| မဇ္ဈိမသတင်းဌာန |
| စနေနေ့၊ မတ်လ 07 2009 16:40 - မြန်မာစံတော်ချိန် |
| ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့နယ် အတွင်းမှာ ရှိသော ကားဘော်ဒီပြင်လုပ်ငန်း၊ ကားဆေးမှုတ် လုပ်ငန်းနှင့် ကားအောက်ပိုင်း ပြင်ဆင်ရေး လုပ်ငန်းများ အားလုံး မြို့ပြင်သို့ ပြောင်းရွှေ့ရတော့မှာ ဖြစ်သည်။ လုပ်ငန်း လုပ်ကိုင်သူများကို သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက ရုံးသို့ ဆင့်ခါ်၍ ရွှေ့ပြောင်းရေး အကြောင်းစာကို အသိပေးခဲ့ခြင်း ဖြစ်သည်။ ကားဝပ်ရှော့ ပိုင်ရှင်များက ပြောင်းရွှေ့ပါမည်၊ သို့မဟုတ် မပြောင်းပါက မြို့တွင်း လုပ်ကိုင်ခြင်း မပြုပါဟုဝန်ခံ ကတိရေးထိုးခဲ့ရသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမ သို့ ပြောသည်။ ပြောင်းရွှေ့မည့်နေရာများမှာ၊ တောင်ဒဂုံမြို့နယ်နှင့် မှော်ဘီ ၀ါးတရာကျေးရွာတို့ဖြစ်ပြီးပေ ၆၀ ပတ်လည်မြေတကွက်လျှင် ကျပ်သိန်း၆၀ ပေးသွင်းရမည်ဖြစ်သည်။ ”ဘယ်လိုလုပ်ရမှန်း မသိပါဘူးဗျာ၊ ကောင်းရောင်းကောင်းဝယ်ကို လုပ်လို့မရဘူး။ သိန်းခြောက်ဆယ် ဘယ်ကသွားရှာမလဲဗျ။ ရှိတဲ့ အလုပ်သမားတွေတောင် နေ့စဉ်ကြေးပေးဖို့မနည်း ရှာနေရတာ။ ကားတွေပြင်မယ့်သူကလည်း ကားဈေးကျတော့ တော်ရုံမပြင်တော့ဘူး။ ကြီးကြီးမားမား ပျက်မှပြင်တော့တာ။ သိန်း၆၀ ရှိလို့ပြောင်းတယ်ထားဦး၊ အဲနေရာထိ ဘယ်သူလာပြင်မှာလဲ။ လောလောဆယ်ပြောင်းပါမယ်လို့တော့ လက်မှတ်ထိုးခဲ့ရတာပေါ့။ ဒီပြင်ဟာလဲ မလုပ်တတ်ဘူး" ဟု သူကပြောသည်။ ပြောင်းရွှေ့ရန်အတွက် တိုင်းမှူးအမိန့်ဟု ဆိုကာ စည်ပင်က လာပေးသွားတာဖြစ်ကြောင်း၊ မည်သည့်နေ့ ရွှေ့ရမည်ဆိုတာတော့ မပါကြောင်း ရယက ဥက္ကဌတဦးက ပြောသည်။ ရန်ကုန်မြို့တွင်းတွင် ကားဝပ်ရှောပေါင်း အနည်းဆုံး ၃ ထောင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အများစုမှာ တပိုင်တနိုင်အဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ |
Saturday, March 7, 2009
ကားဝပ်ရှော့ဆိုလျှင် မြို့ပြင်ထွက်
Friday, March 6, 2009
ခေတ်ပြိုင်နောက်ဆုံးရသတင်း
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး အထက်ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲများကို မတ်လ (၇) ရက်နှင့် (၈) ရက်တို့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပ္ပါတသန္တိစေတီရှေ့ကွင်းပြင်ရှိ ပျော်ပွဲရွှင်ပွဲများကျင်းပသည့်နေရာမှ ချားရဟတ်ကြီး ပြုတ်ကျသည့်အတွက် လူ (၂၀) ကျော် သေဆုံးသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။
လွန်ခဲ့သည့် နှစ်ရက်က ထိုချားရဟတ်ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ဝန်းကျင်ရွာများမှ ချားရဟတ်လာစီးသူများ အများဆုံးသေသည်ဟု စေတီတည်ဆောက်ရေး သတင်းရပ်ကွက်က ပြောသော်လည်း သေဆုံးသူများတွင် ၀န်ထမ်းများ ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။
ဥပ္ပါတသန္တိစေတီတော် တည်ဆောက်စဉ်ကာလကလည်း အလုပ်သမား (၁၈) ဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံးခဲ့သည်။ ထို့ကြောင့် နေပြည်တော်ဝန်းကျင်ကျေးရွာများနှင့် ၀န်ထမ်းများက ဥပ္ပါတသန္တိစေတီတော်ကြီးအား ခိုက်သည်ဟု ပြောဆိုနေကြသည်။
မတ်လ (၁၀) ရက် တပေါင်းလပြည့်တွင် ဆွမ်းဆန်စိမ်းလောင်းပွဲနှင့် စာအောင်သံဃာများအား ဘွဲ့လက်မှတ် ဆက်ကပ်ပွဲကို ခါတိုင်း ရန်ကုန် ကမ္ဘာအေးတွင် ကျင်းပသော်လည်း ယခုနှစ်တွင် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲကျင်းပမည့် တပေါင်းလပြည့်မှာ ကျင်းပမည်ဖြစ်သည်။
ဘွဲ့လက်မှတ် လက်ခံမည့် တပြည်လုံးက စာအောင် သံဃာအပါး (၇၀၀) မှာ ယခုအခါ နေပြည်တော်သို့ရောက်နေပြီ ဖြစ်သည်။ အဆိုပါသံဃာများ မြို့တွင်းသံဃာများနှင့်ပေါင်းပြီး ဆူပူမည်ကို စိုးရိမ်သည့်အတွက် ဧည့်ဝန်ထမ်းများ ထားသည့် အခန်း (၁,၀၀၀) ကျော်ပါ အဆောင်တခုတည်းတွင် သံဃာ (၇၀၀) ကို အကျယ်ချုပ်ပုံစံ လုံခြုံရေး အပြည့်ဖြင့် နေရာချထားသဖြင့် သံဃာများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
အဆိုပါ သံဃာအပါး (၇၀၀) အား ပျဉ်းမနားမြို့တွင်းမြို့ပြင် ဘုန်းကြီးကျောင်းများတွင် တည်းခိုခွင့်၊ သွားလာခွင့် ပိတ်ပင်ထားသည်ဟုလည်း စုံစမ်းသိရသည်။
နိုင်ငံရေး အမှုလိုက်ရှေ့နေ နှစ်ဦး ပြန်လွတ်လာ
| မြင့်မောင် |
| သောကြာနေ့၊ မတ်လ 06 2009 15:25 - မြန်မာစံတော်ချိန် |
| နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ အမှုကို လိုက်လံ ဆောင်ရွက်ပေးသူ နှစ်ဦး ပြစ်ဒဏ်စေ့ပြီ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ထောင်မှ ပြန်လွတ်လာသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း သီးသန့် တရားရုံးက တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချခဲ့ရာ ရက်စေ့ပြီဖြစ်သဖြင့် ပုသိမ်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ “အန်ကယ် ဦးအောင်သိန်း ဒီနေ့ မနက် ၉ နာရီမှာ ပုသိမ်ထောင်ကနေ့ ထွက်လိုက်ပြီ”ဟု မိသားစုနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။ သူက “သူ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ အန်ကယ့်ကို သူ့မိန်းမနဲ့ သူ့သမီးတွေက သွားကြိုကြတယ်။ အခု သူတို့ လမ်းမှာပဲ ရှိသေးတယ်။ ရန်ကုန်ကို ရောက်မလာသေးဘူး။ အန်ကယ် ဦးခင်မောင်ရှိန်လည်း လွတ်တယ်လို့ ကြားတယ်” ဟု ဆက်ပြောသည်။ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား အမှုသည်များက တရားရုံးတော်ကို အယုံအကြည် မရှိတော့သဖြင့် သူတို့၏ ရှေ့နေပါဝါများ ရုပ်သိမ်းလိုက်ကြောင်း တရားသူကြီးထံ တင်ပြရာ လှိုင်မြို့နယ် တရားသူကြီး ဒေါ်အေးမြိုင်က တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် သူတို့နှစ်ဦးကို တရားစွဲလိုက်ပြီး ရန်ကုန် တရားရုံးချုပ်က ၄ လ ပြစ်ဒဏ်ချခဲ့သည်။ ဤသည်မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ အမှုများအတွက် ဆောင်ရွက်နေသူ ရန်ကုန်မှ ရှေ့နေ ၄ ဦးအား တရားစီရင်ရေးတွင် မထီမဲ့မြင်ပြုမှု၊ နှောင့်ယှက်မှုများဖြင့် စွဲချက်တင်ကာ အကျဉ်းချထားရာမှ ရက်စေ့သဖြင့် ၂ ဦး ပြန်လွတ်လာခြင်းဖြစ်သည်။ အလားတူ အန်အယ်ဒီ အဖွဲ့ဝင်များ၏ အမှုများကို လိုက်ပေးသူ လူငယ်ရှေ့နေ ကိုညီညီထွေးလည်း တရားစီရင်ရေးကို အနှောင့်အယှက်ပြုသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်က ထောင်ဒဏ် ၆ လ ချခဲ့သည်။ တရားစီရင်နေစဉ် အမှုသည်များက တရားသူကြီးဘက်သို့ ကျောပေးထိုင်သည်ကို ပြန်လှည့်ပေးရန် ရှေ့နေများမှတဆင့် ပြောခိုင်းသည့်အခါ သူနှင့် ရှေ့နေ ကိုစောကျော်ကျော်မင်းက တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျ နေနိုင်သည်ဟု တုံ့ပြန်ပြောဆိုသဖြင့် ပြစ်ဒဏ် အချခံရခြင်း ဖြစ်သည်။ တရားစီရင်မည့်နေ့တွင် တရားရုံးသို့ မသွားဘဲ တိမ်းရှောင်ခဲ့သည့် ရှေ့နေ ကိုစောကျော်ကျော်မင်းကို ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ယခုအခါ သူသည် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ |
Thursday, March 5, 2009
ဓာတ်ခွဲခန်းထဲက ပူးများကြွက်များ မဟုတ်ပါ
| ဆောင်းပါး |
| ဇော်မင်း (လူ့ဘောင်သစ်) |
| ကြာသပတေးနေ့၊ မတ်လ 05 2009 19:06 - မြန်မာစံတော်ချိန် |
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မစ္စကလင်တန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ‘အမေရိကန် အစိုးရအနေနဲ့ ထိရောက်တဲ့ ပေါ်လစီသစ်တွေ ချမှတ်ဖို့ရှိတယ်’ လို့ ပြောလိုက်တော့ ဟိုကဒီကနေ အသံတွေ ထွက်လာကြပါတယ်။ အဓိကတော့ မြန်မာစစ်အစိုးရအပေါ်မှာ ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု မူဝါဒကို ‘အမေရိကန်အစိုးရက မကြာခင်မှာ ပြောင်းတော့မှာလား’ လို့ တချို့က တွက်ချက်ပါတယ်။ ‘စီးပွားရေးပိတ်ဆို့တဲ့ မူဝါဒဟာ မကောင်းဘူး၊ ကောင်းတယ်’ စသဖြင့် ထောင့်အမျိုးမျိုးကနေ ငြင်းခုံနေကြတာ အတော်လေးကြာခဲ့ပါပြီ။ မြန်မာနိုင်ငံထဲက တတိယအင်အားစုလို့ အခေါ်ခံရတဲ့ အုပ်စုကလည်း ‘စစ်တပ်နဲ့ ပေါင်းပြီး အခုရသလောက် လုပ်ထား၊ နောင်တနေ့ကျရင် ဒီ့ထက်ပိုလို့ အခွင့်အရေး ရလာမယ်။ အဲဒီအခါကျရင် မြန်မာပြည်ဟာ ပိုလို့ ပွင့်လင်းတဲ့ လူ့ဘောင်တခုကို ရောက်လာနိုင်မယ်’ လို့ ပြောပါတယ်။ သူတို့ သီအိုရီကို သူတို့တင်ပြတဲ့ အပေါ်မှာ တင်ပြခွင့် ရှိပါတယ်။ ဒါပေမဲ့ ‘ငါတို့အဆိုကမှ မှန်တယ်၊ ငါတို့ သီအိုရီသာ အလုပ်ဖြစ်လိမ့်မယ်၊ ဟိုအတိုက်ခံတွေ ပြောသလိုမျိုးကတော့ မဖြစ်နိုင်တော့ဘူး’ ဆိုပြီး တဖက်သတ် ပြောရင်တော့ ပြဿဿနာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ကုန်တိုက်သွားပြီး ကိုယ်ကြိုက်တဲ့ အမှတ်တံဆိပ် ချုပ်ပြီးသား အထည်ကို ဝယ်တဲ့ ကိစ္စ မဟုတ်လို့ ဖြစ်ပါတယ်။ ပညာရှင်ဆိုသူ မြန်မာအချို့ကလည်း ဟိုဥပမာ ဒီဥပမာ၊ ဟိုဖေါ်မြူလာ ဒီဖေါ်မြူလာတွေကို ကိုးကားလို့ ပြောကြပြန်ပါတယ်။ ‘ချီလီမှာ ဘယ်ကဲ့သို့ ဖြစ်ခဲ့တယ်၊ ပိုလန်မှာတော့ ဒီနည်းက အလုပ်ဖြစ်ခဲ့တာ၊ အရှေ့တီမောမှာတော့ ဒီလိုလုပ်ခဲ့တာ၊ လိမ္မော်ရောင် တော်လှန်ရေး၊ နှင်းဆီတော်လှန်ရေး၊ ကတ္တီပါတော်လှန်ရေး အစရှိတဲ့ နိုင်ငံအချို့က ဖြစ်စဉ်တွေ’ ကိုလည်း တင်ပြကြပါတယ်။ လေ့လာရေးအတွက် ကောင်းတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ တခြား နိုင်ငံတွေရဲ့ ဖြစ်စဉ်ကိုလည်း လေ့လာဖို့ အထူးလိုအပ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်နဲ့ ကိုက်ညီနိုင်မယ့် အခြေအနေတွေကို ထည့်သွင်းပြီး တွက်ချက်ဖို့လည်း မမေ့သင့်ပါဘူး။ သိပံ္ပဓာတ်ခွဲခန်းမှာ ပူးတွေ၊ ကြွက်တွေကို စမ်းသပ်နေသလို မြန်မာပြည် အရေးကိုလည်း အဲသလို စမ်းချင်နေရင်တော့ သိပ်နေရာကျမယ် မဟုတ်ပါဘူး။ သန်း ၅ဝ ကျော် ပြည်သူတွေဟာ သက်ရှိလူသားတွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ နိုင်ငံသားတို့ ဆန္ဒကို သိဖို့လိုပါတယ်။ နိုင်ငံသားတို့ ဘာကိုဖြစ်စေချင်တယ် ဆိုတာကိုလည်း ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ်။ အာဏာရှင်က ‘အာဏာရှိလို့ ငါလုပ်ချင်တာ လုပ်မယ်’ ဆိုလည်း လုပ်ပေါ့။ ပွဲက ပြီးသွားမှာမှ မဟုတ်တာ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် နောက်ဆုံးတိုက်ပွဲ မဟုတ်ပါ။ နိုင်ငံရေး ဖြစ်စဉ်ပေါင်း အဆင့်ဆင့် မြောက်မြားစွာထဲက တခုမျှသာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ရဲ့ ပြောဆိုမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာတော့ အမှန်ပါ။ စီးပွားရေး ပိတ်ဆို့အရေးယူတာဟာ မြန်မာပြည်အတွက် အကျိုး ရှိ၊ မရှိ ဆိုတဲ့ ခေါင်းစဉ်ကို ပြန်ကောက်ရရင် ပြောစရာတွေ၊ ငြင်းခုန်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ စေ့စေ့စပ်စပ် ပြန်ကြည့်၊ ပြန်တွက်ချက်၊ ပြန်လေ့လာစမ်းစစ်တာတောင်မှ တချို့ သမိုင်းဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ၊ အဖြစ်အပျက်တွေဟာ အခုခေတ်အထိ အကုန်အစင် အဖြူအမဲ ကွဲအောင်၊ လုံးလုံးမှန်တယ်၊ လုံးလုံးမှားတယ်လို့ ဆုံးဖြတ်လို့ မရသေးတာတွေ ရှိနေပါတယ်။ ဥပမာ အားဖြင့် အချို့အချက်များကို တင်ပြရမယ် ဆိုရင် ... ၁။ မြန်မာပြည်မှာ အင်္ဂလိပ်တွေကြောင့် ဘုရင်စနစ် ပျောက်ကွယ်သွားတာ ကောင်း၊ မကောင်းနဲ့ အကျိုး ရှိ၊ မရှိ။ ၂။ ဆရာစံ လယ်သမားသူပုန်ထမှုဟာ မနိုင်မှန်းသိရက်နဲ့ လုပ်ခဲ့တာဖြစ်လို့ အရူးထခြင်းတမျိုးသာ ဖြစ်တယ်။ မဟုတ်ပါ အမျိုးသားရေး နိုးထခြင်းရဲ့ အဆင့်များစွာထဲက တခုဖြစ်ပါတယ်။ ၃။ ရဲဘော်သုံးကျိပ် ဖြစ်တည်လာခဲ့ခြင်းအတွက် မြန်မာပြည်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာက ပိုများခဲ့သလဲ။ ၄။ အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေးယူခဲ့တာ သိပ်စောလွန်းတယ်။ မစောပါ။ ၅။ လွတ်လပ်ရေး ရရချင်း အင်္ဂလိပ်ပုံစံ ပါလီမန်ဒီမိုကရေစီစနစ် ထူထောင်တာ အကျိုး မရှိခဲ့ပါ။ အကျိုးရှိပါတယ်။ ၆။ မြန်မာစစ်အစိုးရ ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ဟာ နိုင်ငံသားအများစုအတွက် အလုပ်ဖြစ်ပါတယ်။ အလုပ်မဖြစ်ပါ။ ၇။ မြန်မာစစ်အစိုးရကို စီးပွားရေးအရ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတာဟာ အလုပ်ဖြစ်တယ်။ အလုပ်မဖြစ်ပါ။ ၈။ မြန်မာပြည်ကို စစ်တပ်က အသွင်မျိုးစုံနဲ့ ၄၆ နှစ်ကြာ အုပ်ချုပ်ခဲ့တာဟာ ဘာပဲပြောပြော တိုင်းပြည် မပြိုကွဲရေးအတွက် အလုပ်ဖြစ်တယ်။ ဒါကြောင့် ၂ဝဝ၈ အခြေခံဥပဒေသစ်ဟာ လက်တွေ့ကျတယ်။ ထောက်ခံပါတယ်။ မထောက်ခံပါ။ လိပ်တွေလို ကိုယ့်ဘက်ကို ယက်နေခြင်းသာ ဖြစ်ပါတယ်။ ၉။ လူထုဆိုတာ တကယ်တော့ ဘာမှ သိပ်မသိ၊ ဒါကြောင့် ဒို့တွေကသာ ဦးဆောင်ရမယ်။ မှန်ပါတယ်။ မဟုတ်ပါ၊ မှားနေပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ အချက် ၉ ချက်ကို အကုန်လုံး ဒီနေရာမှာ မဆွေးနွေးတော့ပါ။ တချက်နှစ်ချက် လောက်သာ ဆွေးနွေးလိုပါတယ်။ အဲတာတွေကတော့ ... ဘုရင်စနစ်နဲ့ ပတ်သက်လို့ ပြောရရင် ဗမာတွေအကြားမှာ အမြင်အမျိုးမျိုး ကွဲပြားမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက ပြည်သူတွေဆိုရင် သူတို့သမိုင်းဖြစ်စဉ်အရ ဘယ်လိုပြောမလဲ။ သူတို့ ချဉ်းကပ်မှုတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ မိတ်ဆွေတယောက်က ဒီလိုဆွေးနွေးခဲ့ဖူးပါတယ်။ စပိန်နိုင်ငံမှာ တချိန်တုန်းက အာဏာရှင် ဖရန်ကို အုပ်ချုပ်ခဲ့လို့ တခြား အနောက်နိုင်ငံတွေကနေ စီးပွားရေး ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။ ဒီအကျိုးဆက်အဖြစ် ဖရန်ကို မရှိတဲ့နောက်ပိုင်းမှာ ဆက်ပြီး ဆင်းရဲခဲ့တယ်။ အနောက်ဥရောပ နိုင်ငံတွေအကြားမှာ အဆင်းရဲဆုံး ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျနော့် အမြင်က ဒီလိုကော မဖြစ်နိုင်ဘူးလားလို့ ဆွေးနွေးပါတယ်။ ဒီစီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နောက်ထပ် ဖရန်ကို လက်သစ်တယောက် စပိန်မှာ ထပ်ပေါ်မလာခဲ့တာကော မဖြစ်နိုင်ဘူးလားဆိုတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်နိုင်ငံအနေနဲ့ အနောက်ဥရောပ နိုင်ငံတွေအကြားမှာ ဆင်းရဲခဲ့တာ စီးပွားရေး ပိတ်ဆို့မှု တခုထဲကြောင့်လား။ ဒါ့အပြင် နောက်ထပ် အချက်အလက်တွေကော မရှိနိုင်တော့ဘူးလား။ ဥပမာ သူ့အစိုးရကပဲ သူ့နိုင်ငံသားတွေကို ဘာမှလုပ်မရအောင် ပိတ်ဆို့ထားတာတွေကိုကော ထည့်သွင်း မတွက်ချက်သင့်ဘူးလားဆိုတဲ့ အမြင်ဖြစ်ပါတယ်။ ထပ်ပြီးထည့်မယ်ဆိုရင် နောက်ထပ် အချက်အလက်တွေ အများကြီး ရှိပါသေးတယ်။ အခုလောလောဆယ်အနေနဲ့ ဒီလောက်နဲ့ပဲ ငြင်းခုံကြည့်မယ်ဆိုရင် အဖြူအမဲ ကွဲပြားတဲ့ အဖြေမျိုး ရှိနေသလို နောင်နှစ်ပေါင်းများစွာကြာမှ ဖြူမှန်း၊ မည်းမှန်း သိရမည့် ကိစ္စတွေလည်း ရှိပါတယ်။ ဒါ့အပြင် နောင် အနှစ် ၁ဝဝ ၊ ၂ဝဝ အထိ အဖြူအမည်း မကွဲနိုင်မယ့် ကိစ္စတွေလည်း ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ သေချာတာ တခုတော့ ရှိပါတယ်။ သင် ဘယ်သူ့ဘက်က ရပ်ပြီး စကားပြောမှာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ စမ်းသပ်ခန်းထဲက ပူးတွေ၊ ကြွက်တွေဘက်က ရပ်မှာလား။ နိုင်ငံထဲက လူတွေဘက်က ရပ်မှာလား။ မတ်လ ၅ ရက်၊ ၂ဝဝ၉ ခုနှစ်။ |
ဘာသာရေးနဲ့နိုင်ငံရေး (ဆောင်းပါး)
ဘုန်းကြီးနဲ့နိုင်ငံရေးဆိုတဲ့ ဆောင်းပါးတပုဒ်ကို ခေတ်ပြိုင်မှာ ကျနော်ရေးဖူးတယ်။ နိုင်ငံရေး ဆိုတာ နိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသား၊ တိုင်းရင်းသား၊ ပြည်သူလူထု အများစုရဲ့ ကောင်းကျိုး ချမ်းသာကို ဆောင်ရွက်ရတာဖြစ်လို့ “ပရဟိတ” ဖြစ်တယ်။ တနည်းပြောရရင် နိုင်ငံရေးဆိုတာ လောကကောင်းကျိုးချမ်းသာကို တိုးမြင့်အောင်ဆောင်ရွက်ရတာဖြစ်လို့ “လောကတ္ထစရိယ” ဆိုတဲ့ တရားတော်နဲ့ အလုပ်ဖြစ်တယ်။ သူတော်ကောင်း သူမြတ်ကောင်း တို့ရဲ့ ဦးစားပေးဆောင်ရွက်ရတဲ့ ကျင့်စဉ်ဖြစ်တယ်လို့ နိဒါန်းချီခဲ့ ပါတယ်။
ပရိတ်ကြီး (၁၁) သုတ်ထဲမှာ ရတနာ့သုတ်ပါရှိတယ်။ ရတနာ့သုတ်ထဲမှာ လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ ဆိုတဲ့ စရိယတရားသုံးပါး ပါရှိတယ်။ လောကတ္ထစရိယဆိုတဲ့ အများလူသားတို့ အကျိုးကိုဆောင်ရွက်ခြင်းဟာ နိုင်ငံရေးနဲ့ အတူတူပါပဲ။ သံဃာတော်များ အများအကျိုးဆောင်ရွက်တာဟာ ရှုတ်ချစရာမရှိ။ အပြစ်မရှိ။ ကုသိုလ်ရတဲ့အလုပ်၊ သာသနာပြု တဲ့အလုပ်၊ တရားတော်နဲ့ညီတဲ့ အလုပ်ဖြစ်ပါတယ်။ သံဃာတော်များဟာ မိမိတို့ရဲ့ ကျောင်း သင်္ကန်း၊ ဆွမ်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါး ဒါယကာတွေ ဒုက္ခရောက်နေတာကို ဘယ်တုန်းကမှ ပစ်ပယ်ထားရိုးမရှိခဲ့ပါ။ အဲသလို အကြောင်းပြချက်များနဲ့တကွ ဘုန်းကြီးနဲ့ နိုင်ငံရေးဆိုတဲ့ ဆောင်းပါးကို ရေးခဲ့တာပါ။ ပီနန်ဆရာတော်ကြီးရဲ့ အဆိုအမိန့်ကို ကိုးကားရေးသားခဲ့တာလည်း ဖြစ်ပါတယ်။
ခုတင်ပြ ဆွေးနွေးကြည့်ချင်တာက ဘုန်းတော်ကြီးများနဲ့ နိုင်ငံရေးအကြောင်းမဟုတ်ဘဲ ဘာသာရေးနဲ့ နိုင်ငံရေးအကြောင်းဖြစ်ပါတယ်။ ဘာသာရေးဆိုရာမှာလည်း ကိုယ်မမွေးခင်ကတည်းက ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာအကြောင်းကို နိုင်ငံရေးနဲ့ ဆက်စပ်ဆင်ခြင် ကြည့်တာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ ဘာသာရေးကို ဆက်စပ်ဆင်ခြင်မိတဲ့အခါတိုင်း ဆရာကြီး ရွှေဥဒေါင်း ရေးဖူး၊ ပြောဖူးတာလေးတခုကို အမြဲတမ်း သတိရမိလိုက်ပါတယ်။ ဆရာကြီးကို သူ့ရဲ့မိတ်ဆွေတဦးက “ဆရာကြီးခင်ဗျား။ ဆရာကြီးအနေနဲ့ မတ်(က်စ်) ၀ါဒနဲ့ ဗုဒ္ဓ၀ါဒတို့ကို ဘယ်ဟာပိုကောင်းတယ် ထင်ပါသလဲ” လို့ မေးဖူးသတဲ့။ ဒီတော့ ဆရာကြီးက “ခင်ဗျားမေးတဲ့ မေးခွန်းက မဟုတ်သေးဘူး ထင်တယ်။ မေးခြင်းမေးရင်း အမျိုးအစားတူတာချင်းပဲ နှိုင်းယှဉ်မေးမြန်းသင့်ပါတယ်။ ဥပမာ သကြားနဲ့ ထန်းလျက် ဘယ်ဟာကို ပိုကြိုက်သလဲ၊ ဒီလိုမှ မဟုတ်ရင် လေယာဉ်ပျံနဲ့ ခရီးသွားတာနဲ့၊ မီးရထားနဲ့ ခရီးသွားတာ ဘယ်သင်းကို ပိုကြိုက်သလဲ ဆိုတာမျိုး၊ စားစရာကို စားစရာနဲ့၊ သွားစရာကို သွားစရာနဲ့ နှိုင်းယှဉ်သင့်ပါတယ်။ ခု ခင်ဗျားမေးတာက သကြားစားတာနဲ့ လေယာဉ် ပျံစီးတာ ဘယ်ဟာက ပိုကောင်းသလဲလို့ အမျိုးအစားမတူတာချင်း နှိုင်းယှဉ်မေးသလို ဖြစ်နေပါတယ်တဲ့။
ခုလည်း ကျနော့်အနေနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို နှိုင်းယှဉ်မိသလို ဖြစ်နေပါတယ်။ ကျနော်အနေနဲ့က နှိုင်းယှဉ်ကြည့်တာမဟုတ်ပါ၊ ဆက်စပ်ကြည့်တာပဲ ဖြစ်ပါတယ်။ လူနဲ့ ဘုန်းကြီး၊ ဆရာနဲ့ ဒကာ ဆက်စပ်နေသလို ဘာသာရေးနဲ့ နိုင်ငံရေးဟာလည်း ဆက်စပ်နေပါတယ်။ မန္တလေးကနေ ရန်ကုန်ကို မီရထားလမ်းနဲ့ ကားလမ်း အတူယှဉ်သွားသလိုပါပဲ။ ဘုန်ကြီးက ရန်ကုန်အထိသွားမှာ၊ လူ(ဒကာ) က တောင်ငူသွားမှာ။ အတူယှဉ်ပြီး သွားပေမယ့် အဝေးအနီး ကွာသလိုပါပဲ။ သံဃာက လူနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ဘာသာနိုင်ငံရေး မလုပ်ပါ။ မလုပ်ရပါ။
ဘာသာရေးဆိုတာက လူပုဂ္ဂိုလ်တဦးချင်းရဲ့ ယုံကြည်ကိုးကွယ်မှု ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာက အများပြည်သူရဲ့ အရေးကိစ္စကို ဆောင်ရွက်မှုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရရင် ဘာသာရေးဆိုတာက လူတဦးချင်းအနေနဲ့ သံသရာဝဋ်ဆင်းရဲက အားထုတ်လုပ်ဆောင်ရတာ ဖြစ်ပြီး နိုင်ငံရေးဆိုတာက လောကီလူသားတွေရဲ့ စားဝတ်နေရေးဘ၀ တိုးတက်အောင် ဆောင်ရွက်ရတဲ့ လောကီဘ၀ လွတ်မြောက်ရေးကို လုပ်ဆောင်ရတာဖြစ်ပါတယ်။ လောကီရေးနဲ့ လောကုတ္တရာရေးလို့ ခွဲခြားပြောရင် ရပါတယ်။ (မတူပေမယ့် မဆန့်ကျင်ပါ)
လောကီရေးနဲ့ လောကုတ္တရာရေးတို့ ရည်မှန်းချက်မတူသလို လုပ်ကိုင်ဆောင်ရွက်ရပုံချင်းလည်း မတူပေဘူး။ လောကီသမားဖြစ်တဲ့ နိုင်ငံရေးသမားတွေက အဖွဲ့အစည်းနဲ့ လုပ်ရပေမယ့် ဘာသာရေးသမားက တဦးချင်း လုပ်ဆောင်ရပါတယ်။ လုပ်ဆောင်ရတဲ့ နေရာချင်းတောင် မတူပါဘူး။ ဗုဒ္ဓဘာသာဝင် တရားအားထုတ်သူတဦးက သစ်တပင်အောက်၊ ၀ါးတပင်အောက်ကိုပဲ ဖြစ်ဖြစ်၊ အခန်းပိတ်၊ ဂူအောင်းလို့ပဲဖြစ်ဖြစ် ဆိတ်ငြိမ်ရာရှာပြီး ဧကစာ ကျင့်ရပါတယ်။ နိုင်ငံရေးသမားတွေကတော့ ခန်းမကျယ်ကျယ်၊ လမ်းမကျယ်ကျယ်တွေမှာ လုပ်ဆောင်ရတာမျိုးတွေ ရှိပါတယ်။ (ယူဂျီကိစ္စကတော့ သီးခြားပါ။)
ဘာသာတိုင်းမှာ စုပေါင်းဝတ်ပြုကြတာ၊ စုပေါင်းပြီး ဆုတောင်းပွဲတွေလုပ်ကြတာ ရှိကြပါရဲ့။ စုပေါင်းသီလယူ၊ စုပေါင်းဒါန ပြုကြတာတွေလည်း ရှိကြပါရဲ့။ ဒါပေမယ့် ဒီကိစ္စတွေက အဆုံးစွန် ကျွတ်တမ်းဝင်ရေး မဟုတ်သေးပါ။ သံသရာကျင်လည်နေဆဲ ဘ၀တွေမှာ ချမ်းချမ်းသာသာ၊ အဆင့်မြင့်မြင့် နေကြရေးအတွက်သာ ဖြစ်ပါတယ်။ ကျွတ်တမ်းဝင်ဖို့ တရားအားထုတ်ရင် တဦးတည်း ရှုမှတ်ဆင်ခြင်တာမျိုး လုပ်ရမှာပါ။ နိုင်ငံရေးကတော့ အများအကျိုးအတွက် အများက စုပေါင်းအားထုတ်ရတာပါ။ (ရည်မှန်းချက်က နိုင်ငံရေးအာဏာရဖို့ပါ။)
ဒီခေတ်မှာ မကြုံစဖူး ကြုံရတာ တခုရှိပါတယ်။ ဗုဒ္ဓဘာသာ သံဃာတော်များအနေနဲ့ လမ်းမပေါ်မှာ အစုအဝေးလိုက်ထွက်ပြီး မေတ္တာသုတ်ရွတ်ဆိုဆန္ဒပြကြတာဟာ သမိုင်းမှာ မကြုံဖူးခဲ့ပါဘူး။ ဗုဒ္ဓ၀ါဒီများဟာ မေတ္တာဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီတွေဖြစ်လို့ အကြမ်းဖက်ရိုး ထုံးစံမရှိပါ။ မိမိတို့ကို အကြမ်းဖက် ဖမ်းဆီးရိုက်နှက်၊ သေနတ်နဲ့ပစ်ကြပေမယ့် အကြမ်းဖက်ပြီး မတုံ့ပြန်ကြပါ။ မိမိတို့ကို အကြမ်းဖက်လာတဲ့အခါ၊ သူတို့ကျွေးတဲ့ဆွမ်း၊ ဆေး စတာတွေကို လက်မခံ၊ သူတို့ရဲ့ သာရေးနာရေးကို မသွားဘဲ နေလိုက်ကြပါတယ်။ ဒါကို သံဃာအချင်းချင်း ညှိနိုင်းသဘောတူပြီး ဆောင် ရွက်ကြပါတယ်။ အရပ်စကားနဲ့ပြောရင် သပိတ်မှောက်တယ်၊ သံဃာတွေ ဝေါဟာရအရ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ်လို့ ခေါ်ပါတယ်။ အကြမ်းဖက်တဲ့ ဒကာတွေက သံဃာတွေကို တောင်းပန်ရင်လည်း ချက်ချင်း ကျေအေး ခွင့်လွှတ်ရမြဲဖြစ်ပေမယ့် မတောင်းပန်ရုံမက ဆက်လက်ဖမ်းဆီး၊ နှိပ်စက်နေတဲ့အတွက် ဘုန်းကြီးများဘက်ကလည်း ဆက်လက် သပိတ်မှောက်ထားပါတယ်။
သံဃာတော်များရဲ့ ဆွမ်းကွမ်းဒါယကာများမှာလည်း ကုန်ဈေးနှုန်းတွေတက်၊ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ ဖြစ်နေကြရလို့ သံဃာတော်များက ဒကာများအတွက်ပါ မေတ္တာရပ်ခံပါတယ်။ ဖမ်းဆီးထောင်ချထားတဲ့ ဒကာတွေကိုလည်း လွှတ်ပါ။ နှိပ်စက်၊ သတ်ဖြတ်တာတွေကိုလည်း ရပ်ပါ။ စားဝတ်နေရေး သက်သာချောင်ချိအောင်လည်း ဆောင်ရွက်ပေးပါ စသဖြင့် မေတ္တာရပ်ခံပါတယ်။ လူမှုကိစ္စနဲ့ သံဃာကိစ္စ တပေါင်းတည်း ဖြစ်သွားခဲ့ပါတယ်။ (သံဃာတွေ နိုင်ငံရေး အာဏာရယူရေးမဟုတ်ပါ။)
လူတွေ ဒုက္ခရောက်ကြတာ၊ ဖမ်းဆီးနှိပ်စက်ခံကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်ပါဘူး။ မွတ်စလင်ရော၊ ခရစ်ယာန်တွေရော ပါဝင်ကြပါတယ်။ လူတွေ ဆန္ဒပြကြရာမှာလည်း ဘာသာစုံ လက်တွဲပါဝင်ကြပါတယ်။ သံဃာတော်များကလည်း အများပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ထောက်ခံပြီး တပြေးညီ မေတ္တာပို့ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက် ပစ်ခတ်နှိမ်နင်းတဲ့ စစ်သားတွေလည်း မေတ္တာပို့ပါတယ်။ (မတရားဖိနှိပ်မှုကို သတိပေးတာပါ။)
ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ သူကိုးကွယ်ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာမှာ လူမျိုး ခွဲခြားမှုမရှိ၊ လူတန်းစား ခွဲခြားမှုမရှိ၊ ကျားမ ခွဲခြားမှုမရှိ - အားလုံးကို တန်းတူထားကြောင်း ထုတ်ဖော်ပြောဆို ဂုဏ်ယူခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒဟာ အစွန်းနှစ်ဖက်လွတ်တဲ့ ၀ါဒ၊ မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ ဖြစ်ကြောင်းကိုလဲ ကြုံတိုင်း ဖော်ထုတ်တယ်။ မေတ္တာမထားဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။
မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မယ်ဆိုတော့ အခြေခံဥပဒေရေးဆွဲကြရတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကျင့်သုံးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ လူများစုဖြစ်လို့ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် သတ်မှတ်ဖို့ တချို့က အဆိုတင်သွင်းခဲ့ကြဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ကြီးကြီးနဲ့ ဒီအဆိုကို ပယ်ချခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ ဘာသာရေးတခုရဲ့ နိုင်ငံမဟုတ်ရဘူး။ ဘာသာရေးတခုခုကို ဦးစားမပေးရဘူး။ ဘာသာတိုင်းကို တန်းတူအခွင့်အရေးပေးရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အခြေခံဥပဒေအရ တရားမျှတ လွတ်လပ်ခဲ့ပါတယ်။
ကိုလိုနီခေတ်က စပြီးအစိုးရအဆက်ဆက်ဟာ သူတို့အကျပ်အတည်း ဖြစ်ရင် ထွက်ပေါက်အဖြစ် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလေ့ရှိပါတယ်။ ဒါပေမယ့် လူထုက ဒီလောက် မအလို့ ဘာသာရေးအဓိကရုဏ်း အကြီးအကျယ်မဖြစ်ခဲ့ပါဘူး။ ကျနော်တို့မှာ ဘာသာရေး အစွန်းရောက်တွေလည်း မရှိပါ။ သံဃာတော်တွေဟာ သူများရဲ့ အသက်ကို သက်ရဖို့ ဝေးရော၊ သတ္တ၀ါတွေကို ထိခိုက်နာကျင်အောင် နှိပ်စက်တာတွေတောင် မလုပ်ရပါ။ လက်နက်ကိုင်တော်လှန်ရေးမှာ လည်း မပါရပါ။ မလွှဲသာရင် လူဝတ်လဲပြီး လက်နက်ကိုင်ကြပါတယ်။ (ဖက်ဆစ်ဂျပန်ကို တော်လှန်တုန်းတာပါ။)
ဒီခတ်မှာ ထူးဆန်းတာက ဗုဒ္ဓဘာသာအမည်ခံပြီး လက်နက်ကိုင်တပ် ဖွဲ့စည်းနေသူတွေ ရှိနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေများတဲ့ ဗမာစစ်တပ်က ဗိုလ်ချုပ်တွေကို ကျောထောက်နောက်ခံ ပြုနေပါတယ်။ အဲဒါကတော့ ဒီကေဘီအေခေါ် ကရင်ဗုဒ္ဓဘာသာ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ သံဃာ့နာယက ဆရာတော်ကြီးများက လက်နက်ကိုင် အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာ ဆိုတဲ့ အမည်မသုံးစွဲဖို့ မေတ္တာရပ်ခံတာ မကြားရပါ။ တဖက်က ကေအန်ယူများဟာ ခရစ်ယာန် များချည်း ဖွဲ့စည်းထားတာလည်း မဟုတ်၊ ဘာသာရေးစစ်ပွဲ ဆင်နွှဲနေတာလည်း မဟုတ်။ ဖိနှိပ်တဲ့၊ ဒီမိုကရေစီမရှိတဲ့၊ ပြည်ထောင်စုစည်းလုံးရေးကို မလုပ်တဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်တော်လှန်နေတာပဲ ဖြစ်ပါတယ်။ ဒီကေဘီအေက ဗုဒ္ဓဘာသာ နာမည်ယူခြင်းဟာ မရိုးသားမှု ဖြစ်ပါတယ်။ အချင်းချင်း ကွဲကြတာကို ဘာသာရေး ခုတုံးလုပ်တာဖြစ်ပါတယ်။ (အာဏာနိုင်ငံရေးမှာရော၊ လက်နက်ကိုင်တပ်ဖွဲ့ မှာရော ဘာသာရေးအမည်မတပ်သင့်ပါ။)
ဗုဒ္ဓဘာသာဟာ အကြမ်းဖက်မှုကို မလိုလားပါ။ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမယ့် ထိပ်တန်းဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ကြွားဝါဂုဏ်ယူလေ့ရှိတဲ့ ဗမာပြည်မှာ အကြမ်းဖက်မှုတွေက မယုံနိုင်အောင် များပြားပါဘိ။ ကြာလေ ကြမ်းလေ ဖြစ်နေပါတယ်။ ဗမာပြည်ရဲ့ ခေတ်သစ်သမိုင်းဟာ အကြမ်းဖက်မှု သမိုင်းကြီး၊ သွေးနဲ့ မျက်ရည်သမိုင်း ကြီး ဖြစ်နေပါတယ်။ ကျနော်တို့တသက်မှာ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရတာဟာ တွေးလေကြေကွဲစရာ ကောင်းလေ ပါပဲ။ စစ်ဗိုလ်ချုပ်တစု (လူနည်းစု) က အကြမ်းဖက်ဝါဒကို ဆုပ်ကိုင်ထားသမျှ (လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေ မလျှော့သမျှ) တိုင်းပြည်လည်း မငြိမ်းချမ်း၊ သာသနာရောင်လည်း ညှိုးမှိန်နေရမှာပါပဲ။ ခုဆိုရင် စစ်ဗိုလ်ချုပ် တွေကို အောက်ခြေစစ်ဗိုလ်၊ စစ်သားတွေက စိတ်ပျက်လာပါပြီ။ (တပ်နဲ့ပြည်သူ ကြည်ဖြူခွင့်မရလို့ပါ။) ပြည်သူတွေ ဘက်ကလည်း စစ်ဗိုလ်ချုပ်တွေအပေါ် စိတ်မရှည်ချင်တော့ပါ။ ဒါဟာ မကောင်းတဲ့ အလားအလာပါ။ အကြမ်းဖက်မှု ကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်ရင်၊ လက်နက်ကို လက်နက်နဲ့ တုံ့ပြန်ရရင် နောက်ထပ်ပိုပြီး ကြီးလည်းကြီး ကြာလည်း ကြာတဲ့ ပြည်တွင်းစစ်မီးကြီး ဖြစ်ရတော့မှာပါ။ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်မဖြစ်ခင် စစ်ဗိုလ်ချုပ်တွေက ငြိမ်းချမ်းရေးလမ်းကို (ဟန်ပြမဟုတ်၊ အချိန်ဆွဲတာမဟုတ်၊ လှည့်စားတာမဟုတ်ဘဲ) လမ်းဖွင့်လိုက်သင့်ပါတယ်။
သာသနာမညှိုးနွမ်းအောင်၊ တိုင်းပြည်လည်း ငြိမ်းချမ်းအောင် သံဃာရော၊ တိုင်းရင်းသား ပြည်သူတွေရော၊ စစ်တပ်ရော အချိန်မဆိုင်း ကြိုးစားကြရမှာပါ။ သေနတ်ပြောင်းက နိုင်ငံရေးအာဏာပဲ ထွက်ပေါ်ပါမယ်။ သေနတ်ပြောင်းက ငြိမ်းချမ်းရေး မထွက်ပေါ်နိုင်ပါ။ ယမ်းအိုးထဲမှာ ဒီမိုကရေစီရှာလို့မရနိုင်ပါ။ဗုံးနှစ်လုံးပေါက်ကွဲမှု မိမိတို့လက်ချက်ဟု ပူးပေါင်းအဖွဲ့တခုက ၀န်ခံ
| ကိုဝိုင်း |
| ဗုဒ္ဓဟူးနေ့၊ မတ်လ 04 2009 15:26 - မြန်မာစံတော်ချိန် |
| ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုများသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပူးပေါင်းတော်လှန်ရေး အင်အားစု WBURF အဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပဒုမ္မာ ပန်းခြံဝင်းအတွင်းနှင့် ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ လှည်းတန်း မှတ်တိုင်ရှေ့တွင် ယမန်နေ့က ထိခိုက်သေဆုံးမှု မရှိခဲ့သော ဗုံးများ တနာရီခြား၍ ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့သည်ကို ရန်ကုန်မြို့အခြေစိုက်ပါသည်ဆိုသော ယခုအဖွဲ့က ထုတ်ဖော်ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ယင်းဖောက်ခွဲမှုများသည် အာဏာရှင် စစ်အုပ်စုကို ဖြုတ်ချရန်အတွက် ပထမအဆင့် “တိုက်ပွဲခေါ်သံ” လည်းဖြစ်ပြီး ရှေ့ဆက်၍ ဖောက်ခွဲရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားရန် အဆင်သင့်ဖြစ်ကြောင်း ရေးသားချက်ကို မဇ္ဈိမသို့ အီးမေးလ်မှတဆင့် ပေးပို့သော သူတို့၏ ထုတ်ပြန်ချက်အမှတ် ၂/၂၀၀၉ အတွင်း၌ ဖော်ပြထားသည်။ “ဗမာပြည်သား” များသည် ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်သောကြောင့် အကြမ်းဖက်မှုကို မလိုလားကြသော်လည်း လက်ရှိအာဏာရှင် အုပ်ချုပ်ရေးအဖွဲ့ကမူ ပြည်သူများ ဒုက္ခအတွင်းမှ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းခဲ့ကြောင်း သူတို့၏ ကြေညာချက်တွင် ပါရှိသည်။ ပဒုမ္မာပန်းခြံတွင် ည ၉ နာရီ ၃၅ မိနစ်ခန့်က ပေါက်ကွဲပြီး ကမာရွတ် လှည်းတန်း ကားမှတ်တိုင်တခုတွင် ည ၁၀ နာရီ ၅၀ မိနစ်တွင် နောက်ထပ် ပေါက်ကွဲမှုတခု ဖြစ်ခဲ့သည်။ အသံကျယ်လောင်သော ပေါက်ကွဲမှုများသည် လူအသေအပျောက်မရှိဘဲ ကားတစီးနှင့် ဘတ်စ်ကားမှတ်တိုင်တို့သာ ပျက်စီးမှုရှိခဲ့သည်။ ပြည်တွင်း၌ ဖြစ်ပေါ်နေသော အထွေထွေ အကျပ်အတည်းများကို ဖယ်ရှားနိုင်ရန် ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ထွန်းနိုင်ရေးအတွက် အာဏာရှင် လူနည်းစု ဗိုလ်ချုပ်များအား ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခြင်း၊ ကြေညာချက်များ ထုတ်ပြန်တောင်းဆိုခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများထံမှ ထိရောက်ပြတ်သားသော အကူအညီများရရှိနိုင်ရေး တင်ပြတောင်းဆိုခြင်းများဖြင့် စစ်အုပ်စုကို ဖယ်ရှားနိုင်မည် မဟုတ်ဟု ယူဆသဖြင့် ယခုကဲ့သို့ “တန်ပြန် တိုက်ခိုက်ဖောက်ခွဲခြင်း” ဖြစ်သည်ဟု WBURF က ပြောသည်။ စစ်အာဏာ သက်ဆိုးရှည်စေရန်သာ ရည်ရွယ်သည့် ၂၀၁၀ ခု ရွေးကောက်ပွဲကိုလည်း လက်မခံနိုင်ကြောင်းလည်း ပြောသည်။ ထို့အပြင် မကြာသေးမီက အကျဉ်းသား ၆,၀၀၀ ကျော် ပြန်လွှတ်ရာတွင်လည်း နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ခြင်းကို လက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သည့် အဖွဲ့များက မျက်လုံးစုံမှိတ် ထောက်ခံပါက ကမ္ဘာပေါ်တွင် သနားစရာ အကောင်းဆုံး မျက်မမြင် အဖွဲ့များဟု သူတို့က သရော်လိုက်သည်။ ယမန်နေ့က ဗုံးပေါက်ကွဲမှုသည် စစ်တပ် အုပ်ချုပ်ရေးကို မြန်မာနိုင်ငံ၌ စတင် အသက်သွင်းခဲ့သော ဗိုလ်ချုပ်နေဝင်း၏ စစ်အာဏာသိမ်းမှု ၄၇ နှစ်ပြည့်မြောက်မှုနှင့်လည်း တိုက်ဆိုင်နေပြီး၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ပဒုမ္မာကွင်းတည်ရှိရာ မြေနီကုန်းနှင့် လှည်းတန်းတို့သည် ၁၉၈၈ ခု လူထုဆန္ဒပြပွဲများအတွင်း စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုများ ရှိခဲ့သော နေရာများ ဖြစ်သည်။ |
Wednesday, March 4, 2009
မြန်မာတွေသာ ဖြေရှင်းရမည့် မြန်မာ့နိုင်ငံရေး (သတင်းသုံးသပ်ချက်)
ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အစိုးရအနေဖြင့် ၄င်းတို့ ချမှတ်ထားသည့် လမ်းညွှန်မြေပုံအတိုင်း ဆက်လက်အကောင်အထည်ဖော်ရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့ကြသည်။
မြန်မာစစ်အစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြေညာထားသည့် လမ်းညွှန်မြေပုံအတိုင်း အကောင်အထည်ဖော်ရန် အာဆီယံ ခေါင်းဆောင်များက တိုက်တွန်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် အာဘီဆစ်က ပြောသည်။
ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းသည် နအဖက ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကို ထောက်ခံသည့် သဘောလက္ခဏာတရပ်ဖြစ်သည်။
အာဆီယံနှင့် ကုလသမဂ္ဂတို့မှာ နအဖက ကျင်းပပေးမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကိုသာ အာရုံပြုနေကြပြီး တရားဝင်ပယ်ဖျက်ခြင်းမပြုရသေးသော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မေ့ထားခဲ့ကြပြီ ဖြစ်သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲ ရလဒ်တခုကို တရားဝင်ပယ်ဖျက်ခြင်းမပြုသေးဘဲ နောက်ရွေးကောက်ပွဲတခုဆီ ခြေလှမ်းနေခြင်းမျိုး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် မရှိဟု နိုင်ငံရေးစာပေများ ရေးသားနေသော ဗကပပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ပြောသည်။
ယင်းကဲသို့ဖြစ်ရခြင်းမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ကျန်နိုင်ငံများအပေါ် သက်ရောက်နိုင်မှု အားနည်းခြင်းကြောင့် ကျန်နိုင်ငံများက စိတ်မ၀င်စားတော့ခြင်း ဖြစ်သည်ဟု လည်း သုံးသပ်သည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို လူထုကသာ အပြောင်းအလဲလုပ်နိုင်မည်၊ ပြည်တွင်းရှိ အဖွဲ့အစည်းများ ကိုယ်တိုင်သာဖြေရှင်းရမည်၊ ပြည်ပအဖွဲ့အစည်းများမှာ ၀ါဒဖြန့်အလုပ်သာ လုပ်နိုင်သည်ဟု ရဲဘော်ဖိုးသံချောင်းက ထောက်ပြသည်။
ပြည်တွင်းရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ နိုင်ငံရေးလှုပ်ရှားသူများအပေါ် နအဖ၏ ပြင်းထန်သော ဖိနှိပ်မှုများကြောင့် ပြည်တွင်းလူထုအနေဖြင့် အန်အယ်လ်ဒီက ပြုလုပ်နေသော နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လက်မှတ်ကောက်ယူမှုများမှာပင် ပါဝင်လာနိုင်မှု သိပ်မရှိဟု ဆိုသည်။
အမှန်တကယ်လည်း နအဖစစ်အစိုးရက ရွေးကောက်ပွဲနီးလာချိန်တွင် အတိုက်အခံ နိုင်ငံရေးအင်အားစုများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြခြင်းဖြင့် လူထုထံ အကြောက်တရား စိတ်ဓာတ် သွတ်သွင်းပေးနေသည်။
“ဆိုလိုတာက ဗျာ။ အထဲကလူတွေလုပ်မှရမှာ ဟုတ်ပေမယ့် အထဲမှာကလည်း နိုင်ငံရေး လှုပ်ရှားသူတွေကို ထောင်တွေချ၊ ဘာတွေချနေတော့ အခု အန်အယ်လ်ဒီက လုပ်နေတဲ့ လက်မှတ်ထိုးလှုပ်ရှားမှုမှာတောင် လူထုအား ဘယ်လောက်ပါသလဲ။ လူဦးရေသန်း (၅၀) ကျော် ရှိတဲ့အထဲမှာ လက်မှတ် (၅) သောင်းရအောင် စုနိုင်သလား။ (၅) သိန်းရအောင် စုနိုင်လို့လား။ တက်ကြွလှုပ်ရှားတဲ့ မြို့နယ်တွေမှာပဲ အနည်းအကျဉ်း လှုပ်ရှားသံကြားနေရ တာပဲ။ အဲဒီလိုလှုပ်ရှားတဲ့ သူတွေမှာလည်း အနှောင့်အယှက် အမျိုးမျိုးကြုံနေကြရတယ်။ ဒီတော့ အန်အယ်လ်ဒီက လူထုထောက်ခံမှုရအောင် ဘယ်လောက်လုပ်နိုင်မလဲ” ဟု သခင်ချန်ထွန်းက လူထုထောက်ခံမှုနှင့် အန်အယ်လ်ဒီ၏ လုပ်နိုင်စွမ်းကို ထောက်ဆသည်။
အကယ်စင်စစ်လည်း ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းပြီးကတည်းက နအဖစစ်အစိုးရက အကြောင်းပြချက်မရှိဘဲ အန်အယ်လ်ဒီပါတီ၏ မြို့နယ်ရုံးခွဲများကို ပိတ်ပစ်လိုက်သဖြင့် အန်အယ်လ်ဒီပါတီ၏ စည်းရုံးနိုင်မှုမှာ ကျဆင်းနေခဲ့ရသည်။
သို့သော်လည်း စည်းရုံးနိုင်မှု ကျဆင်းခြင်းသည် ထောက်ခံမှုကျဆင်းခြင်း မဟုတ်ပေ။
“လူထုဘက်က ဆနေတာမျိုး။ စောင့်ကြည့်နေတာမျိုးပဲ ဖြစ်မှာ။ စက်တင်ဘာ သံဃာ့ အရေးအခင်းကို ဘယ်သူကမှ မျှော်လင့်မထားတဲ့၊ ဘယ်တုန်းကမှ မကြားဘူးတဲ့ သံဃ့ာ အသိုင်းအ၀ိုင်းကနေ ပေါ်ထွက်လာသေးတာပဲ။ လူထုအုံကြွမှုဆိုတာက အဓိကလိုအပ်နေ တာက ခေါင်းဆောင်မှုပါ။ ခေါင်းဆောင်မှုဆိုတာက တရားဝင်အဖွဲ့အစည်းတွေထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ မြေအောက် အဖွဲ့တွေထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့တွေ ထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုအဖွဲ့အစည်းတွေက လူထုကြီးနဲ့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ပေါင်းစပ်လိုက်နိုင်ဖို့က အရေးကြီးတာပါ” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြသည်။
လူထုလိုက်ပါနိုင်မှု အားနည်းနေပြီဟု ယူဆသော သခင်ချန်ထွန်းက ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့်လည်း မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များပင် နအဖက လာဆိုမှလာ၊ သွားဆိုမှသွားရသည့် အခြေအနေဖြစ်နေသည် ဟုလည်း ပြောသည်။
မြန်မာ့နိုင်ငံရေး တိုးတက်ရေးအတွက် မကြာခဏသွားလာနေရသော မစ္စတာဂမ်ဘာရီကမူ မစ္စတာဘန်ကီမွန်း အနေဖြင့် စစ်အစိုးရအား အကျပ်ကိုင်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
သို့သော် မစ္စတာဂမ်ဘာရီအနေဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကိုသာ အလေးပေး ပြောကြားနေခြင်းမသင့်ဟု အတိုက်အခံများက ယူဆသည်။ ကြားဝင်စေ့စပ်သူပီပီ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာရန်ကိုသာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း အတိုက်အခံများက ပြောကြသည်။
နအဖက ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း ယခုအချိန်အထိ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေများကို ယခုအချိန်အထိ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ ထိုကဲ့သို့ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲကို ကုလသမဂ္ဂလေ့လာခွင့်ရမည်ဟု နအဖ ၀န်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီ ဖြစ်သည်။
ယင်းကဲ့သို့ ယခုအချိန်ထိ ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန် မပေးသေးသည်မှာ နအဖဘက်မှ မရိုးသားသည့် လက္ခဏာများဖြစ်ကြောင်း အန်အယ်လ်ဒီ၏ တုံ့ပြန်မှုကို စောင့်နေသည်ဟု မြင်မိကြောင်း ရဲဘော်ဖိုးသံချောင်းက ထောက်ပြပြောဆိုသည်။
“နအဖဘက်ကတော့ ရှင်းတယ်လေ။ သူတို့ရဲ့မြေပုံနဲ့ ရွေးကောက်ပွဲကို အကောင်အထည် ဖော်မှာပဲ။ လာမည့် ရွေးကောက်ပွဲဟာ သဏ္ဌာန်သက်သက်သာ ဖြစ်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်အာဏာရဲ့ အဓိကကျတဲ့ သမ္မတနေရာတွေ၊ ၀န်ကြီးနေရာတွေမှာ သူတို့ စစ်တပ်ဘက်က ရအောင်လုပ်ထားပြီးပြီ။ ဒါကြောင့်မို့ ဘယ်သူလာကြည့်ကြည့်ရတယ်။ တရားမျှတတယ်ဆိုတာကို ဖော်ပြမှာပဲ။ အာဏာက သူတို့လက်က ပြေးမလွတ်တော့ဘူးလေ။ ဒါကြောင့် သူတို့က အင်မတန် သဘောထားကြီးလေဟန် လာပါ၊ လေ့လာပါလုပ်နေတာ။ အန်အယ်လ်ဒီဘက်ကကျတော့လည်း တခြားအဖွဲ့တွေနဲ့မတူဘူး။ သူတို့က ၁၉၉၀ မှာ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့။ တခြားအဖွဲ့တွေ ရွေးကောက်ပွဲဝင်လို့ ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် အန်အယ်လ်ဒီက ၀င်လိုက်လို့ရှိရင် အဲဒီ mandate ကို စွန့်လွှတ်ပစ်လိုက် ရမယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဖောက်ဖျက်လိုက်ရာ ဖြစ်သွားနိုင်တယ်။ အန်အယ်လ်ဒီ အနေနဲ့ကတော့ ကျနော်ထင်တယ် ထူးခြားတဲ့ အပြောင်းအလဲမရှိရင် ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးထင်တယ်” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြသည်။
ထူးခြားသည့် အပြောင်းအလဲဆိုသည်မှာ နအဖဘက်မှ အပြောင်းအလဲနှင့် အန်အယ်လ်ဒီ ပါတီတွင်း အပြောင်းအလဲကို ပြောဆိုခြင်းဖြစ်သည်ဟု ရဲဘော်ဖိုးသံချောင်းက ရှင်းသော်လည်း အသေးစိတ်ကို ပြောရန်မသင့်ဟု ဆိုသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ ၀င်သင့်သည် ဟု ပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော နိုင်ငံခြားသားနှင့် လက်ထပ်ထား သူများကိုလည်း မြန်မာနိုင်ငံသားအဖြစ် မစွန့်လွှတ်ခဲ့လျင် ရွေးကောက်ပွဲ ၀င်ဖို့ ခွင့်ပြုသင့်သည် ဟုပါ ဆက်လက် ပြောဆိုသည်။
ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကဲ့သို့ မဖြစ်ရအောင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြားပေးသင့်သည်ဟု ဆိုသည်။
သခင်ချန်ထွန်းက “ရွေးကောက်ပွဲလုပ်ရင် စောင့်ကြည့်လေ့လာသူတွေပါရမယ်။ ကျနော် ထင်တယ် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲတုန်းကလိုတော့ သွားလို့မရဘူး။ ကျနော်လည်း မေးကြည့် ပါတယ်။ နယ်ကအမျိုးသမီးတယောက် အလည်ရောက်လာလို့မေးကြည့်တော့ ဆန္ဒခံယူပွဲတုန်း က ရယကတွေကပဲ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလည်း မေးပြီး ရယကတွေကပဲ ထည့်သွား တာတဲ့။ အဲဒါမျိုးတွေက အများကြီးပဲ။ လာမယ့်ဟာကိုတော့ အဲလိုလုပ်လို့မသင့်ဘူး။ လုပ်ရင်လည်း အစိုးရကို အကာအကွယ်ပေးထားတဲ့ တရုတ်တို့ ရုရှတို့ပါ မျက်နှာပျက်စရာတွေ ဖြစ်ကုန်မယ်။ ဆိုတော့ ဒီလိုစောင့်ကြည့်သူတွေလည်းပါမယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုးတွေလည်းပါမယ်ဆိုရင် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲဝင်သင့်တယ်” ဟု ပြောသည်။
သခင်ချန်ထွန်း၏ တိုက်တွန်းချက်မှာ အန်အယ်လ်ဒီပါတီက တောင်းဆိုထားသည့် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး သဘောမျိုးသာဖြစ်နေသဖြင့် နအဖဘက်မှ လက်ခံနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကုလသမဂ္ဂက နအဖ၏ လမ်းညွှန်မြေပုံ (၇) ချက်ကို ပယ်ဖျက်နိုင်စွမ်း မရှိသကဲ့သို့ အာဆီယံကလည်း ယင်းအတိုင်းဆက်သွားရန်ကိုပင် တိုက်တွန်းနေပြီဖြစ်ရာ မြန်မာ့အရေး အပြောင်းအလဲသည် ပြည်သူလူထုနှင့် ပြည်သူလူထုက ရွေးကောက်ထားသော အန်အယ်လ်ဒီပါတီအပေါ်တွင်သာ အဓိက မူတည်နေပြီဖြစ်သည်။