Wednesday, July 30, 2008

စာပေဖက်ဆစ် (သို့) စာပေကင်ပေတိုင် (သို့) စာပေစိစစ်ရေး သို့

နအဖဟာ စာပေကို နိုင်ငံရေးနဲ့ချိတ်ဆက်ထားပြီး သူရဲ့ရပ်တည်မှုကို နဲနဲလေးမှ မထိပါးအောင် စာပေစိစစ်ရေးလို့ ခေါ်တဲ့ စာပေဖက်ဆစ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးထား တယ်။ အဲဒီအဖွဲ့ဟာ စာပေပညာရှင် တွေရဲ့ အသိအမြင် နဲ့ဘဝတွေကို ဖျက်ဆီးခဲ့တယ်။

မြန်မာ့သမိုင်းတစ်ခေတ်မှာ မြန်မာလူမျိုးများ မဖွံ့ဖြိုးပဲ ဦးနှောက်နိမ့်ကျခဲ့ရတာဟာ စာပေစိစစ် ရေးက စာပေ ပညာရှင် တွေမှာ တစိတ်တဒေသအားဖြင့် တာဝန်ရှိတယ်လို့ မှတ်ယူထား ရပါမယ်။

စာပေစိစစ်ရေးက ခွင့်ပြုလိုက်တဲ့စာတွေဟာ အချစ်၊ သိုင်းဝတ္ထု၊ သရဲလိုလို စုန်းလိုလိုဖြစ်ရပ် ဆန်း၊ မှုခင်း၊ ဂမ္ဘီရ၊ ဘာသာပြန်၊ တက်ကျမ်းနဲ့ အိမ်တွင်း အသက်မွေးဝမ်းကြောင်း၊ ပုံပြင်၊ စကားပြော – စတာတွေ သာဖြစ်ပါတယ်။

ကျနော်စာဖတ်တယ်ဆိုရင် နံဘေးမှာ မှတ်စုစာအုပ်နဲ့ ဘောပင်အမြဲ အသင့်ပြင် ထားပါတယ်။ ဒါပေမယ့် စာအုပ်ဖိုးကုန်၊ အချိန်ကုန်၊ မျက်စိညောင်းသွားလို့မှ ဦးနှောက်ထဲ ဘာမှမကျန်တဲ့ စာဆိုရင် ကျနော် သိပ်စိတ် ဆိုးမိပါတယ်။

နိုင်ငံခြားသားတစ်ဦး ကျနော်ကိုပြောဖူးတယ်။ မြန်မာလူမျိုးတွေရဲ့ ပါးစပ်ကအမြဲ ဘုရား၊ ကိုယ်ကျင့် တရားနဲ့ သီလတွေကို စောင့်ထိန်းကြပါတယ်တဲ့။ ဒါပေမယ့် လက်တွေ့မှာ ကိုယ်ချင်းစာစိတ် အင်မတန် နည်းပါးလွန်းတယ် တဲ့။

အဲဒီတော့ စာပေစိစစ်ရေးကဆရာများ ကိုယ်ချင်းစာပေါ့ဗျာ။ ခင်ဗျားတို့မှာလည်း သားသမီး တွေ ရှိကြမှာပါ။ အုပ်ချုပ်သူလူတန်းစားကျေနပ်အောင်နဲ့ ကိုယ့်ဘဝရပ်တည်ရေးအတွက် စာဖတ်သူရဲ့ ဦးနှောက်ထဲကို အမှိုက်တွေ လျှောက်ပုံမနေပါနဲ့တော့။

အသိဉာဏ်တွေကို စနစ်တကျ ထိန်းချုပ်သင်းကွပ်ပစ်တဲ့ ခင်ဗျားတို့ရဲ့လုပ်ရပ်ဟာ ခင်ဗျားတို့ရဲ့ သမိုင်းတစ်ခုပဲ ဆိုတာ စာဖတ်တတ်တဲ့ စာတတ်သူတိုင်း မှတ်သား ထားပါတယ်။

သိတိုင်းမြင်တိုင်း ရေးလို့လည်းမရရှာတော့ အပျော်ဖတ်နဲ့ ဆူလွယ်နပ်လွယ်လေး တွေပဲ ကြံဖန်ရှာ ရေးနေရတဲ့ စာရေးဆရာတွေရဲ့ဘဝတွေကိုလည်း သနားပါအုံး။

လူ့အခွင့်အရေး၊ သမဂ္ဂ၊ သပိတ်၊ ဆန္ဒပြပွဲ နဲ့ စစ်တပ်အရာရှိတွေကို စောင်းပါးရိပ်ချည် ရေးထားမှု၊ ငွေခဝါချမှု၊ အကျင့်ပျက်လာဘ်စားမှု၊ အမေရိကန်အကြောင်း အကောင်းရေးမှု၊ တရုတ်ပြည်နဲ့ပတ်သက်ရင် မကောင်း ရေးမှု၊ ထိုင်းကို ယိုးဒယား လို့မရေးမှု၊ ယိုးဒယားကို တစ်ဘက်နိုင်ငံလို့မသုံးမှု၊ တစ်ဘက်နိုင်ငံကို ထိုင်းလို့မသုံး မှု စတဲ့ ခင်ဗျားတို့ သတ်မှတ်ချင် သလို သတ်မှတ်နေတဲ့ (လူကြီးလည်းကြိုက်၊ ခင်ဗျားတို့လည်း စားကွက်ရတဲ့) စည်းမျဉ်း စည်းကမ်းတွေကို စာရေးဆရာတွေဟာ လွတ်ကင်းအောင် ရေးနေ၊ ရေးထား ပါလျက် ခင်ဗျားတို့ဆီက မြန်မြန်ဆန်ဆန် ခွင့်ပြုချက်ရဖို့ ငွေ သောင်းနဲ့ချီပေးရ ၊ လက်ဆောင် ပဏ္ဍာတွေ ဆက်ရနဲ့--- ဒါတောင် အမြန်ဆုံး သုံးလလောက်ကြာမှ ခွင့်ပြုချက်ကျတယ်။ မပေးရင်တော့ နှစ်ပေါက်အောင် ကြာတော့တာပဲ။

စာပေဟာ ခေတ်ရဲ့ကြေးမုံတဲ့။ ပုဂံရာဇဝင်လို ဒုတ်ထမ်း၊ ဒါးထမ်းပြီး နောင်တစ်ချိန် ပြောရမယ့် ကိန်း ဆိုက်အောင် ခင်ဗျားတို့ရဲ့လုပ်ရပ်ဟာ မြန်မာ့သမိုင်းကို ဖျက်ဆီး နေတယ်ဆိုတာကို -- သဘောပေါက်။ ။

မောင်ပွကြီး

No comments: