Tuesday, December 23, 2008

ရန်ကုန်လှိုင်သာယာမီး သိန်းသောင်းနှင့်ချီဆုံးရှုံး

NEJ/ ၂၃ ဒီဇင်ဘာ ၂၀၀၈


ပြီးခဲ့သည့် တနင်္ဂနွေနေ့ည (၈) နာရီခွဲဝန်းကျင်တွင် လှိုင်သာယာစက်မှုဇုန် (၁) အနီးရှိ ဒိုင်းမွန်းစတား ကုမ္ပဏီပိုင် POCLIMK Trading ကုမ္ပဏီဂိုဒေါင်၌ မီးလောင်မှုဖြစ်ပွားပြီး သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးနိုင်သည်ဟု စီးပွားရေးအသိုင်းအ၀န်းမှ ခန့်မှန်းကြသည်။

အဆိုပါ Trading ကုမ္ပဏီကို ဒိုင်းမွန်းစတားကုမ္ပဏီပိုင်ရှင် ဦးကိုကိုကြီးက ပိုင်ဆိုင်ပြီး လှိုင်သာယာတွင် ဂျုံကြိတ်စက်ရုံဖွင့်ထားခြင်းဖြစ်သည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ POCLIMK Trading တွင် မီးပျက်ပါက အသုံးပြုရန် မောင်းသည့် ကိုယ်ပိုင်မီးစက်ရှိပြီး အဆိုပါမီးစက်မှတဆင့် ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်းခြင်းဖြစ်ကြောင်း တာဝန်ကျ လုံခြုံရေးက ပြောသည်။

မီးလောင်မှုကြောင့် ဂိုဒေါင် (၂၀ပေx၁၅၀ပေ) တလုံး၊ အဆိုပါဂိုဒေါင်ထဲတွင်ရှိသည့် မော်တော်ဆိုင်ကယ် (၁၀) စီး၊ ဆန် (၈) တန် အားလုံး မီးလောင်သွားကြောင်း ပြောသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ “မီးလောင်တာက ညနေ (၈) နာရီခွဲလောက်ကပဲ လောင်တာ၊ မီးငြိမ်းတာ (၂၁-၁၂-၀၈) ည (၁၂) နာရီကျော်လို့ (၂၂-၁၂-၀၈) ကို ရောက်နေပြီ။ နေ့ကူးသွားတာ (၁၂) နာရီခွဲကျော်မှာမှ ငြိမ်းတာ” ဟု ပြောသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ မီးသတ်ကား အစီး (၃၀) ခန့်လာသည်ဟု ပြောသည်။

အဆိုပါ မီးလောင်မှု၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကာလတန်ဖိုးအရ သိန်းပေါင်း သောင်းနဲ့ချီရှိမည်ဟု ကုမ္ပဏီအသိုင်းအ၀န်းက ခန့်မှန်းပြောဆိုသော်လည်း အစိုးရကမူ တန်ဖိုး သိန်း (၅၀) ခန့်သာ ဆုံးရှုံးသည်ဟု တွက်ချက်ထားကြောင်း သိရသည်။

မီးလောင်မှုများ မြန်မာနိုင်ငံတ၀န်း ဖြစ်နေသည့်အနက် ရန်ကုန်မြိုတွင် မီးလောင်ရခြင်း၏ အဓိကရင်းမြစ်မှာ လျှပ်စစ်မီးမယောဂကြောင့် အဖြစ်များသည်ဟု မီးသတ် အရာထမ်းတဦးက ပြောသည်။

“၂၀၀၈ ခုနှစ်ကတော့ မကြာခင်ကုန်တော့မယ်။ နှစ်စဉ် ဇန်န၀ါရီကနေ မတ်လထိ ကာလဟာ မီးလောင်များတဲ့ ကာလတွေပါ။ ၂၀၀၉ ခုနှစ်ရဲ့ ဇန်န၀ါရီကနေ မတ်လထိ ကာလတွေမှာ ဒီလို မီးပျက်နေပုံနဲ့ လူတွေပေါ့စတာနဲ့တော့ မတွေးရဲဘူး” ဟု အဆိုပါ အရာထမ်းက ပြောသည်။



ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ကွယ်လွန်

NEJ/ ၂၃ ဒီဇင်ဘာ ၂၀၀၈

ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ယနေ့ နံနက် (၅) နာရီအချိန်က
ရန်ကုန် မဟာမြိုင် အထူးကုဆေးခန်းတွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်သည်ဟု
၎င်း၏ မိသားစုများက ပြောသည်။

အကယ်ဒမီ ထွန်းထွန်းနိုင်သည် ကွယ်လွန်ချိန်တွင် အသက် (၅၇) နှစ် ရှိပြီဖြစ်သည်။
သူ၏ရုပ်အလောင်းကို ဒီဇင်ဘာ (၂၅) ရက် (ခရစ်စမတ်နေ့ ) ၌
ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

အကယ်ဒမီ ထွန်းထွန်းနိုင်သည် ၁၉၈၅ ခုနှစ်က အချစ်မီးလျှံထဲက မေချို ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုရခဲ့သူဖြစ်ပြီး ယခု သေဆုံးချိန်ထိ ဒါရိုက်တာ နောင်ထွန်းလွင်အမည်ဖြင့်
ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သည်။


ထိုင်းနိုင်ငံမှာ ဘတ် (၁,၀၀၀) တန် ငွေစက္ကူတုတွေပေါ်နေ

NEJ/ ၂၃ ဒီဇင်ဘာ ၂၀၀၈


ထိုင်းဘတ်ငွေ (၁,၀၀၀) နှင့် (၁၀၀) တန် ငွေစက္ကူအတုများကို မကြာသေးမီက နေရာအများအပြားတွင် သုံးစွဲနေကြောင်း ထိုင်းရဲများက ရှာဖွေတွေ့ရှိခဲ့သည်။

ထိုင်းနိုင်ငံ အရှေ့မြောက် Khon Kaen မြို့ ဘန်လမ်းဖူးဈေး၌လည်း ဘတ်ငွေ (၁,၀၀၀) နှင့် (၁၀၀) တန် ငွေစက္ကူများကို နေ့စဉ်တွေ့နေရသဖြင့် ဈေးမန်နေဂျာ ပတ်စ်ပါဒွန်က ငွေစက္ကူအတုကို မည်သို့ခွဲခြားရမည် ဖြစ်ကြောင်း ဈေးသည်များကို အကြံပေးနေရသည်။ ဈေးသည်များအကြားမှာမူ (၁,၀၀၀) တန်ငွေစက္ကူကို လက်ခံလိုသူ နည်းလာနေသည်။

သို့သော် အစစ် အတုဖြစ်သည်ကို ခွဲခြားခြင်းမရှိဘဲ ယင်းသို့ လက်ခံရန် ငြင်းဆိုပါကလည်း အရေးယူခံရဖွယ် ရှိကြောင်း မြို့အုပ်ချုပ်ရေးရဲတပ်ဖွဲ့ ဒု-အကြီးအကဲ ရဲဗိုလ်ချုပ် Amnuay Nimmano က ပြောသည်။

၎င်းက “ငွေစက္ကူတွေဟာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအတွက်သုံးဖို့ တရားဝင် ထုတ်ထားတာဖြစ်ပါတယ်။ တကယ်လို့ အဲဒီငွေကို အသုံးပြုခွင့်မရဘူးဆိုရင် အသုံးပြုခွင့်မရတဲ့သူအနေနဲ့ ရဲဆီမှာ တိုက်ချက်ဖွင့်ပိုင်ခွင့် ရှိပါတယ်” ဟု ပြောသည်။

Bank of Thailand ဘဏ်၏ အရှေ့မြောက်ပိုင်းဘဏ်ခွဲမှ အကြီးတန်းဒါရိုက်တာဖြစ်သူ ဆွမ်ချိုင်း စခွန်နုကူး ကမူ ငွေအတုများသည် ထိုင်းငွေစက္ကူစထုတ်စဉ်ကတည်းကပင် ပေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ကြိုးစား၍ တိုက်ဖျက်လာခဲ့ကြောင်း၊ သို့သော် ပြည်သူများအနေဖြင့် ငွေစက္ကူ၏ သတ်မှတ်ထားချက်များပေါ်မူတည်၍ အတုအစစ် လွယ်ကူစွာ ခွဲခြားနိုင်ကြောင်း ပြောသည်။

၎င်းက “ထိုင်းအစိုးရ (ထိုင်းဘာသာဖြင့်ရေးထားသည်) လို့ရေးထားတဲ့ စာလုံးကို လက်နဲ့စမ်းကြည့်လို့ရှိရင် ငွေစက္ကူအစစ်ဆိုရင် ဖောင်းကြွနေတာကို တွေ့ရမယ်” ဟု ပြောသည်။ ငွေစက္ကူကို နေရောင်အောက် ထောင်ကြည့်ပါကလည်း ထိုင်းဘုရင်၏ပုံတူ ရေစာအမှတ်အသားကို ပို၍ထင်ရှားစွာတွေ့ရမည်ဖြစ်ကြောင်းလည်း ဆွမ်ချိုင်း စခွန်နုကူးက ပြောသည်။

ထို့အပြင် ငွေစက္ကူတန်ဖိုး ရေးသားထားသော စာလုံးနှင့် နံပါတ်များသည် အလင်းရောင်ဖြတ်ပေါက်နိုင်ပြီး ငွေတန်ဖိုးနံပါတ်များကို ဘက်ပေါင်းစုံ ပြောင်းကြည့်ပါက အရောင်များပြောင်းသွားတတ်သည်ကို သတိထားရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုင်းငွေစက္ကူအတုထုတ်သူများအနေဖြင့် ထိုင်းဥပဒေအရ ထောင်ဒဏ်တသက်ကျခံရမည်ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် အသုံးပြု ဖြန့်ဝေနေသူသည် ထောင်ဒဏ် (၁) နှစ်မှ (၁၅) နှစ်အထိ ကျခံရမည်ဖြစ်သည်။



တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ

မျိုးကြီး
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008 16:48 - မြန်မာစံတော်ချိန်


ရွှေလီ (မဇ္ဈိမ)။ ။ မြန်မာ အမျိုးသမီးငယ်တဦးကို ရောင်းစားခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် တရုတ်ပြည် ယူနန်ပြည်နယ်သူ အမျိုးသမီးတဦးအား ရှမ်းပြည် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ယမန်နေ့က ရဲက ဖမ်းဆီးသည်။

ဖမ်းဆီးခံခဲ့ရသူသည် ယူနန်ပြည်နယ်သူ အသက် ၄၀ နှစ် ၀န်းကျင်ရှိ မချောစိမ်းဖြစ်ပြီး၊ ကွမ်းလုံမြို့ဒေသခံ မလွယ်လွယ် (အမည်ပြောင်း) အား တရုတ်ပြည်မှ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သည့် ပြစ်မှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

''ပထမတယောက်တော့ ရောင်းပြီးသွားပြီ။ နောက်တယောက်ကို အလုပ်ရှာပေးမယ်၊ တလကို ယွမ် ၂၀၀ ရမယ်လို့ စည်းရုံးနေတုန်း ဖမ်းမိသွားတာပါ။ တကယ် တရုတ်နိုင်ငံသား ဟုတ်၊ မဟုတ်ကတော့ ရဲက စစ်ဆေးအုံးမယ်'' ဟု မူဆယ် လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးအဖွဲ့နှင့် နီးစပ်သူ ကုန်သည်က မဇ္ဈိမကို ပြောသည်။

နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေး လမ်းကြောင်းများသည် လူရောင်းစားရာ နေရာများအဖြစ် ဆက်လက်တည်ရှိနေပြီး၊ လွယ်ဂျယ်-ကျန်းဖုန်းလမ်းသည် အဆိုးဆုံးဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ မြန်မာ့အရေး အကဲခတ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

ထိုအခြေအနေများ ဖြစ်ပေါ်နေချိန်တွင် ယမန်နေ့က လွယ်ဂျယ်နှင့် ကျန်းဖုန်းမြို့တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးကို နှစ်နိုင်ငံ အာဏာပိုင်များက ဖွင့်လှစ်ခဲ့သည်။

လွယ်ဂျယ်ဒေသခံတဦးက ''ဆိုင်းဘုတ်ကတော့ မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး အရာရှိရုံးပေါ့။ ကျန်းဖုန်းမှာတော့ ၁၀ နာရီလောက် လုပ်တယ်။ လွယ်ဂျယ်မှာတော့ ၁ နာရီကနေ ၂ နာရီအထိ လုပ်တယ်။ ရဲချုပ်ခင်ရီ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရုံးက ဗိုလ်မှူးစစ်အေးနဲ့ တရုတ်ဘက်က ရဲချုပ်လာတယ်လို့ သိရတယ်'' ဟု အဆိုပါ ဒေသခံက ပြောသည်။

ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်မှ တာဝန်ခံ ကိုအောင်ဝါက ''ဗမာဘက်ကတော့ နှစ်ပြည်ထောင် ဆက်ဆံရေးကိုပဲ အဓိကထားတာဆိုတော့ အပေါ်ယံသဘောပဲ လုပ်တာဖြစ်တယ်။ နှစ်နိုင်ငံနယ်စပ်ကလည်း ရှည်လျားတယ်။ စီးပွားရေးကလည်း ဖြေရှင်းဖို့ လိုတယ်။ နောက်တခုက လူကုန်ကူးသူတွေက သူတို့နက်ဝပ် (ကွန်ယက်) တွေနဲ့ စနစ်တကျ လုပ်နေတာဆိုတော့ ဒီရုံးလေး ဖွင့်ရုံလောက်နဲ့တော့ လျှော့ကျသွားဖို့ မမြင်ဘူး" ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း အမျိုးသမီးများသည် တနှစ်လျှင် ရာနှင့်ချီကာ လူကုန်ကူးခံရ၊ ရောင်းစားခံနေရကြောင်း ကွန်ယက်က ဆိုသည်။

ကိုအောင်ဝါက "ရာနဲ့ချီတယ်။ ယူနန်ပြည်နယ် သာမက တရုတ်ပြည်မအထိပါ ရောင်းချတယ်။ ဇနီးမယား လုပ်တာလည်း ရှိတယ်။ ကာရာအိုကေ၊ ပြည့်တန်ဆာရုံ၊ အနှိပ်ခန်း၊ အဲဒါတွေအပြင် အခုက မိန်းကလေးတွေကို အချုပ်ခန်းလို နေရာမျိုးထဲမှာ လှောင်ထားပြီး လိုတဲ့အခါမှ ထုတ်ရောင်းတဲ့အဆင့်အထိ အခြေအနေ ဆိုးလာတယ်" ဟု ပြောသည်။


ကျန်းမာရေးဆိုးရွားသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦး ထောင်ဆေးရုံတက်

မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008 16:18 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၃ ဦးသည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် ယခုအခါ ထောင်ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း ဆွေမျိုးသားချင်းနှင့် အကျဉ်းထောင် အသိုင်းအ၀ိုင်း အဆိုအရ သိရသည်။

နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များအား ကူညီစောင့်ရှောက်သူ မယဉ်ယဉ်ဝိုင်း ခေါ် ဆည်းဆာ (လှိုင်မြို့နယ်)၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု (လှိုင်သာယာမြို့နယ်) နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်းမြို့နယ်) ၏ ကျန်းမာရေး အခြေအနေသည် တနေ့ထက်တနေ့ ပိုမို ဆိုးရွားလာသည့်အတွက် အင်းစိန်ထောင်တွင်းရှိ ဆေးရုံတွင် ကုသနေရကြောင်း သိရခြင်း ဖြစ်သည်။

"မယဉ်ယဉ်ဝိုင်းက လွန်ခဲ့တဲ့ ၂ လက စဖြစ်နေတယ်။ အစာအိမ်က နဂိုကတည်းကရှိတော့ ကျန်ခဲ့တဲ့ ၂ လ လောက်ကစပြီး ဆန်ပြုပ်ပဲ သောက်နေရတယ်။ ထမင်းမစားဘူး။ ပေါင်မုန့်လေး၊ ဘီစကစ်လေးပဲ စားနေတာ။ ကျန်ခဲ့တဲ့ တပတ်က အန်တော့ သွေးပါတယ်" ဟု အမည်မဖော်လိုသူ ဆွေမျိုးသားချင်းတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "အရင်တုန်းကလည်း ဆန်ပြုပ်သောက်ပေမယ့် ၂ လ အတွင်းမှာ နည်းနည်းချင်း အန်တယ်။ အခုလို မဖြစ်ဘူး။ သူ့ဆီမှာ အမျိုးသမီးရောဂါ ရှိတယ်။ ခွဲစိတ်ဖို့ ဘာညာလည်း ရှိတယ်။ ဒီအပတ် သူ့အမနဲ့ တွေ့တော့ အပြင်ကို ထုတ်ပြီး ဆေးကုသခွင့်ရအောင် အထက်ကို စာတင်မယ်လို့ သိထားတယ်။ လောလောဆယ် မတင်ရသေးဘူး" ဟု ပြောသည်။

မယဉ်ယဉ်ဝိုင်းသည် ယခုနှစ် မေလဆန်းက နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ဒုက္ခသည်များကို အားတက်သရော ကူညီနေစဉ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ လှိုင်သာယာ အန်အယ်ဒီအဖွဲ့ဝင် ဦးတင်ယုကို ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ကာ ယခုအခါ သူသည် အရိုးကျီးပေါင်းတက် ရောဂါကြောင့် ထောင်ဆေးရုံတွင် ကုသနေရသည်။

"ဦးတင်ယုက အရိုးကျီးပေါင်းတက် ရောဂါနဲ့ ခြေထောက်ကို ဂဲ စွဲနေရတယ်။ ထောင်ဆေးရုံကို သူ့အဆောင်ကနေ သွားတယ်။ ခြေတောက်ကို ဂဲ စွဲရတာက အချိန်ပိုင်းနဲ့ ကုသနေတယ်" ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

သူက ဆက်ပြီး "ဦးတင်ယုလိုပဲ ၈၈ ကျောင်းသားခေါင်းဆောင်တဦး စမ်းချောင်း ကိုကိုကြီးလည်း ဂဲ စွဲနေရတယ်။ သူ့ကျတော့ အချိန်ပိုင်းနဲ့ မဟုတ်ဘူး။ အမြဲတမ်း ဂဲ စွဲဖို့ အင်းစိန်ထောင် ဆေးရုံကို ရောက်နေပြီ။ ဘာရောဂါမှန်း မသိရသေးဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ဆေးရုံများ ရှိသော်လည်း စောင့်ရှောက်ကုသမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ယခုလို ပြောပြသည်။

"နိုင်ငံရေး အကျဉ်းသားတွေဟာ ဆရာဝန်နဲ့တွေ့ဖို့ အချိန်အတော်ကြာ စောင့်ရတယ်။ မလိုလားအပ်တဲ့ ရောဂါဝေဒနာတွေ ပိုမိုခံစားရတယ်။ လူတယောက်က သွေးအန်တဲ့အဆင့်၊ သွေးပါတဲ့အဆင့် ရောက်ပြီဆိုရင် ကျန်းမာရေး အတော်စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ။ လုံလောက်တဲ့ အချိန်မီ ဆေးဝါးကုသခွင့် မရဘူးဆိုရင် ကျန်းမာရေးက ဒီ့ထက်ပိုပြီး ဆုတ်ယုတ်သွားတာမျိုး၊ အသက်ဆုံးရှုံးတာမျိုး ဖြစ်လာနိုင်တယ်" ဟု ကိုဘိုကြည်က ပြောသည်။

သူက "ဆေးကုသခွင့်ရဖို့ အချိန်တိတိကျကျ မပြောနိုင်ဘူး။ ထောက်လှမ်းရေးတွေ အပေါ်မှာ မူတည်တယ်။ အောက်ခြေက ဘယ်လောက်ပဲ တင်ပြတင်ပြ၊ သူတို့ မအားဘူးဆိုရင် ဂရုမစိုက်ဘဲ အမှိုက်တောင်းထဲ ထည့်တာမျိုးတွေဖြစ်ပြီး၊ မလိုလားအပ်ဘဲ ပိုကြာသွားတာမျိုးတွေ ဖြစ်တယ်။ အဲဒီလိုမျိုး လုပ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေးသမားတွေလည်း ရှိခဲ့ဖူးတယ်" ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၂၁၅၉ ဦးရှိသည့်အနက် ၁၀၀ နီးပါးမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း အေအေပီပီ အဆိုအရ သိရသည်။


Monday, December 22, 2008

ကျောင်းသားခေါင်းဆောင် ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြ

မြင့်မောင်
တနင်္လာနေ့၊ ဒီဇင်ဘာလ 22 2008 19:30 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုသက်ဇော်သည် မော်လမြိုင်ထောင် အာဏာပိုင်များက ဖိနှိပ်နေသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်။

မွန်ပြည်နယ် မော်လမြိုင်ထောင်တွင်း၌ အာဏာပိုင်များက သူ့ကို သံခြေကျင်းခတ်ထားသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၄ ရက်ရှိနေပြီဖြစ်ကြောင်း သိရခြင်းဖြစ်သည်။

"မော်လမြိုင်ထောင်မှာ ရောက်နေတဲ့ ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရတယ်။ ထောင်အာဏာပိုင်တွေကို မကျေနပ်လို့ ဆန္ဒပြနေတယ်လို့ ကြားတယ်။ အကြောင်းစုံကိုတော့ ကျနော်တို့ တိတိကျကျ မသိရသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြတယ်လို့ ကြားတယ်။ သူ့အဖေက ၂ ကြိမ် တွေ့ခဲ့ပြီးပြီ။ ကျနော် သူနဲ့ တွေ့လို့ မေးကြည့်တော့၊ လာမယ့် စနေနေ့မှာ ထပ်တွေ့ဖို့ ကြိုးစားနေတယ်" ဟု ပြောသည်။

လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ကိုသက်ဇော် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦး စတင်ဖမ်းဆီးခံခဲ့ရသည်။

ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန် သီးသန့်တရားရုံးက ကျောင်းသားခေါင်းဆောင် ၃၅ ဦးအား ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် နယ်စွန်နယ်ဖျား ဒေသများရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရာတွင် ကိုသက်ဇော်သည် မော်လမြိုင်ထောင်သို့ ရောက်ရှိသွားခဲ့သည်။

ဆန္ဒပြနေသည့် အခြေအနေ အသေးစိတ်ကို ပိုမိုသိရှိနိုင်ရန် ဖခင်ဖြစ်သူထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မင်းသား ကျော်သူ ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့

နန်းဒေ၀ီ
တနင်္လာနေ့၊ ဒီဇင်ဘာလ 22 2008 19:15 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္စျိမ)။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်နှင့် နာရေး အခမဲ့ ကူညီပေးနေသူ ဦးကျော်သူက စစ်အစိုးရ ၀ါဒဖြန့်ဇာတ်ကားများ ရိုက်ကူးတော့မည် မဟုတ်ကြောင်း ယနေ့ ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်ဆန္ဒပြရာတွင် ဆွမ်းကပ်နှင့် ရေ ကပ်လှူခဲ့သဖြင့် အာဏာပိုင်များက ရက်သတ္တပတ် ၃ ပတ်ကြာ ထိန်းသိမ်းခံခဲ့ရသူ သူက လူထုအကျိုးပြု ရုပ်ရှင်ကားများကိုသာ ရိုက်ကူးသွားမည်ဖြစ်ကာ၊ အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများအတွက် ရိုက်ကူးတော့မည် မဟုတ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

"အစိုးရ ၀ါဒဖြန့် ဇာတ်ကားတွေဆို လုံးဝ မရိုက်တော့ဘူး။ အနုပညာကို ပီပြင်ပုံဖော်နိုင်တဲ့ ဇာတ်လမ်းတွေ၊ လူထုကို အကျိုးပြုနိုင်မယ့် ဇာတ်လမ်းမျိုး၊ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ ရိုက်တော့မယ်။ မဟုတ်ရင်တော့ မရိုက်တော့ဘူး" ဟု သူက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ဆန္ဒပြသံဃာတော်များကို ရေနှင့် ဆွမ်း ကပ်လှူခဲ့ရာ ဦးဆောင်သူ အမျိုးသားရေး ဦးဝင်းနိုင် အပါအ၀င် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာနှင့် စာရေးဆရာများ ပါဝင်ခဲ့သည်။

၃ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွတ်လာရာတွင် သူ ပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားကြီး ၂ ကား အပါအ၀င် ဗွီဒီယိုကားပေါင်း ၂၀ ခန့်ကို ရုံတင်ပြသခွင့် ပိတ်ပင်ခဲ့သည်သာမက၊ HIV ပညာပေး ဇာတ်လမ်းဖြစ်သည့် 'အကြွင်းမဲ့ လုံခြုံရာ' ဇာတ်လမ်းကိုပါ ဆင်ဆာအဖွဲ့မှ ပြသခွင့် ပိတ်ပင်ခဲ့သည်။

အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများတွင် ရိုက်ကူးတော့မည် မဟုတ်သော်လည်း ရုပ်ရှင်လုပ်ငန်းမှ အပြီးအပိုင် ထွက်ခွာသွားမည် မဟုတ်ကြောင်းနှင့် စစ်အာဏာပိုင်များက ရိုက်ကူးခွင့်ပေးပါက လွတ်လပ်သည့် ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာတင်းကျပ်မှုများ မရှိမှသာ ရိုက်ကူးတော့မည်ဖြစ်ကြောင်း သူက ပြောသည်။

"အပြီးအပိုင် ထွက်မယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရိုက်ခွင့် ဖွင့်ပေးခဲ့ရင်တောင် ကျနော် ရိုက်ချင်မှ ရိုက်တော့မယ်။ ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရတဲ့အခါ၊ ဆင်ဆာတင်းကျပ်မှုတွေ မရှိတော့မှဘဲ ရိုက်တော့မယ်" ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး "နာရေးကူညီမှုအသင်း လုပ်ငန်းကိုပဲ ကျနော် လုပ်သွားမယ်။ အဲဒါတွေကိုပဲ ဇောက်ချ လုပ်သွားမယ်" ဟု သူက ပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဦးကျော်သူသည် အားလပ်ရက်များတွင် ပန်းချီဆွဲလာခဲ့ရာ ယခုဆိုလျှင် ပန်းချီကားပေါင်း ၁၈ ကား ရေးဆွဲပြီးခဲ့ပြီဖြစ်သည်။