Sunday, April 28, 2013

ကြွက်ချေးသတင်းသမား

Amazine Hotel ဟော်တယ်ကြော်ငြာရိုက်ကူးတာကို၊ ယခုလို စည်းကမ်းမရှိ၊ ဗရမ်းဗတာ သိက္ခာချရေးသားမှုကို မြန်မာ့စာနယ်ဇင်းလောကတွင် မဖြစ်သင့်ပေ။

သတင်းတခုဟာ အမှန်တရားက သွေဖည်သွားပြီဆိုရင်၊ ဝါဒဖြန့်သက်သက်သာ ဖြစ်တယ်။

တိုင်းပြည်တိုးတက်ကောင်းစားတာ၊ ပြည်သူ စိတ်ချမ်းသာတာ မြင်လိုလျှင်တော့ ......

ကမ္ဘာကျော်၊ စွမ်းရည်မြင့်၊ ပညာရှိအမျိုးသမီးတယောက်ကို လျင်မြန်ဖြတ်လတ်တဲ့ အရွယ်မှာ နှစ်ရှည်လများ ချုပ်နှောင်ထားခဲ့ပြီး၊ လုပ်နိုင်ကိုင်နိုင်သေးတဲ့ အဆင်သင့်ဖြစ်နေတဲ့ အရွယ်မှာ ဥပဒေနဲ့ တားဆီးထားကာ၊ အသက်ကြီးပြီး ဘာမှ မလုပ်နိုင်တော့တဲ့အချိန်ကျမှ ပြဿနာတပုံတပင်ကြီးကို ထမ်းချင်လည်း ထမ်းပါစေဆိုပြီး လာပစ်တင်မယ်ဆိုရင်၊ ဒါမှမဟုတ် ဘယ်တော့မှ ထမ်းဆောင်ခွင့် မပေးတော့ဘူးဆိုရင်..... ဘယ်လောက်ကြီးကောင်းအောင် လုပ်ပြနေပါစေ၊ တချိန် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျန်ခဲ့မှုအတွက် သမိုင်းရဲ့ တရားခံပဲ။

လွှတ်တော်ကြီးတရပ်လုံး ပြည်သူကို တကယ်ချစ်သလား။ တိုင်းပြည်ကို တကယ်ချစ်သလား။ တကယ်ချစ်ရင်.. ပြည်သူနဲ့ တိုင်းပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကောင်းဆုံးလုပ်ဆောင်ပေးမှုကို ဝိုင်းဝန်း၊ လမ်းဖွင့်၊ ကူညီပေးကြပါစို့။

နှစ်ပေါင်း(၅၀)လောက် စစ်တပ်က တိုင်းပြည်ကို စိတ်တိုင်းကျ ဖေါ်ဆောင်လာခဲ့ပြီးပြီပဲဗျာ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊ တပ်မတော်ကို စတင်တည်ထောင်တဲ့ တပ်မတော်ဖခင်ကြီးရဲ့သမီး၊ ပြည်သူတွေရဲ့ခေါင်းဆောင်၊ ဒီမိုကရေစီရဲ့ ပြယုဂ်၊ ဦးဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို (၁၀)နှစ်လောက် အကောင်အထည်ဖေါ်ခွင့် ပေးလိုက်တော့ ဘာဖြစ်မှာလည်းဗျာ။ သူနေခဲ့တဲ့ အကျဉ်းချကာလတောင် ၁၆နှစ်လောက် ကြာမြင့်သေးတဲ့ဟာကို။

သမိုင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်း လွှတ်တော်ရဲ့ ဂုဏ်သိက္ခာလည်း မြင့်မားမယ်။ ကမ္ဘာကလည်း လေးစားမယ်။ အားလုံးကလည်း ရောက်တဲ့နေရာတိုင်း ဝမ်းသာအားရသြဘာပေးခံရမယ့် အပေါင်းလက္ခဏာကိန်းပါ။ ပြည်သူတွေအားလုံးလည်း ပျော်ရွှင်မယ်။ တိုင်းပြည်လည်း တိုးတက်မယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူမကို သမ္မတမဖြစ်အောင် ရည်ရွယ်ပိတ်ပင်ရေးဆွဲထားတဲ့ အချက်ကို တိုင်းပြည်အကျိုးအတွက်၊ တိုင်းပြည်ရဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဖယ်ရှားပေးလိုက်ကြပါစို့။ ဥပဒေပါ စကားလုံးများ ဖြုတ်ခြင်း၊ အစားထိုးခြင်းအတွက် သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဌကြီးလည်း ပူးပေါင်း၊ ပါဝင်၊ ဦးဆောင်ပေးကြပါစို့။

မပြောချင်လို့ ကြည့်နေတာ ကြာပြီ။

ဆရာမာန်မြင့်ရဲ့ စာကို ယူသုံးပြီး ပြောရရင်၊ မြန်မာပြည်မှာ လုပ်တာဆိုလို့ လူပဲ ရှိတယ်။ အဲဒီလူတောင်မှ ဘာမှ သုံးစား မရတဲ့ လူ။ လက်ချုပ်အပ်တောင် တရုပ်ပြည်က သွင်းရတာ။ ပလပ်စတစ်ကို တီထွင်တာ နှစ် ၂၀၀ကျော်ပြီ။ ခုထိ ပလပ်စတစ်ခွက်ကို ထိုင်းဆီက ဝယ်သွင်းရတုန်း။

အသိပညာရှင်တွေကတော့ စင်္ကာပူလို မီးခိုးတိတ် ငွေပင်လယ်ဖြစ်ချင်ကြတယ်။ ကိုယ့်မှာက ကလေးပညာရေးအကြောင်း၊ အစိုးရဘက်အပိုင်းရော၊ ပြည်သူကျောင်းသားမိဘဘက်အပိုင်းပါ ဘာမှ မပြောခင်.... ကျောင်းနေတဲ့အရွယ် ကလေးတွေအားလုံး၊ စာသင်ခန်းကို ရောက်ပြီလားဆိုတာပဲ မေးချင်တယ်။ ပညာရေးအဆင့် မီ၊ မမီနဲ့ ခြစားမှုတွေ၊ ကျောင်းသားနဲ့ ဆရာဦးရေ မျှ၊ မမျှ။ သင်ထောက်ကူပစ္စည်း ပြည့်စုံမစုံ၊ စာသင်ကျောင်းလုံလောက်မှု ရှိမရှိ ဆိုတာတွေတော့ အပိုလုပ်ပြီး၊ ထပ်မပြောလို။ ကိုယ့်ပြည်တွင်းရဲ့ ပညာရေးတောင် နိုင်အောင်မလုပ်နိုင်ပဲ၊ တခြားသူလို ကမ္ဘာဆီမှ ငွေချုနေချင်သေး။ စိတ်ကူးယဉ်လို့ ကောင်းတုန်း။ ဘယ်သူ ဘယ်နိုင်ငံတွေကများ ကျောင်းလာတက်မှာပါလိမ့်။ အီသီယိုပီးယားတောင် လာပါ့မလား။

တချို့ကျတော့လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ဖွံ့ဖြိုးချင်ကြတယ်။ လူတိုင်းရဲ့ပါးစပ်က ကွမ်းတံတွေးတွေ စည်းကမ်းမဲ့ ထွေးတာကို အရင်ပျောက်အောင်လုပ်၊ ဒါမှမဟုတ် လူသွားလမ်း ပလက်ဖောင်းမြောင်းဖုံးတွေ မကျွံအောင် အရင်လုပ်၊ ဒါမှမဟုတ်ရင် ဈေးတိုင်း၊ ဆိုင်တိုင်းမှာ အခမဲ့အိမ်သာဆိုပြီး သန့်ရှင်းအောင်ထားပေး၊ ဒါမှမဟုတ်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့.... ပြောတော့ဘူးဗျာ။

တချို့ကလည်း သဘာဝအလှသာလျှင် အကောင်းဆုံးတဲ့။ မွေးကာစ ကလေးဘဝကတည်းက ကျနော့်ဘကြီးလည်း ဒီလိုပဲ နှစ်တရာနီးပါး ထိုင်ကြည့်လာတာ ခုတော့ ဆုံးသွားရှာပြီ။ သူတပါးက တင်းနင်းကွင်းတွေ၊ အားကစားကွင်းတွေ လုပ်တဲ့အချိန်မှာ တို့ဆီက ကလေးတွေကတော့ သဘာဝရဲ့ ရွှံ့ထဲ၊ ဗွက်ထဲ၊ ကျွတ်တွေ၊ မျှော့တွေနဲ့ နပမ်းလုံးအုံးပေါ့လေ။ (ဧရာဝတီမပါ)

အလကားဖြစ်နေတဲ့ မြေအောက်ထဲကဟာကို ဝင်ငွေရအောင် ရှာမယ်ဆိုတော့လည်း၊ မဟုတ်ပြန်။ မြေပေါ်မှာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုအတွက် ဝင်ငွေရစရာ ဘာရှိလို့တုန်း။ စက်ရုံတွေလာထောင်တော့လည်း၊ နိုင်ငံတကာစက်ရုံတွေ နိုင်ငံတကာ အလုပ်သမားတွေနဲ့ အလုပ်လုပ်တာ ဘာသံမှ မကြားဘူး။ မြန်မာပြည်နဲ့မှပဲ ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲ။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းမှာ တိုင်းပြည်အတွက် အကောင်းဆုံးလို့ သူ့အစိုးရက ယုံကြည်တဲ့လုပ်ငန်းတွေကို အကောင်အထည်ဖေါ် လုပ်ဆောင်သွားခဲ့မှာဖြစ်သလို၊ ခင်ဗျားတို့ ကျုပ်တို့အပိုင်းကလည်း ခေါင်းစဉ်လေးဖတ်ပြီး တပုဒ်လုံးကို ရောချဝေဖန် မပစ်လိုက်ဖို့ လိုတယ်။

ဒီအတိုင်းပဲ၊ သမ္မတ ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာရင်လည်း သူဆောင်ရွက်နိုင်တာ အားလုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါပဲ။

ဟိုဟာလုပ်လည်း ကန့်ကွက်၊ ဆန္ဒပြ။ ဒီဟာလုပ်လည်း ကန့်ကွက် ဆန္ဒပြနေမှတော့ .. ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ တိုင်းပြည်ကို ချစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင်တယ်၊ ချမ်းသာတဲ့ တိုင်းပြည်ဖြစ်ချင်တယ်၊ ဆင်းရဲသားတွေ ၊ လယ်သမားတွေ၊ နင်းပြားတွေ သူဌေးဖြစ်ရမယ် ဆိုတဲ့စကားတွေ.... သေတဲ့အထိ မပြောသွားနဲ့တော့။ စဉ်းစားကြည့်လေ။ တိုင်းပြည်ဖွံ့ဖြိုးဖို့ ဘာမှ မလုပ်နိုင်မှတော့၊ ဘာမှလည်း မဖြစ်လာဘူး။ ပြောရင်လည်း လက်တွေ့မဟုတ်တဲ့ လေပြောပဲဖြစ်မယ်။

ငယ်ငယ်တုန်းက ခြံထဲက သရက်သီးကို အပင်ခွကြားမှာ တက်ထိုင်စားရင်း၊ အဖိုးစိုက်ခဲ့လို့ စားရတာဆိုပြီး ကျေးဇူးတင်လိုက်တာ။ တိုင်းပြည်နဲ့ချီတဲ့ နှစ်ရှည်အစီအမံတွေဟာ ဖဲဝိုင်းမှာ ဖဲသမား ဖဲရိုက်သလို၊ ခုချက်ချင်း အနိုင်အရှုံး ထတွက်လို့ မရဘူး။ ဘယ်သူ၊ ဘယ်အစိုးရမှလည်း ရှုံးတဲ့အလုပ်မျိုး မလုပ်ဘူး။ ခင်ဗျားတို့ကိုယ်တိုင် အစိုးရဖြစ်ရင်လည်း လုပ်မှာ မဟုတ်ဘူး။

အစိုးရလုပ်ရပ်ကို မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ကန့်ကွက်မယ်၊ ဆန္ဒပြမယ်ချည်း တွေ့နေရတာမို့လို၊့ တိုင်းပြည်အကျိုးစီးပွားထိခိုက်နေလို့ ပြောနေရတာပါ။ တိုင်းပြည်စီးပွားရေး မရှိတော့မှ ပြည်သူတွေလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး အစစ ..ငတ်သေရုံပဲ ရှိတော့တယ်။

ကဲ... ပြည်သူတွေငတ်အောင် ဘယ်သူလုပ်မလဲ... ပြော။

ဆန္ဒပြသည်ဟု ဆိုရာဝယ်

ဆန္ဒပြရုံလေးနဲ့ ကုန်ဈေးနှုန်းလည်း ကျသွားမယ်၊ ဆင်းရဲတဲ့သူတွေလည်း နေ့ချင်းညချင်း ချမ်းသာသွားမယ်၊ လယ်သမားတွေလည်း တသက်စားမကုန်တော့ဘူးဆိုရင် ကျနော်လည်း ဆန္ဒပြချင်လိုက်တာ။

ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံး လုပ်ဆောင်ခြင်းဟာ ကိုယ့်နိုင်ငံကို ကိုယ်တည်ဆောက်ခြင်းပါပဲ။ ကိုယ့်လူမျိုးဂုဏ်ကို ကိုယ် မြှင့်တင်ခြင်းပါပဲ။

ကမ္ဘာ့ကုမ္ပဏီကြီးတွေဟာ အလုပ်နည်းနည်းလုပ်ပြီး၊ အခွင့်အရေးများများတောင်းတဲ့ အလုပ်သမားမျိုးရှိတဲ့နိုင်ငံကို မကြိုက်ပါဘူး။ သူတို့ရဲ့အရင်းအနှီးကို ရေခံမြေခံကောင်းတဲ့ အခြေခံကောင်းတဲ့၊ စိတ်ချတည်ငြိမ်တဲ့ဒေသတွေမှာပဲ မြှုပ်နှံထားချင်ကြပါတယ်။

သူတို့ မလာရင်တော့ ကိုယ့်နိုင်ငံက အလုပ်သမားတွေ တခြားနိုင်ငံကို ပိုက်ဆံ အကုန်အကျခံ၊ မိသားစုတွေ ဝေးကွာခံပြီး သွားအလုပ်လုပ်ကြပေတော့။ ကိုယ့်ရဲ့လခထဲမှ အဲဒီနိုင်ငံအတွက် အခွန်တွေ ပေးကြပေတော့။ အဲဒီနိုင်ငံအတွက် အိမ်လခ၊ ရေလခ၊ မီးလခ၊ စားသောက်ဖွယ်ရာများကို ဝယ်ယူအားပေးခြင်းဖြင့် အဲဒီနိုင်ငံအတွက် စီးပွားရေး လည်ပတ်တည်ဆောက်ပေးကြပေတော့။

ကျနော်ထိတွေ့မိသော ထိုင်းဗုဒ္ဓသာသနာ

ကျနော် ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ဝပ်အလန်းထိုင်းဘုန်းကြီးကျောင်းသို့ အလည်ပတ်အနေဖြင့် သွားရောက်နေထိုင်ဖူးခဲ့သည်။

ထိုင်းလူမျိုးများသည် ဘာသာရေး အလွန်ကိုင်းရှိုင်းကြသည်။ ကရင်ပြည်နယ်ရှိ၊ သာမညဆရာတော်ကြီးကို၊ သူတို့ထိုင်းလူမျိုး မဟုတ်သော်လည်း လာရောက်ကိုးကွယ်ဆည်းကပ်ကြသည်ကို ကြည့်ခြင်းဖြင့် သိသာနိုင်ပါသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်လက်မှတ် မရှိစဉ်၊ ကိုရင်ကြီးဘဝဖြင့် နေထိုင်ရာ ထိုင်းလူမျိုးများသည် ဗမာလူမျိုးမှန်းသိသော်လည်း သင်္ဃန်းဝတ်ထားသောကြောင့်၊ လူမျိုးရေး ခွဲခြားမနေပဲ ဦးစားပေးကြသည်။ ထိုင်းလမ်းပေါ်များတွင် သင်္ဃန်းဝတ်ဖြင့် သွားလာနေသောသူများဖြစ်လျှင် ထိုင်းဘုန်းကြီး မဟုတ်တာတော့ သေချာသည်။ မြန်မာနှင့်ထိုင်း သင်္ဃန်းခြင်း အရောင်ကွာသလို၊ သင်္ဃန်းရုံဝတ်ပုံခြင်းလည်း ကွာသည်။

နယ်ခြားစောင့် ထိုင်းပုလိပ်များမှာ မြန်မာပြည်သားများအပေါ်၊ လိမ်မာပါးနပ် လုပ်စားနေတတ်သည့် အပွေးမြင်အပင်သိ ထောက်လှမ်းရေးပုလိပ်များဖြစ်သော်လည်း၊ အရပ်ဝတ်ကိုသာ ဖမ်း၍၊ ဘုန်းကြီးဝတ်ထားသော သူကို (မည်သည့်အခါမျှ) မဖမ်းပါ။

ထိုင်းဘုန်းကြီးများတွင် မျက်ခုံးမွှေး မရှိပါ။ မျက်ခုံးမွှေးကိုပါ ရိတ်ကြပါသည်။ ကျနော်မြင်စက အလွန်အရုပ်ဆိုးလှသည်။ မျက်ခုံးမွှေးပင့်၍ မျက်စပစ်နိုင်သောကြောင့် ဆရာ့ဆရာတော်ကြီးများ ပညတ်ထားခဲ့လေသလားတော့ မသိပါ။

ထိုင်းအမျိုးသမီးများသည် ဘုန်းကြီးကို လှူဒါန်းသည့်အခါ၊ လက်ဖြင့် ပစ္စည်းဝတ္ထုကို ကိုင်၍ မလှူဒါန်းပါ။ သဘက်၊ ပုဝါခံ၍ လှူဒါန်းပါသည်။ ထိုင်းဘုန်းကြီးများ လမ်းပေါ်တွင် လမ်းလျှောက်သည်ကို တခါဖူးမျှ မမြင်ဘူးပါ။ တရားနာဖိတ်လျှင် ကားဖြင့် ဖိတ်သည်။ ပြန်ပို့လျှင်လည်း ကားဖြင့် ပြန်ပို့သည်။

ရပ်ကွက်များမှ အလှည့်ကျဖြစ်စေ၊ ထိုင်းသူဌေးများက အလှည့်ကျ တာဝန်ယူ၍ ဖြစ်စေ ဘုန်းကြီးကျောင်းကို ဆွမ်းဟင်း မပြတ်စေပါ။ တနှစ်တခါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်သာ ဆွမ်းခံကြွသည်ကို တွေ့ရသည်။ ဘုန်းကြီးကျောင်းသင် ပညာရေးလည်း ရှိသလို၊ နာရေးဖြစ်လာလျှင် သရဏဂုံတင်ရန် ဘုန်းကြီးကျောင်းဝန်းထဲမှာပင် အသုဘရှုဇရပ်ထားရှိသည်။

ထိုင်းတွင် ကျနော်နေထိုင်စဉ်အတွင်း အာဏာလွန်ဆွဲပွဲများ ကြမ်းတမ်းစွာ တွေ့ရသည်။ ဒီမိုကရေစီနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထောက်ခံသော အကျီအနီဝတ်နှင့် ထိုင်းဘုရင်မင်းမြတ်ကို ကြည်ညိုသော အကျီအဝါဝတ်တို့အကြား ဖြစ်ပွားသောပွဲမှာ ပြင်းထန်ရှု့ပ်ထွေးလှသည်။ ထိုလောကီများကြားတွင် ထိုင်းဘုန်းကြီးများ တပါးမျှ မပါ။ ထို့ကြောင့်လည်း ဆန့်ကျင်ဘက် ၂ဖက်စလုံးမှ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ဘုရင့်အမှုတော်ထမ်းများကလည်း ထိုင်းဘုန်းကြီးများကို အကြည်ညိုမပျက်ကြပါ။

ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ရှမ်းမတဦးကို ကျနော်မေးကြည့်သည်။ ထိုစဉ်က ကျနော်သည် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုဖြင့် ထိုင်းကို ထွက်ပြေးခဲ့ရသူဖြစ်ကာ၊ ကိုယ်တိုင်လည်း ထိုစဉ်က သင်္ဃန်းဝတ်ဖြစ်နေသောကြောင့် စိတ်အားထက်သန်စွာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သူက ထိုင်းလူမျိုးများက ထိုင်းဘုန်းကြီးများကို ဗုဒ္ဓသာသနာကို ထိန်းသိမ်းစောင့်ရှောက်သည့်ပုဂ္ဂိုလ်များ၊ တရားပြပေးသည့် ပုဂ္ဂိုလ်များ၊ အိမ်ထောင်မပြုပဲ သာသနာပြုသည့် တရားရှာသည့်ပုဂ္ဂိုလ်များ၊ လောကီရေးရာများနှင့် ကင်းစွာ နေထိုင်သည့် အရောင်စွန်းထင်းမှုမရှိသည့် သူတော်စင်ပုဂ္ဂိုလ်များအဖြစ်၊ ဘုန်းကြီးများကို ရိုသေလေးစားကိုးကွယ်ကြပြီး၊ ထိုင်းဘုန်းကြီးများကလည်း သာသနာအလုပ်မှလွဲ၍၊ ဝိဝါဒကွဲပြားသော လောကီရေးရာများတွင်၊ သာသနာကို အကြည်ညိုပျက်စေမည့် ကိစ္စမျိုးဖြစ်၍ ဝင်မစွက်ကြပဲ ရှောင်ကြသည်ဟု ဆိုသည်။

ဤသည်မှာ ကျနော်နှင့် ထိတွေ့မိသော ထိုင်းဗုဒ္ဓသာသနာအကြောင်း ဖြစ်ပါသည်။

Monday, February 11, 2013

ကျနော်တို့အတွက် အနာဂတ် အိမ်

ကမ္ဘာပေါ်ရှိ အစိုးရတော်တော်များများသည် မိုးမျှော်အဆောက်အဦကြီးများ မည်မျှပေါများကြောင်း ပြ၍၊ သူတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြွားတတ်ကြပါသည်။ ဤကဲ့သို့ ပြစရာမရှိသော နိုင်ငံများကလည်း၊ ရုပ်ဝတ္ထုထက် တိုင်းပြည်ရှိ လူများ၏ စိတ်ချမ်းသာမှုသာ အရေးကြီးဆုံးဟုဆိုကာ၊ ဆောင်ရွက်နေသော ပေါ်လစီများကို၊ ကြော်ငြာထိုး ဝါဒဖြန့်ကြပါသည်။

လူတွေသည် အန္တရာယ်ရှိ ပိုးမွှား၊ တိရိစ္ဆာန်များ၏ ရန်မှ၊ ကာ...ကွယ်ရန်နှင့် လုံခြုံစွာ နေထိုင်မှုရရန်အတွက်၊ အိမ်များဖြင့် နေထိုင်လာကြရာတွင်၊ (သစ်ပင်ပေါ်တွင် အိမ်ဆောက်နေထိုင်လေ့ရှိသည့်၊ ယနေ့ထိ အဝတ်အစား မဝတ်သော လူမျိုးစု မပါ) များသောအားဖြင့် အိန္ဒိယသည် မြေအိမ်၊ အုတ်အိမ်၊ အာဖရိကသည် မြေအိမ်၊ ရွှံ့အိမ်၊ ဥရောပသည် အင်္ဂတေအိမ်နှင့် သစ်၊ ဝါး ပေါသော အရှေ့တောင်အာရှတွင် သစ်သားအိမ်များ.... စသဖြင့်...၊ နေထိုင်သည့် အိမ်ပုံစံအား၊ ဗိသုကာဒီဇိုင်းအမျိုးမျိုးထွင်၍ လုပ်ဆောင်ကြရင်း၊ အိမ်သည် လူတဦးချင်းစီ၏ ချမ်းသာကြွယ်ဝမှုပြယုဂ် ဖြစ်လာကြသည်။

အိမ်.....
ကျနော်တို့တတွေ အိမ်ဖြင့် နေတတ်ပြီလား။
အိမ်သာကို အသုံးပြုခြင်းထက်၊ တောထိုင် ဟုခေါ်သော ခြုံပုတ်တွင် အခင်းစွန့်မှ အရသာတွေ့သည့် လူအချို့ကိုတော့ ကိုယ်တိုင် တွေ့ဖူးသည်။

====================================

ရထား၊ မော်တော်ဘုတ်ဖြင့် ခရီးသွားလာမှု များခဲ့သော ကျနော့်အဖို့၊ လမ်းခရီးတလျှောက် မြင်တွေ့နေရသော တဲအိမ်များနှင့် (နိုင်ငံ၏ အနာဂတ်ဖြစ်သော) ကလေးငယ်များကို ကြည့်၍၊ စိတ်မချမ်းသာစွာဖြင့် သက်ပြင်းချမိခဲ့သည်မှာလည်း အကြိမ်ကြိမ်။ ဝါးကြမ်းခင်းအိမ်၊ သစ်သားကြမ်းခင်းအိမ်တို့ လွှတ်ပေါလှသော ကျနော်တို့ နိုင်ငံပါပေ။ အသိပညာရှင်များဖြစ်သော စာရေးဆရာ၊ ကဗျာဆရာများပင် ကြမ်းကြားက တိုးဝင်လာသော လေကိုတောင်၊ စာဖွဲ့ယူကြရလောက်သည်အထိ နှစ်သက်ကြသည်မဟုတ်ပါလား။

မြန်မာနိုင်ငံတွင် ယောကျာ်းဖြစ်ရသည်မှာ လွှတ်ကောင်းမှ ကောင်း။ အိမ်ထောင်ဦးစီးနေရာရထားသူ၊ ဖိုဝါဒ အခွင့်ထူးရနေသော ကျနော်တို့ ယောကျာ်းများသည်၊ နေရာအနှံ့ ယမကာပေါများလှသော ကျနော်တို့ တိုင်းပြည်တွင်၊ အလုပ်ပင်ပန်းမှု၊ မိတ်ဆွေတွေ့မှု၊ ကျန်းမာရေး စသဖြင့် ဆင်ခြေ၊ ဆင်လက်၊ ဆင်တကိုယ်လုံးပေးကာ အိမ်မိသားစုအပေါ် အနိုင်ကျင့် မူးခွင့်လည်း ရပါသေးသည်။

အိမ်ပါဟု နိုင်ငံတကာကို ဘုရားစူး ကြိမ်တွယ်ပြောယူရမည့်၊ ကျနော်တို့၏ ဝါးခင်းတဲအိမ်ငယ်လေးများတွင် နေထိုင်သူ ဖြစ်ပါက၊ မူးနေ၍ဖြစ်စေ၊ အသိပညာနည်း၍ ဖြစ်စေ၊
လင်မယားများ၏ အနေအထိုင်မတတ်သော ကာမဆက်ဆံမှုသည် ဝါးခင်း/သစ်ခင်း ကြမ်းတပြေးတည်း အိပ်နေသော ကလေးငယ်များ၏ မသိစိတ်ပေါ်တွင် ထိခိုက်ဒဏ်ရာ ရလျက်ရှိသည်ကို၊ အစိုးရအဆက်ဆက် သတိမထားမိခဲ့ကြသလော။ လစ်လျူရှုခဲ့ကြသလောဆိုတာတော့ ကျနော်လည်း မသိ။

ထိုကလေးငယ်များသည် ရာဂထကြွလာလျှင် ဘယ်လိုထိန်းသိမ်းရမည်ဆိုတာထက်၊ ဘယ်လိုလုပ်ရမည်ကိုသာ သိနေခဲ့ကြ၍ လူ့လောကအတွက် တိရိစ္ဆာန်စိတ်များသော လူများအဖြစ် ထွက်ပေါ်လာကြသည်။ မြန်မာလူနေမှုစရိုက်တွင် ပုဆိုးတန်းတင်၊ အကြင်လင်မယားဖြစ် ဟူသောစကားရပ်သည် ဤလို စိတ်ဒဏ်ရာရခဲ့ကြသော ကလေးငယ်များ၏ နောက်ဆက်တွဲ ပြဿနာ အကျိုးဆက်ပင် ဖြစ်သည်။ (အိန္ဒိယတွင် လူကြီးမိဘများက စကားဖောက်ကြခြင်း၊ ရွှေလမ်းငွေလမ်းဖောက် မင်္ဂလာဆောင်ပေးကြခြင်း၊ အနောက်တိုင်းတွင် စေ့စပ်ပွဲ၊ ပြီးနောက် ဘုရားသခင်ရှေ့တွင်၊ ဂတိသစ္စာဆို လက်ထပ်ပွဲလုပ်ကြခြင်း)

=====================================

ယခု မြန်မာနိုင်ငံတွင် တန်ဘိုးနည်း အိမ်ယာများ ဆောင်ရွက်နေသည်ဟု ကြားသိရသည်။ သစ်၊ ဝါး ဈေးနှုန်းထက် အင်္ဂတေ၊ အုတ်ဈေးနှုန်း ကြီးမြင့်လှသော မြန်မာနိုင်ငံတွင် တန်ဘိုးနည်းတိုက်ခန်းအိမ်ယာသည်လည်း၊ ဝါး၊ သစ်အိမ်ထက် တန်ဘိုးမြင့်နေမည်မှာတော့ မလွဲပေ။

အိမ်ပိုင်ဆိုင်မှု ရရန်အတွက် အနှစ်(၂၀)ကဲ့သို့၊ ရေရှည်ချေးငွေများဖြင့် ဆောင်ရွက်ခြင်းဖြင့်၊ လူများကို အလုပ်လုပ်ရန်အတွက် မက်လုံးတွန်းအားတခု ဖန်တီးပေးရာ ရောက်ပြီး၊ အနာဂတ်တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေးအတွက်လည်း ကောင်းစေပါသည်။

သို့သော် တန်ဘိုးနည်းအိမ်ယာများသည် အထက်ပိုင်းတွင် ဖေါ်ပြသကဲ့သို့၊ ကလေးငယ်များအား စိတ်ဒဏ်ရာ ရရှိစေနိုင်သော အိမ်ယာမျိုး ဖြစ်ပါက၊ အကောင်အထည် မဖေါ်ခြင်းကသာ တိုင်းပြည်၏ အနာဂတ်အတွက် ပိုကောင်းမွန်ပါကြောင်းဖြင့်......

ယူကြအုံးမလား ဓါတ်ပုံ

" ကျနော်က ဘယ်သူ၊ ဘာလူမျိုးပါ။ သူကတော့ ဘယ်ဝါ၊ ဘယ်လူမျိုးပါ။ နောက်တယောက်ကတော့ ဘယ်ဒင်း၊ ဟိုဒင်းလူမျိုးပါ။ "

" ခင်ဗျားတို့က လူမျိုးခွဲခြားပြီး ပြောနေလိုက်တာ။ ကျနော်ကတော့ ခင်ဗျားတို့ ဘာလူမျိုးပဲ ဖြစ်ဖြစ်၊ လူကို လူလို့ပဲ မြင်တယ်။ ခွဲခြားပြီးမြင်ရအောင် ခင်ဗျားတို့က တမူထူးခြားပြီး၊ ဟိုဟာ ၂ခု အပိုပါလို့လားဗျ။ ကဲ.. ထားတော့။ ခင်ဗျားတို့က ခွဲခြားပြီးပြောမှ ကြိုက်တော့လည်း၊ ကျနော်လည်း ပြေ...ာတော့မယ်။ ကျနော်တို့ ဗမာမှာတော့ အေ၊ ဘီ၊ အေဘီ၊ အိုသွေးဆိုပြီး ၄မျိုး ရှိတယ်ဗျ။ ခွဲခြားတာ ကြိုက်တယ်ဆိုရင်တော့ ခင်ဗျားတို့ လူမျိုးရဲ့ သွေးကိုပြော။ ကျနော်ထဲပါရင် ဖောက်ထုတ်ပေးမယ်။ သွေးသန့်တာပေါ့ဗျာ.. နော။ "

" အင်း.. အဲ.. ဒါတော့ မဖြစ်နိုင်...အားလုံးက သွေးအတူတူပဲလေ... ဟိုဟာ.. စကားမတူတာလေ...အဲ.."
" စကားမတူတာတော့ ပြောမနေနဲ့ဗျို့၊ ချင်းပြည်နယ် သေးသေးလေးမှာတောင် ချင်းစကားကိုပဲ ၃၆မျိုး ကွဲတယ်။ ချင်းရွာထဲမှာ အိမ်ငါးလုံးပြည့်တိုင်း၊ စကား ငါးမျိုး ကွဲတယ်။ ခု ကျနော်နေထိုင်တဲ့ အမေရိကမှာ ကျနော်တို့နိုင်ငံက လာရောက်အခြေချတဲ့သူတွေထဲ၊ ကျနော်နဲ့ တွေ့သမျှ ကချင်ဆိုရင် စကား၎မျိုး၊ ကရင်ဆိုရင် ၃မျိုး၊ ချင်းဆိုရင် ၆မျိုး၊ မွန်၊ ကယား၊ ရှမ်း၊ ရခိုင်၊ ဗမာ စတာတွေ ကွဲတာနဲ့ဆိုရင် စကားအမျိုး ၂၀ လောက် ကွဲတယ်။

တနိုင်ငံတည်းကို စကားအမျိုး ၂၀လောက်ကွဲတာ၊ တကမ္ဘာလုံး လာရောက်အခြေချနေတဲ့ နိုင်ငံကြီးဖြစ်တော့ နိုင်ငံပေါင်း ၁၈၀နဲ့ ထပ်မြှောက်ကြည့်ပေါ့။ ဒါတောင် အမေရိကရဲ့ ဒေသခံလူမျိုးတွေ မပါသေးဘူး။ အခက်အခဲမရှိပါဘူး။ မြန်မာပြည်မှာ အများသုံး မြန်မာစကားပြောနေကြသလို၊ ဒီမှာလည်း အများသုံး အင်္ဂလိပ်စကားနဲ့ ပြောကြတာ အားလုံး အဆင်ပြေနေကြတာပဲ။ စကားမတူတိုင်း၊ ရိုးရာယဉ်ကျေးမှု မတူတိုင်း ခွဲကြမယ်၊ တိုက်ကြ၊ သတ်ကြမယ်ဟေ့ဆိုရင်တော့၊ (ရင်ဘတ်ကို လက်နှင့် ဖိပြီး) ... အမလေး.. သေပြီဆရာ။ "

(မှတ်ချက်။ ။ အမေရိကမှာ လူဆယ်ယောက်ဖြတ်သွားရင် စကားလဲ မတူ၊ ဆံပင်ပုံစံလည်း မတူ၊ ဆံပင်အရောင်လည်း မတူ၊ လူမျိုးလည်း မတူ၊ အဝတ်အစားလည်း မတူ၊ နိုင်ငံလည်း မတူ၊ စီးလာတဲ့ကားချင်းလည်း အရောင်၊ မော်ဒယ်ကအစ မတူ။)

" ဆက်ပြောပါအုံး ဦးလေး "

" ခု မြန်မာနိုင်ငံထဲမယ် ဖြစ်နေတာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော်၊ ၃၀၀လောက်က ပဒေသရာဇ်ခေတ် မြို့ပြနိုင်ငံငယ်လေးတွေရဲ့ အတွေးအခေါ်လောက်ကိုပဲ၊ ရှေ့မတက်နိုင်ကြပဲ၊ ရူးသွပ်နေကြတာပါကွာ။ ခုခေတ်မှာ ကမ္ဘာကြီးဟာ ရွာဖြစ်နေပါပြီ။ မင်းတို့အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း ယူသွားကွာ။ ရော့.. ငါ့ဓါတ်ပုံ "

" ဘယ်နေရာမှာ ဘယ်လိုသုံးရမလဲ ဦးလေး "

" မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားရှိတဲ့ မြန်မာနိုင်ငံသားတယောက်ဟာ၊ မြန်မာတနိုင်ငံလုံးရဲ့ ဘယ်နေရာပဲဖြစ်ဖြစ်၊ အခြေစိုက်နေထိုင် လုပ်ကိုင် စားသောက်ခွင့် မရှိဘူးဆိုရင်၊ မင်းတို့ကို တားဆီးတဲ့လူကို၊ မင့်အဘက ရိုက်ခိုင်းလို့ဆိုပြီး၊ နားရင်းရိုက်လာခဲ့။
ရိုက်တာ မခံနိုင်လွန်းလို့၊ အဲဒီလူက အော်ဟစ်ငိုယိုပြီး၊ တောင်းတောင်းပန်ပန်နဲ့... ဘယ်က အဘလဲဗျာ လို့ မေးလာတဲ့အခါကျမှ... ငါ့ဓါတ်ပုံကို ပြလိုက်။ "

" တိန် "