Sunday, April 28, 2013
ကျနော်ထိတွေ့မိသော ထိုင်းဗုဒ္ဓသာသနာ
ကျနော် ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ဝပ်အလန်းထိုင်းဘုန်းကြီးကျောင်းသို့ အလည်ပတ်အနေဖြင့် သွားရောက်နေထိုင်ဖူးခဲ့သည်။
ထိုင်းလူမျိုးများသည် ဘာသာရေး အလွန်ကိုင်းရှိုင်းကြသည်။ ကရင်ပြည်နယ်ရှိ၊ သာမညဆရာတော်ကြီးကို၊ သူတို့ထိုင်းလူမျိုး မဟုတ်သော်လည်း လာရောက်ကိုးကွယ်ဆည်းကပ်ကြသည်ကို ကြည့်ခြင်းဖြင့် သိသာနိုင်ပါသည်။
ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်လက်မှတ် မရှိစဉ်၊ ကိုရင်ကြီးဘဝဖြင့် နေထိုင်ရာ ထိုင်းလူမျိုးများသည် ဗမာလူမျိုးမှန်းသိသော်လည်း သင်္ဃန်းဝတ်ထားသောကြောင့်၊ လူမျိုးရေး ခွဲခြားမနေပဲ ဦးစားပေးကြသည်။ ထိုင်းလမ်းပေါ်များတွင် သင်္ဃန်းဝတ်ဖြင့် သွားလာနေသောသူများဖြစ်လျှင် ထိုင်းဘုန်းကြီး မဟုတ်တာတော့ သေချာသည်။ မြန်မာနှင့်ထိုင်း သင်္ဃန်းခြင်း အရောင်ကွာသလို၊ သင်္ဃန်းရုံဝတ်ပုံခြင်းလည်း ကွာသည်။
နယ်ခြားစောင့် ထိုင်းပုလိပ်များမှာ မြန်မာပြည်သားများအပေါ်၊ လိမ်မာပါးနပ် လုပ်စားနေတတ်သည့် အပွေးမြင်အပင်သိ ထောက်လှမ်းရေးပုလိပ်များဖြစ်သော်လည်း၊ အရပ်ဝတ်ကိုသာ ဖမ်း၍၊ ဘုန်းကြီးဝတ်ထားသော သူကို (မည်သည့်အခါမျှ) မဖမ်းပါ။
ထိုင်းဘုန်းကြီးများတွင် မျက်ခုံးမွှေး မရှိပါ။ မျက်ခုံးမွှေးကိုပါ ရိတ်ကြပါသည်။ ကျနော်မြင်စက အလွန်အရုပ်ဆိုးလှသည်။ မျက်ခုံးမွှေးပင့်၍ မျက်စပစ်နိုင်သောကြောင့် ဆရာ့ဆရာတော်ကြီးများ ပညတ်ထားခဲ့လေသလားတော့ မသိပါ။
ထိုင်းအမျိုးသမီးများသည် ဘုန်းကြီးကို လှူဒါန်းသည့်အခါ၊ လက်ဖြင့် ပစ္စည်းဝတ္ထုကို ကိုင်၍ မလှူဒါန်းပါ။ သဘက်၊ ပုဝါခံ၍ လှူဒါန်းပါသည်။ ထိုင်းဘုန်းကြီးများ လမ်းပေါ်တွင် လမ်းလျှောက်သည်ကို တခါဖူးမျှ မမြင်ဘူးပါ။ တရားနာဖိတ်လျှင် ကားဖြင့် ဖိတ်သည်။ ပြန်ပို့လျှင်လည်း ကားဖြင့် ပြန်ပို့သည်။
ရပ်ကွက်များမှ အလှည့်ကျဖြစ်စေ၊ ထိုင်းသူဌေးများက အလှည့်ကျ တာဝန်ယူ၍ ဖြစ်စေ ဘုန်းကြီးကျောင်းကို ဆွမ်းဟင်း မပြတ်စေပါ။ တနှစ်တခါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်သာ ဆွမ်းခံကြွသည်ကို တွေ့ရသည်။ ဘုန်းကြီးကျောင်းသင် ပညာရေးလည်း ရှိသလို၊ နာရေးဖြစ်လာလျှင် သရဏဂုံတင်ရန် ဘုန်းကြီးကျောင်းဝန်းထဲမှာပင် အသုဘရှုဇရပ်ထားရှိသည်။
ထိုင်းတွင် ကျနော်နေထိုင်စဉ်အတွင်း အာဏာလွန်ဆွဲပွဲများ ကြမ်းတမ်းစွာ တွေ့ရသည်။ ဒီမိုကရေစီနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထောက်ခံသော အကျီအနီဝတ်နှင့် ထိုင်းဘုရင်မင်းမြတ်ကို ကြည်ညိုသော အကျီအဝါဝတ်တို့အကြား ဖြစ်ပွားသောပွဲမှာ ပြင်းထန်ရှု့ပ်ထွေးလှသည်။ ထိုလောကီများကြားတွင် ထိုင်းဘုန်းကြီးများ တပါးမျှ မပါ။ ထို့ကြောင့်လည်း ဆန့်ကျင်ဘက် ၂ဖက်စလုံးမှ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ဘုရင့်အမှုတော်ထမ်းများကလည်း ထိုင်းဘုန်းကြီးများကို အကြည်ညိုမပျက်ကြပါ။
ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ရှမ်းမတဦးကို ကျနော်မေးကြည့်သည်။ ထိုစဉ်က ကျနော်သည် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုဖြင့် ထိုင်းကို ထွက်ပြေးခဲ့ရသူဖြစ်ကာ၊ ကိုယ်တိုင်လည်း ထိုစဉ်က သင်္ဃန်းဝတ်ဖြစ်နေသောကြောင့် စိတ်အားထက်သန်စွာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
သူက ထိုင်းလူမျိုးများက ထိုင်းဘုန်းကြီးများကို ဗုဒ္ဓသာသနာကို ထိန်းသိမ်းစောင့်ရှောက်သည့်ပုဂ္ဂိုလ်များ၊ တရားပြပေးသည့် ပုဂ္ဂိုလ်များ၊ အိမ်ထောင်မပြုပဲ သာသနာပြုသည့် တရားရှာသည့်ပုဂ္ဂိုလ်များ၊ လောကီရေးရာများနှင့် ကင်းစွာ နေထိုင်သည့် အရောင်စွန်းထင်းမှုမရှိသည့် သူတော်စင်ပုဂ္ဂိုလ်များအဖြစ်၊ ဘုန်းကြီးများကို ရိုသေလေးစားကိုးကွယ်ကြပြီး၊ ထိုင်းဘုန်းကြီးများကလည်း သာသနာအလုပ်မှလွဲ၍၊ ဝိဝါဒကွဲပြားသော လောကီရေးရာများတွင်၊ သာသနာကို အကြည်ညိုပျက်စေမည့် ကိစ္စမျိုးဖြစ်၍ ဝင်မစွက်ကြပဲ ရှောင်ကြသည်ဟု ဆိုသည်။
ဤသည်မှာ ကျနော်နှင့် ထိတွေ့မိသော ထိုင်းဗုဒ္ဓသာသနာအကြောင်း ဖြစ်ပါသည်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment