Tuesday, October 28, 2008

သီတဂူဆရာတော်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်


Print E-mail
သဲသဲ
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 10:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဗုဒ္ဓဘာသာ သာသနာအကျိုး ဆောင်ရွက်သည့် ထင်ရှားသော ရှင်သူမြတ်များအား ပေးအပ်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တခုကို အိန္ဒိယနိုင်ငံ နာလန်ဒါ ဗုဒ္ဓတက္ကသိုလ်က သီတဂူဆရာတော် ဦးဉာဏိသရအား ယနေ့ ပေးအပ်ချီးမြှင့်လိုက်သည်။

နာလန်ဒါ ဗုဒ္ဓတက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာပက်တို့က သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ နှစ်ရှိ ဆရာတော် ဦးဉာဏိသရသို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

''ဒီဘွဲ့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ချီးမြှင့်တာလဲဆိုရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်တဲ့၊ နိုင်ငံတကာမှာလည်း သိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာပါ။ ဒီဘွဲ့ကို ပထမဆုံး ပေးတာပါ။ သီတဂူဆရာတော်ရယ်၊ ဗီယက်နမ်က ဆရာတော်တပါးရယ်နဲ့ ၂ ပါးကို ချီးမြှင့်တာပါ။ ဆရာတော်က ထေရ၀ါဒဗုဒ္ဓဘာသာ ဆရာတော်အဖြစ် ရပြီး၊ ဗီယက်နမ် ဆရာတော်ကတော့ မဟာယနဗုဒ္ဓဘာသာအဖြစ် ရတာပါ'' ဟု နာလန်ဒါတက္ကသိုလ်မှ စာသင်သား သံဃာတော်တပါးဖြစ်သူ ဦးဉာနောဘာသ က မဇ္ဈိမကို မိန့်ကြားသည်။

''သီတဂူဆရာတော် ဘုရားကြီးက နိုင်ငံတကာမှာ ဟောတယ်၊ ပြောတယ်။ အိန္ဒိယမှာ ရောက်နေတဲ့ စာသင်သား ရဟန်းတော်တွေကိုလည်း နှစ်စဉ် ဒေါ်လာ ၁၀၀ စီ လှူတယ်။ ပြည်တွင်းမှာလည်း သာသနာပြုပြီး လူတွေအကျိုးကို ဆောင်ရွက်နေတာဆိုတော့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီဘွဲ့ကို ပေးတာပါ'' ဟု သူက ထပ်ပြောသည်။

အခမ်းအနားတွင် သီတဂူဆရာတော်ကြီးက ထေရ၀ါဒနှင့်ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဟောကြားခဲ့သေးသည်။

သီတဂူဆရာတော်ကြီးအား အနီးကပ် ကူညီပေးနေသည့် အရှင် ဦးနန္ဒ၀ံသ ''ဒီဘွဲ့တံဆိပ် ဆပ်ကပ်ခံရတာနဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီး သဘောထားကတော့ နာလန်ဒါဆိုတာက တချိန်က ပညာအရာမှာ ဧဒင်္ဂ ရခဲ့တဲ့ ရှင်ဿာရိပုတ္တရာ ကိုယ်တော်မြတ် မွေးဖွားရာ နေရာဖြစ်တဲ့ ဒီလိုနေရာမှာ ဘွဲ့ယူရတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောသွားပါတယ်'' ဟု မိန့်ကြားသည်။

ဆရာတော်သည် မြန်မာနိင်ငံက ချီးမြှင့်သည့် အဂ္ဂမဟာပဏ္ဏိတ ဘွဲ့တံဆိပ်တော်ကို ရရှိပြီးဖြစ်သလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chulalongkorn တက္ကသိုလ်မှ ဒေါက်တာဘွဲ့ Ph.D, D.Lit တခုလည်း ရရှိခဲ့သေးသည်။

သီတဂူ ကုသိုလ်ဖြစ်ဆေးရုံ၊ နိုင်ငံတကာ သီတဂူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ရေလှူဒါန်းရေး စီမံကိန်းကို ထူထောင်ခဲ့သူအဖြစ် ဆရာတော်သည် ကျော်ကြားသည်။ ထို့အပြင် နိုင်ငံပေါင်း ၄၀ ကျော်သို့ လှည့်လည်ကာ ဗုဒ္ဓသာသနာ ပြန့်ပွားရေး ဟောကြားမှုများလည်း လုပ်ဆောင်ခဲ့သည်။

ယခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခကျရောက်ရာ ဧရာဝတီတိုင်းအတွင်း လိုက်လံကာ အကူအညီများ ပေးခဲ့သလို စာသင်ကျောင်း ၅၀ ကျော် ပြန်လည်တည်ဆောက်နိင်ရေး အလှူခံ ကြီးကြပ်ပေးနိုင်ခဲ့သည်။

ဆရာတော်ကြီးအား ပဲခူးတိုင်း သဲကုန်းမြို့တွင် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် ဇာတိကို အစွဲပြုကာ သဲကုန်းဆရာတော်အဖြစ်လည်း လူသိများသည်။

No comments: