Friday, December 28, 2012

မြင်မိတိုင်း အမြဲ မျက်ရည်ကျရတဲ့ ပုံ


ကျနော် အရင်တုန်းက ဘဝကို ကြမ်းရမ်းစွာ ဖြတ်သန်းခဲ့ဖူးပါတယ်။ ကိုယ့်ကိုကိုယ်လည်း အသည်းမာလှတယ်ပေါ့။
အမေရိကကိုရောက်တော့ နိုင်ငံကြီးသားတွေရဲ့ မေတ္တာ၊ ဂရုဏာ၊ ကြင်နာမှု၊ စာနာနားလည်မှု စတဲ့၊ ဖြူထည်တဲ့ ဝန်းကျင်ထိတွေ့မှုများဟာ၊ ကိုယ့်အတွက် ထိတွေ့ အတုယူ တည်ဆောက်စရာ ဖြစ်စေခဲ့ပါတယ်။

အရင်က ရုပ်ရှင်ကြည့်ရင်း ငိုရတဲ့အခန်းဆို လွှတ်ငိုနေတတ်တဲ့ ကျနော့်အမျိုးသမီးအတွက်၊ ခုဆို အဖေါ်မဲ့မနေတော့ပါဘူး။ အရင်က ကြမ်းတမ်းခဲ့တဲ့ ကျနော့်နှလုံးသားဟာလည်း နူးညံ့သိမ်မွေ့စွာ ခံစားတတ်နေခဲ့ပါပြီ။

ကျနော့်ဘဝမှာ ပန်းချီပြပွဲ၊ ဓါတ်ပုံပြပွဲ များစွာ ရောက်ဖူးခဲ့ပေမယ့် မျက်ရည်မကျခဲ့ပါဘူး။ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ သားအမိတွေ ပြန်ဆုံတွေ့ရတဲ့ ဓါတ်ပုံကို မြင်ရတဲ့အခါတိုင်း၊ ကျနော် မျက်ရည်အလိုလိုကျလာပါတယ်။

ကြေကွဲဆို့နင့်လိုက်တာ။
ကလေးဘဝ မိခင်ရဲ့ရင်ခွင်ထဲ၊ သူလည်း တိုးဝင်ချွဲချင်ရှာမှာပေါ့။ ညဘက်အိပ်ယာဝင် အမေပုံပြောပြတာတွေ နားထောင်ချင်ရှာမှာပေါ့။ သားယောကျာ်းလေးဟာ အမေကိုပဲ ခင်တွယ်တတ်တယ်။ အမေဆိုတာ ပန်းပျိုးတဲ့လက်၊ နူးညံ့တယ်လေ။

ခုတော့ သူ့အမေရဲ့ မြန်မာပြည်ကို ချစ်တဲ့စိတ်အတွက်၊ သူ့ရဲ့ကလေးငယ်အခွင့်အရေးလေးပါ ထည့်သွင်းဆုံးရှုံးခံလို့၊ သူ့နှလုံးသားကိုပါ ထိုးပြီး ပေးဆပ်ခဲ့ရှာတယ်။ လက်မောင်းမှာထိုးထားတာကို ကြည့်ရင်၊ အမေကို လွမ်းရင်း သူ့ကိုယ်သူလည်း၊ အမြဲ တောင့်ခံ အားပေးခဲ့ရရှာတယ်ထင်ပ။

ပြန်ဆုံတွေ့ချိန် သားအမိတွေ လက်တွေကို တင်းတင်းဆုပ်လို့၊ ...ရင်ထဲမှာ ကြိတ်ငိုနေကြတာ ဘယ်သူသိနိုင်မှာလဲလေ။....မပီကလာ ပီကလာ စကားပြောတတ်စ ကလေးမှ လူပျိုကြီးကို ဖြစ်လို့။

ကလေးရူးနှင့် ဟန်ဆောင်ခြင်း

မိန်းမတို့၏ မတင်းတိမ် မရောင့်ရဲနိုင်သော ဆန္ဒထဲတွင် ကလေးမွေးခြင်းလည်း ပါသည်။ ကလေးဘယ်နှစ်ယောက်ရှိရှိ၊ ထပ်လိုချင်သည်သာဖြစ်ပြီး၊ ချင့်ချိန်ရသော အခြေအနေတို့ကြောင့်သာ စိတ်ဒုံးဒုံးချ မြိုသိပ်နေရခြင်းသာ တွေ့ရသည်။

ကျနော့်ဇနီးသည်လည်း ကလေးရူးနေတာ ကြာလှပြီ။ သူ့ရဲ့အလုပ်ထဲမှာ သူ့ဗိုက်လေးကို ပွတ်ပြီး၊ ကိုယ်ဝန်ရှိနေတယ်လို့ လုပ်ဖေါ်ကိုင်ဖက်များကို ပြောရလောက်အောင် ရူးလှရှာပါသည်။ အိပ်မက်တိုင်း ကလေးရတယ်လို့ အိပ်မက်လျှင်၊ သူမ ဝမ်းသာအယ်လဲဖြစ်ကာ အိပ်မောကျနေသောကျနော့်ကို နှိုးပြော ပွင့်အံ၍၊ ကျနော့်မှာ အိပ်ရေးပျက်သောညပေါင်း မနည်းလှ။ သူ့ရဲ့ဝမ်းသာ၊ ဝမ်းနည်း မည်သည့်ခံစားမှုမျိုးမဆို စာနာနားလည်စွာ နှစ်သိမ့်မျှဝေခံစားပေးရမည်မှာလည်း ကျနော်တို့ အိမ်ထောင်ဦးစီး ယောကျာ်းတယောက်ရဲ့တာဝန်ပင် မဟုတ်ပါလား။

အလုပ်အားသောရက်တွင် မိသားစုဆရာဝန်နှင့် သွားတွေ့သည်။ ကျနော်တို့ နှစ်ယောက်စလုံးကို စစ်ဆေးမည်ဟု ဆိုပါသည်။ အမေရိကဆိုသော နိုင်ငံကြီးတွင် လင့်မျက်နှာ တရွာထင်ပြီး လိုက်လာခဲ့သော၊ လွန်စွာအားငယ်တတ်သည့် ကျနော့်အမျိုးသမီးအဖို့၊ ဘာလုပ်လုပ် သူ့အနားမှာ ကျနော့်ကို ရှိစေချင်သည်။ (ကျနော့်၏ ခန့်ညားတည်ကြည်လှသော ဥပဓိရုပ်သည်၊ သူမ၏ ခွန်အားရှိသော အားဆေးတစ်ခွက်ပင် မဟုတ်ပါလား။)

ဆေးရုံ၏ စမ်းသပ်ခန်းအတွင်းသို့ သူနာပြုဆရာမနှင့်အတူ ဝင်လာသည်က လူဖြူဆရာဝန်မလေး၊ ငယ်ရွယ်လှသော သူလေးပင်ဖြစ်သည်။ ကျနော့်အမျိုးသမီးကို စမ်းသပ်ရန် ဝတ်စုံလဲဝတ်ခိုင်းသည့်အချိန်မှာတော့.....

အာရှသားတွေလေ။ သိတယ်မဟုတ်လား။ အခု ရန်ကုန်မှာ လူကြီးတွေက လူငယ်ကလေးမလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံကို မျက်စိရိုင်းဖြစ်နေသလိုမျိုး၊... ကျနော်ကလည်း အခန်းတွင်း နေရန် သင့်၊ မသင့်ချိန်ပြီး၊ ကျနော် အပြင်ထွက်ပေးရမလားလို့ ဆရာဝန်မလေးကို မေးလိုက်ပါသည်။ သူမက ဘာမှမဖြစ်ဟန်နှင့်၊ ရှင်ရှိတော့ ရှင့်မိန်းမ အားရှိတယ်မဟုတ်လားဟု ပြုံးပြီးပြန်ပြောတဲ့အခါ၊ ကျနော့်မှာ ဟတ်ထိပြီး ပါးစပ်အဟောင်းသား။ လဲနေသူကို ကူ၍ ထူမ,ပေးပါ ဆိုတာကလည်း မူလတန်းကျောင်းစာမှာကတည်းက သင်လာခဲ့ရသူ ကျနော့်အဖို့.. အားငယ်တတ်သောအမျိုးသမီးကို အားရှိအောင် နေခွင့်ပေးသည်ကို ကျေးဇူးတင်၊ ဝမ်းသာရပါသည်။

ဤသို့ဖြင့် ကျနော့်အမျိုးသမီး၏ ပေါင်နှစ်ချောင်းကို ဖြဲကားပြီး၊ မိန်းမအင်္ဂါကို စမ်းသပ်နေသည့်အခါတွင်တော့ ကျနော့်မှာ အမျိုးအမည်၊ အကြောင်းအရာ ရှာမရပဲ၊ နေရင်းထိုင်ရင်း ဘာမှန်းမသိကာ အနေခက်နေပါသည်။ ဆရာဝန်မနှင့် နာ့စ်မတို့က ကျနော့်၏ အမူအရာကို မျက်စိဖြင့် မကြည်ပဲ၊ စိတ်နှလုံးသားဖြင့် ကြည့်ကာ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေကြသည်။

ကျနော်သိပါသည်။ သူတို့ရဲ့အတွေးမှာ အာရှသားတွေဟာ ဟန်ဆောင်မှုတွေ၊ ဟန်လုပ်မှုတွေ၊ ရိုးသားချင်ဟန်ဆောင်တဲ့ မရိုးသားမှုတွေ မလိုအပ်ပဲ ရှိကြသည်ဟု ထင်နေမှာပဲ ဆိုတာကို။
တကယ်တော့ ကျနော်တို့ ယောကျာ်းတိုင်းသည် ကိုယ့်ဇနီးမယား၏ ခန္ဓာအနှံ့ အကုန်မြင်ဖူးကြချည်းသာ ဖြစ်သည်။ ရုံးမှာသာ လူအများလေးစားသည့် သမာသမတ်ရှိသည့်၊ သိက္ခာရှိ တရားသူကြီးတယောက် ဖြစ်ချင် ဖြစ်သော်လည်း၊ ခြင်ထောင်ထဲရောက်လျှင် အဆိုပါလူသည် ဘာအိနြေ္ဒ၊ သိက္ခာမျှ မရှိကြသည် မဟုတ်ပါလား။

ယခုလည်း စမ်းသပ်ခန်းတွင်းရှိ ကျနော့်ကို၊ သူတို့ ဘယ်လိုထင်ကြမယ်ဆိုတာ ကျနော် သိနေတာက တဖက်၊ မလိုအပ်သော ဟန်ဆောင်မှုများဖြင့် အနေခက်နေတာက တဖက်၊ (ကျနော့်မှာ ဝတ်စားဆင်ယင်မှုအပေါ် ရန်ကုန်လူကြီးများ မျက်စိရိုင်းသည့် အပေါက်မျိုးဖြင့်) ချီတုံချတုံဖြစ်နေဆဲမှာပင် သူတို့သည် သူတို့ လုပ်ဆောင်ရမည့်အလုပ်ကို၊ အလုပ်အတိုင်း အောင်မြင်စွာ ပြီးမြောက်လုပ်ဆောင်ခဲ့ပါသည်။

ယခုလည်း လွှတ်တော်တွင် ပြည့်တန်ဆာလုပ်ငန်းဆိုသည်မှာ ဥပဒေမျက်ကွယ်ပြု ဆောင်ရွက်သည့်လုပ်ငန်းဖြစ်၍၊ မလိုလားအပ်သော ရောဂါများ၊ ဆိုးကျိုးများ ပြည်သူများအတွင်း ဖြစ်ပွားပျံ့နှံ့နေခဲ့သည်။ ရောဂါဆိုတာ ပျံ့နှံ့ ဖြစ်ပွားလျှင် တားမြစ်ဥပဒေဆိုတာ အလကားပင်။ အရာရာတိုင်းကို နှိပ်ကွပ်သော ဥပဒေမျိုးချည်းပဲ ပြဌာန်း၍ မရပါ။ ကျန်းမာရေးနှင့်ပတ်သက်လျှင် ပြန်လည်ထူထောင်ရေး၊ လိုအပ်ချက်ကွက်လပ် ဖြည့်ဆည်းရေး ဥပဒေများလည်း ရှိသင့်သည်မဟုတ်ပါလား။

ကျနော်တို့ပြည်သူတွေအားလုံး အာသဝေါတရား ကုန်ခမ်းတဲ့ ရဟန္တာများ ဖြစ်နေကြသည်ဆိုလျှင်တော့ ပြည့်တန်ဆာလိုင်စင်ဥပဒေမျိုး ပြဌာန်းနေစရာ မလိုပါ။
ဒါဟာ သဘာဝကိုက ပေးထားတဲ့ သဘာဝတရားဖြစ်လို့ ဘာရှက်စရာ ရှိပါသလဲ။ အများပြည်သူ ကျန်းမာရေးအတွက် လုပ်ဆောင်စရာရှိတဲ့ အလုပ်ကို အထက်ကဆရာဝန်မလေးလို၊ ပြီးမြောက်အောင် လုပ်ရမည်သာ ဖြစ်သည်။ မဟုတ်လျှင်တော့.. ကျနော်တို့ အာရှသားတွေကို အနောက်တိုင်းက ထင်မြင်နေသလို သူတော်ကောင်းယောင် ဆောင်လွန်းသည့်သူများဟု ထင်မှတ်နေသလိုသာ ကျနော်လည်း ထင်မြင်မိပါကြောင်း။...
အလုပ်သမားဘဝ....
အေးတာတွေ၊ ပူတာတွေ၊ စောတာတွေ၊ မိုးချုပ်တာတွေ ခံစားပြမနေဘူး။ အလုပ်သွားရမယ်။ ဘေးကင်းဖို့ ဂရုစိုက်မယ်။ အလုပ်ပေါ်မှာ တာဝန်ကျေရမယ်။

အလုပ်ရှင်ဘဝ....
ကိုယ်လို အလုပ်သမားမျိုးကိုပဲ လိုချင်တယ်။