| 24 March 2009 | |
| မစ္စတာ ကင်တားနား (မတ်လ ၂၀၀၉) |
| 24 March 2009 | |
| မစ္စတာ ကင်တားနား (မတ်လ ၂၀၀၉) |
| ကိုဝိုင်း |
| ကြာသပတေးနေ့၊ မတ်လ 26 2009 17:42 - မြန်မာစံတော်ချိန် |
| ချင်းမိုင် (မဇ္ဈိမ)။ ။ အနာဂတ်မြန်မာပြည်ကို စုပေါင်းဆောင်ရွက်နိုင်ရန် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာ မိသားစုတို့၏ အလေးအနက် တောင်းဆိုချက်ဖြစ်သော အားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းတရပ် ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ယနေ့ထုတ် ထုတ်ပြန်ချက် စာအမှတ် ၁/၂ဝဝ၉ (၈၈) တွင် ဖော်ပြထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်နှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပြည်သူတရပ်လုံးက ညီညွတ်စွာ လက်တွဲခဲ့ပြီး နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တော်လှန်၍ လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို အသိမှတ်ပြုရန်မှာ အရေးကြီးကြောင်းလည်း ဆိုထားသည်။ ထို့အပြင် နအဖ စစ်အစိုးရက တဖက်သတ် ပြဋ္ဌာန်းအတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံထားခြင်း မရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောသည်။ “အဓိကက အားလုံးစည်းလုံးညီညွတ်မှုပေါ့ဗျာ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အရေးကြီးတယ်လေ။ တိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် ဒီ တိုင်းပြည်ရဲ့ အသက်ဖြစ်တဲ့ ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံ) မှာ ကန့်သတ်ထားတာတွေ ရှိတယ်။ ဒါ မဖြစ်သင့်ဘူး။ ဒါကြောင့် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဒီကွန်စတီကျူးရှင်းကိုလည်း ပြန်သုံးသပ်ဖို့ တောင်းဆိုထားတာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။ ယခုတောင်းဆိုချက်များသည် တိုင်းရင်းသားများနှင့် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုအားလုံး၏ တောင်းဆိုချက်ပင်ဖြစ်၍ နအဖ က လက်ခံဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုများ ပြိုကွဲကာ တိုင်းပြည်၏ အနာဂတ် ပျက်သုန်းရန်သာရှိပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်သို့ ချီတက်ရန်လည်း မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က အလေးအနက်ထား၍ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ပြန်လည်သုံးသပ်ရေးအတွက် ကော်မတီဖွဲ့ပေးရန် အန်အယ်ဒီပါတီ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများကလည်း စစ်အစိုးရထံ အကြိမ်ကြိမ် ထုတ်ပြန်တောင်းဆိုနေသည်။ သို့သော် တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသည်သာမက သံဃာတော်များ၊ အန်အယ်ဒီ ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်သားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နယ်ထောင်များသို့ ရွှေ့ပြောင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။ |
| ငြိမ်းချမ်း |
| အင်္ဂါနေ့၊ မတ်လ 24 2009 14:33 - မြန်မာစံတော်ချိန် |
| ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား နှစ်ဦးထံ ထောင်ဝင်စာ သွားတွေ့ရာ ထောင်မှူးကို ငွေပေးမှသာ အချိန်ကြာကြာနှင့် လွတ်လပ်စွာ တွေ့ခွင့်ရကြောင်း သက်ဆိုင်သူ ဆွေမျိုးများက မဇ္ဈိမကို ပြောသည်။ ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ လှုပ်ရှားတက်ကြွသူ မနီနီနွယ်မြင့်နှင့် ကိုချစ်မောင်မောင် ကို မိခင်များက ပြီးခဲ့သည့်လအတွင်း ထောင်ဝင်စာ သွားတွေ့ရာ ဘူးသီးတောင်ထောင်မှူး ဦးတင်ထွန်းကို ငွေကျပ် ၅ သောင်း လာဘ်ထိုးခဲ့ရခြင်း ဖြစ်သည်။ “ငွေမပေးတုန်းက အထက်ကလူကြီး လာစရာရှိလို့ အိမ်ထောင်စုစာရင်း ပါလား၊ ရပ်ကွက်ထောက်ခံစာ ပါလားဆိုပြီး ဟိုမေးဒီမေးနဲ့ တပတ်လောက် တွေ့ခွင့်မပေးဘဲ ပြန်လွှတ်တယ်။ ရက်ကြာလာတော့ မခံနိုင်တာနဲ့ ထောင်ဝန်ထမ်း တယောက်ကို အကျိုးအကြောင်းပြောပြီး ငွေပေးလိုက်တော့မှ နီနီမေမြင့်၊ ချစ်မောင်မောင်တို့နဲ့ ထောင်ဗူးဝမှာ ၃ နာရီလောက် စကားပြောခွင့် ရခဲ့တယ်” ဟု မနီနီမေမြင့်နှင့် ဆွေမျိုးတော်စပ်သူ တောင်ကုတ်မြို့ခံက ပြောသည်။ မနီနီမေမြင့်၏ မိခင် ဒေါ်မြဦးနှင့် ကိုချစ်မောင်မောင်၏ မိခင် ဒေါ်မခင်မြင့်သည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့က တောင်ကုတ်မှ ဘူးသီးတောင်သို့ ထွက်သွားသော်လည်း ၂၈ ရက်နေ့မှသာ တွေ့ခွင့်ရပြီး၊ ယခုလ ၂ ရက်နေ့ကျမှ နေအိမ်များသို့ ပြန်ရောက်ခဲ့ကြသည်။ ဘူးသီးတောင်သို့ မလိခ သင်္ဘောဖြင့် သွားရာ တဦးလျှင် အသွားအပြန်စရိတ် ကျပ် ၆ သောင်း၊ စားစရိတ်နှင့် တည်းခိုခန်းခ ၂ သောင်းကျော်၊ သမီးများအတွက် ငွေကြေး၊ ဆေးဝါး၊ အစားအသောက်နှင့် ထောင်မှူးအတွက် လာဘ်ငွေနှင့်ဆိုပါက တခေါက်လျှင် ကျပ် ၄ သိန်းခန့် လိုအပ်ကြောင်း ကိုချစ်မောင်မောင်၏ ဆွေမျိုးတဦးက ဆိုသည်။ ထောင်ဝင်စာတွေ့စဉ် အကျဉ်းဦးစီး အရာထမ်းက စောင့်ကြည့်နေသဖြင့် ထောင်အတွင်းမှ အခြားအနေများကို သိခွင့် မရသော်လည်း၊ အကျဉ်းသူ သမီးများသို့ ငွေနှင့် ဆေးဝါးများ ပေးသွင်းခွင့်ရကြောင်းနှင့် နှစ်ဦးစလုံး၏ ကျမ္မာရေး ကောင်းမွန်ကြောင်း သိရသည်။ သူတို့နှစ်ဦးကို သီးသန့်ဆောင်များတွင် ထားရှိသည်။ အမည်မဖော်လိုသူ ထောင်ဝန်ထမ်းတဦးက “ဘူးသီးတောင်ထောင်မှာ အကျဉ်းသားနဲ့ ထောင်ဝင်စာတွေ့ရမယ့် ရက်ကို သတ်မှတ်ထားတာ မရှိပါဘူး။ အစိုးရ ရုံးပိတ်ရက်က လွဲပြီးတော့ ကျန်တဲ့နေ့တွေမှာ နေ့စဉ် ထောင်ဝင်စာ လာတွေ့ခွင့် ရှိပါတယ်” ဟု ပြောသည်။ ရိုးရိုးတန်း (သံဇကာခြား) နှင့် အထူးတန်း (သံဇကာမရှိ) တွေ့လိုပါက နိုင်ငံရေးအကျဉ်းသား တဦးအတွက် ကျပ်ငွေ ၂ဝဝဝ မှ ၅ဝဝဝ အထိ ပေးဆောင်ရမှုများ ရှိနေကြောင်း သူက ပြောဆိုသော်လည်း၊ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ လှုပ်ရှားတက်ကြွသူ နှစ်ဦးသည် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်းက တောင်ကုတ်-ရန်ကုန်ကားလမ်း၊ တောင်ကုတ်-သံတွဲကားလမ်းနှင့် မြို့ပေါ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေခဲ့ကြသည်။ လှုပ်ရှားမှုအပြီး အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု - ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တောင်ကုတ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် သူတို့ကို ဘူးသီးတောင်ထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ အဆိုပါ ထောင်ထဲတွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ဝ ခန့်ရှိကြောင်း ထောင်ဝန်ထမ်းက ဆိုသည်။ |
လင်းနွေးအိမ်
မတ် ၁၉၊ ၂၀၀၉ Linn Nwe Eain - The Courage Food for Political Prisoner
၊ ၁ ၊
သရဏဂုံသုံးပါးကို နေ့စဉ်ရွတ်ဖို့ ကျနော် ပျက်ကွက်ရင် ပျက်ကွက်နေလိမ့်မယ်၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတာကိုတော့ တနေ့ သုံး၊ လေးခါ ရွတ်ဖြစ်နေပါတယ်။ ဘာလို့လဲဆို သရဏဂုံသုံးပါး ရွတ်ရတာက ကိုယ့်အတွက်ကိုယ်သာ ရွတ်ရတာလို့ ယုံကြည်ပြီး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတာကတော့ မေတ္တာဘာဝနာ ပွားနည်း တမျိုးလို့ ယုံကြည်ထားလို့ ဖြစ်ပါတယ်။ မြန်မာပြည်က ၇ ရက် သားသမီးတွေ နိစ္စဓူဝ ကိစ္စတွေ ပြေလည်ဖို့ ကြိုးပမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံရေးအကျဉ်းသား ဖြစ်သွားရသူတွေ မို့လို့လဲ ကျနော်က ဒီလို ယုံကြည်ထားတာပါ။
၊ ၂ ၊
နောက်ကြောတွေ
နောက်ကြောတွေဟာ ဥပက္ခာပြုရက်ကြ။ ငါ့မှာကျန်ရစ်ခဲ့တာက
ငါ့ဖေဖေ၊ မေမေရယ်
ညီလေး၊ ညီမလေးတွေ
နောက်
ရင်ခုန်သံအနီးကြီးနီးသူတချို့။ တချို့က မှုံဝါးဝါး လက်ပြ
သတိယနေ ဆိုသတဲ့
ကိုယ်ချင်းစာမိ ဆိုသတဲ့။
လူတယောက် နိုင်ငံရေးကြောင့် ထောင်ကျသွားပြီဆိုရင် အပြင်က မိတ်ဆွေတွေက သူ့ကို အားပေးဖို့ မေ့သွားတတ်ကြသလို၊ တချို့က ကြောက်တတ်သွားကြပါတယ်။ သူနဲ့ သွားပတ်သက်မိရင် ငါ့ကိုများ အာဏာပိုင်တွေက စောင့်ကြည့်လေမလား၊ ညှိုးတေးလေမလား ပေါ့။ အားပေးသူ နည်းနည်းလေးကတောင် နှစ်ရှည်လများ ကြာလာတော့ အားပေးစကား ပြောဖို့ ပျက်ကွက်လာတတ်ကြပါတယ်။ လူတယောက် ထောင်ကျပြီဆိုရင် ဘယ်နေရာရောက်နေနေ တောက်လျှောက် နောက်ကနေ လိုက်တာက မိသားစုပါပဲ။ ထောင်ထဲက လူကလဲ မိသားစုထောင်ဝင်စာကို မျှော်ရတာပေါ့။ နောက်တော့ ဘယ်သူကများ ကိုယ့်ကို တခုတ်တရ သတင်းမေးလေမလဲပေါ့။ တယောက်ယောက်က သတိရတယ်၊ ကျန်းမာရေး ဂရုစိုက်ပါ ဆိုတဲ့ စကားလေးများ ပါးလိုက်ရင် ကြည်နူးလို့။ အဲဒီလို အားပေးစကား မကြားရတော့လဲ သြော် သူတို့ဘဝတွေနဲ့ သူတို့ ရုန်းကန်နေရလို့ပါလေ ဆိုတဲ့ အတွေးနဲ့ အပြင်ကလူတွေကိုပဲ သနားပြီး ဖြေတွေးရပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခန်းထဲကနေ လှမ်းကြည့်လိုက်တော့ ပြုံးပြနေမယ့် မျက်နှာချင်းဆိုင် မျက်နှာတွေထက်၊ တဘက်လှည့်ထားတဲ့ နောက်ကြောတွေကိုပဲ ပိုလို့ တွေ့တွေ့လာရသလို ခံစားရတာ၊ ဒါ နိုင်ငံရေး အကျဉ်းသားတွေရဲ့ တုန်ခါနေတဲ့ နှလုံးအိမ်ပါ။ ဒီလိုလူတွေအတွက် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့အသံ စကြာဝဠာတခွင်လုံး ကြားအောင် အော်ပေးနိုင်လေလေ၊ သူတို့ကို အားဆေးတိုက်ရာ ရောက်လေလေပါ။ သူတို့ အားတက်လေလေ ကျနော်တို့ လူ့အဖွဲ့အစည်း လွတ်မြောက် ငြိမ်းချမ်းဖို့ ခရီး နီးလေ လေပါ။ ဒါထက်ပိုပြီးပြောရရင် နိုင်ငံရေးအကျဉ်းသား အားလုံး ကျန်းမာပါစေလို့ စစ်အုပ်စု ကြားအောင် အော်ပေးလေ၊ စစ်ခေါင်းဆောင်တွေ စိတ်ကစင့်ကလျားဖြစ်လေပဲ။ မယုံဘူးလား။ မယုံရင် လုပ်ကြည့်လိုက်။
၊ ၃ ၊
အဲသမှာ ငုဝါတွေ
နွေကိုအံတုနေလိုက်ကြပုံများ
ကြိုးဝိုင်းထဲက လက်ဝှေ့သမားလို။ ကျနော်တို့နေခဲ့ရတဲ့ အင်းစိန် သီးသန့်ထောင် တိုက်အမှတ် ၁ ရဲ့ အရှေ့ဘက်ခြမ်းကနေ ကြည့်လိုက်ရင် ထောင်အုတ်ရိုးတန်းရဲ့ အပြင်ဘက်မှာ ငုဝါပင်တွေ လှမ်းတွေ့နေရတယ်။ ဒီလို နွေပူပူရောက်လာရင် ငုဝါတွေကလဲ အလုအယက် တိုးထွက်ခဲ့ကြပုံတွေ တွေ့နေရတာ ပေါ့။ မြန်မာပြည်ရဲ့နွေ ဆိုတာ လွှတ်ပူတတ်တာမျိုး။ ငုဝါ ဆိုတာလဲ နုပြီး ဝါရည်လုနေပေမယ့် အပူကို အံတုနိုင်တဲ့ ပန်းတမျိုး။ သူ့အရောင်ကလဲ အေးမြတယ်။ ဒီလိုဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ငုဝါလို့ဆိုမယ်။ ဘယ်သူငြင်းချက်ထုတ်မလဲ။ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ကျနော်တို့ခေတ်မှာ တကယ်တော့ စာသင်ခန်းတွေ စာအုပ်ပုံတွေထဲက ထွက်လာတာ များတယ်။ ဘယ်သူ့ကြည့်ကြည့် နုဖတ်ဖတ်နဲ့ အပြင်ပန်းက။ ဒါပေမယ့် အတွင်းထဲမှာ သံမဏိကြိုးတွေနဲ့ ယှက်နွယ်ထားတဲ့ နှလုံးသားတစုံရှိတယ်။ ကဗျာတွေရေးတယ်၊ စာတွေရေးတယ်၊ သီချင်းတွေရေးတယ်၊ သိုးမွှေးချည်နဲ့ ပန်းချီတွေ ရေးကြတယ်။ အုန်းမှုတ်ခွက်ကို ပန်းပုထုကြတယ်။ ဆပ်ပြာကို ပန်းပုထုကြတယ်။ လောကကြီးကိုလဲ ပန်းပုထုကြတယ်။ ပြီးတော့ ကော်ဖီခါးခါး ကြိုက်ကြတယ်။ တဘက်မှာတော့ စစ်သေနတ်တွေနဲ့ ကျည်ဆန်ကို အရည်ကြိုပြီး ကနုတ်ပန်းလုပ်ဖို့ ကြံစည်နေကြတယ်။ မယုံကြည်ရင် ထောင်ထဲသွားကြည့်လိုက်လို့ပဲ ပြောမယ်။
၊ ၄ ၊
လုံအိုးထဲမှာ
ဓာတ်ပြာတွေ၊ ဒြပ်စင်တွေ ရွှေလား
ငွေလား
သိဒ္ဓိပေါက် ဓာတ်လုံးလား။ နိုင်ငံရေး အကျဉ်းသားတွေ နေရတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးတွေဟာ ဓာတ်လုံးရဖို့ ဖိုထိုးတဲ့ အခါသုံးတဲ့ လုံအိုးလေးတခုလိုပါပဲ။ နေရတာ ကျဉ်းကြပ်ရတဲ့ထဲ အောက်ကလဲ အပူနဲ့တိုက် နေသလိုပေါ့။ အပြင်က ထောင်ဝါဒါတွေ အပူတိုက်နေတဲ့အပြင်၊ အတွင်းရင်ထဲမှာလဲ အပူတွေချည်းပဲလေ။ ဒါပေမယ့် တန်ဖိုးတရားတွေတော့ လုံအိုးထဲမှာ ရှိနေတယ်။ သံမဏိကောင်းရဖို့ ဆေးသားတင်သလိုပေါ့။ ဘယ်လောက်တောင် ဆေးသားတင်ရသလဲဆို ကျနော့် အတွေ့အကြုံတခု ပြောမယ်။ ၁၉၉၈ ခုနှစ် မေလ၊ စိန်ပန်းတွေ ရဲရဲတောက် ပွင့်ကာစပေါ့။ အပြင်မှာ ၈ လေးလုံး ဆယ်နှစ်ပြည့် စိန်ခေါ်သံတွေနဲ့အတူ ကျနော်တို့ကိုလဲ သံခြေကျင်းတွေ ခတ်ပြီး အင်းစိန်ကနေ ဟိုးအထက် မြန်မာပြည်က ထောင်တွေဆီ ပို့တော့တယ်။ ထောင်ထဲမှာ ၆ နှစ်လောက် နေပြီးသား ဆိုတော့ ထောင့်အပြင် တန်း မကြောက်တော့တဲ့ အချိန်။ ကျနော်တို့ ထောင်ပြောင်းလိုက်တဲ့ခရီးမှာ စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ၊ ဗကပ ယူဂျီခေါင်းဆောင် ဦးတင်အောင်၊ ကိုချိုအောင်သန်း၊ ဦးမြင့်ဆွေ အဲဒီလို ပုဂ္ဂိုလ်တွေ ပါသလို ကျနော်တို့လို ကျောင်းသားလေးတွေလဲ ပါတယ်။ အားလုံး ၅၉ ယောက်။ နောက်တော့ တောင်ငူထောင် က ကိုသီဟနဲ့ မောင်မှိုင်း ထည့်လိုက်တော့ ၆၁ ယောက်ဖြစ် သွားတယ်။ ရထားတွဲက နှစ်တွဲ။ အဲဒီထဲမှာ ကိုဆက်အောင်နိုင်၊ ကိုနေလင်းစိုးတို့လို နောက်တကြိမ် အသစ်စက်စက် ထောင်ကျပြီးခါစ လူတွေလဲ ပါတယ်။ သူတို့ဆို အဝတ်တထည် ကိုယ်တခု။ ကျနော်တို့ကတော့ ထောင်ဆွေး လူဆွေး ဖြစ်နေပြီဆိုတော့ အသုံးအဆောင် အဟောင်းအမျင်း တချို့ ပါတယ်။ နောက်တော့ ဘဝတူ ရဲဘော်တွေကို ရထားထဲမှာပဲ ပစ္စည်းတချို့ ခွဲပေးလိုက်တယ်။ လမ်းတလျှောက်မှာလဲ ပြည်သူတွေက အတော်လေး ကူညီကြပါတယ်။ ရေတိုက်တဲ့လူက တိုက်၊ ဆေးလိပ်ပေးတဲ့လူက ပေး၊ သရက်သီးကျွေးတဲ့လူက ကျွေးနဲ့။ ကျနော်တို့ အားတက်လိုက်တာများ။ ဒီပုံမျိုးနဲ့ဆိုရင် ထောင်ထဲမှာ နောက်ထပ် နှစ်ပေါင်းများစွာ နေနိုင်တဲ့အထိ အားရှိသွားတယ်။ အစောင့်လိုက်လာတဲ့ ရဲတွေနဲ့ ဝါဒါတွေကတော့ အမှတ်တွေပေးနေတယ်။ နေနှင့်ဦးပေါ့။ ထောင်ရောက်တော့မှ သိမယ် တဲ့။ သူတို့ မျက်လုံးတွေကို ဖတ်ကြည့်လိုက်တော့ တွေ့ရတာကို ပြောတာ။ သူတို့တွေ တကယ် ကြိမ်းထားတယ် ဆိုတာ နောက်တော့လဲ ထောင်အဝင်မှာ တွေ့ရပါတယ်။ ဒီလိုနဲ့ ရန်ကုန်အင်းစိန်ထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ တဆင့် မြင်းခြံ၊ ကလေး၊ မြစ်ကြီးနားထောင်တွေကို အသီးသီး ခွဲပြီး ပို့တယ်။ ဦးခင်မောင်ဆွေ၊ ရွှေတောင်က ကျောင်းဆရာကြီး အဘ ဦးအုန်းကျော်၊ ဦးမြင့်ဆွေ၊ ကိုဆက်အောင်နိုင်၊ မောင်မှိုင်း၊ သံချောင်း၊ အောင်စွမ်၊ ကျနော်၊ ကျနော့်အမှုတွဲ ကိုကျော်သိုက် အပါအဝင် အားလုံး ၁၇ ယောက်က မြင်းခြံထောင်ကို အပို့ခံရတယ်။ ခြေထောက်တွေမှာလဲ ခြေကျင်းဒဏ်ရာတွေနဲ့ပေါ့။ ဒီနေရာမှာ ထပ်ပြောစရာ တခုရှိသေးတယ်။ မန္တလေးထောင်ကနေ မြင်းခြံထောင်ကို ပြောင်းတော့ အချုပ်ကား အပြာရောင်နဲ့။ ရှေ့နောက် လက်နက်ကိုင် ရဲကားနှစ်စီး ခြံရံလို့ပေါ့။ ရာသီဥတုကလဲ အဲဒီနှစ်က အပူလှိုင်းဖြတ်တဲ့ မေလ။ မိုင် ၉ဝ ကျော် ခရီး ဆိုတော့ မြန်မာပြည်က ကားတွေရဲ့ အိုမင်းမစွမ်းတဲ့အတိုင်း လမ်းမှာ ခဏ နားရတယ်။ ညောင်ပင်သာရွာ တဲ့။ ကျနော်တို့ကို ခေါ်လာတဲ့ အချုပ်ကား ရပ်တယ် ဆိုရင်ပဲ ဈေးရောင်းတဲ့ ကလေးတွေက ကားနားမှာ ဈေးလာရောင်းကြတယ်။ ကျနော်က သူတို့ကို ကြည့်ပြီး ခဏတော့ တွေနေတယ်။ နောက်တော့ ချက်ချင်းဆိုသလိုပဲ ကျနော်က ညီမလေးတို့ တခြားမှာ သွားရောင်းပါလား၊ အကိုတို့မှာ ဝယ်စားဖို့ ပိုက်ဆံ မပါပါဘူး၊ အကိုတို့က ကျောင်းသားတွေပါလို့ ပြောလိုက်တယ်။ အဲ - မကြာပါဘူး သူတို့တွေ လိုက်ပြောလိုက်တာ အနီးအပါးက လူတွေ အကုန် သိသွားပြီး ချက်ချင်း ဝိုင်းအုံလာတယ်။ ပြီးတော့ ကျနော်တို့ကို စားစရာတွေ ပေးတော့တာ ပါပဲ။ တချို့ဆို ဘုန်းကြီး ဆွမ်းကပ်သလို ဖိနပ်ပါ ချွတ်လိုက်ကြသေးတယ်။ ကျနော်ဖြင့် အားနာလိုက်တာ အဲဒီ ဦးလေးကြီးတွေကို။ အဒေါ်ကြီးတွေလဲ လာအားပေးတယ်။ ဒီထက်ပိုပြောရရင် စောစောက ဈေးလာရောင်းတဲ့ ကလေးတွေက သူတို့ဈေးဗန်းလေးတွေထဲက အသီးထုတ်ကလေးတွေ ပေးကြတယ်။ ဘာအသီးလေးတွေလဲ မေးကြည့်တော့ သစ်ချိုသီး တဲ့။ ကျနော့် ဘဝမှာ စားဖူးသမျှ အသီးတွေထဲမှာ အချိုဆုံးပဲ။ နောက်လဲ ဒီထက် ချိုတဲ့အသီး တွေ့ဖူးမယ် မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ မေတ္တာတွေကြောင့်။ ဒါကြောင့် ထောင်ထဲက မေတ္တာရှင်တွေကို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့ သစ်ချိုသီး ကျွေးဖို့ လိုတယ်။ ချုပ်ပြောရင် အဲဒီခရီးမှာ မြင်းခြံထောင်ရောက်တော့ စစ်အုပ်စုရဲ့ လက်ပါးစေတွေက ထုံးစံအတိုင်း ခေါင်းတခုလုံးကို ပုဆိုးနဲ့ထုတ်ပြီး၊ တုတ်တွေနဲ့ ဝိုင်းရိုက် ခေါ်သွားတော့တာပဲ။ တိုက်ခန်းကျဉ်းကျဉ်းတွေဆီကို။ နောက်ရက်တွေမှာလဲ တပတ်လောက် ဆက်တိုက် ပြင်းပြင်း ထန်ထန် ရိုက်တယ်။ ဖိနှိပ်တယ်။ ဒါပေမယ့် ကျနော်တို့က ညောင်ပင်ရွာက ကလေးတွေရဲ့ သစ်ချိုသီးစားပြီး အားရှိနေပြီလေ။ စစ်အုပ်စု ဒီနေရာမှာလဲ အရှုံးပေါ်သွားတယ်။
၊ ၅ ၊
မီးနေသည်ခိုတကောင်
ကိုယ်ငွေ့တွေလွှတ်ထုတ်နေရတာ
အစာရှာချိန်များ အံချော် အိပ်မက်ထဲပြေးမရနိုင်တဲ့အဖြစ်မျိုး
ရိုးတိုးရိတ်တိတ် သစ္စာ ဘယ်မလဲ သူနဲ့လက်ထပ်ဖိတ်စာ ကျေးဇူးရှင်များကို ကျေးဇူးဆပ်ခွင့်ပြုပါ။ မြင်းခြံထောင်မှာ တနှစ်ကျော်ကျော်လောက် ဘယ်သူနဲ့မှ စကားမပြောရဘဲ တယောက်တည်း တိုက်ခန်းထဲမှာ နေရတယ်။ အဲတော့ စကားပြောဖော်တွေက မြေကြီး၊ ကောင်းကင်၊ နံရံနဲ့ ကျေးငှက်တွေပဲ။ အဲဒီထဲမှာ အခန်းနောက်ဖက်က လေဝင်ပေါက်မှာ လာနေတဲ့ ခိုတွေလဲ ပါတယ်။ ခိုတွေ အဲဒီအပေါက်မှာ အသိုက်ဆောက်တယ်။ ဥ အုတယ်။ သားဖွားတယ်။ သူတို့ သားဖွားရက် အစ အဆုံး ကြည့်ဖြစ်တော့ အကောင်ပေါက်ဖို့ဝပ်ရတဲ့ ခိုတကောင်ရဲ့ ဒုက္ခကို တွေ့ရတယ်။ သူ့ခမြာ တခြားခိုတွေလို အစာရှာချိန်မှာ မရှာရ။ ရေစာချိန်မှာ ရေမသောက်ရ။ အိပ်ချိန်မှာမအိပ်ရ။ တာဝန်ချိန် လဲပေးမယ့်သူ မရှိဘူး။ ကြာတော့ ပူလို့ အမွှေးအတောင်တွေတောင် ကျွတ်ထွက်ရှာတယ်။ ဒါပေမယ့် မျိုးဆက်သစ်အကောင်လေး ပေါက်ဖို့ သူ ရဲရဲကြီး ဒုက္ခခံနေတာတွေ့ရတယ်။ နိုင်ငံရေး အကျဉ်းသားတွေကရော။ ဖိနှိပ်ခံထားရတဲ့ ဥခွံ ပေါက်ထွက်ပြီး လွတ်မြောက်ရေး အကောင်သစ်လေး မွေးလာဖို့ ကိုယ်ငွေ့တွေ၊ ကိုယ်ပူတွေ လွှတ်ထုတ်ပြီး ဒုက္ခသစ္စာနဲ့ လက်ထပ်ထားတယ်။ ခင်ဗျား သူတို့ကို ရေတပေါက်လောက် မတိုက်ချင်ဘူးလား။ တိုက်ချင်ရင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်လိုက်။ တတ်နိုင်ရင် နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာမှာ သစ်ချိုသီးထည့်ပေးလိုက်။ နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုလူမျိုးလဲ။ ကဗျာဆရာအောင်ဝေးရဲ့ ကဗျာနဲ့ ပြောရရင် “လရောင်နဲနဲ ရှိရင်၊ လမ်းနည်းနည်း ဆက်လျှောက်လို့ရတယ်” ဆိုတဲ့ လူမျိုးတွေပဲ။
၁၇ မတ်လ ၂ဝဝ၉
March 13th, 2009
အတောင်ပံနဲ့ မိုးကောင်းကင်နဲ့ ကြား …
ဇွန်မှိုင်း ၊ မတ် ၁၂၊ ၂၀၀၉
(၁)
ကျနော် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရုံးဝင်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ သီချင်းသံတွေကို စ ကြားလိုက်ရတယ်။ “အပြင်ကမ္ဘာနဲ့ အဆက်ဖြတ်တဲ့ မြေ… စာအံသံတွေ သုဉ်းဆိတ်စေလည်း ရင်မှာကိုယ်စီရှိတဲ့ အတွေ့အကြုံ… အပြန်အလှန် ဖလှယ်နေရင်း… အချိန်တွေကို စစ်ခင်း… ပညာရှာကာ ဘဝရဲ့ ကျောင်းထဲမှာ …” ဒါ အထဲက သီချင်းပဲ၊ ဘဝတက္ကသိုလ်လို့ နာမည်ပေးထားတဲ့ ကို - - ရေးတဲ့ သီချင်းပဲ၊ ကျနော်တို့ အထဲမှာ တောက်လျှောက် ဆိုခဲ့တဲ့ သီချင်း၊ အခု ဘယ်သူ့အသံပါလိမ့်။ သြော် … ကိုဂျွန်၊ ကိုဂျွန့် အသံပဲ။ သူ့အသံနဲ့ ဒီသီချင်းက တော်တော်လိုက်တာပဲ။ ကျနော် အာရုံစိုက်ပြီး နားထောင်ကြည့်လိုက်တယ်။ ကိုဂျွန့် အသံထဲမှာ ကြေကွဲ ဆို့နင့်မှုတွေ တနင့်တပိုးနဲ့ပါလား။ “သင်ရိုးတခုနဲ့ မကန့်သတ်တဲ့ ဘဝရဲ့ တက္ကသိုလ် … ကြုံတွေ့ရသမျှ တို့အတွက်က သိမှတ်စရာပါ ခေါင်းလောင်းမထိုး ကျောင်းမဆင်းတဲ့ … ဘဝရဲ့ တက္ကသိုလ် စက္ကန့်မလပ် တို့အတွက်က ကျောင်းတက်ချိန်ပါ …” အကျဉ်းထောင်ထဲက သီချင်းတွေကို AAPPက စီဒီထုတ်ပြီး နိုင်ငံတကာကို ဖြန့်ချိမလို့တဲ့။ ကောင်းလိုက်တဲ့ စိတ်ကူး။ ဒီစိတ်ကူးကို ရသွားတဲ့ AAPPကို ကျနော် ကျေးဇူးတင်တယ်။ ဒီသီချင်းတွေဟာ ကျနော်တို့ရဲ့ ဘဝ၊ ကျနော်တို့ရဲ့ ရင်ခုန်သံ၊ ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ ကျနော်တို့ရဲ့ အရင်း အနှီးတွေ။
(၂)
ကျနော် AAPPပြခန်းထဲကို ဝင်လိုက်တယ်။ ကင်းသံချောင်းခေါက်သံတွေ ကျနော် ကြားလိုက်ရသလိုပဲ။ အုတ်ရိုး၊ သွတ်ဆူးကြိုး၊ စစ်ခွေးတိုက်၊ ပုံစံခန်း၊ ခြေကျင်းရိုက်သံ၊ ပြီးတော့ အမေနှမ ကိုင်တုတ်နေတဲ့ မကြားဝံ့မနာသာ ဆဲသံတွေ … ကျနော့်နားထဲ၊ ကျနော့် မျက်စေ့ထဲမှာ မြင်ယောင် ကြားယောင်လာတယ်။ ဒီနေရာတွေဟာ ခဏခဏ အမှတ်ရဖို့ ကောင်းတဲ့နေရာတွေ မဟုတ်ဘူး ဆိုပေမယ့် … ဒီနေရာတွေမှာပဲ ကျနော်တို့ ဓားတွေကို ဆေးသားတင်ခဲ့ကြတယ်။ ဒီနေရာတွေမှာပဲ ကျနော်တို့ ယုံကြည်ချက်တွေကို ပိုပြီး ခိုင်မြဲစေခဲ့ကြတယ်။ ဒီနေရာတွေမှာပဲ ကျနော်တို့ရဲ့ ရင်ခုန်သံတွေကို ထုဆစ်ခဲ့ကြတယ်။
(၃)
“နံရံအိုတွေ … အုတ်ရိုး၊ ကင်း … ဗူး၊ ကြိုးစင်တွေ … ရာဇာမင်းလက် … သားကောင်များ ညည်းတွားသံတွေ … သော့အိမ်တွေ အလီလီ အထပ်ထပ် … ကြောက်တတ်သော အပြစ်ရှိသူတွေ …” ကိုအီဗားရဲ့ သီချင်းသံဟာ ကျနော့်အခန်းထဲကို ရောက်လာတယ်။ သူ့အသံဟာ ခါတိုင်းထက် ပိုပြီး ကြေကွဲနေသလိုပဲ။ ရေးလက်စ ကဗျာတပိုင်းတစကို အသာချပြီး ကျနော် သံတခါးဆီ တိုးကပ်ကြည့်လိုက်တယ်။ ကိုအီဗားဟာ တိုက်(၃) အခန်း(၄)ရဲ့ သံတိုင်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဟိုး ခပ်ဝေးဝေးဆီကို ငေးပြီး နောက်တပိုဒ်ကို ဆက်ဆိုတယ်။ “ခြေသံလိုလို တစ္ဆေများလား … ညဝိညာဉ်တွေ … ပြိုပြီ ကျီးတသင်း ကင်းသံချောင်း ‘ကောင်း’ဟစ်သံတွေ … အသိဉာဏ်တွေ သံခြေကျင်းခတ် မကြောက်တတ်သော သတိရှိသူတွေ …” မကြောက်တတ်ဘူး ဆိုတာ သေချာတာပေါ့။ ကိုအီဗားဟာ ဒီသာယာဝတီထောင်ကို ရောက်တာ နှစ်ခေါက်ရှိပြီပဲ။ လွတ်ပြီးလို့မှ ဘာမှမကြာခင် နောက်တခေါက်အတွက် သူ အဆင်သင့်ဖြစ်ခဲ့တယ်။ နည်းနည်းလေးမှ နောက်မတွန့်ခဲ့ဘူး။ ကျနော်တို့အခန်းကနေ ၅ ဗူးကို လှမ်းတွေ့ရတယ်။ (၅) ဗူးပေါ်က မီးမောင်းဟာ ကျနော်တို့ (၃/၄) တိုက်ဝင်း၊ (၁/၂) တိုက်ဝင်း၊ (၁)ဆောင်နှင့် ဖိုကြီးအစပ်ဆီကို လှမ်းထိုးလိုက်တယ်။ ဆက်တိုက်နီးပါးမှာပဲ (၈) နာရီ သံချောင်းခေါက်သံတွေ ဗူးစင်တိုင်း က ထွက်လာတယ်။ ဗာယာတွေရဲ့ တုံးခေါက်သံ၊ အဆောင်တွေဆီက “အားလုံးကောင်းပါတယ် ဆရာကြီး”ဆိုတဲ့ သတင်းပို့သံတွေ ဆက်တိုက် ထွက်လာတယ်။ ဘာတွေ အားလုံးကောင်းနေကြတာလဲ။ မနက်ပိုင်းကတင် Dictionary ထောင်ဝင်စာက သွင်းခွင့်ပြုဖို့ ထောင်ပိုင်ကြီးကို တင်ပြခဲ့တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးထွန်းကို ရိုက်ချင်တိုင်းရိုက်၊ ထိုးကြိတ်ချင်တိုင်း ထိုးကြိတ်ပြီး ကြိုးတိုက်ထဲကို ပို့လိုက်သေးတာပဲ။ ကြိုးတိုက်မှာ စောင်မပါ၊ အဝတ်အပိုမပါနဲ့ တယောက်ထဲ ခွဲပြီး ပြစ်ဒဏ်အဖြစ် ချုပ်နှောင်ထားပြီးတဲ့ အထိတောင် အားလုံး ဘာတွေ ကောင်းနေကြသေးတာလဲ။ ကျနော် စဉ်းစားမရဘူး။ အဲဒီအချိန်မှာပဲ ဘေးအခန်းက (၁ဝ)တန်းကျောင်းသားလေး ဟန်ဝင်းအောင်ရဲ့ တောက်ခေါက်သံကို ကြားလိုက်ရတယ်။ “အကောင်းဆုံးသော မျှော်လင့်ချက် … အနာဂတ်အတွက် ဖြစ်စေ … အဆိုးဝါးဆုံး ဒဏ်ဆူးချက် လူတချို့ ပြည့်နှက်ကာ နေ … ရွှေပြည်ကို လှမ်းဆက်ခရီးမှာလေ” ကိုအီဗားရဲ့ သီချင်းသံဟာ အုတ်ရိုးတွေကို ကျော်ပြီး အပြင်က လယ်ကွင်းတွေကို ကျော်ပြီး ကျနော်တို့ကို ငေးကြည့်နေတဲ့ ရိုးမတွေဆီထိ ရောက်သွားပြီလား။
(၄)
ဘိုကလေး မုန်တိုင်းစစ်ဆင်ရေးမှာ အဖမ်းခံရပြီး (၁၇)နှစ် ကျခံလာရတဲ့ ကရင်လယ်သမားလေး စောတာအယ် ကို ကျနော် တောင်ယာထဲမှာ လှမ်းတွေ့ရတယ်။ ကြက်ဟင်းခါးစင်ကလေး ဘေးမှာ တလှုပ်လှုပ်နဲ့ ဝါးခြမ်းပြားတခုကို အသေအချာ အချောသတ်နေတယ်။ သူ့ဘေးမှာက တောင်ယာ တူးရင်း ဆွရင်း ကောက်ရတဲ့ သံပြားအစအနလေးတွေကို ကြံဖန်ပြီးလုပ်ထားတဲ့ ဓါးတလက်ရယ်၊ ဆူးလေး နှစ်ချောင်း ရယ်၊ ပုလင်းကွဲ သုံးလေးစရယ်။ “ဟေ့လူ … ဘာလုပ်မလို့လဲ သဲကြီးမဲကြီး” သူက သူ့ပါးစပ်ကို လက်ညိုးလေး အသာကပ်ပြီး ခပ်ပြုံးပြုံးမျက်နှာထားနဲ့ “ရှူး … တိုးတိုး အကို၊ ဂစ်တာလုပ်မလို့” “ဟာ ဟုတ်လှချည်လား၊ စိတ်ကူးကောင်းလှချည်လား၊ ကြိုးက ဘယ်လိုလုပ်မလဲ” “နိုင်လွန်ကြိုးလေ အကိုရ၊ ကြည့်နေပါ၊ ညနေကျရင် အကိုတွေ့မယ်” စောတာအယ်ရဲ့ အပြုံးက တကယ်ကို ချစ်စရာပါ။ ကလေးတယောက် ရွှံဗွက်ထဲမှာ ထိုင်ပြီး လွတ်လွတ်လပ်လပ် ဆော့ခွင့်ရနေတဲ့ ပုံစံမျိုး။ တကယ်ကို ကြည်ကြည်နူးနူး။ ညနေကျတော့ ကျနော် ထောင်တွင်းဖြစ် ဂစ်တာကို မြင်ရပြီ၊ ထောင်ဝင်စာက ရေထည့်ဖို့ သွင်းထားတဲ့ မိုလာပုံးကို ဂစ်တာ အိုးလုပ်၊ သူ မနက်က အချောသတ်နေတဲ့ ဝါးခြမ်းပြားက ဂစ်တာဖလက်တန်ဖြစ်၊ သူ့ သူငယ်ချင်းတွေ မနက်က အလုပ်ရှုပ်နေတဲ့ နိုင်လွန်ချည် တခင်က ဂစ်တာကြိုးတွေဖြစ်၊ ‘တစ်’ ကြိုး၊ ‘နှစ်’ ကြိုး၊ ‘သုံး’ ကြိုး … ဂစ်တာတလုံးက လိဒ်တီးဖို့တဲ့၊ နောက်တလုံးက ရစ်သမ်တီးဖို့တဲ့၊ သူတို့ ဂစ်တာကို သူတို့ ကျေကျေနပ်နပ်ကြီး တီးခတ် နေကြပုံများ မြင်ရသူတိုင်း အပျော်မကူးပဲ မနေနိုင်ဘူး။
(၅)
အခန်းရဲ့ အလယ်မှာ စားပွဲပုပုလေးတလုံး၊ အဲဒီစားပွဲပေါ်ကို အနီရောင် စောင်တထည်နဲ့ ကျကျနန လေးဘက်လေးတန်ရော၊ အပေါ်ဘက်ရော ပတ်လိုက်တဲ့အခါ အနီရောင် လေးထောင့်အတုံးလေး တတုံးဖြစ်သွားတယ်။ အဲဒီ အနီရောင်အတုံးပေါ်မှာ အနက်ရောင် ခပ်ထူထူ အထည်စတခုကို စနစ်တကျ ခေါက်တင်လိုက်ပြီး အဲဒီအနက်ရောင်ပေါ်မှာတော့ အနီရောင် ကစ္စမီကွစ်ခ်ပန်းကလေးတွေကို ကြယ်ပုံသဏ္ဍာန် ဖော်လိုက်တယ်။ ပိန်းပိတ်နေအောင် မဲနက်နေတဲ့ အမှောင်တိုက်ထဲက ကြယ်နီတပွင့်ဖြစ်သွားတယ်။ အဲဒီကြယ်ရဲ့ ပတ်ပတ်လည်မှာက ဖယောင်းတိုင် (၁၃)တိုင်။ ဖယောင်းတိုင်တွေကို မီးထွန်းညှိပြီးတဲ့ အချိန်မှာတော့ ဒီစားပွဲလေးကို ကျနော်တို့ အားလုံး ဝိုင်းလိုက်ကြတယ်။ ၁၂ ပေ ၈ ပေ အခန်းထဲမှာ လူ (၃ဝ) နီးပါး။ “ရဲဘော် ကိုဖုန်းမော်နှင့်တကွ ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အပေါင်းတို့အား အလေးပြု” ထောင်မှူး ဒါမှမဟုတ် တာဝန်မှူး တယောက်ယောက် လာရင် အချိန်မီ သတိပေးနိုင်ဖို့ အပြင်မှာ တယောက်၊ ဂိတ်တခါး နားမှာ တယောက် ကင်းချထားတယ်။ အလေးပြုပြီး မကြာခင်မှာ “ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော အို သူရဲကောင်းတို့ရေ … အာဇာနည်တွေ နေတဲ့တိုင်းပြည်…” ကမ္ဘာမကြေ မျိုးဆက်သစ် သီချင်းကို စ ဆိုတယ်။ ရဲဘော် နှစ်ယောက်က မနေ့က စောတာအယ် လုပ်ပေးတဲ့ ဂစ်တာ နှစ်လက်ကို တီးခတ်ကြတယ်။ ပြီးတော့ လှောင်ချိုင့်ထဲက တေး၊ ၅ည သံစဉ်၊ ချယ်ရီ သို့မဟုတ် ရနံ့မဲ့ ခရီးရှည်၊ နိုင်ငံတော် ငိုချင်း၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်၊ ဒီနံရံတွေကြား နှင့် ဘဝတက္ကသိုလ် စတဲ့ သီချင်းတွေ တောက်လျှောက်ဆိုကြတယ်။ ဒီနေ့ဟာ “မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့” “ကိုဖုန်းမော်နေ့”၊ မတ်လ (၁၃)ရက်နေ့လေ။ အကျဉ်းထောင်ရဲ့ အကြပ်တည်းဆုံးနေ့ရက်များမှာတောင် အောက်မေ့ဖွယ်နေ့တွေကို ကျနော်တို့ ဖြစ်အောင် ကျင်းပခဲ့ကြတယ်။
(၆)
ကျနော် ကဗျာတပုဒ်ပြီးသွားတိုင်း ဆရာပွင့်ကို ပြကြည့်တယ်။ “ဆရာ ကျနော့်ဟာ ကဗျာရော ဖြစ်ရဲ့လား ဆရာ” အဲဒီလို ကျနော်မေးတိုင်း ဆရာက “ဖြစ်ပြီလားဗျာ၊ ဒီလောက် ဘယ်နေရာကြည့်ကြည့် လွမ်းစရာတွေ ချည်းဖြစ်နေတဲ့ နေရာမှာ ကျနော်တို့ရင်ထဲက အရာတွေကိုသာချရေး၊ ဘာရေးရေး ကဗျာ ပေါ့ဗျာ” လို့ ဆရာက အမြဲပြောတယ်။ ဆရာပြောတာလည်း ဟုတ်တာပဲလေ၊ ကျနော်တို့အထဲက ဘဝတွေကိုပဲ ကြည့်ကြည့်၊ အပြင်မှာ ကျန်ခဲ့တဲ့ ဘဝတွေကိုပဲ လှမ်းကြည့်ကြည့် အရာရာဟာ ရင်နှင့် ရင်းနှီးခဲ့ကြရတာတွေချည်းပဲ။ အုတ်နီခဲကျိုးကို ချွန်နေအောင်သွေးထားပြီး သမန်တလင်းပေါ်မှာ ရင်ထဲက ခံစားချက်တွေ တလုံးချင်း ရေးချ၊ ကဗျာ တပါဒလောက် ဖြစ်သွားပြီဆိုရင် အဲဒါကို အလွတ်ကျက်၊ ဘာကြောင့်လဲဆိုတော့ ၁၂ ပေ ၈ ပေ အခန်းထဲမှာ လူက (၅) ယောက်လောက်ထည့်ထားတာ ဆိုတော့ သမန်တလင်း လက်ကျန်ဆိုတာကိုက သိပ်မှ မကျန်တော့တာဘဲ။ အဲဒီလို ရေးလိုက် ကျက်လိုက် ပြန်ဖျက်လိုက် အသစ်ထပ်ရေးလိုက်နဲ့ ကဗျာတပုဒ် အပီအသ ဖြစ်သွားပြီ ဆိုတဲ့အခါကျမှ ပလပ်စတစ် အကြည်သားကို နံရံပေါ် ကပ်တင်ပြီး သံချွန်သေးသေးလေးနဲ့ ဒါမှမဟုတ် ဒုတ်အချွန် သေးသေးလေးနဲ့ ဖိပြီး ရေးကြရ တာ။ အဲဒီလိုရေးပြီးသွားတဲ့ ကဗျာကိုမှ ဟိုအခန်း ဒီအခန်း ပြကြ၊ ဖတ်ကြ၊ ဝေမျှ ခံစားကြ။ အခွင့်အလမ်းကောင်းလေး ကံကောင်းထောက်မလို့ ရကြရင်၊ ဟိုတိုက် ဒီတိုက်အထိ လှမ်းဖြန့်ကြ၊ အပြန်အလှန်ခံစား ကြ၊ အပြန်အလှန် ဝေဖန်အကြံပြုကြ။ အဲဒီ ကဗျာတွေကနေ ဂီတ သံစဉ်တွေနဲ့ တွေ့သွားကြတဲ့အခါ သီချင်းတွေ ဖြစ်လာတယ်။ စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ အညွန့်အဖူးတွေကို စစ်ဖိနပ်နဲ့ နင်းချေတယ်။ သူ့ရည်ရွယ်ချက်က တစစီ ကြေမွ ပျက်သုန်း သွားစေချင်တယ်။ ကျနော်တို့ရဲ့ တိုင်းချစ်ပြည်ချစ်စိတ်တွေကို အမြစ်က ဆွဲနှုတ်ပစ်လိုက်သလို တစမကျန် ဖျက်သိမ်းပစ်ချင်တယ်။ ဒါပေမယ့် ဒါနဲ့ ပြောင်းပြန်ပဲ။ သူက ဖျက်သိမ်းပစ်ဖို့ ကြိုးစားလေလေ ပိုပြီးရှင်သန် ခိုင်မာလာလေလေပဲ။ သံပူပူမှာ အားစိုက်ထုနှက်လိုက်သလို သံမဏိသား တနေ့တခြားတက်လာတယ်။ မီးဆေးလိုက်တဲ့ ဓါးလို ဆေးသားတွေ တထပ်ပြီး တထပ် တက်လာတယ်။ ရန်သူ့ရဲ့ အထုအနှက်ကို ခံလိုက်ရတိုင်း ကဗျာတွေ ထွက်ကျလာ၊ သံစဉ်တွေ ထွက်ကျလာ၊ အဲဒီကမှတဆင့် တော်လှန်ရေး တေးသီချင်းတွေ ထွက်ကျလာတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့အမျှ ကဗျာတွေ တပုဒ်ပြီး တပုဒ်၊ သီချင်းတွေ တပုဒ်ပြီး တပုဒ် … ။
(၇)
အထဲမှာ အောက်မေ့ဖွယ် အခမ်းအနားတွေ တခု လုပ်တိုင်း လုပ်တိုင်း ကျနော့် ရင်ထဲမှာ အမြဲဖြစ်နေတဲ့ တောင့်တမှု တခုက ဗီဒီယိုမှတ်တမ်း ရိုက်ထားချင်တဲ့ ကိစ္စပဲ။ “ဆရာရယ် ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပြီး အပြင်က ရဲဘော်တွေ၊ နိုင်ငံတကာက ရဲဘော်တွေကို ပေးပြရရင် သိပ်ကောင်းမှာပဲနော်” လို့ ကျနော်က တမ်းတမ်းတတ ပြောမိတဲ့အခါတိုင်း ဆရာပွင့်ဟာ ကျနော်ကို ငေးငေးကြီး စိုက်ကြည့်နေတတ်တယ်။ အဲဒီအချိန်မျိုးမှာ သူ့မျက်ဝန်းတွေက အလွမ်းတွေနဲ့ စိုစွတ်လို့။ ပြီးတော့ ဆရာက လေးလေးကြီးနဲ့ “ဒါတွေဟာ တကယ့် သမိုင်းတွေပါဗျာ”တဲ့၊ သူ ခပ်ဆွေးဆွေးကြီးပြောပြီး ကျနော့်လက်ကို တနွေးတထွေး ဆုပ်ကိုင်ထားတတ်တယ်။
(၈)
အခုတော့ ကျနော် အနှစ်နှစ် အလလ က မက်ခဲ့ရတဲ့ အိမ်မက်တွေကို AAPPက အကောင်အထည်ဖော်လိုက်ပါပြီ။ “အတောင်ပံနဲ့ မိုးကောင်ကင်ရဲ့ကြား လှောင်ချိုင့်များရှိသရွေ့ … မိုးနဲ့ တို့နဲ့ မတွေ့ … မပျံနိုင်တဲ့ ငှက်ကလေး အာကာသ ဟင်းလင်းပြင်နဲ့ ဝေး … အတောင်ပံရှိရက်နဲ့ လွတ်လပ်ရေးမရလို့ မပျံနိုင်တဲ့ ငှက်ကလေး …” အဆိုရှင် လင်းလင်းရဲ့ အသံကို ကျနော် ကြားနေရတယ်။ လင်းလင်းကလည်း အဆိုကောင်းမှကောင်း။ သီချင်းနံမည်က “လှောင်ချိုင့်ထဲက တေး”တဲ့၊ ကိုနေဝန်းနီ ရဲ့ လက်ရာ။ မကြာခင် ကမ္ဘာအနှံ့ ပျံသန်းထွက်ခွာတော့မှာ ဆိုတဲ့ အသိဟာ ကျနော့် ရင်ကို တလှပ်လှပ်ခုန်စေခဲ့တယ် ဆိုတာ အထဲမှာ ကျန်ရစ်ခဲ့ကြတဲ့ ကျနော့် ညီအကို မောင်နှမတွေ အသေအချာသိနိုင်ကြမှာပါ။ ။ လှောင်ချိုင့်ထဲက ငှက်ငယ်များ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
(၂၃၊ ဖေဖော်ဝါရီ ၂ဝဝ၆။)
ဘ၀ရဲ့နွမ်းကြေမှုများကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်အဖို့ အဓိက အခက်အခဲ များကိုပင် သာမညဖြစ်သွားအောင် ပြုမူနေထိုင်တတ်သော်လည်း ဖိစီးမှုသောကဒဏ်ကို လူမသိသူမသိ လူးလိမ့်ခံစား နေရသည်မှာကား ဓမ္မထာတစ်ခုလို ကျွန်တော့်အတွက် ဖြစ်တည်နေခဲ့သည်..........။
ဘ၀ရဲ့ရုပ်တုကို သရုပ်သကန်ဖော်ရာ၌ မလိုအပ်သော၊ ပိုနေသော အပိုင်းအစများကို ရှင်းလင်း၍ ပီပြင်အောင် ထုဆစ်ရသော်လည်း တိုးတိုက် ထိရှမှု များနှင့် ခက်ခဲကြမ်းတမ်းခြင်းတို့ကိုတော့ ဖြတ်သန်းမှု သမိုင်းအနေဖြင့် ထားရစ်ခဲ့ ရမည်ဖြစ်ပေသည်။..........
အကဲဆတ်၍ တိမ်းစောင်းမရသည့်အပိုင်းသို့ရောက်လျှင် မှန်ကန် တိကျသောဆုံးဖြတ်ချက် သည်ပင်လျှင် ကိုယ့်သံသယဖြင့် ကိုယ်ပြန်ဖတ်ကာေ၀၀ါး တွေဝေတတ်သေးသည်လည်း ရှိသေးသည်။
မလူးသာ၊ မလွန့်သာကျင်လည်ရင်း အရာရာကို သတိဖြင့်ဆင်ခြင်တတ်ရန် သင်ယူခဲ့ပြီးနောက် အချိန်မလောက်ခြင်း၊ အထီးကျန်မဆန်သော်လည်း မသိမသာ ဝေးကွာလာခြင်းနှင့် ရင့်ကျက်မှု အစပျိုးချိန်မှာပင် ဆန့်ကျင်ဘက်နှစ်ခု၏ ရိုက်ခတ်ခြင်း လှိုင်းများကိုပါ ဥပေက္ခာပြု နေနိုင်အောင် ကျနော် ကြိုးစားရမည်လား ဆိုသည်ကိုပင် မဝေခွဲနိုင် ဖြစ်ရပြန်သည်။
ကောက်ကြောင်းတချို့၏စစ်တမ်းများတွင် ဘ၀သည် မျက်လှည့်လိုပင် ဖြစ်နေတတ်ပြန်သည်။
ကောင်းတာလုပ်သည့် ၀န်းကျင်ပင်လျှင် စေတနာနှင့် ဝေဖန်ထောက်ပြသူ နည်းပါးသလောက် ရှုံ့ချ၊ အပြစ်တင်၊ ကဲ့ရဲ့သူတွေ များပြားနေသည်ကို သဘာဝတစ်ခုအနေဖြင့် ရပ်တည်ခဲ့ဖူးသည်။
ကောင်းတာလုပ်သော်လည်း ကောင်းတာမဖြစ်တတ်ခဲ့တာကို တွေ့ရခဲ့သလို.............
ဆိုးပေမယ့် ကောင်းသွားသော အခြေအနေကိုလည်း တွေ့ကြုံရပြန်ပါသည်။
ခြေတစ်လှမ်းမှ မလှမ်းရသေးခင် ကြိုတင်မောပန်းနေခဲ့ဖူးသလို.........
မမောမပန်းပဲ တောင်ထိပ်ရောက်နေသည့်အခါလည်း ကြုံခဲ့ဖူးသည်။
ဤကဲ့သို့ အစွန်းနှစ်ဖက်ကြား ဟိုကပ်၊ ဒီပြေးကျင်လည်ဖြတ်သန်းရင်း ကိုယ့်စိတ်၏အသုံးချခြင်း ကို ခံနေရသည့်သတ္တ၀ါဟုလည်း ကိုယ့်ဖာသာကိုယ် ပြန်ဖတ် နေခဲ့သည့် အကြိမ်တွေဟာလည်း မနည်း တော့။
အရာရာ တက်မက်မှုမရှိအောင် ကျင့်ကြံရင်း၊ ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းတတ်လာချိန်တွင် တန်ဘိုးမရှိဟု သတ်မှတ်ခံရသည်ကိုလည်း အမှတ်မထား နိုင်ပြန်။ မွေးကတည်းက အငိုနှင့်စခဲ့သောဘ၀ကို သေဆုံးသောအခါ ပြီးပြည့်စုံသည့် ကျေနပ်မှု အပြုံးနှင့် သေသွားချင်သည်။
ဤသည်မှာ ကျွန်ုပ် မောင်ပွကြီး၏ ဘ၀အကြောင်းပင် ဖြစ်ပါသည်။