Monday, September 22, 2008

စရဖကို စစ်ဆေးမေးမြန်းမိသည့် မြစ်ကြီးနားမြို့မှ ကင်းသမားများ ရိုက်နှက်ခံရ

NEJ/ ၂၂ စက်တင်ဘာ ၂၀၀၈။ ။

စစ်ဘက်ရေးရာ (စရဖ) တပ်ဖွဲ့ဝင်တဦးအား ညဘက် စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့သည့် မြစ်ကြီးနားမြို့ ကင်းတာဝန်ကျ များအား စရဖအဖွဲ့ဝင်တို့က ခေါ်ယူရိုက်နှက် အပြစ်ပေးမှု ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်ရပ်ကွက်၌ ကင်းတာဝန်ကျ အရပ်သားလူငယ် (၂) ဦးနှင့် ရပ်ကွက်အတွင်း ရေးမှူးတို့အား မြစ်ကြီးနား စစ်ဘက်ရေးရာတပ်ဖွဲ့ဝင်တို့က စက်တင်ဘာ (၁၉) ရက်တွင် စရဖရုံးသို့ ခေါ်ယူရိုက်နှက်ပြီး ပြစ်ဒဏ်များပေး၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ညသန်းခေါင်ကျော်အချိန် လမ်းပေါ်တွင်တွေ့သည့် စစ်ဘက်ရေးရာတပ်ဖွဲ့ဝင် (စရဖ) တဦးအား မြစ်ကြီးနား၊ ဂျာမိုင် ကောင် ရပ်ကွက်၊ မီးသတ်ရုံးရှေ့တွင် ဖွင့်ထားသည့် ကင်းစခန်းက မသင်္ကာ၍ မေးမြန်းမှုပြုလုပ်ခဲ့ရာ အဆိုပါ စရဖ တပ်ဖွဲ့ဝင်က စခန်းကို ပြန်ပြီး ၎င်း၏တပ်ဖွဲ့ဝင်အချို့နှင့်အတူ ကားတစီးဖြင့် လာရောက်ကာ ကင်းတာဝန်ကျသည့် လူငယ် (၂) ဦးနှင့် ရယကအတွင်းရေးမှူး ဦးဂမ်အောင်တို့အား ခေါ်ဆောင်သွားကာ ရိုက်နှက်ပြီး ထိုင်ထပြစ်ဒဏ်ပေးကာ ပြန်လွှတ်ခဲ့သည်ဟု ရိုက်နှက်ခံရသူတဦး၏ ဆွေမျိုးသားချင်းဖြစ်သူ ဒေသခံ ကချင်လူငယ်တဦးက ပြောသည်။

၎င်းက “အဲဒီညက ကင်းစောင့်ကျတာက (၄) ယောက်ရှိတယ်။ စရဖကို စစ်မေးမိတဲ့ အရပ်ထဲက လူ (၂) ယောက်ကိုပဲ ခေါ်တာ၊ ကျန်တဲ့သူကိုတော့ ခေါ်မသွားဘူး။ လာခေါ်တဲ့အချိန်မှာ အတွင်းရေးမှူးက သူ့မှာတာဝန်ရှိတယ်ပေါ့။ အဲဒီလို စစ်ဆေးဖို့ အထက်က ညွှန်ကြားထားလို့ သူကလည်း ကင်းသမားတွေကို ခိုင်းထားတာပေါ့၊ သူလည်း လိုက်မယ်ဆိုပြီး ပါသွားတာ။ ဟိုရောက်တော့ စရဖက ဘာမပြော၊ ညာမပြောနဲ့ သူတို့ (၃) ယောက်လုံးကို ပါးတွေချည်းပဲ လှိမ့်ရိုက်တာတဲ့။ ပြီးတော့ ထိုင်ထလုပ်ခိုင်ထားတာတဲ့။ ဘာကြောင့် ဒီလို လုပ်သလဲလည်း မပြောဘူးတဲ့” ဟု ဆိုသည်။

မြစ်ကြီးနားမြို့၊ ရေစင်ကြီးအနီးရှိ စရဖရုံးတွင် ခေါ်ယူရိုက်နှက်ပြီးနောက် ၎င်း (၃) ဦးစလုံးကို ညတွင်းချင်း ပြန်လွှတ်ပေး ခဲ့ကြောင်းနှင့် အကြောင်းမဲ့ ရိုက်နှက်ခံရသည့်အတွက် ဒေသခံလူထုက စိတ်မကောင်းဖြစ်နေကြသည်ဟုသိရသည်။

“အခုက အကြောင်းမဲ့ စော်ကားခံရသလိုဖြစ်တာ။ ဘယ်သွားတိုင်လို့ တိုင်ရမှန်း မသိဘူး။ ကင်းလာစစ်လို့ အပြစ်တွေ့လို့ ရိုက်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး။ အခုက ညအချိန်မတော်ကြီးမှာ အရပ်ဝတ်နဲ့၊ ပြီးတော့ ကျောပိုးအိတ်နဲ့ ဆိုတော့ ကင်းသမားက မေးမြန်းတာ အပြစ်မှ မဟုတ်တာ” ဟု အဆိုပါလူငယ်က ပြောသည်။

စက်တင်ဘာအစောပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များရှိ ရယကရုံးများတွင် သက်ဆိုင်ရာ ရပ်ကွက်အလိုက် အရပ်သားများက ည (၇) နာရီမှ မနက် (၆) နာရီအထိ အလှည့်ကျ ကင်းစောင့်နေရပြီး တရပ်ကွက်လျှင် ကင်းတခု သတ် မှတ်ကာ အနည်းဆုံး လူ (၄) ဦး ကင်းတာဝန်ယူပေးရခြင်းဖြစ်သည်။

By NEJ

No comments: