| ဖနိဒါ |
| ဗုဒ္ဓဟူးနေ့၊ မတ်လ 04 2009 15:49 - မြန်မာစံတော်ချိန် |
| ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့ရှိ ဈေးသစ်ရပ်ကွက်တွင် လူ ၉ ဦးကို ဧည့်စာရင်း မတိုင်ဟုဆိုကာ ယမန်နေ့ည ၁ နာရီခန့်တွင် ဒေသ အာဏာပိုင်များက ဖမ်းဆီးသွားသည်။ မိဘမေတ္တာ ငါးဒိုင် ပိုင်ရှင် ဦးခင်ဇော်နှင့် အတူ လုပ်သားများဖြစ်ကြသော ဦးအောင်ကိုလတ်၊ ဦးထွေးလှ၊ ကိုနိုင်လင်း၊ ကိုသန်းမြင့်၊ ကိုဇော်မျိုးလတ်၊ ကိုကျော်သူလင်း၊ ဒေါ်တင့်တင်လှနှင့် သူမ၏ အသက်တနှစ်ကျော် ကလေးငယ်ကိုပါ ရပ်ကွက် အေးချမ်းယာယာရေးကောင်စီ ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ်နှင့် နယ်ထိန်းများက ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဦးခင်ဇော်သည် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် ပူးတွဲကာ အာဏာပိုင်များ၏ ဒေသတွင်း ခြစားမှုကို ဖော်ထုတ်နေသူဟု လူသိများပြီး ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်လည်း လက်မှတ်ထိုး ပါဝင်ခဲ့သည်။ “ဧည့်စာရင်း တိုင်ထားတာကို ဖမ်းတာ။ အားလုံးက တိုင်ပြီးသား။ ည ၁ နာရီလောက်မှာ ဖမ်းသွားပြီးတော့ အချုပ်ထဲ တခါထဲ ထည့်လိုက်တယ်။ အားလုံးပေါင်း ၈ ယောက်။ အလုပ်သမားတွေ၊ ကလေးအမေနဲ့ နို့စို့ကလေးငယ် ပါသွားတယ်။ ညက အာမခံမပေးဘူး” ဟု အန်အယ်ဒီ မြို့နယ်စည်း တွဲဘက် အတွင်းရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။ အလုပ်သမားများမှာ တွံတေးမြို့နယ် အိုးဘိုအရှေ့၊ အိုးဘိုအနောက်၊ ကွမ်းခြံရပ်ကွက်၊ မြကိုးကျေးရွာနှင့် မအူပင်မြို့နယ် ဇွဲကပင်ကျေးရွာသားများ ဖြစ်သည်။ အားလုံးကို မြို့နယ် ရဲစခန်းအချုပ်တွင် ဖမ်းဆီးထားဆဲဖြစ်သည်။ “မြို့မ ဧည့်ဥပဒေမှာ ပြထားတာက တွံတေးမြို့နယ်အတွင်းက နေထိုင်သူတွေကို ဧည့်စာရင်း တိုင်စရာ မလိုဘူးလို့ ပြောထားတယ်။ ဥပဒေမှာ ပြောထားတယ်။ တခြားမြို့နယ်က လာရောက်နေထိုင်မှပဲ တိုင်ရတယ်။ ဧည့်စာရင်းကို မိဘမေတ္တာဆိုင်က ဥပဒေအတိုင်း တိုင်ကြားထားတာကို သက်သက်မယ့် ဖမ်းတာလို့ ကျနော်တို့ ထင်တယ်” ဟု ကိုဇော်မင်းထွန်းက ပြောသည်။ “ဧည့်စာရင်းကို တွံတွေးမြို့နယ် ရဲသတင်း ထောက်လှမ်းရေးတပ်ဖွဲ့ (SB)၊ မြို့နယ်မှူး၊ မယက ဥက္ကဋ္ဌ၊ နယ်ထိန်းခေါင်းဆောင်၊ ဒုရဲအုပ် အောင်နိုင်ဦးတို့ဆီလည်း တိုင်ကြားထားတယ်။ မှတ်တမ်းတွေ ရှိတယ်။ သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားတယ်” ဟု သူက ဆိုသည်။ တွံတေးမြို့နယ် တရားရုံးတွင် သူတို့ အားလုံးကို ရယက ဥက္ကဋ္ဌ ဦးသန်းဦးမှ ဧည့်စာရင်းအမှုဖြင့် စွဲချက်တင်မည်ဟု သိရပြီး မြို့နယ် ဒီချုပ် ဥက္ကဌ ဗဟိုတရားရုံး ရှေ့နေ ဦးကြင်တိုးက တရားဆိုင်များအတွက် ရှေ့နေလိုက်ပါပေးနေသည်။ ပြီးခဲ့သည့်လ ၂၇ ရက်နေ့ ညသန်းခေါင်တွင် ရယက ဥက္ကဋ္ဌ ဦးသန်းဦး၊ အဖွဲ့ဝင်များနှင့် ရဲနှစ်ဦးက ဧည့်စာရင်း စစ်ဆေးခြင်း မပြုဘဲ၊ အလုပ်သမားများ၏ အိပ်ခန်းများသို့ ၀င်ရောက်ကာ အန်အယ်ဒီ အဖွဲ့ဝင်များအား ရှာဖွေသဖြင့် ဦးခင်ဇော်က ပိုင်နက်ကျူးလွန်မှုဖြင့် ရဲစခန်းတွင် တိုင်ကြားသော်လည်း စခန်းမှူးက ပယ်ချခဲ့သည်။ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်အတွက် တွံတေးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တဦးက ဖမ်းဆီးမှု မှန်ကန်ကြောင်း ပြောသော်လည်း မည်သည့်အတွက် ဖမ်းရသည်ကို ပြောပိုင်ခွင့် မရှိကြောင်း ဆိုကာ ဖုန်းချသွားသည်။ |
Wednesday, March 4, 2009
ခြစားမှု ဖော်ထုတ်သူ ဧည့်စာရင်းမှုဖြင့် ဖမ်းခံရ
Tuesday, March 3, 2009
သံဃနာယက အဖွဲ့ကို ပီနန်ဆရာတော်ကြီး ဝေဖန်
မြန်မာနိုင်ငံအတွင်းရှိသံဃာတော်များအပေါ် ဘုရားဟော ပိဋကတ်တော်လာ ၀ိနည်း သိက္ခာပုဒ်နှင့် မညီညွတ် ကြောင်း ပြောဆိုစွပ်စွဲနေသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဆရာတော်များကိုယ်တိုင် ၀ိနည်းတော်နှင့် ညီမညီကို ပြန်လည် ဆန်းစစ်ရန် လိုအပ်ကြောင်း ပီနန်ဆရာတော်ကြီး ဦးပညာဝံသက မိန့်ကြားလိုက်သည်။
“သာသနာ့ဝန်ထမ်းတဲ့ ပုဂ္ဂိုလ် က သံဃနာယကရယ်၊ ဦးပဉ္ဖင်းလေးရယ်၊ ဦးပဉ္ဖင်းကြီးရယ် ဒီလို ပြောလို့တော့ လည်း မရဘူး၊ မြတ်စွာဘုရား ကိုယ်တိုင်ဟောထားတာက သာသနာတော်ကို ၀င်ပြီး သသနာ့ ၀န်ထမ်းချင်တဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင် အကုန်လုံး ၀ိနည်း ဒေသနာတော်ကို လိုက်နာရမယ်လို့ ဒီလိုပဲဟောထားတာကိုး”ဟု ဆရာတော်ကြီး ဦးပညာဝံသ က ဧရာတီသို့ မိန့်ကြားသည်။
ဆရာတော်ကြီးက ကြီးရင့်သော ပုဂ္ဂိုလ် ရဟန်းသံဃာများ၏ ပြောဆိုချက် အကျင့်အကြံသည် ၀ိနည်းနှင့် မညီ ပါက ရိုသေစွာ ဆက်ဆံစရာ မလိုကြောင်း တရားတော်တွင် ဟောကြားထားသည်များရှိကြောင်း မိန့်ဆိုသည်။
“ကြီးတဲ့ ပုဂ္ဂိုလ်ဆိုရင် ငယ်တဲ့ ပုဂ္ဂိုလ်က ရိုသေရမယ်ဆိုပြီးတော့ ဟောထားပေမယ့် ကြီးတဲ့ ပုဂ္ဂိုလ်တွေ ပြောကြား တာက မြတ်စွာဘုရားရဲ့ ၀ိနည်းဒေသနာတော်နဲ့ ညီမညီ စစ်တမ်းထုတ်ပြီးကြည့်တဲ့ အခါကျတော့ လုံးဝ မညီဘူး ဆိုလို့ရှိရင်၊ ဒီလို ဆရာတော်မျိုးကို ၊ ဒီလိုလူကြီးမျိုးကို ၊ ဒီလို ပုဂ္ဂိုလ်မျိုးကို ရိုရိုသေသေ ပုဂ္ဂိုလ်အနေနဲ့ မဆက်ဆံ ရဘူးလို့ မြတ်စွာဘုရားက ဟောထားတာ”ဟုလည်း ဆရာတော်ကြီးက မိန့်သည်။
မလေးရှားနိုင်ငံ ပီနန်မြို့တွင် သီတင်းသုံးနေသော ယင်းဆရာတော်ကြီး ဦးပညာဝံသသည် ပြည်ပအခြေစိုက် သာသနာ့ မောဠိအဖွဲ့(သာသနာ့ဥသျှောင်) ကို စတင်၍ ဦးဆောင်တည်ထောင်ခဲ့သည့် ဆရာတော်ကြီးတပါးဖြစ် ပြီး ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အတွက်လည်း ပြည်ပမှ ၀တ္ထုငွေ ကြေးများစွာဖြင့် ထောက်ပံ့ လှူဒါန်းခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်းက ကျင်းပခဲ့သော ဆဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီ သတ္တမ အစည်းအဝေး၌ ဥက္ကဌ ဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရ၏ သြ၀ါဒ မိန့်ကြားချက်တွင် ပိဋကတ်တော်နှင့် မညီညွတ်သော ရေးသား၊ ပြသ ၊ ဟောပြောခြင်းများ စသည့် ပေါ်ပေါက်နေသည့် သာသနာ့ဘေးရန်များကို ဖယ်ရှားဆောင်ရွက်ရမည်ဟု ပါရှိခဲ့သည်။
မန္တလေးမြို့ရှိ စာသင်တိုက် ၃ တိုက်တွင် စာဝါပို့ချနေသော စာချဆရာတော်တပါးက ယင်းသံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များသည် အစိုးရအလိုအတိုင်း ဆောင်ရွက်နေရခြင်းဖြစ်သည်ဟု မိန့်သည်။
“အမှန်အတိုင်းပြောရရင် ဒကာကြီးရဲ့၊ နိုင်ငံတော်အစိုးရရဲ့ခိုင်းတာလုပ်နေရတာ၊ ပိဋကတ်တော်နဲ့ မညီတဲ့ စာတွေ ရေးလို့ ပြောလို့ သာသနာတော်ကို မွန်မြတ်စေချင်လို့ တကယ်ကိုယ်ပိုင် ကိုယ့်ခံစားချက်နဲ့ ပြောတဲ့ စကားလုံးမျိုး မဟုတ်ဘူး၊ အစိုးရက သူတို့ လုပ်ချင်တာတွေကို စာရေးပြီးတော့ ဆရာတော်ကြီးတွေကို ဖတ်ခိုင်းတာ”ဟု မိန့်ဆို သည်။
တရားပွဲများပြုလုပ်လျှင်လည်း ဘုရားဟော ပိဋကတ်တော်နှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ အာဏာပိုင် များထံ ခွင့်ပြုချက်ယူရသည်ဟုလည်း ၎င်းက ဆိုသည်။
“ဘုရားဟော ပိဋကတ်တော်နဲ့ ညီသော်လည်း တရားဟောပုဂ္ဂိုလ်ကို သူတို့ မကြိုက်ဘူးဆိုရင် အကြပ်ကိုင်တယ်၊ ဖြစ်လာတဲ့ ပြဿနာကို တာဝန်ယူမှာလား၊ ဘာတရားဟောမှာလဲ၊ ဟောမယ့်တရားနဲ့ ဓာတ်ပုံကို သူတို့ဆီကို တင်ရမယ် အဲဒီလိုမျိုးတွေ အကြပ်ကိုင်ပြီး တရားပွဲ မဖြစ်အောင်လုပ်တယ်”ဟု အထက်ပါ စာချဆရာတော်က ပြောကြားသည်။
မန္တလေးမြို့အပြင်ကျေးလက်တောရွာ တရွာမှ ၎င်းအား လာမည့် ဧပြီလအတွင်း တရားဟောကြားပေးရန် ပင့်ဖိတ်ထားကြောင်းနှင့် ယင်းတရားပွဲအတွက် သက်ဆိုင်ရာက ကိုယ်ရေးရာဇ၀င် ၊ ဟောပြောမည့် တရား အကြောင်းအရာများကို တောင်းယူကြောင်းလည်း စာချဆရာတော်က ဆိုသည်။
ပီနန်ဆရာတော်ကြီးက“တရားဒေသနာ ဟောပြောရာမှာလည်း မြတ်စွာဘုရားဟောကြားတဲ့အတိုင်း ဟောပြော ပို့ချခွင့်မရှိဘူးဆိုတာ ဘုန်းကြီးတို့ ကြားနေတာတွေလည်းရှိတယ်၊ သို့သော်လည်း မြတ်စွာဘုရားရဲ့တရားတော် တွေကိုလေးစားတဲ့ ဆရာတော်တွေမှန်သမျှဆိုရင် ၀ိနည်းဒေသနာတော်နဲ့အညီလုပ်ဖို့လိုတာပေါ့၊ ၀ိနည်းဒေသနာ မှာ ဆုံးဖြတ်တဲ့ အခါမှာလည်း ဒေါသဂတိ၊ ဆန္ဒာဂတိ ဆိုတဲ့ ဂတိတရားတွေနဲ့ အစိုးရမျက်နှာ ကြည့်ပြီးလုပ် လို့ရှိ ရင် ၀ိနည်းဓိုရ် မဟုတ်ဘူး၊ တရားဆုံးဖြတ်ထိုက်တဲ့လူမဟုတ်ဘူး၊ မဆုံးဖြတ်ထိုက်တဲ့ လူလို့ မြတ်စွာ ဘုရား ကိုယ်တိုင် ဟောထားတယ်”ဟု မိန့်ကြားသည်။
ရန်ကုန်မြို့တွင်း တနာရီခန့်ခြားပြီး ဗုံးနှစ်လုံး ဆက်ပေါက်ကွဲ
| မဇ္ဈိမသတင်းဌာန |
| ဗုဒ္ဓဟူးနေ့၊ မတ်လ 04 2009 09:19 - မြန်မာစံတော်ချိန် |
| ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့စမ်းချောင်း၊ ပဒုမ္မာ ပန်းခြံဝင်းအတွင်း ဗုံးပေါက်ကွဲပြီး တစ်နာရီဝန်းကျင် အကြာတွင် လှည်းတန်းမှတ်တိုင်ရှေ့တွင် နောက်ထပ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ မတ်လ (၃) ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်တွင် စမ်းချောင်း ပဒုမ္မာပန်းခြံအတွင်း၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း ပေါက်ကွဲမှု ပြင်းထန်ကြောင်း မိုင်ဝက်ခန့် အကွာအဝေးမှပင် ကျယ်လောင်စွာ ကြားရကြောင်း မျက်မြင်သက်သေများက ပြောသည်။ အခင်းဖြစ်ပွားရာသို့ မဇ္ဈိမ သတင်းထောက် ရောက်ရှိချိန်တွင် လုံခြုံရေးများ ၊ စစ်ထောက်လှမ်းရေးများ ယာဉ်ထိန်းရဲများနှင့် နယ်မြေရဲများဖြင့် ရှာဖွေနေသော်လည်း လုံခြုံရေး တင်းကျပ်ထားခြင်း မရှိသောကြောင့် ပတ်ဝန်းကျင်မှ လာရောက် ကြည့်ရှုနေသည်ကို တွေ့ရသည်။ ပေါက်ကွဲမှုမှာ ပန်းခြံအနီး ဈေးဆိုင်တန်းရှိ ဆိုင်အမှတ် (၂၄) နှင့် (၂၅) ရှေ့တွင် ဖြစ်ပွားခဲ့သည်ဟု လုံခြုံရေး တာဝန်ကျသူ တစ်ဦးက အတည်ပြုသည်။ ည ၁၁ နာရီတိတိ အချိန်တွင် လုံခြုံရေး တပ်လှန့်မှုကြောင့် ပန်းခြံဝင်းအတွင်း ရှာဖွေနေသော တပ်ဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူများ အားလုံး ကမာရွတ် လှည်းတန်း မီးပွိုင့်ဘက်သို့ အပူတပြင်း ထွက်ခွာသွားကြသည်။ ကမာရွတ်လှည်းတန်း ရန်ကုန်-အင်းစိန်ကားလမ်းမ အင်းစိန်ဘက်အသွား မှတ်တိုင်တွင် ထပ်မံ ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ရာသို့ မြေနီကုန်းမှလာသော တာဝန်ရှိသူများ ရောက်လျှင်ရောက်ခြင်း ရန်ကုန် အင်းစိန်လမ်းမကြီးအား ယာဉ်သွားလာမှု ဖြတ်တောက်လိုက်သည်။ ပေါက်ကွဲမှုမှာ ည ၁၀ နာရီ ၅၀ အချိန်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း စံရိပ်ငြိမ်မှတ်တိုင် အကျော် (မိုင်ဝက်ခန့် အကွာအဝေး) မှပင် ကျယ်လောင်စွာ ကြားရကြောင်း သက်သေတစ်ဦးက ဆိုသည်။ စံရိပ်ငြိမ်မှတ်တိုင်နှင့် လှည်းတန်းမှတ်တိုင်အကြား (၀င်းစားသောက်ဆိုင်အနီး)တွင် ကားလမ်းကို ပိတ်ဆို့ ထားလိုက်သည်ကို တွေ့ရသည်။ လှည်းတန်းမှတ်တိုင် (အင်းစိန်ဘက်သို့ သွားသည့်အခြမ်း) ရှိ ယာဉ်ထိန်းရုံးရှေ့တွင်ရှိသော ကွန်ပျူတာမိတ္တူ ဆိုင်ရှေ့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲချိန်တွင် မြို့ထဲဘက်မှလာသော ၉၇ လိုင်းကားမှာ အဆိုပါဆိုင်ရှေ့ တည့်တည့်တွင် ရပ်နားကာစဖြစ်ကြောင်း ကားပေါ်တွင် လူရှစ်ဦး ခန့်သာပါပြီး ထိခိုက်မှု မရှိကြောင်း ၊ အနီးတွင် တဆက်တည်းရှိသော ကားမှတ်တိုင်မှ အမိုးများ ပေအတော်များများ မြင့်တက်သွားကြောင်း ပေါက်ကွဲမှုဖြစ်ပွားရာ ကားလမ်း၏ တဘက်ရှိ အရောင်းဆိုင်တခုမှ ပြောသည်။ အခင်းဖြစ်ပွားရာသို့ လှည်းတန်း ပတ်ဝန်းကျင်မှ လူအများအပြား လာရောက်ကြည့်ရှုကြရာ ရဲများက နှင်ထုတ်ခဲ့ကြသည်။ အချို့ရဲများက လာရောက်ကြည့်ရှုသူများအား တွန်းထိုးနှင်ထုတ်မှုကြောင့် ပဋိပက္ခများ ဖြစ်ပွားနေသည်ကို တွေ့ရသည်။ |
ကျိန်စာ
အဖေ့ဓါတ်ပုံကိုမှီနွဲ့ထားလေသူ အမေ့မျက်ရည်
မြေနီလမ်းလေးပေါ်က
ဆိုးနေကျ ခြေသံလေးကို
ငေးမျှော်နေလျော့မယ်….။
လ မသာတဲ့မြို့ပြမှာတော့ ကျွန်တော်
အမေမှာသော ရှိုက်သံနဲ့
မေတ္တာဓါတ်တို့ပစ်ချကြည့်မိ
အကြည့်တွေ ရေတစ်ပေါက်လေးတောင်မရရှိခဲ့…။
မိုင်လေးရာမှာ
အမေဂုဏ်တော်ကွန်ချာရွတ်ပါ
မိုင်လေးရာမှာ
ကျွန်တော်အရက်သောက်နေပါတယ်
အမေနဲ့ကျွန်တော်မိုင်ရှစ်ရာအကွာ…။
အမေရေ
“သေမိန့်ကျလူတစ်ယောက်မှာ
ဒဏ်ရာအနာတရတစ်ခုဖြစ်ရင်
သတ်ပစ်လို့မရဘူးတဲ့…”
အမေနဲ့ကျွန်တော်
ဒဏ်ရာဗရပွနဲ့
ရှင်မိန့်ကျ နေ့စွဲတွေမှာ
ဘယ်ကံကြမ္မာက ထပ်ဝေးစေခဲ့တာလဲ…။
ကျွန်တော့်ချက် မြှုပ်ခဲ့တဲ့မြေမှာ
ဘာအပင်တွေပေါက်နေပြီလဲအမေ
ကျွန်တော်ကတော့ရွက်ကျပင်ပေါက်…။
အမေရှိတာထဲကနှုတ်ပေးပြီး
ကျွန်တော်ကလိုအပ်သမျှ ထပ်ပေါင်းချင်ရဲ့
ထုံးတမ်းစဉ်လာလိုအပ်ချက်အတိုင်း
ကျွန်တော့်ခြေလှမ်းတွေဦးပြန်လည်ခဲ့
ခွင့်လွှတ်နေကျ
လမ်းဆိုးလေးဆီ…။….။
မှတ်ချက်။ ။ အထက်ပါကဗျာကို ရေးသူသည် ယုံကြည်ချက်ကြောင့် ဇာတိနှင့် အမေကို စွန့်ခွါ၍ ရန်သူနှင့် အနီးကပ် ရင်ဆိုင်ယှဉ်ပြိုင်တိုက်နေသူ တစ်ဦးဖြစ်သောကြောင့် ဂုဏ်ပြုဖေါ်ပြအပ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂ လေ့လာခွင့်ရ
လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကုလသမဂ္ဂ အရာရှိများကို လေ့လာခွင့် ပြုမည်ဟု မြန်မာ စစ်အစိုးရက ပြောကြားကြောင်း ယမန်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။
ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ အပါအ၀င် အရာရှိများ၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှ လေ့လာသူများကို ရွေးကောက်ပွဲတွင် လေ့လာခွင့် ပေးမည်ဟု မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝကို ပြောဆိုခဲ့ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဆူပါချိုင် ဂျိုင်ဆမတ် က ပြောသည်ဟု သိရသည်။
မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ (ဓာတ်ပုံ - ရိုက်တာ)
ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယမန်နေ့က ပြီးဆုံးသွားခဲ့သော အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလတွင် ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့ အခြေစိုက် စင်ပြိုင်အာဆီယံ အဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ် ကမူ ရွေးကောက်ပွဲကို စောင့်ကြည့်ရေးထက် အခြားအရေးကြီးသည့် အရာများ ရှိသည်ဟု သုံးသပ်ပြသည်။
“ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ မပြောခင် အခြေခံဥပဒေကို ပြန်သုံးသပ်ရမယ်၊ အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြောဆိုခွင့်တွေ ရှိရမယ်၊ အဲဒါတွေ မရှိဘူးဆိုရင် ရွေးကောက်ပွဲကို ကျင်းပနေစရာတောင် မလိုဘူး” ဟု မစ္စ ဒက်ဘီက ဧရာဝတီသို့ ပြောပြသည်။
မြန်မာအတိုက် အခံအများစုကမူ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာခြင်းမရှိသေးပေ။ သို့သော်လည်း အကြပ်အတည်းဖြစ်နေသော မြန်မာ့နိုင်ငံရေး ပြေလည်စေရန် ၀င်ရောက် ကူညီနေသည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက ရွေးကောက်ပွဲဝင်သည့် နည်းလမ်းကို အထူးပြု ပြောကြားလျက်ရှိသည်။
မစ္စတာဂန်ဘာရီ နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ ပြီးခဲ့သည့် လဆန်းပိုင်းက ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် အဆိုပါ ရွေးကောက်ပွဲ လာမည့်နှစ်တွင် ဖြစ်မြောက်ရေးအတွက် စစ်အစိုးရကို တွန်းအားပေးမည်ဟု ဖော်ပြထားသည်။
အဓိက အတိုက်အခံအဖွဲ့ကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုပါ ကြေညာချက်ကို ကန့်ကွက်ခဲ့သည်။
“အထွေထွေ ညီလာခံက အစဉ်အဆက် ချထားခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရေး ဆိုတာနဲ့ မကိုက်ညီဘူး” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
စစ်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မည်၊ ရွေးကောက်ပွဲပြီးလျှင် စစ်တပ်က စစ်တန်းလျားပြန်မည်ဟု ပြောဆိုခဲ့သည်။
အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် ကြေညာထားသည့်အတိုင်း ရွေးကောက်ပွဲကို နိုင်ငံအနှံ့ ပြုလုပ်ပေးခဲ့သည်။ ရွေးကောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာလွှဲအပ်ခြင်း မပြုခဲ့ပေ။ ရွေးကောက်ခံရသူ အများအပြားကို နောက်ပိုင်းတွင် ထိန်းသိမ်း အကျဉ်းချခဲ့သည်။ သေဆုံးသွားသော ကိုယ်စားလှယ်များ၊ ပြည်ပသို့ တိမ်းရှောင်ရသော ကိုယ်စားလှယ်များလည်း ရှိသည်။
ရွေးကောက်ပွဲအပြီး ၃ နှစ်အကြာတွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရန် အမျိုးသား ညီလာခံကြီးတခုကို စစ်အစိုးကရ ကမကထပြု ခေါ်ယူခဲ့သည်။ ညီလာခံတွင် ရွေးကောက်ခံရသည့် ပြည်သူ့ကိုယ်စားလှယ်အချို့ နှင့် စစ်အစိုးရစိတ်ကြိုက် ရွေးချယ်ထားသည့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည်။
ညီလာခံသည် ၁၄ နှစ်အကြာတွင် ပြီးဆုံးသွားသည်။ အခြေခံ ဥပဒေတခုလည်း ပေါ်ပေါက်လာသည်။ အဆိုပါ ဥပဒေအရ ရွေးကောက်ပွဲမ၀င်ဘဲ ပြည်သူ့ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် လေးပုံတပုံ ပါဝင်ခွင့် ရှိမည်ဖြစ်သည်။ တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်ခွင့်ကိုလည်း ထည့်သွင်း ပြဌာန်းထားသည်။
စစ်အစိုးရက အဆိုပါ အခြေခံဥပဒေ အတည်ပြုရေး အတွက် ပြီးခဲ့သည့်နှစ်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ပြုလုပ်ခဲ့ရာ ထောက်ခံမဲ ၉၂ ဒဿမ ၄ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ဆိုသည်။
အာဏာပိုင်တို့က အဆိုပါ အခြေခံဥပဒေအရ လာမည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားသည်။
ပြီးခဲ့သည့်နှစ် မတ်လက ပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲ ပြုလုပ် ပြီးစီးသည့် အခါ အရပ်သား အစိုးရထံ အာဏာ အပ်နှင်းမည်ဟု ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဘိလပ်မြေစက်ရုံ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံကို ၂၀၁၀ အမီ အပြီးတည်ရန် ညွှန်ကြားထားသည့်အတွက် စက်မှု(၁) ၀န်ကြီးဌာနမှ အပူတပြင်း အကောင်အထည်ဖော်နေသော်လည်း မပြီးစီးနိုင်ကြောင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။
ကုမ္ပဏီအလိုက် ဘိလပ်မြေစက်ရုံတည်မည့်နေရာများမှာ မက်စ်မြန်မာကုမ္ပဏီက တောင်ဖီလာ(လယ်ဝေး)၊ ထူးကုမ္ပဏီက ပျဉ်ညောင်-သာစည်၊ အေးရှားဝါးကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေတောင်ကုမ္ပဏီက ပျဉ်ညောင်-သာစည် ၊ ရွှေသံလွင်ကုမ္ပဏီ (နေရာမသတ်မှတ်ရသေး) ၊ ကမ္ဘောဇကုမ္ပဏီက ပင်းပက်-တောင်ကြီးနှင့် ပျဉ်ညောင်-သာစည်မှာ ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက အသီးသီး တည်ဆောက်ရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။
ရတနာသိင်္ဂီနှင့် Mother Trading ကုမ္ပဏီများက တည်ဆောက်မည့် ဘိလပ်မြေစက်ရုံများအတွက် ၀န်ကြီး ဦးအောင်သောင်း၏ ရှယ်ယာပါသည်ဟု စက်မှု(၁) ၀န်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများကြား ပြောဆိုနေသော်လည်း ခေတ်ပြိုင်မှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စက်ရုံများကို ၂၀၁၀ ခုနှစ်အမီ အပြီးတည်ဆောက်ရန် ၀န်ကြီး ဦးအာင်သောင်းက ဖိအားပေးနေသော်လည်း မပြီးနိုင်ကြောင်း ပညာရှင်များက ပြောသည်။ ဘိလပ်မြေစက်ရုံများ တည်ဆောက်ရာတွင် ၀န်ကြီး ဦးအောင်သောင်းနှင့် ရင်းနှီးသည့် တရုတ်ကုမ္ပဏီများဖြစ်သည့် ဖုန်းဖေးတရုတ်ကုမ္ပဏီ (China JPG) (Jian Su Penf Gei) မှ စက်များကိုသာ ၀ယ်ယူတတ်ဆင်ရမည်ဟု ဦးအောင်သောင်းက ညွှန်ကြားထားသဖြင့် ကုမ္ပဏီများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
သို့သော် ရတနာသိင်္ဂီ ကုမ္ပဏီပိုင်ရှင် ဦးအိုက်ရီဆိုလျင် ဦးအောင်သောင်း ဗျူဟာမှူးဘ၀ ကတည်းက လူယုံတပည့်ဖြစ်ခဲ့သည့်အတွက် ယခုအခါ စက်မှု(၁) ၀န်ကြီးဌာန တခုလုံး၏ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တရုတ်ကုန်ကြမ်းများ ၊ တရုတ်စက်ပစ္စည်းများ သွင်းခွင့်ရထားသူ ဖြစ်သည်ဟု ဦးအောင်သောင်း၏ လက်ထောက် အကြီးအကဲတဦးက ပြောသည်။
ဝန်ကြီး ဦးအောင်သောင်းသား ကိုနေအောင်ကလည်း စင်္ကာပူရှိ သူပိုင်ကုမ္ပဏီမှတဆင့် စက်ပစ္စည်းများ ပေးသွင်းလျက်ရှိသကဲ့သို့ နေပြည်တော် ဟိုတယ်ဇုံမှာလည်း မတ္တရ အမည်ရှိ ဟိုတယ်ကြီးတခု တည်ဆောက်လျက်ရှိသော်လည်း မပြီးနိုင်ဖြစ်နေသည်ဟု နေပြည်တော် မျက်မြင်သက်သေများက ပြောသည်။
တောင်သူလယ်သမား အခွင့်အရေး ချိုးဖောက်ခံရဟု ၈၈ ကျောင်းသားများက ပြောဆို
| ဖနိဒါ |
| တနင်္လာနေ့၊ မတ်လ 02 2009 19:20 - မြန်မာစံတော်ချိန် |
| ချင်းမိုင် (မဇ္ဈိမ)။ ။ အတန်ကြာ ကွယ်ပျောက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့်နှစ် သြဂုတ် လဆန်းပိုင်းက ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်၏ ပြည်ပ မီဒီယာများနှင့် ပြောဆိုပြီးနောက်ပိုင်း ၇ လခန့်အကြာ၌ တဖန် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ၈၈ ကျောင်းသားအဖွဲ့က တောင်သူလယ်သမားများ အခွင့်အရေးကို မြန်မာစစ်အစိုးရ ချိုးဖောက်နေသည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း ယနေ့ ကျရောက်သည့် ၄၇ နှစ်မြောက် တောင်သူလယ်သမားနေ့တွင် ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။ “တကယ်တော့ နေဝင်း အာဏာသိမ်းတဲ့နေ့။ တောင်သူလယ်သမားနေ့ မဟုတ်ဘူး။ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ရန်အတွက် သတ်မှတ်တဲ့နေ့ ဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့ဆိုတာ ကျနော်တို့ နိုင်ငံမှာ အမှန်တကယ် မရှိတော့ပါဘူး။ ဗိုလ်နေဝင်း စစ်အာဏာသိမ်းတဲ့နေ့မှာ သူက တရားမဝင် ဖုန်းကွယ်ခဲ့တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းလင်းက ပြောသည်။ ဘိုးဘွားခေတ်ကတည်းက ဓားမဦးချ လယ်ယာမြေများတွင် လုပ်ကိုင်စားသောက်ခဲ့သည့် တောင်သူလယ်သမားများသည် နည်းအမျိုးမျိုးနှင့် စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်ကို ခါးသီးစွာ ခံစားနေရသည့်အပြင် မတရား ဖိနှိပ်ခံနေရမှုများလည်း ခံစားနေရသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုသည်။ အောင်လံမြို့ လယ်သမားများသည် စစ်တပ်က လယ်ယာမြေ သိမ်းပိုက်သည်ကို မကျေနပ်သဖြင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) ထံ ဦးဆောင်တိုင်ကြားသူ ကိုဇော်ဌေးအား မကြာသေးခင်က ဖမ်းဆီးထောင်ချသည့်အပြင် အကျိုးဆောင် ရှေ့နေကိုပါ ထိန်းသိမ်းထားခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ကိုထွန်းလင်းက ပြောသည်။ သူက “အခု လက်ရှိ ဖြစ်နေတယ်။ ဒဂုံမြို့သစ်မှာ ဖြစ်နေတယ်။ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို အဓမ္မ သိမ်းတယ်။ လျော်ကြေးငွေ မပေးတာတွေလည်း ရှိတယ်။ ပေးတယ်ဆိုရင်လည်း ကာလ ပေါက်ဈေးနဲ့ နိမ့်တဲ့ဈေးပဲ ပေးတယ်။ တဧကကို ၂ သောင်းပဲ ပေးတယ်လေ။ တောင်သူလယ်သမားတွေ ဘဝက မကျေနပ်လို့ တိုင်ရင်လည်း ဖမ်းဆီးခံရတယ်” ဟု ဆိုသည်။ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ လယ်သမားတဦးက တောင်သူလယ်သမားများ၏ ဘဝ တိုးတက်လာခြင်း မရှိသည့်အပြင် စပါးထွက်ရှိမှုတွင်လည်း တနှစ်ထက်တနှစ် လျော့နည်းလာသည်ဟု မဇ္ဈိမကို ပြောပြသည်။ “တောင်သူလယ်သမားတွေတော့ ဒုက္ခရောက်နေကြပြီလေ။ စပါးထွက်က အရင်လို မကောင်းတော့ဘူး။ အထွက်နည်းတယ်။ စပါးစေ့က မကောင်းတော့ အကြွေးတွေနဲ့ ပတ်ချာလည်နေတာပေါ့။ ခါတိုင်းနှစ်တွေဆို စပါးဈေး ၅ သိန်းလောက်ရှိတာ၊ အခုတော့ ၃ သိန်းအောက်မှာပဲ ရှိနေတယ်လေ။ မရှိလယ်သမားတွေဆို ပတ်ချာလည်နေတာပဲ။ လူတန်းစေ့ မရှိသေးပါဘူး” ဟု သူက ပြောသည်။ သူ၏ လယ်ထဲတွင် ယခင်နှစ်များက စပါးတင်း ၄၀၀၀ ခန့် ရခဲ့သော်လည်း၊ ယခုနှစ်တွင် တင်း ၃၀၀၀ အောက်သာ ရသဖြင့် အထွက်နည်းသည်ဟု ဆိုသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းက တော်လှန်ကောင်စီ အမည်ဖြင့် တိုင်းပြည်အာဏာကို ရယူခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် ၁၉၆၄ ခုနှစ် မတ်လ ၂ဝ ရက်နေ့ အရောက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေဆိုသည်ကို ထုတ်ပြန်လိုက်ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) အပါအဝင် သမဂ္ဂများ၊ နိုင်ငံရေး ပါတီများ ဖျက်သိမ်းပစ်ခဲ့သည်။ လက်ရှိ စစ်အစိုးရအနေဖြင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးကော်မတီများ၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်မည့် နိုင်ငံလုံးဆိုင်ရာ လွတ်လပ်သည့် တောင်သူလယ်သမား သမဂ္ဂများ၊ အဖွဲ့ချုပ်များကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့် ပေးရမည်ဟု ကိုထွန်းလင်းက ဆိုသည်။ သူက “အခုလို လယ်သမားတွေ ခံစားနေရတဲ့ ဘဝတွေကို လျစ်လျှူရှုမထားဘဲ ဝိုင်းဝန်းကာကွယ်ပေးကြပါ။ လယ်သမားတွေ မတရား ခံနေရတာတွေ၊ အနိုင်ကျင့်ခံရတာတွေကို တိတိကျကျ ဖော်ထုတ်ပြီး ကျနော်တို့နဲ့အတူ ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောဆိုလိုက်သည်။ |