Showing posts with label ဖတ်မိသောကဗျာများ. Show all posts
Showing posts with label ဖတ်မိသောကဗျာများ. Show all posts

Wednesday, April 22, 2009

မြို့ပြ၀တ်ဆံ

ဆွဲဆန့်လိုက်တာ
ရှည်သွားပေမယ့်မဖြောင့်ဘူး။


ရှင်သန်နည်းများစွာထဲက
မိမိနှစ်သက်ရာရွေးလို့
လေညင်းနဲ့ နုညံ့မလို့ကြံတုန်း
ဗြုန်းစားကြီး မုန်တိုင်းသည်းထန်တော့
ကော့ပျံမာကြောခဲ့ရပြီ။


ဒါပါပဲ
တစ်ထည်ထဲပွဲမတိုးလို့
အမျိုးမျိုးဆင်ယင်ခြယ်သ
ဒီဇိုင်းလှမလှတော့မသိ
အတွန့်အကြေတော့အများသား။


ရင်နီ

Tuesday, March 3, 2009

ကျိန်စာ

Thursday, April 17, 2008

အဖေ့ဓါတ်ပုံကိုမှီနွဲ့ထားလေသူ အမေ့မျက်ရည်
မြေနီလမ်းလေးပေါ်က
ဆိုးနေကျ ခြေသံလေးကို
ငေးမျှော်နေလျော့မယ်….။

လ မသာတဲ့မြို့ပြမှာတော့ ကျွန်တော်
အမေမှာသော ရှိုက်သံနဲ့
မေတ္တာဓါတ်တို့ပစ်ချကြည့်မိ
အကြည့်တွေ ရေတစ်ပေါက်လေးတောင်မရရှိခဲ့…။

မိုင်လေးရာမှာ
အမေဂုဏ်တော်ကွန်ချာရွတ်ပါ
မိုင်လေးရာမှာ
ကျွန်တော်အရက်သောက်နေပါတယ်
အမေနဲ့ကျွန်တော်မိုင်ရှစ်ရာအကွာ…။

အမေရေ
“သေမိန့်ကျလူတစ်ယောက်မှာ
ဒဏ်ရာအနာတရတစ်ခုဖြစ်ရင်
သတ်ပစ်လို့မရဘူးတဲ့…”
အမေနဲ့ကျွန်တော်
ဒဏ်ရာဗရပွနဲ့
ရှင်မိန့်ကျ နေ့စွဲတွေမှာ
ဘယ်ကံကြမ္မာက ထပ်ဝေးစေခဲ့တာလဲ…။

ကျွန်တော့်ချက် မြှုပ်ခဲ့တဲ့မြေမှာ
ဘာအပင်တွေပေါက်နေပြီလဲအမေ
ကျွန်တော်ကတော့ရွက်ကျပင်ပေါက်…။

အမေရှိတာထဲကနှုတ်ပေးပြီး
ကျွန်တော်ကလိုအပ်သမျှ ထပ်ပေါင်းချင်ရဲ့
ထုံးတမ်းစဉ်လာလိုအပ်ချက်အတိုင်း
ကျွန်တော့်ခြေလှမ်းတွေဦးပြန်လည်ခဲ့
ခွင့်လွှတ်နေကျ
လမ်းဆိုးလေးဆီ…။….။

မှတ်ချက်။ ။ အထက်ပါကဗျာကို ရေးသူသည် ယုံကြည်ချက်ကြောင့် ဇာတိနှင့် အမေကို စွန့်ခွါ၍ ရန်သူနှင့် အနီးကပ် ရင်ဆိုင်ယှဉ်ပြိုင်တိုက်နေသူ တစ်ဦးဖြစ်သောကြောင့် ဂုဏ်ပြုဖေါ်ပြအပ်ပါသည်။

Wednesday, February 18, 2009

'' ငထ " ရဲ့ ရင်ဘတ်ကို နိုးဆွခြင်း

ဒို့တစ်တွေ ....
ပညာသင် စာသင်ခန်းကိုယ်စီက
မောင်းပြန်မကြောက်
ဒေါင်းအလံတွေအောက်
ရဲရဲကြီးထွက်ခဲ့ ကြ ........


ပြန်လည်ကာတွေး
မဝေးတဲ့နှစ်(၂၀)
လူထုနဲ့တော်လှန်ရေး
၈ လေးလုံးသမိုင်းမှာ..

ရာဇ၀င်ရိုင်း
မျိုးဆက်သစ်သမိုင်းကို သုတ်သင်
စစ်အာဏာရှင်ရဲ့ ရက်စက်
ပက်စက်တဲ့အကြံ
လက်နက်နဲ့ဖြေရှင်း
သူငယ်ချင်းရဲ့ ဖြူစိမ်းမှာ
သံဃာတော်ရဲ့ ခန္ဓာမှာ...
ပြည်သူတွေ ရဲ့ရင်ဘတ်တွေမှာ...။

ကျည်ဆံရာတွေမြင်ရက်စရာမရှိ
သွေးချောင်းစီးခဲ့ရ
၈ လေးလုံးရဲ့ည
ထာဝရ ကမ္ဘာတည်သရွေ့
မမေ့နိုင်တဲ့နေ့
ဒီနေ့ နှစ် ( ၂၀ ) ပြည့်ခဲ့ပြီ ။ ။


ပြည်သူ့အတွက် တိုက်ပွဲဝင်ရင်း ၈လေးလုံးနှင့် အနှစ် (၂၀) အတွင်းကျဆုံးသွားသောတိုက်ပွဲဝင် ရဲဘော်အပေါင်းနှင့်
(တစ်ချိန်က အ.က.သ ၊ ဗ.က.သ ၊သုံးရောင်ခြယ်နောင်တော်များ) အားလုံးရဲ့ကိုယ်စား . . . . .။ ။

ငထ (ဘလုပ်မြေ) 8.8.2008 (3:56)Am

(မှတ်ချက်။ ။ ကဗျာပေးပို့လာသော သူသည် စစ်အာဏာရှင်စနစ်အား ပြည်တွင်းတွင် အနီးကပ် ရင်ဆိုင် တိုက်ပွဲဝင်လျက်ရှိနေသူဖြစ်၍ အလေးထား ဖော်ပြအပ်ပါသည်။ )

Friday, January 30, 2009

ရောက်ရှိလာသောဖတ်ရသည့်ကဗျာတစ်ပုဒ်

မွေးရပ်မြေရဲ့အကြောင်း

ကမ္ဘာအနှံ့က “ရွှေ”...တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျနော့်ရဲ့ မွေးရပ်မြေအကြောင်း နဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ.....။

ဆရာဝန်တွေက ဆေးရောင်း

အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေ အကုန်ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ဂွင်ရှာနိုင်မှ သူဋ္ဌေးလောင်းဖြစ်မယ်....။

အစိုးရကအစ သူခိုးဓမြ တွေဆို

ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဘို့ go ကြပေဗျို့...။

ဉာဥ့်ငှက်မလေးတစ်ယောက်က ဖောက်သည်မျှော်

မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့.....။

ဈေးသည်မလေးတစ်ယောက်က ၀ယ်သူမျှော်

အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ....။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား

လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတချို့က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ်လေး တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒိုတစ်စီးက ဗွက်တွေစင်အောင် မောင်းသွား
ငါတို့ငိုသံတွေကို
အိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်..။
ဖျာခင်းချင်သူတချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်...။

မီးခဲကိုင်ထားရသလိုပဲ ဆိုတဲ့ စေတနာရှင်တို့........

ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့ လူ့ပြည်ကို ဖျက်နေတာလား..။
ခင်ဗျားတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်ပါ..။
တပြည်လုံးလည်း နားညီးနေပြီ....အော်ဂလီဆန်ချင်စရာ..။

ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့လည်း

မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့
ငါ့ခြေထောက်တွေ ကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူး တဲ့..။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်၊
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်..။

ဒီလိုနဲ့.......

စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိမ်မက်တွေလည်း ခေါက်ရိုးကြေ၊
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ...။
လူ့သက်တမ်း တ၀က် ကျိုးလာပြီဆိုတဲ့ အချက်ပေးသံ တွေလည်း မြည်လာပြီ၊
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ..။
“ဆန်တပြည်ကို ၁၅၀၀ တောင်” အဲဒါ အဖွား ညည်းတဲ့အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်..။

ဒီကြားထဲ .......

နာဂစ်က တစ်ချက်မွှေ့
ဧရာဝတီက လူတွေခမျာ အသက်စေ့
တချို့လူတွေကလည်း အကွက်ရွှေ့
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့
မြန်မာပြည်ကြီးကတော့ ၀မ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့.....။

အစိုးရကအစ သူခိုးဓမြ တွေဆို

ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ go ကြပေဗျို့.........။

ကောင်းကင်ကို

(မှတ်ချက်။ ။ အထက်ပါကဗျာလေးသည် မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသော အခြေအနေ၊ ဖြစ်ပျက်နေသောလက္ခဏာ၊ ရင်ဆိုင်နေရသောဘ၀အသီးသီးတို့၏ ပကတိဖြစ်ရပ်မှန်ကို ကဗျာတစ်ပုဒ်တည်းနှင့် ပြီးပြည့်စုံအောင် ဖော်ပြနိုင်ခဲ့၍ ကြိုက်နှစ်သက်ပြီး ဤဘလော့ဂ်တွင် တင်မိပါသည်။ အီမေးလ်ဖြင့် ကျနော့်ဆီကို ရောက်ရှိလာသော ကဗျာဖြစ်ပြီး ထပ်ဆင့်ပေးပို့လိုက်သူက ကဗျာဖန်တီးသူ၏ အမည်ကို ဖေါ်ပြမထားခဲ့ပါ။
ယခုမူ ကိုကောင်းကင်ကို ကိုယ်တိုင် ရေးဖွဲ့သီကုံးထားသော ကဗျာဖြစ်သည်ကို သိရှိရပါ၍ ယခုမှ ကဗျာရေးသူ၏ အမည်အား ပြန်လည်ဖြည့်စွက်နိုင်ခဲ့သည်ကို နားလည်ပေးနိုင်ပါရန် နှင့် ကဗျာကို ဦးနှောက်အဆီခမ်းကာ နှလုံးသွေးနှင့် ရေးစပ်ခဲ့ရသော ကိုကောင်းကင်ကိုအားလည်း ကျနော့်၏ ပျက်ကွက်ချို့ယွင်းမှုအတွက် တောင်းပန်အပ်ပါသည်။)

Friday, October 17, 2008

ဘုံရန်သူမို့တော်လှန်စို့

အဖတိုင်းပြည်တဲ့လား
မဝရေစာ စားပြီး
အမတွေ ဖာ ဖြစ်မယ့်
ဒင်းတို့ မူ မှာ
တို့ပြည်သူအတွက်မပါခဲ့ဘူး ။

Road Map ခုနှစ်ချက်ဆိုတဲ့
အစုတ်အပြတ်အကြံဥာဏ်တွေနဲ့
မဟုတ်မဟတ်လုပ်ဇတ်ခင်းဦးမတဲ့
သူခိုးများစည်သာရန်၊ အမျိုးသားညီလာခံ ဆိုတာပေါ့ ။

အခွန်အတုတ်တွေတနင့်တပိုးနဲ့
ကျွန်မဟုတ်တဲ့ပြည်သူဆီက
အစွံထုတ်ကာမချိမဆံ့စား
နွား လောက်မှအသိဥာဏ်မရှိဘူး ။

သတင်းစာ ဆိုတာကလည်း
အတင်း၊အညာပလာတွေနဲ့မို့
ပျင်းစရာကောင်းလောက် ညှီတယ် ။

ဒင်းတို့စနစ်ဆိုး
အကျင့်မျိုးကရွံ့စရာကောင်းပ
ရဟန်း၊ရှင်လူထောင်ထဲပို့
မစို့မပို့ ကျွေး
ခွေး ဖြစ်မဲ့ကောင်တွေ ။

အတိတ်သမိုင်းကြောင်းကိုကြည့်ဦး
ဗြောင်းဆန်အောင်လူတွေသတ်
ရက်စက်တဲ့စစ်အာဏာရှင်
ဒင်းတို့ဝဋ် ငါမြင်ချင်တယ် ။

ပြည်သူ့အကျိုးမကြည့်
ကိုယ့်အာဏာပဲကိုယ်သိတဲ့
နအဖ စစ်ဘီလူးအောက်
ဘယ်တော့မှဒူးမထောက်ဘူး ။

ဒီမိုကရေစီ လမ်း
ဘယ့်လောက်ကြမ်းပါစေ
သွေး နဲ့လမ်းခင်း
ငါတို့အရောက် နင်းလျှောက်လာမယ် ဟေ့ . . . ။

( မျိုးဆက် G.W)

Tuesday, October 14, 2008

ငြိမ်းချမ်းရေး သီချင်း

11/10/2008
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ
ဒီတေးသွားလေး အပြီးသတ်ဖို့
ငါတို့တွေ ၀ိုင်းပြီး ရေးစပ်နေကြတာ....

စာသားက မပြေပြစ်လို့
အသံ အတက်အကျက လွဲချော်နေလို့
ပုတ်ခတ်တဲ့ စကားလုံးတွေပါနေလို့
သာယာနာပျော်ဖွယ် မဖြစ်လို့.....

ဒီလိုနဲ့
မရေတွက်နိုင်တဲ့ ပုဒ်မတွေကြား
လက်ကြားက ရေထွက်တဲ့ ဆင်ဆာတွေကြား
ငါတို့တေးသွားက မလှုပ်သာ မယှက်သာ....

ဒီတေးသွားတို့ သီကုံးရာ ခရီးကြမ်းတွေကြား
ငါတို့တွေ လက်တွေမြဲရမယ်....
တစ်ယောက်လဲကျယင် တစ်ယောက်က ဖေးကူရမယ်...
ဘယ်တော့မှ ဒူးမထောက်တဲ့ စိတ်တွေမွေးရမယ်.........

ငါတို့ဟာ တေးချစ်သူတွေပါ
ဓားလက်နက်တွေကို မုန်းတယ်...
လက်တွေ့မကျတဲ့ ဦးတည်ချက်တွေကို ရွံရှာတယ်...
ရုပ်လုံးပေါ်မလာတဲ့ ရေးဆွဲမှု့တွေကို ရှုပ်ချတယ်......

ငါတို့ဟာ တေးချစ်သူတွေပါ
လက်ရှိ အချိန်မှာ သီဆိုခွင့်မရပေမဲ့
ဒီနေ့ ဒီအချိန်မှာ အဆုံးသတ်ခွင့်မရပေမဲ့
(မြဲမြံတဲ့လက်တွေနဲ့)
ငါတို့တွေ ဆက်လက်ရေးစပ်နေကြမယ်.....

ကိုဧဏီ
၎.အောက်တိုဘာ.၂၀၀၈

(သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များဘလော့ဂ်မှ)

Friday, August 15, 2008

ကျားရဲ



နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
နေမမြင် လမမြင်
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။
အိပ်လျှင်အိပ် မအိပ်လျှင်တွေး။

သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှ မဆိုရ။
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ။
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။

အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တတ်တတ် တစ်နေကုန်။

မနေ့ကလည်း တစ်နေကုန်
ဒီနေ့လည်း တစ်နေကုန်ပြန်
နက်ဖြန်လည်း ကုန်အုန်းမယ်။

ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း။
တစ်ရက်ကုန်မလား၊ တစ်သက် ကုန်မလား။
တစ်လကုန်မလား၊ တစ်ဘ၀ ကုန်မလား။
တစ်နှစ်ကုန်မလား၊ တစ်ခေတ် ကုန်မလား။

အားမလျှော့ဘူး၊ မပျော့ဘူး။
ပေဖြစ်တော့ခံမယ်၊ တူဖြစ်တော့ နှံမယ်။

အမှန်တရား တို့ဘက်မှာ ရှိတယ်။
ပြည်သူအများ တို့ဘက်မှာ ရှိတယ်။
ကာလယန္တရား တို့ဘက်မှာ ရှိတယ်။
ရှင်တော်ဘုရား တို့ဘက်မှာ ရှိတယ်။
သိကြရဲ့လား ဟား ဟား ဟား ဟား။

တရိစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်နေသလား။

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။

မှတ်ထားဟေ့။
အ၀ါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း။
အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ။

ငါလဲ အဲဒီလိုပဲကွ ဟေ့။ ။

ဝင်းတင်(ဟံသာဝတီ)
အကျဉ်းထောင်တွင်းမှ ကဗျာ၊ ၁၉၉၀။


(ဥဒါန်းမဂ္ဂဇင်း၊ အမှတ်၁၊ မေ၊ ၂၀၀၄ မှ)