Tuesday, December 30, 2008

ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

Monday, 29 December 2008 18:53 အေးချမ်းမြေ့

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံး အဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

မြန်မာသစ်မဂ္ဂဇင်းတွင် ယခင်လက လယ်တီဆရာတော်ကြီး အကြောင်း၊ ယခင်လမတိုင်မီက ဦးမေအောင် အကြောင်း စသည်ဖြင့် ထင်ရှားသူ ရှေးမြန်မာများ၏ မျက်နှာဖုံးဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခုတပတ်တွင်မူ မြန်မာပြည်အတွက် ထင်ရှားဂုဏ်ယူဖွယ် ဖြစ်သော ကုလအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆောင်းပါး ဝေဝေဆာဆာဖြင့် ဖော်ပြရန် ဖြစ်သော်လည်း မျက်နှာဖုံး ဓာတ်ပုံခွင့်ပြုချက်မရသဖြင့် တခြားပုံတပုံ လွှဲပြောင်းတင်ပြရတော့မည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် (ဓာတ်ပုံ - UN/Grunbaum)

ဦးသန့်အကြောင်းနှင့် ပတ်သက်၍ ထုတ်ဝေမည့် ၄ ကြိမ်မြောက် မြန်မာသစ်မဂ္ဂဇင်း အတွက် ကဗျာစုစုပေါင်း ၁၀ ပုဒ် ရွေးချယ် တင်ပြထားရာ စိစစ်ရေးက ၇ ပုဒ်ပယ်ခဲ့ပြီး ဆောင်းပါး ၅ ပုဒ်ကိုပါ ဖြုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။

လာမည့် ၂၀၀၉ ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ အနှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပြီး ဦးသန့် နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ စာတိုက်၊ ဆက်သွယ်ရေးဌာနက တံဆိပ်ခေါင်းများ ထုတ်ဝေမည် ဖြစ်သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်း ၂ ခုစာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း တာဝန်ထမ်းဆောင်စဉ် ကျူးဘား ဒုံးပျံအရေးအခင်းနှင့် ကွန်ဂို ပြည်တွင်းစစ်ပြဿနာများ ဖြေရှင်းခဲ့သည်။

အာရှ၏ ပထမဆုံးသော ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ မြန်မာပြည်အတွက် ဂုဏ်ယူဖွယ် ဦးသန့်၏ ဈာပန အခမ်းအနားကို ဦးနေဝင်းအစိုးရက ဖြစ်သလို ဆောင်ရွက်ခဲ့သဖြင့် ထိုစဉ်က တက္ကသိုလ်ကျောင်းသား များက ဦးသန့်ရုပ်အလောင်းကို လုကာ ရန်ကုန်တက္ကသိုလ်အတွင်း မြေချရန် ကြံစည်ရာမှစ၍ မြန်မာ့သမိုင်းတွင် ယနေ့တိုင် ထင်ရှားသော “ဦးသန့်အရေးအခင်း” ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က အရေးအခင်းကို ဦးနေဝင်းအစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သောကြောင့် ကျောင်းသား၊ ပြည်သူ ဒါဇင်ပေါင်းများစွာ ကျဆုံးသူများ၊ အရေးယူ ထောင်ချခံရသူများ ရှိခဲ့သည်။

ဦးသန့်အကြောင်း ဖော်ပြမည့် မြန်မာသစ်မဂ္ဂဇင်းသည် မြန်မာပြည်တွင် ထင်ရှားလူသိများကာ မြန်မာနိုင်ငံ၏ အကျိုးကို သယ်ပိုးခဲ့သူ ရှေးမြန်မာကြီးများအကြောင်းကို တဦးချင်းစီ လစဉ်ဖော်ပြသွားမည့် မဂ္ဂဇင်းဖြစ်သည်ဟု အယ်ဒီတာအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောပြသည်။

“ဒီမဂ္ဂဇင်းမှာ ရေးတဲ့သူတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ စိစစ်ရေးကို တင်ပြရတယ်” ဟု မြန်မာသစ် နှင့် နီးစပ်သူကပြောပြသည်။

မကြာသေးမီအချိန်က မဂ္ဂဇင်းများအားလုံးတွင် ရေးသားသူ စာရေးဆရာ၊ ကဗျာဆရာများ၏ ကိုယ်ရေးအချက် အလက်များကို စိစစ်ရေးသို့ တင်ပြရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တရားဝင်အကြောင်းမကြား သေးကြောင်း ရန်ကုန်မဂ္ဂဇင်း အသိုင်းအဝန်းမှ သိရသည်။

ယခုလက်ရှိ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းများ၏ အနေအထားမှာ ပုံစံပြောင်းကာ တိုးတက်မှုရှိလာပြီး စာပေပုံသဏ္ဍန်မဂ္ဂဇင်းများ၊ ပညာပေးမဂ္ဂဇင်းများ သုံး၊ လေးလအတွင်း နေရာရလာသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကပြောပြသည်။

ယခင်ကဆိုလျှင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ပေါ့ပ် (Popular) မဂ္ဂဇင်းများကိုသာ ထုတ်ဝေကြသော် လည်း ယခုနောက်ပိုင်းတွင် လူထုကို အသိဥာဏ်၊ အတွေးအခေါ်၊ အနုပညာ မြှင့်တင်ပေးမည့် မဂ္ဂဇင်းပုံစံများအား စီးပွားရေးအရ အမြတ်အစွန်းမရှိသလောက်ဖြင့် ထုတ်ဝေလာသည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။

သာဓက အနေဖြင့် မြန်မာသစ်၊ ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ နွယ်နီ၊ ရနံ့သစ်၊ လှိုင်းသစ် စသည့် မဂ္ဂဇင်းများ ဖြစ်သည်။

(ဧရာဝတီသတင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)

အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို

NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၈

ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။

အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။

မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။

ဆန္ဒပြသူ အဖွဲ့ချုပ်ဝင် ၉ ဦး အဖမ်းခံရ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 30 2008 17:15 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရှေ့မှ ရန်ကုန်မြို့လယ်သို့ ဦးတည်သော ဆန္ဒပြ လှုပ်ရှားမှုတရပ် ယနေ့တွင် ဖြစ်ပွားရာ လွှတ်တော် အဆောက်အဦရှေ့အရောက် လုံထိန်းများက ဆန္ဒပြသူ ၉ ဦးကို ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်ဟု အတိုက်အခံ သတင်းရပ်ကွက်အရ သိရသည်။

မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ အပါအ၀င် ဆန္ဒထုတ်ဖော်ရေး တိုက်တွန်းချက် ပိုစတာများ ကိုင်ဆောင် လမ်းလျှောက်ဆန္ဒပြသော အဖွဲ့ချုပ်ဝင်များကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံရသူများမှာ မထက်ထက်ဦးဝေ၊ ထွန်းထွန်းဝင်း၊ ရဲနီ၊ ၀င်းမြင့်၊ သက်မောင်ထွန်း၊ ပြည့်ပြည့်၊ မင်းသိန်း၊ အောင်ဖြိုးဝေ၊ ကောင်းထက်လှိုင်တို့ ဖြစ်သည်ဟု အတိုက်အခံ အဖွဲ့အစည်းဖြစ်သည့် ထိုင်းနယ်စပ်အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မှ ဦးမြင့်စိုးက ပြောသည်။

နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမောလ်ကြီး ဆောက်မည်

ခိုင်မင်း/ ၃၀ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော် ပျဉ်းမနားမြို့မဈေး တခြမ်းကို ဖျက်သိမ်းပြောင်းရွှေ့ပြီး ရှော့ပင်းမောလ် တခု တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ဖျက်သိမ်းမည့် ဈေးဟောင်းဆိုင်ခန်းများအတွက် အလျော်ပေးမည်မဟုတ်သည့်အတွက် ဆိုင်ခန်းပိုင်ရှင်များ မကျေမနပ် ဖြစ်နေသည်။

ဖျက်သိမ်းမည့်အခြမ်းမှာ ပျဉ်းမနားမြို့လယ် ဗိုလ်တောက်ထိန်လမ်းမကြီး တောင်ဘက်အခြမ်းဖြစ်ကာ ၎င်းအပိုင်းရှိ ဆိုင်ရှင်များအား တည်ဆောက်ပြီးစီးသွားသည့် ဈေးသစ်ကြီး အတွင်းရှိ ဆိုင်ခန်းများအား ၀ယ်ယူခွင့်ပေးမည်ဟု အာဏာပိုင်များက ပြောကြားသော်လည်း အစားထိုး လျော်ကြေးပေးမည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

တည်ဆောက်ပြီးစီးသွားသည့် ဈေးသစ်ကြီးမှာ ပျဉ်းမနားမြို့ အရှေ့ဘက် (၂) မိုင်ခန့်အကွာရှိ ကင်ပွန်းတန်း ကျေးရွာအနီးတွင် တည်ရှိပြီး ဈေးသစ်ကြီးရှိ ဆိုင်ခန်းများ၏တန်ဖိုးမှာ အနည်းဆုံး ကျပ်သိန်း (၁၀၀) ခန့် ရှိသောကြောင့် စီးပွားရေးကျဆင်းနေသောကာလတွင် ၀ယ်ယူနိုင်သူ မရှိသလောက်ဖြစ်နေကြောင်းလည်း သိရှိရသည်။

အလားတူပင် ၂၀၀၇ ခုနှစ်ဆန်းစက ပျဉ်းမနားမြို့မဈေးထဲရှိ ဟင်းသီးဟင်းရွက်ဆိုင်ခန်းများအား ကင်ပွန်းတန်းကျေးရွာအနီးရှိ ဟင်းသီးဟင်းရွက်ဈေးသစ်သို့ ပြောင်းရွှေ့စေခဲ့သည့်အတွက် ယခုအခါတွင် မြို့သူမြို့သားများသည် အသီးအနှံများကို မြို့ပြင်ထွက် ၀ယ်ယူနေကြရသည်။

အာဏာပိုင်များက မြို့မဈေးအတွင်း ဟင်းသီးဟင်းရွက်များ ရောင်းချပါက အရေးယူမည်ဟု ပြောကြားထားသည့်အတွက် မြို့မဈေးထဲရှိ ဟင်းသီးဟင်းရွက်များ တိတ်တဆိတ် ခိုးရောင်းချနေရသော လက်လုပ်လက်စားဈေးသည်များမှာ အထိတ်တလန့်ဖြင့် ရောင်းချနေကြရသည်။

ပျဉ်းမနားမြို့နယ်ရှိ စည်ပင်သာယာဝန်ထမ်းများသည်လည်း နေပြည်တော်အဖြစ် ပြောင်းလဲ သတ်မှတ်ပြီးကတည်းက ရော်ဘာနံပါတ်တုတ်များကိုင်ဆောင်ခွင့်ရရှိခဲ့ပြီး မည်သည့်ရည်ရွယ်ချက်ကြောင့် ဆိုသည်ကို ဈေးသည်များ နားမလည်နိုင်ဖြစ်နေကြသည်။

ယခုရွှေ့ပြောင်းမည့် မြို့မဈေးကို ၁၉၉၃ ခုနှစ်က ပျဉ်းမနားမြို့တွင် တာဝန်ကျခဲ့သော အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၆) မှူး ဗိုလ်မှူးကြီးမောင်ဘို ယခု နအဖအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုက မူလဈေးဟောင်းကို ဖျက်ပြီး ယခုမြို့မဈေးကို တည်ဆောက်ခဲ့စဉ်ကလည်း ယခုကဲ့သို့ ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် ဆိုင်ခန်းများမ၀ယ်ယူနိုင်ဘဲ လက်မဲ့ဖြစ်ခဲ့ရသည်။

မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရီအဆိုပြု

NEJ/ ၃၀ ဒီဇင်ဘာ ၂ဝဝ၈


ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့်လက ကုလအတွင်းရေးမှူးချုပ် ဘမ်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော် ဂမ်ဘာရီ၏ အဆိုပြုချက်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဂမ်ဘာရီ မြန်မာနိုင်ငံသွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့်ရော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပါ တွေ့ခွင့်မပေးခဲ့သဖြင့် မအောင်မြင်ခဲ့သည့် ကုလသံတမန်ရေးနည်းလမ်းကို ကယ်တင်ရန်ကြိုးပမ်းချက်တရပ်အဖြစ် ဝေဖန်သူများက ထောက်ပြသည်။

ဂမ်ဘာရီသည် ဒီမိုကရေစီရေး ပြောင်းလဲချင်စိတ်မရှိသည့် စစ်အစိုးရကို ကိုင်လှုပ်ရာ၌ တိုးတက်မှုရှိပါသည်ဆိုပြီး ပြရန်သက်သက် ရည်ရွယ်သည်ဟုလည်း ဝေဖန်ကြသည်။

မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။

ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထားသည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီများများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီရင်ခံစာ၌ အဆိုပြူထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့် နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို လာမည့် ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည်ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဖြစ်သည်။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြူသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့်အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ မတ်လခရီးစဉ်၌ ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ငြင်းပယ်ခဲ့သည်။

ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည် အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆွေးနွေးရေးကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေ ညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း က ပြောခဲ့သည်။

Monday, December 29, 2008

နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင် ထုတ်ဖို့ပြင်

ခိုင်မင်း/ ၂၉ ဒီဇင်ဘာ ၂၀၀၈

ပျဉ်းမနားမြို့မှာ နောက်ထပ် ဘူတာရုံသစ်တခု တည်ဆောက်ရန်အတွက် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်အချို့ နေရာပြောင်းရွှေ့ပေးရမည်ဖြစ်သည့်အတွက် အိမ်ခြေ (၂) သောင်းကျော် အခက်အခဲဖြစ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

နေပြည်တော်ဘူတာရုံကြီးကို ၂၀၀၆ ခုနှစ်က ရွာတော်ကျေးရွာအနီးတွင် တည်ဆောက်ခဲ့သည်မှာ ယခုအခါ အပြီး သတ်လုဖြစ်သော်လည်း ဘူတာတည်ဆောက်ရာ မြေနေရာမှာ လယ်မြေဖြစ်ပြီး စမ်းပေါက်နေသည့်အတွက် ဘူတာအဖြစ် အသုံးပြုရန်မဖြစ်နိုင်ဘဲ စမ်းသပ်မောင်းနှင်သည့် မီးရထားစက်ခေါင်းများ (၃) ကြိမ်ခန့် တိမ်းမှောက်ခဲ့သည်။

ထို့ကြောင့် နေပြည်တော်ဘူတာသစ် နောက်တခုတည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်ပြီး အေးရှားဝေါ ကုမ္ပဏီက ကံထရိုက်ရရှိထားသည်ဟု စုံစမ်းသိရသည်။

ရွှေ့ပြောင်းရမည့်ရပ်ကွက်များမှာ ပျဉ်းမနားဘူတာအနီးတ၀ိုက်တွင်ရှိသည့် ရန်အောင် (၂) ရပ်ကွက်အုပ်စု အတွင်းပါဝင်သော ဂုဏ်တန်ရပ်ကွက်၊ ရန်နိုင်ဟူစိန်ရပ်ကွက်နှင့် တောင်သာအုပ်စုတွင်ပါဝင်သည့် ဂွကြားရပ်ကွက်များ ဖြစ်သည်ဟု သိရသည်။

အဆိုပါရပ်ကွက်များ၌ ၀န်ထမ်းနှင့် လက်လုပ်လက်စားအများစုပါဝင်ပြီး ဂွကြားရပ်ကွက်မှာမူ ပန်းပဲလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အိမ်ခြေနှစ်သောင်းကျော်ရှိကြောင်း၊ ယင်းရပ်ကွက်မှလူများကို ပျဉ်းမနား နေပြည်တော် နယ်မြေတွင်ရှိသည့် လေတွင်းတောင်ခြေအနီးနှင့် ပျဉ်းမနားအရှေ့ ဘက် (၇) မိုင် အကွာရှိ ဆင်ဖြူတောင်ခြေအနီးတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်သည်။

လေတွင်းတောင်သည် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အနီးတည်ရှိပြီး ရှမ်းရိုးမနှင့်လည်းနီးကာ ငှက်ဖျားရောဂါထူပြောသည့်အပြင် ပေါင်းလောင်းရေကာတာ၏ အောက်ခြေဘက်တွင် တည်ရှိသောကြောင့် အန္တရာယ်အလွန်များသည်ဟု ဆည်မြောင်းကျွမ်းကျင်သူများက ပြောသည်။

ထို့အပြင် အစားထိုးပြန်ပေးမည့် တန်ဖိုးနည်းအိမ်ရာများမှာ ကျဉ်းမြောင်းပြီးသေးငယ်သည့်အတွက် မိသားစုဝင်များ နေထိုင်ရန်အတွက် မလုံလောက်ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါဒေသများသည် ပျဉ်းမနားမြို့နှင့် အလွန်အလှမ်းကွာသည့်အတွက် အလုပ်အကိုင်ရှားပါးပြီး ရောဂါဘယများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

“ဒီဇင်ဘာ (၁၅) ရက်နေ့က လာတိုင်းတယ်။ သူတို့ပြောတာကတော့ နေပြည်တော်ဘုရားကြီးပတ်လမ်း ဖောက်ဖို့လို့ ပြောသွားတယ်။ အခုတော့ မှတ်တိုင်တွေ၊ အမှတ်အသားတွေစိုက်ပြီးသွားပြီ။ မကြာခင် ရွှေ့ရမယ်လို့ ပြောတယ်။ ဒီလိုဆိုရင်တော့ ကျမတို့ မိသားစုတော့ ဒုက္ခပါပဲ။ ကျမက လက်လုပ်လက်စား၊ သားက၀န်ထမ်းဆိုတော့ ပြောင်းရွှေ့မယ့်နေရာရောက်ရင် ဘာလုပ်ကိုင်စားပြီး ဘယ်လိုနေရမှန်းတောင် မသိပါဘူး” ဟု ပြောင်းရွှေ့ခံရမည့်အထဲတွင် ပါဝင်သူဒေသခံတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

Saturday, December 27, 2008

စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ပေါ်ထွက်လာ

Sunday, 28 December 2008 13:19 ဗထူး
နာဂစ်မုန်တိုင်းအလွန် စစ်အစိုးရ၏ လေးလပတ်အစည်းအဝေးအပြီး တပ်မတော် ထိပ်ပိုင်းတာဝန်များယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး (၅) ဦးအနက် (၄) ဦးမှာ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည်ပေါ်ထွက်လာသည်။

စစ်ရေးအကဲခတ်သူများအကြား အဆိုပါ (၅) ဦးအား အငြိမ်းစားပေးလိုက်ပြီဟု သတင်းများထွက်ပေါ်နေခဲ့ပြီး (၅) လအကြာ ၎င်းတို့လှုပ်ရှားမှုများ ပျောက်ကွယ်နေပြီးနောက် (၄) ဦး၏ လှုပ်ရှားမှု စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။

"တပ်ထဲမှာလည်း မေးစရာတွေဖြစ်ခဲ့တယ်၊ တကယ်စာရင်းထွက်လာခဲ့ကတည်းက ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်းကို ကျန်းမာရေးအရ အနားပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ (၄) ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တွဲဘက်ဆိုပြီး ထွက်ခဲ့တာပါ" ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်မှ တပ်မတော်အရာရှိတဦးက ပြောသည်။

သားဖြစ်သူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် အကျဉ်းရုံးစစ်ဆေးခံခဲ့ရပြီးနောက် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်အား စစ်အစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုလည်း အနားပေးလိုက်သည်ဟု တပ်တွင်း ပြန့်နှံ့နေခဲ့သော်လည်း အမှန်တကယ်မှာ အရေးယူခြင်းမရှိဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ရာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ပြီး အနားယူသွားပြီဟု အများသုံးသပ်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မောင်ထွေးတို့ တက်ရောက်ခဲ့ကြသည်။

"ကျနော်သုံးသပ်တာတော့ လွှတ်တော်မှာ တပ်မတော်ကကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတာမို့ သူတို့က အလိုလို အဲ့ဒီနေရာကို ဝင်လာပါလိမ့်မယ်၊ တပ်ချုပ်က သူ့ကို ရာသက်ပန်ကာကွယ်ပေးမဲ့သူတွေ လိုအပ်နေတာမဟုတ်လား"ဟု အဆိုပါ တပ်မတော်အရာရှိက ဆက်လက်ပြောဆိုသွားသည်။

ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ

မင်းနိုင်သူ/ ၂၈ ဒီဇင်ဘာ ၂၀၀၈

အန်အယ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse-Agentur GmbH) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။

ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကပါ ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင် အန်အယ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။

ဒီပီအေ သတင်းဌာနသည် ဂျာမဏီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီးတခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကမှာ လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက် တဦးက ပြောသည်။

ဒီပီအေ ရန်ကုန် သတင်းထောက်ကို တာဝန်ခံသည့် ဒီပီအေ အယ်ဒီတာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရုံးထိုင်သည့်အတွက် နိုင်ငံတကာ အတိုက်အခံများက ဦးဝင်းတင်၏စာကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ဘန်ကောက်မြို့ရှိ DPA သတင်းဌာနခွဲရုံး အယ်ဒီတာထံ သို့ bangkok@dpa.com အီးမေးဖြင့် ဆက်လက် ပေးပို့ ကန့်ကွက်သင့်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့ကလည်း ယူဆသည်။

အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ နိုင်ငံရေးရပ်တည်ချက် ၄ ရပ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်းပါ အဆိုပါ စာ၌ ဖော်ပြထားသည်။

၁။ စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆန့်ကျင်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉၀ လွှတ်တော်ခေါ်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုသည့် စု-လွှတ်-တွေ့ လမ်းစဉ်ကို ကိုင်စွဲသည်။
၃။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံ။
၎။ ၂၀၁၀ ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားခြင်းမပြု ဟူ၍ဖြစ်သည်။

ဦးဝင်းတင် လက်မှတ်ရေးထိုးထားပြီး ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ပေးပို့်ခဲ့သည့် မူရင်း စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

Friday, December 26, 2008

စစ်အစိုးရသံအမတ်အား ဖယ်ရှားရေး စိန်ခေါ်ချက် လက်တွေ့ကျပါ့မလား

နိုင်ကျော်/ ၂၆ ဒီဇင်ဘာ ၂၀၀၈

“ပြည်တွင်းလှုပ်ရှားမှုတွေမပါဘဲ ကုလသမဂ္ဂ ဖြေရှင်းပေးမှုကြောင့် လွတ်မြောက်သွားသော နိုင်ငံဟူ၍ ကမ္ဘာပေါ်တွင်မရှိ” ဟူသည့် လူထုဦးစိန်ဝင်း၏ အသံဖိုင်ကို နားထောင်ခဲ့ဖူးသည်။ ထို့ကြောင့် လက်လှမ်းမီသမျှ ကမ္ဘာ့အခင်းအကျင်းများကို လေ့လာကြည့်သောအခါတွင်လည်း ထိုသို့ပင်တွေ့ရသည်။ သို့သော်လည်း ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်ဖြစ်ပေါ်ပြောင်းလဲရေးအတွက် ဆက်လက် ကြိုးစားလုပ်ဆောင်နေသည်ကို အသိအမှတ် ပြုရပေလိမ့်မည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ပြည်သူအပေါ် နှိပ်စက်ကလူပြုမူနေမှုများသည် မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါ သည်းမခံနိုင်စရာဖြစ်နေသည်ကို လူသားချင်းစာနာသူတိုင်း သတိထားမိကြမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအ၀န်းမှ စစ်အစိုးရအား ဖိအားပေးမှုများ၊ အရေးယူဆောင်ရွက်မှုများ ယနေ့ကာလတွင် ဆက်တိုက်ဆောင်ရွက်နေသည်ကို တွေ့မြင်ကြရပေသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းအရေးမှုးချုပ်၏ အထူးကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအထူးကိုယ်စား လှယ်များ မြန်မာနိုင်ငံသို့သွားရောက်ပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတိုးတက်ပြောင်းလဲလာစေရန် အကြိမ်ကြိမ်သွားရောက် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း နအဖ၏ တဖက်သတ်စီစဉ်မှုအောက်တွင်သာ သွားလာလှုပ်ရှားခွင့်ရကြသဖြင့် တိုးတက်မှုမတွေ့ရဘဲ အနုတ်လက္ခဏာများသာ ဖြစ်ပေါ်ခဲ့ရပါသည်။ နအဖအစိုးရသည် အာဏာရှင်တို့ထုံးစံအတိုင်း ၎င်းတို့အာဏာတည်မြဲရေးကိုသာ ရှေးရှုပြီး ပြည်သူလူထုအား ခြိမ်း ခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း စသည်တို့ကိုသာ အစဉ်တစိုက် လုပ်ဆောင်မြဲ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

တဖက်တွင်လည်း ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီဘက်တော်သားများကလည်း မိမိတို့တတ်စွမ်းသရွေ့ စစ်အာဏာာရှင် ဆန့်ကျင်ရေးလုပ်ငန်းများကို နည်းနာအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြပေသည်။ ဤရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံ့ခေါင်းဆောင်ဟောင်း (၁၁၂) ဦးက စုစည်းလက်မှတ်ထိုး၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ မြန်မာနိုင်ငံအား ဖိအားပေးရန် တောင်းဆိုမှုတရပ် ထွက်ပေါ်လာသည်။ ထို့နည်းတူ အာဆီယံနိုင်ငံများ၏ လွှတ်တော်အမတ်များကောင်စီ (AIPMC) မှ ကမကထပြုပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အလားတူစာများ ပေးပို့တောင်းဆိုခဲ့ကြသည်။ ဤဖြစ်ရပ်များသည် နအဖစစ်အစိုးရအပေါ် ဖိအားပေးရေးလုပ်ငန်းတွင် အင်မတန်ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများပင်ဖြစ်သည်။ ထိုကဲ့သို့သော နည်းနာပေါင်းများစွာ၊ လုပ်ငန်းစဉ်ပေါင်းများစွာထဲတွင် Credential Challenge သည်လည်း တခုအပါအ၀င်ဖြစ်နိုင်ပါသည်။ စစ်အစိုးရအား နိုင်ငံတကာမှ အသိအမှတ်မပြုနိုင်အောင် ကြိုးစားခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်ပါသည်။ သို့သော် ထိုနည်းနာသည် နည်းနာပေါင်းများစွာထဲမှ တခုဖြစ်သည်ဆိုသည်ကို သတိပြုရန် လိုအပ်ပေသည်။

ထို့အပြင် စစ်အာဏာရှင်အားတိုက်ဖျက်ကြရာတွင် “မိမိတို့လုပ်ဆောင်ချက်သည်သာ အမှန်ကန်ဆုံးဖြစ်သည်၊ ထိုလုပ်ဆောင်ချက်အပေါ် စစ်အစိုးရဆန့်ကျင်ရေး အင်အားစုများအားလုံး မည်သူမဆို ထောက်ခံလုပ်ဆောင်ကြ ရမည်၊ မတူကွဲပြားသော စဉ်းစားချက်၊ အကြံပြုချက်များကို တင်ပြအကြံပြုပြီး မိမိတို့၏ အစီအစဉ်အား ငြင်းဆိုပိုင်ခွင့်မရှိစေရ” ဆိုသည့်အယူအဆမျိုး မထားရှိသင့်ဟု ထင်မြင်ပါသည်။ ထိုသို့ စဉ်းစားဆောင်ရွက် ကြပါက လူတဦးချင်း တဖွဲ့ချင်းစီ၏ ပြဋ္ဌာန်းချက်နှင့် လွတ်လပ်ခွင့်များကို ထိခိုက်သွားပေလိမ့်မည်။ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ပုတ်ခတ်စွပ်စွဲသည့်အပြုအမူများအထိ မတော်တဆပင်ဖြစ်စေ ဖြစ်ပေါ်လာပါက ညီညွတ်ရေးကို ထိခိုက်လာစေနိုင်ပါသည်။

မိမိ၏ယူဆချက်မှာ ကမ္ဘာ့ခေါင်းဆောင်များကြား မြန်မာ့ပြဿနာကို တင်ပြနိုင်ဖို့အတွက်မှာ ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားလှယ် ရှိခြင်း မရှိခြင်းဆိုသည်ထက် မိမိတို့၏ ချဉ်းကပ်နိုင်မှုနည်းနာများသည် တခုလုံးအကျိုးစီးပွားအတွက် မည်မျှထိရောက်သည် မထိရောက်သည်ကသာ အဓိကကျသည့် ကိစ္စဖြစ်သည်ဟု ထင်မြင်မိသည်။

အမျိုးသားညွန့်ပေါင်းအစိုးရသည် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ခန့်အပ်ထားသည်ဖြစ်ရာ Credential Challenge နှင့်ပတ်သက်၍ အမျိုးသား ညွန့်ပေါင်းအစိုးရနှင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားများ ကွဲပြားနေကြသည် ဆိုသည့်အဖြစ်မှာ အင်အားစုများအကြား သို့မဟုတ် ပြည်တွင်းမှ တက်ကြွလှုပ်ရှားနေသူများအကြား နားရှုပ်စေနိုင်သော အကြောင်းအရာများဖြစ်လာစေပါသည်။

Credential Challenge အဆင့်ဆင့်နှင့်ပတ်သက်၍ ….

ပထမအဆင့်အနေဖြင့် MPU ဒု-ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုးပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် Credential Challenge လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်း ဥပဒေနှင့် ကိုက်ညီမှုမရှိသေး၍ Credential Challenge ကော်မတီသို့ တင်သွင်းရန် မပြည့်စုံသေးကြောင်း ပြန်ကြားခဲ့ပါသည်။

ပထမဦးဆုံးအဆင့်ဖြစ်သော ဤတင်သွင်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်သူများသည် ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံးလုပ်နည်းဥပဒေများကို မသိကျိုးကျွန်ပြုပြီး တင်သွင်းခဲ့လေသလားဆိုသည်ကို မေးခွန်းထုတ်ဖွယ်ဖြစ်သည်။ သိလျက်နှင့် တင်သွင်းသည်ဆိုလျှင်တော့ အခြားသော ရည်ရွယ်ချက်များ ရှိနေသေးသလားဟု ထပ်မံမေးခွန်းထုတ်စရာဖြစ်လာပါသည်။

ဒုတိယအဆင့်အနေဖြင့် ၂၀၀၈ ဒီဇင်ဘာလအတွင်းတင်သွင်းရန် ထပ်မံကြိုးပမ်းမှုများသည် အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေး၍ ပျက်ကွက်ခဲ့ရသည်ဟု ကြားသိကြရသည်။ ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေးခြင်းဆိုသည်မှာလည်း လုံလောက်သော အကြောင်းရှိပေလိမ့်မည်။ ၀န်ကြီးချုပ်၏စဉ်းစားချက်များကို အလေးအနက်ထား၍ ထည့်သွင်း စဉ်းစားကြရမည်လည်းဖြစ်သည်။ အကြောင်းမဲ့ လက်မှတ်မထိုးဘဲ ငြင်းဆိုနေသည်တော့ မဟုတ်တန်ရာဟု အောက်မေ့မိပါသည်။

တတိယအဆင့်အနေဖြင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ညီလာခံကို ၂၀၀၉ ဇန်န၀ါရီလထဲတွင် ကျင်းပကြမည်။ ထိုညီလာခံတွင် Credential Challenge ကိစ္စ၌ လက်မှတ်ထိုးမည်ဟု ကတိပြုနိုင်သောသူကိုသာလျှင် ၀န်ကြီးချုပ်ရာထူးခန့်အပ်မည် ဆိုသည့်ပြောဆိုမှုများ စိတ်မကောင်းစွာ ကြားနေကြရသည်။ ထိုညီလာခံမှဖွဲ့စည်းလိုက်သည့် အစိုးရ၏ ၀န်ကြီးချုပ် (သို့မဟုတ်) နိုင်ငံခြားရေးဝန်ကြီးမှ လက်မှတ်ရေးထိုး၍ ထပ်မံတင်သွင်းကြမည်ဟု ကြားသိနေရပါသည်။

ထိုသို့ဆောင်ရွက်ရန် သင့် မသင့်၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လှုပ်ရှားမှုကြီးတခုလုံးအတွက် အပေါင်းလက္ခဏာ ဆောင် မဆောင်၊ ဆောင်ရွက်ကြမည့်သူများက သတိချပ်ကြဖို့ လိုမည်ဟု ထင်ပါသည်။ မဆောင်ရွက်သင့်သည် များကို ဆောင်ရွက်မိလျှင် တရှုံးအပေါ် တရှုံးဆင့်သလို ဖြစ်သွားတတ်ပါသည်။

စတုတ္ထအဆင့်အနေဖြင့် မိမိတို့တင်လိုက်သော တင်ပြချက်ကို Credential Challenge ကော်မတီက လက်ခံစဉ်းစားပြီဆိုသည့်တိုင် Credential Challenge Committee တွင် နိုင်ငံပေါင်း (၉) နိုင်ငံ ပါဝင်ဖွဲ့စည်းထားသည်ဖြစ်ရာ မိမိတို့ဘက်မှ အမေရိကန်နိုင်ငံက ထောက်ခံရန်မှာ မသေချာလှပေ။ အစ္စရေးအရေးက သူတို့အတွက် Credential Challenge ကို ထောက်ခံရန် တံတိုင်းသဖွယ် တားဆီးနေသော ဖြစ်စဉ်တခုကို သတိမူသင့်သည်။ တရုတ်နှင့် ရုရှကတော့ သေချာပေါက် ငြင်းပယ်မည်သာဖြစ်သည်။ မဲစနစ်ဖြင့်ဆုံးဖြတ်ရာတွင် (၅) နိုင်ငံရဖို့ ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စရပ်ပင်ဖြစ်သည်။

ပဉ္စမအဆင့်အနေဖြင့် (၅) နိုင်ငံမှ ထောက်ခံ၍ အထွေထွေ ညီလာခံသို့ရောက်ရှိသွားခဲ့သော် မည်သို့ဖြစ်လာမည်နည်း။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ရန်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၈၉) မဲ၊ ကန့်ကွက်မဲ (၂၉) နှင့် ကြားနေ (၆၃) မဲရရှိခဲ့သည်။ ထောက်ခံမဲမှာ (၅၀) ရာခိုင်နှုန်းမပြည့်ခဲ့ပေ။ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ညံ့ဖျင်းလှသည်ဟု နာမည်ကြီးနေသော စစ်အစိုးရ၏လုပ်ရပ်များကို ဝေဖန် အကြံပြုလွှာအပေါ်မှာပင် အဖွဲ့ဝင် (၁၈၂) နိုင်ငံအနက် (၈၉) နိုင်ငံကသာ ထောက်ခံခဲ့သည်မှာ အားရစရာမရှိလှကြောင်းကို ညွှန်ပြနေပေသည်။ စစ်အစိုးရအား ကုလသမဂ္ဂထိုင်ခုံမှဖယ်ရှားခြင်း ဆိုသည့်ခေါင်းစဉ်အတွက်ဆိုလျှင် ကြားနေမဲပေးခဲ့သည့် (၆၃) နိုင်ငံသည် ဆက်လက်၍ ကြားနေမဲပေးကြပါဦးမည်လော။ စဉ်းစားသင့်ပါသည်။ ထိုနိုင်ငံများသည်လည်း သူတို့၏ သီးခြားပြဿနာများ ကိုယ်စီ အသီးသီးရှိနေကြပါသည်။ မထောက်ခံချင်၍ ကြားနေသည်ဆိုသည်ကို သတိမူသင့်သည်။ ပို၍အရေးကြီးသော Credential Challenge လို ကိစ္စများအဖို့ဆိုလျှင် ကြားမနေတော့ဘဲ ကန့်ကွက်သည်ဆိုသောအဆင့်သို့ ပြောင်းသွား မပြောင်းသွားကို မည်သူမျှ အတတ်ပြောနိုင်လိမ့်မည်မဟုတ်ဟု ထင်ပါသည်။

ကျွမ်းကျင်သော ဥပဒေပညာရှင်များနှင့် နိုင်ငံရေးအကဲခတ်သမားများ၏ အကြံပြုချက်မှာ ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်လက်မှတ်ထိုးခြင်း မထိုးခြင်း၊ နိုင်ငံတခုမှ လက်ခံလက်မှတ်ထိုးခြင်း မထိုးခြင်းသည် အရေးကြီးသော ဖြစ်စဉ်တခုမဟုတ်ဘဲ အတိုက်အခံအင်အားစုများနှင့် နိုင်ငံတကာအင်အားစုများက နိုင်ငံရေးအရ ထောက်ခံမှု များလေလေ Credential Challenge အပေါ် နိုင်ငံရေးသြဇာသက်ရောက်မှု ကြီးလေလေဖြစ်သည်ဟု ဆိုကြသည်။

အထက်ပါအကြောင်းအချက်များကို ဆန်းစစ်ကြည့်ခြင်းဖြင့် Credential Challenge သည် လက်တွေ့ကျသော နိုင်ငံရေးထိုးနှက်ချက်တခု ဖြစ်နိုင် မဖြစ်နိုင်၊ မိမိတို့အတွက် အောင်ပွဲ ရနိုင် မရနိုင် ဆိုသည့်မေးခွန်းများမှာ အမှန်တကယ်ဖြေကြားကြရမည့်မေးခွန်းများ ဖြစ်လာပါတော့သည်။

တဖက်တွင် ကုလသမဂ္ဂက ယနေ့အချိန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တွေ့ဆုံနွေး နွေးအဖြေရှာခြင်းကိုသာ ဆက်လက်ကြိုးပမ်းနေဆဲဆိုသည်ကိုလည်း အထူးသတိချပ်သင့်ပေ သည်။ စစ်အစိုးရကို နေရာမှလုံးဝဖယ်ရှားပစ်ရေးထက် စကားပြောဖက်အဖြစ် တက်လှမ်းလာ ရေးကို ပို၍အားစိုက်နေကြောင်း သတိချပ်သင့်ပါသည်။

ယနေ့အချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အပြောင်းအလဲတရပ်သို့ ဦး တည်နေသည့် အချိန်ကာလဖြစ်သည်ဆိုသည်ကို အားလုံးလက်ခံနိုင်ကြမည်ထင်ပါသည်။
ထိုသို့သောအခြေအနေအောက်တွင် ပြည်တွင်းပြည်ပညီညွတ်မှုကို အစွမ်းကုန် တည် ဆောက်ကြရမည်လည်းဖြစ်သလို နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဆင်ကြရာတွင်လည်း အပြန် အလှန်အသိအမှတ်ပြု အပြန်အလှန်တန်ဖိုးထားပြီး လက်တွဲဆောင်ရွက်၍ ရသမျှလုပ်ငန်းတိုင်း တွင် လက်တွဲဆောင်ရွက်ကြရမည်လည်းဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ပြည်သူတို့၏မဲများကို အတင်းလုယူ၍ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံမူကြမ်းကို အသက်သွင်းနိုင်ရေးအတွက် ၂၀၁၀ ရွေးကောက် ပွဲဆိုသည်ကို ဇွတ်ကျင်းပရန် နအဖအစိုးရက စီမံဆောင်ရွက်နေပြီဖြစ်သည်။ ၎င်းဆောင်ရွက် ချက်များသည် ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီများနှင့် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးအပိုင်ဖျက်သိမ်းပစ်ရန် စစ်အစိုးရ၏ ကြံရွယ်အားထုတ်ချက်များဖြစ်သည်။

အကျိုးဆက်အဖြစ် မြောက်များလှစွာသောစိန်ခေါ်ချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းအတိုက်အခံအင်အားစုအားလုံး ရင်ဆိုင်နေကြရပြီဖြစ်သည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် မည်သည့်လုပ်ရပ်တစ်ခုကို ဆောင်ရွက်သည်ဖြစ်စေ မိမိတို့ အင်အားစုတစ်ခုလုံးအတွက် သို့မဟုတ် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးတစ်ခုလုံးအတွက် အကျိုး ရှိ မရှိ၊ အပေါင်းလက္ခဏာ ဆောင် မဆောင်ဆိုသည့် ပေတံဖြင့်သာ ချင့်ချိန်တိုင်းတာ ဆောင်ရွက်သင့်သည်ဟု စဉ်းစားမိပါသည်။ တစ်ဦးစီတိုင်း၏ ဆောင်ရွက်မှုတိုင်းသည် တစ်ခု လုံးဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ်သည်။ တစ်ဖွဲ့ချင်းစီ၏ ဆောင် ရွက်ချက်တိုင်းသည် တစ်ခုလုံးဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ် သည်။ ဤစဉ်းစားနည်းများသည် နိုင်ငံတစ်ခုကို အကောင်းဆုံးဖြစ်အောင်တည်ဆောက်နေသူ များအဖို့ ကိုင်စွဲကြရမည့် အခြေခံအကျဆုံးသော လုပ်ထုံးလုပ်နည်းများဖြစ်သည်ကို အင်အား စုအားလုံး မည်သူမဆိုလက်ခံနိုင်လိမ့်မည်ဟု ရိုးသားစွာယုံကြည်မိပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရန် ကုလအထွေထွေညီလာခံက တောင်းဆို

NEJ / ၂၆ ဒီဇင်ဘာ ၂၀၀၈

ယခုလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု ရှုတ်ချဖော်ပြလိုက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

အဆိုပါတောင်းဆိုချက်ကို အမေရိကန်၊ အစ္စရေးတို့ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ (၈၀) ၊ ကန့်ကွက် (၂၅) နှင့် ကြားနေ (၄၅) မဲအသီးသီးဖြင့် ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ အခွင့်အာဏာ ပိုရှိသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မဟုတ်သော်လည်း အထွေထွေညီလာခံဖြစ်သောကြောင့် ကုလအဖွဲ့ဝင် (၁၉၂) နိုင်ငံ၏ အမြင်များကို ကိုယ်စားပြုနိုင်သဖြင့် ခိုင်မာသည့် အင်အားတခုပင်ဖြစ်သည်။

မြန်မာအာဏာပိုင်များကမူ အဆိုပါ ဆုံးဖြတ်ချက်သည် “မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ၀င်ရောက် စွက်ဖက်ခြင်း” သာဖြစ်ပြီး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကြောင့် ၎င်းတို့၏ အစီအစဉ်များ ရပ်တန့်သွားမည်မဟုတ် ကြောင်း ပြောသည်။ ထို့အပြင် ကုလညီလာခံတက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်တဦးကလည်း မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ အစီအစဉ်အပါအ၀င် ချမှတ်ထားသည့် နိုင်ငံရေး အစီစဉ် (၇) ဆင့်အရ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ချောမွေ့စွာပြောင်းလဲနေပြီဖြစ်သည်ဟု ညီလာခံသို့ ပြောသည်။

သို့သော် ကုလဆုံးဖြတ်ချက်အတွင်း၌မှု မြန်မာဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်သည် ရှုပ်ထွေးနေပြီး အန်အယ်လ်ဒီပါတီဝင်များအပါအ၀င် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများ စသည့် သက်ဆိုင်သူ များ အားလုံးပါဝင်မှုမရှိခြင်းတို့ကြောင့် လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း ထောက်ပြထားသည်။ ထို့အပြင် ဖွဲ့စည်းပုံအသစ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီမဟုတ်ဘဲ နာဂစ်ကာလအတွင်းက အလျင်အမြန် အတည်ပြုခဲ့သောကြောင့် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

ယခင်နှစ် သြဂုတ်-စက်တင်ဘာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားဦးရေသည် အရေအတွက် (၂) ဆခန့် တိုးလာကာ လက်ရှိတွင် (၂,၁၀၀) ဦးကျော်ရှိကြောင်း ကုလကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းကြသည်။

ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွာသားများ စိုးရိမ်

ကိုဝိုင်း/ ၂၆ ဒီဇင်ဘာ ၂၀၀၈

နအဖ အထက်အာဏာပိုင်များက ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ရွာများကို ပေါင်းစည်း၍ ရွာကြီးများအဖြစ် ပြန်တည်ဆောက်မည့် အစီအစဉ်ကြောင့် ဒေသခံများ စိုးရိမ် စိတ်ညစ်နေကြပြီး အကူအညီပေးရေးလုပ်ငန်း အချို့လည်း နှောင့် နှေးနေရကြောင်း ပြောင်းရွှေ့စာရင်းပါ ဒေသခံများနှင့် အကူအညီပေးနေသူများထံမှ သိရသည်။

ပြောင်းရွှေ့စုစည်းရမည့် လျာထားစာရင်း၌ ကျေးရွာအုပ်စု (၅) စုပါဝင်ပြီး ကြိမ်ချောင်းကြီး၊ ကျွန်းသာယာ၊ စက်ဆန်း၊ မဂူ၊ ဒေါင့်ကြီးတို့ဖြစ်သည်။

အဆိုပါ စုစည်းစီမံကိန်းကြောင့် ကျေးရွာအုပ်စု (၅) ခုပေါင်းတွင် မူလက ကျေးရွာခွဲပေါင်း (၁၅၅) ရွာရှိရာမှ (၆၃) ရွာသာ ရှိ တော့မည်ဖြစ်သည်။ စုစည်းမှုအကျိုးဆက်ကို အိမ်ခြေစုစုပေါင်း (၁၇,၀၀၀) ကျော်ခံရမည်ဖြစ်ကြောင်း၊ ယခုနှစ် အောက်တို ဘာလအတွင်း နအဖ အာဏာပိုင်များက ‘ကန့်သတ်’ ထုတ်ခဲ့သော ဖျာပုံခရိုင် ဘိုကလေးမြို့နယ် “ကျေးရွာအုပ်စုများစုစည်းရန် လျာထားစာရင်း” အရ သိရသည်။

ကျေးရွာစုစည်းမည့်အစီအစဉ် လျာထားစာရင်းကို ယခုနှစ် အောက်တိုဘာအတွင်းက ထုတ်ထားခဲ့ခြင်းဖြစ်သော်လည်း ထိုစဉ်က အိမ်ဆောက်လုပ်ပေးမည့် အလှူရှင်များ မရှိသေးသောကြောင့် အစီအစဉ်ရပ်ဆိုင်းနေခဲ့ခြင်းဖြစ်ရာမှ ယခုအခါ အိမ်ဆောက်မည့် ထူးကုမ္ပဏီနှင့် ဒိုင်းမွန်းမီလီယံ အဖွဲ့များ ရောက်လာသဖြင့် ပြောင်းရွှေ့မှုများ ဖြစ်လာမည်ကို ရွာသားများ စိုးရိမ်နေကြကြောင်း ဒေသတွင်း အကူအညီပေးနေသူတဦးက ပြောသည်။

ထို့အပြင် ရွာများ မပေါင်းလိုကြသည့် ရွာသားများ၊ ရပ်ရွာအေးချမ်းရေးအဖွဲ့များက တဘက်၊ ပေါင်းလိုကြသည့် မယကနှင့် ၀န်ကြီး အဆင့် အထက်ပိုင်းက တဘက် နှစ်ဘက် သဘောထားကွဲနေကြောင်းလည်း သိရသည်။

ဒေသအတွင်း အကူအညီပေးနေသူက “မယက အဖွဲ့အစည်းနဲ့ ၀န်ကြီးပိုင်းပေါ့နော် အထက်ပိုင်းတွေကတော့ ပေါင်းမယ်။ ရွာ တရွာကို အနည်းဆုံး အိမ်ခြေ (၂၀၀) ထားမယ်ပြောတယ်။ ရွာသားတွေကျတော့လည်း သူတို့က သူတို့ရွာလေးတွေမှာပဲ နေချင် တယ်။ ရွာသားတွေနဲ့ (ရယက) ရပ်ရွာအေးချမ်းက တဘက်။ နောက်ဆုံး ဘယ်လိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရပေါ့ သူတို့က အဲဒီလို မျိုးပဲရှိတယ်” ဟုပြောသည်။

ထို့အပြင် ကျွန်းသာယာအုပ်စုအတွင်းမှ ခါချဉ်ကျွန်းတွင် JEN ဟုခေါ်သော ဂျပန်အဖွဲ့တဖွဲ့က ၀ါးအိမ်ကလေးများ ဆောက် လုပ်ပေးနေသည်ကို တွေ့နေရသောကြောင့် ၎င်းတို့ကိုယ်တိုင် ရရာသစ်များဖြင့် ဆောက်လုပ်နေထိုင်လျက်ရှိသော လက်ရှိ အိမ်ထက် ခိုင်ခန့်မှုမရှိမည်ကို အဆိုပါ ရွာသားများက စိုးရိမ်နေကြပြီး မိမိတို့မြေကိုပစ်၍ အခြားသူများ၏ မြေ၌ သွားရောက်ကပ် နေလိုစိတ်မရှိခြင်းတို့ကြောင့်လည်း စိတ်ညစ်နေကြရကြောင်း သိရသည်။

လျာထားစာရင်းပေါက်ဒေသအတွင်း၌ ရေတွင်းတူးခြင်း၊ အိမ်ဆောက်ခြင်း စသည့် လုပ်ငန်းများလုပ်ဆောင်နေသော အကူအညီ ပေးရေးအဖွဲ့များကိုလည်း ကျေးရွာရွှေ့ပြောင်းမည့်အစီအစဉ်များရှိနေသောကြောင့် လုပ်ငန်းများ လုပ်ဆောင်နေခြင်းကို စဉ်းစားရန် အာဏာပိုင်များက သတိပေးပြောဆိုသဖြင့် အပြောင်းအရွှေ့ဖြစ်မဖြစ် စောင့်ကြည့်နေရသောကြောင့် မည်သို့ဆက်လုပ်ရမည် မသိပဲ လုပ်ငန်းများ နှောင့်နှေးနေရကြောင်း သိရသည်။

လတ်တလော၌ အဆိုပါ ကျေးရွာစုစည်းရေးအစီအစဉ်ကြောင့် ဒေသအတွင်း၌ ပြဿနာတစုံတရာ အကြီးအကျယ် မတက်သေး သော်လည်း သဘောထားကွဲနေသည့် ဘက်နှစ်ဘက်အကြား အပြန်အလှန် အရိပ်အခြေကြည့်နေကြကြောင်း၊ အကူအညီပေး သူများကလည်း မည်သို့ဖြစ်လာမည်နှင့် မည်သို့ကူညီရမည်ကို စောင့်ကြည့်နေကြရကြောင်း သိရသည်။

ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ညွှန်ကြား

NEJ / ၂၆ ဒီဇင်ဘာ ၂၀၀၈

ရန်ကုန်မြို့တွင်း မောင်းနှင်လျက်ရှိသော လေလံရထားသည့် မော်တော်ယာဉ်များ၊ စက်မှုဇုန်ထုတ်မော်တော်ယာဉ်များ ယာယီသက်တမ်းကုန်ဆုံးသည့်အတိုင်း မောင်းနှင်ပါက ကားကိုပါသိမ်းရန် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်က ညွှန်ကြားကြောင်း ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက သိရသည်။

“လေလံရထားတဲ့ကားတွေနဲ့ စက်မှုဇုန်ကားတွေမှာ ယာယီနံပါတ်ရှိတယ်။ သက်တမ်းကုန်ဆုံးရက်ရှိတယ်။ ကုန်ဆုံးရက်ကို (၂) လ သတ်မှတ်ထားတယ်။ အဲဒီ (၂) လထက်ကျော်လွန်ရင် ကားကိုသိမ်းဖို့ထိ ညွှန်ကြားထားတယ်” ဟု အဆိုပါကော်မတီ၏ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောသည်။

ယခုလလယ်တွင် ယင်းညွှန်ကြားချက်ကို ထုတ်ပြန်ထားသော်လည်း မည်သည့်အချိန်မှစတင်၍ ယင်းကားကို သမ်းမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“အဲဒီသတင်းကို မြန်မာ့အသံ၊ မြ၀တီ၊ သတင်းစာတွေမှာ ထည့်နေတာတွေ တွေ့တယ်ဗျ။ ဒါပေမယ့် ယာဉ်ကို သိမ်းမယ်ဆိုတာမျိုး မကြော်ငြာဘူး။ ယာဉ်ကို ထိရောက်စွာ အရေးယူမယ်လို့တော့ ကြော်ငြာတယ်” ဟု ပြည်တွင်း သတင်းအယ်ဒီတာတဦးက ပြောသည်။

ယခင်က လေလံကားများ၊ စက်မှုဇုန်ကားများ၊ ယာယီသက်တမ်းကျော်ပါက ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်ပိုင်ရှင်က ဒဏ်ငွေ (၅၁,၅၀၀) ကျပ် ပေးဆောင်ရသည့် စီမံချက်ကိုသာ ဆောင်ရွက်ခဲ့သော်လည်း ယခု ကားကို သိမ်းရန် စီမံခြင်းဖြစ်သည်။

Thursday, December 25, 2008

ဗိုလ်ချုပ်မှူးကြီးမြေးကို ထိုင်ကန်တော့တောင်းပန်ခဲ့ရ

Thursday, 25 December 2008 14:48 ရိုးမ ၃

နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည် စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့ တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

နေရွှေသွေးအောင်

နိုင်ငံတော်အခမ်းအနားတခုတွင် တွေ့ရသည့် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် (အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူ)

“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေးအိမ်ကို သွားပြီး ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ထိုည (၁) နာရီ မိနစ် (၂၀) ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက တံခါးဖွင့်ပေးလိုက်ရသည်။

“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင် ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့ ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။

ဖိုးလပြည့်နှင့်အတူ လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့် အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့ တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင် စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။

“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့ ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု ဆက်လက်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးမီကလည်း စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီး စစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါ ပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။

Wednesday, December 24, 2008

မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ဘယ်သူတွေရမလဲ

နန်းဒေ၀ီ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 19:48 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ရုပ်ရှင်အစည်းအရုံးက ကျင်းပပေးသည့် အကယ်ဒမီဆုပေးပွဲ မတိုင်မီ ဆုရရှိနိုင်သည့် မင်းသား၊ မင်းသမီး အမည်စာရင်း ကြိုတင်ခန့်မှန်းချက်များ ထုံးစံအတိုင်း ပေါ်ထွက်နေပြီ ဖြစ်သည်။

နှစ်စဉ် ကျင်းပသည့် ဆုပေးပွဲရာသီ မတိုင်မီ ၂ လခန့်အလို၌ ၂၀၀၇ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲအပေါ် ယခုလို ထင်ကြေးပေးမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ပေါ်ပြူလာဂျာနယ်မှ သတင်းထောက်တဦးကမူ ဒါရိုက်တာ အန်ထော်နီ ရိုက်ကူးသည့် 'အမေနှင့်သမီးများ' ဇာတ်ကားတွင် အကယ်ဒမီ စိုးမြတ်သူဇာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ 'ရင်နင့်အောင်မွှေး' ဇာတ်လမ်းတွင် မျိုးသန္တာထွန်းနှင့် အကယ်ဒမီ လွင်မိုး၊ 'ကိုးဆယ်ဆ သာလိမ့်မယ်' ရုပ်ရှင်ကားမှ ကျော်ရဲအောင်ကို တစ်ပေးလိုက်သည်။

"အခုလောလောဆယ် အသံထွက်နေတာကတော့ စိုးမြတ်သူဇာ၊ လွင်မိုး၊ ကျော်ရဲအောင်နဲ့ မျိုးသန္တာထွန်းတို့ကို မှန်းထားကြတယ်။ တိတိကျကျတော့ မှန်းရခက်သေးတယ်" ဟု သူက ပြောသည်။

အကယ်ဒမီဆုများအတွက် ၂၀၀၇ ခုနှစ်အတွင်းက ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၁၀ ကားခန့်မှ ရွေးချယ်ပေးအပ်သွားမည်။

အမျိုးသမီး ဒါရိုက်တာတဦးဖြစ်သူ ကြည်ဖြူရှင်က ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးပြီး မင်းသား ကျော်သူ၊ လူမင်း၊ ကျော်ရဲအောင်တို့ ပါဝင်သရုပ်ဆောင်သည့် 'ငါ့သွေး၊ ငါ့ဓား၊ ငါ့ဧရာဝတီ' ဇာတ်ကားသည် ဇာတ်အိမ် ခိုင်မာပြီး၊ ဓာတ်ပုံများလည်း ကောင်းမွန်သည့်အပြင် သရုပ်ဆောင်ချက်များလည်း ကောင်းကြောင်း ပြောသည်။

"ငါ့သွေး ငါ့ဓား ငါ့ဧရာဝတီကို ကြိုက်တယ်။ ဓာတ်ပုံတွေလည်း ကောင်းတယ်။ ဘယ်သူ အကယ်ဒမီဆိုတာ မှန်းရခက်တယ်" ဟု သူက ပြောသည်။

၂၀၀၆ ခုနှစ်အတွက် အကယ်ဒမီပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို မင်းသမီး နန္ဒာလှိုင်က "တောင်သမန်သစ္စာ" ဇာတ်ကားဖြင့် ရရှိခဲ့ပြီး၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ၅ ထပ်ကွမ်း အကယ်ဒမီဆုရှင် မင်းသား ရန်အောင်က 'ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ' ဇာတ်ကားဖြင့် ရရှိခဲ့သည်။

ယခုနှစ် ဆုပေးပွဲကို မည်သည့်နေရာတွင် ကျင်းပမည်ကို မသိရှိရသေးပါ။

ပြီးခဲ့သည့်နှစ်က စစ်အစိုးရ ရုံးစိုက်ရာ ကြတ်ပြေး နေပြည်တော်တွင် ကျင်းပခဲ့ရာ လုံခြုံရေး ထူထပ်စွာ ချခဲ့သည့်အပြင် ဆုပေးပွဲသို့ သွားရောက်သတင်းယူမည့် သတင်းသမားများကို ကြိုတင်စာရင်း ပေးခိုင်းခဲ့သည်။

ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ် (အင်တာဗျူး)

ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 19:15 - မြန်မာစံတော်ချိန်


(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ဝေးထောင်များတွင် ထောင်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးနေသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်တင်က 'အကျဉ်းသား မိသားစုများပါ ဒုက္ခရောက်နေသဖြင့် ၀ိုင်းဝန်းကူညီကြရန်' ယနေ့ တိုက်တွန်းလိုက်သည်။

သို့သော်လည်း ဆင်းရဲလှသည့် မိသားစုဝင်များအနေဖြင့် အားငယ်သွားခြင်း၊ အားလျော့သွားခြင်း မရှိသလို၊ ထောင်ချသည့်အတွက်လည်း အာဏာပိုင်များကို ကြောက်ရွံ့သွားမည်၊ တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဆရာကြီးက ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားနေသူများအနေဖြင့် အသံညီညီဖြင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းလိုက်သေးသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများထံ သွားရောက်အားပေးနေသည့် အခြေအနေနှင့် သူ့အမြင်များကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ဇာနည်က မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ ။ ဘဘ အခု အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် အခုလို လိုက်တွေ့ဖြစ်တာလဲဆိုတာ သိပါရစေရှင့်။


ဖြေ။ ။ ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတာဗျာ။ အဲဒီမှာ အဖွဲ့ချုပ်ကရော၊ နောက် အားလုံးကရော ၀ိုင်းကူညီကြတယ်။ အားပေးတယ်၊ သတိရတယ်လို့ ပြောတယ်။ တခါတလေလည်း မုန့်ဘာညာ စသည်ပေါ့ဗျာ လာလာပြီးတော့ ပေးကြတယ်။ ငပိကြော်ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ ကျနော် အနှစ် ၂၀ ကို ဖြတ်သန်းခဲ့ရတာ။

ဆိုတော့ ဒီလူတွေရဲ့ကျေးဇူး၊ ဒီလူတွေရဲ့ လုပ်ရပ်ကို မမေ့နိုင်ဘူး။ ကျနော့် ပေးတဲ့သူက မောင်ဖြူ ဖြစ်ပေမယ့်လို့ ကျနော် ပြန်ပေးတာက မောင်မဲဆိုရင်လည်း ဒါက မောင်ဖြူကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားတယ်လေ။ ဘာလို့လဲဆိုတော့ ဒါက လူတိုင်း ၀ိုင်းလုပ်ပေးလို့ ကျနော် အသက်ရှည်လာတာဗျ။ ထောင်ထဲမှာက အသက်ရှည်နိုင်စရာ မရှိဘူး။ ဒီအစိုးရရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ခံနေရတာ။ ဒါတောင် ကျနော် ညှဉ်းဆဲခံရတာတွေ ထည့်မပြောသေးဘူး။ ဒီအစိုးရ ဒီလောက်ကြပ်မတ် ချုပ်ချယ်ထားတဲ့ အထဲမှာ တယောက်ထဲ ပိတ်နေတဲ့အခါတွေမှာ ကျနော် အသက်ရှည်စရာအကြောင်း မရှိဘူး။

ဒီလို ကျနော့်ကို အားပေးတဲ့ လူတွေ၊ ကျနော့်ကို သတိရတဲ့လူတွေကြောင့်သာ ကျနော် အသက်ရှည်ခဲ့တာဗျ။ ဒါကြောင့် ဒီနေ့ ကျနော်သွားကူနေတယ်၊ ဘာညာဆိုတာက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရကို လုပ်တာ။ တော်တော့်ကိုတော့ မောတယ်ဗျာ။ ဒါပေမဲ့ ကျနော် တတ်နိုင်သမျှ လုပ်မှာပါပဲ။ ကျနော် ဘယ်ကမှ ပိုက်ဆံ ရလို့တော့ မဟုတ်ဘူး။ ကျနော့ မိတ်ဆွေတွေ ထောက်ပံ့တဲ့ လမ်းစရိတ်ကို ကျနော် ချွေတာပြီး လိုင်းကားစီးပြီး သူတို့ကို မုန့်လေး ဘာလေး ၀ယ်ပြီး ပေးတယ်။ ဒါပါပဲ။

မေး။ ။ ဘဘ ဒီလိုသွားတော့ သူတို့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ အခြေနေတွေကို ဘယ်လိုတွေ့ခဲ့ရပါလဲရှင့်။

ဖြေ။ ။ ကျနော်ပြောချင်တာတော့ နှစ်ချက် သုံးချက် ရှိမယ်ဗျ။ တချက်က လူတိုင်းက သိပ်ပြီးတော့ ကျနော်တို့ ထင်သလို စိတ်ပျက် အားငယ်နေတာတော့ မရှိဘူးဗျ။ လူတိုင်းက တက်ကြွနေတယ်။ ကျနော်တို့ လာတဲ့အတွက်လည်း ပိုပြီးတော့ ထက်သန်တက်ကြွနေတယ်။ ၀မ်းသာနေတယ်။ ကျနော် အဲဒါကို တွေ့ခဲ့ရတယ်။ နောက်တချက်က ဘယ်လိုလဲဆိုတော့ ဒီထဲမှာက တချို့ တောင့်တောင့်တင်းတင်းပေါ့ဗျာ၊ စီးပွားရေးအားဖြင့် တောင့်တင်းပုံပေါ်တဲ့ မိသားစုများထက် တော်တော်ဆင်းရဲတဲ့သူတွေကို သွားတွေ့တယ်ဗျ။ အဲဒီ အခါကျတော့ ကျနော်တော့ ဒီအစိုးရလုပ်တဲ့ပုံကို သိပ်ပြီးတော့ စိတ်ထဲ စိတ်ပျက်တယ်ဗျာ။

ဘာလို့လဲဆိုတော့ ကျနော်ပြောတာက အကျဉ်းသားတွေ ထောင်ကျတယ်။ နိုင်ငံရေး လုပ်တဲ့အတွက် ထောင်ကျမယ်ဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ပြီးသား ကိစ္စ။ ဆိုပါတော့ ကျနော်ဆို ထောင်ပြန်ကျလည်း ရယ်ဒီပဲ။ ကျနော် ဒီနေ့အထိလည်း ထောင်အ၀တ်အစား အပြာရောင်တို့ ဘာတို့ပဲ ၀တ်နေတာပဲ၊ ဘာမှလည်း တွန့်ဆုတ်မှု မရှိဘူး၊ ဘာမှလဲ ဂရုမစိုက်ဘူး။ ကျနော် လုပ်စရာရှိတာ ကျနော် လုပ်နေတာပဲ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတိုင်းအတွက်ကလည်း ထောင်ကျတယ်ဆိုတာ မဆန်းဘူးဗျ။ ဒါပေမဲ့ ဒီအစိုးရက သိပ်ပြီးတော့ကို တော်တော့်ကို ဆိုးဆိုးဝါးဝါး လုပ်တာပဲ။

ကျနော် စဉ်းစားကြည့်တယ်။ ခုနက ပြောတဲ့ တချက်ပေါ့ဗျာ။ မိသားစုတွေက တော်တော်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲတဲ့ အခါကျတော့ ဒီလောက်ဆင်းရဲတဲ့ မိသားစုတွေက ဘယ်လိုဖြစ်လဲဆိုတော့ အဝေးမှာ ထောင်တွေက ကျတယ်ဆိုတော့ ဥပမာဆို ပူတာအိုကျတဲ့ မိသားစု ပါတယ်ပေါ့။ တနေ့က ကျနော် ဒေါပုံနယ်ထဲ သွားတယ်။ အဲဒီမှာ လေး၊ ငါး ဆယ်အိမ်လောက်သွားတာဆိုတော့ အဲဒီက လူတွေက တော်တော့်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲလိုက်တာမှဗျာ အိမ်လေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ။ ဒါပေမဲ့ သူတို့ စိတ်ဓာတ်အားဖြင့်တော့ မကျဘူး။ မကျဘူး ဆိုပေမယ့်ဗျာ စိတ်တော့ နည်းနည်းလေး ညစ်နေတာပေါ့။

စိတ်ညစ်တယ်ဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီထဲမှာ ကလေးတယောက်က ပူတာအိုသွားရမယ်ဆိုပြီး ပါတယ်။ စစ်တွေကို သွားရမယ့်သူတွေ ပါတယ်။ အဲဒီဟာတွေဟာ ခရီးစရိတ်ကထား၊ ICRC က ကူတယ် ဆိုသော်ငြားလည်း၊ ခင်ဗျား ဒီခရီးက စားရေးသောက်ရေး၊ နေရေးထိုင်ရေး ရှိသေးတယ်။ ဘာလို့ဆိုတော့ အဲဒီကို သွားတာ တပတ်နှစ်ပတ်ကြာတယ်။ အဲဒီတော့ သူတို့ စားရေးသောက်ရေးက ဟိုမှာတင် အခက်အခဲရှိရုံ မဟုတ်ဘူး။ သူတို့ ရန်ကုန်မှာက နေ့စား လက်လုပ်လက်စားတွေဗျာ။ သူတို့ ဘာမှ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေး လုပ်တဲ့သူတင် ထောင်ကျတာ မဟုတ်ဘူး။ မိသားစုပါ ဒုက္ခရောက်နေတာဗျာ။ ၀ိုင်းကူနိုင်ရင် ကူကြပါ ကူနိုင်အောင်လည်း လုပ်ကြပါလို့ ကျနော် တိုက်တွန်းချင်တယ်။

မေး။ ။ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတွေ၊ နောက် နယ်ဝေးက ထောင်တွေကို ပို့ခံရတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ ဘဘ။

ဖြေ။ ။ အဲဒါက အစိုးရ အနေနဲ့က မလုပ်ကောင်းတာပဲဗျာ။ ထောင်ချချပေါ့ဗျာ။ မိသားစုပါ ဒုက္ခရောက်အောင်တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ကျနော်တော့ အဲလိုပဲ သဘောရတယ်ဗျ။ တမင်နှိပ်စက်တာပေါ့ဗျာ။ လူတွေကို အကျဉ်း နှစ်ပေါင်းများစွာ ချတယ်။

စဉ်းစားကြည့်ဗျာ။ လူသတ်မှု ကျူးလွန်တာတောင် ထောင်ဒဏ် နှစ်၂၀ စသည်လောက်ပဲ ကျနိုင်တယ်။ အဲဒါမျိုးတွေကို၊ လူတွေကို ထောင်ဒဏ် နှစ် ၆၀ တွေဘာတွေ ချတယ်ဆိုတာက ရှင်းရှင်းပြောရင် ဒါက လူတွေကို မတရားသဖြင့် လုပ်တာပဲဗျ။ တရားဥပဒေနဲ့ အညီလုပ်တာ မဟုတ်ဘဲ မတရားသဖြင့် လုပ်တာပဲဗျ။

မနေ့တနေ့က လူငယ်တယောက်ဆိုရင် တနေရာကို ၃ နှစ်လောက်ကျတာ။ ၀န်ထမ်းတယောက်နဲ့ ပတ်သက်တယ်ဆိုပြီးတော့လား မသိဘူး။ သူ့ကို ၃ မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချတယ်ဗျာ။ ဒါမျိုးက မလုပ်ကောင်းတဲ့ အလုပ်တွေပဲ။ တရားစီရင်ရေးဟာ တရားသဖြင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ထားတော့ ဒါကတော့ အကျဉ်းသားတွေကို ထောင်ချတဲ့အတွက် ကျနော်ကတော့ မပြောချင်ဘူး။ များတာ နည်းတာလည်း ဂရုမစိုက်ပါဘူး။

နိုင်ငံရေးသမား ထောင်ချတာလည်း ကျနော်က သိပ်ပြီး မပြောချင်ဘူး။ နိုင်ငံရေးသမားကတော့ ထောင်ကျရင်ကျမယ် လုပ်တာပဲ။ ဒါပေမဲ့ မိသားစုကိုတော့ ဒီလောက်ကြီး မညှဉ်းဆဲကောင်းဘူးဗျ။ စဉ်းစားကြည့်လေ။ တရားသဖြင့်လည်း မဟုတ်ဘူးဗျာ။ မိသားစုကို ဒုက္ခရောက်အောင် ထပ်လုပ်တယ်။ ဒါလုပ်ကောင်းသလားဗျာ။

အောက်ဗမာပြည်က အကျဉ်းသားကို ပုသိမ်ပို့တာတို့၊ ဖျာပုံပို့တယ်။ ဘားအံပို့တယ်ဆို ထားအုံး။ နောက် အင်းစိန်ထောင်မှာ မတရားနဲ့ ထောင်ကျနေတဲ့သူတွေ များလွန်းလို့ နေရာမရှိဘူး။ နေရာမရှိလို့ အဝေးပို့ရတယ်ဆို တော်သေးတယ်။ ဘယ့်နှယ်ဗျာ အောက်ဗမာပြည်က လူကို ပူတာအိုပို့တယ်ဆိုတာတော့ တရားလွန်တာပေါ့။ ကျနော်ကတော့ ဒီလိုပဲ သဘောရပါတယ်။

မေး။ ။နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာ အဝေးက ထောင်တွေကို ပို့တာတွေ လုပ်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေက အရှိန်လျော့သွားနိုင်ပါသလား ဘဘ။


ဖြေ။ ။ မလျော့ဘူး မနည်းသွားဘူး။ ကျနော်ကတော့ စိတ်အားထက်သန်နေလို့လားတော့ မသိဘူး။ ကျနော်တော့ နည်းမယ်လို့ မထင်ဘူး။ ဘာလို့ ကျနော် ဒီလိုပြောနိုင်လဲဆိုတော့ အထောက်အထားမရှိ၊ စိတ်ကူးစိတ်သန်းနဲ့ ပြောနေတာ မဟုတ်ဘူး။ အခု ကျနော် သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ဖြစ်ပေမယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြောဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာ မရှိဘူး။

အဲဒီတော့ ကျနော်ထင်တယ် ဒီလို ထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက်သန်လာတယ်။ အိမ်တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ 'အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာတောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်' တဲ့။ တက်ကြွနေတယ်ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာ မဟုတ်ဘူး။ ကျနော့ ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။

ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီတော့ ကျနော်ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရု မစိုက်ဘူးဆိုတာက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသားလူငယ်တွေ မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့ မိဘတွေကလည်း ဘာမှကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာမှ ကြောက်မှာ မဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။

မေး။ ။ ဘဘ ဒီလို အကျဉ်းကျသူတွေရဲ့ မိသားစုတွေကို လိုက်တွေ့တော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ၊ နှောင့်ယှက်တာတွေရော ရှိပါသလား ဘဘ။

ဖြေ။ ။ ဟာ အများကြီးပေါ့ဗျာ၊ အများကြီးပေါ့ဗျာ။ တနေ့က ကျနော် မြောက်ဥက္ကလာဘက်သွားတာ။ ထွက်ထားတဲ့ ကျောင်းသားလူငယ် ၁၄ ယောက်လောက်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ကို နောက်ကနေ အမြဲတမ်း လိုက်နေကျက ထောက်လှမ်းရေးက လူ ၂ ယောက်လောက် မော်တော်ဆိုင်ကယ် ၂ စီးလောက်ပဲ ရှိတာ။ အဲဒီနေ့ကဆို ဆိုင်ကယ်က အားလုံးပေါင်း ၉ စီးလောက်ရှိတယ်။ နောက်ထပ် ၇ စီး ရောက်လာတယ်။ ကျနော်တို့လည်း လူတော့ နည်းနည်းတော့ များတယ်ပေါ့ဗျာ။

ဒါပေမယ်လို့ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ လူတွေက ၀ိုင်းကြည့် ဘာညာနဲ့ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒီနေရာ၊ ဒီအိမ်မှာကတော့ အကျဉ်းကျနေတဲ့ ဘယ်သူဘယ်ဝါဆိုတာ အန်အယ်လ်ဒီက လူတွေ အိမ်ဆိုတာတွေက သူတို့ သိကြတယ်။ အဲဒီ သိတဲ့အထဲမှာ ထပ်ပြီးတော့ သူတို့တွေက မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ 'တဘွန်းဘွန်း' လုပ်တဲ့ အခါကျတော့ လူတွေက ၀ိုင်းကြည့်ဘာကြည့်။

အဲဒီတော့ ကျနော်ပြောချင်တာက အကြောင်းကြောင်းကြောင့် ဆူတာပူတာတို့ လှုပ်လှုပ်ရှားရှားဖြစ်တာတို့ အော်တာဟစ်တာဖြစ်ရင် သူတို့တာဝန်က ပိုများတယ်လို့ ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့ကတော့ အကျဉ်းကျတဲ့သူတွေ ရဲဘော်တွေ ကိုယ့်မိတ်ဆွေတွေ ဟုတ်လား။ နောက် ကိုယ့်အဖွဲ့အစည်းက လူတွေအနေနဲ့ ကျနော်တို့ သွားပြီး နှုတ်ဆက်တာပဲ အားပေးတာပဲ။ ဒါ့အပြင် မပိုဘူး။ ကျနော်တို့ အေးအေးဆေးဆေး သွားပြီးတော့ တွေ့တယ်။ တခါတလေ ကျနော်တို့ ဒီက တယောက် နှစ်ယောက်ပဲ သွားတယ်။ တခါတလေတော့လည်း များတယ်ပေါ့ဗျာ။

ဒါပေမဲ့ သူတို့ လုပ်တာက တရားလွန်တယ်။ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ ဆူတာပူတာ၊ အော်တာဟစ်တာ မဟုတ်ရရင်လည်း လှုပ်လှုပ်ရှားရှားဖြစ်တာတွေဆိုရင် ဒါ သူတို့တာဝန်ဗျ။ သူတို့တာဝန်။ တခုတော့ ရှိတယ်ပေါ့ဗျာ။ အစိုးရ ကိုယ်၌ကလည်း တရားလွန်တယ်ဆိုတော့ သူတို့လက်အောက်က သူတို့ခိုင်းတာ လုပ်နေရတဲ့ သူတွေ၊ သူ့တာဝန်အရ သူလုပ်တာကတော့ ပိုပြီးတော့ များတော့မှာပေါ့ဗျာ။

ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သူတို့တာဝန် သူတို့လုပ်ပေါ့။ ဒါပေမဲ့ လုပ်ပုံ ပြောပါတယ်။ အခုကျတော့ ဟိုလူက ၀ိုင်းကြည့်၊ ဒီလူက ၀ိုင်းကြည့်နဲ့ပေါ့။ တခုပေါ့၊ ကျနော်တို့ကို ၀ိုင်းပြီး ရိုက်လွှတ်ရင်လည်း ဒါကတော့ တမျိုးပေါ့ဗျာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အော်ကြဟစ်ကြနဲ့ဆိုရင်တော့ သူတို့ရဲ့တာဝန်ပေါ့။ သူတို့ကို မကျေနပ်လို့ ဆူပူရင် ဒါက ကျနော်တို့ လှုံ့ဆော်တာ မဟုတ်ဘူး။

မေး။ ။ ဘဘ အခု သွားတာမှာ အန်အယ်လ်ဒီကနေ ထွက်ထားတဲ့ လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီထွက်ထားတဲ့ လူငယ်တွေကို ဘဘ ဘယ်လိုစုစည်းထားလဲ။ သူတို့အပေါ် ထားရှိတဲ့ ဘဘ ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ အတွင်းက လူငယ်တွေနဲ့လည်း သွားတယ်။ မြို့နယ်ဥက္ကဋ္ဌတွေနဲ့လည်း သွားတယ်။ ဒီနေ့ဆို မြို့နယ်ဥက္ကဋ္ဌ တယောက်ပါတယ်။ ကျနော်တော့ အစုံသွားကြည့်နေတာပဲဗျာ။ ထွက်ထားတဲ့ လူငယ်ဆိုတော့ပေမယ့်လည်း ကျနော်ကတော့ ထွက်ထားတဲ့ လူငယ်လို့ သဘောမထားဘူး။ ကျနော်ကတော့ ဒါ အန်အယ်လ်ဒီအတွင်းမှာ ရှိနေတဲ့လူတွေပဲ။ ဒါတွေက ကျနော်က ဖက်ထားတဲ့ လူတွေ။ ဘာလို့လဲဆိုတော့ ကျနော်က သူတို့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။

မပေးနိုင်တော့ ကျနော်က ဖက်ထားတယ်။ မင်းတို့ ဒီကနေထွက်ချင်တာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မဟုတ်ဘူးဆိုတော့ ငါတော့ မင်းတို့ကို ဖက်ထားမယ်။ မင်းတို့ဟာ ထွက်ထားတဲ့ လူတွေ ဘာတွေ ပြောပြော မင်းတို့ဟာ ထုတ်ထားတဲ့လူတွေ မဟုတ်ဘူး။ မင်းတို့ကို ပြန်လည်ညီညွတ်ရေးလုပ်ရအောင် ငါ့မှာလည်း နိုင်ငံရေးသြဇာ မရှိဘူး။ အင်အားလည်း မရှိဘူး။ သို့သော် ငါထင်တယ်။ ငါမင်းတို့ကို ပိုက်ထွေးထားတဲ့ အားပဲ ရှိတယ်။ အဲလိုလုပ်ရတဲ့ အကြောင်းက ဘာလဲဆိုတော့ ဒေါ်စုလာရင် ဖြေရှင်းကြမယ်ပေါ့။ ဘာလို့ဆိုတော့ ဒေါ်စုက နိုင်ငံရေး သြဇာရှိတယ်။ အင်အားရှိတယ်။ အဲဒီ အခါကျရင် သူ့သြဇာ။ သူ့နိုင်ငံရေး အင်အားနဲ့ သူတို့ အခု ဖြစ်နေတာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ကျနော်က ပိုက်ထွေးထားနိုင်တယ်လို့ ကျနော် ယုံတယ်လေ။

မေး။ ။ ဒါဆိုရင် ဘဘက ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်၊ မလွတ် ဆိုတဲ့အပေါ် ဘယ်လို မျှော်လင့်ချက်ထားလို့ပါလဲရှင့်။

ဖြေ။ ။ ဒါကတော့ ဟိုလူ လွတ်မယ်၊ ဒီလူ လွတ်မယ်လို့ နိုင်ငံရေးဗေဒင်ဟောတာက မကောင်းဘူးခင်ဗျ။ အရူးဖြစ်တတ်တယ်။ နိုင်ငံရေး ဗေဒင်ဟောရင် မှားတာပဲ များတယ်။ ဖြစ်နိုင်ချေက သူတို့အစိုးအရရဲ့ အခြေအနေနဲ့ကရော၊ ကမ္ဘာက ဖိအားပေးတာနဲ့ကရော လွတ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါကတကြောင်း။ နောက်တခုကတော့ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတာတွေ၊ နောက် ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်မျိုးကို ပြန်လွှတ်လိုက်တာမျိုး။ ထောင်ချဖို့ ဖမ်းတာပဲဗျာ။ ထောင်မကျဘဲ ပြန်လွတ်လာတယ်ဆိုတာ ရှားတယ်လေ။ အဲဒီ အပြင်ကို ဒေါ်စုနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့စကားက ရှေ့နေက အယူခံတင်တော့ သူတို့က တွေ့ခွင့်ပေးတယ်ဆို ပေးတယ်၊ မပေးဘူးဆို မပေးဘူးပြောရင် ပြီးပြီ။ အခုက သူတို့က အစိုးရအဖွဲ့က ကိုင်တွယ်နေပါတယ်လို့ ပြောခြင်းအားဖြင့် ဒါက ရှင်းရှင်းလေးပဲ။ လွှတ်ဖို့ ကိုင်တွယ်တာလည်း ဖြစ်မယ်။ မလွှတ်ဖို့ စဉ်းစားတာလည်း ဖြစ်မယ်ပေါ့။ ဘာပဲပြောပြော အကောင်းဘက်ကပဲ စဉ်းစားကြည့်တာပေါ့။ မှားရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

မေး။ ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေကို ဘဘ အနေနဲ့ ဘာများ ပြောချင်ပါလဲရှင်။


ဖြေ။ ။ ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။


နေပြည်တော်က မကြာမီ သတင်းစာ ထုတ်ဝေမည်

နန်းဒေ၀ီ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 17:54 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် နေ့စဉ်ထုတ် သတင်းစာတစောင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းမီဒီယာ သမားများက ပြောဆိုသည်။

လာမည့်နှစ် ဇန်န၀ါရီလတွင် ထုတ်ဝေသွားမည့် သတင်းစာသည် နေ့စဉ်ထုတ် သတင်းစာဖြစ်ကာ၊ ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ဝေသွားမည်ဟု သိရခြင်းဖြစ်သည်။

"ထုတ်မယ်ဆိုတာ ကြားတယ်။ နေ့စဉ်ထုတ်ဖြစ်မယ်လို့ ကြားတယ်။ နေပြည်တော်သတင်းစာ နာမည်နဲ့ ဖြစ်ဖို့ များတယ်။ အသေးစိတ်တော့ အတည်မပြုနိုင်သေးဘူး" ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနတခုမှ မြန်မာသတင်းထောက်တဦးက ပြောသည်။

နေပြည်တော်အခြေစိုက် ပထမဦးဆုံး ထုတ်ဝေမည့် ထိုသတင်းစာကို နေပြည်တော်တိုင်းမ် (Nay Pyi Daw Times) ဟုခေါ်ပြီး ဒေသခံ သတင်းများကို ဦးစားပေးထုတ်ဝေသွားမည်ဟု အမေရိကန်အခြေစိုက် မြန်မာသတင်းဌာနတခုဖြစ်သည့် 'လွတ်လပ်သည့် အာရှအသံ (RFA)' ကလည်း သတင်းထုတ်ပြန်သည်။

သတင်းစာ ထုတ်မည့်ကိစ္စကို အတည်ပြုချက်ရယူရန် နေပြည်တော်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (သပြေကုန်း) ကို ဆက်သွယ်မေးမြန်းရာ ညွှန်ကြားရေးမှူး ဗိုလ်မှူးလှိုင်မြင့်က တစုံတရာ ငြင်းဆိုခဲ့ခြင်း မရှိသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

"အတည်ပြုပေးနိုင်မယ့် အနေအထားရောက်ရင် ကျနော်တို့ သတင်းထုတ်ပြန်ပေးပါ့မယ်။ အဲဒီအခါကျရင် အစောကြီးသိအောင် လုပ်ပေးပါ့မယ်" ဟု သူက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာစစ်အစိုးရ အာဘော်များကို ရေးသားထုတ်ဝေသည့် မြန်မာ့အလင်း (မြန်မာ၊ အင်္ဂလိပ်) နှင့် ကြေးမုံတို့သာရှိပြီး နောက်ထပ်ထုတ်ဝေမည့် သတင်းစာသည်လည်း အလားတူပင် အစိုးရ အာဘော်များကို အသားပေးရေးသားမည့် သတင်းစာသာဖြစ်နိုင်ကြောင်း မြန်မာသတင်းသမားများက သုံးသပ်ပြောဆိုကြသည်။

"ဒီဘာဘော်တွေကိုပဲ ရေးတော့ သတင်းစာ တစောင်တိုးလည်း လူထုအတွက် မထူးခြားပါဘူး။ အစိုးရအာဘော်တွေကိုပဲ ရေးမယ့် သတင်းစာဆိုတော့ အစိုးရ သတင်းစာတစောင် ထပ်တိုးတာပဲရှိတယ်" ဟု အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက် ၀ါရင့် မဂ္ဂဇင်းအယ်ဒီတာ တဦးက ပြောသည်။

အလားတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်သည့် Weekly Eleven ၊ ပေါ်ပြူလာနှင့် မြန်မာတိုင်းမ် အပါအ၀င် ဂျာနယ် ၅ ခုကို နေ့စဉ်ထုတ် သတင်းစာများအဖြစ် ထုတ်ဝေခွင့် ချပေးတော့မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။

သို့သော်လည်း ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ဦးဟိန်းလတ်ကမူ ပေါ်ပြူလာအနေဖြင့် နေ့စဉ်သတင်းစာ ထုတ်မည်မဟုတ်ကြောင်း ပြောဆိုသည်။

သူက "မဟုတ်ပါဘူး။ ကောလာဟလတွေပါဗျာ။ ကျနော်တို့ကို ဘယ်ချပေးမလဲဗျာ။ သတင်းစာ ထုတ်ခွင့်တော့ ဂျာနယ်တိုက်တွေက လိုချင်တာပေါ့။ ကျနော်တို့ မလျှောက်ပါဘူး၊ သတင်းစာထုတ်ဖို့ကို။ လူတွေက အပတ်စဉ် သတင်းဂျာနယ် ထုတ်ဝေခွင့်နဲ့များ မှားနေသလား မသိဘူး" ဟု ပြောသည်။

သူတို့အနေဖြင့် 'ပေါ်ပြူလာ သတင်းဂျာနယ်' စာစောင်ကိုသာ မကြာမီ တိုးချဲ့ထုတ်ဝေမည်ဟု ဆိုသည်။

မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ

မျိုးကြီး
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 17:51 - မြန်မာစံတော်ချိန်

ရွှေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က လုယက်မှု၌ တရက်အတွင်း လူနှစ်ဦး သေဆုံးခဲ့သည်။

လုယက်သူများ လက်ချက်ဖြင့် သေဆုံးသူများမှာ မူဆယ်မြို့ မန်မိုင်ရွာသား ကချင်အမျိုးသား ကိုခေါင်ဇယ် (ခ) လနုတ် (၃၈ နှစ်) နှင့် ခရစ်ယာန်ရပ်ကွက်မှ အိမ်ဖော် အမျိုးသမီးတို့ဖြစ်သည်။

''မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ မန်မိုင်ကနေ ကောင်းမှုကို ကလေးကျောင်း သွားပို့အပြန်မှာ ရေချောင်းလေး ရှိတယ်။ အဲဒီလမ်းမှာပဲ လူနှစ်ယောက်၊ ကုလားလိုလို လူတယောက်ပါတယ်၊ ခေါင်းကို ဒုတ်နဲ့ ရိုက်ထည့်လိုက်တယ်။ ခဏလေးပဲ အသက်ရှင်ပြီး သေသွားတယ်'' ဟု သေဆုံးသွားသူ ကိုခေါင်ဇယ်၏ ယောက်ဖက မဇ္ဈိမကို ပြောသည်။

လုယက်သူများက ဦးခေါင်းကို ရိုက်လိုက်ပြီးနောက် စီးလာသည့် မော်တော်ဆိုင်ကယ်ကို ယူသွားကြသည်။

ကျောင်းဆရာမ နှစ်ဦးက အခင်းဖြစ်ပွားမှုကို တွေ့မြင်ရသောကြောင့် ရဲစခန်းသို့ ဖုန်းဆက်တိုင်သဖြင့် ရဲများ လာရောက်ခဲ့ကြောင်းနှင့် ထိုနေ့ ညနေပိုင်း၌ပင် ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ပြီး ယမန်နေ့က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။

အလားတူပင် ထိုနေ့ ည ၁၁ နာရီခန့်က ခရစ်ယာန်ရပ်ကွက်မှ နေအိမ်တအိမ်ကို လူတစုက မှောင်ရိပ်ခိုနေရာ အိမ်ဖော် အမျိုးသမီးတဦးက အိမ်သာတက်ရန် အိမ်အပြင်ထွက်စဉ် တွေ့ရှိအော်ဟစ်သဖြင့် လည်ပင်းကို ဓားဖြင့် ထိုးနှက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

''နာမည်ကတော့ အတိအကျ မသိဘူး။ ဒီနေ့ပဲ သင်္ဂြိုဟ်တယ်။ အိမ်ဖော်အမျိုးသမီး လည်ပင်းကို ဓားနဲ့လှီးလို့ သွေးကြောပြတ် သေသွားတယ်။ အိမ်ကို လူကပ်ထားတာ၊ အိမ်သာအတက် လူတွေ့လို့ အော်တော့ အဲလို သတ်သွားတာ'' ဟု မူဆယ်ဒေသခံ နောက်တဦးက မဇ္ဈိမကို ပြောသည်။

ယခုလို ခိုးဆိုးလုယက်မှုများသည် နေ့စဉ်နီးပါး ဖြစ်နေကြောင်း အဆိုပါ ဒေသခံကပင် ယခုလို ဆက်ပြောသည်။

''ဆိုင်ကယ် accident (မတော်တဆမှု) မပါဘူး။ အသတ်ခံရပြီး သေတာ။ ဒီရက်ပိုင်းအတွင်း ၃ လောင်းရှိပြီ။ ၁၀၅ မိုင်နဲ့ မူဆယ်ကြားထဲမှာ အေးဂျင့်တယောက် ဆိုင်ကယ်အလုခံရပြီး အသတ်ခံရသေးတယ်။ ခိုးဆိုးလုယက်မှုက နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဒီကြားထဲမှာ ခရစ်ယာန်ရပ်ကွက်မှာပဲ အိမ်တအိမ် အဖောက်ခံရပြီး ရွှေ ၂၀ ကျပ်သား ပါသွားသေးတယ်'' ဟု သူက ပြောသည်။

လွန်ခဲ့သည့် ၃ လခန့်မှ စတင်ကာ မှုခင်းဖြစ်ပွားမှုများ သိသာစွာ တိုးပွားလာသော်လည်း ဒေသခံ ရဲတပ်ဖွဲ့က လက်သည်တရားခံများအား ဖမ်းဆီးနိုင်မှု မရှိလှကြောင်း ဒေသခံများက ဆိုသည်။

ယခုလို အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန်အတွက် မူဆယ်ရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိပါ။

အင်အားစုများ ညီညွတ်ရန် စီအာပီပီ တိုက်တွန်း

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 17:48 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ တိုင်းပြည်အတွက် နိုင်ငံရေးအင်အားစုများ အားလုံး ညီညွတ်မှုရှိရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ - စီအာပီပီက ယနေ့ တိုက်တွန်းလိုက်သည်။

တိုင်းပြည် ဒီမိုကရေစီရေးအတွက် နိုင်ငံရေးပါတီအချင်းချင်း၊ ပါတီတွင်း၊ အပစ်ရပ်နှင့် ဆက်လက်တိုက်ပွဲဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ညီညွတ်ရေး လိုအပ်ကြောင်း ယမန်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည့် စီအာပီပီ အစည်းအဝေး နောက်ရက်တွင် ယခုလို ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ပါတီများအနေနဲ့ တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတည်ဆောက်ပြီး၊ အပြန်အလှန်နားလည်ပြီး ညီညွတ်ရင် အကောင်းဆုံးပဲ။ တိုင်းပြည်အတွက် အရေးအကြီးဆုံး အခြေအနေဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီရော၊ ငြိမ်းချမ်းရေး လုပ်ထားတဲ့ အဖွဲ့တွေရော၊ ငြိမ်းချမ်းရေး မလုပ်ရတဲ့ အဖွဲ့တွေရော အားလုံးဟာ ဒီအချိန်မှာ ညီညွတ်ဖို့ စည်းလုံးဖို့ ဒါမှလည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်လို့ရမယ်" ဟု စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

"ညီညွတ်ရေးကို တည်ဆောက်ရာမှာ ယုံကြည်မှုက အရေးကြီးတယ်။ ဒါကြောင့်မို့ နအဖ အာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုတယ်" ဟု သူက ဆက်ပြောသည်။

အစည်းအဝေးသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ကာ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ဆွေးနွေးခဲ့ကြသည်။

စစ်မှန်သည့် ဒီမိုကရေစီစနစ် တည်ဆောက်မည်ဆိုလျှင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်သည့်အနေဖြင့် မြန်မာစစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်ရန်အတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ရန် အစည်းအဝေးက တောင်းဆိုခဲ့သည်။

ဦးအေးသာအောင်က "တိုင်းပြည်မှာ ညီညွတ်ရေး မရှိဘဲနဲ့ ယိုယွင်းနေတဲ့ နိုင်ငံတခုကို ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အင်အားစုတွေအားလုံး ညီညွတ်ဖို့လိုတယ်။ မကြိုက်တာတွေ၊ သဘောမကျတာတွေ ဘေးဖယ်ပြီးတော့ ညီညွတ်ရေးကို တည်ဆောက်ရမယ်။ ဒီလို မတည်ဆောက်ရင်တော့ ဒီ့ထက်ပိုဆိုးနိုင်တယ်" ဟု ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် ပြည်သူ့လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ စီအာပီပီကို ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က အန်အယ်ဒီနှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့သည်။

သို့သော်လည်း နအဖ စစ်အာဏာပိုင်များဘက်ကမူ တရားမ၀င် အသင်းအဖြစ် ပြောဆိုလေ့ရှိသည်။

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်


ပြည်ထဲရေး အရာရှိတဦး (၂၄-၁၂-၀၈)


နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ အဖွဲ့အစည်းများ တချို့ က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အလက်များကို ပြည်တွင်းသို့ အချိန်မီ သတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။

နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င်ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှု သတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။သန်းထွန်း
၂။ဇော်မင်းထွန်း
၃။တင်ထွန်းအောင်
၎။ထွန်းထွန်းဝင်း
၅။စောကျော်ထွေး
၆။ညီမင်းသူ
၇။မောင်ထွေး
၈။အောင်ထွေး
၉။နေလင်း
၁၀။သူရအောင်
၁၁။ကျော်နိုင်
၁၂။စိုးစိုးထွေး
၁၃။မိုးပပအောင်
၁၄။မိအေးမာ
၁၅။ဆွေဆွေဝင်း
၁၆။သီသီအောင်
၁၇။မသန်းအေး
၁၈။နိုင်နိုင်ဇော်
၁၉။သက်မာ
၂၀။ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။

အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး မှော်ဘီ ရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်း ရှိခဲ့သူ ဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူ ဖြစ်သည်။ ရဲမှူး သန်းထွန်းနှင့် အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။

၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး
၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး
၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး
၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး

မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့  တ၀ိုက်တွင် အခြေပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါ သည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နာမည်ဝှက်များကို အောက်ပါ အတိုင်း အသီးသီးပေး ထားသည်။

အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်း အား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေးအား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင်ထွေးအား (မယက)၊ အောင်ထွေးအား (ကိုရှုတ်)၊ နေလင်းအား (ဂျော်နီ)၊ သူရအောင်အား (သိန်းသိန်း)၊ ကျော်နိုင်အား (ကောက်ကောက်)၊ စိုးစိုးထွေးအား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာအား (မမွန်)၊ ဆွေဆွေဝင်းအား (ဒေါ်ကြီး)၊ သီသီအောင်အား (ဒေါက်တို)၊ မသန်းအေးအား (ဒွေးလေး)၊ နိုင်နိုင်ဇော်အား (မိဇော်)၊ သက်မာအား (ငကြောက်)၊ ဆင့်ဆင့်အေး အား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာကြားထားသည်။

သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင် ရှိသော တိုင်းရင်းသား လူမျိုးစုထဲထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာ ကောင်းသည့်အချက်တခုက မိန်းကလေး အင်အားစု တ၀က်နီးပါး ပါဝင်နေ၍ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အလွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး မှာထားချက်က အခု လွှတ်ထားသည့် ထောက်လှမ်းရေး အဖွဲ့အား အတိုက်အခံ အဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်း ပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။

ယခုအခါမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။

ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံ သတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုး လုပ်နေရသည့် အနေအထား ရှိပါသည်။ လက်ရှိ လွှတ်လိုက်သည့် ထောက်လှမ်းရေး အဖွဲ့၏ အားထားရာ အမာခံ သတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့ အခြေစိုက် နေရာများကို အမှီပြုပြီး လှုပ်ရှားကြမည့် အနေအထားမျိုး ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေး တပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီ မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြား တိုက်တွန်းထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီး ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲ အား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါ အဖွဲ့ဝင်များကို ဖော်ထုတ် ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်း ရေးသားလိုက်ရပါသည်။


အိမ်မဲလယ်သမားများ ပုဂ္ဂလိက မြေသြဇာဖိုးမပေးနိုင်

မြင့်မိုးဇော်/ ၂၄ ဒီဇင်ဘာ ၂၀၀၈


ရွှေသီးနှံဓာတ်မြေသြဇာရောင်းချရေးကုမ္ပဏီက အာဏာပိုင်များနှင့်ပူးပေါင်းကာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ်တွင်းရှိ လယ်သမားများထံမှ ဓာတ်မြေသြဇာဖိုးငွေ အဓမ္မ လိုက်လံကောက်ခံနေခြင်းကြောင့် လယ်သမားများ အခက်ခဲနှင့် ကြုံနေကြရကြောင်း စုံးစမ်းသိရသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးစိုက်ပျိုးချိန်က ရွှေသီးနှံဓာတ်မြေသြဇာရောင်းချရေးကုမ္ပဏီမှ ၎င်းတို့ကုမ္ပဏီမှထုပ်လုပ်သည့် ဓာတ်မြေသြဇာများအား ဧရာဝတီတိုင်း အိမ်မဲမြို့နယ်အတွင်းရှိ တိုက်နယ်များမှ ရွာများဖြစ်ကြသော သီးကွင်းကျေးရွာအုပ်စု၊ တပေါင်းကျေးရွာအုပ်စုတို့မှ လယ်သမားများအား ရွှေသီးနှံကုမ္ပဏီတာဝန်ခံ ဦးမြကြီးက ၎င်းတို့ကုမ္ပဏီက ထုပ်လုပ်သော ဓာတ်မြေသြဇာများကို လယ်သမားများအား စမ်းသပ်သုံးကြည့်စေခဲ့သည်။ သီးနှံအထွက်တိုးရန် အာမခံသည့်အပြင် အထွက်မတိုးပါက ဓာတ်မြေသြဇာဖိုး ပေးရန်မလိုဆိုသည့် အာမခံချက်ဖြင့် လယ်သမားများအား ရောင်းချခဲ့သည်ဟု လယ်သမားများက ပြောသည်။

ယခုအခါ သီးနှံများမှာ အထွက်နှုန်းတိုးမလာဘဲ ကျဆင်းခဲ့သောကြောင့် လယ်သမားများအနေဖြင့် ၎င်းတို့ဝယ်ယူထားသော ဓာတ်မြေသြဇာတန်ဖိုးငွေကို ပေးသွင်းနိုင်ခြင်းမရှိကြောင်း ဒေသခံတဦးက ပြောသည်။

သို့သော် ၎င်းရွှေသီးနှံကုမ္ပဏီတာဝန်ခံဦးမြကြီးက ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းကာ တောင်သူ လယ်သမားများထံမှ ဓာတ်မြေသြဇာဖိုးငွေများကို အတင်းအဓမ္မလိုက်လံကောက်ခံခဲ့သဖြင့် လယ်သမားများ အခက်တွေ့နေရသည်။

အဆိုပါကိစ္စအား အတည်ပြုနိုင်ရေးအတွက် ရွှေသီးနှံကုမ္ပဏီတာဝန်ခံအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရဘဲဖြစ်ခဲ့သည်။ ထို့ကြောင့် အိမ်မဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်ကြီးအား မေးမြန်းခဲ့ရာ ၎င်းကိစ္စမှာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်သူ လယ်သမားများအနေဖြင့် အဆိုပါကိစ္စအား မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့လည်း အသိပေး တိုင်ကြားစာပို့ထားကြောင်း ပြောကြားခဲ့သည်။

ယခုအခါတွင် အိမ်မဲမြို့ နယ်အတွင်း တိုက်နယ်များမှ တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့ဝယ်သူထားသည့် ဓာတ်မြေသြဇာဖိုး ကျသင့်ငွေများ ပေးသွင်းနိုင်ခြင်းမရှိသည့်အတွက် မည်သည့်နေ့တွင် အဖမ်းခံရတော့မည်လည်းဟု စိုးရိမ်နေကြကြောင်း သိရှိရသည်။


လှိုင်သာယာမှာ ယနေ့ထပ်လောင် သိန်းထောင်ကျော်ဆုံးရှုံး

NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၈

လှိုင်သာယာစက်မှုဇုန် (၂) တွင် ယနေ့နံနက် (၁၀) နာရီခန့်က မီးလောင်မှုဖြစ်ပွားသည်။ အမှတ် (၁၅၇) ဗြဲဝန် ဦးအောင်သူလမ်းရှိ The Peak အမည်ရှိ “၀” ဥ အမှုန့်ကြိတ်စက်ရုံတွင် ဖြစ်ပွားရာ သိန်းထောင်ကျော်ဖိုးဆုံးရှုံး သွားသည်။

အမှုန့်ကြိတ်သည့်စက်မှာ ဘီးမလည်ဘဲနေရာမှ အပူလွန်ကာ လောင်ခြင်းဖြစ်သည်ဟု သိရသည်။ ဘီးမလည်ခြင်းမှာ လျှပ်စစ်ဓာတ်အားအပြည့်မရရှိသဖြင့် လျှပ်စစ်ဓာတ်အား မနိုင်၍ဖြစ်ကြောင်း စက်မှုဇုန် (၂) ၏ လုပ်ငန်းရှင်တဦးက ပြောသည်။

“မီးကပြတ်တော့ ကိုယ်ပိုင်ထရန်စဖော်မာနဲ့ စက်တွေလည်ရတယ်။ သူတို့ရဲ့ လျှပ်စစ်က ရပြန်တော့ မီးအားမနိုင်၊ ဘာပဲလုပ်လုပ် ရှော့ခ်ရှိနိုင်တာပဲ။ စိတ်ချလို့ မရတော့ဘူး” ဟု အဆိုပါ စက်မှုဇုန်ရှိ လုပ်ငန်းရှင်တဦးက ပြောသည်။

လှိုင်သာယာမြို့နယ် အာဏာပိုင်တဦးက “ကိုယ်လုပ်နေတဲ့အလုပ်ကို သေသေချာချာ စစ်ဆေးနေဖို့လိုတယ်။ စက်လည်နေတာကို လည်နေတာပဲဆိုပြီး ဒီအတိုင်း လက်မလွှတ်ထားသင့်ဘူး။ လူတွေက ပေါ့ကို ပေါ့တယ်” ဟု ဆိုသည်။

အမှုန့်ကြိတ်စက်ရုံတွင် ပုံသေ၀န်ထမ်း (၅၀) ကျော်ရှိပြီး အဆိုပါအမှုန့်ကြိတ်စက်ကို မှီခိုနေထိုင်ကြသူချည်းဖြစ်ကြောင်း၊ စက်ပြန်လည်ပတ်နိုင်ရန် လ၀က်ခန့် အချိန်ယူပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် စက်ရုံ (၅၀'x ၂၀၀') RC သွပ်မိုး တထပ်အဆောက်အအုံတလုံးနှင့် အမှုန့်ကြိတ်စက်၊ “၀” ဥ ကုန်ကြမ်းအိတ်များ၊ အသုံးအဆောင်ပစ္စည်းများ စုစုပေါင်း တန်ဖိုး သိန်းထောင်ကျော် ဆုံးရှုံးခဲ့သည်။


အစိုးရ မကူညီသဖြင့် ငါးလုပ်ငန်းကို ခက်ခဲစွာ လုပ်ကိုင်နေရ

သဲသဲ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 13:54 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းကြောင့် အထိနာခဲ့ရသည့် ငါးမွေးမြူရေး လုပ်ငန်းရှင်များကို မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးမည်ဟုဆိုသော်လည်း ယခုအချိန်အထိ ကိုယ်ထူကိုယ်ထသာ ဆောင်ရွက်နေရသေးသည်။

မေလဆန်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ ရေချို ငါးမွေးမြူရေးကန်များကို စစ်အစိုးရ လက်အောက်ခံ မွေးမြူရေးနှင့် ရေလုပ်ငန်းမှ ချေးငွေများပေး၍ ကူညီမည်ဟုဆိုကာ စာရင်းများ ကောက်ခဲ့သော်လည်း မုန်တိုင်းပြီး ၇ လကြာသည်အထိ မည်သည့်အကူအညီမှ မရသေးခြင်းဖြစ်သည်။

"နာဂစ်ြပီးတုန်းက ထိတဲ့သူတွေကို ငါးကန်တွေ ပြန်ပြင်ဖို့အတွက် ချေးငွေချဖို့ ၀န်ကြီးက ပြောသွားပြီ။ ပျက်စီးသွားတဲ့ စာရင်းတွေကို ငါးလုပ်ငန်းမှာ တင်ပြီးပြီ။ ဒါပေမဲ့ ဘယ်သူမှ မရသေးဘူး" ဟု ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်တဦးက ပြောသည်။

တဧကလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ယာယီသတ်မှတ်ထားပြီး အတိုးနှုန်းမှာ ဘဏ်တိုးနှုန်းအတိုင်းဖြစ်မည်ဟု ကြားသိရသော်လည်း ပြန်ဆပ်ရမည့် အချိန်ကာလနှင့် မည်သို့ ပြန်ဆပ်ရမည်ကို အတိအကျ မသိရသေးကြောင်း သူက ဆက်ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်း အထိနာခဲ့သလို ပြီးခဲ့သော လဆန်းပိုင်းမှ စတင်ကာ ပြည်ပ၀ယ်လိုအား ကျဆင်းလာသဖြင့် ငါးများ ဈေးကောင်းမရသည့်အတွက် လုပ်ငန်းကို ဆက်လက်လည်ပတ်ရန် ခက်ခဲလာသည်ဟု တွံတေးမြို့နယ်မှ ငါးကန်ပိုင်ရှင် ကိုစိုးသင်းက မဇ္ဈိမကို ပြောသည်။

"အခု ငါးဈေးကျပြီး ငါးစာက ဈေးကြီးနေတယ်။ ငါးတွေလည်း ၀အောင်မစားရတော့ အထွက်နှုန်းကျလာတယ်။ အခုအတိုင်းဆို ကျနော်တို့ မကိုက်တော့ဘူး။ ဆက်လုပ်ဖို့ ငွေထပ်မမြှုပ်နိုင်တော့ဘူးလေ" ဟု သူက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်မှ ငါးလုပ်ငန်းရှင်များကို ၄င်းတို့၏ ငါးကန် ပိုင်ဆိုင်မှုများကို အထောက်အထားပြနိုင်ပါက တဧကလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ငွေချေးခဲ့သည်။

၃ နှစ်အတွင်း အတိုးရော အရင်းပါ အရစ်ကျ ပြန်ဆပ်ရမည်ဖြစ်ကာ အတိုးနှုန်းမှာ ၁ ဒဿမ ၄၀ ကျပ်ဖြစ်ပြီး၊ ၃ လ တကြိမ် ပုံမှန် အတိုးပေးသွင်းရမည်။

သို့သော် မုန်တိုင်းကြောင့် အထိနာခဲ့ရသဖြင့် လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ၄င်းတို့၏ ပိုင်ဆိုင်မှုများကို မွေးမြူရေးဘဏ်တွင် အပေါင်အဖြစ်ထားရှိကာ ငွေချေးငှားပြီး၊ ကိုယ်ထူကိုယ်ထ ကြိုးစားသော်လည်း အဆင်မပြေသေးကြောင်း ရန်ကုန်တိုင်းတွင်းရှိ ငါးကန်ပိုင်ရှင်တဦးက ယခုလို ပြောသည်။

"မုန်တိုင်းထိတော့ ငါးတွေပျောက် စက်လှေတွေကမြုပ်ဆိုတော့ ကျနော်ဆို သိန်း ၄၀၀ ကျော်ဖိုးလောက် ကုန်နေပြီ။ အဲဒါကို မွေးမြူရေးဘဏ်ကနေ ငွေချေးပြီး ပြန်လုပ်ရတာ။ အခု ငါးဈေးကျတော့ အကြွေးတောင် မဆပ်နိုင်ဘူး" ဟု သူက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးကမူ မုန်တိုင်းထိခဲ့သော ငါးလုပ်ငန်းရှင်များအား အစိုးရမှ ငွေချေးပေးရန် အစီအစဉ်ရှိသည်ဟုဆိုသော်လည်း အသေးစိတ် ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ကလေးမြို့တွင် အိန္ဒိယနိုင်ငံသားတဦး သေနတ်နှင့် ပစ်သတ်ခံရ

ဆလိုင်းပီပီနှင့် မုံပီး
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 14:14 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမည်မသိ သေနတ်သမားတဦးက မဏိပူပြည်နယ်မှ အိန္ဒိယနိုင်ငံသားတဦးကို ပြီးခဲ့သည့် စနေနေ့က မြန်မာပြည်အနောက်မြောက်ပိုင်းရှိ ကလေးမြို့တွင် ငှားရမ်းထားသည့် နေအိမ်အတွင်း ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ ပင်လုံရပ်ကွက်အတွင်းရှိ စိန့်မေရီကသလစ် ဘုရားရှစ်ခိုးကျောင်းအနီးတွင် အိမ်ငှားရမ်းထားသည့် မဏိပူရီအမျိုးသားတဦးသည် ယခုလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

''စနေနေ့မှာ မဏိပူရီတယောက် ပစ်သတ်ခံရတယ်ဆိုတာ မှန်ပါတယ်'' ဟု ကလေးမြို့ရဲစခန်းမှ ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း သူက ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။

''ကျနော်တို့ကြားတာက ပွင့်နေတဲ့ ပြူတင်းပေါက်ကနေ သေနတ်သမားက ပစ်သွားတာပါ။ ပြီးတော့ မော်တော်ဆိုင်ကယ်တစီးနဲ့ ထွက်ပြေးသွားတယ်တဲ့။ ကျည်ဆံက သူ့ရင်ဘတ်ကိုထိပြီး သေသွားတာတဲ့'' ဟု အခင်းဖြစ်ပွားရာ ရပ်ကွက်အတွင်းရှိ ဒေသခံတဦးက ပြောသည်။

သေဆုံးသူ မဏိပူရီအမျိုးသားသည် လွန်ခဲ့သည့် ၃ လခန့်က ယခုနေအိမ်သို့ ပြောင်းရွှေ့လာခဲ့သော်လည်း ပတ်ဝန်းကျင်နှင့် အနီးငယ်သာ ဆက်ဆံခဲ့ကြောင်းနှင့် သူ့အလုပ်အကိုင်၊ အမည်၊ တရားဝင် နေထိုင်မှု အဆင့်အတန်းကိုမူ အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ကြောင်း အိမ်နီးနားချင်းများက ပြောသည်။

တရပ်ကွက်ထဲတွင် နေထိုင်သူကလည်း မဏိပူရီအမျိုးသားသည် အိန္ဒိယအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်ဖြစ်ကာ၊ မြန်မာနိုင်ငံအတွင်း အခြေစိုက် လှုပ်ရှားနေသည်ဟု ပြောသည်။

သူသည် မြန်မာစစ်အရာရှိများနှင့် အချိပ်အဆက်လုပ်ရန်အတွက် ကလေးမြို့တွင် အခြေချနေထိုင်ကာ လက်နက်နှင့် ခဲယမ်းမီးကျောက် ၀ယ်ယူနေသူဖြစ်သည်ဟု လက်တုံ့ပြန်ခံရမည်ကို စိုးရွံ့သဖြင့် အမည်မဖော်လိုသူ သတင်းရပ်ကွက်တခုက ပြောသည်။

အိန္ဒိယလက်နက်ကိုင် သူပုန်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် အထောက်အကူ ပေးနေသည့် မြန်မာစစ်တပ်နှင့် သူ၏ အဆက်အသွယ်ကြောင့် ကလေးမြို့တွင် အိမ်တလုံး ငှားရမ်းနေထိုင်နိုင်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

နိုင်ငံတကာ နယ်စပ်မျဉ်းတလျှောက် ကူးလူးဖြတ်သန်းကာ လက်နက်မှောင်ခိုလုပ်ငန်းနှင့် ပတ်သက်နေသည့် အခြား သတင်းရပ်ကွက်တခုကမူ လက်နက်နှင့် ခဲယမ်းမီးကျောက် ထောက်ပံ့နိုင်ရေးအတွက် မြန်မာနိုင်ငံကို အရှေ့မြောက် အိန္ဒိယသူပုန်အများအပြားသည် အားကိုးအားထား ပြုရသည်ဟု ပြောသည်။ သူတို့သည် အစောပိုင်းတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှနေ၍ လက်နက်များ ၀ယ်ယူရန်အတွက် သယ်ယူလာမည့် လက်နက်မှောင်ခိုများကို စောင့်ဆိုင်းခဲ့ရသည်။

သို့သော်လည်း ၂၀၀၂ ခုနှစ် အစောပိုင်းကတည်းက မဏိပူရီ သူပုန်များကို မကြာခဏဆိုသလို မြန်မာနိုင်ငံ ဒုတိယမြို့တော် မန္တလေးတွင် မြင်တွေ့ရကြောင်းနှင့် သူတို့သည် တရုတ်နိုင်ငံ နယ်စပ်မြို့ ရွှေလီနှင့် ဆက်သွယ်နေကာ လက်နက်များကို ကိုယ်တိုင်သယ်ယူနေကြသည်။

''တမူးနဲ့ ကလေးလို နယ်စပ်မြို့တွေမှာ မဏိပူရီသူပုန်တွေ အများကြီး နေထိုင်နေတယ်။ သူတို့ဟာ မြန်မာစစ်တပ် အရာရှိတွေနဲ့ ဆက်သွယ်ဖို့ နေထိုင်သူတွေပါ။ လက်နက် အရောင်းအ၀ယ် လုပ်နေသူတွေလည်း ဖြစ်တယ်'' ဟု သတင်းရပ်ကွက်က ဆက်ပြောသည်။

လက်နက်မှောင်ခိုသမားဟောင်းက ''တချို့ သူပုန်အရာရှိတွေက ဒေသခံ အမျိုးသမီးတွေကို လက်ထပ်တာမျိုး ရှိတယ်။ သူတို့က လက်နက်နဲ့ ခဲယမ်းမီးကျောက် မှောင်ခိုစီးပွားရေး လုပ်ကြတယ်'' ဟု ပြောသည်။

ကလေးမြို့တွင် တရုတ်နိုင်ငံထုတ် AK 47 လက်နက်တလက်ဆိုလျှင် ကျပ်ငွေ တသန်းခွဲ (အမေရိကန်ဒေါ်လာ ၁၁၀၀ ခန့်) ပေါက်ဈေးသာရှိပြီး၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် ပြန်လည်ရောင်းချပါက အိန္ဒိယရူပီးငွေ ၂ သိန်းရှိကာ လက်နက်အရောင်းအ၀ယ်သည် အမြတ်အစွန်း ကြီးမားသည့် လုပ်ငန်းဖြစ်သည်ဟု သူက ဆိုသည်။ (အိန္ဒိယ-မြန်မာ လက်ရှိ ငွေလဲနှုန်းမှာ တရူပီးလျှင် ၂၅ ကျပ်ပေါက်ဈေးရှိသည်။)

၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ် အစောပိုင်းကာလက မဏိပူရီ သူပုန်များသည် တမူးမြို့နယ်အတွင်းရှိ သစ်တောများအနီးတွင် နေထိုင်နိုင်ခဲ့သော်လည်း၊ ယခုအခါ ကလေးမြို့ကဲ့သို့ အလှမ်းဝေးသည့်နေရာများ၌ပင် မြင်တွေ့နေရကြောင်း မဇ္ဈိမ၏ သတင်းရပ်ကွက်များက ပြောသည်။

တမူးမြို့နယ်သည် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှ မိုရေးမြို့နှင့် နယ်စပ်ချင်း ထိကပ်နေသည့် မြို့ဖြစ်သည်။ မြို့တွင်း၌ မြန်မာတပ်ရင်းတခုရှိသည့် ကလေးမြို့မှာမူ တမူးမြို့အရှေ့ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။ ဤမြို့သည် မန္တလေးနှင့် ရန်ကုန် အပါအ၀င် မြို့ကြီးများနှင့် လေကြောင်းသာမက ကုန်းလမ်းနှင့်ပါ သွားရောက်နိုင်ရန် ဆက်သွယ်ထားသည်။

စစ်အစိုးရက ဘိန်းစိုက်ခိုင်းနေဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောဆို

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 12:04 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်က ဒေသခံ ကျေးရွာသားများကို အခွန်အကောက် ရရှိရန်အတွက် ဘိန်း အတင်းအကျပ် စိုက်ပျိုးခိုင်းနေသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးမှု များပြားလာနေသည်ဟု ထိုဒေသတွင်း လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတစုက ပြောသည်။

ဒေသခံကျေးရွာသားများကို အတင်းအကျပ် စိုက်ပျိုးခိုင်းနေသဖြင့် မြန်မာစစ်တပ်သည် အဆိုပါ ဘိန်းစိုက်ပျိုးရေး လုပ်ငန်းတွင် တိုက်ရိုက် ပါဝင်ပတ်သက် လာနေကြောင်းဖြင့် လားဟူ ဒီမိုကရက်တစ်တပ်ဦး (LDF) ဥက္ကဋ္ဌ အိုက်လုံခမ်းမွယ် (Ailong Khammwe) က ပြောသည်။

မြန်မာစစ်တပ်က ပါဝင်ပတ်သက်ပြီး အားပေးအားမြှောက် လုပ်နေ၍ ဒေသခံကျေးရွာသားများ ဘိန်းစိုက်ပျိုးမှုမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ်ဒေသအတွင်း တိုးပွားလာနေသည်ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ခမ်းမွယ်က မဇ္ဈိမကို ပြောကြားသည်။

“မြန်မာစစ်တပ်က ဒေသခံလူထုကို ဘိန်း အတင်းအကျပ် စိုက်ခိုင်းနေပြီး၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာလည်း အကူအညီပေးနေတယ်” ဟု ခမ်းမွယ်က ပြောသည်။

ဒေသခံလူထု ဤသို့ဘိန်းစိုက်ပျိုးခြင်းလုပ်ငန်းမှ အခွန်အကောက်များ ကောက်ယူနေခြင်းဖြင့် မြန်မာစစ်တပ်သည် အမြတ်အစွန်းများ ရရှိနေသည်ဟု သူက ဆိုသည်။

ဤသို့ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွင် မြန်မာစစ်တပ် ပါဝင်ပတ်သက်နေမှုနှင့် ဒေသခံ ကျေးရွာသားများအား အတင်းအကျပ် ဘိန်းစိုက်ပျိုးခိုင်းနေသည့် သတင်းကို သီးခြား လွတ်လပ်သော အတည်ပြုချက် မရယူနိုင်သော်လည်း၊ ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းအေဂျင်စီ (S.H.A.N) မှ အယ်ဒီတာ ဦးခွန်ဆိုင်းဂျိုင်ယန် (Khuensai Jaiyen) ကမူ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ၂ဝဝ၅ ခုနှစ်ကတည်းက စတင်၍ ဘိန်းစိုက်ပျိုးမှု တစတစ တိုးလာခဲ့ရာ ယခုနှစ် ၂ဝဝ၈ သည် အများဆုံးနှစ်ဖြစ်ကြောင်း ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးသဖြင့် ဝ နှင့် ကိုးကန့် အထူးဒေသများတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျသွားပြီးနောက် ဘိန်းစိုက်ပျိုးမှု လုပ်ငန်းသည် ပြည်နယ်တောင်ပိုင်း ဒေသများသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်ဟု ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေကို အသေးစိတ် လေ့လာရေးသား တင်ပြနေသော ဦးခွန်ဆိုင်းက ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၂ဝဝ၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဘိန်းစိုက်ပျိုးမှု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှိုင်းယှဉ်ချက်အရ လျော့နည်းကျဆင်းသွားခဲ့သော်လည်း ဤလုပ်ငန်းသည် ပြည်နယ်တောင်ပိုင်းသို့ ရွှေ့ပြောင်းရောက်ရှိသွားခဲ့သည်ဟု ဦးခွန်ဆိုင်းက ပြောသည်။

“စီးပွားရေး မပြေလည်တာရယ်၊ နေထိုင်စားသောက်ရေးအတွက် လုံလုံလောက်လောက် ဝင်ငွေရဖို့ ခက်တာရယ်တို့ကြောင့် ဘိန်းမစိုက်ချင်ဘဲ စိုက်ရတယ်လို့ ဒေသခံလူထုက ပြောပါတယ်” ဟု ဦးခွန်ဆိုင်းက ပြောသည်။ ထို့ပြင် စစ်တပ် အပါအဝင် ဒေသခံအာဏာပိုင်များက အတင်းအကျပ် အခွန်အကောက်များ ကောက်ခံသည့်အတွက် အခြေအနေမှာ ပို၍ဆိုးသွားရသည်ဟုလည်း သူက ဆက်ပြောသည်။

သို့သော် မိုင်းဆတ်မြို့နယ်ရှိ ဒေသခံ ကျေးရွာသားတဦးကမူ LDF ၏ ပြောဆိုချက်အတိုင်း မဟုတ်ဘဲ မြန်မာစစ်တပ်က ကျေးရွာသားများကို ဘိန်း အတင်းအကျပ် စိုက်ပျိုးခိုင်းသည် ဆိုသည်ကို သူ မသိကြောင်း မဇ္ဈိမကို ပြောကြားသွားပြီး၊ မကြာသေးမီနှစ်များအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသာစွာ တိုးလာသည်ဆိုခြင်းကိုမူ ဝန်ခံ ပြောကြားသွားခဲ့သည်။

“အာဏာပိုင်တွေက အတင်းအကျပ် စိုက်ခိုင်းတယ်ဆိုတာတော့ ကျနော်မသိဘူး။ အဲဒီလိုပဲ ဘိန်းစိုက်ပျိုးတာကို တားမြစ်တာ၊ ကန့်သတ်တာတွေ လုပ်တာလည်း ကျနော် မသိဘူး၊ မကြားဖူးဘူး။ ဒီတော့ အာဏာပိုင်တွေက လူထုကို စိုက်ခွင့်ပေးထားတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တာပေါ့” ဟု အမည်မဖော်လိုသူ အဆိုပါ ကျေးရွာသားက ပြောသည်။

လွန်ခဲ့သော ၁ဝ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုလုပ်ငန်း အကြီးအကျယ် တိုးများလာသည်ကို ကိုယ်တိုင်တွေ့ရှိသော်လည်း မြန်မာစစ်တပ်က ဒေသခံကျေးရွာသားများကို အတင်းအကျပ် စိုက်ပျိုးခိုင်းနေသည် ဆိုခြင်းကိုမူ မိမိ မသိကြောင်း ငြင်းဆိုပြောကြားသွားသည်။

အာဏာပိုင်များသည် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသဖြင့် အပြန်အလှန် အကျိုးရှိခြင်းကြောင့် ဒေသခံကျေးရွာသားများကို ဘိန်းစိုက်ရန် အတင်းအကျပ် ခိုင်းစေရန် မလိုကြောင်းဖြင့် အဆိုပါ ကျေးရွာသားက ပြောသည်။

မည်သို့ပင်ဖြစ်စေ ခမ်းမွယ်ကမူ သူ့ပြောဆိုချက်ကို မှန်ကန်ကြောင်း သက်သေပြရန်အတွက် စိတ်ဝင်စားသူ မည်သူမဆိုကို မိုင်းတုံ၊ မိုင်းဆတ်ရှိ ဒေသခံကျေးရွာသားများနှင့် ပေးတွေ့ပြီး ကိုယ်တိုင်ကြည့်စေလိုကြောင်းနှင့် အထူးသဖြင့် လားဟူတိုင်းရင်းသားများကို ဤသို့ ဘိန်း အတင်းအကျပ် စိုက်ခိုင်းလေ့ရှိကြောင်း ပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကိုယ်တိုင် ဒီကိစ္စတွေကို ကိုယ့်မျက်စေ့နဲ့ ကိုယ်တိုင် မြင်ချင်တယ်ဆိုရင်လည်း ကျနော်တို့ လားဟူ LDF အဖွဲ့အနေနဲ့ ‘နအဖ’ ရဲ့ ဘိန်းခင်းတွေရှိတဲ့ မိုင်းဆတ်၊ မိုင်းတုံနယ်မြေကို ခေါ်သွားပြီးပြဖို့ အဆင်သင့် ရှိပါတယ်” ဟု မြန်မာစစ်အစိုးရ၏ တရားဝင် အမည်ဖြစ်သော ‘နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ’ (SPDC) ဟူသော အမည်ကို ရည်ညွှန်း၍ ခမ်းမွယ်က ပြောကြားသွားသည်။

(ဆော်လမွန် သတင်းပေးပို့၍ မုံပီးရေးသားသည်)



ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ ဆိုင်ကလုံးဒဏ်ခံ ဒေသသို့ သွားရောက်မည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008 21:50 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီဇင်ဘာလကုန် အားလပ်ရက် ခရီးစဉ်အဖြစ် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း လည်ပတ်မည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အဖွဲ့ကို ကြိုဆိုရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ဝန်ကြီးများနှင့် စီးပွားရေးသမား အများအပြား ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ အပြေးအလွှား သွားရောက်နေသည်။

ဗိုလ်ချုပ်မှူးကြီးသည် သူရရွှေမန်း၊ ဝန်ကြီးချုပ်သိန်းစိန်၊ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးနှင့်အတူ ရန်ကုန်မြို့သို့ တနင်္လာနေ့က ရောက်ရှိနေပြီး၊ ရန်ကုန်တိုင်းအတွင်းရှိ မုန်တိုင်းဒဏ်ခံ မြို့နယ်များသို့ ဗုဒ္ဓဟူးနေ့တွင် သွားရောက်ကြည့်ရှုမည်ဟု မြန်မာပြည်၏ တောတွင်းမြို့တော်သစ် နေပြည်တော်သတင်းရပ်ကွက်က ပြောကြားခြင်းဖြစ်သည်။

တပ်မတော်အကြီးအကဲနှင့် သူ၏အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း ဒေးဒရဲ၊ ကွမ်းခြံကုန်းနှင့် ကျိုက်လတ်မြို့နယ်များသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သွားရောက်စစ်ဆေးကြည့်ရှုမည်။ သူ့မိသားစုနှင့်အတူ ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေသို့ အားလပ်ရက်ခရီး ထွက်ရန်လည်း စီစဉ်ထားသည်ဟု အဆိုပါသတင်းရပ်ကွက်က ပြောသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးသည် ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ဒုတိယအကြိမ် ခရီးစဉ်အဖြစ် ဧရာဝတီတိုင်းရှိ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ငပုတောနှင့် လပွတ္တာမြို့များသို့လည်း သွားရောက်မည်။

စီစဉ်ထားသောခရီးစဉ်ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် တာဝန်ပေးခြင်းခံရသော ဝန်ကြီး အများအပြားနှင့် သက်ဆိုင်ရာ ကုမ္ပဏီများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

မီးရထား၊ သစ်တော၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ အားကစားဝန်ကြီးဌာနများကို တာဝန်ယူထားသော ဝန်ကြီးများ အပါအဝင် ဝန်ကြီးအများအပြားနှင့် စစ်အစိုးရ၏ စီးပွားဖက် ကုမ္ပဏီများဖြစ်သော ထူးထရေဒင်း၊ မက်စ်မြန်မာ (Max Myanmar) ၊ အေရှားဝေါလ်ဒ် (Asia World) ၊ အီဒင်မြန်မာ (Eden Myanmar) ၊ ယုဇန နှင့် ဒဂုံတို့သည် ဗိုလ်ချုပ်မှူးကြီး လာရောက်ကြည့်ရှုမည့် နေရာများတွင် "ကြိုတင်ပြင်ဆင်မှုများ" လုပ်ရန် အပြေးအလွှား သွားရောက်နေသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

"အဲဒီနေရာတွေမှာ နောက်ဆုံးမိနစ် အချောသတ်လုပ်ငန်းတွေ လုပ်ဖို့ ခိုင်းထားတယ်။ ခြံစည်းရိုး ဆေးသုပ်တာတို့၊ မြေကြီးပေါ် လှဲကျင်းထားတာတို့၊ အိမ်တွေငှားထားတာတို့ လုပ်နေကြတယ်။ အစိုးရချပေးတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကြောင့် ဆိုင်ကလုံးဒုက္ခသည်တွေ အကျိုးခံစားနေကြရပါပြီဆိုတာ ပြဖို့ပေါ့" ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

ဆိုင်ကလုံးဒဏ်ခံ ဒေသများတွင် အလုပ်များ ဆက်လက်လုပ်ဆောင်နေဆဲရှိကြောင်း ပြသရန်အတွက် အဆိုပါ ကုမ္ပဏီများသည် ယင်းတို့၏ ထွန်စက်များ၊ ဘူဒိုဇာများ၊ လမ်းကြိတ်စက်များနှင့် ထရပ်ကား အများအပြားကို လုပ်ငန်း လုပ်ဆောင်ရာ နေရာများသို့ ပြန်လည်ယူဆောင်လာနေသည်။ သို့သော် အဆိုပါ သတင်းရပ်ကွက်၏ အဆိုအရ ကုမ္ပဏီများသည် ဤဒေသများမှ သူတို့ဘာသာ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး၊ ဆိုင်ကလုံး ဒုက္ခသည်များအတွက် ဆောက်လုပ်ထားသော အိမ်များကို ပြန်လည်ရောင်းစားသွားသည်ဟု ဆိုသည်။

"ဝန်ကြီးတွေကတော့ သူတို့လုပ်ထားတာတွေ ဘယ်လောက် အောင်မြင်ထိရောက်နေတယ် ဆိုတာပြဖို့ အကောင်းဆုံး လုပ်နေကြတာပဲ။ တချို့က မုန်တိုင်းဒုက္ခသည်တွေအတွက် ဆောက်ထားတဲ့ အိမ်တွေကို ပြန်ရောင်းစားကြတယ်။ တချို့က ငှားစားကြတယ်။ ပြန်ဆောက်ထားတဲ့ ရွာတွေကလည်း ရွာပျက်တွေလိုပါပဲ။ ဒါကြောင့် အခု ဆေးပြန်သုပ်နေရတာ" ဟု ထို သတင်းရပ်ကွက်က ပြောသည်။

"အခုတော့ မနက်ဖန် (ဒီဇင်ဘာလ ၂၄ ရက်) သွားမဲ့ဒေသဖြစ်တဲ့ ကွမ်းခြံကုန်းလမ်းကို သူတို့ (ဝန်ကြီးတွေနဲ့ ကုမ္ပဏီတွေ) ပြန်ပြင်နေကြတယ်" ဟု ထိုသတင်းရပ်ကွက်က ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ့အဖွဲ့သည် ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ် စီမံကိန်းများဖြစ်သည့် မုန်တိုင်းခို အဆောက်အဦများ ဆောက်လုပ်ထားခြင်းကို ကြည့်ရှုလိုသော်လည်း၊ အဆိုပါ အဆောက်အဦများမှာ မဆောက်လုပ်ရသေးသည့်အတွက် ကွန်ပြူတာပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခြင်းသာ လုပ်နိုင်မည်ဟုလည်း ထိုသတင်းရပ်ကွက်က ပြောသည်။

မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့်သာ ပျံသန်းစစ်ဆေးကြည့်ရှုမည် ဖြစ်သည့်အတွက် ဝန်ကြီးများနှင့် စီးပွားရေးသမားများအတွက် စိတ်သက်သာရာရစေသည်ဟု ဆိုသည်။ သူတို့အနေနှင့် အမှန်တကယ် လုပ်ဆောင်ရန်မလိုဘဲ အပြသက်သက်သာ လိုသည်ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

"နောက်တခါ မုန်တိုင်းဒီရေတက်လာခဲ့ရင် ခိုလှုံဖို့ ဆိုင်ကလုံးမုန်တိုင်းခို အဆောက်အဦတွေနဲ့ လမ်းတွေ တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သူ ကောင်းကောင်းသိပါတယ်။ ဝန်ကြီးတွေကလည်း ကမ်းရိုးတန်းတလျှောက် ဘေးက ရွှံ့တွေ ပုံထားလိုက်ရုံပဲ။ လေယာဉ်ပေါ်ကကြည့်ရင် တာအမြင့်ကြီး ဖို့ထားတဲ့လမ်းလို ဖြစ်နေမှာပေါ့။ အဲဒါက မိုးရွာတာနဲ့ ပြိုမှာပဲ" ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

ဤသို့ အပြလုပ်ငန်းများ ရှိနေသော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် သေချာစွာ စစ်ဆေးကြည့်ရှုလျှင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြီးစီးမှုအတိုင်းအတာကို သိရှိနိုင်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

"ဒါပေမဲ့ ပြဿနာက သူတို့ကလည်း ဒီနေရာတွေ လာကြည့်တယ်ဆိုတာ နာမည်ခံသက်သက်ပဲ။ အားလပ်ရက် တေဇရဲ့ ငွေဆောင်အပန်းဖြေစခန်းကို အပန်းဖြေခရီးထွက်ရင်း လမ်းကြုံဝင်ကြည့်တဲ့ သဘောလောက်ပဲ" ဟု အဆိုပါ သတင်းရပ်ကွက်က စစ်အစိုးရ၏ အကြီးဆုံး လက်ရင်းတပည့် စီးပွားရေးသမားနဲ့ ထူးထရေဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇကို ရည်ညွှန်းပြောကြားသွားခဲ့သည်။

(မုံပီးရေးသားသည်)

မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေ လုံလောက်မှု မရှိဟု MSF ပြောကြား

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008 18:50 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရတွင် ရန်ပုံငွေ မလုံလောက်သလို၊ နိုင်ငံတကာ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ပြဿနာရှိသဖြင့် မြန်မာပြည်တွင် ရောဂါဝေဒနာများနှင့် သေဆုံးမှု အများအပြားကို ကာကွယ်တားဆီးရန် အခက်အခဲရှိကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့က ယမန်နေ့က ပြောဆိုလိုက်သည်။

နယူးယောက် အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ - MSF ၏ ယမန်နေ့က ထုတ်ပြန်သည့် ''လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်း ထိပ်တန်းဝင် စာရင်းဝင် ၁၀ ခု'' အမည်ရ နှစ်ပတ်လည် အစီရင်ခံစာ အဆိုအရ စစ်တပ်အုပ်ချုပ်သည့် မြန်မာနိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှုတွင် ရန်ပုံငွေ ဆိုးရွားစွာ လိုအပ်ချက်ကြောင့် စောင့်ရှောက်နိုင်စွမ်း မရှိဘဲ လူအများအပြားမှာ သေဆုံးနေရကြောင်း သိရခြင်းဖြစ်သည်။

ရန်ပုံငွေ မလုံလောက်သဖြင့် ''မြန်မာပြည်တွင် ရောဂါဝေဒနာများနှင့် သေဆုံးမှုများအား တားဆီးကာကွယ်ရန် အလှမ်းဝေးနေကြောင်း'' MSF လက်ထောက် ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ Luke Arend က မဇ္ဈိမသို့ ပေးပို့သည့် အီးမေးလ်စာထဲတွင် ပြောထားသည်။

တားဆီးကာကွယ်နိုင်စွမ်းရှိသည့် သေဆုံးမှုများမှ ကယ်ဆယ်ရန်အတွက် ပိုမိုလိုအပ်လာသည့် ရန်ပုံငွေများကို မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ပံ့ပိုးပေးခြင်း မရှိကြောင်း Arend က ပြောသည်။

သူ့အဆိုအရ ၂၀၀၈ ခုနှစ်အတွင်းက မြန်မာစစ်အစိုးရသည် လူတဦးလျှင် အမေရိကန်ဒေါ်လာ သုံည ဒဿမ ၇၀ သာ ခွဲဝေပေးနိုင်ခဲ့ခြင်းသည် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၏ သုံည ဒဿမ ၃ ရာခိုင်နှုံးမျှသာ ရှိသဖြင့်၊ ဤသည်မှာ ကမ္ဘာ့အနိမ့်ကျဆုံး ကျန်းမာရေး စောင့်ရှောက်မှု ကိန်းဂဏန်းသာဖြစ်သည်ဟု သိရသည်။

အလားတူပင် မြန်မာနိုင်ငံသည် နိုင်ငံရပ်ခြား ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် တနှစ်လျှင် လူတဦးအတွက် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာကိုသာ နိမ့်ကျစွာ ရရှိနေသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းက HIV ဝေဒနာသည်အား ကုသရန် စင်္ကြာဝဌာလုံးဆိုင်ရာ ကူညီထောက်ပံ့မှု၏ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်အဖြစ်နှင့် ၂၀၁၀ ခုနှစ်ကို ဦးတည်ရည်ရွယ်ထားသော်လည်း ၄င်းအခြေအနေမျိုးသို့ ရောက်ရှိနိုင်ရန်အတွက်မှာ HIV ဝေဒနာသည်များအနက် ဝေဒနာသည် ၂၀ ရာခိုင်နှုံးထက် လျှော့နည်းစွာ ကုသမှု ရရှိနေသည့် မြန်မာနိုင်ငံအဖို့ အိပ်မက်သဖွယ် ဖြစ်နေသေးသည်ဟု MSF က ဆိုသည်။

''မြန်မာပြည်သားတွေဟာ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေလိုပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆီကနေ ဒီလိုအကူအညီတွေ မရဘူး။ ဒါဟာ မကောင်းဘူး'' ဟု Arend က ပြောသည်။

MSF အနေဖြင့် အကူအညီလိုအပ်နေသူ အများအပြားအား တတ်နိုင်သမျှ ကူညီနိုင်ရန်အတွက် ကြိုးစားနေလင့်ကစား၊ ငွေကြေးဆိုင်ရာ အကန့်အသတ်များ၊ ရန်ပုံငွေ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်။

MSF အဆိုအရ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာပြည်တွင် ငှက်ဖျားရောဂါမှာ နံပါတ်တစ် လူသတ်တရားခံ ဖြစ်ကြောင်းနှင့် HIV ဝေဒနာသည်ဦးရေ ၂ သိန်း ၄ သောင်း ၂ ထောင်ခန့် ရှိသည့်အနက် ၂ သောင်းခွဲမှာ သေဆုံးခဲ့ကြောင်း သိရသည်။

ငွေကြေးအကန့်အသတ်အပြင် အကူအညီပေးရေး လုပ်သားများလည်း အထောက်အပံ့ လိုအပ်နေသည့် သူများထံ ရောက်ရှိရန်အတွက် အဟန့်အတားများလည်း ကြုံတွေ့နေရသည်ဟု Arend က ပြောသည်။

သူတို့၏ လုပ်သားများသည် တိုင်းပြည်တ၀န်း လွတ်လပ်စွာ သွားလာဆောင်ရွက်နိုင်ခွင့် မရှိကြောင်းကို ရှမ်းပြည်မြောက်ပိုင်း၊ ကချင်၊ ရခိုင်နှင့် ကရင်နီပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းသို့ သွားလာလုပ်ကိုင်နေသည့် MSF က ပြောသည်။

''နေရာသစ်တွေဆီ သွားဖို့ဆိုရင် ခွင့်ပြုချက် လိုပါတယ်။ ဆေးဝါးကုသဖို့ လိုအပ်နေတဲ့သူတွေ ရှိနေတဲ့ နေရာတွေမှာ ကံမကောင်းတာကတော့ မယုံကြည်နိုင်လောက်အောင်ကို အခက်အခဲတွေ အကြီးအကျယ် ဖြစ်နေတာ ဒါမှမဟုတ် အလွယ်တကူ အခွင့်အလမ်း မရတာပဲဖြစ်ပါတယ်" ဟု Arend က ပြောသည်။

မြန်မာအပြင် နိုင်ငံသားများအား အကြီးအကျယ် အင်အားသုံးကာ နေရာရွှေ့ပြောင်းမှု၊ အကြမ်းဖက်မှုနှင့် ဆေးဝါးအကူအညီ မရသည့် ကွန်ဂို၊ ဆိုမားလီးယား၊ အီရတ်၊ ဆူဒန်နှင့် ပါကစ္စတန်တို့သည် ဆေးဝါးကုသရေး အေဂျင်စီများ လျစ်လျှူရှုခံနေရသည့် ဇင်ဘာဘွေနှင့်အတူ ကမ္ဘာပေါ်တွင် လူသားချင်း စာနာထောက်ထားမှုနှင့် ဆေးကုသရေးဆိုင်ရာ အေဂျင်စီများ အဆိုးရွားဆုံးဖြစ်သော နိုင်ငံများဖြစ်သည်ဟု MSF အစီရင်ခံစာက ထောက်ပြထားသည်။

(ဆော်လမွန် သတင်းပေးပို့ချက်အား မုံပီးက ပြန်လည်ရေးသားသည်။)