Monday, September 22, 2008

ဖလားဝါး ဂျာနယ် သတင်းထောက်ချုပ်ကို အင်းစိန်ပို့

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ စက်တင်ဘာလ 21 2008 15:16 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ အာဏာပိုင်များ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ၂ ပတ်ကြာ ထိမ်းသိမ်းထားသည့် ဖလားဝါးနယူးစ် ဂျာနယ်မှ သတင်းထောက်ချုပ် ကိုစောမြင့်သန်း အား အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အမှုဖွင့် တရားစွဲဆိုခံထားသည့် သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား ကျောက်တံတားမြို့နယ် တရားရုံးတွင် အင်္ဂါနေ့က ရုံးထုတ်စစ်ဆေးပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ် သတင်းဂျာနယ်မှ သတင်းထောက်တဦးက မဇ္ဈိမကို ယခုလိုပြောသည်။

"သူ့အမှု ပြီးသွားပြီ။ လွတ်လာပြီလို့ ကြားတယ်။ အပြင်မှာလည်း မတွေ့ရဘူး။ သူ့ရုံးက လူတွေလည်း မေးလို့မရတော့ ဟုတ်မဟုတ် သိရအောင် ရဲစခန်းသွားပြီး တွေ့ခွင့်တောင်းတော့ မရှိဘူး၊ ထုတ်ပြီး ထောင်ပို့လိုက်ပြီလို့ ပြောမှ သိရတာ" သူကပြောသည်။

သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား စက်တင်ဘာ (၁) ရက်နေ့တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်အေးက အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄(ဃ)၊ ပြည်ပ တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့ဖြင့် ပုဒ်မတပ်ကာ ကျောက်တံတား ရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

ယခုလို ကိုစောမြင့်သန်း အမှုအား ကျောက်တံတားမြို့နယ် တရားရုံးမှ အမှုကြားနာ စစ်ဆေးခြင်းနှင့် အင်းစိန်ထောင် ပို့လိုက်ခြင်းအပေါ် အသေးစိတ် သိနိုင်ရန်နှင့် အတည်ပြုချက် ရယူရန် ဖလားဝါးနယူးစ် ဂျာနယ်တိုက်အား မဇ္ဈိမမှ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ခံ အယ်ဒီတာမှ အခြေအနေအရ မဖြေဆိုနိုင်သေးကြောင်း ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် နေထိုင်သူ ကားပွဲစား တဦးနှင့် သူ၏ဇနီးတို့ အသတ်ခံခဲ့ရသည်။

သင်္ကန်းကျွန်းမြို့နယ် ၂ လောင်းပြိုင် လူသတ်မှု သတင်းကို ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သည့်အတွက် ဟုဆိုကာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ကိုစောမြင့်သန်းအား ခေါ်ယူစစ်ဆေး ကြိမ်းမောင်းခဲ့သည့်သတင်း ပြည်ပ သတင်းဌာနတခုဖြစ်သည့် ဧရာဝတီ အင်တာနက် သတင်းတွင် ဖော်ပြခဲ့သည့် နောက်ပိုင်း ယခုလို အဖမ်းခံရခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်ဂျာနယ် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

No comments: