Wednesday, September 24, 2008

စစ်အစိုးရ၏ကစားကွက်

ဆရာကြီးဦးဝင်းတင် အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရ၍ အလွန်ဝမ်းသာမိပါသည်။ အားလည်းတက်မိပါသည်။

လူလောက၏အကြီးဆုံးပြစ်မှုဖြစ်သော လူသတ်မှုသည်ပင် ထောင်ဒဏ်(၁၀)နှစ် ကျလျှင် လျော့ရက်ခံစားခွင့်ရပြီး ထောင်တွင်း နေရက် (၆)နှစ်၊(၈)လ ဆိုလျှင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။
ယခုမှာ ခိုး၊ ဆိုး၊ လု၊ နှိုက် လည်းမဟုတ်၊ မူးယစ် ရမ်းကားလည်းမဟုတ်၊ မည်သည့် ရာဇ၀တ်မှုမျှ ကျူးလွန်မှု မရှိပါပဲလျက် မြန်မာနိုင်ငံ၏ တိုးတက် သာယာ ငြိမ်းချမ်းမှုကို ရှေ့ရှု၍ လခမယူ၊ ရာထူးမမက်ပဲ ကိုယ့်ထမင်း ကိုယ်စားကာ ကိုယ်ကျိုးစွန့်ဆောင်ရွက်သော သူများကို လူသတ်မှု (၄)မှု ကျုးလွန်ခဲ့သည့်အလား ထောင်ထဲတွင် နှစ်ရှည်လများ မတရား ချုပ်နှောင်ဖမ်းဆီးထားခြင်းမှာ လူ့အခွင့်အရေးအား အကြီးအကျယ်ချိုးဖောက်သည့် လက်ခံနိုင်ဖွယ်ရာမရှိသည့် စစ်အစိုးရ၏ ရာဇ၀တ်လုပ်ရပ် တစ်ခုပင်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ စာရင်းအရ သိရှိရသည်မှာ ၂၀၀၈ ခုနှစ် တစ်နှစ်တည်းတွင်ပင်လျှင် (ဇန်န၀ါရီလ မှ စက်တင်ဘာလ အတွင်း) စစ်အစိုးရမှ ဖမ်းဆီးခဲ့သည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၃၂၃)ယောက် ရှိသည်။ ယခု ပြန်လွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ မပြောပလောက်အောင် အလွန်အမင်း နည်းပါးလွန်း လှသည်။ နိုင်ငံ့အရေး ဆောင်ရွက်သူများအား ဖမ်းဆီးရာတွင် တရစပ် ကြမ်းရမ်းသလောက် ပြန်လွှတ်ပေးရာတွင် ကျောက်ခဲ ရေညှစ်သကဲ့သို့ ဖြစ်နေသောအခြေအနေကို ကြည့်လျှင် စစ်အစိုးရသည် ရှေ့သို့(၂)လှမ်းတိုး နောက်ကို (၁)လှမ်းပြန်ဆုတ်၊ ကိုယ့်အတွက် ခြေ(၁)လှမ်းကျန်သည်ဟူသော မူအစား ရှေ့ကို ၁၀၀% တိုး၊ နောက်ကို ၁% ပြန်ဆုတ် ဟူသော မူရေချိန် အရှိန်မြှင့်တက်လုပ်ဆောင်လာသည်ကို တွေ့ရှိရပေသည်။

အကျဉ်းထောင်ထဲတွင် နေထိုင်ရစဉ်ကာလအတွင်း၌လည်း နိုင်ငံရေးအကျဉ်းသားများသည် ရာဇ၀တ်မှုကျူးလွန်သူများ(ခိုး၊ ဆိုး၊ နှိုက်၊ လုယက်၊ လူသတ်၊ မုဒိန်းသမားများ) နှင့် မတူသည့်အချက်မှာ ထောင်အာဏာပိုင်များ၏ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ပြုမူခံရခြင်းပင် ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသောအခါတွင်လည်း ပြည်သူများနှင့် မပတ်သက်အောင် ၊ လူ့အသိုင်းအ၀ိုင်းမှ ဖယ်ကျဉ် ၊ ထုတ်ပယ်ထားခြင်းခံရအောင်၊ လူတောမတိုး၊ လူညွန့်တုံးအောင် ပြည်သူလူထုအား အာဏာဖြင့် ခြိမ်းခြောက်ထားခြင်း၊ စီးပွားရေးလုပ်ငန်းများ ပိတ်ပင်ထားခြင်း၊ ဘယ်သွားဘယ်လာသည်ကအစ စောင့်ကြည့်ထားခြင်း၊ အလုပ်အကိုင် မရအောင် လုပ်ငန်းရှင်များအား ဖိအားပေးခြင်း၊ ထမင်းပင် နပ်မှန်အောင် စား၍မရလောက်အောင် အကြပ်အတည်းဖြစ်အောင် ဖန်တီးထားခြင်း ......................စသည်တို့နှင့် ရင်ဆိုင်ကြုံတွေ့ရပြန်သည်။

ယခုထောင်ထဲတွင် အနှစ်နှစ်ဆယ်မျှ မတရားဖမ်းဆီးထားခြင်း ခံခဲ့ရသော ဆရာကြီးဦးဝင်းတင် ပြန်လည်လွတ်မြောက်လာ ကြောင်းသိရ၍ အလွန်ဝမ်းသာ ကိုယ်ချင်းစာမိပါသည်။ ထို့အတူ စစ်အစိုးရ၏ လုပ်ကွက်ကိုလည်း မကျေမနပ် ဖြစ်မိသည်။

စစ်အစိုးရသည် သူ၏ထက်အောက်စီးဆင်းသော ဒေါင်လိုက်အုပ်ချုပ်ရေးပုံစံအတွက် အတိုက်အခံကို အမြဲမွေးကာ လုပ်စားနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အတိုက်အခံကို တိုင်းပြည်၏ရန်သူ ၊ အဖျက်သမား ဆိုပြီး လက်ညှိုးထိုးကာ အမိန့်ကို အထက်မှ အောက်သို့ စီးဆင်းစေပြီး ၎င်း၏ အာဏာခိုင်မြဲအောင်အတွက် လုပ်ဆောင်နေခဲ့သည်။ အောက်မှ လူများမှလည်း အထက်အမိန့်လိုလို၊ တိုင်းပြည်ရဲ့ တကယ့် ကြီးလေးသည့် တာဝန်ကြီးတစ်ရပ်ကိုပဲ ထမ်းဆောင်နေရသလိုမျိုးနဲ့ မောင်သန်းရွှေ ညာခိုင်းသမျှ အဟုတ်ထင်နေပြန်သည်။ ခေါ်ရင်ထူး၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား၊ ခပ်တည်တည်နေ ဆိုပြီး ၀န်ထမ်းများ၏ နေထိုင်နည်းကိုပါ သင်ပေးလိုက်သေးသည်။

အတိုက်အခံရှိမှ အုပ်ချုပ်မှုယန္တရား ပိုမိုကောင်းသည်။ အတိုက်အခံမရှိလျှင် စစ်တပ်ခေါင်းဆောင်များအချင်းချင်း ရန်ရှာ၊ နေရာလုနိုင်သည်။ ထို့ကြောင့် စစ်အစိုးရသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အချိန်ကာလ တစ်ခု၌ လူထုပါလာခါနီးတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦး ကို ပြန်လည် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ စစ်အစိုးရသည် သူ့အတွက် အတိုက်အခံမရှိသောအခါ ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်များ ကို ပြန်လွှတ်ပေး လိုက်သည်။ သူတို့ကိုလည်း ခဏကပြအသုံးတော်ခံခိုင်းခဲ့ပြီး စစ်အစိုးရအတွက် အန္တရာယ်ရှိသည့်အချိန်ကာလ တစ်ခုသို့ ရောက်သောအခါ ထောင်ထဲသို့ ပုဒ်မမျိုးစုံ တပ်ပြီး ပြန်ထည့်လိုက်ပြန်သည်။ ယခုအခါ ဦးဝင်းတင်ကို ထုတ်ရှိုးလိုက်ပြန်ပါပြီ။ စစ်အစိုးရသည် အချိန်ကာလတစ်ခုတော့ ဦးဝင်းတင်ကို ပေးချေအုံးတော့မည်။

စစ်အစိုးရအား စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်နေသည်ဟု ပြော၍ ရနိုင်မည့် ပထမဦးဆုံးခြေလှမ်းမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးခြင်းပင် ဖြစ်ပါသည်။ ဤသို့မဟုတ်လျှင် စစ်အစိုးရသည် ၄င်း၏အာဏာခိုင်မြဲရေးအတွက် အတိုက်အခံများကို သူ့ကစားကွက်တွင် ထုတ်ကစားနေသည်ဟုသာ မှတ်ရမည်ဖြစ်ပါကြောင်း။

မောင်ပွကြီး

(စကားချပ်။ ။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေးရန် တစိုက်မတ်မတ် တောင်းဆိုသော လှုပ်ရှားမှုများကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် မြင်တွေ့ ၊ ကြားသိရပါသည်။ ၀မ်းသာထောက်ခံပါသည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရသော ကိုယ်ကျိုးစွန့်သူရဲကောင်း နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေ။)

No comments: