Wednesday, October 15, 2008

ဒီမိုကရေစီပန်းတိုင်ကြီးမှ ကြိုဆိုမည့်သူများ

စတေးခံမှုများ၊ ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးပမ်းမှုများကြောင့် နှစ်(၂၀)အတွင်း ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရဟု ကမ္ဘာက သိရှိလက်ခံပြီးဖြစ်သည်။ ၀ိုင်းပယ်ကြသည်။ ပြစ်ဒဏ်ခတ်ကြသည်။ ဖိအားပေးကြသည်။

သို့သော် စစ်အစိုးရသည် အာဆီယံကို ကိုယ်ကျိုးကြည့်ပူးပေါင်းအသင်းဟု သတ်မှတ်ထားကာ စီးပွားရေးအခွင့်အလန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံစေခြင်းဖြင့် ဖြေရှင်းခဲ့သည်။ ဥရောပကို အမေရိကန်ကဲ့သို့ Do Or Die သမားမဟုတ်ပဲ ယဉ်ကျေးမှု စားပွဲဝိုင်းသမားဖြစ်၍ လျစ်လျူရှုထားသည်။ အမေရိကန်ကို သူ့အကျိုးစီးပွားမရှိ၍ ခြိမ်းခြောက်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ဟု တွက်သည်။ ကုလသမဂ္ဂ ကိုတော့ တစ်နှစ်တစ်ခါ တပည့်တဦးမျက်နှာ ခဏသွားပူရုံကလွဲ၍ ရေသာများပြီး ငါးမတွေ့သော အဖွဲ့အဖြစ် သတ်မှတ်သည်။ သူအနီးကပ်ဆုံး ကြောက်ရသူက တရုတ်။ သူ့ကိုတော့ မသူတော်ချင်း သတင်းလွေ့လွေ့ အာဏာရှင်နိုင်ငံချင်း အကြောင်းပြုကာ ဆွေမျိုးပေါက်ဖော်ကြီးဆိုပြီး ဆရာမွေးကာ ပေါင်းဖက်သည်။ ရုရှားကိုတော့ လိုအပ်လျှင် သုံးနိုင်သည့် လူမိုက်ငှားသည့်သဘော ပူးပေါင်းသည်။ ပြည်တွင်းမှာ ပြည်သူများကို စားဝတ်နေရေးနှင့် အလုပ်ရှုပ်နေစေရန် ဖန်တီး၍ နိုင်ငံရေးသမားများကို ထောင်နဲ့ မိတ်ဆွေလုပ်အလုပ်ရှုပ်စေကာ တိုင်းပြည်ကိုတော့ သေနတ်မိုးပြီး အုပ်ချုပ်ထားသည်။ ဤသို့ဖြင့် စစ်အစိုးရသည် နှစ်(၂၀)ကျော်မျှ သူ့အာဏာက တည်တံ့ရှည်ကြာစေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ စစ်အစိုးရသည် မည်သည့် စေ့စပ်ညှိနှိုင်းရေးမှူး၊ မည်သည့်အဖွဲ့၏ခေါင်းဆောင်၊ ကုလသမဂ္ဂကိုယ်စားလှယ်၊ မည်သည့်ကိုယ်စားပြု ..... စသည်ဖြင့် မည်သူများ မည်သည့်အကြောင်းအရာအတွက် အကြိမ်ပေါင်း ထောင်သောင်းမက မည်သို့ပင်လာစေကာမူ ဖြေရမည့်အဖြေကို အိပ်ပျော်နေရင်းတောင် အလွတ်ဖြေတတ်နေခဲ့ချေပြီ။

ဤသို့ဆိုလျှင် ကျနော်တို့ဘာလုပ်ကြမလဲ။

အမာကို အမာချင်းတိုက်လျှင် (ယနေ့လတ်တလောအခြေအနေအရ) အုတ်နံရံကို ခေါင်းနဲ့ပြေးဆောင့်သလိုသာ ဖြစ်မည်။ ကျနော်တို့သည် ကျည်မတိုးသောလူများ ဖြစ်ဖို့လိုပါသည်။ကျည်ဆံထက် ခြေတစ်လှမ်းပိုမြန်သည့် စွမ်းရည်ရှိသူများ ကျည်ဆံမတိုးနိုင်ပါ။

ကျနော်တို့မှာ နိုင်ငံရေးကို ထိပ်တိုက်ရင်ဆိုင်ရေးနည်းဖြင့် အံတုခဲ့ကြသည်။ အကျဉ်းထောင်များ တွင် ထောင်အာဏာပိုင်များနှင့်၎င်း၊ လွတ်လာသည့်အခါတွင်လည်း ရဲ၊ မယက၊ စွမ်းအားရှင်၊ စစ်ဒေသများ၊ ထောက်လှမ်းရေးများနှင့် ၄င်း သဘောထားရပ်တည်ချက်၊ မိမိတို့ယုံကြည်ချက်ကို အလျော့မပေးပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ အောက်ခြေအဆင့်နှင့်သာ ပဋိပက္ခဖြစ်နေ၍ လိုချင်သည့်အမြင့်သို့ မရောက်နိုင်ပဲ ထောင်နှင့်သာ နှစ်ပါးသွားနေရသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဘ၀တွေကို ကျိုးကျေ အနစ်နာခံ တိုက်ပွဲဝင်နေသော်လည်း စစ်အာဏာရှင် ဦးသန်းရွှေကား ကိုယ့်အလုပ်သမားရဲ့ တပည့်၏ ခိုင်းဖတ်နှင့် ရန်ဖြစ်သည်ဟုသာ သဘောထားကာ အိပ်ရေးမပျက်၊ ကျန်းမာဝဖြိုး၊ အလှတိုးလျက် ရှိချေသည်။

ဆိုလိုသည်မှာ ကျနော်တို့သည် အမှားအမှန် ပဋိပက္ခထက်ကျော်လွန်၍ လုပ်ဆောင်ကြရပါမည်။ ကျနော်တို့ မြို့ကို စီးထားသည့် မြို့ပိုင်များ လုပ်ကြရပါမည်။

လူတစ်ဦးတစ်ယောက်ကို အလေးထားမှ ၄င်းလူကလည်း ကိုယ့်ကို ပြန်လည် အလေးထားမည်ဆိုသော သဘောတရားနှင့် ရန်သူကိုပင် မိတ်ဆွေဖြစ်အောင်လုပ်နိုင်သည့် စွမ်းရည် ရှိသည့် စည်းရုံးရေးကောင်းသည့် အမည်စာရင်းရှိသူများ၊ စန်းလဂ်ရှိသူများကို နေရာပေးရပါမည်။ (ဤနေရာတွင် စန်းလဂ်နှင့်ပတ်သက်၍ အနည်းငယ်ပြောလိုပါသည်။ ILO နှင့်ပတ်သက်အလုပ်လုပ်နေသူ၊ ထောင်ကျသွားသူ အများအပြားရှိပါသည်။ သို့သော် စုစုနွေးလောက် စန်းလဂ် မကောင်းခဲ့ချေ။ ကျောင်းသားခေါင်းဆောင်များ ထောင်အသီးသီးမှ လွတ်လာသောအခါ မင်းကိုနိုင်ကို ခေါင်းဆောင်တင်ထားခဲ့သည်မှာလည်း ထိုသဘောတရားပင်။)

၁၉၉၀ ရွေးကောက်ပွဲတွင် တတိုင်းပြည်လုံး ထောက်ခံမှုရရှိနေသည့် NLD ပါတီ၊ အဓိကအတိုက်အခံ တစညပါတီ၊ ကိုယ့်လူမျိုး အမျိုးသားပါတီများ ရှိနေလျက်ကပင် ပါတီပင်မရှိပဲ တသီးပုဂ္ဂလ ရွေးချယ်ခံရသူများမှာ မြို့စီးထားသည့် သူများပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံအရေး ဆောင်ရွက်သူတို့အဖို့ နိုင်ငံရေးလုပ်ရသည်မှာ စစ်အစိုးရနှင့် တဖက်နှင့်တဖက် စစ်တုရင်ကစားကွက်တွင် ကစားကွက် ရွှေ့နေရသလို မဟုတ်ပဲ အမဲလိုက်ခွေးများလက်မှ အသက်လုပြေးနေရသော ယုန်သူငယ်ပမာ ဖြစ်နေသောကြောင့် မြို့စီးရန် ရည်ရွယ်ချက်ရှိသူသည် စစ်အစိုးရခွေးများ သတိမထားမိအောင် နေထိုင် လုပ်ကိုင်တတ်ဖို့လိုပါသည်။

ဒီမိုကရေစီပန်းတိုင်ကြီးသည် စစ်အာဏာရှင်စံနစ်မှ ပစ်လွှတ်လိုက်သော ကျည်ဆံထက် ခြေတစ်လှမ်းအသာဖြင့် စွမ်းရည်မြင့်စွာ စွမ်းဆောင်နိုင်သည့် ပန်းဝင်နိုင်မည့်သူများကို အမြဲစောင့်မျှော် ကြိုဆိုနေပါသည်ဆိုသည့်အကြောင်း.............

မောင်ပွကြီး ၁၁-၁၀-၂၀၀၈


No comments: