Tuesday, January 10, 2012

“သတ္တိရှိမှ စိမ်ခေါ်ပါ နှင့် ခင်ဗျားတို့ ရင်ထဲက ခင်ဗျားတို့ထင်မြင်တဲ့ အမှန်တရားတွေအတွက် လူပေါင်းဘယ်လောက်၊ သေကြေ၊ ပျက်စီး၊ ဒုက္ခရောက်ပေးရမည်နည်း။”

မြန်မာပြည်သူများဘဝ

မြန်မာပြည်သူများသည် လူမိုက်များကဲ့သို့ ပညာမဲ့သူတဇောက်ကန်းများ၏ ပါးစပ်ဖြင့်မဖြေရှင်းပဲ လက်ဖြင့်၊ (လက်နက်ဖြင့်) ဖြေရှင်းသောလုပ်ရပ်ကို ဝဋ်ကြွေးရှိသော ငရဲသားများပမာ ခေတ်အဆက်ဆက် ခံခဲ့ရသည်။ ကမ္ဘာစစ်ဖြစ်သောအချိန်တွင်လည်း မလစ်ဟင်းခဲ့ပါချေ။ ဂျပန်သားကောင်ဖြစ်ရ၊ အင်္ဂလိပ်သားကောင်ပြန်ဖြစ်ရ။… လွတ်လပ်ရေးရပြီးသော်လည်း ကိုယ်ထင်ရာကို ကိုယ်အမှန်လုပ်နေသည့် ပညာနည်း၊ အတ္တကြီးသော လက်နက်ကိုင်(စစ်အစိုးရအပါအဝင်) အဖွဲ့အစည်းပေါင်းစုံ၏ သားကောင်ဘဝ ကျရောက်ရပြန်သည်။

ကရင်ပြည်နယ်ဖြစ်ရပ်ဥပမာ

ကရင်ပြည်နယ်တွင် ဥပမာ ကြည့်ရအောင်။ KNU နှင့် DKBA ကွဲသည်။ ကရင်လူထုမှာ ရပ်ရွာထဲသို့ DKBA ဝင်လာရင်လည်း သူတို့မေးသမျှ ဖြေရသည့်အပြင်၊ KNUနဲ့ ပတ်သက်သည်ဟု ယူဆသောသူများ သတ်ခံရသည်။ KNU ဝင်လာတော့လည်း DKBA နှင့် ပတ်သက်သည်ဟု ယူဆကာ သတ်လိုက်ကြပြန်သည်။ စစ်အစိုးရတပ်ဝင်လာသောအချိန်တွင်လည်း ထိုနည်းလည်းကောင်း။

နအဖစစ်တပ်က ပိုဆိုးသည်မှာ ကြက်ခိုး၊ ပစ္စည်းခိုးသာမက လူပါ ခိုးသည်။ (ကလေးကို ကျော၍ အဝတ်ဖြင့် စည်းထားကာ တဝမ်းတခါးအတွက် ရော်ဘာစေးခြစ်နေသော အမျိုးသမီးကို အစိုးရစစ်ကြောင်းမှ ရဲဘော်များက ဟိုမေး ဒီမြန်းလုပ်ပြီး လိင်ဆက်ဆံရန် တောင်းဆိုသည်။ အမျိုးသမီးက ကြောက်သော်လည်း လက်မခံနိုင်။ ငြင်းဖို့ကလည်းမဖြစ်။ အပြစ်ရှာပြီး အကြောင်းမျိုးစုံပြ သတ်ခံရအုံးမည်။ လိင်ဆက်ဆံပြီးလျှင်သော်မှ သတ်ပစ်ထားခဲ့သည်က ဒုနဲ့ဒေးဆိုတာကိုလည်း ဗဟုသုတရှိထားလေခဲ့တော့…...”ငါတော့ မလှန်ပေးနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ချင်ရင် ကိုယ့်ဘာသာကိုယ် နောက်ကထမီလှန်ပြီး လုပ်သွား”ဟုဆိုသည်။ ခင်ဗျားတို့ စဉ်းစားကြည့်။ ရှေ့မှာ မတ်တပ်ရပ်လျက် ရော်ဘာစေးခြစ်နေသော အမျိုးသမီး။

အလယ်မှာ ကျောမှာချည်ထားတဲ့ကလေး၊ အဲဒီနောက်မှာ လက်နက်ကိုင် ကာမဘီလူး။ စစ်ကြောင်းမှ ဘီလူးများ တစ်ကောင်ပြီး တစ်ကောင်။ …အော်….ပြည်သူပြည်သားများဘဝ ရင်နင့်စရာကောင်းလွန်းလှသည်။)……

အဲဒီတော့ အေးချမ်းစွာ နေထိုင်နေသော ပြည်သူများမှာ လက်နက်ကိုင်များ ဝင်ရောက်စွက်ဖက်လာသည့်အချိန်မှ စ၍ မအေးချမ်းနိုင်တော့။ ထင်းခွေ၊ ရေခပ်၊ တောင်ယာလုပ်ဖို့ပင် အခက်အခဲဖြစ်လာရသည်။(တစ်နေ့တွင် ထင်းခွေသွားသူ ၂ယောက် ပြန်မလာ၊ နောက်တစ်နေ့တွင် ချောင်းထဲမှာ အလောင်းပဲတွေ့သည်။ နဂိုကတည်းက ထင်းခွေနေကျလူကို ဘယ်အဖွဲ့၏စစ်ကြောင်း၊ စစ်တပ်က သတင်းစုံစမ်းရေးလာလုပ်တယ်ဆိုပြီး သတ်ပစ်လိုက်သည်မသိ။ သူ့ကို မှီခိုနေရသည့် မိသားစုဘဝကတော့ အားကိုးရာ နတ္ထိ။ အနာဂတ်မဲ့ပြီပေါ့။)… ယခုနောက်ပိုင်းတွင် စစ်ကြောင်းများဝင်လာသည်ဆိုသည်နှင့် အိုးစွန့်အိမ်စွန့်၊ တောင်ယာစွန့်ကာ ရွာလုံးကျွတ် ထွက်ပြေးကြရသည်က များသည်။။ ဘာတဲ့..ဗိုလ်ကြီးတို့လာမှပဲ ကျမတို့ရဲ့အေးချမ်းခဲ့တဲ့ရွာလေး ပြာကျသွားတော့တယ်..ဆိုတဲ့စကားတောင် တွင်ကျယ်လိုက်သေး။ တခြားလက်နက်ကိုင်တိုင်းရင်းသားများ ရှိသည့်နေရာများတွင်လည်း အထက်ပါ ကရင်ပြည်နယ်ဥပမာအတိုင်းပါပဲ။

နိုင်လည်း ရှုံးသည့်သီအိုရီ

၁၅ မိနစ်တိုက်ပွဲလေးအတွက် စစ်အစိုးရမှ ကျည်ဆံ သိန်းချီ၍ သုံးသလို၊ အခြားလက်နက်ကိုင်များလည်း သောင်းချီ၍သုံးသည်။ တိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ကျဆုံးသွားခဲ့သောသူများအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိစေသည့်နေရာများတွင် ဘယ်သောအခါမှ လုပ်ပိုင်ခွင့်မရှိတော့သလို(တိုင်းပြည်၏ လုပ်အား ဆုံးရှုံးသလို)၊.. ခြေပြတ်၊လက်ပြတ်ဖြစ်သော စစ်သားများသည်လည်း သူ့ဘဝတလျှောက် ရုန်းကန်မှု လှုပ်ရှားမှု ခက်ခဲစေသည့်အပြင် နိုင်ငံအတွက်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါသည်။ စစ်စားရိတ်များ ထောင်းမှုကြောင့် နှစ်ဖက်ဆန့်ကျင်ဘက်အစိုးရများ၏ ကိုယ့်ပြည်သူလူထုအပေါ်ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး ပြည့်ဝစွာ အကောင်အထည်မဖေါ်နိုင်ပါ။ အစစအရာရာကို ပြည်သူများကသာ စစ်စားရိတ်ထောင်းမှုဒဏ်အား..ငခါး၏ဒဏ်ကို ငဝက်က ခံနေရရှာသည်။ တိုင်းပြည်လည်း မွဲဆင်းသလို၊ ပြည်နယ်များ၏အခြေအနေသည်လည်း ကမ္ဘာဦးတည်စ အခြေအနေအတိုင်းပင် ရှိလျက်ရှိပြီး သဘာဝတောကြီးထဲတွင် လူရိုင်းသာသာ ဘဝအဆင့်ကနေ မတက်နိုင်ပဲ အိပ်ပျော်ရုန်းကန်လျက်နေရရှာသည်။

လက်နက်ကိုင်သမိုင်း

နေမဝင်အင်္ဂလိပ်အင်ပါယာအတွင်းရှိ ကိုလိုနီနိုင်ငံများအနေဖြင့် အင်္ဂလိပ်အစိုးရ၏ပညာရေး မျက်စေ့ဖွင့်ပေးမှုကြောင့် ကျောင်းသားလူငယ်များသည် စာသင်ခန်းအတွင်းမှ အတွေးအခေါ်များ တိုးတက်လာကြသည်။ ကမ္ဘာကို မျက်စိဖွင့် ကြည့်လာကြရာမှ စကားလုံးလှလှသုံးထားသည့် တော်လှန်ရေးသဘောတရားများကို လေ့လာမိခဲ့ကြသည်။ ဤသည်မှာလည်း အပြစ်မဟုတ်။ လူဆိုသည်မှာ ဖိနှိပ်ခံ လူအဖြစ်မှ လွတ်လပ်သော လူအဖြစ် ရုန်းထွက်ချင်ကြသည်မှာ လူ့သဘာဝဓမ္မထာပင် ဖြစ်သည်။ ကိုလိုနီနယ်ကမ္ဘာ့ဒေသအသီးသီးတွင်လည်း ထိုခေတ်ထိုအခါက တော်လှန်ရေးသဘောတရားများသည် ခေတ်အကြိုက် ပေါ်ပြူလာဖြစ်နေတာလည်း ပါသည်။ (ယနေ့ထိလည်း ကမ္ဘာ့တချို့နေရာများတွင် ဖြစ်ဆဲ)..ထို့နောက်ပိုင်းတွင်တော့ ကေအင်ဒီအို၊ ဗကပ၊ တိုင်းရင်းသားပေါင်စုံ၊ ၇၄ ကျောင်းသား၊ ၈၈ ကျောင်းသား ..စသဖြင့် ကိုယ့်အရင်ကတည်းက စီးဆင်းလာခဲ့သည့်တော်လှန်ရေးဒီလှိုင်းထဲတွင် အကုန် မျောပါကုန်တော့သည်။

စစ်တပ်နှင့်ပြည်သူ

ရှင်းရှင်းလေးတွေးကြည့်လျှင် မည်သည့်အဖွဲ့အစည်း၏ စစ်တပ်မဆို ပြည်သူကြားထဲလက်နက်ကိုင်၍ ဝင်ရောက်လာခြင်းသည် လူသတ်ရန် အကြံအစည်နှင့် လာရောက်ခြင်းဖြစ်သလို၊ ပြည်သူများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ခြင်းလည်း ဖြစ်ပါသည်။

သတ္တိရှိမှ စိမ်ခေါ်ပါ

လူဖြစ်ပါလျက် လူလိုမပြော၊ လက်ဖြင့်ပြောချင်သည့် ....စိတ်ကြမ်း၊ ကိုယ်ရမ်းရှိသည့်၊..... ကိုယ်ထင်ရာကိုယ်အမှန်တရား လုပ်နေသည့်...... ခေါင်းစဉ်လှလှတပ်ပြီး ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်နေသည့် လက်နက်ကိုင်ထားသည့်လူများကို ပြောချင်တာက...တကယ်သတ္တိရှိတယ်ဆိုရင် လူသူမပေါက်နိုင်သည့်၊ လူနေမှုနည်းပါး၊ ခေါင်းပါးသည့် နယ်မြေတစ်နေရာကို လောင်ဂျီတွဒ်၊ လတ်ဂျီတွဒ် သတ်မှတ်ပြီး ရွေးပါ။ ထိုနယ်မြေအတွင်းရှိ ကျေးရွာများကို စနစ်တကျ ဖယ်ရှင်းပေးပြီး စစ်တလင်းလို့ သတ်မှတ်ပါ။ ပြီးလျှင် တစ်ယောက်မှ မကျန်သည်အထိ သူမသာ၊ ကိုယ်အသုဘစိတ်ထားမျိုးနှင့် မီးကုန်ယမ်းကုန်တိုက်ကြပါ။ ကြောက်လို့လည်း ပြည်သူနေတဲ့ နယ်မြေထဲ ပြေးမဝင်လာပါနဲ့။ ကျည်ဆံကုန်လို့လည်း ပြန်မလာနဲ့။ တောထဲမှာ ကိုယ့်ဖာသာကိုယ် ဝါးချွန်လုပ်ပြီး မနိုင်..နိုင်သည်အထိ တိုက်ပါ။ အပင်တွေကုန်သွားရင် ကိုယ့်မှာရှိတဲ့သွားနဲ့ ဖက်ကိုက်သင့်ရင် ဖက်ကိုက်ကြဗျာ။ ပြည်သူကိုတော့ နောက်ထပ်လာပြီး ဒုက္ခမပေးပါနဲ့တော့။ ကိုယ့်ဆန်၊ ကိုယ့်ရိက္ခာကိုလည်း ကိုယ့်ဘာသာကိုယ် စစ်တိုက်နေရင်း စိုက်စားကြပါ။ ဘာခွန်၊ ညာခွန်တွေလည်း ပြည်သူ့နယ်ထဲကို မိုက်ကြေးခွဲလာမကောက်ပါနဲ့၊ ကဲ…ဘယ်လိုလဲ..သတ္တိရှိမှာလား ? …စိမ်ခေါ်ရဲလား?… ကဲ..ဖြေကြစမ်းပါအုံး၊ တဆိတ်ရှိလက်နက်ဖြင့် ဖြေရှင်းချင်သည့်၊ လူ့အသက်ကို တန်ဖိုးမထားသည့် လက်နက်အားကိုး လူမိုက်မျိုးတို့။

အနာဂတ်နိုင်ငံတော်နှင့် စစ်တပ်

အနာဂတ်တပ်မတော်သည် လေ့ကျင့်သား ပြည့်ဝပြီး ပြည်ပရန်ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေသည့် စစ်စွမ်းရည်မြင့်တပ်မတော် ဖြစ်ရမည်။ ထို့အတွက် အစဉ်အမြဲလေ့ကျင့်၊ သင်ယူလျက်ရှိပြီး ပြည်သူကြားထဲသို့ ယူနီဖောင်းဖြင့် သွားလာခြင်း၊ လက်နက်ဖြင့် ဝင်ရောက်ခြင်း မရှိရပါ။ ပြည်သူများကို ဥပဒေနှင့်အညီ နေထိုင်ရေးအလုပ်သည် ရဲတပ်ဖွဲ့များ၏ လုပ်ငန်းစဉ်ဖြစ်ပြီး၊ စစ်တပ်အလုပ်မဟုတ်။ စစ်တပ်နှင့်မဆိုင်။

နအဖစစ်တပ်သည် အရပ်ဖက်တွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ စစ်တန်းလျားတွင်သာ နေသင့်သလို ...လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူကြားမှ ထွက်ပေးသင့်သည်။ ကိုယ့်လက်နက်ကိုလည်း ကိုယ်ကိုင်ထား၍ရအောင်၊ စစ်အစိုးရ၏ တောင်းဆိုနေသော နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ဆောင်ရေးကို သဘောတူပြီး၊ အေးချမ်းသာယာသော နယ်မြေအဖြစ် ကိုယ့်ပြည်သူများအတွက် ကိုယ်လုပ်ဆောင်ပေးသင့်သည်။ သို့မဟုတ် နှစ်ဖက်စလုံးမှ ပြည်သူကြားထဲတွင် လက်နက်ကိုင်များထားချင်စိတ် မကုန်သေးသည်ဆိုပါက သင်သည် ကိုယ့်လူမျိုး၊ ကိုယ့်ပြည်အတွက်ဆိုသည့် စကားလှလှသုံးထားပြီး၊ ပြည်သူကို လက်နက်ဖြင့်ခြိမ်းခြောက်ကာ မိုက်ကြေးဆက်ခွဲနေအုံးမည့်၊ ဓါးပြအကြီးစားစိတ်ဓါတ်ရှိသည့်လူများပင် ဖြစ်သည်။

(ရိုးရိုးရှင်းရှင်းလေးပါ။ …လူကြားထဲ စစ်ယူနီဖောင်းဝတ်ဖြင့် အမြဲမြင်နေတော့ တချိန်မှာ အဲဒီလူ လူကြားထဲမှာ လုပ်မှား၊ကိုင်မှား၊ နေမှားတာနဲ့ လူတွေက မြင်ရာကနေ ချဉ်စရာဖြစ်မည်။ ကြောက်လို့သာ ပေါ်တင်မပြောရဲတာပေါ့နော။ …လူမြင်ကွင်းက စစ်ယူနီဖောင်းများ ပျောက်ပြီး တော်လှန်ရေးနေ့တွင်မှ စစ်လက်နက်များနှင့် စစ်သားများ၏ ချီတက်နေပုံကို (တစ်နေ့သာတာ) တွေ့ရမည်ဆိုပါလျှင်… လူတွေကြိတ်ကြိတ်တိုး၊ ကြည့်ရှု၊ အားပေး၊ စည်ကားနေမည်ဖြစ်သည်။)

ကဲ…သတ္တိရှိလား။

သတ္တိရှိမှ စိမ်ခေါ်ပါ။

ခင်ဗျားတို့ရင်ထဲက ခင်ဗျားတို့ ထင်မြင်တဲ့ အမှန်တရားတွေအတွက် လူပေါင်းဘယ်လောက် သေကြေ၊ ပျက်စီး၊ ဒုက္ခရောက်ပေးရမည်နည်း။

မောင်ပွကြီး(ရွှေဝါရောင်)