Monday, September 29, 2008

စာပေစိစစ်ရေးစည်းကမ်းသစ်ကြောင့် ပြည်တွင်းဂျာနယ်တွေ ပိုအခက်တွေ့

NEJ/ ၂၉ စက်တင်ဘာ ၂၀၀၈။ ။

ပြည်တွင်းသတင်း ဂျာနယ်များကို စာပေစိစစ်ရေးက ပိုတင်းကျပ်သော စည်းကမ်းများ ထုတ်ပြန်ကာ ပိုမိုတင်းကျပ်မှုများ လုပ်လာကြောင်း သိရသည်။

“သတင်းတွေ ရေးတဲ့ အခါ စာပေစိစစ်ရေးကို တင်တဲ့အတိုင်းပဲ အချော ထုတ်တဲ့အခါ ပါရမယ်၊ တင်တာတမျိုး၊ ထုတ်ဝေတာတမျိုးတော့ လုပ်လို့ မရဘူး။ ပုံနှိပ်စက်ကိုထိ ချိတ်ပိတ်မယ်၊ ထုတ်ဝေခွင့်ကိုလည်း ပိတ်မယ်။ ရာသက်ပန်ထိ အရေးယူမယ်ဆိုတာတွေ ပါလာတယ်ဗျ” ဟု သတင်းအယ်ဒီတာ တဦးက ပြောသည်။

အရေးယူမည့် အချက် (၁၀) ချက်နှင့် အရေးယူမည့်နည်းလမ်းများကိုပါ စာပေစိစစ်ရေးက ထုတ်ပြန်လာကြောင်း ၎င်းကပြောသည်။

ဓါတ်ပုံ၊ ပန်းချီ၊ သတင်း၊ ဆောင်းပါး၊ ၀တ္တု၊ ကဗျာနှင့် မည်သို့သောစာမူမျိုးကိုမဆို စာမူကြမ်းတွင် ဖော်ပြထားသည့်စာသား၊ စာကြောင်း၊ စာပိုဒ်များအပြင် အချောဖြန့်ချိရာတွင် အပိုထပ်မံဖြည့်စွက် ဖော်ပြလာပါက အရေးယူမည်ဟုလည်း စည်းကမ်းများတွင်ပါရှိသည်။

“သတင်းဆိုတာမျိုးက ဂျာနယ် အချင်းချင်း ဦးချင်တာတွေ ပါတယ်ဗျာ၊ နောက်ဆက်တွဲတင်တဲ့ အချိန်နဲ့ ဂျာနယ်ထွက်ရက်ကို တိုက်ထားလို့ မရဘူး၊ သူဦးရင် ဦးမှာပဲ၊ ကိုယ်ဦးရင် ဦးမှာပဲ၊ တခါ တခါမှာ မှားတဲ့ဂျာနယ်တွေလည်း ပါနိုင်တာပဲ။ အခုလို စည်းကမ်း အမိန့်တွေ ထုတ်လိုက်တဲ့အတွက် ဂျာနယ်သမားတွေ ဒုက္ခရောက်နိုင်တယ်”ဟု သတင်းဂျာနယ်တခုမှ တာဝန်ခံအယ်ဒီတာတဦးက ပြောသည်။

စာပေစိစစ်ရေးက မျက်စိကျနေသည့် ဂျာနယ်များမှာ 7day ၊ အက်ရှင်တိုင်းမ် ၊ voice ၊ true news နှင့် weekly eleven ဂျာနယ်တို့ ဖြစ်ကြောင်း စာပေစိစစ်ရေး အသိုင်းအ၀ိုင်းမှ သိရသည်။

“အဲဒီဂျာနယ်တွေက စာပေစိစစ်ရေးမကျခင် ကြိုထွက်တဲ့အခါ စာပေစိစစ်ရေးက မချပေးတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ ပါသွားတယ်၊ စာပေစိစစ်ရေးရဲ့မူကို မလိုက်နာဘူးလို့ လူကြီးတွေ က မျက်စိကျနေတာ။ ဥပမာပြောရရင် 7day မှာ စက်မှုဇုန်တွေက WCDMA တယ်လီဖုန်းတွေ ချပေးမယ့်သတင်းကို စာပေစိစစ်ရေးက ဖြုတ်ခိုင်းတယ်။ ဒါပေမယ့် ဂျာနယ်က ထွက်နေပြီ၊ နယ်တွေမှာ ပြန့်နေပြီ၊့ လိုက်သိမ်းလို့လည်းမရတော့ဘူး။ ဒါမျိုးတွေက 7day ဂျာနယ်တင် မကပါဘူး” ဟု 7day ဂျာနယ်နှင့်နီးစပ်သူတဦးက ပြောပြသည်။

ပြည်တွင်း သတင်းဂျာနယ်များတွင် သတင်းဖော်ပြခွင့် ရရှိစေရန် ပြည်တွင်း သတင်းထောက်များအနေဖြင့် မိမိတို့သတင်းအား ခိုင်မာမှုရှိစေရန် သတင်းဆို့စ်များထံမှ ထောက်ခံပေးနိုင်မည့် အနေအထားမျိုး ရရှိစေရန် ဆောင်ရွက်ထားသင့်ကြောင်း ၀ါရင့်သတင်းထောက်တဦးက ပြောသည်။

“မကြာခင်ကပဲ သတင်းထောက်ချုပ်တယောက် အဖမ်းခံရတယ်၊ သတင်းဆို့စ်ကို မပြောပြလို့ အဓိက ဖြစ်ရတာလို့ သိရတယ်၊ ပြဿနာစတာလည်း သတင်းထောက်က သတင်းဆို့စ်ကို ပြောလို့မရတဲ့ သတင်းထောက်ကျင့်ဝတ်ကြောင့်ပဲ၊ ဒါပေမယ့် ကျင့်ဝတ်က ကိုယ့်အတွက်တော့ မလုံခြုံဘူးပေါ့။ သတ္တိရှိဖို့တော့ ပိုလိုလာပြီ၊ သတင်းသမားတွေကို အစိုးရက မျက်လုံးဒေါက်ထောက်ကြည့်နေပြီဆိုတာ သတိထားရမယ့် အခြေအနေကိုရောက်နေပြီ” ဟု ၀ါရင့်သတင်းထောက်တဦးက ပြောသည်။

စည်းကမ်းများတွင် ဖြုတ်ခိုင်းထားသည့် သတင်း၊ ဆောင်းပါးကိုသိလျက်နှင့် နောင်မူကြမ်းများတွင် ထပ်မံထည့်သွင်းဖော်ပြလာခြင်း၊ မျက်နှာဖုံး Layout အား တင်ပြခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ မိမိသဘောဖြင့်မိမိပြောင်းလဲ ပုံနှိပ်ခြင်း၊
အထွေထွေစာမူများ၌ စာမူအချောတင်ပြရာတွင် ခွင့်မပြုသောပုံ၊ စာသားများပိတ်၍ တင်ပြခြင်း စသည်တို့ကိုလည်း အရေးယူမည်ဟု ပါရှိသည်။

စည်းကမ်းချက်များကို မလိုက်နာပါက ထုတ်ဝေခွင့်ကို ယာယီရပ်ဆိုင်းခြင်း၊ လိုအပ်ပါကပုံနှိပ်စက်ကို ချိတ်ပိတ်သိမ်းဆည်းခြင်း၊ ထုတ်ဝေခွင့်ကို အမြဲတမ်းပိတ်သိမ်းခြင်းစသဖြင့် အရေးယူဆောင်ရွက်မည်ဟုလည်း ပါရှိသည်။

No comments: