Friday, September 19, 2008

လူ့အခွင့်အရေးကာကွယ်ဆုရှင် (အင်တာဗျူး)

ထွန်းထွန်း
ကြာသပတေးနေ့၊ စက်တင်ဘာလ 18 2008 16:50 - မြန်မာစံတော်ချိန်

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ချီးမြှင့်သော လူ့အခွင့်အရေး ကာကွယ်သူဆု ရရှိခဲ့သူ ကိုဘိုကြည်သည် ၁၉၈၈ လူထုအုံကြွမှုမှ နိုင်ငံရေး လောကတွင်း ၀င်ရောက်လာပြီး စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ တတိယအကြိမ် ဖမ်းဆီးခံရမည့်ဆဲဆဲတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) ကို တည်ထောင်ရာတွင် ဦးဆောင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အဖြေတခုမဟုတ်ဟု ယူဆထားသော သူ့ကို မဇ္ဈိမသတင်းဌာနမှ ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

Human Rights Defender Awards ဆု ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ခံစားရပါလဲ။


ဒီဆုကို ပေးတာ ကျနော်တယောက်တည်းကို ပေးတာလို့ ကျွန်တော် မယူဆဘူး။ တကယ် တမ်းကျတော့ ဒီဆုကို ပေးတယ်ဆိုတာက မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေတဲ့ သူတွေကို ရည်စူးပြီး ပေးတာလို့ ယူဆတယ်။ ဒါပေမဲ့ အဲဒီ့လူတွေက ကံဆိုးစွာပဲ အကျဉ်းထောင်တွေထဲ ရောက်နေတယ်။ မြန်မာပြည်ဟာ လွတ်လပ်မှု မရှိတဲ့အခါကျတော့ ဒီလူတွေကို တိုက်ရိုက်ပေးဖို့၊ တိုက်ရိုက် ထိတွေ့ဖို့ မဖြစ်နိုင်တဲ့ အတွက် ကျွန်တော့်ကို ပေးတယ်။ အဲဒီလိုမျိုးပဲ ယူဆပါတယ်။

အခြားရထားတဲ့ ဆုတွေများ ရှိပါသေးလား။

ဆုကတော့ အရင်တုန်းကတော့ ကျွန်တော်က နယ်သာလန် AI က ဂုဏ်ထူးဆောင် ကတ်ပြား လေးတစ်ခု ပေးဖူးတာ ရှိတယ်။ နောက်ပြီး မန်ဆာချူးဆက်ပြည်နယ် အစိုးရကနေ လူ့အခွင့်အရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်တဲ့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးဖူးတယ်။ ဒါပဲရှိပါတယ်။

အခု (AAPP-B) အသင်းကို တည်ထောင်ခဲ့ပုံအကျဉ်းလေးနဲ့ ဘယ်အဖွဲ့အစည်းကများ ထောက်ပံ့ထားတာလဲဆိုတာ လေး သိခွင့်ရနိုင်မလား။

ကျနော်တို့က ၂၀၀၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စပြီး တည်ထောင်တယ်။ အဖွဲ့ဝင်တွေ အကုန်လုံးက နိုင်ငံရေးအမှုနဲ့ ထိန်းသိမ်းခဲ့ရဖူး၊ ထောင်ကျဖူးတဲ့သူတွေပေါ့။ နိုင်ငံရေးအကျဉ်း သားဟောင်းတွေပေါ့။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ စပြီး တည်ထောင်ခဲ့တာပေါ့။ စပြီး ထူထောင်ပြီးကတည်းကနေ မြန်မာနိုင်ငံ အကျဉ်းထောင်တွေကို စောင့်ကြည့်တာ၊ နိုင်ငံသား အကျဉ်းသားတွေရဲ့ စာရင်း အချက်အလက်တွေကို ကောက်ယူတာ၊ နောက် ကုလသမဂ္ဂမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် လော်ဘီလုပ်တာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သူတို့သိချင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ၊ နောက် အခြား မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ၊ နောက် သူတို့ မသိတာတွေကို ပြောပြတာပေါ့။

၈၈ နိုင်ငံရေးအတွေ့အကြုံတွေထဲက အထင်ကရ ဖြစ်ခဲ့တာတွေ ပြောပေးနိုင်ပါမလား။

အဲဒီအကြောင်းကတော့ ၁၉၈၈ ခု၊ သြဂုတ်လ ၉ ရက်နေ့။ သြဂုတ်လ ၉ ရက်နေ့မနက် သင်္ဃန်းကျွန်းမြို့နယ် အထက ၂ ကျောင်းနားမှဖြစ်တဲ့ သပိတ်တိုက်ပွဲလေးပါ။ အဲဒီ့ သပိတ်တိုက်ပွဲမှာ အစ်ကိုတို့ သပိတ်စစ်ကြောင်းကို စစ်တပ်က တားတယ်။ တားတဲ့အခါမှာ ကျွန်တော်တို့ဘက်က သပိတ်ခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေနဲ့ညှိဖို့ ရှေ့ကို သွားတယ်။ အဲဒီလိုသွားတဲ့အချိန်မှာ သူ့တို့ဘက်ကနေ အညှိမခံဘဲ စပြီးတော့ပစ်တယ်။ အဲဒီလို ပစ်တဲ့အခါမှာ အလံကိုင်ထားတဲ့ သိန်းကျော်တိုးဆိုတဲ့ ကိုးတန်းကျောင်းသားလေး သေဆုံးသွားတယ်။ သေနတ်မှန်ပြီးတော့ ပွဲချင်းပြီး သေသွားတယ်။ အလားတူပဲ တခြား ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ သုံး၊ လေး၊ ငါးယောက်လောက်က အဲဒီမှာတင် သေနတ်မှန်ပြီး ဒဏ်ရာတွေ ရသွားကြတယ်။ အဲဒီ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှာ မနက်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကတော့ ကျွန်တော် မေ့လို့မရတော့ပါဘူး။

ချုပ်နှောင်ခံစဉ်တုန်းက အင်္ဂလိပ်စာကို ထောင်ထဲမှာ သင်ရတယ်လို့ သိရတယ်။ အဲဒီ့အတွေ့အကြုံ လေးကို ပြောပြပေးပါလား။ နောက်ပြီး မြန်မာစာ ကျောင်းသားတစ်ယောက်အနေနဲ့ အင်္ဂလိပ်စာကို ဘာ ကြောင့်သင်ဖြစ်ခဲ့တာပါလဲ။

ဟုတ်ကဲ့။ ကျွန်တော်က ၁၉၈၈ ခုနှစ် လှုပ်ရှားမှုအရေးတော်ပုံကာလအတွင်းမှာပေါ့။ နိုင်ငံခြားသား သတင်းထောက်တွေနဲ့ ဆက်ဆံရတာမျိုးတွေ ရှိတယ်။ သံတမန်တွေနဲ့ ဆက်ဆံရတာမျိုး တွေရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်က အင်္ဂလိပ်လို မပြောတတ်ဘူး။ သံတမန်တွေ၊ သတင်းထောက်တွေက ကျွန်တော်တို့ကို ဆက်ဆံတာက မြန်မာနိုင်ငံမှာ လှုပ်ရှား နေတဲ့ ကျောင်းသားခေါင်းဆောင်တွေအဖြစ်နဲ့ သဘောထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အင်္ဂလိပ်လို မပြောတတ်တဲ့အခါကျတော့ သူတို့နဲ့ တွေ့ခါနီးမှာ စကားပြန်ကို တော်တော်လေး လိုက်ရှာရတယ်။ လိုက်ရှာတဲ့အခါမှာ ယုံကြည် ရမယ့်စကားပြန်ကိုလည်း ရွေးချယ်ရတာပေါ့။ အဲဒီအချိန်မှာ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော် ဘာခံစားရလဲဆိုတော့ မြန်မာနိုင်ငံက ကျောင်းသားခေါင်းဆောင်ဖြစ်ပြီးတော့ ဒီလောက်အထိ နိုင်ငံခြားသားတွေနဲ့ သံတမန်တွေနဲ့ကို ကိုယ်ဖြစ်နေတဲ့အကြောင်းအရာတွေ၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို ပြောလို့မရတဲ့ အနေအထားမျိုးတွေဖြစ် လာတော့ ကိုယ့်ကိုယ်ကိုယ် အင်္ဂလိပ်စာလေ့လာမှဖြစ်မယ်ဆိုတဲ့ဟာမျိုး ကျွန်တော် ဆုံးဖြတ်မိ တယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကာလကြီးဖြစ်တဲ့အခါကျတော့ ကျွန်တော့်မှာ အဲဒီလိုလေ့လာဖို့ အချိန်မရခဲ့ဘူး။ ထောင်ကျသွားတဲ့အခါကျတော့ ကျွန်တော့်မှာ အချိန်တွေ တော်တော်များများ ရသွားတယ်။ ထောင်ထဲမှာ ၂၄ နာရီမှာ ၂၃ နာရီနဲ့ မိနစ် ၄၀ က ကျွန်တော် တိုက်ခန်းထဲမှာ နေရတာ။ အဲဒီတော့ အဲဒီလိုအချိန်မှာ ကျွန်တော်က အင်္ဂလိပ်စာကို ဆက်ပြီးတော့ လေ့လာရင်ကောင်းမယ်ဆိုပြီးတော့ လေ့လာမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက် တယ်။ နောက်ဘယ်လိုလေ့လာရမလဲဆိုပြီး ကျွန်တော် လိုက်စဉ်းစားတယ်။ ထောင်ထဲမှာ ကျွန်တော်တို့ခေတ်တုန်းက စာအုပ်၊ စာတမ်း တွေ သွင်းလို့မရဘူး။ တခြားစာတွေ ဖတ်လို့မရဘူးဆိုတော့ အင်္ဂလိပ်လိုပြောတတ်တဲ့လူတွေက ဥပမာ ဒေါက်တာအေးချမ်းပေါ့။ အခု ဂျပန်မှာရှိနေတဲ့ တက္ကသိုလ်ကြီးတစ်ခုမှာ ဧည့်ပါမောက္ခ ပြန်လုပ်နေတယ်။ သူက ကျွန်တော်တို့ကို ရေချိုးဆင်း တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ၀န်ထမ်းတွေ ရိုက်တဲ့အချိန်မှာပဲဖြစ်ဖြစ် တစ်ကြောင်းစ၊ နှစ်ကြောင်းစ အခွင့်အရေးရရင် ရသလို သူ ပြောတယ်။ နောက် ကျွန်တော် မန္တလေးကိုပြောင်း သွားအခါကျတော့လည်း ထောင်ထဲမှာ အင်္ဂလိပ်စာကျူရှင်ဆရာတစ် ယောက်နဲ့ အတူတူ နေရတယ်။ အဲဒီအချိန်မှာ သူက အင်္ဂလိပ်စာကို အခြေခံကနေပြီး ပြန် သင်ပေးတယ်။ အဲဒီလိုပုံစံမျိုးနဲ့ ကျွန်တော် ထောင်ထဲမှာ အင်္ဂလိပ်စာ တော်တော်လုပ်ဖြစ်သွား တယ်။

ဒေါ်အောင်ဆန်းစုကြည်က အခု အစားအသောက်ပြန်လက်ခံလာတာနဲ့ပတ်သက်ပြီး အမြင်လေးကို သိ ပါရစေ။ နောက်ပြီး ဒါဟာ ဘယ်ကိုများ ဦးတည်လဲလို့များ ထင်ပါသလဲ။

ဒေါ်စုက သူရဲ့ ရပိုင်ခွင့်အခွင့်အရေးပေါ့နော်။ အခွင့်အရေးတစုံတရာအတွက်ကို နအဖဆီက နေ တောင်းဆိုနေတာ ဖြစ်လိမ့်မယ် ထင်တယ်။ နောက် အခုပြန်လက်ခံတဲ့နေရာမှာ သူ တောင်းဆိုတာရသွားလို့ ပြန်လက်ခံတာမျိုးတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက သူကိုယ်တိုင်ကလည်း နအဖနဲ့ တွေ့ချင်တယ်လို့ စကားပြောထားတာ ရှိတယ်ဆိုတော့ အဖြေတော့ ဖြစ်နိုင်မယ် မထင်ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ကြားထဲမှာတော့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဒီရက်ပိုင်း၊ လပိုင်းအတွင်းမှာ ဖြစ်လာနိုင်စရာတွေ ရှိတယ် ထင်တယ်။ ဒီ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်စုနဲ့ တွေ့ဆုံမယ့်ပွဲက အဖြေရမယ့်ပွဲတစ်ခုလို့ တော့ ကျွန်တော် မထင်ဘူး။

ဘာဖြစ်လို့များ အဖြေရနိုင်မယ့်ပွဲမဟုတ်ဘူးလို့ ထင်မြင်မိတာပါလဲ။
ဘာလို့လဲဆိုတော့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေကြားထဲမှာ ကူးလူး ဆက်ဆံပေးနေရတဲ့ ဆက်ဆံရေးဝန်ကြီးပဲဖြစ်တယ်။။ သူ့က ဆုံးဖြတ်ခွင့်အာဏာရှိတဲ့သူ မဟုတ်ဘူး။ တကယ်တမ်းပြဿနာတွေကို ပြေလည်ချင်တယ်ဆိုရင် တကယ့်ဆုံးဖြတ်ခွင့် အာဏာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သေသေချာချာ တရားဝင် တွေ့ဆုံပွဲတွေလုပ်တဲ့အခါကျတော့မှာပဲ အဆုံးအဖြတ်တွေ၊ အဖြေတွေ ရလာနိုင်မယ့် ဆွေးနွေးပွဲတွေ ဖြစ်လာမယ်။

အခု ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခြင်းမရှိအောင်ဆိုပြီး ကျောင်းသားခေါင်းဆောင် တွေကို ဖမ်းဆီးချုပ်နှောင်တာလို့ တချို့က ပြောကြတယ်။ ဒါနဲ့ပတ်သက်ပြီး အကို့ရဲ့ အမြင်လေး သိပါရစေ။
သေချာတာကတော့ ၂၀၁၀ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အဖြေတစ်ခု မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဖြေရှင်းလို့ မရဘူး။ သူတို့ အတင်း အကျပ်လုပ်မယ်ဆိုရင်လည်း အမည်ခံ အရပ်သား၊ သူတို့စိတ်တိုင်းကျ အရပ်သား အစိုးရ အမည်ခံ စစ်အစိုးဘဲ ဖြစ်မှာဆိုတော့ ဒါဟာ အဖြေမဟုတ်ဘူး။ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ တကယ့် စည်းလုံး ညီညွတ်ရေး ပြန်မရနိုင်ဘူး။ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့် သွားခြင်း မရှိနိုင်ဘူး။ သေချာတယ်ဗျာ။ ၂၀၁၀ ဟာ အဖြေတစ်ခု လုံးဝမဟုတ်နိုင်ဘူး။
အခုနောက်ပိုင်း သတင်းတွေထွက်နေတဲ့ အကျဉ်းသားတွေကို ထောင်ခဏခဏပြောင်းတာနဲ့ ထောင် တွင်းနှိပ်စက်ခံနေရတဲ့သတင်းအပေါ်မှာရော ဘယ်လိုထင်ပါသလဲ။ ဒါကိုဘယ်လိုများ ဖြေရှင်းသွားဖို့ စိတ်ကူးထားပါလဲ။
ကျွန်တော်တို့အနေနဲ့ကတော့ ထောင်တွေရဲ့အခြေအနေကို သေသေချာချာစောင့်ကြည့်။ ပြီးတော့ ဒီဟာတွေကို မြန်မာနိုင်ငံထဲက ပြည်သူတွေ သိအောင်၊ နောက် နအဖ အစိုးရ အထက်ပိုင်းလူတွေကလဲ သိအောင်၊ နောက်... နိုင်ငံတကာ အစိုးရအဖွဲ့တွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်တွေ သိအောင် ကြိုးစားပြီးတော့ တရားလွန်နှိပ်စက်မှုတွေ ပပျောက်အောင် နိုင်ငံတကာ အသိုင်းအ၀န်းကကော၊ ပြည်သူလူထုကကော ၀ိုင်းပြီးဖိအားပေးလာအောင် ကျွန်တော်တို့ ကြိုးစားမှာပါ။ ကျွန်တော်တို့ဘက်က ဒီလူတွေအားလုံးကို လွတ်သွားအောင်တော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီလူတွေ လွတ်မြောက်ဖို့အတွက်၊ ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရပ်တန့်ဖို့အတွက် အားလုံးပူးပေါင်း လုပ်ဆောင်ကြမှပဲရမှာ။ နောက်တစ်ခုက နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးဟာ မြန်မာနိုင်ငံအပြောင်းအလဲရဲ့ ပင်မအဆင့် အခြေခံဖြစ် တယ်။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်ဘဲနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကို ကူး ပြောင်းနေပြီလို့ မပြောနိုင်ပါဘူး။

အဲဒီလိုဆိုတော့ ဒီမိုကရေစီပြောင်းဖို့ဆိုတာ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အများကြီး မူတည်တယ်လို့ ပြောချင်တာပါလား။

အထူးသဖြင့် ဒီနိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်ဆိုတဲ့ ပြယုဂ်သဘောက ဘာကို ပြသလဲ ဆိုရင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာ ပြတာ။ တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တိုးတက်တဲ့၊ ခေတ်မီတဲ့၊ တည်ငြိမ်တဲ့ တိုင်းပြည်တစ်ခုကို ကျွန်တော်တို့ မတည်ဆောက် နိုင်ဘူး။ အဲဒီလို တရားဥပေဒစိုးမိုးတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက်က တကယ့်ကို မျှတတဲ့ တရားစီရင်မှုတွေ ရှိရမယ်။ နောက်ပြီး တရားသူကြီးတွေကလည်း လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိရမယ်။ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာက တခြားစီ ဖြစ်နေရမယ်။ အဲဒီလို အာဏာခွဲဝေမှုတွေ မရှိဘဲနဲ့ တကယ့်ကို တိုးတက်တဲ့ တိုင်းပြည်တစ်ခု မဖြစ်နိုင်ဘူး။

အခု နောက်ထပ်ပြီး ပြည်သူတွေကို ဘာများ ပြောချင်ပါသေးလဲ။

တိုင်းပြည်တစ်ခု အပြောင်းအလဲဖြစ်ဖို့ဆိုတာက ဒီနိုင်ငံရေးလှုပ်ရှားနေသူတွေနဲ့ အုပ်ချုပ်ရေးလူ တန်းစားနှစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရဘူး။ နိုင်ငံရေးလှုပ်ရှားနေသူတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ မတရားသဖြင့်အုပ်ချုပ်နေတဲ့ အစိုးရတွေကို ပျော့ပြောင်းလာအောင်၊ စေ့စပ် ဆွေးနွေးလာအောင်၊ နောက် အပြောင်းအလဲတစ်ခုလုပ်လာအောင် ကျွန်တော်တို့ အဲဒီလိုပဲ လုပ်သွားမယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ဆိုရင်လဲ အဲဒီလိုပဲ။ နောက် ပြည်သူတွေ ကိုယ်တိုင်က လူ့အခွင့် အရေးချိုးဖောက်ခံနေရရင် ချိုးဖောက်ခံရပါတယ်လို့ ရဲရဲဝင့်ဝင့်ပြောဖို့။ အဲဒီလို ပြောတော့မှ ကျန်တဲ့လူတွေက လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတာတွေကို တွေ့လာပြီဆိုရင် အပြောင်းအလဲဖြစ်ဖို့အတွက် လူ့အခွင့်အရေးချိုးဖောက်တာတွေ ရပ်တန့်ဖို့ လုပ်ရမယ်ဆိုပြီး ပြောနိုင်မယ်။ ဒါက တကယ့်ကို လုပ်ရမယ့်အလုပ်။ ဒါတွေကို လုပ်မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ပါးသွားနိုင်တယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျ။

No comments: