Wednesday, October 8, 2008

အထက်အရာရှိနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသူ ကျော်ရွှေမောင် တိုက်ပွဲတွင် ကျဆုံး

10/8/2008

မောင်အေး(နိရဉ္စရာ)

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အခြေစိုက် တပ်ရင်းတခုမှ အထက်အရာရှိနှစ်ဦးကို မကျေနပ်၍ သတ်ဖြတ်ထွက်ပြေးသူ တပ်သားကျော်ရွှေမောင်မှာ နအဖစစ်သားများနှင့် တိုက်ပွဲ ဖြစ်ပွားပြီး နောက် ကျည်ဆံထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကျော်ရွှေမောင်မှာ ရန်ကုန်တိုင်းတိုက်ကြီးမြို့ အခြေစိုက် ခမရ ၇၀၇ မှ ဖြစ်သည်။

သူသည် အထက်အရာရှိနှစ်ဦးအား သတ်ဖြတ်ပြီးနောက် ပြည်မြို့ဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်အပြေး လမ်းတလျှောက် အသင့်စောင့်နေသော စစ်တပ်နှင့်ရဲသားများနှင့် အုတ်ဖိုမြို့နယ် တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း နအဖ စစ်တပ် ခမရ ၆ တပ်ရင်းမှ ဗိုလ်မှူးတဦးနှင့် တခြားတပ်သားတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီး ကျော်ရွှေမောင်တွင်လည်း ကျည်ဆံ ၇ ချက်ထိမှန်ခဲ့ပြီး အဆိုပါနေရာ၌ပင် သေဆုံးသွားခဲ့သည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုမှာ လွန်ခဲ့သည့် စနေနေ့ (အောက်တိုဘာလ ၄ ရက်) နေ့က ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ကျော်ရွှေမောင်မှာ ရခိုင်အမျိုးသားတဦးဖြစ်ပြီး တပ်သားကျော်ရွှေမောင်ထံမှ အမ်အေ ၀မ်း ၁ လက်၊ နိုင်းမမ ပီစတိုတလက်၊ လက်ပစ်ဗုံးတလုံးနှင့် ကျဉ်ဆန် ၁၉၀ တောင့် သိမ်းဆည်း ရမိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အထက်အရာရှိများကို ပစ်ခတ်သတ်ဖြတ်မှုမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို မသိရှိရသေးသော်လည်း ရခိုင်စစ်သားများအပေါ် အထက်အရာရှိများက လူမျိုးရေးအရ စော်ကားမှုများ ရှိနေသဖြင့် ယခုကဲ့သို့ သတ်ဖြတ်ခြင်း ဖြစ်နိင်သည်ဟု များမကြာမှီက စစ်တပ်မှနယ်စပ်သို့ ထွက်ပြေးလာသူ တဦးကပြောသည်။

No comments: