Monday, February 23, 2009

နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံကူးလက်မှတ် အဖျက်ခံရ

NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉
အင်ဂျင်နီယာ ဘီအီးဘွဲ့ရသူများအပါအ၀င် စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းပြေးအဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများတွင် သွာရောက် အလုပ်လုပ်ကိုင်နေသူများအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီး ဦးအောင်သောင်းက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် စက်မှု (၁) ၀န်ထမ်းများအား ချက်ခြင်း အရေးယူဆောင်ရွက်ရန်နှင့် ၄င်းတို့အား ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်နေ့စွဲ၊ ၀န်ထမ်းပြေးဖြစ်ရသည့် ပြစ်ဒဏ်များကို စုံစမ်းဖော်ထုတ်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီးဦးအောင်သောင်းက ညွှန်ကြားထားခြင်းဖြစ်ကြောင်း နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

“စက်မှု (၁) ၀န်ထမ်းများကို ခံစားခွင့်မယူဘဲ အလုပ်ကနေ နှုတ်ထွက်ခွင့်မပေးဘူး။ နှုတ်ထွက်ချင်တယ်ဆိုရင် လျော်ကြေးငွေ သိန်း (၄၀-၅၀) ထိ ပေးရမယ်ဆိုပြီး ညစ်ထားတယ်ဗျာ။ နောက် ၀န်ကြီးဦးအောင်သောင်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အင်ဂျင်နီယာ ဘီအီးဘွဲ့ရ အရာရှိတွေ ၀န်ထမ်းပြေးအဖြစ်ခံပြီး အလုပ်ခွင်ကို ပြန်မလာတာ ပါဘဲ။ ဒါကြောင့် ဒီကြေငြာချက်ထုတ်ပြီး ၀န်ကြီးဦးအောင်သောင်းက ဒုက္ခပေးဖို့ ကြံစည်တယ်လို့ပဲ မြင်ကြတယ်” ဟု အမည်မဖော်လိုသည့် စက်မှု (၁) ၀န်ထမ်းတဦးက ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျောက်ဆည် အပ်ချုပ်စက်ရုံမှ မဟာအင်ဂျင်နီယာဘွဲ့ရ ဦးရဲထွန်းဆိုလျင် ၀န်ထမ်းဘ၀မှ ထွက်ခွင့်မရသည့်အတွက် အလုပ်ခွင်သို့ ပြန်မလာတော့ဘဲ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသဖြင့် ဦးရဲထွန်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပေးရန် စင်ကာပူ မြန်မာသံရုံးသို့ ၀န်ကြီးဦးအောင်သောင်းက အကြောင်းကြားခဲ့သလို လိုအပ်သလို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနကိုပါ စာဖြင့် အကြောင်းကြားခဲ့သည်ဟု စုံစမ်းသိရသည်။

အလားတူပင် မကွေး ဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေး ဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၉ နှစ်ဆန်းပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု- ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အလုပ်မှ ထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင် ၀က်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေး ငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။

Saturday, February 21, 2009

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ကျေညာချက်ထုတ်ပြန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPPB)က ကြားဖြတ်သတင်းကြေငြာချက်တစ်ရပ်ကို ယနေ့ ၂၂၊ ၂၊ ၂၀၀၉ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြောင်း ကြားသိရသည်။
၎င်းကြေငြာချက်ထဲတွင် မြန်မာပြည်ရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဖေါ်ပြပါရှိသည်။
လွတ်မြောက်လာသူများစာရင်းကို ၎င်းကြေငြာချက်အရ သိရှိရသည်မှာ -

မြစ်ကြီးနားအကျဉ်းထောင်မှ
၁။ ဒေါက်တာဇော်မြင့်မောင် (လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၉၁ခုနှစ်ကတည်းက ထောင်ကျခံနေရသူ)
၂။ ဦးဖေစိန် (မြို့နယ်စည်း၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်)
၃။ ဦးနော်နော်

အင်းစိန်းအကျဉ်းထောင်မှ
၎။ ဥူးကေသရ(ခ)ဦးကျော်မင်းသက်
၅။ ဥူးအဂုင်္ရ(ခ)ဦးအေးထွန်းသာ
၆။ ဥူးသီရိန္ဒြ(ခ)ဦးကျော်မိုး
၇။ ဥူးမာလိန္ဒြ(ခ)ဦးဇော်မင်းအောင်
၈။ ဥူးအာဒိစ္စ(ခ)ဦးအောင်ကို
၉။ ဥူးတိက္ခနိတြ(ခ)ဦးမောင်ဇော်
၁၀။ ဥူးဓမ္မိတိက္ခ(ခ)ဦးထွန်းထွန်း
၁၁။ ဦးထွန်းဇော်ဋ္ဌေး(ခ)ထွန်းထွန်း
၁၂။ ဦးခိုင်ဘမြင့်
၁၃။ ဦးစိုး
၁၄။ ဥူးနန္ဒသီရိ(ခ)ဦးဋ္ဌေးရဲထွန်း
၁၅။ ဦးစန္ဒိမာ(ခ)ဦးဇော်မင်းထက်
၁၆။ မမွှေး(ခ)မကျင်ဟော
၁၇။ မခင်ခင်လဲ့
၁၈။ ဦးတင်လှိုင်
၁၉။ ဦးသက်ဝေ

တို့ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြပါရှိပါသည်။




အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်လာ

နန်းဒေ၀ီ
စနေနေ့၊ ဖေဖေါ်ဝါရီလ 21 2009 20:49 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ အကျဉ်းသား ၆၃၁၃ ဦးအား စနေနေ့ (ယနေ့) တွင် လွှတ်ပေးမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှတဆင့် ယမန်နေ့က မြန်မာစစ်အစိုးရမှ ကြေညာခဲ့ပြီးနောက် ယနေ့တွင် အကျဉ်းထောင်အချို့မှ နိုင်ငံရေး အကျဉ်းသားအချို့ အပါအဝင် လွတ်မြောက်လာသူများ ရှိခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်မှ အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာတွင် အကျဉ်းသူ ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် အကျဉ်းကျနေသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့လည်း ပါဝင်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။

လွတ်မြောက်လာသူများထဲတွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေနှင့်အတူ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ ပါဝင်ခဲ့သည်။

လွတ်မြောက်လာသူများအနက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာတိုက်မှ သံဃာတော် ၄ ပါး၊ ရန်ကင်း စန္ဒသူရိယ ကျောင်းတိုက်မှ သံဃာတပါးနှင့် ခရမ်းမြို့နယ် ကိုင်းကုန်းကျောင်းတိုက်မှ သံဃာတော် ၂ ပါးလည်း ပါဝင်သည်။

အဆိုပါ သံဃာ ၇ ပါး၏ ဘွဲ့အမည်၊ သက်တော်နှင့် ထောင်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဦးသိရိန္ဒ ခေါ် ကျော်မိုး (ဗားကရာ) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၅ နှစ်)

၂။ ဦးကေသရ ခေါ် ကျော်မင်းသက် (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၃။ ဦးဒမ္မိက ခေါ် ထွန်းထွန်း (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၎။ ဦးတိက္ခ၀ိန္ဒြာယ ခေါ် မောင်ဇော် (ဗားကရာ) (ထောင်ဒဏ် ၁၇ နှစ်)

၅။ ဦးအဂုင်္ရ ခေါ် အေးထွန်းသာ (စန္ဒသူရိယ) (ထောင်ဒဏ် ၁၆ နှစ်)

၆။ အာဒိစ္စ ခေါ် အောင်ကိုကို (ကိုင်းကုန်း) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၆ နှစ်)

၇။ မကိန္ဒ ခေါ် မင်းဇော်အောင် (ကိုင်းကုန်း) (ထောင်ဒဏ် ၁၆ နှစ်)

ယခု သံဃာအားလုံးအား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အမြင်ကပ်ပုဒ်မဟု လူသိများသည့် (၀ါ) နိုင်ငံရေးပုဒ်မဟု ခေါ်ဆိုကြသည့် ပုဒ်မ ၅ (ည) အပါအဝင် တရားမဝင် စာရွက်စာတမ်း လက်ဝယ်ထားရှိမှု၊ သာသနာတော်အား ငြှိုးနွမ်းအောင် လုပ်ဆောင်မှု စသည့် ပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုထွန်းထွန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးခိုင်ဘမြင့် လွတ်မြောက်လာသည်ဟုလည်း သိရသည်။

အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမမှ ဆက်လက် စုံစမ်းကာ တင်ပြသွားပါမည်။

Friday, February 20, 2009

အန်အယ်လ်ဒီနှင့်စစ်အစိုးရ တွေ့ဆုံဖို့အရေး ခပ်ဝေးဝေး (သတင်းသုံးသပ်ချက်)

NEJ / ၂၀ ဖေဖော်ဝါရီ ၂၀၀၉


မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အန်အယ်လ်ဒီတို့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ မြန်မြန်ဆန်ဆန် ဆွေးနွေးကြရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက ယမန်နေ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေး အပြီးတွင် အထွေထွေညီလာခံ ဥက္ကဋ္ဌ မီးဂဲလ်ဒက်စကိုတို က ယင်းကဲ့သို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တင်ပြခဲ့သည့် အကြံပေးချက်များအရ ခိုင်မာ သည့် ရလဒ်ကောင်းများပေါ်ထွက်အောင် လုပ်သည့်နည်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ ဆောင်ရွက်ပေးမှုအား ပူးပေါင်းလုပ်ကိုင်ပါမည်ဆိုသည့် မိမိတို့ကတိကို အကောင်အထည် ဖော်ပြသရန် အခွင့်အရေးကောင်းတခု ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရန် စစ်အစိုးရအား မစ္စတာဒက်စကိုတိုက ဆက်လက်တိုက်တွန်းထားသည်။

အထွေထွေညီလာခံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ယင်းညီလာခံမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပေါ်ထွန်းလာအောင် အထွေထွေညီလာခံ၏ အဆက်မပြတ်လုပ်ကိုင်နေမှုကို ထပ်လောင်းအတည်ပြုစေသည်။ ထို့အပြင် မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ ဆောင်ရွက်မှုကို အထွေထွေညီလာခံ ဥက္ကဋ္ဌက ဆက်လက်ထောက်ခံနေကြောင်း ထပ်လောင်းပြသခြင်းလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

စစ်အစိုးရနှင့် အန်အယ်လ်ဒီတို့ တွေ့ဆုံဆွေးနွေးရန် အထွေထွေညီလာခံဥက္ကဋ္ဌက တောင်းဆို နေသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာယူထားသမျှ ကာလပတ်လုံး တွေ့ဆုံဆွေးနွေး ပွဲဖြစ်ရန် အလားအလာနည်းသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

“အခြေအနေကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှိနေသမျှတော့ တွေ့ဆုံဖို့မလွယ်ဘူး။ နောင်ကျ ရင်တော့ အပြောင်းအလဲတွေ ဖြစ်လာရင်တော့ မြန်မာ့နိုင်ငံရေးလည်း ပြောင်းလဲသွားမယ်လို့ ဒီလိုပဲ ယုံကြည်တယ်။ ဒါတကယ့်အခြေအနေပဲလေ။ သူကတော့ သူ့တသက်ကို အာဏာရှင် အနေနဲ့ နေသွားချင်တယ်လို့ ဒီလိုပဲမြင်တယ်လေ။ အခုအခြေအနေအရကလည်း နေနိုင်တဲ့ အခြေအနေလို့ ကျနော်ကတော့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟာက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အင်ဒိုနီးရှားဖြစ်ဖြစ်၊ ကိုရီးယားဖြစ်ဖြစ်၊ ဖိလစ်ပိုင်ဖြစ်ဖြစ် အပြောင်းအလဲပေါ်လာတယ်ဆိုတာ က အတွင်းကလူတွေကိုယ်တိုင်က တပ်ဆို တပ်တွင်းကလူတွေကိုယ်တိုင်က ဒီမိုကရေစီကိုလို လားပြီးတော့ ပူးပေါင်းဆောင်ရွက်လာမှသာဖြစ်တာ။ မြန်မာပြည်မှာ အဲဒီလိုအခြေအနေကို အခုထိအောင်တော့ ကျနော်မမြင်သေးဘူး။ အတွင်းမှာ ဘယ်လောက်ဖြစ်နေမယ်ဆိုတာတော့ မသိဘူးပေါ့လေ။ ဒါပေမဲ့ အပေါ်ယံကြည့်ရတာကတော့ နိုင်နိုင်နင်းနင်း အုပ်ချုပ်နေနိုင်တယ်လို့ ဒီလိုပဲမြင်တယ်။ ကုလသမဂ္ဂအနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးရေး ဆုံးဖြတ်ပေးထားတာ လည်း အများကြီးပဲ။ နှစ်တွေလည်းအများကြီးပဲ။ ဘာမှမဖြစ်ဘူး။ လုံခြုံရေးကောင်စီကျတော့ လည်း ရုရှနဲ့ တရုတ်ကနေ မြန်မာအစိုးရဖက်ကို အကာအကွယ်ပေးထားတော့ ဘာမှမဖြစ်ဘူး” ဟု သခင်ချန်ထွန်းက သုံးသပ်သည်။

အန်အယ်လ်ဒီဘက်ကမူ စစ်အစိုးရအား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းသည့် ကြေညာချက် တရပ်ကို ဖေဖော်ဝါရီ (၁၇) ရက်က ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရဘက်မှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

အဆိုပါကြေညာချက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူမနာကိုယ်မနာ လမ်းစဉ်ဖြင့် အလျော့အတင်းလုပ်၍ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသော်လည်း စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးခြင်းမဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။

သို့သော် တွေ့ဆုံဆွေးနွေးရေး စတင်နိုင်ရန်အတွက် သင်ပုန်းချေရေးကိစ္စကို စတင်ဆွေးနွေး သင့်သည် ဆိုသည့်မူကို အန်အယ်ဒီက လက်ကိုင်ထားသည့်အတွက် သူမနာကိုယ်မနာ လမ်းစဉ်မှာ သင်ပုန်းချေရေးကို ရည်ရွယ်ပုံရသည်ဟု ရန်ကုန် နိုင်ငံရေးအကဲခတ်အချို့က ယူဆသည်။

ယနေ့ပေါ်ပေါက်နေသော အမျိုးသားရေးပြဿနာများ၏ အဖြေမှာ သင်ပုန်းချေရေးအပေါ် မူတည်နေသည်ဟု အဖွဲ့ချုပ်က ယုံကြည်သည့်အကြောင်း ၂၀၀၄ ဒီဇင်ဘာ (၂) ရက်တွင် ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် သင်ပုန်းချေရေးနှင့် ပတ်သက်၍ အကောင်အထည်ပေါ်လာပါက မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အခြေအနေများ တိုးတက်လာမည့် လမ်းစပေါ်နိုင်သည်ဟု ယုံကြည်ကြောင်း အဖွဲ့ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ရေး၊ အလုံးစုံပိတ်ဆို့ရေး စသည့် အချက် (၄) ချက်ကို အန်အယ်လ်ဒီဘက်က စွန့်လွှတ်မှသာလျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တွေ့ဆုံ မည်ဆိုသည့်အကြောင်း စစ်အစိုးရဘက်က ကြေညာချက်အမှတ် ၁/၂၀၀၇ ဖြင့် ထုတ်ပြန်ထား ပြန်သည်။ တချိန်တည်းမှာပင် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးရန်မလိုကြောင်း ကြိမ်ဖန်များစွာ တရားဝင် ပြောကြားခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရဘက်က တောင်းဆိုထားသည့် အချက် (၄) ချက်မှာ အန်အယ်လ်ဒီဘက်မှ ကျူးလွန်ထားခြင်းမရှိသည့် အချက်များကို တောင်းဆိုထားသည့်အတွက် အန်အယ်လ်ဒီနှင့် ဆွေးနွေးပွဲမဖြစ်အောင် စစ်အစိုးရဘက်က တမင်ကြံစည်ထားသည့် နိုင်ငံရေးညစ်ကွက် ဖြစ်သည်ဟု အတိုက်အခံဘက်က ယူဆသည်။

သို့သော် စစ်အစိုးရတောင်းဆိုထားသည့် အချက် (၄) ချက်နှင့် ပတ်သက်သည့် ကိစ္စများ မဖြစ်ပေါ်ရအောင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သဘောတူညီချက်များကို လည်း နှစ်ဖက်ကြေညာချက်ထုတ်ပြန်ရန် အသင့်ရှိကြောင်း ဆက်ဆံရေးဝန်ကြီးမှတဆင့် စစ်အစိုးရအာဏာပိုင်များထံ အသိပေးခဲ့ကြောင်း အန်အယ်လ်ဒီ၏ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြန်သည်။

ထို့ကြောင့် အန်အယ်လ်ဒီနှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အခြေအနေသည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဒက်စကိုတို တောင်းဆိုထားသကဲ့သို့ အမှန်တကယ်အကောင် အထည်ပေါ်လာမည်လား၊ သို့မဟုတ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ယူဆသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပြောင်းအလဲဖြစ်မှ အဆင်ပြေမည်လား ဆိုသည်မှာ စောင့်ကြည့်ရ မည်ဖြစ်သည်။

သေချာသည့် အချက်မှာ အန်အယ်လ်ဒီအား စွပ်စွဲထားသည့် အချက် (၄) ချက်ကို စစ်အစိုးရ ဘက်က ပြန်လည်မရုတ်သိမ်းသမျှ တွေ့ဆုံဆွေးနွေးရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။

UNA က ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ

ကိုဝိုင်း
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 20 2009 19:08 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်တွင်းရှိ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ - UNA က မြန်မာ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ဤသည်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအတွင်း မြန်မာပြည်ဆိုင်ရာ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီက မြန်မာပြည်နှင့် ပတ်သက်၍ တံခါးပိတ် အစီရင်ခံစာ တင်သွင်းသည့် အချိန်နှင့် တိုက်ဆိုင်စွာ ယခုလို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

"အဓိက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ UNA ရဲ့ stand ကို ဖော်ပြတာပါ။ ဒီနေ့ ယူအန် လုံခြုံရေးကောင်စီမှာ တံခါးပိတ် စည်းဝေးပွဲ လုပ်မယ်လေ။ ရွေးကောက်ပွဲဖြစ်ရင် ကျနော်တို့က ဝင်ပြိုင်မှာ မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား၊ ဟိုတုန်းက လုပ်ထားတာ မရှိဘူး၊ ကန့်ကွက်တယ်လို့ပဲ ပြောထားတာ။ ရွေးကောက်ပွဲ ဆိုတာမျိုးက အားလုံး ပြေလည်ပြီးတော့မှလေ။ အခုဟာက ထောင်ကျနေတဲ့ လူတွေလည်း မလွှတ်ဘူး။ ဘာမှ ဆွေးနွေးတိုင်ပင်တာလည်း မလုပ်ဘူး" ဟု UNA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇိုမီးအမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

UNA ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသားလူမျိုးပါတီ ၁၂ ပါတီဖြင့် စတင်စုစည်းခဲ့သော်လည်း မြန်မာစစ်အစိုးရက ၁၀ ပါတီအား တရားမ၀င် ဖျက်သိမ်းပစ်ခဲ့ပြီး လက်ရှိအချိန်တွင် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့သာ အသိအမှတ် ပြုထားသည်။

ယနေ့ထုတ်ပြန်သည့် UNA ထုတ်ပြန်ချက်တွင်မူ ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ဘဲ နအဖ က တဖက်သတ် အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ စုပေါင်းဖြေရှင်းမှသာ မြန်မာနိုင်ငံ၏ ပြဿနာများ ပြေလည်မည်ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံ၏ ပြဿနာများအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် သတ်မှတ်ချက်များ မပါဘဲ အမြန်တွေ့ဆုံရန် မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အန်အယ်ဒီ၏ အထူးကြေညာချက် အမှတ် ၂ ၏ တောင်းဆိုခဲ့မှုသည် UNA ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲမှု မရှိကြောင်းနှင့် အန်အယ်ဒီက ၂၀၀၈ ခု ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားမှုနှင့် ပတ်သက်၍လည်း ထောက်ခံကြောင်း UNA ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။

ပူကျင့်ရှင်းထန်က "ကွဲလွဲမှု မဖြစ်ပါဘူး။ ဆွေးနွေးတယ်ဆိုတာက စုံစုံလင်လင်လည်း ဖြစ်တယ်။ ဒီမိုကရေစီ ဘက်တော်သား အားလုံးကို ဒေါ်စုလည်း ကိုယ်စားပြုနိုင်ပါတယ်။ ဒါက နိဂုံးချုပ်တာ မဟုတ်သေးဘူးပေါ့ဗျာ။ စစ်တပ်ကို ကိုယ်စားပြုဖို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်စားပြုနိုင်တယ်'' ဟု ဆိုသည်။

ဆက်လက်ပြီး ''ဒီနှစ်ယောက် ဆွေးနွေးပြီးရင် ရှေ့ဆက်ပြီး ဘာလုပ်မယ်ဆိုတာ လာဦးမယ်။ အဲဒီအခါကျ ကျနော်တို့ ပါရင် ပါဦးမယ်ဆိုတဲ့ အမြင်မျိုးနဲ့ ဒါကို ရပါတယ်ဆိုတဲ့ အမြင်မျိုး ပြောတာပါ။ သူတို့ နှစ်ယောက် ဆွေးနွေးရင်ဆိုတာ ကျနော်တို့ကို ပယ်ထားတာ မဟုတ်ပါဘူး။ အလုပ်ဖြစ်အောင် ပဏာမ အနေနဲ့ သူတို့ နှစ်ယောက် ဆွေးနွေးရင် တခါတည်း ဆုံးဖြတ်နိုင်အောင် ကျနော်တို့ ထောက်ခံတာပါ" ဟု သူက ပြောသည်။

ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း နအဖ ၏ မူဝါဒလမ်းစဉ် ၇ ရပ်နှင့် ၂၀၁၀ ခု ရွေးကောက်ပွဲအား မထောက်ခံရန်နှင့် နအဖ အပေါ် ထိရောက်သည့် လုပ်ဆောင်မှုများ၊ ဖိအားပေးမှုများ ဆောင်ရွက်ပေးရန်လည်း ထည့်သွင်း တောင်းဆိုထားသည်။

တိုင်းရင်းသားအဖွဲ့များတွင် UNA၊ အပစ်ရပ်၊ တောတွင်း လက်နက်ကိုင် စသည်ဖြင့် ကွဲပြားလျက်ရှိရာ တိုင်းရင်းသားအားလုံးကို UNA တခုတည်းနှင့် ကိုယ်စားပြုနိုင်ခြင်း မရှိသဖြင့် တိုင်းရင်းသားအားလုံး စုစည်း ဆွေးနွေးရမည်ဟုလည်း ပူကျင့်ရှင်းထန်က ပြောဆိုသည်။

ဂမ်ဘာရီ တိုက်တွန်းချက် အန်အယ်ဒီ လက်မခံ

နန်းဒေ၀ီ
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 20 2009 20:37 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အားပေးရန် တိုက်တွန်းသည့် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ကုလ လုပ်ငန်းစဉ်များကို စွက်ဖက်သည့် အသွင်ဆောင်ကြောင်း အတိုက်အခံပါတီ အန်အယ်ဒီက ယနေ့ ပြောဆိုလိုက်သည်။

မစ္စတာ ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ယမန်နေ့ ပူးတွဲကြေညာချက်တွင် "နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လက်ခံနိုင်ဖွယ် ပုံစံတခုဖြစ်အောင် ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မြန်မာအစိုးရကို အားပေးရန်" တိုက်တွန်းချက်သည် ကုလ လုပ်ငန်းစဉ်အပေါ် စွက်ဖက်သလို ဖြစ်သွားနိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

"အဲဒါ ဘာကြောင့် ထုတ်သလဲဆိုတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်ထားတဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လေးစား လိုက်နာရမယ် ဆိုတဲ့ မူနဲ့ မကိုက်ညီတဲ့အတွက် အထူး စိုးရိမ်မိတယ်။ သူ့အနေနဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို ၀င်ရောက် စွက်ဖက်သလို ဖြစ်သွားမယ်" ဟု ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "ဂမ်ဘာရီရဲ့ ရပ်တည်ချက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တွေရဲ့အပြင် ရောက်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ သူတို့က အထွေထွေ ညီလာခံမှာ နိုင်ငံပေါင်းစုံတွေရဲ့ ဆုံးဖြတ်ချက်ခဲ့တဲ့ ဟာတွေနဲ့ မကိုက်ညီတဲ့အတွက် စိုးရိမ်မိတယ်လို့ ပြောတာပါ" ဟု ပြောသည်။

ကုလ ကိုယ်စားလှယ်သည် ၇ ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာပြည်သို့ ယခုလဆန်းပိုင်းက လာရောက်စဉ် အကျယ်ချုပ်ကျခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို မစ္စတာဂမ်ဘာရီက တိုက်တွန်းပေးပါရန် ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အန်အယ်ဒီက လက်မခံကြောင်းနှင့် အဆိုပါ ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် အကြံပြု ဆွေးနွေးခဲ့သည်။

မစ္စတာဂမ်ဘာရီက မည်သည့် အချက်သည် အဓိက ဦးစားပေးသနည်းဟု မေးမြန်းခဲ့ရာ အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အကုန်လွှတ်ပေးရေး ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ယမန်နေ့က အထူးကြေညာချက် နှစ်စောင်ကို အန်အယ်ဒီက ထုတ်ပြန်ရာတွင် မစ္စတာ ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီး၏ ပူးတွဲ ကြေညာချက်အပေါ် ယနေ့ ပြောဆိုချက်အတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်ကာ၊ နောက်တစောင်၌မူ မကြာမီ မြန်မာပြည်သို့ လာရောက်မည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်အပေါ် ပါတီအနေဖြင့် မည်သည့် ကြိုတင် ကန့်သတ်ထားခြင်းများ မရှိကြောင်း ပြောဆိုထားခြင်း ဖြစ်သည်။

"အန်အယ်ဒီက ကြိုတင် စည်းကမ်းချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရမယ် ဆိုတာတွေက မမှန်ဘူး။ ကျနော်တို့မှာ အဲလို ကြိုတင်စည်းကမ်းချက်လည်း မထားပါဘူး။ အဲဒီထဲမှာပဲ ခေါင်းဆောင် ၂ ဦး တိုက်ရိုက်တွေ့ဆုံရေး အတွက်လည်း ကြိုတင် စည်းကမ်းချက်လည်း မထားပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အထူး ကြေညာချက်များကို နိုင်ငံခြား သံရုံးတချို့နှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံးများကို ပေးပို့ခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

နယ်စပ်မှာ ထောက်လှမ်းရေးတွေ ပိုများလာသလား


စစ်အစိုးရ၏ ထောက်လှမ်းရေး သတင်းကွန်ယက်သည် ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ပိုမို ကျယ်ပြန့်လာကာ သတင်းမှန်နှင့် သတင်းမှားများကို ရောနှော ပေးပို့လျက်ရှိ သည်ဟု နယ်စပ် သတင်းရပ်ကွက် နှင့် လျှို့ဝှက် အစီရင်ခံစာ တစောင်အရ သိရှိရသည်။

ဧရာဝတီက ရရှိထားသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးသို့ ပေးပို့သည် ဟူသော အစီရင်ခံစာ တစောင်တွင် ထိုင်း-မြန်မာ နယ်စပ်ဒေသ အခြေစိုက် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို ဖော်ပြထားသည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ၁၄ ကြိမ်မြောက် ကွန်ဂရက် နှင့် ခေါင်းဆောင်သစ်များ ရွေးကောက် တင်မြှောက်ခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုလည်း အဆိုပါ သတင်းပေးပို့ချက်တွင် တွေ့ရသည်။

စစ်အစိုးရ ထောက်လှမ်းရေးများသည် အတိုက်အခံ ခေါင်းဆောင်များ အချင်းချင်း ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းမှားများ ဖြန့်ချိလေ့ရှိသည်ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ဆိုသည်။

“များသောအားဖြင့် သူတို့က သတင်းမှားတွေ အထက်ကို ပေးကြတာပဲ။ ဒါပေမယ့် (အတိုက်အခံ) အဖွဲ့အစည်းတွေ အနေနဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုသေးတယ်” ဟု ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောပြသည်။

ပြည်ပရောက် အဖွဲ့အစည်းများမှာ လုံခြုံရေးဂရုစိုက်မှု အားနည်းကြောင်း ထိုင်းအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ သုတေသီ ဦးဌေးအောင်ကလည်း သုံးသပ်သည်။

“ထောက်လှမ်းရေးဆိုတာ ချိုပါတာမှ မဟုတ်တာ” ဟု ဦးဌေးအောင်က ပြောသည်။ “တပ်မတော် ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းပြီး နောက်ပိုင်း အသစ် ပေါ်လာတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က အားနည်းကောင်း နည်းနေလိမ့်မယ်။ ဒါပေမယ့် ငွေအကုန်အကျခံ၊ အချိန်ယူပြီး လှုပ်ရှားနေတော့ အခုနေအခါ ပိုအားကောင်းလာမယ်လို့ ယူဆရတယ်” ဟု ဦးဌေးအောင်က ပြောသည်။

ဧရာဝတီက ရရှိသည့် အဆိုပါ “လျှို့ဝှက်” အစီရင်ခံစာတွင် စာမျက်နှာ ၄၂ မျက်နှာ ပါရှိသည်။ အောက်တိုဘာ ၂ ရက်နေ့က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ကိုငွေလင်းက ထို အချက်အလက်မှာ မှားယွင်းသည်ဟု ဧရာဝတီသို့ ပြောသည်။ “ဒီအစီရင်ခံချက်က အစစ်အမှန် ဆိုရင်တော့ တော်တော်လွဲမှားတဲ့ အစီရင်ခံချက်လို့ ပြောချင်တယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကျနော် ချင်းမိုင်ကို မရောက်ဘူး” ဟု ပြောပြသည်။

အစီရင်ခံစာတွင် မြန်မာ အမျိုးသမီး သမဂ္ဂ ဥက္ကဋ္ဌ မိဆူးပွင့်သည် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း နို့ဖိုး ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ကျမ နို့ဖိုးဒုက္ခသည် စခန်းကို တခါမှ မရောက်ဖူးဘူး” ဟု မိဆူးပွင့်က ဧရာဝတီသို့ ပြောပြသည်။ “သူတို့ သတင်းပို့တဲ့စနစ်က အလုပ်ရှိကြောင်း ပြချင်တဲ့ သဘောနဲ့ အောက်ခြေ အဆင့်ဆင့်က တင်နေတယ်လို့ ကျမ ထင်တယ်လေ” ဟု မိဆူးပွင့်က သုံးသပ်ပြသည်။

ယခင်ကလည်း “လျှို့ဝှက်” အစီရင်ခံစာ တချို့ ပြင်ပသို့ ပေါက်ကြား ခဲ့ဖူးကြောင်း၊ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တို့၏ အမည်များ လှုပ်ရှားမှုများကို ရှည်လျားစွာ ရေးသားထားကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် လေ့လာသူတဦးက ပြောသည်။ ထိုသို့သော သတင်းများ အဆင့်ဆင့် တင်ပြနေခြင်းသည် မြန်မာစစ်တပ်အတွင်း အမြဲတမ်း နိုးကြားနေစေရန် တပ်လှန့်လိုခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ယူဆသည်။

“ထောက်လှမ်းရေးဆိုတာ သတင်းတွေကို များများ တင်နိုင်မှ၊ မတင်နိုင်ရင် သူတို့အတွက် ပြဿနာရှိတယ်။ မှားတာ မှန်တာ အရေးမကြီးဘူး၊ အထက်က ဒီသတင်းတွေနဲ့ ပတ်သက်ပြီး လာစစ်တာလည်း မဟုတ်ဘူး” ဟု ၎င်းက သုံးသပ်လိုက်သည်။