|
သန်းထိုက်ဦး | |
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 15 2008 23:44 - မြန်မာစံတော်ချိန် | |
ချင်းမိုင်။ ။ မယ်လမင်းဓါတ် ပါရှိသော နို့မှုန့်များစာရင်းတွင် ပါဝင်သော Dulac (Dumex step1) နို့မှုန့်များကို ကုမ္ပဏီက ပြန်လည် လဲလှယ်ပေးမှုများ ပြုလုပ်လျှက် ရှိသည်။ လက်ခံဖြတ်ပိုင်းနှင့်အတူ မူလထုပ်ပိုးထားသည့်အတိုင်း မပျက်စီးပါက Dumex step1 ၀ယ်ယူခဲ့သူများအား အခြား ပစ္စည်း တခုခုနှင့် ပြန်လဲပေးခြင်း အစီအစဉ်ကို ရန်ကုန်ရှိ စီးတီးမတ် ကုန်စုံဆိုင်များတွင် အောက်တိုဘာ ၁၀ ရက်နေ့က စတင်ခဲ့သည်။ "ကျမတို့က သူတို့ (တာဝန်ရှိသူ) တွေ ဖယ်ထားခိုင်းတဲ့ ပစ္စည်းတွေကိုတော့ ဖယ်ထားတာပေါ့နော်။ လက်ရှိ ဆိုင်တွေမှာ တင်ထားတဲ့ ဟာတွေတော့ သူတို့ တားမြစ်ထားဟာမျိုး တခုမှ မရှိဘူး။ ပြန်လဲပေးတဲ့ဟာက Dulac (Dumex step1) တခုပဲ ပြန်လဲပေးတာ" ဟု မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဖွင့်လှစ်ထားသည့် စီတီမတ်ဆိုင် အရောင်းစာရေးတဦးက မဇ္ဈိမကို ပြောသည်။ Dulac နို့မှုန့်များသည် နယူးဇီလန်နိုင်ငံ ကုမ္ပဏီဖြစ်ပြီး တရုတ်နိုင်ငံ အပါအ၀င် အခြားနိုင်ငံများတွင်လည်း ထုတ်လုပ်ရေး စက်ရုံများ ရှိသည်။ အောက်တိုဘာလ ၁၃ ရက်နေ့က နို့မှုန့် ၇ မျိုးတွင် ပလတ်စတစ်နှင့် မြေသြဇာ ထုတ်လုပ်ရာတွင် အသုံးပြုသော မယ်လမင်းဓာတ် ပါဝင်မှု တွေ့ခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားချက်နှင့်ဆိုလျှင် မြန်မာနိုင်ငံသို့ တင်သွင်းသော စုစုပေါင်း နို့မှုန့်၁၆ မျိုးသည် မစားသုံးသင့်သည့် စာရင်းတွင် ပါသွားပြီ ဖြစ်သည်။ မယ်လမင်းဓာတ်သည် ကျောက်ကပ်တွင် ကျောက်တည်ခြင်း ဖြစ်စေနိုင်ပြီး အထူးသဖြင့် ကလေးငယ်များတွင် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် မယ်လမင်းကြောင့် ရောဂါဖြစ်ပွားမှု သတင်းထွက်ပေါ်ခြင်း မရှိသေးပေ။ နို့မှုန့်နှင့် နို့ထွက်ပစ္စည်း အစားအသောက်များတွင် မယ်လမင်း ပါဝင်မှု ရှိ/မရှိကို သက်ဆိုင်ရာ ကျန်းမာရေး ၀န်ကြီးဌာနနှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာနတို့က ဆက်လက် စမ်းသပ်လျက်ရှိရာ စစ်ဆေး တွေ့ရှိချက်များကို ထုတ်ပြန်သွားမည်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသို့ တင်သွင်းသော နို့မှုန့်အများစုသည် တရုတ်နိုင်ငံ စက်ရုံများမှ ထုတ်လုပ်သည်။ တရုတ်နိုင်ငံထုတ် နို့မှုန့်တချို့တွင် မယ်လမင်းဓာတ်များ ပါဝင်နေသောကြောင့် ကလေးငယ်ပေါင်း ၅၄၀၀၀ ခန့် အဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၄ ဦး အသက် သေဆုံးခဲ့ရသည်။
|
No comments:
Post a Comment