Wednesday, July 30, 2008

စာပေဖက်ဆစ် (သို့) စာပေကင်ပေတိုင် (သို့) စာပေစိစစ်ရေး သို့

နအဖဟာ စာပေကို နိုင်ငံရေးနဲ့ချိတ်ဆက်ထားပြီး သူရဲ့ရပ်တည်မှုကို နဲနဲလေးမှ မထိပါးအောင် စာပေစိစစ်ရေးလို့ ခေါ်တဲ့ စာပေဖက်ဆစ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးထား တယ်။ အဲဒီအဖွဲ့ဟာ စာပေပညာရှင် တွေရဲ့ အသိအမြင် နဲ့ဘဝတွေကို ဖျက်ဆီးခဲ့တယ်။

မြန်မာ့သမိုင်းတစ်ခေတ်မှာ မြန်မာလူမျိုးများ မဖွံ့ဖြိုးပဲ ဦးနှောက်နိမ့်ကျခဲ့ရတာဟာ စာပေစိစစ် ရေးက စာပေ ပညာရှင် တွေမှာ တစိတ်တဒေသအားဖြင့် တာဝန်ရှိတယ်လို့ မှတ်ယူထား ရပါမယ်။

စာပေစိစစ်ရေးက ခွင့်ပြုလိုက်တဲ့စာတွေဟာ အချစ်၊ သိုင်းဝတ္ထု၊ သရဲလိုလို စုန်းလိုလိုဖြစ်ရပ် ဆန်း၊ မှုခင်း၊ ဂမ္ဘီရ၊ ဘာသာပြန်၊ တက်ကျမ်းနဲ့ အိမ်တွင်း အသက်မွေးဝမ်းကြောင်း၊ ပုံပြင်၊ စကားပြော – စတာတွေ သာဖြစ်ပါတယ်။

ကျနော်စာဖတ်တယ်ဆိုရင် နံဘေးမှာ မှတ်စုစာအုပ်နဲ့ ဘောပင်အမြဲ အသင့်ပြင် ထားပါတယ်။ ဒါပေမယ့် စာအုပ်ဖိုးကုန်၊ အချိန်ကုန်၊ မျက်စိညောင်းသွားလို့မှ ဦးနှောက်ထဲ ဘာမှမကျန်တဲ့ စာဆိုရင် ကျနော် သိပ်စိတ် ဆိုးမိပါတယ်။

နိုင်ငံခြားသားတစ်ဦး ကျနော်ကိုပြောဖူးတယ်။ မြန်မာလူမျိုးတွေရဲ့ ပါးစပ်ကအမြဲ ဘုရား၊ ကိုယ်ကျင့် တရားနဲ့ သီလတွေကို စောင့်ထိန်းကြပါတယ်တဲ့။ ဒါပေမယ့် လက်တွေ့မှာ ကိုယ်ချင်းစာစိတ် အင်မတန် နည်းပါးလွန်းတယ် တဲ့။

အဲဒီတော့ စာပေစိစစ်ရေးကဆရာများ ကိုယ်ချင်းစာပေါ့ဗျာ။ ခင်ဗျားတို့မှာလည်း သားသမီး တွေ ရှိကြမှာပါ။ အုပ်ချုပ်သူလူတန်းစားကျေနပ်အောင်နဲ့ ကိုယ့်ဘဝရပ်တည်ရေးအတွက် စာဖတ်သူရဲ့ ဦးနှောက်ထဲကို အမှိုက်တွေ လျှောက်ပုံမနေပါနဲ့တော့။

အသိဉာဏ်တွေကို စနစ်တကျ ထိန်းချုပ်သင်းကွပ်ပစ်တဲ့ ခင်ဗျားတို့ရဲ့လုပ်ရပ်ဟာ ခင်ဗျားတို့ရဲ့ သမိုင်းတစ်ခုပဲ ဆိုတာ စာဖတ်တတ်တဲ့ စာတတ်သူတိုင်း မှတ်သား ထားပါတယ်။

သိတိုင်းမြင်တိုင်း ရေးလို့လည်းမရရှာတော့ အပျော်ဖတ်နဲ့ ဆူလွယ်နပ်လွယ်လေး တွေပဲ ကြံဖန်ရှာ ရေးနေရတဲ့ စာရေးဆရာတွေရဲ့ဘဝတွေကိုလည်း သနားပါအုံး။

လူ့အခွင့်အရေး၊ သမဂ္ဂ၊ သပိတ်၊ ဆန္ဒပြပွဲ နဲ့ စစ်တပ်အရာရှိတွေကို စောင်းပါးရိပ်ချည် ရေးထားမှု၊ ငွေခဝါချမှု၊ အကျင့်ပျက်လာဘ်စားမှု၊ အမေရိကန်အကြောင်း အကောင်းရေးမှု၊ တရုတ်ပြည်နဲ့ပတ်သက်ရင် မကောင်း ရေးမှု၊ ထိုင်းကို ယိုးဒယား လို့မရေးမှု၊ ယိုးဒယားကို တစ်ဘက်နိုင်ငံလို့မသုံးမှု၊ တစ်ဘက်နိုင်ငံကို ထိုင်းလို့မသုံး မှု စတဲ့ ခင်ဗျားတို့ သတ်မှတ်ချင် သလို သတ်မှတ်နေတဲ့ (လူကြီးလည်းကြိုက်၊ ခင်ဗျားတို့လည်း စားကွက်ရတဲ့) စည်းမျဉ်း စည်းကမ်းတွေကို စာရေးဆရာတွေဟာ လွတ်ကင်းအောင် ရေးနေ၊ ရေးထား ပါလျက် ခင်ဗျားတို့ဆီက မြန်မြန်ဆန်ဆန် ခွင့်ပြုချက်ရဖို့ ငွေ သောင်းနဲ့ချီပေးရ ၊ လက်ဆောင် ပဏ္ဍာတွေ ဆက်ရနဲ့--- ဒါတောင် အမြန်ဆုံး သုံးလလောက်ကြာမှ ခွင့်ပြုချက်ကျတယ်။ မပေးရင်တော့ နှစ်ပေါက်အောင် ကြာတော့တာပဲ။

စာပေဟာ ခေတ်ရဲ့ကြေးမုံတဲ့။ ပုဂံရာဇဝင်လို ဒုတ်ထမ်း၊ ဒါးထမ်းပြီး နောင်တစ်ချိန် ပြောရမယ့် ကိန်း ဆိုက်အောင် ခင်ဗျားတို့ရဲ့လုပ်ရပ်ဟာ မြန်မာ့သမိုင်းကို ဖျက်ဆီး နေတယ်ဆိုတာကို -- သဘောပေါက်။ ။

မောင်ပွကြီး

Friday, July 25, 2008



ငြိမ်းချမ်းရေး ဖခင် အဘိုး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၄) နှစ်မြောက်

kthဇူလိုင်လမှာ ဗမာပြည်သူတွေ မမေ့နိုင်တဲ့ နေ့ကြီး (၃) နေ့ ရှိပါတယ်။ ဇူလိုင် (၇) ရက်နေ့ဟာ ပြည်သူတွေရဲ့ သားသမီး တွေကို စက်သေနတ်တွေနဲ့ ပစ်သတ်ပြီး သမိုင်းဝင် တကသ အဆောက်အအုံကြီးကို ဗိုလ်နေ၀င်းတို့ စစ်အုပ်စုက မိုင်းဗုံးနဲ့ စိစိညက်ညက် ကြေအောာင် ဖြိုချ ဖျောက်ဖျက်ပစ်ခဲ့တယ်။ ဇူလိုင် (၁၉) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ ပြည် ထောင်စု ခေါင်းဆောင်တွေကို နယ်ချဲ့လက်ပါးစေ အာဏာရူး ဂဠုန်စောက လုပ်ကြံခဲ့တယ်။ ဇူလိုင် (၂၃) မှာ ငြိမ်းချမ်းရေး ဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့တယ်။ ဆရာကြီး ကွယ်လွန်တဲ့အခါ ဗမာပြည်ရဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေက နေမင်းကြီး ကွယ်ခဲ့ပြီ၊ ရွှေတောင်ကြီး ပြိုခဲ့ပြီ စသဖြင့် အမြင့်ဆုံး စကားလုံးများနဲ့ ထုတ်ဖော်ပူဇော် မြည်တမ်း ခဲ့ကြပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဘကြီးမှိုင်း၊ အဘိုးသခင်ကိုယ်တော်မှိုင်း စသဖြင့် ဗမာပြည်သူများ ဂုဏ်ပြုပူဇော် ခေါ်ဝေါလေ့ရှိတဲ့ ဆရာကြီးကို မသိမီလိုက်ကြတဲ့ ကျောင်းသား လူငယ်လေးများက “အို...အဘိုး” လို့ မြည်တမ်းပြီး ရှစ်လေးလုံး အရေးတော်ပုံမှာ ပြည်သူတွေ သွေးချောင်းစီးခဲ့ပုံကို တိုင်တည်ခဲ့ကြပါတယ်။ ဒီလို ပြည်သူအပေါင်းက တန်ဖိုးထား လေးစားခံရတဲ့ ဆရာကြီးကို သတင်း စာဆရာအပေါင်း၊ စာရေးဆရာအပေါင်း၊ ကဗျာဆရာအပေါင်းတို့ရဲ့ ဖခင်ကြီး၊ ငြိမ်းချမ်းရေး ဖခင် ကြီးလို့လည်း ဘွဲ့ချီးခေါ်ဝေါ်ကြပါတယ်။ နိုင်ငံရေးသမားတွေကလည်း နိုင်ငံရေးသမား အပေါင်းတို့ရဲ့ ဘိုးအေကြီးလို့ ခေါ်ကြပါတယ်။

ဆရာဇော်ဂျီက အိန္ဒိယပြည်မှာ စာဆိုကြီး ရာဘန္ဒြာနတ်တဂိုးက ပြည်သူတွေရဲ့ အမျိုးသား စိတ်ဓာတ်ကို လှုံ့ဆော် စုစည်းပေးခဲ့ပြီး ပဏ္ဏစ်နေရူးက လွတ်လပ်ရေးကို အကောင်အထည် ဖော်ပေးခဲ့တယ်။ တရုတ်ပြည်မှာ လူရွှန်းဆိုတဲ့ စာဆိုကြီးက အမျိုးသားစိတ်ဓာတ်ကို လှုံ့ဆော် စုစည်းပေးခဲ့ပြီး မော်စီတုန်းက လွတ်လပ်ရေးကို အကောင်အထည်ဖော်ပေးခဲ့တယ်။

ဗမာပြည်မှာတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အမျိုးသား ဇာတိမာန်ကို စုစည်း မြှင့်တင် ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို အကောင်အထည်ဖော် ပေးခဲ့တယ်လို့ မော်ကွန်း ထိုးခဲ့ပါတယ်။ စာဆိုကြီး မင်းသုဝဏ်ကတော့ “သခင်ကိုယ်တော်မှိုင်းသာ စာမဆိုခဲ့သော်” ဆိုတဲ့ ခေါင်းစီးနဲ့ စာတမ်းတစောင် ပြုစုပြီး မြန်မာစာပေသမိုင်း တခုလုံးရဲ့ အလင်းရောင်အဖြစ် အထွတ် အထိပ် တင်ခဲ့ပါတယ်။ သတင်းစာဆရာကြီး လူထုဦးလှကတော့ ဆရာကြီးရဲ့ ဘ၀သမိုင်းဟာ ခေတ်သစ်ဗမာပြည်ရဲ့ သမိုင်းပါပဲလို့ မှတ်တမ်းပြုခဲ့ပါတယ်။

စစ်အစိုးရဟာ နိုင်ငံရေးပါတီအဖွဲ့အစည်းဟူသမျှကို မျက်မုန်းကျိုးပြီး သမိုင်းမျက်ခြည်ပြတ်နေခဲ့ ပါတယ်။ အဖွဲ့အစည်းမရှိဘဲ “အား” မရှိနိုင်ပါဘူး။ ဘုရားဟောအရ “သမဂ္ဂနံတပေါ သုခေါ” လို့ အဆိုအမိန့် ရှိပါတယ်။ ဗမာလွတ်လပ်ရေးသမိုင်းမှာ တို့ဗမာအစည်းအရုံးခေါ် သခင်ပါတီဟာ အရေး အကြီးဆုံး အဖွဲ့အစည်းပါပဲ။ တို့ဗမာအစည်းအရုံးကြီးရဲ့ အဓိကခေါင်းဆောင်ဟာ သခင်မြ၊ သခင် အောင်ဆန်း၊ သခင်နု စတဲ့ သခင်တွေရဲ့ ခေါင်းဆောင်ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်၊ ရေနံချောင်း၊ တို့ဗမာအစည်းအရုံး ညီလာခံက စပြီး နာယကအဖြစ် ပါဝင်ဆောင် ရွက်ရင်း ဦးဆောင်လာခဲ့ပါတယ်။ စစ်ကြီးပြီးတော့လည်း ဆက်လက် ဦးဆောင်ပါတယ်။

ဒါကြောင့် စာရေးဆရာကြီးအနေနဲ့သာမက နိုင်ငံရေးခေါင်းဆောင်ကြီး အဖြစ်နဲ့ပါ သမိုင်းမှာ ကြီးမားတဲ့ ကဏ္ဍတနေရာ ယူထားပါတယ်။ စစ်အာဏာရှင်များက မသိယောင်ဆောင်နေပေမယ့် ပြည်သူတွေက ဆရာကြီးရဲ့ ကြီးမားထွန်းပြောင်တဲ့ ဂုဏ်ကျေးဇူးကို မမေ့ကြပါဘူး။ ဇူလိုင် (၂၃) ရက်နေ့ဆိုရင် ဆရာကြီး ကွယ်လွန်တာ (၄၄) နှစ်မြောက်နေ့အဖြစ် တပည့်သားမြေးအပေါင်းက သံဃာတော်များကို ဆွမ်းကပ်အပြီး အမှတ်တရ အခမ်းအနားများ ကျင်းပပေးလေ့ရှိကြပါတယ်။ နံနက်ပိုင်းစောစောမှာ ဆရာကြီးရဲ့ ဂူဗိမာန်ကို သွားရောက် ဂါရ၀ ပြုကြပါလိမ့်မယ်။

ဆရာကြီးနဲ့ ပတ်သက်တဲ့ ကိစ္စ အ၀၀ တာဝန်ယူဆောင်ရွက်လေ့ရှိတဲ့ ဂေါပကအဖွဲ့ ရှိပါတယ်။ ဆရာကြီးရဲ့ထံပါးမှာ ဆရာကြီးနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ သခင်နိုင်ငံရေးသမားကြီးတွေ၊ စာရေးဆရာ သတင်းစာ ဆရာကြီးတွေ စသဖြင့် လူတန်းစား လူအလွှာအမျိုးမျိုးက ပုဂ္ဂိုလ်တွေ အားလုံးဟာ ဆရာကြီး ဈာပန ကော်မတီမှာ ပါဝင်ခဲ့ကြပြီး၊ ဈာပနပြီးတဲ့အခါ ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဆရာကြီးရဲ့ စာပေနဲ့၊ ဆရာကြီးရဲ့ နေအိမ် ထိန်းသိမ်းစောင့်ရှောက်ရေးကိုပါ ဆက်လက်တာဝန်ယူခဲ့ကြပါတယ်။ ကော်မတီဝင်တွေဟာ ခုတော့ အသက် (၉၀) တန်း၊ (၁၀၀) တန်းတွေ ရောက်တဲ့လူ ရောက်ပြီး တော်တော်များများ ကွယ်လွန်ကုန်ကြရှာပါပြီ။

ဆရာကြီးမှိုင်း ဂေါပက အဖွဲ့မှာ လူအင်အားဖြည့်တဲ့အနေနဲ့ ကျနော့်ကိုလည်း အဖွဲ့က ခေါ်ယူ တာဝန်ပေးခဲ့ပါတယ်။ အဖွဲ့ထဲက သခင်ဗအုန်း၊ ရှေ့နေကြီး ဦးထွန်းတင်၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေတို့ဟာ ကျနော် ပြည်ပရောက်တော့ တယောက်ပြီး တယောက် ကွယ်လွန်ကုန်ကြရှာပါပြီ။ ခုအခါ အသက် (၉၀) တန်းထဲက အဘ သခင်အုန်းမြင့်နဲ့ အဘ ၀ါးခယ်မ သခင်သိန်းမောင်တို့ (၂) ဦးပဲ ကျန်ပါတယ်။ ဆရာကြီးရဲ့ မြေး ကဗျာဆရာ တင်အောင်မှိုင်းကတော့ ကျနော်နဲ့ သက်တူ ရွယ်တူပါ။ ဆရာကြီးရဲ့ မြေးသမက် သန်းစိုးနိုင်ခေါ် ကိုခင်မောင်ဌေးနဲ့ ကိုတင်အောင်မှိုင်းတို့ပဲ လူငယ်အဖြစ်နဲ့ ထထကြွကြွ လုပ်နေကြပါတယ်။ အဖွဲ့ထဲက သခင်စိုးမြင့်လေးကတော့ သခင်ထဲမှာ အသက်အငယ်ဆုံးအဖြစ်နဲ့ ပါဝင်လုပ်ဆောင်နိုင်ဆဲ ဖြစ်ပါလိမ့်မယ်။ ဇူလိုင် (၂၃) မှာ ဆရာကြီးရဲ့ မြေးမြစ်တွေနဲ့အတူ ဂေါပကအဖွဲ့ကလည်း အိမ်ရှင်သဖွယ် ဧည့်ခံလေ့ရှိပါတယ်။

ကျနော် ပြည်ပမထွက်ခင်မှာ ဒီအခမ်းအနားကို အဖွဲ့ချုပ်က ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့လည်း တက်ရောက်လေ့ရှိပါတယ်။ သခင်ကြီးများ၊ နိုင်ငံရေးသမားဟောင်းကြီးများ၊ စာရေးဆရာ သတင်းစာဆရာများနဲ့ ကျောင်းသား ခေါင်းဆောင်များလည်း တက်ရောက်လေ့ရှိကြ ပါတယ်။ ဆရာကြီးဟာ သခင်နု၊ သခင်အောင်ဆန်းတို့ ခွပ်ဒေါင်းတွေနဲ့ စပြီးတွဲခဲ့ရာက ကွယ်လွန် ချိန်အထိ ခွပ်ဒေါင်းအဆက်ဆက်နဲ့ အဆက်အသွယ် မပြတ်ခဲ့တာကို သတိပြုမိပါတယ်။

ဒီအစဉ်အလာအတိုင်း ဒီခေတ်ကျောင်းသားတွေကလည်း ဆရာကြီးနဲ့ ပတ်သက်သမျှကို မျက်ခြည် မပြတ်၊ ဖ၀ါးခြေထပ်လိုက်နေတာကို တွေ့ရတော့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေဟာ စစ်အစိုးရက သမိုင်းမျက်ခြည်ပြတ်ဖို့ ဘယ်လိုပဲ အားထုတ်ပေမယ့် မျက်ခြည်မပြတ်ပါကလားဆိုပြီး မျိုးဆက်သစ်တွေကို ကြည့်ရင်း ၀မ်းသာအားတက်ဖြစ်မိပါတယ်။

ဆရာကြီးရဲ့ အိမ်ဟာ သိပ်မကျဉ်းလှပါဘူး။ ဒါပေမယ့် ပျဉ်ထောင်တထပ်အိမ်ကလေးပါ။ ဆရာကြီး ကွယ်လွန်တဲ့နေ့ အထိမ်းအမှတ် နှစ်လည်ပွဲတိုင်း လာကြတဲ့ ဧည့်သည်တွေဟာ မနက်လင်း ကတည်းက ညနေထိ မစဲပါဘူး။ ဒီအထဲမှာ ခေါင်းဖြူစွယ်ကျိုး သခင်အဖိုးကြီးတွေပါသလို ကျောင်းသားလူငယ်တွေကလည်း မနည်းပါဘူး။ လူငယ်အများစုဟာ ဆရာကြီးကို မသိမီလိုက်ရုံမက မှိုင်းရာပြည့်ပွဲကိုတောင် မသိမီလိုက်ကြလို့ ဒီအကြောင်းတွေကို သိမီတဲ့ လူကြီးတွေထံမှာ ပုံပြင် နားထောင်သလို နားထောင်ကြပါတယ်။ ဒါကြောင့် ဒီလို လွတ်လပ်တဲ့ အခမ်းအနားတွေဟာ သမိုင်း မျက်ခြည်မပြတ်ရေးအတွက် အရေးကြီးပါတယ်။ သမိုင်းမျက်ခြည်ပြတ်စေချင်သူတွေကလည်း အလိုလို သွေးထဲသားထဲက စိမ့်ပြီး မျက်မုန်းကျိုးနေမှာပါပဲ။

နွေဦးအကြောင်းကို ဖော်ကျူးဖွဲ့နွဲ့ကြရမှာ “အဟောင်းအဟောင်းတို့ ကြွေလေရာ၊ အသစ်အသစ် တို့သည် အစားထိုးလေ့ ရှိကြသည့်အတိုင်း ရွက်ဟောင်းတို့ နေရာတွင် ရွက်သစ်တို့သည် အစားထိုး ပေါ်ထွက် ဖူးဝေလာလေ၏။” လို့လည်း ရေးလေ့ရှိပါတယ်။ သခင်ကြီးတွေ နေရာမှာ သခင်လေး တွေလည်း ပေါ်ထွက် ဖူးဝေလာမြဲပါပဲ။ မှိုင်းစာပေ၊ မှိုင်းစိတ်ဓာတ်ကို အမွေခံပြီး သမိုင်းအလှည့် အဆက်မပြတ်အောင် နည်းမျိုးစုံနှင့် ပြုလုပ်ကြမှသာ “လမ်းစဉ်လူငယ်” စိတ်ဓာတ်တွေ မှေးမှိန် ဆိတ်သုဉ်း သွားပါလိမ့်မယ်။

ခုအခါ ဆရာကြီးရဲ့ အိမ်ဟာလည်း သခင်အိုကြီးများလို ဖြူလျော် ဟောင်းအို ဆွေးမြည့်လာပါလိမ့် မယ်။ ဒီနေရာနဲ့ ဒီအိမ်ကို အမြဲသစ်လွင် ခိုင်မာနေအောင် စောင့်ရှောက်ဖို့ကိုလည်း လူငယ်တွေက လက်ဆင့်ကမ်း တာဝန်ယူရပါလိမ့်မယ်။ ဒါဟာ ဗမာပြည်သူတွေ အားလုံး ရဲ့တာဝန်ပါပဲ။ ဒီကိစ္စ၊ ဒီတာဝန်၊ ဒီအမွေဟာ ရန်ကုန်သူ ရန်ကုန်သားတွေအဖို့ အထူးရရှိနေတဲ့ အခွင့်အရေးပါ။

ပြည်တွင်း ပြည်ပ တခြားနေရာမှာတော့ စာပေဟောပြောပွဲ၊ စာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ဆိုပွဲတွေ နှစ်စဉ် ပြုလုပ်ပြီး မှိုင်းအမွေ၊ မှိုင်းစိတ်ဓာတ်တို့ကို ထိန်းသိမ်းကြရပါတယ်။ အမေရိကန် ပြည်ထောင်စု မှာဆိုရင် ဆရာကြီးမှိုင်း အနှစ် (၁၃၀) ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲတွေကို မြို့ကြီးတွေမှာ ပြုလုပ်ခဲ့ကြပြီး ဆရာကြီးအကြောင်း ဆရာကြီးတွေရဲ့လက်ရာကောင်းတွေနဲ့ လက်ရာသစ်အချို့ကို စုပေါင်းပြီး ဓူဝံစာပေဆိုတဲ့ စာအုပ်တိုက်တတိုက်က ထုတ်ဝေခဲ့ပါတယ်။ တာဝန်ခံစုဆောင်းသူ ကတော့ “မှိုင်းရာပြည့် အောင်စောဦး” ပါတဲ့။ တိုကျိုနဲ့ လန်ဒန်တို့မှာလည်း အထိမ်းအမှတ် ဟော ပြောတွေ ကျင်းပခဲ့တယ်လို့ ကြားလိုက်ရပါတယ်။

ဒီနေရာမှာ စပ်မိလို့ အမှတ်တရ ထည့်သွင်းပြောကြားချင်တာ တခုရှိပါတယ်။ ကျနော့်သူငယ်ချင်း ကဗျာဆရာ ကြည်အောင် ဆောင်ရွက်နေကျ မှိုင်းအမွေ ဖြန့်ချိရေး၊ အပြုအမူ တခုပါ။ သူက လူစုစုရှိလို့ စာပေစကားဝိုင်းကလေးတခု ဖြစ်သွားမိပြီဆိုရင် “ကဲ မင်းတို့အထဲက ဘကြီးမှိုင်းရဲ့ လေးချိုးတပုဒ်တလေ အလွတ်ရသူရှိရင် ထဆိုကွာ။ ငါက ငွေတထောင် ပူဇော်မယ်” လို့ နှိုးဆော်လေ့ရှိပါတယ်။

ကျနော်တို့ မျိုးဆက်ထိ ပြောရရင် ကျနော်တို့တတွေဟာ ဘကြီးမှိုင်း လေးချိုးကြီးတွေထဲက အထူးအရေးပါ ထင်ရှားသမျှကို တပိုင်းတစဖြစ်စေ အလွတ်ရကြပါတယ်။ ထုတ်ဖော် ကိုးကား နိုင်ကြပါတယ်။ ဘယ်တုန်းက ဘာကြောင့် ရေးခဲ့တာဆိုတာကိုလည်း မှတ်မိ သိရှိကြပါတယ်။ “မန်ကျည်းရွက်သတ် နဘေထပ်” လေးချိုးကြီးတွေကိုလည်း အတုယူရေးသားခဲ့ဖူးကြပါတယ်။ ခုခေတ်မှာတော့ အသံအသွားမှန်အောင် ဖတ်နိုင်သူတောင်ရှားပါတယ်။ ဒါကြောင့် ကဗျာဆရာ ကြည်အောင်လိုပဲဖြစ်ဖြစ်၊ စာဆိုတော်နေ့ ကဗျာရွတ်ဆိုပွဲတွေမှာပဲဖြစ်ဖြစ်၊ လေးချိုးကြီးတွေ ရွတ်ဆိုသင့်ကြပါတယ်။ ဆရာကြီးနှစ်လည်နေ့မှာ အထူးထင်ရှားတဲ့ လေးချိုးကြီးတွေ ရိုက်နှိပ် ဝေငှဖူးပါတယ်။ အများကြီးမဟုတ်တောင် နှစ်စဉ် (၃-၄) ပုဒ် ရိုက်နှိပ်ဝေငှနိုင်ရင် ကောင်းလေစွလို့ တမ်းတမိပါတယ်။

(၄၄) နှစ်မြောက် ဆရာကြီးကွယ်လွန်ခြင်း အထိမ်းအမှတ်နေ့မှာ ဆရာကြီးကိုသာမက မှိုင်းအမွေ၊ မှိုင်းစိတ်ဓာတ် ထိန်းသိမ်းစောင့်ရှောက် ပေးနေကြတဲ့ သခင်ကြီးများနဲ့ ဆရာကြီးရဲ့ တပည့်မိတ်ဆွေ အပေါင်းကို အဝေးက ဂါရ၀ ပြုလိုက်ပါတယ်။

မောင်စွမ်းရည်


VideoPost