|
ဇာနည် |
ကြာသပတေးနေ့၊ စက်တင်ဘာလ 18 2008 13:54 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ ဥရောပသမဂ္ဂ၏ ဆခရော့ဗ် (Sakharov) ဆုရပုဂ္ဂိုလ် ၁၁ ဦးက မြန်မာနိုင်ငံမှ ဆခရော့ဗ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အခြား နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၂ ဆတိုး၍ ကြိုးပမ်းပါရန် ဥရောပ အာဏာပိုင်များကို အင်္ဂါနေ့က တောင်းဆိုလိုက်ကြသည်။ လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော်ကြာမျှ အထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အတွက် မြန်မာ စစ်အစိုးရကို ဖိအားပေးပါရန် တရားဝင် ပုံမှန်ဖွဲ့စည်းထားခြင်း မဟုတ်သည့် ကွန်ရက် တရပ်ဖြစ်သော အဆိုပါ ဆခရော့ဗ်ဆုရှင် ၁၁ ဦးက ဥရောပသမဂ္ဂအား အင်္ဂါနေ့က ပန်ကြား တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။ ဤကွန်ရက်ကို ကိုယ်စားပြုနေသည့် နယ်စည်းမထား သတင်းထောက်များအဖွဲ့ (RSF) မှ Olivier Basille က “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာ စစ်အစိုးရကို တိုက်တွန်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဥရောပသမဂ္ဂကိုလည်း ဒီကိစ္စအတွက် ပိုမိုကြိုးပမ်း ဆောင်ရွက်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။ ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်များ အုပ်စိုးနေသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး အတွက် တွေဝေခြင်း မရှိသော စိတ်ပိုင်းဖြတ်မှုဖြင့် ကြိုးပန်း ဆောင်ရွက်နေသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသမဂ္ဂက ၁၉၉ဝ ခုနှစ်က ဆခရော့ဗ်ဆု ချီးမြှင့်ခဲ့သည်။ “ဆခရော့ဗ် ဆုရှင်တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော်တို့ တခုခုလုပ်ဖို့ လိုပါတယ်။ သတင်းစာ ဆရာတယောက်ဖြစ်တဲ့ ဦးဝင်းတင် အပါအဝင် အခြားနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက်လည်း ကျနော်တို့ တတ်နိုင်သမျှ လုပ်ပေးဖို့လိုပါတယ်” ဟု Basille က ဆက်လက်ပြောသည်။ အခြား ဆခရော့ဗ်ဆုရှင် အဖွဲ့ဖြစ်သော Basille ၏ RSF အဖွဲ့ကလည်း ဤပန်ကြားချက်တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။ ဤပန်ကြားချက်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဥရောပသမဂ္ဂကို တိုက်တွန်းသည့် ပထမခြေလှမ်းတရပ် ဖြစ်သည်ဟုလည်း သူကပြောသည်။ “ဒီပန်ကြားချက်ကနေတဆင့် သူမနဲ့ အခြား အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို ပိုမိုဖိအား ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” Basille က ပြောသည်။ ထိုအတောအတွင်း ထိန်းသိမ်းခံ နိုဘယ်ဆုရှင်သည် တလနီးပါး အစားအသောက်များ လက်မခံဘဲ နေခဲ့ရာမှ ပေးပို့သော ဈေးခြင်းကို တနင်္လာနေ့က ပြန်လည် လက်ခံခဲ့သည်ဟုလည်း သိရသည်။ သူမ၏ တောင်းဆိုချက်များကို အစိုးရက လိုက်လျောခွင့်ပြုရန် ဆန္ဒပြသည့် အနေဖြင့် ဤသို့ဈေးခြင်းကို လက်မခံဘဲ နေခဲ့ခြင်းဖြစ်သည်။ မိသားစုထံမှ စာများလက်ခံခွင့်၊ နိုင်ငံခြား မဂ္ဂဇင်းများ ဖတ်ရှုခွင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက် တစိတ်တပိုင်းကို စစ်အစိုးရက ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းဖြင့် သူမပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အင်္ဂါနေ့က ပြောဆိုသွားခဲ့သည်။ ထို့ပြင် ဤလိုက်လျောမှုတွင် သူမ၏ မိသားစုဆရာဝန်ကို လစဉ်လာရောက် စစ်ဆေးကြည့်ရှုခွင့်နှင့် သူမအား စောင့်ရှောက်နေသော ဒေါ်ခင်ခင်ဝင်းနှင့် သူမ၏သမီး မဝင်းပပ တို့၏ သွားလာ လှုပ်ရှားမှုအပေါ် ထားရှိသည့် ကန့်သတ်ချက်များ လျှော့ပေါ့ပေးရေးလည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ကိုဦးဆောင်ကာ ၁၉၉ဝ ခုနှစ်တွင် ကျင်းပသည့် ပါလီမန် ရွေးကောက်ပွဲတွင်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ ယခုအခါ စစ်အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို အကောင်အထည်ဖေါ် ဆောင်ရွက်နေပြီဟု ပြောဆိုထားသည်။ ဆခရော့ဗ်ဆု ကိုဥရောပသမဂ္ဂက ၁၉၈၈ ခုနှစ်ကတဲက လူ့အခွင့်အရေးနှင့် လွတ်လပ်ရေးကို ကာကွယ်သူ၊ ဖိနှိပ်မှုနှင့် မတရားမှုများကို တိုက်ပွဲဝင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို နှစ်စဉ် ချီးမြှင့်လာခဲ့သည်။ ဤဆုသည် ဆိုဗီယက် သိပ္ပံပညာရှင်နှင့် အတိုက်အခံ အန်ဒရေဆခရော့ဗ် (Andrei Sakharov) ကို ဂုဏ်ပြု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ဤဆုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၁၉၄၈ ခုနှစ် လူ့အခွင့်အရေး ကြေငြာစာတမ်း ကြီးကို အတည်ပြု လက်ခံခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် နှစ်စဉ် ပေးအပ်ချီးမြှင့်ခဲ့သည်။ ဤနေ့ကို လူ့အခွင့်အရေးနေ့အဖြစ်လည်း သတ်မှတ် ကျင်းပကြသည်။ |
No comments:
Post a Comment