Saturday, August 25, 2012

ကိုယ့်မြန်မာလူမျိုးအကြောင်း၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြီး ရေးသည်။


အခွင့်အရေး

မြန်မာပြည်တွင် လူ့အခွင့်အရေးမရှိ၍၊ လူတွေ ကိုယ့်အခွင့်အရေး ကိုယ် မသိခဲ့လေသလား၊ ကိုယ့်ကုသိုလ်ကံကြောင့် လူအဖြစ်ကို ရရှိပြီး တနေ့ ဘယ်သူမဆို သေရမှာပါကွာဟု ပေါ့ပေါ့လေးပဲ တွေးနေကြသလား မသိပါ။

များသောအားဖြင့် ကိုယ့်ပြည်သူများသည်၊ အသက် မသေချင်သော စိတ်သာရှိကြပြီး၊ လူသားတစ်ယောက်ရဲ့ လူသားဖြစ်ရမှုတန်ဖိုးကို အလေးထားရကောင်းမှန်း မသိ
သောသူများ များစွာ ရှိနေကြောင်း ခရီးများစွာ သွားလာခြင်းဖြင့် သိလာရပါသည်။

ဒေါသ

နိုင်ငံတကာသို့ ထွက်လေ့လာသောအခါ မြန်သည်၊ မာသည်ဟုဆိုသော မြန်မာတို့သည် တခြားနိုင်ငံသားများထက်၊ အမှန်တကယ် မြန်စွာ၊ အကြမ်းခံနိုင်စွာ လုပ်နိုင်ကြကြောင်းတွေ့ရသည်။
အားနည်းချက်မှာ သီးခံစိတ်ပါးလျကြပြီး၊ သူတပါးထက်လည်း အမျက်ဒေါသ ပို၍ကြီးကြခြင်းပင် ဖြစ်သည်။

ထိုဓလေ့စရိုက်ရှိသည့် ကိုယ့်လူများသည် ကားပေါ်တွင် စတီယာရင်းကိုင်လိုက်သည်နှင့်၊ တခြားလူမျိုးများထက် ဒေါသပိုကြီးသည်။ ပြည်တွင်းတွင် ကျနော် ကြုံဖူးသည်။ တပါးသူကို အန္တရာယ်ဖြစ်စေနိုင်သည့် ကားကို ကိုင်တွယ် မောင်းနှင်နေပါလျက်၊ ခြေထောက်ဖြင့် လမ်းလျှောက်သူအား သေသွားချင်လို့လား၊ ဒါ ကား၊ တိုက်ရင်သေတတ်တယ်ဟု ဒရိုင်ဘာများက ဒေါသတကြီး ပြောထွက်၊ ပြောရက်တတ်ကြသည်။ လူဖြတ်ကူးတာကို စိတ်ရှည်စွာ စောင့်ဆိုင်းခြင်း၊ အလျဉ်းမရှိကြ။

အရက်

အရက်နှင့်ပတ်သက်ပြီး အထွေအထူး ပြောစရာမလို၊ အစိုးရအဆက်ဆက်ကိုယ်တိုင်က အားပေးသည့်လုပ်ငန်းဆိုတော့၊ ကိုယ့်လူတွေသည် အရက်နှင့် ရင်းနှီးကျွမ်းဝင်ရင်းနှီးမှုမှာ အောက်တန်းမကျ ရှိလှသည်။ ဖောင်ကြီးမင်းကုန်း စံပြကျေးရွာတွင် ကိုယ်အင်္ဂါပျက်ယွင်းနေသူများက ချက်သောအရက်သည် ကမ္ဘာ့နိုင်ငံများထက် ကောင်းသည်။ ကမ္ဘာ့ဘယ်အရက်အမျိုးအစားကို လိုချင်သလဲ။ သူတို့ တပုံစံတည်းဖြစ်အောင် ချက်ပေးနိုင်သည်။ သို့သော် ကမ္ဘာ့နိုင်ငံများလို၊ အနှစ် (၃၀) သစ်သားစည်ထဲ လှောင်ထားရန် မလို၊ ၃ ရက်ဆိုတာနှင့် ရပြီ။ (အရက်သမားတွေ သက်တမ်းတိုသွားတာသာ ကြည့်ပါ။) ဆေးပညာကတော့ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးဆိုလား။ ထားတော့။

ပြီးခဲ့သည့် စစ်အစိုးရကတော့ အရက်ကို အတော်သုံးတတ်သည်။ ၂၀၀၇ ရွှေဝါရောင်တွင် လက်အောက်ရှိစစ်သားများကို အရက်ထဲတွင် ဘာဆေးထည့်တိုက်သည်မသိ၊ မျက်လုံးများ သရဲသဘက်ပမာ နီရဲပြီး ဘုရားမှန်းမသိ၊ သံဃာမှန်းမသိ၊ ကျောင်းသားလူငယ်များကိုလည်း သားသမီးချင်းကိုယ်ချင်းမစာ အသိစိတ်ပျောက်ပြီး ရက်စက်နိုင်စွမ်း ရှိအောင် သုံးတတ်ခဲ့ပါသည်။

ချုံ့၍ ဆိုရပါလျှင်

နဂိုက စိတ်မြန်ကိုယ်မြန် ဒေါသကြီးသည့်လူမျိုးဟာ အသိစိတ်ပျောက်သည့် အရက်ကိုသောက်ပြီး၊ လူအများကို ဒုက္ခပေးနိုင်သည့် ကား(သို့) စက်သုံးယာဉ်ကို မောင်းသောအခါ........

ကျနော်တို့ ကျနော်တို့ရဲ့ဘဝကို တပါးသူ၏ တာဝန်မဲ့ ပေါ့ဆမှုကြောင့် ဆုံးရှုံးခံရမည်လား၊ ခံသင့်သည်လား။ ကျနော့်အား မှီခိုနေရသူများ ရှိပါသည်။ ထိုသူများအား ကျနော့်လို ထိုသူက လုပ်ကိုင်ကျွေးမွေးမည်လား၊ ကျွေးမွေးခဲ့လျှင်လည်း ကျနော့်ရဲ့ကလေးတွေကို ဘယ်လိုလမ်းပြမှုမျိုးနဲ့၊ ဘယ်လို ကြီးပြင်းစေမှာလဲ။ ကျူးလွန်သူရဲ့ မိသားစုဘဝရော..? ဒါပါပဲ။

တာဝန်မဲ့သူကို အရင်းစစ်ရင် တရားခံဟာ၊ တာဝန်ရှိသူပါပဲ။

တာဝန်ရှိသူကိုယ်တိုင်ကိုက အသက်(၂၁)နှစ်မပြည့်ပဲ အရက်သောက်တာကို မတားမြစ်ရင်၊ (အသက်မပြည့်သူကို အရက်ရောင်းတဲ့သူကို အရေးယူပါ။ **တိုင်းပြည်၏အနာဂတ် ပညာသင်ရမည့်အရွယ်ဖြစ်၍ အလေးထားသင့်။** အဆိုပါ အရက်ရောင်းချသူ၏ ရဲစခန်းမှတ်တမ်းတွင် အဆိုပါပြစ်မှုကျူးလွန်ခဲ့ကြောင်း မှတ်တမ်းတင်ထားပါ။)

အရက်သောက်ပြီး ဘတ်စ်ကား၊ ကြားကား၊ ကိုယ်ပိုင်ကား မောင်းတာကို မတားမြစ်ရင်၊ (အများပြည်သူစီးနင်းလိုက်ပါသော ဘတ်စ်ကား၊ ကြားကား၏ ဒရိုင်ဘာများ အရက်သောက်ခြင်းကို လုံးဝ တားမြစ်ပါ။ ကိုယ်ပိုင်ကား ဒရိုင်ဘာများအား သွေးထဲတွင် အရက်ပါဝင်မှုနှုန်းတိုင်းကရိယာဖြင့် စစ်ဆေး အရေးယူပါ။)

ကျူးလွန်သူသည် ငါ့အဖေ၊ ငါ့ဦးလေး၊ ငါက ဘာကြီး၊ ညာကြီးဆိုသည့် အာဏာအလွဲသုံးစားပြုမှုများ ရှောင်ရှားရမည့်အပြင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကလည်း အကျင့်ပျက် လာဘ်စားမှုအား ရှောင်ရှားရပါမည်။

အများပြည်သူထိခိုက်နစ်နာစေနိုင်သည့်ကိစ္စဖြစ်၍ ဥပဒေအတိုင်း ပြည့်စုံတိကျစွာ၊ ပြဌာန်း၊ လိုက်နာ အရေးယူ ဆောင်ရွက်သင့်ပါကြောင်း...ဖြင့် ကိုယ့်လူမျိုးအကြောင်း ကိုယ်ပေါင်ကိုယ်လှန်ထောင်း၍ ရေးသားအပ်ပါသည်။

မောင်ပွကြီး (ရွှေဝါရောင်)

Saturday, August 18, 2012

ဒီလိုလူမျိုးထဲ သင် ပါနေပါသလား

ကျနော် ၁၈နှစ်သား အရွယ်က ကျူရှင်ဆရာ လုပ်ဖူးသည်။ ကြွားပြောရရင် ကျောင်းများတွင် အဆင့်(၁)မှ (၁၀)အတွင်း ရရှိသော ကလေးသည် ကျနော့်ကျူရှင်မှ ဖြစ်သည်။ (စကားချပ်။ ။ယခင်ခေတ်က ယနေ့ခေတ်လို အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ယူမှ အဆင့်ကောင်းသော ခေတ်မဟုတ်သေး။)

ကျနော်စာသင်သည့်အခါ ကျန်းမာပျော်ရွှင်ပညာသင်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပည့်များကို ပျော်ရွှင်စွာထားပြီး ဦးနှောက်ထဲသို့ အလွယ်ကူဆုံးတို

က်ရိုက် ရောက်သွားအောင် သင်သည်။ အိမ်စာ အဖြေမှန်သောကလေး၊ စာရသောကလေးကို ဆုအဖြစ် မုန့်ကျွေးပြီးလည်း သင်သည်။ ကလေးတွေလည်း ကျနော့်ကို သိပ်ချစ်ကြသည်။ စာမရသောကလေးကို ကော်ပေတံဖြင့် လာစမ်း ဆိုပြီး လက်ဝါးဖြန့် မနာအောင်ရိုက်သည်။ (နာလျှင် ကလေး၏ စိတ်ဒဏ်ရာရတတ်သည်။)
ဤတွင် ကလေးတစ်ယောက်က...

" ဆရာ နောက်ထပ် တစ်ချက် နာနာလေး ရိုက်ပေးပါ။ ဒါမှ ပိုမှတ်မိသွားအောင်လို့ " တဲ့။

ကျနော့်မှာ ပါးစပ်အဟောင်းသား။

++++++++++++++++++++++++++++++


အရွယ်ရောက် စီးပွားရှာတော့ ရွှေဂုံတိုင်နှုတ်ခမ်းမွှေးနံမည်ဖြ
င့် ဓါတ်ဆီ၊ စက်သုံးဆီ ရောင်းသည်။ မှောင်ခိုဖြစ်၍ အဖွဲ့အစည်းပေါင်းစုံတို့ မြေကြီးထဲမှ ရေနံ အလကားထွက်နေသည့်အလား အခမဲ့ ဆီလာထည့်ကြသည်။ ကျနော်ကလည်း ဝယ်ပြီးမှ ပြန်ရောင်းရသော စက်သုံးဆီဖြစ်၍ တခါတရံ မြတ်သည့်ငွေနှင့် ဆက်ကြေးပေးရသည့်ငွေ မကိုက်ဖြစ်သောအချိန်၊ (ငွေတစ်သိန်းကို တပည့်များနှင့် အလုပ်မလုပ်ပဲ ထိုင်စားလျှင် ရက်(၂၀)မျှ စား၍ရသောကာလတွင်၊ လုပ်ငန်းထဲသို့ ထည့်လိုက်သည့်အခါ ပင်ပန်းစွာ အလုပ်လုပ်နေပါလျက် တပတ်မပြည့်ခင် ကုန်သွားသည့်အဖြစ်။).. ထိုအချိန်မျိုးတွင် တပည့်များအား " ကြည့်နေ၊ ဒီလူတွေကို ငါ တင်ချပြမယ်" ဟုဆိုကာ...
" နှုတ်ခမ်းမွှေး၊ နေကောင်းလားဟေ့၊ မတွေ့တာတောင် ကြာပြီ" ဆိုသည့်စကားများဖြင့် အစချီ၍ ဆီအလကားလာထည့်နေသော အဖွဲ့အစည်းများမှ လူများအား ...
" ဟ.. ဟေ့လူကြီး၊ ပျောက်လှချည်လား"
" ဘုန်း"

" နှုတ်ခမ်းမွှေးရေ..အားတော့ နာတယ်ကွာ၊ တရားခံသွားဖမ်းမလို့၊ ဆီမလောက်တော့လို့ မင်းဆိုင်ရှိတယ်ဆိုပြီး တကူးတက ဝင်လာတာ"
" အာ.. ကူညီရမှာပေါ့ဗျာ.. ခင်ဗျားတို့က ပြည်သူတွေကို ခိုးဆိုးနှိုက်ရန်က ကာကွယ်ပေးနေတဲ့သူတွေပဲဟာ"
" ဘုန်း "

စသဖြင့် တနေ့ပျမ်းမျှ အစီး (၃၀)လောက် လာသော ဆိုင်ကယ်၊ ကားများမှ ရဲတပ်ဖွဲ့၊ အဖွဲ့အစည်းဝင်များအား ၄င်းတို့၏ တင်ပါးများကို ခင်သလို မင်သလိုလုပ်ပြီး၊ တ ဘုန်း ဘုန်း ဖြင့်၊ ရိုက်လွှတ်၊ ချလွှတ်နေခဲ့သည်။

တခါတလေ.. ကိုယ့်စိတ်နဲ့ကိုယ် မအားလပ်၍ ၄င်းတို့အား မရိုက်လွှတ်မိသောအခါဖြစ်စေ၊ ခရီးသွားသည့်အခါဖြစ်စေ၊ နှုတ်ခမ်းမွှေး ဘာတွေ ညစ်နေလဲ မသိဘူးတို့၊ ဒီကောင်ကြီး တို့ကို သိပ်မခင်တော့ဘူး တို့၊ မင်းတို့ဆရာကလည်း ပျောက်နေလိုက်တာ ငါတို့ အရိုက်မခံရတာတောင် အတော်ကြာပြီတို့၊ ... မင်းတို့ဆရာ ခင်တာကလည်း ကြောက်စရာကြီး၊ ကျောကို ကော့သွားတာပဲတို့....ဒီဆိုင်ကို
ရောက်ပြီး နှုတ်ခမ်းမွှေးရဲ့ အရိုက်မခံရတာ တခုခု လိုနေသလိုပဲတို့ .... စသဖြင့် ကျနော်မရှိချိန် ရောက်လာသည့် အရိုက်ခံနေကျ လူများက မေးနေ၊ ပြောနေကြောင်းကို တပည့်များက ပြန်လည်ပြောပြသဖြင့် ကျနော့်မှာ ပါးစပ်အဟောင်းသား။

+++++++++++++++++++++++++++++

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရ တက်လာသောအခါ စာပေစိစစ်ရေးကို ဖျက်သိမ်းလိုက်ပြီ ဟု သတင်းသဲ့သဲ့ ကြားလိုက်ရသည်။
သြော်.. အပြုသဘောဆောင် ထောက်ပြ ဝေဖန်ပြီး လမ်းကြောင်းတည့်ပေးနိုင်ပြီ၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း ရေးလို့ ရပြီ ဆိုပြီး၊ ဝမ်းသာခဲ့သည်။ အာဏာရှင်များ လက်ထက်က သတင်းအမှန်ကို ပြည်သူသို့ တင်ပြခွင့် မရခဲ့ကြသည် မဟုတ်ပါလား။

သိပ်မကြာပါ။ စာပေစိစစ်ရေး ရှိဆဲဟု ကြားရသည်။

သြော် ခုတော့ အရင်တုန်းကလိုပါပဲလားဟု မြင်တွေ့နေရသည်။

အင်း... အင်းပေါ့လေ... စာပေပညာရှင်ဆိုသူတွေထဲမှာလည်း နှစ်ခါရိုက်မှ မှတ်မိတဲ့သူ၊ အမြဲတမ်း အရိုက်ခံရမှ နေသားထိုင်သားကျသူတွေလည်း ရှိနေတာပါပဲလား....။

++++++++++++++++++++++++++++++

ကျနော်တို့ တချိန်က ကွန်မြူနစ်ဆိုရင်လည်း ပြတ်ပြတ်သားသားနီလိုက်၊ အရင်းရှင်ဆိုလည်း ပြတ်ပြတ်သားသား ရှင်လိုက်၊ ဒီလိုမဟုတ်ပဲ အရှေ့လိုလို၊ အနောက်လိုလို... မပြတ်မသား ဆိုရှယ်လစ်တဲ့၊ ဆိုရှယ်လစ်တောင်မှ မြန်မာ့နည်း၊ မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ် ဆိုပါလား။
အကျိုးဆက်က အရှေ့အုပ်စုက အကူအညီလည်း မယ်မယ်ရရ မရ၊ အနောက်အုပ်စု အကူအညီလည်း ဟုတ်တိပတ်တိမရ။

(ပြည်ပအားကိုး လို့ မပြောပါနှင့်။ တယောက်တည်း ထွန်ယက်၊ တစ်ယောက်တည်း မြေဆီထည့်၊ တစ်ယောက်တည်း ပျိုးကြဲ၊ တစ်ယောက်တည်း စပါးစိုက်၊ တစ်ယောက်တည်းရိပ်သိမ်း၊ တစ်ယောက်တည်း စပါးလှေ့၊ တစ်ယောက်တည်း ကြိတ်ခွဲ၊ ဆန်ရပြီး ထမင်း မစားရတဲ့အဖြစ်။ ဒန်အိုးရောင်းသူ အခြားတစ်ယောက်မလာရင်၊ တစ်ယောက်တည်း လက်ခုပ်ထဲရေထည့်၊ ဆန်ထည့်ပြီး မီးကင်ချက်စားမတဲ့လား။ အရာရာ ပူးပေါင်းဆောင်ရွက်တတ်ရပါမည်။ တံခါးပိတ် ငတ်အသေခံနေလို့ မဖြစ်ပါ။ မပြတ်သားမှုများရဲ့ နောက်ဆက်တွဲများကြောင့် အိမ်နီးချင်းများနဲ့ အရမ်းကွာခြားသွားပြီး၊ မြန်မာလူမျိုးများ ကျွန်သွားခံနေရပြီ။)

ယခင်က နိုင်ငံကို စစ်တပ်မှ ချုပ်ကိုင်ထားပြီး သွားသည်။ မအောင်မြင်ခဲ့၊ တိုင်းပြည် အရမ်းဆင်းရဲသွားသည်။

ယခု နိုင်ငံကို ဒီမိုကရေစီ လမ်းဖြင့် သွားသည်။ ပြတ်ပြတ်သားသား ဖွင့်၍ သွားသင့်သည်။ တွန့်ဆုတ်၊ တွန့်ဆုတ် မြန်မာ့နည်း၊ မြန်မာ့ဟန်ဒီမိုကရေစီ၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတွေ လုပ်မနေပါနဲ့။

အင်း... သမ္မတ အကြံပေးအဖွဲ့ထဲမှာလည်း သိပ်လွတ်လပ်လွန်းတယ်လေ.. မဖြစ်သေးဘူး၊ သိပ်မြန်နေလွန်းတယ်၊ တဆင့်ပြီး တဆင့်ပေါ့... စသဖြင့် နှစ်ခါ အရိုက်ခံချင်တဲ့သူ၊ ရိုက်ခံနေရမှ ကျေနပ်နေတဲ့သူ ... ထိုလိုလူမျိုးများ ရှိနေအုံးမလား.....လို့။

အားလုံးကို လေးစားလျက်..

မောင်ပွကြီး (ရွှေဝါရောင်)