Friday, January 30, 2009

ရောက်ရှိလာသောဖတ်ရသည့်ကဗျာတစ်ပုဒ်

မွေးရပ်မြေရဲ့အကြောင်း

ကမ္ဘာအနှံ့က “ရွှေ”...တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျနော့်ရဲ့ မွေးရပ်မြေအကြောင်း နဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ.....။

ဆရာဝန်တွေက ဆေးရောင်း

အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေ အကုန်ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ဂွင်ရှာနိုင်မှ သူဋ္ဌေးလောင်းဖြစ်မယ်....။

အစိုးရကအစ သူခိုးဓမြ တွေဆို

ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဘို့ go ကြပေဗျို့...။

ဉာဥ့်ငှက်မလေးတစ်ယောက်က ဖောက်သည်မျှော်

မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့.....။

ဈေးသည်မလေးတစ်ယောက်က ၀ယ်သူမျှော်

အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ....။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား

လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတချို့က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ်လေး တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒိုတစ်စီးက ဗွက်တွေစင်အောင် မောင်းသွား
ငါတို့ငိုသံတွေကို
အိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်..။
ဖျာခင်းချင်သူတချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်...။

မီးခဲကိုင်ထားရသလိုပဲ ဆိုတဲ့ စေတနာရှင်တို့........

ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့ လူ့ပြည်ကို ဖျက်နေတာလား..။
ခင်ဗျားတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်ပါ..။
တပြည်လုံးလည်း နားညီးနေပြီ....အော်ဂလီဆန်ချင်စရာ..။

ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့လည်း

မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့
ငါ့ခြေထောက်တွေ ကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူး တဲ့..။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်၊
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်..။

ဒီလိုနဲ့.......

စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိမ်မက်တွေလည်း ခေါက်ရိုးကြေ၊
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ...။
လူ့သက်တမ်း တ၀က် ကျိုးလာပြီဆိုတဲ့ အချက်ပေးသံ တွေလည်း မြည်လာပြီ၊
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ..။
“ဆန်တပြည်ကို ၁၅၀၀ တောင်” အဲဒါ အဖွား ညည်းတဲ့အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်..။

ဒီကြားထဲ .......

နာဂစ်က တစ်ချက်မွှေ့
ဧရာဝတီက လူတွေခမျာ အသက်စေ့
တချို့လူတွေကလည်း အကွက်ရွှေ့
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့
မြန်မာပြည်ကြီးကတော့ ၀မ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့.....။

အစိုးရကအစ သူခိုးဓမြ တွေဆို

ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ go ကြပေဗျို့.........။

ကောင်းကင်ကို

(မှတ်ချက်။ ။ အထက်ပါကဗျာလေးသည် မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသော အခြေအနေ၊ ဖြစ်ပျက်နေသောလက္ခဏာ၊ ရင်ဆိုင်နေရသောဘ၀အသီးသီးတို့၏ ပကတိဖြစ်ရပ်မှန်ကို ကဗျာတစ်ပုဒ်တည်းနှင့် ပြီးပြည့်စုံအောင် ဖော်ပြနိုင်ခဲ့၍ ကြိုက်နှစ်သက်ပြီး ဤဘလော့ဂ်တွင် တင်မိပါသည်။ အီမေးလ်ဖြင့် ကျနော့်ဆီကို ရောက်ရှိလာသော ကဗျာဖြစ်ပြီး ထပ်ဆင့်ပေးပို့လိုက်သူက ကဗျာဖန်တီးသူ၏ အမည်ကို ဖေါ်ပြမထားခဲ့ပါ။
ယခုမူ ကိုကောင်းကင်ကို ကိုယ်တိုင် ရေးဖွဲ့သီကုံးထားသော ကဗျာဖြစ်သည်ကို သိရှိရပါ၍ ယခုမှ ကဗျာရေးသူ၏ အမည်အား ပြန်လည်ဖြည့်စွက်နိုင်ခဲ့သည်ကို နားလည်ပေးနိုင်ပါရန် နှင့် ကဗျာကို ဦးနှောက်အဆီခမ်းကာ နှလုံးသွေးနှင့် ရေးစပ်ခဲ့ရသော ကိုကောင်းကင်ကိုအားလည်း ကျနော့်၏ ပျက်ကွက်ချို့ယွင်းမှုအတွက် တောင်းပန်အပ်ပါသည်။)

1 comment:

Kaung Kin Ko said...

ကဗျာရဲ့ ခေါင်းစဉ်က မွေးရပ်မြေရဲ့ အကြောင်းပါ။ ကျွန်တော်ရေးခဲ့တာပါ။ original link က ဒီကပါ။http://kaungkinko.myanmarbloggers.org/2008/08/blog-post_22.html