Monday, October 27, 2008

ရုပ်သေးအရပ်သားအစိုးရသစ်ဖွဲ့လျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမ္မတရာထူးယူမည်။

NEJ / ၂၁ အောက်တိုဘာ ၂၀၀၈

၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရသစ်တွင် သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တာဝန်ယူမည်ဖြစ်ပြီး ၀န်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး သီဟ သူရတင်အောင်မြင့်ဦးကို ခန့်ထားမည်ဟု နေပြည်တော် နအဖအတွင်းရေးမှူးရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။


ဒုတိယသမ္မတအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးကို ရာထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးအတွက် ဗိုလ်ချုပ်ကြီးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးရာထူးတိုးပေးပြီး ကိုင်ခိုင်းမည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ရုပ်သေးအရပ်သား အစိုးရသစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတ ဖြစ်မည်ဆိုသည့် သတင်းမှာ ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပျံ့နှံ့နေသည်။


၂၀၁၀ ပြည့်နှစ် မည်သည့်လတွင် ရွေးကောက်ပွဲကျင်းပမည်ကို စစ်အစိုးရက မကြေညာသေးသော်လည်း နေပြည်တော်တွင် ဆောက်လက်စ သမ္မတအိမ်တော်နှင့် ဒုသမ္မတ အိမ်တော်နှစ်လုံးမှာ ခေါင်မိုးအနီရောင်ဖြင့် ပြီးသလောက်ဖြစ်နေပြီဟု နေပြည်တော် အင်ဂျင်နီယာတစ်ဦးက ပြောသည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းတစ်ဦးဖြစ်သူ အသက်(၇၂)နှစ်ရှိ ၀န်ကြီး ဦးအောင်သောင်းကမူ မန္တလေးတိုင်းကို အခြေခံပြီး တိုင်းဒေသကြီး လွှတ်တော်အဆင့် ၀န်ကြီးချုပ်အဖြစ် လွှတ်တော်သက်တမ်း နှစ်ကြိမ် (၈)နှစ်တိတိ ဆက်ပြီး အရွေးခံမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးတိုင်း ကြံ့ဖွံ့များနှင့် တွေ့ဆုံရာတွင် ၀န်ကြီး ဦးအောင်သောင်းက ပြောခဲ့သည်။

မြန်မာယူနီဗာဆယ်ဘဏ်မှ ငွေလာမထုတ်ပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းမည်

ပီတာအောင်/ ၂၇ အောက်တိုဘာ ၂၀၀၈

ငွေကြေးခ၀ါချမှုနှင့်ပါတ်သက်၍ အပိတ်ခံထားရသည့် မြန်မာယူနီဗာဆယ်ဘဏ် (MUB)တွင် ငွေအပ်နှံ ထား သူများအနေဖြင့် ငွေများလာရောက် ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် မထုတ်ယူပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူ တော့မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ဖော်ပြောကြားသည်။

ငွေကြေးအပ်နှံထားသူ မြီရှင်တို့အနေဖြင့် အောက်တိုဘာလ (၂၂)ရက်မှ စတင်၍ လာမည့် ၂၀၀၉ ခု မတ်လ (၃၁) ရက် နောက်ဆုံးထား၍ အထောက်အထားအပြည့်အစုံဖြင့် ရန်ကန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁) အပေါ်ထပ်၌ လာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။

မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁)ရှိ မြန်မာယူနီဗာဆယ်ဘဏ်ရေးရာ တာဝန်ရှိသူတဦးက “ ငွေစုစာအုပ်ရယ်၊ လူကိုယ်တိုင်ရယ်၊ မှတ်ပုံတင်ရယ် ယူလာခဲ့ပါ။ နေ့ချင်းထုတ်ပေးပါတယ်။ ကာယကံရှင်ကတော့ ကိုယ်တိုင် လာရမှာပါ။ တခြားထောက်ခံစာတွေမလိုပါဘူး။ MUB ကတော့လုံးဝပိတ်သိမ်းလိုက်ပြီး မြန်မာ့စီးပွားရေးဘဏ်က ဆက်ပြီးတော့တာဝန်ယူထားတာပါ။ အပ်ထားတဲ့ ပိုက်ဆံတွေ သိပ်အများအစားကြီးတော့မရှိပါဘူး။ (၃)နှစ် အတွင်းမှာ အတော်များများလာထုတ်ပြီးကြပါပြီ။ စားရင်းပိတ်ဖို့အတွက်ကို နှိုးဆော်လိုက်တာပါ” ဟု ပြောကြား သည်။

မြန်မာယူနီဗာဆယ်ဘဏ်ကို မြန်မာစစ်အစိုးရက ငွေကြေးခ၀ါချမှုများနှင့်စပ်လျဉ်း၍ ၂၀၀၅ ခု သြဂုတ်လတွင် စတင်ပိတ်သိမ်းအရေးယူခဲ့ပြီး ၂၀၀၇ခု ဧပြီလတွင် ဘဏ်ပိုင်ရှင် ဦးတင်စိန်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သောဥပဒေ၊ တရားမ၀င်ငွေကြေးခ၀ါချမှုနှင့်ပတ်သက်သည့် ဥပဒေများဖြင့် ထောင်ဒဏ် (၁၀)နှစ် အပြစ်ပေးအရေးယူခဲ့သည်။

ဘဏ်ပိတ်သိမ်းပြီး (၃)နှစ်တာကာလအတွင်း ငွေကြေးအပ်နှံထားသူများအား မြန်မာယူနီဗာဆယ်ဘဏ်က အပ်နှံငွေများကို ပြန်ထုတ်ပေးခဲ့ပြီး မြန်မာယူနီဗာဆယ်ဘဏ်၏ အုပ်ချုပ်မှု အားလုံးကို မြန်မာ့စီးပွားရေးဘဏ်က အောက်တိုဘာ (၁)ရက်မှ စတင်၍ လွဲပြောင်းယူကာ လာမထုတ်ယူသေးပဲ ကျန်ရှိ နေသူတို့၏ ငွေများကို ယခု နောက်ဆုံးအနေဖြင့် ပြန်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အလားတူ မူးယစ်ဆေးဝါးနှင့်ပါတ်သက်သည်ဟု အမေရိကန်၏ စွပ်စွဲခံထားရပြီး ၂၀၀၅ မတ်လ ကုန်က ပိတ် သိမ်းခံခဲ့ရသည့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကလည်း လာမည့် ဒီဇင်ဘာလ နောက် ဆုံး ထား၍ ငွေများလာရောက်ထုတ်ယူကြရန် ယင်းဘဏ် (၂)ခု၌ ငွေအပ်နှံထားများအား ပြီးခဲ့သည့် ဇူလိုင်လ က တည်းက အသိပေးကြညာထားသည်။

သတင်းထိန်ချန်လိုလျှင် ပြန်ကြားရေးသို့ ပြောရန် ၀န်ကြီးက ပြော

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 13:59 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အစိုးရဌာနများအနေဖြင့် ထိန်ချန်ပိတ်ပင်လိုသော သတင်းများကို ပြန်ကြားရေး ၀န်ကြီးဌာနသို့ ကြိုတင် အကြောင်းကြားလျှင် ပူးပေါင်း ထိန်းချုပ်ပေးမည် ဖြစ်ကြောင်း ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားလိုက်သည်။

"မိမိတို့ ဌာနဆိုင်ရာနှင့် ပတ်သက်၍ ဖော်ပြခွင့် မပြုလိုသော၊ ထိန်ချန်လိုသော၊ ထိန်ချန် ပိတ်ပင်ထားလိုသော သတင်း အကြောင်းအရာများ ရှိပါက" "ပြန်ကြားရေးဌာနသို့ စာဖြင့် ကြိုတင်ညှိနှိုင်း ပေးပို့ထားမည် ဆိုပါက သင့်လျော်သလို ထိန်းချုပ် ချပြပေးနိုင်မည် ဖြစ်ပါသည်" ဟု မဇ္ဈိမက မိတ္တူ လက်ခံရရှိထားသော ပြန်ကြားရေးဝန်ကြီး၏ ၀န်ကြီးဌာနများ အားလုံးနှင့် ၀န်ကြီးချုပ်ရုံးသို့ ပေးပို့သော ယခုလ ၁၅ ရက်နေ့ ရက်စွဲတပ် စာတွင် ပြောဆို ရေးသားထားခြင်း ဖြစ်သည်။

"စာပေစိစစ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ၀န်ကြီးဌာနအလိုက် သတင်းထုတ်ပြန်ရေး စနစ်နှင့် သတင်းညှိနှိုင်းစနစ်များ ထားရှိ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ" စာတွင် ပြန်ကြားရေးဝန်ကြီး လက်အောက်ရှိ စာပေစိစစ်ရေးဌာနအတွက် ကန့်သတ်ရမည့် အသုံးအနှုန်း၊ အကြောင်းအရာနှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ်ထားခြင်းမရှိ၍ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ ရှိသည်ဟုလည်း ပါရှိသည်။

ထို့အပြင် "အထူးသဖြင့် ဌာနဆိုင်ရာများနှင့် ပတ်သက်သည့် သတင်းများ၌ သက်ဆိုင်ရာဌာနနှင့် စာနယ်ဇင်းသမားများအကြား မကြာခဏ အငြင်းပွားဖွယ် အခြေအနေများ ပေါ်ပေါက်လျက်ရှိကြောင်း တွေ့ရှိရပါသည်" ဟု ဆိုထားသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ ၂၀၀၈ ခုနှစ်အတွက် ၁၇၃ နိုင်ငံအား လေ့လာချက်တွင် သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုအဆင့်၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၀ တွင် ရှိနေသည်။ သူ့ထက်ဆိုးရွားသော နိုင်ငံ ၃ ခုမှာ တာ့ခ်မေနစ်စတန် (Turkmenistan) ၊ မြောက်ကိုရီးယားနှင့် အီရီထရီးယား (Eritrea) တို့ ဖြစ်သည်။

RSF က မြန်မာနိုင်ငံတွင် "သတင်းသမားများ၊ ပညာတတ်များနှင့် နိုင်ငံခြားသားများကိုပင် စစ်အစိုးရက ရန်သူအဖြစ် ရှုမြင်ကြသည်” ဟု ပြောထားသည်။

ဗိုလ်မှူးချုပ် ကျော်ဆန်း၏ စာတွင် ၀န်ကြီးဌာနများကို သတင်းထုတ်ပြန်ရေး အဖွဲ့များဖြင့် သတင်းထုတ်ပြန်ရန် တိုက်တွန်းလိုက်သေးသည်။

"မိမိတို့၏ သတင်းများကို ထိန်းချုပ်ထားခြင်းထက် မိမိလိုလားသည့်အတိုင်း ပညာသားပါပါ ကြိုတင်အသိပေးခြင်းဖြင့် (Pre-emptive) လက်ဦးမှု ရယူဆောင်ရွက်ခြင်းက မိမိတို့အတွက် ပိုမိုကောင်းမွန် အကျိုးရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်" ဟု ပါရှိသည်။

မြန်မာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေ တောင်းဆို


26 October 2008

မညိုညိုလွင် - အစီအစဉ်ကိုရယူရန် (MP3) audio clip
မညိုညိုလွင် - နားဆင်ရန် (MP3) audio clip

ဥရောပနဲ့ အာရှ နိုင်ငံပေါင်း ၄၀ ကျော်က ခေါင်းဆောင်တွေ မြန်မာစစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိဖို့၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာစေဖို့အတွက် သက်ဆိုင်တဲ့ သူတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖော်ဆောင်သွားဖို့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီး အစည်းအဝေး မှာ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက် ထုတ်ပြန်မှုကြောင့် မြန်မာ့အရေး ဘာတွေများ ထူးခြားမှု ရှိလာနိုင်ပါလဲ ဆိုတာနဲ့ပတ်သက်ပြီး ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဥရောပ မြန်မာရုံး ညွှန်ကြားရေးမှုး ဦးဟန်ယောင်ဝေ ကို မညိုညိုလွင် က မေးမြန်းကြည့်တော့ အခုလို ပြောဆိုပါတယ်။

“ကျနော့်အမြင်ကတော့ အာရှနဲ့ ဥရောပနိုင်ငံတွေက ဒီလိုမြင်တယ်ဆိုတော့ မြန်မာပြည်အတွက်ကတော့ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခုလက်ရှိ စစ်အစိုးရကလည်း သူ့အနီးအနား နိုင်ငံတွေကလည်း ဒီလို မြင်ပါတယ် ဆိုရင် သူကလည်း ငြင်းပယ်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီအခုလိုမျိုး အကြံပေးတဲ့နေရာမှာကလည်း ဒီ ၂၀၁၀ လာမယ့် ရွေးကောက်ပွဲမှာ နအဖ ကတော့ သူ လိုလားတဲ့ အခြေခံဥပဒေနဲ့ သူ သွားချင်တဲ့လမ်းနဲ့ သူ သွားမယ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေ ပြောနေတာကတော့ တကယ် ဒီမိုကရေစီလိုလားရင် ရွေးကောက်ပွဲ တခုတည်းနဲ့ လုပ်လို့မရဘူး။ ရွေးကောက်ပွဲ ဆိုရင်လည်း လူထု ပါဝင်ရမယ်။ အတိုက်အခံတွေလည်း ပါဝင်ရမယ်။ လူတိုင်းပါမှ တကယ် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောချင်တာ ဖြစ်လိမ့်မယ်။ ပြီးတော့မှ ဒီ ပြန်လည် သင့်မြတ်ရေး ရှိသင့်တယ်၊ အဲဒီလိုမျိုး မရှိရင်လည်း ဒီရွေးကောက်ပွဲက အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး ဆိုတဲ့သဘော ဖြစ်ပါတယ်။”

နောက်ပြီးတော့ ဒီကြေညာချက် ထုတ်တဲ့နေရာမှာ အစည်းအဝေးကိုလည်း တရုတ်နိုင်ငံမှာ လက်ခံကျင်းပခဲ့တယ်။ တရုတ်အစိုးရက မြန်မာအစိုးရကို အမြဲတမ်း နောက်ကနေ အားပေးနေတဲ့ အစိုးရတရပ်လို့လည်း အားလုံး သိပြီးသား ဖြစ်ပါတယ်။ အဲတော့ ဒီကြေညာချက် ထုတ်တဲ့နေရာမှာ တရုတ်နိုင်ငံကလည်း ပါဝင်နေတယ် ဆိုတော့ ဒီတရုတ်နိုင်ငံက မြန်မာ ဒီမိုကရေစီရေး ပြောင်းလဲရေးမှာ စိတ်ပြောင်းသွားပြီလား လို့ရော ဦးဟန်တို့အနေနဲ့ ယူဆပါသလားရှင်။ -

“တရုတ်အနေနဲ့ကတော့ ကျနော်တို့ ပြည်ထောင်စုထဲမှာ ဖြစ်နေတဲ့ ပြည်တွင်းပြဿနာကို ၀င်မရှုပ်ဘူး။ ဒါပေမယ့် တိုင်းပြည်ကောင်းဖို့ကတော့ သူတို့ ကြိုးစားမယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ ပြည်ထောင်စုမှာ စစ်အစိုးရ ဖြစ်စေ၊ ဘယ်အစိုးရ တက်လာသည် ဖြစ်စေ၊ မြန်မာပြည်နဲ့ တရုတ်ပြည် ကတော့ ပူးပေါင်းပြီးတော့မှ မိတ်ဆွေအနေနဲ့ နေသွားရမယ်ဆိုတဲ့ သဘော ရှိပါတယ်။ အဲဒါကြောင့်လည်း သူတို့က ဒီအချိန်မှာ နအဖ က လုပ်မယ့် ရွေးကောက်ပွဲက တကယ် အလုပ်ဖြစ်မယ် ဆိုရင် သူတို့ အတွက်လည်း ကောင်းမယ်။ မြန်မာပြည်အတွက်လည်း ကောင်းမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

ဟုတ်ကဲ့။ ဒါပေမယ့် ဒီကြေညာချက်ထဲမှာ ပါတာက ရွေးကောက်ပွဲအကြောင်း မဟုတ်ဘဲနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နိုင်ငံရေး ပါတီတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့ ဆိုတဲ့ အကြောင်းအရာတွေ ဖြစ်နေတော့ တရုတ်အနေနဲ့က ဒီအကြောင်းအရာတွေအပေါ်မှာ လိုက်နာမှု ရှိလာမယ် လို့ရော ယူဆပါသလားရှင့်။ -

“ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခု ရွေးကောက်ပွဲအကြောင်း မပြောပေမယ့် ပြန်လည်သင့်မြတ်ရေး မရှိရင် ရွေးကောက်ပွဲက အဓိပ္ပါယ် မရှိဘူး။ ဆိုတော့ သူတို့အနေနဲ့ ပြောချင်တာကတော့ အခုကနေ စပြီးတော့မှ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြန်လည်သင့်မြတ်ရေး လုပ်ကြပါ။ ပြန်ဆွေးနွေးကြပါ။ ဖမ်းထားတဲ့ ပုဂ္ဂိုလ်တွေလည်း လွှတ်ပေးပါ။ တကယ် နိုင်ငံရေး အဖြေရှာတဲ့ နည်းလမ်း ဖြစ်လာမယ် ဆိုတာ ကျနော်တို့ အဲဒီလိုမျိုး နားလည်ပါတယ်။”

အဲဒီတော့ တရုတ်အနေနဲ့ကတော့ ဒီကြေညာချက်မှာ ပါတဲ့အတိုင်းပေါ့နော်။ မြန်မာစစ်အစိုးရအပေါ်မှာ ပိုပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်လာမယ် လို့ရော ယူဆပါလား။ -

“ဟုတ်ကဲ့။ ကျနော် နားလည်တာကတော့ အခုမှ မဟုတ်ပါဘူး။ ဒါ သူတို့ကတော့ တိုက်တွန်းနေတာကတော့ တနှစ် နှစ် နှစ်လောက် ရှိပါပြီ။ အခု ကုလသမဂ္ဂ ကြိုးစားထားတဲ့ ဂမ်ဘာရီ ခရီးစဉ်တို့မှာလည်း တရုတ်အကူအညီ ပါပါတယ်။ နိုင်ငံတကာက တောင်းဆိုချက်တွေကို တရုတ်က လက်ခံတယ်။ ဆိုတော့ သူတို့ကတော့ ဆက်ပြီးတော့မှ ကြိုးစားမယ်လို့ ကျနော် ယူဆပါတယ်။ ဒီ နအဖ ကိုတော့ သူတို့က ဖိအားပေးမှာတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံလိုမျိုး ဖိအားပေးမယ်၊ မကောင်းကြောင်း ပြောမယ်ဆိုရင် သူတို့ကတော့ မလုပ်ဘူးလို့ ကျနော် မြင်ပါတယ်။”

ဟုတ်ကဲ့။ နောက်တချက်က တရုတ်အစိုးရကိုရော ဥရောပ သမဂ္ဂနိုင်ငံတွေက မြန်မာပြည်ပြောင်းလဲရေးမှာ ပိုပြီး လုပ်ဆောင်ပါ ဆိုတဲ့ ဖိအားပေးမှုမျိုး ဖြစ်လာနိုင်ပါလားရှင်။ -

“ကျနော် နားလည်သလောက်ကတော့ တရုတ်မကဘူး။ တရုတ်ရော အိန္ဒိယ နိုင်ငံရော၊ အာဆီယံ ဖြစ်တဲ့ အနီးအနား နိုင်ငံတွေကိုရော သူတို့က တိုက်တွန်းနေတာ ကြာပြီ။ အခုလိုမျိုး အကောင်အထည် ပေါ်လာတယ် ဆိုတာ ဒါ ကောင်းတယ် လို့ ကျနော် မြင်ပါတယ်။”

ဥရောပ မြန်မာရုံးညွှန်ကြားရေးမှုး ဦးဟန်ယောင်ဝေ ပြောဆိုသွားတာပါ၊ အခုလို ကြေညာချက် မထွက်လာမီ ရက်ပိုင်းတွေမှာပဲ ကုလသမဂ္ဂ အပါအ၀င် အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကလည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ ဖြစ်ပေါ်လာစေနိုင်ဖို့ အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ကို တချိန်တည်း တောင်းဆိုလိုက်ကြတာကြောင့် မြန်မာနိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ဖို့ဟာ ဖမ်းဆီး ထိန်းသိမ်းခံထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ လွတ်မြောက်လာဖို့ဟာ အဓိက ကျတယ်လို့ မြင်နိုင်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ သတင်းစာတွေထဲမှာတော့ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တရုတ်ပြည်သူ့ သမတ နိုင်ငံ နန်နင်း မြို့မှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ (၅) ကြိမ်မြောက် တရုတ် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီမြှပ်နှံမှု ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ အောက်တိုဘာလ ၂၀ ရက်နေ့က သွားရောက်ခဲ့တဲ့ သတင်းနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိတဲ့အကြောင်း တွေကိုပဲ ဖော်ပြထားတဲ့ အတွက် ပြီခဲ့တဲ့ ၂၄ နေ့ နဲ့ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီးညီလာခံကို မြန်မာစစိအစိုးရ ကိုယ်စားပြု ဘယ်သူ တက်ရောက်ခဲ့သလဲ ဆိုတာကိုတော့ မသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ်ရှား


26 October 2008

စုမြတ်မွန် - အစီအစဉ်ကိုရယူရန် (MP3) audio clip
စုမြတ်မွန် - နားဆင်ရန် (MP3) audio clip

Myanmar people sit on sidewalk near opposition leader Aung San Suu Kyi's home in Yangon, Myanmar, Saturday, May 27, 2006.
ဒေါ်စုအိမ်ရှေ့မှ အတားအဆီးများ (မေလ၊ ၂၇ရက် ၂၀၀၆)။ အေပီ။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းမပေါ်မှာ ချထားတဲ့ အတားအဆီးတွေကို ဒီနေ့ မှာ အာဏာပိုင်တွေက ဖယ်ရှားလိုက်ပါတယ်၊ ဘာအကြောင်းကြောင့် ဖယ်ရှား လိုက်သလဲ ဆိုတာ မသိရသေးပေမဲ့ လမ်းမပေါ်မှာ Barbed wire တွေနဲ့  တားထားတာတွေမရှိတော့ဘူး ဆိုတာကို NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညဏ်ဝင်းက VOA ကို ခုလို ပြောပြပါတယ်၊

“မိတ်ဆွေ တယောက်က ပြောလို့ ခြံအရှေ့တော့ မရောက်ပါဘူး။ ကမ္ဘာအေး ဘုရားလမ်းက ကြည့်တော့ လုံခြုံရေးချထားတဲ့ ၀ါယာတွေ ခါတိုင်းထား ထားတာတွေ မတွေ့ဘူး။ မနက်ကတည်းက အခုထိတော့ ဒါနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား မကြားဘူးခင်ဗျ။”

NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညဏ်ဝင်းဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြံရှေ့ မှာ အရပ်ဝတ်နဲ့  အစောင့် တွေကတော့  ရှိနေဆဲပဲလို့ သိရပါတယ်၊ တက္ကသိုလ် ရိပ်သာလမ်း နှစ်ဘက်လုံးမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားနိုင်ပြီလို့  သက်ဆိုင်ရာကိုမေးခဲ့ သူက VOA ကို ပြန်ပြီး ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက နေအိမ် အကျယ်ချုပ်ချ ဖမ်းဆီးထားတဲ့ အချိန်စုစုပေါင်းဟာ ပြီးခဲ့တဲ့
သောကြာနေ့  အောက်တိုဘာ ၂၄ ရက်နေ့ မှာ ၁၃ နှစ်ပြည့်  သွားခဲ့ ပါတယ်။ နိုင်ငံတကာအစိုးရတွေ ကမ္ဘာတ၀န်းက မြန်မာ့အရေး လှုပ်ရှားနေကြသူတွေလဲ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဆိုပြီး စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အခုအချိန်အထိ ထိန်းသိမ်းထားတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ သူမရဲ့ ရှေ့နေနဲ့  အတူ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်လများ ဆက်ပြီး ဖမ်းဆီးထားတဲ့ အပေါ် တရားရုံးမှာ အယူခံတင်ထားတဲ့ ကိစ္စအတွက် ကြားနာမဲ့ ရက်ကိုတော့  ခုချိန်ထိမရသေးဘူးလို့  ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်ရှင်။

Sunday, October 26, 2008

နေပြည်တော်လွှတ်တော်ရုံးအဖွဲ့ ၂၀၀၉ မှာ စတင်ရုံးထိုင်မည်

NEJ/ ၂၇ အောက်တိုဘာ ၂၀၀၈

၂၀၁၀ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် ရည်ရွယ်ဆောက်လုပ်နေသည့် နေပြည်တော် လွှတ်တော်အဆောက်အဦတွင် ၂၀၀၉ ခု စက်တင်ဘာလမှ စတင်၍ ရုံးဝန်ထမ်းများ စတင်ရုံးထိုင်တော့မည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ချောချောမောမော ကျင်းပခွင့်ရမည် မရမည် မသေချာသေးသော်လည်း ၂၀၀၉ ခု စက်တင်ဘာလမှ စတင်ပြီး နေပြည်တော် လွှတ်တော်မှာ ရုံးအဖွဲ့ စတင်ရုံးတက်ဖို့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် လွှတ်တော်ရုံးအဖွဲ့တွင် တာဝန်ပေးနိုင်ရေးအတွက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်နှင့် အရာခံဗိုလ်များကို စတင်ရွေးချယ်နေပြီဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

တည်ဆောက်နေဆဲ လွှတ်တော် အဆောက်အဦကြီးမှာလည်း ၅၀ ရာနှုန်းကျော်ပြီးစီးနေပြီ ဖြစ်သည့်အတွက် ရုပ်လုံးပေါ်နေသော်လည်း အပေါ်ပိုင်းတွင် သံမဏိဂဟေလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်ဟု နေပြည်တော်ဆောက်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

ရုပ်သေးအရပ်သားအစိုးရသစ်ဖွဲ့လျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမတရာထူးယူမည်

NEJ/၂၇ အောက်တိုဘာ ၂၀၀၈

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သားအစိုးရသစ်တွင် သမတအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တာဝန်ယူမှာဖြစ်ပြီး ၀န်ကြီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦးကို ခန့်ထားမည်ဟု နေပြည်တော် နအဖအတွင်းရေးမှူးရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

(သတင်းအသေးစိတ်ကို မကြာခင် ဆက်လက် အစီရင်ခံသွားမည်ဖြစ်သည်)