးဟု မြန်မာနိုင်ငံဆိုင်ရာ ကုလ သံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီက သောကြာနေ့က လုံခြုံရေးကောင်စီကို ပြောကြားလိုက်သည်။

နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ အလည်အပတ်သွားခဲ့သော ဂမ်ဘာရီက ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီ၏ တံခါးပိတ် အစည်းအဝေးတွင် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကျနော့်ခရီးစဉ်ကနေ မယ်မယ်ရရ ရလဒ် မြင်တွေ့ရခြင်း မရှိသေးပါ" ဟု ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးက အဆိုပါ တံခါးပိတ်အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ပါမည်ဟုဆိုသော မိမိတို့၏ ကတိကို သက်သေပြပါရန် မြန်မာအစိုးရကို မိမိတိုက်တွန်းခဲ့သည်ဟု သူက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို သူ မထောက်ခံကြောင်း မြန်မာစစ်အစိုးရကို ပြောခဲ့သည်ဟု ဂမ်ဘာရီက ဆိုသည်။ သို့သော် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်မူ အစိုးရကို တိုက်တွန်းခဲ့သည်ဟု သူက ဆက်ပြောသည်။

"ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ၂ဝ၁ဝ မှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကျနော်တို့က ထောက်ခံပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒီကိစ္စဟာ အစိုးရနဲ့ မြန်မာပြည်သားတွေ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီး ထောက်ခံပြောဆိုနေတာက အဲဒီရွေးကောက်ပွဲတွေ ကျင်းပတဲ့အချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာစေမယ့် အခြေအနေတွေ ရှိနေဖို့သာ ထောက်ခံပြောဆိုနေတာ ဖြစ်ပါတယ်" ဟု ဂမ်ဘာရီက သတင်းထောက်များကို ပြောသွားသည်။
ကုလသံတမန်သည် သူ၏ နောက်ဆုံးခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ် သိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံနိုင်ခဲ့သည်။

သို့သော် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကမူ ကုလသံတမန်နှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

ဂမ်ဘာရီကဲ့သို့ပင် NLD ကလည်း သူ၏ မကြာသေးခင်က လာရောက်ခဲ့သော ခရီးစဉ်သည် မည်သည့် ထူးခြားသော ရလဒ်မှ မရခဲ့သော်လည်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုမူ ချီးကျူးအသိအမှတ်ပြုပါကြောင်း ပြောဆိုသည်။

"မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်က ဘာရလဒ်မှ ထွက်လာတာကို ကျနော်တို့ မမြင်ရသေးဘူး။ ဒါပေမဲ့ သူ့ကိုရော၊ ကုလသမဂ္ဂကိုရော သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လုပ်စေချင်ပါတယ်" ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရက စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်သော အကျဉ်းသား ၆ဝဝဝ ကျော်ကို နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များမှ လွှတ်ပေးမည်ဟု သောကြာနေ့က ကြေညာခဲ့သည်။

ဤကြေညာချက်ကို သူ့အနေဖြင့် ကြိုဆိုပါသော်လည်း လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးသမားများ ပါဝင်သည်ကိုမူ မြင်တွေ့လိုကြောင်း မစ္စတာဂမ်ဘာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

"တချိန်ထဲမှာပဲ အခုလို အကျဉ်းသားတွေ လွှတ်ပေးတာ၊ အထူးသဖြင့် နိုင်ငံရေးသမားတွေ လွှတ်ပေးတာကို ကြိုဆိုတာ မျှတမှုရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟုလည်း ဂမ်ဘာရီက ပြောသွားသည်။

“သီချင်းဆိုရင်းနဲ့ပဲ စင်ပေါ်မှာ သေသွားချင်တယ်”

Tuesday, 17 February 2009 19:09 ဧရာဝတီ

အဆိုတော် ဇော်ဝင်းထွဋ်သည် စတီရီယို ဂီတလောကထဲသို့ ၁၉၈၀ ကျော်ခန့်က မာကျူရီည အခွေဖြင့် ဝင်ရောက်ခဲ့သည်။ ယင်း တေးစီးရီးတွင် အစ်ကိုဖြစ်သူ ဇော်မျိုးထွဋ် နှင့် တွဲဖက် သီဆိုထားပြီး တကိုယ်တော် တေးစီးရီးအဖြစ် “လမ်းသစ်” စီးရီး နှင့် စတင်ခဲ့သူဖြစ်သည်။ သူ၏ “ရှင်သန်ခြင်း” “နေရာသစ်” စသည့် စီးရီးများမှာ လူကြိုက်များခဲ့ပြီး ဇော်ဝင်းထွဋ်နှင့် တွဲဖက်၍ အင်ပါယာ တီးဝိုင်းမှာလည်း ထင်ရှားကြော်ကြားခဲ့သည်။ ဇော်ဝင်းထွဋ်မှာ မြန်မာဂီတစာဆိုကြီး ရွှေတိုင်ညွန့်၏မြေး ဖြစ်ပြီး တေးသံရှင်ထား၏ သားငယ် ဖြစ်သည်။ မကြာသေးခင်ကမှ “တစ္ဆေလမ်း” တကိုယ်တော် ကိုယ်ပိုင်သံစဉ် စီးရီး ဖြန့်ချိခဲ့သည့် ဇော်ဝင်းထွဋ်ကို ဧရာဝတီမဂ္ဂဇင်းက ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး။ ။ ခုနောက်ဆုံး ထွက်တဲ့ တစ္ဆေလမ်း အခွေမှာ ကိုယ်ပိုင်သံစဉ် ရော့ခ်စစ်စစ်လို့ ပြောထားတယ်။ အဲဒီတော့ ကိုဇော်ဝင်းထွဋ်ရဲ့ ရော့ခ် စစ်စစ်ဆိုတာ ဘာကိုဆိုလိုတာလဲ သိပါရစေ။

ဖြေ။ ။ ရော့ခ် စစ်တယ်ဆိုတာ ရော့ခ် ဂီတနားလည်သူတွေ၊ ရော့ကာ အချင်းချင်းဆိုရင်တော့ သဘော ပေါက်တာပေါ့။ ကျနော်တို့ ဆိုတာတွေကို လူတွေသဘောပေါက်သွားတဲ့ဟာ၊ ပရိသတ်နား စွဲသွားတဲ့ဟာတွေ တော့ ပါမှာမဟုတ်ဘူး။ ကျနော်တို့ ယုံကြည်တာ ကျနော်တို့ အသွေးအသားက ထွက်လာတဲ့ ကျနော်တို့ ကြုံတွေ့ ရတဲ့ အတွေ့အကြုံတွေ ကျနော်တို့ ကြုံတွေ့ရတဲ့ ဒီ music အရရော ကိုယ့်ရဲ့ ဘဝအတွေ့အကြုံအရရော ဒါတွေကိုပဲ ဖော်ထုတ်တာ။ လူငယ်တွေလို အသည်းကွဲရင် တပုဒ်ရတယ် ဆိုတာမျိုး ဖန်တီးထားတာ မျိုးတော့ မဟုတ်ဘူး။

မေး။ ။ အဲဒီထဲမှာမှ ယုံကြည်တယ် ဆိုတာကို တခုလောက် ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ ယုံကြည်တာက ဘယ်ကိစ္စမဆို ကိုယ့်ရဲ့ စိတ်မပါဘဲနဲ့ လုပ်ရင် အဓိပ္ပာယ်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ညာရာ ရောက်တယ်။ အထူးသဖြင့် ဂီတ ဖန်တီးတဲ့နေရာမှာ ပိုလိုတယ်။

မေး။ ။ ဒီ စီးရီးကို ဘာဖြစ်လို့ ကိုယ်ပိုင်သံစဉ်ချည်းပဲ လုပ်တာလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရရင်တော့ အရင်တုန်းက ဒီ ကိုယ်ပိုင်သံစဉ်၊ ကော်ပီ ဆိုတာတွေကို ကျနော်တို့ ကပဲ စပြီးငြင်းကြ၊ ခုန်ကြလုပ်ခဲ့ကြတာပဲ။ အခုချိန်မှာတော့ ကိုယ်ပိုင်သံစဉ်ရယ် ကော်ပီရယ် ပြောတာထက် music တခုက ကိုယ်ပိုင်ဟန် ဘယ်လောက်ပါလဲ ဆိုတာကို ပြောချင်တယ်။ ကျနော်က ကိုခင်မောင်တိုး သီချင်းကို ယူဆိုမယ်ဆိုရင် ဒါ ကိုယ်ပိုင်လို့ ပြောလို့မရဘူးလေ။ တချို့ own tune တော့မဟုတ်ဘူး။ ဒါပေမယ့် ထူးဆန်းတာရှိတယ်။ အရင်တုံးက မင်းချစ်သူ ရေးခဲ့တဲ့ ဂန္ထဝင်စိမ်းဆို ကော်ပီပဲ။ ဒါပေမယ့် နားထဲမှာ ဒီစာသားနဲ့ သံစဉ်ကစွဲသွားတော့ ကော်ပီသီချင်း လို့တောင် တခါတလေ မေ့သွားတယ်။ အဓိက ကျနော်ဆိုလိုတာက ကိုယ်ပိုင် ဟန်တခုပါဖို့ပဲ လိုပါတယ်။

မေး။ ။ ဒီဘက်နှစ်ပိုင်းမှာ အရင်တုန်းက ကော်ပီတွေ ဆိုခဲ့တဲ့ မြန်မာပြည်က ရော့ကာတွေ ကိုယ်ပိုင် သံစဉ်တွေ ဆိုလာတာ တွေ့ရတယ်။ နောက်ထပ်လည်း ထွက်ဦးမယ်လို့ ကြားတယ်။ ရေစီးကြောင်း ပြောင်းလာ တယ်လို့ ထင်လား။ ပရိတ်သတ်က တောင်းဆိုတာလား။

ဖြေ။ ။ တကယ် ရိုးရိုးသားသား ပရိသတ်ကတော့ ဘာမှ မတောင်းဆိုဘူးခင်ဗျ။ သီချင်း ပေါက်ရင် အကုန်လိုက်ဆိုမှာပဲ။ များသောအားဖြင့် ကိုယ်ပိုင်သံစဉ် ပြောင်းဆို ကြတယ်ဆိုတဲ့ သဘောက ကော်ပီ ဆိုရတာ အားမရတော့လို့။ ကျနော်တို့ ကိုယ်တိုင်လည်း ဆိုခဲ့တာပဲ။ အားမရလို့ ကိုယ်ပိုင်ဟန် ပါချင်လို့ ကိုယ်ပိုင်သံစဉ် ဆိုတာပဲ။ နောက်ပြီး နဂို original ရှိပြီးသားတွေကနေ ကင်းလွတ်ချင်တာ။ original ရှိပြီးသားတွေက ကိုယ်ပြောချင်တာ ပြောလို့မရဘူး။ ကိုယ်လုပ်ချင် တာတွေက ရှိကိုရှိနေတာ။ ဘယ်သူမဆို နောင်တချိန် ထားခဲ့ရင် ကိုယ့်ဟန်ပန်တွေကိုပဲ ထားခဲ့ချင်မှာပဲ။ ဒါကြောင့် ပြောင်းဆိုတာလို့ ကျနော်ထင်တယ်။

မေး။ ။ မြို့မငြိမ်းလည်း ကော်ပီ ရေးခဲ့တာပဲဆိုတော့လေ အဲဒီခေတ်က သီချင်းတွေနဲ့ သီချင်း ပရိတ်သတ်တွေနဲ့ အခုခေတ် ပရိသတ်တွေနဲ့ ဘယ်လိုကွာခြားတယ်ဆိုတာ ထင်မြင်ချက်ပေးပါဦး။

ဖြေ။ ။ အဲဒီခေတ်က အဖြူထည် ပရိတ်သတ်ပေါ့နော်။ အဲဒီခေတ်က မြို့မငြိမ်းတို့ လုပ်သွားတယ် ဆိုတာက ဒီသီချင်းတွေကိုပဲ ဗမာဟန်နဲ့ ပြန်လုပ်သွားတာ သူတို့ကိုယ်တိုင်ကလည်း music ကိုနားလည် တာကော၊ သူတို့ ကိုယ်တိုင်လည်း တကယ့်အတီးသမားတွေ ဖြစ်တယ်။ မြန်မာ့ဂီတကိုကော၊ ကမ္ဘာ့ ဂီတကော မွှေနှောက်ပြီးမှ သူတို့က ဒီသီချင်းတွေ ထွက်လာတာကိုး။ ကျနော်တို့ ဒီခေတ်မှာလို ကော်ပီကို တထပ်တည်း ဆိုတဲ့ပုံစံမဟုတ်ဘူးလေ။ သူတို့ ကော်ပီလုပ်ခဲ့ပေမယ့်လည်း ကျနော်တို့ စိတ်ထဲမှာ ကိုယ်ပိုင်သံစဉ်လို့ပဲ ထင်ခဲ့ကြတာ။

မေး။ ။ အရင်တုန်းက အင်တာဗျူးတွေထဲမှာ ကျနော်ကတော့ အမြဲတမ်းရော့ခ်ပဲလို့ ပြောလေ့ရှိတယ်နော်။ နောက်ပိုင်းမှာ ဘာဖြစ်လို့ အမုန်းမြို့ရဲ့အဝေးမှာလိုမျိုး ဘလူးစ် သီးသန့်အခွေဆိုပြီး လုပ်ခဲ့တာလဲ။

ဖြေ။ ။ ဘလူးစ်ဆိုတာက ရော့ခ် ရဲ့ အဖေပဲလေ။ ဘလူးစ်တွေကနေပဲ ရော့ခ်အန်ရိုးလ်တို့ မက်တယ်လ် တို့ဘက် ရောက်လာတာပဲ။ ကျနော်ကိုယ်တိုင် ဒီဘလူးစ်ကို လုပ်လိုက်တာက နားထောင်နေတဲ့ ပရိသတ်ကို အနည်းဆုံး ဒီခွေကို မကြိုက်ရင်တောင်မှ ဘလူးစ်ဆိုတာ ရှိပါလား၊ ဒီလိုပါလား။ သိစေချင်လို့ တတ်နိုင်သမျှ တကယ့် ဘလူးစ်အစစ်တွေနဲ့ ကျနော်လုပ်ခဲ့တယ်။

မေး။ ။ ဒါဆို ကိုဇော်ဝင်းထွဋ် အနှစ်သက်ဆုံး ဂီတ အမျိုးအစားက ဘာလို့ပြောမလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရရင်တော့ ဘလူးစ် စစ်စစ်နဲ့ ရော့ခ်ပဲ။ ဘလူးစ်ဆန်တဲ့ ရော့ခ်လို့ ပြောရင်ပို မှန်မယ်။

မေး။ ။ ဟစ်ပ်ဟော့တို့ ရက်ပ် တို့ကို ဘယ်လိုမြင်လဲ။ ဂီတအမျိုးအစား တခုလို့ မြင်ပါသလား။

ဖြေ။ ။ သူ့ကို ဂီတ အမျိုးအစားတခုလို့ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ မသက်ဆိုင်တဲ့ ဂီတလို့ ပဲမြင်တယ်။ ကျနော်တို့ အတွက် ဂီတဆိုတာက သံစဉ် တခုရှိမယ် ရော့ခ်ဆိုလည်း ရော့ခ်၊ ဘလူးစ်ဆိုလည်း ဘလူးစ်ပေါ့နော်၊ သူ့ scale ထဲမှာ မှ ကျနော်တို့က ဆိုသွားတာကိုး။ ဒီ scale ကိုပဲ ကျနော်တို့က ပုံစံ အမျိုးမျိုးနဲ့ ဆိုသွားမယ်။ ဟစ်ပ်ဟော့မှာက စကားပြောသလို၊ တိုင်မင်ပေါ်မှာပဲ ဆိုတာ ဆိုတော့ ကျနော်တို့ အတွက် music အပြည့် မဖြစ်ဘူးပေါ့။

မေး။ ။ ဗမာပြည်မှာ ဟဲဗီးရော့ခ်ကို ကိုဇော်ဝင်းထွဋ်က စခဲ့တယ်လို့ ပြောနိုင်မလား။

ဖြေ။ ။ ကျနော်တို့ ရှေ့မှာလည်း ရှိခဲ့ပါတယ်။ ကျနော်တို့ ခေတ်မှာကျတော့ ရော့ခ် အရသာ music ကာလာ Tone ကအစ အနီးစပ်ဆုံး တူအောင် ပိုပြီးလုပ်နိုင်ခဲ့တာပေါ့လေ။ အစစ အရာရာ တိုးတက်လာတယ်။ နောက် တခွေတည်းမှာပဲ ရော့ခ်တွေအများ ကြီး ထည့်နိုင်တဲ့ အခြေအနေပေါ့။ အရင်တုန်းကတော့ ရော့ခ် အမြန် တပုဒ် ထည့်မယ်၊ ကန်းထရီး တပုဒ်ထည့်မယ်၊ နောက် ထိုင်း သီချင်းတပုဒ်ထည့်မယ်။ တရုတ်သီချင်း တပုဒ် ပါမယ်။ ဟိုး ရှေးခေတ်တုန်း ကတော့ ဒီလိုပဲ ဆိုကြတာပဲ။ ကျနော်တို့ ခေတ်မှာတော့ ရော့ခ် ဆို ရော့ခ်ချည်းပဲ၊ ဟဲဗီး မက်တယ်လ်ဆို မက်တယ်လ်ကြီးပဲကို စလုပ်ခဲ့တာပါ။

မေး။ ။ နိုင်ငံတကာမှာလည်း စစ်ပွဲတွေကို ရော့ကာတွေက ဆန့်ကျင်တာမျိုးတွေ့ရတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ ။ အဓိကကတော့ ကမ္ဘာသူ ကမ္ဘာသားတွေ တယောက်နဲ့တယောက် ငြိမ်းငြိမ်း ချမ်းချမ်း အတူယှဉ်တွဲ ပြီးတော့ ဘယ်လိုနေမလဲဆိုတာ အရေးကြီးတယ်။ ရော့ကာ တွေရဲ့ သင်္ကေတက Love Peace and Joy ပဲ။ စစ်ဖြစ်တာကို လုံးဝလက်မခံဘူး။ လူတယောက်နဲ့ တယောက် အနိုင်ကျင့်တာ လုံးဝလက်မခံဘူး။

ဥပမာ - ကျနော့် ပွဲတခုမှာဆို လူက ငါးထောင်၊ ခြောက်ထောင်ရှိတယ်။ သူတို့ လုံခြုံရေးတွေ ချထားတယ်။ ဒါပေမယ့် ဒီ လူငါးထောင်၊ ခြောက်ထောင်ကို စစ်သားချထားလဲ စစ်သား ၂၀၀ နဲ့ ဘယ်လိုမှ မနိုင်ဘူး။ ကျနော် မိုက္ကရိုဖုံးနဲ့ အော်တာ။ ဒီလူတွေ ကျနော့် ပရိသတ်တွေ၊ မိတ်ဆွေတွေ၊ ကျနော်ထိန်းမယ်လို့အော်တာ။ အဲဒီမှာ စစ်သားတွေ ဖယ်ပေးလိုက်တယ်။ ပရိသတ်တွေ ပျော်သွားပြီးတော့မှ အတူ သီချင်းဆိုကြတာ။ ကျနော်လည်း ထိန်းရင်းနဲ့သီချင်းဆိုလိုက်တာ ၃၇ ပုဒ်။ အဲဒီ ခရီးစဉ်မှာ အများဆုံး ဖြစ်သွားတယ်။ အဓိက လူတွေကို နိုင်ဖို့က မေတ္တာတရားနဲ့ပဲ ထိန်းလို့ရတယ်ဆိုတာ ကျနော်ပြောချင်တာပါ။ လူတယောက်ကို ဇွတ် သွားပြီး ထိန်းလို့ မရပါဘူး။ လူဟာ ဘယ်သူမဆို၊ ဘယ်လိုကောင်ကြီးဖြစ်ဖြစ် ကိုယ့်ကို ဂရုစိုက်တာ၊ ကြင်နာ သနားတာ၊ မေတ္တာ တရားကို အကုန်ခံယူချင်တဲ့ လူချည်းပဲလေ။

ကျနော့် ဒီတစ္ဆေလမ်းမှာ “ပြန်လည်မွေးဖွားလာတယ်” ဆိုတဲ့ သီချင်းက အဲဒီသဘောမျိုးကို ဆိုတာပဲ။ ကျနော်တို့ တယောက်နဲ့ တယောက် မုန်းရလွန်းလို့ ကမ္ဘာကြီး ကျဆုံးနေပြီဆိုပြီး စပ်ထားတာလေ။ သုခမိန်လှိုင် ရေးတာပါ။ ပြီးတော့ ဒီမှာ သုံးထားတဲ့ ပုံလေးကိုက လက်ဘနွန်မှာရှိတဲ့ ကျနော့်မိတ်ဆွေ လက်ဆောင်ပေး ထားတာ။ လက်ဘနွန်က အနည်းဆုံး ၁၀ ခါလောက် ပြန်လည်ထူထောင်ထားတဲ့ တိုင်းပြည်။ ဒီလိုမအေးချမ်းတဲ့၊ ကျီးလန့် စာစားနေရတဲ့ တိုင်းပြည်ရဲ့ ပုံကလေးကို ကျနော် ဒီသီချင်းမှာ အမှတ်တရအနေနဲ့ သုံးထားတယ်။ ဒီထဲမှာ ပါပါတယ်။ စာသားတွေ ဖတ်ကြည့်လိုက်ရင် သိတယ်။

မေး။ ။ အင်ပါယာ ကျသွားတယ်လို့ထင်တယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရင် ကျနော်တို့ နေရာတနေရာ ရသွားပြီ။ အဲဒီအချိန်မှာ တီးဝိုင်းတ၀ိုင်းဟာ လာသမျှ၊ တွေ့သမျှကို တီးမယ်ဆိုလို့ရှိရင် အဆင့်မရှိတော့ဘူး။

မေး။ ။ ကိုဝေထွန်းတို့ ကိုကျင်ခမ်းဖုန်းတို့ မရှိတော့တဲ့ နောက်ပိုင်းမှာ ကျသွားတယ်လို့ထင်တယ်။

ဖြေ။ ။ ဝေထွန်းတို့ ဗိုလ်ကျင်တို့ ရှိတဲ့ အချိန်မှာ စီးပွားရေးအရ အတော်အောင်မြင် နေတဲ့ ဝိုင်းတဝိုင်းလို့ ပြောလို့ရတယ်။ သူတို့ ဘာကြောင့် ထွက်သွားလဲ ဆိုတာကတော့ မတူတော့လို့။ သူတို့ ဖန်းတီးချင်တာ တမျိုး ဖြစ်မယ်။ ကျနော်တို့ တယောက်နဲ့ တယောက် မုန်းလို့ လမ်းခွဲတာမျိုးမဟုတ်ဘူး။ သူတို့ ထွက်သွားပြီးကတည်းက ရှိသမျှ အဆိုတော်တွေနဲ့ လိုက်ပြီး တီးတာမျိုးကို ကျနော်တို့ နည်းနည်း ရှောင်လိုက်တယ်။ နောက်ပြီး ကျနော်တို့ များသောအားဖြင့် ကုမ္ပဏီတွေနဲ့ အဆင်မပြေဘူး။ ကျနော်တို့ကို လာပြီးအသုံးချတာမျိုးလည်း မခံနိုင်ဘူး။ ကျနော် တို့ ဘာပစ္စည်းမှ သွားပြီး မရောင်းချင်ဘူး။ အခု ကျနော့် တစ္ဆေလမ်းဆိုရင် ကျနော်ရဲ့ အရုပ်တွေ ကျနော်ရဲ့ ဒီဇိုင်း တွေပဲ သုံးမယ်။ ဘယ်ဟာနဲ့ပတ်သက်ပြီး ဘယ်ကုမ္ပဏီကိုမှ လိုက်ကြော်ငြာ ပေးတာ မဖြစ်ချင်ဘူး။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတ ဈေးကွက်အနေအထားကို ဘယ်လို မြင်လဲ။

ဖြေ။ ။ ဂီတဈေးကွက်ကတော့ ကျနော်က အစကတည်းက မျှော်လင့်ပြီးသားပဲ။ ဗွီစီဒီတွေ ပေါ်လာတယ်၊ ကာရာအိုကေတွေ ပေါ်လာတယ်။ ပရိသတ်ကို တအား အလိုလိုက်ပြီးတော့ ရှင်းရှင်းပြောရရင် ဂီတကို ရောင်းပြီးတော့ ကြော်ငြာနေရတာ။ လက်ရှိကြော်ငြာနေတဲ့ ဆပ်ပြာ၊ ကော်ဖီမစ်၊ သွားတိုက်ဆေးတွေနဲ့ သိပ်မကွာချင်တော့ဘူး။ အခွေကို နားထောင်ချင်လို့ ဝယ်တဲ့ ပရိသတ်ဆိုတာ တော်တော်ကို ရှားသွားပြီ။

မေး။ ။ ခိုးကူးခွေကြောင့် ဈေးကွက် ပျက်နေတာလား။

ဖြေ။ ။ ခိုးကူးတဲ့ သူတွေအတွက် ဥပဒေက ဒီမှာ မထွန်းကားဘူးဖြစ်နေတယ်။ ဒီခိုးကူး ရောင်းတဲ့သူတွေက စီးပွား ဖြစ်ပြီးတော့ ဘာပဲပြောပြော ဝင်ငွေလေး ရနေတော့ ကျနော်တို့ကပဲ အလုပ်ပေးထားရသလို ဖြစ်မနေ ပေဘူးလား။ ဒီ စီဒီချပ်တွေကို ခိုကူးပြီးတော့ ရောင်းပြီးတော့ မှီခိုနေရတဲ့ မိသားစုတွေက တော်တော်များလာပြီ။ ရန်ကုန်မှာ အရင် ငှက်ပျောသီး ရောင်းတဲ့ကောင် ငှက်ပျောသီး ရောင်းတော့မှာ မဟုတ်တော့ဘူး။ မီးပွိုင့်မှာ ဒီဗွီဒီ သွားရောင်းတော့မှာကိုး။ တဘက်တလမ်းက ကုသိုလ်ရတယ်လို့ တွေးရမလို ဖြစ်နေတာပေါ့နော်။

မေး။ ။ အဆိုတော်တွေက ဘာလို့အသစ်တွေ မထွက်လာရတာလဲ။ အဟောင်းတွေပဲ ပြန်ပြန်ဆိုနေကြတာ တွေ့ရတယ်။

ဖြေ။ ။ ဒါကတော့ ကျနော်ထင်တယ်။ အဆိုတော်တွေ ဆိုတာကတော့ လောလောဆယ် ဆိုနေရတဲ့ ကလေးတွေပေါ့ ဘယ်လောက်တောင် သနားစရာကောင်းလဲ ဆိုတော့ တချို့ဆိုရင် တကိုယ်တော်ခွေ တခွေမှ မထွက်ဘဲနဲ့ ဒီနေ့ နာမည်ကြီး အဆိုတော် ဖြစ်နေတဲ့ သူတွေ အများကြီးရှိတယ်။ အဲဒီတော့ ထုတ်လုပ်သူတွေနဲ့ ဆိုင်တာပေါ့။ အရင်ခေတ်တုန်းကလို အဆိုတော် တယောက်တည်းကို တင်ပေးမယ့် ထုတ်လုပ်သူမရှိတော့ဘူး။

အရင်တုန်းက အေးချမ်းမေ ထားပါတော့။ အေးချမ်းမေကို အပိုင်မွေးတယ်။ စာချုပ်ချုပ်တယ်။ တင်ပေးတယ်။ သူ့အခွေ သိန်းနဲ့ ချီရောင်းရတယ်။ သူအဆိုတော်လည်း ဖြစ်သွားတယ်။ သူတို့လည်း အကျိုးရှိတယ်။ ဒီနေ့တော့ အဲလို မဟုတ်တော့ဘူး။ အဆိုတော်တွေကို နှစ်ပုဒ်၊ သုံးပုဒ် အဲလိုပဲ ခေါ်ဆိုခိုင်းတော့တယ်။

ဥပမာပြောရရင် L ဆိုင်းဇီပေါ့။ သူကိုယ်တိုင်ရေးနိုင်တယ်၊ သူ ကိုယ်တိုင်ဆိုနိုင်တယ်၊ လူကလည်း ချစ်စရာ ကောင်းတယ်။ ဒါပေမယ့် သူဝင်လာတဲ့ အချိန်မှာ ထုတ်လုပ်ရေးတွေက ဒီလိုပဲ ခေါင်းကျက် ခေါင်းစား၊ အမြီးကျက် အမြီးစား ဆိုတဲ့ အခြေအနေ ဖြစ်နေတယ်။ အကယ်၍ အေးချမ်းမေ ခေတ်ကလို တကယ့် ကုမ္ပဏီကြီး တခုကနေ ကဲသမီးကို ခွေသုံးခွေ ထုတ်မယ်။ ရော့ ဘယ်လောက်ပေးထားမယ် ဆိုတာမျိုး ခု မရှိဘူး။ ဒီက ထုတ်လုပ်သူတွေ က ယူကောင်းတုန်း ယူမယ်။ သင်္ကြန်ဆိုရင်လည်း သင်္ကြန်ခွေ ရိုက်လိုက်မယ်။ အဲတော့ အကုန်လုံးကျတာ။ ရုပ်ရှင်ကော၊ ဂီတကကော။ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။

မေး။ ။ အဆိုတော်တွေ အနေနဲ့ရပ်တည်ရတာ အခက်အခဲ ရှိလို့လား။

ဖြေ။ ။ ကျနော်တို့ စဉ်းစားတာနဲ့ ဒီနေ့ အဆိုတော်တွေ စဉ်းစားတာနဲ့ တူမှာ မဟုတ်ဘူး။ ကျနော် နဂိုကတည်းက အဖေတွေကော၊ အမေတွေကော၊ အဖိုးတွေကော ဒီဂီတလောကထဲကဆိုတော့ ဒီပြင် အလုပ်လည်း လုပ်မှာမဟုတ်ဘူး။ ကျနော်က နောက်ဆုံးအချိန် အထိလည်း ဆိုမှာပဲလေ။ ကားဝယ်ရောင်း လုပ်ဖို့လည်း မရှိဘူး။ အမှန်အတိုင်းပြောရရင် သီချင်းဆိုနေရင်းနဲ့ပဲ စင်ပေါ်မှာပဲ သေသွားချင်တယ်။

မေး။ ။ ကိုဇော်ဝင်းထွဋ်ရဲ့ မိသားစုဘဝနဲ့ အဆိုတော်ဘဝကို ဘယ်လိုခွဲခြား နေထိုင်လဲ။

ဖြေ။ ။ ကျနော်တို့ အနေအထားမှာ ဘယ်သူမဆို ဘ၀ နှစ်ခုကို ရင်ဆိုင်ရမှာပဲ။ ဘ၀တခုက တာဝန်အရ လုပ်ရတယ်။ မယုံကြည်တာ မလုပ်ချင်တာတွေ လုပ်ရတယ်။ နောက်တခုက စိတ်ကူး၊ အိပ်မက် လေးပေါ့။ ဖြစ်ချင်တာတွေ အဲဒီထဲမှာရှိနေတယ်။ အဲဒီ နှစ်ခုက တကယ်တော့ နီးနီးလေးပေါ့။ အဲဒီနှစ်ခု အတူတူဖြစ်သွားရင် ဘ၀နှစ်ခုလုံးက ပျော်စရာပေါ့။ ဒီနှစ်ခုကို တပြိုင်တည်းလုပ်နိုင်ဖို့က ကိုယ့်ကို တကယ်နားလည်တဲ့ မိန်းမ တယောက် နောက်ကလိုတယ်။ ကျနော်က ကံကောင်းတယ်။ ကိုယ့်ကိုနားလည်တဲ့ မိန်းမရခဲ့တယ်။

မေး။ ။ သားနဲ့ သမီးကကော ကိုယ်မျှော်လင့်တဲ့ အတိုင်းအတာ ရောက်ရဲ့လား။ ရောက်နေပြီလား။

ဖြေ။ ။ ကျနော်မျှော်လင့်ခဲ့တာက ကလေးနှစ်ယောက်လုံးကို အတန်းထဲမှာ ပထမရဖို့ မမျှော်လင့်ဘူး။ သို့သော် အတန်းထဲမှာ ပျော်စေချင်တယ်။ နောက်ကြီးလာရင်လည်း လူကောင်းလေးတွေ ဖြစ်စေချင်တာ၊ ဒါကျနော့်ရည်ရွယ်ချက်။ သူတို့ကိုယ်သူတို့ ဒီလောကကြီးထဲမှာ ဘယ်လိုပျော်အောင်နေမလဲ။ လောကကြီးမှာ ကိုယ်တယောက်တည်း နေလို့မရဘူး။ ကိုယ်တယောက်တည်း ထိပ်ဆုံးရောက်လို့ မရဘူးဆိုတာ ကျနော် သူတို့ ငယ်ငယ်ကတည်းက ခေါင်းထဲ ထည့်ပေးထားတာ။ ကလေးတွေကို ငယ်ငယ် ကတည်းကနေ don't တခုမှ မပြောခဲ့ဘူး။ သူတို့ကို ကိုယ် သွားစေချင်တဲ့ဘက်ကို လမ်းကြောင်းပြီး အဓမ္မလုပ်တာမျိုး၊ ဇွတ်လုပ်တာမျိုး မရှိခဲ့ဘူး။ ကလေးတွေက သူတို့လိုချင်တာ အမြဲရတော့ သူတို့က လောကကြီးကိုလည်း ချစ်တယ်။ အားလုံး ကလည်း သူတို့ကို ချစ်တယ်လို့ထင်ကြတယ်။ အဲဒါကောင်းတာပေါ့။ ကျနော်ကျေနပ်တယ်။

မေး။ ။ အလှူအတန်းတွေလည်း တော်တော်လုပ်ဖြစ်တယ်နော်။ အဲလိုလုပ်ရတဲ့ ရည်ရွယ်ချက်က။

ဖြေ။ ။ အဲလို လျှောက်လုပ်နေတဲ့ သဘောက အဓိက ကျနော်မနေနိုင်တာပေါ့။ ကိုယ့်ရှေ့မှာ တယောက်ယောက်က လိုအပ်နေတာရှိရင် ကျနော်မနေနိုင်ဘူး။ ဘေးအိမ်က ကလေးတွေ နေမကောင်းရင် ဆေးခန်းပို့ပေး အဲလိုပဲ လုပ်လာတာ။ နာဂစ်နဲ့ကြုံတော့ ဒါ မြန်မာတပြည်လုံးမှာ တာဝန်ရှိတဲ့ သဘောဆိုတော့ ဒီမှာပဲ ကျနော်တို့ သူငယ်ချင်းတွေ အားလုံး စုပြီး လုပ်ပေးခဲ့တာ။

ကံကောင်းတာက ကျနော်တို့က သိပြီးတဲ့ လူတွေ ဖြစ်တယ်။ ကျနော်ခေါ်သွားတဲ့ လူတွေကလည်း နာမည်ရှိတဲ့ သူတွေ။ သူတို့မျက်နှာ မြင်ကတည်းက လူတွေက ခဏပဲဖြစ်ဖြစ် သူတို့ရဲ့ ဒုက္ခကိုမေ့သွားတယ်။ အဲဒီမှာတင် ကျနော်တို့ ကုသိုလ်ရသွားတယ်။ ကျနော်တို့ ဆောက် ပေးထားတဲ့ ကျောင်းမှာဆို ကျောင်းသား ၁၃၀ ကျော် လောက် ရှိမယ်။ အသက်ကြီးသွားလို့ရှိရင် ကျနော့်မှာ လုပ်စရာမရှိတော့ဘူးဆိုရင် ဒီလူမှုရေး လုပ်ငန်းတွေကို ဖောင်ဒေးရှင်းတခုဖွဲ့ပြီး လုပ်သွားချင်တယ်။

မေး။ ။ ပြည်တွင်း ပြည်ပက ပရိသတ်တွေကို ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော်က ကျနော့်ပရိသတ်တွေ ဘက်မှာပဲရှိမှာပါ။ ကျနော့်ရဲ့ သဘောတရားကိုက အားနည်းတဲ့လူ ဘက်မှာနေချင်တယ်။ ကျနော့်ပရိသတ်က ကျနော့်ကို အရမ်းမျှော်လင့်ထားတယ် ဆိုတာလည်း ကျနော်သိတယ်။ အဲဒီမျှော်လင့် ထားသလို ကျနော်မပေးနိုင်သေးဘူးလို့ ထင်တာပဲ။ ။

ဟစ်ဟော့တေးဂီတကို မြန်မာသံစဉ်နဲ့တိုက်မည်

NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉


ဆယ်စုနှစ် တစုစာခန့်သာ အောင်မြင်မှုရှိသေးသည့် ဟစ်ဟော့တေးဂီတ၏ လွှမ်းမိုးမှု မြန်မာလူငယ်တို့အပေါ် အသားကျနေသည့်အတွက် ၎င်းကို မြန်မာသံစဉ်ဖျော်ဖြေပွဲများ ပြုလုပ်တိုက်ထုတ်ရမည်ဟု အမည်မဖော်လိုသည့် အနှစ် (၃၀) ကျော် မြန်မာသံ သီဆိုလာသည့် ၀ါရင့်အဆိုတော်ဟောင်းကြီး တဦးကပြောသည်။

၂၂.၂.၂၀၀၉ ရက်နေ့ ည (၇) နာရီက ကရ၀ိတ်ဥယျာဉ် ကမ္ဘာမျှော်စင်ကျွန်းတွင် မြန်မာသံစဉ် ဂန္ထ၀င်ညတေးဂီတ ဖျော်ဖြေပွဲတွင် ၎င်းက ပြောခြင်းဖြစ်ပါသည်။

“အခု ဖျော်ဖြေပွဲမှာ အခုခေတ် လူငယ်တွေဖြစ်တဲ့ ဖိုးသောကြာ၊ ပန်းအိဖြူ၊ မင်းထက်ကျော်ဇင်၊ သာထက်၊ မိုးယုစံ စတဲ့ ကလေးတွေ ပါဝင်သီဆိုကြတယ်။ ဒါဟာ ဒီမြန်မာမှုကို ရှင်သန်စေရေး အတွက်ပဲ၊ အခုက ညစ်ပတ်ပေရေတဲ့ စာသားတွေနှင့် Hip Hop ဆိုတဲ့ ရေစီးထဲမှာ မျောနေကြ တယ်၊ အမှန်တော့ အယူအဆလွဲမှားမှုလို့ ပြောနိုင်တယ်။ Music ကတော့ ဟုတ်တယ်၊ Music ကို ဖရိုဿဝါစာတွေနဲ့ မွှန်းလိုက်တဲ့ စာသားတွေကို လူငယ်တွေ ကြိုက်နေကြတယ် ဆိုတာ အနုပညာတလောကလုံးကို စော်ကားတာပဲ၊ ဒီအတွက် မြန်မာသံစဉ်ပွဲတွေ လုပ်သွားမယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဖျော်ဖြေပွဲသို့ လာရောက်ကြည်ရှုသူဦးရေမှာ (၂,၅၀၀) ခန့် ရှိပြီး၊ ယင်းတွင် အသက် (၃၀) မှ အထက် အသက်အရွယ်များပြားပြီး (၁၅) နှစ်နှင့် (၃၀) ကြားနည်းပါးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ကျနော်က စတီရီယိုကိုလည်း ကြိုက်တယ်၊ မြန်မာသံတွေကိုလည်း ကြိုက်တယ်၊ ဟစ်ဟော့ကိုတော့ အရူးအမူးပဲ၊ အကြိုက်ဆုံးအဆိုရှင် ပြောပါဆိုရင် J Me ပါ၊ ဂျောက်ဂျက် ကိုလည်း ကြိုက်ပါတယ်” ဟု အသက် (၂၅) နှစ်အရွယ် ထွန်းသောင်းက ပြောသည်။

“မြန်မာသံပရိသတ်တွေ လာတာတော့ဟုတ်တယ်၊ ဒါပေမယ့် ဒီမှာဆိုနေတဲ့ သီချင်းတွေဟာ ဟိုးလွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်က အောင်မြင်ခဲ့တာတွေ၊ အနှစ် (၃၀) က အောင်မြင်ခဲ့တာတွေချည်းပဲ တွေ့ရပါတယ်။ မြန်မာ ဂီတစာဆိုတွေနည်းလာလို့လား၊ ဒါမှမဟုတ် ရေးစပ်သီကုံး တာ အရည်အချင်း မပြည့်ဝလို့ပဲလား မပြောတတ်၊ နောက်ပိုင်း ကိုယ်တိုင်ရေး စပ်သီကုံးပြီး အောင်မြင်နေတဲ့ မြန်မာသံစစ်စစ်တွေ မကြားရဘဲ အရင်က အဟောင်းတွေကိုပဲ ကြားရတယ်၊ ဘာပဲပြောပြော အဟောင်းတွေကောင်းနေတာကို ဂုဏ်ယူရမယ်” ဟု မြန်မာသံကြိုက်သည့် အသက် (၅၀) ခန့်တဦးက ပြောသည်။

မြန်မာသံစဉ် ဂန္ထ၀င်ည တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် ကိုမောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုတင်လှိုင်၊ သုမောင်၊ ချိုပြုံး၊ စိုးစန္ဒာထွန်း၊ ထား၊ ခင်ညွန့်ရည်၊ မေရွက်ဝါ၊ ကေတုဝင်းထွဋ် စသည့် နာမည်ကြီး တေးသံရှင်ပေါင်း (၃၀) ကျော် သီဆိုခဲ့ကြကြောင်း သိရသည်။ ယင်းပွဲကို အလင်္ကာဝတ်ရည် အနုပညာလုပ်ငန်းက စီစဉ်ခြင်း ဖြစ်သည်ဟု ပွဲကြည့်ပရိသတ်တဦးက ပြေသည်။

“မြန်မာသံနဲ့ Hip Hop ကို ဘယ်လို တိုက်ထုတ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့၊ ခေတ်တွေ ပြောင်းလာပြီး၊ စနစ်တွေပြောင်းလာပြီ ဂီတရေစီးကြောင်းပြောင်းလာပြီပဲ၊ တိုက်လို့ဘယ်လို ရနိုင်မလဲ၊ လူငယ်တွေက Hip Hop ဆိုတဲ့ ရေစီးကြောင်းပေါ်ပေါလော ဖြစ်နေကြပြီဗျ” ဟု အသက် (၃၀) ၀န်းကျင်တေးရေးတဦးကပြောသည်။