Sunday, July 10, 2011

FORT WORTH မြို့တွင် အမေရိကန်မြန်မာသာသနာပြုအသင်းတော် ဖွင့်လှစ်













အမေရိကန်ပြည်ထောင်စု၊ တက်ဆက်ပြည်နယ်၊ ဖို့ဝေါ့သ်မြို့ရောက် မြန်မာနိုင်ငံသားများမှ အမေရိကန် မြန်မာ သာသနာပြုအသင်းတော် (American Myanmar Mission Church)ကို ယနေ့ ၇၊ ၁၀၊ ၂၀၁၁ (တနင်္ဂနွေ)နေ့၊ နံနက် ၁၁း၀၀ နာရီတွင် La De Ra Appartment ဝန်းအတွင်း၌ စတင် တည်ထောင် ဖွင့်လှစ်ခဲ့ကြပါသည်။ (ဓါတ်ပုံ - AMMCအသင်းကို စတင်တည်ထောင်သူ ဆရာတော်တစ်ပါးဖြစ်သည့် Rev.Samuel Lung (ခ) ဦးရန်နိုင် မှ ဒေသနာတော် ဟောပြောစဉ်)

ထို့နောက် အသင်းတော်ဖွင့်ပွဲ ဆက်ကပ် ဝတ်ပြု အစည်းအဝေးအစီအစဉ်ကို ကျင်းပရာ-



ပထမဦးစွာ ဘုရားရှင်အား ချီးမွှမ်း ဝတ်ပြုကိုးကွယ်ကြပါသည်။ ထို့နောက် အစပြု နှုတ်ကပါတ်တော် ဖတ်ကြားပါသည်။ နံပါတ် (၃) အစီအစဉ်အနေဖြင့် ကလေးသူငယ်များထံမှ ကျမ်းချက်အလွတ်ဖတ်ရွတ်ခြင်း အစီအစဉ်တွင် စကားပင် ပီသအောင် မပြောနိုင်သေးသည့် ကလေးငယ်လေးပင် အင်္ဂလိပ်လို သမ္မာကျမ်းစာ ကျမ်းပိုဒ်များအား အလွတ်ရွတ်ဆိုသွားသည်ကို တွေ့ရ၍ အင်မတန် ခွန်အားတိုးမိပါသည်။

ထို့နောက် မိတ်ဆက်ခြင်း အစီအစဉ်တွင် မိတ်ဆက်ကြသောအခါတွင်မှ ဖို့ဝေါ့သ်မြို့ အရှေ့ပိုင်းရှိ Cherry Hill Appartment နှင့် Quail Ridge Appartment များမှ လာရောက်ကြသောသူများ၊ ဖောင်တိန်ကွန်နာမြို့မှ လာရောက်ကြသောသူများ အားတက်သရော လာရောက်ကြသည်ကို တွေ့ရသည့်အပြင် နယ်ခံ La De Ra Appartment မှလည်း အင်တိုက်အားတိုက် ပါဝင်ကြသည်ကို တွေ့ရှိရပါသည်။

ထို့နောက် တပင်တိုင်သီချင်းဖြင့် ချီးမွှမ်းခြင်း၊ အပြန်အလှန် နှုတ်ကပါတ်တော် ဖတ်ကြားခြင်း၊ ပရိတ်သတ် ချီးမွှမ်း ဓမ္မသီချင်း သီဆိုခြင်း၊ အသင်းတော် သာသနာသစ် ဆက်ကပ်ဆုတောင်းခြင်း၊ အလှူတော်ငွေအတွက် ဆက်ကပ် ဆုတောင်းခြင်း၊ အလှူတော်အတွက် သီချင်းသီဆိုခြင်းများ ပြုလုပ်ပါသည်။ ထို့နောက် အဖွဲ့ချီးမွှမ်းသီချင်းအစီအစဉ်တွင် ဆရာတော် Rev.Samuel Lung မိသားစုမှ တမိသားစုလုံး ဆက်ကပ်ကြရာ ခွန်အားရစရာ ဖြစ်ခဲ့ပါသည်။

ထို့နောက် တရားဒေသနာတော် ဟောပြောခြင်း အစီအစဉ်၊ ထို့နောက်တွင် ပွဲတော်မင်္ဂလာကျင်းပပါသည်။ ထို့နောက် ကောင်းကြီးအလုံးစုံပေးသောဘုရားနှင့် ကောင်းကြီးပေးခြင်းအစီအစဉ်ဖြင့် အောင်မြင်စွာ ဝတ်ပြုအစည်းအဝေးအစီအစဉ် ပြီးဆုံးခဲ့ပါသည်။

ထို့နောက် အစားအသောက် အစီအစဉ်များအား မြန်မာထမင်း၊ ဟင်း ပေါင်းစုံဖြင့် တည်ခင်းဧည့်ခံ၊ ပျော်ရွှင်စွာ စားသုံးခဲ့ကြပါသည်။

(မောင်ပွကြီး)

Monday, January 24, 2011

လူတိုင်းအတွက် သတင်းကောင်း





အမေရိကန်ပြည်ထောင်စု၊ တက်ဆက်ပြည်နယ်၊ ဖို့ဝေါ့သ်မြို့၊ ချယ်ရီတောင်ကုန်းအိမ်ယာတွင် နေထိုင်သော ဆရာလူရီကြည်ထန်းမိသားစုမှ လူတိုင်းအတွက် သတင်းကောင်း ကျမ်းစာသင်တန်းကို ဇန္နဝါရီလ ၂၂ ရက်မှ ၂၇ ရက်နေ့ထိ ဖွင့်လှစ်လျက် ရှိရာ သင်တန်းပို့ချသူအဖြစ် ကမ္ဘာလှည့် သာသနာပြုဆရာ Rev. လှမြင့်မှ လာရောက် ပို့ချနေသဖြင့် ဖို့ဝေါ့သ်မြို့နေ ခရစ်ယာန်ဘာသာဝင်များ ဝိဉာဉ်ခွန်အားများတိုးပွားကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြကြောင်း သိရှိရပါသည်။

နေ့စဉ် နံနက် ၁၀နာရီမှ မွန်းလွဲ ၁နာရီအထိ (ခရစ်ယာန် အသက်တာ)ကို ပို့ချပြီး၊ ည ၇နာရီမှ ၉ နာရီအထိ (အပြစ်တရားနှင့် ကယ်တင်ခြင်းတရား)ကို ပို့ချလျက်ရှိရာ ဖို့ဝေါ့သ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ချင်း၊ ကချင်၊ ရဝမ် ခရစ်ယာန်ဘာသာဝင်များ တက်ရောက်သင်ယူကြသည်ကို တွေ့ရပါသည်။

သင်တန်းပို့ချသော ကမ္ဘာလှည့်သာသနာပြုဆရာကြီး Rev.လှမြင့်မှာ သင်တန်းပို့ချရာတွင် ရှင်းလင်းတိကျလွန်းသဖြင့် တချို့လူများသည် ၎င်းတို့၏အလုပ်များကို ခွင့်တင်၍ဖြစ်စေ၊ တချို့ဝေးလံလှသောနေရာများမှဖြစ်စေ လာရောက်၍ မပြတ်မလပ် သင်ယူနေကြကြောင်းကိုလည်း တွေ့ရှိရပေသည်။

သင်တန်း၏ ပထမဦးဆုံးနေ့တွင် ဆရာလူရီကြည်ထန်းမှ "ကျေးဇူးတပါး၌ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ ရှိသမျှသည် ခံကြရပြီ" (ယော၊ ၁း၁၆)ကျမ်းချက်အား သူ၏ကြုံတွေ့ရသောဘဝဖြင့် သက်သေခံခဲ့ရာ ကြားရသူများအတွက် ခွန်အားရရှိခဲ့ပါသည်။

ဆရာလူရီကြည်ထန်းမိသားစု၏စေတနာနှင့် သင်တန်းပို့ချသူ ဆရာကြီး Rev. လှမြင့်၏ ကျွမ်းကျင်ပိုင်နိုင်လှသော သင်တန်းပို့ချချက်များကြောင့် ကျမ်းစာတက်ရောက်သင်ယူနေသူများက သင်တန်းကာလ ကုန်ဆုံးသွားမှာကို နှမျောနေကြကြောင်း ပြောဆိုသံများ ကြားသိခဲ့ရပါသည်။

Wednesday, January 12, 2011

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား

ရန်ပိုင် Wednesday, 12 January 2011 18:26
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော သတင်းများကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင် ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး ပြောဆိုနေကြသည်။

general-maung-aye-jan-12-2011

ရွေးကောက်ပွဲနေ့က မဲပေးနေသော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး။ (ဓာတ်ပုံ - AP)

ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည် အစိုးရအဖွဲအသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ဦးအေးက မနှစ်ကတည်းက နားဖို့ပြောနေတာ ဗိုလ်ချုပ်မှူးကြီးက တားလို့ မနားတာလို့ ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး နားမယ်လို့တော့ အသံမထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။

ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ရာထူးမှ အနားယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လအတွင်း၌ တပ်တွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ဖြင့် အစားထိုးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာကို ဆက်ခံမည်ဟု အများက ယူဆနေသည့် ဗိုလ်ချုပ်ကြီး ရွှေမန်းမှာမူ တပ်မတော်မှ အငြိမ်းစား ယူသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်ရသည်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် အမတ်နေရာ အများစုတွင် အနိုင်ရခဲ့ပြီး လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ကို ခေါ်ယူမည်ဖြစ်သည်။

နိုင်ငံတော် သမ္မတရာထူးအတွက် မည်သူတာဝန်ယူမည် ဆိုသည်ကို မသိရသေးသော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်းအား ရွေးချယ်ထားသည်ဟု လည်းကောင်း၊ ဗိုလ်ချုပ်မှူး သန်းရွှေပင် ဆက်လက် လုပ်ကိုင်မည်ဟူ၍လည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်မှ သမ္မတနှင့် ဒုတိယ သမ္မတများကို ရွေးချယ်မည်ဖြစ်သည်။

ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို ထိုစဉ်ကတည်းက လျာထားပြီး ဖြစ်ကြောင်းလည်း ပြောသွားသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြသည်)

Tuesday, January 11, 2011

ကရင်နီလူငယ်တစ်ဦး အသတ်ခံရသည့်အမှု ဖော်ထုတ်နိုင်ရန် ဆုငွေ ကြေညာ

ရေးသားသူ - ကို(၂) တနင်္လာနေ့, 10 ဇန်န၀ါရီလ 2011 10:14

အမေရိကန် ပြန်ထောင်စု တက်ခ်စက်ပြည်နယ်၊ ဟျူစ်တန်မြို့တွင် အမည်မသိ သေနတ်သမားနှစ်ဦးကြောင့် သေဆုံးသွားခဲ့သည့် ကရင်နီအမျိုးသား တဦးဖြစ်သည့် လှခေး၏အမှုနှင့် စပ်လျှဉ်းပြီး တရားခံဟု သံသယရှိသူကို စုံစမ်းဖမ်းဆီးနိုင်ရန် သတင်းအချက်အလက်များ မေးနိုင်သူအား အမေရိကန်ဒေါ်လာ ၅ဝဝဝ ဆုချီးမြင့်ပေးမည်ဟု ဟျူစ်တန်မြို့ ရဲဌာနက ကြေညာလိုက်ကြောင်း သိရှိရသည်။

“လှခေးခါးရယ် အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များရှိပါက ရာဇ၀တ်မှုတားဆီးရေးအဖွဲ့ထံ ဖုန်းနံပါတ်(၇၁၃ ၂၂၂ ၈၄၇၇)ဖြင့် ဆက်သွယ်အကြောင်းကြားရန် သင့်အား တိုက်တွန်းအပ်ပါသည်။ သင့်ခေါ်ဆိုမှုအား လျွို့ဝှက်ထားပေးမည်။ ဤအမှုနှင့်ပတ်သက်ပြီး သံသယရှိသူ တရားခံကို ဖမ်းဆည်းတရားစွဲဆိုနိုင်ရန်အတွက် ဖုန်းဆက်ခြင်း၊ www.crime-stoppers.org သို့ စာရေးအကြောင်းကြားခြင်းတို့အား၊ ရာဇ၀တ်မှုတားဆီးရေးအဖွဲ့က ဆုငွေဒေါ်လာ ၅၀၀၀အထိချီးမြင့်မည်” ဟု ၂၀၁၀၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဟျူစ်တန်မြို့ရဲဌာန၏ ကြေညာချက်တွင် ရေးသားဖေါ်ပြထားသည်။

ထိုလူသတ်သည့် အမှုကိုဖော်ထုတ်နိုင်ရန် အလွန်ပင် ခက်ခဲမည်ဟု တက်ခ်စက်ပြည်နယ်မှာ နေထိုင်သည့် ကရင်နီအမျိုးသား တစ်ဦးဖြစ်သည့် ခူးဦးရယ်က ပြောပါသည်။

“ရာဇဝတ်ကောင်ကို ဖော်ထုတ်နိုင်ဖို့က ခက်ခဲပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့က လှခေးအသတ်ခံလိုက်ရဲ့တဲ့ အချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးကင်မရာတွေ တပ်ထားတာတွေမရှိဘူး။ ဘယ်သူဘယ်ဝါရယ်ဆိုတာ မသိရဘူး။ လှခေးကိုယ်တိုင်က ရဲ (နိုင်းဝမ်းဝမ်း) ကိုဆက်တယ်၊ ဒါပေမယ့် သူပေးတဲ့သတင်းအချက်အလက်က မပြည့်စုံဘူး။ ကားနံပါတ်ကဘာလဲ ဆိုတာလည်း မသိရဘူး။ သူပြောတာက ကားက ရွှေဝါရောင်လို့ပဲ ပြောသွားတယ်။ ဒီလို အတိအကျမသိတာကြောင့် ရာဇ၀တ်ကောင်ကို ဖော်ထုတ်နိုင်ဖို့က ခက်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားများသည် လုံခြုံမှုမရှိသည့်နေရာတွေမှာ နေထိုင်ကြတာများပြားပြီး၊ ထိုဒေသတွေမှာမှု အိမ်ဌားခ၊ မီးခ၊ စသည့် နေရာထိုင်ခင်းအခကြေးများ ဈေးနှုန်းချိုသည့် အတွက်ကြောင့် အနေများကြခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ကျနော်တို့လူတွေက အိမ်ဌားခတွေ နည်းနည်းလေးပေးရတဲ့ နေရာတွေမှာ နေချင်ကြတယ်။ အိမ်ကောင်းတာ မကောင်းတာ မသိတော့ဘူး။ လုံခြုံရေးအတွက်ကောင်းတာ မကောင်းတာလည်း မတွေးတော့ဘူး။ လုံခြုံရေးအပြည့်အဝရှိတဲ့ နေရာတွေမှာခါကျတော့ နေထိုင်တဲ့စရိတ်တွေ တော်တော်လေးပေးရမှာဖြစ်တယ်။ အခုလို ဈေးပေါတဲ့နေရာမှာ နေထိုင်ရတဲ့ အကျိုးဆက်က အခုလိုပဲ ဘဝလုံခြုံမှုတွေ မရှိဘူးပေါ့”

အသက်၂၆ နှစ်အရွယ်ရှိ လှခေးအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ဟျူစ်တန်မြို့ ၅၉၀၀ ရိုင်ချယ်စ်တန်လမ်းရှိ စန်းဗလောင်းစမ်းမောင်းတိမ်းအိမ်ရာရှေ့ ကားများဆိုက်ရာနေရာတွင် သူစိမ်းနှစ်ဦးမှ လုယက်ရန်ကြိုးစားခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

(ကန္တာရဝတီတိုင်းမ်မှ ကူးယူဖော်ပြသည်)

အမေရိကန်မှ ကရင်နီအမျိုးသမီးတဦး အဓမ္မ ပြုကျင့်ခံရ

ရေးသားသူ - အောလို ဗုဒ္ဓဟူးနေ့, 15 ဒီဇင်ဘာလ 2010 21:53

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အာလ်ဘာနင် (Albany)မြို့တွင် ရောက်ရှိနေထိုင်သော ကရင်နီအမျိုးသမီးတဦးအား ယခုလ ၂ ရက်နေ့က အမည်မသိ အမေရိကန်နိုင်ငံသား လူမည်းတဦးမှ အဓမ္မ ပြုကျင့်ခဲ့ကြောင်း အာလ်ဘာနင်မြို့၌ နေထိုင်သူ ကရင်နီအမျိုးသားတဦးက ပြောသည်။
နအဖစစ်တပ်များ
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အာလ်ဘာနင် (ALbany)မြို့ တည်ရှိသည့် နေရာ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ အမေရိကန်သို့ မိသားစုနှင့်အတူ လာရောက်အခြေချနေထိုင်သော ၎င်းကရင်နီအမျိုးသမီးတဦးသည် ကလေးနှစ်ယောက် ရှိပြီဖြစ်ပြီး ၎င်းယောင်္ကျားက အလုပ်သွားရောက်လုပ်ကိုင်နေစဉ် ထိုအမေရိကန်နိုင်ငံသား လူမည်းတဦးမှ သူမ နေထိုင်ရာ တိုက်ခန်းထဲ၌ ၀င်ရောက်ကာ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

“သူ့ယောင်္ကျားက အလုပ်သွားလုပ်နေတဲ့ အချိန်မှာ အဲဒီလူမည်း တယောက်လာ လာပြီး တံခါး ခေါက်တယ်တဲ့။ နောက်ပြီး သူ့ကလေးက တံခါးကို သွားဖွင့်လိုက်တာ။ တံခါးဖွင့်တဲ့ အချိန်မှာ အဲဒီ လူမည်းက ၀င်လာပြီး သူ့မျက်နှာကို ရိုက်တယ်။ နောက်ပြီး မုဒိန်းကျင့်တယ်တဲ့” ဟု အထက်ပါ ကရင်နီအမျိုးသားတဦးက ပြောသည်။

ထိုလူမည်းတဦးသည် ကရင်နီအမျိုးသမီးတဦးအား မတရား ပြုကျင့်ခဲ့သည့်အပြင် ပိုက်ဆံများကို ထပ်မံတောင်းယူပြီး အမျိုးသမီး နေထိုင်သည့် တိုက်ခန်းထဲမှ ထွက်သွားခဲ့ကြောင်း ဆိုသည်။

ကရင်နီအမျိုးသမီး ပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ဒေသအာဏာပိုင် ရဲများသို့ တိုင်ကြားထား၍ ရဲများက ထိုတရားခံကို လိုက်လံစုံစမ်းစစ်ဆေးသော်လည်း ယခုအချိန်ထိ တွေ့ရှိဖော်ထုတ်မှု မရှိကြောင်း ကရင်နီအမျိုးသားတဦးက ဆက်ပြောသည်။

အာလ်ဘာနင်မြို့၌ လာရောက်အခြေချနေထိုင်ကြသော ကရင်နီလူမျိုးများသည် အခြားသော မြန်မာတိုင်းရင်းသားများထက် နည်းနေသေးပြီး ၎င်းတို့ မိသားစုအတွက် ယခုလို အဖြစ်အပျက် အဖြစ်ခံရမည်ကို စိုးရိမ်ပူပန်နေကြကြောင်း သူက ပြောသည်။

တိုက်ခန်းနှင့် နေထိုင်သူများသည် လူများ ၀င်ရောက်မနှောင့်ယှက်နိုင်ရန်နှင့် မိမိလုံခြုံရေးကို ကာကွယ်သည့် အနေဖြင့် တံခါးများကို အချိန်မှန် ခတ်ထားရန်နှင့် တံခါးများ ခေါက်သံကြားလျှင်လည်း သူစိမ်းလား၊ အသိမိတ်ဆွေလား ဆိုသည်ကို အရင်ကြည့်ရှုစစ်ဆေးပြီး ဖွင့်သင့်ကြောင်း အမေရိကန်နိုင်ငံ ဂျောင်ဂျီယာ (Georgia) ပြည်နယ်၌ နေထိုင်သော ကရင်နီအမျိုးသားတဦးဖြစ်သူ ထွန်းလှက ပြောသည်။

အဓမ္မ ပြုကျင့်ခံရသူ ကရင်နီအမျိုးသမီးတဦးသည် ထိုင်း-မြန်မာနယ်စပ်မှ ကရင်နီဒုက္ခသည်တဦး ဖြစ်ပြီး ၎င်းမိသားစုနှင့်အတူ အမေရိကန်သို့ လာရောက်အခြေချနေထိုင်သည်မှာ ၁ နှစ်ခန့် ရှိပြီ ဖြစ်သည်။

၂၀၀၈ မှ ၂၀၁၀ ခုနှစ်အထိ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းများမှ အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်သော ကရင်နီဒုက္ခသည်များသည် လူဦးရေအရ ၁၀၀၀၀ ၀န်းကျင် ရှိပြီဖြစ်ကြောင်း ကရင်နီဒုက္ခသည်စခန်းကော်မီတီမှ ပြောပြချက်အရ သိရသည်။

မှတ်ချက်။ အဓမ္မ ပြုကျင့်ခံရသူ ကရင်နီအမျိုးသမီးတဦးသည် သူမ၏ နာမည်ကို ပေးမဖော်ပြသည့်အတွက် ၀ှက်ထားခြင်း ဖြစ်ပါသည်။

(ကန္တာရဝတီတိုင်းမ်မှ ကူးယူဖေါ်ပြပါသည်)

သတင်းဌာန အသီးသီးမှ ယနေ့ ဖတ်စရာ မှတ်စရာများ

January 11, 2011. (Tuesday)
တရုတ် ဓါတ်ငွေ့ပိုက်လိုင်း သယ်ယူရေး IGE ကုမ္ပဏီ ကန်ထရိုက်ရ
ထိုင်းက မြန်မာကို ကန့်ကွက်စာပို့
ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်
DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်
မြန်မာဒုက္ခသည် ၃၄ ဦးကို ဒုက္ခသည်အဖြစ် လက်ခံရန် UNHCR စစ်ဆေး
စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
ခွဲထွက်အဖွဲ့ မွန်ပြည်သစ်နှင့် ပြန်လည်ပူးပေါင်း
ကလေးဓါတ်ဆီဆိုင်နှင့် ဘောက်ဆာကား မီးလောင်

မနောပွဲတွင် စစ်အစိုးရ ဆန့်ကျင်စာ ဖြန့်ဝေ

ဇာနည်မာန် Friday, 07 January 2011 17:09
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ စတင်သည့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတွင် ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက စစ်အစိုးရ ဆန့်ကျင်ရေးစာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

Kachin-Manaw-2011

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ်နေ့ မနောပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ - Reuters)

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အစိုးရ အရာရှိများက ပွဲတော်ကျင်းပရေး ကော်မတီတွင် ပါဝင်ထိန်းချုပ်မှုများ ပြုလာသောကြောင့် ကျေနပ်မှု မရှိသည့်အပြင်၊ စစ်အာဏာရှင်စနစ် ကျဆုံးစေရန် လှုံ့ဆော်သည့်အနေဖြင့် စာများဖြန့်ဝေရခြင်း ဖြစ်ကြောင်း ကချင် ကျောင်းသားသမဂ္ဂ အဖွဲ့ကဆိုသည်။

“A4 ဆိုဒ် စာရွက် ၂၀၀၀ မှာ ၂၀၀၈ အခြေခံ ဥပဒေအား အလိုမရှိ၊ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အလိုမရှိ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်၊ နအဖ စစ်အစိုးရ ကျဆုံးရန် ဆိုတာတွေ ရေးပြီး မနက်က ဖြန့်ပါတယ်။ မြို့ထဲက လမ်းတွေမှာ ကျဲဖြန့်တယ်။ တချို့ကို သစ်ပင်နဲ့ တိုင်တွေမှာ ကပ်ခဲ့တယ်” ဟု ကချင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တဦးက ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့် နှစ်များက ပွဲတော်ကျင်းပရေးကော်မတီတွင် ကချင်ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့မှ ကချင်တိုင်းရင်းသား လူကြီးများသာ ပါဝင်ခဲ့သော်လည်း ယခုနှစ်၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိများပါဝင် ချယ်လှယ်လာကြောင်း၊ ထို့ပြင် ယခင်နှစ်များက မနောကွင်း အ၀င်မုခ်ဦး၌ “ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” ဟု ရေးသားခဲ့သော်လည်း ယခုနှစ်တွင်မူ “၆၃ နှစ်မြောက် ကချင်ရိုးရာ ယဉ်ကျေးမှု ပြည်ထောင်စု မနောပွဲတော်” ဟု ရေးသားသုံးနှုန်းလာ၍ ဒေသခံများက မကျေနပ်ကြဘဲ စိတ်ပါဝင်စားမှု နည်းနေကြောင်း သူကဆိုသည်။

ဆက်လက်၍ ၎င်းက “ကြေးမုံ သတင်းစာမှာလည်း ပြည်ထောင်စု မနောပွဲလို့ ရေးလာတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ အရင်နှစ်တွေကလောက် ပြည်သူလူထုက အားတက်သရော မရှိကြဘူး။ ကျနော်တို့က မနောပွဲကို ဆန့်ကျင်ချင်တာ မဟုတ်ပါဘူး။ ကချင်တိုင်းရင်းသားတွေရဲ့ ပွဲကို အစိုးရက ဒီလို ထိန်းချုပ်တာတွေ လုပ်လာတာကို ဆန့်ကျင်တာပါ” ဟု ပြောသည်။

မနောပွဲတော် လုံခြုံရေးကိုလည်း ယခင်နှစ်များကဲ့သို့ ကချင်ယဉ်ကျေးမှုအဖွဲ့ဝင် လူငယ်များက တာဝန် မယူရတော့ဘဲ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များကိုသာ တာဝန်ပေးထားသည်ဟု အဆိုပါ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်က ဆိုသည်။

မြစ်ကြီးနားမြို့ခံတဦးကလည်း “အခုက ခါတိုင်းလုပ်နေကျ မနောကွင်းမှာ ဆိုပေမယ့် သူတို့ဟာသူတို့ လုပ်နေတာ ဆိုတော့ သိပ် စိတ်မ၀င်စားကြဘူး။ ကျောင်းသားတွေကိုဆို အတင်း သွားခိုင်းတယ်။ စိတ်မ၀င်စား ပေမယ့်လည်း အတင်းအဓမ္မ ခိုင်းနေတော့ သွားကြရတာပေါ့” ဟု ပြောသည်။

အဆိုပါ မနောပွဲတော်ကို ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရုပ်မြင်သံကြားလိုင်း တခုဖြစ်သည့် Studio 35 မှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း၊ Iron Cross တေးဂီတအဖွဲ့မှ စင်တင်တေးဂီတ ဖျော်ဖြေခြင်းများ ရှိမည်ဟု သိရသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြသည်။)