Thursday, September 25, 2008

သတင်းဌာနများသို့

၁။ ရေဒီယိုမှ သတင်း နားထောင်ရင်း ၁၉၈၇ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင် ဒုတိယနှစ်သို့ တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားဘ၀တွင် ကြုံတွေ့ခဲ့ရသည့် မီးကြွင်းမီးကျန်မှ တဖြည်းဖြည်း အရှိန်ရလာကာ မီးထတောက်သော သဘောသဘာဝကို ပြန်လည်သတိရနေမိသည်။
ပထမဆုံး ကျွန်တော်ကြုံတွေ့ရသည်မှာ ပိုက်ဆံ အရေးအခင်း၊ ထိုမှတဖန် ဖုန်းမော်၊ နောက်အရှိန်မြင့်လာပြီး ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပေသည်။ (တတိုင်းပြည်လုံး ဆန့်ကျင်တော်လှန် ခဲ့ပါလျက် မအောင်မြင် ဖြစ်ခဲ့ရခြင်းမှာ လိုလားချက်ကို တောင်းဆိုဖို့သာသိခဲ့ပြီး နိုင်ငံတော်အာဏာကို ရယူဖို့ မသိခဲ့ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အာဏာကို ရယူရန် အသင့်ပြင်ဆင်ထားမှု မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ။ စကားချပ်)

၂။ သတင်းဌာနတွေက “ရွှေဝါရောင်တော်လှန်ရေးအပြီး.......။ ရွှေဝါရောင်တော်လှန်ရေး ပြီးဆုံးသွားသည့်နောက်.......။” လို့ ကြေညာပါတယ်။ ထိုအခါ နားထောင်နေသည့် လူများကလည်း ပြီးဆုံးသွားပြီဟူသော သဘော မှတ်ယူနေပါသည်။
အခိုက်တန့်ခေတ္တ အရှိန်ယူနေခြင်းသာ ဖြစ်သည်ဟူ၍သာ ရည်ညွှန်းပြောဆိုလျှင် လူတိုင်း၏ရင်ထဲတွင် ရွှေဝါရောင်တော်လှန် ရေးသည် အရှိန်မသေ တင်ကျန်ကိန်းအောင်းနေမည် ဖြစ်ပါသည်။
လောင်စာဆီမှ စခဲ့သော ရွှေဝါရောင်တော်လှန်ရေး၏ အရှိန်သည် မသေသေးပါ။
လူတိုင်း၏ရင်ထဲ မနေ့တနေ့ကလို တင်ရှိနေသော အရှိန်အား သတ်သလို မဖြစ်သင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

မောင်ပွကြီး

No comments: