Friday, September 19, 2008

ရွှေဝါရောင်တော်လှန်ရေးမှ သင်ခန်းစာ

(၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မောင်ပွကြီးရေးသားသည်။

ညီညွတ်ရေးဆိုသောစကားသည် ကျွန်တော်မမွေးခင်ကတည်းက လူအများပြောဆိုနေခဲ့ကြ ပါသည်။ ကျွန်တော်အရွယ်တော်တော်ရောက်လာပြီး ဓမ္မနှင့် အဓမ္မ တိုက်ပွဲတွင် ပါဝင်ပတ်သက်လာချိန်၌ မြန်မာပြည်တွင်းတွင်လည်း ညီညွတ်ရေးအကြောင်း ပြောဆိုနေသံကြားရပါသည်။ မတတ်သာ၍ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာခဲ့ရသည့် အချိန်တွင်လည်း ထိုညီညွတ်ရေးအကြောင်းပင် ပြောဆိုသံ ကြားနေရပါသည်။

မှန်ပါသည်။ ညီညွတ်မှုမရှိ၍ ကျွန်တော်မမွေးခင်ကတည်းက ယနေ့အချိန်ထိ စစ်ဖိနပ်အောက်မှ ရုန်းမထွက်နိုင်ခြင်းဖြစ်သည်ကိုတော့ အချက်တစ်ချက်အနေဖြင့် လက်ခံရပါမည်။ ၈၈၈၈အရေးတော်ပုံမျိုး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမျိုးတွင် တိုင်းပြည်၏လူထုဆန္ဒတစ်ထပ်တည်းကျပြီး ညီညွတ်ကြပါလျက် တော်လှန်ရေးမအောင်မြင်သောအခါ အယူအဆ၊ အတွေးအမြင်၊ ယုံကြည်ချက်ပေါ်မှာ မူတည်ပြီး အမျိုးမျိုး အဖုံဖုံ လုပ်ငန်းစဉ်များ ကွဲပြား၊ မတူညီတတ်သည်မှာ သဘောသဘာဝတစ်ခုပင်ဖြစ်သည်။

လောလောလတ်လတ် ပြီးခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး အတွေ့အကြုံကို တင်ပြပါရစေ။ ကျွန်တော်သည် ထိုစဉ်က ပြည်တွင်းတွင် နေထိုင်လျက် ရှိပါသည်။ ၈၈ကျောင်းသားဟောင်းတစ်ဦးအနေဖြင့် ရင်ထဲတွင် အနာမကျက်သေးနိုင်သည့် ဒဏ်ရာကို ကုသရန် အမြဲမျှော်လင့်နေခဲ့ပါသည်။ အနာကို တစ်ခါတည်းနဲ့ နလံမထူ၊ အမြစ်သေရန် ဆေးအပြင်းဆုံးနှင့် ကုစားပစ်လိုက်မည်ဟုလည်း ကြိမ်းဝါးထားသေး သည်။ ပြောရင်းဆိုရင်း၊ မျှော်လင့်ရင်းနဲ့ပဲ ရောက်ရှိလာပါပြီ။.......... ရွှေဝါရောင်တော်လှန်ရေး။ ........

ခဲလေသမျှ သဲရေကျ ရသည်လား၊ တည်ငြိမ်ရင့်ကျင့်မှု ရလာ၍လား၊ ဒီမိုကရေစီဆန်လာခြင်းလား၊ မိမိအတ္တထက် တော်လှန်ရေး အောင်မြင်ရေးကိုသာ ဦးစားပေး၍လား ကိုယ့်ကိုကိုယ် မသိတော့ပါ။ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အေးချမ်းစွာ မေတ္တာပို့ ၊ ဆုတောင်းကာ ဆန္ဒဖေါ်ထုတ်ခဲ့ပါသည်။ ရှေ့ဆုံးမှ သံဃာတော်များ ဦးဆောင်၍ သာသနာ့အလံများ တလူလူလွှင့်ကာ ဗုဒ္ဓရုပ်ဆင်းတု တော်များ၊ မြတ်စွာဘုရား ပုံတော်များ ပင့်ဆောင်လျက် ငြိမ်းချမ်းစွာ ဆန္ဒပြပါလျက် ၂၆-၉-၂၀၀၇ နေ့တွင် အာဏာရှင်စစ်အဆိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သာသနာ့အလံများ သွေးစွန်း၍ ဗုဒ္ဓရုပ်ပွားတော်များ ကြေမွသွားသည့်ပြင် ဘုရားပုံတော်များပါ မြေခသွားခဲ့ရပါသည်။ အကြမ်းဖက်လွန်းသောကြောင့် အမေရိကန် သံရုံးမှ သံတမန် ကား တစ်စီးက လူထုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား ကန့်လန့်ဖြတ်ဝင်ရောက် နေရာယူကာ သံဃာနှင့် လူထုကို မပစ်ရန် ကာကွယ်ပေး ရှာပါသည်။

သို့သော် တစ်သက်လုံး သေနတ်ကိုင်လာသော အမေရိကန်လည်း နအဖစစ်အဆိုးရ၏ နှိမ်နင်းမှု ဒဏ်ကို မခံနိုင်ပါ။ မျက်ရည်ယိုဗုံး(၅)လုံးဖြင့် ၄င်း၏ကားဆီသို့ တည့်တည့်ပစ်လာသောအခါ ပြန်လည်ရှောင် တိမ်း သွားရပါသည်။ (ကိုယ့်လူထုအားကို ကိုယ်မယုံကြည်သောသူများ သတိပြု။)

စစ်အဆိုးရက မာရှယ်လော ထုတ်ပြန်ထားသောကြောင့် ကျနော်တို့ ယုံကြည်ချက်တူသူများ အချင်းချင်း ၀ပ်ကျင်းတွင် အားနည်းချက်၊ အားသာချက်များ ညှိနှိုင်းကြပါသည်။ ကျနော်တို့သည် နအဖ၏ စွမ်းအားရှင်၊ ကြံ့ဖွတ်၊ လုံထိန်း၊ ထောက်လှမ်းရေး၊ ရယက၊ မယက၊ ရဲစခန်း ၊ တန်ပြန်ဘုန်းကြီးတု၊ အဖျက် လုပ်ငန်း ၀င်လုပ်မည့်သူများ၊ သံဆူးကြိုး၊ အတားအဆီးများ အသီးသီးတို့ကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့သော်လည်း နောက်ဆုံးစစ်တပ်သာ ကျန်ပါတော့သည်။ ထိုစစ်တပ်ကို ဘယ်လိုထိန်းသိမ်း မည်နည်း။ စစ်တပ်သာ ပါလျှင် ကျနော်တို့ပွဲပြီးပြီ။

စစ်တပ်တွင် မူရှိသည်။ စစ်ခေါင်းဆောင်များ ဘယ်လိုပြောင်းလဲ၊ ပြောင်းလဲ စစ်တပ်မပြိုကွဲပဲ တည်ရှိနေခြင်းမှာလည်း ထိုမူကြောင့်ပင်။ ထိုမူတွင် အဓိကအခရာကျဆုံးမှာ နိုင်ငံတော်အလံဖြစ်သည်။ မနက်အလံတင်အခမ်းအနား၊ ညနေ အလံချအခန်းအနား ပြုလုပ်ရသည်မှာ ယနေ့ထိ တစ်ရက်ပင် ပျက်ရက်မရှိ။ ထိုအလံကို သံဃာ တော်များ ရှေ့ဆုံးတွင် ကိုင်ဆောင်၍ ချီတက်ဆန္ဒပြလျှင် ----------------။

ညှိနှိုင်း၍ မရနိုင်ခဲ့ပါ။ လူဆိုသည်မှာ ကိုယ့်ယုံကြည်ချက်ကို ကိုယ် အလျော့မခံလိုကြပါ။ ယုံကြည်ချက်အပေါ် စွန့်လွှတ်ထိခိုက်ရန် ပြောနေခြင်း မဟုတ်ပဲ အခြေအနေ ၊ အချိန်အခါအရ ယုံကြည် ချက်အပေါ် အတ္တမကြီးသင့်ပဲ ကြီးနေခြင်းကိုသာလျှင် တင်ပြလိုရင်း ဖြစ်ပါသည်။

ပြည်တွင်းတွင် အင်န်အယ်လ်ဒီ၊ ကျောင်းသား၊ အီးစီ၊ စီအာပီပီ၊ လူကြီး၊ လူငယ်ကွဲသကဲ့သို့ လွတ်မြောက်နယ်မြေတွင်လည်း အဖွဲ့အမျိုးမျိုး၊ ယုံကြည်ချက်အသွင်အမျိုးမျိုး ကွဲနေပြန်သည်။

ညီညွတ်ရေးသည် အင်မတန်အသက်ကြီးနေပါပြီ။ ကျနော့်ဘကြီးလည်း ညီညွတ်ရေး၊ ညီညွတ် ရေး ပြောပြောပြီး သေသွားရရှာပါသည်။ သို့သော် ညီညွတ်ရေးကြီးကား ယခုထိ မညီညွတ်နိုင် သေးပါ။ ဤသည်မှာ အဓိကရည်မှန်းချက်ပန်းတိုင်ထက် မိမိတို့၏သန်ရာ သန်ရာ ဂိုဏ်းဂဏအတ္တစွဲများကို ပိုမို ဦးစားပေးနေခြင်း ဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး မှ မီးမောင်းထိုးပြခဲ့ချေပြီ ဖြစ်သည်။

No comments: