Sunday, September 28, 2008

ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းတင် ပြောဆို


ကိုစိုး | စက်တင်ဘာ ၂၇၊ ၂၀၀၈

မကြသေးခင်က ပြန်လည်လွတ်မြောက်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က မြန်မာ့ဒီမိုကရေစီရေး အတွက် အန်အယ်လ်ဒီ တဖွဲ့တည်းနှင့် လုပ်ဆောင်၍မရကြောင်း တိုင်းရင်းသားများ အပါအ၀င် ဒီမိုကရေစီ အင်အားစုများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ ယနေ့ ကျင်းပသော နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။


အန်အယ်လ်ဒီ အခမ်းအနားသို့ တက်ရောက်လာသော ဦးဝင်းတင်
(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)

ထို့အပြင် ထောင်ဝတ်စုံ အပြာရောင်ပုံစံအင်္ကျီ ၀တ်ဆင်ထားသော ဦးဝင်းတင်က စစ်အစိုးရ၏ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိရာတွင် အားလုံး လွတ်မြောက်ခြင်း မဟုတ်ဘဲ ၎င်း လွတ်မြာက်လာရသည်ကို ရှက်ရွံ့ မိကြောင်း အခမ်းအနားမိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာ ၀င်းနိုင်က ပြောဆိုသည်။

“အဓိကသူပြောတာက အခု ဒီမိုကရေစီ တိုက်ပွဲက မပြီးဆုံးသေးဘူး၊ အန်အယ်လ်ဒီ တဖွဲ့ တည်းနဲ့လည်း မရနိုင် ဘူး၊ ဒါကြောင့် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး ညီညီညွတ်ညွတ် ဆောင်ရွက် ကြဖို့ လိုအပ်တယ်လို့ပြောပါတယ်၊ သူ အခုလို လွတ်မြောက်လာ ပေမယ့် ထောင်ထဲမှာ ရဲဘော်တွေ ၂၀၀၀ ကျော် လောက် ကျန်နေသေးတဲ့ အတွက် ရှက်ရွံ့တယ်တဲ့၊ သူ့အနေနဲ့ ၀မ်းသာရမယ့်အစား သူ့စိတ်ထဲမှာ ရဲဘော်တွေ အတွက် ခံစားရတယ်၊ သူရှက်တယ်တဲ့”ဟု ဒေါက်တာ ၀င်းနိုင်က ဧရာဝတီ သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်အရှင်မြတ် များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရန် ၀ိုင်းဝန်း ကြိုးပမ်းကြရန်လည်း ဦးဝင်းတင်က တိုက်တွန်းပြောကြားသွားသည်ဟု ၎င်းကဆိုသည်။

အခမ်းအနားသို့ ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ဦးဝင်းတင် အပါ အ၀င် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ တို့ လည်း တက်ရောက်လာ ကြပြီး အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ မိန့်ခွန်း ပြောကြားရာတွင် ၎င်းတို့၏ မူလ တာဝန်များကို ပြန်လည် အပ်နှင်းကြောင်း ပြောကြားသည် ဟုလည်း သိရသည်။

“အခမ်းအနား မစခင်မှာ ဥက္ကဌ ဦးအောင်ရွှေက နေပြီးတော့ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဦးဝင်းတင် နဲ့ ဦးခင်မောင်ဆွေတို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ တာဝန်ပြန်လည် ထမ်းဆောင်ဖို့၊ ဒေါက်တာ သန်းငြိမ်းကို လည်း ရန်ကုန်တိုင်းစည်းရုံးရေး ဒု ဥက္ကဌ တာဝန်ကို ပြန်လည် ထမ်းဆောင်ဖို့ ပန်ကြားပါတယ်၊ သူတို့အားလုံးက လည်း သဘောတူညီပါတယ်”ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“ဦးဝင်းတင်ဆိုရင် ကျနော်နဲ့ ရန်ကုန် ဆေးရုံကြီးမှာ လပေါင်းများစွာအကြာကြီး အတူတူနေလာတော့ သူရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး အမြင် တွေကို တော်တော် လေး လေ့လာခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ သန်းငြိမ်းလည်း ထို့အတူပါပဲ၊ ဒီလိုပုဂ္ဂိုလ်တွေ အန်အယ်လ်ဒီထဲမှာ ၀င်ရောက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ခေါင်း ဆောင်များ၊ ပါတီများ အနေနဲ့လည်း အန်အယ်လ်ဒီကို ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အရင်က ထက်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ တကယ့်ကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ဖို့ကတော့ လူတဦးတယောက်တည်းအပေါ်မှာ မှုမတည်ဘူး၊ တိုင်းပြည် တခုလုံးနဲ့တကွ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း၊ ခေါင်းဆောင်အားလုံးအပေါ်မှာ တည်ပါတယ်”ဟု ပြောသည်။

ယင်းအခမ်းအနားတွင် စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီး မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒကို ယနေ့ အထိ ငြင်းဆန်နေကြောင်း၊ပြီးခဲ့သည့် မေလက ပြုလုပ်သော အခြေခံဥပဒေ အတည်ပြု ဆန္ဒခံ ယူပွဲသည် ပြည်သူ့ဆန္ဒကို မရိုးမသား လိမ်လည်ရယူခြင်းဖြစ်၍ လက်မခံကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ်မပြုကြောင်း စသည့် အချက်များ ပါဝင်သည့် စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်။

အန်အယ်လ်ဒီ အနှစ် ၂၀ လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ သည် ပြည်သူများနှင့် နိုင်ငံရေး အင်အားစု များ မျှော်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် မလုပ်ဆောင်နေသေးကြောင်း ဦးအေးသာအောင်က သုံးသပ်သည်။

“အဓိကကတော့ အန်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တရှိန်ထိုး ပြည်သူတွေရဲ့ အားကိုး ယုံကြည်မှုကို ရခဲ့တယ်၊ ဒါပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ မျှော်မှန်းသလို တကယ့် ဒီမိုကရေစီလမ်း ကြောင်းပေါ် ရောက်အောင်ယနေ့အထိ မလုပ်နိုင်သေးဘူး၊ အဲဒီမှာ ဘာပဲပြောပြော တဘက်မှာ စစ်အာဏာရှင်တို့ရဲ ဖိနှိပ်မှုတွေရှိသော် ငြားလည်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ဖို့ တကယ်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘူးဆိုတာကိုတော့ ၀န်ခံရလိမ့်မယ်”ဟု ဦးအေးသာအောင်က ပြောသည်။

၎င်းက ဆက်လက်ပြီး“အဲဒီအခါမှာကျနော်တို့အပါအ၀င် နိုင်ငံရေးပါတီတွေမှာ၊ နိုင်ငံရေးခေါင်းဆောင်တွေမှာ ဘာပဲဖြစ်ဖြစ် တစုံတခု အတိုင်းအတာအထိ ကြိုးပမ်းအားထုတ်မှုနဲ့ စွမ်းဆောင်မှုပိုင်းမှာ အားနည်းချက်ရှိတယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါ တယ်”ဟုလည်း ဆိုသည်။

အန်အယ်လ်ဒီ အနှစ် ၂၀ ပြည့် အခမ်းအနား မကျင်းပမီနှင့် ကျင်းပပြီးချိန်တွင် အဖွဲ့ဝင် ၉ ဦး ခန့် ဖမ်းဆီး ခံရ ကြောင်းနှင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်းလည်း သိရသည်။

ယနေ့ အန်အယ်လ်ဒီ အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် ဒီမိုကရေစီပါတီစသည့် တခြားသော နိုင်ငံရေး အင်အားစုများက သ၀ဏ်လွှာများပေးပို့ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံခြားသံတမန်များနှင့် တခြားသောဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း အန်အယ်လ်ဒီက ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ကြေညာချက်အား ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ကြာသပတေး နေ့က အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ခေါ်ယူပြောဆိုခဲ့သည်။

အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။

No comments: