Monday, February 11, 2013

ကျနော်တို့အတွက် အနာဂတ် အိမ်

ကမ္ဘာပေါ်ရှိ အစိုးရတော်တော်များများသည် မိုးမျှော်အဆောက်အဦကြီးများ မည်မျှပေါများကြောင်း ပြ၍၊ သူတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြွားတတ်ကြပါသည်။ ဤကဲ့သို့ ပြစရာမရှိသော နိုင်ငံများကလည်း၊ ရုပ်ဝတ္ထုထက် တိုင်းပြည်ရှိ လူများ၏ စိတ်ချမ်းသာမှုသာ အရေးကြီးဆုံးဟုဆိုကာ၊ ဆောင်ရွက်နေသော ပေါ်လစီများကို၊ ကြော်ငြာထိုး ဝါဒဖြန့်ကြပါသည်။

လူတွေသည် အန္တရာယ်ရှိ ပိုးမွှား၊ တိရိစ္ဆာန်များ၏ ရန်မှ၊ ကာ...ကွယ်ရန်နှင့် လုံခြုံစွာ နေထိုင်မှုရရန်အတွက်၊ အိမ်များဖြင့် နေထိုင်လာကြရာတွင်၊ (သစ်ပင်ပေါ်တွင် အိမ်ဆောက်နေထိုင်လေ့ရှိသည့်၊ ယနေ့ထိ အဝတ်အစား မဝတ်သော လူမျိုးစု မပါ) များသောအားဖြင့် အိန္ဒိယသည် မြေအိမ်၊ အုတ်အိမ်၊ အာဖရိကသည် မြေအိမ်၊ ရွှံ့အိမ်၊ ဥရောပသည် အင်္ဂတေအိမ်နှင့် သစ်၊ ဝါး ပေါသော အရှေ့တောင်အာရှတွင် သစ်သားအိမ်များ.... စသဖြင့်...၊ နေထိုင်သည့် အိမ်ပုံစံအား၊ ဗိသုကာဒီဇိုင်းအမျိုးမျိုးထွင်၍ လုပ်ဆောင်ကြရင်း၊ အိမ်သည် လူတဦးချင်းစီ၏ ချမ်းသာကြွယ်ဝမှုပြယုဂ် ဖြစ်လာကြသည်။

အိမ်.....
ကျနော်တို့တတွေ အိမ်ဖြင့် နေတတ်ပြီလား။
အိမ်သာကို အသုံးပြုခြင်းထက်၊ တောထိုင် ဟုခေါ်သော ခြုံပုတ်တွင် အခင်းစွန့်မှ အရသာတွေ့သည့် လူအချို့ကိုတော့ ကိုယ်တိုင် တွေ့ဖူးသည်။

====================================

ရထား၊ မော်တော်ဘုတ်ဖြင့် ခရီးသွားလာမှု များခဲ့သော ကျနော့်အဖို့၊ လမ်းခရီးတလျှောက် မြင်တွေ့နေရသော တဲအိမ်များနှင့် (နိုင်ငံ၏ အနာဂတ်ဖြစ်သော) ကလေးငယ်များကို ကြည့်၍၊ စိတ်မချမ်းသာစွာဖြင့် သက်ပြင်းချမိခဲ့သည်မှာလည်း အကြိမ်ကြိမ်။ ဝါးကြမ်းခင်းအိမ်၊ သစ်သားကြမ်းခင်းအိမ်တို့ လွှတ်ပေါလှသော ကျနော်တို့ နိုင်ငံပါပေ။ အသိပညာရှင်များဖြစ်သော စာရေးဆရာ၊ ကဗျာဆရာများပင် ကြမ်းကြားက တိုးဝင်လာသော လေကိုတောင်၊ စာဖွဲ့ယူကြရလောက်သည်အထိ နှစ်သက်ကြသည်မဟုတ်ပါလား။

မြန်မာနိုင်ငံတွင် ယောကျာ်းဖြစ်ရသည်မှာ လွှတ်ကောင်းမှ ကောင်း။ အိမ်ထောင်ဦးစီးနေရာရထားသူ၊ ဖိုဝါဒ အခွင့်ထူးရနေသော ကျနော်တို့ ယောကျာ်းများသည်၊ နေရာအနှံ့ ယမကာပေါများလှသော ကျနော်တို့ တိုင်းပြည်တွင်၊ အလုပ်ပင်ပန်းမှု၊ မိတ်ဆွေတွေ့မှု၊ ကျန်းမာရေး စသဖြင့် ဆင်ခြေ၊ ဆင်လက်၊ ဆင်တကိုယ်လုံးပေးကာ အိမ်မိသားစုအပေါ် အနိုင်ကျင့် မူးခွင့်လည်း ရပါသေးသည်။

အိမ်ပါဟု နိုင်ငံတကာကို ဘုရားစူး ကြိမ်တွယ်ပြောယူရမည့်၊ ကျနော်တို့၏ ဝါးခင်းတဲအိမ်ငယ်လေးများတွင် နေထိုင်သူ ဖြစ်ပါက၊ မူးနေ၍ဖြစ်စေ၊ အသိပညာနည်း၍ ဖြစ်စေ၊
လင်မယားများ၏ အနေအထိုင်မတတ်သော ကာမဆက်ဆံမှုသည် ဝါးခင်း/သစ်ခင်း ကြမ်းတပြေးတည်း အိပ်နေသော ကလေးငယ်များ၏ မသိစိတ်ပေါ်တွင် ထိခိုက်ဒဏ်ရာ ရလျက်ရှိသည်ကို၊ အစိုးရအဆက်ဆက် သတိမထားမိခဲ့ကြသလော။ လစ်လျူရှုခဲ့ကြသလောဆိုတာတော့ ကျနော်လည်း မသိ။

ထိုကလေးငယ်များသည် ရာဂထကြွလာလျှင် ဘယ်လိုထိန်းသိမ်းရမည်ဆိုတာထက်၊ ဘယ်လိုလုပ်ရမည်ကိုသာ သိနေခဲ့ကြ၍ လူ့လောကအတွက် တိရိစ္ဆာန်စိတ်များသော လူများအဖြစ် ထွက်ပေါ်လာကြသည်။ မြန်မာလူနေမှုစရိုက်တွင် ပုဆိုးတန်းတင်၊ အကြင်လင်မယားဖြစ် ဟူသောစကားရပ်သည် ဤလို စိတ်ဒဏ်ရာရခဲ့ကြသော ကလေးငယ်များ၏ နောက်ဆက်တွဲ ပြဿနာ အကျိုးဆက်ပင် ဖြစ်သည်။ (အိန္ဒိယတွင် လူကြီးမိဘများက စကားဖောက်ကြခြင်း၊ ရွှေလမ်းငွေလမ်းဖောက် မင်္ဂလာဆောင်ပေးကြခြင်း၊ အနောက်တိုင်းတွင် စေ့စပ်ပွဲ၊ ပြီးနောက် ဘုရားသခင်ရှေ့တွင်၊ ဂတိသစ္စာဆို လက်ထပ်ပွဲလုပ်ကြခြင်း)

=====================================

ယခု မြန်မာနိုင်ငံတွင် တန်ဘိုးနည်း အိမ်ယာများ ဆောင်ရွက်နေသည်ဟု ကြားသိရသည်။ သစ်၊ ဝါး ဈေးနှုန်းထက် အင်္ဂတေ၊ အုတ်ဈေးနှုန်း ကြီးမြင့်လှသော မြန်မာနိုင်ငံတွင် တန်ဘိုးနည်းတိုက်ခန်းအိမ်ယာသည်လည်း၊ ဝါး၊ သစ်အိမ်ထက် တန်ဘိုးမြင့်နေမည်မှာတော့ မလွဲပေ။

အိမ်ပိုင်ဆိုင်မှု ရရန်အတွက် အနှစ်(၂၀)ကဲ့သို့၊ ရေရှည်ချေးငွေများဖြင့် ဆောင်ရွက်ခြင်းဖြင့်၊ လူများကို အလုပ်လုပ်ရန်အတွက် မက်လုံးတွန်းအားတခု ဖန်တီးပေးရာ ရောက်ပြီး၊ အနာဂတ်တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေးအတွက်လည်း ကောင်းစေပါသည်။

သို့သော် တန်ဘိုးနည်းအိမ်ယာများသည် အထက်ပိုင်းတွင် ဖေါ်ပြသကဲ့သို့၊ ကလေးငယ်များအား စိတ်ဒဏ်ရာ ရရှိစေနိုင်သော အိမ်ယာမျိုး ဖြစ်ပါက၊ အကောင်အထည် မဖေါ်ခြင်းကသာ တိုင်းပြည်၏ အနာဂတ်အတွက် ပိုကောင်းမွန်ပါကြောင်းဖြင့်......

ယူကြအုံးမလား ဓါတ်ပုံ

" ကျနော်က ဘယ်သူ၊ ဘာလူမျိုးပါ။ သူကတော့ ဘယ်ဝါ၊ ဘယ်လူမျိုးပါ။ နောက်တယောက်ကတော့ ဘယ်ဒင်း၊ ဟိုဒင်းလူမျိုးပါ။ "

" ခင်ဗျားတို့က လူမျိုးခွဲခြားပြီး ပြောနေလိုက်တာ။ ကျနော်ကတော့ ခင်ဗျားတို့ ဘာလူမျိုးပဲ ဖြစ်ဖြစ်၊ လူကို လူလို့ပဲ မြင်တယ်။ ခွဲခြားပြီးမြင်ရအောင် ခင်ဗျားတို့က တမူထူးခြားပြီး၊ ဟိုဟာ ၂ခု အပိုပါလို့လားဗျ။ ကဲ.. ထားတော့။ ခင်ဗျားတို့က ခွဲခြားပြီးပြောမှ ကြိုက်တော့လည်း၊ ကျနော်လည်း ပြေ...ာတော့မယ်။ ကျနော်တို့ ဗမာမှာတော့ အေ၊ ဘီ၊ အေဘီ၊ အိုသွေးဆိုပြီး ၄မျိုး ရှိတယ်ဗျ။ ခွဲခြားတာ ကြိုက်တယ်ဆိုရင်တော့ ခင်ဗျားတို့ လူမျိုးရဲ့ သွေးကိုပြော။ ကျနော်ထဲပါရင် ဖောက်ထုတ်ပေးမယ်။ သွေးသန့်တာပေါ့ဗျာ.. နော။ "

" အင်း.. အဲ.. ဒါတော့ မဖြစ်နိုင်...အားလုံးက သွေးအတူတူပဲလေ... ဟိုဟာ.. စကားမတူတာလေ...အဲ.."
" စကားမတူတာတော့ ပြောမနေနဲ့ဗျို့၊ ချင်းပြည်နယ် သေးသေးလေးမှာတောင် ချင်းစကားကိုပဲ ၃၆မျိုး ကွဲတယ်။ ချင်းရွာထဲမှာ အိမ်ငါးလုံးပြည့်တိုင်း၊ စကား ငါးမျိုး ကွဲတယ်။ ခု ကျနော်နေထိုင်တဲ့ အမေရိကမှာ ကျနော်တို့နိုင်ငံက လာရောက်အခြေချတဲ့သူတွေထဲ၊ ကျနော်နဲ့ တွေ့သမျှ ကချင်ဆိုရင် စကား၎မျိုး၊ ကရင်ဆိုရင် ၃မျိုး၊ ချင်းဆိုရင် ၆မျိုး၊ မွန်၊ ကယား၊ ရှမ်း၊ ရခိုင်၊ ဗမာ စတာတွေ ကွဲတာနဲ့ဆိုရင် စကားအမျိုး ၂၀ လောက် ကွဲတယ်။

တနိုင်ငံတည်းကို စကားအမျိုး ၂၀လောက်ကွဲတာ၊ တကမ္ဘာလုံး လာရောက်အခြေချနေတဲ့ နိုင်ငံကြီးဖြစ်တော့ နိုင်ငံပေါင်း ၁၈၀နဲ့ ထပ်မြှောက်ကြည့်ပေါ့။ ဒါတောင် အမေရိကရဲ့ ဒေသခံလူမျိုးတွေ မပါသေးဘူး။ အခက်အခဲမရှိပါဘူး။ မြန်မာပြည်မှာ အများသုံး မြန်မာစကားပြောနေကြသလို၊ ဒီမှာလည်း အများသုံး အင်္ဂလိပ်စကားနဲ့ ပြောကြတာ အားလုံး အဆင်ပြေနေကြတာပဲ။ စကားမတူတိုင်း၊ ရိုးရာယဉ်ကျေးမှု မတူတိုင်း ခွဲကြမယ်၊ တိုက်ကြ၊ သတ်ကြမယ်ဟေ့ဆိုရင်တော့၊ (ရင်ဘတ်ကို လက်နှင့် ဖိပြီး) ... အမလေး.. သေပြီဆရာ။ "

(မှတ်ချက်။ ။ အမေရိကမှာ လူဆယ်ယောက်ဖြတ်သွားရင် စကားလဲ မတူ၊ ဆံပင်ပုံစံလည်း မတူ၊ ဆံပင်အရောင်လည်း မတူ၊ လူမျိုးလည်း မတူ၊ အဝတ်အစားလည်း မတူ၊ နိုင်ငံလည်း မတူ၊ စီးလာတဲ့ကားချင်းလည်း အရောင်၊ မော်ဒယ်ကအစ မတူ။)

" ဆက်ပြောပါအုံး ဦးလေး "

" ခု မြန်မာနိုင်ငံထဲမယ် ဖြစ်နေတာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော်၊ ၃၀၀လောက်က ပဒေသရာဇ်ခေတ် မြို့ပြနိုင်ငံငယ်လေးတွေရဲ့ အတွေးအခေါ်လောက်ကိုပဲ၊ ရှေ့မတက်နိုင်ကြပဲ၊ ရူးသွပ်နေကြတာပါကွာ။ ခုခေတ်မှာ ကမ္ဘာကြီးဟာ ရွာဖြစ်နေပါပြီ။ မင်းတို့အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း ယူသွားကွာ။ ရော့.. ငါ့ဓါတ်ပုံ "

" ဘယ်နေရာမှာ ဘယ်လိုသုံးရမလဲ ဦးလေး "

" မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားရှိတဲ့ မြန်မာနိုင်ငံသားတယောက်ဟာ၊ မြန်မာတနိုင်ငံလုံးရဲ့ ဘယ်နေရာပဲဖြစ်ဖြစ်၊ အခြေစိုက်နေထိုင် လုပ်ကိုင် စားသောက်ခွင့် မရှိဘူးဆိုရင်၊ မင်းတို့ကို တားဆီးတဲ့လူကို၊ မင့်အဘက ရိုက်ခိုင်းလို့ဆိုပြီး၊ နားရင်းရိုက်လာခဲ့။
ရိုက်တာ မခံနိုင်လွန်းလို့၊ အဲဒီလူက အော်ဟစ်ငိုယိုပြီး၊ တောင်းတောင်းပန်ပန်နဲ့... ဘယ်က အဘလဲဗျာ လို့ မေးလာတဲ့အခါကျမှ... ငါ့ဓါတ်ပုံကို ပြလိုက်။ "

" တိန် "

ခရိုနီ

မြန်မာနိုင်ငံသို့ ရောက်လျှင်၊ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လေ့ရှိသည့်၊ ခြောက်ထပ်ကြီးဘုရားကို ဖူးမျှော်ရင်း၊ အလှူရှင် ဆာဘိုးသာ၏ ကျေးဇူးကို အောက်မေ့မိသည်။

တခါနှစ်တုန်းက အင်္ဂလန်ရှိ ဘီအိုစီကုမ္ပဏီမှ အစုရှယ်ယာရှင် ဆာဂျေအေမောင်ကြီး၏ သေတမ်းစာအရ၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓသာသနိကအဆောက်အဦများနှင့် ရဟန်းသံဃာတော်များ၏ ပရိယတ္တိစာသင်တိုက်များသို့၊ နှစ်စဉ် လှူဘွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်ကို ဖတ်လိုက်ရ၍ သာဓ...ုအနုမောဒနာ ခေါ်ဆိုမိသည်။

(မြန်မာလူမျိုး ဆာဂျေအေမောင်ကြီး ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး၊ ဗြိတိသျှပိုင် ဘီအိုစီရေနံကုမ္ပဏီ၏ အကျိုးစီးပွားများ မြန်မာနိုင်တွင် မရှိတော့သော်လည်း နိုင်ငံကြီးသားတို့၏ ဂတိနှင့် အာမခံချက်မှာ လုပ်ရပ်နှင့်အတူ တည်မြဲနေသည်ကို အတုယူဖွယ်ရာ ဖြစ်သည်။ ကျနော်တို့ဆီမှာတော့ ဈေးကွက်ဖွင့်စ နိုင်ငံခြားအာမခံကုမ္ပဏီများ ဝင်ရောက်လာချိန်မှာ၊ ကမ်းဝေးသွားသင်္ဘောကို အာမခံထားပြီးတာနဲ့၊ သိပ်မကြာဘူး ကိုယ့်ဘာသာကိုယ် မြှုပ်ပစ်ပြီး၊ အာမခံကုမ္ပဏီမှာ လျော်ကြေးတောင်းပါရောလား။ စိတ်ထားချင်းကွာကြပုံကို ပြောပါတယ်။)

ဆိုလိုတာက ဆာဘိုးသာ၊ ဆာဂျေအေမောင်ကြီးတို့သည် ဗြိတိသျှအုပ်ချုပ်စဉ်ကာလက၊ အာဏာပိုင် ဗြိတိသျှအစိုးရနှင့်အတူ ပူးပေါင်းစီးပွားရေးလုပ်ခဲ့သူများဖြစ်ပြီး၊ ထိုခေတ်က နံမည်ပေးကင်ပွန်းတပ်ဆရာများ မရှိသေးခဲ့သည်မှာ တေဇ၊ ဇော်ဇော်တို့ထက် ကံကောင်းလှပါသည်။

ဖြတ်သန်းလာခဲ့သော အတွေ့အကြုံအရ မြန်မာနိုင်ငံရှိလူများသည် အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုသော စိတ် ရှိကြသည်။ ထို့ထက်မြင့်လာလျှင် အူမ မတောင့်လည်း၊ သီလစောင့်မည်။ ထို့ထက် မြင့်လာလျှင်တော့ သီလစောင့်မှ အူမ တောင့်မည်ပေါ့။

သိက္ခာကို တန်ဘိုးထားတတ်သည့်၊ အလုပ်ကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်သည့်၊ စီမံခန့်ခွဲအုပ်ချုပ်မှု ကောင်းသည့်၊ အကျင့်ပျက်လာဘ်စားမှု မရှိသည့်၊ ဆင်ခြေမပေးတတ်သည့်၊ လိမ်လည်လှည့်ဖျားမှုမရှိပဲ သီလရှိသည့် စီးပွားရေးသမားဖြစ်၍ အုပ်ချုပ်သူအစိုးရနား၊ ကပ်နေနိုင်ခြင်းသာ။ သီလမရှိရင်တော့ ခြံရှေ့က စောင့်နေတဲ့ ဒရဝမ်ရဲ့ အနားတောင် ကပ်လို့မရပဲ သူ့ရဲ့ ဆဲဆိုခြင်းပဲ ခံရမှာပေါ့ဗျာ။ ( ဗြိတိသျှအစိုးရလက်ထက် ဆာဘိုးသာ၊ ဆာဦးသွင်၊ ဆာဂျေအေမောင်ကြီးတို့လည်း၊ ဤလိုအတိုင်းပင်။)

အဲဒီတော့ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံး ချမ်းသာသူ ၂၀၊ ဆင်းရဲသူ ၈၀ ရှိကြတာချည်းပါပဲ။ အဲဒီမှာ ဆင်းရဲသားလူများစုတွေရဲ့အကြိုက်ကို တွင်တွင်ပြောပြီး၊ တိုင်းပြည်ရဲ့ လူတော်၊ လူကောင်း လူမွန်တွေကို ပစ်မှတ်အဖြစ် လက်ညှိုးထိုးပြီး၊ ခရိုနီဆိုင်းဘုတ်ကပ်ခြင်းဟာဖြင့် အင်မတန် အောက်တန်းကျ လုပ်ရပ်အဖြစ်လို့ပဲ မြင်မိတယ်။

တယောက်က လူငါးသောင်းကို အလုပ်ပေး၊ လခပေး၊ အလုပ်သမား၊ အလုပ်ရှင် အစစအရာရာ စားဝတ်နေရေးလည်ပတ်ပြီး အဆင်ပြေနေချိန်မှာ၊ တယောက်ကတော့ လူတွေကို မစို့တပို့လေးပေးပြီး၊ ထောင်ထဲရောက်အောင် တွန်းပို့၊ လူတယောက်ကို အကောက်ကြံ၊ ဆိုင်းဘုတ်တပ် အပုတ်ချဖို့လောက်ပဲ လုပ်နေတာ တွေ့နေရပါတယ်။

ခုထိ အူမ တောင့်မှ၊ သီလစောင့်နိုင်မယ်ဆိုပြီး ဟစ်ကြွေးနေတုန်း။

Tuesday, January 1, 2013

တိုင်းပြည်ချစ်စိတ်သာလျှင် ရှိရန်အဓိက။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်များ မရှိသင့်။

ငြိမ်းချမ်းပါစေ ဒို့တိုင်းပြည်...

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို၊ တိုင်းပြည်တွင်းမှ ခွဲထွက်မည့်အရေးကို သဘောထားကြီးစွာ လက်ခံသည့် နိုင်ငံဟူ၍ မရှိသေး။

ကမ္ဘာပေါ်ရှိ နိုင်ငံတခုစီတိုင်း၌ တိုင်းရင်းသားပေါင်း မြောက်များစွာဖြင့် ဖွဲ့စည်းထားချည်းသာ ဖြစ်သည်။

တိုင်းပြည်ကို ပြည်ပရန်မှ ကာကွယ်ရန် ဖွဲ့စည်းထားသည့် တပ်မတော်သည်၊ ပြည်ထောင်စု မပြိုကွဲရေးမူကို အစဉ်အဆက် ကိုင်စွဲထားသည်။

ကိုယ့်ဒေသအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်လိုလျှင် စစ်ပွဲများ ဖန်တီးစရာမလို၊ ရွေးကောက်ပွဲကို ဝင်၊ ကိုယ့်ဒေသလူထုမှ ရွေးချယ်တင်မြှောက်လျှင် အုပ်ချုပ်စီမံခန့်ခွဲနိုင်သည်။

အဝေးရောက်နိုင်ငံရေးသမားများအနေဖြင့် မြန်မာ့ဒီမိုကရေစီခေတ်ဦးတွင် မိမိတို့ရောက်ရှိသည့်နိုင်ငံများမှ တွေ့ကြုံရသော ဒီမိုကရေစီအတွေ့အကြုံများ (ဒီမိုကရေစီအား အထောက်အကူပြု၊ အရှိန်ရစေမည့် ကောင်းနိုးရာရာများ)ကို ဝိုင်းဝန်းအကြံဉာဏ်ပေးကြခြင်း၊ မျက်စိဖွင့် ထောက်ကူပေးကြခြင်းဖြင့်၊ သင်တို့ ဖေါ်ဆောင်လိုသော ဒီမိုကရေစီပန်းတိုင်သို့၊ ငြိမ်းချမ်း၍ ထိရောက်သောနည်းဖြင့် တွန်းပို့ပေးနိုင်ပါသည်။

Friday, December 28, 2012

မြင်မိတိုင်း အမြဲ မျက်ရည်ကျရတဲ့ ပုံ


ကျနော် အရင်တုန်းက ဘဝကို ကြမ်းရမ်းစွာ ဖြတ်သန်းခဲ့ဖူးပါတယ်။ ကိုယ့်ကိုကိုယ်လည်း အသည်းမာလှတယ်ပေါ့။
အမေရိကကိုရောက်တော့ နိုင်ငံကြီးသားတွေရဲ့ မေတ္တာ၊ ဂရုဏာ၊ ကြင်နာမှု၊ စာနာနားလည်မှု စတဲ့၊ ဖြူထည်တဲ့ ဝန်းကျင်ထိတွေ့မှုများဟာ၊ ကိုယ့်အတွက် ထိတွေ့ အတုယူ တည်ဆောက်စရာ ဖြစ်စေခဲ့ပါတယ်။

အရင်က ရုပ်ရှင်ကြည့်ရင်း ငိုရတဲ့အခန်းဆို လွှတ်ငိုနေတတ်တဲ့ ကျနော့်အမျိုးသမီးအတွက်၊ ခုဆို အဖေါ်မဲ့မနေတော့ပါဘူး။ အရင်က ကြမ်းတမ်းခဲ့တဲ့ ကျနော့်နှလုံးသားဟာလည်း နူးညံ့သိမ်မွေ့စွာ ခံစားတတ်နေခဲ့ပါပြီ။

ကျနော့်ဘဝမှာ ပန်းချီပြပွဲ၊ ဓါတ်ပုံပြပွဲ များစွာ ရောက်ဖူးခဲ့ပေမယ့် မျက်ရည်မကျခဲ့ပါဘူး။ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ သားအမိတွေ ပြန်ဆုံတွေ့ရတဲ့ ဓါတ်ပုံကို မြင်ရတဲ့အခါတိုင်း၊ ကျနော် မျက်ရည်အလိုလိုကျလာပါတယ်။

ကြေကွဲဆို့နင့်လိုက်တာ။
ကလေးဘဝ မိခင်ရဲ့ရင်ခွင်ထဲ၊ သူလည်း တိုးဝင်ချွဲချင်ရှာမှာပေါ့။ ညဘက်အိပ်ယာဝင် အမေပုံပြောပြတာတွေ နားထောင်ချင်ရှာမှာပေါ့။ သားယောကျာ်းလေးဟာ အမေကိုပဲ ခင်တွယ်တတ်တယ်။ အမေဆိုတာ ပန်းပျိုးတဲ့လက်၊ နူးညံ့တယ်လေ။

ခုတော့ သူ့အမေရဲ့ မြန်မာပြည်ကို ချစ်တဲ့စိတ်အတွက်၊ သူ့ရဲ့ကလေးငယ်အခွင့်အရေးလေးပါ ထည့်သွင်းဆုံးရှုံးခံလို့၊ သူ့နှလုံးသားကိုပါ ထိုးပြီး ပေးဆပ်ခဲ့ရှာတယ်။ လက်မောင်းမှာထိုးထားတာကို ကြည့်ရင်၊ အမေကို လွမ်းရင်း သူ့ကိုယ်သူလည်း၊ အမြဲ တောင့်ခံ အားပေးခဲ့ရရှာတယ်ထင်ပ။

ပြန်ဆုံတွေ့ချိန် သားအမိတွေ လက်တွေကို တင်းတင်းဆုပ်လို့၊ ...ရင်ထဲမှာ ကြိတ်ငိုနေကြတာ ဘယ်သူသိနိုင်မှာလဲလေ။....မပီကလာ ပီကလာ စကားပြောတတ်စ ကလေးမှ လူပျိုကြီးကို ဖြစ်လို့။

ကလေးရူးနှင့် ဟန်ဆောင်ခြင်း

မိန်းမတို့၏ မတင်းတိမ် မရောင့်ရဲနိုင်သော ဆန္ဒထဲတွင် ကလေးမွေးခြင်းလည်း ပါသည်။ ကလေးဘယ်နှစ်ယောက်ရှိရှိ၊ ထပ်လိုချင်သည်သာဖြစ်ပြီး၊ ချင့်ချိန်ရသော အခြေအနေတို့ကြောင့်သာ စိတ်ဒုံးဒုံးချ မြိုသိပ်နေရခြင်းသာ တွေ့ရသည်။

ကျနော့်ဇနီးသည်လည်း ကလေးရူးနေတာ ကြာလှပြီ။ သူ့ရဲ့အလုပ်ထဲမှာ သူ့ဗိုက်လေးကို ပွတ်ပြီး၊ ကိုယ်ဝန်ရှိနေတယ်လို့ လုပ်ဖေါ်ကိုင်ဖက်များကို ပြောရလောက်အောင် ရူးလှရှာပါသည်။ အိပ်မက်တိုင်း ကလေးရတယ်လို့ အိပ်မက်လျှင်၊ သူမ ဝမ်းသာအယ်လဲဖြစ်ကာ အိပ်မောကျနေသောကျနော့်ကို နှိုးပြော ပွင့်အံ၍၊ ကျနော့်မှာ အိပ်ရေးပျက်သောညပေါင်း မနည်းလှ။ သူ့ရဲ့ဝမ်းသာ၊ ဝမ်းနည်း မည်သည့်ခံစားမှုမျိုးမဆို စာနာနားလည်စွာ နှစ်သိမ့်မျှဝေခံစားပေးရမည်မှာလည်း ကျနော်တို့ အိမ်ထောင်ဦးစီး ယောကျာ်းတယောက်ရဲ့တာဝန်ပင် မဟုတ်ပါလား။

အလုပ်အားသောရက်တွင် မိသားစုဆရာဝန်နှင့် သွားတွေ့သည်။ ကျနော်တို့ နှစ်ယောက်စလုံးကို စစ်ဆေးမည်ဟု ဆိုပါသည်။ အမေရိကဆိုသော နိုင်ငံကြီးတွင် လင့်မျက်နှာ တရွာထင်ပြီး လိုက်လာခဲ့သော၊ လွန်စွာအားငယ်တတ်သည့် ကျနော့်အမျိုးသမီးအဖို့၊ ဘာလုပ်လုပ် သူ့အနားမှာ ကျနော့်ကို ရှိစေချင်သည်။ (ကျနော့်၏ ခန့်ညားတည်ကြည်လှသော ဥပဓိရုပ်သည်၊ သူမ၏ ခွန်အားရှိသော အားဆေးတစ်ခွက်ပင် မဟုတ်ပါလား။)

ဆေးရုံ၏ စမ်းသပ်ခန်းအတွင်းသို့ သူနာပြုဆရာမနှင့်အတူ ဝင်လာသည်က လူဖြူဆရာဝန်မလေး၊ ငယ်ရွယ်လှသော သူလေးပင်ဖြစ်သည်။ ကျနော့်အမျိုးသမီးကို စမ်းသပ်ရန် ဝတ်စုံလဲဝတ်ခိုင်းသည့်အချိန်မှာတော့.....

အာရှသားတွေလေ။ သိတယ်မဟုတ်လား။ အခု ရန်ကုန်မှာ လူကြီးတွေက လူငယ်ကလေးမလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံကို မျက်စိရိုင်းဖြစ်နေသလိုမျိုး၊... ကျနော်ကလည်း အခန်းတွင်း နေရန် သင့်၊ မသင့်ချိန်ပြီး၊ ကျနော် အပြင်ထွက်ပေးရမလားလို့ ဆရာဝန်မလေးကို မေးလိုက်ပါသည်။ သူမက ဘာမှမဖြစ်ဟန်နှင့်၊ ရှင်ရှိတော့ ရှင့်မိန်းမ အားရှိတယ်မဟုတ်လားဟု ပြုံးပြီးပြန်ပြောတဲ့အခါ၊ ကျနော့်မှာ ဟတ်ထိပြီး ပါးစပ်အဟောင်းသား။ လဲနေသူကို ကူ၍ ထူမ,ပေးပါ ဆိုတာကလည်း မူလတန်းကျောင်းစာမှာကတည်းက သင်လာခဲ့ရသူ ကျနော့်အဖို့.. အားငယ်တတ်သောအမျိုးသမီးကို အားရှိအောင် နေခွင့်ပေးသည်ကို ကျေးဇူးတင်၊ ဝမ်းသာရပါသည်။

ဤသို့ဖြင့် ကျနော့်အမျိုးသမီး၏ ပေါင်နှစ်ချောင်းကို ဖြဲကားပြီး၊ မိန်းမအင်္ဂါကို စမ်းသပ်နေသည့်အခါတွင်တော့ ကျနော့်မှာ အမျိုးအမည်၊ အကြောင်းအရာ ရှာမရပဲ၊ နေရင်းထိုင်ရင်း ဘာမှန်းမသိကာ အနေခက်နေပါသည်။ ဆရာဝန်မနှင့် နာ့စ်မတို့က ကျနော့်၏ အမူအရာကို မျက်စိဖြင့် မကြည်ပဲ၊ စိတ်နှလုံးသားဖြင့် ကြည့်ကာ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေကြသည်။

ကျနော်သိပါသည်။ သူတို့ရဲ့အတွေးမှာ အာရှသားတွေဟာ ဟန်ဆောင်မှုတွေ၊ ဟန်လုပ်မှုတွေ၊ ရိုးသားချင်ဟန်ဆောင်တဲ့ မရိုးသားမှုတွေ မလိုအပ်ပဲ ရှိကြသည်ဟု ထင်နေမှာပဲ ဆိုတာကို။
တကယ်တော့ ကျနော်တို့ ယောကျာ်းတိုင်းသည် ကိုယ့်ဇနီးမယား၏ ခန္ဓာအနှံ့ အကုန်မြင်ဖူးကြချည်းသာ ဖြစ်သည်။ ရုံးမှာသာ လူအများလေးစားသည့် သမာသမတ်ရှိသည့်၊ သိက္ခာရှိ တရားသူကြီးတယောက် ဖြစ်ချင် ဖြစ်သော်လည်း၊ ခြင်ထောင်ထဲရောက်လျှင် အဆိုပါလူသည် ဘာအိနြေ္ဒ၊ သိက္ခာမျှ မရှိကြသည် မဟုတ်ပါလား။

ယခုလည်း စမ်းသပ်ခန်းတွင်းရှိ ကျနော့်ကို၊ သူတို့ ဘယ်လိုထင်ကြမယ်ဆိုတာ ကျနော် သိနေတာက တဖက်၊ မလိုအပ်သော ဟန်ဆောင်မှုများဖြင့် အနေခက်နေတာက တဖက်၊ (ကျနော့်မှာ ဝတ်စားဆင်ယင်မှုအပေါ် ရန်ကုန်လူကြီးများ မျက်စိရိုင်းသည့် အပေါက်မျိုးဖြင့်) ချီတုံချတုံဖြစ်နေဆဲမှာပင် သူတို့သည် သူတို့ လုပ်ဆောင်ရမည့်အလုပ်ကို၊ အလုပ်အတိုင်း အောင်မြင်စွာ ပြီးမြောက်လုပ်ဆောင်ခဲ့ပါသည်။

ယခုလည်း လွှတ်တော်တွင် ပြည့်တန်ဆာလုပ်ငန်းဆိုသည်မှာ ဥပဒေမျက်ကွယ်ပြု ဆောင်ရွက်သည့်လုပ်ငန်းဖြစ်၍၊ မလိုလားအပ်သော ရောဂါများ၊ ဆိုးကျိုးများ ပြည်သူများအတွင်း ဖြစ်ပွားပျံ့နှံ့နေခဲ့သည်။ ရောဂါဆိုတာ ပျံ့နှံ့ ဖြစ်ပွားလျှင် တားမြစ်ဥပဒေဆိုတာ အလကားပင်။ အရာရာတိုင်းကို နှိပ်ကွပ်သော ဥပဒေမျိုးချည်းပဲ ပြဌာန်း၍ မရပါ။ ကျန်းမာရေးနှင့်ပတ်သက်လျှင် ပြန်လည်ထူထောင်ရေး၊ လိုအပ်ချက်ကွက်လပ် ဖြည့်ဆည်းရေး ဥပဒေများလည်း ရှိသင့်သည်မဟုတ်ပါလား။

ကျနော်တို့ပြည်သူတွေအားလုံး အာသဝေါတရား ကုန်ခမ်းတဲ့ ရဟန္တာများ ဖြစ်နေကြသည်ဆိုလျှင်တော့ ပြည့်တန်ဆာလိုင်စင်ဥပဒေမျိုး ပြဌာန်းနေစရာ မလိုပါ။
ဒါဟာ သဘာဝကိုက ပေးထားတဲ့ သဘာဝတရားဖြစ်လို့ ဘာရှက်စရာ ရှိပါသလဲ။ အများပြည်သူ ကျန်းမာရေးအတွက် လုပ်ဆောင်စရာရှိတဲ့ အလုပ်ကို အထက်ကဆရာဝန်မလေးလို၊ ပြီးမြောက်အောင် လုပ်ရမည်သာ ဖြစ်သည်။ မဟုတ်လျှင်တော့.. ကျနော်တို့ အာရှသားတွေကို အနောက်တိုင်းက ထင်မြင်နေသလို သူတော်ကောင်းယောင် ဆောင်လွန်းသည့်သူများဟု ထင်မှတ်နေသလိုသာ ကျနော်လည်း ထင်မြင်မိပါကြောင်း။...
အလုပ်သမားဘဝ....
အေးတာတွေ၊ ပူတာတွေ၊ စောတာတွေ၊ မိုးချုပ်တာတွေ ခံစားပြမနေဘူး။ အလုပ်သွားရမယ်။ ဘေးကင်းဖို့ ဂရုစိုက်မယ်။ အလုပ်ပေါ်မှာ တာဝန်ကျေရမယ်။

အလုပ်ရှင်ဘဝ....
ကိုယ်လို အလုပ်သမားမျိုးကိုပဲ လိုချင်တယ်။