Saturday, April 11, 2009

ထိုင်းမှာ သိန်းစိန် ခွေးပြေးဝက်ပြေး ပြေးရခြင်း

[ra3858237909.jpg]
သိန်းစိန် ကြီးတို့ အာဆီယံလူရှုပ်များကို ထိုင်း လူမျိုးများကလိုက်လံ ရိုက်နက်နေပုံ

ဧပြီလ ၁၁ ရက်နေ့ က ထိုင်းနိင်ငံပတ်တရာ မြို့ မှာ အာဆီယံ ထိပ်သီးအစည်းဝေးပြုလုပ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို လိုလားသူများက ဆန္ဒပြခဲ့ကြတယ်။ သူတို့အဖွဲ့ကို ယူဒီဒီဟုအမည်ပေးထားတယ်။ လက်ရှိဝန်ကြီးချုပ်အဘီဇစ်အစိုးရ ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်တယ်။

ပထမပိုင်းမှာ အစိုးရလုံခြုံရေးအဖွဲ့တွေက ဆန္ဒပြပွဲကို ထိမ်းသိမ်းထား နိင်သော်လည်း နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့များကို ကျော်ဖြတ်ပြီး အာဆီယံအစည်းဝေး အတွင်းသို့ချဉ်းနင်း ၀င်ရောက်နိင်ခဲ့ကြ သဖြင့် အာဆီယံအစည်းဝေးပျက်သွားပြီးအာဆီယံခေါင်းဆောင်များ ခွေးပြေးဝက်ပြေး ထွက်ပြေးရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြင့် အစည်းဝေးပျက်သွားခဲ့ရတယ်။ထိုင်းနိင်ငံဟာ နိင်ငံတကာ အစည်းဝေးကျင်းပနိုင်လောက်တဲ့ လုံခြုံရေး အဆင့်အတန်း မရှိတော့ဘူး ဆိုတာကို ကမ္ဘာကိုပြလိုက်သလိုဖြစ်သွားပါတယ်။

မြွေပူရာကင်းမှောင့်ဆိုသလို မြန်မာဝန်ကြီးချုပ် သိန်းစိန်ဆိုသူကလည်း အစည်းဝေးမှာ ဘာမှ မဆွေးနွေးပဲ ထွက်ပြေးတော့မှ အသံအကျယ်ဆုံးနဲ့ရှေ့ ဆုံးကဖြစ်နေကြောင်း သိရပါတယ်။ ဆန္ဒပြသူ များဝင်ရောက်လာချိန် တွင် ထိတ်လန့်နေသော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကို ဦးစားပေး ကယ်တင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆောက်အဦး ခေါင်းမိုးပေါ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံခေါင်းဆောင် ၁၆ ယောက် နိုင်ငံခြားရေး ၀န်ကြီး ၁၆ ယောက်တို့ကို ဦးစားပေးကယ်တင်ချိန် တွင် မြန်မာဝန်ကြီးချုပ် ကို ဦးစားပေး၍ ထိုင်း က ပထ မ ရဟတ်ယာဉ် ဖြင့် ပင် ထည့်ပေးလိုက်ရကြောင်း၊ မိန်းမသားဖြစ်တဲ့ ဖိလစ်ပိုင် ခေါင်းဆောင် အာရိုယာ ပင် နောက် အစီးဖြင့် လိုက်သွားကြောင်း ကြားသိရပါတယ်။

နောက်ဆုံးရတဲ့သတင်းအရ မြန်မာဝန်ကြီးချုပ် သွေးတက်သွားပြီး၊ ပတ်တရာမြို့ တွင် အာဏာရှင် ဆန့်ကျင်ရေးဒီမိုကရေစီ တပ်ဦး(UDD) အဖွဲ့ဝင်များက အစည်းအဝေးခန်းမ အတွင်းဝင်ရောက် လာသောကြောင့် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် နောက်ဖေးပေါက်မှ ခေါင်းမိုးပေါ်သို့ တက်ပြေးပြီး ကြုံရာ ရဟတ်ယာဉ် ဖြင့် အူတာပေါင်း လေတပ်စခန်းသို့ ကယ်ထုတ်သွားရသည်။ ရဟတ်ယာဉ်ပေါ်အတွက် သူ၏မျက်မှန်ပြုတ်ကျရာ ထိုင်းကွန်မန်ဒို က တက်နင်းလိုက် သဖြင့် ကျိုးသွားကြောင်းသိရပါတယ်။ မမြင်မစမ်းဖြစ်နေတဲ့ သိန်းစိန်ကို ထိုင်းစစ်သား တယောက် ပွေ့တင်ပြီး ပြေးရကြောင်း သတင်းရရှိပါတယ်။

အစည်းအဝေးခန်းမ အတွင်းထိုးဖောက်ဝင်ရောက်လာသူများသည် မြန်မာဝန်ကြီးချုပ်ဆီ ဦးတည် သွားကြသည် ဆိုသောကြောင့် ထိပ်တန်းလုံခြုံရေးအရာရှိများခြံရံပြီး သူ့ကို အရင် ရဟတ်ယာဉ်ပေါ် တင်ပေးလိုက်ရသည် ဟု ထိုင်းသတင်းဌာန တစ်ခု ကလွှင့် ထုတ်သွားခဲ့သည်။ လက်ရှိ စစ်ခေါင်းဆောင် များထဲ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မှာ အကြောက်တတ်ဆုံးဟု နာမည်ကြီးသည်။ ဒုတိယအကြောက်အကြီးဆုံးမှာ သန်းရွှေဖြစ်ကြောင်းသိရပါသည်။

Source: Freedom News Group & ဂျေရာသော့မ်ဆင်

(ကိုမိုးသီးဘလော့ဂ်မှ ထပ်ဆင့်ကူးယူဖေါ်ပြသည်။)

မုန်တိုင်းသင့် ရုပ်အလောင်းများ သင်္ဂြိုဟ်သူများ ထောင်ဒဏ် ကျခံရ

ဖနိဒါ
သောကြာနေ့၊ ဧပြီလ 10 2009 18:16 - မြန်မာစံတော်ချိန်


ချင်းမိုင်(မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ကူညီသူ ၆ ဦးအား အင်းစိန်ထောင် အထူးတရားရုံးတွင် မတရားအသင်းဖွဲ့မှုဖြင့် ထောင်ဒဏ် ၂ နှစ်မှ ၄ နှစ်အထိ ယနေ့ ချမှတ်လိုက်သည်။

မုန်တိုင်းသင့် ဒေသများတွင် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ရာ ပါဝင်ကူညီခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်း၊ သမီးဖြစ်သူ မဖြိုးဖြိုးအောင် အပါအဝင် ၆ ဦးအား မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ နှင့် ၇ အရ ယခုလို ပြစ်ဒဏ်များ ချလိုက်ခြင်း ဖြစ်သည်။

“သူတို့အားလုံး - ကိုအောင်သန့်ဇင်ဦး၊ ဖြိုးဖြိုးအောင်၊ ရှိန်းရာဇာထွန်းရယ်တို့က ၄ နှစ်။ ကိုနေဝင်း၊ အောင်ကျော်ဆန်း၊ ဘုန်းပြည့်ကြွယ်တို့က ၂ နှစ်ပဲ အသင်းအဖွဲ့ ၇ နဲ့။ ထောင်တွင်း အထူးတရားရုံးကနေပေါ့” ဟု ဗဟိုတရားရုံးရှေ့နေ ဦးခင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ အဖွဲ့ဝင်များဖြစ်သည့် မဖြိုးဖြိုးအောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်သန့်ဇင်ဦး တို့ကိုမူ အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ပုဒ်မ ၇ ဖြင့် ထောင်ဒဏ် ၂ နှစ် ချလိုက်ရာ စုစုပေါင်း ၄ နှစ် ကျခံရခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်း၊ မြန်မာမန်နေဂျာ ဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်း၊ ကိုဘုန်းပြည့်ကြွယ်တို့အား မတရား အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၇ ဖြင့် ၂ နှစ် ချခြင်းဖြစ်သည်။

သူတို့ အားလုံးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်နှင့် ဆက်သွယ်သည်၊ ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ဤ မတရားအသင်း အသင်းအဖွဲ့ ဥပဒေများဖြင့် ချမှတ်ခြင်းဖြစ်ကြောင်း သူတို့၏ ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

သူက ဆက်ပြီး “သူတို့ကို တကယ်တမ်း ချမယ်ဆိုရင် အနိမ့်ဆုံး ၂ နှစ် ကနေ အမြင့်ဆုံး ၈ နှစ်ထိ ကျခံရနိုင်တယ်။ အသင်းအဖွဲ့ ၆ ဆိုရင် ၄ နှစ် ကနေ ၂ နှစ်ပဲ။ အသင်းအဖွဲ့ ၇ ဆိုလည်း ၃ နှစ်ကနေ ၂ နှစ်ပဲ ချတယ်ဆိုတော့ နည်းနည်းလျော့တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လလယ်က ဧရာဝတီတိုင်း ဘိုးကလေးမြို့နယ်ရှိ နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့ရသည့် ရုပ်အလောင်းများအား မီးသင်္ဂြိုဟ်ကာ ရန်ကုန်မြို့သို့ အပြန်တွင် စရဖ - စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထို့အပြင် နာဂစ်အရေး သတင်းလိုက်ယူသဖြင့် Ecovision သတင်းထောက် မအိမ့်ခိုင်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသူ Weekly Eleven အယ်ဒီတာဖြစ်သူ အသက် ၃ဝ နှစ်အရွယ် ကိုကျော်ကျော်သန့်သည်လည်း အင်းစိန်ထောင်တွင်း အသက်ရှူကြပ်သည့် ရောဂါ ခံစားနေရသည်မှာ ၂ လကျော် ရှိနေပြီဟု အင်းစိန်ထောင်သို့ ယနေ့ ပါဆယ်သွားပို့သည့် ညီမဖြစ်သူ မဥမ္မာသန့်က မဇ္ဈိမကို ပြောသည်။

“အသက်ရှူကြပ်နေတာပေါ့နော်။ ၂ လကျော်နေပြီလေ။ သူက ဆေးမှူးကို ပြောပြတော့ ဆေးမှူးက နှလုံး အထူးကု ဆရာဝန်လာရင် ပြပေးမယ် ပြောထားတာ အခုထိ မလာသေးဘူး။ ဘယ်အချိန်ရောက်မလဲ ဆိုတာ မသိဘူးတဲ့လေ။ အသက်ရှူကောင်းအောင် ရှူဆေး ပို့ပေးတယ်၊ သွင်းပေးထားတယ်” ဟု သူက ပြောသည်။

ရန်ကုန်ရှိ အစိုးရမဟုတ်သော အဖွဲ့ထံ နာဂစ် ဒုက္ခသည်များက သွားရောက် အကူအညီတောင်းသည်ကို သတင်းလိုက်ယူရင်း ၂ဝဝ၈ ခု ဇွန်လ ၁ဝ ရက်နေ့တွင် ကိုကျော်ကျော်သန့် အဖမ်းခံခဲ့ရသည်။

ညီမဖြစ်သူက “သူ့မွေးနေ့က ဒီလ ၁၅ ရက်နေ့မှာလေ။ ထောင်မှာ အကြိုလုပ်ပေးလိုက်တယ်။ ကိတ်မုန့် ထည့်ပေးလိုက်တယ်။ နှစ်တိုင်းဆို မိသားစု စုံပြီးတော့ သူငယ်ချင်း အများကြီး လုပ်ဖြစ်တယ်။ ဒီနှစ်က မွေးနေ့ရှင်မရှိဘဲ လုပ်ဖြစ်ခဲ့တယ်။ သမီးတို့က အထူးကု ဆရာဝန်နဲ့ ပြစေချင်တယ်။ အဲလို ရောဂါမျိုးက နှလုံးအောင့်တယ် ဆိုတော့ အကြာကြီးထားလို့ မရဘူးလေ” ဟု ပြောသည်။

သူ့အား နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချထားသည်။

“သူက သတင်းရယူရင်း အဖမ်းခံထားရတာ ဖြစ်တယ်။ အခုပေးထားတဲ့ ပုဒ်မနဲ့ တခြားစီပါ။ ဒါကြောင့် အမြန်လွှတ်ပေးစေချင်တယ်။ အရွယ်ကောင်းတဲ့ အချိန်မှာ သူတတ်တဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုစေချင်တယ်။ ထောင်ထဲမှာ အကျိုးရှိမယ့် အချိန်တွေကို မကုန်ဆုံးစေချင်ပါဘူး။ အယ်ဒီတာ အလုပ်နဲ့ စာပေဘက်မှာ အကျိုးတွေ အများကြီး လုပ်ရမယ်” ဟု မဥမ္မာသန့်က ပြောဆိုသည်။

Thursday, April 9, 2009

မြစ်ကြီးနားထောင်မှ လူရွှင်တော်ဇာဂနာ ထောင်ဝင်စာငြင်းပယ်ခံရ


NEJ /ဧပြီလ(၇) ရက်၊ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့က မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာအား ထောင်ဝင်စာ သွားတွေ့သည့် ခယ်မဖြစ်သူ မငြိမ်းကို အဆိုပါ အကျဉ်းထောင်က ထောင်ဝင်စာ တွေ့ခွင့်မပေးကြောင်း အကျဉ်းဦးစီးဝန်ထမ်းတဦးက ပြောသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ထောင်ဝန်ထမ်းတဦးက “မငြိမ်းက မြစ်ကြီးနားကို ဧပြီ (၃) ရက်နေ့မှာ ရောက်တယ်။ မြစ်ကြီးနားကို မလာခင် ရန်ကုန်ကတည်းက ကျနော်တို့ ထောင်ပိုင် ဦးလှရွှေကို တွေ့ခွင့်တောင်းပြီးမှ လာတာလို့ သိရတယ်။ အဲဒါ ဒီရောက်တော့ ထောင်ဝင်စာတွေ့ထားတာ တလ မပြည့်သေးလို့ တွေ့ခွင့်မပေးဘူးဆိုပြီး ထောင်က ငြင်းလိုက်တယ်” ဟု ပြောသည်။

၎င်း၏ ပြောပြချက်အရ လူရွှင်တော်ဇာဂနာ၏ ခယ်မ မငြိမ်းသည် ရန်ကုန်က ကိုဇာဂနာ၏ မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦး ဈာပန အခမ်းအနား ဓာတ်ပုံများကိုလည်း ယူဆောင်လာကြောင်း၊ မိခင်ကြီး ဆုံးပါးသွားသည်မှာ မကြာသေးသည့်အတွက် အားပေးစကားပြောရန် တွေ့ခွင့်ပေးပါဟု အသနားခံခြင်းကိုလည်း ထောင်အာဏာပိုင်များ က ငြင်းပယ်လိုက်ကြောင်း ပြောသည်။ ထိုကြောင့် မငြိမ်းသည် ရန်ကုန်ပြန်ရန် လေယာဉ်လက်မှတ် တင်ထားသော် လည်း နေ့စဉ် လိုက်ပါခွင့်ရသည့် စာရင်းမှ ယနေ့ ဧပြီ (၇) ရက်နေ့အထိ ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်း ရှင်းပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်များတွင် မိသားစုဝင်များအနေဖြင့် ထောင်ကျအကျဉ်းသားများကို တလ နှစ်ကြိမ် တွေ့ဆုံခွင့် ရှိသော်လည်း နိုင်ငံရေးအကျဉ်းသားကိုမူ မည်သည့်အကြောင်းပြချက်မှ မပေးဘဲ တလတကြိမ် သာ တွေ့ခွင့်ပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက နှုတ်မိန့်ဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အပြင် နောက်ဆုံး တွေ့ဆုံခဲ့ချိန်မှ စ၍ တလမပြည့်မချင်း တွေ့ခွင့်မပြုရဆိုသည့် တရားမျှတမှုမရှိသောအမိန့်ကိုလည်း ချမှတ်ထား သည်။

အဆိုပါအမိန့် ထုတ်ရခြင်း ရည်ရွယ်ချက်သည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအနေဖြင့် လကုန်ခါနီးရက်တွင် ထောင်ကို အရောက်လာပြီး ကုန်တော့မည့်လတွင် တကြိမ်တွေ့၊ နောက်လ ရောက်သွားပြီးနောက် တကြိမ် ထပ်တွေ့ စသဖြင့် တခေါက်လာရုံနှင့် ထောင်ဝင်စာနှစ်ခေါက် မတွေ့နိုင်အောင် တားဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမိန့်ကြောင့် ထောင်ဝင်စာ တွေ့သူတဦးသည် ပြီးခဲ့သည့်လ (၁၅) ရက်က ထောင်ဝင်စာ တွေ့ထားခဲ့ပါက နောက်လတွင်လည်း (၁၅) ရက်နေ့ထက် စောပြီး လာရောက်တွေ့ဆုံခွင့် မပြုခြင်းမျိုး ဖြစ်သည်။

အခြားထောင်ကျ အကျဉ်းသားများမှာမူ တလအတွင်း ကြိုက်သည့်နေ့၊ သတ်မှတ်ထားသည့် ရက်တို့တွင် တွေ့ဆုံခွင့် ရသည်။ နအဖစစ်အစိုးရသည် နိုင်ငံရေးသမားများကို တရားဥပဒေအတိုင်း စစ်ဆေးစီရင်ခြင်းမျိုး မလုပ်ဘဲ တရားသူကြီးများကို အမိန့်ပေး ထောင်ချခိုင်းခြင်းမျိုး လုပ်ခဲ့ပြီး ထောင်ကျသွားသည့်အခါတွင်လည်း သွားလာရခက်ခဲသည့် နယ်ထောင်များဆီသို့ ပြောင်းရွှေ့ခဲ့သည်။

ထို့အပြင် ထောင်ကျအကျဉ်းသား ဖြစ်သွားသည့် နိုင်ငံရေးသမားများကို ထောင်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အခွင့်အရေးပေးခြင်းများ မရှိဘဲ သီးသန့် နှုတ်မိန့်များ၊ ညွှန်ကြားချက်များဖြင့် အကျဉ်းသားရော၊ မိသားစုဝင်များပါ ဒုက္ခရောက် အခက်တွေ့အောင် အမျိုးမျိုး ပြုမူဆောင်ရွက်နေကြသည်။

မြစ်ကြီးနားထောင်တွင် ထောင်အာဏာပိုင်များက ယခုကဲ့သို့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်နေမှုအပေါ် ကိုဇာဂနာ အပါအဝင် အကျဉ်းသားများက မကျေမနပ် ဖြစ်နေကြပြီး တစုံတခု တုံ့ပြန်ဆောင်ရွက်ရန် စဉ်းစားနေကြ ကြောင်းလည်း သတင်းရရှိသည်။

Tuesday, April 7, 2009

အထီးကျန်ရင်း သေမယ့်ရက်ကို စောင့်ဆိုင်းနေရသည့် မြန်မာပြည်က HIV/ AIDS ဝေဒနာရှင်များ

ဓာတ်ပုံရိုက်ပြီး နှစ်ပတ်အကြာမှာ သေဆုံးသွားခဲ့တဲ့ မြန်မာပြည်က အသက် ၄၉ နှစ်အရွယ် AIDS ဝေဒနာရှင်

-မြတ်စိုး-
၀၄-၀၁-၂၀၀၉


ဒီကနေ့ နယူးယောက်တိုင်းမ်သတင်းစာထဲ မှာ မြန်မာပြည်ရှိ HIV (Human Immunodeficiency Virus) ဆိုတဲ့ လူ့ရဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုး ရောဂါဝေဒနာခံစားသူတွေရဲ့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရေးသားဖော်ပြထားပါတယ်။

ဒီဆောင်းပါးထဲမှာ မြန်မာပြည်မှာ AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါ နှင့် HIV (Human Immunodeficiency Virus) ဆိုတဲ့လူ့ရဲ့ ကိုယ်ခံစွမ်းအားကျဆင်းစေ တဲ့ (Virus)ပိုး ဝေဒနာတွေကို ကုသပေးနေကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုဆရာမတွေ ဟာ ဒီလိုရောဂါရရှိနေကြတဲ့ လူနာသစ်များ ထပ်မံရောက်ရှိလာမှာ ကို ရင်တထိတ်ထိတ်နဲ့စိုးရိမ်ပူပင်သောက ရောက်နေကြ တယ်လို့ အစချီဖော်ပြထားပါတယ်။

ဒီလိုစိုးရိမ်ပူပန်နေမှုရဲ့ အခြေခံအကြောင်းအရာ ကတော့ ဒီရောဂါကိုစွဲကပ်နေသူတွေကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေဟာ လက်ရှိကုသပေးနေတဲ့ သူတွေအတွက်တောင် လုံလောက်မှုမရှိကြဘူးလို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Médecins Sans Frontières အကြီးအကဲ မန်နေဂျာ Joe Belliveau က ထုတ်ဖော် ပြောဆိုခဲ့တယ်။ ယခုအခါ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တစ်ခုဖြစ်တဲ့ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (Doctors Without Borders) ဟာ မြန်မာပြည်မှာ ဆေးခန်း ၂၃ ခန်းဖွင့်လှစ်ကာ ဆေးဝါးကုသပေးနေ ပါတယ်။ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (Doctors Without Borders) ရဲ့ အဆိုအရ HIV (Human Immunodeficiency Virus) ဆိုတဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ (Virus)ပိုး စွဲကပ်နေသူတွေဟာ ဆေးဝါးဖူလုံမှုမရှိတော့ တာကြောင့် AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါဝေဒနာ ကူးစက်ခံစားနေရပြီး သေဆုံးကြရတော့မယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

Médecins Sans Frontières လို့ခေါ်တဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ရဲ့ ခန့်မှန်းတွက်ဆချက်အရ မြန်မာပြည်မှာ HIV (Human Immunodeficiency Virus) ဆိုတဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုးစွဲကပ်နေသူ ၂၄၀,၀၀၀ ရှိပြီး၊ ၇၆,၀၀၀ ဟာ ဒီရောဂါကို ကုသနိုင်တဲ့ဆေးဝါး အရေးပေါ် အလျင်အမြန် လိုအပ်နေကြောင်း၊ ဆေးဝါးဖူလုံမှုမရှိခြင်းကြောင့် နှစ်စဉ် ဝေဒနာခံစားနေသူ ၂၅,၀၀၀ သေဆုံးလျှက်ရှိကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

Médecins Sans Frontières အဖွဲ့ဟာ ဝေဒနာခံစားနေရသူ ၁၁,၀၀၀ ကို အသက်ဆက်လက်ရှင်သန်ဖို့ ဆေးဝါးကုသပေးနေကြောင်း၊ ဝေဒနာရှင်များ ဆက်လက်အသက်ရှင်သန်ဖို့အတွက် ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ဆေးဝါးများ အလျင်အမြန်လိုအပ်နေကြောင်း ထုတ်ဖော်ပြောဆို ခဲ့တယ်။

ဒီလိုဆေးဝါးအရေးပေါ်လိုအပ်နေမှုကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်ခံစွမ်းအား ကျဆင်းမှု တိုက်ဖျက်ရေး ဌာနကလည်း မြန်မာစစ်အစိုးရ ကို အသိပေး အကြောင်းကြားထားကြောင်း၊ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ လက်ရှိ ရောဂါဝေဒနာခံစားနေရတဲ့ ၂၀ ရာခိုင်နှုန်းသော လူနာများအတွက်သာ ဆေးဝါးဖူလုံမှုရှိတယ်လို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ ဒီ ၂၀ ရာခိုင်နှုန်းသော လူနာတွေ အတွက် ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ဆေးဝါးများ ကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနှင့် မြန်မာနိုင်ငံကျန်းမာရေးဌာနက ထောက်ပံ့ကူညီပေးနေကြောင်း ဖော်ပြထား ပါတယ်။

ဒီလိုဆေးဝါးဖူလုံမှုမရှိတဲ့အပြင် လူနာ ၃၀၀၀ ကျော် ထပ်မံ ရောက်ရှိလာတာကြောင့်၊ လက်ရှိ မဖြစ်မနေ ဆေးဝါးလိုအပ်နေသူများ အတွက် အထူးစိုးရိမ်နေကြပြီး၊ HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုးစွဲကပ်နေသူတွေဟာ ကူးစက်ရောဂါ တွေ (opportunistic infections) တွေ ၀င်လာပြီး၊ စိတ်ဝေဒနာပြင်းထန်စွာခံစားကာ သေဆုံးမဲ့နေ့ကို အကူအညီမဲ့ အထီးကျန်စွာ စောင့်ဆိုင်းနေကြရတယ်လို့ ဒီကနေ့ နယူးယောက်တိုင်းမ် မှာ SETH MYDANS ဆိုသူကရေးသားဖော်ပြ ထားပါတယ်။

ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်မှာ HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအားကျဆင်းစေ တဲ့ (Virus)ပိုး စွဲကပ်နေသူတွေဟာ ဆင်းရဲတာကြောင့် အင်မတန်မှ ဈေးကြီးတဲ့ ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ ဆေးဝါးများ ကို ၀ယ်ယူဖို့ မတက်နိုင်တဲ့ အပြင်၊
မြန်မာ စစ်အစိုးရဟာ ကျန်းမာရေးထက် စစ်လက်နက်ဝယ်ယူရေးတွေမှာ ငွေကြေး ပိုမိုသုံးစွဲနေကြောင်း နိုင်ငံတကာ အစီရင်ခံစာ တစ်ခုထဲမှာ ဖော်ပြထားတာ ကြောင့် HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus) ပိုးစွဲကပ်နေသူ ဝေဒနာရှင် များဟာ သေမဲ့ရက်ကိုစောင့်စားနေယုံမှ တပါး အခြားနည်းလမ်းမရှိကြတော့ဘူးလို့ ရေးသားဖော်ပြထားပါတယ်။

မြန်မာပြည်က HIV-AIDS ဝေဒနာရှင်များ ဆက်လက်အသက်ရှင်သန်ဖို့ ဆေးဝါးအလျင်အမြန်ရရှိနိုင်ကြပါစေ။


(ကိုမိုးသီးဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။)
(မြန်မာပြည်တွင် HIV-AIDS ဝေဒနာရှင်များကို စောင့်ရှောက်ကူညီနေသည့် မဖြူဖြူသင်းလို စေတနာရှင်မျိုး မြောက်များစွာ ပေါ်ထွန်းလာပါစေ။)

Monday, April 6, 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာလျှင် ရရှိနိုင်သော အခွင့်ဆုလာဘ်တစ်ခု

နအဖက ငါ့မှာ တပ်ရှိတယ်၊ သေနတ်ရှိတယ်ဆိုပြီး နိုင်ငံရေးကို ကြီးနိုင်ငယ်ညှင်း နိုင်ရာစား တောတွင်းဥပဒေဖြင့် အနိုင်ကျင့်၊ ဗိုလ်ကျ ကျင့်သုံးခဲ့သည်မှာ ယဉ်ကျေးသော ကမ္ဘာ့အဖွဲ့အစည်းတွင် သူ၏ နံမည်ဆိုးကို သူကိုယ်တိုင် မော်ကွန်းထိုးလျက် ရှိနေသလို၊ ပြည်သူများမှာလည်း ငခါးဒဏ် င၀က်ခံ နေရသည့် အခြေအနေမျိုး ဖြစ်နေပေသည်။

လောက၌ ကျနော်ယုံကြည်သော အမှန်တရားမှာ ဘယ်အရာမဆို ဖြစ်ပျက်သဘော၌သာလျှင် ချုပ်ငြိမ်းကုန်ပါသည်။ ဖြစ်ပြီးရင် ပျက်မည်၊ ပျက်ပြီးရင် ဖြစ်မည်သာဖြစ်သည်။ မည်သည့်အရာမှ မတည်မြဲပါချေ။ လူတိုင်း အာဏာတည်မြဲအောင် လုပ်ခဲ့ကြသည်။ မဖြစ်ခဲ့ပါ။ ဦးနေ၀င်း၊ ဦးစောမောင်၊ ဦးခင်ညွန့်တို့ကို ဥပမာကြည့်ပါ။ လူတိုင်း မသေချင်၍ အသက်ရှင်အောင် လုပ်ခဲ့ကြသည်။ မဖြစ်ခဲ့ကြပါ။

ဤသို့ဆိုလျှင် ဦးသန်းရွှေ တစ်သက်လုံး အာဏာမြဲမည်မှာ လုံးဝမဖြစ်နိုင်သကဲ့သို့ ဦးသန်းရွှေ မသေတော့ဘူး ဆိုတာလည်း မဖြစ်နိုင်ပါချေ။ ထိုသို့မဟုတ်ပဲ မျက်စိစုံမှိတ်၍ တစ်သက်လုံးအာဏာမြဲမည်၊ ကမ္ဘာဆုံးတိုင် အသက်ရှည်မည်ဟု ဇွတ်ကြိတ်မှိတ်ယုံကြည်မည်ဆိုပါက ထိုသူသည် တရားမရှိသော သူရူးတစ်ယောက်ပင် ဖြစ်ချေလိမ့်မည်။

လူတွေသည် ရှင်ဖို့သာလျှင် ရုန်းကန်လှုပ်ရှားကြ၍ သေဖို့ရန် ပြင်ဆင်ထားမှု အားနည်းတတ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် လောက၌ တရားမရှိသူ၊ တရားမသိသူတွေ များပြားနေခြင်းဖြစ်သည်။
ဤသည်တွင် အသက်အရွယ် အလတ်ကြီး ရှိသေးသော တောင်အာဖရိက သမ္မတ ဒီကလပ်ကို လေးစားမိပါသည်။ အသားအရောင်ခွဲခြားမှုပြင်းထန်၍ ကမ္ဘာက စီးပွားရေး ပိတ်ဆို့မှုပေါင်းစုံ ပြုလုပ်ထားသော တောင်အာဖရိကနိုင်ငံတွင် လူမည်းအခွင့်အရေးများနှင့် ဒီမိုကရေစီကို လမ်းဖွင့်ပေးခြင်းဖြင့် နိုင်ငံတကာက အသိအမှတ်ပြု အလေးထားပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုပါ ချီးမြှင့်ခံခဲ့ရသည်။ အကျိုးဆက်အားဖြင့်လည်း တောင်အာဖရိကနိုင်ငံရှိ ပြည်သူများလည်း စီးပွားရေးကောင်းမွန်၍ နိုင်ငံရေးတည်ငြိမ်မှုလည်း ရရှိခဲ့သည့်အပြင် လူ့အခွင့်အရေးများလည်း ပြည့်ဝစွာ ခံစားလျက် ရှိနေပေသည်။

ဤသို့ဆိုပါလျှင် အသက်အရွယ်ကြီးရင့်လာပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေရော ကမ္ဘာတွင် လူတကာလက်ညှိုးဝိုင်းထိုးနေသော အဖြစ်မှ သိက္ခာရှိသော လူကြီးလူကောင်းအဖြစ် ကမ္ဗည်းမထိုးနိုင်ဘူးလား။
ဦးသန်းရွှေအတွက် လုပ်ပိုင်ခွင့်အပြည့်အ၀ရှိသည့်အချိန်တွင် လုပ်နိုင်မည့်ကိုယ်ပိုင် အခွင့်ထူးဆုလာဘ်တစ်ခုဟု ကျနော် ယုံကြည်မိပါသည်။

စစ်ခေါင်းဆောင်ကြီး ဦးသန်းရွှေအနေဖြင့် ပထမဦးဆုံး သူ၏ သဘောထားကြီးကျယ်မြင့်မြတ်မှုကို ပြသရပါမည်။ ဤသည်မှာ တစ်မျိုးသားလုံး၏ လူထုခေါင်းဆောင်ဟု ခေါ်ဆိုနိုင်သော ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ အနုပညာကိုယ်စားပြု ကိုဇာဂနာ အစရှိသည့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား အားလုံးအား လွတ်လပ်ခွင့်ပေးခြင်းဖြင့် အစပြုခြင်းဖြင့် စတင်သင့်ပါသည်။
ဤသည်ကို ကမ္ဘာတစ်ဝှမ်းလုံးကလည်း သောင်းသောင်းဖျဖျ ကြိုဆိုကြပါမည်။

၎င်းနောက်တွင်မှ ထိုသူများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းမှ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို စတင်မည်ဆိုလျှင် သင်ပုန်းချေရုံသာမက သဘောထားကြီးခြင်း၊ လူကြီးလူကောင်းဆန်ခြင်း၊ တိုင်းပြည်အား ဒုက္ခနွံအတွင်းမှ အချိန်မီ ပြန်လည် ဆယ်ယူပေးခြင်း၊ မြန်မာ့ဒီမိုကရေစီ၏ ဖခင်၊ တိုင်းပြည်အတွက် အနစ်နာခံပေးဆပ်သူ၊ ......................... စသည့် ဂုဏ်ဒြပ်များစွာနှင့် ပြည့်စုံသည့် အခြေအနေတစ်ရပ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပေမည်။
ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်စိုးဝင်းတို့လို အာရှကျွန်းနိုင်ငံငယ်လေး၏ အကောင်းဆုံးကုသမှုလေးသာ ရရှိခဲ့ရသည့် အဖြစ်များကိုလည်း ကျော်လွှားဖြေရှင်းပြီး ဖြစ်ချေလိမ့်မည်။

လူဆိုသည်မှာ ရဟန္တာများ မဟုတ်၍ အတ္တမကင်းနိုင်ပါချေ။ အတ္တအနည်းဆုံး ပြုမှုဆောင်ရွက်ခြင်းသည်ပင် သာမန်လူသားတစ်ဦး မပြုလုပ်နိုင်သည့်အရာကို ပြုလုပ်နိုင်ခဲ့သည့် ပါရမီကြီးသည့်ပုဂ္ဂိုလ်များသာလျှင် ဖြစ်ချေသည်ဟု ယုံကြည်မိပါသည်။

မောင်ပွကြီး
၇၊ ၄၊ ၂၀၀၉

Sunday, April 5, 2009

ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို အေးချမ်းသွားစေချင်တယ်

Friday, 03 April 2009 18:55 ဧရာဝတီ

အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့် စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဘန်ကောက်မြို့ IC ရှိုးတွင် သူ့အလှည့်ရောက်ရန် စောင့်နေသည့် လေးဖြူ (ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။

ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနော်တို့ ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။

ဒီအချိန်မှာ ကျနော်တို့ အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။

ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့ မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။

ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့ မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ - ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။

ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့ အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့ မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။

ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။

ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ ပိုပြီး နှစ်သက်ပါတယ်။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ ပြောလို့ ရပါသလား။

ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့ နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။

မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။

ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ ရင်ခုန်သံနဲ့ သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။

မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ ပြောမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့ အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။ မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့ မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။

“ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတဲ့ လေးဖြူ (ဓာတ်ပုံ - ဧရာဝတီ)

မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။

ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။

ဘန်ကောက်မှာ အတွေ့အကြုံသစ်တွေ ရသွားတဲ့ လေးဖြူနဲ့ IC

Wednesday, 01 April 2009 19:39 အေးချမ်းမြေ့
ဘန်ကောက်မြို့တွင် ကျင်းပမည့် IC ရှိုးဖြစ်သောကြောင့် မိုးလုံလေလုံ ကပွဲရုံကြီးထဲတွင် ဆလိုက်ရောင်စုံများ ဝေဝေဆာဆာ၊ တန်ဖိုးကြီးကားများနှင့် တောက်ပစွာ ဝတ်ဆင်ထားသည့် လူရောင်စုံများ ဟု မြင်ယောင် လိုက်လျှင် လုံးဝလွဲချော်သွားပါလိမ့်မည်။

ပရိသတ်က IC ကို ဤသို့ အားပေးသည် (ဓာတ်ပုံ - ဧရာဝတီ)

စက်ရုံဆောက်မည့် ဝင်းကြီးကို သွပ်ပြားများဖြင့် ကာရံထားသည့်အထဲ၌ ပွဲကျင်းပမည့် သံပိုက်လုံး စင်ကြီးကို တွေ့ရသည်။ အပြင်ဘက်မှာတော့ လူအများ စုရုံးနေကြသည်။ ပြီးတော့ ဈေးကလေးတဈေးနှင့် အရက်ဆိုင် ကလေး တဆိုင် ကိုလည်း တွေ့ရသည်။

IC ပွဲကျင်းပရာနေရာသို့သွားရာ လမ်းတလျှောက်တွင် မိန်းကလေး၊ ယောက်ျားလေးလူငယ်များ ပေါ့ပါး သစ်လွင်စွာ သွားလာနေကြသည်။ သူတို့အားလုံးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ သူတို့ တွင် ရှိသည့် အဝတ်အစားများထဲမှ အကောင်းဆုံးကို ဝတ်ဆင်လာကြပုံရသည်။ အားလုံး ပျော်ရွှင်နေကြ သည်ကတော့ သေချာသည်။

ပွဲကြည့်ရန် တဖွဲဖွဲ ဝင်လာသူ လူငယ်များက IC အဖွဲ့သားများကို မတွေ့ရသေးမီကပင် ကခုန် ပျော်ရွှင်နေ ကြသည်။ ပွဲကျင်းပမည့် စင်ကြီး ဘေးတွင်ထောင် ထားသည့် ပရိုဂျက်တာကြီးမှာတော့ IC ၁၅ နှစ်ပြည့် ရှိုး ဗီစီဒီကို ဖွင့်ထားသည်။ ထိုဗီစီဒီထဲမှ ထွက်ပေါ်လာသမျှ သီချင်းတိုင်းကို လိုက်ဆိုရင်း အားလုံးက စတိတ်ရှိုး ကြည့်နေသည့် ပုံစံအတိုင်း လက်များကိုမြှောက်ကာ မြူးတူးနေကြသည်။

ဗီစီဒီထဲတွင်ပါသည့် ကိုချစ်စမ်းမောင်၏ မြနန္ဒာ သီချင်း လိဒ် ဆိုလိုသံကိုကြားတော့ အားလုံး ကွေးနေအောင် ထကကြပြန်သည်။ IC အလာကို စိတ်ရှည်လက်ရှည်စောင့်ရင်း ပျော်ရွှင်မြူးကြွနေကြသည်။ အချိန်က ည ၈ နာရီနီးပါး ရှိနေပြီဖြစ်သော်လည်း ပွဲ မစနိုင်သေး။




ဂိတ်ဝမှာ လက်မှတ်ရောင်းနေသည်။ “တစောင် ဘတ် ၄၀၀” ဟု ကပ်ထားသည်။ IC အဖွဲ့သားများ၏ ဓာတ်ပုံကိုလည်း ဗနိုင်းစဖြင့်ထုတ်ကာ ပိုစတာအဖြစ်ကပ်ထားသည်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်နှင့် ကြိုးကြာတို့ အပါအဝင် IC ဝိုင်းတော်သားများ မတ်လ ၂၉ ရက်နေ့ ညတွင် ဘန်ကောက်မြို့၊ ဘန်ဘော် အရပ်၌ ဖျော်ဖြေမည်ဟု ရေးသားထားသည်။

အများစုကတော့ လက်မှတ်တစောင် ဘတ် ၄၀၀ ကို များသည်ဟု မပြောကြ။ လေးဖြူကို ကြည့်ရတာပင် အမြတ်ဟု ပြောကြသည်။

“ကျနော်က ကော့ကရိတ်မှာ နေတာဆိုတော့ ပြည်တွင်းမှာဆို လုံးဝကြည့်ရမှာ မဟုတ်ဘူး။ ခု IC လည်းကြည့်ရတယ်၊ ကိုလေးဖြူကြီးလည်း ပါတယ်ဆိုတော့ ၄၀၀ တန်ပါတယ်ဗျာ။ အစက ပွဲပျက်မလို ကြားနေရတာ။ ခု မပျက်ဘူးဆိုတော့မှ သက်ပျင်းချနိုင်တယ်” ဟု ကိုမိုးအောင် ဆိုသူ အထည်ချုပ် အလုပ်သမား လူငယ်က တက်ကြွစွာ ပြောသည်။ သူကအလုပ်သမားကတ်ဖြင့် တရားဝင်နေထိုင်သူ ဖြစ်၏။

ဆက်လက်၍သူက တချို့သောသူများမှာ လကုန်ရက်ဖြစ်သောကြောင့် ကြည့်ချင်သော်လည်း မကြည့်နိုင်ဟု ရှင်းပြသည်။ သူကတော့ ၁၅ ရက်တကြိမ်လုပ်ခ ရှင်းသဖြင့် ကြည့်နိုင်သည်ဟု ဆိုသည်။ တချို့ သိပ်ကြည့် ချင်သော်လည်း ပိုက်ဆံမတတ်နိုင်သူတို့က ချေးငှားကြည့်ကြသည်ဟု ပြောသည်။

ဘန်ကောက်မြို့ထဲမှ တက္ကသိုလ်များတွင် တက်ရောက်နေသော မြန်မာကျောင်းသားများလည်း လာကြည့် ကြသည်။ အယောက် ၃၀ ကျော် ၄၀ နီးပါးခန့်ရှိမည် ခန့်မှန်းရသည်။

ပွဲစီစဉ်သူများကို စုံစမ်းကြည့်ရာ ၁၀ ဦးခန့်ရှိသည်။ ထိုင်းကော မြန်မာများပါ ပါသည်ဟု သိရသည်။ ပွဲခေါင်းစဉ် ကို ထိုင်း - မြန်မာ ချစ်ကြည်ရေးပွဲဟု တပ်ထားသည်။ ၎င်းတို့နှင့် နီးစပ်သူ တဦးကတော့ ဘယ်အဖွဲ့အစည်း ကမှ စီစဉ်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိက အစီအစဉ်သာဖြစ်သည်ဟု ပြောသည်။

အဝင်ဝတွင် ကင်မရာ တလုံး (ကြီးကြီး၊ သေးသေး) ဘတ် ၃၀၀ အခွန်ဆောင်ခိုင်းသည်။ ဗီဒီယို ကင်မရာ ကတော့ လုံးဝမယူရ။ အဝင်ပေါက်ဝတွင် ထိုင်းနှင့်မြန်မာ လုံခြုံရေး ဝန်ထမ်း ၁၅ ဦးခန့် တန်းစီရပ်နေသည်။ သူတို့ တဘက်တချက်ကြားမှ ဝင်သွားရသည်။

ကန်ထရိုက်ယူထားသူများက ဗီဒီယိုကင်မရာကြီး သုံးလုံးဆင်၍ ရိုက်ရန်ပြင်ဆင်နေသည်။

IC အဖွဲ့ကိုငှားရမ်းရာတွင် တီးဝိုင်းအဖွဲ့ဝင်တဦးစီအတွက် ဒေါ်လာ ၂၀၀၀ စီနှင့် ကိုလေးဖြူမှအပ ကျန် သည့်အဆိုတော်များအတွက် ဒေါ်လာ ၂၀၀၀ ကျသင့်ပြီး ကိုလေးဖြူကို ငှားရမ်းလိုလျှင် ဒေါ်လာ ၂၅၀၀ ပေးရမည်ဟု ၎င်းအဖွဲ့၏ တာဝန်ရှိသူတဦးထံမှ သိရသည်။ ၎င်းငွေမှာ အဖွဲ့ကို ငှားရမ်းစရိတ်သာဖြစ်ပြီး ခရီးစရိတ်၊ နေစရိတ်တို့ကို ကျခံရမည်ဖြစ်သည်။

၇ နာရီ ပွဲစမည်ဆိုသည့် IC က ၈ နာရီတော်တော်လေး ကျော်မှ စဖြစ်သည်။ လာကြည့်သည့် လူက ၁၅၀၀ ဝန်းကျင်ခန့် ရှိမည်။ တဖွဲဖွဲလာနေကြသည်။ ဝန်းအပြင်ဘက် ထွက်ကြည့်တော့ အပြင်မှာလည်း လူတွေ ဖွေးဖွေးလှုပ်နေသည်။ ထိုသူအားလုံးက လက်မှတ်မဝယ်နိုင်သဖြင့် တီးဝိုင်းကအသံ လာနားထောင်သူ များဖြစ်သည်။

ဝန်းကြီး၏ ဘေး နှစ်ဘက်က စက်ရုံများ၏ ပြူတင်းပေါက်များတွင်လည်း ပွဲကြည့်နေသူများ ကိုတွေ့ရသည်။

IC က စစချင်းအဖွင့်တီးလုံးပင် ရှည်ရှည်ဝေးဝေးတီးမနေဘဲ ကြိုးကြာ၏ သီချင်းဖြင့် စဖွင့်လိုက်သည်။ ကြိုးကြာကို ပန်းစည်းများ ဝိုင်းကမ်းကြသည်။ ကြိုးကြာပြီးတော့ ဆုန်သင်းပါရ်။ ဆုန်သင်းပါရ်က ရော့ခ် အဆူ သီချင်းများသာ ဆိုသည်။ အားလုံးက စည်းချက်ညီညီ ကခုန်ရင်း လိုက်ဆိုကာ အားပေးနေကြသည်။ တချို့က ဖုန်း ကင်မရာများဖြင့် ရိုက်ယူကြသည်။

ထိုအချိန်တွင် ဘေးမှ အသံတသံ ထွက်ပေါ်လာသည်။ “လမ်းထိပ်မှာ ဖမ်းနေတယ်။ အလုပ်သမားတွေ အများကြီးပဲ” ဟူ၍ဖြစ်သည်။

စင်ပေါ်မှာတော့ ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ တို့က စင်မြင့်ဖျော်ဖြေပွဲများတွင် သူတို့ လမိုင်းကပ်နေကျ သီချင်း များဖြင့် တယောက် ၅ ပုဒ်ခန့်စီ တလှည့်စီ ဖျော်ဖြေနေသည်။ ပရိသတ်က ကခုန်မြူးတူးနေဆဲ ဖြစ်သည်။

ပန်းစည်း များကို ဝယ်ပြီး အဆိုတော်များကို ကမ်းပေးနေကြသည်။ မျိုးကြီးက “လေပြည်” သီချင်းကို အားရ ပါးရ သီဆို သွားသည်။ သူ့လိုက်ဖ်ရှိုးအခွေထဲမှ “နားနားပြီးပြော” ကိုဆိုတော့ အားလုံးလိုက်ဆိုပြန်သည်။

ကိုအငဲက ဆိုကာနီးတွင် “ခုလို ဒုက္ခတွေကြားက လာအားပေးကြတဲ့ ခင်ဗျားတို့ကို ကျေးဇူး တင်တယ်ဗျာ” ဟု ပြောလိုက်ရာ ပရိသတ်က “ဝေး” ခနဲ ထအော်သည်။ လုံခြုံရေးများက နံပါတ်တုတ်များဖြင့် စောင့်နေ သည်။ သို့သော် ပွဲမစခင်မှာ အပြင်ဆွဲထုတ်ခံရသည့် လူ တယောက်၊ နှစ်ယောက် ရှိသည်က လွဲ၍ ဘာပြဿနာမှ ထွေထွေထူးထူးမရှိ။

ပွဲခင်းအပြင်ဘက်က အရက်ဆိုင်ကလေး တဆိုင်မှာတော့ ဗမာသီချင်း ကာရာအိုကေ ဆိုနေကြတာ တွေ့သည်။ ဗမာကာရာအိုကေ တပုဒ်ဆိုလျှင် ၅ ဘတ်ပေးရသည်ဟု သိရသည်။ ပွဲဝင်းထဲမှာ IC က
ခေတ်ပေါ် ရော့ခ်ဂီတဖြင့် မြူးကြွနေသလို အပြင်ဘက်က ထိုဆိုင်ကလေးထဲတွင်လည်း မြန်မာသံစဉ် သီချင်းသံများ ထွက်ပေါ်နေ၏။

ပရိသတ်က “လေးဖြူ … လေးဖြူ” ဟု အော်ကြသည်။ သို့သော်လည်း ကျန်အဆိုတော်များကို အနှောင့်အယှက်မပေး။ ကိုအငဲ ဆိုနေစဉ် ကိုလေးဖြူက စင်အောက်မှ စောင့်ကြည့်နေသည်။

သူ့အလှည့်ကျတော့ ကိုလေးဖြူက “ထွက်ပေါက်” သီချင်းဖြင့် စဖွင့်သည်။ လေဟာပြင် ဖျော်ဖြေပွဲ ဖြစ်သောကြောင့် သီချင်းတွေက ရော့ခ် အဆူ များသည်။ ကိုလေးဖြူက “ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတော့ ပရိသတ်က အားရပါးရလိုက်ဆိုသည်။

ကိုလေးဖြူ၏ သီချင်း ဆိုလိုကို ကိုချစ်စမ်းမောင် တီးနေစဉ် ကိုလေးဖြူက ကိုချစ်စမ်းမောင်ကို လက်ညှိုး ထိုးကာ “ဗမာကွ … ဒါ ဗမာ” ဟု အော်လိုက်ရာ ပရိသတ်က “ဝေး” ကနဲ အော်ဟစ် အားပေးပြန်သည်။

ကိုလေးဖြူနှင့် ပရိသတ်က တော်တော်လေး စီးကပ်နေ၏။ ပန်းစည်းတွေကမ်းပြီး လက်ကိုဆွဲထားကြသည်။ ရော့ခ် အမြန်၊ အဆူများ ဆိုအပြီးတွင် သူ့ နောက်ဆုံးထုတ် ဘင်္ဂလား ပင်လယ်အော် (BOB) အခွေထဲမှ စာမျက်နှာ ၁၅ သီချင်းကို သီဆိုသည်။ ပရိသတ် က ဟုတ်တိပတ်တိ လိုက်မဆိုကြ။ နားပဲ ထောင်နေကြ သည်။

“ဒီသီချင်းကို လိုက်မဆိုတာ ထူးဆန်းတယ်။ ရန်ကုန်မှာ ဆိုရင် ဒီသီချင်းက ပရိတ်သတ်အကုန် လိုက်ဆိုတဲ့ သီချင်းလေ” ဟု ကိုခင်မောင်သန့်က ပြောပြသည်။ “သူတို့တွေဆီ ဒီသီချင်း မရောက် သေးဘူးလား မသိဘူး” ဟုလည်း သူက ဆက်ပြောသည်။

သူ့ကိုယ်သူ Clay ဟု ပြောသည့် အမေရိကန်နိုင်ငံသား တယောက်လည်း လာအားပေးတာ တွေ့ရသည်။ သူက“မြန်မာပြည်မှာ နာမည်အကြီးဆုံး ရော့ခ်ဘန်ပဲ။ ကျနော်သိပ်ကြိုက်ပါတယ်။ မြန်မာပြည်ကို သွားလည် တုန်းက သူတို့ ဓာတ်ပုံတွေက နေရာအနှံ့ပဲ” ဟု ဆိုသည်။ ထိုင်းလူငယ် တော်တော်များများလည်း လာကြသည်။

ကိုလေးဖြူ ဆိုနေစဉ်။ ငလျင်တချက် လှုပ်ခါသွားရာ သံပိုက်လုံးများဖြင့် ဆောက်ထားသည့် စင်ကြီး အနည်းငယ် ယမ်းခါသွားသည်။ ပွဲကြီးကြပ်သူများက ဘေးသံတိုင်များဖြင့် မလွတ်သူများကို လာရောက် ဖယ်ရှားခိုင်းနေသည်။ ဘာမှတော့ ဆက်မဖြစ်။

တီးခတ်သူများ အစွမ်းပြချိန်ကို ပရိသတ်က မျှော်နေကြသည်။ သို့သော် ကိုလေးဖြူ ဆိုပြီးတာနှင့် ပွဲသိမ်းဖို့ပြင်တာ တွေ့ရသည်။ ထိုင်းအာဏာပိုင်များက ပွဲကို သိမ်းခိုင်းနေသည်ဟုလည်း ကြားနေရသည်။

ကိုလေးဖြူက တပုဒ်သီဆိုအပြီးတွင် “ကျနော် သူတို့ကို ပါးပါးလေး ညှိကြည့်လိုက်မယ်” ဟု ပြောလိုက်သည်။ ပရိသတ်က အရှိန်ရနေဆဲဖြစ်သည်။

သို့သော် စင်ပေါ်သို့ ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီး၊ ကိုဝိုင်ဝိုင်း လေးယောက်စလုံး တက်ကာ သူတို့ပွဲသိမ်း နေကျ “ဒီဇင်ဘာ” သီချင်းကို ဆိုသည်။ ပြီးတော့ တယောက် တပုဒ်စီဆိုကာ ကိုလေးဖြူ၏ “စုန်းမ” သီချင်းဖြင့် ပွဲကို အဆုံး သတ်လိုက် တော့သည်။

“သူတို့က ခဏခဏ လာပြီး ပွဲကိုရပ်တော့လို့ ပြောတာနဲ့ ရပ်လိုက်ရတာ” ဟု ကိုခင်မောင်သန့်က ပြောပြသည်။ ပွဲကျင်းပမည့် နေ့ တနေ့လုံး သူတို့ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟုလည်း ဆိုသည်။ စက်များဆင်ရန် လာခေါ်ရမည့်အချိန်ထက် ၃ နာရီလောက် နောက်ကျသဖြင့် အစီအစဉ်များ ကြပ်ကုန် သည်ဟုလည်း ပြောသည်။

ပွဲပြီးပြီးချင်းပင် IC ပွဲလာကြည့်သည့် ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀၀ ကျော်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းသွားသည်ဟု ကြားလိုက်ရသည်။

“ကျနော်တို့ရှေ့တင် အချုပ်ကားကြီးနဲ့ ၂ စီး လူတွေကို တင်ဖမ်းသွားတာ တွေ့လိုက်တယ်” ဟု ကိုခင် မောင်သန့်က ပြောပြသည်။ သူတို့အားလုံးလည်း စိတ်မကောင်း ဖြစ်နေကြသည်။ ဒါမျိုး တခါမှ မကြုံဖူးဘူးဟု ဆိုသည်။ သူတို့အဖွဲ့၏ ပတ်စ်ပို့စ်များကို တောင်ယူစစ်ဆေးနေသောကြောင့် ပွဲ တော်တော် နှင့်မစနိုင်ခြင်း ဖြစ်သည်။

လာသမျှပရိသတ်တို့၏ ပတ်စ်ပို့စ်များကိုလည်း လမ်းဝမှ စောင့်စစ်သည်ဟု သိရသည်။ တချို့တက္ကသိုလ် ကျောင်းသားများ ဆိုလျှင် ကျောင်းသားကတ်သာ ပါလာပြီး ပတ်စ်ပို့စ် မပါလာသောကြောင့် အတော်လေး ရှင်းယူရသည်ဟု အေးပက်တက္ကသိုလ်တွင် ဂုဏ်ထူးတန်းတက်နေသည့် ကျောင်းသူတဦးက ပြောသည်။

“ကျမတို့လည်း IC မို့လို့သာ စောင့်ကြည့်တာ။ တခြားတခုခုဆို မစောင့် တော့ဘူး။ နေရာက မလုံခြုံဘူးလို့ ခံစားတယ်” ဟု သူကဆိုသည်။ “အဆိုတော်တွေ ပုံစံနဲ့ သူတို့ပြောနေတဲ့စကားတွေ ကြားရတာလည်း တမျိုးကြီးပဲ။ သူတို့ ပျော်ပုံမရဘူး။ ပွဲက တခုခုလိုနေသလိုပဲ။ နောက်ပြီး တနာရီခွဲလောက်ပဲ တီးပြီး သိမ်းလိုက်တော့ စိတ်ကျေနပ်မှုမရဘူး” ဟု သူက ဆက် ပြောသည်။

IC ပွဲသိမ်းပြီးချိန်တွင် ပွဲခင်းအပြင်ဘက် အရက်ဆိုင်ကလေးထဲ၌ နတ်ကန္နားများတွင် ဆိုသည့် သီချင်း တပုဒ်ကိုဖွင့်ကာ အားပါးတရ ကခုန်မြူးတူးနေသည့် ဗမာ အမျိုးသား၊ အမျိုး သမီး အယောက် ၃၀ ကျော်ခန့်ကို တွေ့ရသည်။ ရှေ့က လမ်းပေါ်မှာတော့ ရဲကား ၅ စီးခန့် အချက်ပြ မီးများဖွင့်ကာ ဥဒဟို သွားလာနေသည်။

“ဘန်ကောက်ကိုတော့ တော်တော်လေး လန့်သွားပြီ။ အဖမ်းခံရတဲ့ သူတွေအတွက်တော့ စိတ် မကောင်းဘူးဗျာ။ သနားပါတယ်” ဟု ကိုခင်မောင်သန့်က ပြောသည်။ ။