Saturday, August 14, 2010

မင်းသမီး မျိုးစန္ဒီကျော်က မိဘကို အမှုဖွင့်

မင်းနိုင်သူ Wednesday, August 11, 2010
သရုပ်ဆောင် မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။

myosandikyaw271

သြဂုတ် ၆ ရက်နေ့ထုတ် Hot News ဂျာနယ်တွင်ပါရှိသော မျိုးစန္ဒီကျော်နှင့် ဖြိုးကျော်ကျော်မြတ်တို့၏ အင်တာဗျူးများ (ဓာတ်ပုံ - Hot News ဂျာနယ်)

“ဒီလ ၃ ရက်နေ့က သင်္ဃန်းကျွန်းရဲစခန်းမှာ အန်တီက သူ့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး တိုင်ထားတယ်။ ရဲစခန်းက ပုဒ်မ ၃၈၀ နဲ့ အမှု လက်ခံထားတယ်လို့ အန်တီတို့ သိရတယ်” ဟု ဒေါ်သူဇာက ဧရာဝတီသို့ ပြောသည်။

ထိုအမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အသေးစိတ် မပြောနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိ တဦးက ပြန်ကြားသည်။

မျိုးစန္ဒီကျော်ကမူ “သင်္ဃန်းကျွန်း ရဲစခန်းကို တင်ပြထားတာတော့ ဟုတ်ပါတယ်။ အမှုဖွင့်တာတော့ မဟုတ်ပါဘူး။ ပစ္စည်း ပျောက်တာက အိမ်မှာပဲ၊ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ပျောက်တာ။ အားလုံးလည်း သိကြပါတယ်။ မိဘတွေက ကျမကို အမွေပြတ်ဆိုပြီး စွန့်လွှတ်ထားပါတယ်။ ကျမဘက်က မိဘတွေ စွန့်လွှတ်ရ လောက်အောင် ဘာတခုမှ မလုပ်ခဲ့ဖူးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မျိုးစန္ဒီကျော် ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ လက်ဝတ်လက်စားများ ဖြစ်ပြီး အဆိုပါ ပစ္စည်းများ ပြန်လည်ရရှိနိုင်ရန် ရဲစခန်းမှ တဆင့် ညှိနှိုင်းစေခြင်းသာဖြစ်ကြောင်း သူက ဆိုသည်။

မိဘများက သြဂုတ် ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မျိုးစန္ဒီကျော်အား သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။

ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် မျိုးစန္ဒီကျော်က ပေါ်ပြူလာဂျာနယ်နှင့် အင်တာဗျူးတခုတွင် သူမအနေဖြင့် မိဘများအား ကိုယ်စိတ် ဆင်းရဲခြင်း ဖြစ်စေရန် ပြုမှုခဲ့ခြင်းမရှိကြောင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း မဟုတ်မမှန် ပြောဆို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဖြေကြားထားသည်။

မျိုးစန္ဒီကျော်သည် မိဘများအား အသိမပေးဘဲ ဖြိုးကျော်ကျော်မြတ်ဆိုသည့် Crab အဖွဲ့ဝင် အဆိုတော်တဦးနှင့် ဧပြီလ ၇ ရက် နေ့က နှစ်ဦးသဘောတူ မင်္ဂလာ လက်မှတ်ရေးထိုးခဲ့ပြီး လွန်ခဲ့သည့် ၂ လကျော်က အတူပေါင်းသင်း နေထိုင်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သူဇာက ပြောသည်။

“သူက မိဘတွေကို အသိမပေးဘဲနဲ့ ကောင်လေးအိမ်မှာ တရားသူကြီးခေါ်ပြီး လက်မှတ်ထိုးထားတယ်။ ပြီးခဲ့တဲ့ ၂ လလောက်က စပြီး ကောင်လေးရဲ့ မိသားစုနဲ့ သူ အတူတူသွားနေတယ်။ နေပြီးတဲ့နောက် အခုလို ရဲစခန်းမှာ သူ့ လက်ဝတ်လက်စားတွေ ပျောက်တယ် ဆိုပြီး အန်တီတို့ကို အမှုဖွင့်တာပဲ။ သူလုပ်ချင်သလို လုပ်ပါစေ၊ အန်တီက အမေပဲ။ သူ့ကို ဘာမှ ပြန်မလုပ်ပါဘူး။ သူလုပ်သမျှ အန်တီခံမှာပါ” ဟု မိခင်ဖြစ်သူက ဆိုသည်။

ယခုလ ၆ ရက်နေ့ထုတ် Hot News ဂျာနယ် အင်တာဗျူးတွင် မျိုးစန္ဒီကျော်က ၎င်း၏ အချစ်ရေးမှာ အေးဆေး ပင်ဖြစ်ကြောင်း၊ ၎င်း၏ အချစ်ရေးနှင့် ပတ်သက်၍ ပရိသတ်ကို လိမ်ညာခဲ့ခြင်း မရှိဘူးကြောင်း ပြောခဲ့သည်။

(ဧရာဝတီသတင်းဌာနမှ ထပ်ဆင့်ကူးယူဖေါ်ပြသည်။)

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ)နေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ) နေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံလိုင်းမှတစ်ဆင့် သြဂုတ်လ ၁၃ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ ( ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ထို့ပြင် နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ပါတီဝင်အင်အား စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလျက်ရှိရာ လက်ရှိ၌ နိုင်ငံရေးပါတီ ၁၄ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ပြုလုပ်ရမည်ဖြစ်ပြီး နောက်ဆုံးရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမည်ဟု သိရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်က ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မေလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်)

Saturday, August 7, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြောက်ကိုရီးယား ကစားသမား မိခင်နိုင်ငံတွင် လှောင်ပြောင်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရ အသင်းနည်းပြဖြစ်သူ ကင်ဂျောင်ဟွန်းအား .....

E-mail

မြောက်ကိုရီးယားလက်ရွေးစင် ဘောလုံးအသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ခြင်းအတွက် မိခင်နိုင်ငံတွင် လှောင်ပြောင်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

မြောက်ကိုရီးယားနည်းပြ ကင်ဂျောင်ဟွန်းနှင့် အသင်းမှ ကစားသမားများသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်ရောက်အပြီး (၃)ရက်အကြာ ဖြစ်သည့် ဇူလိုင်လ (၂)ရက်နေ့တွင် မြောက်ကိုရီးယား ပြည်သူ့ရေးရာဌာနရှေ့တွင် စတိတ်စင်မြင့်ထက်၌ (၆) နာရီကြာ မတ်တက်ရပ်ကာ ကမ္ဘာ့ဖလားတွင် ရှုံးနိမ့်ခဲ့ခြင်းအတွက် ရှင်းလင်းပြောဆိုမှုများ ပြုလုပ်ခဲ့ရသည်။သို့ရာတွင် ဂျပန်နိုင်ငံတွင် မွေးဖွားနေထိုင်နေသည့် ဂျောင်တေးဆီနှင့် အန်ယောင်ဟတ်တို့မှာမူ ပါဝင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

၎င်းတို့အား မြောက်ကိုရီးယားနိုင်ငံမှ ကျောင်းသားများ၊ အစိုးရ ၀န်ထမ်းများနှင့် ဂျာနယ်လစ်များက ၀ိုင်းဝန်းဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် မြောက်ကိုရီးယားအလုပ်သမားပါတီ ‘ဒုတိယ၀န်ကြီးနှင့် မြောက်ကိုရီးယား အားကစားဝန်ကြီး ပတ်မြောင်ချို၊ အခြားသော အားကစားသမားများလည်း ပါဝင်ခဲ့ပြီး မြောက်ကိုရီးယား အမျိုးသားရုပ်သံလွှင့်ဌာနမှ အားကစားအစီအစဉ် ကြေညာသူ ရီဒေါင်ကျူက Korea Central TV မှတစ်ဆင့် ဘောလုံးသမား တစ်ဦးချင်းစီ၏ အမှားများကို ထောက်ပြဝေဖန်သွားခဲ့ကြောင်း သိရှိရသည်။ အမည်မဖော်လိုသူတစ်ဦးကမူ လွတ်လပ်သော အာရှအသံ(RFA)သို့ ယင်းကဲ့သို့ ပြောကြားခဲ့သည်။ ''နည်းပြ ကင်ဂျောင်ဟွန်းနဲ့ ကစားသမားတွေအားလုံး စတိတ်စင်မြင့်ထက်မှာ မတ်တက်ရပ်ပြီး အခြား မြောက်ကိုရီးယား အားကစားသမားတွေနဲ့ ကျောင်းသားတွေရဲ့ ဝေဖန်မှုတွေကို ပြန်လည်ရှင်းလင်းခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အသင်းက ကစားသမားတွေဟာ သူတို့ရဲ့နည်းပြကို အပြစ်ပုံချခဲ့ကြပါတယ်''ဟု ပြောကြားခဲ့သည်။

အစိုးရနှင့်နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးကလည်း ''ဗိုလ်ချုပ်ကင်ဂျောင်အန် (မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်၏သား)က မြောက်ကိုရီးယားအသင်းဟာ သူ့ရဲ့ယုံကြည်မှုကို သစ္စာဖောက်ခဲ့တယ်လို့ ယူဆပြီး အခုလို အပြစ်ပေးခဲ့တာပါ။ နောက်ဆုံးတရားခံလို့ သတ်မှတ်ခံခဲ့ရတဲ့ အသင်းနည်းပြ ကင်ဂျောင်ဟွန်းကတော့ ပြုံယမ်းမြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ တစ်နေ့ (၁၄) နာရီကြာ အလုပ်လုပ်ဖို့ အပြစ်ပေး ခံခဲ့ရပါတယ်'' ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအသင်းသည် (၄၄) နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး ပါဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော်လည်း ယင်းကဲ့သို့ အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကမူ ဗိုလ်ချုပ် ကင်ဂျောင်အန်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည့်အတွက် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်သို့ လာရောက်ခဲ့ကာ ဂုဏ်ပြုချီးကျူးမှုများ ပြုလုပ်ခဲ့ဖူးသည်။ အစောပိုင်း သတင်းများအရမူ ပေါ်တူဂီအသင်းကို (၇-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်ကိုယ်တိုင်က မြောက်ကိုရီးယားအသင်းအား ယင်းပွဲတွင် တိုက်စစ်ဖွင့်ကစားရန် တိုက်ရိုက်ညွှန်ကြားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းကလည်း မြောက်ကိုရီးယားကစားသမား အတော်များများသည် မိခင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်သွားလိုချင်းမရှိဘဲ တောင်အာဖရိကနိုင်ငံတွင် နိုင်ငံရေးခိုလှုံ့ခွင့် တောင်းခံခဲ့ကြသေးကြောင်း သိရှိရသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။)

စာရေးဆရာ ဟိန်းလတ် ပြုစုထားသော ကင်မ်ဂျုံအီအကြောင်း မြန်မာ ဘာသာပြန်စာအုပ်၏ အရောင်းလက်ကျန် အုပ်ရေ ၃၁၀ အုပ်ကို မြောက်ကိုရီးယားသံရုံးမှ ပြန်လည်သိမ်းယူသွား

E-mail Hein Latt Book ဘာသာပြန် စာရေးဆရာ ဟိန်းလတ်ပြုစုထားသော မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီအကြောင်း ရေးသားထားသည့် စာအုပ်၏အရောင်းလက်ကျန်အုပ် ရေ ၃၁၀အုပ်ကို မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးမှ ပြန် လည် သိမ်းယူသွားခဲ့ကြောင်း စာရေးဆရာဟိန်းလတ်မှ အတည်ပြု ပြောကြားခဲ့ပါသည်။


"စာအုပ်တွေကို မြောက်ကိုရီးယားသံရုံးက သိမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ သိမ်းသွားပြီးတဲ့နောက် မီးရှို့ပစ်လား၊ ဘာလုပ်ပစ်လဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ စာအုပ်အရေအတွက် စုစုပေါင်းကတော့ အုပ်ရေ ၃၁၀ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်တော့ ငွေကျပ် ၁၂သိန်း ၄သောင်း တန်ဖိုးရှိပါတယ်"ဟု ဆရာဟိန်းလတ် မှ ပြောပြခဲ့ပါသည်။


စာအုပ်များကို ပြန်လည်သိမ်းယူမည် ဖြစ်သည့်အကြောင်း နှင့် ဈေးကွက်အတွင်းရှိနေသော လက်ကျန်စာအုပ်များကို စုစည်းပေးထားရန် မြောက်ကိုရီးယားသံ ရုံးမှ တာဝန်ရှိသူများက ဆရာဟိန်းလတ် ထံသို့ ဇူလိုင်လ ပထမ ပတ်အတွင်းက အကြောင်းကြားခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ဈေးကွက်အတွင်းရှိ အရောင်းလက်ကျန် စာအုပ်များကို စုစည်းခဲ့ရာ အုပ်ရေ ၃၁၀အုပ်ရရှိခဲ့ကြောင်း၊ ထိုလက်ကျန် စာအုပ်များကို ဇူလိုင်လ ၅ရက်နေ့တွင် မြောက်ကိုရီး ယားသံရုံးမှ တာဝန်ရှိသူများက လာရောက်သိမ်းယူသွားခဲ့ကြောင်း နှင့် ထိုသို့လာရောက်သိမ်းယူသွားပြီး နောက်ပိုင်းကိစ္စရပ်များကို မသိရှိတော့ကြောင်း ဆရာဟိန်းလတ် က ပြောပြပါသည်။


ဆရာဟိန်းလတ်ပြုစုခဲ့သော ကင်မ်ဂျုံအီ(သို့မဟုတ်) မြောက်ကိုရီးယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး စာအုပ်ကို The Book House စာအုပ်တိုက်မှ စာမူခွင့်ပြု ချက်အမှတ် ၃၁၀၁၁၀၁၀၀၉ဖြင့် အုပ်ရေ ၂၀၀၀ရိုက်နှိပ်ကာ စာအုပ် ရောင်းဈေး ကျပ် ၄၀၀၀သတ်မှတ် ပြီးရောင်းချခဲ့ပါသည်။ ထိုစာအုပ်ကို ပြည်တွင်းစာအုပ်ဈေးကွက်သို့ မေလအတွင်းက တရားဝင် ဖြန့်ချိထားပါသည်။


"စာပေစိစစ်ရေးကနေ တရားဝင်ထုတ်ဝေခွင့် ရရှိပြီးမှ စာအုပ်ကို ဖြန်ချိခဲ့တာပါ။ စာအုပ်ထဲမှာပါတဲ့ အချက်အလက်အချို့ကို သဘောမကျတဲ့အတွက် စာအုပ်ကို ပြန်သိမ်းတာလို့ သိရပါတယ်။ စာအုပ်မှာ အဓိကကိုးကားခဲ့တဲ့ အ မေရိကန် စာရေးဆရာနှစ်ယောက် ရဲ့ စာအုပ်တွေကိုလည်း သူတို့သဘောမကျခဲ့တာ ဖြစ်ပါမယ်"ဟု ဆရာဟိန်းလတ်က ပြောပါသည်။


ကင်မ်ဂျုံအီအကြောင်း မြန်မာဘာသာပြန် ရေးသားရန်အတွက် ဆရာဟိန်းလတ်သည် အမေရိကန်စာရေးဆရာများ ဖြစ်သည့် စာရေးဆရာ Jasper Becker ရေးသားသော Kim Jong IL and North Korea စာအုပ်နှင့် စာရေး ဆရာ Bradley K Martin ရေးသားသော Under The Loving Care of the Fatherly Leader စာအုပ်တို့ကို အဓိကထား ကိုးကားခဲ့ပါသည်။ ထိုစာအုပ်နှစ်အုပ်အပြင် မြောက်ကိုရီးယား၌ ထုတ်ဝေထားသော စာအုပ်၊စာစောင်များအပါ အပါအ၀င် ကိုးကားစာအုပ်စာတမ်း ၁၅အုပ်ကို မြန်မာပြန်စာအုပ်အတွက် အသုံးပြုခဲ့သည်။


"စာအုပ်တစ်အုပ်တည်းက အချက်အလက်တွေကို တိုက်ရိုက် ဘာသာပြန်တာမဟုတ်ပဲ စာအုပ်၊ စာတမ်းများစွာကို ဖတ်ရှုပြီးဘာသာပြန်တဲ့အတွက် ဆွမ်းဆန်ထဲ ကြွက်ချေးရောသွားတဲ့ သဘောမျိုး ရှိသွားတတ်ပါတယ်။ တစ်ခါ တလေမှာတော့ စာရေးဆရာ အနုပညာသမားဆိုတာ အဖြူကို ပို ကြွစေဖို့ အနက်သုံးရတာတွေရှိ တတ်ပါတယ်။ စာအုပ်မှာ ဘာအချက်အလက်တွေကို သူတို့မကြိုက်သလဲ ဆိုတာတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ ဥပမာအားဖြင့် ခေါင်းဆောင်ကြီးဟာ အများရှေ့မှာတော့ ဆန်ပြုတ်သောက်ပြပြီး နောက်ကွယ်မှာတော့ အစားကောင်းတွေ စားတတ်တယ် ဆိုတာမျိုးထည့်ရေးတာကို သူတို့က သဘောမကျဘူးထင်ပါတယ်။ ဒါပေမယ့် အခန်း(၂)မှာပါ တဲ့ ကိုရီးယားစစ်ပွဲအကြောင်းကတော့ မြောက်ကိုရီးယားက ထုတ်ထားတဲ့ စာအုပ်စာတမ်းတွေကနေ ပြန်ဆိုရေးသားခဲ့တာပါ။ ဒါမျိုးကိုတော့ မကြိုက်တာမရှိနိုင်ပါဘူး"ဟု ဆရာဟိန်းလတ်က ဆိုပါသည်။


ထို့အပြင် ယင်းစာအုပ် ရေးသားပြီးနောက် တည်းဖြတ်ရန်အတွက် မြောက်ကိုရီးယားသို့ ပေးပို့ ရသည်ဆိုသော သတင်းများမှာလည်း မှန်ကန်မှုမရှိကြောင်း၊ စာအုပ်ရေးသားနေကြောင်း သိရှိသောအချိန်က မြောက်ကိုရီးယားသံရုံးမှ တာဝန်ရှိသူများက၀မ်းသာကြောင်း ပြောကြားခဲ့သည့် အပြင် ပြုံယမ်းတွင် ထုတ်ဝေထားသော စာအုပ်စာတမ်းများပင် ပေးပို့ခဲ့ကြောင်း ဆရာဟိန်းလတ်မှ ပြောပြခဲ့ပါသည်။


ယခုကဲ့သို့သော အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် စာအုပ်ရေးသားစဉ်ကပင် သတိထားရေးသားခဲ့ကြောင်းကိုလည်း ဆရာဟိန်းလတ်က ယခုကဲ့သို့ ပြောကြားပါသည်။


"တောင်ကိုရီးယားက ထုတ်တဲ့စာအုပ်တွေကိုဆို တစ်အုပ်မှ မကိုးကားခဲ့ဘူး။ အကောင်းဘက်က ရေးခဲ့တာတွေပဲ များပါတယ်။ သူတို့ဘာတွေ သဘောကျလဲ၊ မကျဘူးလဲဆိုတာတော့ ကျွန်တော်လည်း အသေးစိတ်မသိနိုင်ဘူး လေ။ ကျွန်တော်က မြန်မာဖြစ်နေတာကိုး။ ဒါပေမယ့် ရေးတဲ့အခါ မှာ သတိထားပြီးရေးခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က အမေရိကန်ထက် မြောက်ကိုရီးယားကို ပိုသဘောကျတယ်။ ဒါကြောင့်လည်း ဒီစာအုပ်ကိုပြုစု ဖြစ်ခဲ့တာပါ။ စာအုပ်တွေပြန်သိမ်းသွားတော့ ကိုယ့်ချစ်သူကို သူများခေါ်သွားသလို ခံစားမိပါတယ်။ ဘာလို့ ပြန်ပေးလိုက်သလဲ ဆိုရင်တော့ အကျယ်အကျယ်ကိစ္စတွေ ထပ်မဖြစ်ချင်တော့လို့ပါ"ဟု ဆရာဟိန်းလတ် က ပြောပြခဲ့ပါသည်။ " ဒါကမဖြစ်သင့်တဲ့ကိစ္စပါပဲ။ သိမ်းယူခွင့်မရှိပါဘူး။ ကျွန်တော်တို့သာ ထုတ်ဝေသူဆိုရင် မပေးနိုင်ပါဘူး။ ဒါမြန်မာလူမျိုးတွေဖတ်ဖို့ ရေးထားတာပဲ။ ကျွန်တော်တို့နိုင်ငံမှာ စာပေလွတ်လပ်ခွင့် အတော်အသင့် ရှိကြောင်း ပြတာပဲ။ သံရုံးအနေနဲ့ ဒီစာအုပ်ဖိုး ပြန်ပေးသင့်တယ်"ဟု Eleven Media Group တာဝန်ရှိသူတစ်ဦး ကဆိုပါသည်။


"ဒီလိုစာအုပ်မျိုးကို ပြန်သိမ်းတယ်ဆိုတာက မဖြစ်သင့်ပါဘူး။ ဆရာအနေနဲ့ကတော့ ကန့်ကွက်ပါတယ်။ သံရုံးတစ်ခုက စာရေးဆရာတစ်ယောက် လွတ်လပ်စွာ ရေးသားထားတဲ့စာအုပ်ကို အတင်းယူပြီး သိမ်းတယ်ဆိုတာ စာရေး ဆရာရဲ့လွတ်လပ်ခွင့်ကို ထိပါးရာရောက်သလို နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိပါးစော်ကားရာ ရောက်ပါတယ်။ စာရေးသူအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ တရားဥပဒေကြောင်းအရ ပြန်လည်တုံ့ပြန်သင့်ပါတယ်။ ဆရာကတော့ ဒီဖြစ်ရပ်ကို လက်မခံနိုင်ပါဘူး"ဟု ဆရာလူထုစိန်ဝင်းက ဆိုပါသည်။


ဆရာဟိန်းလတ် အနေဖြင့် မကြာသေးမီကာလများအတွင်း က မော်စီတုန်း နတ်သိကြားမဟုတ် ဟု အမည်ပေးထားသော တရုတ်ကွန်မြူနစ် ခေါင်းဆောင်ကြီး မော်စီတုန်းအကြောင်းစာအုပ်၊ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် အကြောင်းစာအုပ်၊ အီရန်သမ္မတ အမာဒီနီဂျက် အကြောင်း ရေးသားထားသော သမ္မတအမာဒီနီဂျက် နှင့် နျူးကလီးယားအီရန် အကြောင်း အစရှိသည့်စာအုပ်များ အပြင် အိုဘားမား အထ္တုပ္ပတ္တိစာအုပ်များကိုလည်း ရေးသားထားခဲ့ပြီး ထိုစာအုပ်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုမှုများ မရှိခဲ့ကြောင်း သိရပါသည်။


"အခုဖြစ်ခဲ့တဲ့ဖြစ်စဉ်က ကျွန်တော့်အတွက်ဆိုရင် ပထမဆုံးအကြိမ်ပါပဲ။ မြန်မာစာပေလောက အတွက်ဆိုရင်လည်း ဒါပထမဆုံးပါပဲ။ ကျွန်တော်ကတော့ ဒီလိုဘာသာရပ်မျိုးစာအုပ်တွေ ဆက်ရေးသွားမှာပါ။ နိုင်ငံတိုင်းမှာ ဒီလိုသ ဘော မရှိတဲ့အတွက် ဆက်ရေးသွားမှာ ဖြစ်ပါတယ်"ဟု ဆရာဟိန်းလတ်က ပြောပြခဲ့ပါသည်။


မြန်မာနိုင်ငံနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား)တို့သည် ၂၀၀၇ခုနှစ်အတွင်းက သံတမန် ဆက်သွယ်ရေး ပြန်လည်ထူထောင်ခဲ့ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြောက်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။


ဆရာဟိန်းလတ် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သော ကင်မ်ဂျုံအီစာအုပ်သည် မြောက်ကိုရီးယားနိုင်ငံနှင့် ပတ်သက်ပြီး ပြည်တွင်းစာအုပ်ဈေးကွက်၌ ရှားပါးစွာထွက်ရှိလာသည့် စာအုပ်ဖြစ်သည့်အပြင် ကင်မ်ဂျုံအီအကြောင်း ပထမဆုံး ရေးသားထားသည့် မြန်မာပြန်စာအုပ်လည်း ဖြစ်ပါသည်။


ဆရာဟိန်းလတ်သည် ၁၉၇၇ခုနှစ် အချိန်ကတည်း ကပင် ငမဲအမည်ရှိသော နိုင်ငံရေးနောက်ခံ အထ္ထုပ္ပတ္တိစာအုပ်ကို ဘာသာပြန်စာအုပ်ကို စတင်ပြုစုထားကာ နိုင်ငံရေးနောက်ခံ အထ္ထုပ္ပတ္တိစာအုပ် များစွာ ဘာသာပြန် ပြုစုထားသူ ဖြစ်ပါသည်။

(... မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။)

လိုအပ်ပါက အီရန်ကိုတိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း အမေရိကန် စစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ ပြောကြား

အီရန်နိုင်ငံက နျူကလီးယားလက်နက်များ မရရှိစေရေးအတွက် လိုအပ်ပါက တိုက်ခိုက်ရန် အစီအစဉ် ရှိသော်လည်း ယင်းသို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း အမေရိကန် စစ်ဦးစီးချုပ်အဖွဲ့ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်က ပြောကြားခဲ့သည်။

အီရန်ကို စစ်ရေးအရ အရေးယူခြင်းသည် ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း မူလင်က ပြောကြားခဲ့သည်။ သို့သော် နျူကလီးယားလက်နက် ထုတ်လုပ်ရန် အီရန်ကို ခွင့်ပြုခြင်းသည်လည်း လက်ခံနိုင်ဖွယ် မရှိကြောင်း သြဂုတ်လ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့သော NBC ရုပ်သံ၏ Meet the Press အစီအစဉ်တွင် မူလင်က ပြောကြားခဲ့သည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အကျိုးဆက်နှစ်ခုလုံးနဲ့ပတ်သက်လို့ ကျွန်တော်အလွန်အမင်းပဲ စိုးရိမ်မိပါတယ်"ဟု မူလင်က ပြောကြားခဲ့သည်။ နျူကလီးယားသန့်စင်မှု အစီအစဉ် ရပ်ဆိုင်းရန်အတွက် နိုင်ငံ တကာံတမန်ရေး ကြိုးပမ်းမှုများနှင့် ပိတ်ဆို့အရေးယူမှုတို့ ပေါင်းစပ်မှုသည် အလုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း မူလင်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် စစ်ရေးနည်းလမ်းအရ ရွေးချယ်မှုများသည် စားပွဲပေါ်တွင် ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အီရန်ကို တိုက်ခိုက်ရန် အမေရိကန် စစ်တပ်တွင် အစီအစဉ်ရှိပါသလားဟု မေးမြန်းရာတွင် မူလင်က ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သို့သော်လည်း အကျယ်တ၀င့် ပြောကြားခြင်း မရှိခဲ့ပေ။ အီရန်ကမူ ၎င်းတို့၏ ယူရေနီယမ်သန့်စင်မှု အစီအစဉ်သည် ငြိမ်းချမ်းရေးအတွက်သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားလျက်ရှိသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်။)

Tuesday, August 3, 2010

နအဖဒေါက်တိုင်ဖျော်ဖြေရေးသမားများကို လန်ဒန်ရောက်မြန်မာပြည်သူများ ကန့်ကွက် ဆန္ဒပြ

ဘစောတင် ဧရာဝတီ
အင်္ဂလန်နိုင်ငံတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် နေတိုးနှင့် အဖွဲ့ ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ မြန်မာများက ပြင်းထန်စွာကန့်ကွက် ဆန္ဒပြကြကြောင်း သိရသည်။
စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ရုပ်ရှင်ကားတကားဖြစ်သော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကားတွင် ပါဝင် သရုပ် ဆောင်ထားသည့် နေတိုးနှင့် မိုးယုစံတို့ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က လန်ဒန်မြို့မှ မန်ချက်စတာမြို့သို့ မီးရထား ဖြင့် ရောက်ရှိလာချိန်၌ ဘူတာမှစောင့်၍ ဆန္ဒပြကြခြင်းဖြစ်သည်ဟု ဆန္ဒပြ ဦးဆောင်သူ တဦးက ဧရာဝတီသို့ ပြော သည်။

“သူတို့အုပ်စု ဘူတာကအထွက်မှာ အနီးကပ်ပဲ ကြွေးကြော်သံတွေဟစ်ပြီး ဆန္ဒပြနိုင်ခဲ့တယ်။ အရုဏ်ဦးမှာ ဖူးသည့် ကြာ မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အော်ကြတယ်။ ကျနော်တို့က ဒေါ်အောင် ဆန်း စုကြည်ပုံတွေကိုကိုင်ပြီး ဆန္ဒပြကြတာဆိုတော့ အင်္ဂလိပ်တွေက ဒါကိုသိတယ်။ သတင်းထောက်တွေပါ ရောက် လာတယ်။ နေတိုးနဲ့ ထွန်းထွန်းဆိုတာ တက္ကစီပေါ်ပြေးတက် သွားတယ်”ဟု ဆန္ဒပြ ဦးဆောင်သူ ကိုဌေးကို က ဆို သည်။


မန်ချက်စတာမြို့ဆန္ဒပြပွဲတွင် မြန်မာ ၅ ဦးသာ ပါရှိသော်လည်း နေတိုးနှင့် အဖွဲ့ သွားလေရာတွင် ဆန္ဒပြကြကြောင်း၊ဇူလိုင်လ ၃၁ ရက်နေ့ ည ဦးပိုင်းကလည်း နေတိုးနှင့်အဖွဲ့ ကို အင်္ဂလန်ရောက် မြန်မာကျောင်းသား ၇၀ ခန့်က ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောပြသည်။


“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင် ကားသည် သမိုင်း အချက်အလက်မှန်များကို ထိန်ချန်ရိုက်ကူးထားသော ကြောင့် အဆိုပါ ရုပ်ရှင်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များကို ပြည်သူက လက်မခံကြောင်း သိစေရန် ယခုကဲ့သို့ ဆန္ဒပြ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်သည့် မမိုးမိုးခင်ကလည်း ပြောသည်။


“အခု ဒီလန်ဒန်ကို ရောက်နေတဲ့ မင်းသား မင်းသမီးတွေ အဆိုတော်တွေထဲမှာ အဲဒီကားမှာပါတဲ့ သူ နှစ်ယောက် ပါ တယ်။ နေတိုးနဲ့ မိုးယုစံပါ။ ဒီကားထဲမှာ ဦးသန့်လို ကမ္ဘာနဲ့ ချီတဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးကို သေးသိမ်အောင် ပြောဆို ထားတာ ပါသလို ကျောင်းသားသမိုင်းမှာ အရေးပါတဲ့ ဆဲဗင်း ဂျူလိုင် အရေးအခင်းကိစ္စကို သေးသိမ်အောင် ပြောဆို သရုပ်ဆောင်ပြတာဟာ မသင့်လျော်ပါဘူး။ ဒီရုပ်ရှင်ကားနဲ့ ကျမတို့ မျိုးဆက်သစ် မောင်ငယ် ညီမငယ်တွေ ပြည်သူ လူထုတွေကို သတင်းမှားတွေကို ပေးရာမှာပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကို ဆန္ဒပြကြတာ။ ပြည်တွင်းမှာ လုပ်ချင် ပေမယ့် လုပ်ခွင့်မရတဲ့ ကျောင်းသားလူငယ်တွေကိုယ်စား ကျမတို့က လုပ်ကြတာ”ဟု ဆိုသည်။


နေတိုးနှင့်အဖွဲ့ ကို လန်ဒန်ရှိ မြန်မာသံရုံးမှ ကျောထောက်နောက်ခံပြုထားသော မြန်မာအသင်း (ယူကေ)မှ ဖိတ်ကြား ကာ အငြိမ့်နှင့် စင်တင်ဂီတ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲသို့ မြန်မာ ပရိသတ် ၁၀၀ ကျော် လာရောက် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။


ဆန္ဒပြသူများက မြန်မာအနုပညာရှင်များနှင့်အတူ လာရောက်အားပေးသူများကိုပါ ကြွေးကြော်သံများဖြင့် ကန့်ကွက် ခဲ့ကြကြောင်း ဆန္ဒပြရာတွင်ပါဝင်သော ဘွဲ့လွန်ကျောင်းသား တဦးဖြစ်သည့် ကိုထက်ခေါင်လွင်က ပြောသည်။


“ကျနော်တို့က ပြည်သူ့ ဆန်စား ပေါ်လစီမင်းသား နွား နွား လို့ ဟစ်ကြွေးကြတယ်။ ပြီးတော့ ဒီစစ်အစိုးရပွဲကို လာ ရောက် အားပေးတဲ့လူတွေကိုလည်း စစ်အစိုးရအားပေးသူ ငါတို့ ရန်သူ ငါတို့ ရန်သူ လို့ အော်လိုက်ကြတဲ့အချိန်မှာ ပွဲလာပရိသတ်တွေဟာ ကျနော်တို့ဘက်ကို လှည့်တောင်မကြည့်ရဲကြတော့ဘူး။ တခါတည်း ခန်းမထဲကို ၀င်သွားကြ တယ်”ဟု ၎င်းကဆိုသည်။


နေတိုးနှင့်အဖွဲ့ သည် ယနေ့တွင် လီဗာပူးလ်မြို့ကို သွားလည်မည်ဟုသိရပြီး လီဗာပူးလ်အရောက်တွင်လည်း ဆန့် ကျင် ကန့်ကွက်ခြင်းခံရဦးမည်ဖြစ်ကြောင်း ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်အောင်က ပြောသည်။


သြဂုတ်လ ၂ ရက်နေ့က လန်ဒန်တွင် ပြုလုပ်သော ရခိုင်ယဉ်ကျေးမှု အခမ်းအနားပွဲသို့ နေတိုး သည် မူလက လာ ရောက်ရန် လက်ခံခဲ့သော်လည်း ထပ်မံ ဆန္ဒပြခံရမည်ကို စိုးရိမ်၍ လာရောက်ခဲ့ခြင်းမရှိကြောင်း၊ နေတိုးသည် ရခိုင် ပြည်နယ် မာန်အောင်မြို့ဇာတိ ရခိုင်လူမျိုး ဖြစ်သောကြောင့် အင်္ဂလန်ရောက် ရခိုင်များက ဖိတ်ကြား ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။


၎င်းတို့ နှင့်အတူ အဆိုတော် ထွန်းထွန်း၊ ကျော်ကျော်ဗို အပါအ၀င် ၁၀ ဦးကျော်ပါရှိသည်ဟု သိရသည်။


အလားတူ အရုဏ်ဦးမှာ ဖူးသည့်ကြာ ကားတွင် ပါဝင်သည့် ၀ိုင်းစုခိုင်သိန်းနှင့်အဖွဲ့ မကြာခင် အမေရိကန် ပြည်ထောင်စု သို့ လာရောက်ကာ ရှစ်လေးလုံးနေ့တွင် ဖျော်ဖြေပွဲလုပ်မည်ကိုလည်း အမေရိကန်ရောက် မြန်မာများက ကန့်ကွက်ရန် စီစဉ်နေကြောင်း သတင်းများရရှိသည်။


နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦး က ရေးသားရိုက်ကူးပြီး ကာကွယ်ရေး ဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်း စစ်ဌာန ချုပ် များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် အဓိက ပံ့ပိုး ကူညီကြကြောင်း သိရသည်။


ယင်းဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှစတင်ရိုက်ကူး ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံ၏ ခေတ်(၃)ခေတ်ကို အဆင့်ဆင့် ဦးတည်ပုံဖော် ရိုက်ကူးထားပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ငွေဆောင်၊ ချောင်းသာ၊ နေပြည်တော်မြို့များတွင် ရိုက်ကူးချိန် (၁)လခန့် ကြာမြင့်စွာ ရိုက်ကူးခဲ့ကြောင်း သိရသည်။


“အရုဏ်ဦးမှာ ဖူးသည့်ကြာ”တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ် ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီ မောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

ထိုဇာတ်ကားသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထား သော်လည်း သမိုင်းအမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှုများစွာခံနေရကြောင်းလည်း သိရှိရသည်။

(ကိုမိုးသီးဇွန်ဘလော့ဂ်မှကူးယူပါသည်။)

Monday, August 2, 2010

'ကန်' ထောက်လှမ်းရေးအဖွဲ့များကို ၀ါရှင်တန်ပို့စ်ဝေဖန်

(အေအက်ဖ်ပီ)

ဝါရှင်တန် - ဖောင်းပွနေသော အမေရိကန်ထောက်လှမ်းရေးဗျူရိုကရေစီ ယန္တ ရားနှင့်ပတ်သက်၍ ၀ါရှင်တန်ပို့စ် သတင်း စာပါ ဆောင်းပါးတစ်ပုဒ် ကို ထိပ်တန်းအမေရိကန်ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ က ဇူလိုင်လ ၁၉ ရက်နေ့က ပြန်လည် ဝေဖန်တိုက်ခိုက်လိုက်သည်။

အမေရိကန် ထောက်လှမ်းရေး ကွန်ရက် နှင့် ပတ်သက်၍ သတင်းစာက နှစ်နှစ် ကြာ စုံစမ်း လေ့လာကြည့်သော အခါ "အလွန်ကိုးရိုးကားရားနိုင် သော၊အလွန်သိုဝှက်သော၊ ငွေကြေးမည်မျှ ကုန်ကျနေပြီကိုမသိရသော၊ ၀န်ထမ်းမည်မျှခန့် ထားသည်ကိုမသိရသော၊ အစီအစဉ် မည်မျှ များများ ရှိသည်ကိုမသိရသောအလုပ်တစ်ခုတည်းကို အဖွဲ့အစည်းဘယ်လောက် များများလုပ်ဆောင်နေသည်ကို မသိရ"ဟု သတင်းစာက တွေ့ရှိရသည်။

ထောက်လှမ်း ရေး အဖွဲ့အစည်းများစွာ သည် နှစ်စဉ် ထောက် လှမ်းရေး အစီရင်ခံစာ ၅၀,၀၀၀ကိုတင်ပြနေသည်။ ထိုအစီရင်ခံစာများအနက်အများစုမှာအမြဲတမ်းဆိုသလို လျစ်လျူရှုခြင်းခံရ သည်ဟု သတင်း စာဆောင်းပါးတွင် အသေးစိတ် ဖော်ပြထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာဆောင်းပါး မှာ "ကျွန်တော်တို့သိတဲ့ ထောက်လှမ်း ရေးအဖွဲ့ကို ရောင်ပြန်မဟပ်ပါဘူး"ဟု အမျိုးသား ထောက် လှမ်းရေးအဖွဲ့(ဒီအင်န်အိုင်)ယာယီညွှန်ကြားရေးမှူး ဒေးဗစ်ဂွမ်းပတ်ကကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ခပ်မာမာပြောထား သည်။

"ထောက်လှမ်းရေးအဖွဲ့အစည်းတွေ ဟာ ကျွန်တော်တို့မျှဝေနိုင်တဲ့ သတင်း အတိုင်းအတာအရလှုပ်ရှားနေကြပြီး တိုက်ခိုက်ရန်ကြံစည် မှုများကို ဖျက်ဆီး နိုင်ခဲ့တယ်။ နေ့စဉ် မပြောပြနိုင်တဲ့ အောင်မြင်မှုတွေရနေတယ်"ဟုလည်း ၎င်းက ပြောသည်။

အမေရိကလုံခြုံမှုရှိရမည်ဆိုသည့်ကတိက၀တ်ကိုစောင့်ထိန်းသည့်အနေ ဖြင့် မိမိတို့သည် တည်ကြည်ခိုင်ခံ့စွာ လုပ်ဆောင်နေကြောင်း၊ သတင်းထဲတွင် ပါပါ၊ မပါပါ ပြုလုပ်ဆောင်ရွက်နေ ကြောင်းဖြင့်လည်း ၎င်းကပြောသည်။

ထိုကြေညာချက်ထွက်ပြီး နာရီပိုင်းအကြာတွင် ဒီအင်န်အိုင်ရုံးမှအမေးအဖြေပုံစံဖြင့် ကြေညာချက်တစ်စောင် ထပ်မံထွက်လာပြန်သည်။ ထောက်လှမ်း ရေးအဖွဲ့အစည်းနှင့်ပတ်သက်၍ ဒဏ္ဍာရီ များကို ဖော်ပြထားသည်။

မေးခွန်းတစ်ခုက "လုပ်ငန်းတစ်ခု တည်းကို ဘာကြောင့်အဖွဲ့အစည်းများစွာက လုပ်ဆောင်နေကြရပါသလဲ။ အထူး သဖြင့် ခွဲခြမ်းစိတ် ဖြာ လေ့လာရသည့် ကိစ္စမျိုးဖြစ်ပါတယ်။"

ဒီအင်န်အိုင်၏အဖြေက "အကြောင်းအရာအတော်များများမှာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေကမလိုအပ်ဘဲအတော် များနေတယ်။ တမင် တကာလည်း ထပ်နေအောင် တင်ပြနေကြတယ်"

ဒီအင်န်အိုင်က၎င်းအဖွဲ့၏ ဖြတ်တောက်ထားသည့်အစီရင်ခံစာများကို အစိုးရအဖွဲ့အစည်းများသို့ ထုတ်ပေးနေရကြောင်း၊ ပြည်ထောင် စုစုံစမ်းမှုက 'ယှဉ်ပြိုင်ဝေဖန်ဆန်းစစ်မှု အဆုံး အဖြတ်'မပါရှိဟု ဝေဖန်သည်။

ဒီအင်န်အိုင်ရုံးက အမေရိကန်ထောက် လှမ်းရေးဘတ်ဂျက် ၇၀ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကန်ထရိုက်တာများအတွက် အသုံးပြုနေသည် ဟု ယုံတမ်းစကားတစ်ခု ကို ထုတ်လွှင့် လိုက်သည်။ ဘတ်ဂျက်၏ အထက်ဖော်ပြပါ ရာခိုင်နှုန်းကို ကန်ထရိုက် တာများအတွက်မဟုတ် ဘဲ ကန်ထရိုက် များအတွက် အမှန်တကယ်သုံးစွဲနေ သည်ဟုလည်းဆိုသည်။

ဝါရှင်တန်ပို့စ်သတင်းစာသည် ဇူလိုင် လ ၂၀ ရက်နေ့တွင် ထောက်လှမ်း ရေး အဖွဲ့အစည်းများနှင့်ပတ်သက်၍ အပိုင်း သုံးပိုင်းရှိသော ၎င်းတို့၏ ဆောင်းပါးဒုတိယပိုင်းကို ဆက်လက် ဖော်ပြလိုက်သည်။ ဒုတိယပိုင်း တွင် ပုဂ္ဂလိက ကန်ထရိုက်တာများ၏အခန်း ကဏ္ဍကို ဖော်ပြထားသည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က အတိုက်ခံရပြီးနောက် အမေ ရိကန်ထောက်လှမ်းရေးလုပ်ငန်း ပိုမိုထိရောက်ရန်ရည်ရွယ် ပြီး ဒီအင်န်အိုင် အဖွဲ့ကို ၂၀၀၄ ခုနှစ်က ဖွဲ့စည်းခဲ့သည်။

ဒီအင်န်အိုင်ရုံးသည်၎င်းအရင်တည် ရှိခဲ့ပြီဖြစ်သော ဗဟိုထောက်လှမ်းရေးအဖွဲ့(စီအိုင်အေ)နှင့် ကာကွယ်ရေး ထောက်လှမ်းရေး အဖွဲ့ (ဒီအိုင်အေ)တို့ နှင့် အပေါ်ယံကိစ္စ၊ ဘတ်ဂျက်ကိစ္စများ တွင် အပြိုင်ကြဲနေရသည်။

သမ္မတ ဘာရက် အိုဘားမားသည် နောက်တက် မည့် ဒီအင်န်အိုင် အကြီး အကဲအဖြစ် အငြိမ်းစား အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ကလက်ပါကို အဆိုပြုထားသည်။

၎င်းသည်အမေရိ ကန်ဝါရင့်ထောက် လှမ်းရေးသမား ဟောင်း တစ်ဦးဖြစ်ပြီး ၎င်းအား အတည်ပြုပေးနိုင် ရေးအတွက် ပထမကြားနာ စစ်ဆေးမှုကို အမေရိကန် လွှတ်တော်အဆောက်အအုံတွင် ဇူလိုင် လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဟု သိရသည်။

ကလက်ပါ ကို နုတ်ထွက်သွားသော ရေတပ်ဗိုလ်ချုပ်ကြီး ဒင်းနစ်ဘလဲရ် နေရာတွင် အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ခရစ္စမတ် နေ့က လေကြောင်း ဗုံးခွဲမည့်အစီအစဉ်ကို မစုံစမ်းနိုင်မှုအပါ အ၀င် လုံခြုံရေး သတင်းများပေါက်ကြား မှုကြောင့် ဒင်းနစ်ဘလဲရ်သည် မေလက ရာထူးမှနုတ်ထွက်သွားသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်။)