ဖြစ်ရပ် (၁)
စစ်အစိုးရက ကျောင်းသားခေါင်းဆောင်များကို တစ်ဦးလျှင် ထောင်(၆၅)နှစ် ချမှတ်လိုက်သည်။
မြေကိုပိုင်မှ စစ်ကိုနိုင်မယ် ဟူသော စစ်သူကြီး ဇွန်ဇူး၏ သဘောတရားများ စိမ့်ဝင်နေသော တပ်မတော်ပီပီ ငါလုပ်ချင်တာ လုပ်တယ်၊ မင်းတို့ ဘာတတ်နိုင်မှာမို့လို့လဲ ဟူသော သူ၏သဘောတရားကို ဖွင့်ပြနိုင်ခြင်း၊
လူသတ်မှုတောင် ရှေ့နေ လျှောက်လဲချက် ကောင်းရင် ထောင်ဒဏ် (၇)နှစ်၊ မကောင်းရင် (၁၀)နှစ်၊
လုယက်ရုံတင်မက မုဒိန်းပါကျင့်သည့်အပြင် လူပါသတ်လျှင်တော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊
ထိုတစ်သက်တစ်ကျွန်းသည် ကကျွန်း၊ ခကျွန်း၊ ဂကျွန်း ဟူ၍ ရှိရာ ထောင်ဒဏ်အနေဖြင့် တွက်ပါက အများဆုံး ၃၅ နှစ်၊ ၂၅ နှစ်၊ ၂၀ နှစ် ရှိသည်။ ယခုမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ် (၆၅) နှစ် ချမှတ်ပြလိုက်ခြင်းဖြင့် ပြည်သူများ နိုင်ငံရေး မလုပ်ရဲအောင်၊ မပတ်သက်ရဲအောင် ခြိမ်းခြောက်မှု ပြုလုပ်လိုက်ခြင်း။
ထို့ပြင် ထိုထောင်ဒဏ် (၆၅) နှစ် ဂယက်လှိုင်း၏ အရှိန်အား နိုင်ငံရေးအတိုက်အခံများ မျောပါ အလုပ်ရှုပ်နေချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲအား အေးဆေးစွာ ဖြတ်ကျော်နိုင်ခြင်း ...စသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော စစ်အစိုးရသည် တစ်ချက်ခုတ် သုံးချက်ပြတ်နည်းကို ပြတ်ပြတ်သားသား ချပြလိုက်ချေပြီ။
ဖြစ်ရပ်(၂)
ထောင်ထဲလူများစွာပို့ခြင်း၊ ထောင်နှစ်ရှည်လများချခြင်းသည် ရန်သူကို ပွားများသည်ထက် ပွားများအောင်၊ စစ်အစိုးရအပေါ် မုန်းသထက်မုန်းအောင် ပြုလုပ်နေခြင်းသာဖြစ်ခြင်း။
ပြည်သူများ၏စိတ်ထဲတွင် ရွှေဝါရောင်တော်လှန်ရေးကြောင့် ဓမ္မနှင့်အဓမ္မ ကွဲပြားစွာ သိမြင်နေချိန်တွင် ယခုကဲ့သို့ ပြစ်ဒဏ် မတရားစီရင်ခြင်းအား မတတ်သာ၍သာ နေရသည် စိတ်ထဲတွင် လုံးလုံးမှ ကျေနပ်မှု ရှိမည်မဟုတ်ခြင်း။
ကမ္ဘာ့အဖွဲ့အစည်းများ နှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ရှိသော တိုင်းပြည်များသည် မြန်မာနိုင်ငံ စစ်အစိုးရ၏ ဒီမိုကရေစီဖော်ဆောင်မှုကို ကွဲကွဲပြားပြား၊ ရှင်းရှင်းလင်းလင်း သိသာသွားခြင်း။
ဘုရား၊တရားမှန်းမသိမှုများ ၊ အာဏာရှင်ဆန်လွန်းမှုများကြောင့် စစ်ခေါင်းဆောင်များ အတွင်းမှာပင် တော်တည့်မှန်ကန် တရားမျှတလိုမှုများ၊ အမှန်တရား မြတ်နိုးသည့် စိတ်ထားများ မသိစိတ်ထဲတွင် မသိမသာကိန်းအောင်း ၀င်ရောက်လာခြင်း။
........စသည်တို့သည်လည်း တန်ပြန်သက်ရောက်မှု အကျိုးအနေဖြင့် ဖြစ်တည်ကျန်ရှိနေပြန်သည်။
ဖြစ်ရပ်(၃)
ဖြစ်ရပ်(၁)နှင့်(၂)ကဲ့သို့ အမှားအမှန် ပဋိပက္ခ ထဲတွင် သာယာနေရုံ၊ ၀င်ပါနေရုံဖြင့် တိုင်းပြည်ကောင်းကျိုး၊ မိမိအတွက် ကောင်းကျိုး မရနိုင်ချေ။ ရန်ညှိုးထုထည် ကြီးသထက်ကြီးကာ တိုင်းပြည်လည်း နစ်သည်ထက် နစ် နေမှာ အမှန်ပင်ဖြစ်သည်။
ကျနော်တို့ အားလုံး မည်သူတစ်ဦးတစ်ယောက်မျှ သေမင်းနှင့် စာချုပ် ချုပ်ဆိုထားခြင်း မရှိပါ။
ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး ကြုံတွေ့နိုင်ကြပါသည်။
မသေခင် တိုင်းပြည်အတွက် အလုပ်လုပ်ကြသူအားလုံး (စစ်ခေါင်းဆောင်ကြီးများ အပါအ၀င်) ရေရှည်အကျိုးအတွက်(မိမိ၏ အတ္တအတွက်ပါ အပါအ၀င်) ညှိနှိုင်း၊ သဘောတူ ဆောင်ရွက် လုပ်ကိုင်ကြမည်ဆိုလျှင် အားလုံးအတွက် ကောင်းသော အဖြေတစ်ခုတော့ ရမည်ဟု ထင်ပါသည်။
သာဓက မှာ ရုရှားသမ္မတ ဘောရစ်ယဲ့ဆင် အား တရားစွဲဆိုခွင့်မရှိ၊ ပြစ်ဒဏ်စီရင်ခွင့် မရှိသည့် ဖြစ်ရပ်မျိုးလည်း ဖြစ်သင့်ပါသည်။
ယခု ဦးသန်းရွှေ စီစဉ်နေမှုမှာ ၎င်း၏ စိတ်ချ ယုံကြည်ရသော တပည့်များလက်ထဲတွင် လုပ်ပိုင်ခွင့်ထားရှိ ခြင်းမှာ လွန်စွာ အန္တရာယ်များလှကြောင်း ဦးနေ၀င်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင် တို့ကို သာဓက ယူသင့်လှပေသည်။
ထိုကြောင့် မိမိတွင် လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ရှိစဉ်ကပင် လူထုခေါင်းဆောင်မလွဲမသွေ ဖြစ်နေဦးမည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် နှစ်ဦးနှစ်ဖက် သင်ပုန်းချေကာ ဒီကလပ်နှင့် မင်ဒဲလားတို့ နည်းလမ်းတူ ဆောင်ရွက်လိုက်ခဲ့လျှင်မူ ပြည်သူအပေါင်းနှင့် ကမ္ဘာတစ်ဝှမ်းက သောင်းသောင်းဖြဖြ ကြိုဆိုနေကြမည်ဖြစ်ပါကြောင်း နှင့် မိမိအပါအ၀င် မိမိ၏ မိသားစု များ ချမ်းသာကြွယ်ဝမှု မပျက်၊ အေးချမ်း၊ စိတ်ချမ်းသာစွာ မိမိနေထိုင်လိုသည့် နိုင်ငံတွင် နေထိုင်နိုင်မည်ဖြစ်ပြီး တကမ္ဘာလုံးကလည်း အပြည့်အ၀ လုပ်ပိုင်ခွင့် ရှိသည့် စစ်အာဏာရှင်မှ ဒီမိုကရေစီစနစ်သို့ စိတ်သဘောထား မြင့်မြတ်စွာဖြင့် တိုင်းပြည်အကျိုးစီးပွားအလို့ငှာ လွှဲပြောင်းပေးလိုက် ကြောင်းဖြင့် ကမ္ဘာ့သမိုင်းဝင် ၊ ကြီးကျယ်သည့် ဂုဏ်သိက္ခာရှိမှုတစ်ရပ်အဖြစ် သမိုင်းတွင် ဖော်ကျူးနိုင်မည်ဖြစ်သည့်အပြင် ပြည်သူပြည်သားများလည်း ကျေးဇူးတင် ၀မ်းမြောက်ဘွယ်ရာ ကျက်သရေအဖြာဖြာပြည့်ဝနေသည့် နှစ်ဦးနှစ်ဖက် ပဋိပက္ခ၏ အကောင်းဆုံးအဖြေသာဖြစ်ပါသည် ဆိုသည့်အကြောင်း.........။
မောင်ပွကြီး
၁၅-၁၁-၂၀၀၈
No comments:
Post a Comment