Friday, September 19, 2008

သတ်သေရန်ကြိုးစားသူ ရဟန်းတော် အခြေအနေ တည်ငြိမ်

ဇာနည်
သောကြာနေ့၊ စက်တင်ဘာလ 19 2008 13:08 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာပြည်၏ တန်ခိုးအကြီးဆုံးဘုရားပေါ်တွင် အင်္ဂါနေ့က ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပန်းသူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးသည် ရန်ကုန်ဆေးရုံကြီး၌ ဆက်လက် ကုသမှု ခံယူနေရသော်လည်း တည်တည်ငြိမ်ငြိမ် ရှိသည်ဟု ရဲသတင်း ရပ်ကွက်များက ကြာသပတေးနေ့က ပြောကြားပါသည်။

စီးပွါးရေး အခက်အခဲများကြောင့်ဟု ယူဆရသော ထိုရဟန်းတော်သည် အင်္ဂါနေ့မွန်းလွဲပိုင်းက ရွှေတိဂုံဘုရားပေါ်တွင် ကိုယ့်လည်ပင်းကိုယ် ဒါးနှင့်လှီး၍ သတ်သေရန် ကြိုးပန်းခဲ့သည်။

“ဒါနဲ့ သူ့ (သံဃာတော်) ကို ချက်ချင်း ဒဂုံရဲစခန်းက ရန်ကုန် ဆေးရုံကြီးကို ပို့လိုက်ပါတယ်။ ကျနော်တို့ ပြောနိုင်တာကတော့ အခုအချိန်မှာ သူ့အခြေအနေဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်” ဟု ရာဇဝတ်မှုခင်းဌာနမှ ရဲအရာရှိတဦးက မဇ္ဈိသတင်းဌာနကို ပြောကြားသွားပါသည်။

ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တဦးကို မဇ္ဈိမ မှဆက်သွယ် မေးမြန်းသည့်အခါ အဆိုပါ သံဃာတော်သည် သက်တော် ၅၂ နှစ်ရှိပြီး မြန်မာနိုင်ငံတောင်ဘက် မွန်ပြည်နယ် ရေးမြို့နယ်မှ လာသူတဦး ဖြစ်ကြောင်း ပြောပါသည်။

သို့သော် အာဏာပိုင်များ၏ အရေးယူ အပြစ်ပေးခံရမည်ကို စိုးရွံ့၍ အဆိုပါ ဆရာဝန်က အသေးစိတ်ကို ဆက်လက် ပြောဆိုရန် ငြင်းဆန်သွားပါသည်။ မြန်မာနိုင်ငံတွင် သတင်းမီဒီယာများကို စစ်အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်ထားသည်။

“ကျနော်တို့မှာ လူနာတွေနဲ့ ပတ်သက်တဲ့ နာမည်နဲ့ တခြား အကြောင်းအရာ အသေးစိတ်တွေကို ပြောခွင့် မရှိပါဘူး” ဟုသာ အဆိုပါ ဆရာဝန်က ပြောကြားသွားခဲ့ပါသည်။

အဆိုပါဘုန်းတော်ကြီး သတ်သေရန် ကြိုးပန်းသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်တဦးကလည်း မဇ္ဈိမက ဆက်သွယ် မေးမြန်းသည်ကို ဖြေကြားရန် ငြင်းဆန်ခဲ့ပါသည်။

No comments: