Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Wednesday, January 12, 2011

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား

ရန်ပိုင် Wednesday, 12 January 2011 18:26
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော သတင်းများကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင် ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး ပြောဆိုနေကြသည်။

general-maung-aye-jan-12-2011

ရွေးကောက်ပွဲနေ့က မဲပေးနေသော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး။ (ဓာတ်ပုံ - AP)

ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည် အစိုးရအဖွဲအသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ဦးအေးက မနှစ်ကတည်းက နားဖို့ပြောနေတာ ဗိုလ်ချုပ်မှူးကြီးက တားလို့ မနားတာလို့ ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး နားမယ်လို့တော့ အသံမထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။

ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ရာထူးမှ အနားယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လအတွင်း၌ တပ်တွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ဖြင့် အစားထိုးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာကို ဆက်ခံမည်ဟု အများက ယူဆနေသည့် ဗိုလ်ချုပ်ကြီး ရွှေမန်းမှာမူ တပ်မတော်မှ အငြိမ်းစား ယူသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်ရသည်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် အမတ်နေရာ အများစုတွင် အနိုင်ရခဲ့ပြီး လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ကို ခေါ်ယူမည်ဖြစ်သည်။

နိုင်ငံတော် သမ္မတရာထူးအတွက် မည်သူတာဝန်ယူမည် ဆိုသည်ကို မသိရသေးသော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်းအား ရွေးချယ်ထားသည်ဟု လည်းကောင်း၊ ဗိုလ်ချုပ်မှူး သန်းရွှေပင် ဆက်လက် လုပ်ကိုင်မည်ဟူ၍လည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်မှ သမ္မတနှင့် ဒုတိယ သမ္မတများကို ရွေးချယ်မည်ဖြစ်သည်။

ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို ထိုစဉ်ကတည်းက လျာထားပြီး ဖြစ်ကြောင်းလည်း ပြောသွားသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြသည်)

Tuesday, January 11, 2011

ကရင်နီလူငယ်တစ်ဦး အသတ်ခံရသည့်အမှု ဖော်ထုတ်နိုင်ရန် ဆုငွေ ကြေညာ

ရေးသားသူ - ကို(၂) တနင်္လာနေ့, 10 ဇန်န၀ါရီလ 2011 10:14

အမေရိကန် ပြန်ထောင်စု တက်ခ်စက်ပြည်နယ်၊ ဟျူစ်တန်မြို့တွင် အမည်မသိ သေနတ်သမားနှစ်ဦးကြောင့် သေဆုံးသွားခဲ့သည့် ကရင်နီအမျိုးသား တဦးဖြစ်သည့် လှခေး၏အမှုနှင့် စပ်လျှဉ်းပြီး တရားခံဟု သံသယရှိသူကို စုံစမ်းဖမ်းဆီးနိုင်ရန် သတင်းအချက်အလက်များ မေးနိုင်သူအား အမေရိကန်ဒေါ်လာ ၅ဝဝဝ ဆုချီးမြင့်ပေးမည်ဟု ဟျူစ်တန်မြို့ ရဲဌာနက ကြေညာလိုက်ကြောင်း သိရှိရသည်။

“လှခေးခါးရယ် အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များရှိပါက ရာဇ၀တ်မှုတားဆီးရေးအဖွဲ့ထံ ဖုန်းနံပါတ်(၇၁၃ ၂၂၂ ၈၄၇၇)ဖြင့် ဆက်သွယ်အကြောင်းကြားရန် သင့်အား တိုက်တွန်းအပ်ပါသည်။ သင့်ခေါ်ဆိုမှုအား လျွို့ဝှက်ထားပေးမည်။ ဤအမှုနှင့်ပတ်သက်ပြီး သံသယရှိသူ တရားခံကို ဖမ်းဆည်းတရားစွဲဆိုနိုင်ရန်အတွက် ဖုန်းဆက်ခြင်း၊ www.crime-stoppers.org သို့ စာရေးအကြောင်းကြားခြင်းတို့အား၊ ရာဇ၀တ်မှုတားဆီးရေးအဖွဲ့က ဆုငွေဒေါ်လာ ၅၀၀၀အထိချီးမြင့်မည်” ဟု ၂၀၁၀၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဟျူစ်တန်မြို့ရဲဌာန၏ ကြေညာချက်တွင် ရေးသားဖေါ်ပြထားသည်။

ထိုလူသတ်သည့် အမှုကိုဖော်ထုတ်နိုင်ရန် အလွန်ပင် ခက်ခဲမည်ဟု တက်ခ်စက်ပြည်နယ်မှာ နေထိုင်သည့် ကရင်နီအမျိုးသား တစ်ဦးဖြစ်သည့် ခူးဦးရယ်က ပြောပါသည်။

“ရာဇဝတ်ကောင်ကို ဖော်ထုတ်နိုင်ဖို့က ခက်ခဲပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့က လှခေးအသတ်ခံလိုက်ရဲ့တဲ့ အချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးကင်မရာတွေ တပ်ထားတာတွေမရှိဘူး။ ဘယ်သူဘယ်ဝါရယ်ဆိုတာ မသိရဘူး။ လှခေးကိုယ်တိုင်က ရဲ (နိုင်းဝမ်းဝမ်း) ကိုဆက်တယ်၊ ဒါပေမယ့် သူပေးတဲ့သတင်းအချက်အလက်က မပြည့်စုံဘူး။ ကားနံပါတ်ကဘာလဲ ဆိုတာလည်း မသိရဘူး။ သူပြောတာက ကားက ရွှေဝါရောင်လို့ပဲ ပြောသွားတယ်။ ဒီလို အတိအကျမသိတာကြောင့် ရာဇ၀တ်ကောင်ကို ဖော်ထုတ်နိုင်ဖို့က ခက်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားများသည် လုံခြုံမှုမရှိသည့်နေရာတွေမှာ နေထိုင်ကြတာများပြားပြီး၊ ထိုဒေသတွေမှာမှု အိမ်ဌားခ၊ မီးခ၊ စသည့် နေရာထိုင်ခင်းအခကြေးများ ဈေးနှုန်းချိုသည့် အတွက်ကြောင့် အနေများကြခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ကျနော်တို့လူတွေက အိမ်ဌားခတွေ နည်းနည်းလေးပေးရတဲ့ နေရာတွေမှာ နေချင်ကြတယ်။ အိမ်ကောင်းတာ မကောင်းတာ မသိတော့ဘူး။ လုံခြုံရေးအတွက်ကောင်းတာ မကောင်းတာလည်း မတွေးတော့ဘူး။ လုံခြုံရေးအပြည့်အဝရှိတဲ့ နေရာတွေမှာခါကျတော့ နေထိုင်တဲ့စရိတ်တွေ တော်တော်လေးပေးရမှာဖြစ်တယ်။ အခုလို ဈေးပေါတဲ့နေရာမှာ နေထိုင်ရတဲ့ အကျိုးဆက်က အခုလိုပဲ ဘဝလုံခြုံမှုတွေ မရှိဘူးပေါ့”

အသက်၂၆ နှစ်အရွယ်ရှိ လှခေးအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ဟျူစ်တန်မြို့ ၅၉၀၀ ရိုင်ချယ်စ်တန်လမ်းရှိ စန်းဗလောင်းစမ်းမောင်းတိမ်းအိမ်ရာရှေ့ ကားများဆိုက်ရာနေရာတွင် သူစိမ်းနှစ်ဦးမှ လုယက်ရန်ကြိုးစားခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

(ကန္တာရဝတီတိုင်းမ်မှ ကူးယူဖော်ပြသည်)

အမေရိကန်မှ ကရင်နီအမျိုးသမီးတဦး အဓမ္မ ပြုကျင့်ခံရ

ရေးသားသူ - အောလို ဗုဒ္ဓဟူးနေ့, 15 ဒီဇင်ဘာလ 2010 21:53

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အာလ်ဘာနင် (Albany)မြို့တွင် ရောက်ရှိနေထိုင်သော ကရင်နီအမျိုးသမီးတဦးအား ယခုလ ၂ ရက်နေ့က အမည်မသိ အမေရိကန်နိုင်ငံသား လူမည်းတဦးမှ အဓမ္မ ပြုကျင့်ခဲ့ကြောင်း အာလ်ဘာနင်မြို့၌ နေထိုင်သူ ကရင်နီအမျိုးသားတဦးက ပြောသည်။
နအဖစစ်တပ်များ
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အာလ်ဘာနင် (ALbany)မြို့ တည်ရှိသည့် နေရာ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ အမေရိကန်သို့ မိသားစုနှင့်အတူ လာရောက်အခြေချနေထိုင်သော ၎င်းကရင်နီအမျိုးသမီးတဦးသည် ကလေးနှစ်ယောက် ရှိပြီဖြစ်ပြီး ၎င်းယောင်္ကျားက အလုပ်သွားရောက်လုပ်ကိုင်နေစဉ် ထိုအမေရိကန်နိုင်ငံသား လူမည်းတဦးမှ သူမ နေထိုင်ရာ တိုက်ခန်းထဲ၌ ၀င်ရောက်ကာ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

“သူ့ယောင်္ကျားက အလုပ်သွားလုပ်နေတဲ့ အချိန်မှာ အဲဒီလူမည်း တယောက်လာ လာပြီး တံခါး ခေါက်တယ်တဲ့။ နောက်ပြီး သူ့ကလေးက တံခါးကို သွားဖွင့်လိုက်တာ။ တံခါးဖွင့်တဲ့ အချိန်မှာ အဲဒီ လူမည်းက ၀င်လာပြီး သူ့မျက်နှာကို ရိုက်တယ်။ နောက်ပြီး မုဒိန်းကျင့်တယ်တဲ့” ဟု အထက်ပါ ကရင်နီအမျိုးသားတဦးက ပြောသည်။

ထိုလူမည်းတဦးသည် ကရင်နီအမျိုးသမီးတဦးအား မတရား ပြုကျင့်ခဲ့သည့်အပြင် ပိုက်ဆံများကို ထပ်မံတောင်းယူပြီး အမျိုးသမီး နေထိုင်သည့် တိုက်ခန်းထဲမှ ထွက်သွားခဲ့ကြောင်း ဆိုသည်။

ကရင်နီအမျိုးသမီး ပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ဒေသအာဏာပိုင် ရဲများသို့ တိုင်ကြားထား၍ ရဲများက ထိုတရားခံကို လိုက်လံစုံစမ်းစစ်ဆေးသော်လည်း ယခုအချိန်ထိ တွေ့ရှိဖော်ထုတ်မှု မရှိကြောင်း ကရင်နီအမျိုးသားတဦးက ဆက်ပြောသည်။

အာလ်ဘာနင်မြို့၌ လာရောက်အခြေချနေထိုင်ကြသော ကရင်နီလူမျိုးများသည် အခြားသော မြန်မာတိုင်းရင်းသားများထက် နည်းနေသေးပြီး ၎င်းတို့ မိသားစုအတွက် ယခုလို အဖြစ်အပျက် အဖြစ်ခံရမည်ကို စိုးရိမ်ပူပန်နေကြကြောင်း သူက ပြောသည်။

တိုက်ခန်းနှင့် နေထိုင်သူများသည် လူများ ၀င်ရောက်မနှောင့်ယှက်နိုင်ရန်နှင့် မိမိလုံခြုံရေးကို ကာကွယ်သည့် အနေဖြင့် တံခါးများကို အချိန်မှန် ခတ်ထားရန်နှင့် တံခါးများ ခေါက်သံကြားလျှင်လည်း သူစိမ်းလား၊ အသိမိတ်ဆွေလား ဆိုသည်ကို အရင်ကြည့်ရှုစစ်ဆေးပြီး ဖွင့်သင့်ကြောင်း အမေရိကန်နိုင်ငံ ဂျောင်ဂျီယာ (Georgia) ပြည်နယ်၌ နေထိုင်သော ကရင်နီအမျိုးသားတဦးဖြစ်သူ ထွန်းလှက ပြောသည်။

အဓမ္မ ပြုကျင့်ခံရသူ ကရင်နီအမျိုးသမီးတဦးသည် ထိုင်း-မြန်မာနယ်စပ်မှ ကရင်နီဒုက္ခသည်တဦး ဖြစ်ပြီး ၎င်းမိသားစုနှင့်အတူ အမေရိကန်သို့ လာရောက်အခြေချနေထိုင်သည်မှာ ၁ နှစ်ခန့် ရှိပြီ ဖြစ်သည်။

၂၀၀၈ မှ ၂၀၁၀ ခုနှစ်အထိ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းများမှ အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်သော ကရင်နီဒုက္ခသည်များသည် လူဦးရေအရ ၁၀၀၀၀ ၀န်းကျင် ရှိပြီဖြစ်ကြောင်း ကရင်နီဒုက္ခသည်စခန်းကော်မီတီမှ ပြောပြချက်အရ သိရသည်။

မှတ်ချက်။ အဓမ္မ ပြုကျင့်ခံရသူ ကရင်နီအမျိုးသမီးတဦးသည် သူမ၏ နာမည်ကို ပေးမဖော်ပြသည့်အတွက် ၀ှက်ထားခြင်း ဖြစ်ပါသည်။

(ကန္တာရဝတီတိုင်းမ်မှ ကူးယူဖေါ်ပြပါသည်)

သတင်းဌာန အသီးသီးမှ ယနေ့ ဖတ်စရာ မှတ်စရာများ

January 11, 2011. (Tuesday)
တရုတ် ဓါတ်ငွေ့ပိုက်လိုင်း သယ်ယူရေး IGE ကုမ္ပဏီ ကန်ထရိုက်ရ
ထိုင်းက မြန်မာကို ကန့်ကွက်စာပို့
ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်
DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်
မြန်မာဒုက္ခသည် ၃၄ ဦးကို ဒုက္ခသည်အဖြစ် လက်ခံရန် UNHCR စစ်ဆေး
စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
ခွဲထွက်အဖွဲ့ မွန်ပြည်သစ်နှင့် ပြန်လည်ပူးပေါင်း
ကလေးဓါတ်ဆီဆိုင်နှင့် ဘောက်ဆာကား မီးလောင်

မနောပွဲတွင် စစ်အစိုးရ ဆန့်ကျင်စာ ဖြန့်ဝေ

ဇာနည်မာန် Friday, 07 January 2011 17:09
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ စတင်သည့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတွင် ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက စစ်အစိုးရ ဆန့်ကျင်ရေးစာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

Kachin-Manaw-2011

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ်နေ့ မနောပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ - Reuters)

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အစိုးရ အရာရှိများက ပွဲတော်ကျင်းပရေး ကော်မတီတွင် ပါဝင်ထိန်းချုပ်မှုများ ပြုလာသောကြောင့် ကျေနပ်မှု မရှိသည့်အပြင်၊ စစ်အာဏာရှင်စနစ် ကျဆုံးစေရန် လှုံ့ဆော်သည့်အနေဖြင့် စာများဖြန့်ဝေရခြင်း ဖြစ်ကြောင်း ကချင် ကျောင်းသားသမဂ္ဂ အဖွဲ့ကဆိုသည်။

“A4 ဆိုဒ် စာရွက် ၂၀၀၀ မှာ ၂၀၀၈ အခြေခံ ဥပဒေအား အလိုမရှိ၊ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အလိုမရှိ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်၊ နအဖ စစ်အစိုးရ ကျဆုံးရန် ဆိုတာတွေ ရေးပြီး မနက်က ဖြန့်ပါတယ်။ မြို့ထဲက လမ်းတွေမှာ ကျဲဖြန့်တယ်။ တချို့ကို သစ်ပင်နဲ့ တိုင်တွေမှာ ကပ်ခဲ့တယ်” ဟု ကချင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တဦးက ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့် နှစ်များက ပွဲတော်ကျင်းပရေးကော်မတီတွင် ကချင်ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့မှ ကချင်တိုင်းရင်းသား လူကြီးများသာ ပါဝင်ခဲ့သော်လည်း ယခုနှစ်၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိများပါဝင် ချယ်လှယ်လာကြောင်း၊ ထို့ပြင် ယခင်နှစ်များက မနောကွင်း အ၀င်မုခ်ဦး၌ “ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” ဟု ရေးသားခဲ့သော်လည်း ယခုနှစ်တွင်မူ “၆၃ နှစ်မြောက် ကချင်ရိုးရာ ယဉ်ကျေးမှု ပြည်ထောင်စု မနောပွဲတော်” ဟု ရေးသားသုံးနှုန်းလာ၍ ဒေသခံများက မကျေနပ်ကြဘဲ စိတ်ပါဝင်စားမှု နည်းနေကြောင်း သူကဆိုသည်။

ဆက်လက်၍ ၎င်းက “ကြေးမုံ သတင်းစာမှာလည်း ပြည်ထောင်စု မနောပွဲလို့ ရေးလာတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ အရင်နှစ်တွေကလောက် ပြည်သူလူထုက အားတက်သရော မရှိကြဘူး။ ကျနော်တို့က မနောပွဲကို ဆန့်ကျင်ချင်တာ မဟုတ်ပါဘူး။ ကချင်တိုင်းရင်းသားတွေရဲ့ ပွဲကို အစိုးရက ဒီလို ထိန်းချုပ်တာတွေ လုပ်လာတာကို ဆန့်ကျင်တာပါ” ဟု ပြောသည်။

မနောပွဲတော် လုံခြုံရေးကိုလည်း ယခင်နှစ်များကဲ့သို့ ကချင်ယဉ်ကျေးမှုအဖွဲ့ဝင် လူငယ်များက တာဝန် မယူရတော့ဘဲ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များကိုသာ တာဝန်ပေးထားသည်ဟု အဆိုပါ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်က ဆိုသည်။

မြစ်ကြီးနားမြို့ခံတဦးကလည်း “အခုက ခါတိုင်းလုပ်နေကျ မနောကွင်းမှာ ဆိုပေမယ့် သူတို့ဟာသူတို့ လုပ်နေတာ ဆိုတော့ သိပ် စိတ်မ၀င်စားကြဘူး။ ကျောင်းသားတွေကိုဆို အတင်း သွားခိုင်းတယ်။ စိတ်မ၀င်စား ပေမယ့်လည်း အတင်းအဓမ္မ ခိုင်းနေတော့ သွားကြရတာပေါ့” ဟု ပြောသည်။

အဆိုပါ မနောပွဲတော်ကို ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရုပ်မြင်သံကြားလိုင်း တခုဖြစ်သည့် Studio 35 မှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း၊ Iron Cross တေးဂီတအဖွဲ့မှ စင်တင်တေးဂီတ ဖျော်ဖြေခြင်းများ ရှိမည်ဟု သိရသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြသည်။)

Wednesday, December 29, 2010

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

E-mail Print
စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။

juntachife400

တပ်မတော် ဆေးတက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်းပွဲ အခမ်းအနားတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တန်း ဗိုလ်ချုပ်များ။ (ဓာတ်ပုံ - AP)

အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက်မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြုခန့်အပ်လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ်အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချလာစေရန် အဓိကလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ်အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ်ဖွင့်စေသည်။

၁၉၉၆ ခုနှစ်က မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။

ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသတွင်လည်း စစ်တိုင်းအသစ်များကို ထပ်မံဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေးပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း သုံးသပ်သည်။

လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်းဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ထားသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြသည်။)

Sunday, December 26, 2010

Fort Worth မြို့၏ ခရစ်စမတ်ပွဲ (၂၀၁၀ ) ကို လေ့လာခြင်း










အမေရိကန်ပြည်ထောင်စု၊ တက်ဆက်ပြည်နယ်ရှိ ဖို့ဝေါ့သ်မြို့တွင် RVWANG CHRISTIAN COMMUNITY CHURCH မှ ဦးစီးကျင်းပသော ခရစ်စမတ်ပွဲသို့ တက်ရောက်လေ့လာခွင့် ရခဲ့သည်။

မိဝေး၊ ဖဝေး၊ တိုင်းပြည်ဝေးသော နေရာတွင် ဖြစ်၍ စည်ကားမှု သိပ်မရှိဟု ထင်ခဲ့မိသည်မှာ မိမိ၏အမှားပင်။
အခမ်းအနားမှူး၏အစီအစဉ်ဇယားတွင် မိတ်ဆက်အစီအစဉ်လည်းပါရှိရာ ၄င်းကပင် " သူကတော့ ဝါရှင်တန် ကိုယ်စားပြု တက်လာတဲ့သူဖြစ်ပါတယ်။" "သူတို့ကတော့ အိုကလာဟိုးမားပြည်နယ်က ဒီပွဲကို လာတက်သူ" "သူကတော့ ဘယ်ပြည်နယ်က.... သူကတော့....." စသဖြင့် တစ်ဦးပြီး တစ်ဦး မိတ်ဆက်ပေးရာ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်မျိုးစုံမှ လာရောက်ပူးပေါင်းကာ ဆင်နွှဲကြကြောင်း တွေ့ရသည်။

ထို့ပြင် ဖို့ဝေါ့သ်မြို့တွင်ရှိသော မြန်မာတိုင်းရင်းသားများ ခရစ်ယာန်အသင်းတော်နှင့် ကချင် ခရစ်ယာန်အသင်းတော်တို့မှလည်း လာရောက်ပူးပေါင်းဖြည့်ဆည်း၍ ခရစ်စမတ်ပွဲကို အားပါးတရ ပျော်ရွှင်စွာ ဆင်နွှဲနေကြသည်ကို တွေ့ရှိရသည်။

လမ်းကိုပင် ကောင်းမွန်စွာ မလျှောက်နိုင်တော့ပြီဖြစ်သည့် အသက်အရွယ်ကြီးမြင့်နေသူ အမေရိကန်လူဖြူအမျိုးသမီးတဦးက ရဝမ်နှင့် လီဆူးဘာသာစကားဖြင့် ခရစ်စမတ်အကြောင့် ဟောပြောပို့ချရာ မြန်မာပြည်သား စစ်စစ်ဖြစ်သည့် ကျနော့်မှာ အလွန်ပင် အံ့သြခဲ့ရသည်။ ကျနော် မြန်မာပြည်မှာ နေပြီး ကိုယ့်ပြည်ထဲရှိ ရဝမ်နှင့် လီဆူးဘာသာစကားကို မပြောတတ်။ သို့သော် ကိုယ့်တိုင်းပြည်လည်း မဟုတ်၊ ကိုယ့်လူမျိုးလည်း မဟုတ်၊ အကွာအဝေး မိုင်သောင်းချီ ဝေးသည့်နေရာမှ လူမျိုးခြားက ပြောတတ်နေသည်ဆိုသည်မှာ ကျနော့်အတွက် အံ့သြစရာပင် မဟုတ်ပါလော။

"အဲဒီအဖွားက မြန်မာပြည်မှာ သာသနာပြုမစ်ရှင်လုပ်ခဲ့တာ။ သူ့ရဲ့မိဘတွေက မြန်မာပြည်မှာ သာသနာလာပြုတော့ သူလည်း ပါလာတာပေါ့။ ပထမတော့ တရုတ်ပြည်မှာ ပြုတယ်။ နောက်တော့ ကျမတို့ ရဝမ်နဲ့ လီဆူးဒေသဘက်ကို ရောက်လာတာ။ တော်လှန်ရေးကောင်စီတက်လာတော့ နိုင်ငံခြားသားတွေ နှင်ထုတ်ရာမှာ သူ့တိုင်းပြည် သူ ပြန်သွားခဲ့တာ။ ကျမတို့ ဒီကိုရောက်တော့ အဆက်အစပ်နဲ့ လိုက်ရှာပြီး ဖိတ်လိုက်တာ။ သူ စိုက်ပျိုးခဲ့တဲ့အပင်တွေဟာ အမေရိကအထိတောင် ရောက်လာပြီး စည်ပင်ဖြစ်ထွန်းနေတာဆိုတော့ သူ တအားဝမ်းသာနေကြောင်း ရှင်းပြနေတာပါ" ဟု ကျနော့်ကို ရှင်းပြပါသည်။

ထို့နောက် ဒေါက်တာဂျယ်ရီ၏ ခရစ်စမတ်အကြောင်း ဟောပြောချက်ကို ဗမာဘာသာပြန်ပါ ထည့်သွင်းပေးထားသဖြင့် ကျနော်တို့လည်း နားလည်ခဲ့ရပါသည်။


ထို့နောက် ရဝမ်အက၊ ကချင်အက၊ ကရင်အက၊ ဗမာအက စသဖြင့် တက်ရောက်လာသည့် လူများအား အားလုံးပျော်ရွှင်စွာ ဆင်နွှဲကြပါသည်။
ထို့ပြင် ကလေးငယ်များ၏ အကပဒေသာ၊ တေးသီချင်း ဖျော်ဖြေမှုများနှင့်အတူ ပြည်နယ်အသီးသီးမှ လာရောက်ကြသော သူများတွင်လည်း ကြိုတင်ပြင်ဆင်လာသည့် စွမ်းရည်ပြ ဖျော်ဖြေမှုများကိုလည်း ရှုစားကြရပါသည်။

ထို့နောက်တက်ရောက်လာသောသူများအား USA RVWANG KRISTMAS BOYအမှတ်တရ စပို့ရှပ်များ လက်ဆောင်ပေးပါသည်။

ယခုပွဲကို အောင်မြင်စွာ စည်စည်ကားကား ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့သဖြင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု တက်ရောက်လာသူများက နောင်နှစ်တွင်လည်း ဖို့ဝေါ့သ်မြို့ RVWANG CHRISTIAN COMMUNITY CHURCH မှ ယခုနှစ်ကဲ့သို့ တာဝန်ယူပြီး ထပ်မံကျင်းပပြုလုပ်ပေးပါရန်
တိုက်တွန်းသံများကိုလည်း ကြားသိခဲ့ရပါကြောင်း...။

မောင်ပွကြီး

Tuesday, October 5, 2010

ကြံ့ဖွံ့ကို ယုံမိ၍ စုံလုံးကန်း

ရန်ပိုင် Tuesday, October 05, 2010
မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မဲဆွယ်စည်းရုံးသည့် အနေဖြင့် မျက်စိ ခွဲစိတ်ကုသမှု အခမဲ့ ပြုလုပ်ပေးရာ မျက်စိဝေဒနာရှင် ၂၀ ခန့် မျက်စိ လုံးဝကွယ် သွားကြောင်း သတင်းရရှိသည်။

union-solidarity-development-party

ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် လိုက်လံ မဲဆွယ်စည်းရုံးနေသော ကြံ့ဖွံ့ပါတီမှ အမျိုးသမီးများ။ ကြံ့ဖွံ့ပါတီသည် ဆေးကုသပေးခြင်း၊ လမ်းခင်းပေးခြင်း အပါအဝင် နည်းမျိုးစုံသုံး၍ မဲဆွယ်လျက်ရှိသည် (ဓာတ်ပုံ - Reutres)

ကြံ့ဖွံ့ပါတီက မဲဆွယ်စည်းရုံးသည့် အနေဖြင့် ရေစကြိုမြို့နယ်တွင် နှစ်ကြိမ်တိုင်တိုင် မျက်စိ ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့ရာ ပထမ တကြိမ်တွင် အောင်မြင်စွာ ကုသပေးနိုင် သော်လည်း ဒုတိယအကြိမ် ခွဲစိတ်အပြီးတွင် ထိုကဲ့သို့ မျက်စိကွယ်သည့် အဖြစ်အပျက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု မြို့ခံ ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။

“ဆေးပညာ အရတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပေါ့ဆမှုကြောင့် ဗိုင်းရပ်စ် ၀င်တယ်လို့ ထင်တယ်။ မျက်လုံးတွေ ရောင်ပြီးတော့ မမြင်ရတော့တာ” ဟု အဆိုပါ ဆရာဝန်က ဆိုသည်။

ပထမတကြိမ် လာရောက်ကုသစဉ် မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်း ဦးဆောင်၍ ခွဲစိတ်ပေးခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ်တွင် ထိုင်ဝမ်နိုင်ငံသားဟု ဆိုသည့် တရုတ်လူမျိုး ဆရာဝန်တဦးနှင့် ပခုက္ကူမြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့နယ် ကံသစ်ရွာမှ ကျောင်းထိုင်ဆရာတော် ဦးဇ၀နသည်လည်း မျက်လုံးတဘက် ခွဲစိတ်ကုသခံရာ မျက်လုံးရောင်လာသည့်အတွက် ထုတ်ပစ်လိုက်ရကြောင်း၊ ထိုသတင်းများကြောင့် ကျန်းမာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဆေးရုံသို့ လာရောက် စစ်ဆေးကြောင်း မြို့ခံ ဆရာဝန်က ဆက်လက်ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လက နှစ်ကြိမ်တိုင်တိုင် လာရောက်ပြီး အခမဲ့ကုသပေးခဲ့ရာ လူပေါင်း ၃၀၀ ကျော် ခွဲစိတ်ကုသခံခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရေစကြိုနယ်သား၊ ယခင် စစ်ဥပဒေချုပ် ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးမောင်က ၀င်ရောက် အရွေးခံမည်ဟု သိရသည်။

မျက်စိကွယ်သွားသည့် ဝေဒနာရှင် ဦးရွှေက “အဝေးမှုန်လို့ အလကား ကုပေးတယ်ဆိုလို့ သွားကုတာ။ ၄ ရက်လောက်ကြာတော့ မမြင်ရတော့ဘူး” ဟု ဆိုသည်။

၎င်း၏ မျက်စိတဘက် ကွယ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ကျန်တဘက်မှာ အဝေးမှုန်နေသည့်အတွက် ခွဲစိတ်ကုသခံရာမှ ယခုကဲ့သို့ မမြင်ရတော့ခြင်း ဖြစ်ကြောင်း၊ မင်းဘူးမြို့ ပြည်သူဆေးရုံကြီးရှိ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်းနှင့် လည်းကောင်း၊ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း သွားရောက် ပြသသော်လည်း ကုသ၍ မလွယ်ကူတော့ဟု ဆရာဝန်ကြီးများက ပြောကြောင်း ဦးရွှေက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းရှိပေ။

ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများသည် မိမိတို့ ၀င်ရောက်အရွေးခံမည့် နယ်မြေများတွင် စည်းရုံးရေးဆင်းသည့်အနေဖြင့် ဆေးကုသမှုများ စီစဉ်ပေးခြင်း၊ လမ်းပြင်ပေးခြင်း၊ ကျေးရွာများတွင် သက်ကြီးရွယ်အိုများကို ငွေလှူဒါန်းခြင်း၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို ငွေလှူဒါန်းခြင်း ပြုလုပ်ပြီး စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းကြီးကို ပါတီအဖြစ် အသွင်မပြောင်းမီ ကတည်းကပင် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်းတို့သည် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မျက်စိကုသပေးမှုများကို လှည့်လည် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကြာသေးမီကလည်း ပဲခူးတိုင်း ဇီးကုန်းမြို့နယ်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မျက်စိဝေဒနာရှင်များကို မျက်မှန်များ အခမဲ့ ဝေငှပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သေးသည်။

(ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြသည်။)

Monday, August 30, 2010

ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းထွက်ရသည့် ကျောင်းသားဦးရေ များလာ

ဖြိုးကြီး။ သြဂုတ် ၂၈၊ ၂၀၁၀

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ သဲဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဒေသအာဏာပိုင်များက ငွေးကြေးကောက်ခံမှုများ ပြုလုပ်နေသည့်အတွက် ကျောင်းသားများ ကျောင်းထွက်နှုန်းများလာသည်။

သဲဖြူကျေးရွာအုပ်စု ဥက္ကဌနှင့် ရယက စာရေးဖြစ်သူတို့က အလယ်တန်းကျောင်းဆောက်လုပ်ရန်အတွက် တအိမ်လျှင် ကျပ်( ၅,၀၀၀) နှုန်းကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံ ကျောင်းသားမိဘတဦးက ပြောသည်။


“အခုဆို ကျောင်းတက်နေတဲ့ ကျောင်းသားထက်ဝက်ကျော်လောက် ကျောင်းထွက်လိုက်ကြတယ်၊ ကလေးမိဘတွေကလည်း အခုလို ငွေကြေးအဆမတန်ကောက်တော့ မထည့်နိုင်ကြဘူး၊ စားဝတ်နေရေးကလည်း ကြပ်တည်းလာတော့ ကျောင်းထွက်တဲ့ကလေးတွေ တနေ့ထက်တနေ့များလာတယ်” ဟု ပြောသည်။

သဲဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဆရာမ (၃) ဦးကို ငှားရမ်းသင်ကြားနေရသည့်အတွက် ကျောင်းသားများအနေဖြင့် အဆိုပါ ဆရာမ (၃) ဦးလစာအတွက် တလလျှင် ကျောင်းသားတဦး (၅၀၀) ကျပ်နှုန်း ပေးဆောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။


ထို့အပြင် ဒေသခံလယ်သမားများ ဘဏ်ချေးငွေထုတ်ရာတွင်လည်း အာဏာပိုင်များက လယ်တဧကလျှင် ကျပ် (၁,၅၀၀) နှုန်းထပ်မံ ကောက်ခံခဲ့သည်။ ထို့ငွေကောက်ခံမှုများကြောင့် ကျောင်းသားမိဘများအနေဖြင့် ပညာရေးထောက်ပံ့ဖို့ ငွေကြေးမတက်နိုင်သည့် နောက်ဆက်တွဲပြဿနာများက သူတို့ကလေးတွေ ပညာရေး ကျောခိုင်းလိုက်ရသည့် အခြေအနေထိ ဆိုးဝါးလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ရိုးမ ၃ သတင်းဌာနမှ ထပ်ဆင့်ကူးယူဖေါ်ပြသည်)

စစ်တပ်ရာထူး အပြောင်းအလဲ စာရင်း ဧရာဝတီ ကရရှိ

ဧရာဝတီ Monday, August 30, 2010
လတ်တလော ထွက်ပေါ်လာသည့် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်ပြီး ဧရာဝတီမှ စာရင်းအတိအကျကို အတည်ပြုနိုင်ပြီ ဖြစ်သည်။

ThuYaMtAg400

ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

ပြီးခဲ့သည့် သောကြာနေ့က တပ်မတော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ အဓိကကျသည့် ရာထူးနေရာ ၄၀ ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့ရာ ၃၃ နေရာမှာ အလွန်အရေးကြီးသော ရာထူးများ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ဆိုသည်။

ယင်းရာထူး အပြောင်းအလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းမှာ -

၁။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၂။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
(ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်)

၃။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

၎။ ဗိုလ်ချုပ် မြင့်စိုး - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၁
(ယခင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၅။ ဗိုလ်ချုပ် အောင်သန်းထွဋ် - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၂
(ယခင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၆။ ဗိုလ်ချုပ် လှမင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၃
(ယခင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၇။ ဗိုလ်ချုပ် သက်နိုင်ဝင်း - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၎
(ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၈။ ဗိုလ်ချုပ် တင်ငွေ - စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၅
(ယခင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၉။ ဗိုလ်ချုပ် စိုးဝင်း (စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၆
(ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၀။ ဗိုလ်ချုပ် ဝေလွင် - စစ်ထောက်ချုပ်
(ယခင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၁။ ဗိုလ်ချုပ် သောင်းအေး - စစ်ဆေးရေး အရာရှိချုပ်
(ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၂။ ဗိုလ်ချုပ် ၀င်းမြင့် - စစ်ရာထူးခန့်ချုပ်
(ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၃။ ဗိုလ်ချုပ် ခင်ဇော်ဦး - စစ်ရေးချုပ်
(ယခင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၄ ။ ဗိုလ်ချုပ် ကျော်ဖြိုး - တပ်မတော် စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ်)
(ယခင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၅ ။ ဗိုလ်ချုပ် ရာပြည့် - စစ်ဥပဒေချုပ်
(ယခင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၆ ။ ဗိုလ်ချုပ် ကျော်ဆွေ - စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်)
(ယခင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)

၁၇ ။ ဗိုလ်ချုပ် စိန်ဝင်း - လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်
(ယခင် တပ်မတော် သိပ္ပံနှင့် နည်းပညာ သုတေသနတပ်)

၁၈ ။ ဗိုလ်ချုပ် သိန်းဌေး - ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်
(ယခင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ဒုတိယ အရာရှိချုပ်)


စစ်တိုင်းမှူးများ

၁။ ဗိုလ်မှူးချုပ် ထွန်းသန်း - ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
( ယခင် တပ်မ ၇၇ တပ်မမှူး)

၂။ ဗိုလ်မှူးချုပ် ဇေယျာအောင် - မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၃။ ဗိုလ်မှူးချုပ် ရဲအောင် - အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၎။ ဗိုလ်မှူးချုပ် မောင်မောင်အေး - နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
(ယခင် စကခ – ၆)

၅။ ဗိုလ်မှူးချုပ် စိုးလွင် - အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၆။ ဗိုလ်မှူးချုပ် စိုးသိန်း - အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၇။ ဗိုလ်မှူးချုပ် ဆန်းဦး - အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၈။ ဗိုလ်မှူးချုပ် စိုးထွဋ် - တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၉။ ဗိုလ်မှူးချုပ် ထွန်းနေလင်း - အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၀။ ဗိုလ်မှူးချုပ် တင်မောင်ဝင်း - အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၁။ ဗိုလ်မှူးချုပ် သန်းထွန်းဦး - တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၂။ ဗိုလ်မှူးချုပ် ခင်မောင်ဌေး - ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၃။ ဗိုလ်မှူးချုပ် အောင်ကျော်ဇော - အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

၁၄။ ဗိုလ်မှူးချုပ် မြတ်ထွန်းဦး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး)

၁၅။ ဗိုလ်မှူးချုပ် လှမြင့်ရွှေ ( နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး)


စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်မှူးများ

၁။ စကခ (၁) ဗိုလ်မှူးကြီး အောင်ရဲဝင်း

၂။ စကခ (၃) ဗိုလ်မှူးကြီး ကိုကိုနိုင်

၃။ စကခ (၆) ဗိုလ်မှူးကြီး လူအေး

၎။ စကခ (၁၈) ဗိုလ်မှူးကြီး ကျော်စိုး

၎။ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး ခင်မော်ထွန်း

စုံစမ်းသိရသမျှကို ဆက်လက်ဖော်ပြပါမည်။

ယနေ့တွင် ရာထူးအသစ်များကို လက်ခံရရှိသည့် အရာရှိကြီးများသည် မိမိတာဝန်ကျရာ စစ်တိုင်းများသို့ အမြန်ဆုံးသွားရောက်၍ တာဝန်များ လွှဲပြောင်းယူရမည်ဖြစ်သည်။

တိုင်းမှူးအသစ်များနှင့် တပ်မမှူး အသစ်များသည် ယခုလက်ရှိ ရာထူးအသစ်များတွင် နေသားတကျရှိလျှင် ပြုလုပ်နေကျဖြစ်သည့် လေးလပတ်အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသည့် တပ်များကို တတပ်နှင့်တတပ် အပြောင်းအလဲ ပြုလုပ်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူ တဦးက ဆိုသည်။

(ဧရာဝတီသတင်းဌာနမှ ထပ်ဆင့်ကူးယူဖေါ်ပြသည်)

Saturday, August 14, 2010

မင်းသမီး မျိုးစန္ဒီကျော်က မိဘကို အမှုဖွင့်

မင်းနိုင်သူ Wednesday, August 11, 2010
သရုပ်ဆောင် မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။

myosandikyaw271

သြဂုတ် ၆ ရက်နေ့ထုတ် Hot News ဂျာနယ်တွင်ပါရှိသော မျိုးစန္ဒီကျော်နှင့် ဖြိုးကျော်ကျော်မြတ်တို့၏ အင်တာဗျူးများ (ဓာတ်ပုံ - Hot News ဂျာနယ်)

“ဒီလ ၃ ရက်နေ့က သင်္ဃန်းကျွန်းရဲစခန်းမှာ အန်တီက သူ့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး တိုင်ထားတယ်။ ရဲစခန်းက ပုဒ်မ ၃၈၀ နဲ့ အမှု လက်ခံထားတယ်လို့ အန်တီတို့ သိရတယ်” ဟု ဒေါ်သူဇာက ဧရာဝတီသို့ ပြောသည်။

ထိုအမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အသေးစိတ် မပြောနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိ တဦးက ပြန်ကြားသည်။

မျိုးစန္ဒီကျော်ကမူ “သင်္ဃန်းကျွန်း ရဲစခန်းကို တင်ပြထားတာတော့ ဟုတ်ပါတယ်။ အမှုဖွင့်တာတော့ မဟုတ်ပါဘူး။ ပစ္စည်း ပျောက်တာက အိမ်မှာပဲ၊ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ပျောက်တာ။ အားလုံးလည်း သိကြပါတယ်။ မိဘတွေက ကျမကို အမွေပြတ်ဆိုပြီး စွန့်လွှတ်ထားပါတယ်။ ကျမဘက်က မိဘတွေ စွန့်လွှတ်ရ လောက်အောင် ဘာတခုမှ မလုပ်ခဲ့ဖူးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မျိုးစန္ဒီကျော် ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ လက်ဝတ်လက်စားများ ဖြစ်ပြီး အဆိုပါ ပစ္စည်းများ ပြန်လည်ရရှိနိုင်ရန် ရဲစခန်းမှ တဆင့် ညှိနှိုင်းစေခြင်းသာဖြစ်ကြောင်း သူက ဆိုသည်။

မိဘများက သြဂုတ် ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မျိုးစန္ဒီကျော်အား သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။

ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် မျိုးစန္ဒီကျော်က ပေါ်ပြူလာဂျာနယ်နှင့် အင်တာဗျူးတခုတွင် သူမအနေဖြင့် မိဘများအား ကိုယ်စိတ် ဆင်းရဲခြင်း ဖြစ်စေရန် ပြုမှုခဲ့ခြင်းမရှိကြောင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း မဟုတ်မမှန် ပြောဆို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဖြေကြားထားသည်။

မျိုးစန္ဒီကျော်သည် မိဘများအား အသိမပေးဘဲ ဖြိုးကျော်ကျော်မြတ်ဆိုသည့် Crab အဖွဲ့ဝင် အဆိုတော်တဦးနှင့် ဧပြီလ ၇ ရက် နေ့က နှစ်ဦးသဘောတူ မင်္ဂလာ လက်မှတ်ရေးထိုးခဲ့ပြီး လွန်ခဲ့သည့် ၂ လကျော်က အတူပေါင်းသင်း နေထိုင်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သူဇာက ပြောသည်။

“သူက မိဘတွေကို အသိမပေးဘဲနဲ့ ကောင်လေးအိမ်မှာ တရားသူကြီးခေါ်ပြီး လက်မှတ်ထိုးထားတယ်။ ပြီးခဲ့တဲ့ ၂ လလောက်က စပြီး ကောင်လေးရဲ့ မိသားစုနဲ့ သူ အတူတူသွားနေတယ်။ နေပြီးတဲ့နောက် အခုလို ရဲစခန်းမှာ သူ့ လက်ဝတ်လက်စားတွေ ပျောက်တယ် ဆိုပြီး အန်တီတို့ကို အမှုဖွင့်တာပဲ။ သူလုပ်ချင်သလို လုပ်ပါစေ၊ အန်တီက အမေပဲ။ သူ့ကို ဘာမှ ပြန်မလုပ်ပါဘူး။ သူလုပ်သမျှ အန်တီခံမှာပါ” ဟု မိခင်ဖြစ်သူက ဆိုသည်။

ယခုလ ၆ ရက်နေ့ထုတ် Hot News ဂျာနယ် အင်တာဗျူးတွင် မျိုးစန္ဒီကျော်က ၎င်း၏ အချစ်ရေးမှာ အေးဆေး ပင်ဖြစ်ကြောင်း၊ ၎င်း၏ အချစ်ရေးနှင့် ပတ်သက်၍ ပရိသတ်ကို လိမ်ညာခဲ့ခြင်း မရှိဘူးကြောင်း ပြောခဲ့သည်။

(ဧရာဝတီသတင်းဌာနမှ ထပ်ဆင့်ကူးယူဖေါ်ပြသည်။)

၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ)နေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်(တနင်္ဂနွေ) နေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံလိုင်းမှတစ်ဆင့် သြဂုတ်လ ၁၃ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ ( ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ထို့ပြင် နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ပါတီဝင်အင်အား စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလျက်ရှိရာ လက်ရှိ၌ နိုင်ငံရေးပါတီ ၁၄ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ပြုလုပ်ရမည်ဖြစ်ပြီး နောက်ဆုံးရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမည်ဟု သိရပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်က ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မေလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်)

Saturday, August 7, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြောက်ကိုရီးယား ကစားသမား မိခင်နိုင်ငံတွင် လှောင်ပြောင်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရ အသင်းနည်းပြဖြစ်သူ ကင်ဂျောင်ဟွန်းအား .....

E-mail

မြောက်ကိုရီးယားလက်ရွေးစင် ဘောလုံးအသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ခြင်းအတွက် မိခင်နိုင်ငံတွင် လှောင်ပြောင်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

မြောက်ကိုရီးယားနည်းပြ ကင်ဂျောင်ဟွန်းနှင့် အသင်းမှ ကစားသမားများသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်ရောက်အပြီး (၃)ရက်အကြာ ဖြစ်သည့် ဇူလိုင်လ (၂)ရက်နေ့တွင် မြောက်ကိုရီးယား ပြည်သူ့ရေးရာဌာနရှေ့တွင် စတိတ်စင်မြင့်ထက်၌ (၆) နာရီကြာ မတ်တက်ရပ်ကာ ကမ္ဘာ့ဖလားတွင် ရှုံးနိမ့်ခဲ့ခြင်းအတွက် ရှင်းလင်းပြောဆိုမှုများ ပြုလုပ်ခဲ့ရသည်။သို့ရာတွင် ဂျပန်နိုင်ငံတွင် မွေးဖွားနေထိုင်နေသည့် ဂျောင်တေးဆီနှင့် အန်ယောင်ဟတ်တို့မှာမူ ပါဝင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

၎င်းတို့အား မြောက်ကိုရီးယားနိုင်ငံမှ ကျောင်းသားများ၊ အစိုးရ ၀န်ထမ်းများနှင့် ဂျာနယ်လစ်များက ၀ိုင်းဝန်းဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် မြောက်ကိုရီးယားအလုပ်သမားပါတီ ‘ဒုတိယ၀န်ကြီးနှင့် မြောက်ကိုရီးယား အားကစားဝန်ကြီး ပတ်မြောင်ချို၊ အခြားသော အားကစားသမားများလည်း ပါဝင်ခဲ့ပြီး မြောက်ကိုရီးယား အမျိုးသားရုပ်သံလွှင့်ဌာနမှ အားကစားအစီအစဉ် ကြေညာသူ ရီဒေါင်ကျူက Korea Central TV မှတစ်ဆင့် ဘောလုံးသမား တစ်ဦးချင်းစီ၏ အမှားများကို ထောက်ပြဝေဖန်သွားခဲ့ကြောင်း သိရှိရသည်။ အမည်မဖော်လိုသူတစ်ဦးကမူ လွတ်လပ်သော အာရှအသံ(RFA)သို့ ယင်းကဲ့သို့ ပြောကြားခဲ့သည်။ ''နည်းပြ ကင်ဂျောင်ဟွန်းနဲ့ ကစားသမားတွေအားလုံး စတိတ်စင်မြင့်ထက်မှာ မတ်တက်ရပ်ပြီး အခြား မြောက်ကိုရီးယား အားကစားသမားတွေနဲ့ ကျောင်းသားတွေရဲ့ ဝေဖန်မှုတွေကို ပြန်လည်ရှင်းလင်းခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အသင်းက ကစားသမားတွေဟာ သူတို့ရဲ့နည်းပြကို အပြစ်ပုံချခဲ့ကြပါတယ်''ဟု ပြောကြားခဲ့သည်။

အစိုးရနှင့်နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးကလည်း ''ဗိုလ်ချုပ်ကင်ဂျောင်အန် (မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်၏သား)က မြောက်ကိုရီးယားအသင်းဟာ သူ့ရဲ့ယုံကြည်မှုကို သစ္စာဖောက်ခဲ့တယ်လို့ ယူဆပြီး အခုလို အပြစ်ပေးခဲ့တာပါ။ နောက်ဆုံးတရားခံလို့ သတ်မှတ်ခံခဲ့ရတဲ့ အသင်းနည်းပြ ကင်ဂျောင်ဟွန်းကတော့ ပြုံယမ်းမြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ တစ်နေ့ (၁၄) နာရီကြာ အလုပ်လုပ်ဖို့ အပြစ်ပေး ခံခဲ့ရပါတယ်'' ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအသင်းသည် (၄၄) နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး ပါဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော်လည်း ယင်းကဲ့သို့ အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကမူ ဗိုလ်ချုပ် ကင်ဂျောင်အန်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည့်အတွက် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်သို့ လာရောက်ခဲ့ကာ ဂုဏ်ပြုချီးကျူးမှုများ ပြုလုပ်ခဲ့ဖူးသည်။ အစောပိုင်း သတင်းများအရမူ ပေါ်တူဂီအသင်းကို (၇-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်ကိုယ်တိုင်က မြောက်ကိုရီးယားအသင်းအား ယင်းပွဲတွင် တိုက်စစ်ဖွင့်ကစားရန် တိုက်ရိုက်ညွှန်ကြားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းကလည်း မြောက်ကိုရီးယားကစားသမား အတော်များများသည် မိခင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်သွားလိုချင်းမရှိဘဲ တောင်အာဖရိကနိုင်ငံတွင် နိုင်ငံရေးခိုလှုံ့ခွင့် တောင်းခံခဲ့ကြသေးကြောင်း သိရှိရသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။)

စာရေးဆရာ ဟိန်းလတ် ပြုစုထားသော ကင်မ်ဂျုံအီအကြောင်း မြန်မာ ဘာသာပြန်စာအုပ်၏ အရောင်းလက်ကျန် အုပ်ရေ ၃၁၀ အုပ်ကို မြောက်ကိုရီးယားသံရုံးမှ ပြန်လည်သိမ်းယူသွား

E-mail Hein Latt Book ဘာသာပြန် စာရေးဆရာ ဟိန်းလတ်ပြုစုထားသော မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီအကြောင်း ရေးသားထားသည့် စာအုပ်၏အရောင်းလက်ကျန်အုပ် ရေ ၃၁၀အုပ်ကို မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးမှ ပြန် လည် သိမ်းယူသွားခဲ့ကြောင်း စာရေးဆရာဟိန်းလတ်မှ အတည်ပြု ပြောကြားခဲ့ပါသည်။


"စာအုပ်တွေကို မြောက်ကိုရီးယားသံရုံးက သိမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ သိမ်းသွားပြီးတဲ့နောက် မီးရှို့ပစ်လား၊ ဘာလုပ်ပစ်လဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ စာအုပ်အရေအတွက် စုစုပေါင်းကတော့ အုပ်ရေ ၃၁၀ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်တော့ ငွေကျပ် ၁၂သိန်း ၄သောင်း တန်ဖိုးရှိပါတယ်"ဟု ဆရာဟိန်းလတ် မှ ပြောပြခဲ့ပါသည်။


စာအုပ်များကို ပြန်လည်သိမ်းယူမည် ဖြစ်သည့်အကြောင်း နှင့် ဈေးကွက်အတွင်းရှိနေသော လက်ကျန်စာအုပ်များကို စုစည်းပေးထားရန် မြောက်ကိုရီးယားသံ ရုံးမှ တာဝန်ရှိသူများက ဆရာဟိန်းလတ် ထံသို့ ဇူလိုင်လ ပထမ ပတ်အတွင်းက အကြောင်းကြားခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ဈေးကွက်အတွင်းရှိ အရောင်းလက်ကျန် စာအုပ်များကို စုစည်းခဲ့ရာ အုပ်ရေ ၃၁၀အုပ်ရရှိခဲ့ကြောင်း၊ ထိုလက်ကျန် စာအုပ်များကို ဇူလိုင်လ ၅ရက်နေ့တွင် မြောက်ကိုရီး ယားသံရုံးမှ တာဝန်ရှိသူများက လာရောက်သိမ်းယူသွားခဲ့ကြောင်း နှင့် ထိုသို့လာရောက်သိမ်းယူသွားပြီး နောက်ပိုင်းကိစ္စရပ်များကို မသိရှိတော့ကြောင်း ဆရာဟိန်းလတ် က ပြောပြပါသည်။


ဆရာဟိန်းလတ်ပြုစုခဲ့သော ကင်မ်ဂျုံအီ(သို့မဟုတ်) မြောက်ကိုရီးယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး စာအုပ်ကို The Book House စာအုပ်တိုက်မှ စာမူခွင့်ပြု ချက်အမှတ် ၃၁၀၁၁၀၁၀၀၉ဖြင့် အုပ်ရေ ၂၀၀၀ရိုက်နှိပ်ကာ စာအုပ် ရောင်းဈေး ကျပ် ၄၀၀၀သတ်မှတ် ပြီးရောင်းချခဲ့ပါသည်။ ထိုစာအုပ်ကို ပြည်တွင်းစာအုပ်ဈေးကွက်သို့ မေလအတွင်းက တရားဝင် ဖြန့်ချိထားပါသည်။


"စာပေစိစစ်ရေးကနေ တရားဝင်ထုတ်ဝေခွင့် ရရှိပြီးမှ စာအုပ်ကို ဖြန်ချိခဲ့တာပါ။ စာအုပ်ထဲမှာပါတဲ့ အချက်အလက်အချို့ကို သဘောမကျတဲ့အတွက် စာအုပ်ကို ပြန်သိမ်းတာလို့ သိရပါတယ်။ စာအုပ်မှာ အဓိကကိုးကားခဲ့တဲ့ အ မေရိကန် စာရေးဆရာနှစ်ယောက် ရဲ့ စာအုပ်တွေကိုလည်း သူတို့သဘောမကျခဲ့တာ ဖြစ်ပါမယ်"ဟု ဆရာဟိန်းလတ်က ပြောပါသည်။


ကင်မ်ဂျုံအီအကြောင်း မြန်မာဘာသာပြန် ရေးသားရန်အတွက် ဆရာဟိန်းလတ်သည် အမေရိကန်စာရေးဆရာများ ဖြစ်သည့် စာရေးဆရာ Jasper Becker ရေးသားသော Kim Jong IL and North Korea စာအုပ်နှင့် စာရေး ဆရာ Bradley K Martin ရေးသားသော Under The Loving Care of the Fatherly Leader စာအုပ်တို့ကို အဓိကထား ကိုးကားခဲ့ပါသည်။ ထိုစာအုပ်နှစ်အုပ်အပြင် မြောက်ကိုရီးယား၌ ထုတ်ဝေထားသော စာအုပ်၊စာစောင်များအပါ အပါအ၀င် ကိုးကားစာအုပ်စာတမ်း ၁၅အုပ်ကို မြန်မာပြန်စာအုပ်အတွက် အသုံးပြုခဲ့သည်။


"စာအုပ်တစ်အုပ်တည်းက အချက်အလက်တွေကို တိုက်ရိုက် ဘာသာပြန်တာမဟုတ်ပဲ စာအုပ်၊ စာတမ်းများစွာကို ဖတ်ရှုပြီးဘာသာပြန်တဲ့အတွက် ဆွမ်းဆန်ထဲ ကြွက်ချေးရောသွားတဲ့ သဘောမျိုး ရှိသွားတတ်ပါတယ်။ တစ်ခါ တလေမှာတော့ စာရေးဆရာ အနုပညာသမားဆိုတာ အဖြူကို ပို ကြွစေဖို့ အနက်သုံးရတာတွေရှိ တတ်ပါတယ်။ စာအုပ်မှာ ဘာအချက်အလက်တွေကို သူတို့မကြိုက်သလဲ ဆိုတာတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ ဥပမာအားဖြင့် ခေါင်းဆောင်ကြီးဟာ အများရှေ့မှာတော့ ဆန်ပြုတ်သောက်ပြပြီး နောက်ကွယ်မှာတော့ အစားကောင်းတွေ စားတတ်တယ် ဆိုတာမျိုးထည့်ရေးတာကို သူတို့က သဘောမကျဘူးထင်ပါတယ်။ ဒါပေမယ့် အခန်း(၂)မှာပါ တဲ့ ကိုရီးယားစစ်ပွဲအကြောင်းကတော့ မြောက်ကိုရီးယားက ထုတ်ထားတဲ့ စာအုပ်စာတမ်းတွေကနေ ပြန်ဆိုရေးသားခဲ့တာပါ။ ဒါမျိုးကိုတော့ မကြိုက်တာမရှိနိုင်ပါဘူး"ဟု ဆရာဟိန်းလတ်က ဆိုပါသည်။


ထို့အပြင် ယင်းစာအုပ် ရေးသားပြီးနောက် တည်းဖြတ်ရန်အတွက် မြောက်ကိုရီးယားသို့ ပေးပို့ ရသည်ဆိုသော သတင်းများမှာလည်း မှန်ကန်မှုမရှိကြောင်း၊ စာအုပ်ရေးသားနေကြောင်း သိရှိသောအချိန်က မြောက်ကိုရီးယားသံရုံးမှ တာဝန်ရှိသူများက၀မ်းသာကြောင်း ပြောကြားခဲ့သည့် အပြင် ပြုံယမ်းတွင် ထုတ်ဝေထားသော စာအုပ်စာတမ်းများပင် ပေးပို့ခဲ့ကြောင်း ဆရာဟိန်းလတ်မှ ပြောပြခဲ့ပါသည်။


ယခုကဲ့သို့သော အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် စာအုပ်ရေးသားစဉ်ကပင် သတိထားရေးသားခဲ့ကြောင်းကိုလည်း ဆရာဟိန်းလတ်က ယခုကဲ့သို့ ပြောကြားပါသည်။


"တောင်ကိုရီးယားက ထုတ်တဲ့စာအုပ်တွေကိုဆို တစ်အုပ်မှ မကိုးကားခဲ့ဘူး။ အကောင်းဘက်က ရေးခဲ့တာတွေပဲ များပါတယ်။ သူတို့ဘာတွေ သဘောကျလဲ၊ မကျဘူးလဲဆိုတာတော့ ကျွန်တော်လည်း အသေးစိတ်မသိနိုင်ဘူး လေ။ ကျွန်တော်က မြန်မာဖြစ်နေတာကိုး။ ဒါပေမယ့် ရေးတဲ့အခါ မှာ သတိထားပြီးရေးခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က အမေရိကန်ထက် မြောက်ကိုရီးယားကို ပိုသဘောကျတယ်။ ဒါကြောင့်လည်း ဒီစာအုပ်ကိုပြုစု ဖြစ်ခဲ့တာပါ။ စာအုပ်တွေပြန်သိမ်းသွားတော့ ကိုယ့်ချစ်သူကို သူများခေါ်သွားသလို ခံစားမိပါတယ်။ ဘာလို့ ပြန်ပေးလိုက်သလဲ ဆိုရင်တော့ အကျယ်အကျယ်ကိစ္စတွေ ထပ်မဖြစ်ချင်တော့လို့ပါ"ဟု ဆရာဟိန်းလတ် က ပြောပြခဲ့ပါသည်။ " ဒါကမဖြစ်သင့်တဲ့ကိစ္စပါပဲ။ သိမ်းယူခွင့်မရှိပါဘူး။ ကျွန်တော်တို့သာ ထုတ်ဝေသူဆိုရင် မပေးနိုင်ပါဘူး။ ဒါမြန်မာလူမျိုးတွေဖတ်ဖို့ ရေးထားတာပဲ။ ကျွန်တော်တို့နိုင်ငံမှာ စာပေလွတ်လပ်ခွင့် အတော်အသင့် ရှိကြောင်း ပြတာပဲ။ သံရုံးအနေနဲ့ ဒီစာအုပ်ဖိုး ပြန်ပေးသင့်တယ်"ဟု Eleven Media Group တာဝန်ရှိသူတစ်ဦး ကဆိုပါသည်။


"ဒီလိုစာအုပ်မျိုးကို ပြန်သိမ်းတယ်ဆိုတာက မဖြစ်သင့်ပါဘူး။ ဆရာအနေနဲ့ကတော့ ကန့်ကွက်ပါတယ်။ သံရုံးတစ်ခုက စာရေးဆရာတစ်ယောက် လွတ်လပ်စွာ ရေးသားထားတဲ့စာအုပ်ကို အတင်းယူပြီး သိမ်းတယ်ဆိုတာ စာရေး ဆရာရဲ့လွတ်လပ်ခွင့်ကို ထိပါးရာရောက်သလို နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိပါးစော်ကားရာ ရောက်ပါတယ်။ စာရေးသူအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ တရားဥပဒေကြောင်းအရ ပြန်လည်တုံ့ပြန်သင့်ပါတယ်။ ဆရာကတော့ ဒီဖြစ်ရပ်ကို လက်မခံနိုင်ပါဘူး"ဟု ဆရာလူထုစိန်ဝင်းက ဆိုပါသည်။


ဆရာဟိန်းလတ် အနေဖြင့် မကြာသေးမီကာလများအတွင်း က မော်စီတုန်း နတ်သိကြားမဟုတ် ဟု အမည်ပေးထားသော တရုတ်ကွန်မြူနစ် ခေါင်းဆောင်ကြီး မော်စီတုန်းအကြောင်းစာအုပ်၊ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် အကြောင်းစာအုပ်၊ အီရန်သမ္မတ အမာဒီနီဂျက် အကြောင်း ရေးသားထားသော သမ္မတအမာဒီနီဂျက် နှင့် နျူးကလီးယားအီရန် အကြောင်း အစရှိသည့်စာအုပ်များ အပြင် အိုဘားမား အထ္တုပ္ပတ္တိစာအုပ်များကိုလည်း ရေးသားထားခဲ့ပြီး ထိုစာအုပ်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုမှုများ မရှိခဲ့ကြောင်း သိရပါသည်။


"အခုဖြစ်ခဲ့တဲ့ဖြစ်စဉ်က ကျွန်တော့်အတွက်ဆိုရင် ပထမဆုံးအကြိမ်ပါပဲ။ မြန်မာစာပေလောက အတွက်ဆိုရင်လည်း ဒါပထမဆုံးပါပဲ။ ကျွန်တော်ကတော့ ဒီလိုဘာသာရပ်မျိုးစာအုပ်တွေ ဆက်ရေးသွားမှာပါ။ နိုင်ငံတိုင်းမှာ ဒီလိုသ ဘော မရှိတဲ့အတွက် ဆက်ရေးသွားမှာ ဖြစ်ပါတယ်"ဟု ဆရာဟိန်းလတ်က ပြောပြခဲ့ပါသည်။


မြန်မာနိုင်ငံနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား)တို့သည် ၂၀၀၇ခုနှစ်အတွင်းက သံတမန် ဆက်သွယ်ရေး ပြန်လည်ထူထောင်ခဲ့ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြောက်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။


ဆရာဟိန်းလတ် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သော ကင်မ်ဂျုံအီစာအုပ်သည် မြောက်ကိုရီးယားနိုင်ငံနှင့် ပတ်သက်ပြီး ပြည်တွင်းစာအုပ်ဈေးကွက်၌ ရှားပါးစွာထွက်ရှိလာသည့် စာအုပ်ဖြစ်သည့်အပြင် ကင်မ်ဂျုံအီအကြောင်း ပထမဆုံး ရေးသားထားသည့် မြန်မာပြန်စာအုပ်လည်း ဖြစ်ပါသည်။


ဆရာဟိန်းလတ်သည် ၁၉၇၇ခုနှစ် အချိန်ကတည်း ကပင် ငမဲအမည်ရှိသော နိုင်ငံရေးနောက်ခံ အထ္ထုပ္ပတ္တိစာအုပ်ကို ဘာသာပြန်စာအုပ်ကို စတင်ပြုစုထားကာ နိုင်ငံရေးနောက်ခံ အထ္ထုပ္ပတ္တိစာအုပ် များစွာ ဘာသာပြန် ပြုစုထားသူ ဖြစ်ပါသည်။

(... မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။)

Tuesday, August 3, 2010

နအဖဒေါက်တိုင်ဖျော်ဖြေရေးသမားများကို လန်ဒန်ရောက်မြန်မာပြည်သူများ ကန့်ကွက် ဆန္ဒပြ

ဘစောတင် ဧရာဝတီ
အင်္ဂလန်နိုင်ငံတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် နေတိုးနှင့် အဖွဲ့ ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ မြန်မာများက ပြင်းထန်စွာကန့်ကွက် ဆန္ဒပြကြကြောင်း သိရသည်။
စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ရုပ်ရှင်ကားတကားဖြစ်သော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကားတွင် ပါဝင် သရုပ် ဆောင်ထားသည့် နေတိုးနှင့် မိုးယုစံတို့ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က လန်ဒန်မြို့မှ မန်ချက်စတာမြို့သို့ မီးရထား ဖြင့် ရောက်ရှိလာချိန်၌ ဘူတာမှစောင့်၍ ဆန္ဒပြကြခြင်းဖြစ်သည်ဟု ဆန္ဒပြ ဦးဆောင်သူ တဦးက ဧရာဝတီသို့ ပြော သည်။

“သူတို့အုပ်စု ဘူတာကအထွက်မှာ အနီးကပ်ပဲ ကြွေးကြော်သံတွေဟစ်ပြီး ဆန္ဒပြနိုင်ခဲ့တယ်။ အရုဏ်ဦးမှာ ဖူးသည့် ကြာ မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အော်ကြတယ်။ ကျနော်တို့က ဒေါ်အောင် ဆန်း စုကြည်ပုံတွေကိုကိုင်ပြီး ဆန္ဒပြကြတာဆိုတော့ အင်္ဂလိပ်တွေက ဒါကိုသိတယ်။ သတင်းထောက်တွေပါ ရောက် လာတယ်။ နေတိုးနဲ့ ထွန်းထွန်းဆိုတာ တက္ကစီပေါ်ပြေးတက် သွားတယ်”ဟု ဆန္ဒပြ ဦးဆောင်သူ ကိုဌေးကို က ဆို သည်။


မန်ချက်စတာမြို့ဆန္ဒပြပွဲတွင် မြန်မာ ၅ ဦးသာ ပါရှိသော်လည်း နေတိုးနှင့် အဖွဲ့ သွားလေရာတွင် ဆန္ဒပြကြကြောင်း၊ဇူလိုင်လ ၃၁ ရက်နေ့ ည ဦးပိုင်းကလည်း နေတိုးနှင့်အဖွဲ့ ကို အင်္ဂလန်ရောက် မြန်မာကျောင်းသား ၇၀ ခန့်က ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောပြသည်။


“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင် ကားသည် သမိုင်း အချက်အလက်မှန်များကို ထိန်ချန်ရိုက်ကူးထားသော ကြောင့် အဆိုပါ ရုပ်ရှင်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များကို ပြည်သူက လက်မခံကြောင်း သိစေရန် ယခုကဲ့သို့ ဆန္ဒပြ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်သည့် မမိုးမိုးခင်ကလည်း ပြောသည်။


“အခု ဒီလန်ဒန်ကို ရောက်နေတဲ့ မင်းသား မင်းသမီးတွေ အဆိုတော်တွေထဲမှာ အဲဒီကားမှာပါတဲ့ သူ နှစ်ယောက် ပါ တယ်။ နေတိုးနဲ့ မိုးယုစံပါ။ ဒီကားထဲမှာ ဦးသန့်လို ကမ္ဘာနဲ့ ချီတဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးကို သေးသိမ်အောင် ပြောဆို ထားတာ ပါသလို ကျောင်းသားသမိုင်းမှာ အရေးပါတဲ့ ဆဲဗင်း ဂျူလိုင် အရေးအခင်းကိစ္စကို သေးသိမ်အောင် ပြောဆို သရုပ်ဆောင်ပြတာဟာ မသင့်လျော်ပါဘူး။ ဒီရုပ်ရှင်ကားနဲ့ ကျမတို့ မျိုးဆက်သစ် မောင်ငယ် ညီမငယ်တွေ ပြည်သူ လူထုတွေကို သတင်းမှားတွေကို ပေးရာမှာပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကို ဆန္ဒပြကြတာ။ ပြည်တွင်းမှာ လုပ်ချင် ပေမယ့် လုပ်ခွင့်မရတဲ့ ကျောင်းသားလူငယ်တွေကိုယ်စား ကျမတို့က လုပ်ကြတာ”ဟု ဆိုသည်။


နေတိုးနှင့်အဖွဲ့ ကို လန်ဒန်ရှိ မြန်မာသံရုံးမှ ကျောထောက်နောက်ခံပြုထားသော မြန်မာအသင်း (ယူကေ)မှ ဖိတ်ကြား ကာ အငြိမ့်နှင့် စင်တင်ဂီတ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲသို့ မြန်မာ ပရိသတ် ၁၀၀ ကျော် လာရောက် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။


ဆန္ဒပြသူများက မြန်မာအနုပညာရှင်များနှင့်အတူ လာရောက်အားပေးသူများကိုပါ ကြွေးကြော်သံများဖြင့် ကန့်ကွက် ခဲ့ကြကြောင်း ဆန္ဒပြရာတွင်ပါဝင်သော ဘွဲ့လွန်ကျောင်းသား တဦးဖြစ်သည့် ကိုထက်ခေါင်လွင်က ပြောသည်။


“ကျနော်တို့က ပြည်သူ့ ဆန်စား ပေါ်လစီမင်းသား နွား နွား လို့ ဟစ်ကြွေးကြတယ်။ ပြီးတော့ ဒီစစ်အစိုးရပွဲကို လာ ရောက် အားပေးတဲ့လူတွေကိုလည်း စစ်အစိုးရအားပေးသူ ငါတို့ ရန်သူ ငါတို့ ရန်သူ လို့ အော်လိုက်ကြတဲ့အချိန်မှာ ပွဲလာပရိသတ်တွေဟာ ကျနော်တို့ဘက်ကို လှည့်တောင်မကြည့်ရဲကြတော့ဘူး။ တခါတည်း ခန်းမထဲကို ၀င်သွားကြ တယ်”ဟု ၎င်းကဆိုသည်။


နေတိုးနှင့်အဖွဲ့ သည် ယနေ့တွင် လီဗာပူးလ်မြို့ကို သွားလည်မည်ဟုသိရပြီး လီဗာပူးလ်အရောက်တွင်လည်း ဆန့် ကျင် ကန့်ကွက်ခြင်းခံရဦးမည်ဖြစ်ကြောင်း ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်အောင်က ပြောသည်။


သြဂုတ်လ ၂ ရက်နေ့က လန်ဒန်တွင် ပြုလုပ်သော ရခိုင်ယဉ်ကျေးမှု အခမ်းအနားပွဲသို့ နေတိုး သည် မူလက လာ ရောက်ရန် လက်ခံခဲ့သော်လည်း ထပ်မံ ဆန္ဒပြခံရမည်ကို စိုးရိမ်၍ လာရောက်ခဲ့ခြင်းမရှိကြောင်း၊ နေတိုးသည် ရခိုင် ပြည်နယ် မာန်အောင်မြို့ဇာတိ ရခိုင်လူမျိုး ဖြစ်သောကြောင့် အင်္ဂလန်ရောက် ရခိုင်များက ဖိတ်ကြား ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။


၎င်းတို့ နှင့်အတူ အဆိုတော် ထွန်းထွန်း၊ ကျော်ကျော်ဗို အပါအ၀င် ၁၀ ဦးကျော်ပါရှိသည်ဟု သိရသည်။


အလားတူ အရုဏ်ဦးမှာ ဖူးသည့်ကြာ ကားတွင် ပါဝင်သည့် ၀ိုင်းစုခိုင်သိန်းနှင့်အဖွဲ့ မကြာခင် အမေရိကန် ပြည်ထောင်စု သို့ လာရောက်ကာ ရှစ်လေးလုံးနေ့တွင် ဖျော်ဖြေပွဲလုပ်မည်ကိုလည်း အမေရိကန်ရောက် မြန်မာများက ကန့်ကွက်ရန် စီစဉ်နေကြောင်း သတင်းများရရှိသည်။


နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦး က ရေးသားရိုက်ကူးပြီး ကာကွယ်ရေး ဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်း စစ်ဌာန ချုပ် များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် အဓိက ပံ့ပိုး ကူညီကြကြောင်း သိရသည်။


ယင်းဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှစတင်ရိုက်ကူး ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံ၏ ခေတ်(၃)ခေတ်ကို အဆင့်ဆင့် ဦးတည်ပုံဖော် ရိုက်ကူးထားပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ငွေဆောင်၊ ချောင်းသာ၊ နေပြည်တော်မြို့များတွင် ရိုက်ကူးချိန် (၁)လခန့် ကြာမြင့်စွာ ရိုက်ကူးခဲ့ကြောင်း သိရသည်။


“အရုဏ်ဦးမှာ ဖူးသည့်ကြာ”တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ် ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီ မောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

ထိုဇာတ်ကားသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထား သော်လည်း သမိုင်းအမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှုများစွာခံနေရကြောင်းလည်း သိရှိရသည်။

(ကိုမိုးသီးဇွန်ဘလော့ဂ်မှကူးယူပါသည်။)

Monday, August 2, 2010

'ကန်' ထောက်လှမ်းရေးအဖွဲ့များကို ၀ါရှင်တန်ပို့စ်ဝေဖန်

(အေအက်ဖ်ပီ)

ဝါရှင်တန် - ဖောင်းပွနေသော အမေရိကန်ထောက်လှမ်းရေးဗျူရိုကရေစီ ယန္တ ရားနှင့်ပတ်သက်၍ ၀ါရှင်တန်ပို့စ် သတင်း စာပါ ဆောင်းပါးတစ်ပုဒ် ကို ထိပ်တန်းအမေရိကန်ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ က ဇူလိုင်လ ၁၉ ရက်နေ့က ပြန်လည် ဝေဖန်တိုက်ခိုက်လိုက်သည်။

အမေရိကန် ထောက်လှမ်းရေး ကွန်ရက် နှင့် ပတ်သက်၍ သတင်းစာက နှစ်နှစ် ကြာ စုံစမ်း လေ့လာကြည့်သော အခါ "အလွန်ကိုးရိုးကားရားနိုင် သော၊အလွန်သိုဝှက်သော၊ ငွေကြေးမည်မျှ ကုန်ကျနေပြီကိုမသိရသော၊ ၀န်ထမ်းမည်မျှခန့် ထားသည်ကိုမသိရသော၊ အစီအစဉ် မည်မျှ များများ ရှိသည်ကိုမသိရသောအလုပ်တစ်ခုတည်းကို အဖွဲ့အစည်းဘယ်လောက် များများလုပ်ဆောင်နေသည်ကို မသိရ"ဟု သတင်းစာက တွေ့ရှိရသည်။

ထောက်လှမ်း ရေး အဖွဲ့အစည်းများစွာ သည် နှစ်စဉ် ထောက် လှမ်းရေး အစီရင်ခံစာ ၅၀,၀၀၀ကိုတင်ပြနေသည်။ ထိုအစီရင်ခံစာများအနက်အများစုမှာအမြဲတမ်းဆိုသလို လျစ်လျူရှုခြင်းခံရ သည်ဟု သတင်း စာဆောင်းပါးတွင် အသေးစိတ် ဖော်ပြထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာဆောင်းပါး မှာ "ကျွန်တော်တို့သိတဲ့ ထောက်လှမ်း ရေးအဖွဲ့ကို ရောင်ပြန်မဟပ်ပါဘူး"ဟု အမျိုးသား ထောက် လှမ်းရေးအဖွဲ့(ဒီအင်န်အိုင်)ယာယီညွှန်ကြားရေးမှူး ဒေးဗစ်ဂွမ်းပတ်ကကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ခပ်မာမာပြောထား သည်။

"ထောက်လှမ်းရေးအဖွဲ့အစည်းတွေ ဟာ ကျွန်တော်တို့မျှဝေနိုင်တဲ့ သတင်း အတိုင်းအတာအရလှုပ်ရှားနေကြပြီး တိုက်ခိုက်ရန်ကြံစည် မှုများကို ဖျက်ဆီး နိုင်ခဲ့တယ်။ နေ့စဉ် မပြောပြနိုင်တဲ့ အောင်မြင်မှုတွေရနေတယ်"ဟုလည်း ၎င်းက ပြောသည်။

အမေရိကလုံခြုံမှုရှိရမည်ဆိုသည့်ကတိက၀တ်ကိုစောင့်ထိန်းသည့်အနေ ဖြင့် မိမိတို့သည် တည်ကြည်ခိုင်ခံ့စွာ လုပ်ဆောင်နေကြောင်း၊ သတင်းထဲတွင် ပါပါ၊ မပါပါ ပြုလုပ်ဆောင်ရွက်နေ ကြောင်းဖြင့်လည်း ၎င်းကပြောသည်။

ထိုကြေညာချက်ထွက်ပြီး နာရီပိုင်းအကြာတွင် ဒီအင်န်အိုင်ရုံးမှအမေးအဖြေပုံစံဖြင့် ကြေညာချက်တစ်စောင် ထပ်မံထွက်လာပြန်သည်။ ထောက်လှမ်း ရေးအဖွဲ့အစည်းနှင့်ပတ်သက်၍ ဒဏ္ဍာရီ များကို ဖော်ပြထားသည်။

မေးခွန်းတစ်ခုက "လုပ်ငန်းတစ်ခု တည်းကို ဘာကြောင့်အဖွဲ့အစည်းများစွာက လုပ်ဆောင်နေကြရပါသလဲ။ အထူး သဖြင့် ခွဲခြမ်းစိတ် ဖြာ လေ့လာရသည့် ကိစ္စမျိုးဖြစ်ပါတယ်။"

ဒီအင်န်အိုင်၏အဖြေက "အကြောင်းအရာအတော်များများမှာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေကမလိုအပ်ဘဲအတော် များနေတယ်။ တမင် တကာလည်း ထပ်နေအောင် တင်ပြနေကြတယ်"

ဒီအင်န်အိုင်က၎င်းအဖွဲ့၏ ဖြတ်တောက်ထားသည့်အစီရင်ခံစာများကို အစိုးရအဖွဲ့အစည်းများသို့ ထုတ်ပေးနေရကြောင်း၊ ပြည်ထောင် စုစုံစမ်းမှုက 'ယှဉ်ပြိုင်ဝေဖန်ဆန်းစစ်မှု အဆုံး အဖြတ်'မပါရှိဟု ဝေဖန်သည်။

ဒီအင်န်အိုင်ရုံးက အမေရိကန်ထောက် လှမ်းရေးဘတ်ဂျက် ၇၀ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကန်ထရိုက်တာများအတွက် အသုံးပြုနေသည် ဟု ယုံတမ်းစကားတစ်ခု ကို ထုတ်လွှင့် လိုက်သည်။ ဘတ်ဂျက်၏ အထက်ဖော်ပြပါ ရာခိုင်နှုန်းကို ကန်ထရိုက် တာများအတွက်မဟုတ် ဘဲ ကန်ထရိုက် များအတွက် အမှန်တကယ်သုံးစွဲနေ သည်ဟုလည်းဆိုသည်။

ဝါရှင်တန်ပို့စ်သတင်းစာသည် ဇူလိုင် လ ၂၀ ရက်နေ့တွင် ထောက်လှမ်း ရေး အဖွဲ့အစည်းများနှင့်ပတ်သက်၍ အပိုင်း သုံးပိုင်းရှိသော ၎င်းတို့၏ ဆောင်းပါးဒုတိယပိုင်းကို ဆက်လက် ဖော်ပြလိုက်သည်။ ဒုတိယပိုင်း တွင် ပုဂ္ဂလိက ကန်ထရိုက်တာများ၏အခန်း ကဏ္ဍကို ဖော်ပြထားသည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က အတိုက်ခံရပြီးနောက် အမေ ရိကန်ထောက်လှမ်းရေးလုပ်ငန်း ပိုမိုထိရောက်ရန်ရည်ရွယ် ပြီး ဒီအင်န်အိုင် အဖွဲ့ကို ၂၀၀၄ ခုနှစ်က ဖွဲ့စည်းခဲ့သည်။

ဒီအင်န်အိုင်ရုံးသည်၎င်းအရင်တည် ရှိခဲ့ပြီဖြစ်သော ဗဟိုထောက်လှမ်းရေးအဖွဲ့(စီအိုင်အေ)နှင့် ကာကွယ်ရေး ထောက်လှမ်းရေး အဖွဲ့ (ဒီအိုင်အေ)တို့ နှင့် အပေါ်ယံကိစ္စ၊ ဘတ်ဂျက်ကိစ္စများ တွင် အပြိုင်ကြဲနေရသည်။

သမ္မတ ဘာရက် အိုဘားမားသည် နောက်တက် မည့် ဒီအင်န်အိုင် အကြီး အကဲအဖြစ် အငြိမ်းစား အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ကလက်ပါကို အဆိုပြုထားသည်။

၎င်းသည်အမေရိ ကန်ဝါရင့်ထောက် လှမ်းရေးသမား ဟောင်း တစ်ဦးဖြစ်ပြီး ၎င်းအား အတည်ပြုပေးနိုင် ရေးအတွက် ပထမကြားနာ စစ်ဆေးမှုကို အမေရိကန် လွှတ်တော်အဆောက်အအုံတွင် ဇူလိုင် လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဟု သိရသည်။

ကလက်ပါ ကို နုတ်ထွက်သွားသော ရေတပ်ဗိုလ်ချုပ်ကြီး ဒင်းနစ်ဘလဲရ် နေရာတွင် အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ခရစ္စမတ် နေ့က လေကြောင်း ဗုံးခွဲမည့်အစီအစဉ်ကို မစုံစမ်းနိုင်မှုအပါ အ၀င် လုံခြုံရေး သတင်းများပေါက်ကြား မှုကြောင့် ဒင်းနစ်ဘလဲရ်သည် မေလက ရာထူးမှနုတ်ထွက်သွားသည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်။)

Friday, July 30, 2010

ထိုင်းလှေပေါ်က သားကောင်များ၏ အတွေ့အကြုံ

၂ဝ၁ဝ မေလ ၁၄ ရက်နေ့က လူကုန်ကူး ခံရသူ ကမ္ဘောဒီးယား နိုင်ငံသား အမျိုးသား (၈)ဦးသည် လူကုန်ကူးသူတို့ ထံတွင် (၃)နှစ်ကျော် နေပြီးမှ မိဘရပ်ထံသို့ ပြန်ရောက်လာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး အကြိမ် ဖြစ်သည်။ ထိုသူများသည် လူကုန်ကူးသူများ ထံမှ လွတ်မြောက်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် (၅)လခန့် အကျဉ်းကျခံခဲ့ရ သည်။ ထိုမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယား နိုင်ငံသားများ ထိုင်းငါးဖမ်းပိုက်ဆွဲ သင်္ဘောများပေါ်တွင် လူကုန်ကူးခံရမှု အရေအတွက်သည် မပြောပလောက်သော်လည်း မကြာသေးမီက ပြည်ပ အလုပ်အကိုင် များကြောင့် ထိုဖြစ်စဉ်များ ဖြစ်ပေါ်လာနေသည်။

ထိုအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် လစာငွေ အမေရိကန် ဒေါ်လာ (၁၂၄) ဒေါ်လာမှ (၁၈၅)ဒေါ်လာ အကြား ရမည်ပြောဆိုစည်းရုံးကာ ပို့ဆောင်ခ အဖြစ် လူမှောင်ခို သူများက အမေရိကန်ဒေါ်လာ (၇၇) သို့မဟုတ် ထိုင်းဘတ်ငွေ (၂၅ဝဝ)ဝန်ဆောင်ခ တောင်းသည်။ ထိုင်းနိုင်ငံသို့ ရောက်သည့်အခါ မည်သည့် အလုပ်မှမရရှိဘဲ၊ နောက်ဆုံးတော့ ထိုင်းငါးဖမ်းပိုက်ဆွဲ သင်္ဘောပေါ်တွင် လစာမရဘဲ၊ အဓမ္မခိုင်းစေခြင်း ခံရတော့သည်။ မလေးရှားနိုင်ငံ၊ Sarawak's Sarikei ခရိုင်မှာ ထိုသင်္ဘောလွန်းတင်သည့်အချိန်၊ ညတစ် ညမှာ အခြား သင်္ဘောသားများနည်းတူ ခုန်ဆင်းပြေးထွက် လာခဲ့ကြသည်။ မလေးရှား ရဲတပ်ဖွဲ့ဝင်များက ၄င်းတို့အား ဖမ်းဆီးပြီး ငါးရက်အကြာမှာ ကွာလာလမ်ပူမြို့သို့ ပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။ ထိုပြန်လာသူထဲမှ တစ်ဦးမှာမူ ၂ဝဝ၇ ခုနှစ် ကတည်း မိသားစုနှင့် အဆက်အသွယ် ပြတ်နေကာသေပြီဟု ယူဆနေကြရာမှ ပြန်လည် ပေါင်းစည်းကြရခြင်း ဖြစ်သည်။

ထိုသို့သော ကမ္ဘောဒီးယားနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားများသည် လူကုန်ကူးမှု တိုက်ဖျက်နေသည့် တာဝန်ရှိသူများ အတွက် ကြီးထွား ရှင်သန်နေသည့် ပြဿနာတစ်ရပ် အဖြစ် ဖန်တီးပေးနေသည်။ ယခုနှစ် ဇွန်လအတွင်းက အမေရိကန်နိုင်ငံမှ ထုတ်ပြန်သော အစီရင် ခံစာတစ်ခုတွင် ကမ္ဘောဒီးယားနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးသည် အပြုသဘော ဆောင်သည့် အဆင့်သို့ တက်လှမ်းနေသည်ဟု ဖော်ပြထားသော်လည်း အချို့ လေ့လာသူများကမူ ကမ္ဘောဒီးယားနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားများအတွင်း ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုများကိုတော့ မဖြေရှင်းနိုင်သေးဘဲ တည်ရှိနေဆဲဖြစ်သည်ဟုဆိုကြသည်။

တချို့ မျက်မြင်ကိုယ်တွေ့ ပြောပြချက်များအရ ဆိုလျှင် ရောင်းစားခံရသော သူများသည် ငါးဖမ်းလှေများပေါ်တွင် အသတ်ခံရမှုများ၊ အကြိမ်ကြိမ်ရိုက် နှက်ခိုင်းစေခံရမှုများသည် ဖြစ်လေ့ဖြစ်ထ တကယ့် အဖြစ်အပျက်များဖြစ်သည်။ ထိုအဖြစ်အပျက် အများစုသည့် ရွှေ့ပြောင်း အလုပ်သမား အမျိုးသားများအား လုပ်အားခေါင်းပုံဖြတ်ခံရသည့် လူကုန်ကူးမှု ၏ အဆိုးဝါးဆုံးသော အဖြစ်အပျက်များ ဖြစ်ကြသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ပြည်ပတွင် အထောက်အထားရှိ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများ၏ ဦးရေသည် သုံးသိန်းငါးသောင်းခန့်ရှိသည်။ သို့သော် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေက ပိုများဟန်ရှိသည်။ ကမ္ဘောဒီးယား နိုင်ငံရှိ လူငယ်လေးများသည် နှစ်စဉ်အလုပ် လုပ်ရန်အလုပ်ဈေးကွက်သို့ လူငယ်အလုပ် သမား ဦးရေနှစ်သိန်းခွဲမှ သုံးသိန်းထိရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အဖွဲ့က ခန့်မှန်းထားသည်။ အလုပ်အကိုင် ရှားပါးလာပါက ထိုလူငယ်များကို ပြည်ပတွင် အလုပ်အကိုင်ရှာဖွေရန် တွန်းအားတစ်ခု ဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူကုန်ကူးမှု အမျိုးအစားတွင်လည်း ထိုင်းငါးဖမ်း လှေများတွင် အဓမ္မစေခိုင်းရန် ရောင်းစားခံရသည့် အမျိုးအစားတစ်ခု အပါအဝင်ဖြစ်သည်။ ၂ဝ၁ဝခုနှစ် ဇွန်လ ၂၄ရက်နေ့က မြဝတီမြို့တွင် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံကာ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည့် မြန်မာ နိုင်ငံသား ကျား (၁၄)ဦး၊ မ(၁၇)ဦး စုစုပေါင်း (၃၁)ဦးအား လွှဲပြောင်းမှု ပြုလုပ်ခဲ့ကြရာ ထိုအထဲမှ ထိုင်းငါးဖမ်းလှေပေါ်မှ သားကောင် ဖြစ်ခဲ့ရမှုကို ပြောပြထားသည်။

ထိုသူသည် လွန်ခဲ့သောသုံးနှစ်ကျော်က သံဖြူဇရပ်၊ နတ်စမ်းရွာရှိ ဦးချစ်၏ ရာဘာခြံတွင် မိသားစုအလိုက် လုပ်ကိုင်နေထိုင်စား သောက်နေသူဖြစ်သည်။ ရာဘာဈေး ကျလာ သည့်အချိန်တွင် အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။ ထိုအခါ ၂ဝဝ၉ ခုနှစ် မေလခန့်တွင် သံဖြူ ဇရပ်မြို့၊ ကရုပ္ပိရွာနေ ဦးထိန်ဆိုသူမှ ထိုင်း နိုင်ငံဘက်တွင် ၄င်း၏တူမရှိသည်၊ အလုပ်အကိုင် ရှာဖွေပေးနိုင်သည်၊ အလုပ်အကိုင် ပေါများသည်၊ လေးလ အလုပ်လုပ်သည်နှင့် အကြွေးကျေနိုင်သည်၊ ငွေပြန်ပို့လိုလျှင်လည်း ၄င်းတူမမှစိုက်ပို့ပေးနိုင်သည် စသည့် စည်းရုံး မှုကို ယုံကြည်သဖြင့် ၄င်းအပါအဝင် အမျိုးသား (၁ဝ)ဦးသည် ထားဝယ်-ကော့သောင်း- ရနောင်းသို့ လိုက်ပါသွားခဲ့ကြသည်။

ရနောင်းဆိပ်ကမ်းတွင် ထိုင်းအမျိုးသမီး တစ်ဦးမှ အလုံပိတ်ကားဖြင့် ကျန်ဖော်သို့ ပို့ ဆောင်ပေးခဲ့သည်။ ထိုနေရာတွင် နှစ်ည အိပ်ပြီး ကတန်မြို့ရှိ JDP ငါးပိပါကင်ထုတ်ပိုး စက်ရုံသို့ပို့ဆောင်ပြန်သည်။ ၄င်းငါးပိရုံတွင် နှစ်ရက်နေပြီး လှေလိုက်ရတော့သည်။ ပင်လယ် ပြင်တွင် (၁၅)ရက်၊ ငါးပိရုံတွင် နှစ်ရက် အလုပ်လုပ်ကိုင်ကြရသည်။ လုပ်ရသည့် အလုပ် များသည် ငါးရွေး၊ ပိုက်ဖာနှင့် ရေခဲအုပ် စသည့်လုပ်ငန်းများလုပ်ကိုင်ရသည်။ ပထမလှေတွင် သုံးလခွဲလုပ်ကိုင်ရပြီး၊ နောက်လှေတစ်စီးသို့ပြောင်း၍နှစ်လလုပ်ကိုင်ရသည်။ ဖြစ်သလို စားသောက်ရပြီး အိပ်ချိန်တစ်နာရီခွဲခန့်သာ ရကြသည်။ ထိုကတန်မြို့ တွင် ငါးလခွဲခန့် လုပ်ကိုင်ခဲ့ရသော်လည်း လုပ်အားခလုံးဝမရခဲ့ပေ။

ငါးဖမ်းလှေဖြင့် ဆိပ်ကမ်းပြန်ရောက်သည့်အခါ အခန်းတစ်ခုတွင် နေရာ ချထားပေးပြီး အပြင်မှ သော့ခတ်ထားသည်။ ပင်လယ်ထွက်သည့် လှေမရှိသည့် အခါမျိုးတွင် ထိုအခန်း၌ တစ်လခန့်ထိ ကြာမြင့်စွာ သော့ခတ်ခံထားရသည်။ ၄င်းအပါအဝင် မြန်မာ အလုပ်သမား (၅ဝ)ဦးခန့် အတူနေရပြီး စောင်၊ ခေါင်းအုံးမရှိဘဲ၊ တစ်ဦးပေါ်တစ်ဦးထပ်၍ အိပ်စက် ကြရသည်။

ထိုသူ၏ ပြောပြချက်အရဆိုလျှင် လူကုန်ကူးမှုခံရသည့် အချက်များဖြစ်သော အလုပ်လက်မဲ့ ဖြစ်နေမှုအပေါ် အခွင့်အရေးယူကာ အလွဲသုံးစား ပြုလုပ်ခံရခြင်း၊ မက်လုံးပေး၍ စည်းရုံးခံရခြင်း၊ ခေါင်းပုံဖြတ်ရန် ကြံရွယ်ချက်ဖြင့် လိမ်ညာ ခေါ်ဆောင်ခံရခြင်း၊ ထိုင်းလှေပေါ်တွင် လစာမပေးဘဲ၊ လုပ်အားခေါင်းပုံဖြတ်ခံရသည့် အဖြစ်ကြုံတွေ့လာရခြင်းဖြစ်သည်။ လုပ်အား ခေါင်းပုံဖြတ်မှုတွင် လုပ်ခမပေးခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမား ကတိကဝတ် ပြုသည့် စာချုပ်စာတမ်းမရှိခြင်း၊ နာရီပေါင်းများစွာ အလုပ်လုပ်ရခြင်း၊ အလုပ်သမားများ၏ သွားလာရေး၊ နေထိုင်ရေး၊ လုပ်ငန်းစသည်တို့ကို အလုပ်ရှင်အပေါ် မှီတည်နေရခြင်း၊ စားကြွင်းစားကျန် လောက်သာ စားသောက်ရခြင်းနှင့် အဆင့်အတန်း အလွန်နိမ့်ကျလွန်းသည့် နေရာမျိုးတွင် နေရာချထားခံရခြင်းတို့ ပါဝင်သည်။

ထိုကဲ့သို့ ငါးဖမ်းလုပ်ငန်းမျိုး ထိုင်းနိုင်ငံ Samut Sakhon ပြည်နယ်တွင် ငါးဖမ်းလှေပေါ် အလုပ် လုပ်နေကြသည့် မြန်မာအလုပ်သမား ခန့်မှန်းခြေ နှစ်သိန်းခန့်ရှိရာ ထို သူများထဲမှ လူကုန်ကူးခံရသူ သို့မဟုတ် ခေတ်သစ်ကျေးကျွန် အဖြစ် ခိုင်းစေခံနေရသူ မည်ရွေ့မည်မျှ ရှိမည်ကို လေ့လာဆန်းစစ်ရန် လိုအပ်နေမည်ဖြစ်သည်။ ထို့အပြင် ထိုင်း ငါးဖမ်းလှေပေါ်ရှိ လှေသမားများ၏ လုပ်ငန်း သဘောသဘာဝကို ထောက်ရှုခြင်းအားဖြင့် လုပ်အားခေါင်းပုံဖြတ် ခံရမူနှင့် လူကုန်ကူးခြင်း ခံရမှုတို့၏ အမှန်တကယ် ဖြစ်ပွားနေမှု အတိုင်းအတာကို ထဲထဲဝင်ဝင်သိရှိရန် ခဲယဉ်းနေပေလိမ့်မည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်။)


နအဖ ရွေးကောက်ပွဲကို သတိထားရန် စာရေးဆရာ သန်းဝင်းလှိုင် ပြောကြား

ရဲရင့် / ၂၉ ဇူလိုင် ၂၀၁၀

မန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် အစီအစဉ်ဖြစ်သောကြောင့် အထူးသတိပြုသင့်သည်ဟု နာမည်ရ မြန်မာစာရေးဆရာတဦးဖြစ်သည့် သန်းဝင်းလှိုင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခုလဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် ဆရာသန်းဝင်းလှိုင်က “ဒီရွေးကောက်ပွဲက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒါကြောင့် ခွေးသားမစားပါနဲ့ ကျနော်ပြောတယ်။ အဲဒါကို စားချင်သပဆိုရင်လည်း စားကြပေါ့။ သူတို့ ချထားတဲ့ ဥပဒေစည်းကမ်းတွေဆိုတာကလည်း အပ်နဖါးပေါက်ထဲကို ကုလားအုတ်ဝင်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လုံးချင်းစာအုပ် (၃၀) ထုတ်ဝေခဲ့ပြီး နောက်ထပ်ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း အပါအ၀င် စာအုပ် (၁၅) အုပ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် မပြုတော့သည့်အပြင် စာရေးသူကိုပါ ပြန်လည်ဖမ်းဆီးမည့် အနေအထားများ ရှိသောကြောင့် လွတ်မြောက်နယ်မြေသို့ ထွက်လာခြင်းဖြစ်သည်ဟု ဆရာသန်းဝင်းလှိုင်က ပြောသည်။

၎င်းက “ထွက်လာတဲ့ ရည်ရွယ်ချက်ကတော့ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒါကြောင့် လွတ်မြောက်နယ်မြေမှာ ကျနော်လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက်ပြီး ဒီမိုကရေစီတိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေနဲ့ အကျိုးပြုလုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့ မရဘူး။ ထပ်လည်းအဖမ်းမခံချင်ဘူး။ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒါကြီးကို ကျမယ်မှန်းသိလျက်နဲ့ တိုးလိုက်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာ ကုန်ဆုံးသွားမယ်။ အပြင်မှာ တတ်နိုင်သလောက်လုပ်ရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာပါ” ဟု ပြောသည်။

စာရေးဆရာ သန်းဝင်းလှိုင်သည် ပြည်တွင်းတွင် ထုတ်ဝေခွင့်မရသည့် ဗိုလ်ချုပ်အကြောင်း စာအုပ် (၅) အုပ်အပါအ၀င် စာအုပ်ရေ (၁၅) အုပ်ကို လွတ်မြောက်နယ်မြေတွင် ပြည်သူအတွက် ပြန်လည်ထုတ်ဝေဖြန့်ချိသွားမည်ဟု ပြောသည်။

ဆရာရေးဆရာ သန်းဝင်းလှိုင်သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်းတွင် အနာဂတ်လွန်းပျံယာဉ်ဆောင်းပါး စတင်ရေးသားကာ စာပေနယ်ထဲသို့ ၀င်ရောက်ပြီး သုတ၊ ရသ၊ အားကစား ဆောင်းပါးပေါင်း (၅၀၀) ကျော်ကို မဂ္ဂဇင်းများတွင် ရေးသားခဲ့ပြီး လုံးချင်းစာအုပ် (၃၀) ကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်သည့် ဆရာသန်းဝင်းလှိုင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ၌ ထောင်အချုပ် (၁) လခွဲကျခံခဲ့ရပြီး ၂၀၀၀ ခုနှစ်တွင် “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများစာအုပ်” ကို စာအုပ်ထုတ်ဝေသူက ခွင့်ပြုချက်မရရှိဘဲ ထုတ်ဝေခဲ့သဖြင့် ထောင်ဒဏ် (၇) နှစ် ထပ်မံကျခံခဲ့ရသည်။

(ခေတ်ပြိုင်မှ ကူးယူဖေါ်ပြသည်။)

Thursday, July 29, 2010

အာဖဂန်စစ်ပွဲဆိုင်ရာ လျှို့ဝှက်ချက်များ Wikileaks ၀ဘ်ဆိုက်မှတဆင့် ပေါက်ကြား

US Air Force
ကာဂျစ္စတန်နိုင်ငံဘစ်ရှ်ကတ်ရှိ မာနာလေတပ်စခန်းမှတစ်ဆင့် အာဖဂန်သို့ ထွက်ခွာမည့် အမေရိကန်အမှတ် ၂၂ ခြေလျင်တပ်ရင်းမှ စစ်သားများ
အာဖဂန်စစ်ပွဲဆိုင်ရာ အမေရိကန်စစ်ဘက်၏ လျို့ဝှက် စာရွက်စာတမ်း ထောင်ပေါင်းများစွာမှာ WikiLeaks ၀က်ဘ်ဆိုက်မှ တစ်ဆင့် သတင်းစာများသို့ ပေါက်ကြားခဲ့ကြောင်း သိရသည်။ ယခု ပေါက်ကြားမှုသည် ဗီယက်နမ်စစ်ပွဲ လျို့ဝှက်သမိုင်း ကြောင်း ပေါက်ကြားခဲ့သည့် Pentagon Papers များ နောက်ပိုင်း အကြီးကျယ်ဆုံး စစ်ဘက်လျို့ဝှက် စာရွက်စာတမ်း ပေါက်ကြားမှုကြီး ဖြစ်ခဲ့သည်။စုံစမ်းဖော်ထုတ်ခဲ့သည့် WikiLeaks သည် ဗြိတိန်သတင်းစာ ဂါးဒီးယန်း၊ ဂျာမနီသတင်းစာ ဒါစပီးဂယ်၊ အမေရိကန်သတင်းစာ နယူးယောက်တိုင်းမ်တို့အား ယင်း အထောက်အထားများကို လအတန်ကြာ ကြိုတင်ရယူခွင့်ပြုခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် သုံးစောင်စလုံးက တစ်ပြိုင်နက် ဖော်ထုတ်ရေးသားခဲ့ ကြသည်။

ပါကစ္စတန်ထောက်လှမ်းရေး
ပါကစ္စတန်အစိုးရသည် အမေရိကန်၏ စစ်ရေးလုပ်ဆောင်မှုများတွင် ကူညီပေးနေသော်လည်း ပါကစ္စတန် စစ်ဘက်ထောက်လှမ်းရေးသည် တာလီဘန်တို့အတွက် နိုင်ငံတွင်းတွင် လုံခြုံစွာ နေနိုင်ရေး ကူညီပေးနေကြောင်း အစီရင်ခံစာများတွင် ပါရှိ လာခဲ့သည်။ အမေရိကန်ဗိုလ်ချုပ်ကြီး ဒေးဗစ်ပီထရော့ကလည်း ယခင်က အာဖဂန်စစ်ထောက်လှမ်းရေးနှင့် တာလီဘန်တို့အကြား အဆက်အသွယ်ရှိကြောင်း ထုတ်ဖော်ခဲ့ဖူးသည်။

တာလီဘန်တို့၏ ဒုံးကျည်များ
အစီရင်ခံစာများထဲတွင် အံ့အားသင့်စရာ အကောင်းဆုံးဖြစ်ခဲ့သည့် အချက်မှာ တာလီဘန်တို့သည် နေတိုး၏ တိုက်လေယာဉ်များကို တိုက်ခိုက်နိုင်မည့် ဒုံးကျည်များ ရှိနေသည်ဆိုခြင်းပင် ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်တပ်များကို တိုက် ခိုက်ရန် အမေရိကန်က အာဖဂန် တိုက်ခိုက်ရေးသမားများကို ပံ့ပိုးပေးခဲ့ဖူးသော လက်နက်များနှင့် အလားတူ ဖြစ်သည်။ တာလီဘန်တို့တွင် ယင်း လက်နက်မျိုး ပိုင်ဆိုင်ထားကြောင်း အမေရိကန်စစ်ဘက်က ယခင်က ထုတ်ပြန်ပေးခဲ့ခြင်း မရှိဖူးပေ။

၂၀၀၄ ဇန်န၀ါရီမှ ၂၀၀၉ ခုနှစ် နှစ်ကုန်အထိ ကာလအတွင်းရှိ စာရွက်စာတမ်း၊ အစီရင်ခံစာ ၉၁၀၀၀ ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း WikiLeaks က ထုတ်ပြန်ခဲ့သည်။

Afghanistan

ဘင်လာဒင်လှုပ်ရှားမှုများ
၂၀၀၃ ခုနှစ်ကတည်းက အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်နှင့် ပတ်သက်သည့် သတင်းများ မရရှိတော့ကြောင်း စီအိုင်အေ အကြီးအကဲက ပြောကြားထားခဲ့သော်လည်း ပေါက်ကြားခဲ့သည့် အစီရင်ခံစာအရ ဘင်လာဒင် လှုပ်ရှားနေမှု သတင်းများကို ၂၀၀၄ မှ ၂၀၀၉ ခုနှစ်အတွင်းတွင်လည်း ဆက်လက်ရရှိနေဆဲဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။

တာလီဘန်တို့ကို လေ့ကျင့်ပေးနေသော အီရန်
အီရန်သည် အိမ်နီးချင်း အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့ကို ငွေကြေး၊ လက်နက်နှင့် လေ့ကျင့်ရေး အကူအညီများ ထောက်ပံ့ပေးနေပြီး အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များကို ဆန့်ကျင်မှုအား ကူညီနေကြောင်း အစီရင်ခံစာများတွင် ပါရှိခဲ့သည်။

၂၀၀၉ ခုနှစ် မတ်လရက်စွဲ တပ်ထားသော အထောက်အထားတစ်ခုတွင် အာဖဂန်နှင့် တာလီဘန် ၁၀၀ ကျော်သည် အသေခံတိုက်ခိုက်မှုများ ဆောင်ရွက်ရန်အတွက် အာဖဂန်နစ္စတန်သို့ အီရန်မှ သွားရောက်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာများက ပြောကြားခဲ့သည်။

အခြား အစီရင်ခံစာများတွင် အထူးစစ်ဆင်ရေး တပ်ဖွဲ့များ၏ တာလီဘန်တပ်မှူးများကို ရှာဖွေနှိမ်နင်းရေး လုပ်ငန်းများအကြောင်း ပါရှိခဲ့သည်။ အစီရင်ခံစာများထဲတွင် အမေရိကန်၏ လူမဲ့လေယာဉ်များ ပျက်ကျ၊ တိမ်းမှောက်မှုများ ရှိခဲ့ခြင်း ကိုလည်း ဖော်ပြထားပြီး လူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများ အောင်မြင်မှုသာ ထင်ရှားနေခဲ့ခြင်း၏ နောက်ကွယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။

WikiLeaks သည် နိုင်ငံများ၏ လျို့ဝှက်ချက်များကို ထုတ်ဖော်သည့် ကွန်ရက်အခြေစိုက် အဖွဲ့တစ်ခုဖြစ်သည်။ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က သတင်းပေါက်ကြားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သမ္မတအိုဘားမား၏ ပြန်ကြားရေး အတွင်းဝန် ရောဘတ်ဂစ်ဘ်က WikiLeaks ၀က်ဘ်ဆိုက်မှ ထွက်ပေါ်လာသော အချက်အလက်များသည် အမေရိကန်တပ်များ အတွက် အလွန်အန္တရာယ်ကြီးကြောင်း၊ အမည်များ၊ စစ်ဆင်ရေး အသေးစိတ်များနှင့် အခြားသတင်း အချက်အလက်များ တိတိကျကျ ထွက်ပေါ်ခဲ့ခြင်းမှာ အမေရိကန်တပ်များအတွက် အထူးအန္တရာယ်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

(ထပ်ဆင့်ကူးယူဖေါ်ပြသည်)

Wednesday, July 28, 2010

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း Pak Ui-Chun သည် မြန်မာနိုင်ငံသို့ လေးရက်ကြာခရီးစဉ်အဖြစ် မနက်ဖြန်တွင် စတင်၍ သွားရောက် လည်ပတ်မှာ ဖြစ်သည်။

ဟနွိုင်းတွင် ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး တက်ရောက်နေသော မစ္စတာ ပတ်ဝေ့ချွန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်သို့ ကြာသပတေးနေ့ နံနက်တွင် ထိုင်းလေကြောင်းလိုင်းဖြင့် ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်သို့လည်း သွားမှာဖြစ်သည်။

နေပြည်တော် သတင်းရပ်ကွက်က မြောက်ကိုရီးယား ဝန်ကြီးသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံမည်ဟု အတည်ပြုပြောသည်။ အတည် မပြုနိုင်သေးသော်လည်း သီးခြားသတင်းရပ်ကွက် တခုက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပါ လက်ခံတွေ့ဆုံဖွယ် ရှိသည်ဟု ပြောသည်။

ခရီးစဉ်က မြန်မာနိုင်ငံနှင့် သံတမန် အဆက်သွယ် ပြန်လည် ထူထောင်ပြီး ၃ နှစ်အကြာတွင် မြောက်ကိုရီးယား နိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ပထမအကြိမ် လည်ပတ်မှု ဖြစ်လာပါလိမ့်မည်။

တောင်ကိုရီးယား သမတ ချန်ဒူးဝှမ် ခေါင်းဆောင်သော ဧည့်သည်တော်များအား ရန်ကုန်မြို့ အာဇာနည် ကုန်းတွင် ဗုံးခွဲတိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်မှုဖြင့် ၁၉၈၃ ခုနှစ်တွင် မြန်မာက သံတမန် အဆက်သွယ် ဖြတ်တောက်ခဲ့သည်။ ဗုံးကြောင့် တောင်ကိုရီးယား ဝန်ကြီးများ အပါအဝင် လူ ၂၁ ဦး သေဆုံးခဲ့ရသည်။ သို့သော် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူခြင်းခံရသော ဘဝတူ နှစ်နိုင်ငံမှာ ၁၉၉၉ ခုနှစ်တွင် နှစ်နိုင်ငံ တိတ်တဆိတ် ဆက်သွယ်မှုများ ပြန်လည်ပြုလုပ်ပြီး မြောက်ကိုရီးယားမှာ မြန်မာစစ်တပ်အတွက် လက်နက် ရောင်းချခြင်းနှင့် နည်းပညာ အကူအညီပေးမှုများ ပေးနေသော နိုင်ငံတခုလည်း ဖြစ်လာသည်။

မြန်မာနိုင်ငံသည် နူကလီးယား လက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး မြောက်ကိုရီးယား၏ စစ်ဘက် အထောက်အပံ့များနှင့် ပတ်သက်၍ မြန်မာ့ ဒီမိုကရေစီအရေးကို ထောက်ပံ့နေသော နိုင်ငံတခုဖြစ်သည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီရိုဒမ် ကလင်တန်က လွန်ခဲ့သည့် သီတင်းပတ်တွင်းက ဗီယက်နမ်တွင် ပြုလုပ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း ဒေသဆိုင်ရာဖိုရမ် ARF အစည်းအဝေးတွင် ပြောကြားသွားသည်။

”မြောက်ကိုရီးယားကနေ နူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီးရအောင် မြန်မာက အထောက်အပံ့ ရှာဖွေကောင်း ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကျမတို့မှာ ဆက်ပြီး စိုးရိမ်နေရတယ်” ဟု ကလင်တန်က ပြောသွားခဲ့သည်။

မြောက်ကိုရီးယား ဝန်ကြီးသည် ရန်ကုန်ရှိ ရွှေတိဂုံဘုရား၊ အမျိုးသားပြတိုက်တို့ကို နေပြည်တော်သို့ ၃ဝ ရက်နေ့တွင် မသွားရောက်မှီ သွားရောက် လည်ပတ်မှာဖြစ်ကာ သြဂုတ် ၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်သည်။ လာအိုနှင့် အင်ဒိုနီးရှားတို့ကို ဆက်လက် သွားရောက် လည်ပတ်ပါလိမ့်မည်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှာ ဖြစ်သည်။

ယခုအချိန်သည် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၏ ဆက်ဆံရေး တင်းမာမှု မြင့်မားနေချိန်လည်း ဖြစ်သည်။ မတ်လအတွင်းက တောင်ကိုရီးယား စစ်သင်္ဘောတစင်း တော်ပီဒိုထိမှန် နစ်မြုပ်၍ လူ ၄၆ ဦး သေဆုံးခဲ့ရာ မြောက်ကိုရီးယား၏ လက်ချက်ဟု နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

(Mizzima သတင်းဌာနမှ ကူးယူဖေါ်ပြသည်။)