Showing posts with label အင်တာဗျူးများ. Show all posts
Showing posts with label အင်တာဗျူးများ. Show all posts

Sunday, April 5, 2009

ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို အေးချမ်းသွားစေချင်တယ်

Friday, 03 April 2009 18:55 ဧရာဝတီ

အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့် စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဘန်ကောက်မြို့ IC ရှိုးတွင် သူ့အလှည့်ရောက်ရန် စောင့်နေသည့် လေးဖြူ (ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။

ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနော်တို့ ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။

ဒီအချိန်မှာ ကျနော်တို့ အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။

ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့ မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။

ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့ မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ - ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။

ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့ အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့ မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။

ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။

ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ ပိုပြီး နှစ်သက်ပါတယ်။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ ပြောလို့ ရပါသလား။

ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့ နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။

မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။

ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ ရင်ခုန်သံနဲ့ သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။

မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ ပြောမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့ အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။ မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့ မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။

“ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတဲ့ လေးဖြူ (ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။

ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။

Friday, January 30, 2009

ပရိသတ် ရင်ဘတ်ကို ထိအောင်ရိုက်သူ

Friday, 30 January 2009 18:34 ဧရာဝတီ
ကိုခရမ်းသည် ဂီတ လောက ထဲသို့ ဝင်ခါစတွင် Section Player အဖြစ် လိုက်လံ တီးခတ်ခဲ့ သော်လည်း လိဒ်ဂစ်တာသမား တေးရေး စောဘွဲ့မှူး တည်ထောင်သည့် Iron Cross (IC) တေးဂီတဝိုင်း စတင်ချိန် ၁၉၉၁ ခုနှစ်ကတည်း က ဒရမ်မာအဖြစ် ပါဝင်တီးခတ်ခဲ့သူဖြစ်သည်။ ယခုအခါ IC တေးဂီတအဖွဲ့ တည်ထောင်သည်မှာ ၁၇ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကွယ်လွန်သူ စောဘွဲ့မှူးမှအပ ကျန်သည့် တီးဝိုင်းအဖွဲ့ဝင်များနှင့် ဝိုင်း စတင်ချိန်က အတိုင်း ပြိုကွဲခြင်း၊ ကျဆုံးခြင်းမရှိဘဲ ရပ်တည်ဆဲဖြစ်သည်။ ယင်းတေးဂီတအဖွဲ့၌ ဒရမ်မာအဖြစ်သာမက တီးဝိုင်း နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် တာဝန်ရှိသူတဦးအဖြစ် အဆုံးအဖြတ်ပေးနိုင်သော ကိုခရမ်းကို ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒရမ်မာ ကိုခရမ်း

မေး။ ။ ကိုခရမ်းက ဒရမ်နဲ့ပတ်သက်တဲ့ ပညာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

ဖြေ။ ။ လူက မွေးကတည်းကတော့ ဘာမှတတ်ခဲ့တာမဟုတ်ဘူးလေ။ ကျနော်တို့ဆီမှာက ဂီတနဲ့ ပတ်သက် တဲ့ ကျောင်းဆိုတာလည်း သတ်သတ်မှတ်မှတ်ရှိတာ မဟုတ်ဘူး။ ဒီ စတီရီယိုပိုင်းက ပိုဆိုးတာပေါ့။ ကျနော်တို့ ထက် တတ်တဲ့၊ သိတဲ့ ရှေ့လူတွေဆီမှာနည်းနာခံ၊ တပည့်ခံပြီးသင်ယူခဲ့ရတာပဲ။ ကျနော့်ဆရာက ကိုဇော်ဝင်းရှိန် ပါ။ Play Boy တို့ Aces တို့ကတော့ ကျနော့်ရဲ့ မြင်ဆရာတွေပေါ့။

ကျနော်က ဒီပညာကို တတ်ချင်လွန်းလို့ကို ရအောင်ယူခဲ့တာ။ အလယ်တန်း တက်နေတုန်း စာဆက်မသင်ချင် တော့ဘူး။ စိတ်လည်းမပါဘူး။ လူက ဂီတသံကြားရင်ကို မနေနိုင်တာ။ အဲဒီ တူရိယာတွေကြားမှာပဲ ပျော်နေချင် တာလေ။ ကျနော်လုပ်ချင်တာက ဒါပဲ .. ဒီတော့ ကျနော်က မိဘတွေကို တောင်းဆိုတယ်။ ကျနော့်ကို ကျောင်း ထုတ်ပါ .. မထုတ်ရင်လည်း ကျနော့်ဟာကျနော် ရအောင်ထွက်မယ် ဆိုပြီး လုပ်တာဗျ။

ရှေးကလမ်းဖောက်ခဲ့တဲ့ ဆရာတွေကို သိပ်ကျေးဇူးတင်ဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် ခုကလေးတွေသိအောင်ရှင်းပြ ချင်တယ်။ ကိုသန်းနိုင်ဆို ဒရမ်းအရမ်းကောင်းတယ်ဗျာ။ ကိုအော်စကာသန်းတင်ဆိုရင်လည်း အရမ်းလေးစားဖို့ ကောင်းတယ်။ ဒါတွေ မှတ်တမ်းမရှိဘူး။ ကျနော်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ သူတွေရှိရင် လုပ်စေ ချင်တယ်။

မေး။ ။ စတိတ်ရှိုးတီးတဲ့အခါမှာ အာရှက တခြားရော့ခ်ဘန်တွေနဲ့ IC နဲ့ ဘယ်လိုကွာခြား ပါသလဲ။

ဖြေ။ ။ မတူဘူးဗျ။ အထူးသဖြင့် ထိုင်းက ရော့ခ်ဘန်တွေပေါ့ဗျာ။ ထိုင်းက The Sun Band ကိုဖိတ်ပြီး ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲ ပုံစံမျိုးလုပ်ဖူးတယ်။ သူတို့တီးတာက ပုံသေနည်းဆန်တယ်။ ပုံသေနည်းအတိုင်း ဆိုတော့ တီးတာ သက်သောင့်သက်သာမရှိဘူး။ စိတ်လှုပ်ရှားဖို့မကောင်းဘူး။ ကျနော်တို့ကျတော့ စိတ်ကူးတည့် သလို တီးတာ။ စင်ပေါ်ရောက်သွားပြီဆိုတာနဲ့ IC က Team work လည်းကောင်းတော့ အားလုံးကညီညွတ်ပြီး ဘယ်သူနဲ့တူတယ်ရယ်လို့ကို မဟုတ်တော့ဘူး၊ ကိုယ့်စတိုင်နဲ့ကိုယ်ကို အားလုံး မြောက်ကုန်ကြတာ။

မေး။ ။ အသက်ကြီးလာရင်ကော ရော့ခ်တွေပဲ ဆက်တီး နေဦးမှာလား။

ဖြေ။ ။ အသက်ကြီးလာရင်တော့ လုပ်ချင်တာရှိတယ်ဗျ။ အဲဒါက Jazz Rock လေ။ ဒရမ်ရယ် ဘေ့စ်ရယ် ၂ ယောက်တည်းတီးရတာ။ တကယ့်ငြိမ့်ငြိမ့်လေး။ သူက အဆိုသမားက သိပ်အဓိကမကျဘူး။ အဲဒီ အမျိုးအစားက သံစဉ်တွေတင်မဟုတ်ဘူး တီးတဲ့သူတွေကပါ တန်ဖိုးရှိနေတာ။ တပုဒ်လုံးကို ၁၅ မိနစ်စာလောက်ရှိတယ်ဗျာ။ ပန့်ခ်တွေ မော်ဒန်ရော့ခ်တွေ၊ အော်လ်တာတွေ အမျိုးမျိုးတီးဖူးတယ်။ မတူဘူးဗျာ။ ကျတော်ကြည့်ဖူးသမျှတော့ အဲဒီအမျိုးအစားကိုတီးတာ အသက် ၆၀ အရွယ်လောက်ကြီးတွေ။ ဒါပေမယ့် လူငယ်တွေထက် တော်တော့်ကို လက်စောင်းထက်တယ်ဗျ။ အဲဒါမျိုး ကြီးလာရင်လုပ်ချင်တယ်။

မေး။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စကို လူတွေက အမျိုးမျိုးသရုပ်ခွဲကြတယ်။ ကိုခရမ်းကော ဘာပြောချင် ပါသလဲ။

ဖြေ။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စက ခဏခဏ ရှင်းဖူးတယ်။ ကော်ပီကို ဝေဖန်တဲ့သူတွေကကော ဂီတကို တကယ်သိလို့၊ လေးစားလို့ပြောတာလား .. တမင်မလိုတဲ့ဘက်က ရန်လုပ်ချင်လို့ ပြောတာလား ဆိုတာကို ခွဲခြား ဖို့ လိုမယ်ထင်တယ်။ မြူးဇစ် ဆိုကတည်းကိုက ကော်ပီပဲတီးတီး Own Tune ပဲတီးတီး တူတူပဲ မဟုတ်ဘူးလား။ ဟုတ်ပြီ .. Own Tune ပဲတီးကြမယ် ဆိုပါတော့ .. ကျနော်တို့ ဒီနေ့လုပ်နေတဲ့ မြူးဇစ် ပုံစံက ဘယ်ကလာတာလဲ။ ဒီအငွေ့အသက်တွေနဲ့ ကင်းနိုင်မလား။ ကျနော်တို့လုပ်နေတာကိုက မြန်မာ့ဂီတစစ်စစ်မဟုတ်ဘူး။ ဒါကိုလက်ညှိုး ငေါက်ငေါက်ထိုး ပြောကြတာတော့ မတရားဘူးထင်ပါတယ်။ ကိုယ့်ရာဇဝင် ကိုယ် ရေးရတာပဲ။ ဂီတကို ဂီတလိုပဲ ခံစားသင့်တယ်။ ဂီတကို ခံစားမှာလား အပြစ်ပြောမှာလား ။ ကော်ပီရေးတဲ့သူတွေကလည်း သီချင်းကို ပစ်စလက် ခတ် ရေးကြတဲ့သူတွေမဟုတ်ဘူး။ မူရင်းသီချင်းကို သေချာနားထောင်ပြီးမှ အဓိပ္ပာယ် မပျက်အောင်ရေးလာကြပြီ။

မေး။ ။ IC ရယ်လို့ ဖြစ်လာပုံလေး အကြမ်းဖျင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ အစကတော့ ကျနော်တို့အားလုံး Section လိုက်တီးနေကြတာ။ ကျနော်ကော၊ ဗညားကော၊ ခင်မောင် သန့် ကောပေါ့။ ဘွဲ့မှူးကြီးကခေါ်ရင်လည်း လာတီးလိုက်၊ တခြားမှာလည်း သွားတီးလိုက် လုပ်နေရင်း ဒီလိုလုပ် နေတာထက် Section လုံးဝမတီးဘဲ နေကြမယ်။ ဝိုင်းတခု လုပ်ကြမယ် ဆိုပြီး ဆုံးဖြတ်ကြတာ။ တကယ်တော့ အဲဒါကမလွယ်ဘူး။ Section တီးတာက ပိုက်ဆံအရမ်းရတယ်လေ။ မတီးဘဲ တောင့်ထားဖို့ကမလွယ်ဘူး။

ဆိုလိုတာက Section ကို လက်မလည်အောင် တီးနေရာကနေ လုံးဝရပ်လိုက်ရတော့ အလုပ်တွေ အားသွားကြ တယ်ဆိုတာ ပြောချင်တာပါ။ အဖွဲ့အနေနဲ့က နာမည်မရှိသေးတော့ အလုပ်သိပ်မဖြစ်သေးတာကို တော်တော် လေး တောင့်ခံကြရတယ်။ အဲဒီအချိန်မှာ တောင့်မခံနိုင်ရင် IC ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။

မေး။ ။ IC ဆိုပြီး ဒီလောက် နှစ်ကြာကြာ ရပ်တည်လာနိုင်တာ ဘာကြောင့်ပါလဲ။


ဖြေ။ ။ အဓိကက ကျနော်တို့တယောက်နဲ့တယောက် ချစ်ကြတယ်။ ပြီးတော့ အားလုံးကညီတယ်။ စည်းကမ်း ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ ကျနော်နဲ့ ဗညားနိုင်ကအကြီးဆုံးပဲ။ အဖွဲ့နဲ့ပတ်သက်သမျှ ကျနော်တို့ နှစ်ယောက် ဆုံးဖြတ်ရင် အားလုံးကသဘောတူတယ်။ ပွဲငှားတာကအစ တချို့ကိစ္စဆို မဟုတ်တာတွေ ဘာတွေ ပါလာရင် ကျနော်က အဖွဲ့ကိုတောင် ပေးမသိတော့ဘူး။ ကိုယ့်ဘာသာဆုံးဖြတ်လိုက်တယ်၊ ရှင်းလိုက်တယ်။ မဟုတ်ရင် အလကား စိတ်ညစ်ရတာပဲရှိမယ်။

တချို့ကန်ထရိုက်တွေက လူလည်ကျတာ တွေရှိတယ်။ အဲဒါမျိုးတွေဆို ကျန်တဲ့သူတွေကို ပေးကို မသိတော့တာ။ တခါတလေ တခြားကပတ်ပြီး ဝင်လာတာမျိုး၊ ဥပမာ - ချစ်စမ်းမောင် ကိုဖြစ်ဖြစ် တခြား တယောက်ယောက် ကိုပဲ ဖြစ်ဖြစ် ကန်ထရိုက်က ကပ်ဝင်ရင်လည်း သူတို့က ကိုခရမ်းကို ပြောပါ။ ကိုဗညားကိုပြောပါဆိုပြီး လွှဲလိုက်တာပဲ။ ကျနော်တို့လုပ်သမျှ ဆုံးဖြတ်သမျှလက်ခံတာရယ်၊ ကျနော်တို့ကလည်း မဟုတ်တာ မလုပ်တာ ဘယ်တော့မှ မလုပ်ဘူး ဆိုတာ သိထားတာရယ်၊ ဒါနဲ့ပဲ ဒီအဖွဲ့ကသွားနေကြတာ။ ပြီးတော့ အားလုံးက ညီအစ်ကိုတွေလိုပဲ စလိုက် နောက်လိုက်နဲ့ ဆိုတော့ ပင်ပန်းတယ် မထင်ရဘူး။

အငဲဆို အတည်ပေါက်ပြောနေရင်း ဝင်ဝင်နောက်တတ်တယ်။ တယောက်အကျင့်ကိုလည်း တယောက်က သိ ထားတယ်။ အငဲဆိုရင် ဆေးလိပ်အရမ်းကြိုက်တယ်။ ဆေးလိပ်မသောက်ရတဲ့ နေရာရောက်ရင် စိတ်တွေတိုနေ ရော။ ချစ်စမ်းမောင် ကျတော့ ကျနော်တို့က ညီအငယ်ဆုံးလေးလိုပဲ။ မျိုးကြီးလည်း ဒီတိုင်းပဲ။

အားလုံးက အလုပ်လုပ်ရင်လည်း အလုပ်နဲ့ တူအောင်လုပ်တယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်လို့ကတော့ ကြိုက်သလောက် ဝေဖန်၊ လက်ခံတယ်။ အဲဒါကြောင့်လည်း ထွက်လာတဲ့ Product က တော်တော်ကို တကယ့် ကို ကျေနပ်စရာကောင်းတယ်။ ကျနော်တို့ လေးဖြူနဲ့ ဂျပန်ကလုပ်တဲ့ ဂျေ အာဆီယံ ပွဲမှာ သွားတီး ကြတုန်းက အရမ်းအားပေးကြတာ။ သူတို့က ဘာလို့အားပေးတာလဲဆိုတော့ ဒီအသက်ဒီအရွယ်ကြီးတွေ အထိ ဒီဘန်ကော၊ အဆိုတော်ကော မကွဲဘဲ ဒီအတိုင်းရှိနေတာကို သဘောကျလေးစားတာတဲ့။

မေး။ ။ IC ကို အင်တာဗျူးအတွက်ပဲ ဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ချဉ်းကပ်ဖို့ခက်တယ်၊ ဆက်ဆံရေး မပြေပြစ်ဘူးလို့ ပြောနေတာနဲ့ ပတ်သက်ပြီး ကိုခရမ်း ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဘေးက ကြပ်ပေးကြတာဗျ။ ဘေးကတချို့က IC ကို ကိုယ့်ဘာကိုယ် ဝင်လို့မရဘူး ဟောက်ထုတ် လိမ့်မယ်၊ ဘာညာပြောကြတာနဲ့ လူရှိန်နေတာဗျ။ ကျနော်တို့အားနည်းချက်ကလည်း တခုတော့ရှိတယ်၊ အနုပညာကိစ္စ မြူးဇစ်ကိစ္စကိုဆို လာခဲ့ အချိန်မရွေးပဲ ပြောမယ်။ မဟုတ်တာတွေ ပေါက်ပန်းသေးတွေတော့ လာမမေးနဲ့ လေဗျာ။ IC ကို မေးမယ်ဆိုရင် အိုင်စီအကြောင်းတော့ သိသင့်တာပေါ့ မဟုတ်ဘူးလား။

အနုပညာသမားတွေကို လူတွေက ကြီးကျယ်တယ် ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူးဗျာ ..။ ကျနော်တို့ ပြောချင်တာ ဂီတ အကြောင်း .. ဂီတအကြောင်းမေးမယ်၊ ပြောမယ်ဆိုရင် အချိန်မရွေးပါ။ နောက်တခုက ကျနော် တို့ပစ္စည်းတွေက အီးပီစီ မီးနဲ့တီးလို့မရဘူး Watt တအားများတာ။ အဲဒီတော့ ကျနော်တို့ကိုငှားရင် စရိတ်ကများ တယ်။ စပွန်စာ မရှိလို့ မရဘူး။ တချို့ကန်ထရိုက်တွေက စရိတ်ချုံ့ချင်တယ် .. အလွယ်လုပ်ချင်တယ်။ အဲဒါမျိုး ကျနော်တို့နဲ့မရဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းပဲ သွားတယ်။ လက်ခံနိုင်ရင်လာ။ မှန်တဲ့သူ တွေနဲ့တော့ ကျနော်တို့နဲ့ ဖြစ်တယ်။ ကလိန်ကကျစ်တွေနဲ့ဆို မရဘူး။

မေး။ ။ IC က စက်ပစ္စည်းတွေနဲ့ ပတ်သက်လို့လည်း တော်တော် ဂရုစိုက်တယ်လို့ ကြားတယ်။

ဖြေ။ ။ ဟုတ်တယ်ဗျ ..။ တီးဝိုင်းတဝိုင်းလုပ်တယ် ဆိုတာကဗျာ .. တီးတဲ့သူ ကောင်းကောင်းရှိမယ် .. ဆိုတဲ့ သူ ကောင်းကောင်းရှိမယ် .. မြူးဇစ်သမားဆိုတာက အသံနဲ့ ပရိသတ်ရဲ့ ရင်ဘတ်ကို ထိအောင် လုပ်ရမှာ မဟုတ် လား။ အဲဒီမှာ စက်ပစ္စည်းကိုယ်ပိုင်မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး အလုပ်လုပ်လို့ ကောင်းတော့မလဲ။ ကိုယ့်စက် ကိုယ့်ပစ္စည်း မဟုတ်ဘူးဆိုရင် တော်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စက်ပစ္စည်းကိုတော့ ကျနော်တို့ က ခရေဇီဖြစ်တယ်။
စတူဒီယိုနဲ့ပတ်သက်လို့က ချစ်စမ်းမောင်က ဝါသနာပါတယ်။ သူ့ယောက္ခမ သင်းအုပ်ဆရာ ဆရာဒေးဗစ်ကလည်း အရမ်းအားပေးတယ်။ ပစ္စည်းတွေ ဝယ်ပေးထားတယ်။ ကျနော်တို့ ရာစုသစ် စီးရီးမှာ Auto Mixing စသုံးနေပြီ။ Pro Tool ဆိုတာတခုဆို ဒေါ်လာ ၄၀၀၀၀ ပေးရတယ်။ အဲဒါမှာတော့ ကုမ္ပဏီက တော်တော်လေး အံ့သြတာ။ မြန်မာလိုနိုင်ငံလေးက Band တခုက ဒီလို ပစ္စည်းမျိုးမှာတယ် ဆိုတာ မယုံချင်ဘူး။ “ဘင်္ဂလားပင်လယ်အော်” တုန်းကဆို ငွေဆောင်က ဟိုတယ်မှာကို အားလုံးတီးတာ။ အရသာက စတူဒီယိုထဲမှာ တီးတဲ့အတိုင်းပဲ။ ချစ်စမ်းမောင် ဖမ်းတာလေ။

မေး။ ။ IC က စင်ပေါ်ရောက်သွားရင် အားလုံး မြူးကြွပြီး အပေးအယူ သိပ်မျှတယ်ဆိုတာနဲ့ ပတ်သက်လို့ တချို့က ဘာတွေများမှီဝဲလည်း သိချင်နေကြတယ်။ ပြောပြပါဦး။

ဖြေ။ ။ ဒါလား။ ကျနော်တို့အဖွဲ့မှီဝဲတာကတော့ ရေပဲဗျ။ ရေသောက်ပြီး တီးကြတာ။ ပြောရင် ယုံချင်မှ ယုံ မယ်။ တခါက စီးကရက်စက်ရုံတရုံကလုပ်တဲ့ ပွဲမှာ .. စက်ရုံပိုင်ရှင်ကလည်း နိုင်ငံခြားသားဆိုတော့ ကျနော်တို့ကို မတီးခင် ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲ .. လုပ်ချင်တာဖြစ်စေရမယ်။ အရက်လား၊ ဘီယာလား၊ မူးယစ်ဆေး လား ကြိုက်တာပြော .. အဲလို လာမေးတာ။

ကျနော်တို့က မတီးခင် ကိုယ့်ဘာသာ ထိုင်နေကြတာလေ။ ပုံစံတွေကလည်း မထုံတက်တေးနဲ့၊ ဒီတိုင်း ထိုင်နေ တာ။ အဲဒါကျနော့်လာမေးတော့လည်း ရေပေးပါ၊ လေးဖြူသွား မေးတော့လည်း ရေပဲပေး ရေသောက်မယ် ဆို တော့ အဲဒီလူကမယုံဘူး၊ ရေကတော့ရှိတယ်လေ ၊ ကျနော်သိချင်တာ မူးယစ်ဆေး တခုခုယူမလား၊ အရက်လား ဆိုတော့ မဟုတ်ဘူး ရေပဲ ၊ အဲလိုပြောတော့ သူကသိပ်မကျေနပ်ချင်ဘူး။ စင်ပေါ်လည်းရောက်ရော ကျနော်တို့ အားလုံး မြောက်လိုက်တာ ဆိုတာ .. အဲဒီသူဌေးက ဘာပြောလဲ ဆိုတော့ သူ မလေးရှားပြန်ရောက်ရင် မလေး က ဘန်တွေကို မြန်မာပြည်မှာ ဘာမူးယစ်ဆေးမှမမှီဝဲဘဲ အသားကုန် မြောက်အောင်တီးနိုင်တဲ့ ဘန်တခုရှိတယ်လို့ ပြောမယ်တဲ့။

ဟုတ်တယ်ဗျ အရက်သောက်ထားမှ၊ မူးယစ်ဆေး မှီဝဲထားမှ၊ ကောင်းနေမှ တီးလို့လမိုင်းကပ်တယ်ဆိုတဲ့ သူတွေ ကို ကျနော်သိပ်ပြောချင်တာပဲ။ မူးနေမှတော့ ဘယ်လိုလုပ် ကောင်းနိုင်တော့မှာလဲဗျာ .. မှားကုန်တော့မှာပေါ့။ တချို့ချာတိတ်တွေ ပွဲမှ မစသေးဘူး ဒေါင်ချာစိုင်းနေပြီ .. တီးမယ် ဆိုမယ်ဆိုရင် တမျိုးမျိုးမှီဝဲမှ ဆိုတာကြီးက စွဲနေကြပြီ။ ကျနော်တို့ ထဲမှာဆို ကျနော်၊ ဗညား၊ ချစ်စမ်းမောင်၊ မျိုးကြီး .. အရက်၊ ဘီယာ လုံးဝမသောက်ဘူး။ ခင်မောင်သန့်နဲ့ အငဲက တခါတလေ ဘီယာလေး နည်းနည်းပါးပါး သောက်တယ် ဒီလောက်ပဲ။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတလောကနဲ့ပတ်သက်လို့ ဘာပြောချင်ပါသလဲ။ အမျိုးသမီးအဆိုတော်တွေ ရှားပါးနေတဲ့ကိစ္စ၊ ခိုးကူးခွေပြဿနာတွေကို ကိုခရမ်းအနေနဲ့ သုံးသပ်ပါဦး။

ဖြေ။ ။ ဂီတလောကကတော့ ပျက်စီးသလောက်ဖြစ်နေပါပြီ။ အဓိကက လူတွေက ကိုယ့်တန်ဖိုး ကိုယ် မထိန်းတာ၊ မမြှင့်တာပဲ။ နာမည်တွေနဲ့တော့ မပြောချင်တော့ဘူး။ မိုးရွာတုန်းရေခံရမယ်ဆိုပြီး လာသမျှပွဲလက်ခံ၊ ဇာတ်ပွဲနဲ့လည်းဆို .. ဟိုရွာတီးဝိုင်း ဒီရွာတီးဝိုင်းနဲ့လည်းဆို .. အဲလိုတွေ လုပ်နေကြတော့ ပျက်ကုန်ရော။ တန်ဖိုး မရှိတော့ဘူး။ ခိုးကူးပြဿနာကတော့ ရှင်းလို့မရတဲ့ ပြဿနာပဲ။ ဘယ်လိုမှ ရှင်းလို့ရမှာမဟုတ်ဘူး။ အမျိုးမျိုးကြိုး စားကြပြီးပြီ။ မရဘူး။ တခုရှိတာက ကိုယ်က တကယ် တန်ဖိုးရှိအောင် လုပ်ထားရင် မူရင်းဝယ်မယ့် ပရိသတ် ရှိနေပါတယ်။ အမျိုးသမီးအဆိုတော်ကိစ္စကလည်း ခုနကပြောသလိုပဲ။ မရှိတော့ဘူး၊ နိုင်ငံခြား ထွက်တဲ့သူက ထွက်။ ကိုယ့်တန်ဖိုးကိုယ်မမြှင့်ဘဲ တွေ့ကရာသီချင်းကို တွေ့ကရာနေရာမှာ ပိုက်ဆံရပြီးရော လိုက်ဆိုတဲ့ သူတွေက များနေပြီ။

မေး။ ။ နာဂစ်ဆိုင်ကလုန်းအတွက် လုပ်တဲ့ ပွဲအကြောင်း ပြောပြပေးပါဦး။

ဖြေ။ ။ အဲဒီပွဲကတော့ အားရစရာအကောင်းဆုံးပဲ။ ပရိသတ်တွေရဲ့စေတနာရယ်၊ IC ကို ဘယ်လောက်တောင် အားပေးတယ်ဆိုတာရယ် တွေ့ရတာပဲ။ ပြီးတော့ လေးဖြူဝင်ဆိုတာလည်း ပါတာပေါ့။ စုစု ပေါင်း ကျပ် သိန်း ၁၈၀၀ ကျော်ရတယ်။ စားရိတ်တွေနုတ်ရင် သိန်း ၁၃၀၀ ကျန်တယ်။ အဲဒီမှာ ကျနော်တို့က မပျောက်ပျက်မယ့် အလှူကိုလှူချင်တာဆိုတော့ ပျဉ်စလူကျေးရွာမှာ သိန်း ၃၆၀ တန် အထက်တန်းကျောင်း တကျောင်း၊ ဘုရားလှ ကျေးရွာမှာ သိန်း ၂၅၀ တန် မူလတန်းကျောင်း တကျောင်း လှူတယ်။ နောက်တော့ ဆေးပေးခန်းအတွက် သိန်း ၂၅၀။ ဒါတွေက သီတဂူ ဆရာတော်ကြီး ရှင်ဉာဏိဿရ ကတဆင့်လှူတာ။ သွားလှူကြတော့ အားလုံးလိုက်လာ တယ်။ ချစ်စမ်းမောင်တို့ကော၊ ခင်မောင်သန့်တို့ကော ပါတယ်။ ဆရာတော်ကြီးက မှတ်မှတ်ရရ မိန့်တယ်ဗျ “မင်းတို့က ဟီးရိုးပဲ … အေး ငါလည်း ဟီးရိုးပဲ” တဲ့။ IC မှာက ဗုဒ္ဓ ဘာသာက နှစ်ယောက် ခရစ်ယာန်က နှစ်ယောက်ဆိုတော့ MYC ဘုရားကျောင်းနဲ့ နှစ်ချင်း အဖွဲ့ချုပ်ကိုလည်း သိန်း ၂၀၀ စီလှူတယ်။ သူတို့လည်း နာဂစ်ဒုက္ခသည်တွေအတွက် ကူညီနေတာ ဆိုတော့လေ … ။ ။


Wednesday, January 7, 2009

၂၀၀၉ ခုနှစ် နိုင်ငံရေးကို ဒီလိုမြင်ကြ၊ ဆန္ဒပြုကြသည်

အင်တာဗျူး
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009 15:19 - မြန်မာစံတော်ချိန်


၂၀၀၉ ခုနှစ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် အပြောင်းအလဲများ ဖြစ်လာမည်လား၊ ဆက်လက်၍ ဖိနှိပ်မှုများ တည်ရှိနေမည်လား၊ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘယ်လို ခြေလှမ်းမျိုးဖြင့် သွားမှာလဲ၊ အာဏာခွဲရေး အလားအလာများ ဖန်တီးဖို့ အတိုက်အခံ အင်အားစုများ စုပေါင်းအားထုတ်ဖွယ်ရာ အခြေအနေနှင့် ပြင်ဆင်မှုများ ပေါ်ပေါက်နေမှာလား - အစရှိတဲ့ မေးခွန်းများနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတချို့ထံ ဆက်သွယ်မေးမြန်းထားပါသည်။

သခင်ချန်ထွန်း

Thachin Chantun

Thachin Chantun

၂၀၀၉ ခုနှစ် နှစ်သစ်မှာ ဘယ်လိုအပြောင်းအလဲမျိုး ဖြစ်လာမလဲလို့မေးတော့ ဖြေရမှာပေါ့။ အေး ဘဘအနေနဲ့တော့ ဘာမှာ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး။ သို့သော်လည်း မမြင်နိုင်တဲ့ ဖြစ်ခြင်းသဘောဆိုတာ ရှိတဲ့အတိုင်း၊ နေ့မြင် ညပျောက်ဆိုတဲ့ သဘောတွေ ရှိတယ်လေ။

မမျှော်မှန်းနိုင်ဘဲနဲ့ ဖြစ်သွားနိုင်တာတွေတော့ ဖြစ်နိုင်တာပေါ့။ သို့သော်လည်း အပေါ်ယံအနေနဲ့ ကြည့်လို့ရှိရင်တော့ ဘာမှ ပြောင်းလဲနိုင်ဖို့ မရှိဘူး၊ မမြင်ဘူး။ သဘောထားက လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေး ကောင်စီရဲ့ သဘောထားက အင်မတန် တင်းမာတဲ့သဘော၊ တွေ့ဆုံဆွေးနွေးပါဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာက မေတ္တာရပ်ခံတယ်။ အကုန်လုံး ပြောကြပေမယ့် ဒါကို လုံးဝ ဂရုမစိုက်ဘူး။

ကိုယ့်အလုပ် ကိုယ်လုပ်သွားမယ်ဆိုပြီးတော့ လမ်းစဉ် ၇ ချက်ကိုပဲ လုပ်နေတယ်။ အဲဒါ အလကား ရှင်းရှင်းလေးပဲ လုပ်နေတယ်။ ဒီအတိုင်းသာ ဆိုလို့ရှိရင်တော့ ဘာမှ ပြောင်းလဲလာစရာမရှိဘူး။ သို့သော်လည်း မမြင်နိုင်တဲ့ ကိစ္စတွေကလည်း အများကြီး မပေါ်ပေါက်ဘူးလို့လည်း မပြောနိုင်ဘူး။ ကံ ကံ၏ အကျိုးဆိုတာ ရုတ်တရက် ဖြစ်တတ်တယ်။ ရိုးရိုး သာမန်ဆိုလို့ရှိရင် ဘာမှ ပြောင်းလဲမှု မရှိဘူး။ ရုတ်တရက် မမြင်နိုင်တဲ့ အရာဝတ္ထုတွေက ပြောင်းလဲမှုရှိရင်တော့ ဖြစ်လာနိုင်တယ်။ သာမန်အားဖြင့်တော့ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ ဒီလိုပဲ မြင်တယ်။

အကောင်းဘက် အပြောင်းအလဲကို ဦးတည်တဲ့သဘောကို ပြောတာပါ။ ဒီမိုကရေစီကို တကယ်စစ်စစ် အစိုးရက တည်ထောင်ပေးဖို့ သဘောတွေပြောတာပါ။ နောက် ဆွေးနွေးဖို့ကိစ္စတွေမှာ ပေါ်မလာနိုင်ဘူး ယူဆတယ်။ ဘာမှ ဖြစ်ဖို့တော့ အကြောင်းမရှိဘူးပေါ့။ လူတွေက တဖြေးဖြေး ကျပ်ကျပ်လာတယ်။ နည်းနည်းလေး မထလိုက်နဲ့ ဖမ်းဖို့ဆီးဖို့ လုပ်နေတာကိုး။

ဖမ်းဖို့ဆီးဖို့ လုပ်နေတဲ့အပြင် ကျန်ရစ်တဲ့ မိသားစုတွေ ဒုက္ခရောက်အောင် အင်မတန် ဝေးလံတဲ့ နေရာဒေသတွေကို တခါထဲ ပို့ပစ်တာတွေရှိတော့၊ နည်းနည်းလေး မထလိုက်နဲ့ ထလိုက်ရင် ဖမ်းတဲ့ အတွက်ကြောင့် ပြဿနာက သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ပေါ်ဖို့ သိပ်မရှိဘူး။ NLD က အစည်းအဝေးတွေ လုပ်နေတယ်။ အဲဒီကို လာတက်တဲ့ လူငယ်တွေထဲက တက်ကြွတဲ့ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ ၇ ယောက်စ၊ ၈ ယောက်စ သွားရင် ဒီလူတွေ ဖမ်းနေတာပဲ။

၂၀၀၈ မှာတောင် ဆိုးတာ၊ ၂၀၀၉ မှာဆိုရင် အဲဒီ ခြေရာအတိုင်း နင်းမှာပေါ့။ အဲဒီထက် ဘယ်လျော့ပါ့မလဲ။ ၂၀၀၈ ခုနှစ်ထက် ပိုမလျော့နိုင်ဘူးလို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါ၊ ဒီမိုကရေစီကို ပေးပါဆိုတဲ့ ဆိုင်းဘုတ်လေးကိုင်ပြီး သွားတာလာတာ ရှိတာပဲ၊ အဲဒါကို ဖမ်းနေတာ။ ၂၀၀၉ ခုနှစ်မှာလည်း အဲဒီလို လုပ်လာရင် ဒီလိုပဲ ၂၀၀၈ ခုမှာ ဖမ်းသလိုပဲ ဖမ်းမှာပဲလို့ မြင်တယ်။ လူငယ် တော်တော်များများ လုပ်ရဲကိုင်ရဲတဲ့ လူတွေလည်း အကုန်လုံးက ထောင်ထဲမှာ တော်တော်များများ ရောက်နေပြီ။ နယ်တွေမှာဆို ဘာမှ မလှန်နိုင်ဘူး။ မြို့နယ်တွေမှာဆိုရင် ဘာမှ မလုပ်နိုင်ဘူး။ ရန်ကုန်နဲ့ မန္တလေးလောက်ပဲ ရှိတာ။ အခု မန္တလေးမြို့တောင်ပဲ အခု သိပ်မလုပ်နိုင်တော့ဘူး။ ရန်ကုန်တခုပဲ ရှိတာ။

ရန်ကုန်တခုမှာတောင် နည်းနည်းလေး ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့ဘာတို့ လူတွေနဲ့ အရပ်ဝတ် အရပ်စားတွေနဲ့ အကုန်လုံး ဖမ်းတာတောင် ရိုက်နှက်ဖမ်းတာ ဖြစ်တယ်။ အတော်ကို ကြမ်းကြမ်းတမ်းတမ်း ဖမ်းတဲ့သဘော ရှိတယ်။ တွေ့နေရတယ်၊ မြင်နေရတယ်၊ ကြားနေရတယ်။ ဒီဟာကြောင့်မို့လို့ ၂၀၀၉ ခုနှစ် အတွင်းမှာလည်း အလားတူ သိပ်ပြီးတော့ အပြောင်းအလဲတွေ ရှိလာနိုင်မှာ မဟုတ်သလို၊ တွေ့ဆုံဆွေးနွေးပွဲတွေဆိုတဲ့ ကိစ္စတွေ ပေါ်ပေါက်လာမယ်လို့တော့ မယူဆဘူး။

တခုတော့ ရှိတယ်။ အပြောင်းအလဲတွေ မရှိဘူးလို့လည်း မပြောနိုင်ဘူး။ အားလုံးက မမြင်နိုင်တဲ့ အရာတွေ ဖြစ်နေတယ်။ အဲဒါမျိုးတွေက ရုတ်တရက် အပြောင်းအလဲဆိုတာတွေ ဒီပြင်နိုင်ငံတွေမှာလည်း ဖြစ်ပေါ်တတ်တယ်။ ဒီပြင်နိုင်ငံတွေမှာလည်း ဒါမျိုးတွေ ဖြစ်တတ်တာ ကြားဖူးတာပဲ။ မြန်မာပြည်မှာလည်း အဲဒါမျိုး သဘောတွေ ဖြစ်ချင်လည်း ဖြစ်နိုင်တာပေါ့လေ။ ဒါတွေကတော့ ဖြစ်တတ်တဲ့ သဘောတွေကို ပြောတာပါ။ ဖြစ်လည်းဖြစ်နိုင်တယ်။ ဖြစ်တတ်တဲ့ သဘောလည်းရှိတယ်။ ကမ္ဘာမှာ ဒီပြင်နိုင်ငံတွေကို ကြည့်ပြီးတော့ ပြောတဲ့သဘောပေါ့။ ဥပမာအားဖြင့် အင်ဒိုနီးရှားတို့လို၊ ဖိလစ်ပိုင်တို့လို၊ ထိုင်းနိုင်ငံတို့လိုပေါ့။ တကယ့်နိုင်ငံရေး အခြေအနေတွေက မမြင်နိုင်ဘူး။

နှစ်သစ်ဆုတောင်း

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာ၍ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနဲ့ ပြည့်ပြီးတော့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ အစိုးရကြီး ပေါ်ပေါက်လာပြီး ဆောင်ရွက်နိုင်ကြပါစေလို့ ဒီလိုပဲ ဆုတောင်းပါတယ်။

ဦးအေးသာအောင်

အတွင်းရေးမှူး
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - စီအာပီပီ


၂၀၀၉ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ မျှော်လင့်ချက်

U Aye Thar Aung

U Aye Thar Aung

အဓိကပြောရမယ်ဆိုရင် အနှစ် ၂၀ ကျော် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေ ဖြတ်သန်းလာခဲ့တဲ့ အနှစ် ၂၀ ကျော်ရဲ့ ခရီး၊ အထူးသဖြင့် အနီးစပ်ဆုံး ၂၀၀၈ ခုနှစ်ရဲ့ အကြွေးကျန်တွေကို သုံးသပ်ပြီးတော့ ပြောရမယ်ဆိုရင်၊ ၂၀၀၉ ခုနှစ်မှာ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားသူများရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းထားတဲ့ အနေအထားမျိုးတွေဟာ သိပ်ပြီးတော့ မျှော်လင့်နိုင်မယ့် အနေအထား မရှိဘူးလို့ဘဲ တိုတိုတုတ်တုတ် ပြောရမယ်။

ဘာကြောင့်လို့လဲဆိုတော့ အနှစ် ၂၀ ကျော်ခရီးကို ဖြတ်သန်းလာတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်ဟန့်တားမှုတွေ၊ ပြီးတော့ ဖိနှိပ်မှုတွေ၊ ညှဉ်းပန်းမှုတွေ၊ ထောင်တွင်း အကျဉ်းချမှုတွေနဲ့ပဲ လွှမ်းမိုးနေပြီးတော့ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဒီဘက်မှာတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ များလာသော်လည်း ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေကိုချ၊ ဝေးလံတဲ့ ဒေသတွေကို ရွှေ့ပြီးတော့ မိသားစုတွေဟာ ဒုက္ခအဖုံဖုံ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် အထူးသဖြင့် ကျနော်တို့မျှော်လင့်တာက နအဖ အာဏာပိုင်များနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေဟာ တစတစ တယောက်နဲ့တယောက် ယုံကြည်မှုကို တည်ဆောက်ပြီးတော့၊ နားလည်မှုတွေ ရပြီးတော့၊ ဆွေးနွေးပြီးတော့၊ အမျိုးသား အကျိုးကို ပူးပေါင်းလက်တွဲပြီးတော့ ဆောင်ရွက်နိုင်ခဲ့မယ်လို့ မျှော်လင့်ခဲ့တယ်။

ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ အာဏာပိုင်များက အစွမ်းကုန်လုပ်ပြလိုက်တဲ့ စောစောတုန်းကပြောတဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာလည်း ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ မျှော်လင့်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ဖို့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ဖို့ဆိုတာဟာ ခက်ခက်ခဲခဲနဲ့ပဲ ဆက်လက်ပြီးတော့ ကြိုးပမ်းရအုံးမယ်။ ၂၀၀၈ ခုနှစ်ထက်တောင် ကြမ်းတမ်းတဲ့၊ ခက်ခဲတဲ့ အနေအထားမျိုးနဲ့ပဲ ရပ်တည်ကြိုးပမ်း ဆောင်ရွက်ရအုံးမယ်လို့ ကျနော် မြင်ပါတယ်။

၂၀၀၉ ခုနှစ် နအဖ ခြေလှမ်း

နအဖ ရဲ့ အနေအထားကတော့ တဖက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား ပါတီများရဲ့ အထူးသဖြင့် တိုင်းရင်းသား ငြိမ်းအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေကိုရော ဒီမိုကရေစီ အင်အားစုများက အကြိမ်ကြိမ် တိုက်တွန်းနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရာကနေ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို တည်ဆောက်ဖို့ တိုက်တွန်းနေသော်လည်းပဲ ဒါတွေကို လျစ်လျူရှု တဖက်သတ် ချထားတဲ့ လုပ်ငန်းစဉ်ကိုပဲ မဖြစ်မနေ သူ ဆက်သွားမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။

ဒါက ဘာလဲဆိုရင် စောစောကပြောတဲ့ Road Map ၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်းပဲ ဘယ်လိုပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကို ပြန်ပြင်ဖို့ တောင်းဆိုနေလင့်ကစား ကျနော်ကတော့ သူတို့ လုပ်ချင်တဲ့ အလုပ်တွေကိုပဲ ဆက်လုပ်သွားလိမ့်မယ်လို့ ယူဆတယ်။ အဲလိုလုပ်တဲ့အခါမှာ တဖက်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသား အဖွဲ့စည်းများအနေနဲ့ နအဖ ရဲ့ တဖက်သတ် လုပ်ရပ်နဲ့ ဇွတ်လုပ်သွားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ပူးပေါင်းဆောင်ရွက်ဖို့သော်လည်းကောင်း၊ သူလုပ်သမျှကို လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မဖြစ်နိုင်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ သူယုံကြည်ရာကို လိုက်ပြီးတော့ တဖက်မှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တိုင်းရင်းသားတွေ အခွင့်အရေးတွေရဖို့အတွက် ကြိုးပမ်းဆောင်ရွက်တဲ့ ဆန့်ကျင်ဘက် လုပ်ငန်းတွေဟာလည်း ဆက်လက်ပြီးတော့ ရှိနေအုံးမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

နှစ်သစ် တိုက်တွန်းချက်

အထူးသဖြင့် ၂၀၀၈ ခုနှစ်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးအတွက် ကြိုးပမ်းလှုပ်ရှားသူတွေဟာ သံဃာတော်များ အပါအ၀င် မကြုံစဖူး နှစ်ရှည်ထောင်ဒဏ်တွေချ၊ မိသားစုတွေပါ အတိဒုက္ခကြုံခဲ့ရတယ်။ သဘာဝဘေးအန္တရယ် အားဖြင့်ဆိုရင်လည်း နာဂစ် လေမုန်တိုင်း ဒဏ်တွေလည်း တခါ မကြုံဖူးတဲ့ လူပေါင်း သိန်းကျော် သေဆုံးခဲ့ရတယ်။ အခုထက်ထိ ပြန်လည်ထူထောင်ရေးနဲ့တကွ အဲဒီဒုက္ခကနေ နလန်ပြန်ထူလာနိုင်အောင် ကြိုးပမ်းနေရတဲ့ ဒုက္ခအ၀၀တွေကလည်း ရှိနေသေးတယ်။

အဲဒီအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဟန့်တားမှုတွေ၊ ပိတ်ပင်မှုတွေနဲ့အတူ အခု ကမ္တာ့စီးပွားရေးကပ်ရဲ့ ရိုက်ခတ်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေကနေတဆင့် မြန်မာနိုင်ငံကို ရောက်လာတယ်။ အဲလိုရောက်လာတဲ့ ကပ်ဆိုး ဘေးအန္တရာယ်တွေဟာလည်း ဒီ ၂၀၀၉ ခုနှစ်မှာ ပြည်သူတွေမှာ အဆိုးဝါးဆုံး ခံစားနိုင်ပါတယ်။ ဒါကြောင့် ဒီဘေးအန္တရာယ်အပေါင်းကနေ လွတ်မြောက်ဖို့အတွက် မိမိတို့အခွင့်အရေးကို မိမိတို့ရဲ့ သဘာဝ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အတတ်နိုင်ဆုံး စုပေါင်းလက်တွဲပြီးတော့ လုပ်ကိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဦးညိုအုန်းမြင့်


နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)


U Nyo Ohn Myint

U Nyo Ohn Myint

ကျနော့်အနေနဲ့ကတော့ နအဖဘက်ကတော့ ခေါင်းမာဖို့ အလားအလာများပါတယ်။ နအဖဘက်က ပိုပြီး တင်းကျပ်တဲ့၊ ပိုပြီးတော့ ပြင်းထန်တဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့အတွက် သူတို့အတွက် အသက်သာဆုံး၊ အကောင်းဆုံးဖြစ်တဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို သူတို့ဖန်တီးတဲ့နေရာမှာ ဖမ်းတာပဲဖြစ်ဖြစ်၊ ထိန်းသိမ်းတာပဲဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေကို ပိုဒုက္ခရောက်အောင် သူတို့ လုပ်လာမယ်လို့ ထင်တယ်။

အခု နအဖရဲ့ စီးပွားရေးကလည်း ကမ္တာ့စီးပွားရေး ဆုတ်ရုတ်မှုတွေက တိုက်ရိုက် မသက်ဆိုင်ပေမယ့် ဗမာပြည်က တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အခက်အခဲတွေ အများကြီးဖြစ်လာတဲ့အခါမှာ ပြည်သူတွေမှာ အင်မတန် ကျပ်တည်းနိုင်တဲ့ အနေအထားမှာ ကျနော် တွေ့ပါတယ်။ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်း အသိုင်းအ၀ိုင်းတွေမှာလည်း အားနဲနေပါတယ်။ အားနဲအောင်လည်း နအဖက နည်းမျိုးစုံနဲ့ ဖန်တီးထားတယ်။ မြန်မာပြည်ထဲမှာ အင်အားချို့တဲ့နေတယ်။ အတိုက်အခံတွေအနေနဲ့ စည်းရုံးနိုင်တဲ့ အနေအထားမရှိဘူး၊ အဲလိုအနေအထားမှာ နအဖ အခွင့်ကောင်းယူလာဖို့ အခြေအနေရှိပါတယ်။

ကျနော်တို့ အပြင်ဘက်ကတော့ နအဖ ကနေ အခွင့်ကောင်းယူလို့ မရအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ အဲလိုတော့ ကျနော်မြင်ပါတယ်။

ဘာလုပ်ကြမလဲ

အဓိကတော့ ကျနော်တို့ အပြင်မှာရှိနေတဲ့ သူတွေက ပြည်တွင်းမှာ လူထုအုံကြွမှုဖြစ်ပါလို့ ပြောတာထက်စာရင်၊ ပြည်တွင်းထဲမှာ အမျိုးသား ရင်ကြားစေ့ရေးဆိုတာထက် အာဏာခွဲဝေတဲ့ အလားအလာ တခုဖြစ်လာအောင် ကျနော်တို့ ဖန်တီးရမှာ ဖြစ်ပါတယ်။ အဲလို သံတမန်နည်းနဲ့လည်း ဖြေရှင်းလို့ မရပါဘူး။ ယူအန် (UN) ကိုလည်း ထိုင်စောင့်နေလို့ မရဘူး။ ကျနော်တို့ ကိုယ်ပိုင်လုပ်ဆောင်မှုသာ လိုပါတယ်။

ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်နိုင်ငံက စီးပွားရေး ပျက်ကပ်ကြောင့် နအဖအတွက် အကျပ်အတည်းတခုလို့လည်း ပြောလို့ရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအပြောင်းအလဲက ဗမာပြည်ရဲ့ ဒီမိုကရေစီအတွက် တဖက်တလမ်းကနေ အကျိုးရှိလာမယ်လို့ ကျနော်မြင်တယ်။

နအဖ အတွက်က အရင် ထိုင်းနိုင်ငံအစိုးရလို အခုလက်ရှိ အစိုးရကနေ စစ်အစိုးရကို ကာကွယ်ပေးလိမ့်မယ်လို့တော့ မထင်ဘူး။ အဲဒီလိုအနေအထားကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့အတွက် အားရှိစေတယ်။ အဲဒီအချက်ကို ကျနော်တို့ အကောင်းဆုံး အသုံးချနိုင်ဖို့ လိုပါတယ်။ အဲဒီအတွက်ကြောင့်လည်း ခုနပြောတဲ့ တရုတ်ပြည်အနေနဲ့လည်း နအဖ တယောက်ထဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်လို့ မရဘူးဆိုတာ သဘောပေါက်ပြီ ထင်ပါတယ်။ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းမှုရှိဖို့ဆိုတာ သူ့ရဲ့ မဟာဗျူဟာ စဉ်းစားချက်တခု ဖြစ်တယ်။

အဲဒီတော့ လက်ရှိအစိုးရက ဆက်ပြီး တည်ငြိမ်အောင် ထိန်းထားနိုင်မလားဆိုတဲ့ မေးခွန်းကို တရုတ်ပြည်ကို တင်ပြဖို့လည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံဟာ ဒေသတွင်းရဲ့ ခြိမ်းခြောက်မှုတခုလို့ သူတို့ စိတ်ထဲမှာ တရားဝင် ဖွင့်မပြောပေမယ့် တရားမ၀င် ပြောလာတဲ့ အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေကို ကျနော်တို့ အသုံးချပြီးတော့ ခုန ပိုပြီးတော့ Collective ဖြစ်တဲ့၊ ပိုပြီး Unify ဖြစ်တဲ့၊ ဒီမိုကရက်တစ် လှုပ်ရှားမှုတခု ရှိဖို့လိုမယ်လို့ ထင်ပါတယ်။ အဲလိုဖြစ်အောင်လည်း ကျနော်တို့ ကြိုးစားသွားပါမယ်။

ကျနော်တို့က ပြည်သူလူထုရဲ့ အစေခံဖြစ်ပါတယ်။ လူထုတွေ သိပ်ဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာ ဒီလို စစ်ကျွန်ဘ၀ လွတ်အောင် အဓိက ကျနော်တို့ ဖြစ်ရမှာက တန်းတူညီမျှမှုပေါ့။ တိုင်းရင်းသားတွေ အားလုံး ၀ိုင်းပြီးတော့ နအဖ ကို ကျနော်တို့ စိန်ခေါ်နိုင်မှသာလျှင် ကျနော်တို့ တကယ်လိုချင်တဲ့ ဒီမိုကရေစီ၊ ဘယ်သူ့မှ ကြောက်စရာမရှိဘဲ လွတ်လွတ်လပ်လပ် နေနိုင်ရမယ်၊ လွတ်လွတ်လပ်လပ် ရှာဖွေစားသောက်နိုင်ရမယ့် အနေအထားမျိုးကို ကျနော်တို့ အားလုံး လုပ်မှ ဖြစ်ပါမယ်။ တယောက်ထဲ လုပ်လို့ မရပါဘူးလို့ ကျနော် ပြောချင်ပါတယ်။

ဦးဉာဏ်ဝင်း

ပြောခွင့်ရပုဂ္ဂိုလ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


U Nyan Win

U Nyan Win

ကျနော်တို့ ၂၀၀၉ ခုနှစ်မှာ နိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီအပြောင်းအလဲ ဆိုတာနဲ့ပတ်သက်ရင် အခုချိန်ထိတော့ လက္ခဏာ မတွေ့ပါဘူး။ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ အဓိက တောင်းဆိုထားတဲ့ ကြေညာချက်အမှတ် ၁၈ ထဲမှာ ပြည်သူ့လွှတ်တော်ခေါ်ပြီးတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ကနေပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ Review ကော်မတီဖွဲ့မယ်။ Review ကော်မတီက ၆ လအတွင်း ပြီးအောင်လုပ်မယ်။ ဒါဟာ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကောင်းဆုံးလို့ ကျနော်တို့ ယူဆရတဲ့အတွက် ဒါကို တောင်းဆိုထားတယ်။ ဒီတောင်းဆိုချက်က အခုချိန်ထိတော့ တုံ့ပြန်တာမရှိပါဘူး။ သို့သော်လည်းပဲ ဒီဟာက ပြည်သူလူထုရဲ့ ဆန္ဒနဲ့ အညီဖြစ်တယ်လို့ ယုံကြည်ယူဆတဲ့အတွက် ကျနော်တို့ ဒီအပေါ်မှာ မျှော်လင့်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုလိုက်လျောမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ တောင်းဆိုတာက NLD အတွက် တောင်းဆိုတာ မဟုတ်ဘူး။ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် ဖြစ်ပါတယ်။

ကျနော်တို့က ဘယ်မှာပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒသည်သာ အဓိကလို့ ကျနော်တို့က ဒီမိုကရေစီသမားတွေပီပီ ကျနော်တို့ ယုံကြည်တယ်။ အဲဒီယုံကြည်ချက်ကြောင့် ကျနော်တို့ မျှော်လင့်တာပါ။ ခုန ကျနော် ပြောပါတယ်။ လက္ခဏာ တုံ့ပြန်တာတွေတွေ့လို့ ကျနော်တို့ ပြောနေတာ မဟုတ်ဘူး။ မတွေ့ပေမယ့် ပြည်သူ့ဆန္ဒဟာ ထိပ်မှာဖြစ်နေတဲ့အတွက် ဒီလိုဖြစ်လာရမယ်လို့ ကျနော်တို့ ယုံကြည်တာဖြစ်ပါတယ်။

နိုင်ငံရေးအရ ကျနော်တို့ ဖြစ်စေချင်တာက ကြေညာချက် အမှတ် ၁၈ ပါပဲ။ စောစောက ကျနော်ပြောသလိုပါပဲ။ ပြည်သူ့လွှတ်တော်ခေါ်ပေး၊ ပြည်သူ့လွှတ်တော်ကနေ Review committee ဖွဲ့၊ အားလုံး ပါဝင်တဲ့ Review ကော်မတီဖွဲ့၊ အဲဒါကနေ အဲဒါကိုလည်း အချိန်အကန့်အသတ်လုပ်၊ ဒါ ကျနော်တို့ ဖြစ်စေချင်တာပါ။

နှစ်သစ် သတင်းစကား

ပြည်သူလူထုက မိမိတို့လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထက် မိမိတို့ကိုယ်တိုင် အပြည့်အ၀ ဦးဆောင်ပါဝင်စေချင်တယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ကျနော် သတင်းစကား ပါးချင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်မှု

ကျနော်တို့ လုံးဝ ပြင်ဆင်မှု မလုပ်ပါဘူး။ ကျနော်တို့ လုံးဝ ဆုံးဖြတ်ထားခြင်း မရှိသေးပါဘူး။ ပြင်ဆင်တဲ့ အဖွဲ့စည်းတွေ ရှိတယ်တော့ ကြားတယ်။ ဒါပေမဲ့ အတိအကျ မသိရသေးဘူး။

စောဒေးဗစ်ထော

တွဲဘက် အထွေထွေအတွင်းရေးမှူး ၁
တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) - အီးအန်စီ


Saw David Taw

Saw David Taw

၂၀၀၉ ခုနှစ်ကိုကြည့်ရင် ဒီနှစ်က အရေးကြီးတဲ့နှစ်လို့ ပြောလို့ရတယ်။ ၂၀၁၀ ခုနှစ်မှာ နအဖ ရဲ့ ရွေးကောက်ပွဲ ရှိမယ်။ ကျနော်ထင်တာ ၂၀၀၉ ခုနှစ်မှာ အပြောင်းအလဲ အများကြီးရှိမယ်။ ပြင်ဆင်မှုတွေ အများကြီးရှိမယ်။ နအဖ အနေနဲ့ နိုင်ငံတကာ ထောက်ခံမှုတွေရအောင် ကြိုးစားမယ်။ နိုင်ငံတကာ ငြိုငြင်တဲ့ ဟာတွေကို သူ လျှော့တန်လျှော့မယ်။ ဒါပေမဲ့ အတိုက်အခံအင်အားစုတွေ အပေါ်မှာတော့ အခု လက်ရှိအနေအထားမှာကြည့်ရင် သူ့အနေနဲ့ လျှော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ရှည်ထောင်ဒဏ် ချတာတွေပဲကြည့်ကြည့်၊ ထောင်ထဲမှာ အကျဉ်းကျပြီးသား လူတွေကို အမှုသစ်တွေ ပြန်ဖော်ပြီးတော့ အပြစ်ပေးနေတာတွေကို ကြည့်ရင် သူ့ကို မလှန်ရဲအောင်တော့ လုပ်နေတဲ့ လုပ်ရပ်တွေကို တွေ့ရမယ်။

ပြည်သူတွေအနေနဲ့ကတော့ ကနေ့ ကမ္ဘာ့စီးပွားရေးကပ် ရိုက်ခတ်မှုတော့ ရှိမယ်။ ပြည်သူတွေအနေနဲ့ကတော့ ပိုပီးတော့ ရုန်းကန်ရလိမ့်မယ်။ ပြည်သူတွေက နီးစပ်ရာ တိုင်းပြည်တွေကိုသွားပြီး အသက်မွေးဝမ်းကျောင်း အလုပ်တွေ လုပ်လာလိမ့်မယ်။ ပြည်တွင်းမှာလဲ အစိုးရရဲ့ မတရား ကောက်ခံတဲ့ အခွန်တွေကို မပေးနိုင်တဲ့အပေါ်မှာ တော်တော်များများကတော့ ပြည်ပမှာ အလုပ်အကိုင် ရှာဖွေပြီးတော့ မိသားစုတွေကို ပြန်လည်ပံ့ပိုးပါလိမ့်မယ်။ လူလတ်တန်းစားတွေ အနေနဲ့လည်း အခုလောလောဆယ် စီးပွားရေး အမြင်နဲ့ပြောမယ်ဆိုရင် စစ်တပ်နဲ့နီးစပ်တဲ့ လူတွေတောင် သိပ်ပြီးတော့ အဆင်မပြေတဲ့ အခြေအနေ ရှိနေတယ်။ သူတို့ စီးပွားရေး အခြေအနေ တည့်မတ်ရမယ့် အခြေအနေမှာရှိတယ်။ တောင်သူလယ်သမားတွေအနေနဲ့ သီးနှံတွေ ရောင်းချမှုတွေအပေါ်မှာ အစိုးရရဲ့ အကန့်အသတ်က လွတ်မယ်ဆိုရင်တော့ သူတို့ အသက်ရှူချောင်မယ်။ တကယ်လို့ မလွတ်ရင် အခက်အခဲတွေ အများကြီးရှိမယ်။

ပညာရေးနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင် တိုင်းပြည်မှာ ပညာရေးကတော့ တော်တော်လေးကို နောက်ကျ ကျန်ရစ်ခဲ့ပြီ။ တော်တော်များများကတော့ နိုင်ငံရပ်ခြားထွက်ပြီးတော့ သူတို့ရနိုင်တဲ့ ပညာတွေ သင်ယူမယ်။ ပြည်တွင်းမှာ ဘွဲ့ရပေမဲ့လည်း အဆင်မပြေတော့ ပြည်ပမှာပဲ။

ကိုအေးလွင်

၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ)

U Aye Lwin

U Aye Lwin

အပြောင်းအလဲအနေနဲ့တော့ အပြောင်းအလဲကို ဦးတည်တဲ့ ဖြစ်စဉ်တွေလောက်ပဲ ရှိမယ်ထင်တယ်။ နိုင်ငံရေးပါတီတွေ ထူထောင်ခွင့် ပေးတာမျိုးပေါ့ဗျာ။ အဲဒါလောက်ပဲ ရှိလိမ့်မယ်။ ကျန်တဲ့ အခြေနေမျိုးတော့ ရှိမယ် မထင်ဘူး။

ဒါတော့ ကျနော်တို့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ ၂၀၀၉ မှာမှ ပါတီတည်ထောင်ခွင့် မပေးရင် ကျနော်တို့ ဘာမှ လုပ်လို့ မရတော့ဘူး။၂၀၀၉ မှာ သူတို့ သေချာပေါက် ၁ လ၊ ၂ လ၊ ၃ လလောက်မှာ ဖြစ်အောင်လုပ်ပေးရမယ်ဆိုတဲ့ အနေအထားမျိုး အစိုးရမှာ တာဝန်ရှိနေပြီပေါ့။

အဲဒါကတော့ အစိုးရနဲ့ ပိုပြီး ဆိုင်လိမ့်မယ်ထင်တယ်။ ကျနော်တို့ တွက်ရမှာကတော့ နိုင်ငံရေးကိစ္စနဲ့ နိုင်ငံရေးအရ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုး အကောင်းဘက်ကို တိမ်းညွှတ်လာဖို့ပဲ။ တိုင်းပြည်ရဲ့ စီးပွားရေး စားဝတ်နေရေး ဘာညာကိစ္စတွေက အစိုးရရဲ့ မူဝါဒတွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံပေါ်မှာ ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့လည်း ဆိုင်လိမ့်မယ်။

အဲဒီဟာတွေက ကျနော်ထင်ပါတယ်၊ ကာယကံရှင်တွေက ပြောင်းလဲပေးရင် လက်တွေ့မှာ ကျနော်တို့ ပြည်သူတွေအတွက် အခြေအနေကောင်းလာမယ်။ ဆိုကြပါစို့၊ သမ္မတအသစ်တက်လာမယ့် အိုဘားမားလို ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံကို စီးပွားပိတ်ထားမျိုးကို သူလို ပုဂ္ဂိုလ်မျိုးက ပြန်လာသုံးသပ်ပြီးတော့ သူ သမ္မတတာဝန် ထမ်းဆောင်တဲ့ အချိန်ကနေ ပြန်လည်ရုပ်သိမ်းတာမျိုး လုပ်လိုက်မယ် ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်အတွက် အများကြီးကောင်းတာပေါ့။

ကျနော်တို့လည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်။ တယောက်နဲ့ တယောက် အကျပ်ကိုင်ပြီးတော့ အပြောင်းအလဲကို တောင်းဆိုနေတာက တိုင်းပြည်လည်း အထိနာတယ်။ ပြည်သူလူထုလည်း အကျပ်အတည်းတွေ့တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကလည်း အလုပ်မဖြစ်ပါဘူး။ ဒါတွေလည်း နိုင်ငံရေးသမားအားလုံးလည်း သုံးသပ်နိုင်ပါတယ်။ သုံးလည်း သုံးသပ်နေကြတာပဲ။

ဒီနှစ်မှာ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျနော်တို့ ပြည်သူတွေအတွက်ရော၊ ကျနော်တို့ ဒီမိုကရေစီလိုလားတဲ့ ဒီမိုကရေစီအရေးမှာ ဆောင်ရွက်တဲ့ နိုင်ငံရေးသမားတွေအတွက်ရော ဒီအခြေအနေဟာ ကျနော်တို့ မဖြစ်မနေ ၂၀၁၀ အတွက် ကြိုတင်ပြင်ဆင်ပြီးတော့ အကောင်းဆုံး နိုင်ငံရေး အခင်းအကျင်းတွေ ဆောင်ရွက်ကြရမှာပေါ့။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးရမှာက လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး အစိုးရ ဖြစ်တယ်။

သူတို့ အကောင်အထည် ဖော်ပေးရမယ့် ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့က ဒီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ မဟာဗျူဟာမြောက် လုပ်ဘော်ကိုင်ဘက်တွေလို သဘောထားပြီး ကျနော်တို့ဘက်ကလည်း ကြည့်မယ်။ သူတို့ အနေနဲ့လည်း သူတို့ တာဝန်ယူထားတဲ့ အသွင်ကူးပြောင်းရေး တာဝန်တွေကို နိုင်ငံရေးလောကထဲက လူတွေ နိုင်ငံရေး လုပ်စကိုင်စရှိတဲ့ အခြေအနေမျိုး၊ ပြည်သူတွေဆိုလို့ရှိရင် ပြည်သူလူထုရဲ့ ဒီမိုကရေစီအရေးကို ရှေးရှုတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြန်အလှန် အသိအမှတ်ပြုပြီးတော့ နားလည်မှုရှိရှိနဲ့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်အတွက် ၂၀၀၉ ဟာ ၂၀၁၀ အတွက် အောင်မြင်တဲ့ ကောင်းမွန်တဲ့ အခင်းအကျင်းတခုပေါ့ နိုင်ငံရေးရပ်တည်မှု ဖြစ်လာနိုင်တယ်။

ဒါဆိုရင်တော့ ကျနော်တို့ ပြည်သူတွေအတွက် အင်မတန်ကောင်းတဲ့ အခြေအနေတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအတွက် ကျနော်တို့ ပြည်သူတွေအနေနဲ့ မျှော်လင့်ချက်ထားသလို အခုလက်တွေ့မှာလည်း ကိုယ်လုပ်နိုင်တဲ့ဘက် ကြည့်ပြီးတော့၊ ကိုယ့်တာဝန်လို သဘောထားပြီးတော့ အလေးအနက် ဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်။

ဖြစ်လာမယ့် အခြေအနေကို မျှော်လင့်တာမျိုး မဟုတ်ဘဲနဲ့ ဖြစ်လာစေချင်တဲ့ ဟာတွေကို ဖြစ်အောင် ကျနော်တို့ လုပ်သွားမယ်။

ဒေးဗစ် တာကပေါ

ပြောရေးဆိုခွင့်ရှိသူ
ကရင်အမျိုးသားအစည်းအရုံး - ကေအန်ယူ


ဒီနှစ် အတွင်းမှာတော့ ကျနော်တို့ အရှိန်မြှင့်မှာပေါ့။ နအဖ က ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ ပြည်ထောင်စုစစ်စစ် ပြုပြင်ပြောင်းလဲမှု ဖြစ်အောင် တိုက်ပွဲကို အရှိန်မြှင့်ရမယ်။

တိုက်ပွဲပျော့ပျော့နဲ့ လုပ်ရိုးလုပ်စဉ်တိုင်းသွားလို့တော့ မရဘူးလို့ထင်တယ်။ နည်းသစ်လမ်းသစ်လေး ထွင်ပြီး နအဖကို လမ်းပေါ်ရောက်အောင် ကျနော်တို့ ဆက်တွန်းရမှာပေါ့ဗျာ။ ၂၀၀၉ အတွင်းမှာ အပြင်းအထန် တိုက်ပွဲဝင်မယ်လေ။ နအဖကို လမ်းမှန်ရောက်အောင် တွန်းရမှာပေါ့။

အဲသလို ဆွဲတဲ့လူလည်းဆွဲ၊ တွန်းတဲ့သူလည်း တွန်းပေါ့ဗျာ။ ခါတိုင်းလို ပျော့ပျော့လေးဆွဲ၊ ပျော့ပျော့လေးတွန်းလို့ မရတော့ဘူးလေ။ ခပ်ပြင်းပြင်းဆွဲ၊ ခပ်ပြင်းပြင်းတွန်းတာမျိုး။ အဲသလို နည်းသစ်၊ လမ်းသစ်အရ ဆောင်ရွက်ရမယ်လို့ မြင်တယ်လေ။

မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး အတိအကျပြောလို့မရဘူး။ မျှော်လင့်တာတော့ ရှိတာပေါ့ဗျာ။ နအဖအနေနဲ့က လမ်းမှားလိုက်နေတယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီ အတုအယောင် လုပ်ဖို့၊ ဒီမိုကရေစီ အရေခြုံတဲ့ စစ်အစိုးရ ဆက်လက် တရားဝင် အုပ်ချုပ်ရေးလုပ်နေတယ်။

တိုင်းရင်းသားလူမျိုးများ လက်မခံနိုင်တဲ့ တပြည်ထောင်စနစ်ပေါ့ဗျာ။ ဗဟိုက အားလုံး အာဏာချုပ်ကိုင်ရေး အစီအစဉ်အတိုင်း သွားနေတယ်။ ကျနော်တို့က နည်းမျိုးစုံနဲ့ ဖိအားပေးရမှာပေါ့ဗျာ။ ရှေ့ကဆွဲတယ်ဆိုတာ မုန့်ပြတာပေါ့ဗျာ။ သူ အပြောင်းအလဲလုပ်ရင် သူ့အတွက် ဘယ်လောက် အကျိုးရှိမယ်၊ တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမယ်ဆိုတာ တဖက်ကလည်း ထောက်ပြရင်း နအဖအနေနဲ့ သံဝေဂတရားတွေ ရလာပြီးတော့ ပြုပြင်ပြောင်းလဲမှု စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ ပြည်ထောင်စု အဲဒီစနစ်တွေ ပြောင်းလဲ လုပ်ဆောင်လာဖို့၊ လုပ်ဆောင်တဲ့အခါမှာလည်း ပြည်သူ့ဆန္ဒအတိုင်း နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံးနဲ့ ဟန်ချက်ညီ ပူပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ လုပ်သွားဖို့ပါပဲ။

၂၀၀၉ မှာ နအဖက နေပြီးတော့ သူ့လက်ရွေးစင် တပည့်လက်သားတွေနဲ့ စိတ်ကြိုက်ဆွဲထားတဲ့ အခြေခံ ဥပဒေကြီးကို အမှိုက်ပုံးထဲ ထည့်ပစ်မယ်၊ ဒါမှမဟုတ် ဥပဒေအသစ် ပြန်ဆွဲလာနိုင်မယ်၊ အဲလိုမှမဟုတ် ရှိပြီးသား ဥပဒေကိုပဲ Justice changes ပေါ့၊ အရင်းအမြစ်ကနေလှန်ပြီး ပြောင်းလဲတာမျိုးတွေ အဲလိုလုပ်လာအောင် ကျနော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နှစ်သစ်စကား

ကျနော်တို့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း တိုက်ပွဲဝင်မယ်၊ ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ ပြည်ထောင်စု အပြောင်းအလဲ ဖြစ်လာအောင် သူတို့လည်းပါဝင်ဖို့ လိုတယ်။ သူတို့ပါဝင်နိုင်အောင်လည်း ကျနော်တို့ အခြေအနေ ဖန်တီးရမှာဖြစ်ပါတယ်။ အဲလိုဖန်တီးဖို့ ကျနော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

Friday, September 19, 2008

လူ့အခွင့်အရေးကာကွယ်ဆုရှင် (အင်တာဗျူး)

ထွန်းထွန်း
ကြာသပတေးနေ့၊ စက်တင်ဘာလ 18 2008 16:50 - မြန်မာစံတော်ချိန်

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ချီးမြှင့်သော လူ့အခွင့်အရေး ကာကွယ်သူဆု ရရှိခဲ့သူ ကိုဘိုကြည်သည် ၁၉၈၈ လူထုအုံကြွမှုမှ နိုင်ငံရေး လောကတွင်း ၀င်ရောက်လာပြီး စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ တတိယအကြိမ် ဖမ်းဆီးခံရမည့်ဆဲဆဲတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) ကို တည်ထောင်ရာတွင် ဦးဆောင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အဖြေတခုမဟုတ်ဟု ယူဆထားသော သူ့ကို မဇ္ဈိမသတင်းဌာနမှ ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

Human Rights Defender Awards ဆု ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ခံစားရပါလဲ။


ဒီဆုကို ပေးတာ ကျနော်တယောက်တည်းကို ပေးတာလို့ ကျွန်တော် မယူဆဘူး။ တကယ် တမ်းကျတော့ ဒီဆုကို ပေးတယ်ဆိုတာက မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေတဲ့ သူတွေကို ရည်စူးပြီး ပေးတာလို့ ယူဆတယ်။ ဒါပေမဲ့ အဲဒီ့လူတွေက ကံဆိုးစွာပဲ အကျဉ်းထောင်တွေထဲ ရောက်နေတယ်။ မြန်မာပြည်ဟာ လွတ်လပ်မှု မရှိတဲ့အခါကျတော့ ဒီလူတွေကို တိုက်ရိုက်ပေးဖို့၊ တိုက်ရိုက် ထိတွေ့ဖို့ မဖြစ်နိုင်တဲ့ အတွက် ကျွန်တော့်ကို ပေးတယ်။ အဲဒီလိုမျိုးပဲ ယူဆပါတယ်။

အခြားရထားတဲ့ ဆုတွေများ ရှိပါသေးလား။

ဆုကတော့ အရင်တုန်းကတော့ ကျွန်တော်က နယ်သာလန် AI က ဂုဏ်ထူးဆောင် ကတ်ပြား လေးတစ်ခု ပေးဖူးတာ ရှိတယ်။ နောက်ပြီး မန်ဆာချူးဆက်ပြည်နယ် အစိုးရကနေ လူ့အခွင့်အရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်တဲ့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးဖူးတယ်။ ဒါပဲရှိပါတယ်။

အခု (AAPP-B) အသင်းကို တည်ထောင်ခဲ့ပုံအကျဉ်းလေးနဲ့ ဘယ်အဖွဲ့အစည်းကများ ထောက်ပံ့ထားတာလဲဆိုတာ လေး သိခွင့်ရနိုင်မလား။

ကျနော်တို့က ၂၀၀၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စပြီး တည်ထောင်တယ်။ အဖွဲ့ဝင်တွေ အကုန်လုံးက နိုင်ငံရေးအမှုနဲ့ ထိန်းသိမ်းခဲ့ရဖူး၊ ထောင်ကျဖူးတဲ့သူတွေပေါ့။ နိုင်ငံရေးအကျဉ်း သားဟောင်းတွေပေါ့။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ စပြီး တည်ထောင်ခဲ့တာပေါ့။ စပြီး ထူထောင်ပြီးကတည်းကနေ မြန်မာနိုင်ငံ အကျဉ်းထောင်တွေကို စောင့်ကြည့်တာ၊ နိုင်ငံသား အကျဉ်းသားတွေရဲ့ စာရင်း အချက်အလက်တွေကို ကောက်ယူတာ၊ နောက် ကုလသမဂ္ဂမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် လော်ဘီလုပ်တာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သူတို့သိချင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ၊ နောက် အခြား မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ၊ နောက် သူတို့ မသိတာတွေကို ပြောပြတာပေါ့။

၈၈ နိုင်ငံရေးအတွေ့အကြုံတွေထဲက အထင်ကရ ဖြစ်ခဲ့တာတွေ ပြောပေးနိုင်ပါမလား။

အဲဒီအကြောင်းကတော့ ၁၉၈၈ ခု၊ သြဂုတ်လ ၉ ရက်နေ့။ သြဂုတ်လ ၉ ရက်နေ့မနက် သင်္ဃန်းကျွန်းမြို့နယ် အထက ၂ ကျောင်းနားမှဖြစ်တဲ့ သပိတ်တိုက်ပွဲလေးပါ။ အဲဒီ့ သပိတ်တိုက်ပွဲမှာ အစ်ကိုတို့ သပိတ်စစ်ကြောင်းကို စစ်တပ်က တားတယ်။ တားတဲ့အခါမှာ ကျွန်တော်တို့ဘက်က သပိတ်ခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေနဲ့ညှိဖို့ ရှေ့ကို သွားတယ်။ အဲဒီလိုသွားတဲ့အချိန်မှာ သူ့တို့ဘက်ကနေ အညှိမခံဘဲ စပြီးတော့ပစ်တယ်။ အဲဒီလို ပစ်တဲ့အခါမှာ အလံကိုင်ထားတဲ့ သိန်းကျော်တိုးဆိုတဲ့ ကိုးတန်းကျောင်းသားလေး သေဆုံးသွားတယ်။ သေနတ်မှန်ပြီးတော့ ပွဲချင်းပြီး သေသွားတယ်။ အလားတူပဲ တခြား ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ သုံး၊ လေး၊ ငါးယောက်လောက်က အဲဒီမှာတင် သေနတ်မှန်ပြီး ဒဏ်ရာတွေ ရသွားကြတယ်။ အဲဒီ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှာ မနက်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကတော့ ကျွန်တော် မေ့လို့မရတော့ပါဘူး။

ချုပ်နှောင်ခံစဉ်တုန်းက အင်္ဂလိပ်စာကို ထောင်ထဲမှာ သင်ရတယ်လို့ သိရတယ်။ အဲဒီ့အတွေ့အကြုံ လေးကို ပြောပြပေးပါလား။ နောက်ပြီး မြန်မာစာ ကျောင်းသားတစ်ယောက်အနေနဲ့ အင်္ဂလိပ်စာကို ဘာ ကြောင့်သင်ဖြစ်ခဲ့တာပါလဲ။

ဟုတ်ကဲ့။ ကျွန်တော်က ၁၉၈၈ ခုနှစ် လှုပ်ရှားမှုအရေးတော်ပုံကာလအတွင်းမှာပေါ့။ နိုင်ငံခြားသား သတင်းထောက်တွေနဲ့ ဆက်ဆံရတာမျိုးတွေ ရှိတယ်။ သံတမန်တွေနဲ့ ဆက်ဆံရတာမျိုး တွေရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်က အင်္ဂလိပ်လို မပြောတတ်ဘူး။ သံတမန်တွေ၊ သတင်းထောက်တွေက ကျွန်တော်တို့ကို ဆက်ဆံတာက မြန်မာနိုင်ငံမှာ လှုပ်ရှား နေတဲ့ ကျောင်းသားခေါင်းဆောင်တွေအဖြစ်နဲ့ သဘောထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အင်္ဂလိပ်လို မပြောတတ်တဲ့အခါကျတော့ သူတို့နဲ့ တွေ့ခါနီးမှာ စကားပြန်ကို တော်တော်လေး လိုက်ရှာရတယ်။ လိုက်ရှာတဲ့အခါမှာ ယုံကြည် ရမယ့်စကားပြန်ကိုလည်း ရွေးချယ်ရတာပေါ့။ အဲဒီအချိန်မှာ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော် ဘာခံစားရလဲဆိုတော့ မြန်မာနိုင်ငံက ကျောင်းသားခေါင်းဆောင်ဖြစ်ပြီးတော့ ဒီလောက်အထိ နိုင်ငံခြားသားတွေနဲ့ သံတမန်တွေနဲ့ကို ကိုယ်ဖြစ်နေတဲ့အကြောင်းအရာတွေ၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို ပြောလို့မရတဲ့ အနေအထားမျိုးတွေဖြစ် လာတော့ ကိုယ့်ကိုယ်ကိုယ် အင်္ဂလိပ်စာလေ့လာမှဖြစ်မယ်ဆိုတဲ့ဟာမျိုး ကျွန်တော် ဆုံးဖြတ်မိ တယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကာလကြီးဖြစ်တဲ့အခါကျတော့ ကျွန်တော့်မှာ အဲဒီလိုလေ့လာဖို့ အချိန်မရခဲ့ဘူး။ ထောင်ကျသွားတဲ့အခါကျတော့ ကျွန်တော့်မှာ အချိန်တွေ တော်တော်များများ ရသွားတယ်။ ထောင်ထဲမှာ ၂၄ နာရီမှာ ၂၃ နာရီနဲ့ မိနစ် ၄၀ က ကျွန်တော် တိုက်ခန်းထဲမှာ နေရတာ။ အဲဒီတော့ အဲဒီလိုအချိန်မှာ ကျွန်တော်က အင်္ဂလိပ်စာကို ဆက်ပြီးတော့ လေ့လာရင်ကောင်းမယ်ဆိုပြီးတော့ လေ့လာမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက် တယ်။ နောက်ဘယ်လိုလေ့လာရမလဲဆိုပြီး ကျွန်တော် လိုက်စဉ်းစားတယ်။ ထောင်ထဲမှာ ကျွန်တော်တို့ခေတ်တုန်းက စာအုပ်၊ စာတမ်း တွေ သွင်းလို့မရဘူး။ တခြားစာတွေ ဖတ်လို့မရဘူးဆိုတော့ အင်္ဂလိပ်လိုပြောတတ်တဲ့လူတွေက ဥပမာ ဒေါက်တာအေးချမ်းပေါ့။ အခု ဂျပန်မှာရှိနေတဲ့ တက္ကသိုလ်ကြီးတစ်ခုမှာ ဧည့်ပါမောက္ခ ပြန်လုပ်နေတယ်။ သူက ကျွန်တော်တို့ကို ရေချိုးဆင်း တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ၀န်ထမ်းတွေ ရိုက်တဲ့အချိန်မှာပဲဖြစ်ဖြစ် တစ်ကြောင်းစ၊ နှစ်ကြောင်းစ အခွင့်အရေးရရင် ရသလို သူ ပြောတယ်။ နောက် ကျွန်တော် မန္တလေးကိုပြောင်း သွားအခါကျတော့လည်း ထောင်ထဲမှာ အင်္ဂလိပ်စာကျူရှင်ဆရာတစ် ယောက်နဲ့ အတူတူ နေရတယ်။ အဲဒီအချိန်မှာ သူက အင်္ဂလိပ်စာကို အခြေခံကနေပြီး ပြန် သင်ပေးတယ်။ အဲဒီလိုပုံစံမျိုးနဲ့ ကျွန်တော် ထောင်ထဲမှာ အင်္ဂလိပ်စာ တော်တော်လုပ်ဖြစ်သွား တယ်။

ဒေါ်အောင်ဆန်းစုကြည်က အခု အစားအသောက်ပြန်လက်ခံလာတာနဲ့ပတ်သက်ပြီး အမြင်လေးကို သိ ပါရစေ။ နောက်ပြီး ဒါဟာ ဘယ်ကိုများ ဦးတည်လဲလို့များ ထင်ပါသလဲ။

ဒေါ်စုက သူရဲ့ ရပိုင်ခွင့်အခွင့်အရေးပေါ့နော်။ အခွင့်အရေးတစုံတရာအတွက်ကို နအဖဆီက နေ တောင်းဆိုနေတာ ဖြစ်လိမ့်မယ် ထင်တယ်။ နောက် အခုပြန်လက်ခံတဲ့နေရာမှာ သူ တောင်းဆိုတာရသွားလို့ ပြန်လက်ခံတာမျိုးတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက သူကိုယ်တိုင်ကလည်း နအဖနဲ့ တွေ့ချင်တယ်လို့ စကားပြောထားတာ ရှိတယ်ဆိုတော့ အဖြေတော့ ဖြစ်နိုင်မယ် မထင်ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ကြားထဲမှာတော့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဒီရက်ပိုင်း၊ လပိုင်းအတွင်းမှာ ဖြစ်လာနိုင်စရာတွေ ရှိတယ် ထင်တယ်။ ဒီ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်စုနဲ့ တွေ့ဆုံမယ့်ပွဲက အဖြေရမယ့်ပွဲတစ်ခုလို့ တော့ ကျွန်တော် မထင်ဘူး။

ဘာဖြစ်လို့များ အဖြေရနိုင်မယ့်ပွဲမဟုတ်ဘူးလို့ ထင်မြင်မိတာပါလဲ။
ဘာလို့လဲဆိုတော့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေကြားထဲမှာ ကူးလူး ဆက်ဆံပေးနေရတဲ့ ဆက်ဆံရေးဝန်ကြီးပဲဖြစ်တယ်။။ သူ့က ဆုံးဖြတ်ခွင့်အာဏာရှိတဲ့သူ မဟုတ်ဘူး။ တကယ်တမ်းပြဿနာတွေကို ပြေလည်ချင်တယ်ဆိုရင် တကယ့်ဆုံးဖြတ်ခွင့် အာဏာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သေသေချာချာ တရားဝင် တွေ့ဆုံပွဲတွေလုပ်တဲ့အခါကျတော့မှာပဲ အဆုံးအဖြတ်တွေ၊ အဖြေတွေ ရလာနိုင်မယ့် ဆွေးနွေးပွဲတွေ ဖြစ်လာမယ်။

အခု ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခြင်းမရှိအောင်ဆိုပြီး ကျောင်းသားခေါင်းဆောင် တွေကို ဖမ်းဆီးချုပ်နှောင်တာလို့ တချို့က ပြောကြတယ်။ ဒါနဲ့ပတ်သက်ပြီး အကို့ရဲ့ အမြင်လေး သိပါရစေ။
သေချာတာကတော့ ၂၀၁၀ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အဖြေတစ်ခု မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဖြေရှင်းလို့ မရဘူး။ သူတို့ အတင်း အကျပ်လုပ်မယ်ဆိုရင်လည်း အမည်ခံ အရပ်သား၊ သူတို့စိတ်တိုင်းကျ အရပ်သား အစိုးရ အမည်ခံ စစ်အစိုးဘဲ ဖြစ်မှာဆိုတော့ ဒါဟာ အဖြေမဟုတ်ဘူး။ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ တကယ့် စည်းလုံး ညီညွတ်ရေး ပြန်မရနိုင်ဘူး။ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့် သွားခြင်း မရှိနိုင်ဘူး။ သေချာတယ်ဗျာ။ ၂၀၁၀ ဟာ အဖြေတစ်ခု လုံးဝမဟုတ်နိုင်ဘူး။
အခုနောက်ပိုင်း သတင်းတွေထွက်နေတဲ့ အကျဉ်းသားတွေကို ထောင်ခဏခဏပြောင်းတာနဲ့ ထောင် တွင်းနှိပ်စက်ခံနေရတဲ့သတင်းအပေါ်မှာရော ဘယ်လိုထင်ပါသလဲ။ ဒါကိုဘယ်လိုများ ဖြေရှင်းသွားဖို့ စိတ်ကူးထားပါလဲ။
ကျွန်တော်တို့အနေနဲ့ကတော့ ထောင်တွေရဲ့အခြေအနေကို သေသေချာချာစောင့်ကြည့်။ ပြီးတော့ ဒီဟာတွေကို မြန်မာနိုင်ငံထဲက ပြည်သူတွေ သိအောင်၊ နောက် နအဖ အစိုးရ အထက်ပိုင်းလူတွေကလဲ သိအောင်၊ နောက်... နိုင်ငံတကာ အစိုးရအဖွဲ့တွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်တွေ သိအောင် ကြိုးစားပြီးတော့ တရားလွန်နှိပ်စက်မှုတွေ ပပျောက်အောင် နိုင်ငံတကာ အသိုင်းအ၀န်းကကော၊ ပြည်သူလူထုကကော ၀ိုင်းပြီးဖိအားပေးလာအောင် ကျွန်တော်တို့ ကြိုးစားမှာပါ။ ကျွန်တော်တို့ဘက်က ဒီလူတွေအားလုံးကို လွတ်သွားအောင်တော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီလူတွေ လွတ်မြောက်ဖို့အတွက်၊ ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရပ်တန့်ဖို့အတွက် အားလုံးပူးပေါင်း လုပ်ဆောင်ကြမှပဲရမှာ။ နောက်တစ်ခုက နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးဟာ မြန်မာနိုင်ငံအပြောင်းအလဲရဲ့ ပင်မအဆင့် အခြေခံဖြစ် တယ်။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်ဘဲနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကို ကူး ပြောင်းနေပြီလို့ မပြောနိုင်ပါဘူး။

အဲဒီလိုဆိုတော့ ဒီမိုကရေစီပြောင်းဖို့ဆိုတာ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အများကြီး မူတည်တယ်လို့ ပြောချင်တာပါလား။

အထူးသဖြင့် ဒီနိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်ဆိုတဲ့ ပြယုဂ်သဘောက ဘာကို ပြသလဲ ဆိုရင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာ ပြတာ။ တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တိုးတက်တဲ့၊ ခေတ်မီတဲ့၊ တည်ငြိမ်တဲ့ တိုင်းပြည်တစ်ခုကို ကျွန်တော်တို့ မတည်ဆောက် နိုင်ဘူး။ အဲဒီလို တရားဥပေဒစိုးမိုးတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက်က တကယ့်ကို မျှတတဲ့ တရားစီရင်မှုတွေ ရှိရမယ်။ နောက်ပြီး တရားသူကြီးတွေကလည်း လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိရမယ်။ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာက တခြားစီ ဖြစ်နေရမယ်။ အဲဒီလို အာဏာခွဲဝေမှုတွေ မရှိဘဲနဲ့ တကယ့်ကို တိုးတက်တဲ့ တိုင်းပြည်တစ်ခု မဖြစ်နိုင်ဘူး။

အခု နောက်ထပ်ပြီး ပြည်သူတွေကို ဘာများ ပြောချင်ပါသေးလဲ။

တိုင်းပြည်တစ်ခု အပြောင်းအလဲဖြစ်ဖို့ဆိုတာက ဒီနိုင်ငံရေးလှုပ်ရှားနေသူတွေနဲ့ အုပ်ချုပ်ရေးလူ တန်းစားနှစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရဘူး။ နိုင်ငံရေးလှုပ်ရှားနေသူတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ မတရားသဖြင့်အုပ်ချုပ်နေတဲ့ အစိုးရတွေကို ပျော့ပြောင်းလာအောင်၊ စေ့စပ် ဆွေးနွေးလာအောင်၊ နောက် အပြောင်းအလဲတစ်ခုလုပ်လာအောင် ကျွန်တော်တို့ အဲဒီလိုပဲ လုပ်သွားမယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ဆိုရင်လဲ အဲဒီလိုပဲ။ နောက် ပြည်သူတွေ ကိုယ်တိုင်က လူ့အခွင့် အရေးချိုးဖောက်ခံနေရရင် ချိုးဖောက်ခံရပါတယ်လို့ ရဲရဲဝင့်ဝင့်ပြောဖို့။ အဲဒီလို ပြောတော့မှ ကျန်တဲ့လူတွေက လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတာတွေကို တွေ့လာပြီဆိုရင် အပြောင်းအလဲဖြစ်ဖို့အတွက် လူ့အခွင့်အရေးချိုးဖောက်တာတွေ ရပ်တန့်ဖို့ လုပ်ရမယ်ဆိုပြီး ပြောနိုင်မယ်။ ဒါက တကယ့်ကို လုပ်ရမယ့်အလုပ်။ ဒါတွေကို လုပ်မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ပါးသွားနိုင်တယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျ။