Friday, December 28, 2012

မြင်မိတိုင်း အမြဲ မျက်ရည်ကျရတဲ့ ပုံ


ကျနော် အရင်တုန်းက ဘဝကို ကြမ်းရမ်းစွာ ဖြတ်သန်းခဲ့ဖူးပါတယ်။ ကိုယ့်ကိုကိုယ်လည်း အသည်းမာလှတယ်ပေါ့။
အမေရိကကိုရောက်တော့ နိုင်ငံကြီးသားတွေရဲ့ မေတ္တာ၊ ဂရုဏာ၊ ကြင်နာမှု၊ စာနာနားလည်မှု စတဲ့၊ ဖြူထည်တဲ့ ဝန်းကျင်ထိတွေ့မှုများဟာ၊ ကိုယ့်အတွက် ထိတွေ့ အတုယူ တည်ဆောက်စရာ ဖြစ်စေခဲ့ပါတယ်။

အရင်က ရုပ်ရှင်ကြည့်ရင်း ငိုရတဲ့အခန်းဆို လွှတ်ငိုနေတတ်တဲ့ ကျနော့်အမျိုးသမီးအတွက်၊ ခုဆို အဖေါ်မဲ့မနေတော့ပါဘူး။ အရင်က ကြမ်းတမ်းခဲ့တဲ့ ကျနော့်နှလုံးသားဟာလည်း နူးညံ့သိမ်မွေ့စွာ ခံစားတတ်နေခဲ့ပါပြီ။

ကျနော့်ဘဝမှာ ပန်းချီပြပွဲ၊ ဓါတ်ပုံပြပွဲ များစွာ ရောက်ဖူးခဲ့ပေမယ့် မျက်ရည်မကျခဲ့ပါဘူး။ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ သားအမိတွေ ပြန်ဆုံတွေ့ရတဲ့ ဓါတ်ပုံကို မြင်ရတဲ့အခါတိုင်း၊ ကျနော် မျက်ရည်အလိုလိုကျလာပါတယ်။

ကြေကွဲဆို့နင့်လိုက်တာ။
ကလေးဘဝ မိခင်ရဲ့ရင်ခွင်ထဲ၊ သူလည်း တိုးဝင်ချွဲချင်ရှာမှာပေါ့။ ညဘက်အိပ်ယာဝင် အမေပုံပြောပြတာတွေ နားထောင်ချင်ရှာမှာပေါ့။ သားယောကျာ်းလေးဟာ အမေကိုပဲ ခင်တွယ်တတ်တယ်။ အမေဆိုတာ ပန်းပျိုးတဲ့လက်၊ နူးညံ့တယ်လေ။

ခုတော့ သူ့အမေရဲ့ မြန်မာပြည်ကို ချစ်တဲ့စိတ်အတွက်၊ သူ့ရဲ့ကလေးငယ်အခွင့်အရေးလေးပါ ထည့်သွင်းဆုံးရှုံးခံလို့၊ သူ့နှလုံးသားကိုပါ ထိုးပြီး ပေးဆပ်ခဲ့ရှာတယ်။ လက်မောင်းမှာထိုးထားတာကို ကြည့်ရင်၊ အမေကို လွမ်းရင်း သူ့ကိုယ်သူလည်း၊ အမြဲ တောင့်ခံ အားပေးခဲ့ရရှာတယ်ထင်ပ။

ပြန်ဆုံတွေ့ချိန် သားအမိတွေ လက်တွေကို တင်းတင်းဆုပ်လို့၊ ...ရင်ထဲမှာ ကြိတ်ငိုနေကြတာ ဘယ်သူသိနိုင်မှာလဲလေ။....မပီကလာ ပီကလာ စကားပြောတတ်စ ကလေးမှ လူပျိုကြီးကို ဖြစ်လို့။

ကလေးရူးနှင့် ဟန်ဆောင်ခြင်း

မိန်းမတို့၏ မတင်းတိမ် မရောင့်ရဲနိုင်သော ဆန္ဒထဲတွင် ကလေးမွေးခြင်းလည်း ပါသည်။ ကလေးဘယ်နှစ်ယောက်ရှိရှိ၊ ထပ်လိုချင်သည်သာဖြစ်ပြီး၊ ချင့်ချိန်ရသော အခြေအနေတို့ကြောင့်သာ စိတ်ဒုံးဒုံးချ မြိုသိပ်နေရခြင်းသာ တွေ့ရသည်။

ကျနော့်ဇနီးသည်လည်း ကလေးရူးနေတာ ကြာလှပြီ။ သူ့ရဲ့အလုပ်ထဲမှာ သူ့ဗိုက်လေးကို ပွတ်ပြီး၊ ကိုယ်ဝန်ရှိနေတယ်လို့ လုပ်ဖေါ်ကိုင်ဖက်များကို ပြောရလောက်အောင် ရူးလှရှာပါသည်။ အိပ်မက်တိုင်း ကလေးရတယ်လို့ အိပ်မက်လျှင်၊ သူမ ဝမ်းသာအယ်လဲဖြစ်ကာ အိပ်မောကျနေသောကျနော့်ကို နှိုးပြော ပွင့်အံ၍၊ ကျနော့်မှာ အိပ်ရေးပျက်သောညပေါင်း မနည်းလှ။ သူ့ရဲ့ဝမ်းသာ၊ ဝမ်းနည်း မည်သည့်ခံစားမှုမျိုးမဆို စာနာနားလည်စွာ နှစ်သိမ့်မျှဝေခံစားပေးရမည်မှာလည်း ကျနော်တို့ အိမ်ထောင်ဦးစီး ယောကျာ်းတယောက်ရဲ့တာဝန်ပင် မဟုတ်ပါလား။

အလုပ်အားသောရက်တွင် မိသားစုဆရာဝန်နှင့် သွားတွေ့သည်။ ကျနော်တို့ နှစ်ယောက်စလုံးကို စစ်ဆေးမည်ဟု ဆိုပါသည်။ အမေရိကဆိုသော နိုင်ငံကြီးတွင် လင့်မျက်နှာ တရွာထင်ပြီး လိုက်လာခဲ့သော၊ လွန်စွာအားငယ်တတ်သည့် ကျနော့်အမျိုးသမီးအဖို့၊ ဘာလုပ်လုပ် သူ့အနားမှာ ကျနော့်ကို ရှိစေချင်သည်။ (ကျနော့်၏ ခန့်ညားတည်ကြည်လှသော ဥပဓိရုပ်သည်၊ သူမ၏ ခွန်အားရှိသော အားဆေးတစ်ခွက်ပင် မဟုတ်ပါလား။)

ဆေးရုံ၏ စမ်းသပ်ခန်းအတွင်းသို့ သူနာပြုဆရာမနှင့်အတူ ဝင်လာသည်က လူဖြူဆရာဝန်မလေး၊ ငယ်ရွယ်လှသော သူလေးပင်ဖြစ်သည်။ ကျနော့်အမျိုးသမီးကို စမ်းသပ်ရန် ဝတ်စုံလဲဝတ်ခိုင်းသည့်အချိန်မှာတော့.....

အာရှသားတွေလေ။ သိတယ်မဟုတ်လား။ အခု ရန်ကုန်မှာ လူကြီးတွေက လူငယ်ကလေးမလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံကို မျက်စိရိုင်းဖြစ်နေသလိုမျိုး၊... ကျနော်ကလည်း အခန်းတွင်း နေရန် သင့်၊ မသင့်ချိန်ပြီး၊ ကျနော် အပြင်ထွက်ပေးရမလားလို့ ဆရာဝန်မလေးကို မေးလိုက်ပါသည်။ သူမက ဘာမှမဖြစ်ဟန်နှင့်၊ ရှင်ရှိတော့ ရှင့်မိန်းမ အားရှိတယ်မဟုတ်လားဟု ပြုံးပြီးပြန်ပြောတဲ့အခါ၊ ကျနော့်မှာ ဟတ်ထိပြီး ပါးစပ်အဟောင်းသား။ လဲနေသူကို ကူ၍ ထူမ,ပေးပါ ဆိုတာကလည်း မူလတန်းကျောင်းစာမှာကတည်းက သင်လာခဲ့ရသူ ကျနော့်အဖို့.. အားငယ်တတ်သောအမျိုးသမီးကို အားရှိအောင် နေခွင့်ပေးသည်ကို ကျေးဇူးတင်၊ ဝမ်းသာရပါသည်။

ဤသို့ဖြင့် ကျနော့်အမျိုးသမီး၏ ပေါင်နှစ်ချောင်းကို ဖြဲကားပြီး၊ မိန်းမအင်္ဂါကို စမ်းသပ်နေသည့်အခါတွင်တော့ ကျနော့်မှာ အမျိုးအမည်၊ အကြောင်းအရာ ရှာမရပဲ၊ နေရင်းထိုင်ရင်း ဘာမှန်းမသိကာ အနေခက်နေပါသည်။ ဆရာဝန်မနှင့် နာ့စ်မတို့က ကျနော့်၏ အမူအရာကို မျက်စိဖြင့် မကြည်ပဲ၊ စိတ်နှလုံးသားဖြင့် ကြည့်ကာ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေကြသည်။

ကျနော်သိပါသည်။ သူတို့ရဲ့အတွေးမှာ အာရှသားတွေဟာ ဟန်ဆောင်မှုတွေ၊ ဟန်လုပ်မှုတွေ၊ ရိုးသားချင်ဟန်ဆောင်တဲ့ မရိုးသားမှုတွေ မလိုအပ်ပဲ ရှိကြသည်ဟု ထင်နေမှာပဲ ဆိုတာကို။
တကယ်တော့ ကျနော်တို့ ယောကျာ်းတိုင်းသည် ကိုယ့်ဇနီးမယား၏ ခန္ဓာအနှံ့ အကုန်မြင်ဖူးကြချည်းသာ ဖြစ်သည်။ ရုံးမှာသာ လူအများလေးစားသည့် သမာသမတ်ရှိသည့်၊ သိက္ခာရှိ တရားသူကြီးတယောက် ဖြစ်ချင် ဖြစ်သော်လည်း၊ ခြင်ထောင်ထဲရောက်လျှင် အဆိုပါလူသည် ဘာအိနြေ္ဒ၊ သိက္ခာမျှ မရှိကြသည် မဟုတ်ပါလား။

ယခုလည်း စမ်းသပ်ခန်းတွင်းရှိ ကျနော့်ကို၊ သူတို့ ဘယ်လိုထင်ကြမယ်ဆိုတာ ကျနော် သိနေတာက တဖက်၊ မလိုအပ်သော ဟန်ဆောင်မှုများဖြင့် အနေခက်နေတာက တဖက်၊ (ကျနော့်မှာ ဝတ်စားဆင်ယင်မှုအပေါ် ရန်ကုန်လူကြီးများ မျက်စိရိုင်းသည့် အပေါက်မျိုးဖြင့်) ချီတုံချတုံဖြစ်နေဆဲမှာပင် သူတို့သည် သူတို့ လုပ်ဆောင်ရမည့်အလုပ်ကို၊ အလုပ်အတိုင်း အောင်မြင်စွာ ပြီးမြောက်လုပ်ဆောင်ခဲ့ပါသည်။

ယခုလည်း လွှတ်တော်တွင် ပြည့်တန်ဆာလုပ်ငန်းဆိုသည်မှာ ဥပဒေမျက်ကွယ်ပြု ဆောင်ရွက်သည့်လုပ်ငန်းဖြစ်၍၊ မလိုလားအပ်သော ရောဂါများ၊ ဆိုးကျိုးများ ပြည်သူများအတွင်း ဖြစ်ပွားပျံ့နှံ့နေခဲ့သည်။ ရောဂါဆိုတာ ပျံ့နှံ့ ဖြစ်ပွားလျှင် တားမြစ်ဥပဒေဆိုတာ အလကားပင်။ အရာရာတိုင်းကို နှိပ်ကွပ်သော ဥပဒေမျိုးချည်းပဲ ပြဌာန်း၍ မရပါ။ ကျန်းမာရေးနှင့်ပတ်သက်လျှင် ပြန်လည်ထူထောင်ရေး၊ လိုအပ်ချက်ကွက်လပ် ဖြည့်ဆည်းရေး ဥပဒေများလည်း ရှိသင့်သည်မဟုတ်ပါလား။

ကျနော်တို့ပြည်သူတွေအားလုံး အာသဝေါတရား ကုန်ခမ်းတဲ့ ရဟန္တာများ ဖြစ်နေကြသည်ဆိုလျှင်တော့ ပြည့်တန်ဆာလိုင်စင်ဥပဒေမျိုး ပြဌာန်းနေစရာ မလိုပါ။
ဒါဟာ သဘာဝကိုက ပေးထားတဲ့ သဘာဝတရားဖြစ်လို့ ဘာရှက်စရာ ရှိပါသလဲ။ အများပြည်သူ ကျန်းမာရေးအတွက် လုပ်ဆောင်စရာရှိတဲ့ အလုပ်ကို အထက်ကဆရာဝန်မလေးလို၊ ပြီးမြောက်အောင် လုပ်ရမည်သာ ဖြစ်သည်။ မဟုတ်လျှင်တော့.. ကျနော်တို့ အာရှသားတွေကို အနောက်တိုင်းက ထင်မြင်နေသလို သူတော်ကောင်းယောင် ဆောင်လွန်းသည့်သူများဟု ထင်မှတ်နေသလိုသာ ကျနော်လည်း ထင်မြင်မိပါကြောင်း။...
အလုပ်သမားဘဝ....
အေးတာတွေ၊ ပူတာတွေ၊ စောတာတွေ၊ မိုးချုပ်တာတွေ ခံစားပြမနေဘူး။ အလုပ်သွားရမယ်။ ဘေးကင်းဖို့ ဂရုစိုက်မယ်။ အလုပ်ပေါ်မှာ တာဝန်ကျေရမယ်။

အလုပ်ရှင်ဘဝ....
ကိုယ်လို အလုပ်သမားမျိုးကိုပဲ လိုချင်တယ်။

Saturday, August 25, 2012

ကိုယ့်မြန်မာလူမျိုးအကြောင်း၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြီး ရေးသည်။


အခွင့်အရေး

မြန်မာပြည်တွင် လူ့အခွင့်အရေးမရှိ၍၊ လူတွေ ကိုယ့်အခွင့်အရေး ကိုယ် မသိခဲ့လေသလား၊ ကိုယ့်ကုသိုလ်ကံကြောင့် လူအဖြစ်ကို ရရှိပြီး တနေ့ ဘယ်သူမဆို သေရမှာပါကွာဟု ပေါ့ပေါ့လေးပဲ တွေးနေကြသလား မသိပါ။

များသောအားဖြင့် ကိုယ့်ပြည်သူများသည်၊ အသက် မသေချင်သော စိတ်သာရှိကြပြီး၊ လူသားတစ်ယောက်ရဲ့ လူသားဖြစ်ရမှုတန်ဖိုးကို အလေးထားရကောင်းမှန်း မသိ
သောသူများ များစွာ ရှိနေကြောင်း ခရီးများစွာ သွားလာခြင်းဖြင့် သိလာရပါသည်။

ဒေါသ

နိုင်ငံတကာသို့ ထွက်လေ့လာသောအခါ မြန်သည်၊ မာသည်ဟုဆိုသော မြန်မာတို့သည် တခြားနိုင်ငံသားများထက်၊ အမှန်တကယ် မြန်စွာ၊ အကြမ်းခံနိုင်စွာ လုပ်နိုင်ကြကြောင်းတွေ့ရသည်။
အားနည်းချက်မှာ သီးခံစိတ်ပါးလျကြပြီး၊ သူတပါးထက်လည်း အမျက်ဒေါသ ပို၍ကြီးကြခြင်းပင် ဖြစ်သည်။

ထိုဓလေ့စရိုက်ရှိသည့် ကိုယ့်လူများသည် ကားပေါ်တွင် စတီယာရင်းကိုင်လိုက်သည်နှင့်၊ တခြားလူမျိုးများထက် ဒေါသပိုကြီးသည်။ ပြည်တွင်းတွင် ကျနော် ကြုံဖူးသည်။ တပါးသူကို အန္တရာယ်ဖြစ်စေနိုင်သည့် ကားကို ကိုင်တွယ် မောင်းနှင်နေပါလျက်၊ ခြေထောက်ဖြင့် လမ်းလျှောက်သူအား သေသွားချင်လို့လား၊ ဒါ ကား၊ တိုက်ရင်သေတတ်တယ်ဟု ဒရိုင်ဘာများက ဒေါသတကြီး ပြောထွက်၊ ပြောရက်တတ်ကြသည်။ လူဖြတ်ကူးတာကို စိတ်ရှည်စွာ စောင့်ဆိုင်းခြင်း၊ အလျဉ်းမရှိကြ။

အရက်

အရက်နှင့်ပတ်သက်ပြီး အထွေအထူး ပြောစရာမလို၊ အစိုးရအဆက်ဆက်ကိုယ်တိုင်က အားပေးသည့်လုပ်ငန်းဆိုတော့၊ ကိုယ့်လူတွေသည် အရက်နှင့် ရင်းနှီးကျွမ်းဝင်ရင်းနှီးမှုမှာ အောက်တန်းမကျ ရှိလှသည်။ ဖောင်ကြီးမင်းကုန်း စံပြကျေးရွာတွင် ကိုယ်အင်္ဂါပျက်ယွင်းနေသူများက ချက်သောအရက်သည် ကမ္ဘာ့နိုင်ငံများထက် ကောင်းသည်။ ကမ္ဘာ့ဘယ်အရက်အမျိုးအစားကို လိုချင်သလဲ။ သူတို့ တပုံစံတည်းဖြစ်အောင် ချက်ပေးနိုင်သည်။ သို့သော် ကမ္ဘာ့နိုင်ငံများလို၊ အနှစ် (၃၀) သစ်သားစည်ထဲ လှောင်ထားရန် မလို၊ ၃ ရက်ဆိုတာနှင့် ရပြီ။ (အရက်သမားတွေ သက်တမ်းတိုသွားတာသာ ကြည့်ပါ။) ဆေးပညာကတော့ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးဆိုလား။ ထားတော့။

ပြီးခဲ့သည့် စစ်အစိုးရကတော့ အရက်ကို အတော်သုံးတတ်သည်။ ၂၀၀၇ ရွှေဝါရောင်တွင် လက်အောက်ရှိစစ်သားများကို အရက်ထဲတွင် ဘာဆေးထည့်တိုက်သည်မသိ၊ မျက်လုံးများ သရဲသဘက်ပမာ နီရဲပြီး ဘုရားမှန်းမသိ၊ သံဃာမှန်းမသိ၊ ကျောင်းသားလူငယ်များကိုလည်း သားသမီးချင်းကိုယ်ချင်းမစာ အသိစိတ်ပျောက်ပြီး ရက်စက်နိုင်စွမ်း ရှိအောင် သုံးတတ်ခဲ့ပါသည်။

ချုံ့၍ ဆိုရပါလျှင်

နဂိုက စိတ်မြန်ကိုယ်မြန် ဒေါသကြီးသည့်လူမျိုးဟာ အသိစိတ်ပျောက်သည့် အရက်ကိုသောက်ပြီး၊ လူအများကို ဒုက္ခပေးနိုင်သည့် ကား(သို့) စက်သုံးယာဉ်ကို မောင်းသောအခါ........

ကျနော်တို့ ကျနော်တို့ရဲ့ဘဝကို တပါးသူ၏ တာဝန်မဲ့ ပေါ့ဆမှုကြောင့် ဆုံးရှုံးခံရမည်လား၊ ခံသင့်သည်လား။ ကျနော့်အား မှီခိုနေရသူများ ရှိပါသည်။ ထိုသူများအား ကျနော့်လို ထိုသူက လုပ်ကိုင်ကျွေးမွေးမည်လား၊ ကျွေးမွေးခဲ့လျှင်လည်း ကျနော့်ရဲ့ကလေးတွေကို ဘယ်လိုလမ်းပြမှုမျိုးနဲ့၊ ဘယ်လို ကြီးပြင်းစေမှာလဲ။ ကျူးလွန်သူရဲ့ မိသားစုဘဝရော..? ဒါပါပဲ။

တာဝန်မဲ့သူကို အရင်းစစ်ရင် တရားခံဟာ၊ တာဝန်ရှိသူပါပဲ။

တာဝန်ရှိသူကိုယ်တိုင်ကိုက အသက်(၂၁)နှစ်မပြည့်ပဲ အရက်သောက်တာကို မတားမြစ်ရင်၊ (အသက်မပြည့်သူကို အရက်ရောင်းတဲ့သူကို အရေးယူပါ။ **တိုင်းပြည်၏အနာဂတ် ပညာသင်ရမည့်အရွယ်ဖြစ်၍ အလေးထားသင့်။** အဆိုပါ အရက်ရောင်းချသူ၏ ရဲစခန်းမှတ်တမ်းတွင် အဆိုပါပြစ်မှုကျူးလွန်ခဲ့ကြောင်း မှတ်တမ်းတင်ထားပါ။)

အရက်သောက်ပြီး ဘတ်စ်ကား၊ ကြားကား၊ ကိုယ်ပိုင်ကား မောင်းတာကို မတားမြစ်ရင်၊ (အများပြည်သူစီးနင်းလိုက်ပါသော ဘတ်စ်ကား၊ ကြားကား၏ ဒရိုင်ဘာများ အရက်သောက်ခြင်းကို လုံးဝ တားမြစ်ပါ။ ကိုယ်ပိုင်ကား ဒရိုင်ဘာများအား သွေးထဲတွင် အရက်ပါဝင်မှုနှုန်းတိုင်းကရိယာဖြင့် စစ်ဆေး အရေးယူပါ။)

ကျူးလွန်သူသည် ငါ့အဖေ၊ ငါ့ဦးလေး၊ ငါက ဘာကြီး၊ ညာကြီးဆိုသည့် အာဏာအလွဲသုံးစားပြုမှုများ ရှောင်ရှားရမည့်အပြင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကလည်း အကျင့်ပျက် လာဘ်စားမှုအား ရှောင်ရှားရပါမည်။

အများပြည်သူထိခိုက်နစ်နာစေနိုင်သည့်ကိစ္စဖြစ်၍ ဥပဒေအတိုင်း ပြည့်စုံတိကျစွာ၊ ပြဌာန်း၊ လိုက်နာ အရေးယူ ဆောင်ရွက်သင့်ပါကြောင်း...ဖြင့် ကိုယ့်လူမျိုးအကြောင်း ကိုယ်ပေါင်ကိုယ်လှန်ထောင်း၍ ရေးသားအပ်ပါသည်။

မောင်ပွကြီး (ရွှေဝါရောင်)

Saturday, August 18, 2012

ဒီလိုလူမျိုးထဲ သင် ပါနေပါသလား

ကျနော် ၁၈နှစ်သား အရွယ်က ကျူရှင်ဆရာ လုပ်ဖူးသည်။ ကြွားပြောရရင် ကျောင်းများတွင် အဆင့်(၁)မှ (၁၀)အတွင်း ရရှိသော ကလေးသည် ကျနော့်ကျူရှင်မှ ဖြစ်သည်။ (စကားချပ်။ ။ယခင်ခေတ်က ယနေ့ခေတ်လို အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ယူမှ အဆင့်ကောင်းသော ခေတ်မဟုတ်သေး။)

ကျနော်စာသင်သည့်အခါ ကျန်းမာပျော်ရွှင်ပညာသင်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပည့်များကို ပျော်ရွှင်စွာထားပြီး ဦးနှောက်ထဲသို့ အလွယ်ကူဆုံးတို

က်ရိုက် ရောက်သွားအောင် သင်သည်။ အိမ်စာ အဖြေမှန်သောကလေး၊ စာရသောကလေးကို ဆုအဖြစ် မုန့်ကျွေးပြီးလည်း သင်သည်။ ကလေးတွေလည်း ကျနော့်ကို သိပ်ချစ်ကြသည်။ စာမရသောကလေးကို ကော်ပေတံဖြင့် လာစမ်း ဆိုပြီး လက်ဝါးဖြန့် မနာအောင်ရိုက်သည်။ (နာလျှင် ကလေး၏ စိတ်ဒဏ်ရာရတတ်သည်။)
ဤတွင် ကလေးတစ်ယောက်က...

" ဆရာ နောက်ထပ် တစ်ချက် နာနာလေး ရိုက်ပေးပါ။ ဒါမှ ပိုမှတ်မိသွားအောင်လို့ " တဲ့။

ကျနော့်မှာ ပါးစပ်အဟောင်းသား။

++++++++++++++++++++++++++++++


အရွယ်ရောက် စီးပွားရှာတော့ ရွှေဂုံတိုင်နှုတ်ခမ်းမွှေးနံမည်ဖြ
င့် ဓါတ်ဆီ၊ စက်သုံးဆီ ရောင်းသည်။ မှောင်ခိုဖြစ်၍ အဖွဲ့အစည်းပေါင်းစုံတို့ မြေကြီးထဲမှ ရေနံ အလကားထွက်နေသည့်အလား အခမဲ့ ဆီလာထည့်ကြသည်။ ကျနော်ကလည်း ဝယ်ပြီးမှ ပြန်ရောင်းရသော စက်သုံးဆီဖြစ်၍ တခါတရံ မြတ်သည့်ငွေနှင့် ဆက်ကြေးပေးရသည့်ငွေ မကိုက်ဖြစ်သောအချိန်၊ (ငွေတစ်သိန်းကို တပည့်များနှင့် အလုပ်မလုပ်ပဲ ထိုင်စားလျှင် ရက်(၂၀)မျှ စား၍ရသောကာလတွင်၊ လုပ်ငန်းထဲသို့ ထည့်လိုက်သည့်အခါ ပင်ပန်းစွာ အလုပ်လုပ်နေပါလျက် တပတ်မပြည့်ခင် ကုန်သွားသည့်အဖြစ်။).. ထိုအချိန်မျိုးတွင် တပည့်များအား " ကြည့်နေ၊ ဒီလူတွေကို ငါ တင်ချပြမယ်" ဟုဆိုကာ...
" နှုတ်ခမ်းမွှေး၊ နေကောင်းလားဟေ့၊ မတွေ့တာတောင် ကြာပြီ" ဆိုသည့်စကားများဖြင့် အစချီ၍ ဆီအလကားလာထည့်နေသော အဖွဲ့အစည်းများမှ လူများအား ...
" ဟ.. ဟေ့လူကြီး၊ ပျောက်လှချည်လား"
" ဘုန်း"

" နှုတ်ခမ်းမွှေးရေ..အားတော့ နာတယ်ကွာ၊ တရားခံသွားဖမ်းမလို့၊ ဆီမလောက်တော့လို့ မင်းဆိုင်ရှိတယ်ဆိုပြီး တကူးတက ဝင်လာတာ"
" အာ.. ကူညီရမှာပေါ့ဗျာ.. ခင်ဗျားတို့က ပြည်သူတွေကို ခိုးဆိုးနှိုက်ရန်က ကာကွယ်ပေးနေတဲ့သူတွေပဲဟာ"
" ဘုန်း "

စသဖြင့် တနေ့ပျမ်းမျှ အစီး (၃၀)လောက် လာသော ဆိုင်ကယ်၊ ကားများမှ ရဲတပ်ဖွဲ့၊ အဖွဲ့အစည်းဝင်များအား ၄င်းတို့၏ တင်ပါးများကို ခင်သလို မင်သလိုလုပ်ပြီး၊ တ ဘုန်း ဘုန်း ဖြင့်၊ ရိုက်လွှတ်၊ ချလွှတ်နေခဲ့သည်။

တခါတလေ.. ကိုယ့်စိတ်နဲ့ကိုယ် မအားလပ်၍ ၄င်းတို့အား မရိုက်လွှတ်မိသောအခါဖြစ်စေ၊ ခရီးသွားသည့်အခါဖြစ်စေ၊ နှုတ်ခမ်းမွှေး ဘာတွေ ညစ်နေလဲ မသိဘူးတို့၊ ဒီကောင်ကြီး တို့ကို သိပ်မခင်တော့ဘူး တို့၊ မင်းတို့ဆရာကလည်း ပျောက်နေလိုက်တာ ငါတို့ အရိုက်မခံရတာတောင် အတော်ကြာပြီတို့၊ ... မင်းတို့ဆရာ ခင်တာကလည်း ကြောက်စရာကြီး၊ ကျောကို ကော့သွားတာပဲတို့....ဒီဆိုင်ကို
ရောက်ပြီး နှုတ်ခမ်းမွှေးရဲ့ အရိုက်မခံရတာ တခုခု လိုနေသလိုပဲတို့ .... စသဖြင့် ကျနော်မရှိချိန် ရောက်လာသည့် အရိုက်ခံနေကျ လူများက မေးနေ၊ ပြောနေကြောင်းကို တပည့်များက ပြန်လည်ပြောပြသဖြင့် ကျနော့်မှာ ပါးစပ်အဟောင်းသား။

+++++++++++++++++++++++++++++

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရ တက်လာသောအခါ စာပေစိစစ်ရေးကို ဖျက်သိမ်းလိုက်ပြီ ဟု သတင်းသဲ့သဲ့ ကြားလိုက်ရသည်။
သြော်.. အပြုသဘောဆောင် ထောက်ပြ ဝေဖန်ပြီး လမ်းကြောင်းတည့်ပေးနိုင်ပြီ၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း ရေးလို့ ရပြီ ဆိုပြီး၊ ဝမ်းသာခဲ့သည်။ အာဏာရှင်များ လက်ထက်က သတင်းအမှန်ကို ပြည်သူသို့ တင်ပြခွင့် မရခဲ့ကြသည် မဟုတ်ပါလား။

သိပ်မကြာပါ။ စာပေစိစစ်ရေး ရှိဆဲဟု ကြားရသည်။

သြော် ခုတော့ အရင်တုန်းကလိုပါပဲလားဟု မြင်တွေ့နေရသည်။

အင်း... အင်းပေါ့လေ... စာပေပညာရှင်ဆိုသူတွေထဲမှာလည်း နှစ်ခါရိုက်မှ မှတ်မိတဲ့သူ၊ အမြဲတမ်း အရိုက်ခံရမှ နေသားထိုင်သားကျသူတွေလည်း ရှိနေတာပါပဲလား....။

++++++++++++++++++++++++++++++

ကျနော်တို့ တချိန်က ကွန်မြူနစ်ဆိုရင်လည်း ပြတ်ပြတ်သားသားနီလိုက်၊ အရင်းရှင်ဆိုလည်း ပြတ်ပြတ်သားသား ရှင်လိုက်၊ ဒီလိုမဟုတ်ပဲ အရှေ့လိုလို၊ အနောက်လိုလို... မပြတ်မသား ဆိုရှယ်လစ်တဲ့၊ ဆိုရှယ်လစ်တောင်မှ မြန်မာ့နည်း၊ မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ် ဆိုပါလား။
အကျိုးဆက်က အရှေ့အုပ်စုက အကူအညီလည်း မယ်မယ်ရရ မရ၊ အနောက်အုပ်စု အကူအညီလည်း ဟုတ်တိပတ်တိမရ။

(ပြည်ပအားကိုး လို့ မပြောပါနှင့်။ တယောက်တည်း ထွန်ယက်၊ တစ်ယောက်တည်း မြေဆီထည့်၊ တစ်ယောက်တည်း ပျိုးကြဲ၊ တစ်ယောက်တည်း စပါးစိုက်၊ တစ်ယောက်တည်းရိပ်သိမ်း၊ တစ်ယောက်တည်း စပါးလှေ့၊ တစ်ယောက်တည်း ကြိတ်ခွဲ၊ ဆန်ရပြီး ထမင်း မစားရတဲ့အဖြစ်။ ဒန်အိုးရောင်းသူ အခြားတစ်ယောက်မလာရင်၊ တစ်ယောက်တည်း လက်ခုပ်ထဲရေထည့်၊ ဆန်ထည့်ပြီး မီးကင်ချက်စားမတဲ့လား။ အရာရာ ပူးပေါင်းဆောင်ရွက်တတ်ရပါမည်။ တံခါးပိတ် ငတ်အသေခံနေလို့ မဖြစ်ပါ။ မပြတ်သားမှုများရဲ့ နောက်ဆက်တွဲများကြောင့် အိမ်နီးချင်းများနဲ့ အရမ်းကွာခြားသွားပြီး၊ မြန်မာလူမျိုးများ ကျွန်သွားခံနေရပြီ။)

ယခင်က နိုင်ငံကို စစ်တပ်မှ ချုပ်ကိုင်ထားပြီး သွားသည်။ မအောင်မြင်ခဲ့၊ တိုင်းပြည် အရမ်းဆင်းရဲသွားသည်။

ယခု နိုင်ငံကို ဒီမိုကရေစီ လမ်းဖြင့် သွားသည်။ ပြတ်ပြတ်သားသား ဖွင့်၍ သွားသင့်သည်။ တွန့်ဆုတ်၊ တွန့်ဆုတ် မြန်မာ့နည်း၊ မြန်မာ့ဟန်ဒီမိုကရေစီ၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတွေ လုပ်မနေပါနဲ့။

အင်း... သမ္မတ အကြံပေးအဖွဲ့ထဲမှာလည်း သိပ်လွတ်လပ်လွန်းတယ်လေ.. မဖြစ်သေးဘူး၊ သိပ်မြန်နေလွန်းတယ်၊ တဆင့်ပြီး တဆင့်ပေါ့... စသဖြင့် နှစ်ခါ အရိုက်ခံချင်တဲ့သူ၊ ရိုက်ခံနေရမှ ကျေနပ်နေတဲ့သူ ... ထိုလိုလူမျိုးများ ရှိနေအုံးမလား.....လို့။

အားလုံးကို လေးစားလျက်..

မောင်ပွကြီး (ရွှေဝါရောင်)

Tuesday, January 10, 2012

“သတ္တိရှိမှ စိမ်ခေါ်ပါ နှင့် ခင်ဗျားတို့ ရင်ထဲက ခင်ဗျားတို့ထင်မြင်တဲ့ အမှန်တရားတွေအတွက် လူပေါင်းဘယ်လောက်၊ သေကြေ၊ ပျက်စီး၊ ဒုက္ခရောက်ပေးရမည်နည်း။”

မြန်မာပြည်သူများဘဝ

မြန်မာပြည်သူများသည် လူမိုက်များကဲ့သို့ ပညာမဲ့သူတဇောက်ကန်းများ၏ ပါးစပ်ဖြင့်မဖြေရှင်းပဲ လက်ဖြင့်၊ (လက်နက်ဖြင့်) ဖြေရှင်းသောလုပ်ရပ်ကို ဝဋ်ကြွေးရှိသော ငရဲသားများပမာ ခေတ်အဆက်ဆက် ခံခဲ့ရသည်။ ကမ္ဘာစစ်ဖြစ်သောအချိန်တွင်လည်း မလစ်ဟင်းခဲ့ပါချေ။ ဂျပန်သားကောင်ဖြစ်ရ၊ အင်္ဂလိပ်သားကောင်ပြန်ဖြစ်ရ။… လွတ်လပ်ရေးရပြီးသော်လည်း ကိုယ်ထင်ရာကို ကိုယ်အမှန်လုပ်နေသည့် ပညာနည်း၊ အတ္တကြီးသော လက်နက်ကိုင်(စစ်အစိုးရအပါအဝင်) အဖွဲ့အစည်းပေါင်းစုံ၏ သားကောင်ဘဝ ကျရောက်ရပြန်သည်။

ကရင်ပြည်နယ်ဖြစ်ရပ်ဥပမာ

ကရင်ပြည်နယ်တွင် ဥပမာ ကြည့်ရအောင်။ KNU နှင့် DKBA ကွဲသည်။ ကရင်လူထုမှာ ရပ်ရွာထဲသို့ DKBA ဝင်လာရင်လည်း သူတို့မေးသမျှ ဖြေရသည့်အပြင်၊ KNUနဲ့ ပတ်သက်သည်ဟု ယူဆသောသူများ သတ်ခံရသည်။ KNU ဝင်လာတော့လည်း DKBA နှင့် ပတ်သက်သည်ဟု ယူဆကာ သတ်လိုက်ကြပြန်သည်။ စစ်အစိုးရတပ်ဝင်လာသောအချိန်တွင်လည်း ထိုနည်းလည်းကောင်း။

နအဖစစ်တပ်က ပိုဆိုးသည်မှာ ကြက်ခိုး၊ ပစ္စည်းခိုးသာမက လူပါ ခိုးသည်။ (ကလေးကို ကျော၍ အဝတ်ဖြင့် စည်းထားကာ တဝမ်းတခါးအတွက် ရော်ဘာစေးခြစ်နေသော အမျိုးသမီးကို အစိုးရစစ်ကြောင်းမှ ရဲဘော်များက ဟိုမေး ဒီမြန်းလုပ်ပြီး လိင်ဆက်ဆံရန် တောင်းဆိုသည်။ အမျိုးသမီးက ကြောက်သော်လည်း လက်မခံနိုင်။ ငြင်းဖို့ကလည်းမဖြစ်။ အပြစ်ရှာပြီး အကြောင်းမျိုးစုံပြ သတ်ခံရအုံးမည်။ လိင်ဆက်ဆံပြီးလျှင်သော်မှ သတ်ပစ်ထားခဲ့သည်က ဒုနဲ့ဒေးဆိုတာကိုလည်း ဗဟုသုတရှိထားလေခဲ့တော့…...”ငါတော့ မလှန်ပေးနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ချင်ရင် ကိုယ့်ဘာသာကိုယ် နောက်ကထမီလှန်ပြီး လုပ်သွား”ဟုဆိုသည်။ ခင်ဗျားတို့ စဉ်းစားကြည့်။ ရှေ့မှာ မတ်တပ်ရပ်လျက် ရော်ဘာစေးခြစ်နေသော အမျိုးသမီး။

အလယ်မှာ ကျောမှာချည်ထားတဲ့ကလေး၊ အဲဒီနောက်မှာ လက်နက်ကိုင် ကာမဘီလူး။ စစ်ကြောင်းမှ ဘီလူးများ တစ်ကောင်ပြီး တစ်ကောင်။ …အော်….ပြည်သူပြည်သားများဘဝ ရင်နင့်စရာကောင်းလွန်းလှသည်။)……

အဲဒီတော့ အေးချမ်းစွာ နေထိုင်နေသော ပြည်သူများမှာ လက်နက်ကိုင်များ ဝင်ရောက်စွက်ဖက်လာသည့်အချိန်မှ စ၍ မအေးချမ်းနိုင်တော့။ ထင်းခွေ၊ ရေခပ်၊ တောင်ယာလုပ်ဖို့ပင် အခက်အခဲဖြစ်လာရသည်။(တစ်နေ့တွင် ထင်းခွေသွားသူ ၂ယောက် ပြန်မလာ၊ နောက်တစ်နေ့တွင် ချောင်းထဲမှာ အလောင်းပဲတွေ့သည်။ နဂိုကတည်းက ထင်းခွေနေကျလူကို ဘယ်အဖွဲ့၏စစ်ကြောင်း၊ စစ်တပ်က သတင်းစုံစမ်းရေးလာလုပ်တယ်ဆိုပြီး သတ်ပစ်လိုက်သည်မသိ။ သူ့ကို မှီခိုနေရသည့် မိသားစုဘဝကတော့ အားကိုးရာ နတ္ထိ။ အနာဂတ်မဲ့ပြီပေါ့။)… ယခုနောက်ပိုင်းတွင် စစ်ကြောင်းများဝင်လာသည်ဆိုသည်နှင့် အိုးစွန့်အိမ်စွန့်၊ တောင်ယာစွန့်ကာ ရွာလုံးကျွတ် ထွက်ပြေးကြရသည်က များသည်။။ ဘာတဲ့..ဗိုလ်ကြီးတို့လာမှပဲ ကျမတို့ရဲ့အေးချမ်းခဲ့တဲ့ရွာလေး ပြာကျသွားတော့တယ်..ဆိုတဲ့စကားတောင် တွင်ကျယ်လိုက်သေး။ တခြားလက်နက်ကိုင်တိုင်းရင်းသားများ ရှိသည့်နေရာများတွင်လည်း အထက်ပါ ကရင်ပြည်နယ်ဥပမာအတိုင်းပါပဲ။

နိုင်လည်း ရှုံးသည့်သီအိုရီ

၁၅ မိနစ်တိုက်ပွဲလေးအတွက် စစ်အစိုးရမှ ကျည်ဆံ သိန်းချီ၍ သုံးသလို၊ အခြားလက်နက်ကိုင်များလည်း သောင်းချီ၍သုံးသည်။ တိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ကျဆုံးသွားခဲ့သောသူများအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိစေသည့်နေရာများတွင် ဘယ်သောအခါမှ လုပ်ပိုင်ခွင့်မရှိတော့သလို(တိုင်းပြည်၏ လုပ်အား ဆုံးရှုံးသလို)၊.. ခြေပြတ်၊လက်ပြတ်ဖြစ်သော စစ်သားများသည်လည်း သူ့ဘဝတလျှောက် ရုန်းကန်မှု လှုပ်ရှားမှု ခက်ခဲစေသည့်အပြင် နိုင်ငံအတွက်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါသည်။ စစ်စားရိတ်များ ထောင်းမှုကြောင့် နှစ်ဖက်ဆန့်ကျင်ဘက်အစိုးရများ၏ ကိုယ့်ပြည်သူလူထုအပေါ်ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး ပြည့်ဝစွာ အကောင်အထည်မဖေါ်နိုင်ပါ။ အစစအရာရာကို ပြည်သူများကသာ စစ်စားရိတ်ထောင်းမှုဒဏ်အား..ငခါး၏ဒဏ်ကို ငဝက်က ခံနေရရှာသည်။ တိုင်းပြည်လည်း မွဲဆင်းသလို၊ ပြည်နယ်များ၏အခြေအနေသည်လည်း ကမ္ဘာဦးတည်စ အခြေအနေအတိုင်းပင် ရှိလျက်ရှိပြီး သဘာဝတောကြီးထဲတွင် လူရိုင်းသာသာ ဘဝအဆင့်ကနေ မတက်နိုင်ပဲ အိပ်ပျော်ရုန်းကန်လျက်နေရရှာသည်။

လက်နက်ကိုင်သမိုင်း

နေမဝင်အင်္ဂလိပ်အင်ပါယာအတွင်းရှိ ကိုလိုနီနိုင်ငံများအနေဖြင့် အင်္ဂလိပ်အစိုးရ၏ပညာရေး မျက်စေ့ဖွင့်ပေးမှုကြောင့် ကျောင်းသားလူငယ်များသည် စာသင်ခန်းအတွင်းမှ အတွေးအခေါ်များ တိုးတက်လာကြသည်။ ကမ္ဘာကို မျက်စိဖွင့် ကြည့်လာကြရာမှ စကားလုံးလှလှသုံးထားသည့် တော်လှန်ရေးသဘောတရားများကို လေ့လာမိခဲ့ကြသည်။ ဤသည်မှာလည်း အပြစ်မဟုတ်။ လူဆိုသည်မှာ ဖိနှိပ်ခံ လူအဖြစ်မှ လွတ်လပ်သော လူအဖြစ် ရုန်းထွက်ချင်ကြသည်မှာ လူ့သဘာဝဓမ္မထာပင် ဖြစ်သည်။ ကိုလိုနီနယ်ကမ္ဘာ့ဒေသအသီးသီးတွင်လည်း ထိုခေတ်ထိုအခါက တော်လှန်ရေးသဘောတရားများသည် ခေတ်အကြိုက် ပေါ်ပြူလာဖြစ်နေတာလည်း ပါသည်။ (ယနေ့ထိလည်း ကမ္ဘာ့တချို့နေရာများတွင် ဖြစ်ဆဲ)..ထို့နောက်ပိုင်းတွင်တော့ ကေအင်ဒီအို၊ ဗကပ၊ တိုင်းရင်းသားပေါင်စုံ၊ ၇၄ ကျောင်းသား၊ ၈၈ ကျောင်းသား ..စသဖြင့် ကိုယ့်အရင်ကတည်းက စီးဆင်းလာခဲ့သည့်တော်လှန်ရေးဒီလှိုင်းထဲတွင် အကုန် မျောပါကုန်တော့သည်။

စစ်တပ်နှင့်ပြည်သူ

ရှင်းရှင်းလေးတွေးကြည့်လျှင် မည်သည့်အဖွဲ့အစည်း၏ စစ်တပ်မဆို ပြည်သူကြားထဲလက်နက်ကိုင်၍ ဝင်ရောက်လာခြင်းသည် လူသတ်ရန် အကြံအစည်နှင့် လာရောက်ခြင်းဖြစ်သလို၊ ပြည်သူများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ခြင်းလည်း ဖြစ်ပါသည်။

သတ္တိရှိမှ စိမ်ခေါ်ပါ

လူဖြစ်ပါလျက် လူလိုမပြော၊ လက်ဖြင့်ပြောချင်သည့် ....စိတ်ကြမ်း၊ ကိုယ်ရမ်းရှိသည့်၊..... ကိုယ်ထင်ရာကိုယ်အမှန်တရား လုပ်နေသည့်...... ခေါင်းစဉ်လှလှတပ်ပြီး ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်နေသည့် လက်နက်ကိုင်ထားသည့်လူများကို ပြောချင်တာက...တကယ်သတ္တိရှိတယ်ဆိုရင် လူသူမပေါက်နိုင်သည့်၊ လူနေမှုနည်းပါး၊ ခေါင်းပါးသည့် နယ်မြေတစ်နေရာကို လောင်ဂျီတွဒ်၊ လတ်ဂျီတွဒ် သတ်မှတ်ပြီး ရွေးပါ။ ထိုနယ်မြေအတွင်းရှိ ကျေးရွာများကို စနစ်တကျ ဖယ်ရှင်းပေးပြီး စစ်တလင်းလို့ သတ်မှတ်ပါ။ ပြီးလျှင် တစ်ယောက်မှ မကျန်သည်အထိ သူမသာ၊ ကိုယ်အသုဘစိတ်ထားမျိုးနှင့် မီးကုန်ယမ်းကုန်တိုက်ကြပါ။ ကြောက်လို့လည်း ပြည်သူနေတဲ့ နယ်မြေထဲ ပြေးမဝင်လာပါနဲ့။ ကျည်ဆံကုန်လို့လည်း ပြန်မလာနဲ့။ တောထဲမှာ ကိုယ့်ဖာသာကိုယ် ဝါးချွန်လုပ်ပြီး မနိုင်..နိုင်သည်အထိ တိုက်ပါ။ အပင်တွေကုန်သွားရင် ကိုယ့်မှာရှိတဲ့သွားနဲ့ ဖက်ကိုက်သင့်ရင် ဖက်ကိုက်ကြဗျာ။ ပြည်သူကိုတော့ နောက်ထပ်လာပြီး ဒုက္ခမပေးပါနဲ့တော့။ ကိုယ့်ဆန်၊ ကိုယ့်ရိက္ခာကိုလည်း ကိုယ့်ဘာသာကိုယ် စစ်တိုက်နေရင်း စိုက်စားကြပါ။ ဘာခွန်၊ ညာခွန်တွေလည်း ပြည်သူ့နယ်ထဲကို မိုက်ကြေးခွဲလာမကောက်ပါနဲ့၊ ကဲ…ဘယ်လိုလဲ..သတ္တိရှိမှာလား ? …စိမ်ခေါ်ရဲလား?… ကဲ..ဖြေကြစမ်းပါအုံး၊ တဆိတ်ရှိလက်နက်ဖြင့် ဖြေရှင်းချင်သည့်၊ လူ့အသက်ကို တန်ဖိုးမထားသည့် လက်နက်အားကိုး လူမိုက်မျိုးတို့။

အနာဂတ်နိုင်ငံတော်နှင့် စစ်တပ်

အနာဂတ်တပ်မတော်သည် လေ့ကျင့်သား ပြည့်ဝပြီး ပြည်ပရန်ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေသည့် စစ်စွမ်းရည်မြင့်တပ်မတော် ဖြစ်ရမည်။ ထို့အတွက် အစဉ်အမြဲလေ့ကျင့်၊ သင်ယူလျက်ရှိပြီး ပြည်သူကြားထဲသို့ ယူနီဖောင်းဖြင့် သွားလာခြင်း၊ လက်နက်ဖြင့် ဝင်ရောက်ခြင်း မရှိရပါ။ ပြည်သူများကို ဥပဒေနှင့်အညီ နေထိုင်ရေးအလုပ်သည် ရဲတပ်ဖွဲ့များ၏ လုပ်ငန်းစဉ်ဖြစ်ပြီး၊ စစ်တပ်အလုပ်မဟုတ်။ စစ်တပ်နှင့်မဆိုင်။

နအဖစစ်တပ်သည် အရပ်ဖက်တွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ စစ်တန်းလျားတွင်သာ နေသင့်သလို ...လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူကြားမှ ထွက်ပေးသင့်သည်။ ကိုယ့်လက်နက်ကိုလည်း ကိုယ်ကိုင်ထား၍ရအောင်၊ စစ်အစိုးရ၏ တောင်းဆိုနေသော နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ဆောင်ရေးကို သဘောတူပြီး၊ အေးချမ်းသာယာသော နယ်မြေအဖြစ် ကိုယ့်ပြည်သူများအတွက် ကိုယ်လုပ်ဆောင်ပေးသင့်သည်။ သို့မဟုတ် နှစ်ဖက်စလုံးမှ ပြည်သူကြားထဲတွင် လက်နက်ကိုင်များထားချင်စိတ် မကုန်သေးသည်ဆိုပါက သင်သည် ကိုယ့်လူမျိုး၊ ကိုယ့်ပြည်အတွက်ဆိုသည့် စကားလှလှသုံးထားပြီး၊ ပြည်သူကို လက်နက်ဖြင့်ခြိမ်းခြောက်ကာ မိုက်ကြေးဆက်ခွဲနေအုံးမည့်၊ ဓါးပြအကြီးစားစိတ်ဓါတ်ရှိသည့်လူများပင် ဖြစ်သည်။

(ရိုးရိုးရှင်းရှင်းလေးပါ။ …လူကြားထဲ စစ်ယူနီဖောင်းဝတ်ဖြင့် အမြဲမြင်နေတော့ တချိန်မှာ အဲဒီလူ လူကြားထဲမှာ လုပ်မှား၊ကိုင်မှား၊ နေမှားတာနဲ့ လူတွေက မြင်ရာကနေ ချဉ်စရာဖြစ်မည်။ ကြောက်လို့သာ ပေါ်တင်မပြောရဲတာပေါ့နော။ …လူမြင်ကွင်းက စစ်ယူနီဖောင်းများ ပျောက်ပြီး တော်လှန်ရေးနေ့တွင်မှ စစ်လက်နက်များနှင့် စစ်သားများ၏ ချီတက်နေပုံကို (တစ်နေ့သာတာ) တွေ့ရမည်ဆိုပါလျှင်… လူတွေကြိတ်ကြိတ်တိုး၊ ကြည့်ရှု၊ အားပေး၊ စည်ကားနေမည်ဖြစ်သည်။)

ကဲ…သတ္တိရှိလား။

သတ္တိရှိမှ စိမ်ခေါ်ပါ။

ခင်ဗျားတို့ရင်ထဲက ခင်ဗျားတို့ ထင်မြင်တဲ့ အမှန်တရားတွေအတွက် လူပေါင်းဘယ်လောက် သေကြေ၊ ပျက်စီး၊ ဒုက္ခရောက်ပေးရမည်နည်း။

မောင်ပွကြီး(ရွှေဝါရောင်)

Sunday, July 10, 2011

FORT WORTH မြို့တွင် အမေရိကန်မြန်မာသာသနာပြုအသင်းတော် ဖွင့်လှစ်













အမေရိကန်ပြည်ထောင်စု၊ တက်ဆက်ပြည်နယ်၊ ဖို့ဝေါ့သ်မြို့ရောက် မြန်မာနိုင်ငံသားများမှ အမေရိကန် မြန်မာ သာသနာပြုအသင်းတော် (American Myanmar Mission Church)ကို ယနေ့ ၇၊ ၁၀၊ ၂၀၁၁ (တနင်္ဂနွေ)နေ့၊ နံနက် ၁၁း၀၀ နာရီတွင် La De Ra Appartment ဝန်းအတွင်း၌ စတင် တည်ထောင် ဖွင့်လှစ်ခဲ့ကြပါသည်။ (ဓါတ်ပုံ - AMMCအသင်းကို စတင်တည်ထောင်သူ ဆရာတော်တစ်ပါးဖြစ်သည့် Rev.Samuel Lung (ခ) ဦးရန်နိုင် မှ ဒေသနာတော် ဟောပြောစဉ်)

ထို့နောက် အသင်းတော်ဖွင့်ပွဲ ဆက်ကပ် ဝတ်ပြု အစည်းအဝေးအစီအစဉ်ကို ကျင်းပရာ-



ပထမဦးစွာ ဘုရားရှင်အား ချီးမွှမ်း ဝတ်ပြုကိုးကွယ်ကြပါသည်။ ထို့နောက် အစပြု နှုတ်ကပါတ်တော် ဖတ်ကြားပါသည်။ နံပါတ် (၃) အစီအစဉ်အနေဖြင့် ကလေးသူငယ်များထံမှ ကျမ်းချက်အလွတ်ဖတ်ရွတ်ခြင်း အစီအစဉ်တွင် စကားပင် ပီသအောင် မပြောနိုင်သေးသည့် ကလေးငယ်လေးပင် အင်္ဂလိပ်လို သမ္မာကျမ်းစာ ကျမ်းပိုဒ်များအား အလွတ်ရွတ်ဆိုသွားသည်ကို တွေ့ရ၍ အင်မတန် ခွန်အားတိုးမိပါသည်။

ထို့နောက် မိတ်ဆက်ခြင်း အစီအစဉ်တွင် မိတ်ဆက်ကြသောအခါတွင်မှ ဖို့ဝေါ့သ်မြို့ အရှေ့ပိုင်းရှိ Cherry Hill Appartment နှင့် Quail Ridge Appartment များမှ လာရောက်ကြသောသူများ၊ ဖောင်တိန်ကွန်နာမြို့မှ လာရောက်ကြသောသူများ အားတက်သရော လာရောက်ကြသည်ကို တွေ့ရသည့်အပြင် နယ်ခံ La De Ra Appartment မှလည်း အင်တိုက်အားတိုက် ပါဝင်ကြသည်ကို တွေ့ရှိရပါသည်။

ထို့နောက် တပင်တိုင်သီချင်းဖြင့် ချီးမွှမ်းခြင်း၊ အပြန်အလှန် နှုတ်ကပါတ်တော် ဖတ်ကြားခြင်း၊ ပရိတ်သတ် ချီးမွှမ်း ဓမ္မသီချင်း သီဆိုခြင်း၊ အသင်းတော် သာသနာသစ် ဆက်ကပ်ဆုတောင်းခြင်း၊ အလှူတော်ငွေအတွက် ဆက်ကပ် ဆုတောင်းခြင်း၊ အလှူတော်အတွက် သီချင်းသီဆိုခြင်းများ ပြုလုပ်ပါသည်။ ထို့နောက် အဖွဲ့ချီးမွှမ်းသီချင်းအစီအစဉ်တွင် ဆရာတော် Rev.Samuel Lung မိသားစုမှ တမိသားစုလုံး ဆက်ကပ်ကြရာ ခွန်အားရစရာ ဖြစ်ခဲ့ပါသည်။

ထို့နောက် တရားဒေသနာတော် ဟောပြောခြင်း အစီအစဉ်၊ ထို့နောက်တွင် ပွဲတော်မင်္ဂလာကျင်းပပါသည်။ ထို့နောက် ကောင်းကြီးအလုံးစုံပေးသောဘုရားနှင့် ကောင်းကြီးပေးခြင်းအစီအစဉ်ဖြင့် အောင်မြင်စွာ ဝတ်ပြုအစည်းအဝေးအစီအစဉ် ပြီးဆုံးခဲ့ပါသည်။

ထို့နောက် အစားအသောက် အစီအစဉ်များအား မြန်မာထမင်း၊ ဟင်း ပေါင်းစုံဖြင့် တည်ခင်းဧည့်ခံ၊ ပျော်ရွှင်စွာ စားသုံးခဲ့ကြပါသည်။

(မောင်ပွကြီး)