အမေရိကကိုရောက်တော့ နိုင်ငံကြီးသားတွေရဲ့ မေတ္တာ၊ ဂရုဏာ၊ ကြင်နာမှု၊ စာနာနားလည်မှု စတဲ့၊ ဖြူထည်တဲ့ ဝန်းကျင်ထိတွေ့မှုများဟာ၊ ကိုယ့်အတွက် ထိတွေ့ အတုယူ တည်ဆောက်စရာ ဖြစ်စေခဲ့ပါတယ်။
အရင်က ရုပ်ရှင်ကြည့်ရင်း ငိုရတဲ့အခန်းဆို လွှတ်ငိုနေတတ်တဲ့ ကျနော့်အမျိုးသမီးအတွက်၊ ခုဆို အဖေါ်မဲ့မနေတော့ပါဘူး။ အရင်က ကြမ်းတမ်းခဲ့တဲ့ ကျနော့်နှလုံးသားဟာလည်း နူးညံ့သိမ်မွေ့စွာ ခံစားတတ်နေခဲ့ပါပြီ။
ကျနော့်ဘဝမှာ ပန်းချီပြပွဲ၊ ဓါတ်ပုံပြပွဲ များစွာ ရောက်ဖူးခဲ့ပေမယ့် မျက်ရည်မကျခဲ့ပါဘူး။ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ သားအမိတွေ ပြန်ဆုံတွေ့ရတဲ့ ဓါတ်ပုံကို မြင်ရတဲ့အခါတိုင်း၊ ကျနော် မျက်ရည်အလိုလိုကျလာပါတယ်။
ကြေကွဲဆို့နင့်လိုက်တာ။
ကလေးဘဝ မိခင်ရဲ့ရင်ခွင်ထဲ၊ သူလည်း တိုးဝင်ချွဲချင်ရှာမှာပေါ့။ ညဘက်အိပ်ယာဝင် အမေပုံပြောပြတာတွေ နားထောင်ချင်ရှာမှာပေါ့။ သားယောကျာ်းလေးဟာ အမေကိုပဲ ခင်တွယ်တတ်တယ်။ အမေဆိုတာ ပန်းပျိုးတဲ့လက်၊ နူးညံ့တယ်လေ။
ခုတော့ သူ့အမေရဲ့ မြန်မာပြည်ကို ချစ်တဲ့စိတ်အတွက်၊ သူ့ရဲ့ကလေးငယ်အခွင့်အရေးလေးပါ ထည့်သွင်းဆုံးရှုံးခံလို့၊ သူ့နှလုံးသားကိုပါ ထိုးပြီး ပေးဆပ်ခဲ့ရှာတယ်။ လက်မောင်းမှာထိုးထားတာကို ကြည့်ရင်၊ အမေကို လွမ်းရင်း သူ့ကိုယ်သူလည်း၊ အမြဲ တောင့်ခံ အားပေးခဲ့ရရှာတယ်ထင်ပ။
ပြန်ဆုံတွေ့ချိန် သားအမိတွေ လက်တွေကို တင်းတင်းဆုပ်လို့၊ ...ရင်ထဲမှာ ကြိတ်ငိုနေကြတာ ဘယ်သူသိနိုင်မှာလဲလေ။....မပီကလာ ပီကလာ စကားပြောတတ်စ ကလေးမှ လူပျိုကြီးကို ဖြစ်လို့။
No comments:
Post a Comment