Sunday, April 28, 2013

မပြောချင်လို့ ကြည့်နေတာ ကြာပြီ။

ဆရာမာန်မြင့်ရဲ့ စာကို ယူသုံးပြီး ပြောရရင်၊ မြန်မာပြည်မှာ လုပ်တာဆိုလို့ လူပဲ ရှိတယ်။ အဲဒီလူတောင်မှ ဘာမှ သုံးစား မရတဲ့ လူ။ လက်ချုပ်အပ်တောင် တရုပ်ပြည်က သွင်းရတာ။ ပလပ်စတစ်ကို တီထွင်တာ နှစ် ၂၀၀ကျော်ပြီ။ ခုထိ ပလပ်စတစ်ခွက်ကို ထိုင်းဆီက ဝယ်သွင်းရတုန်း။

အသိပညာရှင်တွေကတော့ စင်္ကာပူလို မီးခိုးတိတ် ငွေပင်လယ်ဖြစ်ချင်ကြတယ်။ ကိုယ့်မှာက ကလေးပညာရေးအကြောင်း၊ အစိုးရဘက်အပိုင်းရော၊ ပြည်သူကျောင်းသားမိဘဘက်အပိုင်းပါ ဘာမှ မပြောခင်.... ကျောင်းနေတဲ့အရွယ် ကလေးတွေအားလုံး၊ စာသင်ခန်းကို ရောက်ပြီလားဆိုတာပဲ မေးချင်တယ်။ ပညာရေးအဆင့် မီ၊ မမီနဲ့ ခြစားမှုတွေ၊ ကျောင်းသားနဲ့ ဆရာဦးရေ မျှ၊ မမျှ။ သင်ထောက်ကူပစ္စည်း ပြည့်စုံမစုံ၊ စာသင်ကျောင်းလုံလောက်မှု ရှိမရှိ ဆိုတာတွေတော့ အပိုလုပ်ပြီး၊ ထပ်မပြောလို။ ကိုယ့်ပြည်တွင်းရဲ့ ပညာရေးတောင် နိုင်အောင်မလုပ်နိုင်ပဲ၊ တခြားသူလို ကမ္ဘာဆီမှ ငွေချုနေချင်သေး။ စိတ်ကူးယဉ်လို့ ကောင်းတုန်း။ ဘယ်သူ ဘယ်နိုင်ငံတွေကများ ကျောင်းလာတက်မှာပါလိမ့်။ အီသီယိုပီးယားတောင် လာပါ့မလား။

တချို့ကျတော့လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ဖွံ့ဖြိုးချင်ကြတယ်။ လူတိုင်းရဲ့ပါးစပ်က ကွမ်းတံတွေးတွေ စည်းကမ်းမဲ့ ထွေးတာကို အရင်ပျောက်အောင်လုပ်၊ ဒါမှမဟုတ် လူသွားလမ်း ပလက်ဖောင်းမြောင်းဖုံးတွေ မကျွံအောင် အရင်လုပ်၊ ဒါမှမဟုတ်ရင် ဈေးတိုင်း၊ ဆိုင်တိုင်းမှာ အခမဲ့အိမ်သာဆိုပြီး သန့်ရှင်းအောင်ထားပေး၊ ဒါမှမဟုတ်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့.... ပြောတော့ဘူးဗျာ။

တချို့ကလည်း သဘာဝအလှသာလျှင် အကောင်းဆုံးတဲ့။ မွေးကာစ ကလေးဘဝကတည်းက ကျနော့်ဘကြီးလည်း ဒီလိုပဲ နှစ်တရာနီးပါး ထိုင်ကြည့်လာတာ ခုတော့ ဆုံးသွားရှာပြီ။ သူတပါးက တင်းနင်းကွင်းတွေ၊ အားကစားကွင်းတွေ လုပ်တဲ့အချိန်မှာ တို့ဆီက ကလေးတွေကတော့ သဘာဝရဲ့ ရွှံ့ထဲ၊ ဗွက်ထဲ၊ ကျွတ်တွေ၊ မျှော့တွေနဲ့ နပမ်းလုံးအုံးပေါ့လေ။ (ဧရာဝတီမပါ)

အလကားဖြစ်နေတဲ့ မြေအောက်ထဲကဟာကို ဝင်ငွေရအောင် ရှာမယ်ဆိုတော့လည်း၊ မဟုတ်ပြန်။ မြေပေါ်မှာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုအတွက် ဝင်ငွေရစရာ ဘာရှိလို့တုန်း။ စက်ရုံတွေလာထောင်တော့လည်း၊ နိုင်ငံတကာစက်ရုံတွေ နိုင်ငံတကာ အလုပ်သမားတွေနဲ့ အလုပ်လုပ်တာ ဘာသံမှ မကြားဘူး။ မြန်မာပြည်နဲ့မှပဲ ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲ။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းမှာ တိုင်းပြည်အတွက် အကောင်းဆုံးလို့ သူ့အစိုးရက ယုံကြည်တဲ့လုပ်ငန်းတွေကို အကောင်အထည်ဖေါ် လုပ်ဆောင်သွားခဲ့မှာဖြစ်သလို၊ ခင်ဗျားတို့ ကျုပ်တို့အပိုင်းကလည်း ခေါင်းစဉ်လေးဖတ်ပြီး တပုဒ်လုံးကို ရောချဝေဖန် မပစ်လိုက်ဖို့ လိုတယ်။

ဒီအတိုင်းပဲ၊ သမ္မတ ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာရင်လည်း သူဆောင်ရွက်နိုင်တာ အားလုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါပဲ။

ဟိုဟာလုပ်လည်း ကန့်ကွက်၊ ဆန္ဒပြ။ ဒီဟာလုပ်လည်း ကန့်ကွက် ဆန္ဒပြနေမှတော့ .. ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ တိုင်းပြည်ကို ချစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင်တယ်၊ ချမ်းသာတဲ့ တိုင်းပြည်ဖြစ်ချင်တယ်၊ ဆင်းရဲသားတွေ ၊ လယ်သမားတွေ၊ နင်းပြားတွေ သူဌေးဖြစ်ရမယ် ဆိုတဲ့စကားတွေ.... သေတဲ့အထိ မပြောသွားနဲ့တော့။ စဉ်းစားကြည့်လေ။ တိုင်းပြည်ဖွံ့ဖြိုးဖို့ ဘာမှ မလုပ်နိုင်မှတော့၊ ဘာမှလည်း မဖြစ်လာဘူး။ ပြောရင်လည်း လက်တွေ့မဟုတ်တဲ့ လေပြောပဲဖြစ်မယ်။

ငယ်ငယ်တုန်းက ခြံထဲက သရက်သီးကို အပင်ခွကြားမှာ တက်ထိုင်စားရင်း၊ အဖိုးစိုက်ခဲ့လို့ စားရတာဆိုပြီး ကျေးဇူးတင်လိုက်တာ။ တိုင်းပြည်နဲ့ချီတဲ့ နှစ်ရှည်အစီအမံတွေဟာ ဖဲဝိုင်းမှာ ဖဲသမား ဖဲရိုက်သလို၊ ခုချက်ချင်း အနိုင်အရှုံး ထတွက်လို့ မရဘူး။ ဘယ်သူ၊ ဘယ်အစိုးရမှလည်း ရှုံးတဲ့အလုပ်မျိုး မလုပ်ဘူး။ ခင်ဗျားတို့ကိုယ်တိုင် အစိုးရဖြစ်ရင်လည်း လုပ်မှာ မဟုတ်ဘူး။

အစိုးရလုပ်ရပ်ကို မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ကန့်ကွက်မယ်၊ ဆန္ဒပြမယ်ချည်း တွေ့နေရတာမို့လို၊့ တိုင်းပြည်အကျိုးစီးပွားထိခိုက်နေလို့ ပြောနေရတာပါ။ တိုင်းပြည်စီးပွားရေး မရှိတော့မှ ပြည်သူတွေလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး အစစ ..ငတ်သေရုံပဲ ရှိတော့တယ်။

ကဲ... ပြည်သူတွေငတ်အောင် ဘယ်သူလုပ်မလဲ... ပြော။

No comments: