Sunday, October 10, 2010

စစ်မှန်တဲ့ဒီမိုကရေစီကို ပေးမှာလား၊ နိုင်ငံတကာစစ်ခုံရုံးကို တက်မှာလား၊ ပြော။

သဘာဝ၏ဖြစ်တည်နေသောနိယာမတရားကိုယ်တိုင်ပင်လျက်က စ၊ လယ်၊ ဆုံး။ မနက်၊ နေ့လည်၊ ည။ မွေးဖွား၊ ရှင်သန်၊ သေဆုံး။ နိဒါန်း၊ စာကိုယ်၊ နိဂုံး။ တို၊ လတ်၊ ရှည်။ ညံ့၊ သင့်၊ ကောင်း…….စသဖြင့် သုံးပိုင်း သုံးမျိုး အမြဲကွဲပြားနေရာ ညီညွတ်ရေးဆိုသောစကားစုသည်ပင် ညီ၊ ညွတ်၊ ရေး ဟူ၍ သုံးပိုင်းကွဲပြားသည်မှာ မဆန်း။ ယခင်ကလည်း ကွဲခဲ့ကြသည်။ ယခုလည်း ကွဲနေကြသည်။ နောင်လည်းပဲ ကွဲကြလိမ့်မည်ဆိုသည်မှာ လောကဓမ္မထာဟူ၍သာ…။

စစ်အစိုးရက သူ့အတွက်သူလုပ်သည့် ရွေးကောက်ပွဲကို မည်သူတွေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်ုပ်တို့ အားလုံးသည် ရန်သူတွေ မဟုတ်ပါ။ သင်တို့၊ ကျွန်ုပ်တို့အတွက် ဘုံရန်သူ အာဏာရှင်စနစ်သည် ယခင်နဂိုကတည်းကပင် ရှိပြီးသား မဟုတ်ပါလော။ ကျွန်ုပ်တို့သည် ပန်းတိုင်တစ်ခုတည်းကို အသွင်မတူသည့်ပုံသဏ္ဍန်ဖြင့် စစ်မျက်နှာ နှစ်ဖက်ဖွင့်ပြီး တိုက်နေခြင်းမျှသာ။ ရန်သူများကို မိတ်ဆွေဖြစ်အောင် မလုပ်နိုင်ခင် မိတ်ဆွေများကို ရန်သူဖြစ်အောင် မလုပ်သင့်သည် မဟုတ်ပါလော။ ဘာမျှ မလုပ်ဆောင်ခဲ့သော သာမန်လူထက်စာလျှင် ကျွန်ုပ်တို့သည် ဘဝများကို ကိုယ်စီစတေး၍ စစ်သေနတ်ပြောင်းဝရှေ့တည့်တည့် နောက်မဆုတ်တမ်း ရင်ဘတ်ချင်းပူး၍ လျှောက်ခဲ့ကြသည်မှာ အမှန်ပင်။

ရန်သူ့စည်းဝိုင်းထဲဝင်ပြီး တိုက်သောရောင်းရင်းအား စစ်အာဏာရှင်စံနစ်အား တိုက်နေသည့် ရဲဘော်ရဲဘက်အဖြစ်မှ ဘေးထွက်သွားအောင် ရန်သူနှင့်ပူးပေါင်းသည့် ရန်သူ့လူအဖြစ် တံဆိပ်ကပ်ခြင်းမျိုးကို ကျွန်ုပ်တို့ ဆင်ခြင်သင့်ပါသည်။ စစ်အစိုးရသည် ကျွန်ုပ်တို့အားလုံး၏ ဘဝများကို တွန့်ကြေကျိုးပျက်သွားအောင် ထောင်သွင်းအကျဉ်းချ၍ စိတ်ပိုင်း၊ ရုပ်ပိုင်း စနစ်တကျ ချိုးနှိမ်ဖျက်ဆီးခဲ့ကြသည်။ ကျွန်ုပ်တို့ ကြံ့ကြံ့ခံ၊ အံတုနိုင်ခဲ့ကြသည်။ ယခုမူလည်း လွှတ်တော်ထဲတွင် စီးပွားရေးသမားများ ထည့်၍ ကျွန်ုပ်တို့၏လူများအား ဖျက်ဆီးကြပါအုံးမည်။ စစ်အစိုးရသတ်မှတ်ထားသော တပ်မတော်သားကိုယ်စားလှယ် ၂၅%မှာ စာရွက်ပေါ်မှာသာဖြစ်၍ လက်တွေ့မှာမူ ထို၂၅%သည် ကျွန်ုပ်တို့အတိုက်အခံများအတွက် ရည်စူးကာပေးထားပြီး ဖြစ်ပြီး သူက ၇၅%ယူမည် မှာ မကြာမီကာလတွင် မြေကြီးလက်ခတ်မလွဲ တွေ့မြင်ကြရပေမည်။ (စကားချပ်။ ။အတိုက်အခံဘက်က ကိုယ်စားလှယ် ၂၅%မပြည့်မီတောင် နအဖက ပြည့်စေလိုသောဆန္ဒပင် ရှိနေပါကြောင်း)

လွှတ်တော်တွင် အများစုဖြစ်နေမည့် အရပ်ဝတ်တဖြစ်လဲ စစ်အစိုးရအား မည်သည့်စီးပွားရေးသမားမျှမှ သူတို့ခံစားခွင့် ရရှိနေမှုကို ဘဝပျက်ခံပြီး အံတုလိမ့်မည် မဟုတ်ပဲ ကိုယ့်ကိုသာ ပြည်သူများဝေဝါးသွားရန် ကြော်ငြာပေးဖို့ (သူတို့ အကျိုးစီးပွားအတွက် စစ်အစိုးရအလိုကျ)ကျွန်ုပ်တို့၏လူများကို ဖျက်ဆီးကြပါအုံးမည်။ ကိုယ့်လူများဆီမှ ထွက်လာသောစကားထဲမှ လိုအပ်သောအပိုင်း ကိုယူ၍ နိုင်ငံရေးအမြတ်ထုတ်၊ လုပ်စားသွားခြင်းလည်း ခံရပါအုံးမည်။ ဘယ်လိုမှညှိနှိုင်း၍ မရသည့်အဆုံး လူမိုက်များဖြင့် လက်စတုံးပစ်လိုက်ခြင်းကိုလည်း မိမိတို့၏လူများ ရင်ဆိုင်ရပါအုံးမည်။ ဒီခလေးအကွက်လေးတွေကို ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းက သူ့ကိုယ်သူ ကွေးကောက်ခွင့်မပေးသည့်အပြင် ခံယူချက်၊ ယုံကြည်ချက်တို့ကလည်း သေတောင် အလျှော့ပေးမယ့် သူများ မဟုတ်လို့ ကိစ္စမရှိသော်လည်း ရှေ့သို့ထိုးဖောက်မှုတစ်ခုအတွက် ကိုယ့်ရဲဘော်ဟောင်းများမှာ တွန်းအားနောက်ခံ လိုနေသည်မှာ တော့ အမှန်ပင် ဖြစ်ပါသည်။ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်သည်မဟုတ်ပါလား။

ပြည်သူများအကုန်ထွက်ခဲ့ကြသော်လည်း လက်နက်ကိုင်စစ်တပ်ကမပါ၊ လက်နက်ကိုင်ရှိပြန်သော်လည်း ပြည်သူကမပါ၊ ဒါနဲ့ပင် သံသရာရှည်ခဲ့ကြသည်။ အောင်မြင်မှုကို ဘက်တစ်ဖက်တည်းက သတ်မှတ်လို့မရ၊ ဘက်ပေါင်းစုံအောင်မြင်မှ အောင်မြင်သည်ဟု လူအများစုက လက်ခံကြသည်။ အစကတည်းက လူတိုင်းသိရှိနေသော အဖြေထွက်ပြီးသား ရွေးကောက်ပွဲဖြစ်၍ စစ်တပ်ကို တရားဝင်အုပ်ချုပ်ခွင့်ရအောင် လုပ်တဲ့ဟာပါကွာ၊ မထူးပါဘူးလို့ ဆိုပြန်ရင်လည်း မိမိတို့၏အတိုက်အခံဘဝမှာ ကိုယ်ယုံကြည်ရာ ကိုယ်အမှန်ထင်ပြီး ကိုယ်သန်ရာကိုသာ ဇောင်းပေးပြီးလုပ်နေသောအဆင့်သာ ရှိနေအုံးမည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို (နည်းလမ်းပေါင်းစုံဖြင့်) လုပ်သင့်ပါသည်။

စစ်တပ်တွင် တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက် ဆိုသည့်အဆင့်သည် ကာလများစွာဖြတ်ကျော်ခဲ့ပြီးဖြစ်၍ ယခုချိန်မှာမူ လုယက်၊သတ်ဖြတ်နိုင်သည့် အထွေထွေစိုးမိုးနိုင်သွားသည့်အဆင့်ကိုပင် ရောက်နေပြီ။ မိမိတို့မှာ တိုက်ရင်းစည်းရုံးသည့်အဆင့်ပင် ပီပီပြင်ပြင် မရောက်နိုင်ကြသေး။ အထက်ပိုင်းက ပြောခဲ့သလို နိယာမတရားအရ တသွေးတသံတမိန့်ဆိုသောစစ်တပ်တွင်လည်း တသွေး၊ တသံ၊ တမိန့်ဆိုပြီး ၃ပိုင်းကွဲလျက် ရှိနေမည်မှာလည်း ကျွန်တော်တို့အားလုံး သတိချပ်စရာပင်။..

ထို့ကြောင့် ယခုရွေးကောက်ပွဲကဏ္ဍတွင်လည်း သဘောတူခြင်း၊ မတူခြင်း ပဋိပက္ခမှာ ရပ်ခံနေတာထက် ကျော်လွန်ပြီး မိမိကိုယ်တိုင်သည်ပင် ၂ဖြာသောဗျူဟာကို ချမှတ်ပြီး ဘက်နှစ်ဖက်စလုံးမှ နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်သင့်ပါကြောင်းကို စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးခရီးစဉ်အတွက် တိုက်တွန်းနှိုးဆော်အပ်ပေသည်။

မောင်ပွကြီး (ရွှေဝါရောင်)

(မှတ်ချက်။ ။ ဆောင်းပါးရှင် မောင်ပွကြီးသည် စစ်အစိုးရမှပြုလုပ်သော ရွေးကောက်ပွဲအား (လုံးဝ) အယုံအကြည်မရှိသောသူ တစ်ဦးဖြစ်ပါသည်။ ကံကောင်းခြင်းက လက်ညှိုးလေးတစ်ချောင်းပေးလာခြင်းကို အမိအရကိုင်ဆုပ်ပြီး လက်ပြင်တခုလုံးပါအောင် ဆွဲယူလိုခြင်းမျှသာ..)

Tuesday, October 5, 2010

ကြံ့ဖွံ့ကို ယုံမိ၍ စုံလုံးကန်း

ရန်ပိုင် Tuesday, October 05, 2010
မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မဲဆွယ်စည်းရုံးသည့် အနေဖြင့် မျက်စိ ခွဲစိတ်ကုသမှု အခမဲ့ ပြုလုပ်ပေးရာ မျက်စိဝေဒနာရှင် ၂၀ ခန့် မျက်စိ လုံးဝကွယ် သွားကြောင်း သတင်းရရှိသည်။

union-solidarity-development-party

ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် လိုက်လံ မဲဆွယ်စည်းရုံးနေသော ကြံ့ဖွံ့ပါတီမှ အမျိုးသမီးများ။ ကြံ့ဖွံ့ပါတီသည် ဆေးကုသပေးခြင်း၊ လမ်းခင်းပေးခြင်း အပါအဝင် နည်းမျိုးစုံသုံး၍ မဲဆွယ်လျက်ရှိသည် (ဓာတ်ပုံ - Reutres)

ကြံ့ဖွံ့ပါတီက မဲဆွယ်စည်းရုံးသည့် အနေဖြင့် ရေစကြိုမြို့နယ်တွင် နှစ်ကြိမ်တိုင်တိုင် မျက်စိ ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့ရာ ပထမ တကြိမ်တွင် အောင်မြင်စွာ ကုသပေးနိုင် သော်လည်း ဒုတိယအကြိမ် ခွဲစိတ်အပြီးတွင် ထိုကဲ့သို့ မျက်စိကွယ်သည့် အဖြစ်အပျက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု မြို့ခံ ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။

“ဆေးပညာ အရတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပေါ့ဆမှုကြောင့် ဗိုင်းရပ်စ် ၀င်တယ်လို့ ထင်တယ်။ မျက်လုံးတွေ ရောင်ပြီးတော့ မမြင်ရတော့တာ” ဟု အဆိုပါ ဆရာဝန်က ဆိုသည်။

ပထမတကြိမ် လာရောက်ကုသစဉ် မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်း ဦးဆောင်၍ ခွဲစိတ်ပေးခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ်တွင် ထိုင်ဝမ်နိုင်ငံသားဟု ဆိုသည့် တရုတ်လူမျိုး ဆရာဝန်တဦးနှင့် ပခုက္ကူမြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့နယ် ကံသစ်ရွာမှ ကျောင်းထိုင်ဆရာတော် ဦးဇ၀နသည်လည်း မျက်လုံးတဘက် ခွဲစိတ်ကုသခံရာ မျက်လုံးရောင်လာသည့်အတွက် ထုတ်ပစ်လိုက်ရကြောင်း၊ ထိုသတင်းများကြောင့် ကျန်းမာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဆေးရုံသို့ လာရောက် စစ်ဆေးကြောင်း မြို့ခံ ဆရာဝန်က ဆက်လက်ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လက နှစ်ကြိမ်တိုင်တိုင် လာရောက်ပြီး အခမဲ့ကုသပေးခဲ့ရာ လူပေါင်း ၃၀၀ ကျော် ခွဲစိတ်ကုသခံခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရေစကြိုနယ်သား၊ ယခင် စစ်ဥပဒေချုပ် ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးမောင်က ၀င်ရောက် အရွေးခံမည်ဟု သိရသည်။

မျက်စိကွယ်သွားသည့် ဝေဒနာရှင် ဦးရွှေက “အဝေးမှုန်လို့ အလကား ကုပေးတယ်ဆိုလို့ သွားကုတာ။ ၄ ရက်လောက်ကြာတော့ မမြင်ရတော့ဘူး” ဟု ဆိုသည်။

၎င်း၏ မျက်စိတဘက် ကွယ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ကျန်တဘက်မှာ အဝေးမှုန်နေသည့်အတွက် ခွဲစိတ်ကုသခံရာမှ ယခုကဲ့သို့ မမြင်ရတော့ခြင်း ဖြစ်ကြောင်း၊ မင်းဘူးမြို့ ပြည်သူဆေးရုံကြီးရှိ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်းနှင့် လည်းကောင်း၊ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း သွားရောက် ပြသသော်လည်း ကုသ၍ မလွယ်ကူတော့ဟု ဆရာဝန်ကြီးများက ပြောကြောင်း ဦးရွှေက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းရှိပေ။

ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများသည် မိမိတို့ ၀င်ရောက်အရွေးခံမည့် နယ်မြေများတွင် စည်းရုံးရေးဆင်းသည့်အနေဖြင့် ဆေးကုသမှုများ စီစဉ်ပေးခြင်း၊ လမ်းပြင်ပေးခြင်း၊ ကျေးရွာများတွင် သက်ကြီးရွယ်အိုများကို ငွေလှူဒါန်းခြင်း၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို ငွေလှူဒါန်းခြင်း ပြုလုပ်ပြီး စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းကြီးကို ပါတီအဖြစ် အသွင်မပြောင်းမီ ကတည်းကပင် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်းတို့သည် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မျက်စိကုသပေးမှုများကို လှည့်လည် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကြာသေးမီကလည်း ပဲခူးတိုင်း ဇီးကုန်းမြို့နယ်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မျက်စိဝေဒနာရှင်များကို မျက်မှန်များ အခမဲ့ ဝေငှပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သေးသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြသည်။)

Monday, August 30, 2010

ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းထွက်ရသည့် ကျောင်းသားဦးရေ များလာ

ဖြိုးကြီး။ သြဂုတ် ၂၈၊ ၂၀၁၀

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ သဲဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဒေသအာဏာပိုင်များက ငွေးကြေးကောက်ခံမှုများ ပြုလုပ်နေသည့်အတွက် ကျောင်းသားများ ကျောင်းထွက်နှုန်းများလာသည်။

သဲဖြူကျေးရွာအုပ်စု ဥက္ကဌနှင့် ရယက စာရေးဖြစ်သူတို့က အလယ်တန်းကျောင်းဆောက်လုပ်ရန်အတွက် တအိမ်လျှင် ကျပ်( ၅,၀၀၀) နှုန်းကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံ ကျောင်းသားမိဘတဦးက ပြောသည်။


“အခုဆို ကျောင်းတက်နေတဲ့ ကျောင်းသားထက်ဝက်ကျော်လောက် ကျောင်းထွက်လိုက်ကြတယ်၊ ကလေးမိဘတွေကလည်း အခုလို ငွေကြေးအဆမတန်ကောက်တော့ မထည့်နိုင်ကြဘူး၊ စားဝတ်နေရေးကလည်း ကြပ်တည်းလာတော့ ကျောင်းထွက်တဲ့ကလေးတွေ တနေ့ထက်တနေ့များလာတယ်” ဟု ပြောသည်။

သဲဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဆရာမ (၃) ဦးကို ငှားရမ်းသင်ကြားနေရသည့်အတွက် ကျောင်းသားများအနေဖြင့် အဆိုပါ ဆရာမ (၃) ဦးလစာအတွက် တလလျှင် ကျောင်းသားတဦး (၅၀၀) ကျပ်နှုန်း ပေးဆောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။


ထို့အပြင် ဒေသခံလယ်သမားများ ဘဏ်ချေးငွေထုတ်ရာတွင်လည်း အာဏာပိုင်များက လယ်တဧကလျှင် ကျပ် (၁,၅၀၀) နှုန်းထပ်မံ ကောက်ခံခဲ့သည်။ ထို့ငွေကောက်ခံမှုများကြောင့် ကျောင်းသားမိဘများအနေဖြင့် ပညာရေးထောက်ပံ့ဖို့ ငွေကြေးမတက်နိုင်သည့် နောက်ဆက်တွဲပြဿနာများက သူတို့ကလေးတွေ ပညာရေး ကျောခိုင်းလိုက်ရသည့် အခြေအနေထိ ဆိုးဝါးလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ရိုးမ ၃ သတင်းဌာနမှ ထပ်ဆင့်ကူးယူဖေါ်ပြသည်)

စစ်တပ်ရာထူး အပြောင်းအလဲ စာရင်း ဧရာဝတီ ကရရှိ

ဧရာဝတီ Monday, August 30, 2010
လတ်တလော ထွက်ပေါ်လာသည့် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်ပြီး ဧရာဝတီမှ စာရင်းအတိအကျကို အတည်ပြုနိုင်ပြီ ဖြစ်သည်။

ThuYaMtAg400

ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

ပြီးခဲ့သည့် သောကြာနေ့က တပ်မတော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ အဓိကကျသည့် ရာထူးနေရာ ၄၀ ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့ရာ ၃၃ နေရာမှာ အလွန်အရေးကြီးသော ရာထူးများ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ဆိုသည်။

ယင်းရာထူး အပြောင်းအလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းမှာ -

၁။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၂။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
(ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၃။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

၎။ ဗိုလ်ချုပ် မြင့်စိုး - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၁
(ယခင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၅။ ဗိုလ်ချုပ် အောင်သန်းထွဋ် - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၂
(ယခင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၆။ ဗိုလ်ချုပ် လှမင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၃
(ယခင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၇။ ဗိုလ်ချုပ် သက်နိုင်ဝင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၎
(ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၈။ ဗိုလ်ချုပ် တင်ငွေ - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၅
(ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၉။ ဗိုလ်ချုပ် စိုးဝင်း (စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၆
(ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၀။ ဗိုလ်ချုပ် ဝေလွင် - စစ်ထောက်ချုပ်
(ယခင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၁။ ဗိုလ်ချုပ် သောင်းအေး - စစ်ဆေးရေး အရာရှိချုပ်
(ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၂။ ဗိုလ်ချုပ် ၀င်းမြင့် - စစ်ရာထူးခန့်ချုပ်
(ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၃။ ဗိုလ်ချုပ် ခင်ဇော်ဦး - စစ်ရေးချုပ်
(ယခင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၄ ။ ဗိုလ်ချုပ် ကျော်ဖြိုး - တပ်မတော် စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ်)
(ယခင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၅ ။ ဗိုလ်ချုပ် ရာပြည့် - စစ်ဥပဒေချုပ်
(ယခင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၆ ။ ဗိုလ်ချုပ် ကျော်ဆွေ - စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်)
(ယခင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၇ ။ ဗိုလ်ချုပ် စိန်ဝင်း - လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်
(ယခင် တပ်မတော် သိပ္ပံနှင့် နည်းပညာ သုတေသနတပ်)

၁၈ ။ ဗိုလ်ချုပ် သိန်းဌေး - ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်
(ယခင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ဒုတိယ အရာရှိချုပ်)


စစ်တိုင်းမှူးများ

၁။ ဗိုလ်မှူးချုပ် ထွန်းသန်း - ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
( ယခင် တပ်မ ၇၇ တပ်မမှူး)

၂။ ဗိုလ်မှူးချုပ် ဇေယျာအောင် - မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၃။ ဗိုလ်မှူးချုပ် ရဲအောင် - အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၎။ ဗိုလ်မှူးချုပ် မောင်မောင်အေး - နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
(ယခင် စကခ – ၆)

၅။ ဗိုလ်မှူးချုပ် စိုးလွင် - အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၆။ ဗိုလ်မှူးချုပ် စိုးသိန်း - အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၇။ ဗိုလ်မှူးချုပ် ဆန်းဦး - အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၈။ ဗိုလ်မှူးချုပ် စိုးထွဋ် - တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၉။ ဗိုလ်မှူးချုပ် ထွန်းနေလင်း - အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၀။ ဗိုလ်မှူးချုပ် တင်မောင်ဝင်း - အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၁။ ဗိုလ်မှူးချုပ် သန်းထွန်းဦး - တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၂။ ဗိုလ်မှူးချုပ် ခင်မောင်ဌေး - ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၃။ ဗိုလ်မှူးချုပ် အောင်ကျော်ဇော - အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၄။ ဗိုလ်မှူးချုပ် မြတ်ထွန်းဦး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး)

၁၅။ ဗိုလ်မှူးချုပ် လှမြင့်ရွှေ ( နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး)


စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်မှူးများ

၁။ စကခ (၁) ဗိုလ်မှူးကြီး အောင်ရဲဝင်း

၂။ စကခ (၃) ဗိုလ်မှူးကြီး ကိုကိုနိုင်

၃။ စကခ (၆) ဗိုလ်မှူးကြီး လူအေး

၎။ စကခ (၁၈) ဗိုလ်မှူးကြီး ကျော်စိုး

၎။ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး ခင်မော်ထွန်း

စုံစမ်းသိရသမျှကို ဆက်လက်ဖော်ပြပါမည်။

ယနေ့တွင် ရာထူးအသစ်များကို လက်ခံရရှိသည့် အရာရှိကြီးများသည် မိမိတာဝန်ကျရာ စစ်တိုင်းများသို့ အမြန်ဆုံးသွားရောက်၍ တာဝန်များ လွှဲပြောင်းယူရမည်ဖြစ်သည်။

တိုင်းမှူးအသစ်များနှင့် တပ်မမှူး အသစ်များသည် ယခုလက်ရှိ ရာထူးအသစ်များတွင် နေသားတကျရှိလျှင် ပြုလုပ်နေကျဖြစ်သည့် လေးလပတ်အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသည့် တပ်များကို တတပ်နှင့်တတပ် အပြောင်းအလဲ ပြုလုပ်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူ တဦးက ဆိုသည်။

(ဧရာဝတီသတင်းဌာနမှ ထပ်ဆင့်ကူးယူဖေါ်ပြသည်)

Tuesday, August 17, 2010

အတုအယောင်ရွေးကောက်ပွဲမှ အခွင့်အလမ်းများ

ဖောက်ပြန်သူ အချောင်သမားအပေါင်းတို့ ဆင့်ဟိုဒင်းခွေးမျှော်သလို မျှော်နေကြတဲ့ ရွေးကောက်ပွဲ ကလိန်ခြုံ ဇာတ်ထုပ်ကြီးကို နိုင်ဝင်ဘာ (၇) ရက်မှာ လုပ်မည့်အကြောင်း ဗိုလ်သန်းရွှေက သတ်မှတ်ကြေငြာလိုက်ပါပြီ။ သင်းကွပ်နဲ့ အမြုံညားလို့ ဘာမှ မွေးဖွားလာမှာ မဟုတ်တာကို သိထားတဲ့ ထောင်ထဲက လူထုခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တောကြိုအုံကြားမကျန် လူထုကြီးတရပ်လုံးကတော့ စိတ်မဝင်စားလှပါဘူး။

သို့သော်ငြားလည်း ပြည်ပက အင်န်ဂျင်အို နောက်လိုက်ခွေး အချောင်သမားများနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းဖောက်ပြန်ရေးသမားတစုကတော့ မီးလောင်တုန်း ကူညီသလိုနဲ့ အလစ်သုတ်ဖို့ အထုပ်တပြင်ပြင် ဖြစ်နေကြပြီ။ သူတို့ခင်ဗျာလည်း ဇာတ်လိုက် မင်းသမီး၊ မင်းသားမပါတဲ့ အချောက်တိုက် လုပ်ဇာတ်ကြီးမှာ ဝင်ကကြရပေမဲ့ အကယ်ဒမီတောင် မမှန်းနိုင်တဲ့ အဖြည့်ခံသက်သက်ပါ။ ကရမည့်အခန်းကလည်း လူကြမ်းအသားပေး ဇာတ်မှာ သိန်းစိန်အမှုးရှိတဲ့ ကြံ့ဖွတ်လူကြမ်း ပါးရိုက်တာ ခံလိုက်၊ အရက်ခွက်ကလေး ငှဲ့ပေးလိုက်နဲ့ လူကြမ်းတပည့် နောက်လိုက်အခန်းကပဲဖြစ်တယ်။

နိုင်ငံတကာကို ဝင်ဆံ့နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ လုပ်တဲ့ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနဲ့ ကြည့်ရင် (၉၀) ခု ရွေးကောက်ပွဲလောက်တောင် အဆင့်အတန်းမရှိတာ တွေ့နိုင်ပါတယ်။ လူထုကဏ္ဍ ပြိုင်ဘက်ပါတီတွေရဲ့ ကဏ္ဍဆိုတာ မရှိသလောက်ပါပဲ။ (၉၀) ခုရွေးကောက်ပွဲကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးစကာလမှာ လုပ်ခဲ့ရတာဆိုတော့ လူထုကို ချွေးသိပ်ရတာနဲ့ လူထုရဲ့ အခန်းကဏ္ဍ၊ ပြိုင်ဘက်ပါတီတွေရဲ့ အခန်းကဏ္ဍက အထိုက်အလျှောက်ရှိသေးတယ်။ ရွေးကောက်ပြီးကာလ မျှော်မှန်းချက်ကလည်း အလွန်ကွာတယ်။ အဲဒီချိန်က ဗိုလ်စောမောင်က ရွေးကောက်ပြီးရင် စစ်တပ်က စစ်တန်းလျားပြန်မယ်လို့ ကတိပေးထားတယ်။ ဒီရွေးကောက်ပွဲမှာတော့ ပွဲပြီးရင် စစ်တပ်က သမတရာထူးအပါအဝင် လွှတ်တော်နဲ့ အရပ်ဖက်နေရာတွေကို ဗြောင် တရားဝင်သိမ်းပိုက်နေရာယူမှာဖြစ်တယ်။

အသေအချာလေ့လာ သုံးသပ်ကြည့်ရင် ဒီရွေးကောက်ပွဲဆိုတာဟာ အတုအယောင်တခုအဖြစ်သာမက မိစ္ဆာသန်းရွှေ စစ်အုပ်စုရဲ့ သူရဲဘောကြောင်မှုကိုလည်း ပြနေပြန်တယ်။ (၉၀) ခုရွေးကောက်ပွဲမှာ ခံလိုက်ရတဲ့ လူထုဆုံးမမှုကို စစ်ဗိုလ်ချုပ်တွေ အခုထိသွေးလန့်နေတုန်းဆိုတာ ထင်ရှားတယ်။ အဲဒီအချိန်က စစ်အုပ်စုဟာ ဒီမိုကရေစီပါတီတွေ ရာနဲ့ချီ ကွဲနေတာကြောင့် သူတို့ရုပ်သေးပါတီ တစည နိုင်လိမ့်မယ်လို့ သေချာပေါက် တွက်ခဲ့ကြတယ်။ ဒါပေမဲ့ လူထုက ဒါမျိုးတွေ နောကြေနေပြီ။ အတ္တကလွဲလို့ ဘာမှမရှိတဲ့ နအဖ နလပိန်းတုံးတွေထက် အကင်းပါးတယ်။ ကြုံရာပါတီမှာ ဝင်လုပ်တယ်။ ရောကြနှောကြ စည်းဝေးကြတယ်။ မဲပေးတော့ ဒေါ်စုတပါတီတည်း စုပြုံဖြစ်ကုန်ရော။ စစ်အုပ်စုလည်း မျက်ဖြူဆိုက် ပက်လက်လန်ပြီး ဗြောင်လိမ်ဗြောင်စားနဲ့ ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်မဖော်ရဲပဲ ရူးချင်ယောင်ဆောင်လိုက်ရတယ်။ အခုတော့ သူတို့ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ အဲဒီရွေးကောက်ပွဲ ရလာဒ်ကို ခြေဖျက်ဖို့ ရွေးကောက်ပွဲအသစ်ဆိုတဲ့ လုပ်ဇာတ်ကို ထုတ်လာရပြန်တယ်။

အနှစ် (၂၀) ကျော်ကြာမှ ပြန်လုပ်တဲ့ ရွေးကောက်ပွဲဟာ တကယ်တမ်းတော့ အရင်ဟာထက်ပိုပြီး တိုးတက်အဆင့်အတန်းမြင့်သင့်တယ်။ သူတို့ကိုယ်တိုင်ကလည်း တိုင်းပြည်ကြီး ဘယ်ခေတ်နဲ့မှမတူပဲ အေးချမ်းသာယာနေတယ်လို့ ပြောနေတာပဲ။ ဒီအနှစ် (၂၀)ကျော် ကာလအတွင်းမှာ စစ်အုပ်စုက အတိုက်အခံမှန်သမျှ တောတွင်းလက်နက်ကိုင်ကအစ မြို့ပေါ်ရဟန်းသံဃာမကျန် ပိုက်စိပ်တိုက်ပြီး အနုနည်းအကြမ်းနည်းမျိုးစုံနဲ့ ချေမှုန်းခဲ့တယ်။ တောတွင်းလက်နက်ကိုင်တွေကို သပ်လျှိုဖြိုခွဲနည်း လက်နက်ကိုင် စေ့စပ်နည်းတွေနဲ့ ထိန်းချုပ်သလို ပြည်တွင်းပြည်ပက အချောင်သမားတွေကိုလည်း အခွင့်အရေးပေး စည်းရုံးနည်းတွေနဲ့ တပည့်လုပ်ထားနိုင်ခဲ့တယ်။ အဲဒီလို စည်းရုံးမရတဲ့ သူတွေကိုတော့ သတ်တာ၊ ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ၊ တောတွင်းပြည်ပ မောင်းထုတ်တာ၊ ဆွေးမျိုးမိသားစုတွေရဲ့ စီးပွားရေးတွေကို ဖျက်ဆီးတာစတဲ့ အကြမ်းနည်းမျိုးစုံနဲ့ ချေမှုန်းထားတယ်။ အဓိက ပါတီ အင်န်အယ်လ်ဒီဆိုတာ ထုခြေထားလိုက်တာ မွမွကိုကြေလို့။

ပြည်တွင်းပြည်ပက ဗောင်းတော်ညိမ့် စိတ်တော်သိ အချောင်သမားလုပ်စားတွေနဲ့ မီဒီယာတွေကလည်း တတ်သမျှ မှတ်သမျှနဲ့ ရွေးကောက်ပွဲအတွက် အပေးအယူမျှမျှနဲ့ တောခြောက်ညာသံ ပေးနေကြတယ်။ တမျိုးသားလုံးကို ကျွန်ဇာတ်သွင်းထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံကို မတို့ရဲ မထိရဲကြရှာဘူး။ စစ်ကျွန်ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲကိုပဲ ဟိုဟာတရားတယ်၊ ဒီဟာမတရားဘူးလို့ ယောင်ပြဝေဘန်ရေးပဲ လုပ်ကြတော့တယ်။ တချို့ဖောက်ပြန်ရေးသမားတွေကတော့ သူများထက်ထူးကဲပြီး ဒီရွေးကောက်ပွဲဟာ ပကတိအရှိတရား အမှန်တရားဖြစ်တယ်။ အခွင့်အရေးဖြစ်တယ်လို့ ပြောင်ပြောင် ဖားယား လိမ်လည်ကြတယ်။

တရားဝင်စစ်အာရှင်စနစ် ထူထောင်ဖို့ (ဝါ) ရွေးကောက်ပွဲအတွက် မျက်နှာသာပေးတဲ့ အခြေအနေ အခွင့်အလမ်းတွေက ပြည်တွင်းပြည်ပမှာ ပြည့်နေတာပဲ။ မိစ္ဆာသန်းရွှေအနေနဲ့ ဗိုလ်စောမောင်တဝက် သတ္တိရှိရင်တောင် ဒီအခွင့်အလမ်းတွေကို ယူပြီး အမျိုးသားခေါင်းဆောင် ရာထူမှန်းနိုင်သေးတယ်။ ဘုန်းတော်ဘွဲ့ချီးမြောက်ကြမည့် ပြည်တွင်းပြည်ပက ဘွဲ့ဒီဂရီ တသီတတန်းနဲ့ လူတတ်တွေကလည်း မနဲမနော။ ဒါပေမဲ့ ဗိုလ်သန်းရွှေကတော့ ကလိမ်ကကျစ်ဉာဏ်များသလောက် ကြောက်တတ်လိုက်တာကလည်း ချီးကိုချမ်းလို့။ ကိုယ့်ကိုယ်ကိုယ် အာဏာကုလားထိုင်နဲ့ သံမှိုစွဲထားတဲ့ စစ်ကျွန်ဖွဲ့စည်းပုံနဲ့တင် မလုံလောက်လို့ ရွေးကောက်ပွဲ နည်းဥပဒေဆိုတာတွေနဲ့ အတိုက်အခံတွေကို နည်းမျိုးစုံနဲ့ ချုပ်နှောင်ကန့်သတ်ထားလိုက်သေးတယ်။

ပါတီစည်းရုံးရေးအတွက် လွတ်လွတ်လပ်လပ် တရားမဟောရ၊ စီတန်းလမ်းမလျှောက်ရ၊ စာအုပ်စာတမ်းမထုတ်ရ ပြီးတော့ ဟိုလူဒီလူမပါရ အကန့်အသတ်တွေ များမှများ။ နင်မဟုတ်ရင် နင့်အဖေ နင့်အဖိုးဆိုတဲ့ ဝံပုလွေအပြစ်ရှာတဲ့ နည်းဥဒေတွေကလည်း ပြည့်လို့။ ဒီကြားကပဲ တခြားပါတီတွေ မတတ်နိုင်တဲ့ ကိုယ်စားလှယ်အလောင်းတွေအတွက် ရွေးကောက်ပွဲ အပေါင်ကြေး ( Deposit ) ကို တယောက်ငါးသိန်း သတ်မှတ်ထားပြန်သေးတယ်။ ရှုံးရှုံးနိုင်နိုင် ပြန်မအမ်းဘူးတဲ့။ အရပ်ရပ်နေပြည်တော် ကြားလို့မှ မတော်တဲ့ ဘယ်နိုင်ငံ ဘယ်ရွေးကောက်ပွဲမှာမှ မရှိဖူးတဲ့ နည်းဥဒေဆိုတာတွေကလည်း အများကြီး။ ဒီလောက်များတဲ့ငွေကို တိုင်းပြည်ဘဏ္ဍာကို စိတ်တိုင်းကျ ခိုးဆိုးလုယက်ထားတဲ့ ကြံ့ဖွတ်ပါတီနဲ့ ဟန်ညောင်ရွှေတို့ နေဝင်းမောင်တို့လို အင်န်ဂျီအို နောက်လိုက်ခွေးတွေရဲ့ အထောက်အပံ့ရှိတဲ့သူမှသာ တတ်နိုင်တယ်။ ရွေးကောက်ဖို့ အမတ် (၃၃၀) ရှိတဲ့ လွှတ်တော်နေရာတွေအတွက် ကြံ့ဖွတ်ပါတီကလွဲရင် နေရာငါးဆယ်အထိ ဝင်ပြိုင်နိုင်တဲ့ ပါတီတောင်မရှိဘူး။ ဘာပဲပြောပြော အမတ်ဆိုတဲ့ တံဆိပ်နဲ့ လွှတ်တော်မှာ ပေးတာယူ ကြွေးတာစားပြီး လက်ညှိုးထောင် ခေါင်းညိတ်နဲ့ ပြာတာသာသာ ရာထူးကို ဒီလောက်ဈေးကြီးပေးပြီး ဝယ်ချင်ကြ ကံစမ်းချင်ကြတဲ့ သူတွေကလည်း အံ့သြစရာ ရှိနေသေးတာပဲ။

ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မသင်္ကာစရာကောင်းလောက်အောင် တိတ်ဆိတ်နေတာ ကတော့ တပ်ပေါင်းစုကြီးတွေနဲ့ (၉၀) ခု ရွေးကောက်ပွဲ ရလာဒ်ကို အခြေခံပါတယ်ဆိုတဲ့ အင်န်စီဂျီယူဘီနဲ့ အင်န်ပီယူတို့ပါပဲ။ သူတို့လည်း အင်န်ဂျီအို နောက်လိုက်ခွေးတွေလို အနှစ် (၂၀) ခိုးဆိုးလုယက်ထားတဲ့ အထုပ်ကလေးတွေပြင် အထဲဝင်ဘို့ ပြင်နေကြသလား စဉ်းစားစရာပါ။ အင်န်စီဂျီယူဘီရဲ့ ကုလသမဂ္ဂ စင်္ကြံလျှောက်ကြီးတို့လည်း အသံကိုတိတ်လို့။ အနှစ် (၂၀) လုံး အစိုးရ အစိုးရလို့ အော်နေသူတွေ အခုတော့ အင်န်ဂျီအိုတွေ အလိုကျ အစိုးမရတဲ့ အခွင့်အရေးတွေနောက် ငွေထုပ်တွေနောက် လိုက်ကြဘို့ ပြင်နေတာနဲ့ မအားမလပ် ဖြစ်နေကြရှာတယ်ထင်တယ်။

တကယ်တော့ စစ်အုပ်စုရဲ့ လမ်းပြမြေပုံ နောက်ဆုံးအဆင့် ဒီရွေးကောက်ပွဲဆိုတာဟာ စစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်သလို ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံရဲ့ လမ်းဆုံးလည်းမဟုတ်ပါဘူး။ စစ်အုပ်စုမှာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပေါင်းများစွာနဲ့ ဒီရွေးကောက်ပွဲကို လုပ်ပေးရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမား ကျောင်းသား ထောင်ပေါင်းများစွာကို အကျဉ်ချထားရတယ်။ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေနဲ့လည်း တပိုင်းတန်းလန်း မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကလည်း အများကြီး။ ပြည်တွင်းစီးပွားရေး ချွတ်ခြုံကျမှု ပြဿနာနဲ့ ဒီစီးပွားရေး အကြပ်အတည်းကြောင့် အိမ်နီချင်းနဲ့ နိုင်ငံတကာရောက်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို ပြန်လည် နေရာချထားရေး အလုပ်အကိုင် ဖန်တီးပေးရေး ပြဿနာတွေ တသီတတန်းကြီးရှိနေတုန်းပဲ။

နောက်ပြဿနာက သူတို့စစ်အုပ်စုထဲက အတွင်းပြဿနာဖြစ်တယ်။ ဖွဲ့စည်းပုံအရ သမတက နိုင်ငံအကြီးအကဲဆိုပေမဲ့ အာဏာမှာတော့ တပ်ကိုကိုင်တဲ့ စစ်ဦးစီးချုပ်က အခရာဖြစ်တယ်။ ဒီတော့ ဗိုလ်သန်းရွှေ ဘာဆက်လုပ်မလဲ။ တပ်ကိုဆက်ကိုင်မလား၊ သမတသွားလုပ်မလား။ သမတသွားလုပ်ရင် တပ်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ရမလဲ။ တပ်ကိုဆက်ကိုင်ရင် ဘယ်သူ့ကို သမတခန့်ရမလဲ။ ဖြစ်လာမည့် သမတနဲ့ စစ်ဦးစီးချုပ်တို့ မပြေလည်ရင် ညှိုနှိုင်းမရရင် ဘာတွေဖြစ်လာမလဲ ဆိုတဲ့ “ သို့လော သို့လော” ပြဿနာတွေက အများကြီးပါ။ ဒီတော့ ဒီရွေးကောက်ပွဲဆိုတာဟာ စစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်တာ အသေအချာဖြစ်တယ်။ သူတို့အတွက် ပိုဆိုးနိုင်တာက ကိုယ်ဖော်တဲ့ဆေးနဲ့ ကိုယ်ဒုက္ခရောက်တဲ့ကိန်းပါပဲ။ သူတို့အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်တဲ့ အဓိကအကြောင်းဖြစ်တဲ့ စစ်တပ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရ မကွဲခဲ့တဲ့ စည်းရုံးမှုကို အထက်မှာ ပြောခဲ့သလို ဒီဖွဲ့စည်းပုံက ကွဲစေနိုင်တဲ့ အချက်ပါပဲ။

ပြီးတော့ ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။ ဗိုလ်သန်းရွှေထက် နိုင်ငံရေးအရ ဆုပ်ဆုပ်ကိုင်ကိုင်ရှိတဲ့ ဗိုလ်နေဝင်းတောင် ဒီ့ထက်ကောင်းတဲ့ အခွင့်အခါတွေကို မှီပြီး (၇၄) ဖွဲ့စည်းပုံကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘူး။ (၇၄) ဖွဲ့စည်းပုံ အတည်ပြုပြီး လပိုင်းအတွင်းမှာပဲ အလုပ်သမား အရေးတော်ပုံတွေ၊ ကျောင်းသားအရေးတော်ပုံတွေ၊ ဦးသန့်အရေးတော်ပုံတွေ ဆက်တိုက်ပေါ်လာခဲ့တယ်။ နောက်ဆုံး ရှစ်လေးလုံးအရေးတော်ပုံနဲ့ တပါတီအာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့တယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပြီး တံဆိပ်ကပ်ထားတဲ့ အခုစစ်အာဏာရှင်စနစ်ဟာလည်း မလွဲမသွေ ပျက်သုဉ်းရမှာဖြစ်တယ်။ အထက်မှာ တင်ပြခဲ့သလို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေမဲ့ အချက်အလက်အခြေအနေတွေက ရှိနေပြီးဖြစ်တယ်။ နိုင်ငံတကာ အခြေအနေကလည်း (၆၂- ၇၄) တုန်းကလို စစ်အာဏာရှင်တွေ အနေချောင်နိုင်တဲ့ အခြေအနေမဟုတ်သလို ဗမာလူထုရဲ့ နိုင်ငံရေး နိုးကြားမှု၊ သို့မဟုတ် စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်ကလည်း ပိုပြီး မြင့်မားနေတယ်။ စစ်အာဏာရှင် တည်မြဲဖို့အတွက် ဘယ်လိုအချက်အလက် အင်အားစုကမှ လက်မခံနိုင်ဘူး။ ဒီမိုကရေစီခေါင်းဆောင် တဖြစ်လဲ စစ်အာဏာရှင် အလိုတော်ရိတွေကလဲ ကျားကန်မပေးနိုင်ဘူး။

ပြီးခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလ ရေစုန်မျှောခဲ့ရတာဟာ အဲဒီလို ခြံစည်းရိုး ခွထိုင်နေတဲ့ ရေပေါ်ဆီ အချောင်သမားတွေနဲ့ သူ့လူ ကိုယ့်ဘက်သားတွေက လူထုအရေးတော်ပုံရဲ့ ဦးဆောင်မှုကို အုပ်စီးထားတာကြောင့်ဖြစ်တယ်။ ဒီအင်အားစုတွေဟာ စစ်အုပ်စုဘက် ပြန်ရောက်သွားရင်လဲ ရေသာခို ကိုယ်ကျိုးရှာကြရင်းနဲ့ စစ်အုပ်စုအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် ဆက်လက်ရှိနေပြီး အရေးတော်ပုံကို တန်ပြန်အကျိုးပြုနေဦးမှာဖြစ်တယ်။

ဒါကြောင့် ရွေးကောက်ပွဲဆိုတဲ့ ဒီအလှည့်အပြောင်းဟာ ပြည်သူ့အရေးတော်ပုံအတွက် ကောင်းတဲ့ အလားလာတွေ ဖြစ်ပေါ်စေမည့် လမ်းခွဲမှုတွေ ဖြစ်ပေါ်လာစေမှာဖြစ်တယ်။ တော်လှန်ပြတ်သားတဲ့ ခေါင်းဆောင်မှုအသစ်ကို တည်ဆောက်ဖို့ အခွင့်အလမ်းလည်းဖြစ်တယ်။ ကိုယ်တွက်ချန် တွေဝေတဲ့ခေါင်းဆောင်မှုက လူထုလှုပ်ရှားမှုတွေကို မြုံသွားစေတတ်တယ်။ တရုတ်ပြည်တော်လှန်ရေးမှာ ရဲဘော်မော်စီတုံးတို့က အတွေးအခေါ် လက်ဝေခံ ဝမ်ချိန်ဝေးတို့ လီလီစန်းတို့လို တွေဝေတဲ့ ခေါင်းဆောင်းမှုကို ဖယ်ရှားပစ်ပြီးမှသာ အောင်ပွဲကို တက်လှန်းနိုင်ခဲ့တယ်။ ဒီနေ့ ဗမာလူထု တိုက်ပွဲရဲ့ လိုအပ်ချက်ဟာ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှု တော်လှန်ရဲရင့်တဲ့ ခေါင်းဆောင်မှုပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီအလှည့်အပြောင်းဟာ ရန်သူစစ်အုပ်စုအတွက် ပွဲသိမ်းမဟုတ်သလို ဒီမိုကရေစီအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။ လမ်းခွဲမှုတွေဟာလည်း ဝမ်းနည်းစရာမဟုတ်ပါဘူး။ ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်တာတွေ ဆောင်ရွက်ရင်း ရွေးကောက်ပွဲလွန်ကာလ အခြေအနေသစ်နဲ့ လျှော်ညီမယ့် တိုက်ပွဲပုံစံသစ်တွေကို ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ စုဖွဲ့မှု ပုံစံအသစ်တွေကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လူထုဘဝတွေ မပြည့်စုံသရွေ့ လူထုဆန္ဒ ဒီမိုကရေစီမရသရွေ့ လူထုတိုက်ပွဲတွေ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိသူများအတွက်တော့ ဒီရွေးကောက်ပွဲဆိုတဲ့ အလှည့်အပြောင်းဟာ တော်လှန်ပြတ်သားတဲ့ ခေါင်းဆောင်မှုသစ်ကို တည်ဆောက်ပြီး လူထုအောင်ပွဲကို ရယူရန် အခွင့်အလမ်းသာဖြစ်ပါတယ်။

“ပြည်သူသာအမိ ပြည်သူသာအဖ။”

ရဲဘော်ကျော်သန်း

16. 8. 2010

Saturday, August 14, 2010

မင်းသမီး မျိုးစန္ဒီကျော်က မိဘကို အမှုဖွင့်

မင်းနိုင်သူ Wednesday, August 11, 2010
သရုပ်ဆောင် မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။

myosandikyaw271

သြဂုတ် ၆ ရက်နေ့ထုတ် Hot News ဂျာနယ်တွင်ပါရှိသော မျိုးစန္ဒီကျော်နှင့် ဖြိုးကျော်ကျော်မြတ်တို့၏ အင်တာဗျူးများ (ဓာတ်ပုံ - Hot News ဂျာနယ်)

“ဒီလ ၃ ရက်နေ့က သင်္ဃန်းကျွန်းရဲစခန်းမှာ အန်တီက သူ့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး တိုင်ထားတယ်။ ရဲစခန်းက ပုဒ်မ ၃၈၀ နဲ့ အမှု လက်ခံထားတယ်လို့ အန်တီတို့ သိရတယ်” ဟု ဒေါ်သူဇာက ဧရာဝတီသို့ ပြောသည်။

ထိုအမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အသေးစိတ် မပြောနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိ တဦးက ပြန်ကြားသည်။

မျိုးစန္ဒီကျော်ကမူ “သင်္ဃန်းကျွန်း ရဲစခန်းကို တင်ပြထားတာတော့ ဟုတ်ပါတယ်။ အမှုဖွင့်တာတော့ မဟုတ်ပါဘူး။ ပစ္စည်း ပျောက်တာက အိမ်မှာပဲ၊ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ပျောက်တာ။ အားလုံးလည်း သိကြပါတယ်။ မိဘတွေက ကျမကို အမွေပြတ်ဆိုပြီး စွန့်လွှတ်ထားပါတယ်။ ကျမဘက်က မိဘတွေ စွန့်လွှတ်ရ လောက်အောင် ဘာတခုမှ မလုပ်ခဲ့ဖူးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မျိုးစန္ဒီကျော် ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ လက်ဝတ်လက်စားများ ဖြစ်ပြီး အဆိုပါ ပစ္စည်းများ ပြန်လည်ရရှိနိုင်ရန် ရဲစခန်းမှ တဆင့် ညှိနှိုင်းစေခြင်းသာဖြစ်ကြောင်း သူက ဆိုသည်။

မိဘများက သြဂုတ် ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မျိုးစန္ဒီကျော်အား သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။

ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် မျိုးစန္ဒီကျော်က ပေါ်ပြူလာဂျာနယ်နှင့် အင်တာဗျူးတခုတွင် သူမအနေဖြင့် မိဘများအား ကိုယ်စိတ် ဆင်းရဲခြင်း ဖြစ်စေရန် ပြုမှုခဲ့ခြင်းမရှိကြောင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း မဟုတ်မမှန် ပြောဆို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဖြေကြားထားသည်။

မျိုးစန္ဒီကျော်သည် မိဘများအား အသိမပေးဘဲ ဖြိုးကျော်ကျော်မြတ်ဆိုသည့် Crab အဖွဲ့ဝင် အဆိုတော်တဦးနှင့် ဧပြီလ ၇ ရက် နေ့က နှစ်ဦးသဘောတူ မင်္ဂလာ လက်မှတ်ရေးထိုးခဲ့ပြီး လွန်ခဲ့သည့် ၂ လကျော်က အတူပေါင်းသင်း နေထိုင်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သူဇာက ပြောသည်။

“သူက မိဘတွေကို အသိမပေးဘဲနဲ့ ကောင်လေးအိမ်မှာ တရားသူကြီးခေါ်ပြီး လက်မှတ်ထိုးထားတယ်။ ပြီးခဲ့တဲ့ ၂ လလောက်က စပြီး ကောင်လေးရဲ့ မိသားစုနဲ့ သူ အတူတူသွားနေတယ်။ နေပြီးတဲ့နောက် အခုလို ရဲစခန်းမှာ သူ့ လက်ဝတ်လက်စားတွေ ပျောက်တယ် ဆိုပြီး အန်တီတို့ကို အမှုဖွင့်တာပဲ။ သူလုပ်ချင်သလို လုပ်ပါစေ၊ အန်တီက အမေပဲ။ သူ့ကို ဘာမှ ပြန်မလုပ်ပါဘူး။ သူလုပ်သမျှ အန်တီခံမှာပါ” ဟု မိခင်ဖြစ်သူက ဆိုသည်။

ယခုလ ၆ ရက်နေ့ထုတ် Hot News ဂျာနယ် အင်တာဗျူးတွင် မျိုးစန္ဒီကျော်က ၎င်း၏ အချစ်ရေးမှာ အေးဆေး ပင်ဖြစ်ကြောင်း၊ ၎င်း၏ အချစ်ရေးနှင့် ပတ်သက်၍ ပရိသတ်ကို လိမ်ညာခဲ့ခြင်း မရှိဘူးကြောင်း ပြောခဲ့သည်။

(ဧရာဝတီသတင်းဌာနမှ ထပ်ဆင့်ကူးယူဖေါ်ပြသည်။)

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ)နေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ) နေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံလိုင်းမှတစ်ဆင့် သြဂုတ်လ ၁၃ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ ( ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ထို့ပြင် နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ပါတီဝင်အင်အား စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလျက်ရှိရာ လက်ရှိ၌ နိုင်ငံရေးပါတီ ၁၄ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ပြုလုပ်ရမည်ဖြစ်ပြီး နောက်ဆုံးရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမည်ဟု သိရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်က ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မေလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်)